နှလုံးသားဖြင့် အစားထိုးကုသခြင်း
Vol. 8 Ch. 74
တောနက်ကြီးမှာ သေခြင်းတရား၏ ကြောက်ရွံ့မှုများကြားတွင် အိပ်ပျော်နေသည့်နှယ် တိတ်ဆိတ်လွန်းနေသည်။
ဆွေးမြည့်လှိုက်စားနေသော သစ်သားနံ့များကြောင့် တောထဲ၌ တစ်ယောက်တည်းရှိနေသည့် လိန်ရှီးနန်မှာ ဘာကြောင့်ရယ်မှန်းမသိ ပျို့အန်ချင်စိတ်ပေါက်နေမိသည်။
"ယုန်မလေး"
"လီနန်ခယ့်"
သူမ အကြိမ်အနည်းငယ်လောက် အော်ခေါ်ကြည့်သော်လည်း မည်သည့်တုံ့ပြန်သံမှထွက်မလာခဲ့။
"ထူးဆန်းတယ်၊ ဒီနှစ်ယောက်ဘယ်ရောက်နေပါလိမ့်"
လိန်ရှင်းနန်စိတ်ထဲ သံသယများဖြင့် သတိကြီးစွာထားလျက် တောအုပ်တလျှောက်လှည့်လည်ကာ လူရှာသည်။ ခြောက်သွေ့သော သစ်ရွက်များပေါ်၌ ခြေလှမ်းတိုင်း တဂျွတ်ဂျွတ်အသံမြည်လျက်။
ရုတ်ချည်းဆိုသလို အေးစက်စက်တစ်စုံတစ်ရာက သူမ၏မျက်နှာထက်ကျဆင်းလာခဲ့သည်။
လိန်ရှင်းနန် အမှတ်မဲ့ လက်ကိုမြှောက်၍ ပါးပြင်ကိုထိစမ်းကြည့်မိသော် လက်ချောင်းထိပ်များစိုစွတ်လျက်ပါလာသည်။ သူမမော့ကြည့်မိတော့ ကောင်းကင်ယံမှ နှင်းစက်များ တဖွဲဖွဲကျဆင်းလျက်။
နှင်းများမှာ တဖြည်းဖြည်းမှသည် အရှိန်အဟုန်ဖြင့် သည်းထန်စွာကျဆင်းလာတော့သည်။ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်စွာပင်။
မကြာမီ လိန်ရှင်းနန်၏ရှေ့မှောက်တွင် မှုန်ဝါးဝါး နှင်းလွှာကြီးတစ်လွှာ ဖုံးအုပ်သွားခဲ့ပြီး မြေပြင်ပေါ်တွင်လည်း နှင်းများထူထပ်စွာ ပိတ်ကာဖုံးအုပ်သွားတော့၏။
သူမရောက်ရှိနေသော တောတောင်ကြီးတစ်ခုလုံးမှာ တခြားကမ္ဘာတစ်ခုသို့ရောက်ရှိသွားသည့်အလား ဆွတ်ဆွတ်ဖြူသွားလျက်။
"အမြင်မှားတာလား"
မိုးနီအိပ်မက်ကမ္ဘာအတွင်း ထင်ယောင်ထင်မှားပြကွက်တစ်ခုကို မြင်နေကျမဟုတ်သဖြင့် သူမအတွက်အလွန်ထူးဆန်းနေသည်။ အထူးသဖြင့် ဤသည်မှာ ကလေးမငယ်လေး၏အိပ်မက်ကမ္ဘာပင်။
လိန်ရှင်းနန်၏ခန္ဓာကိုယ်မှာ နားမလည်နိုင်လောက်အောင် အေးစက်လာခဲ့ပြီး တစ်ခုခုမှားယွင်းနေသည်ကို သူမဝိုးတဝါး အာရုံခံမိလိုက်သည်။
ထိုအချိန်မှာပင် လူရိပ်တစ်ခုကို သူမမြင်လိုက်ရသည်။
