အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း (၉၉) ကိုယ့်ဘာသာဖျက်ဆီး…
ဝှီး…ဝှီး…
လေပြင်းများ တစ်ဟုန်ထိုး ပိုမိုပြင်းထန်လာ၏။
ထိုအခိုက်အတန့်တွင် မည်သူမျှ လေတိုက်ခတ်မှုကို ဂရုမပြုကြပေ။ အားလုံးသည် ရှေ့မှမြင်ကွင်းကို ဆွံ့အမှင်သက်စွာ ကြည့်ရှုနေကြပြီး မိမိတို့နားကိုပင် ပြန်လည်၍ မယုံကြည်နိုင် ဖြစ်နေကြရသည်။
တချို့မှာ ကြားလိုက်ရသည့်အရာ မှန်ကန်ပါ၏လောဟု သံသယဝင်ကာ နားအုံကို ပြန်လည်ပွတ်သပ်ကြည့်နေကြမိ၏။
မှောင်ခိုဈေးကွက်၏ သတင်းရေစီးကြောင်းကို ကောင်းစွာချုပ်ကိုင်ထားနိုင်သော ဆရာကြီးနှင့် ၎င်း၏တပည့်များပင်လျှင် ပါးစပ်အဟောင်းသားဖြစ်ကာ ချဲညီအစ်ကိုနှစ်ဦးကို ကြောင်ငေး၍ ကြည့်နေမိကြသည်။
ချန်ချင်းယွီ : “……”
‘နင်တို့တွေ သောက်ရူးတွေဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒီလောက်အထိ ရူးလိမ့်မယ်လို့တော့ မထင်ထားမိဘူး... နင်တို့မိသားစုက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရတာကို သဘောကျပုံရတယ်...’
‘အင်း… မသိရင် လျှောက်ပြောတယ် ထင်ကြဦးမယ်… လီတာ့ရှန်းရဲ့ ကိုယ့်အိုးကိုယ်ခွဲ ဖျက်ဆီးမှုကြောင့်ပဲ အဖြစ်အပျက်တွေအကုန်လုံး ဒီလိုဖြစ်လာခဲ့တာလေ…အခုတော့ ချဲယုံချန်းကလည်း အဲဒီအတိုင်း လိုက်လုပ်နေပြန်ပြီ…’
‘သူတို့က မိသားစု ဖြစ်နေကြတာ မဆန်းပါဘူးလေ..ယောက္ခမနဲ့ သမက် တစ်လေသံတည်း ထွက်နေကြတာကိုး..’
ချန်ချင်းယွီသည် အံ့ဩတုန်လှုပ်စွာဖြင့် ညီအစ်ကိုနှစ်ဦးကို စိုက်ကြည့်ရင်း ကျန်းမိသားစု အဘယ်ကြောင့် သူ့ကို အလုပ်ရှာမပေးရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြောင်းကို စတင်သဘောပေါက်လာခဲ့သည်။ ဤကဲ့သို့သော ဉာဏ်ရည်မျိုးဖြင့် အလုပ်တစ်ခုရရှိသွားပါက ဒုက္ခအနန္တကိုသာ ဖိတ်ခေါ်သည်နှင့် တူပေလိမ့်မည်။ ထိုအပြုအမူမှာ မိသားစုအတွက် သိက္ခာကျစရာ အကောင်းဆုံးဖြစ်ပြီး၊ တကယ့်ကို တစ်ခါမျှ မကြားဖူးသော မယုံနိုင်စရာ ကိစ္စရပ်တစ်ခုလည်း ဖြစ်၏။
ချန်ချင်းယွီ တစ်ယောက် ရှေ့မှဖြစ်ရပ်ကို မှင်သက်စွာ ကြည့်နေစဉ်မှာပင်... ချဲယုံဖုန်းသည် အခြေအနေ အရပ်ရပ်ကို ရုတ်တရက် သဘောပေါက်သွားပြီး ရှေ့သို့ အဟုန်ပြင်းစွာ ပြေးထွက်လာကာ နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်တော့သည်။
"မင်း ဘာတွေ ရူးကြောင်ကြောင် လျှောက်ပြောနေတာလဲ... ငါက မင်းရဲ့ အစ်ကိုအရင်းပါကွ၊ မင်းက ရူးနှမ်းနှမ်း စကားတွေ လျှောက်ပြောနေတယ်... မင်း ငါ့သိက္ခာကို ဖျက်ဆီးလိုက်ပြီ၊ မင်းအတွက် ဘာကောင်းတာရှိလို့လဲ... မင်းလို စကားများတဲ့ အရူးကောင်ကို ငါရိုက်သတ်ပစ်မယ်... မင်းက စကားကို ဆင်ခြင်ဉာဏ်မရှိ လျှောက်ပြောနေတယ်၊ မိသားစုရဲ့ သိက္ခာကိုရော မငဲ့တော့ဘူးလား... အရက်ကလေး နည်းနည်းသောက်ထားရုံနဲ့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘူးလား... အိမ်မှာ သောက်ပြီးတော့ အပြင်ထွက် ရူးချင်တိုင်းရူး၊ စကားတွေ လျှောက်ပြောနေတယ်၊ ငါ မင်းကို ရိုက်သတ်မယ်..."
သူသည် အခြေအနေကို အမြန်ဉာဏ်ဆင်၍ အပြစ်အားလုံးကို "အရက်" ပေါ်သို့သာ လွှဲချရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်၏။
သမိုင်းတစ်လျှောက်တွင် အရက်သည် မတရားအပြစ်ပုံချခြင်းကို ခံခဲ့ရသည်မှာ များလှပြီ ဖြစ်သည်။ လူတိုင်းသည် ပြဿနာအရပ်ရပ်၏ တရားခံကို အရက်ဟုသာ သတ်မှတ်လေ့ရှိကြပြီး အရက်တွင် အပြစ်ရှိမရှိကိုမူ မည်သူမျှ ထည့်သွင်းစဉ်းစားလေ့ မရှိကြပေ။
သနားစရာ… အရက်ပါလား..
သောက်ကျိုးနည်း… သူ့ဆီက အရက်နံ့လည်း လုံးဝမထွက်ဘဲနဲ့ ဒီအတိုင်း အပြစ်ပုံချလိုက်တာလား... လူတိုင်းကို အရူးအောက်မေ့နေတာလား...
"မင်းကို အရက်မသောက်ရဲအောင် လုပ်ပစ်မယ်၊ အရက်မူးပြီး ရူးချင်တိုင်းရူးနေတယ်ပေါ့… ငါသင်ခန်းစာ ပေးပြမယ်၊ စကားတွေ လျှောက်ပြောချင်တယ်ပေါ့ လာခဲ့စမ်း”
ဖြန်း... ဖြန်း... ဖြန်း...
ချဲယုံချန်း နောက်တစ်ကြိမ် အရိုက်ခံရပြန်ပြီ…
အထိုးအနှက်ခံရခြင်းမှာ ထပ်တူညီနေပြီး မတူညီသည်မှာ ယခင်တစ်ခေါက်သည် ကျူးလောင်တ၏ လက်ချက်ဖြစ်ပြီး ယခုမှာ ချဲယုံဖုန်းဘက်မှ စတင်လိုက်ခြင်းဖြစ်၏။ လက်သီးချက်များသည် မိုးသီးမိုးပေါက်ပမာ အထိန်းအကွတ်မရှိ တရစပ်ကျဆင်းလာသည်။ ချဲယုံဖုန်းသည် အလွန်အမင်း ဒေါသအိုးပေါက်ကွဲနေ၏။
ချဲယုံချန်း : "အား...... တော်တော့၊ မရိုက်နဲ့တော့... ငါက မင်းရဲ့ ညီအရင်းပါကွ... ဘယ်လိုဖြစ်လို့ ငါ့ကို ဒီလောက်ပြင်းပြင်းထန်ထန် ရိုက်ရတာလဲ... ငါ ပြန်မချဘူးလို့ ထင်မနေနဲ့..."
အမှန်စင်စစ် ထိုကောင်သည် မိမိ၏စကားများကြောင့် ချဲယုံဖုန်းတစ်ယောက် မည်မျှအထိ ဒုက္ခကြုံတွေ့သွားနိုင်သည်ကို ယခုတိုင် သဘောမပေါက်သေးကာ အော်ဟစ်နေဆဲ ဖြစ်သည်။
"ဘာအရက်သောက်တာလဲ... ငါ့မှာ အရက်သာရှိရင် မင်းနဲ့အတူ အပြင်ထွက်လာပါ့မလား... ငါ တစ်စက်မှ မသောက်ရသေးဘူး၊ ဘယ်လိုဖြစ်လို့ မူးရမှာလဲ... ငါ မမူးဘူး..."
ဟား......
ဘေးတွင်ကြည့်နေသော လူအားလုံး အံ့ဩဆွံ့အ သွားရပြန်၏။
၎င်းတို့သည် ချဲယုံချန်းကဲ့သို့သော လူမိုက်မျိုး ရှိလိမ့်မည်ဟု လုံးဝမယုံကြည်နိုင်ကြသကဲ့သို့၊ အချို့ကမူ သူသည် ချဲယုံဖုန်းကို တမင်သက်သက် သေကြောင်းကြံစည်နေခြင်း ဖြစ်နိုင်သည်ဟုပင် သံသယဝင်လာကြသည်။
ချန်ချင်းယွီကိုယ်တိုင်လည်း ထိုသို့ တွေးမိသွားသော်ငြား ပြန်လည်သုံးသပ်ကြည့်သည့်အခါ ထိုမျှအထိတော့ မဆိုးရွားနိုင်ဟု ယူဆမိ၏။ မည်သို့ပင်ဖြစ်စေ ချဲမိသားစုတစ်ခုလုံးသည် ချဲယုံဖုန်းကိုသာ အဓိက အားကိုးအားထား ပြုနေရလေသည်။
ချဲယုံဖုန်းသည် ယခုအခါ အလုပ်သင်တစ်ဦးသာ ဖြစ်နေသည့်တိုင် သူသည် အားကိုးအားထားပြုရမည့် နောက်ခံအာဏာရှိသော အလုပ်သင်တစ်ဦး ဖြစ်၏။ တစ်နေ့နေ့တွင် အောင်မြင်ကျော်ကြားလာမည့်သူ ဖြစ်ပြီး၊ ချဲမိသားစုမှာ သူ့ကို အားကိုးနေရသဖြင့် ချဲယုံချန်းအနေဖြင့် မိမိ၏အစ်ကိုအရင်းကို ဖျက်ဆီးပစ်လောက်အောင်အထိ မိုက်မဲမည်မဟုတ်ပေ။ သို့ဖြစ်ရာ ဤသည်မှာ တစ်ခုတည်းသော ရှင်းလင်းချက်သာ ရှိတော့သည် ~~ ထိုသူသည် တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် ဉာဏ်ပညာ ကင်းမဲ့လွန်းခြင်းပင်….
ပြောရရင်တော့ … အင်း… ဝက်ထက်တောင် ဉာဏ်ရည်နိမ့်ပါးတဲ့သူပဲ..
ဒီကောင်က တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် ရူးနေတာ..
အော်... အံ့ဩစရာတော့ မဟုတ်ပါဘူးလေ..
ဒီအရူးရဲ့ လုပ်ရပ်တွေကို ပြီးခဲ့တဲ့အကြိမ်ကပဲ ကိုယ်တိုင်မြင်ခဲ့ရတာ မဟုတ်လား...
အခုလည်း အတူတူပါပဲ။
ချန်ချင်းယွီ : "တကယ့်ကို နတ်ဘုရားကတောင် လက်လျော့ရမဲ့သူပဲ..."
သူမသည် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
ကျန်လူများသည်လည်း မယုံနိုင်စွာဖြင့် တိတ်တဆိတ် ခေါင်းညိတ်ကြ၏။
"မင်း ဘယ်လိုထင်လဲ... သူက သူ့အစ်ကိုကို တကယ်မုန်းလို့ တမင်သက်သက် သတင်းပေါက်ကြားအောင် လုပ်တာလား..."
"ဖြစ်နိုင်တယ်..."
"ဒါမှမဟုတ်ရင် ဘာလို့လဲ... ဒီလောက်အထိ ရူးတဲ့လူ ငါတစ်ခါမှ မမြင်ဖူးဘူး..."
"အင်း... ပြောရခက်ပါတယ်၊ သူက သူ့ဘာသာသူ ဂျိုအစိုက်ခံထားရတာတောင်မှ..."
"ငါတော့ ဘယ်လိုပြောရမှန်း မသိတော့ဘူး၊ သူက အဲဒီလိုမျိုးကို သဘောကျနေတာ ထင်တယ်..."
မှောင်ခိုဈေးကွက်အတွင်းဝယ် အားလုံးမှာ မျက်နှာကိုဖုံးထားကြသည့် လူစိမ်းများသာ ဖြစ်ကြသော်လည်း၊ ယခုအခါတွင်မူ အားလုံး စုရုံးကာ အတင်းအဖျင်း ပြောဆိုနေကြသည်မှာ တကယ့်ကို ရှားရှားပါးပါး မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။ မည်သူသည် မှောင်ခိုဈေးကွက်အတွင်း ပြဿနာရှာဝံ့ပါမည်နည်း။ ထိုသို့ပြုလုပ်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်၏။
သို့သော် ယခုအခါတွင်မူ မှောင်ခိုဈေးကွက် အုပ်ချုပ်သူကိုယ်တိုင်ပင် စကားတစ်ခွန်းမျှ မဆိုနိုင်ဘဲ မှင်သက်အံ့ဩနေရရှာသည်။
သူသည် ဤညီအစ်ကိုနှစ်ဦး၏ လုပ်ရပ်ကြောင့် တကယ်ကို ဆွံ့အသွားရခြင်း ဖြစ်၏။
ဤညီအစ်ကိုနှစ်ဦးတွင် ဖော်ထုတ်စရာ အရှုပ်ထုပ်များ ဤမျှအထိ များပြားနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
သူတို့သည် အခြေအနေအရပ်ရပ်ကို သိရှိနားလည်ခြင်း မရှိသည့်အပြင် တကယ့်ကို ဘာမှမသိနားမလည်သော လူမိုက်များသာ ဖြစ်ကြသည်။ ဤမျှ ရှုပ်ထွေးလှသော ကိစ္စရပ်များကို လျှို့ဝှက်ရမည့်အစား အများပြည်သူရှေ့ဝယ် အရှက်မရှိ ထုတ်ဖော်ပြောဆိုရဲကြသည်မှာ တကယ့်ကို မကြားဖူး မမြင်ဖူးသည့် ကိစ္စရပ်ပင် ဖြစ်၏။
"ချဲယုံဖုန်းက တကယ်ပဲ သူ့ခယ်မနဲ့ အိပ်ခဲ့တာပေါ့... သူ့မိန်းမကော အဲဒါကို သိပါ့မလား..."
"ဘယ်သူသိမှာလဲ... မသိလောက်ပါဘူး။ တကယ်လို့ သိရင် သူမက သူ့ကို အပြစ်ပေးမှာပေါ့... မင်းတို့လည်း သိတဲ့အတိုင်း အတွင်းရေးမှူးကျန်းက ဝန်ထမ်းသောင်းချီရှိတဲ့ စက်ရုံကြီးရဲ့ ခေါင်းဆောင်ကြီးလေ၊ သူက သမက်မျိုးစုံကို ရွေးချယ်နိုင်ပါရက်နဲ့ ဘာလို့ ဒီလိုကောင်မျိုးကို ရွေးခဲ့တာလဲ..."
"ခေါင်းဆောင်ရဲ့ သမီးက ဂျိုစိုက်ခံရ (ဖောက်ပြန်ခံရ) ဖို့ ထိုက်တန်လို့နေမှာပါ၊ ဘာပဲဖြစ်ဖြစ် သူမက ဖောက်ပြန်တာ ခံရတာပဲ"
"ငါကတော့ ခေါင်းဆောင်ဆိုရင် ဘာပြဿနာမှ မရှိဘူးလို့ ထင်နေတာ၊ အခုကြည့်ရသလောက်တော့ သူတို့လည်း ငါတို့လို သာမန်လူတွေနဲ့ အတူတူပါပဲ။ သူတို့ ရင်ဆိုင်နေရတဲ့အရာကို ကြည့်ဦး၊ ဒါက ဘယ်လို ဒုက္ခမျိုးလဲ..."
"အတိအကျပဲ..."
"သူတို့က ငါတို့လောက်တောင် မကောင်းပါဘူး၊ အနည်းဆုံးတော့ ငါတို့မိသားစုထဲမှာ ဖောက်ပြန်တဲ့လူ မရှိဘူး"
လူတိုင်း တကျွက်ကျွက်ဖြင့် ဝေဖန်ပုတ်ခတ် ပြောဆိုနေကြပြီး မည်သူမှ ၎င်းတို့ ညီအစ်ကိုနှစ်ဦး အရက်မူးနေသည်ဟု မယုံကြည်ကြပေ။
မမြင်ကြဘူးလား......
ကာယကံရှင်ကိုယ်တိုင်က အရက်သောက်ထားတာကို ငြင်းနေတာလေ…
ချဲယုံဖုန်း၏ ခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတတ် ဖြစ်နေပြီး
"တော်စမ်း.. တော်စမ်း.. အားလုံး ပါးစပ်ပိတ်ထားကြစမ်း..."
"အစ်ကို..."
ဖြန်း...
"မင်းလည်း ပါးစပ်ပိတ်ထား... မင်း ရူးကြောင်ကြောင်တွေ လျှောက်ပြောနေတာ ငါ့ကို သတ်မလို့လား...... ငါ မင်းမိန်းမနဲ့ ဘာမှမပတ်သက်ဘူး၊ လုံးဝမပတ်သက်ဘူး... သေသေချာချာ မှတ်ထား..."
ချဲယုံဖုန်းမှာမူ ဒေါသကြောင့် ဦးနှောက် ပေါက်ကွဲလုမတတ် ဖြစ်နေရပြီး မျက်နှာတစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် ရက်စက်ကြမ်းကြုတ်နေသည်။ ထိုအခြင်းအရာကြောင့် ချဲယုံချန်းလည်း ကြောက်လန့်တကြားဖြင့် ငြိမ်သက်သွားရရှာ၏။
သူ့မျက်နှာမှာ ဝက်ခေါင်းကဲ့သို့ ဖူးယောင်နေအောင် အရိုက်ခံထားရသော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ သူသည် အပြင်လောကတွင် လိမ်ညာ၍မရနိုင်ကြောင်းကို နောက်ဆုံး၌ သဘောပေါက်သွားပုံရ၏။
"ငါ... ငါ သိပြီ”
"အရက်မူးတဲ့လူတိုင်းက မူးတယ်လို့ မဝန်ခံကြဘူး၊ မင်းက မူးနေတာပဲ”
ချဲယုံဖုန်းသည် အခြေအနေကို ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။
ချဲယုံချန်း : "အာ... ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ မူးနေတာ၊ ငါ မူးနေတာ၊ အမလေး... ငါ့ခေါင်းတွေ မူးနောက်နေပြီ၊ အို... ငါ့မှာ လက်ချောင်း ဘယ်နှစ်ချောင်း ရှိတာလဲ..."
ချဲယုံချန်းသည်လည်း အသိတရား အနည်းငယ် ပြန်လည်ဝင်ရောက်လာကာ မိမိ၏အစ်ကိုဖြစ်သူ သတိပေးလိုက်ခြင်းကို သဘောပေါက်သွားပြီး ချက်ချင်းပင် မူးချင်ယောင်ဆောင်၍ ပူးပေါင်းဆောင်ရွက်လိုက်၏။
မပူးပေါင်းလို့ ရမလား..သူ့အစ်ကိုက မိသားစုရဲ့ ဒေါက်တိုင်လေ…
သူ့မျက်လုံးများသည် ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် မြေပြင်ပေါ်မှ ဝက်သားတစ်တုံးကို ဆွဲယူကာ ကိုက်လိုက်ရင်း
"အသား... ငါ အသားစားချင်တယ်၊ ငါ မူးနေတယ်၊ ငါ အသားစားချင်တယ်..."
လူတိုင်း : "..."
အားလုံး မေးရိုးပြုတ်ကျမတတ် ပါးစပ်အဟောင်းသား ဖြစ်ကုန်၏။
ချန်ချင်းယွီ : "..."
ဘုရားရေ.. နင်က အရက်မူးချင်ယောင်ဆောင်နေတာလေ…
စိတ္တဇ အဖြစ် ဟန်ဆောင်နေတာ မဟုတ်ဘူးလေ… အမယ်လေး.. ဘုရားသခင်
နင်က 'ကျပ်မပြည့်တဲ့ အယုတ်တမာ' ဆိုတဲ့ စကားလုံးလေးလုံးကို တကယ်ပဲ လက်တွေ့ပြသနေတာပဲ...
နင့်ဦးနှောက်ထဲမှာ ချီးတွေပဲ ပြည့်နေတာလား...
ချဲယုံချန်းသည် ဤကိစ္စမှာ သူ့အစ်ကိုဖြစ်သူအား အကြီးအကျယ် ဒုက္ခရောက်စေမည်ကို တွေးကာ ထိတ်လန့်တုန်လှုပ်သွားသည်။ မည်သို့ပင်ဆိုစေကာမူ… အိမ်ထောင်ရေးဖောက်ပြန်မှုနှင့် ပက်သက်နေသည့်ကိစ္စမှာ ပြဿနာကြီးဖြစ်၏။ သူ့အနေဖြင့် သူ့မိန်းမကို ဂရုမစိုက်သော်ငြား အစ်ကိုဖြစ်သူကို လျစ်လျူမရှု့ရဲပေ။ မိသားစုတစ်ခုလုံး၏ စားဝတ်နေရေးသည် အစ်ကိုဖြစ်သူအပေါ်သာ မှီခိုနေရသည် မဟုတ်လော့။
"ငါ အသားစားမယ်၊ ဟီးဟီးဟီး..."
အားလုံးမှာ ရှေ့မှမြင်ကွင်းကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေမိကြသည်။
တကယ့်ကို မျက်စိပွင့်နားပွင့် ဖြစ်ရပ်ပါပဲဗျာ…
ဤအဖြစ်အပျက်မျိုး သူတို့တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။ ထို့အပြင် အရက်သောက်ထားသည့်တိုင် အရူးထသော လူမျိုးကိုလည်း မမြင်ဖူးပေ…
ပြီးတော့… တကယ်လို့ သူ တကယ်မူးနေတာလို့သာ ယုံလိုက်ရင် သူတို့ကိုယ်တိုင်ကသာ တကယ့်အရူးအစစ်တွေ ဖြစ်သွားကြလိမ့်မယ်…
ချဲယုံဖုန်း : "ငါ့ညီက မူးပြီး ဘာမှမသိလို့ပါ၊ ငါတို့ လျော်ကြေးပေးပါ့မယ်၊ သေချာပေါက် လျော်ပေးပါ့မယ်၊ ဒီနေ့ကတော့..."
ကျူးလောင်တ : “……”
၎င်းတို့သည် သက်တမ်းတစ်လျှောက် ဤကဲ့သို့သော ထူးဆန်းထွေပြားသည့် ဖြစ်ရပ်မျိုးနှင့် တစ်ကြိမ်တစ်ခါမျှ မကြုံဆုံဖူးကြချဲ။ လျှို့ဝှက်ဆန်းကြယ်လှသော မှောင်ခိုဈေးအတွင်းသို့ ရဲရဲဝံ့ဝံ့ လှမ်းဝင်လာပြီး မိမိတို့၏ အမည်နာမကို ဗြောင်ကျကျ ဟစ်ကြော်ကြေညာဝံ့သူမျိုးကိုလည်း ယခုမှပင် ပထမဦးဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
ဆင်ခြင်ဉာဏ်မဲ့လှသော ဤညီအစ်ကိုနှစ်ဦးနှင့် ဘေးပတ်ဝန်းကျင်တွင် ကိုယ်ခန္ဓာကို လုံခြုံစွာ ပတ်ခြုံကာ မျက်နှာကို အထပ်ထပ် ဖုံးထားကြသည့် အခြားသော လူအုပ်ကြီးကို ယှဉ်တွဲကြည့်ရှုမိသူတိုင်း... မိမိတို့ ရောက်ရှိနေသော ကမ္ဘာနှင့် အချိန်ကာလ ယန္တရားကြီးတစ်ခုလုံး လွဲမှားချဲာ်ချဲာ် ဖြစ်နေသကဲ့သို့ ပြင်းထန်သော ဝေခွဲမရမှုကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ကြရ၏။
ဒါက ဘာလိုအခြေအနေကြီးလဲ...
ကျူးလောင်တ : "မင်း ငါ့ကို လျော်ကြေးပေးရမှာပေါ့... ဒီပစ္စည်းတွေက မင်းတို့ ဒီအတိုင်း လျှောက်ဖျက်ဆီးဖို့ မဟုတ်ဘူး..."
ချဲယုံဖုန်းသည် ဤကိစ္စကို အမြန်ဆုံး ရှင်းပစ်ချင်နေသောကြောင့် အသေးစိတ် တွက်ချက်မနေတော့ဘဲ အလောတကြီး ပြောလိုက်သည်။
"ဒါဆို မင်း ဘယ်လောက်လိုချင်လဲ... ငါ ဒီညပဲ ပြန်ပြီး ပြင်ဆင်ထားလိုက်မယ်၊ မနက်ဖြန်ကျရင် ငါ့အိမ်ကို လာယူလိုက်ပါ”
သို့သော် သူ ထိုသို့ပြောလိုက်သည်နှင့် ကျူးလောင်တ၏ မျက်လုံးများ မှေးစင်းသွားကာ……
ဒါက အရူးကို အရူးလုပ်ဖို့ ကြိုးစားနေတာ မဟုတ်လား...
တကယ်လို့ သူသာ ထွက်သွားရင်၊ နောက်မှ ပြန်လာတဲ့အခါ ဘယ်သူက သူ့ကို မှတ်မိတော့မှာလဲ...
ကျူးလောင်တ : "ဘာလဲ... မင်းက ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ အောက်မေ့နေတာလား... မင်း ဒီလိုရူးကြောင်ကြောင် စကားတွေနဲ့ တခြားလူတွေကို လှည့်စားနိုင်ရင် နိုင်လိမ့်မယ်၊ ဒါပေမဲ့ ငါ့ကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား... မင်း ဘယ်လိုအောက်တန်းစားမျိုးလဲဆိုတာ ငါမသိဘူးလို့ ထင်နေလား... ငါ ဒီမှောင်ခိုဈေးကွက်ထဲမှာ ကျင်လည်လာတာ ဒီလောက်ကြာပြီ၊ ငါက သတင်းအချက်အလက် အစုံဆုံးပဲ… မင်းရဲ့ နာမည်ဆိုးအကြောင်း ငါမကြားဖူးဘူးလို့ ထင်နေလား..."
