မိစ္ဆာသတ်သေနတ်
Vol. 8 Ch. 75
တောနက်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်မြဲပင်။
ဘယ်အချိန်ကမှန်းမသိ မသိမသာရောက်ရှိလာသည့် လရောင်ဖျော့သည် သစ်ပင်သစ်ရွက်များကြား နေရာလပ်များမှ တိုးဝင်ဖြန်းပက်ကာ လီနန်ခယ့်၏ခြေဖဝါးအောက်မှ မြက်ပင်များဆီသို့ ကျရောက်လေသည်။
ထိုအမျိုးသား၏ လက်သူကြွယ်ထက်မှလက်စွပ်သည်ကား တောက်ပလင်းလက်နေဆဲ။
ဤလက်စွပ်သည် အဖော်အပေါင်းများကိုဆင့်ခေါ်နိုင်ရုံသာမက ညအမှောင်တွင် မီးအိမ်တစ်လုံးအဖြစ်လည်း တာဝန်ထမ်းဆောင်ပေးနိုင်သေးသည်။
ယုန်မလေးမုန့်ပြောခဲ့သလိုပင် ဤနေရာတဝိုက်ကိုကာရံထားသော လေထုနံရံတစ်ခုရှိနေသည်။ ထို့ကြောင့် သူလမ်းပျောက်သွားဖို့တော့မပူရ။ သို့သော် ထိုနေရာတဝိုက်လုံးကို ပတ်ရှာပြီးခဲ့သည့်တိုင် အိပ်မက်ပိုင်ရှင်ချင်ချင်ကိုတော့ အရိပ်အယောင်မျှပင်မတွေ့ရပါပေ။
အိပ်မက်ဆိုးသည်ပင် ပေါ်ထွက်လာဖို့ မေ့လျော့နေသည့်အလား။
"ဒီကောင်မလေး ဘယ်ကို ပေါက်ပေါက်ရှာရှာသွားပုန်းနေတာလဲ"
လီနန်ခယ့်စိတ်ရှုပ်ထွေးစွာဖြင့် စိတ်ထဲမှခန့်မှန်းနေမိသည်။
"သစ်ခေါင်းပေါက်ထဲမှာလား၊ ကျောက်ဆောင်တွေကြားမှာလား၊ ချုံပုတ်တွေထဲမှာလား၊ မြက်ပင်ရှည်တွေထဲမှာလား၊ သစ်ပင်ပေါ်များတက်နေသလား။"
မေ့မေ့လျော့လျော့ပင် သူမော့ကြည့်လိုက်သည်။
ထိုစဥ် မမျှော်လင့်ထားစွာပင် အထက်ကောင်းကင်ယံ၌ အနက်ရောင်မြူခိုးတစ်စု လွင့်ပျံနေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကချေသည်တစ်ဦး၏ အနက်ရောင်ပိုးဖဲကြိုးကဲ့သို့ ကွေ့ဝိုက်လျက် တောနက်ပိုင်းဆီသို့ ဦးတည်သွားနေသည်ပင်။
အိပ်မက်ဆိုးရဲ့ အစအနပဲ။
လီနန်ခယ့် မျက်နှာနည်းနည်းပျက်သွားပြီး ထိုမြူခိုးမည်းများ ဦးတည်လွင့်ပျံနေသော လားရာဆီသို့ အမြန်လိုက်တော့သည်။
အချိန်တစ်ခုမျှအကြာတွင် လီနန်ခယ့်သည် သစ်ပင်များကျဲပါးကာ အတော်လေးကျယ်ပြောသောနေရာတစ်ခုဆီသို့ ရောက်ရှိလာသည်။ အနက်ရောင်မြူခိုးငွေ့များက လေထဲတွင်ရစ်ဝဲနေလျက် ဤနေရာတွင်အဆုံးသတ်သွားသည်ပင်။
