← Chapters

အပြစ်သားမိသားစု

Vol. 8 Ch. 77

အပြစ်သားမိသားစု

Vol. 8 Ch. 77

လီနန်ခယ့် မျက်လုံးများကိုဖွင့်လိုက်သည်။

သူ့မျက်စိရှေ့ ပေါ်လာသောမြင်ကွင်းမှာ မျက်လုံးကြီးကြီး မျက်တောင်ရှည်ရှည်ဖြင့် ဖြူဝင်းလုံးဝန်းသောမျက်နှာလေးဖြစ်ပြီး သူ့အား စားမတတ်ဝါးမတတ် အနီးကပ် စိုက်ကြည့်နေလေသည်။

တစ်ဖက်မိန်းကလေး၏နှာခေါင်းမှထွက်လာသော ထွက်သက်ငွေ့နွေးနွေးကိုပင် သူခံစားမိနိုင်သည်။

"ရှင့်နှယ် ကျွန်မလန့်လို့သေတော့မယ်"

လီနန်ခယ့်နိုးလာသည်ကိုမြင်သော် ယုန်မလေးမုန့်က သူမ၏တုံတုံအိအိရင်ဘတ်လေးကိုဖိကာ သက်ပြင်းရှည်ကြီးတစ်ချက်ချသည်။

"တစ်ခုခုဖြစ်သွားပြီထင်နေတာ။ ဒီလိုမှန်းသိရင် ရှင့်ကိုအရင်သေနတ်နဲ့ပစ်ပြီး သွားခိုင်းလိုက်ပါတယ်"

သူတို့အပြင် အခန်းထဲတွင်အတူရှိသော ကလေးမလေးချင်ချင်လည်းနိုးမလာသေး။ သို့သော် အိပ်မက်ဆိုးထံမှတော့ လွတ်မြောက်ပြီးခဲ့လေပြီ။

"အရာရှိလိန်ဘယ်မှာလဲ"

လီနန်ခယ့် ဖျတ်ခနဲမေးလိုက်မိသည်။

ယုန်မလေးမုန့်က နှုတ်ခမ်းမဲ့ကာ ထောင့်တစ်နေရာသို့မေးငေါ့ပြသည်။

"ကျွန်မနိုးလာတာနဲ့ သူ့ကိုအဲ့နားမှာမြင်တာပဲ။ ဘာဖြစ်ခဲ့သလဲတော့သေချာမသိဘူး။ ဒါပေမဲ့သူ့ကြည့်ရတာ အတော်လေးစိတ်အခြေအနေမကောင်းနေတဲ့ပုံပေါ်လို့၊ အတွင်းဒဏ်ရာတွေပိုဆိုးလာလို့များ မိုးနီအိပ်မက်ကမ္ဘာထဲဝင်မရတာလားမသိပါဘူး။"

လီနန်ခယ့် ထောင့်နားတွင်ကပ်ထိုင်နေသော အမျိုးသမီးဆီသို့ အကြည့်ရောက်သွားသည်။

အမျိုးသမီးသည် ခုံဝိုင်းအနိမ့်လေးပေါ် ငြိမ်ငြိမ်လေးထိုင်နေရင်း မျက်လုံးများကအောက်စိုက်ကျကာ အတွေးများထဲနစ်မျောနေဟန်ဖြင့် ကြမ်းပြင်ကိုသာ ဗလာသက်သက်ငေးမောကြည့်နေခဲ့သည်။

လီနန်ခယ့်ကိုလည်း သူမအနား‌ရောက်လာချိန်မှ သတိမူမိဟန်ပင်။

အနားရောက်လာသောသူကို မော့ကြည့်မိပြီးနောက် လီနန်ခယ့်ဖြစ်နေသည်ကိုမြင်တော့ အနည်းငယ်ဖြူဖျော့နေသောမျက်နှာထက် အပြုံးရေးရေးထင်ဟပ်လာခဲ့သည်။

"ရှင်အဆင်ပြေရဲ့လား"

လီနန်ခယ့်က သူမဘေးတွင်ဝင်ထိုင်လိုက်သည်။

"အဲ့စကားကို ကျွန်တော်ကမေးရမှာမဟုတ်ဘူးလား"