သူသည် နှာခေါင်းရှုံ့ပြီး အထင်သေးသံနှင့် ပြောလိုက်၏။
"ငန်းပျံရင် တွန်သံကျန်ခဲ့တယ်၊ လူဖြတ်သန်းရင် နာမည်ကျန်ခဲ့တာပဲ..မင်းမှာ ဘယ်လို နာမည်ဂုဏ်သတင်းမျိုး ရှိနေလဲဆိုတာ မင်းကိုယ်တိုင် မသိဘူးလား..."
ထိုစဉ် ချန်ချင်းယွီသည် လူအုပ်ထဲ တိုးဝှေ့ဝင်ရောက်ကာ အသံဖျက်၍ နောက်ဆွဲစာသားကို အဆုံးသတ်ပေးလိုက်လေသည်။
"ဝေးလံတဲ့အရပ်က ခရီးသွားတွေတောင်မှ သူက လူကောင်းမဟုတ်ဘူးဆိုတာ သိကြတယ်လေ..."
မှောင်ခိုဈေးကဲ့သို့သော နေရာမျိုးတွင် ပြက်လုံးထုတ်တတ်သည့် လူပြက်တစ်ဦးကို တွေ့ရှိရသဖြင့် လူတိုင်း အံ့ဩမင်သက်သွားကြ၏။ ထိုသူ၏ ပုံစံမှာ ဟိုးရှေးယခင်က တံတားကြီးများအောက်တွင် လူပြက်ပြဇာတ် ကပြဖျော်ဖြေတတ်ကြသူများနှင့်ပင် သဏ္ဌာန်တူနေတော့သည်။
ဘေးလူများသည်လည်း တညီတညွတ်တည်း ထောက်ခံကြကာ
"သူ့နာမည်ဆိုးကတော့ တကယ်ကို ကျော်ကြားလွန်းပါတယ်..."
"ဟုတ်ပ ကိုယ့်ခယ်မအရင်းခေါက်ခေါက်နဲ့တောင် မှားယွင်းခဲ့တဲ့လူပဲ၊ ဘာဂုဏ်သိက္ခာများ ရှိဦးမှာလဲ... ဒီကနေသာ ခြေဦးလှည့်သွားရင် ချက်ချင်း ထွက်ပြေးမှာ သေချာတယ်..."
"ဒါပေါ့၊ ဒီနေ့သာ ထွက်သွားခွင့်ပေးလိုက်ရင် မနက်ဖြန်ကျရင် သူ လုံးဝ ငြင်းတော့မှာ။ တကယ့်ကို အဆင့်မြင့် ဝက်သားကောင်းကြီးတွေဗျာ၊ နှမြောစရာကောင်းလိုက်တာ..."
"ဒါပေါ့ဗျာ၊ ဘာလို့ ဝက်သားတွေကို ဒီလောက်အထိ အောက်တန်းကျကျ ဖျက်ဆီးပစ်ရတာလဲ... ဒါတွေအားလုံးဆို တန်ဖိုး ဘယ်လောက်တောင် ရှိမလဲ..."
"ဒါနဲ့... ဒီကောင်က အရွယ်လည်း လွန်နေပြီပဲ၊ ဘာဖြစ်လို့ ခယ်မဖြစ်သူနဲ့ သွားပြီး ရှုပ်ပွေနေရတာလဲ မသိဘူးနော်..."
"မင်းကလည်း... အဲဒီမိန်းမက ဘာမှနားမလည်တာကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တာလည်း ဖြစ်နိုင်တာပဲလေ။"
လူအုပ်ကြီးသည် တကျွက်ကျွက်နှင့် အတင်းအဖျင်း ဆိုနေကြစဉ်၊ ချန်ချင်းယွီမှာလည်း တိုးတိုးလေး ရေရွတ်လိုက်၏။
"ချက်ပြုတ် ပညာသာမရှိတာ၊ အစားအသောက်ကိုတော့ အကြီးအကျယ် စွဲလမ်းနေတာပဲ"
[ဒါက လိင်ကိစ္စရဲ့ဗန်းစကားပါ.. ဥပမာ.. မိန်းကလေးနဲ့ယောကျာ်းလေးကို ထမင်းချက်ပြီးကြပြီးလားလို့ မေးတာမျိုးဆို အတူတူအိပ်ပြီးပြီလားလို့ ပြောတာနဲ့တူပါတယ် အခုလည်း ချဲယုံဖုန်းက အောက်ပါအရည်အချင်းမရှိတာကို လိင်ကိစ္စကျ ငမ်းငမ်းတက်နေတယ်လို့ လှောင်ပြီး တင်စားလိုက်တာပါ]
"ဟေး... သူငယ်ချင်းလေး၊ မင်းပြောတာ တကယ်မှန်တယ်၊ သိပ်ထိမိတဲ့ တင်စားချက်ပဲ။ သူက တကယ်ပဲ ချက်ပြုတ်ပညာသာမရှိတာ၊ အစားအသောက်ကိုတော့ အကြီးအကျယ် စွဲလမ်းနေတာ..."
"ဟုတ်တယ်၊ ဟုတ်တယ်၊ မင်းပြောမှပဲ အကွက်စေ့တော့တယ်"
ချန်ချင်းယွီ : "..."
သူမမှာမူ ဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်သွားရရှာသည်။
"နေပါဦး... မင်းတို့ စဉ်းစားကြည့်နော်၊ သူက သူ့ခယ်မနဲ့ ခိုးစားနေတယ်ဆိုကတည်းက သူ့မှာ တစ်ခုခု ချို့ယွင်းချက်ရှိနေလို့ မဟုတ်ဘူးလား... သူ့မိန်းမမှာလည်း ကိုယ်ဝန်မရှိဘူး၊ သူ့ခယ်မမှာလည်း ကိုယ်ဝန်မရဘူး… ဒါက တစ်ခုခုကို သက်သေပြနေတာ မဟုတ်ဘူးလား... ဒါက တကယ်ကို မရိုးသားဘူးနော်..."
မည်သည့် ပါးနပ်သူက ဝင်ရောက်ပြောဆိုလိုက်သည်မသိသော်လည်း ထိုစကားကို နားထောင်ရသည်မှာ အလွန်ပင် အရသာရှိလှပေသည်။
မှောင်ခိုဈေးကွက်အတွင်းရှိ လူအားလုံးမှာ မျက်နှာကို လုံခြုံစွာ ဖုံးအုပ်ထားကြသဖြင့် စကားပြောရာတွင် ပိုမိုရဲတင်းနေကြပြီး ထောက်ထားညှာတာခြင်း မရှိကြပေ။
သို့သော် ချန်ချင်းယွီမှာမူ ထိုအခြေအနေကို အလွန်သဘောကျနေမိ၏။
တကယ်ကို ကောင်းကောင်းကြီး ပြောလိုက်တာပဲ...
ချန်ချင်းယွီသည် သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း …စိတ်ထဲမှ…
‘ဒီလို ပြဿနာရှာတဲ့ ကိစ္စမျိုးက မှောင်ခိုဈေးလို နေရာမျိုးမှာ ဖြစ်ပွားရတာ တကယ့်ကို ကွက်တိပဲ... ကြည့်စမ်း... လူတိုင်းက အိမ်တွင်းဝင်းထဲကထက်စာရင် အများကြီး ပိုပြီး လွတ်လွတ်လပ်လပ် ပြောရဲကြတယ်၊ ဟုတ်တာပေါ့... မျက်နှာကိုသာ ဖုံးထားကြရင် ဘယ်သူမဆို ဘာမှ အားနာထောက်ထားနေစရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ပြောရဲကြတာပဲ မဟုတ်လား’
အမှန်ပဲ…
ချန်ချင်းယွီအနေဖြင့် ဤအခြေအနေကြီးတစ်ခုလုံးကို အလွန်အမင်း စိတ်ကျေနပ် သဘောကျနေမိတော့သည်။
တောက်… ယောက္ခမ ဒီနေရာမှာ မရှိတာ ဆိုးတာပဲ.. မဟုတ်ရင် ပြဿနာကို မီးရှို့ပေးမယ့်သူ နောက်တစ်ယောက်ရှိနေမှာကို.. အဲ့ကျရင် ပွဲက ဘယ်လောက်တောင် မြိုင်ဆိုင်နေလိုက်မလဲ…ဟူး… ယောက္ခမ ရဲဘော် ကျောက်တာ့ရာရေ.. ရှင်ကို လိုအပ်နေပြီ…
ချန်ချင်းယွီသည် ခေတ္တမျှ စဉ်းစားခန်းဖွင့်ရင်း ဤနေရာတွင် အဘွားကြီးကျောက်သာ ရှိနေပါက မည်သို့သော စကားမျိုး ဆိုလိမ့်မည်နည်းဟု ခန့်မှန်းကြည့်လိုက်သည်။ အတန်ကြာ တွေးတောပြီးနောက် သူမသည် ရုတ်တရက် အော်ပြောလိုက်၏။
"ဟေး... နေပါဦး.. အစ်ကိုကြီးမှာလည်း ကလေူမရှိဘူး၊ ညီလေးမှာလည်း ကလေူမရှိဘူးဆိုတော့... သူတို့မိသားစုက မျိုးရိုးလိုက်ပြီး ကလေးမရနိုင်တဲ့ ရောဂါ ရှိနေတာလား..."
ချန်ချင်းယွီသည် ဉာဏ်ပြေးသော မိန်းကလေးတစ်ဦးဖြစ်ရာ ရောက်ရာအရပ်၏ ဓလေ့စရိုက်ကို ချက်ချင်းပင် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်ပြီး အဘွားကြီးကျောက်၏ အတင်းအဖျင်းပြောကာ ပြဿနာမီးမွှေတတ်သော အတတ်ပညာကိုပါ အပိုင်အနိုင် သင်ကြားထားနိုင်ခဲ့လေပြီ…
"ဒါမှမဟုတ်ရင် ဘာလို့ ညီအစ်ကိုနှစ်ယောက်လုံးမှာ သားကျွန်မ တစ်ယောက်မှ မရှိရတာလဲ..."
"အာ... မင်းပြောတာ တကယ်ဟုတ်တယ်ဟ..."
"မှန်လိုက်လေဗျာ၊ သူတို့မိသားစုရဲ့ ‘မျိုးရိုးလိုက်တဲ့ရောဂါ’ ကတော့ တကယ်ကို ကြောက်စရာကြီးပဲ..."
"အဲဒီလိုမျိုးကြီး မျိုးရိုးလိုက်ရလားဗျာ... ဒါဆို သူတို့ ဆွေစဉ် မျိုးဆက်က အရှေ့မှာတင် ပြတ်တောက်သွားတော့မှာပေါ့..."
"မင်းကလည်း... အပြင်ကလူတွေနဲ့များ ရောယှက်နေမနေ ဘယ်သူသိမှာလဲ... သူတို့ တကယ်ပဲ ‘ချဲ’ ဆိုတဲ့ မျိုးရိုးအစစ်ရော ဟုတ်ရဲ့လား မသိဘူးနော်..."
"အင်း... အဲဒါလည်း တွေးစရာပဲ..."
ချန်ချင်းယွီပင်လျှင် ဆွံ့အသွားရရှာသည်။ သူမသည် လူအုပ်ကြီး၏ အတင်းအဖျင်းပြောနိုင်စွမ်းကို အထင်သေးမိသွားခဲ့လေပြီ… မိမိကိုယ်မိမိ အတင်းပြောရာတွင် ဆရာကျလှပြီဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ တောထက် တောင်မှာ ပိုမြင့်နေသည်ကို တွေ့လိုက်ရ၏။
သူမသည် ချဲယုံဖုန်းနှင့် ချဲယုံချန်းညီအစ်ကိုနှစ်ဦးကို ကြည့်ရင်း စ်တ်ထဲမှ ညည်းလိုက်မိသည်။
အမလေး... ဘုရားရေ... နင်တို့တော့ ကံဆိုးတာပဲ…
"တော်စမ်း… ပါးစပ်ပိတ်ထားကြစမ်း၊ မင်းတို့လို လူညစ်တွေ..."
ချဲယုံဖုန်းမှာ ဒေါသတကြီးဖြင့် ဆတ်ဆတ်ခါနေကာ ခြိမ်းခြောက် အော်ဟစ်လိုက်၏။
"ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်... မင်းတို့ကောင်တွေ လျှောက်ပြီး ရူးကြောင်ကြောင် စကားတွေ ပြောနေတာ... ငါ မင်းတို့ကို အလွတ်မပေးဘူး......"
သူသည် ရှေ့သို့ ဒေါသတကြီး ပြေးဝင်လာရာ လူအုပ်ကြီး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်ကို မြင်သည်နှင့် ချန်ချင်းယွီသည် ကျောက်ခဲလေးတစ်လုံးကို သူ့ထံသို့ ချက်ချင်းပင် လက်ကလေး မြှောက်ပစ်လိုက်လေသည်။
မှောင်မည်းပြီး လေပြင်းထန်လှသော ဤကဲ့သို့နေ့မျိုးမှာ ကွယ်ရာမှ ဒုက္ခပေးရန် အကောင်းဆုံး အချိန်အခါပင်တည်း။
ချဲယုံဖုန်းသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
"အား......"
စူးရှသော အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာခဲ့၏။
လူအုပ်ကြီးမှာ တခွီးခွီး ရယ်မောကြပြီး တိတ်တဆိတ်ပင် နောက်သို့ ဆုတ်ခွာသွားကြသည်။
"ငါကတော့ သူ့ကို လုံးဝမထိဘူးနော်”
"အင်း... မင်းပြောတာ ဟုတ်ပါတယ်၊ ငါလည်း သူ့ကို မထိဘူး... ငါက သူ့ထက် အဝေးကြီးမှာ ရှိနေတာ၊ ငါ့ကို လာပြီး အပြစ်ပုံချဖို့ မကြိုးစားနဲ့"
"ဒါနဲ့... သူ့ခြေထောက်တွေက ဘာလို့ ခွေကျသွားရတာလဲ..."
"ခြေထောက်တွေ ခွေကျသွားတာက သဘာဝကျပါတယ်လေ၊ ဘာပဲဖြစ်ဖြစ် သားကျွန်မမှ မရနိုင်တာကို..."
လူအုပ်ကြီးထံမှ ဟားတိုက်ရယ်မောသံများ ဆူညံစွာ ထွက်ပေါ်လာပြီး ထိုရယ်မောသံများမှာ ပဲ့တင်ထပ်လျက် ရှိနေတော့၏။
ဤသည်မှာ တကယ့်ကို အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ပွါးမှုကြီးတစ်ခုပင်…
ချန်ချင်းယွီသည် ဤရုန်းရင်းဆန်ခတ် အခြေအနေကြီးကို ဆက်လက်၍ မကြည့်ရှုသင့်တော့ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ တကယ်၍ ခဏကြာလျှင် လူစိမ်းများ ရောက်ရှိလာပါက မည်သို့ပြုမည်နည်း။ ၎င်းတို့သည် အလွန်အမင်း ဆူညံအောင် ပြုလုပ်နေကြသဖြင့် ဤနေရာမှာ လုံခြုံမှု မရှိတော့ချဲ။
သတိချပ်ရမည်မှာ ဤနေရာသည် မှောင်ခိုဈေးတစ်ခု ဖြစ်သည်ဟူသောအချက်ပင်။
မှောင်ခိုဈေးများတွင် များသောအားဖြင့် အာဏာရှိသော နောက်ခံလူများ ရှိတတ်ကြသော်လည်း မည်သို့ပင်ဖြစ်စေ မှောင်ခိုဈေးကွက်သာ ဖြစ်၏။ ဤမျှအထိ ဆူညံအော်ဟစ် နေကြခြင်းမှာ လုံးဝ မသင့်လျော်လှပေ။
ထိုသို့မဟုတ်လျှင် ဤနေရာကို မှောင်ခိုဈေးဟု ခေါ်ဆိုလိမ့်မည်
မဟုတ်ဘဲ တရားဝင်ဈေးကြီးတစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သို့ဖြစ်ရာ ဤအခြေအနေမှာ လုံးဝ မရိုးရှင်းတော့ချဲ။
ချန်ချင်းယွီသည် ပွဲကြည့်ရသည်ကို သဘောကျနေမိသော်လည်း ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ နောက်သို့ ထပ်မံဆုတ်ခွာလိုက်ပြီး အော်ပြောလိုက်၏။
"ဒီလောက်တောင် ဆူညံနေတာ၊ ငါတို့တော့ ပြဿနာ အဖြစ်မခံနိုင်ဘူးဟေ့..."
လူတိုင်းသည်လည်း အန္တရာယ်ရှိနေပြီဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။ ပွဲကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသော်လည်း ဤနေရာသည် မှောင်ခိုဈေးကွက် ဖြစ်နေသည် မဟုတ်လော့။
ဘာလဲ... ပြဿနာရှာချင်နေကြတာလား...
ဒီလောက်ဆူညံ ပွက်လောရိုက်နေတာ လက်ပတ်နီတွေ လာဖမ်းမှာကို မကြောက်ကြဘူးလား…
"အမလေး... ဘုရားရေ၊ မြန်မြန် ပြေးကြစို့..."
"ဟုတ်တယ်၊ ငါတို့ ဒီကနေ မြန်မြန် လစ်မှဖြစ်မယ်..."
"ဟေ့... ငါ ပစ္စည်းဝယ်ချင်သေးတယ်ဗျ..."
"ပြဿနာတွေ ထပ်မရှာကြပါနဲ့တော့၊ ဒါက တကယ် အခြေအနေ မကောင်းတော့ဘူး..."
အမြော်အမြင်ရှိပြီး သတိကြီးသူအချို့မှာ လူအုပ်ထဲမှ ချက်ချင်း ရုန်းထွက်လိုက်ကြပြီး အလောတကြီး ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။
သို့သော် တိုက်ဆိုင်ချင်တော့... အချို့လူများ မိမိတို့၏ ဆိုင်ခန်းများကို စတင်သိမ်းဆည်းကာ သိပ်မဝေးလှသော နေရာသို့ ရောက်ရှိရုံမျှသာ ရှိသေးစဉ်... တစ်စုံတစ်ယောက် အနားသို့ ချဉ်းကပ်လာနေသည်ကို လှမ်းမြင်လိုက်ရသည်။ ၎င်းတို့အနေဖြင့် ကြိုတင် မြင်တွေ့လိုက်ရသဖြင့် တကယ့်ကို ကံကောင်းသွားသည်ဟု ဆိုရမည်။
"ဒုက္ခပါပဲ... လူတွေ လာနေကြပြီ..."
"အား......"
"ပြေးကြ၊ ပြေးကြ..."
"ဘုရား... ဘုရား... အဖမ်းမခံရပါစေနဲ့..."
သူတို့သည် ပစ္စည်းလာရောက် ဝယ်ယူသူများသာ ဖြစ်ကြသော်လည်း အဖမ်းခံရနိုင်သည့် အန္တရာယ်မှာ အလွန်ပင် ကြီးမားလှ၏။
ဝယ်ယူထားသော ပစ္စည်းများအတွက် ပိုက်ဆံပေးချဲပြီးသားသူဆိုလျှင် ပို၍ပင် စိုးရိမ်ပူပန်နေကြတော့သည်။ ချန်ချင်းယွီတစ်ယောက် ဤသို့တစ်ခါမှမကြုံဖူး၍ လှည့်ပြေးဖို့ပြင်လိုက်၏။ သို့သော် သူမ မလှုပ်ရှားနိုင်ခင်မှာပင် မှောင်ခိုဈေးရှိ လူများမှာ ပိုမြန်နေပြီး အော်ဟစ်သတိပေးကြလေသည်။
“အားလုံး ဒီဘက်ကိုပြေးကြ၊ ဒီနားတစ်ဝိုက်က လမ်းကြားတွေချည်းပဲ၊ ပတ်ပြေးရင် ပိုမြန်တယ်..မြန်မြန်၊ လူခွဲပြီးပြေးကြ...”
မှောင်ခိုဈေးရှိ လူများသည် စနစ်တကျရှိပြီး အားလုံး ကြိုတင်ပြင်ဆင်ထားကြသည်မှာ မြင်သာလှ၏။
ချန်ချင်းယွီလည်း လူအုပ်ကြီးနှင့်အတူ ရောယောင်ပြေးရတော့သည်၊
နေပါဦး…သူမမှာ ပစ္စည်းတွေ သယ်ထားရသေးတယ်လေ…
ဘုရားရေ...
သူမ ဤနေရာသို့ အကြိမ်အနည်းငယ် ရောက်ဖူးသော်လည်း မှောင်ခိုဈေးတွင် လူဖမ်းသည့်အဖြစ်မှာ ပထမဆုံး ကြုံဖူးခြင်းဖြစ်သည်။
ချန်ချင်းယွီတစ်ယောက် လေအဟုန်ဖြင့် ပြေးလေတော့၏။
“ငါ... အား...”
“အား…ဘယ်သူက ငါ့ကို နင်းသွားတာလဲ…အားးး...”
လူတိုင်း အပြင်းအထန် ပြေးလွှားနေကြသော်လည်း ချဲညီအစ်ကိုနှစ်ယောက်သာ မြေပြင်ပေါ်မှာလဲကျရင်း ထပ်ခါတလဲလဲ အကန်ခံနေရသည်။ ချန်ချင်းယွီ ပြေးနေရင်း နောက်လှည့်ကြည့်ဖို့ မမေ့ဘဲ ထိုနှစ်ယောက် နင်းခြေခံရပြီး အော်ဟစ်ညည်းညူနေကြသည်ကို မြင်လိုက်ရ၏။
“ဟူး... ကံဆိုးလိုက်တာ...”
ချန်ချင်းယွီ တွေးလိုက်မိသည်။
“ပြေး...”
သူမသည် အတည်ငြိမ်ဆုံးလမ်းဆီသို့ ဦးတည်ပြီး ဝုန်းခနဲ ပြေးထွက်ခဲ့သည်။ နောက်မှ ခြေသံများလိုက်လာသည်ကို ကြားလိုက်ရ၏။ သူမ ဘေးဘီဝဲယာ ခေါက်တုံ့ခေါက်ပြန် အရှိန်အဟုန်ဖြင့် ပြေးနေရသည်။ သို့သော် ပစ္စည်းများသယ်ထားရသဖြင့် အသက်ကို ပြင်းပြင်းရှူနေရ၏။
သူမက စွန်းဝူခုံးမှမဟုတ်တာ၊ သာမန်လူတစ်ယောက်ပဲလေ…
မောပန်းနွမ်းနယ်နေပြီး နောက်မှ မည်သူလိုက်နေမှန်းလည်း မသေချာတော့ဘဲ လမ်းကြားထဲတွင် သူမတစ်ယောက်တည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ တံတိုင်းတစ်ခုပေါ် တက်လိုက်ပြီး ထိုမှတစ်ဆင့် ခေါင်မိုးပေါ်သို့ တက်ကာ သတိကြီးစွာဖြင့် ဝပ်နေလိုက်၏။
“အရင်ဆုံး ပုန်းနေလိုက်ဦးမယ်”
သူမ ဝပ်လိုက်ရုံရှိသေး၊ လူအနည်းငယ် သူမရှိရာဘက်သို့ ပြေးလာကြသည်ကို မြင်လိုက်ရသည်။
နောက်ထပ် လူအနည်းငယ်သည်လည်း မောဟိုက်လျက် ဖြတ်ပြေးသွားပြီးနောက် လက်မောင်းပတ်အနီ ဝတ်ထားသည့် အမျိုးကျွန်မ ရောက်လာ၏။ သူတို့သည် အလောတကြီး မသွားကြဘဲ… ပတ်ဝန်းကျင်တွင် လူမရှိသည်ကိုမြင်မှ
“ဘယ်သူမှ မရှိတော့ဘူး၊ ဒီဘက်ကို ဘယ်သူမှ ပြေးမလာဘူးထင်တယ်.. ပြန်ရအောင်”
အပေါ်စီးမှ ငုံ့ကြည့်ရင်း လက်မောင်းပတ်အနီ ဝတ်ထားသည့် အမျိုးကျွန်မသည် သူမကို တကယ် လိုက်ဖမ်းနေခြင်း မဟုတ်ကြောင်း ချန်ချင်းယွီ သဘောပေါက်သွားသည်။
ဒါလည်း ဟုတ်တာပဲ…
ဒီနေရာမှာ မှောင်ခိုဈေးဖွင့်တဲ့သူတွေက အဆက်အသွယ်နဲ့ ဩဇာအာဏာ ရှိကြတာ အသေအချာပေါ့…
ထို့ကြောင့် သူတို့သည် ယေဘုယျအားဖြင့် အလွန်အကျွံ မလုပ်ကြကာ လူတိုင်းကိုလည်း ဖမ်းချင်မှ ဖမ်းကြ၏။ ထို့အပြင် မြန်မြန်ပြေးနိုင်သောသူများသည် ပစ္စည်းမဝယ်ရသေးသောသူများ သို့မဟုတ် ရောင်းသူသည် ပစ္စည်းများကို ပစ်ချပြီး ထွက်ပြေးသွား၍သာ ဖြစ်လိမ့်မည်။ မဟုတ်လျှင် မည်သူမှ ဤမျှ မြန်မြန်မပြေးနိုင်ပေ။ထို့ကြောင့် အမြန်ပြေးသွားသောသူများကို လိုက်ဖမ်းနေရန် မလိုအပ်ပေ။
အကယ်၍ လက်ရဖမ်းဆီးရမိသည့် ပစ္စည်းတစ်စုံတစ်ရာမျှ မရှိလျှင်လည်း ၎င်းတို့ကို ဝယ်ယူသူအဖြစ်သာ သတ်မှတ်နိုင်ပြီး ဒဏ်ငွေအနည်းငယ်မျှသာ ကျခံရမည်ဖြစ်သည်။
ရောင်းချသူများမှာမူ ပိုမိုပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရနိုင်သော်လည်း ပုံမှန်ရောင်းချနေကျ မှောင်ခိုကုန်သည်များမှာ အလွန်ပါးနပ်ကြသဖြင့် အနီးအနား၌ အရန်အစီအစဉ်များ အသီးသီး ပြင်ဆင်ထားကြသည်သာ။ ၎င်းတို့သည် ဖမ်းဆီးခံရမည့် ဘေးမှ လွတ်မြောက်ရန်အတွက် အရင်းအနှီးအချို့ ဆုံးရှုံးရသည်ကို လိုလိုလားလား ရှိကြ၏။ ထို့ကြောင့် လက်မောင်းပတ်အနီ ဝတ်ဆင်ထားသူများသည် ပြကွက်တစ်ခုအနေဖြင့်သာ ဟန်ပြဖမ်းဆီးခြင်း ဖြစ်လေသည်။
၎င်းတို့သည် မည်သူ့ကိုမျှ ဖမ်းဆီးရမိခြင်း မရှိတော့သဖြင့် အားလုံး ပြန်လည်ထွက်ခွါသွားကြ၏။
“ဟူး...”