လူလည်းမရှိပါလား။ အိပ်မက်ဆိုးကရော ဘယ်မှာလဲ။
ဗလာကျင်းနေသောမြင်ကွင်းကိုကြည့်ရင်း လီနန်ခယ့် အတွေးများ စတင်ရှုပ်ထွေးလာသည်။
မြူခိုးမည်းများ၏အောက်မှ မြက်ခင်းပြင်ဆီသို့ ရုတ်တရတ်အကြည့်ရောက်သွားသော် ထိုမြေပြင်ကို သစ်ကိုင်းခြောက်များ သစ်ရွက်များနှင့် ဖုံးအုပ်ထားသည်အား တွေ့လိုက်ရ၏။
ထောင်ချောက်တစ်ခုပင်။
လီနန်ခယ့်၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။
ဤနေရာသည် အမဲလိုက်များသည့် တောနက်ဖြစ်သည့်အတွက် မုဆိုးများ ထောင်ချောက်ဆင်အများဆုံးဧရိယာဖြစ်သည်။ ကလေးမလေး နမော်နမဲ့နဲ့ ထောင်ချောက်ထဲများကျသွားလေသလား။
လီနန်ခယ့် ဆက်ပြီးတွန့်ဆုတ်မနေတော့ဘဲ သစ်ကိုင်းများကိုဖယ်ရှားလိုက်ရာ ကျင်းဝတစ်ခုကို တကယ်တွေ့မြင်လိုက်ရသည်။
သို့သော် ထူးဆန်းစွာဖြင့် မြေကျင်းထဲမှထောင်ချောက်သည် အတော်ကြာကြာကတည်းက ပျက်ဆီးသွားခဲ့ဟန်ဖြင့် မြေကျင်းဝကလည်း မြေများပြိုကျနေသည်။ မြေကျင်းအတွင်းကတော့ မှောင်မည်းနေသဖြင့် အထဲမှအခြေအနေကို မြင်ရဖို့မဖြစ်နိုင်။ သို့သော် သေသေချာချာနားထောင်ကြည့်ပါက ရှိုက်ငိုသံတိုးသဲ့သဲ့ကိုတော့ ကြားနိုင်ပေသည်။
"ချင်ချင်"
လီနန်ခယ့် အသံပေးလိုက်သည်။
ထိုစဥ် ရှိုက်သံရပ်တန့်သွားခဲ့၏။
လီနန်ခယ့် ဘာမှထပ်တွေးမနေတော့ဘဲ ကျင်းထဲသို့ ခုန်ချလိုက်တော့သည်။
လက်စွပ်မှ သဲ့သဲ့လင်းသော အလင်းရောင်အောက်တွင် သူသည် ပြိုကျနေသော ကျင်းပေါက်အတိုင်း လျှောဆင်းသွားရာ ထောင့်တစ်နေရာ၌ ကွေးကွေးလေးထိုင်ကာ တုန်ရီနေသည့် သေးငယ်သောကိုယ်လုံးလေးကို အမှန်တကယ် တွေ့လိုက်ရသည်။
အဝတ်အစားကိုကြည့်ရသလောက် ဤကလေးမမှာ သားသတ်သမားကျန်း၏သမီးငယ် ချင်ချင်ဖြစ်ပေမည်။
"နားလည်ပြီ"
ထိုအချိန်တွင် လီနန်ခယ့်၏သံသယအများစုမှာ ပြေလည်ပြီးသားဖြစ်သွားလေပြီ။
ချင်ချင်မှာ လမ်းပျောက်ပြီးနောက် ထောင်ချောက်ထဲသို့ မတော်တဆပြုတ်ကျသွားဟန်တူ၏။ ကံကောင်းထောက်မစွာဖြင့် မြေသားများပြိုကျကုန်သောကြောင့် ထောင်ချောက်ပျက်စီးသွားလေရာ အောက်ဘက်တွင် အသက်ရှင်လျက်ကျန်နေနိုင်ခဲ့သည်။
