← Chapters

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း ၄၁၅

Vol. 42 Ch. 415

အခန်း (၄၁၅)

နံနက်ခင်း နေမင်းသည် ထွက်ပေါ်လာခဲ့ပြီး နီရဲသော အရုဏ်ဦးအလင်းရောင်က ကောင်းကင်ယံတစ်ခုလုံးကို ကြက်သွေးရောင်အဖြစ် ဆေးဆိုးလိုက်လေ၏။

အဝေးဆီမှ ကောင်းကင်ယံတွင် မိုးကုတ်စက်ဝိုင်း၏ အဖြူရောင်အလင်းတန်းကို မသဲမကွဲ မြင်တွေ့နေရပေသည်။

ဆီးနှင်းမင်းသားအိမ်တော်၏ ပင်မခြံဝင်းအတွင်း၌ ညဝတ်အင်္ကျီကို ဆင်မြန်းထားသော အမျိုးသမီးတစ်ဦးသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး မှန်မှန်ကန်ကန် အသက်ရှူနေလေ၏။

စောင်ခြုံထားသော်ငြားလည်း ထိုအမျိုးသမီး၏ ကောက်ကြောင်းအလှကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။

“ရှောင်မို... ရှင် ကျွန်မကို တစ်သက်လုံး ရှင့်ကို ကြည့်ခွင့်ပေးနိုင်မလား“

ကုတင်စွန်းတွင် ထိုင်နေသော အမျိုးသားဖြစ်သူသည် ယမန်နေ့ညက ထိုအမျိုးသမီး ပြောဆိုခဲ့သော စကားများနှင့် သူ ပြန်လည်ဖြေကြားပြီးနောက် သူမ ပြသခဲ့သော အပြုံးလေးကို ပြန်လည်အမှတ်ရလာကာ သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ကွေးသွားခဲ့လေသည်။

သူမကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်လိုက်ပြီးနောက် ရှောင်မိုက သူမ၏ ဆံကေသာတစ်မျှင်ကို နားရွက်နောက်သို့ သပ်တင်ပေးကာ စောင်ကို သေချာခြုံပေးလိုက်ပြီး မတ်တတ်ရပ်လျက် အခန်းထဲမှ ထွက်ခွာလာခဲ့ပေသည်။

“သခင်လေးရှောင် ထွက်သွားတော့မလို့လား... မင်းသမီးကို လိုက်ပို့ခိုင်းဖို့ တကယ် မလိုအပ်ဘူးလား“

အခန်းအပြင်ဘက်တွင် ဟွာရှန်းမှာ နိုးထနေပြီဖြစ်ပြီး ခြံဝင်းထဲ၌ စောင့်ဆိုင်းနေလေ၏။

“မလိုပါဘူး“ ရှောင်မိုက ခေါင်းခါလိုက်ပြီး အခန်းဘက်သို့ လှည့်ကြည့်လိုက်ကာ “ပြီးခဲ့တဲ့တစ်ခေါက် စီယောင် လိုက်ပို့တုန်းက သူမ တော်တော်လေး ငိုခဲ့ရတယ်လေ၊ ဒီတစ်ခါတော့ စီယောင်ကို ကောင်းကောင်း အိပ်ပါစေတော့၊ မွန်းတည့်ချိန်လွန်ရင် ကျွန်တော့်ရဲ့ နတ်စွမ်းအားက သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မယ်၊ သူ နိုးလာတဲ့အချိန်ဆိုရင် ကျွန်တော် အဝေးကြီးကို ရောက်နေလောက်ပြီ“

ဟွာရှန်း၏ နှုတ်ခမ်းများက တစ်စုံတစ်ရာကို ထပ်ပြောချင်သကဲ့သို့ အနည်းငယ် ပွင့်ဟသွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းချလိုက်ရင်း “ကျွန်မ နားလည်ပါပြီ“ ဟုသာ ဆိုလိုက်ရှာသည်။

“အစ်မဟွာရှန်း... ကျွန်တော် မရှိတဲ့အချိန် စီယောင်ကို ပိုပြီး ဂရုစိုက်ပေးဖို့ အစ်မကိုပဲ ဒုက္ခပေးရတော့မယ်“

“မင်းသမီးကို စောင့်ရှောက်ရတာက ကျွန်မရဲ့ တာဝန်ပါပဲ၊ ဒီထက်ပိုပြီး သခင်လေးကိုယ်တိုင် ဂရုစိုက်ဖို့ပဲ မျှော်လင့်ပါတယ်... မင်းသမီးနဲ့ ကျွန်မက သခင်လေး ပြန်အလာကို စောင့်နေပါ့မယ်“