ချန်ချင်းယွီ သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။ ပွဲကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းသဖြင့် ယခုအချိန်သည် လျှောက်ဆော့ရမည့် အချိန်မဟုတ်ကြောင်းကိုပင် သူမ မေ့လျော့နေခဲ့၏။
ထိုလူနှစ်ဦး မည်မျှအထိ ပြင်းထန်စွာ နင်းခြေခံလိုက်ရသည်ကို သူမ သိရှိလိုလှသည်။ အထိနာဆုံးမှာ ဝက်သားရောင်းသူ ကျူးလောင်တ ဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပေ၊ သူသည် အမှန်တကယ်ပင် ဝက်သားများစွာ ဆုံးရှုံးသွားခဲ့ရလေ၏။သို့သော်လည်း ဆိုင်ကို မည်သူ မှောက်လှန်ပစ်ခဲ့သည်ကို အားလုံး မြင်တွေ့ခဲ့ကြသဖြင့် ချဲယုံဖုန်း ညီအစ်ကိုနှစ်ဦးကိုမူ အလွယ်တကူ လွှတ်ပေးကြမည် မဟုတ်ချဲ။
မှောင်ခိုရောင်းသူများသည် ကြမ်းကြုတ်ရက်စက်သည့် ပုံသဏ္ဌာန် မပေါက်သော်လည်း သူတို့ကို လျှော့မတွက်သင့်ပေ။ ထိုမှောင်ခိုသမားများတွင် နောက်ခံအင်အားနှင့် နည်းလမ်းကောင်းများ မရှိဟု ချန်ချင်းယွီတစ်ယောက် လုံးဝမယုံကြည်ပေ။
အကယ်၍ သူတို့၌ အစွမ်းအစသာ မရှိပါက ထိုမျှများပြားလှသော ဝက်သားများကို မည်သည့်နေရာမှ ရရှိနိုင်မည်နည်း။
ဤမျှ များပြားလှသည့် ပမာဏကို သာမန် အဆက်အသွယ်
အနည်းငယ်မျှဖြင့် မည်သို့မျှ မရရှိနိုင်သည်မှာ အမှန်ပင်။
ချန်ချင်းယွီသည် စိတ်ကို ဦးစွာတည်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် ပစ္စည်းများကို ပခုံးပေါ်သို့ လွှဲပြောင်းထမ်းပိုးကာ တံတိုင်းပေါ်မှ ခုန်ဆင်းခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သူမတစ်ဦးတည်းသာ ရှိတော့သဖြင့် တံတိုင်းခြေရင်းအတိုင်း သတိကြီးစွာဖြင့် ချဉ်းကပ်လျှောက်လှမ်းလာခဲ့၏။
အမှန်တကယ်၌ သူတို့အားလုံး အဆင်ခြင်မဲ့ခဲ့ကြခြင်း ဖြစ်သည်။ မှောင်ခိုဈေးအတွင်း ဆူဆူပူပူ ရုန်းရင်းဆန်ခတ် လုပ်ခဲ့ကြသောကြောင့်သာ လက်မောင်းပတ်အနီများ ရောက်ရှိလာရခြင်း ဖြစ်၏။
ချန်ချင်းယွီသည် တံတိုင်းခြေရင်းအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့ရာ မကြာမီမှာပင် စကားပြောသံများကို ကြားလိုက်ရသဖြင့် တံတိုင်းပေါ်သို့ အမြန်ပြန်လည်တက်ရောက်ကာ ပုန်းကွယ်လိုက်ရပြန်သည်။ အို... ဤညသည်ကား အတော်ပင် သက်ဝင်လှုပ်ရှားနေပါတကား….
မှောင်ခိုဈေးတွင် ပြဿနာနှင့်ကြုံရသည်မှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် အထူးပင် သတိထားရပေမည်။
ချန်ချင်းယွီသည် တံတိုင်းအထက်သို့ ပိုမိုမြင့်မားစွာ တက်လိုက်၏။
အမြင့်ဆုံးတွင် ရပ်တည်နိုင်မှသာ အဝေးဆုံးအထိ မြင်ကွင်းကျယ်ကျယ် ကြည့်ရှုနိုင်မည် မဟုတ်လော့။
ချန်ချင်းယွီသည် တံတိုင်းပေါ်၌ ဝပ်စောင်းကြည့်ရှုနေစဉ် လက်မောင်းပတ်အနီ ဝတ်ဆင်ထားသူများကို လှမ်းမြင်လိုက်ရသည်။ ၎င်းတို့သည် နှစ်ဦးတစ်ဖွဲ့၊ သုံးဦးတစ်ဖွဲ့ဖြင့် အုပ်စုဖွဲ့ကာ ပြန်လာနေကြပြီး လက်ထဲတွင်လည်း အသားများ၊ ကြက်၊ ဘဲများနှင့် ကြက်ဥတောင်းများကိုယ်စီ သယ်ဆောင်လာကြ၏။ ထိုပစ္စည်းများသည် အစောပိုင်း၌ မှောင်ခိုဈေးတွင် လူများ စွန့်ပစ်ထွက်ပြေးခဲ့ကြသည့် ပစ္စည်းများ ဖြစ်ရပေမည်။
“ဒီနေ့ ရလိုက်တဲ့အထုပ်က သိပ်မများလှဘူး… ဒီကောင်တွေက တော်တော်လေး အပြေးမြန်ကြတာကိုး.. ငါကတော့ ဒီထက်မက အများကြီး ရမယ်လို့ ထင်ထားတာ၊ ဒါနဲ့ဆို စားဖိုဆောင်ကလူတွေ အပိုဟင်းစားဖို့တောင် လောက်ငှမှာ မဟုတ်ဘူး၊ ကြည့်စမ်းပါဦး... အများစုက အသားတွေချည်းပဲ၊ တခြားဟာက သိပ်မပါဘူး၊ တကယ်ပါပဲ... ဒီလူတွေ ယဉ်ကျေးမှု မရှိလိုက်တာ.. ပြေးတော့မယ်ဆိုလည်း ပစ္စည်းတွေကို ဒီအတိုင်း စွန့်ပစ်သွားကြတာပဲ၊ တစ်ပြင်လုံးလည်း ရှုပ်ပွနေတာပဲ… အသားတွေဆို မြေကြီးပေါ် ပြုတ်ကျကုန်လို့ ပြန်သွားရင် ဆေးကြောရဦးမယ်၊ စိတ်ပျက်စရာကောင်းလိုက်တာ၊ ဆိုင်ခုံပေါ်မှာ သေသေချာချာလေး ထားခဲ့ရင် ဖြစ်သားပဲကို”
“မင်းကလည်း အလကားရတာကို အကောင်းပကား လိုချင်သေးတယ်လား”
“စိတ်ကူးထဲတင် တွေးကြည့်တာပါကွာ”
“ဒီလို လေပြင်းထန်တဲ့ ရာသီဥတုမျိုးမှာ အခုလို လာပြီး ဆူဆူပူပူ လုပ်နေကြတာဆိုတော့ သူတို့လည်း တော်တော်လေး ကျပ်တည်းနေကြလို့ ဖြစ်မှာပါ… ခိုးရောင်းခိုးဝယ် လုပ်ရုံတင်မကဘဲ ပြဿနာပါ လာရှာနေကြတာ၊ အားလုံး ရူးကုန်ကြပြီ ထင်တယ်တော့်”
“ဟုတ်ပကွာ.. ကျားနှုတ်ခမ်းမွှေးကို သွားဆွဲတဲ့အလားပဲ၊ ကိုယ့်သေတွင်းကိုယ် တူးနေကြတာ”
“ဒါနဲ့... ဒီနေ့ လူဘယ်နှယောက် ဖမ်းမိလဲ”
“မပြောပါနဲ့တော့ ဆရာရယ်၊ နှစ်ယောက်ထဲတင် မိတာ… အဲဒီနှစ်ယောက်ဆိုရင်လည်း လူတွေနင်းသွားလို့ သေလုမြောပါး ဖြစ်နေပြီ”
“အို... အဲဒီလောက်တောင် နည်းတာလား။ ဒါဆို ဒဏ်ငွေကလည်း အနည်းအကျဉ်းပဲ ရမှာပေါ့”
“ဒါပေါ့... ဘယ်သူက မပြေးဘဲ နေမှာလဲ.. အကုန်လုံး အပြေးမြန်ကြတာကိုး”
ပစ္စည်းများကိုယ်စီ သယ်ဆောင်ထားသော လူတစ်စုသည် ချန်ချင်းယွီ၏ မျက်စိအောက်တည့်တည့်မှ ဖြတ်သန်းသွားကြသည်။ တံတိုင်းပေါ်တွင် ခိုအောင်းနေသော ချန်ချင်းယွီသည် ၎င်းတို့၏ စကားဝိုင်းမှ သတင်းအချက်အလက် အတော်များများကို ကြားသိလိုက်ရ၏။
အထူးတလည် ပြောနေစရာပင်မလိုဘဲ အဖမ်းခံရသူနှစ်ဦးမှာ ချဲညီအစ်ကိုများ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
လက်ပတ်အနီများ မရောက်ရှိလာမီကပင် မှောင်ခိုဈေးမှ လူအချို့သည် ၎င်းတို့ကို ရိပ်မိနှင့်ပြီးဖြစ်၍ အချိန်မီ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့ပြင် အချို့သူများသည်လည်း တမင်လွှတ်ပေးခဲ့ကြသဖြင့် အားလုံး လွတ်မြောက်သွားကြခြင်း ဖြစ်မည်။ ထိုညီအစ်ကိုနှစ်ယောက်သာလျှင် အထိနာလှသဖြင့် မပြေးနိုင်ဘဲ ကျန်ရစ်ခဲ့ရရှာ၏။
“တကယ့်ကို ကံဆိုးမိုးမှောင်ကျတဲ့ ကောင်တွေပဲ...”
“ဒါပေမဲ့ သူတို့ ခံရတာ ထိုက်တန်ပါတယ်...”
ချန်ချင်းယွီသည် သူတို့အပေါ် မည်သည့်ဂရုဏာမျှ မသက်ရောက်မိဘဲ ထိုသူတို့၏ ကံဆိုးမှုသည်ပင် လောကအတွက် ကောင်းကျိုးတစ်ခုဟု မှတ်ယူလိုက်သည်။
ချန်ချင်းယွီသည် ထိုလူစု ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးမှ တံတိုင်းပေါ်မှ ပြန်လည်ခုန်ဆင်းခဲ့၏။
ယခုတစ်ကြိမ်တွင်မူ သူမသည် ခြေလှမ်းများကို ခပ်သွက်သွက်လှမ်းကာ အိမ်သို့ အမြန်ဆုံး ပြန်လာခဲ့တော့သည်။ တိုင်ဖွန်းမုန်တိုင်း မကျရောက်သေးသော်လည်း လေပြင်းများ တိုက်ခတ်နေဆဲဖြစ်၍ တံခါးချပ်များသည် တကျိကျိ မြည်ဟည်းနေ၏။ ချန်ချင်းယွီသည် အိမ်ရှေ့တံခါးကြီးမှ ဝင်မလာဘဲ တံတိုင်းကို ကျော်တက်ကာ အလယ်ကွက်လပ်ဆီသို့ ဦးတည်ခဲ့သည်။ ဘေးကင်းစိတ်ချရပြီဟု သေချာမှသာ အောက်သို့ ခုန်ဆင်းခဲ့၏။ အဘွားကြီးကျောက်သည် သူမအတွက် တံခါးကို အနည်းငယ် ဟထားပေးမည်မှာ သေချာသဖြင့် ချန်ချင်းယွီသည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ အိမ်ထဲသို့ ခြေဖွဖွနင်းကာ ဝင်လာခဲ့သည်။
“ချွေးမလေးလား”
“ကျွန်မပါ အမေ”
အဘွားကြီးကျောက်သည် တစ်မှေးမျှမအိပ်ဘဲ စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။
“အပြင်မှာလည်း လေတွေတိုက်နေပြီး ညည်းကလည်း ပြန်မလာသေးတော့ ငါဖြင့် အတော်လေး စိုးရိမ်နေတာအေ”
သူမ ပြောဆိုကာ မေးမြန်းလိုက်၏။
“ဒီနေ့ အားလုံး အဆင်ပြေရဲ့လား”
ချန်ချင်းယွီ : “ဒီနေ့ မှောင်ခိုဈေးမှာ လက်ပတ်အနီတွေ ဝင်ဖမ်းတာနဲ့ တည့်တည့်တိုးခဲ့တယ် အမေ”
အဘွားကြီးကျောက်သည် ထိတ်လန့်တုန်လှုပ်သွားကာ ကုတင်ပေါ်မှ အမြန်ထထိုင်ပြီး
“ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ငါ့ကို မြန်မြန်ပြောပါဦးအေ… ညည်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကိုပဲ ကျေးဇူးတင်ရမယ်၊ တကယ်ပါပဲ... ညည်းကတော့ ငါ့ကို ခြောက်လှန့်ပြီး သတ်နေတာပဲ...”
“ရှင်ကလည်း ဘာကို ကြောက်နေတာလဲ… ကျွန်မရဲ့ အစွမ်းအစကို ရှင်မသိဘူးလား… အခု ကျွန်မ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရုံတင်မကဘူး၊ ပစ္စည်းတစ်ခုမှလည်း မဆုံးရှုံးခဲ့ဘူးနော်”
ချန်ချင်းယွီ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
သူမသည် ပြုံးရွှင်လျက် စိတ်အားထက်သန်စွာဖြင့် အစပျိုးလိုက်၏။
“ဒီနေ့ ပွဲကတော့ တကယ့်ကို အလွန် စည်ကားတာပဲ.. ရှင့် ယုံတောင် ယုံမှာမဟုတ်ဘူး၊ ကျွန်မ ပြောပြမယ်...”
ချန်ချင်းယွီသည် စကားပြောရန် အလွန် အလျင်စလို ဖြစ်နေမိသည်။ အဘွားကြီးကျောက်သည် ပုံမှန်အားဖြင့် အတင်းအဖျင်း ပြောရုံမျှသာ သိသော်လည်း ဗဟုသုတမူ အတော်အတန် ကြွယ်ဝသူ ဖြစ်၏။ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသဖြင့် ချန်ချင်းယွီတစ်ယောက် အိပ်ချင်စိတ်ပင် ပျောက်ဆုံးနေခဲ့ပြီ ဖြစ်သည်။ သူမ အဘွားကြီးကျောက်ကို ထိုင်ရန် ဆွဲခေါ်လိုက်သော်လည်း အဘွားကြီးကျောက်မှာ
“ခဏလေး စောင့်ဦး...”
ချန်ချင်းယွီ “.........”
“ငါတို့အိမ်မှာ လက်ဖက်ခြောက် အကြေလေးတွေ ရှိသေးတယ်လို့ မှတ်မိသား…ခဏလေး စောင့်ဦး၊ ငါ သွားယူခဲ့မယ်.. ငါတို့ လက်ဖက်ရည် သောက်ရင်းနဲ့ စကားစမြည် ပြောကြတာပေါ့”
ချန်ချင်းယွီ ဆွံ့အသွားပြီးနောက် နှုတ်ခမ်းကို အသာစေ့ကာ
“ဒါဆိုရင်လည်း ခဏစောင့်ဦး၊ ကျွန်မဆီမှာလည်း နေကြာစေ့တွေ ရှိသေးတယ်”
သူတို့ ကျွန်မယောက္ခနှစ်ဦးစလုံးသည် အသီးသီး လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားကြပုံရပေသည်။
အဘွားကြီးကျောက် : “ကျန့်ဝမ်ဆုံးပါးတုန်းက စက်ရုံကလူတွေက နာရေးအတွက် ဒါတွေကို ဝယ်ပေးခဲ့ကြတာလေ… ငါက လာသမျှ ဧည့်သည်တွေကို လက်ဖက်ရည်ကြမ်းနဲ့ တည်ခင်းချင်တယ်လို့ တောင်းဆိုခဲ့တာ၊ မာကျန့်ယီလည်း မလွဲသာလို့ သဘောတူခဲ့ရတာပေါ့၊ ဟဲဟဲ... အဲဒါနဲ့ပဲ ငါက အများစုကို ဝှက်ထားလိုက်တာ”
နေပါဦး… စက်ရုံကဝန်ထမ်းဝတ်စုံ၊ ဗြောက်အိုးတွေ၊ အခု လက်ဖက်ခြောက်… ဘုရားရေ.. အဘွားကြီး ရှင်ကတော့ တော်တော်လည်း ဝှက်နိူင်တာပဲ…
“လူဆိုတာ စားတာ သောက်တာ ဝတ်တာ ဆင်တာကြောင့် မဆင်းရဲနိုင်ပေမယ့် ကြိုတင်မပြင်ဆင်တတ်ရင်တော့ ဆင်းရဲသွားတတ်တယ်အေ။ ငါ့သားက စက်ရုံအတွက်နဲ့ အသက်ပေးခဲ့ရတာပဲ… စက်ရုံက နာရေးကိစ္စကို တာဝန်ယူပေးတာဆိုတော့ ငါကလည်း တတ်နိုင်သမျှ များများတောင်းရမှာပေါ့… ငါက ဘာလို့ ကပ်စေးနှဲနေရမှာလဲ”
အဘွားကြီးကျောက် ဆက်လက် ဆိုလေသည်။
ချန်ချင်းယွီ ခေါင်းညိတ်ထောက်ခံလိုက်၏။
“ဟုတ်ပါတယ်လေ”
“ဒါပေါ့အေ”
“အမေက အဲဒါတွေကို အလကားရခဲ့တာ၊ ကျွန်မကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ခဲ့ရတာ”
“ညည်းကလည်း တော်တော်လေး လက်ဖွာတာပဲ”
ချန်ချင်းယွီ : “ဒါတွေ ထားလိုက်ပါတော့.. ကျွန်မလည်း အမေ့ဆီက ပိုက်ဆံအပို တောင်းတာမှ မဟုတ်တာ၊ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် သတ်မှတ်ထားတဲ့ လူမှုစရိတ်ပဲ ပေးကြတာပဲဥစ္စာ”
“ငါက ဘာမှမပြောပါဘူးအေ၊ကဲ... ငါ မြည်းစမ်းကြည့်ဦးမယ်၊ဟယ်... တကယ်ကို သေသေချာချာလေး လှော်ထားတာပဲ၊ မွှေးကြိုင်နေတာပဲ”
မှောင်မိုက်လှသော ညဉ့်နက်သန်းခေါင်ယံ အချိန်ဝယ် ယောက္ခမနှင့် ချွေးမနှစ်ဦးသည် နေကြာစေ့များကို ဝါးစားရင်း၊ လက်ဖက်ရည်ကြမ်းကို မြိန်ယှက်စွာ သောက်သုံးရင်းဖြင့် စကားစမြည် ပြောဆိုနေကြတော့သည်။
ချန်ချင်းယွီ : “ကျွန်မဒီနေ့ မှောင်ခိုဈေးဘက် သွားနေတုန်း ချဲယုံဖုန်းနဲ့ ချဲယုံချန်း ညီအစ်ကိုနှစ်ယောက်နဲ့ တည့်တည့်တိုးခဲ့တာ၊ အဲဒီနှစ်ကောင် ပေါ်လာတာနဲ့ သူတို့ကို ဆုံးမဖို့ အခွင့်ကောင်းပဲဆိုပြီး ကျွန်မလည်း နောက်ကနေ အသေအချာ လိုက်သွားတာပေါ့၊ဒါပေမဲ့ ဘုရားရေ... ကျွန်မ တကယ်ကို မထင်ထားဘူး.. သူတို့ရုပ်ကသာ ဆိုးတာ၊ လုပ်ပုံလုပ်နည်းတွေကတော့ တကယ့်ကို အဆန်းတကြယ်တွေ၊ သူတို့ကလေ...”
စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။
“ဘာလဲ... ဘာဖြစ်လို့လဲ.. ချဲယုံဖုန်းက အမှန်တကယ်ပဲ လီရှောင်ယွီနဲ့လည်း ငြိစွန်းနေတာ ဟုတ်စ”
အဘွားကြီးကျောက် အလန့်တကြား မေးမြန်းလေသည်။
ချန်ချင်းယွီ ခေါင်းညိတ်ပြရင်း “ကျွန်မပြောတာကို ဆက်နားထောင်ဦးလေ...” ဟု ဆိုကာ တတွတ်တွတ် ဆက်ပြောလေ၏။
ချန်ချင်းယွီတစ်ယောက် သူမ၏ အတိတ်ဘဝတွင် ဤကဲ့သို့သော အဖြစ်အပျက်မျိုး တစ်ခါမျှ မကြုံဖူးပေ။
သူမ၏ အတိတ်ဘဝ၌ သတင်းအချက်အလက် နည်းပညာ ထွန်းကားသဖြင့် အင်တာနက်ပေါ်တွင် သတင်းစုံ လျှောက်ကြည့်နိုင်သော်လည်း မိမိပတ်ဝန်းကျင်တွင်မူ ဤမျှ အဓိပ္ပာယ်မရှိသော အတင်းအဖျင်းမျိုး မရှိခဲ့ဖူးပေ။ သူမ ကျင်လည်ခဲ့ရသော ပတ်ဝန်းကျင်မှာ နှိုင်းယှဉ်ကြည့်လျှင် ရှုပ်ထွေးမှု မရှိလှပေ။ ထို့ပြင် ထိုကဲ့သို့သော အားကစားပြိုင်ဆိုင်မှု နယ်ပယ်တွင် လူအများစုသည် အရည်အချင်းကိုသာ အဓိကထား ကြည့်ရှုကြခြင်း ဖြစ်သည်။
ထို့ကြောင့် ချန်ချင်းယွီသည် ငယ်စဉ်က ဆင်းရဲဒုက္ခအချို့ ကြုံတွေ့ခဲ့ရသော်လည်း ကြီးပြင်းလာသောအခါ သူမ၏ ပတ်ဝန်းကျင်တွင် လူကောင်းများသာ အများစု ဖြစ်ခဲ့၏။ ဖျော်ဖြေရေးလောကမှ နာမည်ကျော် မင်းသားတစ်ဦး ပြောဖူးသကဲ့သို့ပင် ‘မင်း အောင်မြင်သွားတဲ့အခါ မင်းရဲ့ ပတ်ဝန်းကျင်မှာ လူကောင်းတွေချည်းပဲ ရှိနေလိမ့်မယ်’ ဟူသော စကားအတိုင်းပင် ….
အမှန်တကယ်တွင် မည်သည့်လုပ်ငန်းခွင်တွင်မဆို ထိပ်ဆုံးသို့ ရောက်ရှိသွားပါက အခြေအနေချင်း တူညီကြသည်သာ….
သို့ဖြစ်၍ ချန်ချင်းယွီသည် မိမိပတ်ဝန်းကျင်တွင် ဤကဲ့သို့ အောက်တန်းကျသော ကိစ္စရပ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ခြင်းပင်။
သူမသည် မျက်လုံးအစုံကို ဝိုင်းစက်နေအောင် ဖွင့်လျက် ပြောဆိုကာ ရင်သပ်ရှုမော ဖြစ်နေ၏။
“ကျွန်မ တကယ်ကို မထင်ထားဘူး။ ဘယ်သူက သိမှာလဲ၊ အဲဒီလူတွေက ကိုယ့်ကိစ္စကိုယ် ရှက်ရကောင်းမှန်းမသိဘဲ အဲဒီလိုမျိုး အလွယ်တကူ ထုတ်ပြောလိုက်တာ… အဲ့နေရာတင်…...”