လိန်ရှင်းနန်က‌ ခေါင်းကိုခါယမ်းကာ မိမိကိုယ်ကိုအပြစ်တင်မိဟန်လေသံဖြင့်ဆိုသည်။

"ကျွန်မအဆင်ပြေပါတယ်။ ဒါပေမဲ့ ရှင့်ရှေ့မှ အသုံးမကျတဲ့လူတစ်ယောက်လိုပြုမူမိတာ စိတ်မကောင်းဘူး။ ရှင့်ကို ကာကွယ်မယ်လို့ကတိပေးထားခဲ့ပြီးမှ"

"ဒဏ်ရာတွေအရင်သက်သာဖို့ကိူသာ အာရုံထားပါ။ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးပါနဲ့"

လီနန်ခယ့်လည်း သူမမျက်နှာပျက်နေသည့်အကြောင်းရင်းမှာ အတွင်းဒဏ်ရာများကြောင့်ဟုမှတ်ယူလိုက်ပြီး မိုးနီအိပ်မက်ကမ္ဘာထဲကိုလည်း ထိုကြောင့်သာဝင်မလာနိုင်ခြင်းဖြစ်မည်ဟု ထင်မှတ်ထားဟန်ပေါ်၏။

လိန်ရှင်းနန်လည်း ရှင်းပြမနေချင်တော့။ တစ်ဖက်လူ၏ သူမအတွက်စိုးရိမ်သောကကိုမြင်‌လေတော့ နှလုံးသားမှာ နွေးထွေးညင်သာသွားရသည်ပင်။

"အိပ်မက်ဆိုးကိုလည်း ဖယ်ရှားပြီးခဲ့ပြီဆိုတော့ ပြန်ကြပါစို့"

"အိပ်မက်ဆိုးကို ရှင်းထုတ်နိုင်ခဲ့ပြီဆိုပေမဲ့ ဒီကလေးမ‌လေးနဲ့ပက်သက်တဲ့လျှို့ဝှက်ချက်ဖို့ ဖော်ထုတ်ဖို့ကျန်နေသေးတယ်"

လီနန်ခယ့်၏မျက်လုံးများထဲ စူးရှရှအလင်းရောင်တစ်ချက် လက်သွားခဲ့သည်။

"အဲ့ဒီည အဲ့ဒီတောင်ကြားမှာ ဒီမိန်းကလေးဘာကိုမြင်ခဲ့တာများလဲ။ နောက်ပြီး မတော်တဆလမ်းပျောက်လို့ အဲ့ဒီမြေကျင်းထဲပိတ်မိနေခဲ့တာလား၊ တမင်စွန့်ပစ်ခံခဲ့ရတာလား စဥ်းစားစရာပဲ"

"ဒီမိသားစုက ပုံမှန်ဟုတ်မနေဘူးလို့ ရှင်ထင်သလား" လိန်ရှင်းနန်က သူပြောချင်သည့်အဓိကအချက်ကို ဖမ်းမိလိုက်သည်။

လီနန်ခယ့်က ခေါင်းညိတ်ပြပြီး အခန်းပြင်ထွက်သွားခဲ့သည်။

ခြံဝင်းထဲတွင် သားသတ်သမားကျန်း၊ ဇနီးသည်ကျန်းနှင့် အဘွားအိုကျန်းတို့က စိုးရိမ်တကြီး စောင့်ဆိုင်းနေလျက်ရှိကြ၏။

လီနန်ခယ့်ထွက်လာသည်ကိုမြင်တော့ အဘွားကျန်းက အပြေးကပ်လာပြီးဆိုသည်။

"အရာရှိမင်း၊ ကျွန်မမြေးမလေးဘယ်လိုနေသေးလဲ။ အန္တရာယ်ကြုံစရာတော့ မရှိတော့လောက်ပါဘူးနော်"

"သူအခုအဆင်ပြေပါပြီရှင်"

လိန်ရှင်းနန်က အဘွားကြီးစိတ်အေးအောင် ဝင်ဖြေလိုက်သည်။

ထိုစကားကိုကြားမှ တစ်ချိန်လုံး လေထဲတန်းလန်းချိတ်ထားရသလို တလှပ်လှပ်ဖြစ်နေခဲ့သောနှလုံးသားများ တည်ငြိမ်သွားကြရတော့၏၏။

အဘွားကျန်းက ဝမ်းမြောက်ဝမ်းသာဖြင့် ‌ချွေးမဖြစ်သူကိုပါ သူမနှင့်အတူ ဒူးထောက်ချစေလျက် လိန်ရှင်းနန်ကိုတစ်ဖွဲ့လုံးကို ဦးခေါင်းမြေကြီးထိသည်အထိ ကျေးဇူးတင်အရိုအသေပြုလေသည်။