“အင်း“ ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်လျက် “ကျွန်တော် သွားလိုက်ပါဦးမယ်“

“ဂရုစိုက်သွားပါ သခင်လေး“ ဟွာရှန်းက ဒူးညွှတ်အရိုအသေပေးကာ ရှောင်မိုအား နှုတ်ဆက်လိုက်လေ၏။

ရှောင်မိုသည် ဆီးနှင်းမင်းသားအိမ်တော်မှ ထွက်ခွာလာပြီး သူ၏ မိခင်ဖြစ်သူကို နှုတ်ဆက်ရန် ရှောင်အိမ်တော်သို့ သွားရောက်ခဲ့ပေသည်။

ရှောင်မို မြို့တော်အပြင်ဘက်သို့ ရောက်ရှိလာချိန်တွင် ရှာဟောက်နန်၊ လျန်လီ၊ ရှောင်ယန်နှင့် အခြားသူများမှာ သူ့ကို စောင့်ဆိုင်းနေကြချေပြီ။

“ချီတက်ကြစို့“ လူတိုင်းကို ကြည့်လျက် ရှောင်မိုက အမိန့်ပေးလိုက်လေ၏။

လူတိုင်းက လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပေးလိုက်ကြပြီး “ဟုတ်ကဲ့ပါ စစ်သူကြီး“ ဟု အသံပြိုင်ဟစ်ကြွေးလိုက်ကြသည်။

လဝက်ခန့် ကြာလွန်သွားပြီးနောက် ရှောင်မိုနှင့် အဖွဲ့သည် ချင်တိုင်းပြည်နှင့် နန်ရှန်းတိုင်းပြည်တို့အကြားရှိ နယ်စပ်မြို့ဖြစ်သော ဖုန်းယွီမြို့သို့ ရောက်ရှိလာခဲ့ကြပေသည်။

ရှောင်မို မရောက်လာမီကပင် ဖုန်းယွီမြို့သည် ချူတိုင်းပြည် တပ်မတော်နှင့် အကြိမ်ပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီး ဖြစ်လေ၏။

ဖုန်းယွီမြို့၏ မြို့သခင်က မြို့ကို ထိန်းသိမ်းကာကွယ်ထားနိုင်ခဲ့သော်ငြား ကာကွယ်ရေးစစ်ပွဲတိုင်းမှာ အလွန်တရာ အသေအပျောက်များလှပြီး ဖုန်းယွီမြို့မှာ အချိန်မရွေး ကျဆုံးသွားနိုင်သည်ဟု မြို့သခင်ကိုယ်တိုင် ခံစားနေရပေသည်။

မြို့သခင်တစ်ယောက်တောင် ဤသို့ ခံစားနေရလျှင် သူ၏ လက်အောက်ရှိ စစ်သည်များမှာ မည်မျှလောက်အထိ ယုံကြည်မှု ရှိနိုင်ပါတော့မည်နည်း။

ဖုန်းယွီမြို့ စစ်သည်များ၏ တိုက်ခိုက်လိုစိတ် ကျဆင်းနေမှုအခြေအနေအရ ရှောင်မိုသာ နှစ်ရက်ခန့် နောက်ကျမှ ရောက်လာခဲ့ပါက ဖုန်းယွီမြို့မှာ ဧကန်မုချ ကျဆုံးသွားလောက်ပြီဟုပင် ဆိုနိုင်ပေသည်။

ထို့ကြောင့် ဖုန်းယွီမြို့သခင်သည် ရှောင်မိုကို မြင်လိုက်ရချိန်တွင် ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားခဲ့ရှာ၏။ မြို့သခင်အတွက်မူ ဤအချိန်၌ ရှောင်မိုသည် သူ၏ သွေးသားရင်း ဖခင်အရင်းထက်ပင် ပို၍ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရလေတော့သည်။

ဖုန်းယွီမြို့သခင်သည် စစ်ရေးအာဏာကို ရှောင်မိုထံသို့ ချက်ချင်းပင် လွှဲပြောင်းပေးအပ်လိုက်ပေသည်။