အဘွားကြီးကျောက်မှာမူ မျက်လုံးအစုံ ပြူးထွက်လုမတတ် ဖြစ်သွားရပြန်သည်။ သူမသည် ထပ်မံ၍ စိတ်အာရုံ တုန်လှုပ်ခြောက်ခြားဖွယ်ရာ သတင်းစကားကို ကြားသိလိုက်ရပြန်၏။
နေ့စဉ်ရက်ဆက်ဆိုသလို အဘယ်ကြောင့် ဤမျှ စည်ကားလှသော ပြဿနာများ အဆက်မပြတ် ပေါ်ပေါက်နေရသနည်း…
အဘွားကြီးကျောက်သည် အလွန် နားမလည်နိုင်အောင် ဖြစ်ရသကဲ့သို့ အကြီးအကျယ်လည်း တုန်လှုပ်ခြောက်ခြားသွားရရှာ၏။ သူမကဲ့သို့ အာကျယ်ရုံသာ လျှောက်အော်တတ်သော အဘွားအိုမျိုးမှာ အခြားသူများနှင့် နှိုင်းယှဉ်ပါက ဘာမျှမဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။ သူမသည် အရာရာကို အပေါ်ယံတွင်သာ ပွင့်ပွင့်လင်းလင်း ပြသတတ်သော်လည်း အခြားသူများမှာ…
ကြည့်ပါဦး.. မျက်နှာပေါ်မှာတော့ လူသားချင်းစာနာထောက်ထားမှု အပြည့်နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ချင်ယောင် ဆောင်နေကြပြီး ကွယ်ရာကြတော့ ယုတ်မာညစ်ထေးနေတဲ့ အမှုကိစ္စတွေကို လုပ်ဆောင်နေတယ်…
ညစ်ပတ်လိုက်တာ၊ တကယ့်ကို ရွံရှာဖွယ်အတိပဲ…
“ဘုရားသခင်ရေ... သူတို့မှာ သိက္ခာတရားဆိုတာ မရှိကြတော့ဘူးလား”
“သူတို့ကတော့ အသေအချာကို မရှိတာပေါ့ အမေရဲ့… သူတို့ကိုယ်တိုင်က ဂရုမစိုက်လို့ပဲ ဒီအတိုင်း လွှတ်ခနဲ ပြောလိုက်တာပေါ့၊ အဲဒီအချိန်တုန်းက မှောင်ခိုဈေးမှာ လူတွေအများကြီး ရှိနေတာ၊ လူတိုင်းလည်း ကြားလိုက်ကြတယ်.. ပြီးတော့ မှောင်ခိုဈေးကလည်း အဖမ်းခံလိုက်ရသေးတယ်။ ကျွန်မ ခန့်မှန်းရသလောက်တော့ သူတို့အကြောင်းတွေက သေချာပေါက် ပြန့်သွားတော့မှာ.. မနေ့က မှောင်ခိုဈေးထဲမှာ စက်ရုံကလူတွေ မရှိဘူးလို့ ကျွန်မ လုံးဝမယုံဘူး၊ ပြီးတော့ အဲဒီနှစ်ယောက်ကို မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေးရုံးကလူတွေ ဖမ်းသွားတာဆိုတော့ စက်ရုံကိုလည်း သေချာပေါက် အကြောင်းကြားမှာပဲ၊ ရဲဘော်ကျန်းကတော့... ဟဲဟဲ... တတိယအကြိမ်မြောက် မျက်နှာပျက်ရဦးမယ်”
ချန်ချင်းယွီ ဆက်လက် ပြောပြလေသည်။
အတွင်းရေးမှူးကျန်း မျက်နှာပျက်ရမည့်အရေးကို ကြားသိရသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
အဘွားကြီးကျောက်သည်လည်း ဝမ်းသာအားရ ဖြစ်မိကာ၊ ဝမ်ကျန့်ကော်သည် မိမိတို့မိသားစုကို တမင်သက်သက် ထောင်ချောက်ဆင်ခဲ့ခြင်း မဟုတ်နိုင်ဟု တွေးမိသည်။
သူတို့သည် သာမန်အိမ်နီးနားချင်းများသာ ဖြစ်ကြရာ ဝမ်ကျန့်ကော်ကို တစ်စုံတစ်ဦးမှ ဩဇာပေး စေခိုင်းခဲ့ခြင်းသာ ဖြစ်ရပေမည်။
ချဲယုံဖုန်း၏ ဉာဏ်ပညာ အရည်အချင်းမျိုးဖြင့် ဝမ်ကျန့်ကော်ကို စေခိုင်းရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ ဝမ်ကျန့်ကော်သည် ပစ္စည်းဝယ်ယူရေး ကိုယ်စားလှယ်တစ်ဦး ဖြစ်သဖြင့် ဉာဏ်ပြေးပြီး လည်ဝယ်သူတစ်ဦး ဖြစ်ရာ ချဲယုံဖုန်း၏ စကားကို နားထောင်မည် မဟုတ်ပေ။
ချဲယုံဖုန်းသည် မိမိညီဖြစ်သူအတွက် အလုပ်အကိုင် တောင်းခံပေးရန်ပင် မစွမ်းဆောင်နိုင်၍ ဝမ်ကျန့်ကော်မှာ ချဲယုံဖုန်းတွင် အစွမ်းအစရှိသည်ဟု မည်သို့ ယုံကြည်လေမည်နည်း။
ထို့ကြောင့် အထူးတလည် ပြောနေစရာပင်မလိုကာ၊ ဝမ်ကျန့်ကော်ကို စေခိုင်းနိုင်သူမှာ အခြားသော အာဏာရှိသူတစ်ဦးသာ ဖြစ်ရမည်။
ဤအချက်ကိုမူ အဘွားကြီးကျောက်ကဲ့သို့သော အဘွားအိုပင်လျှင် သေသေချာချာ တွက်ချက်မိလေ၏။
ယခုအခါ သူမသည် ပြင်ပတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သဖြင့် လုံးဝ အမြင်မကျဉ်းသော အဘွားအိုတစ်ဦး ဖြစ်လာချေပြီ… ထို့ကြောင့် အစစအရာရာကို တွက်ချက်ကြည့်လိုက်လျှင် အတွင်းရေးမှူးကျန်း လက်ချက်သာ ဖြစ်ရပေမည်။
“အဲ့အဘိုးကြီးက တစ်နေ့တစ်နေ့ လူကောင်းကြီးလိုလို ဘာလိုလိုနဲ့ ဟန်ဆောင်နေပြီး လူလိုမကျင့်တာ။ အခုလို အရှက်ကွဲတာလည်း ခံရမှာပေါ့၊ ထိုက်တန်ပါတယ်”
“သူ အကြီးအကျယ် အရှက်ကွဲပြီး ရာထူးကနေ ဆင်းပေးရမလား မသိဘူး”
အဘွားကြီးကျောက် ဟဲဟဲ ရယ်မောရင်း မေးမြန်းလိုက်၏။
ချန်ချင်းယွီ အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းခါပြကာ
“ကျွန်မထင်တော့ မဆင်းရနိုင်ဘူး အမေ… ပြီးတော့ သူ ရာထူးက ဆင်းသွားရင်တောင် တက်လာဖို့ အလားအလာအရှိဆုံးက ဒုတိယစက်ရုံမှူး ဟယ်ပဲ.. သူက အတွင်းရေးမှူးကျန်းနဲ့ တစ်ဖွဲ့တည်းလေ… ပြီးတော့ အတွင်းရေးမှူးကျန်းရဲ့ တူကလည်း တော်လှန်ရေးကော်မတီရဲ့ ညွှန်ကြားရေးမှူးလီပဲဥစ္စာ… သူတို့အားလုံးက တစ်နွယ်ငင်တစ်စင်ပါတွေချည်းပဲ”
“အာ... ဒါဆို ဒုတိယစက်ရုံမှူး ကျိုးက လူကောင်း မဟုတ်ဘူးလား”
“သူကတော့ ရာထူးတက်ဖို့ မလွယ်ဘူး အမေ… သူက ဒုတိယစက်ရုံမှူးတွေထဲမှာ အဆင့်အနောက်ဆုံးကလေ”
ချန်ချင်းယွီ ရှင်းပြလိုက်၏။
ချန်ချင်းယွီသည် စက်ရုံတွင် အလုပ်မလုပ်သော်လည်း ဝင်းထဲရှိလူများ စုဝေးစကားပြောသည့်နေရာသို့ မကြာခဏ သွားရောက်တတ်သဖြင့် စက်ရုံတွင်းရှိ အတင်းအဖျင်း သတင်းအချို့ကိုမူ အတော်အတန် သိရှိထားခြင်း ဖြစ်သည်။ စက်ရုံတွင် ဒုတိယစက်ရုံမှူး စုစုပေါင်း လေးဦးရှိရာ ရာထူးတက်ရန် အလွယ်ကူဆုံးသူမှာ ဒုတိယစက်ရုံမှူး ဟယ် ဖြစ်၏။
“အေး... ဒါနဲ့ နင်က သူတို့တွေ တစ်ဖွဲ့တည်းဆိုတာကို ဘယ်လိုလုပ် သိနေရတာလဲ”
အဘွားကြီးကျောက် သံသယစိတ်ဖြင့် မေးမြန်းလိုက်သည်။
ချန်ချင်းယွီ အတန်ကြာ စဉ်းစားပြီးနောက် လေသံကို အသာလျှော့ကာ စတင်ပြောပြလေတော့၏။
“ကျွန်မ အမေ့ကို လုံးဝမပြောဘဲ ချန်ထားခဲ့တဲ့ ကိစ္စတစ်ခု ရှိတယ် အမေ.. အဲဒီတုန်းကတော့ ယွမ်ရှောင်ချွေရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်လို့ မပြောခဲ့တာ၊ အခုတော့ ပြောပြလည်း ကိစ္စမရှိတော့ပါဘူး၊အရင်တုန်းက တစ်ခါကလေ...”
အကယ်၍ ယခင်ဆိုလျှင် ချန်ချင်းယွီသည် အဘွားကြီးကျောက် အလွဲအချော်လုပ်မိပြီး လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် ဧကန်မုချ ပြောပြရဲမည်မဟုတ်ပေ။ သို့သော် ဤရက်ပိုင်းအတွင်း အတူတကွ ပေါင်းသင်းလာခဲ့ကြရာ အဘွားကြီးကျောက်သည် အမျှော်အမြင်မရှိဘဲ လျှောက်အော်တတ်သူမျိုး မဟုတ်ကြောင်း ချန်ချင်းယွီ ရိပ်မိလာခဲ့သည်။ ထို့ပြင် ယွမ်ရှောင်ချွေသည်လည်း ထွက်ခွာသွားခဲ့ပြီဖြစ်ရာ သူမသည် ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို အဘွားကြီးကျောက်အား အသေးစိတ် ပြောပြလိုက်၏။
“အာ... သောက်ကျိုးနည်း… သောက်ကျိုးနည်း”
အဘွားကြီးကျောက်သည် အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရရှာသည်။ ထို့နောက် ဒေါသတကြီး ဆဲရေးတိုင်းထွာလေ၏။
“ငါလည်း ပြောပါတယ်... ယွမ်ရှောင်ချွေက ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျောက်ရုံနဲ့ မတည့်သွားရတာလဲလို့.. စဉ်းစားကြည့်တော့မှ ကျောက်ရုံက ပွဲစားလုပ်စားနေတာကိုး… သူက တကယ့်ကို ကိုယ်ချင်းစာတရား မရှိလွန်းရာကျနေပြီ.. ဘာလို့များ ရှစ်သွယ်လမ်းကြား (ပြည့်တန်ဆာအိမ်) ကိုသွားပြီး အပျော်အပါးခေါင်း မလုပ်တာပါလိမ့်… မဟုတ်ရင် သူ့ရဲ့ အရည်အချင်းတွေကို အလဟဿ ဖြုန်းတီးပစ်ရာ ရောက်နေတာပဲ… သူက ဘာဖြစ်လို့ ကိုယ့်သားကိုတောင် သူတပါးလက်ထဲ ထိုးအပ်ခဲ့ရလဲဆိုတာ ငါအခုမှ သဘောပေါက်တော့တယ်၊ ဒါတွေအားလုံးကို သူအရင်ကတည်းက လုပ်ဖူးနေတာကိုး၊ ယွမ်ရှောင်ချွေ ကံကောင်းသွားလို့ပဲ.. မဟုတ်ရင်တော့ အကြီးအကျယ် နစ်နာဆုံးရှုံးသွားတော့မှာ၊ ဒီသေချင်းဆိုးမကတော့ တကယ့်ကို လူယုတ်မာပဲ”
ချန်ချင်းယွီ : “ကျွန်မတို့ သူ့ကို သတိထားပြီး ပေါင်းကြတာပေါ့၊ နောက်ဆို အဝင်အထွက် နည်းနည်းပဲ လုပ်တော့မယ်”
ယခင်တွင်လည်း မိသားစုနှစ်စုကြား အဝင်အထွက် သိပ်မရှိခဲ့သဖြင့် “မူလခန္ဓာပိုင်ရှင်” ၏ အမှတ်သညာထဲတွင် ကျောက်ရုံသည် အကျင့်မကောင်းသူတစ်ဦးဟု မထင်မှတ်ခဲ့ပေ။ သို့သော် ယခုကြည့်ရသည်မှာ သူမကို လူဆိုးဟုမထင်ခြင်းမှာ ၎င်းတို့အကြား အတော်ပင် စိမ်းသက်ခဲ့ကြ၍သာ ဖြစ်ကြောင်း ထင်ရှားလှသည်။
အကယ်၍ အနည်းငယ်မျှ ရင်းနှီးခဲ့ကြပါက ဆယ်ပုံရှစ်ပုံခန့်မှာ ထောင်ချောက်ဆင် ခံရပေလိမ့်မည်။
ထို့ကြောင့် ဝေးဝေးမှ နေခြင်းသည်သာ အကောင်းဆုံး ဖြစ်၏။
“ဒီလူတွေအားလုံးက တစ်ဖွဲ့တည်းပဲ… ဘယ်သူပဲ အာဏာရရ၊ ဘယ်သူပဲ ရာထူးကဆင်းဆင်း အကျိုးစီးပွားကတော့ အတူတူပဲ၊ ဒါပေမဲ့ ဒါတွေက ကျွန်မတို့နဲ့ မဆိုင်ပါဘူး… ကျွန်မတို့က စက်ရုံမှူးရဲ့ အာရုံစိုက်မှုကို ခံရမယ့် အခြေအနေမျိုးအထိ မရောက်
သေးပါဘူး”
ချန်ချင်းယွီ ဆက်လက်ပြောဆိုလိုက်၏။
အဘွားကြီးကျောက် : “ဘယ်သူက ပြောလဲအေ… သူတို့တွေ အရင်တုန်းက ငါတို့ကို လှည့်ပတ်ပြီး ထောင်ချောက်ဆင် တွက်ချက်ခဲ့ကြတာ မဟုတ်ဘူးလား”
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
“ဒါလည်း ဟုတ်တာပဲ… ဒါပေမဲ့ သူတို့လို သိက္ခာအိုးတွေက လူမြင်ကွင်းမှာတော့ အောက်တန်းကျကျ လုပ်ရဲမှာ မဟုတ်ဘူး၊ ပြီးတော့လည်း အခုအချိန်မှာ ကျွန်မတို့လို ငါးစာပုစွန်ဆိတ်လေးတွေကို အဖက်လုပ်ပြီး နှိပ်ကွပ်နေဖို့ သူတို့မှာ အချိန်ရှိတော့မှာ မဟုတ်ဘူး၊ သူတို့အိမ်က သမက်ကောင်းကြီးက ကိုယ့်ညီအရင်းရဲ့ ဇနီးနဲ့ ငြိစွန်းနေတာလေ… ဒါကမှ တကယ့် အမှုကြီးအကျယ်ကြီး မဟုတ်လား”
အဘွားကြီးကျောက်သည် မိမိပေါင်ကို တဖြန်းဖြန်း ပုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်
“ဒါပေါ့အေ”
သူမသည် အလွန် စိတ်လှုပ်ရှားနေကာ
“အမလေး... ဒီကိစ္စကတော့ တကယ့်ကို... မနက်ဖြန်ကျရင် ငါ စက်ရုံဘက်ကို သွားပြီး သတင်းသွားစုံစမ်းရဦးမယ်၊ ဒီလိုပွဲမျိုးမှာ ငါမပါလို့ ဘယ်ဖြစ်မလဲ”
ချန်ချင်းယွီ ရယ်မောလျက် သတိပေးစကားဆိုလိုက်သည်။
“အရှိန်လေးတော့ ထိန်းဦးနော် အမေ၊ ကျွန်မတို့မိသားစုထဲက လူတစ်ယောက်ယောက် အဲဒီနေရာမှာ ရှိနေခဲ့တယ်ဆိုတာကို သူများတွေ မရိပ်မိပါစေနဲ့”
“ဒါကတော့ အသေအချာပေါ့အေ”
“ညည်း စိတ်ချပါ၊ ငါက အရာရာကို သတိကြီးကြီးထား လုပ်မှာပါ…ဒီမုဆိုးမဘဝနဲ့ နေရတဲ့ ရက်တွေက ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ ငါက ညည်းထက် ပိုသိတာမို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ရှိတဲ့ အခြေအနေမျိုးထဲ ရောက်အောင် လုပ်မှာမဟုတ်ဘူး၊ ငါက အဲဒီလောက်အထိ မအပါဘူးအေ… တကယ်လို့ တစ်ယောက်ယောက်က အဲဒီအကြောင်းကို ပြောနေပြီဆိုရင်တော့ ငါလည်း ဝင်ပြီး ဖြန့်ပွားပေးလိုက်ရုံပဲ၊ ဘယ်သူမှ မပြောသေးဘူးဆိုရင်တော့ ငါကပဲ ဘယ်သူမှမသိအောင် တိုးတိုးတိတ်တိတ် ကောလာဟလ လွှင့်ပစ်လိုက်မယ်၊ အဲဒီလိုဆိုရင် ဒါငါလို့ ဘယ်သူမှ သိမှာမဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုတော့ မကြာခင် လူအများ သိစေရမယ်..ဒီလို ကိစ္စမျိုးကို မချပြဘဲ နေလို့ဖြစ်မလဲ”
အဘွားကြီးကျောက် တတွတ်တွတ် ဆိုလေ၏။
ချန်ချင်းယွီ ထပ်မံ၍ သတိကြီးစွာဖြင့်
“အမေကတော့ အထူး သတိထားပါဦး… သူများတွေကလည်း အဲဒီလောက် မအကြဘူး”
အဘွားကြီးကျောက် : “ငါသိပါတယ်၊ ဒါကို ငါ အတိုင်းအတာတစ်ခုအထိ သိပြီးသား။ ပြီးတော့ ညည်းပြောတာလည်း မနေ့က လူတွေအများကြီး ရှိနေခဲ့တာ မဟုတ်လား၊ ဟဲဟဲဟဲ... ငါထင်တော့ ငါတို့ လျှောက်ပြောနေဖို့တောင် လိုမယ်မထင်ဘူး...”
ချန်ချင်းယွီ ခေါင်းညိတ်ပြလျက် ထောက်ခံလိုက်ကာ
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ် အမေ”
ယောက္ခမနှင့် ချွေးမနှစ်ဦးသည် မကောင်းကြံနေကြသော သူများကဲ့သို့ မဲ့ပြုံး ပြုံးလိုက်ကြရာ တကယ့် ဗီလိန်ကြီးများနှင့်ပင် တူနေတော့သည်။
အဟမ်း… ဘာဗီလိန်လဲ… မဟုတ်ရပါဘူးရှင်… တကယ်တော့ ကျွန်မတို့က အပြစ်ကင်းဆုံး လူသားလေးတွေပါ… သတင်းဖြန့်ချင်ရုံပဲရှိတာပါ..
သို့သော် ဤလူယုတ်မာများ ကံဆိုးမိုးမှောင်ကျသည်ကို မြင်တွေ့ရသည်မှာ အလွန် ဝမ်းမြောက်စရာ ကောင်းလှ၏။
ချန်ချင်းယွီ : “ဒီလို ကံဆိုးမိုးမှောင်ကျတဲ့ ကောင်တွေကတော့ ပိုပြီး ကံဆိုးလေ ကောင်းလေပဲ”
အဘွားကြီးကျောက် : “ဟဲဟဲ... ညည်းပြောစမ်းပါဦး၊ ဒါက ကျန့်ဝမ် အမှန်တကယ်ပဲ ဒီမှာရှိနေပြီး ငါတို့ကို အမြဲ ကာကွယ်စောင့်ရှောက်ပေးနေလို့ မဟုတ်ဘူးလား”
ချန်ချင်းယွီ ပြီးစလွယ်ပင် လိုက်လျောညီထွေ ပြန်ပြောလိုက်၏။
“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ သေချာပေါက် ဟုတ်တာပေါ့…သူက ကျွန်မတို့ကို စိတ်မချနိုင်လို့ သေချာပေါက် ကာကွယ်ပေးနေတာပါ”
သူမ ပြီးစလွယ်ပြောလိုက်ခြင်း ဖြစ်သော်လည်း အဘွားကြီးကျောက်မှာမူ တံတွေးတစ်ချက် ထွေးလိုက်ပြီး
“ငါ့ရဲ့ သေသွားတဲ့ ယောက်ျားကတော့ တကယ့်ကို အသုံးမကျတဲ့ဟာပဲ၊ ကြည့်စမ်း... သူက ငါ့သားလောက်တောင် အသုံးမကျဘူး၊ သေသွားတာတောင် ငါ့ကို ကာကွယ်ပေးဖို့ မပြောနဲ့၊ ဒီလို မြေခွေးတွေ၊ ကျားတွေက ငါ့ကို လာပြီး နှိပ်စက်စော်ကားနေကြတာ… ငါသာ မပြတ်သားရင် ဘယ်လောက်တောင် မတရား ခံရမလဲ မသိဘူး၊ ငါ့သားကိုပဲ ကြည့်ဦး... ငါ့သားကတော့ မရှိတော့တာတောင် ငါ့ကို ကာကွယ်ပေးနေတုန်းပဲ… ငါ့သားကပဲ အကောင်းဆုံးပါပဲအေ”
ချန်ချင်းယွီ : “...”
မဟုတ်ဘူးလေ... ကျွန်မက ရှင့်စကားကို ရမ်းပြီး ထောက်ခံလိုက်တာကို ရှင်က တကယ်ကြီး ယုံသွားတာလား….
အယူမသီးစမ်းပါနဲ့ရှင်…
အဘွားကြီးကျောက်မှာ အပြည့်အဝကို ယုံကြည်နေခြင်း ဖြစ်သည်။
“ငါတကယ် ထင်တာအေ၊ ငါ့သားက တကယ့်ကို ကောင်းတယ်၊ ကြည့်စမ်း... ငါ့ကို ဘယ်လောက်တောင် ကူညီပေးနေလဲ…. အခု ငါတို့အိမ်က ဘယ်လောက်တောင် အကျိုးအမြတ်တွေ ရနေပြီလဲ၊ အဲဒီ အောက်တန်းစား ကောင်တွေလည်း လေသံတောင် မဟဝံ့ကြတော့ဘူး”
ချန်ချင်းယွီခမျာ “... ဪ” ဟုသာ သံယောင်လိုက် နိုင်တော့၏။
အဘွားကြီးကျောက် : “ငါပြောသားပဲ... ဒါက ကျန့်ဝမ်ရဲ့ အစွမ်းပဲ၊ သူက...”
“မေမေ~”
ချစ်စနိုး နုနယ်သော အသံလေး ထွက်ပေါ်လာပြီး ရှောင်ယွမ်သည် မျက်လုံးများကို ပွတ်သပ်ရင်း ထထိုင်ကာ မေမေနှင့် အဘွားကို နားမလည်နိုင်စွာ ကြည့်ရှုနေသည်။ ထို့နောက် မျက်လုံးအစုံသည် အုတ်ကုတင်ပေါ်ရှိ နေကြာစေ့များနှင့် လက်ဖက်ရည်ကြမ်းအိုးဆီသို့ ရောက်ရှိသွားတော့၏။
မီးမထွန်းထားသော်လည်း ရှောင်ယွမ်လေးက မြင်လိုက်ရသည်လေ…ရှောင်ယွမ်သည် မျက်လုံးများကို ထပ်မံပွတ်သပ်ရင်း မယုံနိုင်
လောက်အောင် ဖြစ်ကာ ငြူစူပြောဆိုလိုက်၏။
“မေမေတို့က ညဘက်ကျမှ ခိုးစားနေကြတာကိုး”
ချန်ချင်းယွီ : “…”
အဘွားကြီးကျောက် : “...”
ထိုခဏ၌ သူတို့နှစ်ဦးစလုံး မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။
ရှောင်ယွမ်သည် အစ်ကိုဖြစ်သူ ရှောင်ကျားကို ဆွဲလှုပ်ရင်း အတင်းအော်နိုးလေသည်။
“ကိုကို ထဦး၊ ကိုကို မြန်မြန်ထဦး။ မေမေနဲ့ အဖွားက ညဘက် မအိပ်ဘဲ ကောင်းတာတွေကို ခိုးစားနေကြတယ်”
ရှောင်ကျားမှာ “အင်း...” ဟု ဆိုကာ မူးတူးဝူးတူးဖြင့် အိပ်မက်ကမ္ဘာမှ နိုးထလာ၏။
သူသည် ဆံပင်များကို ကုတ်ရင်း ထထိုင်ကာ ဝေဝေဝါးဝါးဖြင့်
“ခိုးစားနေတာလား”
ချန်ချင်းယွီ အလျင်အမြန်ပင် ချော့မော့ကာ ရှင်းပြလိုက်လေသည်။
“ခိုးစားနေတာ မဟုတ်ပါဘူးကွယ်။ မေမေနဲ့ အဘွားက အိပ်မပျော်လို့ ထပြီး စကားပြောနေကြတာပါ”
ချန်ချင်းယွီ လေသံနူးနူးညံ့ညံ့လေးသုံး၍
“မေမေတို့က သားတို့ သမီးတို့ကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ မီးတောင် မထွန်းရဲဘဲ နေကြတာလေ”
ရှောင်ကျားသည်လည်း ယခုမှ မျက်လုံးကို ပွတ်သပ်နိုင်တော့သည်။
ချန်ချင်းယွီ : “မေမေက ဘာဖြစ်လို့ ခိုးစားရမှာလဲ… မေမေ တကယ်စားချင်ရင် ပွင့်ပွင့်လင်းလင်းပဲ စားမှာပေါ့”
ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခေါင်းလေးများကို စောင်းကာ စဉ်းစားကြည့်လိုက်စဉ် ဤစကားသည်လည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ထင်မြင်သွားကြ၏။
ချန်ချင်းယွီ : “ကဲပါ... သားတို့ သမီးတို့ အိပ်ရာထဲ ပြန်ဝင်ပြီး ဆက်အိပ်ကြတော့နော်။ စားချင်တယ်ဆိုရင် မနက်ဖြန်ကျမှ မေမေ အကုန်ပေးမယ်.. ဒါတွေက နေကြာစေ့တွေပဲဥစ္စာ၊ သားတို့လည်း စားဖူးနေတာပဲ၊ ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး”
သို့သော် ဤသို့ပြောလိုက်လျှင် ကလေးငယ်များမှာ သဘောမတူကြပေ။
ရှောင်ကျား : “နေကြာစေ့က ကောင်းတဲ့အရာပဲ၊ အရသာရှိတဲ့ မုန့်ပဲဥစ္စာ”
“ဟုတ်တယ်”
ရှောင်ယွမ်လေးသည်လည်း ကလေးသံလေးဖြင့် တိုးတိုးလေး ထောက်ခံသည်။
ချန်ချင်းယွီ : “ကောင်းပါပြီ၊ ကောင်းပါပြီ၊ ကောင်းတဲ့အရာပေါ့။ ဒါဆို မေမေက မနက်ဖြန် သားတို့ စားဖို့အတွက် ချန်ထားပေးမယ်၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့”
“ဒါဆို အခု အိပ်ပျော်အောင် အရင်အိပ်ကြတော့နော်၊ ကလေးတွေက ညဘက် မအိပ်ရင် အရပ်မရှည်ဘဲ နေတတ်တယ်”
ချန်ချင်းယွီ ကလေးငယ်များကို အသာအယာ ပုတ်ပေးရင်း မိမိကိုယ်ကို ဥပမာပေးကာ ပြောလိုက်၏။
“သားတို့ သမီးတို့က သေသေချာချာ အိပ်ရမယ်… အကယ်၍ သေသေချာချာ မအိပ်ရင် မေမေ့လိုပဲ အရပ်ပုပုလေး ဖြစ်သွားလိမ့်မယ်”
သူမသည် ယခင်ဘဝ၌ အရပ် ၁ မီတာ ၇၀ ရှိခဲ့သော်လည်း ယခုဘဝတွင်မူ အရပ် ၁ မီတာ ၆၀ သာ ရှိသဖြင့် စိတ်ထိရှနာကျင်ရ၏။
သူမသည် ကလေးမွေးပြီးပြီဖြစ်ရာ အရပ်ဆက်ရှည်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။ ထို့ပြင် အာဟာရ ပြည့်ဝမှသာ အရပ်ရှည်နိုင်မည် ဖြစ်ပြီး မဟုတ်ပါက မည်မျှပင် အခြေခံကောင်းရှိပါစေ အလဟဿ ဖြစ်သွားရပေလိမ့်မည်။
ရှောင်ကျားသည် အိပ်ချင်မူးတူး ဖြစ်နေဆဲ ဖြစ်သော်လည်း မိခင်ကို ချော့မော့သောအားဖြင့် ဆိုလိုက်၏။
“မေမေက အရပ်ရှည်ပါတယ်၊ အများကြီး ရှည်ပါတယ်…သစ်ပင်ကြီးလိုပဲ ရှည်ပါတယ်”
ကလေးငယ်၏ စိတ်ထဲတွင်လည်း ဤသို့ပင် အမှန်တကယ် ထင်မြင်နေခြင်း ဖြစ်သည်။
ချန်ချင်းယွီ သဘောကျစွာ ရယ်မောရင်း
“မေမေက အဲဒီလောက်တောင် ကောင်းတာလား၊ ဒါဆို သားတို့က ပိုပြီး စကားနားထောင်ရမယ်နော်”
“ဟုတ်ကဲ့...”
