အိပ်မက်ဆိုး
Vol. 8 Ch. 72
ကြယ်အလင်းရောင်ဖြာသော ညဘက်သို့ ဆိုက်ရောက်လာလေပြီ။
လခြမ်းလေးက မျက်ခုံးကွေးတစ်သွယ်အလား ကောင်းကင်ထက်တွင် ထင်ပေါ်နေခဲ့သည်။
လီနန်ခယ့် ညစာစားသောက်လို့အပြီးတွင် ယုန်မလေးမုန့်တစ်ယောက် အလွန်အရေးတကြီးနိုင်သောမျက်နှာဖြင့် အိမ်ကိုအပြေးရောက်လာပြန်လေသည်။
"ကိုဉာဏ်ကြီးရှင်ရေ တစ်ခုခုတော့ဖြစ်နေပြီ"
နောက်ဆုံးတော့ ရောက်လာပြီပဲ။
လီနန်ခယ့် မျက်ခုံးပင့်ရင်း စောင့်နေလိုက်သည်။
ထို အမည်မသိအမျိုးသမီး၏ ရန်စစိန်ခေါ်ခြင်းကို လက်ခံရုံမှအပတခြားမရှိ၍ လက်ခံလိုက်ရပါသော်ငြား တိုက်ချင်ခိုက်ချင်စိတ်ကိုတော့ မြှင့်တင်ပေးနိုင်သည်ပင်။
"မိစ္ဆာကိုဘယ်လိုဖမ်းရမလဲလို့ ကျွန်မတို့တိုင်ပင်နေတုန်းမှာပဲ ရုံးတော်ကခြေမြန်တော်တစ်ယောက်ရောက်လာပြီး အနောက်လမ်းဘက်က သားသတ်သမားကျန်းရဲ့ ရှစ်နှစ်အရွယ်သမီးလေး အိပ်မက်ဆိုးတွေမက်ပြီးနှိုးမရဖြစ်နေတယ်လို့ ပြောလာတယ်"
ယုန်မလေးမုန့်က လီနန်ခယ့်၏လက်မောင်းကို လှမ်းဆွဲလာသည်။
"အစ်မလိန်နဲ့ကျွန်မ သူ့ကိုကြည့်ဖို့သွားတော့ မိန်းကလေးက မိုးနီအိပ်မက်ကမ္ဘာထဲရောက်နေပြီ။ အစကတော့ ကျွန်မတို့လည်း အိပ်မက်ဆိုးကိုသတ်ဖို့ အိပ်မက်ထဲထိလိုက်သွားမယ်လုပ်ပေမဲ့ အစ်မလိန်က ဟိုအမျိုးသမီးလုပ်တယ်လို့သံသယရှိတာကြောင့် ရှင့်ကိုအရင်အခေါ်လွှတ်လိုက်တာ"
ရှစ်နှစ်အရွယ်လေးတဲ့လား။
လီနန်ခယ့်၏မျက်နှာထားက ချက်ချင်းအေးစက်သွားသည်။
တစ်ဖက်လူ မိုးနီရေနှင့်ပက်သက်ပြီး ပြဿနာဖန်တီးလာမည်မှန်းသိသော်လည်း ရှစ်နှစ်အရွယ်လေးကိုလုပ်လိမ့်မည်ဟုတော့ သူထင်မထားခဲ့။
သို့သော် နစ်နာသူက ကလေးမလေးဖြစ်နေလျှင်တော့ ရန်စသည်ဖြစ်စေ မစသည်ဖြစ်စေ သူလိုက်လံစုံစမ်းဖို့လိုအပ်လေပြီ။
သူတို့နှစ်ဦး အခင်းဖြစ်ရာသို့ အပြေးအလွှားသွားခဲ့ကြသည်။
ကောကန်းတို့အုပ်စုက တံခါးကို စောင့်ကြပ်နေကြသည်။
သားသတ်သမားကျန်းတို့ ဇနီးမောင်နှံနှင့်အတူ အဘွားကျန်းပါ ခြံဝင်းထဲတွင် ကြောက်ကြောက်လန့်လန့်နှင့် အတူစုရပ်နေကြသည်။
လီနန်ခယ့်သည် ဇနီးသည်အတွက် အသားသွားဝယ်နေကျဖြစ်သောကြောင့် သားသတ်သမားကျန်းကို မျက်မှန်းတန်းမိပြီးသားပင်။
ထိုသူမှာ ပျော်ပျော်နေတတ်သူဖြစ်သောကြောင့် အိမ်နီးချင်းများနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိသည်။
"နန်ခယ့် မြန်မြန်ဝင်လာခဲ့"
လိန်ရှင်းနန်ကလှမ်းမြင်လိုက်ပြီး သူတို့ကို အိမ်ထဲအမြန်ခေါ်သည်။