လိန်ရှင်းနန် သူတို့ကိုပြန်ထူပေးလိုက်ပြီး လေသံမှန်မှန်ဖြင့်သာဆိုသည်။

"ဒါ ကျွန်မတို့လုပ်ရမဲ့တာဝန်ပါပဲ၊ ဒီကလေးကို အနာဂတ်မှာ ပိုပြီးနီးနီးကပ်ကပ်စောင့်ကြည့်ဖို့တော့ မှာချင်ပါတယ်။ ကလေးတစ်ယောက်ကို ဘယ့်နှယ့်လုပ် တောကြီးမျက်မည်းထဲ ထားခဲ့ရက်နိုင်တာလဲ"

"ဟုတ်ပါတယ်ရှင် ဟုတ်ပါတယ် ကျွန်မတို့နမော်နမဲ့နိုင်မှုကြောင့် ဒီလိုတွေဖြစ်ရတာပါ"

အဘွားကြီးကျန်းက မျက်ရည်များကိုသုတ်ဖယ်ရင်း သားဖြစ်သူကို မာန်မဲဆူပူသည်။

"မင်း ချင်ချင့်ကို တောထဲအမဲလိုက်ဖို့ နောက်တစ်ခါထပ်ခေါ်သွားရဲခေါ်သွားကြည့်။ ငါ့မြေးမလေးတစ်ခုခုဖြစ်သွားလို့ကတော့ မင်းကိုဒီနေရာမှာတင်သတ်ပစ်လိုက်မယ် ကောင်စုတ်လေး"

သားသတ်သမားကျန်းက ခေါင်းကိုသာတွင်တွင်ညိတ်ကာ ဆူပူသမျှခေါင်းငုံ့ခံရင်း ဘာမှပြန်မပြောလာ။

ဇနီးဖြစ်သူက ခေါင်းငုံ့လျက်သားဖြင့် အတွေးလွန်တိတ်ဆိတ်နေဟန်ရှိ၏။

သုံးဦးသား အားရအောင်ကျေးဇူးတင်စကားဆိုပြီး အခန်းထဲသို့ဝင်ကြည့်မည်အပြုတွင် လီနန်ခယ့်ဆီမှ တားဆီးခံလိုက်ရသည်။

"နေပါဦး မေးစရာလေးတွေရှိနေသေးလို့"

အိမ်ရှင်မဖြစ်သူက လုပ်ပြုံးတစ်ခုဖြင့်ဆိုသည်။

"အရာရှိမင်း ဘာများမေးလိုပါသလဲ"

လီနန်ခယ့်က သားသတ်သမားကျန်းကို ဦးတည်မေးသည်။

"လွန်ခဲ့တဲ့ခြောက်ရက်က သမီးဖြစ်သူကိုပျောက်သွားတဲ့အခြေအနေတစ်ခုလုံး အစအဆုံးပြောပြပါ"

သားသတ်သမားကျန်း၏ ကြေးနီရောင်မျက်နှာကြီးမှာ ယူကျုံးမရဖြစ်မိလှဟန်ဖြင့် ခပ်ဖြည်းဖြည်းပြန်ပြောလာသည်။

"အဲ့ဒီနေ့က ကျွန်တော်သမီးလေးကို လုပ်နေကျအတိုင်းပဲ တောင်ပေါ်အမဲလိုက်ခေါ်သွားခဲ့ပါတယ်။ နေ့လည်ရောက်ခါနီးတော့ ကျွန်တော်တို့လည်း အိမ်ပြန်ဖို့ပြင်ပေမဲ့ အဲ့ဒီအချိန်မှာတင် သမင်ပေါက်လေးတစ်ကောင်ကို တွေ့လိုက်ရတယ်လေ"

"သမင်က ကျုပ်ထောင်ချောက်တစ်ခုနဲ့ငြိသွားခဲ့ပေမဲ့ ရုန်းရင်းကန်ရင်းလွတ်သွားခဲ့တာကြောင့် ချင်ချင့်ကို အဲ့ဒီနေရာမှာ ခဏလောက်စောင့်ပေးဖို့ပြောပြီး သမင်နောက်လိုက်ခဲ့တယ်။ ပြန်ရောက်လာတော့ ချင်ချင်ကမရှိတော့ဘူး"