ဖုန်းယွီမြို့မှ စစ်သည်များသည် အောင်ပွဲများကို အစဉ်အမြဲ ဆွတ်ခူးနိုင်ခဲ့သော ဆီးနှင်းမင်းသား ရောက်ရှိလာပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ လူတိုင်းမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာခဲ့ကြလေ၏။

ဝေ့တိုင်းပြည်ကို ချေမှုန်းခဲ့သော စစ်ပွဲအပြီးတွင် ဆီးနှင်းမင်းသား ဟူသော အမည်နာမကို အိမ်တိုင်းအိမ်တိုင်းလိုလို သိရှိနေကြပြီဖြစ်ပြီး ရှောင်မို၏ ဇာတ်လမ်းကို ဗားရှင်းအမျိုးမျိုးဖြင့်ပင် ပြန်လည်ပုံဖော် ရေးစပ်နေကြလေပြီ။

ဤစစ်သည်များ၏ နှလုံးသားထဲတွင် ရှောင်မိုသည် နတ်ဘုရားတစ်ပါးနှင့် အနည်းငယ်မျှပင် ခြားနားခြင်း မရှိတော့ချေ။

ထိုအချိန်မှာပင် မြောက်ပိုင်းတပ်မတော်မှ လီကျင်းနှင့် ကျောက်ကွမ်းတို့သည် နှင်းနင်းနဂါးမြင်းသည်တော် နှစ်သိန်းနှင့် မြောက်ပိုင်းခြေလျင်တပ် ငါးသိန်းတို့ကို ဦးဆောင်ကာ ရောက်ရှိလာခဲ့ကြပေသည်။

ဖုန်းယွီမြို့၏ မူလအင်အားနှင့် အနီးအနားရှိ ပြည်နယ်များမှ စုဆောင်းလာသော စစ်သည်များကိုပါ ပေါင်းထည့်လိုက်လျှင် ယခုအခါ ရှောင်မိုသည် တပ်မတော်သား အင်အား တစ်သန်းတိတိကို ဦးဆောင်နေပြီ ဖြစ်လေတော့သည်။

နောက်တစ်နေ့တွင် ချူတိုင်းပြည် တပ်မတော်သည် မြို့ကို တစ်ဖန် ပြန်လည်တိုက်ခိုက်လာခဲ့ပေသည်။

ရှောင်မိုသည် မြို့ရိုးနောက်ကွယ်တွင် ပုန်းအောင်း၍ ကာကွယ်နေခြင်း မရှိတော့ချေ။

သူ့တွင် အင်အားတစ်သန်းရှိသော တပ်မတော်ကြီး တစ်ရပ်လုံး ရှိနေသည်ဖြစ်ရာ ဤအင်အားမှာ မြို့တစ်မြို့ကို ကာကွယ်ရန် သက်သက်အတွက်သာ မဟုတ်ပေ။

ထိုသို့မဟုတ်ပါက လွန်စွာ သနားစရာကောင်းလွန်းလှပေလိမ့်မည်။

ချင်တိုင်းပြည်ရဲ့ဘုရင်က ရှောင်မိုအား နန်ရှန်းတိုင်းပြည်ကို ချေမှုန်းပြီးနောက် ချူတိုင်းပြည်၏ အဓိကပြည်နယ် တစ်ခု သို့မဟုတ် နှစ်ခုခန့်ကို သိမ်းပိုက်ရန် အလိုရှိနေခြင်း ဖြစ်၏။

သို့သော် ရှောင်မိုက ထိုထက်ပို၍ လိုချင်နေပေသည်။

ချူတိုင်းပြည် တပ်မတော်၏ မြို့သိမ်းစစ်ဆင်ရေးမှာ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်မှာပင် ဖုန်းယွီမြို့၏ တံခါးကြီးများမှာ ပွင့်ဟသွားခဲ့လေ၏။

ချူတိုင်းပြည်၏ စစ်သူကြီး လုံယွမ်သည် လှံဖြူတစ်လက်ကို ကိုင်ဆောင်ထားပြီး အာသုရာမျက်နှာဖုံးကို တပ်ဆင်ထားကာ နှင်းနင်းမြင်းတစ်ကောင်ကို စီးနင်းလျက် ထွက်ပေါ်လာသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရပေသည်။

သူ၏ အနောက်တွင်ကား ရှာဟောက်နန်၊ လျန်လီ၊ ကျောက်ကွမ်းနှင့် လီကျင်းတို့ကဲ့သို့သော နာမည်ကျော် စစ်သူကြီးများ လိုက်ပါလာကြလေ၏။

