အိပ်မက်တောနက်
Vol. 8 Ch. 73
လီနန်ခယ့် မျက်လုံးကိုဖွင့်လိုက်ပြီး ထူးဆန်းသောပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုလိုက်သည်။
ကြီးမားသော ထူးထူးဆန်းဆန်းသစ်ပင်ကြီးများက ဘေးပတ်ပတ်လည်တွင် မြင့်မားစွာကာရံထားပြီး နွယ်ပင်ဟောင်းများက နေကိုကွယ်ပျောက်သည်အထိ ယှက်နွယ်အုပ်မိုးနေခဲ့၏။
မြေပြင်ပေါ်တွင် မှော်ပင်များနှင့် ရေညှိပင်များမှာ ထူထပ်စွာ ဖုံးလွှမ်းနေသည်။ တိမ်တိုက်ထူထပ်သော ကောင်းကင်ယံမှ လရောင်စစ်စစ်မှာလည်း မှောင်မည်းအုံ့ဆိုင်းသော အရိပ်အယောင်များသာ ဖြစ်ပေါ်စေတော့သည်။ သေခြင်းတရား၏ ခြောက်ခြားဖွယ်ရာ အငွေ့အသက်များက ထိုတောနက်အတွင်း၌ လွှမ်းမိုးနေခဲ့လျက်။
သူသည် တောအုပ်နက်နက်တစ်နေရာအတွင်း ရောက်ရှိနေခြင်းဖြစ်၏။
ချင်ချင်ဟုအမည်ရသော ကလေးမငယ်လေး၏ မိုးနီအိပ်မက်ကမ္ဘာထဲ ရောက်ရှိနေခြင်းဆိုလည်းမမှား။
ခွဲခြမ်းစိပ်ဖြာမှုများအရ လူတစ်ယောက်သည် မိုးနီအိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားသောအခါ ကမ္ဘာဝန်းကျင်မှာ သူတို့၏ နေ့စဥ်ဘဝမှတ်ဉာဏ်ထဲ အနက်ရှိုင်းဆုံးအမြစ်တွယ်နေခဲ့သော မြင်ကွင်းများ အရာဝတ္ထုများဖြင့်သာ တည်ဆောက်ဖွဲ့စည်းကုန်ကြသည်ဟု ဆို၏။
ကာယကံရှင် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများ ကြုံတွေ့ခံစားခဲ့ရသောနေရာလည်း ဖြစ်ဖို့များသည်။
တစ်နည်းဆိုရလျှင် ထိုတောနက်ကြီးထဲ၌ ချင်ချင့်အတွက် စိတ်ဒဏ်ရာရစရာ တစ်စုံတစ်ရာဖြစ်ပွားခဲ့ဖို့ ဖြစ်နိုင်ချေအလွန်များသည်ပင်။
"ဟေ့"
သူ့ပုခုံးကို တစ်ယောက်ကလာပုတ်သည်။
လီနန်ခယ့် လှည့်ကြည့်လိုက်သည်။
သူ့ရှေ့တွင် လှလှလေးရပ်နေသော ထိုမိန်းမငယ်လေးသည် အလွန်ထင်သာမြင်သာရှိသော ရင်ဘတ်များနှင့် နှစ်ယောက်မရှိပါသည့် ယုန်မလေးမုန့်သာ။
"ရှင့်စိတ်စွမ်းအင်အားက မဆိုးဘူးပဲ။ ရှင်မိုးနီအိပ်မက်ကမ္ဘာထဲ ပထမဆုံးဝင်တဲ့အခိုက်မလို့ ကြောက်နေမလားစိတ်ပူနေတာ"
ယုန်မလေးမုန့်ကတော့ အမျိုးသား၏ တည်တည်ငြိမ်ငြိမ်တုံ့ပြန်မှုကြောင့် စိတ်ပျက်သွားဟန်ရှိလေသည်။
လီနန်ခယ့် သူမနောက်ကိုလှမ်းကြည့်သော်လည်း လူတစ်ယောက်မှမမြင်သောကြောင့် သူမျက်မှောင်ကြုတ်မိသည်။
