← Chapters

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း ၄၁၄

Vol. 42 Ch. 414

အခန်း (၄၁၄)

မကြာမီမှာပင် ချူတိုင်းပြည်နှင့် ယန်တိုင်းပြည်တို့သည် ချင်တိုင်းပြည်၏ နယ်စပ်များ၌ တပ်များချထားပြီဟူသော သတင်းစကားမှာ တော်ဝင်နန်းတွင်းတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့ပြီး သာမန်ပြည်သူအများအပြားပင် ဤအကြောင်းကို သိရှိသွားကြကာ သတင်းမှာ တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်လာခဲ့ချေပြီ။

ချူတိုင်းပြည်နှင့် ယန်တိုင်းပြည်တို့၏ နယ်မြေများသည် ချင်တိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေခြင်း မရှိပေ။

ချင်တိုင်းပြည်နှင့် ထိုချူတိုင်းပြည်၊ ယန်တိုင်းပြည်တို့အကြားတွင် တိုင်းပြည်ငယ်လေးတစ်ပြည်စီ ညပ်လျက် တည်ရှိနေကြလေ၏။

ထိုအင်အားကြီးနိုင်ငံများအကြားတွင် ပိတ်မိနေသော ထိုတိုင်းပြည်ငယ်နှစ်ခုသည် ဟိုဘက်ဒီဘက် နှစ်ခွချိုင်းနင်းကာ နိုင်ငံကြီးနှစ်ခုနှင့် သိမ်မွေ့သော ချိန်ခွင်လျှာတစ်ခုကို ထိန်းသိမ်းထားပြီး မည်သူ့ကိုမျှ မစော်ကားမိစေရန်ကိုသာ အဓိကမဟာဗျူဟာအဖြစ် ကျင့်သုံးနေကြခြင်း ဖြစ်ပေသည်။

ချင်တိုင်းပြည်သည် ဤတိုင်းပြည်ငယ်လေးနှစ်ခုအပေါ် ကျေးဇူးတရားများစွာပင် ပြုခဲ့ဖူးလေ၏။

သို့သော် မမျှော်လင့်ဘဲ ၎င်းတို့သည် ချူတိုင်းပြည်နှင့် ယန်တိုင်းပြည်တို့အား လမ်းဖယ်ပေးခဲ့ကြပေသည်။

ဤအရာက ချင်တိုင်းပြည်မှ သာမန်ပြည်သူများကို လွန်စွာ ဒေါသထွက်စေခဲ့လေတော့သည်။

ချင်တိုင်းပြည်ရဲ့ဘုရင်သည် နန်းတွင်း၌ လွန်စွာ အမျက်ဒေါသထွက်နေပြီး အလယ်တွင်ရှိသော တိုင်းပြည်ငယ်နှစ်ခုကို ဖျက်ဆီးပစ်ရုံသာမက ချူတိုင်းပြည်နှင့် ယန်တိုင်းပြည်တို့ကိုပါ သင်ခန်းစာပေးမည်ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့လေ၏။

မကြာမီအချိန်၌ပင် ချင်တိုင်းပြည်ရဲ့ဘုရင်သည် အမိန့်တစ်ရပ်ကို ထုတ်ပြန်လိုက်ပေသည်။

ရှောင်မိုသည် ချူတိုင်းပြည်ကို ကာကွယ်ရန်အတွက် မြောက်ပိုင်းတပ်မတော်ကို ဦးဆောင်ရမည်ဖြစ်ပြီး ချင်တိုင်းပြည်၏ နာမည်ကျော်စစ်သူကြီးဖြစ်သော အနောက်ပိုင်းကာကွယ်ရေးမင်းသား ချန်အန်းကမူ ယန်တိုင်းပြည်ကို ခုခံရန်အတွက် တပ်မတော်ကို ဦးဆောင်ရမည် ဖြစ်လေ၏။

