နတ်ဘုရား၏လမ်းညွှန်မှု
Vol. 8 Ch. 78
နားမလည်နိုင်သောအမူအရာများဖြင့် သူတို့အားလုံး အံ့သြတကြီးငေးကြည့်နေမိခဲ့ကြသည်။ လုံးလုံးလျားလျားအဓိပ္ပာယ်မရှိသော အရူးစကားတစ်ခွန်းကိုကြားလိုက်ရသည့်အလား မယုံကြည်နိုင်ခြင်းများနှင့် စိတ်ရှုပ်ထွေးမှုတို့က သူတို့မျက်လုံးများတွင် အတိုင်းသားပြည့်နှက်လျက်။
အဘွားကြီးကျန်းမှာတော့ တုန်ယင်လျက် မျက်လုံးများက စိတ်လှုပ်ရှားစွာ ဟိုဟိုဒီဒီရွေ့လျားနေကြလေသည်။
"ကျွန်တော်တို့ ချင်ချင့်အကြောင်းကို အရင်ပြောကြတာပေါ့"
လီနန်ခယ့်က မွေးကင်းစကလေးငယ်ကို ရေနှစ်သတ်သည့်အကြောင်းအရာမှ တခြားဆီသို့စကားလွှဲလိုက်သည်။
ထို့နောက် အဘွားကြီးကျန်းဆီလျှောက်သွားကာ မေးလိုက်သည်။
"လွန်ခဲ့တဲ့ခြောက်ရက်က သားဖြစ်သူဟာ မြေးမလေးကိုခေါ်ပြီး တောင်ပေါ်ကတောအုပ်မှာ အမြဲလိုက်ထွက်သွားခဲ့တယ်နော်။ ချွေးမကတော့ အိမ်မှာပဲအိမ်အလုပ်လုပ်ရင်းကျန်ခဲ့တယ်။ အဘွားကရော ဘယ်ရောက်နေသလဲ"
"ယောက္ခမကြီးက လီချန်ဘုရားကျောင်းကို အမွှေးတိုင်ပူဇော်ဖို့သွားပါတယ်" အိမ်ရှင်မကျန်းက ဆိုသည်။
"ကျွန်တော်ခင်ဗျားကိုမေးသလား"
လီနန်ခယ့်၏ စူးရှအေးခဲသောမျက်လုံးများက အိမ်ရှင်မကျန်းကို စိုက်ကြည့်လာချိန်တွင် နဂိုကတည်းက မျက်နှာများဖြူဖျော့ကျန်ရစ်သော အိမ်ရှင်မမှာ ကြောက်ကြောက်နှင့် ခေါင်းကိုငုံ့လျှိုးလိုက်မိသည်။
အဘွားကြီးကျန်း၏ အရေတွန့်နေသောမျက်နှာကြီးက ခါးသက်ညှိုးနွမ်းလာခဲ့သည်။
"အရာရှိမင်းရယ်၊ အဲ့ဒီနေ့တုန်းက ဒီအဘွားကြီး လီချန်ဘုရားကျောင်းကို အမွှေးတိုင်ပူဇော်ဖို့သွားခဲ့တာအမှန်ပါပဲ။ ပြန်လာတဲ့အခါမှာတော့ မြေးမလေးပျောက်နေတဲ့သတင်းကို အိမ်နီးချင်းတွေဆီကနေတစ်ဆင့် မမျှော်လင့်ဘဲကြားခဲ့ရပါတယ်။ ဒီအဘွားကြီးမှာ မူးမေ့လဲမတတ်ထိတ်လန့်သွားခဲ့ရတာပါ။ နောက်တော့ တောင်ပေါ်အမြန်လိုက်တက်ပြီး မြေးမလေးကို အပူတပြင်းရှာဖွေခဲ့ကြတယ်။ ကံကောင်းချင်တော့—"
"ဘုရားကျောင်းသွားခဲ့တဲ့အချိန်ကို ပြန်ပြောပြပါ" လီနန်ခယ့်က အဘွားကြီးကျန်းစကားကို ဖြတ်ပြောလိုက်သည်။
အဘွားကြီးကျန်းက အခိုက်အတန့်မျှတွန့်ဆုတ်နေပြီးမှ ဆိုသည်။
"ကျွန်မ ညနေ၃နာရီလောက်ကထွက်သွားပြီး ၆နာရီနီးပါးမှပြန်ရောက်လာတာပါ"
အဘွားကြီးကျန်းက ကွယ်ဝှက်ဖို့မရဲစွာ အချိန်အတိအကျပြောပြလာသည်။ ချွေးမဖြစ်သူလည်း အနားတွင်ရှိနေသောကြောင့် လိမ်ဖို့ကအခွင့်မသာ။
"ကြာချိန် နှစ်နာရီခွဲလောက်ပေါ့"
လီနန်ခယ့်က အချိန်ကိုတွက်ချက်လိုက်သည်။
"အိမ်ကနေလီချန်ဘုရားကျောင်းကို အသွားအပြန်ကြာချိန်က နာရီဝက်တောင်မရှိပါဘူး။ အဲ့ဒီအချိန်အတွင်းမှာဆို ဘုရားဖူးဧည့်သည်လည်းနည်းတဲ့အချိန်ပဲ၊ အကြာကြီးစောင့်ရမဲ့ပုံမပေါ်ပါဘူး။ အမွှေးတိုင်ပူဇော်တဲ့နေရာမှာ တစ်နာရီတောင်ကြာခဲ့တယ်ထားဦး၊ ကျန်တဲ့အချိန်မှာ အဘွားဘာလုပ်နေခဲ့လဲ"
"အဲ့ဒါက..."
