မင်းသမီးကြီး
Vol. 8 Ch. 76
သူ့ရှေ့တွင်ပေါ်လာသော ထိုအမျိုးသမီးမှာ ဝေဝါးပါးလျသော ပုံရိပ်ယောင်မျှသာဖြစ်သော်ငြား ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို အမြင်ဖြင့်ပင် ခန့်မှန်းရိပ်စားမိနိုင်ပေသည်။
"ဒါဆို မင်းပြောတဲ့ ပြန်တွေ့ကြရအောင်ဆိုတာ ဒါပဲပေါ့နော်"
လီနန်ခယ့် နားလည်သွားသည်။
သို့သော် ဤအမည်မသိအမျိုးသမီးကိုလည်း အိပ်မက်လမ်းလျှောက်သူဖြစ်လိမ့်မည်ဟု ထင်မထားခဲ့။ သာမန်ထက်ကျော်လွန်သောအဆင့်အတန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားဟန်တူ၏။
"ပထမဆုံးတွေ့ဆုံခြင်းအတွက် လက်ဆောင်လေးကို ဘယ်လိုသဘောရလဲ"
အမျိုးသမီးက အဖြေမရသေးသောမေးခွန်းကို ထပ်မေးပြန်သည်။
လီနန်ခယ့် ပုခုံးသာတွန့်လိုက်သည်။
"အမှန်အတိုင်းပြောရရင် တော်တော်လေးသာမန်ဆန်ပါတယ်။ ဘာစိန်ခေါ်မှုမှတော့ မခံစားလိုက်ရဘူး။ ဒါပေမဲ့ ရှစ်နှစ်အရွယ်မိန်းကလေးအပေါ် မိုးနီရွာခိုင်းတာတော့ နည်းနည်းလွန်တယ်မထင်မိဘူးလား"
"ဒါကြောင့်ပဲ ကျွန်မဒီကိုရောက်နေတာလေ"
အမျိုးသမီးက ပြုံးလျက်သာဆိုသည်။
"ဒီအိပ်မက်ဆိုးကို ရှင်သာမဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် ကလေးမလေးကို ကျွန်မဝင်ကယ်မလို့လေ။ ကံကောင်းချင်တော့ ရှင်တော်တော်လေးစွမ်းဆောင်နိုင်သားပဲ"
လီနန်ခယ့်၏အကြည့်က နက်ရှိုင်းလာသည်။
"အလုပ်အကြောင်းပြောကြတာပေါ့။ သူဌေးလင်သတ်သေဖို့ မင်းဖိအားပေးခဲ့တာလား"
ထိုအချိန်တွင် ကောင်းကင်က လင်းရောင်ပြူစပြုလာသည်။
ပတ်ဝန်းကျင်ရှိ မြက်ခင်းများ၊ သစ်ပင်များနှင့် ကျောက်ဆောင်များမှာ ဒစ်ဂျစ်တယ်ဓာတ်ပုံတစ်ပုံ ပုံပေါ်နေသည့်အလား အပြာရောင်အလင်းတန်းများမှတစ်ဆင့် ပုံမှန်မြင်ကွင်းဆီသို့ စတင်ကူးပြောင်းနေပြီး မည်သည့်အချိန်တွင်မဆို ပျောက်ကွယ်သွားနိုင်သည့် အနေအထားတွင် ရှိနေသည်။
"ကျွန်မဘယ်သူ့ကိုမှ ဖိအားမပေးခဲ့ဖူးဘူး"
ထိုအမျိုးသမီး၏ ပုံရိပ်မှာလည်း လေပြင်းထဲမှဖယောင်းတိုင်မီးအလား ယိမ်းနွဲ့ဝေဝါးလာသည်။
လီနန်ခယ့်က မျက်ခုံးတစ်ဖက်ပင့်သည်။
"ဒါဆို သူ့သဘောနဲ့သူသတ်သေသွားတဲ့သဘောလား။ တစ်ခုတော့ ကျွန်တော်နားမလည်ဘူး"
"ဘယ်တစ်ခုကို နားမလည်တာလဲ"
"သူဌေးလင်က မတော်လို့ကံဆိုးမိုးမှောင်ကျခဲ့တယ်ဆိုပေမဲ့ အသက်ဆက်ရှင်ချင်စိတ်တော့ သေချာပေါက်ရှိဦးမှာပဲ"
"ကျွန်မသူ့ကို သတင်းလေးတစ်ခုပဲပြောပြခဲ့တာပါ"
ထို့နောက် အမျိုးသမီးက အချိန်အကြာကြီး ငြိမ်သက်စဥ်းစားနေပြီးမှ အသံလေးလေးဖြင့်ဆိုလာသည်။
"ဒီနှစ်အစမှာပဲ ကျွန်မအမေဆုံးသွားတဲ့သတင်း ပြောပြခဲ့ရုံပဲ"
"ခင်ဗျားအမေက..."