ချင်တိုင်းပြည်ရဲ့ဘုရင်သည် မူလက ရှောင်ရှီကို စေလွှတ်ရန် စဉ်းစားခဲ့သေးသည်။

သို့သော်ငြား ဝေ့တိုင်းပြည်ကို ယခုလေးတင်မှ ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်ဖြစ်ရာ ဟန့်တားမှုကို ထိန်းသိမ်းထားနိုင်ရန် မြောက်ပိုင်းလူသူကင်းမဲ့ဒေသတွင် ရှောင်ရှီရှိနေရန် လိုအပ်ပေသည်။

မည်သို့ပင်ဆိုစေ ဝေ့တိုင်းပြည်တွင် အပေါ်ယံ၌သာ အညံ့ခံပြီး ရင်ထဲတွင်မူ မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားကြသည့် မှူးမတ်မျိုးနွယ်စုများစွာ ရှိနေဆဲပင် ဖြစ်၏။

ထိုသို့မဟုတ်ဘဲ ဝေ့တိုင်းပြည်တွင် နောက်ထပ်ပုန်ကန်မှုများ ထပ်မံဖြစ်ပေါ်လာပါက အမှန်တကယ်ပင် ဒုက္ခများရပေတော့မည်။

ချင်တိုင်းပြည်ရဲ့ဘုရင်ထံမှ တော်ဝင်အမိန့်ပြန်တမ်း ရောက်ရှိလာသောအခါ ချင်စီယောင်သည် ထိုအမိန့်စာကို ကြည့်ရင်း အချိန်အတော်ကြာရှည်စွာ တိတ်ဆိတ်နေခဲ့လေသည်။

ဤတစ်ကြိမ် သူမ၏ခင်ပွန်း ထွက်ခွာသွားပါက မည်သည့်အချိန်မှ ပြန်လည်ရောက်ရှိလာမည်ကို မသိနိုင်တော့ဘဲ သူတို့၏ စေ့စပ်ပွဲကိုလည်း ထပ်မံ၍ ရွှေ့ဆိုင်းရတော့မည်ကို ချင်စီယောင် ကောင်းစွာ သိရှိနေပေ၏။

သို့သော်လည်း ဤအချိန်သည် ချင်တိုင်းပြည်အတွက် အသက်နှင့်သေဆုံးခြင်း အကူးအပြောင်းကာလတစ်ခု ဖြစ်ပြီး သူမအနေဖြင့် ဒေါသထွက်စရာ အချိန်မဟုတ်ကြောင်းကိုလည်း ချင်စီယောင် သိရှိနားလည်ထားပေသည်။ ယခုအချိန်၌ ချင်တိုင်းပြည်သည် သူမ၏ ခင်ပွန်းကို လိုအပ်နေပေ၏။

ရှောင်မို မထွက်ခွာမီ ညပိုင်းတွင် ချင်စီယောင်သည် စကားတစ်ခွန်းမျှ မဟဆိုတော့ဘဲ ရှောင်မိုအတွက် ခရီးဆောင်အိတ်များကိုသာ တိတ်ဆိတ်စွာ ပြင်ဆင်နေလေတော့သည်။

အမှန်တကယ်တွင် စစ်စခန်း၌ အရာအားလုံး ရှိပြီးသားဖြစ်သော်ငြား ချင်စီယောင်ကမူ ခင်ပွန်းဖြစ်သူ၏ အသုံးအဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပေးခြင်းကသာ သူမကို စိတ်အေးချမ်းမှု ရရှိစေမည်ဟု ခံစားနေရဆဲပင် ဖြစ်လေ၏။

အခန်းအတွင်း၌ ချင်စီယောင်က အဝတ်အစားများကို တစ်ထည်ပြီးတစ်ထည် ခေါက်ကာ နေ့စဉ်အသုံးအဆောင် ပစ္စည်းအမျိုးမျိုးကို သိုလှောင်အိတ်ထဲသို့ ထည့်နေသည်ကို ကြည့်ရင်း ရှောင်မို၏ ရင်ထဲတွင် အပြစ်ရှိသလို ခံစားချက်တစ်ခု ပေါ်ပေါက်လာခဲ့ပေသည်။