နူးနူးညံ့ညံ့ ကလေးမငယ်လေးတစ်ယောက်က အိပ်ရာထက်လှဲလျောင်းအိပ်မောကျလျက်။
ဖြူဖျော့သွေးဆုတ်နေသော မျက်နှာထက်တွင် ချွေးစက်များအစီအရီသီးနေပြီး ရံဖန်ရံခါ ခေါင်းကိုယမ်းကာ အိပ်မက်ယောင်ညည်းညူနေလျက် အတော်လေးလည်း နာကျင်ခံစားနေရပုံရလေသည်။
မိခင်ဖြစ်သူက နာမည်ကိုတဖွဖွခေါ်ကာနှိုးနေသဖြင့် မိန်းကလေး၏နာမည်မှာ ချင်ချင်ဖြစ်ကြောင်း သိလိုက်ရ၏။
"အိပ်မက်ဆိုးကျူးကျော်မှုဆိုတာ အတည်ပြုပြီးပြီ"
လိန်ရှင်းနန်က ကောကန်းကိုအချက်ပြကာ တံခါးပိတ်ခိုင်းလိုက်ပြီး လီနန်ခယ့်အားပြောသည်။
"နောက်ကွယ်မှာ အဲ့ဒီမိန်းမရှိနေမလား ကျွန်မလည်းမသိဘူး။ ကျွန်မနဲ့ယုန်မလေးမုန့် ဝင်သွားရင်လည်း တစ်ခုခုဖြစ်သွားမှာစိုးရိမ်တယ်"
"ဒီတော့ ကျွန်တော့်ကို ဒီမိန်းကလေးရဲ့ မိုးနီအိပ်မက်ကမ္ဘာထဲ ဝင်စေချင်တာလား" လီနန်ခယ့်ကမေးသည်။
လိန်ရှင်းနန်ကခေါင်းညိတ်သည်။
"ဒါကအလုံခြုံဆုံးနည်းပဲ။ မစိုးရိမ်ပါနဲ့။ ရှင်ကအိပ်မက်လမ်းလျှောက်သူမဟုတ်ဘူးဆိုတော့ ယုန်မလေးမုန့်က အတူလိုက်ပို့ပါလိမ့်မယ်။ သူက တိမ်တိုက်မြို့တော်ရဲ့ အသန်မာဆုံးအိပ်မက်လမ်းလျှောက်သူပဲလေ။ အထဲရောက်သွားတာနဲ့ ရှင့်ကိုကျွန်မတို့ကာကွယ်ပေးမှာပါ။"
အသန်မာဆုံး အိပ်မက်လမ်းလျှောက်သူလား။
လီနန်ခယ့်က နံဘေးမှ ရင်ဘတ်ကြီးကြီးနှင့် ချစ်စဖွယ်မိန်းကလေးကိုလှည့်ကြည့်ရင်း တအံ့တသြဖြစ်သွားရသည်။
ဤမိန်းကလေး အိပ်မက်လမ်းလျှောက်သူဖြစ်ကြောင်း သံမဏိဆီမှကြားခဲ့ဖူးသော်လည်း မြို့တော်၏အသန်မာဆုံးတစ်ယောက်ဖြစ်နေမည်ဟုတော့ ထင်မထားခဲ့။
အရည်အချင်းတော့ အတော်ပြည့်ဝဟန်ပေါ်လေသည်။
အစကတော့ မိုးနီအိပ်မက်ကမ္ဘာထဲသို့ သူ့ဘာသာဝင်ရောက်သွားဖို့ပြင်ထားသော်လည်း ဤကလေးမလေး မိုးနီအိပ်မက်မက်ကာ အိပ်မက်ဆိုးနှင့်ဆုံရသည့်အကြောင်းရင်းထိတော့ သူဖမ်းဆုပ်မရနိုင်လောက်။
"ပုံမှန်ဆို အိပ်မက်ဆိုးသတ်ဖို့ အိပ်မက်ထဲ လူဘယ်နှယောက်လောက်ဝင်ကြလဲ"
လီနန်ခယ့်က စိတ်ဝင်တစားမေးလာသည်။
လိန်ရှင်းနန်ကဖြေ၏။
"ပုံမှန်တော့ ကျွန်မနဲ့ယုန်မလေးပဲဝင်ကြတာ။ အခြေအနေကကျပ်တည်းနေတယ်ဆိုရင်တော့ ဆိုင်ယွင်ဆိုင်ယွဲ့ကိုခေါ်ရင်ခေါ် မဟုတ်ရင် နဂါးပြာဌာနကနေ လူအင်အားထပ်တောင်းသွားတာပေါ့။ တွေ့ကရာလူခေါ်ဖို့ကျ တချို့က မိုးနီအိပ်မက်ကမ္ဘာထဲမှာတိုက်ခိုက်ဖို့ထိ စိတ်စွမ်းအားမလုံလောက်ဘူးလေ"