ကလေးမလေးမှာ တစ်ညလုံးထောင်ချောက်မိနေခဲ့ပုံပင်။
နေ့ခင်းအချိန်ဆိုလျှင်တော့ ပတ်ဝန်းကျင်ကို ရေးရေးမျှမြင်ရနိုင်ပြီး ထောင်ချောက်အပေါ်တွယ်တက်လာလို့ ရနိုင်မည်ပင်။
လီနန်ခယ့် တွေးရင်းတောရင်း ကလေးမလေးအရှေ့သို့ လျှောက်သွားလိုက်သည်။
ကလေးမလေးက ဒူးနှစ်လုံးကိုပိုက်ဖက်ကာ ဦးခေါင်းကို ဒူးကြားထည့်မြှုပ်ထားပြီး အသံတိမ်တိမ်ဖြင့်ရှိုက်ငင်လျက် မော့ကြည့်ဖို့မရဲလှဟန်။
"ဦးဦးက သမီးအဖေ သားသတ်သမားကျန်းရဲ့မိတ်ဆွေပါ။ ဦးဦးတို့သမီးကို နေရာတိုင်းမှာလိုက်ရှာနေတာ"
လီနန်ခယ့်က ကလေးမလေးကို ညင်ညင်သာသာနှစ်သိမ့်လိုက်သည်။
သမီးအဖေ ဆိုသည့်စကားကြားမှ ကလေးမလေး၏ခန္ဓာကိုယ်က တုန်ယင်လာကာ မျက်ရည်များအပြည့်စွန်းထင်းနေသော မျက်နှာလေးဖြင့် ပင့်မော့ကြည့်လာသည်။
မျက်နှာနုနုလေးမှာ အကြောက်တရားဖြင့်ဖြူဖျော့နေကာ မျက်လုံးများထဲတွင်လည်း ထိတ်လန့်မှုအပြည့်ဖြင့်။
သို့သော် နောက်တစ်စက္ကန့်တွင်ပင် ကလေးမလေးသည် လီနန်ခယ့်အနောက်ကိုကြည့်ကာ စူးစူးရှရှအော်ဟစ်လျက် ကြောက်လန့်စွာဖြင့် ခေါင်းကိုတစ်ဖန်ငုံ့သွားပြန်လေသည်။
လီနန်ခယ့်၏နောက်ကျောမှ ကြက်သီးများစိမ့်ခနဲတက်လာသည်။ သူ သေနတ်ကိုဆွဲထုတ်ကာ အနောက်ဆီသို့ချိန်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့နှလုံးသားကို အေးစက်စက်လှိုင်းတစ်သုတ်က ရိုက်ခတ်သွား၏။
သူ့အရှေ့တွင် ငရဲမှတွားတက်လာသည့်နှယ် တစ်ကိုယ်လုံး သွေးအလူးလူးဖုံးလွှမ်းနေသောလူတစ်ယောက်ကို မြင်လိုက်ရသည်။ မျက်လုံးအစုံသည်ပင် ကြောက်မက်ဖွယ် သွေးနီရောင်လွှမ်းလျက်။ ၏
ဒိုင်း
လီနန်ခယ့် တွန့်ဆုတ်မနေဘဲ မောင်းခလုတ်ကိုဆွဲချလိုက်သည်။
သွေးစွန်းနေသောထိုလူမှာ ချက်ချင်းပင် မြူခိုးမည်းတစ်သုတ်အဖြစ်ပြောင်းလဲသွားကာ ခဏအကြာတွင် တစ်ဖက်၌ပြန်ပေါ်လာပြန်သည်။ ကြက်သီးထဖွယ်လေထုက ပိုလို့ပင်ပြင်းထန်လာသေး၏။