"စီယောင်... ရလောက်ပါပြီ၊ အခု အရမ်းလည်း နောက်ကျနေပြီဆိုတော့ သွားအနားယူတော့လေ"

ရှောင်မိုသည် ရှေ့သို့လျှောက်သွားကာ ချင်စီယောင်၏ လက်ဖဝါးသေးသေးလေးကို ဆုပ်ကိုင်လိုက်လေ၏။

ချင်စီယောင်က ခေါင်းခါလိုက်ပြီး "ရပါတယ်... ဘာတွေများ လိုအပ်နေသေးလဲဆိုတာ ကျွန်မ ထပ်စစ်ကြည့်ပါရစေဦး၊ ပြီးမှ သေချာ ထည့်ပေးလိုက်မယ်"

"ကိုယ် တကယ် ဘာမှမလိုတော့ပါဘူး" ရှောင်မိုက ပြုံးလျက် ချင်စီယောင်၏ သွယ်လျသော လက်လေးကို ဆွဲကာ ကုတင်စွန်းတွင် အတူတကွ ထိုင်လိုက်ကြပေသည်။

ချင်စီယောင်သည် သူမ၏ မျက်လွှာကို ချလိုက်ရာ သူမ၏ အမူအရာတွင် ခွဲခွာရမည်ကို တွန့်ဆုတ်နေသော အရိပ်အယောင်များ ပြည့်နှက်နေလေ၏။ ထိုလှပသော မျက်ဝန်းလေးများမှာ အချိန်မရွေး ငိုချတော့မည့်အလား ဖြစ်နေပြီး မြင်ရသူ၏ ရင်ကို နာကျင်စေပေသည်။

"စီယောင်... ကိုယ် တောင်းပန်ပါတယ်၊ ဒီတစ်ခါ ကိုယ် ထပ်ပြီး ထွက်သွားရပြန်ပြီ။ ဒါ ကိုယ့်အမှားပါ... တို့တွေရဲ့ မင်္ဂလာပွဲကို ထပ်ပြီး ရွှေ့ဆိုင်းရပြန်ပြီ" ရှောင်မိုက သက်ပြင်းချလိုက်ရင်း သူ၏ စေ့စပ်ထားသူလေး၏ ဆံကေသာကို ညင်သာစွာ သပ်တင်ပေးလိုက်လေ၏။

"ရှောင်မို... အဲဒါ ရှင်အမှားမဟုတ်ပါဘူး" ချင်စီယောင်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်ပေသည်။

"တကယ်တော့ အရာတော်တော်များများက ချောမွေ့မှုမရှိဘူးဆိုတာကို ကျွန်မ နားလည်ပါတယ်၊ ဒါပေမယ့် ရှေးလူကြီးတွေ ပြောသလိုပဲ ကောင်းမွန်တဲ့ အရာတွေဆိုတာ အချိန်ယူရတာပဲလေ။ ဒီအတားအဆီးတွေက ယာယီပဲလို့ ကျွန်မ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်လုံးက ကျင့်ကြံသူတွေဖြစ်ပြီး သက်တမ်းလည်း ရှည်ကြတာပဲ... နှစ်အနည်းငယ်လောက် အချိန်လေးက ဘာများ အရေးကြီးလို့လဲ"

"အင်း" ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်... ဒါက ယာယီပါပဲ။ ကိုယ် အရာအားလုံးကို အမြန်ဆုံး ဖြေရှင်းပြီး မင်းကို အချိန်အကြာကြီး စောင့်ရအောင် မလုပ်ပါဘူး"