"သူ့ရဲ့အချစ်ဦးလေ"
"?"
လီနန်ခယ့် အံ့သြဆွံ့အသွားခဲ့ရသည်။
ယခုတော့ ဇာတ်ရည်လည်လေပြီ။
ပြည့်တန်ဆာရုံမှမိန်းကလေးကို ဘာကြောင့် တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ယူခဲ့သလဲ ဆိုသည့် သူ့မေးခွန်းအား သူဌေးလင်က မေရှင်းအာသည် သူ၏လူငယ်ဘဝမှ အချစ်ဦးမိန်းကလေးနှင့် အနည်းငယ်ဆင်တူသောကြောင့်ဟု ပြန်ဖြေခဲ့သည်။
ထိုအချစ်ဦးနတ်သမီးလေးက သူ့နှလုံးသားကို ယနေ့ထိတိုင် ဖမ်းစားဆုပ်ကိုင်ထားဆဲဖြစ်သည်ပင်။
အမျိုးသမီးက ညင်သာတိုးဖျော့စွာ ပြောပြလာသည်။
"ဦးလေးလင်က တစ်ချိန်က အမေ့ဆီမှာ စာရင်းကိုင်လုပ်ခဲ့တာ။ ကျွန်မအမေ ဂိုဏ်းချုပ်နဲ့လက်ထပ်ပြီးတဲ့နောက် သူက အပြင်မှာလုပ်ရမဲ့ အလုပ်တာဝန်တွေယူပြီး ဂိုဏ်းထဲကထွက်သွားတယ်။ နောက်တော့ ဒီမြို့လေးမှာ အခြေချနေထိုင်ခဲ့တာပဲ။ တကယ်တော့ သူ ဒီအလုပ်တွေကို ငြီးငွေ့နေပြီဆိုတာ ကျွန်မတို့အားလုံးသိထားကြတယ်။ အထူးသဖြင့် အမေနဲ့ရုပ်ချင်းဆင်တဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်လိုက်တဲ့အချိန်မှာ သူဒီမှာပဲ သေတပန်သက်တဆုံး နေထိုင်သွားချင်တယ်ဆိုတာ ပိုသိသာလာတယ်။ ကျွန်မအမေအပေါ် လျှို့ဝှက်ထားရှိခဲ့တဲ့ ခံစားချက်တွေကို မေရှင်းအာအပေါ်မှာ လက်တွေ့ပုံဖော်ခဲ့တာပေါ့၊ ဒါပေမဲ့ မေရှင်းအာက နောက်ဆုံးမှာ သူ့ကိုသစ္စာဖောက်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီသားအမိကို လမ်းဆုံးတဲ့အထိ တစ်ဖက်လှည့်နဲ့ ညှင်းပန်းနှိပ်စက်ခဲ့တာတော့ သူတော်တော်ရက်စက်နိုင်တာပဲ"
လီနန်ခယ့်က ဆိတ်ဆိတ်သာနားထောင်နေသည်။
အမျိုးသမီး၏ ရင်ဖွင့်စကားသံတွင် လိမ်လည်လှည့်ဖျားမှုတစ်စုံတစ်ရာ မခံစားရသဖြင့် သူဌေးလင်တစ်ယောက် သူ့သဘောနှင့်သူ အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပိုလို့သေချာလာသည်။