ရှောင်မို၏ ကွပ်ကဲမှုအောက်တွင် နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့က ရှေ့ဆုံးမှ စတင်ချီတက်ကာ စစ်မြေပြင်ကို တိုက်ရိုက် ထိုးဖောက်ဖြိုခွဲလိုက်ပြီးနောက် ခြေလျင်တပ်များက အနီးကပ် လိုက်ပါလာကြပေသည်။

ရှောင်မိုက သူ၏လှံကို လွှဲယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သောင်ထျဲ့၊ ချုံးချီ၊ ရှန်းလျိုနှင့် ဟွန်တွန်း တို့ကဲ့သို့သော ရှေးဟောင်း သားရဲဆိုးကြီးဆယ်ကောင်၏ ပုံရိပ်ယောင်များသည် သူ၏ လှံထိပ်မှ ခုန်ထွက်လာကြပြီး ချူတိုင်းပြည် တပ်မတော်အပေါ်သို့ ပြေးဝင်တိုက်ခိုက်ကြလေတော့သည်။

ရှောင်မိုသည် စစ်မြေပြင်တွင် အညှာအတာကင်းမဲ့စွာ တိုက်ခိုက်နေပြီး သူရောက်ရှိသွားသော နေရာတိုင်းတွင် ရန်သူများမှာ အရိုးအရိပ်အယောင်လေးမျှပင် မကျန်ရစ်တော့ချေ။

ထိုရှေးဟောင်း သားရဲဆိုးကြီးဆယ်ကောင်သည်လည်း အစောင့်အရှောက်ဝိညာဉ်များကဲ့သို့ ရှောင်မို၏ ဘေးနားတွင် နေထိုင်ကာကွယ်ပေးနေကြပေသည်။

ရှာဟောက်နန်၊ လျန်လီနှင့် အခြားသူများသည် နှင်းနင်းနဂါးမြင်းသည်တော်တပ်ဖွဲ့ တစ်ဖွဲ့စီကို ဦးဆောင်ကာ အခြားသော ဦးတည်ရာအရပ်များမှနေ၍ ချူဗဟိုတပ်မတော်ဆီသို့ ထိုးဖောက်တိုက်ခိုက်ကြလေ၏။

မြောက်ပိုင်းခြေလျင်တပ်သည် စစ်ရေးပုံစံများဖြင့် အနောက်မှ အနီးကပ် လိုက်ပါလာကြသည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်မျှပင် မကြာမီမှာ မြောက်ပိုင်းတပ်မတော်သည် ကြီးမားလှသော အသာစီးရမှုကြီးကို ပိုင်ဆိုင်သွားခဲ့ချေပြီ။

ဖုန်းယွီမြို့နှင့် အခြားပြည်နယ်များမှ စစ်သည်များအတွက်မူ ၎င်းတို့သည် ရှုံးနိမ့်နေသော စစ်ပွဲတစ်ခုကို မည်သို့ တိုက်ခိုက်ရမည်ကို မသိရှိကြသော်ငြား ဤမျှလောက် အသာစီးရနေသော အခြေအနေမျိုးကို မည်သို့ ကိုင်တွယ်ရမည်ကိုမူ မသိဘဲ နေပါမည်လော။

မြောက်ပိုင်းတပ်မတော်၏ ရဲစွမ်းသတ္တိအောက်တွင် ၎င်းတို့သည်လည်း စစ်ရေးစွမ်းဆောင်မှု မှတ်တမ်းများအားလုံးကို မြောက်ပိုင်းတပ်မတော်မှ လုယူသွားမည်ကို စိုးရိမ်သဖြင့် ရှေ့သို့ အတင်းဝင်ရောက် တိုက်ခိုက်ကြလေတော့သည်။

ကြိုတင်ပြင်ဆင်ထားခြင်း မရှိသော ချူတိုင်းပြည် တပ်မတော်၏ စိတ်ဓာတ်များမှာ ပြိုလဲလုနီးပါး ဖြစ်သွားခဲ့ချေပြီ။

လုံယွမ်သည် အခြေအနေများ မကောင်းတော့သည်ကို ခံစားလိုက်ရသဖြင့် တပ်များကို ပြန်လည်ဆုတ်ခွာရန် ချက်ချင်းပင် မောင်းခတ်လိုက်လေ၏။