ကလေးနှစ်ဦးသည် မျက်လုံးအစုံကို ဝိုင်းစက်နေအောင် ဖွင့်လျက် ပါးပြင်ဖောင်းဖောင်းလေးများဖြင့် ကြည့်ရှုနေကြရာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ချန်ချင်းယွီ၏ ပုံစံငယ်လေးများအတိုင်းပင် ဖြစ်သည်။ ချန်ချင်းယွီ သူတို့ကို အသာအယာ ပုတ်ပေးရင်း
“ကဲ... အိပ်ကြတော့နော်”
“ဒီကလေးတွေက ညဉ့်နက်သန်းခေါင်ကြီးမှာ ထလာကြသေးတယ်၊ တကယ့်ကို အားအင် ပြည့်ဝလွန်းတယ်”
အဘွားကြီးကျောက် တိုးတိုးလေး ညည်းတွားမိ၏။
“ကလေးဆိုတာ ဒီလိုပါပဲ”
ကလေးများကို သိပ်နေစဉ် ရှောင်ကျားမှာ မေးခွန်းထုတ်လာပြန်သည်။
“မေမေ... မေမေတို့က ဘာဖြစ်လို့ မအိပ်ကြသေးတာလဲ”
ချန်ချင်းယွီ : “မေမေက အိပ်မပျော်လို့ပါကွယ်၊ ဒါနဲ့ပဲ အဘွားနဲ့ စကားထိုင်ပြောနေတာ”
ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ဦးမှာမူ တစ်ရေးနိုးကာ အိပ်ချင်စိတ် မရှိကြ၍ “မေမေ... သားတို့ အိပ်ချင်သေးဘူး” ဟု တိုးတိုးလေး ဆိုကြ၏။
ချန်ချင်းယွီ : “ဒါဆို မေမေ သားတို့ကို သီချင်းဆိုပြရမလား”
“ဟုတ်ကဲ့~”
“နင်က သူတို့ကို အလိုလိုက်လွန်းနေတာ၊ စကားမနားထောင်ရင် တစ်ချက်လောက် ရိုက်လိုက်ရင်တင် အိပ်သွားကြမှာပဲ… အခုတော့ ကိစ္စတွေ များနေလိုက်တာ၊ ငါတို့ စကားပြောတာကို တကယ့်ကို အနှောင့်အယှက် ပေးနေတာပဲ၊ ငါက စကားပြောလို့ မဝသေးဘူးဥစ္စာ”
အဘွားကြီးကျောက်မှာ တတွတ်တွတ် ညည်းတွားလိုက်သည်။ သို့သော် ချန်ချင်းယွီက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်ကို မြင်သောအခါ အဘွားကြီးကျောက် ချက်ချင်း လေသံပြောင်း၍
“အဲ... ဒါဆိုရင်လည်း ငါလည်း အိပ်တော့မယ်အေ”
ဘုရားရေ… ချန်ချင်းယွီရဲ့ မျက်လုံးတွေက တကယ့်ကို ကြောက်စရာကြီး…
အဘွားကြီးကျောက်သည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ချန်ချင်းယွီ အမှတ်မထင်ဖြစ်နေခိုက် နေကြာစေ့တစ်ဆုပ်ကို ခပ်သွက်သွက်ပင် နှိုက်ယူကာ မိမိအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်လေသည်။
ဟဲဟဲ... မနက်ဖြန်ကျမှ ခိုးစားရမယ်..
ချန်ချင်းယွီသည်လည်း အိပ်ရာထဲ လှဲလျောင်းလိုက်တော့၏။ ယနေ့တွင် ဖြစ်ပျက်ခဲ့သမျှ အမှုကိစ္စများစွာ ကြုံတွေ့ခဲ့ရသဖြင့် သူမသည် အမှန်တကယ်ပင် အိပ်ချင်စိတ် မရှိသေးပေ။ အပြင်ဘက်တွင်မူ လေပြင်းများ တဝုန်းဝုန်း တိုက်ခတ်နေဆဲ ဖြစ်သည်။ ချန်ချင်းယွီ ကလေးငယ်များကို အသာအယာ ပုတ်ပေးနေစဉ် ကလေးငယ်များမှာ အိပ်ချင်စိတ်မရှိသေးကြောင်း ဆိုသော်လည်း ကလေးတို့သဘာဝမှာ လူကြီးများနှင့် မတူပေ။ မကြာမီမှာပင် ငိုက်မြည်းသွားပြီး...
ကျွတ်...
မျက်နှာချင်းဆိုင်ဘက်မှ အသံတစ်ချက် ထွက်ပေါ်လာသဖြင့် ချန်ချင်းယွီ၏ လှုပ်ရှားမှုများ ရုတ်ချည်း ရပ်တန့်သွားသည်။ သူမသည် ချက်ချင်းပင် ထထိုင်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်၏။
မျက်နှာချင်းဆိုင်အိမ်မှ အစ်မကြီးဖန်သည် ကုတ်အင်္ကျီအရှည်ကြီးကို ဝတ်ဆင်ကာ လက်နှစ်ဖက်ကို င်္အကျီလက်ထဲ ထိုးထည့်လျက် ကိုယ်ကို ကိုင်းကာ အရှေ့ဘက်ဝင်းဆီသို့ လျှောက်လှမ်းသွားသည်ကို တွေ့လိုက်ရသည်။
ချန်ချင်းယွီ: “ဘာပါလိမ့်… “
သူမ ဘာလုပ်မလို့လဲ…
ဒါက ဘယ်လိုမှ အိမ်သာသွားမယ့် ပုံစံမျိုး မဟုတ်ဘူး…
တကယ်လို့ အိမ်သာသွားရုံဆိုရင် ဘာဖြစ်လို့ ဒီလောက်အထိ ခိုးကြောင်ခိုးဝှက် လုပ်နေမှာလဲ…
ချန်ချင်းယွီသည် အကဲခတ်ရန်အတွက် ပြတင်းပေါက်မှန်တွင် မျက်နှာကို ကပ်ထားလိုက်၏။ ဒုတိယဝင်း၏ တံတိုင်းသည် အမြင်အာရုံအချို့ကို ကွယ်ထားသော်လည်း တိုက်တိုက်ဆိုင်ဆိုင်ပင် အစ်မကြီးဖန် ရောက်ရှိနေသည့်နေရာမှာ ချန်ချင်းယွီ သေသေချာချာ မြင်တွေ့နိုင်သည့် နေရာဖြစ်နေ၏။
ညဉ့်နက်သန်းခေါင်ယံ အချိန်ဝယ် အစ်မကြီးဖန်သည် အရှေ့ဘက်ဝင်းဆီသို့ ခြေဖွဖွနင်းကာ သွားရောက်ပြီးနောက် အင်္ကျီကြားထဲမှ အုတ်ခဲတစ်ခဲကို ဆွဲထုတ်လိုက်လေသည်။
ကံကောင်းသည်မှာ ယနေ့တွင် လေပြင်းတိုက်ခတ်နေသော်လည်း လရောင်မှာမူ အတော်ပင် လင်းထိန်နေ၍ပင်… မဟုတ်ပါက သေသေချာချာ မြင်တွေ့ရရန် ခဲယဉ်းပေလိမ့်မည်။
ဟဲ့.. သောက်ကျိုးနည်းကြီးတဲ့ အုတ်ခဲကြီးပါလား…
သူမ ဘာလုပ်တော့မလို့လဲ..
ချန်ချင်းယွီတစ်ယောက် အလွန် ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် အစ်မကြီးဖန်သည် သူမကို ကြာရှည် စောင့်ဆိုင်းမနေစေဘဲ ထိုအုတ်ခဲကြီးဖြင့် အရှေ့ဘက်ရှိ ပြတင်းပေါက်မှန်ကို တည့်တည့်မတ်မတ် လှမ်းထုပစ်လိုက်တော့သည်~~
ခွမ်း...
အဘွားကြီးကျောက်သည် လန့်
ဖြန့်ကာ ရုတ်တရတ် အော်ဟစ်လိုက်မိ၏။
“ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ...”
ထိုခဏ၌ ဒုတိယဝင်းအတွင်းရှိ အိမ်များအားလုံး၌ မီးများ အသီးသီး လင်းထိန်လာကြတော့သည်။
ယောက္ခမနှင့် ချွေးမနှစ်ဦးသည် လိုက်ကာနောက်ကွယ်တွင် ကပ်လျက် ခိုအောင်းရင်း လျှပ်စစ်မီးသီးကဲ့သို့ တောက်ပနေသော မျက်လုံးအစုံဖြင့် အပြင်သို့ ချောင်းမြောင်းကြည့်ရှုနေကြ၏။
“ဘုရားရေ... အစ်မကြီးဖန်က လင်စန်းရှင်း တို့အိမ်ရဲ့ ပြတင်းပေါက်မှန်ကို ခဲနဲ့ထုပစ်လိုက်တာပဲ...”
ချန်ချင်းယွီ ရင်သပ်ရှုမော အော်လိုက်မိသည်။
“ဟယ်.. ဟယ်..ဒါကတော့ဖြင့်...”
အဘွားကြီးကျောက် စဉ်းစားခန်း ဝင်သွား၏။
ထိုမိသားစုနှစ်စုကြားတွင် ကြီးကြီးမားမား ရန်ငြိုးရန်စ ရှိခဲ့ကြသည် မဟုတ်ပေ။
အကယ်၍ ရှိခဲ့သည်ဆိုလျှင် လင်စန်းရှင်းသည် ရှီရှောင်ဝေကို မျက်စိစပါးမွှေးစူးခဲ့ခြင်းကြောင့်သာ ဖြစ်လိမ့်မည်။
အာ... ဒါကြောင့်မို့လို့လား… ဖြစ်နိုင်ပါ့မလား…
အဘွားကြီးကျောက် ချန်ချင်းယွီကို နားမလည်နိုင်စွာ ကြည့်လိုက်ရာ ချန်ချင်းယွီက အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ဘယ်သူလုပ်တာလဲ... ဘယ်သူက ငါ့အိမ်ပြတင်းပေါက်ကို ခဲနဲ့ထုတာလဲ...”
အော်ဟစ်ဆဲဆိုသံကြီးသည် အရှေ့ဘက်ဝင်းဆီမှ ထွက်ပေါ်လာ၏။ အကယ်၍ ဝမ်ကျန့်ကော်တို့ မိသားစုအိမ်သာဆိုလျှင် ချန်ချင်းယွီတို့ မြင်တွေ့ရမည်မဟုတ်သော်လည်း လင်စန်းရှင်းတို့ မိသားစုမှာ အိမ်ရှေ့တံခါးကြီးနှင့် ကပ်လျက်နေထိုင်ကြသဖြင့် အရာအားလုံးကို ထင်ထင်ရှားရှား မြင်တွေ့နေရခြင်း ဖြစ်သည်။
အစ်မကြီးဖန်သည် ပြတင်းပေါက်မှန်ကို ထုပစ်လိုက်ပြီးနောက် အတန်ကြာ ဆွံ့အသွားပြီးမှ မိမိဘာလုပ်လိုက်သည်ကို သတိပြုမိသွား၏။ သူမသည် အရှေ့ဘက်ဝင်းမှ ချက်ချင်း ပြန်လှည့်ပြေးကာ မိမိအိမ်ဆီသို့ သုတ်ခြေတင်တော့သည်။ ထိတ်လန့်တုန်လှုပ်နေသောကြောင့် ဖြစ်ရမည်၊ လမ်းတွင် ခလုတ်တိုက်ကာ လဲကျလုမတတ် ဖြစ်သွားပြီးနောက် အိမ်ထဲသို့ သုတ်သီးသုတ်ပျာ ဝင်ရောက်သွားလေ၏။
“သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကတော့ တကယ့်ကို ညံ့ဖျင်းတာပဲ...”
ချန်ချင်းယွီ ညည်းတွားလိုက်သည်။
ဒီလောက် သာမန်ကိစ္စလေးကိုတောင် စိတ်မခိုင်ရှာဘူး… ပြတင်းပေါက်ကိုခွဲတာပဲ… ဘာဖြစ်လဲ.. လူသတ်နေတာမှ မဟုတ်တာ…
ချန်ချင်းယွီ၏ စကားပင် မဆုံးသေးမီ ~~~ ဒုန်း...
“အမလေး... ဘုရား ဘုရား...”
အဘွားကြီးကျောက် လန့်အော်လိုက်မိသည်။
အစ်မကြီးဖန်တစ်ယောက် အိမ်ထဲသို့ ခြေတစ်လှမ်း လှမ်းဝင်ရုံရှိသေး တံခါးချပ်ကြီးသည် ဝုန်းခနဲ ဆောင့်ပိတ်သွားခြင်းပင်…
ထိုအသံမှာ အလွန်ပင် ကျယ်လောင်လှ၏။
ချန်ချင်းယွီသည် ဒုတိယဝင်းအတွင်းရှိ အခြားသောအိမ်များကို ချက်ချင်း လှမ်းကြည့်လိုက်ရာ လူတိုင်းသည် ပြတင်းပေါက်မှန်များတွင် မျက်နှာကပ်လျက် အစ်မကြီးဖန်တို့အိမ်ကို စူးစူးစိုက်စိုက် စောင့်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ကဲ... လူတိုင်း မြင်သွားကြပြီ …
ဒါကတော့ တကယ့်ကို...
ချန်ချင်းယွီတစ်ယောက် ခဏမျှ ပြောစရာစကားမဲ့ သွားရရှာ၏။
“ဘယ်သူလုပ်တာလဲ... ဘယ်သူလုပ်တာလဲ... ဘယ်သူက ငါ့အိမ်မှန်ကို ခဲနဲ့ထုတာလဲ... မင်းတို့လို အသိတရားမရှိတဲ့ ကောင်တွေ... ဒီလို လေပြင်းတိုက်နေတဲ့ ရာသီဥတုမျိုးမှာ အခုလိုလုပ်ရတာ ကိုယ်ချင်းစာတရား လုံးဝမရှိဘူး... လူစိတ်မရှိတဲ့ ကောင်တွေ...”
လီချန်ရွှမ်းသည် မိမိအိမ်တံခါးဝတွင် ရပ်လျက် ဒေါသတကြီး အော်ဟစ်ဆဲဆိုနေတော့သည်။
“မှန်ကို ခွဲရဲတဲ့ သတ္တိရှိရင်လည်း ထွက်ခဲ့စမ်း... သတ္တိမရှိတဲ့ ကောင်တွေ...”
လင်စန်းရှင်းသည် ကုတ်အင်္ကျီကို ခြုံလျက် ထွက်လာပြီး လေသံအေးအေးဖြင့် ဖြောင်းဖျလိုက်ကာ
“ယောက်ျားရယ်... ထားလိုက်ပါတော့… ငါတို့အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ၊ မနက်ဖြန်ကျမှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့၊ လေတိုက်လို့ ဖြစ်တာလည်း ဖြစ်နိုင်တာပဲ… ငါတို့က အိမ်နီးနားချင်းတွေပဲဟာ၊ ဘာရန်ငြိုးမှလည်း ရှိတာမဟုတ်ဘူး၊ ဘယ်သူက ဒီလိုမျိုး လုပ်ပါ့မလဲ..နားလည်မှုလွဲတာ ဖြစ်မှာပါ”
“ဘာနားလည်မှုလွဲတာလဲ… ဒီလောက်ကြီးတဲ့ အုတ်ခဲကြီးကို... ဘယ်လို သရဲတစ္ဆေ လေပြင်းကများ ဒီအုတ်ခဲကြီးကို သယ်ပြီး လာထုနိုင်မှာလဲ၊ ဘယ်က အောက်တန်းစားလဲ၊ ထွက်ခဲ့စမ်း... ထွက်ခဲ့စမ်း...”
လီချန်ရွှမ်းသည် အရှေ့ဘက်ဝင်းတွင် ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်နေတော့၏။ ထိုအခါ အရှေ့ဘက်ဝင်းရှိ လူအားလုံး အလိုအလျောက်အတိုင်း အပြင်သို့ ထွက်လာကြပြီး အခြေအနေကို ဝိုင်းအုံကြည့်ရှုကြလေသည်။ မှန်တစ်ချပ်လျှင် ငွေအနည်းငယ်မျှ ကုန်ကျတတ်ရာ ဤသည်မှာ ငွေကုန်ကြေးကျ အလဟဿ ဖြစ်ရခြင်းပင်။ လူတိုင်းက တိုးတိုးတိတ်တိတ် ဝေဖန်ပြောဆိုနေကြ၏။
ဒုတိယဝင်းမှ ရွှီကောင်းမင်နှင့် အခြားလူအချို့လည်း ထွက်လာကြသည်။ အဘွားကြီးကျောက်သည် ဖိနပ်ကို အမြန်စွပ်လိုက်ရင်း
“ငါလည်း သွားကြည့်မှဖြစ်မယ်၊ ဒီလိုပွဲမျိုး လွတ်သွားလို့မဖြစ်ဘူး”
ချန်ချင်းယွီ ကလေးနှစ်ဦးကို လှမ်းကြည့်လိုက်ရာ အင်း... အိပ်ပျော်နေကြပြီ ….
ချန်ချင်းယွီသည်လည်း စပ်စုလိုစိတ်ဖြင့် အခြေအနေကို သွားရောက်ကြည့်ရှုရန်အတွက် အပေါ်အင်္ကျီကို အမြန်ကောက်စွပ်လိုက်တော့သည်။
လီချန်ရွှမ်း၏ အော်ဟစ်သံမှာ အလွန်ကျယ်လောင်သဖြင့် လူများ တဖြည်းဖြည်းနှင့် ထွက်လာကြသည်။ စတုတ္ထဝင်းမှ ဝမ်တာ့ချွေလည်း ထွက်လာခဲ့ပြီး တတွတ်တွတ် ညည်းတွားနေလေ၏။
“ဘာတွေ ဖြစ်ပျက်နေတာလဲ မသိဘူး… ဒီအချိန်ကြီးမှာ မအိပ်ကြဘဲ ဘာလို့ ဒီလောက် ဆူညံနေရတာလဲ၊ မနက်ဖြန် အလုပ်နောက်ကျရင် ဒုက္ခ”
ဝမ်တာ့ချွေသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ အလုပ်တစ်ရက်မျှ မပျက်ဖူးသော စံပြအလုပ်သမားကြီး ဖြစ်သည်။ သူသည် မျက်ခွံများ တွဲကျလုမတတ် အိပ်ချင်မူးတူး ဖြစ်နေသော်လည်း ပွဲကြည့်ချင်စိတ်မှာလည်း ရှိနေရှာ၏။ ချန်ချင်းယွီသည် အခြားသူများကို ဂရုမစိုက်ဘဲ အရှေ့ဘက်ဝင်းဆီသို့ အမြန်သွားကာ ထောင့်စွန်းတစ်ခုတွင် နေရာယူလိုက်သည်။ ပုံမှန်အားဖြင့် ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမအတွက် ရှေ့ထွက်ခွင့်ရရန် အကြောင်းမရှိပေ။
ဘာဖြစ်လို့လဲလို့ မမေးပါနဲ့…
ဤဝင်းထဲတွင် အရည်အချင်းရှိပြီး ဆရာကြီးလုပ်ချင်သူများ အလွန်များပြားလှသောကြောင့်တည်း…
သူမမှာမူ ဤဝင်းအတွင်း၌ အညတရ လူတစ်ယောက်မျှသာ ဖြစ်၏။
ချန်ချင်းယွီသည် ဘေးဘက်တွင် ရပ်နေစဉ် အစ်မကြီးဖန် ထွက်လာသည်ကို မတွေ့ရဘဲ ရှီရှန်းသာ ထွက်လာသည်ကို တွေ့လိုက်ရသည်။
ဒုတိယဝင်းမှ လူအားလုံး၏ အကြည့်များသည် ရှီရှန်းဆီသို့ တညီတညွတ်တည်း ရောက်ရှိသွားကြ၏။
လီချန်ရွှမ်းသည် အတန်ကြာ ဆွံ့အသွားပြီးနောက် မျက်လုံးကို အနည်းငယ်ကျဉ်းမြောင်းလျက် မေးမြန်းလိုက်လေသည်။
“ရှီရှန်း... မင်း ငါ့အိမ်မှန်ကို ခွဲလိုက်တာလား”
ရှီရှန်းက ချက်ချင်းပင် ပြန်လည်ချေပကာ
“ငါက ဘာဖြစ်လို့ ခွဲရမှာလဲ… ငါတို့အားလုံး အတူတူ ထွက်လာကြတာကို မင်းက ဘာလို့ ငါ့အပေါ် လာပုံချနေရတာလဲ၊ ငါက ဘာရန်ငြိုးရှိလို့ မင်းအိမ်မှန်ကို အကြောင်းမဲ့ လာခွဲရမှာလဲ”
“မင်းမဟုတ်ရင် လူတိုင်းက ဘာဖြစ်လို့ မင်းကိုပဲ ဝိုင်းကြည့်နေကြတာလဲ”
အကြည့်များမှာ အထင်အရှားပင်… လူတိုင်း သူ့ဆီသို့သာ ကြည့်နေကြခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ရာ မရှိခဲ့ပါက ၎င်းတို့ အဘယ်ကြောင့် ဤသို့ ကြည့်ကြမည်နည်း။
ရှီရှန်း၏ မျက်နှာသည် မည်းမှောင်သွားကာ ဒေါသကို အနိုင်နိုင်ထိန်းလျက်
“ငါလုပ်တာ မဟုတ်ဘူး၊ ငါကျိန်ရဲတယ်”
လင်စန်းရှင်း နှုတ်ခမ်းကို ကိုက်လျက် ရုတ်တရက်
“ဒါဆို ရှင်တို့အိမ်က အစ်မကြီးဖန်ကော ဘယ်မှာလဲ… ရှင်မဟုတ်ရင် သူမလုပ်တာ မဟုတ်ဘူးလို့ရော ဘယ်သူပြောနိုင်မလဲ”
ရှီရှန်း : “သူမက အိပ်ပျော်နေပြီ။ ငါတို့မိသားစုအပေါ် မတရား လာပြီး မစွပ်စွဲနဲ့”
ဒုတိယဝင်းမှ လူအားလုံးသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်။ ၎င်းတို့သည် အမှန်တကယ် မြင်တွေ့ခဲ့ကြသော်လည်း မည်သူမျှ ရှေ့ထွက်ကာ အမှန်အတိုင်း မပြောဝံ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ ကိုယ့်ကိစ္စမဟုတ်၍ အကြောင်းမဲ့ သွားရောက် ရန်ငြိုးဖွဲ့နေစရာ မလိုဟု ယူဆကြခြင်း ဖြစ်၏။ လီချန်ရွှမ်းတို့ မိသားစု မှန်ခွဲသည့်ကိစ္စကို သွားရောက်တိုင်ကြားခြင်းဖြင့် ၎င်းတို့အတွက် ပြားတစ်ချပ်မျှ အကျိုးအမြတ် ရရှိမည်မဟုတ်ဘဲ အကြောင်းမဲ့ ရန်ငြိုးဖွဲ့ရုံသာ ရှိပေလိမ့်မည်။
ဒါက တကယ့်ကို ဇယားမကိုက်ဘူးလေ…
ထို့ကြောင့် လူတိုင်း တိတ်ဆိတ်နေကြခြင်း ဖြစ်သည်။
“အကယ်၍ ညည်းတို့ထဲက တစ်ယောက်ယောက် မြင်ခဲ့တယ်ဆိုရင်လည်း အနည်းဆုံးတော့ စကားတစ်ခွန်းလောက် ဟပေးကြပါဦး၊ ငါတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြတဲ့ အိမ်နီးနားချင်းကောင်းတွေ မဟုတ်ဘူးလား.. ငါတို့ကို ဒီလိုမျိုး ဖုံးကွယ်ထားလို့ မရဘူးလေ… မနက်ဖြန် တိုင်ဖွန်းမုန်တိုင်း လာမယ်လို့ ပြောနေကြပြီး ဒီနေ့ကျမှ ပြတင်းပေါက်မှန်ကို လာခွဲကြတယ်.. ဒါက တကယ့်ကို ယုတ်မာလွန်းရာကျပြီ၊ ဒီနေ့ ငါတို့အိမ်ကို ခွဲရဲရင် မနက်ဖြန် ညည်းတို့အိမ်ကိုလည်း ခွဲရဲကြမှာပဲ.. ဒါကို ငါတို့ သည်းခံလို့မရဘူး၊ ဒါက ငါတို့ဝင်းထဲမှာ ပထမဆုံးအကြိမ် ဖြစ်တာမှ မဟုတ်တာ.. အဲဒီလူကို ဒီအတိုင်းပဲ လွှတ်ထားကြတော့မှာလား”
လင်စန်းရှင်းမှာ မတရားခံရသည့် လေသံလေးဖြင့် ပြောဆိုကာ ငိုမဲ့မဲ့ တောင်းပန်ရှာ၏။
သို့သော် လူတိုင်း ဆက်လက် တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မိမိတို့အိမ် အခွဲခံရတာမှ မဟုတ်တာလေ…
“ကောင်းပြီ... ကောင်းပြီ... ဒါဆို အိမ်နီးနားချင်းဆိုတာ ဒီလိုမျိုးပေါ့ ဟုတ်စ…ခင်များတို့ရဲ့ ကျင့်ဝတ်က ဒီလိုမျိုးလား၊ နောက်ဆို ငါတို့ဆီက ဘာကိုမှ မျှော်လင့်မနေကြနဲ့တော့… လူတိုင်းက ဒီလိုမျိုး ဖြစ်နေကြမှတော့ တခြားအကြောင်းတွေ ပြောမနေနဲ့တော့၊ နောက်ဆို ငါ့အိမ်ကို ဘာအကူအညီမှ လာမတောင်းကြနဲ့၊ ငါ မကူညီနိုင်ဘူး...”