"အရင်ကလည်း ချင်ချင့်ကို အမဲလိုက်ခေါ်သွားနေကျလား"

"ဟုတ်ပါတယ် သမီးလေးက ကျွန်တော်နဲ့အကျင့်တွေတော်တော်တူတော့ အပြင်ထွက်ရမယ်ဆို အလွန်တက်ကြွတယ်လေ။ အမဲလိုက်ရတာကိုလည်း စိတ်ဝင်စားတယ်။

သမီးဖြစ်သူအကြောင်းကိုပြောနေစဥ် သားသတ်သမားကြီး၏ မျက်နှာကြမ်းကြမ်းမှာ ချစ်ခင်တွယ်တာမှုဖြင့် နူးညံ့လာဟန်ရှိ၏၏။

"တစ်ခါတလေဆို ကျွန်တော်သူ့ကို အမဲလိုက်နည်းတွေပါ လက်ထပ်သင်ပေးတတ်သေးတယ်"

လီနန်ခယ့်က မျက်ခုံးပင့်လျက်ဆက်‌မေးသည်။

"ဒါဆို အရင်အခေါက်တွေတုန်းက ခင်ဗျားတောကောင်နောက်လိုက်တဲ့အခါ ချင်ချင်က နေရာမပျက်စောင့်နေတတ်တယ်ပေါ့"

သားသတ်သမားကျန်းက ခေါင်းညိတ်သည်။

"သမီးလေးက အလွန်စကားနားထောင်တယ်။ နောက်ပြီး ကျွန်တော်သူ့ကိုခေါ်သွားနေကျ‌ နေရာတဝိုက်ကလည်း သူနဲ့ရင်းနှီးပြီးသားလေ။ တောနက်တွေထဲဆို လမ်းပျောက်ဖို့လွယ်လွန်းလို့ သမီးကိုခေါ်မသွားရဲပါဘူး"

"ဖြစ်နိုင်တာကတော့ ချင်ချင် သူအရမ်းချစ်တဲ့ယုန်ရိုင်းလေးတစ်ကောင်လောက်‌ တွေ့လိုက်ရလို့ စူးစမ်းချင်စိတ်နဲ့ပြေးလိုက်သွားတာများလား ထင်မိပါတယ်။ နောက်တော့ မမျှော်လင့်ဘဲ နယ်ကျွံပြီးလမ်းပျောက်သွားတာ ဖြစ်ပါလိမ့်မယ်"

ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြီးနောက် သားသတ်သမားကျန်းက မနေနိုင်စွာ သူ့ပါးသူတစ်ချက်ပြန်ချသည်။

သူ့ကိုယ်သူလည်း အတော်လေးမကျေမချမ်းဖြစ်နေဟန်ပါပင်။

လီနန်ခယ့်က တစ်ခဏမျှတွေးတောနေပြီး ဆက်‌မေးသည်။

"ခင်ဗျားရော တောနက်တွေထဲထိ အမဲလိုက်ဖူးလား"

"လိုက်နေကျပါပဲ"

သားသတ်သမားကျန်းက မကွယ်မဝှက်ပြန်ဖြေလေသည်။

"ကျွန်တော်ကတော့ ဒီနေရာတဝိုက်က တောနက်တွေနဲ့အတော်ရင်းနှီးပါတယ်။ ကျွန်တော်အမဲလိုက်ရတဲ့အကြောင်းရင်းကလည်း ငယ်ငယ်က အဖေအမွေပေးသွားတဲ့ ပညာဖြစ်နေလို့ပါ။"

"အဲ့ဒီတုန်းက သူအမဲလိုက်တိုင်း ကျွန်တော့်ကိုအတူခေါ်သွားလေ့ရှိတယ်။ တစ်ခါတလေဆို အမေပါအတူလိုက်ပြီး ဟင်းသီးဟင်းရွက်ခူးတတ်ကြသေးတယ်။ ကျွန်တော်အခု အမဲလိုက်တာမှာလည်း ချင်ချင်မပါရင် တောနက်ထဲထိသွားနေကျပါပဲ။ ကျွန်တော့်ဇနီးလည်း တစ်ခါတလေအတူလိုက်တတ်တယ်။ ဒါပေမဲ့ သူက လမ်းသိပ်မမှတ်နိုင်တော့ လမ်းပျောက်လုနီးပါး ခဏခဏဖြစ်တတ်တယ်"