ရှောင်မိုသည် တပ်မတော်ကို ဦးဆောင်ကာ လီနှစ်ဆယ်အထိ လိုက်လံတိုက်ခိုက်ခဲ့ပြီး လူခုနစ်သောင်းခန့်ကို ထပ်မံသတ်ဖြတ်ပြီးနောက်မှသာ တပ်ကို မြို့ထဲသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပေသည်။

လုံယွမ်မှာ တွေးမိလေလေ ဒေါသထွက်လေလေဖြစ်ပြီး ဒေါသထွက်လေလေ ပို၍ တွေးမိလေလေ ဖြစ်နေလေတော့၏။

ချူတိုင်းပြည်၏ ဝါရင့်စစ်သူကြီးတစ်ဦးအနေဖြင့် လုံယွမ်သည် အောင်ပွဲများကို အစဉ်အမြဲ ဆွတ်ခူးနိုင်သူဟု မကြွေးကြော်ခဲ့သော်ငြား ထိုကောင်လေး၏ ကစားစရာအရုပ်တစ်ရုပ်တော့ ဧကန်မုချ မဟုတ်ခဲ့ချေ။

လုံယွမ်သည် တပ်များကို ပြန်လည်စုစည်းကာ ရှောင်မိုနှင့် အဆုံးအဖြတ် စစ်ပွဲတစ်ပွဲကို ဆင်နွှဲရန် ရည်ရွယ်ထားပေသည်။

သို့သော်လည်း ထိုညမှာပင် ရှောင်မိုသည် သူ၏တပ်ကို ဦးဆောင်ကာ ၎င်း၏စခန်းကို ဝင်ရောက်စီးနင်းလိမ့်မည်ဟု မည်သူက သိရှိထားပါမည်နည်း။

လုံယွမ်သည် သူ၏ ကျန်ရှိနေသော တပ်များကို ဦးဆောင်ကာ နန်ရှန်းတိုင်းပြည်ရှိ လျောင်မြို့သို့ ပြန်လည်ဆုတ်ခွာရန်သာ တတ်နိုင်တော့လေသည်။

သုံးရက်ပင် မပြည့်မီအချိန်အတွင်း တိုက်စစ်နှင့် ခံစစ် နေရာများမှာ ပြောင်းပြန် ဖြစ်သွားခဲ့ချေပြီ။

ချူတပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ်သော ကုန်းဆွန်းရှီသည် လုံယွမ်တစ်ယောက် ရှောင်မို၏ ပြိုင်ဘက် ဖြစ်လာမည်မဟုတ်ကြောင်း မျှော်လင့်ထားခဲ့သော်လည်း ဤမျှ မြန်ဆန်စွာ အရေးနိမ့်သွားလိမ့်မည်ဟုမူ မထင်မှတ်ထားခဲ့ပေ။

သို့သော် အရေးမကြီးပါချေ။

ချူတပ်မတော်သည် လမ်းကြောင်းသုံးသွယ်ခွဲ၍ ချီတက်လာခြင်းဖြစ်ရာ ရှောင်မိုတစ်ယောက်တည်းက သူ့ကိုယ်သူ လူသုံးယောက်အဖြစ် ခွဲဖြာနိုင်ပါမည်လော။

ကုန်းဆွန်းရှီသည် လုံယွမ်ထံသို့ စစ်ကူများ စေလွှတ်လိုက်ပြီး ရှောင်မိုကိုသာ ဟန့်တားထားရန် တောင်းဆိုလိုက်လေ၏။ တစ်ချိန်တည်းမှာပင် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သော ချူနာမည်ကျော် စစ်သူကြီးများ ဦးဆောင်သည့် အခြားတပ်မတော်နှစ်ရပ်မှာ ဖုန်းယွီမြို့ကို ကွေ့ပတ်ကာ နယ်စပ်မြို့များဖြစ်သော ရှာမြို့နှင့် ထျန်းစီးမြို့တို့ကို ဝင်ရောက်တိုက်ခိုက်ကြလေတော့သည်။

ရှောင်မိုသည်လည်း ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး ရှာဟောက်နန်အား တပ်တစ်တပ်ကို ဦးဆောင်ကာ ကျောက်ယန် ဟုခေါ်သော ချူနာမည်ကျော် စစ်သူကြီးကို သွားရောက်ရင်ဆိုင်စေလိုက်ပေသည်။

သို့သော် ဝူချီ ဟုခေါ်သော အခြားချူနာမည်ကျော် စစ်သူကြီးမှာမူ ပို၍ပင် လွယ်ကူသော ပြိုင်ဘက် မဟုတ်ခဲ့ချေ။ ရှောင်မိုမှာ ခေတ္တမျှ ဆုံးဖြတ်ရခက်နေလေ၏။