"အရာရှိလိန်ဘယ်ရောက်နေလဲ"
"ကျွန်မလည်းမသိဘူး။ အခုသူ့ကိုလိုက်ရှာနေတာ"
ယုန်မလေးမုန့်က ခေါင်းယမ်းလျက်ဆိုသည်။
"ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျွန်မတို့နဲ့ နည်းနည်းဝေးရာရောက်နေလို့ဖြစ်မှာပါ။ မကြာခင်ပြန်တွေ့လိမ့်မယ်။ ဒီလိုကိစ္စတွေလည်း အဖြစ်များတယ်ရယ်"
လီနန်ခယ့်က "ဪ" ဟုသာ ရေရွတ်လိုက်ကာ သိပ်သည်းထူပိတ်သော တောအုပ်တဝိုက် လှည့်ပတ်ကြည့်နေရင်းဆိုသည်။
"ထူးဆန်းလိုက်တာ၊ ကလေးမငယ်ငယ်လေးရဲ့ မိုးနီအိပ်မက်ကမ္ဘာက ဘာလို့ဒီလိုနေရာမျိုးဖြစ်နေရတာလဲ"
"မထူးဆန်းပါဘူး။ သားသတ်သမားကျန်းက သူ့သမီးကို တောတွေတောင်တွေထဲအမဲလိုက်တဲ့အခါ ခေါ်သွားလေ့ရှိတယ်တဲ့"
"အမဲလိုက်တဲ့နေရာလား"
"ဟုတ်ပါ့"
ယုန်မလေးမုန့်က စကတ်အိတ်ကပ်ထဲမှ မုန်လာဥနီတစ်လုံးထုတ်ကာ ကိုက်စားနေရင်းဆိုသည်။
"ကျွန်မတို့စုံစမ်းပြီးခဲ့ပြီ။ သားသတ်သမားကျန်းက အမဲလိုက်ရတာကိုကြိုက်ပြီး ချင်ချင့်ကို မကြာခဏအဖော်ခေါ်သွားတတ်လေ့ရှိတယ်တဲ့"
"သူတို့မိသားစုအခြေအနေကို သိသလောက်ပြောပြပါဦး"
လိန်ရှင်းနန်နှင့်တွေ့ဖို့စောင့်နေစဥ် လီနန်ခယ့်က ကလေးမလေးချင်ချင်အကြောင်းနားလည်အောင် မေးမြန်းထားဖို့ စဥ်းစားလိုက်သည်။
သို့ပေမဲ့ ဤမိန်းကလေး မိုးနီအိပ်မက်ကမ္ဘာထဲမှာပင် မုန်လာဥနီထုတ်စားနိုင်သေးသည်ကိုတော့ သူလည်းတကယ်လက်ဖျားခါရသည်။ အပြင်ဘက်ပြန်ရောက်သွားတဲ့အခါ ဗိုက်ပြန်ဆာမှာပဲကို ဘာထူးလို့လဲ။
မိုးနီအိပ်မက်ကမ္ဘာထဲက မုန်လာဥနီတွေကရော ငန်ကျိကျိဖြစ်နေဦးမှာလား။
တကယ်ပဲ တစ်ခါလောက်မြည်းစမ်းကြည့်ချင်လိုက်တာ။
ယုန်မလေးမုန့်ကဆိုသည်။
"သားသတ်သမားကျန်းမှာ ဇနီးနှစ်ယောက်ရှိခဲ့တယ်။ ချင်ချင်က ပထမဇနီးရဲ့သမီး။ ချင်ချင်အသက်ငါးနှစ်မှာ မိခင်ဖြစ်သူက ကိုယ်လေးလက်ဝန်ထပ်လွယ်ခဲ့ရပြီး ကံဆိုးချင်တော့ မီးတွင်းမှာပဲ ကလေးရောအမေပါ တိမ်းပါးသွားခဲ့ရရှာတယ်"
"တစ်နှစ်အကြာမှာ သားသတ်သမားကျန်းက ဇနီးအသစ်တစ်ယောက်ကိုလက်ထပ်လိုက်တယ်။ အခုလက်ရှိ အိမ်ရှင်မကသူပေါ့။ အဲဒီမိန်းမရဲ့စရိုက်က နည်းနည်းအာဏာပြတတ်သလိုရှိပေမဲ့ အိမ်ထောင်မှုကိုတော့ နိုင်နင်းပါတယ်။ ဒါပေမဲ့ ချင်ချင့်အပေါ်မှာတော့ သိပ်မကောင်းဘူးပေါ့။"