"လမ်းမမှတ်နိုင်တာလား"

လီနန်ခယ့်က အိမ်ရှင်မကျန်းကိုလှမ်းကြည့်ကာ အတွေးထဲနစ်ဝင်သွားသည်။

ထို့နောက် လိန်ရှင်းနန်ကို ဆက်လက်စစ်‌မေးခိုင်းထားပြီး သူကတော့ ခြံဝင်းထဲတွင် ဖြည်းဖြည်းနှေးနှေး လှည့်လည်စစ်‌ဆေးရင်း အခန်းတွေထဲလည်းဝင်ကြည့်သည်။

သူ့အလိုလိုသိစိတ်က အဖြစ်မှန်မှာ ဒီ့ထက်မကရှိနေသေးကြောင်း ပြောပြနေသည်ပင်။

ခြံဝင်းတွင်း အမဲလိုက်ရာတွင်အသုံးပြုသော လက်နက်ကိရိယာများ၊ တိရိစ္ဆာန်အရေများနှင့် ကျပ်တိုက်ထားသောအသားခြောက်များရှိသည်။ တခြားတော့ သစ်ပင်တစ်ပင်မှလွဲ၍ မည်သည့်ပန်းမန်ပျိုးပင်မှမတွေ့ရ။

လီနန်ခယ့် အိမ်ထဲပြန်ဝင်ကာ တစ်ခန်းချင်းစီ လိုက်လံစစ်ဆေးသည်။

အိပ်ခန်းကြီးတံခါးနှင့် မျက်နှာချင်းဆိုင်တွင် နတ်ဘုရားရုပ်တုတစ်ခုရှိနေပြီး တစ်ဖက်တစ်ချက်ရှိတိုင်များတွင် ထူးဆန်းသောအင်းကွက်များ ရေးဆွဲထားသည်ကို တွေ့လိုက်ရသည်။

အဘွားကျန်း၏အခန်းထဲသို့ ဝင်သည့်အခါတွင်လည်း အရွယ်အစားမျိုးစုံရှိသော နတ်ဘုရားရုပ်တုများစွာကို တွေ့ရပြန်သည်။

ဤအဘွားအိုမှာ ဘာသာရေးအလွန်ကိုင်းရှိုင်းဟန်ပင်။

ခေတ္တမျှ လှည့်ပတ်ကြည့်ရှုပြီးနောက် ဘေးခန်းတစ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ ထိုအခန်းထဲတွင် ဝါးခြင်းတောင်းထဲ လျှော်ဖွပ်သန့်စင်ဖို့စုထားသော ဖိနပ်ဟောင်းတချို့ကို သူအကြည့်ရောက်မိသွား၏။

လူကြီးဖိနပ် ကလေးဖိနပ်များ ဆိုဒ်စုံရောနှောနေသည်ပင်။

လွန်ခဲ့သောခြောက်ရက်က ချင်ချင့်ကို တောင်ပေါ်သွားရှာအပြီး အပြန်တွင် လဲလှယ်ထားသောဖိနပ်ဟောင်းများ ဖြစ်ပုံရမည်။

ဒီရက်တွေထဲ အလွန်အလုပ်ရှုပ်နေရသဖြင့် အခုထိမလျှော်ရသေးခြင်း ဖြစ်မည်။

လီနန်ခယ့် ဖိနပ်များကို တစ်ခုပြီးတစ်ခုကောက်ကိုင်ကာ စစ်ဆေးဖို့လုပ်သည်။ ထို့နောက် သူ့နှုတ်ခမ်းက ဖြည်းဖြည်းချင်းပြုံးလို့လာသည်၊

"သေချာပေါက် ပြဿနာရှိနေတာပဲ"

လီနန်ခယ့် သူတို့မိသားစုဆီပြန်ရောက်စဥ် လိန်ရှင်းနန်တစ်ယောက် အိမ်ရှင်မကျန်းကိုမေးခွန်းထုတ်နေသည်အား အချိန်မီကြားလိုက်ရ၏။

"ရှင့်ကလေးက နှစ်လအရွယ်မှာပဲ တိမ်းပါးသွားခဲ့တယ်ကြားပါတယ်"

အိမ်ရှင်မကျန်းက ဝမ်းနည်းစိတ်များလှိုက်တက်လာသော မျက်နှာမသာမယာဖြင့် အသာခေါင်းညိတ်သည်။

"ဟုတ်ပါတယ်"

"ဘာကြောင့်ဖြစ်ခဲ့တာလဲ"

"ကလေးက အအေးမိသွားတာ၊ သမားတော်ပြတော့ အဆုတ်အအေးမိတာလို့ပြောတာပဲ။ ဆေးသေချာကုပေမဲ့ ပိုသက်သာလာတဲ့ပုံလည်းမပေါ်ပါဘူးရှင်။ နောက်တော့..."