လေနှင့်နှင်းမှုန်များ ရောထွေးနေသောမြင်ကွင်းတွင် သေးငယ်လှသော ထိုကိုယ်လုံးလေးမှာ တောအုပ်အတွင်း၌ ခက်ခဲစွာ ရှေ့ဆက်လျှောက်လှမ်းနေရသည်။ လေတိုက်ရုံနှင့်ပင် လွင့်ထွက်သွားနိုင်သည့်နှယ် အားနည်းချိနဲ့လှဟန်ဖြင့်။
"ချင်ချင်"
လိန်ရှင်းနန် သူမကိုအမီလိုက်ဖို့ အမြန်ပြေးသွားလိုက်သည်။
သို့သော် ခြေလှမ်းအနည်းငယ်မျှသာပြေးနိုင်လိုက်ပြီး သူမ၏ရှေ့တွင် လေထုထဲ၌ဖြစ်ပေါ်နေသော ဖောက်ထွင်းမြင်နိုင်ပြီး ခိုင်မာတောင့်တင်းဟန်ပေါ်သည့်နံရံတစ်ခုက ဆီးကာတားလိုက်သောကြောင့် လိန်ရှင်းနန်အငိုက်မိပြီး နောက်သို့ပြန်လန်ကျသွားရသည်။
"ဘယ်လိုလုပ်ပြီး အကာအရံရှိနေရတာလဲ"
နှင်းများပေါ်လဲကျသွားသော လိန်ရှင်းနန်မှာ တအံ့တသြကြောင်ကြည့်နေမိ၏။
ကလေးမလေးက သူ့ကိုမမြင်ဟန်ဖြင့် ရှေ့ဆက်လျှောက်သွားသည်ကိုမြင်သော် သူမကမန်းကတန်းထရပ်လိုက်ပြီး အော်မိသည်။
"ချင်ချင် မသွားနဲ့ ရပ်လိုက်တော့"
အကာအရံကြောင့်ပေလား၊ လေသံနှင်းသံ တဟူးဟူးက အလွန်ကျယ်လောင်နေလို့ပေလားမသိ ကလေးမလေးက သူမအော်သံကို နည်းနည်းမျှမကြားမိဟန် ရှေ့သို့သာ ခက်ခက်ခဲခဲ ခရီးဆက်နေခဲ့သည်။ လက်မောင်းများထဲတွင် တစ်စုံတစ်ခုကို ပိုက်ဖက်ထားဟန်လည်းရှိ၏။
လိန်ရှင်းနန်တစ်ယောက် အကာအရံနားသို့ သတိထားကာကပ်သွားမိပြီးနောက် ကလေးမလေးလက်ထဲ ပွေ့ပိုက်ထားသောအရာမှာ ကလေးငယ်လေးတစ်ဦးဖြစ်ကြောင်း ခန့်မှန်းလာနိုင်သည်။
ကလေးမလေးမှာ ထူထူထဲထဲဝတ်စားမထား။ သို့သော် ကလေးလေးကို အင်္ကျီလေးဖြင့် သေချာထုပ်ပိုးသယ်ဆောင်ထားကာ အားနည်းချိနဲ့နေသောကိုယ်ခန္ဓာလေးဖြင့် ရသမျှဖိကပ်ကာကွယ်ပေးထားလေသည်။
"အဲ့ကလေးက နှစ်လသားလေးနဲ့ဆုံးပါးသွားတဲ့ သူ့မောင်လေးများလား"
သားသတ်သမားကျန်း၏ မိသားစုအခြေအနေကိုပြန်စဥ်းစားမိပြီး လိန်ရှင်းနန်အဖြေတစ်ခုကို ဖြည်းဖြည်းချင်းခန့်မှန်းမိလာသည်။
ချင်ချင့်နှလုံးသားထဲမှ ဖြည်မရသောကြိုးထုံးမှာ သူမ၏မောင်ငယ်ကလေးဖြစ်ပေမည်။
ကလေးလေး၏သေဆုံးမှုကလည်း လွန်စွာ သံသယဖြစ်ဖွယ်ကောင်းခဲ့သည်မဟုတ်လော။