အဘွားကြီးကျန်းမှာ တစ်ခဏမျှ အဖြေစဥ်းစားမရဖြစ်သွားဟန်ပင်။
"ဒါလေးဖြေဖို့ကို စဥ်းစားနေသေးသလား။ တစ်နှစ်မှာအိမ်သာဘယ်နှခါသွားသလဲဆိုတဲ့ မေးခွန်းမျိုးလည်းမဟုတ်တာကိုလေ"
လီနန်ခယ့် အဘွားကြီးကို တဖြည်းဖြည်းဖိအားပေးရင်း စစ်မေးခြင်းဆီသို့ကူးပြောင်းလာသည်။
ထို့နောက် တမင်တကာ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ နီးကပ်လာသောအရာရှိမင်းနှင့် လေးလံလာသောဖိအားကြောင့် အဘွားကြီးကျန်းမှာ အသက်ရှူကျပ်ချင်သလိုပင်ဖြစ်လာရ၏။
တစ်ဖက်လူက သူမကို တွေးတောကြံစည်ဖို့အချိန်ပင်မပေးခဲ့ပါချေ။
"ဪ ဟုတ်သားပဲ"
လီနန်ခယ့်က တစ်ခုခုကိုအမှတ်ရသွားသလို ပြောလာသည်။
"ကျွန်တော့်ဇနီးလည်း အဲ့ဒီနေ့က လီချန်ဘုရားကျောင်းကိုသွားခဲ့သေးတယ်။ အဲ့ဒီမှာ ဆရာတော်ဟန်မင် တရားဟောခန်းမကြီးထဲမှာ တရားဒေသနာရွတ်ဖတ်ပြီး ဆုံးမသြဝါဒပြောကြားခဲ့သေးတယ်ကြားတယ်။ တရားနာပရိတ်သတ်တွေလည်း များလှဆိုပဲ။ အဘွားအဲ့ဒီကိုမရောက်ခဲ့ဘူးပေါ့နော်"
အဘွားကြီးကျန်းက အခုမှမှတ်မိသလို ပေါင်ကိုဖြန်းခနဲရိုက်ချပြီး ခေါင်းညိတ်လာသည်။
"ဟုတ်ပါ့တော်၊ ဒီအဘွားကြီးလည်း အကြာကြီးကိုသွားနားထောင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ သိပ်တော့နားမလည်ခဲ့ပါဘူးကွယ်"
"ခင်ဗျားကတကယ် ငရဲကိုဆင်းရမဲ့ လူလိမ်အဘွားကြီးပဲ"
လီနန်ခယ့်ဆီမှ ရုတ်တရတ်ဆန်ဆန် ဆဲဆိုသံများထွက်ပေါ်လာသည်။
"အဲ့ဒီနေ့က ကျွန်တော့်ဇနီး ဘုရားကျောင်းကိုမသွားခဲ့ပါဘူး။ ကျွန်တော်လုပ်ကြံပြောခဲ့လိုက်တာ"
အဘွားကြီးကျန်း၏အပြုံးက တောင့်ခဲသွားခဲ့သည်။ လက်တစ်ဖက်က မထိန်းနိုင်စွာ တဆတ်ဆတ်တုန်ယင်လျက် နေရာတွင် အကြောင်သားရပ်နေမိလေသည်။
ပြိုင်ဘက်က အလွန်လယ်ဗယ်နိမ့်နေသည်။ လီနန်ခယ့်မှာ စိန်ခေါ်ဖို့ပင် အခွင့်မသာခဲ့လိုက်။
ဆက်ပြောသောစကားသံမှာပင် စတင်ပျင်းရိငြီးငွေ့လာဟန်။
လီနန်ခယ့် လေသံမှန်ဖြင့်သာ မေးလိုက်သည်။
"ချင်ချင်က ရှစ်နှစ်အရွယ်ပဲရှိသေးတယ်ဆိုပေမဲ့ အဖေနဲ့အမဲလိုက်ရာမှာ လိုက်နေကျ၊ တောနက်ထဲကလှည့်စားမှုတွေကို ကျွမ်းဝင်ပြီးသားမိန်းကလေးပဲ။ သွားနေကျနေရာမှာ သူ့ဘာသာလမ်းပျောက်သွားဖို့ဆိုတာ ဖြစ်နိုင်ချေအလွန်နည်းတယ်"