အိမ်ရှင်မက ပြောရင်း မျက်ရည်သုတ်သည်။

"အအေးမိတာလား"

လီနန်ခယ့် အံ့သြသွားကာ သံသယများလည်း ပိုလို့ပွားများလာသည်။

"အအေးမိလို့သေသွားတာ သေချာရဲ့လား။ အဲ့ဒီအချိန်တုန်းက အခြေအနေကိုပြောပြကြည့်"

အိမ်ရှင်မကျန်းက ရှိုက်သံများဖြင့်ဆို့နင့်နေရင်း ဆိုသည်။

"အဲ့ဒီနေ့က ကျွန်မယောက္ခမရော ခင်ပွန်းဖြစ်သူပါ အိမ်မှာမရှိကြဘူး။ ကျွန်လည်း ကလေးကိုတစ်ယောက်တည်းစောင့်ရှောက်နေရင်း အဖျား‌ပျောက်ဆေး တိုက်ပြီးချိန်လောက်ပဲ။ ကလေးက အိပ်ပျောက်သွားတော့ အနီးအနားက ဆေးဆိုင်လေးဆီပြေးပြီး ‌ဆေးထပ်ဝယ်ဖို့ထွက်သွားတာပါ။ အိမ်ကလူပြန်လာတဲ့အချိန်ကျ ဆေးဆိုင်ကပိတ်သွားမှာစိုးတာကြောင့်လေ"

"ကျွန်မ ဆေးထုပ်လေးနဲ့ပြန်ရောက်လာချိန်မှာ ကလေးကငြိမ်ငြိမ်လေးအိပ်နေတုန်းမလို့ ကျွန်မလည်းသိပ်အာရုံမစိုက်ဘဲ မီးဖိုထဲမှာချက်ပြုတ်နေခဲ့တာ။ ခဏလောက်အကြာ ကျွန်မသူ့ကိုတစ်ချက်သွားစစ်ကြည့်တော့ ကလေးက အသက်မရှူတော့ဘူး"

"ခင်ဗျားဆေးသွားဝယ်တော့ အိမ်မှာဘယ်သူကျန်ခဲ့လဲ"

"ချင်ချင်ပဲ ဘေးခန်းမှာအိပ်ရင်းကျန်ခဲ့တာပါ"

"ကလေးဆုံးတဲ့အချိန် ခန္ဓာကိုယ်အခြေအနေကို ခင်ဗျားမှတ်မိလား"

လီနန်ခယ့် ထိုမေးခွန်းကို လိုရမည်ရမေးလိုက်ခြင်းသာဖြစ်သည်။ သေဆုံးပြီးချိန်မှာလည်း အတော်ကြာပြီဖြစ်ရာ ဘယ်သူမှမမှတ်မိလောက်တော့ဟု သူတွက်ဆခဲ့ခြင်းပင်။

သို့သော် မျက်ရည်အပြည့်ဖြင့် မိခင်ဖြစ်သူကတော့ ဆို့နင့်စွာပြောကြားလာ၏။

"ကျွန်မ သေချာပေါက်မှတ်မိတာပေါ့ရှင်။ အခုထိကို ကျွန်မသားကလေးရဲ့ လူမသိသူမသိ ဆုံးပါးသွားတဲ့ပုံစံလေး အိပ်မက်တွေထဲပါပါလာတုန်းပါပဲ"

လီနန်ခယ့် မျက်လုံးများကျဥ်းမြောင်းသွားသည်။

"ကျွန်တော့်ကို အသေးစိတ်ပြန်ပြောပြပေး"