ကလေးမလေး အဝေးသို့လျှောက်သွားတော့မည်ကိုမြင်သော် လိန်ရှင်းနန် နောက်ကအမြန်လိုက်ဖို့ပြင်ရသည်။ သို့သော် သူမဘယ်လောက်ပဲကြိုးစားပါစေ အလွန်ခိုင်ခံ့တည်မြဲပုံရသည့် ထိုနံရံက သူမကိုနေရာတိုင်းကကာဆီးထားဆဲပင်။
ထိုစဉ် နှင်းလေများကြားမှ ဝံပုလွေအူသံများ သဲ့သဲ့ထွက်ပေါ်လာသည်။
လိန်ရှင်းနန် ကလေးမလေးသွားနေသော လားရာဘက်သို့ ရုတ်တရတ်မော့ကြည့်လိုက်သော် ဖြူဖွေးသောနှင်းများနှင့် မှောင်မည်းသောညအရောင်ထဲ၌ အရိပ်မည်းမည်းများ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။
ဝံပုလွေများပင်။
အိပ်မက်ဆိုးဆိုလည်း မှန်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုဝံပုလွေတစ်အုပ်လုံးမှာ မြူမည်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောကြောင့်ပင်။
လိန်ရှင်းနန် ချက်ချင်းမျက်နှာပျက်သွားကာ အားကုန်အော်ဟစ်လိုက်သည်။
"ချင်ချင် အဲ့ဒီကိုမသွားနဲ့ မြန်မြန်ပုန်းနေ ချင်ချင်"
သို့သော် ခေါင်းငိုက်စိုက်ချကာ အရှေ့မှ တစ်စတစ်စနီးကပ်လာသော အိပ်မက်ဆိုးဝံပုလွေများကိုလည်း လုံးလုံးသတိမထားမိဟန် ဆက်လျှောက်နေသော ကလေးမလေးကိုမြင်သော် လိန်ရှင်းနန် အသံတိတ်ကျိန်ဆဲလိုက်ပြီး ဝိညာဥ်စွမ်းအင်အားလုံးကိုစုစည်းလျက် လက်သီးဆီသို့ပို့လွှတ်ပြီး အကာအရံအား ထိုးခွဲဖို့ပြင်လိုက်သည်။
သို့သော် သူမဘယ်လောက်ပဲ ကြိုးစားအားထည့်နေပါစေ ချိုးဖျက်လို့မရခဲ့ပေ။
"ယုန်မလေး"
လိန်ရှင်းနန် အကြိမ်ရေအနည်းငယ်မျှ သံကုန်ဟစ်အော်ခေါ်ကာ ယုန်မလေးမုန့်အချိန်မီပေါ်လာဖို့ မျှော်လင့်မိသည်။ ထိုမိန်းကလေးသည် အဆင့်မြင့်အိပ်မက်လမ်းလျှောက်သူတစ်ဦးဖြစ်သောကြောင့် မိုးနီအိပ်မက်ကမ္ဘာထဲတွင် သူမထက် အစွမ်းပိုမြင့်သူပင်။ ဤအကာအရံကို ယုန်မလေးဆိုလျှင် ထိုးခွဲလို့ရနိုင်ချေရှိ၏။
သို့သော် မည်သည့်တုံ့ပြန်သံမှထွက်မလာခဲ့။
မြူခိုးမည်းဝံပုလွေများမှာ ကလေးမလေးကို ဝိုင်းရံလိုက်ကြပြီဖြစ်သည်။
ကလေးမလေးမှာ ကြောက်လန့်တကြားဖြင့် ကျောက်ဆောင်တစ်ခုကိုမှီထားကာ တုန်ရီနေသော်လည်း ရင်ခွင်ထဲမှ ကလေးငယ်ကိုမူ အမိအရ ဖက်ပွေ့ထားဆဲပင်။
"ချီးတဲ့မှ"