"ဒါဆိုကောင်းပြီလေ စကြတာပေါ့" လီနန်ခယ့်က ဆိုလိုက်သည်။
လိန်ရှင်းနန်သည် အိပ်ရာဘေးမှ နောက်မှီထိုင်ခုံတစ်ခုကိုဆွဲထုတ်ထိုင်လိုက်သည်။ လီနန်ခယ့်ကိုတော့ အိပ်မက်အဝင်တွင် အန္တရာယ်တစ်စုံတစ်ရာမဖြစ်စေရန် ကလေးမလေး၏နံဘေး အိပ်ရာတစ်ဖက်ခြမ်းတွင် အိပ်စေသည်။
ယုန်မလေးမုန့်ကတော့ နည်းနည်းဝေးသည့်တစ်နေရာတွင် ထိုင်ခုံတစ်လုံးဆွဲ၍ သွားထိုင်သည်။
ထို့နောက် အိပ်မောကျနေသောကလေးမလေး၏ မျက်ခုံးအလယ်နဖူးတည့်တည့်သို့ လက်ညှိုးဖြင့်ထိုးချိန်ကာ သူ့မျက်ခုံးအလယ်တွင် ဖိကပ်လိုက်သည်။
သူတို့နှစ်ယောက်ကြားတွင် အပ်ချည်မျှင်အရွယ် ခရမ်းရောင်အလင်းတန်းလေးတစ်ခု သွယ်တန်းသွားခဲ့၏။
ထို့နောက် ချက်ချင်းဆိုသလိုပင် နောက်ထပ်ခရမ်းရောင်အလင်းမျှင်နှစ်တန်း ပေါ်ထွက်လာကာ လီနန်ခယ့်နှင့် လိန်ရှင်းနန်၏ နဖူးများဆီသို့ ဆက်သွယ်သွားသည်။
ထို့နောက် သူတို့သုံးယောက်ကို အလင်းကန့်လန့်ကာတစ်ခုက ကာရံလွှမ်းခြုံသွားခဲ့သည်။
"အဆင်သင့်ဖြစ်ပြီလား ကျွန်မစပြီနော်"
"အဆင်သင့်ပဲ"
လိန်ရှင်းနန်ကခေါင်းညိတ်ပြီးမှ အနည်းငယ်တွန့်ဆုတ်စွာဖြင့် လီနန်ခယ့်လက်ကို ညင်သာစွာလှမ်းဆုပ်ထားသည်။ အိပ်ဖို့ပြင်နေသော အမျိုးသားမှာ လက်ဖျားမှတစ်ဆင့် တစ်ကိုယ်လုံးဆီသို့ စီးဆင်းလာသောအနွေးဓာတ်ကို ခံစားလိုက်ရသည်။
လိန်ရှင်းနန်သည် လီနန်ခယ့်တစ်ယောက် စိတ်လှုပ်ရှားနေမည်စိုးသဖြင့် ဝိညာဥ်စွမ်းအင်အချို့ လွှဲပြောင်းအားဖြည့်ပေးဖို့ ကြိုးစားနေခြင်းပင်။
"စိတ်မပူနဲ့နော် ကျွန်မကာကွယ်ပေးမယ်"
အမျိုးသမီးက သူ့ကို နောက်တစ်ဖန်နှစ်သိမ့်လာသည်။
သူစကားမပြန်နိုင်မီ အမျိုးသမီးက တံခါးတွင်ရပ်နေသော ဆိုင်ယွင်နှင့်ဆိုင်ယွဲ့ဆီလှည့်ကာ ညွှန်ကြားလိုက်သည်။
"ဆိုင်ယွင်၊ ဆိုင်ယွဲ့၊ ဒီထဲကိုတစ်ယောက်မှဝင်မလာအောင် သေချာစောင့်ကြည့်ထား"
"နားလည်ပါပြီ"
အမွှာနှစ်ယောက်က ပြိုင်တူပြန်ဖြေကြသည်။
ယုန်မလေးမုန့်သည် လီနန်ခယ့်အား မျက်လုံးလှလှလေးဖြင့် ငေးစိုက်ကြည့်နေရင်း ပြုံးလျက်ဆိုလာ၏။
"ကိုဉာဏ်ကြီးရှင် ကျွန်မလည်းရှိမှာမလို့ မစိုးရိမ်ပါနဲ့။ အိပ်မက်ထဲမှာပြန်တွေ့ကြမယ်"
ထို့နောက် မျက်လုံးများကို ဖြည်းညင်းစွာမှေးပိတ်လိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် လီနန်ခယ့်သည် ဒီရေတက်သည့်အလား ရိုက်ခတ်လာသော ပြင်းထန်သောအိပ်ငိုက်စိတ်ကို ခံစားလိုက်ရကာ မျက်လုံးများ မှိတ်ကျသွားလေတော့သည်။