ကျိုးပဲ့နေသောနှလုံးသား
Vol. 8 Ch. 79
"ငါက ငါ့မြေးလေးကို ကုသပေးခဲ့တာဟဲ့"
အဘွားကျန်းက လူသတ်မှုကို စတင်ငြင်းဆန်လာသည်။
"ဒီကလေးကို ငါသာမကူညီခဲ့ရင် စောစောစီးစီးသေသွားမှာ၊ သူဖျားတဲ့နေ့က ငါတာအိုနတ်ဘုရားဆီ ဆုတောင်းခဲ့တော့ နတ်ဘုရားကပြောတယ်၊ ငါ့သားကသားသတ်သမား သက်ရှိများစွာရဲ့သွေးတွေက သူ့လက်မှာပေကျံနေခဲ့လို့ ငါ့မြေးလေးမှာလည်း မကောင်းဆိုးဝါးနတ်တွေပူးကပ်ပြီး ဆိုးဆိုးရွားရွား ဖျားနာနေရရှာတာ"
"ဒါကြောင့် မြေးလေးကို ရေထဲနှစ်ပြီး သန့်စင်ခြင်းမင်္ဂလာပြုဖို့လိုအပ်နေပြီလို့ လမ်းပြခဲ့တာ။ အဲ့လိုသန့်စင်မှ မကောင်းတဲ့အငွေ့အသက်တွေသန့်စင်ပြီး မြေးလေးကိုကယ်လို့ရမယ်တဲ့လေ"
"ဟိုးအရင်တချိန် ငါ့သားလေးဖျားနာတုန်းကလည်း အဲ့ဒီနည်းလမ်းကိုသုံးပြီးကယ်ခဲ့တာ ဒီနေ့ထိအသက်ရှင်နေတာမျက်မြင်ပဲ။ မြေးလေးအသက်ဆက်မရှင်နိုင်တော့တဲ့အကြောင်းကတော့ ဟိုကောင်မလေးကြောင့်၊ အဲ့ကောင်မလေးရဲ့ မျိုးဆက်ကျိန်စာကြောင့် အသက်ဆုံးရတာ။ ငါ့သားရေ၊ အမေ့တာဝန်ကိုမင်းဆက်လုပ်မှဖြစ်မယ်နော်..."
"ဒီမိန်းမကြီးကို မြန်မြန်ဆွဲထုတ်သွားလိုက်ကြတော့"
လိန်ရှင်းနန်၏မျက်လုံးများက ဒေါသဖြင့်တောက်လောင်နေခဲ့သည်။
မပြီးပြတ်နိုင်သော ငိုယိုအော်ဟစ်သံဖြင့် အဘွားကြီးကျန်း ခြံပြင်သို့ဆွဲထုတ်သွားခံလိုက်ရသည်။
သားသတ်သမားကျန်းမှာ မိခင်ဖြစ်သူနောက်ပြေးလိုက်ချင်သော်လည်း ဘာဆက်လုပ်လို့လုပ်ရမှန်း မသိစွာပင် နေရာတွင်သာ ကြောင်တောင်တောင်ရပ်ကျန်နေခဲ့လေသည်။
ထို့နောက် တံခါးဘေးရှိခုံမြင့်ဝိုင်းလေးပေါ် သူပုံကျသွားခဲ့သည်။ ထို့နောက် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာရင်း သူ့နဖူးသူ လက်သီးဖြင့်မနားတမ်းထိုးသည်။
တစ်ဖက်ကရင်သွေး၊ တစ်ဖက်က မွေးသမိခင်၊ သူ့ရင်ထဲ နင့်နေအောင်နာသည်။
"အစ်မလိန်"
ထိုအချိန်တွင် ယုန်မလေးမုန့်က အော်ခေါ်လာသည်။
ချင်ချင်တစ်ယောက် အိပ်ရာနိုးလာပြီဖြစ်သည်။ သူမဘေးမှ ခန်းလုံးပြည့်လူများကိုမြင်တော့ ကောင်မလေးမှာ ကြောက်ကြောက်နှင့်လုံးခွေကာ တစ်ကိုယ်လုံးတင်းတောင့်သွားခဲ့၏။
"မကြောက်ပါနဲ့ ညီမလေးရယ်"
ယုန်မလေးမုန့်က အရှေ့တိုးပြီး မိန်းကလေးကိုအသာဖက်ထားလိုက်ကာ နှစ်သိမ့်သည်။