လိန်ရှင်းနန်သည် စိတ်လွတ်ရူးသွပ်သွားသကဲ့သို့ အကာအရံကို ဆက်တိုက်ထိုးခွဲနေပြီး အိပ်မက်ဆိုးသတ္တဝါများ သူမဆီအာရုံလွှဲလာကြစေဖို့ အစွမ်းကုန်ကြိုးစားနေခဲ့သည်။ သို့သော် ထိရောက်မှုမရှိခဲ့။
ထိုအမည်မသိအမျိုးသမီး လှည့်ကွက်တွေများ သက်သက်ထည့်သုံးထားသလားဟု သူမထင်စပြုလာသည်။
လီနန်ခယ့်အတွက် စမ်းသပ်ပွဲတစ်ခုလား။
သာမန်ဆိုလျှင် ကလေးမလေးတစ်ယောက်၏ မိုးနီအိပ်မက်ကမ္ဘာထဲ ဤသို့ အထူးအကာအရံတစ်ခုပေါ်လာဖို့မှာ မဖြစ်နိုင်သလောက်ပင်။
လိန်ရှင်းနန် အသည်းအသန်ခေါင်းစားကာ ကယ်ဆယ်ရေးအစီအစဥ်တစ်ခုကို စဥ်းစားနေစဥ်မှာပင် ကောင်းကင်ယံမှ လေပြင်းများနှင့်အတူ နှင်းပွင့်များပါ ရောယှက်ခွေရစ်လျက် အနက်ရောင်လူရိပ်ကြီးတစ်ခုက ထိုနှင်းလေပွေအလယ်မှ ချင်ချင်နှင့် ဝံပုလွေအုပ်အထက်တွင် ရုတ်တရတ်ပေါ်ထွက်လာသည်။
အနက်ရောင်အရိပ်ကြီးသည် သေမင်းအရိပ်နှယ် အရပ်မားမားကြီးနှင့် နေရာတစ်ဝက်လောက်အား အုပ်မိုးထားသည်။
ထိုအချိန်တွင် မြူခိုးမည်းဝံပုလွေအုပ်မှာ မီးခိုးပြာများအဖြစ် အငွေ့ပျံကာ နှင်းထုထူထူကြားသို့ လွင့်ပျံပျောက်ကွယ်သွားလေတော့၏။
"မဖြစ်နိုင်တာ..."
လိန်ရှင်းနန်မှာ ထိတ်လန့်ကြောင်အနေမိသည်။
ထိုအချိန်တွင် ချင်ချင်၏အိပ်မက်ဆိုးမိစ္ဆာမှာ ထိုဝံပုလွေအုပ်မဟုတ်ဘဲ ဤဘာမှန်းမသိရသော အနက်ရောင်အရိပ်ကြီးသာဖြစ်မည်ဟု သူမနားလည်လိုက်သည်။
အကာအရံမှာလည်း ထိုအရိပ်မည်းကြီး ဖန်တီးထားခြင်းသာဖြစ်မည်။
ထိုညက တောနက်ထဲတွင် ချင်ချင်တစ်ယောက် ဘာတွေများမြင်တွေ့ခဲ့ရသနည်း။
လိန်ရှင်းနန်တစ်ယောက် အတွေးတွေကြားနစ်မျောနေစဥ် အရိပ်မည်းကြီးက စကားစပြောလာသည်။ ထိုအသံမှာ ခြောက်ကပ်ပြီး ကြမ်းတမ်းလှကာ မြေပြင်ပေါ်၌ ဝါးခြောက်ပင်ကို ဇောက်ထိုးဆွဲယူသွားသည့်အလား သို့မဟုတ် လေပြင်းတိုက်၍ သစ်ပင်များ ယိမ်းထိုးအော်ညည်းနေသံအလား ကြက်သီးထဖွယ် အေးစက်လှသည်။
"မင်းလက်ထဲက ကလေးငယ်က မင်းနဲ့ဘာတော်လဲ"
ကလေးမလေးက ကြောင်ပေါက်လေးအလား ကျုံ့ဝင်သွားကာ ကြောက်လွန်း၍စကားမပြန်နိုင်။
"သူကသေတောင်သွားပြီမဟုတ်လား မင်းသတ်လိုက်တာလေ"