ရင်ထဲ လျှို့ဝှက်သိမ်းဆည်းခဲ့ရသော ခံစားချက်များကို အမျိုးသမီးတစ်ဦးဆီ ထိုးအပ်ပုံဖော်ခဲ့ပေသည့် ထိုအမျိုးသမီးက သူ့ကိုသစ္စာဖောက်ခဲ့သည်။ အချစ်ရဆုံးအမျိုးသမီးသည်လည်း တမလွန်သို့သွားနှင့်လေပြီ။ ထို့အပြင် သူကိုယ်တိုင်က ညကင်းလှည့်တပ်ဖွဲ့ထံမှလည်း ပစ်မှတ်ထားခံနေရပြီး ဤမီးပွားသည် အချစ်ဦး၏သမီးထံသို့ပါ လွင့်စင်နိုင်ချေရှိနေသည်။ ဤပြဿနာများကြား၌ သူဌေးလင်တွင် ဆက်လက်ရှင်သန်ရုန်းကန်လိုစိတ်မရှိတော့။ မိမိကိုယ်ကို အဆုံးစီရင်ခြင်းသည် သူ့အတွက်တော့ လွတ်မြောက်မှုတစ်ခုသာဖြစ်ပေလိမ့်မည်။
"သူမသတ်သေခဲ့ရင်လည်း ခင်ဗျားသူ့ကို သတ်ရမှာပဲမဟုတ်လား"
လီနန်ခယ့်က အဓိကမေးခွန်းကို မေးလိုက်သည်။
အမျိုးသမီးက တိုက်ရိုက်ပြန်မဖြေ။
"သူက ပြဿနာတွေလုပ်ခဲ့တယ်ဆိုပေမဲ့ ထျန်းချုံဂိုဏ်းက ဒီလောက်မြန်မြန်ပြစ်ဒဏ်ချတတ်တဲ့ဂိုဏ်းမဟုတ်ဘူး။ ကျွန်မလည်း တုန်းချီမှာ အလုပ်ရှိလို့သွားရင်း သူ့အိမ်ကိုလမ်းကြုံဝင်ကြည့်ရာက ဖြစ်ကြောင်းကုန်စင်သိခဲ့ရတာ"
"သုံးရက်အတွင်းဖြစ်မဲ့ အမှုကြီးဆိုတာလား"
တစ်ဖက်လူ၏ ပေးစာပါအကြောင်းအရာကို လီနန်ခယ့်မှတ်မိလိုက်သည်။
"ဟုတ်တယ်" အမျိုးသမီးက ဆိုသည်။
"သုံးရက်အတွင်း အမှုကြီးတစ်ခုဖြစ်လိမ့်မယ်။ ရှင်တာဝန်ယူရမဲ့အပိုင်းထဲက မဟုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ရှင်ဝင်ပါပေးဖို့ ကျွန်မမျှော်လင့်ပါတယ်။ ဦးလေးလင်းက ရှင်က တော်တော်ဉာဏ်ပြေးတဲ့သူမလို့ ကျွန်မကိုကူညီပေးနိုင်လောက်မယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ရှင်ဘယ်လောက်လုပ်ရည်ကိုင်ရည်ရှိသလဲ သိချင်တယ်လေ"
ဘေးပတ်ပတ်လည်မှ ပျောက်ကွယ်ခါနီး မြက်ခင်းသစ်ပင်များကိုကြည့်ရင်း လီနန်ခယ့် မဲ့ပြုံးကိုမထိန်းနိုင်လိုက်။
"ကျွန်တော့်ဘက်က ကူညီမယ်လို့ ပြောမထားဖူးဘူးထင်တာပဲ"
"အဲ့ဒါကအရေးမကြီးဘူး။ တကယ်အရေးကြီးတာက..."