ထင်ထားတဲ့အတိုင်းပဲ၊ ကိုယ့်နယ်မြေမဟုတ်တဲ့နေရာမှာ ရင်ဆိုင်ရတာ တကယ်ခက်ခဲတာပဲ။
လီနန်ခယ့်သည် ကလေးမလေးကို သူ့လက်မောင်းထဲပွေ့ယူလိုက်ပြီး ထောင်ချောက်အဝထိဆုတ်သွားလိုက်သည်။ သေနတ်ပြောင်းဝကတော့ အိပ်မက်ဆိုးသတ္တဝါဆီ တည့်တည့်ချိန်ထားလျက်သား။
"ကိုဉာဏ်ကြီးရှင်"
ယုန်မလေးမုန့်အသံက အပေါ်မှထွက်လာသည်။
"ဒီအောက်မှာ"
လီနန်ခယ့်အော်ပြောလိုက်သည်။ ထောင်ချောက်အဝတွင် မိန်းကလေး၏ပုံရိပ်ပေါ်လာသည်ကိုမြင်သော် လက်ထဲရှိကလေးမလေးအား အပေါ်သို့ အားနှင့်ပစ်တင်လိုက်တော့၏။
"ဒီကလေးမကို ကြည့်ပေးထား"
ထိုသို့ပြောပြီးနောက် လီနန်ခယ့်သည် ပြိုကျနေသော ကျင်းထဲသို့ ပြန်လည်ငုပ်လျှိုးဝင်သွားသည်။
ယုန်မလေးမုန့်က စိုးရိမ်တကြီးဖြင့်အော်သည်။
"ရှင်မရူးနဲ့နော်။ အိပ်မက်ထဲမှာ အိပ်မက်ဆိုးကိုသတ်လို့မရနိုင်ဘူး"
ထိုစကားအဆုံးတွင်ပင် အလွန်ညစ်ညမ်းသောယင်စွမ်းအင်တစ်သုတ်က ဆန်တကထွက်ပေါ်လာပြီး လီနန်ခယ့်ဆီတည့်တည့်ပျံသန်းလာလေသည်။ ကလေးမလေးကိုပွေ့ထားသော ယုန်မလေးမုန့်သည်ပင် မြေပြင်ပေါ်နောက်ပြန်လဲကျသွားရ၏။
"ချီးတဲ့မှ ဘာလို့အဲ့လောက်တောင်ကြမ်းနေရတာလဲ"
လီနန်ခယ့်သည် ကုန်းထလိုက်ပြီး ခေါင်းကိုခါယမ်းကာ တိုးတိုးလေးကျိန်ဆဲမိသည်။ ရန်သူ့နယ်မြေတွင် ရန်သူကိုရင်ဆိုင်ရသည်မှာ ဘယ်လောက်ခက်ခဲပါကြောင်း သူနောက်ဆုံးတော့ သိလိုက်ရပြီ။
အရိပ်နက်များက တစ်ခုပြီးတစ်ခုထပ်ပေါ်လာပြီး တစ်ဒါဇင်မျှပင်ပွားများလာသည်။ မြေကျင်းထဲတွင် တိမ်မည်းထုများအလား ထူထပ်သိပ်သည်းစွာပျံ့နှံ့လာကာ အမျိုးအမည်သတ်မှတ်ရန်ခက်ခဲသော လေးလံခြောက်ခြားသည့်အငွေ့အသက်အား ပေးစွမ်းနိုင်၏။
"ရှင် ချင်ချင့်ကိုတာဝန်ယူလိုက်၊ အဲ့ကောင်ကိုကျွန်မရှင်းမယ်"
ယုန်မလေးမုန့်သည် သူမ၏ နှစ်ဖက်ပါသံတူနှစ်ချောင်းကို ဝှေ့ယမ်းကာ အနက်ရောင်အရိပ်များကို ထုရိုက်သော်လည်း ရိုက်ချက်တိုင်းမှာ လေဟာနယ်ကိုသာထိမှန်ကာ သက်ရောက်မှုမရှိပေ။
ထူထပ်သော အနက်ရောင်အရိပ်များက လှိုင်းလုံးများကဲ့သို့ တလိမ့်လိမ့်တိုးဝင်လာသဖြင့် အသက်ရှူရသည်မှာ ပို၍ပို၍ ခက်ခဲလာသည်။