"ရှင့်ကို ကျွန်မ ယုံပါတယ်" ချင်စီယောင်က အနည်းငယ် ပြုံးလိုက်ပြီး သူမချစ်ရသူ၏ ရင်ခွင်ထဲသို့ မှီချလိုက်ကာ "ကျွန်မလည်း ရှင့်ကို စောင့်နေပါ့မယ်" ဟု ဆိုလေ၏။

"ကဲ... ရှောင်မို၊ မြန်မြန် သွားအိပ်တော့လေ... မနက်ဖြန် ခရီးသွားရဦးမယ်မဟုတ်လား" ချင်စီယောင်သည် ရှောင်မို၏ ရင်ခွင်ထဲမှ ထလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်ပေသည်။

"ကောင်းပြီ... ဒါဆို မင်းလည်း မင်းအခန်းကို ပြန်ပြီး သေချာ အနားယူတော့လေ" ရှောင်မိုက ပြန်လည်ဖြေကြားလိုက်၏။

"အင်း" ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး ရှောင်မို၏ ဘေးမှ ထရပ်ကာ တံခါးဆီသို့ လျှောက်သွားလေသည်။

သို့သော် ခြေလှမ်းအနည်းငယ်မျှ လှမ်းပြီးနောက် ချင်စီယောင်က လှည့်ကြည့်လာပြီး "အာ... ဟုတ်သားပဲ၊ ရှင့်အတွက် လက်ဖက်ခြောက်တွေရယ်၊ မုန့်တချို့ရယ် ထည့်ပေးထားတယ်နော်"

"ကောင်းပါပြီ" ရှောင်မိုက ခေါင်းညိတ်ပြလိုက်ပေသည်။

"ဪ... ဒါနဲ့၊ ရှင့်အတွက် အဝတ်အစား အသစ်တချို့လည်း ပြင်ဆင်ပေးထားတယ်။ ကျွန်မနဲ့ မယ်တော်တို့ ရှင့်အတွက် ကိုယ်တိုင် ချုပ်ပေးထားတာမို့လို့ နှမြောပြီး မဝတ်ဘဲ မနေနဲ့နော်"

"ကိုယ် သိပါပြီ"

"ပြီးတော့ နန်းတော်ထဲကနေ ယူလာတဲ့ ဆေးလုံးတချို့လည်း ပါတယ်၊ ပြီးတော့လေ..."

ချင်စီယောင်သည် ခြေသုံးလှမ်းလှမ်းတိုင်း တစ်ကြိမ် လှည့်ကြည့်လာပြီး ရှောင်မိုအား တစ်ခွန်းပြီးတစ်ခွန်း မှာကြားနေလေရာ ရှောင်မိုမှာမူ ပြုံးလျက်သာ ခေါင်းညိတ်ပြနေလေတော့သည်။

နောက်ဆုံးတွင် သူမကိုယ်သူမ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းနေပြီဟု ချင်စီယောင် ခံစားလိုက်ရကာ ပါးပြင်လေးများ အနည်းငယ် နီမြန်းသွားလျက် "ပြောစရာ ဘာမှမကျန်တော့ပါဘူး... ကျွန်မ... ကျွန်မ သွားအိပ်တော့မယ်" ဟု ဆိုရှာ၏။

"သွားတော့လေ... ကိုယ် အားလုံး မှတ်ထားပါ့မယ်" ရှောင်မိုက ပြုံးလျက် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ပေသည်။

"ဟုတ်" ချင်စီယောင်သည် ရှောင်မိုအား နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။

ချင်စီယောင် ထွက်သွားပြီးနောက် ရှောင်မိုသည် ရက်စက်သော လှံဆယ်လက် ဟုခေါ်သော မသေမျိုးလက်နက်ကို ဆွဲချယူလိုက်လေ၏။

ရက်စက်သော လှံဆယ်လက်မှာ ဆရာဟွမ် ထွက်မသွားမီ ရှောင်မိုအား ပေးအပ်ခဲ့သော မသေမျိုးလက်နက်ပင် ဖြစ်ပေသည်။