အမျိုးသမီး၏ ပုံရိပ်မှာ တောအုပ်နှင့်အတူ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး စကားတစ်ဝက်တစ်ပျက်မှာ လေထဲတွင် လွင့်ပါးကျန်ရစ်ခဲ့သည်။
"ရှင့်စိတ်ကို လှုပ်ကိုင်နိုင်လောက်တဲ့ အပေးအယူတစ်ခု ကျွန်မမှာရှိတယ်"
အဲ့စကားကြီးက နည်းနည်း တစ်မျိုးဖြစ်နေသလိုပဲနော်။
အနည်းငယ် ကြမ်းတမ်းသော တောင်တက်လမ်းတစ်ခုပေါ်တွင် မြင်းနှစ်ကောင်ဆွဲ ရထားလုံးတစ်စီးမှာ ညအမှောင်ကိုခွင်း၍ ရှေ့သို့ ပြေးလွှားနေသည်။
ထိုရထားလုံးမှာ အထူးပင် ခန့်ညားထည်ဝါပြီး အပြင်အဆင် ဆန်းပြားလှသည်။ ရထားတံပိုးများ၊ ထိုင်ခုံများနှင့် ကျန်အစိတ်အပိုင်းများကို နက်မှောင်ပြောင်လက်သော ယွန်းဆေးများဖြင့် သုတ်လိမ်းထားပြီး အပြင်ဘက်ပိုင်းကို မြှားနှင့်ကျောက်တုံးတို့၏ တိုက်ခိုက်မှုအား ခံနိုင်ရည်ရှိသည့် စက်မှုယန္တရားများ တပ်ဆင်ထားသော သံသစ်သားပြားများဖြင့် တည်ဆောက်ထားသည်။
ရထားလုံး၏ ပတ်ပတ်လည်တွင် မှင်ရောင်ကဲ့သို့နက်မှောင်သော ဝတ်စုံကျပ်များ ဝတ်ဆင်ထားသည့် ကျွမ်းကျင်သော အစောင့်အကြပ်များ ဝန်းရံထားပြီး ထင်းရှူးစေးဖြင့် ပြုလုပ်ထားသော မီးရှူးတိုင်များကို ကိုင်ဆောင်ကာ အမြဲတစေ သတိချပ်ထားလျက်ရှိ၏။
ရထားလုံးအတွင်း၌ မီးလင်းဖိုတစ်ခုက ညလေအေးကိုမောင်းထုတ်ကာ နွေးမြစေသည်။
ဟယ့်လန်ရှောင်းသည် ကြောင်လေးတစ်ကောင်ကဲ့သို့ လက်ကလေးများကို ပြတင်းပေါက်ဘောင်ပေါ် ယှက်တင်ထားပြီး လမ်းတစ်လျှောက်စိုက်ပျိုးထားသော သစ်ပင်ပန်းပင်များကို စူးစူးစမ်းစမ်းကြည့်ရှုရင်း မျက်လုံးလေးများမှာ တလက်လက်တောက်ပနေလေသည်။
"မယ်မယ်ကြီးကလည်း တစ်ချိန်လုံးလိုက်ကြည့်နေတာပဲ မပင်ပန်းဘူးလား"
ပိုင်ရူယွဲ့၏ မြေခွေးမျက်နှာလေးကို စနောက်သောအပြုံးလေးတစ်ခုပေါ်လာသည်။
ဟယ့်လန်ရှောင်းက အနောက်သို့လှည့်ကြည့်ကာ ကြီးမားနက်မှောင်သော မျက်လုံးဝိုင်းလေးများ လခြမ်းကွေးလေးနှစ်ခုကဲ့သို့ ကျုံ့ဝင်သွားသည်အထိ ပြုံးပြလိုက်သည်။ ချိုသာနူးညံ့သော အသံလေးမှာ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။