“အကယ်၍ စစ်သူကြီးသာ ကျွန်တော့်ကို ယုံကြည်မယ်ဆိုရင် ရက်သုံးဆယ်အတွင်း ဝူချီရဲ့ ခေါင်းကိုဖြတ်ပြီး မင်းသားရှေ့မှောက်ကို ဧကန်မုချ ဆက်သပါ့မယ် “တဲနန်းအတွင်း၌ လီကျင်းက လက်နှစ်ဖက်ကို ယှက်ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်လေသည်။

“စစ်သူကြီးလီ လှုပ်ရှားဖို့ ဘာလို့ ဒုက္ခခံနေရမှာလဲ... ဝူချီကို ချိုးဖျက်ဖို့ ကျွန်တော့်အတွက် နှင်းနင်းနဂါးမြင်းသည်တော် ငါးသောင်းနဲ့ ခြေလျင်တပ် တစ်သိန်းပဲ လိုတယ် “ကျောက်ကွမ်းကလည်း အော်ဟစ်လိုက်၏။

“ကျွန်မက ဝူချီကို တားဆီးဖို့ ဆန္ဒရှိပါတယ်၊ စစ်သူကြီးရဲ့ ယုံကြည်မှုကို ဧကန်မုချ သစ္စာမဖောက်ပါဘူး“ လျန်လီကလည်း ထိုတာဝန်ကို တောင်းဆိုလာပေသည်။

ရှောင်မိုက သူတို့ကို ကြည့်လိုက်ပြီး အနည်းငယ် မလုံလောက်သေးသကဲ့သို့ ခံစားနေရဆဲပင် ဖြစ်၏။

သူတို့သည် ဝူချီ၏ ချေမှုန်းခြင်းကို ဧကန်မုချ ခံရလိမ့်မည်ဟု ရှောင်မို တွေးထင်နေခြင်း မဟုတ်ဘဲ သူတို့အနေဖြင့် ဝူချီကို တားဆီးထားနိုင်လျှင်ပင် နောက်ဆုတ်သွားအောင် တိုက်ထုတ်နိုင်စွမ်း ရှိမည်မဟုတ်ဟု ခံစားနေရခြင်း ဖြစ်ပေသည်။

နောက်ဆုံးတွင် ရှောင်မိုသည် တဲနန်း၏ အနောက်ဆုံး၌ ရပ်နေသော ပိုင်ချီကို လှမ်းကြည့်လိုက်လေတော့သည်။

ဤအချိန်တွင် စစ်မှုထမ်းသက် တစ်နှစ်မျှသာ ရှိသေးသော်လည်း ပိုင်ချီသည် တပ်မှူးတစ်ဦး ဖြစ်နေချေပြီ။ ချင်တိုင်းပြည်၏ သမိုင်းကြောင်းတစ်ခုလုံးကို ကြည့်မည်ဆိုလျှင် သူ၏ ရာထူးတိုးတက်မှု အမြန်နှုန်းမှာ ရှောင်မို၏ နောက်တွင် ဒုတိယလိုက်ပေသည်။ ထို့ပြင် ဤတပ်မှုး ရာထူးကို ကျန်းပေမင်းသား ကိုယ်တိုင်ကိုယ်ကျ ရာထူးတိုးမြှင့်ပေးခဲ့ခြင်း ဖြစ်လေ၏။

ရှောင်မို၏ အကြည့်ကို သတိပြုမိလိုက်သောအခါ ပိုင်ချီသည် တစ်စုံတစ်ရာကို နားလည်သွားသည့်အလား သူ၏ မျက်ဝန်းများအတွင်း၌ စိတ်လှုပ်ရှားမှု အလင်းတန်းတစ်ခု လက်မောင်းသွားခဲ့ပေသည်။

ပိုင်ချီ ရှောင်မိုက စိတ်ပိုင်းဖြတ်လိုက်ပြီး “မင်းက ပင်မစစ်သူကြီး လုပ်ရမယ်၊ လျန်လီနဲ့ ကျောက်ကွမ်းက မင်းရဲ့ ဒုတိယစစ်သူကြီးတွေ အဖြစ် တာဝန်ယူလိမ့်မယ်... မင်းသွားပြီး ဝူချီကို ရင်ဆိုင်ချေ“

All Chapters