ရှောင်မို၏ ယခင်ကျင့်ကြံခြင်းအဆင့်မှာ သန္ဓေတည်ဝိညာဉ်အဆင့်သို့ မရောက်ရှိသေးသောကြောင့် ၎င်းကို အသုံးမပြုခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုအခါ ရှောင်မိုသည် ၎င်းကို အသက်သွင်းနိုင်ချေပြီ။

ရှောင်မိုသည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် ရက်စက်သော လှံဆယ်လက်ကို သူ၏ ဒူးပေါ်တွင် တင်ထားလိုက်လေသည်။ ထို့နောက် တစ်နာရီကြာမျှ ဝိညာဉ်စွမ်းအင်ဖြင့် ပျိုးထောင်ပေးပြီးနောက် ရက်စက်သော လှံဆယ်လက်ကို နောက်ဆုံးတွင် ပြန်လည်သိမ်းဆည်းလိုက်ပေသည်။

ဖယောင်းတိုင်မီးကို မှုတ်ပိတ်လိုက်ပြီးနောက် ရှောင်မိုသည် အနားယူရန် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်လေ၏။ မကြာမီ၌ပင် ရှောင်မို အိပ်ပျော်သွားခဲ့ပေသည်။

အချိန်မည်မျှ ကြာလွန်သွားသည်ကို သူ မသိရှိလိုက်ပေ။ သူ၏ အခန်းတံခါး ပွင့်သွားသည်ကို ရှောင်မို ခံစားလိုက်ရပြီး ညလေပြေတစ်သုတ် တိုးဝင်လာကာ သူနှင့် အရင်းနှီးဆုံးသော ရနံ့တစ်ခုကို သယ်ဆောင်လာခဲ့လေ၏။

"စီယောင်... အရမ်းနောက်ကျနေပြီကို ဘာလာလုပ်တာလဲ" ရှောင်မိုသည် စီယောင် ဝင်ရောက်လာမှန်း သိရှိသော်လည်း သူ မနိုးလာခဲ့ဘဲ အိပ်ချင်ယောင်သာ ဆက်လက်ဆောင်နေခဲ့လေသည်။

ချင်စီယောင်က တံခါးကို ညင်သာစွာ ပိတ်လိုက်ပြီး ခြေဖျားထောက်ကာ ရှောင်မို၏ ကုတင်ဘေးသို့ လျှောက်လာခဲ့ပေသည်။

မူလက စီယောင် သူ့အား တစ်စုံတစ်ရာ ပြုလုပ်လိမ့်မည်ဟု ရှောင်မို ထင်မှတ်ထားခဲ့သော်လည်း ချင်စီယောင်က ဘာတစ်ခုမျှ မလုပ်ခဲ့ချေ။ သူမသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ရှောင်မိုကိုသာ စိုက်ကြည့်နေလေ၏။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန် ကြာလွန်သွားပြီးနောက် အမှန်တကယ် စပ်စုချင်လာသော ရှောင်မိုက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်လေတော့သည်။

"အာ" ရှောင်မို နိုးလာသည်ကို မြင်လျှင် ချင်စီယောင်၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ ကြောက်လန့်တကြား တုန်ယင်သွားခဲ့လေ၏။ "ရှောင်မို... ရှင်... ရှင် ဘယ်လိုလုပ် နိုးလာတာလဲ"

"ကိုယ် နိုးနေတာ ကြာလှပါပြီ။ ဒါနဲ့ အခု အရမ်းလည်း နောက်ကျနေပြီလေ... စီယောင်က ဘာလို့ မအိပ်သေးတာလဲ" ရှောင်မိုက ထိုင်လိုက်ပြီး ပြုံးလျက် မေးလိုက်ပေသည်။ "ပြီးတော့ ဘာလို့ ကိုယ့်ကို လာစိုက်ကြည့်နေရတာလဲ"