"ဘယ်လိုများပင်ပန်းလိမ့်မလဲ။ အပြင်လောကကြီးက တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာပဲ။ ခုနက ကျွန်မဘာမြင်လိုက်တယ်ထင်လဲ၊ မြေခွေးလေးတစ်ကောင်ကိုမြင်လိုက်ရတာပါဆို။ အဲ.. မြေခွေးဟုတ်မဟုတ်တော့မသေချာဘူး။ ဒါပေမဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ"
"ကောင်းပါပြီရှင်၊ ဒါဆိုလည်းဆက်ကြည့်ပါ၊ ပင်ပန်းလာရင်တော့ ခဏလောက်အိပ်ပါဦးနော်"
ပိုင်ရူယွဲ့က မယ်မယ်ကြီးကို ကြင်ကြင်နာနာကြည့်ကာ ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်။
"နောက်နှစ်ရက်အတွင်း ကျွန်မတို့ခရီးစဥ်ကို အရှိန်မြှင့်ရတော့မယ်။ ဒါကြောင့် မယ်မယ်ကြီး နန်းတော်မှာလိုတော့ အေးအေးချမ်းချမ်းအိပ်ရမယ်မထင်ဘူးရယ်"
"အွန်းအွန်း"
ဟယ့်လန်ရှောင်းက ခေါင်းလေးကို စိတ်ပါလက်ပါညိတ်ပြကာ ညရှုခင်းအလှကို ဆက်လက်ငေးမောနေသည်။
ပိုင်ရူယွဲ့က ပြုံးလိုက်ပြီး မကြာသေးမီက ပို့ဆောင်ပေးထားသော သတင်းပို့စာတစ်စောင်ကို ကောက်ယူ၍ ထပ်မံဖတ်ရှုလိုက်ရာ သွယ်လျသော မျက်ခုံးတန်းလေးများမှာ အနည်းငယ်တွန့်ချိုးသွားသည်။
"'သုံးရက်အတွင်းမှာ ရှန်းယွမ်မင်းသမီးကို ခြံရံပို့ဆောင်လာတဲ့ အရိပ်နက်တပ်သားတွေအားလုံး တိမ်တိုက်မြို့တော်ရဲ့ တုန်းချီခရိုင်မှာ ခေတ္တနားကြလိမ့်မယ်' အရိပ်နက်တပ်ဖွဲ့ကို ဦးဆောင်လာတဲ့တပ်မှူးက လုံထျန်းဟယ်၊ သူကဘာလို့ အဲ့ဒီမှာမှ စခန်းချချင်ရတာလဲ"
ပိုင်ရူယွဲ့ သူမ၏လက်ချောင်းသွယ်သွယ်လေးများက ပေါင်ပေါ်တွင် စည်းချက်ကျကျပုတ်ရင်း တွေးတောနေမိသည်။
"ဧကရာဇ်ဆီက လျှို့ဝှက်အမိန့်တော်နဲ့ ပက်သက်နေတာများလား"
ရထားလုံးကိုမှီရင်း သူမ အတွေးများသွားရသည်။
ဧကရာဇ်ကိုယ်တော်တိုင်က လျှို့ဝှက်အမိန့်ပေးပို့နေပြီဆိုလျှင်တော့ အတန်ငယ် အကျပ်ရိုက်စရာပင်။
ဧကရာဇ်သည် အမှန်အမှားမကွဲပြားသေးသော ထိုသတင်းကို အတော်လေးအာရုံစိုက်ပုံရသည်။ မဟုတ်ပါက မင်းသမီးရှန်းယွမ်ကိုရှာဖို့ ထိုမျှစိတ်အားထက်သန်နေမည်မဟုတ်။
အရိပ်ထဲမှ စောင့်ကြည့်လေ့လာနေကြသော အင်အားစုများလည်း ရှိသေးသည်။
နန်းတွင်းညီလာခံတွင်ဖြစ်စေ၊ တိုက်ခိုက်ရေးကွင်းပြင်တွင်ဖြစ်စေ မင်းသမီးရှန်းယွမ်သည် ရှားပါးအဖိုးတန် ဆုလာဘ်တစ်ခုအဖြစ် သတ်မှတ်ခံထားခြင်းပင်။
သူမ အတွေးများထဲနစ်မျောနေစဥ် အမှုမဲ့အမှတ်မဲ့ပင် မျက်မှောင်ကိုတင်းတင်းကြုတ်ကာ စကတ်စကို မသိလိုက်စွာ ဆွဲဆုပ်ထားမိသည်။