"မဟုတ်ဘူး"
ကလေးမလေးက အနာကိုဆွခံလိုက်ရသကဲ့သို့ ကလေးသံလေးဖြင့် စူးနင့်နေအောင်ပြန်အော်ကာ ကူကယ်ရာမဲ့စွာ ခေါင်းကိုယမ်းသည်။
"သူ..သူက ကောင်းကင်ပေါ်ကပြုတ်ကျလာတာလေ၊ သူနာသွားရှာတာ"
အရိပ်နက်ကြီးက လှောင်ပြောင်သံအပြည့်ဖြင့် ရယ်သည်။
"ကောင်းကင်ပေါ်ကပြုတ်ကျလာတဲ့ နတ်သားလေးဆိုတော့ ငါကပြန်ပို့ပေးရမှာပေါ့။ သူဒီမှာရှိမနေသင့်ဘူးလေ"
အရိပ်နက်ကြီးက ကြောက်မက်ဖွယ်အငွေ့အသက်ကိုထုတ်လွှတ်လျက် လက်တစ်ဖက်ကိုဆန့်ထုတ်လာသည်။
ထိုလက်သည်းကြီးမှာ အရိပ်ရုပ်သေးပွဲများတွင် ထည့်လေ့ရှိသော သစ်ကိုင်းခြောက်ကြီးအလား၊ အသားအသွေး မကပ်ငြိနိုင်တော့သည့် အရိုးစုလက်ကြီးအလား ခြောက်ခြားဖွယ်ကောင်းရသည့်ထဲ ဖြူဖွေးသောနှင်းများအလယ်တွင် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
မကောင်းတော့ဘူး၊ သူက နှလုံးသားကိုချိန်ရွယ်နေတာပဲ။
မိန်းကလေးရဲ့နှလုံးသားကို သက်သက်ညှင်းပန်းနေတာ။
လိန်ရှင်းနန် မျက်နှာတပြင်လုံးဖြူဖျော့သွားရသည်။ အတွင်းဒဏ်ရာတွေကိုလည်း အမှုမထားနိုင်တော့ဘဲ ရှိသမျှဝိညာဥ်စွမ်းအင်အားလုံးကို ပုံအောအသုံးပြုလိုက်သည်။ ခဲနေသော ရေခဲအလွှာအထပ်များမှာ ချွန်မြနေသောဆူးများအဖြစ် ပြောင်းလဲသွားပြီး အရှေ့မှအကာအရံကို ထိုးစိုက်ကုန်ကြ၏။
အုန်းခနဲအသံနှင့်အတူ ရေခဲလွှာများ ချက်ချင်းကွဲကြေသွားရသည်။
အကာအရံကြီးက ဂျယ်လီတုံးအလား အကြိမ်ရေအနည်းငယ်တုန်ခါသွားပေသည့် အကောင်းအတိုင်းကျန်ရစ်ဆဲပင်။
လိန်ရှင်းနန်ကတော့ အနောက်ကိုလွင့်စင်သွားပြီး သစ်ပင်တစ်ပင်ဖြင့် ဆောင့်တိုက်မိလေသည်။ တစ်ကိုယ်လုံးမှာ ဆူးထက်ထက်များဖြင့် ထိုးစိုက်ခံလိုက်ရသည့်အလား ပြင်းစွာနာကျင်သွားရလျက်။
သို့သော် အနာကိုဂရုမစိုက်နိုင်၊ အမြန်လူးလဲထကာ အကာအရံဆီ ထပ်ပြေးသွားသည်။
"ချင်ချင် မျက်စိမှိတ်လိုက်။ အဲ့ဒါကြီးကိုမကြည့်နဲ့"
ဘယ်လိုပဲအော်ဟစ်နေပါစေ အသုံးမဝင်လေတော့။ သို့သော် ဤအချိန်တွင် လိန်ရှင်းနန်လုပ်နိုင်တာ ဘာမှထပ်မရှိတော့ပေ။ စိုးရိမ်ဖိစီးမှုများဖြင့် သူမပျာယာခတ်နေခဲ့သည်။
"ထွက်သွား"