"ကျွန်မ... ကျွန်မ အိပ်လို့မပျော်ဘူး" ချင်စီယောင်က သူမ၏ လက်ဖဝါးသေးသေးလေးများကို ပွတ်သပ်ရင်း ဖြည်းညင်းစွာ ဆိုလိုက်ရှာ၏။

"မနက်ဖြန် ရှင် ထွက်သွားရတော့မယ်ဆိုတာကို တွေးမိတော့ ရှင် မထွက်သွားသေးပေမယ့် ရှင်နဲ့ဝေးရမှာကို ကြိုပြီး လွမ်းနေမိပြီလေ။ အဲဒါကြောင့်... အဲဒါကြောင့် ဒီည ရှင့်ကို ပိုပြီး ကြည့်ထားချင်လို့ပါ၊ ဒါမှ မနက်ဖြန် ရှင်ထွက်သွားရင်တောင် ဒီလောက်ကြီး လွမ်းနေမှာ မဟုတ်ဘူးလို့ ထင်မိလို့ပါ"

"..." ချင်စီယောင်၏ စကားများကို နားထောင်ရင်း ရှောင်မို၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့လေသည်။ သူ၏ ရင်ထဲတွင် ခါးသက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသော်ငြား မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။

"ရပါတယ်... ရှောင်မို ရှင်သာ အိပ်ပါ၊ ကျွန်မက ဒီတိုင်းလေးပဲ ထိုင်ကြည့်နေမှာပါ။ ကျွန်မအတွက် စိတ်ပူစရာ မလိုပါဘူး" ချင်စီယောင်က ရှောင်မို၏ ပခုံးများကို ဖိချကာ ကုတင်ပေါ်တွင် ပြန်လှဲစေလိုက်လေ၏။

ကုတင်ပေါ်တွင် ပြန်လှဲလိုက်သော ရှောင်မိုသည် ထိုမိန်းကလေးငယ်ကို ပြုံးလျက် ကြည့်လိုက်ပြီး "ဒါဆိုရင် ဘယ်လောက်ကြာကြာ ထပ်ကြည့်ချင်သေးလို့လဲ"

"ကျွန်မ... ကျွန်မလည်း မသိဘူး"

ညလေပြေလေးသည် ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ တိုးဝင်လာပြီး ပါးလွှာသော ညဝတ်အင်္ကျီလေးမှာ အမျိုးသမီး၏ ကျက်သရေရှိလှသော နူးညံ့သည့် ခန္ဓာကိုယ်လေးအထက်တွင် ကပ်တွယ်နေလေ၏။ သူမသည် ပါးလေးများကို ဖောင်းထားပြီး သူမ၏ ရှည်လျားသော မျက်တောင်လေးများအောက်ရှိ မျက်ဝန်းများက လင်းလက်နေသော လရောင်ကို ရောင်ပြန်ဟပ်နေပေသည်။

"လွန်ခဲ့တဲ့ တစ်နှစ်လုံးလုံး ရှင့်ဘေးနားမှာ နေ့တိုင်း ရှိနေခဲ့ပြီး ရှင့်ကို နေ့တိုင်း မြင်နေရပေမယ့်လည်း ရှင့်ကို ကြည့်ရတာ ကျွန်မ ဘယ်တော့မှ ရောင့်ရဲသွားတယ်လို့ကို မရှိဘူး"

အချိန်အတော်ကြာပြီးနောက် ချင်စီယောင်က ခေါင်းမော့လာကာ ရှောင်မို၏ မျက်ဝန်းများထဲသို့ စိုက်ကြည့်လိုက်လေ၏။ "ရှောင်မို... ဘာလို့ ကျွန်မက ရှင့်ကို ကြည့်လို့ မဝနိုင်ဖြစ်နေရတာလဲဟင်၊ ရှင်... ရှင် ကျွန်မကို တစ်သက်လုံး ရှင့်ကို ကြည့်ခွင့်ပေးနိုင်မလား"

All Chapters