“ချီးတဲ့မှ၊ ဒီထူးဆန်းတဲ့အဖျားက ထပ်တက်လာပြန်ပြီ”
ပိုင်ရူယွဲ့သည် တစ်ခဏတာမျှ အသိလွတ်သွားသည့် မိမိကိုယ်ကို စိတ်ထဲမှကျိန်ဆဲလိုက်ပြီး ရထားလုံးတံခါးကိုဆွဲပိတ်ကာ အေးမြသောရာသီကို ကာဆီးလိုက်သည်။
ဟယ့်လန်ရှောင်းက နားမလည်သလို လှည့်ကြည့်လာသည်။
“ရူယွဲ့လေး ဘာများဖြစ်လို့လဲ၊ အိပ်ငိုက်နေတာလား”
“ဟိုဘက်ကိုလှည့် ပြန်မကြည့်နဲ့တော့”
ချွေးသီးချွေးပေါက်များက အမျိုးသမီး၏နဖူးပေါ်မှ အသီးလိုက်စီးကျလာကာ အသံမှာလည်း တောင့်တင်းအေးစက်နေခဲ့သည်။
ဟယ့်လန်ရှောင်းမှာ မည်သူတစ်ဦးတစ်ယောက်ဆီကမှ ဤသို့လေသံမာမာဖြင့် ဆူပူခြင်းမခံရဖူးသဖြင့် အံ့သြလန့်ဖျပ်မှုနှင့်အတူ ဒေါသပါထွက်သွားရသည်။ သို့သော် သူမပြောသလိုပင် နာခံစွာ တစ်ဖက်လို့လှည့်ပေးနေလိုက်သည်။
ထို့နောက် ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းသာများထံမှ တစ်ဖန်ဆွဲငင်ခံလိုက်ရပြန်တော့၏။
နန်းတော်ထဲတွင် မတွေ့မမြင်ဖူးသော ဤမြင်ကွင်းဆန်းများက သူမနှလုံးသားကို အဝေးသို့ပျံထွက်သွားစေလောက်အောင် လှိုက်မောကြည်နူးစေသည်။
ငှက်ငယ်လေးတစ်ကောင်အဖြစ် ပျံသန်းလွတ်မြောက်သွားချင်စိတ်သာ ရှိတော့သည်။
အချိန်ဘယ်လောက်ကြာကြာ လွန်မြောက်သွားခဲ့လေသည်မသိ၊ အနောက်မှ သက်ပြင်းချသံသဲ့သဲ့ လွင့်ပျံလာခဲ့သည်။
ဟယ့်လန်ရှောင်းက အနောက်သို့လှည့်ကြည့်လိုက်တော့ ရထားလုံးကိုမှီကာ ပင်ပန်းနွမ်းနယ်နေဟန်ပေါက်သော ပိုင်ရူယွဲ့ကိုတွေ့လိုက်ရသည်။ မြေခွေးမလေး၏မျက်လုံးများမှာ အနည်းငယ်မှေးကျဥ်းကျနေကာ ကပိုကရိုဆံနွယ်စလေးများက ချွေးစေးဖြင့် ပါးပြင်ဆီကပ်ငြိနေကြသည်။ မြင်ကွင်းမှာ တစ်မျိုးတစ်မည် ဆွဲဆောင်မှုရှိစွာ မြင်သူ၏စိတ်နှလုံးကို လှုပ်ခတ်စေလျက်။
“ရူယွဲ့လေး ဒီလောက်ပင်ပန်းနေမှတော့ ဘာကြောင့် ကျွန်မပေါင်ပေါ် တစ်ရေးလောက်လာမအိပ်တာလဲ”
ဟယ့်လန်ရှောင်းက စိုးရိမ်ကြီးစွာဖြင့်ဆိုသည်။
“ကျွန်မအဆင်ပြေပါတယ်”
ပိုင်ရူယွဲ့က အားတင်းပြုံးကာ မျက်လုံးများကိုဖွင့်လိုက်သည်။
မျက်ရည်များလျှံနေသောမျက်ဝန်းမှာ မြူခိုးရစ်သိုင်းသလို ဝေဝါးလျက်။
ထို့နောက် ဟယ့်လန်ရှောင်းသည် ပါးစပ်ကိုအုပ်ကာ အာမေဋိတ်ပြုလေသည်။
“ရူယွဲ့လေး၊ ကြမ်းပြင်ပေါ်မှာ လက်ဖက်ရည်တွေမှောက်ကျကုန်ပြီ”