လီချန်ရွှမ်း ဒေါသတကြီး ကြုံးဝါးတော့သည်။
“ညဉ့်နက်သန်းခေါင်ကြီး ငါတို့အားလုံး အိပ်ပျော်နေကြတာ၊ ဘာမှလည်း မသိဘူး… အသံကြားမှပဲ ထကြည့်ကြတာလေ”
ရှီကျန့်ရှန်းမှာ လူကောင်းကြီးအလား ဟန်ဆောင်ပြောဆိုလိုက်သည်။ အမှန်တကယ်တွင် သူမသည် အစ်မကြီးဖန် အိမ်ထဲသို့ ပြေးဝင်သွားသည်ကို မြင်တွေ့ခဲ့ရ၏။
“ဟုတ်ပါတယ်… ဒီလောက် နောက်ကျနေပြီပဲ၊ လူတိုင်း အိပ်ပျော်နေကြမှာပေါ့...”
“ဟုတ်တယ်၊ ဟုတ်တယ်… လီချန်ရွှမ်း... စိတ်လျှော့ပါဦး”
လူတိုင်း ငြင်းဆိုနေကြသော်လည်း လူအချို့မှာမူ ရှီရှန်းဆီသို့သာ စူးစူးစိုက်စိုက် ကြည့်နေကြဆဲ ဖြစ်သည်။ ရှီရှန်းသည် မိမိဇနီးဖြစ်သူမှာ ဤမျှ ကိစ္စများလှသဖြင့် စိတ်ပျက်နေမိသော်လည်း မျက်နှာကိုမူ တည်ထားဆဲဖြစ်၏။ ဤကိစ္စကို ဝန်ခံလိုက်လျှင် အမှန်တကယ် အရှက်ရစရာ ဖြစ်ရုံမက လျော်ကြေးပါ ပေးရမည် မဟုတ်လော့။
ထို့ကြောင့် ရှီရှန်းသည် မည်သူမျှ ရှေ့ထွက်ပြောရဲမည် မဟုတ်ကြောင်းကို အခွင့်ကောင်းယူကာ အသေအလဲ ငြင်းဆိုနေတော့သည်။
သို့သော် လီချန်ရွှမ်းနှင့် လင်စန်းရှင်းတို့သည်လည်း မအကြပေ။ မည်သူမျှ သူ့ကို လက်ညှိုးထိုး မစွပ်စွဲကြသော်လည်း လူတိုင်း ရှီရှန်းကိုသာ ကြည့်နေကြသည်မှာ ထင်ရှားလှ၏။
လီချန်ရွှမ်းသည် အတန်ကြာ စဉ်းစားကြည့်လိုက်ပြီးနောက် ဤသည်မှာ အစ်မကြီးဖန်၏ လက်ချက်ဖြစ်ရမည်ဟု ကောင်းစွာ သဘောပေါက်သွားသည်။ သူသည် မဲ့ပြုံး ပြုံးလိုက်ရင်း လှောင်ပြောင် ပြောဆိုလိုက်၏။
“ဒီကောင် လွတ်မသွားတာ အဆန်းမဟုတ်ပါဘူး… ကောင်းကင်မှာ မျက်စိရှိလို့ပဲ၊ အချို့လူတွေက စိတ်ပုပ်ပြီး ကိုယ်ချင်းစာတရား မရှိကြဘူး… သူတို့သားတွေ ကျေးလက်ဒေသကို ပို့ခံရတာ တကယ့်ကို ထိုက်တန်ပါတယ်”
“လီချန်ရွှမ်း... နင် ဘယ်သူ့ကို ပြောနေတာလဲ… ဘာအဓိပ္ပာယ်လဲ”
အစ်မကြီးဖန်သည် ဒေါသတကြီးဖြင့် မျက်လုံးများကို ပြူးလျက် အိမ်ထဲမှ ဝုန်းခနဲ ပြေးထွက်လာတော့သည်။
“ဘယ်သူလုပ်လဲ... အဲဒီလူကို ပြောတာပေါ့၊ ကျေးလက်ဒေသကို ရောက်သွားတဲ့ အဲဒီမိသားစုဝင်တွေ တစ်သက်လုံး ပြန်မလာနိုင်ပါစေနဲ့လို့ပဲ ဆုတောင်းရမှာပဲ”
လီချန်ရွှမ်း ထေ့ငေါ့ကာ ဆိုလေသည်။
“နင်လို ကောင်စုတ်... ငါ နင့်ကို သေအောင် ရိုက်မယ်...”
အစ်မကြီးဖန်သည် အရှေ့သို့ ဝုန်းခနဲ ပြေးဝင်သွား၏။
“ဘာလဲ… ခင်များရဲ့ အနာပေါ် တည့်တည့်တိုးသွားလို့လား.. ခင်များလုပ်တာ ဟုတ်တယ်မလား… ကျုပ်ရဲ့ လင်းလင်းက ကျေးလက်ဒေသကို သွားစရာမလိုလို့ ခင်များက မနာလို ဖြစ်နေတာ ကျုပ်သိတယ်… ဒါပေမဲ့ ဒီလို အောက်တန်းကျတဲ့ ကိစ္စမျိုးကို လုပ်ရဲတာတော့ ခင်များ တကယ့်ကို ရွံစရာကောင်းလွန်းတယ်...”
လီချန်ရွှမ်း အော်ဟစ်လိုက်သည်။
အစ်မကြီးဖန်သည် အတင်းဝင်လုံးတော့၏။ လီချန်ရွှမ်း မလှုပ်ရှားရသေးမီမှာပင် လင်စန်းရှင်းသည် အရှေ့သို့ ဝင်ခံကာ
“ညည်း ဘယ်လိုဖြစ်လို့ ဒီလိုမျိုး လုပ်ရက်ရတာလဲ၊ အစ်မကြီးဖန်... ငါက ညည်းကို လူကောင်းတစ်ယောက်လို့ အမြဲ ထင်ခဲ့တာ၊ ငါ တကယ်ပဲ လူမှားခဲ့တာပဲ...”
ပြောဆိုကာ ဆွဲလားရမ်းလားဖြင့် ဝင်ရောက် လုံးထွေးသတ်ပုတ်ကြတော့၏။
မိမိတို့မျက်စိရှေ့တွင်ပင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားလျက် အပြန်အလှန် တွန်းထိုးနေကြပြီ ဖြစ်သည်။
ချန်ချင်းယွီ: “...”
တကယ်ကြီး ချကြပြီပေါ့…
သူမ တွေးကြည့်မိသည်မှာ သူတို့ဝင်းအတွင်း၌ ရန်ဖြစ်ရမည့် အလှည့်ကျစနစ် သို့မဟုတ် သတ်မှတ်ချက်တစ်ခုခု ရှိနေ၍ ဖြစ်ရမည်သာ… မဟုတ်လျှင် မိမိတို့မိသားစု ပြဿနာပြီးသည်နှင့် အခြားမိသားစုများ အဘယ်ကြောင့် ချက်ချင်း ပြဿနာ လာရှာနေကြမည်နည်း။ ချန်ချင်းယွီသည် မိမိအိတ်ကပ်ကို အသာစမ်းကြည့်လိုက်ပြီး နေကြာစေ့တစ်ဆုပ်ကို နှိုက်ယူလိုက်၏။ ဤကဲ့သို့သော ပွဲကြီးကို နေကြာစေ့မပါဘဲ ကြည့်ရသည်မှာ အရသာ တစ်ဝက်ခန့် လျော့နည်းသွားသကဲ့သို့ ခံစားရသောကြောင့်ပင်…
သူမ ဤသို့ တွေးတောနေစဉ်မှာပင် ဘေးနားမှ နေကြာစေ့ဝါးသံ “တောက်... တောက်...” ကို ကြားလိုက်ရသည်။
ချန်ချင်းယွီသည် အံ့ဩသွားကာ …
ဘာလဲ... အခြားတစ်ယောက်ယောက်ကလည်း ငါ့လိုပဲ လုပ်နေတာလား…မဖြစ်နိုင်တာ...
သူမ လှည့်ကြည့်လိုက်ရာ
အို... ကြည့်စမ်းပါဦး၊ အခြားသူမဟုတ်ဘဲ မိမိ၏ ယောက္ခမဖြစ်သူ အဘွားကြီးကျောက်ပင်…
အဘွားကြီးကျောက်သည် ယခုအချိန်တွင် နေကြာစေ့ကို တဖျောက်ဖျောက် ဝါးစားရင်း ဤပွဲကြီးကို အားပါးတရ ကြည့်ရှု အားပေးနေခြင်း ဖြစ်၏။
အဘွားကြီးကျောက်သည် အမှန်တကယ်ပင် သဘောကျ စိတ်လှုပ်ရှားနေရှာသည်။
အမှန်ပင်... မိသားစုများအကြား အတင်းအဖျင်း သတင်းဟူသည်ကား မရှိမဖြစ် အရာတစ်ခု မဟုတ်ပါလား….
ကြည့်စမ်းပါဦး... ဘယ်လောက်တောင် စည်ကားလိုက်သလဲဆိုတာ…
မနက်ဖြန် အလုပ်သွားရသည့်အခါ သူမသည် အတင်းအဖျင်း သတင်းကမ္ဘာ၏ ရှေ့တန်းစစ်မျက်နှာပြင်သို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
မတတ်နိုင်ဘူးလေ… သူတို့ဝင်းကြီးကိုက အမြဲတစေ လှုပ်ရှားသက်ဝင်နေတတ်တာကို… မထူးဆန်းပါဘူးလေ…
အဘွားကြီးကျောက် ပွဲကြည့်ရသည်ကို သဘောကျနေသကဲ့သို့ အခြားသူများလည်း စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
အစ်မကြီးဖန်နှင့် လင်စန်းရှင်းတို့သည် အပြင်းအထန် လုံးထွေးနေကြပြီး လီလင်းလင်းနှင့် ရှီရှောင်ကွမ်းတို့မှာလည်း မိမိတို့ဆိုင်ရာဘက်မှ ကူညီအားဖြည့်နေကြစဉ် မိသားစုနှစ်စုမှ အမျိုးသားများမှာမူ ဘေးမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။
ဘယ်လို ယောကျာ်းတွေပါလိမ့်… တကယ့်ငကြောက်တွေပါလား…
ယောက်ျားတွေဆိုတာ... ဟင်း...
လင်စန်းရှင်း အားကိုးမဲ့စွာဖြင့် ငိုယိုကာ အော်ဟစ်လိုက်၏။
“ညည်း ဘယ်လိုဖြစ်လို့ ဒီလိုမျိုး လုပ်ရက်ရတာလဲ.. ဘာဖြစ်လို့ ငါ့အိမ်ပြတင်းပေါက်မှန်ကို ခဲနဲ့ထုရတာလဲ၊ ငါ့မိသားစုက ညည်းကို ဘယ်တုန်းက ပြစ်မှားဖူးလို့လဲ...”
အစ်မကြီးဖန်သည်လည်း ဆက်လက်ငြင်းဆိုမနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်ကာ
“နင်တို့က ဘာဖြစ်လို့ ငါ့သားကို အထင်သေးရတာလဲ… ငါ့သားက ကျေးလက်ဒေသကို သွားရတာကို နင်တို့က ပွဲကြည့်သလိုမျိုး ကြည့်နေကြတာ မဟုတ်ဘူးလား၊ ငါကကော နင်တို့ကို ပြန်ပြီး မတုံ့ပြန်ရဘူးလား”
သူမသည် မျက်လုံးအစုံ နီမြန်းလျက် အော်ဟစ်ပေါက်ကွဲတော့သည်။
ချန်ချင်းယွီ: ဪ... သေချာစဉ်းစားကြည့်တော့မှ ဒါကြောင့်မို့ကိုး... ~
အခန်း (၁၀၀) အတင်းအဖျင်းက နေရာတိုင်းမှာ
အစ်မကြီးဖန်တစ်ယောက် လင်စန်းရှင်း၏ ပြတင်းပေါက်ကို ရိုက်ခွဲလိုက်ခြင်းမှာ အပေါ်ယံကြည့်လျှင် ရုတ်တရက်ဆန်လှသော်လည်း အသေအချာ ဆန်းစစ်ကြည့်ပါက အကြောင်းရင်းခံ ရှိနေသည်ကို တွေ့နိုင်ပေသည်။
အမှန်တကယ်၌ ထိုမိသားစုနှစ်စုကြားတွင် ကြီးကြီးမားမား ရန်ငြိုးမရှိခဲ့ကြပေ။ ပြဿနာ၏ မြစ်ဖျားခံရာမှာ ရှီရှောင်ဝေနှင့် လီလင်းလင်းတို့၏ အရှုပ်အထုပ်သာ ဖြစ်၏။ လီလင်းလင်းသည် သူမ၏သား ရှီရှောင်ဝေအပေါ် စိတ်ဝင်စားနေခြင်းကို အစ်မကြီးဖန် အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ မိမိ၏သားမှာ ဆွဲဆောင်မှုရှိပြီး အရည်အချင်းရှိသည်ဟု ထင်မှတ်ကာ၊ လီလင်းလင်းကဲ့သို့သော ချွေးမမျိုးကို သဘောမကျသော်လည်း စိတ်ထဲတွင်မူ တစ်မျိုးတစ်ဖုံ ကျေနပ်နေခဲ့၏။
သို့သော် လင်စန်းရှင်းမှာမူ သူမ၏သားကို သဘောမကျရုံမျှမက ထိုသဘောမကျမှုကို ဗြောင်အတိအလင်းပင် ပြသခဲ့သည်။ ထို့အပြင် လီလင်းလင်းကိုလည်း အခြားသူတစ်ယောက်အား စိတ်ဝင်စားရန် တိုက်တွန်းခဲ့သဖြင့် အစ်မကြီးဖန်တစ်ယောက် အလွန်ပင် မကျေမနပ် ဖြစ်သွားရတော့၏။ အမှန်စင်စစ် လင်စန်းရှင်းတွင် အပြစ်မရှိသော်လည်း အစ်မကြီးဖန်သည် ထိုသို့မတွေးဘဲ ဒေါသအလိပ်လိပ် ထွက်နေခဲ့သည်။
မိမိသားအပေါ် စိတ်ဝင်စားနေသော မိန်းကလေးတစ်ယောက်သည် အခြားတစ်ယောက်ကို၊ ၎င်းပြင် တစ်ခြံဝင်းတည်းနေသူတစ်ဦးကို ပြောင်းလဲစိတ်ဝင်စားသွားခြင်းမှာ အစ်မကြီးဖန်အတွက် အရှက်ရစရာဖြစ်ပြီး အကြီးအကျယ် ဒေါသထွက်စေခဲ့၏။ ထို့ထက် ပို၍ဒေါသထွက်စရာကောင်းသည်မှာ မိမိ၏သားဖြစ်သူမှာ ကျေးလက်သို့ ဆင်းသွားရပြီး လီလင်းလင်းမှာမူ သွားရန်မလိုဘဲ ကျန်ရစ်ခဲ့ခြင်းပင် ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် လင်စန်းရှင်းသည် သမီးဖြစ်သူအား မိမိတွင် အမြော်အမြင်ရှိကြောင်း၊ ရှီရှောင်ဝေနှင့် မပတ်သက်စေရန် တားဆီးခဲ့ခြင်းမှာ မှန်ကန်ကြောင်း ကြွားဝါမိလေ၏။ ထိုခြံဝင်းထဲရှိ လူများမှာ ချန်ချင်းယွီတို့ကဲ့သို့ စကားမပြောမီ ဘေးဘီကို အကဲခတ်တတ်သည့် သတိကြီးသူများ မဟုတ်ကြသဖြင့်၊ လင်စန်းရှင်း ပြောဆိုသမျှကို အစ်မကြီးဖန်တစ်ယောက် အမှတ်မထင် ကြားသွားရတော့သည်။ ထိုအချိန်မှစ၍ အစ်မကြီးဖန်သည် လင်စန်းရှင်း၏ မိသားစုအပေါ် ရင်ထဲမှ နက်နက်ရှိုင်းရှိုင်း နာကျည်းသွားခဲ့၏။ တိုက်ရိုက်ပဋိပက္ခ မရှိသော်လည်း ရန်ငြိုးမှာမူ အမြစ်တွယ်နေခဲ့ပြီ ဖြစ်သည်။
ပြဿနာကို အစ်မကြီးဖန်က စတင်မီးမွှေးခဲ့ခြင်းဖြစ်သော်လည်း သူမကိုယ်တိုင်မှာမူ အရှုံးမပေးနိုင်ဘဲ ရှိနေ၏။
သူမသည် ခါးထောက်လျက် ဆဲဆိုနေလေသည်။
"ငါ ပြတင်းပေါက်ကို ရိုက်ခွဲတာဟဲ့၊ ဘာဖြစ်လဲ၊ တတ်နိုင်ရင် ငါ့ကို သတ်ပစ်လိုက်လေ၊ ငါ့သား ကျေးလက်ဆင်းသွားရတာကို နင်တို့အားလုံးက ကွယ်ရာမှာ အတင်းပြောပြီး ဝမ်းသာနေကြတာမလား၊ လင်စန်းရှင်း၊ နင်လို ဟန်ဆောင်ပန်ဆောင်နဲ့ ပျော့ညံ့ပြနေတဲ့ မိန်းမကို ငါ အရမ်းရွံတာပဲ၊ နင့်ရဲ့ အားနွဲ့တဲ့ပုံစံနဲ့ ဘယ်သူ့ကို လှည့်စားမလို့လဲ၊ ပြိတ္တာမကြီးရဲ့"
လင်စန်းရှင်းသည်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ရကာ မျက်ရည်ကျလျက် ငိုကြွေးတုံ့ပြန်၏။
"နင်က ဘာလို့ ဒီလိုမျိုး ဆဲရတာလဲ၊ ငါ့မိသားစုကိစ္စက နင်နဲ့ ဘာဆိုင်လို့လဲ၊ နင့်သား ကျေးလက်ဆင်းရလို့ စိတ်မကောင်းဖြစ်နေတာကို ငါသိပေမယ့် ငါတို့အပေါ် လာပြီး ရန်မရှာသင့်ဘူးလေ၊ နင့်ရဲ့ မောက်မာတဲ့ အမူအရာနဲ့ ဘယ်သူ့ကို အနိုင်ကျင့်ချင်နေတာလဲ၊ ငါတို့က ရိုးသားတဲ့သူတွေမို့လို့ ဒီလိုမျိုး အနိုင်ကျင့်လို့ရမယ် မအောက်မေ့နဲ့၊ နင် လွန်လွန်းလှပြီ"
"နင်ကများ ပြန်ပြောရဲသေးတယ်"
ထိုသို့ပြောပြီး အစ်မကြီးဖန်သည် ပို၍ဒေါသထွက်ကာ ရှေ့သို့ပြေးဝင်၍ ပါးရိုက်ရန် ပြင်တော့သည်။ သို့သော် လီလင်းလင်း အတင်းတွန်းလွှတ်လိုက်သဖြင့် အစ်မကြီးဖန်တစ်ယောက် မြေကြီးပေါ်သို့ လဲကျသွားရရှာ၏။
လီလင်းလင်းသည် မိခင်ဖြစ်သူ၏ရှေ့တွင် ကာကွယ်လျက် မတ်တပ်ရပ်ပြီး ဒေါသတကြီး တုံ့ပြန်လေသည်။
"တော်လောက်ပြီ၊ ရှင် ဘာလုပ်နေတာလဲ၊ ကျွန်မအမေကို ဘာလို့ အနိုင်ကျင့်ရတာလဲ၊ ကျွန်မ ကျေးလက်မသွားရလို့ ရှင် မနာလိုဖြစ်ပြီး သေတော့မယ့်အတိုင်း ဖြစ်နေတာကို ကျွန်မသိတယ်၊ ဒါပေမယ့် ဒီလောက်အထိတော့ မယုတ်မာနဲ့လေ၊ ကျွန်မတို့မိသားစုကို ပျော့ညံ့ပြီး အနိုင်ကျင့်ရလွယ်တယ်လို့ မထင်နဲ့”
“ခွေးမလေး နင်ကများ ငါ့ကို တွန်းရဲတယ်ပေါ့”
"ရှင်က ကျွန်မအမေကို ရိုက်တယ်လေ၊ ကျွန်မက ကာကွယ်ရမှာပေါ့… ရှင်သာ ဒီလို ဆက်လုပ်နေရင် ကျွန်မလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူး… ကျွန်မတို့ မိသားစုက လူကောင်းတွေမို့လို့ အနိုင်ကျင့်လို့ရမယ် မအောက်မေ့နဲ့၊ ရှင် တကယ်
စွမ်းရင် အဘွားကြီးကျောက်ကို သွားပြီး အနိုင်ကျင့်ပါလား… ဘာလို့ မလုပ်ရဲတာလဲ၊ သူက ဒေါသကြီးလို့ ရှင် မလုပ်ရဲတာမလား… ရှင်က အေးဆေးတဲ့သူတွေကိုပဲ ရွေးပြီး အနိုင်ကျင့်တာ"
လီလင်းလင်းသည် သူမ၏မိခင်ကို ကာကွယ်ရင်း မိမိဘက်မှ ပြောဆိုခွင့်ရှိသည်ဟု ခံစားနေရသည်။
သို့သော် ထိုစကားကို ကြားလိုက်ရသော အဘွားကြီးကျောက်မှာ ငြိမ်ခံမည့်သူ မဟုတ်ပေ။ သူမက ခါးထောက်ကာ တံတွေးထွေးလျက် အော်ဟစ်လေတော့၏။
"နင်လို ကောင်မစုတ်ကများ၊ ငါတို့မိသားစုကို ဘာလို့ ဆွဲထည့်ရတာလဲ၊ ငါက အစ်မကြီးဖန်ကို အထင်သေးတာ မှန်ပေမယ့် ငါတို့နှစ်ဦးကြားမှာ တိုက်ရိုက်ပြဿနာမရှိဘူးဟဲ့၊ သူက အရူးမမို့လို့ ငါတို့ကို လာရန်ရှာရမှာလား၊ ဒါက နင်တို့မိသားစုနှစ်စုကြားက ကိစ္စပဲလေ၊ အဲဒီတော့ သူက နင်တို့ကို လာရန်ရှာတာ သဘာဝကျတာပေါ့၊ နင်က ငါတို့ကို လာဆွဲထည့်တာ အဓိပ္ပာယ်မရှိဘူး၊ နင်က ဘယ်သူ့မျက်နှာနဲ့ ဒီလိုပြောရဲတာလဲ၊ နင့်ကိုယ်နင် သိပ်ထူးခြားနေတယ်လို့ မထင်နဲ့၊ အစ်မကြီးဖန်၊ ရှင် အဲဒီအာပလာကောင်မစုတ်ကို ကောင်းကောင်း ဆုံးမလိုက်စမ်းပါ"
အဘွားကြီးကျောက်မှာ ထိုခြံဝင်းထဲတွင် မည်သူမျှ မပတ်သက်ချင်သော အဆိုးအပေတစ်ယောက် ဖြစ်ပေသည်။
ဒီအရွယ်မရောက်သေးသော မိန်းကလေးက သူ့ကို ကိစ္စထဲဆွဲသွင်းရဲတယ်ပေါ့… ငါလို အဘွားကြီးကို လွယ်လွယ်လေး လှည့်စားလို့ရမယ် ထင်နေတယ်ပေါ့…
လီလင်းလင်းမှာ အဘွားကြီးကျောက်၏ ဆဲဆိုမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားတော့သည်။ အမှန်ပင် အဘွားကြီးကျောက်ကဲ့သို့သော ပြဿနာရှာတတ်သူကို မည်သူမျှ မပတ်သက်ချင်ကြပေ။
အားလုံး တိတ်ဆိတ်သွားချိန်တွင် အစ်မကြီးဖန်က ပို၍အရှိန်ရလာကာ ဆက်လက်ဆဲဆိုလေတော့သည်။
"ဒေါ်ကြီးကျောက်ပြောတာ မှန်တာပေါ့၊ ငါတို့မိသားစုနှစ်စုကြားမှာ ပြဿနာမရှိဘဲနဲ့၊ နင်က ဘာလို့ တခြားသူတွေကို တမင်သက်သက် ဆွဲသွင်းနေတာလဲ၊ နင်လည်း ဘာမှ ကောင်းတဲ့အမျိုး မဟုတ်ပါဘူး၊ ယခင်က ငါ့သားနောက်ကို တကောက်ကောက်လိုက်ပြီး ညားချင်နေခဲ့တာမလား၊ အခုကျတော့ အခြေအနေကြည့်ပြီး တခြားသူကို ပြောင်းလဲမျက်စိကျနေတယ်၊ ဒါ ဘာလိုစရိုက်မျိုးလဲ၊ နင်လို မိန်းမမျိုးကို ဘယ်သူကမှ ယူမှာမဟုတ်ဘူး"
ကြည့်နေသူ အပေါင်းမှာ အစ်မကြီးဖန်တွင် အပြစ်ရှိသည်ကို သိမြင်ကြ၏။
သို့သော် အဘွားကြီးကျောက်သည်ကား မည်သူမှန်သည် မှားသည်ကို ဂရုမစိုက်ပေ။ မိမိအား လာရောက်ထိပါးသဖြင့် ထိပါးသူကိုသာ ပြန်လည်ဆဲဆိုရန် ပြင်နေတော့သည်။
ဘာကို ဂရုစိုက်ရမှာလဲ… ငါက အမှားအမှန် ဆုံးဖြတ်ရအောင် ပေါင်ချိန်လည်းမဟုတ်ဘူး… ဘာကိစ္စ မှန်တယ်ဆိုတိုင်း ရပ်တည်ပေးရမှာလဲ…
"အခုခေတ် မိန်းမငယ်လေးတွေကတော့ တကယ့်ကိုပဲ၊ အပြစ်လွှဲချတဲ့နေရာမှာ အလွန်ပါးနပ်တာပဲ၊ သူတို့ရဲ့ ကောက်ကျစ်မှုကို ငါတို့လူကြီးတွေတောင် မမီနိုင်တော့ဘူး"
အဘွားကြီးကျောက် ရွဲ့စောင်း၍ ပြောဆိုလိုက်သည်။
ထိုအခါ အစ်မကြီးဖန်သည်လည်း
ဝမ်းသာအားရ ထပ်လောင်းပြောဆို၏။
"ဟုတ်တာပေါ့၊ ငါတို့နှစ်ဦးကြားမှာ ဘာပြဿနာမှ မရှိဘူး"
ဘေးက ကြည့်နေကြသူများမှာမူ ဘာပြောရမှန်းမသိအောင် ဆွံ့အမိကာ နှုတ်ခမ်းများ မဲ့လိုက်မိကြသည်။
သို့သော် အသေအချာ ပြန်စဉ်းစားကြည့်လျှင် ထိုစကားမှာ အမှန်ပင်ဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။ ထိုမိသားစုနှစ်စုကြားတွင် တကယ်ပင် မည်သည့်ပဋိပက္ခမျှ မရှိခဲ့ချေ။ လင်းကျန့်ဝမ်ကွယ်လွန်ပြီးနောက် အစ်မကြီးဖန်တွင် အကြံအချို့ ရှိခဲ့သည်ဆိုစေကာမူ… ဤခြံဝင်းထဲတွင် အကြံမရှိဖူးသူ မည်သူရှိသနည်း။ အမှန်တကယ်၌ သူမ ဘာမှမလုပ်ခဲ့သလို၊ ထိုသို့လုပ်နိုင်သည့် အရည်အချင်းလည်း တကယ်မရှိခဲ့ပေ။
ထို့ကြောင့် ၎င်းမှာ အဓိပ္ပာယ်ရှိလှပေသည်၊ သူတို့ကြားတွင် မည်သည့်ပဋိပက္ခမျှ မရှိခဲ့သလို၊ အစ်မကြီးဖန်အနေဖြင့်လည်း အဘွားကြီးကျောက်ကို တမင်သက်သက် သွားရောက်ရန်ရှာရန်မလိုပေ၊ သူမလည်း ထိုမျှ အားယားမနေပေ။
အစ်မကြီးဖန် : "နင်လို ရန်တိုက်ပေးတဲ့ ကောင်မစုတ်၊ နင်လို စုန်းမလေး..."