"နောက်တစ်နှစ်နွေဦးမှာ ဇနီးသစ်က ဝဝဖြိုးဖြိုး သားယောက်ျားလေးတစ်ယောက်ထပ်မွေးလိုက်လို့ တစ်မိသားစုလုံး ပျော်ရွှင်နေခဲ့ကြတယ်"
"ဒါပေမဲ့ နောက်နှစ်လလောက်အကြာမှာတင် အဲ့ဒီသားကလေးက အကြောင်းရင်းမသိရဘဲ သေဆုံးသွားခဲ့တယ်လေ"
"အဲ့ဒီအချိန် အဲ့အခန်းထဲမှာ ချင်ချင်တစ်ယောက်ပဲရှိနေခဲ့တာ"
"ဒီလိုနဲ့ ချင်ချင်က သားသတ်သမားကျန်းရဲ့ တစ်ဦးတည်းသောသမီးလေးပြန်ဖြစ်လာတော့ သူ့သမီးသူ မျက်စိအောက်ကအပျောက်မခံ အရမ်းချစ်ရှာတာပေါ့။ ဒါပေမဲ့ လွန်ခဲ့တဲ့ခြောက်ရက်က သားသတ်သမားကျန့် ချင်ချင့်ကို တောထဲအမဲလိုက်ခေါ်သွားရင်း ကလေးမလေးက မတော်တဆပျောက်သွားခဲ့တယ်"
"အမဲလိုက်သမားအိုကြီးတစ်ယောက်က ရှာတွေ့ခဲ့လို့သာ နောက်နေ့မှာ ချင်ချင်အိမ်ပြန်လာနိုင်ခဲ့တာ"
"အိမ်ပြန်ရောက်ပြီးတော့ ချင်ချင်စကားမပြောနိုင်ဖြစ်သွားခဲ့တယ်။ တစ်နေ့လုံး အခန်းထဲမှာပဲစောင်ခြုံအိပ်နေပြီး အပြင်ကိုမထွက်တော့ဘူး။ ရံဖန်ရံခါဆိုသလို အိပ်မက်ဆိုးတွေလည်းမက်တယ်။ ဒီနေ့လည်မှာ ချင်ချင်နောက်အိပ်မက်ဆိုးတစ်ခု ထပ်မက်ပြန်တော့ မိသားစုဝင်တွေလည်း ဖြစ်နေကျပါပဲဆိုပြီး အထူးတလည်သွားမကြည့်မိလိုက်ကြဘူး"
"ဒါပေမဲ့ နောက်တော့ ကောင်မလေးဟာ ဘယ်သူနှိုးနှိုး နိုးမလာတော့တာပေါ့။ ကြာတော့စိုးရိမ်လာတာနဲ့ ကင်းလှည့်နေတဲ့ရဲမက်တွေဆီ သွားအကြောင်းကြားတော့ သတင်းကကျွန်မတို့ဆီ ရောက်လာတာပါပဲ"
ယုန်မလေးမုန့် ပြောပြသမျှကိုနားထောင်အပြီး လီနန်ခယ့် အတွေးပင်လယ်ထဲနစ်မြုပ်သွားခဲ့သည်။
အတော်လေးများပြားသော သတင်းအချက်အလက်ပုံကြီးပင်။
ချင်ချင်တစ်ယောက် မိုးနီအိပ်မက်ကမ္ဘာထဲသို့ ကျရောက်သွားရသည့်အကြောင်းရင်းမှာ လွန်ခဲ့သောခြောက်ရက် ထိုတောတောင်များကြား တစ်ညတာလမ်းပျောက်နေခဲ့ရသည့်အချိန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ရပေမည်။
ထိုညတွင် ဘာတွေများဖြစ်ပွားခဲ့လေသနည်း။
မှောင်မိုက်အတိ ကြောက်စရာတောနက်ကြီးထဲ တစ်ကိုယ်တည်းလမ်းပျောက်နေခဲ့ရသောကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ရလေသလား။