သူမ၏အိပ်မက်ထဲမှ ကြင်နာနူးညံ့သော အစ်မလှလှကိုတော့ မှတ်မိလေသောကြောင့်လား၊ ယုန်မလေး၏ အိစက်နူးညံ့သော ရင်ခွင်နွေးနွေးကြောင့်လားမသိ၊ ကောင်မလေးမှာ စိတ်လှုပ်ရှားနေဟန်မှ တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာပြီး ရုန်းကန်ခြင်းမပြုတော့။
"သူအဲ့ညက ဘာတွေမြင်ခဲ့ရသလဲ မေးပေးလို့ရမလား"
လီနန်ခယ့်ကဆိုသည်။
အိပ်မက်ကို ခွဲခြမ်းစိပ်ဖြာကြည့်လိုက်ရလျှင် ချင်ချင်သည် ထိုမြေကျင်းထောင်ချောက်ထဲ စွန့်ပစ်ခြင်းခံခဲ့ရကာ တစ်ညလုံးလမ်းပျောက်နေခဲ့ရဟန်ပင်။ ထိုကျင်းထဲမှာပင် သူမကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမည့် တစ်စုံတစ်ခုအား မြင်တွေ့ခဲ့ရဟန်ရှိ၏။
နောက်တစ်နေ့မနက် အရုဏ်တက်ချိန်အလွန်တွင်တော့ သူမသတ္တိမွေးကာ မြေကျင်းထဲမှတွယ်တက်လာခဲ့ပြီး မြို့မှလာသော အမဲသမားကြီးတစ်ယောက်နှင့်တိုးကာ ထိုလူကြီးက သူမကိုအိမ်ပြန်ပို့ပေးခဲ့သည်။
တစ်ခုတည်းသော ဖြေရှင်းစရာမှာ သူမမည်သည့်အရာကို တွေ့မြင်ခဲ့ရလေသနည်း။
"ယုန်မလေးကို မေးခိုင်းလိုက်ပါ"
လိန်ရှင်းနန်က အကြံပြုသည်။
ယုန်မလေးမုန့်၏ ချစ်စရာလုံးလုံးအိအိသွင်ပြင်နှင့် တက်ကြွသက်ဝင်သော ကိုယ်ကျင့်စရိုက်မှာ ကလေးတွေကိုချော့မော့မေးမြန်းဖို့အတွက် အားသာချက်တစ်ခုပင်။
လီနန်ခယ့်ခေါင်းညိတ်လိုက်ပြီး ယုန်မလေးမုန့်နှင့်ချင်ချင်ကိုသာ အခန်းထဲချန်ထားကာ လူတိုင်းနှင့်အတူ ထွက်ရှောင်ပေးခဲ့လိုက်သည်။
မျက်ရည်တသွင်သွင်ကျင်းနေသော အိမ်ရှင်မကျန်းကိုကြည့်ကာ လီနန်ခယ့်မေးလိုက်သည်။
"တကယ်တော့ ချင်ချင်ပျောက်ရတဲ့တရားခံက အဘွားကျန်းပဲဖြစ်လိမ့်မယ်ဆိုတာ ခင်ဗျားခန့်မှန်းခဲ့ပြီးသားမဟုတ်လား။ ဒါပေမဲ့ ခင်ဗျားယောက်ျားကိုမပြောခဲ့ဘူးနော်။ ခင်ဗျားလည်း အဘွားကြီးကျန်းရဲ့ တတွတ်တွတ်ပြောစကားတွေကြား နားယောင်ပြီး ဒီအိမ်ကသားယောက်ျားလေးတွေဆုံးရတာ ချင်ချင့်ကျိန်စာကြောင့်လို့ နားဝင်သွားခဲ့တာလား"
အိမ်ရှင်မကျန်းက ဝမ်းနည်းမှုနှင့် အရှက်တရားတို့ ရောထွေးကာ တိတ်ဆိတ်လျက်သာရှိ၏။
ထိုစကားကိုကြားလိုက်သော သားသတ်သမားကျန်းက အမြန်ရောက်လာကာ ဇနီးဖြစ်သူကို ခပ်ပြင်းပြင်းတစ်ချက်ရိုက်ချလိုက်သည်။ ထို့နောက်တွင် သူမကိုပြန်လည်ပွေ့ဖက်ကာ ကြူကြူပါအောင်ငိုပြန်လေသည်။
ခြံဝင်းထဲမှလူများလည်း ဝေခွဲမရသောအမူအရာများဖြင့်သာ လင်မယားနှစ်ယောက်ကို ငေးကြည့်နေခဲ့ကြရ၏။
လီနန်ခယ့်က သက်ပြင်းချသည်၊