"ရှင်တို့ ပြောနေတာက ရှင်တို့ ကျွန်မတို့ ပြတင်းပေါက်ကို ရိုက်ခွဲတဲ့ကိစ္စလေ၊ ဘာလို့ ဒီလို စကားတွေ လျှောက်ပြောနေရတာလဲ..."
"ငါ့ရှေ့မှာ လာပြီး ဟန်မဆောင်နဲ့၊ နင်..."
လီလင်းလင်းသည် ရှေ့သို့ ပြေးထွက်သွားပြီး၊ လင်စန်းရှင်းမှာမူ မျက်နှာကိုအုပ်ကာ ငိုငိုယိုယိုဖြင့် ဘေးတွင် ရပ်နေခဲ့၏။
ချန်ချင်းယွီ : "..."
သို့သော် ကံကောင်းထောက်မစွာဖြင့် သူတို့ လက်ပါသည်အထိတော့ မရိုက်ဖြစ်ခဲ့ကြပေ…
လူတိုင်း တစ်ယောက်တစ်ပေါက်၊ တစ်လှည့်စီဖြင့် တတွတ်တွတ် အငြင်းပွားနေကြသည်မှာ အဆုံးမသတ်နိုင်အောင် ရှိနေတော့သည်။
အတော်ကြာအောင် ငြင်းခုံပြီးနောက်တွင်မှ အားလုံးက ရုတ်တရက် သတိပြုမိသွားကြသည်မှာ
"ဟေ့... ဒီနေ့ ဘယ်သူမှ ဦးဆောင်ပြီး ဖြေရှင်းမပေးပါလား၊ ဦးလေးမာကော ဘယ်ရောက်နေလဲ"
"အေးဟုတ်သား၊ ဦးလေးမာ ရောက်မလာဘူးပဲ"
အဘိုးကြီးမာ တစ်ယောက်တည်း မရှိသည်မဟုတ်ဘဲ ပိုင်ဖုန်းရှန်းလည်း ပျောက်ကွယ်နေခဲ့သည်။
မာကျန်းမှာမူ မောင်နှမငယ်များနှင့်အတူ ထိုနေရာတွင် အားရပါးရ စောင့်ကြည့်နေလေ၏။ ပုံမှန်အားဖြင့် လုပ်ငန်းခွင်တွင်သာ နေထိုင်တတ်သော ရွှီအိမ်မှ သားဖြစ်သူ ရှောင်စန်းပင် တိုင်ဖွန်းမုန်တိုင်းကြောင့် အိမ်သို့ ပြန်ရောက်နေခဲ့သည်။
ရွှီကောင်းမင် : "မာကျန်း၊ မင့်အဖေ ဘယ်မှာလဲ"
မာကျန်း : "ဦးလေးရွှီ၊ မနေ့ညက ကျွန်တော့်မိဘတွေ ချန်ဖျင်ကို မင်္ဂလာဆောင် သွားကြတယ်လေ၊ ဒီညက လေပြင်းတိုက်နေတော့ လမ်းခရီးက ဘာမှန်းမသိ ဖြစ်နေလို့၊ မနက်ဖြန် နေ့ခင်းမှ ပြန်လာမယ်လို့ ပြောတယ်"
အော်... စဉ်းစားကြည့်မှ အခုက ညဉ့်နက်နေပြီပဲ… ဒါမှမဟုတ် နောက်နေ့ရောက်နေပြီလို့ ပြောရမယ်…
"ဘာလို့ ဒီနေ့မှ မင်္ဂလာဆောင်ရတာလဲ"
အဘွားကြီးဟွမ် တိုးတိုးရေရွတ်လိုက်၏။
မာကျန်း : "နောက်အိမ်ထောင်ပြုတာမို့လို့ ဒီနေ့ လုပ်တာလေ"
ထိုအခါ အဘွားကြီးဟွမ်၏ မျက်နှာမှာ ပျက်သွားပြီး မာကျန်းကို စူးစူးဝါးဝါး စိုက်ကြည့်လေတော့သည်။
မာကျန်း : ‘သောက်ကျိုးနည်း… ဘာပါလိမ့်’
ဒီအဖွားကြီး ဘာဖြစ်နေတာလဲ.. အခုကတည်းက မကျေမနပ် ဖြစ်နေတာလား.. ကျုပ်က အမှန်အတိုင်းတောင် ပြောလို့မရဘူးလား.. ခင်များသားက ကွာရှင်းထားရုံနဲ့ ခင်များက နောက်အိမ်ထောင်ပြုတယ်ဆိုတဲ့ စကားကိုတောင် မကြားချင်တော့ဘူးလား…
မာကျန့်ယီ မရှိသည်ကို မြင်သဖြင့် ရွှီကောင်းမင်သည် အလျင်အမြန်ပင် ဝင်ရောက် ဖျန်ဖြေလိုက်၏။
"ကဲ... တော်ကြပါတော့၊ တော်ကြပါတော့၊ နင်တို့ မိသားစုနှစ်စုလည်း မငြင်းကြနဲ့တော့… မာကျန့်ယီ မရှိတော့ လူကြီးဖြစ်တဲ့ ငါပဲ စကားအနည်းငယ် ပြောပါရစေ…ဒါက တကယ် မသင့်တော်ဘူးလေ၊ အားလုံးက တစ်ခြံဝင်းတည်းနေတဲ့ အိမ်နီးနားချင်းတွေပဲဟာ၊ ဒီလိုမျိုး ရန်ဖြစ်နေကြရင် သံယောဇဉ်တွေ ထိခိုက်ကုန်မယ်.. ပြီးတော့ ကြည့်လိုက်ဦး၊ ဒါက ကြီးကြီးမားမား ကိစ္စလည်း မဟုတ်ပါဘူး"
"ငါ့ရှေ့က ဖယ်စမ်း… ဒီစုန်းမလေးက ငါ့ကို ပြန်ပြောရဲသေးတယ်၊ ငါသာ သူ့ကို မဆုံးမရင် သူက ဘယ်သူ့ကို ဘယ်သူမှန်း သိမှာမဟုတ်တော့ဘူး"
"ရှင်က ကျွန်မတို့ မိသားစုကို ဒီလိုမျိုး ဘယ်လိုလုပ် အနိုင်ကျင့်ရက်ရတာလဲ၊ ကျွန်မသမီးကိုရော ဘယ်လို အနိုင်ကျင့်ရက်ရတာလဲ…ရှင် လွန်လွန်းလှပြီ"
လင်စန်းရှင်း မျက်နှာကိုအုပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။
မိသားစုနှစ်စုမှာ ဆက်လက် အငြင်းပွားနေကြဆဲဖြစ်ပြီး၊ လင်စန်းရှင်းမှာ
"အားလုံးပဲ ကြည့်ကြပါဦး၊ လူတိုင်းက ရာသီဥတု ဆိုးရွားနေတယ်လို့ ပြောနေကြတာတောင် သူတို့က ကျွန်မတို့ ပြတင်းပေါက်ကို လာပြီး ရိုက်ခွဲသေးတယ်…ရှင်တို့ ဒီလိုမျိုး ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ"
ဤကိစ္စမှာ အစ်မကြီးဖန်ဘက်မှ လုံးဝမှားနေသည်မှာ ထင်ရှားလှပေသည်။ သို့သော်လည်း အစ်မကြီးဖန်မှာ တကယ့်ကို မောက်မာနေဆဲ ဖြစ်၏။
နောက်ဆုံးတွင် ရှီရှန်း ဝင်ရောက်၍ စကားဆိုလိုက်ရသည်။
"ဒါတွေအားလုံးက ကျွန်တော့်မိန်းမရဲ့ အပြစ်ပါ..."
အစ်မကြီးဖန် ဒေါသထွက်လုဆဲဆဲ ဖြစ်နေသည်ကို မြင်သဖြင့် သူသည် သူမကို ဆွဲထိန်းထားပြီး ဆက်လက်၍ ဆိုလိုက်၏။
"ကျွန်တော့်သား ကျေးလက်ကို ဆင်းသွားတော့ သူ တကယ်ပဲ စိတ်မကောင်း ဖြစ်နေရှာတာ။ အဲဒီအချိန်မှာ ချန်ရွှမ်းရဲ့ မိန်းမက ကွယ်ရာမှာ အတင်းဖျင်းပြောနေတာကို သူ ကြားသွားမိလို့ ဒီည ဒီလိုကိစ္စမျိုး ဖြစ်သွားရတာပါ… ဒါပေမယ့် ကျွန်တော်တို့ တမင်သက်သက် လုပ်တာမဟုတ်ပါဘူး၊ ကျွန်တော်လည်း ဒါကို ဘာမှမသိခဲ့ရပါဘူး၊ ကျွန်တော်သာ ကြိုသိရင် သူ့ကို တားမှာပေါ့… သူ တကယ်ပဲ အကြီးအကျယ် ဒေါသထွက်သွားလို့ပါ၊ သူသာ တမင်တကာ မကောင်းမှုလုပ်ဖို့ ရည်ရွယ်ချက်ရှိရင် ဒါကို လူသိရှင်ကြား လုပ်ပါ့မလား… သူ တကယ် စိတ်မကောင်းဖြစ်နေလို့ပါ၊ ကျွန်တော့်မိန်းမက ရှောင်ဝေကို ဘယ်လောက် ချစ်တယ်ဆိုတာ ခင်များတို့အားလုံးလည်း သိကြတာပဲ၊ အခု သူက ကျေးလက်ကို ရောက်သွားပြီဆိုတော့ သူ့ဘဝက ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ…ဟူး..."
ရှီရှန်းက သနားစရာကောင်းသည့် သံယောဇဉ်ကတ်ကို ထုတ်သုံးလိုက်ရာ၊ အားလုံးမှာလည်း နားလည်ပေးနိုင်သွားကြပြီး အတူတကွ သက်ပြင်းချလိုက်ကြလေသည်။
ရှီရှန်းသည် ဆက်လက်၍
"ဒီပြတင်းပေါက်က ကျွန်တော့်အိမ်က ခွဲမိတာဆိုတော့ မနက်ဖြန်ကျရင် ကျွန်တော် ဆရာသမားတစ်ယောက်ကို သွားရှာပြီး အကောင်းစားတစ်ချပ် လာတပ်ပေးပါ့မယ်… နောက်ထပ် ခဏနေရင်လည်း မိုးလင်းတော့မှာဆိုတော့ နည်းနည်းလောက် သည်းခံပေးလို့ ရမလားခင်ဗျာ၊ ဒီကိစ္စက ကျွန်တော်တို့အိမ်က မှားတာပါ၊ တကယ့်ကို အားနာပါတယ်… ကျွန်တော်ပဲ ကျွန်တော့်မိန်းမကိုယ်စား ခင်များမိသားစုကို တောင်းပန်ပါတယ်"
လီချန်ရွှမ်း၏ မျက်နှာမှာ အနည်းငယ် ပျက်နေသော်လည်း အတင်းအကျပ် ဆက်လက်အပြစ်ရှာခြင်းမျိုး မလုပ်တော့ပေ။
သူသည် မျက်နှာထားတင်းတင်းဖြင့်
"ခင်များအိမ်က အခြေအနေကို ကျွန်တော် နားလည်ပေးနိုင်ပါတယ်၊ ဒါပေမယ့် ခင်များအိမ်ကလည်း ကျွန်တော့်အိမ်ပေါ် လာပြီး စိတ်ထွက်ပေါက် မရှာသင့်ဘူးလေ… ကျွန်တော့်အိမ်က ဘာမှားလို့လဲ၊ ကျွန်တော့်အိမ်က ပြတင်းပေါက် အခွဲခံရတာကို ကြည့်ပါဦး၊ လူကို ထိမှန်သွားရင် ဘယ်လိုလုပ်မလဲ… ခင်များတို့ အိမ်ကတော့ တကယ့်ကိုပဲ၊ ရှီရှောင်ဝေက ယွမ်အိမ်က ပြတင်းပေါက်ကို ခွဲတယ်၊ အစ်မကြီးဖန်က ကျွန်တော့်အိမ်က ပြတင်းပေါက်ကို ခွဲတယ်… ဒါ ခင်များတို့အိမ်ရဲ့ မျိုးရိုးလိုက်တဲ့ ပညာရပ်လား၊ နောက်ဆိုရင် ဘယ်သူ့အိမ်က ပြတင်းပေါက်ပဲ အခွဲခံရ ခွဲခံရ၊ ခင်များတို့အိမ်ကိုပဲ အရင်ဆုံး သံသယဝင်ကြရတော့မှာပဲ"
လီချန်ရွှမ်း၏ စကားမှာ အလွန်ပင် ဗြောင်ကျလှပြီး ရှီရှန်းနှင့် အစ်မကြီးဖန်တို့၏ မျက်နှာချင်းဆိုင်တွင် ကဲ့ရဲ့လိုက်ခြင်း ဖြစ်သဖြင့်၊ နောင်တွင် ယခုကဲ့သို့ ကိစ္စမျိုး ထပ်မံဖြစ်ပွားပါက အားလုံးသည် သူတို့မိသားစုကိုသာ ပထမဆုံး သံသယဝင်ကြတော့မည် ဖြစ်၏။
ရှီရှန်းသည် နှုတ်ခမ်းကို ဖိစေ့ထားပြီး ဒေါသ ထွက်ဟန်မပြဘဲ
"နောင်ကို ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး၊ တောင်းပန်ပါတယ်ဗျာ"
လီချန်ရွှမ်း နှာခေါင်းရှုံ့လိုက်ရာ၊ လင်စန်းရှင်းသည် အလျင်အမြန်ပင် ဝင်ပြောလေသည်။
"ကဲပါ၊ ကဲပါ၊ နားလည်မှု လွဲတာတွေ ပြေလည်သွားပြီဆိုတော့လည်း လူစုခွဲကြတာပေါ့.. မနက်ဖြန်ကျမှ ရှင်လာပြီး ပြတင်းပေါက် တပ်ပေးရင် ရပါပြီ၊ ရှင့်အိမ်ကလည်း ကလေးအတွက်နဲ့ စိတ်မကောင်းဖြစ်နေတာကို ကျွန်မ သိပါတယ်၊ ကျွန်မလည်း အမေတစ်ယောက်ပဲမို့လို့ အပြည့်အဝ နားလည်ပါတယ်… ကျွန်မတို့ မိသားစုကလည်း အစွဲအလမ်းကြီးတဲ့သူတွေ မဟုတ်ပါဘူး၊ ထားလိုက်ပါတော့.. ရန်ငြိုးဆိုတာ ဖွဲ့မယ့်အစား ဖြေလျှော့တာက ပိုကောင်းပါတယ်၊ အားလုံးက တစ်ခြံဝင်းတည်းနေတဲ့သူတွေပဲဥစ္စာ၊ သင့်တင့်လျောက်ပတ်စွာပဲ နေကြရမှာပေါ့"
ဘေးက ကြည့်နေကြသူများ : "..."
ချန်ချင်းယွီ : "..."
သူမမှာ နားကိုပင် ကလော်ထုတ်ပစ်ချင်စိတ် ပေါက်သွားရသည်။
ဒီလင်စန်းရှင်းက ဘာသဘောလဲ…
သူမက အခုကြတော့ လူကောင်းကြီးအဖြစ် ဟန်ဆောင်ပြနေပြန်ပြီ…
ဘုရားရေ… နားမလည်နိုင်တဲ့ လူမျိုးပါလား…
ချန်ချင်းယွီသည် လင်စန်းရှင်း၏ အတွေးအခေါ်ကို မည်သည့်အခါမျှ သေချာနားမလည်နိုင်ခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် အဘွားကြီးဟွမ်နှင့် အဘွားကြီးကျောက်ကဲ့သို့သော လူမျိုးများ၏ စိတ်နေသဘောထားကိုပင် သူမ နားလည်ပေးနိုင်သေးသည်။ သို့သော် လင်စန်းရှင်းကိုမူ တကယ်ကို နားမလည်နိုင်ပေ….
သူမ၏ လုပ်ရပ်များမှာ အမြဲတမ်း ရှေ့နောက်မညီဘဲ ဆန့်ကျင်ဘက်ဖြစ်နေတတ်၏။
သူမသည် ဖြူစင်လွန်းသည့် ကြာဖြူတစ်ပွင့်ကဲ့သို့ ဟန်ဆောင်နေတတ်သော်လည်း တစ်ခါတစ်ရံတွင်မူ မာကျောသည့် အရိပ်အယောင်များ ရှိတတ်ပြန်သည်။ သို့သော် ထိုမာကျောမှု၏ နောက်ကွယ်တွင်မူ ပျော့ညံ့နေသည့် စိတ်ထားများသာ ရှိနေခဲ့ပြန်၏။
သူက ဘာတွေမှားယွင်းနေလဲဆိုတာ နားလည်ရခက်လှပါဘိ…
သူမသည် တကယ်ကို နားလည်ရခက်လွန်းသည့် လူတစ်ယောက် ဖြစ်သည်။
ချန်ချင်းယွီသည် ထိုမိန်းမကို တကယ်ပင် နားမလည်နိုင်သော်လည်း ထိုကိစ္စသည် သူမအား ပွဲကြည့်ခြင်းမှ တားဆီးမထားနိုင်ခဲ့ပေ။ ရှီရှန်း ရှေ့ထွက်၍ ကိစ္စအဝဝကို ငြိမ်းအေးအောင် လုပ်လိုက်ပြီး လင်စန်းရှင်းအတွက်လည်း ဆင်းစရာလှေကား ရသွားသဖြင့် ထိုပြဿနာမှာ ရုတ်တရက်ပင် ပြီးဆုံးသွားတော့သည်။ ထို့ကြောင့် မာကျန့်ယီ ဝင်ရောက် မဖြေရှင်းပေးခဲ့သော်ငြား ထိုရန်ပွဲမှာ အလိုအလျောက် ပြီးဆုံးသွားမည်သာ ဖြစ်၏။
"ကဲ... တော်ကြပါတော့၊ တော်ကြပါတော့၊ အားလုံး လူစုခွဲကြတော့။ ကြည့်စမ်း... ညဉ့်တော်တော်နက်နေပြီ၊ မနက်ဖြန် အလုပ်သွားကြရဦးမှာကို"
"ဒီစကားက ကြားရတာ သိပ်ယဉ်ပါးနေသလိုပဲ၊ ငါ အမြဲတမ်း ကြားနေရသလို ခံစားရတယ်"
"ဘာလို့ ညဘက်ဆို အမြဲတမ်း ပွဲကြီးတွေရှိနေတတ်တာလဲလို့ မပြောကြတော့ဘူးလား"
"အာ..."
အားလုံး ဘာပြန်ပြောရမှန်းမသိဘဲ ဆွံ့အသွားကြရသည်။
သူတို့ခြံဝင်းကတော့ တကယ်ကို အဆန်းတကြယ်ပဲ…
ချန်ချင်းယွီ : "အမေ... ကျွန်မ အိမ်သာသွားလိုက်ဦးမယ်"
အဘွားကြီးကျောက် : "သွားလေ၊ ငါတော့ အိမ်ပြန်တော့မယ်၊ လေက တော်တော်တိုက်နေတယ်"
"ချင်းယွီလေး... ခဏစောင့်ဦး၊ ငါလည်း အိမ်သာသွားမလို့"
အပြင်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် အိမ်သာတစ်ခါတည်း သွားလိုက်ခြင်းသည် အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။ အဒေါ်ကြီးမေ့သည် ချန်ချင်းယွီနှင့်အတူ လိုက်ပါသွားပြီး အခြားလူအချို့လည်း ပါလာခဲ့ကြသည်။ လေတိုက်နေ၍ ဖြစ်နိုင်သည်၊ အပြင်ဘက်တွင် ဖုန်တထောင်းထောင်း ထနေသကဲ့သို့ ခံစားရ၏။
"လေတိုက်ပြီး ဖုန်တွေလွင့်လာရင် တကယ် စိတ်ပျက်ဖို့ကောင်းတာပဲ၊ နေရတာ သက်တောင့်သက်သာမရှိဘူး၊ အမှုန်တွေချည်းပဲ"
ချန်ချင်းယွီသည် ခေါင်းညိတ်ပြလိုက်မိပြီး သူမကိုယ်တိုင်လည်း ထိုအခြေအနေကို သဘောမကျပေ။
"ဟေ့... နင်တို့ထင်တာတော့ ရှီရှောင်ဝေတစ်ယောက် ပြန်လာနိုင်ပါ့မလား"
"မထင်ပါဘူးအေ၊ တစ်ခါ ကျေးလက်ကို ဆင်းသွားရပြီဆိုရင် ပြန်လာလို့ မရတော့ဘူးလေ… သူ့မိသားစုက သာမန်မိသားစုပဲဥစ္စာ၊ ဘာအဆက်အသွယ်မှ ရှိတာမဟုတ်ဘူး"
"ငါလည်း မထင်ဘူး"
ချန်ချင်းယွီ : "နောင်အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိမှာလဲ… သူ ပြန်လာရင်လည်း လာနိုင်တာပဲလေ"
ရှီရှောင်ဝေအနေဖြင့် မြို့သို့ ပြန်လာချင်ပါက သေချာပေါက် ပြန်လာနိုင်မည်ကို သူမ သိရှိနေသည်။ နောက်နှစ်အနည်းငယ်ကြာလျှင် မူဝါဒများ ပြောင်းလဲသွားပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ မည်သူ သိနိုင်ပါအံ့နည်း။
"ချင်းယွီလေးရဲ့ စကားက တန်ဖိုးအရှိဆုံးပဲ… ငါ့သား ပြန်မလာနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ငါ့သားက သေချာပေါက် ပြန်လာမှာ… ငါ အလုပ်က အနားယူတဲ့အခါ သူက ဒီအလုပ်ကို ဆက်ခံမှာလေ၊ သူက ဘာလို့ ပြန်မလာနိုင်ရမှာလဲ"
အစ်မကြီးဖန်သည်လည်း အပြင်သို့ ထွက်လာခဲ့ပြီး သူတို့၏ နောက်မှ လျှောက်လာရင်း ဝင်ပြောလေသည်။
အားလုံး နှာခေါင်းရှုံ့လိုက်မိကြ၏။
"ဒါဆိုရင် နင်က ဒီအလုပ်ကို နင့်ရဲ့ သားကြီးကို ပေးမှာပေါ့၊ နင့်ရဲ့ သားငယ်ကျတော့ကော ဘယ်လိုလုပ်မလဲ"
အဘွားကြီးဟွမ် မေးလိုက်သည်။
အစ်မကြီးဖန်မှာ အိုးတိုးအမ်းတမ်းဖြစ်သွားရကာ
"သူက သားဒုတိယလေ၊ သူကတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားရမှာပေါ့… ဘယ်မိသားစုမှာမဆို သားကြီးကပဲ မိသားစုအစဉ်အလာကို ဆက်ခံပြီး အလုပ်ကို လွှဲပြောင်းယူရတာ မဟုတ်ဘူးလား၊ အသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်မှာလည်း သူပဲလေ၊ အဲဒီတော့ ငါက ငါ့ရဲ့ သားကြီးကိုပဲ သဘာဝကျကျ ကာကွယ်ရမှာပေါ့"
ချန်ချင်းယွီမှာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားရတော့သည်။ သူမအနေဖြင့် ရှီမိသားစု၏ သားငယ်လေးသည် ရှီရှောင်ဝေထက် ပို၍တော်သည်ဟု ခံစားရ၏။ ရှီရှောင်ဝေမှာ အလွန်ပင် အတ္တကြီးပြီး မိဘအပေါ် လုံးဝမသိတတ်သူ ဖြစ်သည်။ သူ၏သားငယ်လေးမှာမူ အသက်ငယ်သော်လည်း ကျေးလက်တွင် အလုပ်လုပ်နေရသည့် အစ်မဖြစ်သူကို ကူညီတတ်ပြီး စရိုက်လက္ခဏာချင်းမှာလည်း အသိသာကြီး ကွာခြားလှ၏။ ချန်ချင်းယွီ မှတ်မိနေသေးသည်မှာ ပြီးခဲ့သည့်အကြိမ်၌ ထိုကလေးသည် အစ်မကြီးဖန်တစ်ယောက် သမီးကြီးအပေါ် ဂုတ်သွေးစုပ်မှု ရပ်နိုင်စေရန်အတွက် တမင်သက်သက် ပြဿနာရှာခဲ့ဖူးသည်။ ထို့ကြောင့် အသိတရားရှိခြင်း မရှိခြင်းမှာ အသက်အရွယ်နှင့် မဆိုင်ပေ။ အသက်ကြီးသူအချို့မှာ ဘာမှမသိနားမလည်ကြသော်လည်း အသက်ငယ်သူအချို့မှာမူ အလွန်ပင် အကျိုးအကြောင်း သိတတ်ကြပေသည်။
ချန်ချင်းယွီနှင့် သူမ၏အဖွဲ့မှာ အိမ်သာသို့ ရောက်ရှိလာခဲ့သော်လည်း အတွင်းသို့ မဝင်ရသေးမီမှာပင် လူတစ်ယောက် အမောတကောဖြင့် အပြင်သို့ ပြေးထွက်လာခဲ့၏။
"အမလေး... ဘုရားရေ၊ ဒါ ဘယ်သူလဲ"
"ညဘက်ကြီး လူကို ဒီလိုမျိုး လာမလန့်စမ်းပါနဲ့၊ 'လန့်သေသွားနိုင်တယ်' ဆိုတဲ့ စကားကို မကြားဖူးဘူးလား"
"ဟမ်… နင်က လမ်းကြားထဲက အာ့ကုံကျစ် မဟုတ်လား၊ နင်က ဘာလို့ မိန်းမအိမ်သာထဲက ပြေးထွက်လာရတာလဲ… ဘာလုပ်နေတာလဲ၊ နင် မကောင်းတဲ့အကြံ ရှိနေတာမလား”
အားလုံး ချက်ချင်းပင် သတိဝီရိယ ရှိသွားကြပြီး ထိုလူငယ်ကို စူးစူးဝါးဝါး စိုက်ကြည့်ကြတော့သည်။
အာ့ကုံကျစ်ခမျာ ထစ်ထစ်ငေါ့ငေါ့ဖြင့် ဗလုံးဗထွေးဖြစ်နေရ၏။
"ကျွန်တော်က ယောက်ျားအိမ်သာထဲက ထွက်လာတာ... အာ။ တောက်... ဒုက္ခပါပဲ၊ ကျွန်တော် အိမ်သာမှားဝင်မိတာ၊ မဟုတ်ပါဘူး... ကျွန်တော် မမှားပါဘူး… ကျွန်တော် ချောင်းကြည့်ဖို့ လုပ်တာမဟုတ်ပါဘူး၊ ကျွန်တော် ပုန်းချင်ရုံတင်... အာ... မဟုတ်ဘူး၊ ကျွန်တော်က..."