အိမ်ရှင်မက ခက်ခက်ခဲခဲပြန်စဥ်းစားကာ ပြောပြလာသည်။

"ကလေးကို ကျွန်မကောက်ပွေ့လိုက်ချိန်မှာ ခန္ဓာကိုယ်လေးကအေးစက်တောင့်တင်းနောပဲ။ ဝမ်းဗိုက်က ယောင်ပြီးဖောင်းနေတယ်။ မျက်နှာနဲ့ခန္ဓာကိုယ်က အနီရောင်တစ်မျိုးသန်းနေသလိုထင်ရပြီး နှာခေါင်းနဲ့ပါးစပ်ကနေ စေးကပ်နေတဲ့ သွေးစလေးတွေ အမြှုပ်တစီစီရောပြီး ထွက်နေသေးတယ်"

"ဒါတွေက ရေနစ်ပြီးသေဆုံးရတဲ့လက္ခဏာတွေပဲ။ အဆုတ်အအေးမိလို့ ဆုံးတဲ့ကလေးက ဒီလိုပုံဖြစ်ပါ့မလား။ သေဆုံးမှုကို အစိုးရအရာရှိတွေဆီ သတင်းမပို့ခဲ့ဘူးလား။ အလောင်းခွဲစိတ်စစ်ဆေးတာရော မလုပ်ခဲ့ဘူးလား"

အကြောင်းစုံကြားအပြီး လီနန်ခယ့်၏မျက်နှာအမူအရာမှာ ရေခဲအလားအေးစက်မာကြောကာ မိခင်ဖြစ်သူကို လေသံတင်းတင်းဖြင့်မေးခွန်းထုတ်လေသည်။

"ရေနစ်တာလား" တစ်မိသားစုလုံး ကြောင်အကုန်ကြလေသည်။

တုံ့ပြန်ပုံများအရ က‌လေးသေဆုံးမှုကို တရားဝင်စာရင်းသွင်းခဲ့ကြဟန်လည်းမပေါ်။

"အရာရှိမင်း၊ ကျုပ်သားလေးက ဘယ်လိုလုပ်ရေနစ်သေရမှာလဲ။ အဲ့ဒီခုတင်လေးပေါ်ပဲလှဲအိပ်နေရင်း သေသွားတာလေ။ ခုတင်ပေါ် ရေကဘယ်လိုလုပ်ရောက်မှာလဲ"

သားသတ်သမားကျန်းမှာ ဘာကိုမှနားမလည်နိုင်စွာ စိုးရိမ်ကြီးသောမျက်နှာကြီးဖြင့် ‌မေးရှာလေသည်။

အချိန်ဒီလောက်ကြာခဲ့သည်အထိ သားလေးအအေးမိကာ အသက်ဆုံးရသည်ဟုသာ ယုံကြည်လာခဲ့ပြီး ယခုတော့ ရေနစ်သေဆုံးခြင်းဖြစ်ပါသည်တဲ့။

သူဘယ်လိုမှ လက်မခံနိုင်ပါ။

လီနန်ခယ့်က အိမ်ရှင်မဖြစ်သူကိုမေးလိုက်သည်။

"ကျွန်တော်မေးတာဖြေ ကလေးရဲ့အလောင်းမှာ တခြားဘာဒဏ်ရာများ ထပ်တွေ့ခဲ့သေးလဲ"

"ခြေကျင်းဝတ်က ဒဏ်ရာသေးသေးလေးတစ်ခုကလွဲ ဘာမှမတွေ့ခဲ့ပါဘူးရှင်" မိခင်ဖြစ်သူကဆိုသည်။

အကြောင်းစုံကြားအပြီး လီနန်ခယ့် အဖြေတစ်ခုကိုတော့ အကဲဖြတ်ပြီးလေပြီ။

သူသည် မီးဖိုထဲသို့လျှောက်ဝင်ကာ တံခါးဝရှိ အိုဟောင်းနေသော ရေအိုးကြီးတစ်လုံးကို ပုတ်ပြရင်း အေးစက်စွာပြောလိုက်သည်။

"ကလေးကိုဇောက်ထိုးကိုင်ပြီး ရေထဲနှစ်သတ်ခဲ့တာပဲ။ ကြာချိန်ကိုတွက်ကြည့်ရရင် ဒါကလုံးဝ အပြင်လူရဲ့လက်ချက်မဟုတ်ဘူး။ တစ်နည်းပြောရရင်တော့.."

လီနန်ခယ့်၏အကြည့်က အဘွားကျန်းဆီသို့ ဆိုက်ရောက်သွားခဲ့သည်။

"ခင်ဗျားတို့မိသားစုဝင်တွေထဲက တစ်ယောက်ရဲ့လက်ချက်ပဲ"

All Chapters