လီနန်ခယ့်က သေနတ်ကိုကျည်ပြန်ဖြည့်ပြီး လက်ကိုင်ကိုတင်းနေအောင်ဆုပ်ထားရင်း အသံအက်အက်ဖြင့်ဆို၏။
"အိပ်မက်ဆိုးက ငါတို့မျက်စိလည်အောင် ကိုယ်ပွားတွေဖန်တီးနေတာ။ ငါတို့ အစစ်ကိုရှာပြီးသတ်မှပြီးမယ်"
ယုန်မလေးမုန့်ကလည်း ထိုအချက်ကို သိမြင်ပြီးဖြစ်ရာ စိုးရိမ်ကြီးစွာဖြင့် ခြေဆောင့်လိုက်သည်။
"အစ်မလိန်က ဘာလို့ အခုထိပေါ်မလာသေးတာလဲ။ ကျွန်မမှာ အိပ်မက်ဆိုးကိုရှာဖို့ နည်းလမ်းရှိပေမဲ့ တကယ့်အစစ်ကိုကိုင်တွယ်ဖို့ထိ အာရုံမစိုက်နိုင်ဘူး"
"မင်းရှာပဲပေးပါ။ ငါသူ့ကိုကိုင်တွယ်လိုက်မယ်"
"ရှင်ကလား"
လီနန်ခယ့်လက်ထဲက သေနတ်ကို မြင်သောအခါ ယုန်မလေးမုန့်က တအံ့တသြမေးလာသည်။
"ဒီသေနတ်ကို ရှင်ဘယ်ကရတာလဲ။ ဆိုင်ယွင်ပေးထားတဲ့တစ်ခုနဲ့လည်း မတူဘူး။ ပြီးတော့ သာမန်သေနတ်တစ်လက်က အိပ်မက်ဆိုးကို သတ်နိုင်ပါ့မလား"
"စကားတွေမပေါနဲ့တော့၊ မြန်မြန်လုပ်"
လီနန်ခယ့်က နှစ်ချက်ဆက်တိုက်ပစ်လိုက်ပြီး ယုန်မလေးမုန့်အတွက် အချိန်ဆွဲပေးထားသည်။
သူမလည်း ဤအရေးပေါ်အခြေအနေတွင် တခြားရွေးချယ်စရာမရှိတော့ပေ။ အံကိုသာတင်းတင်းကြိတ်လျက် ကံကြမ္မာကိုသာ ပုံအပ်ထားလိုက်တော့သည်။ ထို့နောက် မြေပြင်ပေါ်တင်ပျဥ်ခွေထိုင်ချကာ လက်ညှိုးနှစ်ဖက်ကို ယှက်လိုက်ရာ သူမ၏ နဖူးပေါ်တွင် မျက်လုံးတစ်လုံးပွင့်လာပြီး ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ယုန်မလေးမုန့်က သူမ၏စိတ်အာရုံကို စုစည်းလိုက်သောအခါ ထိုခရမ်းရောင်အလင်းတန်းမှာ ခရမ်းရောင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြန့်ကားသွားပြီး ပတ်ဝန်းကျင်ရှိ အနက်ရောင်အရိပ်အားလုံးကို လွှမ်းခြုံသွားသည်။
မရေမတွက်နိုင်သော မျက်လုံးများ လေထဲတွင်ပေါလောပေါ်လာပြီး ထိုအနက်ရောင်အရိပ်များအား စကန်ဖတ်သကဲ့သို့ စေ့စေ့စပ်စပ် လိုက်လံစစ်ဆေးတော့သည်။
"တွေ့ပြီ"