"တစ်ခုတည်းသောဖြစ်နိုင်ချေက သားသတ်သမားကျန်း သားကောင်လိုက်နေတဲ့အချိန်မှာ တစ်ယောက်ယောက်က ချင်ချင့်ကို မရင်းနှီးတဲ့ပတ်ဝန်းကျင်ဆီ တမင်တကာဖျားယောင်းခေါ်ဆောင်သွားတာပဲ"
"ဒီလူကသေချာပေါက် အပြင်လူတော့မဖြစ်နိုင်ဘူး။ ချင်ချင်က ခေါ်ရာလူနောက်လိုက်ရအောင်မတုံးဘူး"
"ဒီတော့ ချင်ချင့်ကိုခေါ်သွားတဲ့လူက ချင်ချင် ချွင်းချက်မရှိ ကျွမ်းဝင်ယုံကြည်တဲ့ အတွင်းလူဖြစ်မှာပဲ"
"ဒီတော့ ခန့်မှန်းစရာနှစ်ယောက်ပဲရှိတယ်။ အဘွားကြီးကျန်းနဲ့ အိမ်ရှင်မကျန်း"
လီနန်ခယ့်က အဝတ်လျှော်ခြင်းထဲမှကောက်လာသော ဖိနပ်နှစ်ရံကို သားသတ်သမားကျန်းရှေ့ချပေးလိုက်ကာ အေးစက်စက်အသံဖြင့်ဆိုသည်၊
"ဒီဖိနပ်နှစ်ရံက တစ်ရံကချင်ချင့်ဟာ တစ်ရံက အဘွားကြီးကျန်းဟာ"
"ဒီဖိနပ်နှစ်ရံပေါ်မှာ တူညီတဲ့တိရိစ္ဆာန်အညစ်အကြေးတွေနဲ့ ပန်းဝတ်မှုန်တွေကပ်ငြိနေတယ်။ သားသတ်သမားကျန်း၊ ခင်ဗျားမိန်းမက လမ်းတွေသိပ်မမှတ်မိလို့ မကြာခဏလမ်းပျောက်တတ်တယ်လို့ ပြောဖူးတယ်မလား"
"ဒါပေမဲ့ အဘွားကြီးကျန်းကတော့ ငယ်စဥ်က ခင်ဗျားအဖေနောက်ကို ဟင်းရွက်ခူးဖို့ ခင်ဗျားနဲ့အတူလိုက်လေ့ရှိခဲ့တာကြောင့် တောနက်ထဲကလမ်းကြောင်းတွေနဲ့ အကျွမ်းတဝင်ရှိနေမှာပဲ။ ဒီအချက်ကိုကြည့်ရရင် အခင်းဖြစ်တဲ့အဲ့ဒီနေ့မှာ အဘွားကျန်းက ချင်ချင့်ကို တောနက်တစ်နေရာမှာ တမင်တကာစွန့်ပစ်ခဲ့တယ်လို့ ကောက်ချက်ချလို့ရနိုင်တယ်"
"ဒါကြောင့်ပဲ ချင်ချင်က အကြောက်လွန်ပြီးစကားမပြောနိုင်ခဲ့တာ ဟုတ်သလို ပြောမပြချင်ခဲ့တာလည်းပါလိမ့်မယ်။ ရှစ်နှစ်အရွယ်မြေးမလေးရဲ့အမြင်မှာ အခင်တွယ်ရဆုံးဘွားအေက နတ်ဆိုးမျက်နှာကိုထုတ်ပြလိုက်တဲ့အဖြစ်ပဲမလား။"
ခြံဝင်းတစ်ခုလုံး အပ်ကျသံမျှပင်မကြားရအောင် တိတ်ဆိတ်သွားခဲ့သည်။
သူတို့အားလုံး အဘွားကြီးကျန်းကို ထိတ်လန့်တကြားပြူးကြည့်နေမိကြသည်။ ကြင်နာသနားတတ်ဟန်ရှိသော သက်ကြီးရွယ်အိုအဘွားကြီးက လူလားမမြောက်သေးသောမြေးမငယ်ကို တောကြီးမျက်မည်းထဲ စွန့်ပစ်ထားခဲ့ပါသည့် မတွေးရက်စရာဖြစ်အင်။
"အမေ၊ ခင်ဗျား...ခင်ဗျား..."