ကလေးမလေးမှာ ကြောက်လန့်တကြားအော်ဟစ်ကာ သူမ၏ အားနည်းသောကိုယ်လုံးလေးကို အေးစက်နေသည့် ကျောက်ဆောင်ကြားသို့ ပိုမိုတိုးဝင်နေမိသည်။
သို့သော် ထိုအခြေအနေမျိုးမှာပင် သူမသည် ကလေးငယ်ကို ဘေးမကင်းမည်စိုးသဖြင့် သူမ၏ကိုယ်ဖြင့် အသေအချာဖုံးကွယ်ကာ ကာကွယ်ပေးထားဆဲပင်။
အရိပ်နက်ကြီးက အေးတိအေးစက်ဆိုသည်။
"ဒီကလေးရဲ့နှလုံးသားက တစ်စစီပျက်စီးကြေမွနေပြီ။ မင်းက သူ့ကိုမှကယ်ချင်လှတယ်ဆိုတော့လည်း မင်းနှလုံးသား တစ်ပိုင်းတစ်စနဲ့ အစားထိုးပြန်ပေးရမှာပေါ့"
ကြမ်းတမ်းသော အမည်းရောင်လက်သည်းများက အညှာအတာမဲ့စွာတိုးထွက်လာပြီး ကလေးမလေးဆီသို့ ထိုးစိုက်ဖို့ပြင်လာသည်။
"မကောင်းဆိုးဝါးကောင်၊ နင်ငါရှိတာသိမှန်း ငါသိတယ်နော်။ သတ္တိရှိရင် ငါ့ဆီလာခဲ့လေ"
လိန်ရှင်းနန် မျက်လုံးများရဲတက်သွားပြီး မျက်ဆံနက်များကလည်း ကြောက်မက်ဖွယ်ကျုံ့ဝင်လာသည်။ ထိုနေရာသို့ အမြန်တိုးဝင်ကာ ထိုအိပ်မက်ဆိုးအား အပိုင်းပိုင်းအစစဆုတ်ဖြဲပစ်နိုင်ဖို့သာ ခေါင်းထဲရှိတော့၏။
အိပ်မက်ဆိုးက သူမ၏တည်ရှိမှုကို အာရုံခံနိုင်ပေသည့် တမင်တကာလျစ်လျူရှုထားခြင်းသာပင်။
ထိုလျစ်လျူရှုမှုက သူမကို ပို၍ဒေါသထွက်စေသည်။
ဓားသွားကဲ့သို့ ချွန်ထက်သောလက်သည်းများက ကလေးမလေး၏နှလုံးသားဆီ ထိုးစိုက်ဝင်သွားခဲ့ကြသည်။
လိန်ရှင်းနန်က အကာအရံဆီသို့ ဒေါသဖြင့်ပစ်ဝင်သွားခဲ့သည်။ သို့သော် သူမ၏အတွင်းဒဏ်ရာများက အခြေအနေဆိုးရွားလာသည်ထင့်၊ ရင်ဘတ်ထဲမှ ရင်းနှီးလှသောနာကျင်မှုက သူမ၏နှလုံးသားကို အပိုင်းပိုင်းဆုတ်ဖြဲလိုက်သည့်အလား လှိုက်ထက်လာခဲ့၏။
"ကလေးမလေး၊ မင်းနာမည်ကိုရော မင်းမှတ်မိသေးရဲ့လား" အရိပ်နက်ကြီး၏ အေးစက်စက်အသံက ကျရောက်လာခဲ့သည်။
ကလေးမလေးက အားနည်းချိနဲ့စွာ ပြန်ဖြေလာခဲ့သည်။
"ကျွန်မ..ကျွန်မနာမည်က လိန်ရှင်းနန်ပါ"
ဖြူလွသောကောင်းကင်သည် အနီရောင်အလင်းတန်းများဖြင့် ဖြန့်ပက်ခံလိုက်ရသည့်အလး ရဲရဲနီကာ မြေပြင်မှအမျိုးသမီး၏ အံ့သြဆွံ့အနေသော မျက်နှာလှလှအား ရောင်ပြန်ဟပ်သွားခဲ့သည်။
ဤသည်မှာ သူမ၏အိပ်မက်ဆိုးပင်။