တောရိုင်းတိရိစ္ဆာန်တစ်ကောင်ဆီမှ တိုက်ခိုက်သတ်ဖြတ်ခံရလုနီး ဖြစ်ခဲ့လေသလား။
သို့မဟုတ် တိမ်တိုက်မြို့တော်မှလွတ်ထွက်လာသော ထိုမိစ္ဆာသတ္တဝါကို မတော်တဆမြင်ခဲ့ခြင်းပေလား။
အထက်ပါခန့်မှန်းချက်အားလုံးမှာ ဖြစ်နိုင်ချေရှိနေသည်။ ရှစ်နှစ်အရွယ် ကလေးမလေးတစ်ယောက်အတွက်တော့ အိပ်မက်ဆိုးဖြစ်နိုင်မည့်မှတ်ဉာဏ် အတော်များများရှိသည်ပင်။
"အစ်မလိန် ဘာလို့ရောက်မလာသေးပါလိမ့်နော်"
ယုန်မလေးမုန့်ပင် အတွေးများလာဟန်ဖြင့် စကားစလာသည်။ ထို့နောက် သူမ၏ စားလက်စမုန်လာဥနီကို ဘေးသို့ပစ်ထုတ်လိုက်ပြီး လက်ခုပ်တီးလျက်ဆို၏။
"ထားလိုက်တော့၊ ဆက်ပြီးစောင့်မနေတော့ဘူး။ အချိန်ဒီလောက်ကြာသွားရင် အိပ်မက်ဆိုးလည်း ပေါ်လာခါနီးရောပေါ့။ ကောင်မလေးကတော့ တစ်နေရာရာမှာပုန်းနေလောက်တယ်။ သူ့ကိုအရင်သွားရှာရအောင်။ သွားရင်း အစ်မလိန်နဲ့လည်း တွေ့ရင်တွေ့လောက်မှာပါ"
စကားပြောရင်း သူမသည် လီနန်ခယ့်၏လက်သူကြွယ်၌ လက်စွပ်တစ်ကွင်းကို စွပ်ပေးလိုက်သည်။
"ကျွန်မတို့လူခွဲရှာကြတာပေါ့။ ရှင်ဘာမှကြောက်စရာမလိုဘူးသိလား။ အန္တရာယ်နဲ့တွေ့တာပဲဖြစ်ဖြစ် အစ်မလိန်နဲ့ချင်ချင်ကိုတွေ့တာပဲဖြစ်ဖြစ် ဒီလက်စွပ်ကိုသာသုံးကြိမ်ပွတ်လိုက်။ အဲ့လိုဆို ကျွန်မရှင့်ဘေးမှာ ချက်ချင်းပေါ်လာလိမ့်မယ်"
"နောက်ပြီး ဒီနေရာဘယ်လောက်ကျယ်သလဲဆိုတာ စူးစမ်းမနေနဲ့။ မိုးနီအိပ်မက်ကမ္ဘာဆိုတာ နေရာတစ်ခုကိုပဲ ကန့်သတ်ထားတာ။ ကန့်သတ်မြေစည်းကိုရောက်ရင် ရှင်ဆက်သွားလို့မရပဲ ပိတ်မိသွားလိမ့်မယ်။ သူက လူတွေမပျောက်အောင် ကာထားတဲ့သဘောပဲ"
လီနန်ခယ့်နားလည်သွားသည်။
တိုတိုဆိုရလျှင် မိုးနီအိပ်မက်ကမ္ဘာဆိုမှာ မမြင်ရသောနံရံကြီးတစ်ခုဖြင့် ကာရံထားသော စိတ်ကူးလှောင်အိမ်မျှသာဖြစ်၏။
"သွားကြတာပေါ့"
ယုန်မလေးမုန့်က သူမ၏ အသားပြည့်တင်းကာ သန်မာကျစ်လျစ်သောကိုယ်လုံးလေးဖြင့် တလှုပ်လှုပ်ဆက်သွားပြီး လီနန်ခယ့်ကိုလက်ပြသည်။
"နောက်မှတွေ့မယ် ကိုဉာဏ်ကြီးရှင်"
လီနန်ခယ့်က လက်သူကြွယ်ထက်မှလက်စွပ်ကိုငုံ့ကြည့်ရင်း တိုးတိုးရေရွတ်မိ၏။
"ဒါ လက်ထပ်ခွင့်တောင်းသွားတာလား"