ချက်ချင်းဆိုသလိုပင် ယုန်မလေးမုန့်၏ ဖြူစင်ဝိုင်းစက်သော မျက်နှာလေးပေါ်တွင် အံ့သြဝမ်းသာမှုများ ပေါ်လာကာ ခရမ်းရောင်အလင်းတန်းများမှာ အရိပ်တစ်ခုထံသို့ တိုက်ရိုက်ဦးတည်သွားတော့သည်။
လီနန်ခယ့် တွန့်ဆုတ်မနေဘဲ ထိုအရိပ်ဆီသို့ တည့်တည့်ချိန်ပစ်လိုက်သည်။
စူးရှသော အော်ဟစ်သံနှင့်အတူ ပတ်ဝန်းကျင်ရှိ ပုံရိပ်ယောင်များမှာ ချက်ချင်း မြူခိုးများအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ အခုနက ထိမှန်ခံလိုက်ရသော အနက်ရောင်အရိပ်သာလျှင် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ထိုအနက်ရောင်အရိပ်မှာ ထွက်ပြေးရန် ကြိုးစားသေးသော်လည်း ကျည်ပြန်ဖြည့်ပြီးသား လီနန်ခယ့်က နောက်ထပ် သုံးချက်ဆက်တိုက် ပစ်လိုက်ပြန်သည်။
ရင်နင့်ဖွယ်ရာ စူးရှသောအော်သံမှာ လူတိုင်း၏နားစည်ကို ဖောက်ထွက်သွားကာ ဦးနှောက်များကို ဓားဖြင့်မွှေနေသည့်နှယ် ခံစားရစေသည်။ ယုန်မလေးမုန့်သည် ကမန်းကတန်း ရှေ့သို့တိုးကာ ကလေးမလေး၏နားကို ပိတ်ပေးလိုက်ပြီး သူမကိုယ်တိုင်လည်း နာကျင်ခံစားနေရဟန်ရှိ၏။
ထိုနာကျင်မှုကို အောင့်အည်းနေစဉ်မှာပင် နွေးထွေးသော လက်ဖဝါးတစ်စုံက သူမနားပေါ်သို့ လာရောက်ဖိကပ်ပေးလာသည်။
ယုန်မလေးမုန့်မှာ လန့်ဖျပ်သွားပြီး အရှေ့ရှိအမျိုးသားကို မော့ကြည့်လိုက်မိ၏။ ထိုအမျိုးသားသည် မျက်လုံးများ အနည်းငယ်မှေးစင်းကျလျက် အော်သံ၏သက်ရောက်မှုကို သူကိုယ်တိုင်လည်း ခက်ခက်ခဲခဲခံစားနေရပုံရလေသည်။ ချောမောခန့်ညားသောမျက်နှာမှာ ဖြူလျော့ကာ ပုံပန်းပျက်ပြားနေလျက်။
ယုန်မလေးသည် ထိုမြင်ကွင်းတွင် သူမ၏ နုနယ်သော ချယ်ရီရောင်နှုတ်ခမ်းလွှာလေးကို ဖိကိုက်ထားမိပြီး တက်ကြွလှုပ်ရှားနေသော မျက်လုံးလေးများမှာ နွေဦးလေညင်းလေး တိုက်ခတ်လာသည့်အလား ငြိမ်သက်သွားခဲ့၏။
ကံကောင်းသည်မှာ ထိုစူးရှသောအော်သံမှာ သိပ်မကြာဘဲ တဖြည်းဖြည်း တိုးဝင်သွားသည်။
လီနန်ခယ့်က စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး မြေပြင်ပေါ်တွင် ရုန်းကန်လှုပ်ရှားနေဆဲအိပ်မက်ဆိုးကို ကြည့်နေလိုက်သည်။ ထိုအိပ်မက်ဆိုးမှာ နဂို သွေးစွန်းနေသည့်အသွင်အပြင်ပျောက်ကွယ်ကာ ဝက်အူချောင်းကြီးအလား တွန့်လိမ်ညည်းညူနေလျက်သား။