သားသတ်သမားကျန်းမှာ သူ့နားသူပင်မယုံနိုင်၊ စကားများက အထစ်ထစ်အငေါ့ငေါ့ထွက်လာသည်။
"အမေ..ချင်ချင့်ကို တမင်တကာပစ်ထားခဲ့တာပေါ့လေ"
အဘွားကြီးကျန်း၏ ဆိတ်ဆိတ်နေနိုင်မှုကြောင့် သားသတ်သမားကျန်း ပိုလို့ဒေါသထွက်လာပြီး နီရဲနေသောမျက်လုံးများဖြင့်မေးသည်။
"ဘာလို့လဲ အမေရဲ့၊ ချင်ချင်က အမေ့မြေးအရင်းခေါက်ခေါက်ပါ။ ဘာလို့ဒီလိုလုပ်ရက်ရတာလဲ"
နောက်ဆုံးတော့ အဘွားကြီးကျန်းလည်း သူမ၏ယုန်သူငယ်အရေကို ဆွဲဖြဲလှစ်ဟခဲ့လိုက်တော့သည်။
သူမက ခြေကိုပြင်းပြင်းဆောင့်ချကာ ပြန်ပက်သည်။
"သားရယ်၊ ဒီကောင်မလေးက ကျန်းမိသားစုမျိုးဆက်ပြတ်စေမဲ့ကျိန်စာနဲ့ မွေးလာတာ။ နင့်မှာ မိသားစုမျိုးရိုးကိုဆက်ခံဖို့ သားတစ်ယောက်တောင်ထွက်မလာသေးတာ ဒီကောင်မလေးကြောင့်ပဲလေ"
သားသတ်သမားကျန်းမှာ နားထောင်ရင်း ဒေါသများဟုန်းဟုန်းတောက်လာပုံပင်။
"အမေရာ အဲ့ဒီစောက်ဓိပ္ပာယ်မရှိတဲ့ နတ်ဘုရားတွေနတ်ဆရာတွေကို အယုံအကြည်ရှိနေတုန်းပဲလား"
အဘွားကြီးက ခေါင်းမာမာနှင့်ပင် ပြန်ခံပြောလာသည်။
"အမေလည်းအစကမယုံချင်ခဲ့ပါဘူး။ ဒါပေမဲ့ အဖြစ်မှန်က ငါတို့မျက်စိရှေ့မှာတင်ဖြစ်သွားပြီးပြီလေ။ အဲ့ကောင်မလေးမွေးလာပြီး နင့်ရှေ့မှာသားနှစ်ယောက်တောင်သေသွားခဲ့ပြီးပြီ။ နောက်တစ်ယောက်ထပ်မွေးဖို့လည်း ရှိလာမှာမဟုတ်တော့ဘူး။ ဒီကောင်မလေးက ကျန်းမိသားစုမျိုးဆက်မပွားအောင် ကျိန်စာတိုက်နေလို့လေ"
"ဒီရက်တွေထဲ ငါအိပ်မက်တစ်ခုမက်ခဲ့သေးတယ်။ ငါ့အိပ်မက်ထဲ ဝတ်ဖြူစင်ကြယ်သူတော်စင်ကြီးတစ်ပါးက ဒီမိန်းကလေး ကျန်းမိသားစုထဲမှာမရှိတော့တာနဲ့ တပြိုင်နက် နင့်မိန်းမလည်း ဝဝကစ်ကစ် သားယောက်ျားလေးတစ်ယောက် မွေးလာမှာ၊ ဆုံးသွားတဲ့နင့်အဖေလည်း အဲ့ဒီအခါမှ အေးအေးချမ်းချမ်းအနားယူနိုင်မှာလို့ ဆိုသဟဲ့"
"အဘွားရူးနေတာလား"
လိန်ရှင်းနန်က စိတ်မထိန်းနိုင်စွာ ဆဲရေးလာသည်။