"အစွဲအလမ်းကြီးလွန်းတော့ လူတွေအသက်ပေးရတယ်"
သူ့အတွက်တော့ ပြောပလောက်အောင်ခက်ခဲသည့်မှုခင်းမျိုးမဟုတ်။ လင်အိမ်တော်အမှုနှင့်ယှဥ်လျှင် ကလေးကစားစရာသာသာလောက် ရှိမည်။ သို့သော် သူတို့အားလုံး ထိုစဥ်ကထက်ပို၍ ကြက်သီးဖြန်းဖြန်းထမိကြလေသည်။
လင်ကျောက်ယွဲ့၏စိတ်ရင်းမှာ သူမတက်လမ်းကိုပိတ်ဆို့နိုင်မည့်လူမှန်သမျှ ရှင်းလင်းသတ်ဖြတ်ဖို့သာ။
သို့သော် အဘွားကြီးကျန်းကတော့ အယုံအကြည်လွဲမှားမှုကြောင့် မြေးဖြစ်သူနှင့် မိသားစုမျိုးရိုးကိုကယ်တင်ဖို့ နှလုံးသားတစ်ခုလုံးအရင်းခံကာ ကြိုးစားခဲ့ရခြင်းဖြစ်၏။
မိသားစုကိုကယ်တင်ချင်သော်လည်း စိတ်နှလုံးကြေကွဲစွာဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
"အပြင်မှာ လေကောင်းလေသန့်လေးဘာလေး သွားရှူမလား"
လီနန်ခယ့်၏ မှိုင်းညှို့လာသောစိတ်အစဥ်ကို အကဲခတ်မိဟန်ဖြင့် လိန်ရှင်းနန်က ခြံတံခါးဝကိုမေးငေါ့ကာ ဆိုလာသည်။
လီနန်ခယ့်ခေါင်းညိတ်ပြီး သူမနှင့်အတူ ခြံပြင်သို့အတူထွက်သွားလိုက်ကြသည်။
ကြည်လင်သောလရောင်က ခြံပြင်ရှိလမ်းကြားလေးပေါ် သွန်းဖြိုးကျရောက်ကာ ပတ်ဝန်းကျင်မှာ ငွေရောင်နှင်းစက်များကြား ငြိမ်သက်အေးဆေးလျက်ရှိ၏။
မျက်နှာကိုထိတိုက်သွားသော ညလေညင်းအေးအေးကိုခံစားရင်း လီနန်ခယ့်၏စိတ်နှလုံးလည်း တည်ငြိမ်စပြုလာသည်။
"ရှင်ပင်ပန်းနေလား"
လိန်ရှင်းနန်က အဝတ်အစားများပေကျံသွားမည်ကိုပင် ဂရုမစိုက်ဟန်ဖြင့် တံခါးတိုင်ကိုမှီရပ်ရင်း လက်ပိုက်လျက်သား ခပ်တိုးတိုးမေးလာသည်။
"မပင်ပန်းပါဘူး"
လီနန်ခယ့် ခေါင်းခါလိုက်သည်။
လိန်ရှင်းနန်က ညင်သာစွာစကားဆက်၏။
"ညကင်းလှည့်တပ်ဖွဲ့ကို ဝင်ရောက်ရပြီဆိုမှတော့ ရှင့်အနေနဲ့ မေ့ဖို့ခက်တဲ့အတွေ့အကြုံတွေ ဆိုးကောင်းမဆို အများကြီးအများကြီးကြုံရဦးမှာ။ လူသားတွေရဲ့ ခန့်မှန်းမရတဲ့သဘာဝအမျိုးမျိုးကိုလည်း မျက်မြင်တွေ့ရဦးမှာ။ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့တဲ့အချိန်တွေလည်း မရေမတွက်နိုင်အောင် ရှိလာဦးမှာပဲ"
"ခင်ဗျားကကျွန်တော့်ကို တိုင်ပင်ဆွေးနွေးရေးတွေ ကြိုပေးဖို့ပြင်နေပြီလား"
လီနန်ခယ့်က နံဘေးမှအမျိုးသမီး၏ ဘေးတိုက်မျက်နှာကို ခပ်မြူးမြူးကြည့်ရင်း စနောက်လိုက်သည်။ သူမ၏လှပကော့ညွှန်သော မျက်ခုံးများက လရောင်ပြာအောက်တွင် ရေချိုးသန့်စင်ထားသည့်အလား လန်းဆန်းသက်ဝင်နေသော်လည်း ဝမ်းနည်းမှုတစ်စုံတစ်ရာစွန်းထင်နေသော အမူအရာကြောင့် သူ့နှလုံးသားကို ထူးဆန်းစွာလှုပ်ခတ်စေသည်။