"နှုတ်ဆက်ပါတယ်"
ဒိုင်း ဒိုင်း ဒိုင်း
လီနန်ခယ့် အောင်ပွဲသေနတ်သံသုံးချက်ကို ပစ်ခတ်လိုက်သည်။
အိပ်မက်ဆိုးသည် မြူခိုးမည်းကြီးတစ်စုအဖြစ် ပြောင်းလဲသွားပြီး တောအုပ်ထဲသို့ ဖြန့်ကျက်ပျောက်ပြယ်ကာ သတ်ဖြတ်သူအမျိုးသား၏ ရင်ဘတ်တွင်တော့ ပုလဲဖြူလေးတစ်စေ့ လွင့်ပျံဝင်ရောက်လာသည်။
ဤသို့ဖြင့် အန္တရာယ်ကို အဆုံးသတ်ဖြေရှင်းပြီးသွားလေပြီ။
သူတို့နှစ်ဦးစလုံးမှာ ရင်ထဲ၌ အောင့်ထားရသော မောဟိုက်မှုများကို သက်ပြင်းချကာ ထုတ်လိုက်ကြသည်။
"ကိုဉာဏ်ကြီးရှင်ကတော့ တကယ်ကိုအံ့သြစရာပဲ"
ယုန်မလေးမုန့်က ပန်းလေးတစ်ပွင့်လို့ ချိုချိုသာသာပြုံးကာ လီနန်ခယ့်လက်ထဲမှသေနတ်ကိုဆွဲယူလိုက်သည်။
"ဒါကရောမှော်လက်နက်ပဲလား၊ ဒါမျိုးမှော်လက်နက်ကို ကျွန်မတော့ ပထမဆုံးမြင်ဖူးတာပဲ။ သေနတ်တစ်လက်က အိပ်မက်ဆိုးကိုတောင် သတ်နိုင်တယ်ပေါ့လေ"
"ငါ့သေနတ်ကိုလျှောက်မကိုင်နဲ့ မကြိုက်ဘူး"
လီနန်ခယ့် မျက်မှောင်ကြုတ်ကာဆူပူလိုက်သည်။
"အမလေးနော်၊ ကိုင်ကြည့်ရုံနဲ့လူမသေပါဘူး"
ယုန်မလေးမုန့်က သေနတ်ကိုပြန်မလွှတ်ပေးချင်ဟန်ဖြင့် နှုတ်ခမ်းဆူကာ နှုတ်လှန်ထိုးလာသည်။
"ရှင့်သေနတ်က ဘာနဲ့လုပ်ထားတာလဲ။ တော်တော်မာတာပဲ၊ ပြောင်းဝကလည်း တော်တော်ကြီးတယ်၊ ကိုင်ရတာ နည်းနည်းပူနေသလိုပဲ"
"ပြန်ပေးစမ်းပါ၊ မြန်မြန်"
လီနန်ခယ့်က ပြန်လုလိုက်သည်။
ယုန်မလေးမုန့်က နှာခေါင်းရှုံ့လိုက်ကာ မျက်လုံးလှလှလေးများဖြင့် ကောင်းကင်ကိုသာမော့ကြည့်နေတော့သည်။
မှောင်မည်းနေသော ကောင်းကင်ယံ၌ အဖြူရောင်အလင်းစက်လေးများ တစ်စတစ်စပေါ်လာကာ ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း စတင်ဝေဝါးလာတော့သည်။
ကလေးမလေးချင်ချင်၏ ကိုယ်လုံးလေးမှာပင် ဖောက်ထွင်းမြင်ရသည်အထိ ပါးလျလာသည်။
"အိပ်မက်ဆိုးကို နှိမ်နင်းပြီးပြီဆိုတော့ မိုးနီအိမ်မက်ကမ္ဘာက ပျောက်ကွယ်တော့မှာ"