"အခြေအမြစ်မရှိတဲ့ ထင်ယောင်ထင်မှားအိပ်မက်တွေကြောင့်နဲ့ ကိုယ့်မြေးကိုယ်ထိခိုက်အောင် လုပ်နိုင်ရသလား"
အဘွားကြီးကျန်း၏မျက်နှာမှာ တွန့်လိမ်ရှုံ့တွလျက် စိတ်ပုံမှန်မရှိတော့ဟန်ရသည်။
"နင်ကဘာသိလို့လဲ။ ငါတို့ကျန်းမျိုးရိုးက ဒီသားလက်ထက်မှာတင်ရပ်တန့်သွားခဲ့ရင် ဒီအဘွားကြီး ဘယ်လိုစိတ်နဲ့ဖြောင့်ဖြောင့်သေပြီး စောင့်မျှော်နေတဲ့ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရတော့မလဲ။ ငါက ကျန်းမိသားစုအကျိုးအတွက်တင်မဟုတ်ဘူး ငါ့သားကောင်းဖို့အတွက်ပါ အနစ်နာခံပေးနေတာဟဲ့"
လိန်ရှင်းနန် ဆက်ထိန်းမထားနိုင်တော့ဘဲ အော်ချလိုက်သည်။
"ဒီအဘွားကြီးကိုဖမ်းချုပ်ပြီး ရုံးတော်အကျဥ်းထောင်ဆီပို့လိုက်"
ညကင်းလှည့်တပ်ဖွဲ့မှ တပ်သားနှစ်ဦးက ရှေ့တက်လာကာ အဘွားကြီး၏လက်မောင်းများကို ချုပ်ထားလိုက်ကြသည်။
"သားရေ၊ အဲ့ကောင်မလေးချင်ချင်ကို ဒီမိသားစုထဲက မောင်းထုတ်ပေးပါကွယ်"
အဘွားကြီးကျန်းက ကူကယ်ရာမဲ့စွာရုန်းကန်ရင်း သားသတ်သမားကျန်းကိုလည်း လက်မလျှော့စွာ ဆက်လက်သိမ်းသွင်းသည်။
"သူတော်စင်ကြီးများက အဲ့လိုပဲလမ်းပြထားခဲ့တာ၊ သူတော်စင်ဆိုတာ လိမ်ရိုးမရှိဘူးကွဲ့။ သားရယ် အမေလည်းလေ ကိုယ့်မြေးမလေးကိုယ်ဒီလိုမလုပ်ချင်ပါဘူး။ ဒါပေမဲ့ တခြားရွေးချယ်စရာမရှိတာ သိရဲ့မဟုတ်လား"
ပြောရင်းဆိုရင်း အိမ်ဘက်သို့လှည့်ကာ ထပ်အော်ပြန်သည်။
"ချင်ချင်ရေ၊ ဘွားဘွားလည်းညည်းကို အန္တရာယ်မပေးချင်ဘူးလို့၊ မဟုတ်ရင် ဒီလိုလုပ်ဖို့ ဒီအချိန်ထိစောင့်နေခဲ့မလားအေ။ ဒါပေမဲ့ ညည်းဒီအိမ်ကထွက်သွားမှရမယ်။ ညည်းမရှိမှ ညည်းအဖေသားလေးတစ်ယောက် ရှင်အောင်မွေးနိုင်မှာ၊ ကျန်းမိသားစုလည်း မျိုးရိုးကိုဆက်လက်ထိန်းသိမ်းနိုင်မှာ၊ ချင်ချင်ရေ.... အဘွားပြောတာကြားရဲ့လား"
လီနန်ခယ့် စိတ်ပျက်လက်ပျက် ခေါင်းသာယမ်းရင်း မေးလိုက်သည်။
"အဲ့ဒီကလေးကိုသတ်ခဲ့တာလည်း အဘွားပဲမဟုတ်လား"