လီနန်ခယ့်က သူ့စိတ်သူငြိမ်အောင်ပြန်ထိန်းလိုက်ပြီး ပြုံးလျက်ဆိုသည်။
"ကျွန်တော်နည်းနည်း လမ်းပျောက်သွားရုံပါ"
"ဘာကြောင့်လမ်းပျောက်တာလဲ"
"မပြောချင်သေးပါဘူးဗျာ"
"ဟုတ်ပါပြီ"
လိန်ရှင်းနန်၏နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ကွေးတက်သွားသည်။
"ကျွန်မလည်းအခု အရမ်းကိုလမ်းပျောက်နေတာပါပဲ။ ဒါပေမဲ့ ဘယ်သူ့မှပြောမပြချင်သေးဘူး"
"ဟုတ်လား ကျွန်တော်နားထောင်ပေးမယ်လေ"
လီနန်ခယ့်က တံခါးတိုင်တွင်ဝင်မှီရပ်ကာ နားထောင်ပေးဖို့အသင့်ပြင်လိုက်သည်။
"မပြောချင်သေးပါဘူးဆို"
"ခင်ဗျားအခုမပြောရင် ကျွန်တော်ထွက်သွားလိုက်မှာနော်"
"..."
လိန်ရှင်းနန်၏စိတ်ကို မြင်သာဖို့ခက်ခဲသည်မဟုတ်။ အမျိုးသမီးမှာ သူခိုးလူမိ ရှက်သွေးဖြန်းသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ညအမှောင်က သူမ၏ရှက်သွေးကို ကာကွယ်ဖုံးအုပ်ပေးခဲ့သည်။
တစ်ဖက်လူမှာ သူမစိတ်ကို လိုသလိုထိန်းချုပ်နိုင်စွမ်းရှိနေဟန်ပင်။ ထိုအတွေးဖြင့် သူမစိတ်ရှုပ်သွားရ၏။
ဆိုးနွဲ့ချင်သလိုလေသံဖြင့် သူမပြန်မေးလိုက်သည်။
"ရှင်အဲ့လောက်ဉာဏ်ကောင်းနေရင် ကျွန်မဘာလို့လမ်းပျောက်နေလဲ ခန့်မှန်းကြည့်လေ"
"ဘာလဲ အိမ်ကအတင်းယောက်ျားပေးစားနေလို့လား"
"ထွက်သွား"
"ဟာ မှန်နေတာပဲ"
"..."
လိန်ရှင်းနန် အသက်ဝဝတစ်ချက်ရှူကာ စိတ်ကိုငြိမ်အောင်ထိန်းလိုက်ပြီး ထူးမခြားနားလေသံဖြင့် ပြောပြလာသည်။
"အဲ့ဒါလည်းမှန်ပေမဲ့ အခုချိန်လမ်းပျောက်နေတာကတော့ တခြားကိစ္စကြောင့်ပါ"
"ဒါဆိုရင်တော့ ကျွန်တော်ရှုံးကြောင်းဝန်ခံပါတယ်" အမျိုးသားက ခြေပစ်လက်ပစ်ဆိုလာသည်။
အမျိုးသမီး၏နှုတ်ခမ်းများက ရေးရေးပြုံးကာ လှောင်ပြောင်ချင်ဟန်ကြည့်လာပြီးနောက် တစ်ဖန်ပြန်လည်လေးနက်သွားခဲ့သည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ သူမမေးလာ၏။
"လူတစ်ယောက်က တစ်ပိုင်းတစ်စကျိုးပဲ့နေတဲ့နှလုံးသားနဲ့ အသက်ဆက်ရှင်နိုင်မယ်လို့ ရှင်ထင်သလား"
"ကျိုးပဲ့နေတဲ့နှလုံးသားနဲ့လား"
လီနန်ခယ့်က မျက်မှောင်ကြုတ်သည်။
"နှလုံးသားကျိုးပဲ့တော့ အဲ့လူကဘာဖြစ်သွားသလဲ။ ကျပ်မပြည့်တော့တာမျိုးလား။"