ယုန်မလေးမုန့်က လီနန်ခယ့်ကို လက်ပြလိုက်သည်။
"ဒီကလေးမလေးလည်း မကြာခင် နိုးလာတော့မှာပါ။ ကျွန်မကတော့ အပြင်လောကကို အရင်ပြန်ပြီး အစ်မလိန်ရဲ့အခြေအနေကို သွားကြည့်လိုက်ဦးမယ်။ ပြန်တွေ့ကြမယ်နော်"
"အရာရှိလိန် အဆင်ပြေပါ့မလား" လီနန်ခယ့်က စိုးရိမ်တကြီး မေးလိုက်သည်။
ယုန်မလေးမုန့် သက်ပြင်းချသည်။
"အိပ်မက်ထဲကိုဝင်တဲ့လမ်းစဥ်မှာ တစ်စုံတစ်ရာမှားယွင်းသွားလို့ အစ်မလိန် အိပ်မက်ထဲကို ဝင်မလာနိုင်တာ ဖြစ်ပါလိမ့်မယ်။ ဒီလိုမျိုးတွေ အရင်ကလည်းဖြစ်ဖူးပါတယ်၊ စိတ်မပူပါနဲ့၊ ကျွန်မဖြေရှင်းလိုက်ပါ့မယ်"
"ဪ"
လီနန်ခယ့် စိတ်အေးသွားကာ သေနတ်ကိုယူ၍ ယုန်မလေးမုန့်ကိုချိန်လိုက်သည်။
ဒါဆို မင်းကိုလည်း အပြင်လောကကို ပြန်ပို့ပေးရမှာပေါ့"
"ဟင်"
ကောင်မလေးမှာ လန့်ဖျပ်သွားဟန်ဖြင့် သူ၏ အသင့်ပြင်ထားသောလက်ကို ကမန်းကတန်းပြန်ဖိချကာ မကျေမနပ်ဆိုသည်။
"ကျွန်မက အဆင့်မြင့် အိပ်မက်လမ်းလျှောက်သူပါ၊ ဒီလိုနည်းလမ်းတွေ သုံးစရာမလိုဘူး။ ရှင့်ဘာသာရှင်ပဲ သုံးလိုက်ပါ။ မသုံးချင်လည်း မိုးနီအိမ်မက်ကမ္ဘာ သူ့အလိုလိုပျောက်သွားတဲ့အထိ စောင့်နေလို့ရတယ်။ ဒါပေမဲ့ နည်းနည်းတော့ကြာလိမ့်မယ်"
ထိုသို့ပြောပြီးနောက် ကောင်မလေးမှာ မျက်တောင်တစ်ချက်ခတ်လိုက်ရုံမျှဖြင့် ထိုနေရာမှ ကွယ်ပျောက်သွားတော့လေသည်။
လီနန်ခယ့် ခေါင်းကုတ်ရင်း စိတ်ပျက်လက်ပျက်ညည်းညူမိသည်။
"ဒါဆို ငါကျမှဘာလို့ ဒီလိုငတုံးနည်းလမ်းကြီးကို သုံးနေရတာလဲ"
သူ မတတ်သာစွာ သက်ပြင်းချလိုက်ကာ သေနတ်ကိုကောက်ကိုင်ပြီး သူ့ခေါင်းသူပြန်ချိန်လိုက်သည်။
"ဖြောင်း ဖြောင်း ဖြောင်း"
ရုတ်တရတ် လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။
လီနန်ခယ့် ချာခနဲလှည့်ကြည့်လိုက်ရာ သိပ်မဝေးသော တောအုပ်တစ်နေရာတွင် ဝေဝါးနေပေသည့် လှပကျော့ရှင်းသော အမျိုးသမီးတစ်ဦး၏ပုံရိပ်ကို မြင်လိုက်ရ၏။
"အစ်ကိုလီ၊ ဒီကြိုဆိုလက်ဆောင်လေးကို ဘယ်လိုသဘောရလဲ"
ထိုအမျိုးသမီးက ပြုံးလျက် မေးလိုက်လေသည်။