အသက်ကြီးပိုင်း အမျိုးသမီးအချို့သည် သူ့ကို ဝိုင်းရံထားကြပြီး အပြင်ထွက်၍ အိမ်သာတက်ရန် လာကြသည့် အမျိုးသားများပင် ဝိုင်းအုံလာကြသည်။ အာ့ကုံကျစ်မှာ အမျိုးသမီးနှစ်ထပ်၊ အမျိုးသားနှစ်ထပ်ဖြင့် ဝိုင်းရံခံထားရသည်ကို မြင်သောအခါ မျက်ရည်ပင် ကျလုမတတ် ဖြစ်သွားရရှာသည်။
"ကျွန်တော် တကယ်ပဲ မိန်းမတွေကို ချောင်းကြည့်ဖို့ ရည်ရွယ်ချက်မရှိပါဘူးဗျာ… ကျွန်တော် ကုန်စည်မှောင်ခိုဈေးကို ပစ္စည်းသွားဝယ်မလို့ လုပ်တာ၊ ဒါပေမယ့် မှောင်ခိုဈေးကို လက်ပတ်နီတွေ ဝင်ဖမ်းတာနဲ့ တိုးလို့ လမ်းတစ်လျှောက်လုံး အတင်းပြေးလာရတာ... ကျွန်တော့်နောက်ကို တစ်ယောက်ယောက် လိုက်လာပြီး အိမ်အထိ ပါလာမှာစိုးလို့ အိမ်သာထဲမှာ ဝင်ပုန်းပြီး နားနေတာပါ… ကျွန်တော် အိမ်သာတက်ချင်ရုံတင်ပါ၊ တကယ် တခြားစိတ် မရှိပါဘူးဗျာ။"
အာ့ကုံကျစ် အော်ဟစ်ငိုယိုကာ တောင်းပန်လေသည်။
အားလုံး : “…..”
နင့်ဟာကလည်း ပုန်းစရာနေရာရှားနေတာလား…
အာ့ကုံကျစ် : "ကျွန်တော် တကယ်ပဲ ဘာမကောင်းမှုမှ မလုပ်ရသေးပါဘူးဗျာ… ဆန်နည်းနည်း သွားဝယ်မလို့ပါ၊ မဝယ်ရသေးခင်မှာပဲ ဒီလိုအရှုပ်ထုပ်နဲ့ တိုးတော့တာပဲ"
ယခုခေတ်တွင် ပစ္စည်းဝယ်ခြင်းနှင့် ရောင်းခြင်းမှာ သဘောသဘာဝချင်း မတူညီပေ။ ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်သည် ပစ္စည်းဝယ်ယူနေစဉ် အဖမ်းခံရပါက ပစ္စည်းများကို သိမ်းဆည်းကာ ငွေဆယ်ယွမ်ခန့် ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးတတ်သည်။ အကယ်၍ ကံမကောင်းပါက ငွေအစိတ်ခန့် ဒဏ်ရိုက်ပြီးမှ လွှတ်ပေးတတ်၏။ သို့သော် ကုန်ပစ္စည်း လိုက်လံရောင်းချခြင်းမှာမူ တစ်မျိုးတစ်ဖုံ ကွဲပြားသည်။ ပြင်းထန်သော ပြစ်မှုဆိုလျှင် ထောင်ဒဏ်ပင် ကျခံရနိုင်ပြီး၊ သာမန်ပြစ်မှုဆိုလျှင်ပင် ငွေရာဂဏန်းခန့် ဒဏ်ရိုက်ခံရတတ်၏။ ပစ္စည်းဝယ်ယူခြင်းမှာမူ ကြီးကြီးမားမား ကိစ္စမဟုတ်နိုင်သော်လည်း လူရမ်းကားများကဲ့သို့ ကျူးလွန်ရန် ကြံစည်ခြင်းမှာမူ အလွန်ပြင်းထန်သည့် ကိစ္စဖြစ်သည်။ အာ့ကုံကျစ်သည် မည်သည့်အရာက ပို၍ပြင်းထန်သည်ကို အလျင်အမြန်ပင် ဆုံးဖြတ်ချက် ချလိုက်ပုံရ၏။
ချန်ချင်းယွီသည် လူအုပ်ထဲတွင် ရပ်နေရင်း သူမ၏ မျက်ဝန်းများကို အနည်းငယ် မှေးစိုက်လိုက်မိသည်။ သူမကိုယ်တိုင်လည်း မှောင်ခိုဈေးသို့ သွားခဲ့သည် မဟုတ်လော့။
သူမ ပြန်ရောက်လာတာ ဘယ်လောက်ကြာပြီလဲ…
သူမ ပြန်ရောက်လာသည်မှာ အနည်းဆုံး နှစ်နာရီခန့် ရှိနေပြီဖြစ်ပြီး၊ စကားစမြည်ပြောခြင်း၊ ကလေးများကို သိပ်ခြင်းနှင့် ရန်ပွဲကို စောင့်ကြည့်ခြင်းများပင် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်၏။
ဒါပေမဲ… ဒီလူက အခုမှ ပြန်ရောက်လာတယ်တဲ့လား…
ဒီလူ သူမနောက်ကို တောက်လျှောက် လိုက်လာခဲ့တာများ ဖြစ်နေနိုင်မလား…
ချန်ချင်းယွီသည် အသေအချာ ပြန်လည်စဉ်းစားကြည့်ပြီးနောက် မိမိတွင် မည်သည့်ပြဿနာမျှမရှိကြောင်း သေချာသွားသည်။ ယင်းမှာ သူမကိုယ်သူမ ယုံကြည်မှုလွန်ကဲနေခြင်းကြောင့်မဟုတ်ဘဲ သူမ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသည့်အချိန်မှာ မကြာသေးကာ၊ ခြောက်လခန့်သာ ရှိသေးသဖြင့် သတိဝီရိယမှာ လုံးဝလျော့ကျမသွားသေးသောကြောင့် ဖြစ်၏။ သူမသည် အဝင်အထွက်လုပ်တိုင်း အမြဲတမ်း အလွန်အမင်း သတိထားတတ်ခဲ့သည်။
ထို့ကြောင့် အနည်းငယ် စဉ်းစားကြည့်ပြီးနောက် ချန်ချင်းယွီတစ်ယောက် ဘာကိုမျှ စိုးရိမ်မနေတော့ပေ။
သူမသည် စိတ်အေးလက်အေးဖြင့် ဘေးတစ်နေရာတွင် ကပ်၍ ပွဲကြည့်နေတော့၏။
အာ့ကုံကျစ် : "ကျွန်တော် တစ်ဟုန်ထိုး ပြေးပြန်လာရတာ တော်တော်လေး လန့်သွားလို့ ဆီးခဏခဏသွားချင်ပြီး အရေးတကြီး ဖြစ်သွားတာဗျာ… ကျွန်တော် ကောင်းကင်ကြီးကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ တကယ် လမ်းမှားဝင်မိတာပါ၊ ကျွန်တော် အလုပ်မရှိအလုပ်ရှာ ညဉ့်နက်သန်းခေါင်ကြီး မိန်းမအိမ်သာထဲဝင်ပြီး ဘာလုပ်မှာလဲဗျ.. ကျွန်တော် တမင်သက်သက် မိန်းမအိမ်သာထဲ ဝင်တာဆိုရင် မိုးကြိုးပစ်လို့ သေပါစေဗျာ"
သူသည် အိမ်ထောင်ပင်မကျသေးသဖြင့် ယခုကဲ့သို့ နာမည်ပျက်မျိုးကို အတပ်ခံနိုင်ရန် သတ္တိမရှိပေ။
"နင်ကလည်း သတ္တိကောင်းလွန်းပါတယ်၊ မှောင်ခိုဈေးကို ပစ္စည်းသွားဝယ်ရတယ်လို့.. နင် ရူးနေတာလား၊တော်သေးတာပေါ့ အဖမ်းမခံရလို့၊ အဖမ်းသာခံရရင် နင် ဘယ်လိုလုပ်မလဲ"
"ဟုတ်ပါ့၊ နေပါဦး... နင်က ဒီလောက်အထိ လန့်ဖျန့်နေတာဆိုတော့ မှောင်ခိုဈေးမှာ ဘာကိစ္စဖြစ်လို့လဲ"
ကြည့်စမ်း... အချက်အချာကျတဲ့အချက်ကို မိအောင်ဖမ်းနိုင်တဲ့သူ ရှိနေသေးတာပဲ…
အာ့ကုံကျစ် : "မပြောပါနဲ့တော့ဗျာ၊ ကျွန်တော် ရောက်ခါစပဲ ရှိသေးတယ်၊ ကျွန်တော်တို့ စက်ရုံက ချဲယုံဖုန်းကို တွေ့လိုက်ရတယ်၊ အဲဒါ..."
သူ အစပျိုးဆိုကာ စကားစဖြတ်လိုက်သည်။
လူတိုင်း အာ့ကုံကျစ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။ သူ စကားရပ်
လိုက်သဖြင့်…
"ပြောလေ… ပြီးတော့ ဘာဖြစ်လဲ"
အာ့ကုံကျစ် : "အဲ... ဘာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူတို့က မကောင်းတဲ့ကိစ္စအချို့ကို ပြောနေကြတာ၊ အာ... မဟုတ်ပါဘူး၊ အမှန်တော့ ကျွန်တော် ဘာမှ သေချာမကြားလိုက်ရပါဘူး၊ အနီရောင်လက်ပတ်ဝတ်ထားတဲ့ လူတွေ ရောက်လာတော့တာပဲ… ကျွန်တော်လည်း အဲဒီအချိန်မှာ ကစဉ့်ကလျား ပြေးလွှားပြီး ဟိုဘက်မှာ ခဏပုန်းနေလို့ အခုမှ ပြန်လာရဲတာ"
"ဟယ်... မဟုတ်သေးပါဘူး၊ ဘာကိစ္စလဲလို့… နင်က စကားကို တစ်ဝက်ပဲပြောပြီး ချန်ထားခဲ့တာပဲ"
"ဟုတ်ပ.. နင် ပြောပြလိုက်ပါတော့"
အာ့ကုံကျစ်ခမျာ လက်ယမ်းလျက် ငြင်းဆန်လေတော့သည်။
"ဟင့်အင်း... ဟင့်အင်း၊ ကျွန်တော် မသိဘူး၊ ကျွန်တော် ဘာမှမသိဘူး၊ ဘာမှလည်း မကြားခဲ့ဘူး..."
လူအားလုံး : "..."
ဒါက တကယ့်ကို 'မခိုးတတ်တဲ့သူခိုး၊ လူမိ' ဆိုသလို ဖြစ်နေတော့တာပဲ…
"ကြည့်စမ်း... နင်က စကားကို တစ်ဝက်ပြောပြီးပြီဟာကို၊ ငါတို့က နင်ပြောတာပါလို့ တခြားသူတွေကို မပြောပါဘူး"
အာ့ကုံကျစ် : "ဘာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ် ချဲယုံဖုန်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ လက်ပူးလက်ကျပ် အဖမ်းခံလိုက်ရပြီ"
သူသည် အမှန်တကယ်၌ ချဲယုံဖုန်းမှာ သူ၏ညီဖြစ်သူ မိန်းမနှင့် ဖောက်ပြန်နေသည့်အကြောင်းကိုပါ ကြားခဲ့ရသော်လည်း မပြောရဲပေ။
အို... ဘုရားရေ၊ ဒါကို ဘယ်ပြောရဲပါ့မလဲ… ချဲယုံဖုန်း၏ ယောက္ခမက အတွင်းရေးမှူးကျန်း မဟုတ်လား…
သူသည် လူအုပ်ကို အလျင်အမြန် တွန်းဖယ်ကာ
"ကျွန်တော် အိမ်ပြန်တော့မယ်၊ အိမ်ပြန်တော့မယ်… အဲဒီအချိန်ကျရင် ကောလာဟလတွေ ထွက်လာလိမ့်မယ်၊ ဒီနေ့ မှောင်ခိုဈေးမှာ လူတွေအများကြီးပဲဥစ္စာ..."
"နင် မသွားနဲ့ဦးလေ"
အာ့ကုံကျစ်မှာ ထပ်မံ အဆွဲခံလိုက်ရပြန်သည်။ အကယ်၍ သူသာ အကြောင်းစုံကို သေချာမပြောပြပါက အားလုံးမှာ ဝိုင်းထားပြီး ပေးသွားကြမည်မဟုတ်ပေ။
ချန်ချင်းယွီ : "..."
အတင်းအဖျင်းစကား၏ စွမ်းအားသည် တကယ်ကို ကြီးမားလှပေသည်။
သူမသည်လည်း စိတ်ဝင်တစားဖြင့် အာ့ကုံကျစ်ကို ကြည့်နေမိပြီး အာ့ကုံကျစ်မှာလည်း အားလုံး၏ ဝိုင်းဝန်းပိတ်ဆို့ တွန်းအားပေးမှုအောက်တွင် စိတ်ဓာတ်မခိုင်ကျည်တော့ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေတော့သည်။
"ချဲယုံဖုန်းရဲ့ ညီဖြစ်သူက သူ့အစ်ကိုက သူ့မိန်းမနဲ့ ဖောက်ပြန်နေပါတယ်ဆိုပြီး ဆန္ဒပြသလိုမျိုး အော်ဟစ်ပြီး ကိုယ်တိုင်ဖော်ကောင်လုပ်လိုက်တာဗျ”
"ဟယ်"
"တောက်... အံ့ဩစရာပဲ"
"အမလေး... ဘုရားရေ"
လူတိုင်း အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားကြသဖြင့် အာ့ကုံကျစ် အလျင်အမြန်ပင် မှာတမ်းခြွေလေ၏။
"ဒါကို ကျွန်တော်ပြောတယ်လို့ တခြားသူတွေကို သွားမပြောကြနဲ့ဦးနော်"
အားလုံးမှာ ထိတ်လန့်လွန်းသဖြင့် ဘာပြန်ပြောရမှန်းပင် မသိတော့ပေ…
သေစမ်း… သောက်ကျိုးနည်းလှချည်လား… ဘုရားရေ..
အာ့ကုံကျစ်သည် ထိုလူများအားလုံး ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားကြသည်ကို မြင်သောအခါ အိမ်သို့ တစ်ဟုန်ထိုး ပြေးပြန်တော့သည်။
ဒါကို ကျုပ် ဖြန့်တာမဟုတ်ပါဘူးနော်… မှောင်ခိုဈေးမှာ လူတွေအများကြီးရှိတာပဲ၊ ကျုပ်ကြောင့်လို့ မပြောကြပါနဲ့… ကျုပ် မဟုတ်ပါဘူးဗျာ…
အားလုံး အိမ်သာတက်ရန် ထွက်လာကြခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ တစ်ယောက်စီတိုင်းမှာ နေရာတင် တောင့်တင်းသွားကြပြီး တော်တော်နှင့် အသိပြန်မဝင်နိုင်ဘဲ ရှိနေကြ၏။
အဘွားကြီးကျောက်မှာ လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ ဆိုလေသည်။
"နင်တို့ကလည်း တကယ့်ကို မစွမ်းပါလားအေ… ဒီလောက် ကိစ္စလေးနဲ့တင် ကြောင်အမ်းသွားရတယ်လို့၊ ကြည့်စမ်း... ငါ့လောက်တောင် စိတ်မငြိမ်ဘူး"
အမှန်တော့လေ... ညည်းတို့အဘွားကြီး ငါက ဒါကို ကြိုသိနေတာဟဲ့…ဟီးဟီးးးး
အဘွားကြီးကျောက်၏ စကားကြောင့် အားလုံးမှာ စိတ်မဆိုးကြသည့်အပြင် တစ်ယောက် တစ်ပေါက်ဖြင့်
"အို... ဘုရားရေ၊ ဒီလိုကိစ္စမျိုးက တစ်ခါမှ မကြားဖူးဘူး”
"ကိုယ်တိုင်ဖော်ကောင်လုပ်တယ်ဆိုတာ ဘာသဘောလဲ၊ ကိုယ့်ဘာသာ ပြောပြလိုက်တာလား.. ဒါက သူ့အစ်ကိုကို ဘယ်လောက်တောင် နာကျည်းနေလို့လဲ"
"အဲဒါကို ဘယ်သူသိမှာလဲ”
လူတိုင်း တစ်ယောက်တစ်ပေါက်ဖြင့် အလျင်အမြန်ပင် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။
ရွှီကောင်းမင် တုန်တုန်ရင်ရင်ဖြင့် ဝင်မေးလိုက်မိ၏။
"သူပြောတာက ချဲယုံဖုန်း ညီအစ်ကိုနှစ်ယောက်စလုံး ရဲဖမ်းတာ ခံလိုက်ရတာလား”
"ဟုတ်တယ်လေ၊ စောစောက အာ့ကုံကျစ် ပြောသွားတယ်မဟုတ်လား.. အဖမ်းခံလိုက်ရပြီတဲ့"
ရွှီကောင်းမင် : "..."
သူသည် ရှီကျန့်ရှန်းကို တိတ်တဆိတ် လှည့်ကြည့်လိုက်ရာ၊ အချိန်ကိုက်ပင် ရှီကျန့်ရှန်းသည်လည်း ရွှီကောင်းမင်ကို လှည့်ကြည့်လာခဲ့သည်။ လင်မယားနှစ်ယောက်၏ မျက်လုံးချင်းဆုံမိမှုမှာ ဖြတ်ခနဲ လျှပ်စီးလက်သွားသလိုပင်… သူတို့တွင် မည်သည့်စိတ်ချင်းဆက်သွယ်သည့်ပညာမျှ မရှိသော်လည်း…… အကယ်၍သာ ထိုသို့သော ထူးဆန်းသည့်အစွမ်း အနည်းငယ်မျှရှိပါက နှစ်ဦးစလုံး၏ ရင်ထဲတွင် သောင်းကျန်းပရမ်းပတာ ဖြစ်နေသည့် အော်ဟစ်သံများကို အားလုံး ကြားရပေလိမ့်မည်။
ထိုအချိန်တွင် လင်မယားနှစ်ယောက်စလုံး၏ ရင်ထဲ၌ အော်ဟစ်ညည်းညူနေကြပြီ ဖြစ်၏။
ရင်ကွဲမတတ်ပင်…
ရွှီကောင်းမင် အတွေးထဲတွင်…
'တွေ့လား... တွေ့လား၊ ငါသိသားပဲ၊ သရဲရှိနေသေးတယ်ဆိုတာ ငါသိတာပေါ့၊ သရဲက ချဲယုံဖုန်း ညီအစ်ကိုနှစ်ယောက်ကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ ငါသိနေတာ၊ တကယ်ပဲ မှန်သွားတာပဲ.. ဒါက သရဲပူးတာမဟုတ်ရင် သူတို့က ကိုယ်တိုင်ဖော်ကောင်လုပ်ပါ့မလား..အား... သရဲရှိတာ တကယ်ပဲ'
ရှီကျန့်ရှန်း အတွေးဂယက်ထဲတွင် …
'တွေ့လား... တွေ့လား၊ ချဲယုံဖုန်းတစ်ယောက် စောစောစီးစီး ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်ဆိုတာ ငါသိသားပဲ၊ ငါ့ယောက်ျားက အသေအချာ ခွဲခြမ်းစိတ်ဖြာပြပြီးသား… သရဲသာရှိရင် အဲဒီသရဲက ချဲယုံဖုန်းကို သေချာပေါက် သွားရှာမှာပဲလို့၊ တကယ်ပဲ ဖြစ်လာတာပဲ၊ တကယ်ပဲ… သူက ချဲယုံဖုန်းဆီကို တကယ်သွားရှာတာပဲ.. ဘယ်ပုံမှန်လူက ကိုယ့်လူအချင်းချင်း ပြန်ပြီး သစ္စာဖောက်ပါ့မလဲ'
အခြားသူများ ဝိုင်းဝန်းဆွေးနွေးနေကြသော်လည်း ထိုလင်မယားနှစ်ယောက်မှာမူ အချင်းချင်း စိုက်ကြည့်နေကြပြီး မျက်ဝန်းထဲမှ မီးပွားများဖြင့် "သရဲရှိတယ်" ဟူသော စကားလုံးနှစ်လုံးကို အပြန်အလှန် ဆက်သွယ်နေကြတော့သည်။
သူတို့နှစ်ဦးမှာ ထပ်မံ၍ အတွေးနယ်ချဲ့နေကြပြန်လေပြီ…..
ဤခြံဝင်းထဲတွင် သရဲရှိသည်ကို အယုံကြည်ဆုံးသူများမှာ သူတို့နှစ်ဦးပင် ဖြစ်ပေလိမ့်မည်။
ချန်ချင်းယွီ : ‘ဘာပါလိမ့်… တစ်မျိုးပါလား’
သူမ အမှတ်မထင် ဘေးသို့ လှည့်ကြည့်လိုက်ရာ၊ ထိုနှစ်ယောက်မှာ တစ်ခုခုကြောင့် တုန်လှုပ်ခြောက်ခြားနေသည့် ပုံစံမျိုး ဖြစ်နေသဖြင့် အလွန်ပင် အံ့အားသင့်သွားရ၏။
ချန်ချင်းယွီ : "ဦးလေးရွှီ၊ ဒေါ်လေးရှီ... ရှင်တို့ ဘာမှမဖြစ်ဘူးမလား.. ဘာလို့ မျက်နှာတွေ ဒီလောက် ဖြူဖျော့နေရတာလဲ၊ သရဲမြင်လိုက်ရတဲ့အတိုင်းပဲ”
ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့ လင်မယားနှစ်ယောက်စလုံးမှာ ထိတ်လန့်တုန်လှုပ်သွားသည့် မျက်နှာပေးများဖြင့် အလျင်အမြန်ပင် လက်ယမ်းပြကာ သံဖြိုင်ဖြေကြလေသည်။
"မရှိပါဘူး၊ မရှိပါဘူး… မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ။ ဘယ်လိုလုပ် သရဲမြင်ရမှာလဲဟ၊ ဟဟဟ... ဘယ်မှာ သရဲရှိလို့လဲ"
လင်မယားနှစ်ယောက်မှာ အလွန်ပင် လူမှုရေး ကောင်းမွန်သူများဖြစ်၏။
ပုံမှန်အားဖြင့် ခြံဝင်းထဲတွင် ကိစ္စတစ်ခုခုရှိလျှင် ရွှီကောင်းမင်သည် အမြဲတမ်း ရှေ့ဆုံးမှ ပြေးထွက်တတ်ပြီး မိမိ၏ အရည်အချင်းကို မပြရမနေနိုင် ဖြစ်တတ်သော်လည်း၊ ယခုအချိန်တွင်မူ တကယ့်ကို အေးဆေးငြိမ်သက်နေသည်။ တစ်ကိုယ်လုံး တုန်တုန်ရီရီဖြင့် ကြောက်လန့်နေသည့် ပုံစံမျိုးလည်း ပေါက်နေ၏။
"မဟုတ်သေးပါဘူး... ဦးလေးရွှီရဲ့.. ဦးလေးက မှောင်ခိုဈေးမှာ လူဖမ်းတယ်လို့ ကြားရုံနဲ့တင် ဒီလောက်အထိ လန့်ဖျန့်သွားရတယ်လို့၊ သတ္တိ သိပ်နည်းတာပဲ၊ အကြောင်းစုံ မသိတဲ့လူဆိုရင် ဦးလေးပါ အဲဒီကို သွားခဲ့တယ်လို့ ထင်ရော့မယ်"
ကျန်းရှင်းဖှ ရွဲ့စောင်း၍ ကျီစယ်လိုက်သည်။
ရွှီကောင်းမင် : "လျှောက်မပြောနဲ့၊ ငါ သွားသလား မသွားဘူးလားဆိုတာ မင်းတို့ မသိဘဲ နေမလား.. ငါတို့ ခြံဝင်းထဲမှာလည်း ဒီလောက် ဆူညံပွက်လောရိုက်နေတာကို"
"ကျွန်တော်က နောက်တာပါဗျာ၊ ဒါကြောင့်မို့လို့ ဦးလေးကို သတ္တိနည်းတယ်လို့ ပြောတာပေါ့"
ရွှီကောင်းမင် : "..."
"အဲဒီ မှောင်ခိုဈေးကိစ္စက သေးတဲ့ကိစ္စ မဟုတ်ဘူး သတိထားတာ အပြစ်မရှိပါဘူး"
ကျန်းရှင်းဖှ နှုတ်ခမ်းရွဲ့လိုက်ပြီး ရွှီကောင်းမင်ကဲ့သို့သော လူကြီးပိုင်းများကို အထင်မသေးရုံတမယ် ရှိနေခဲ့သည်။
တကယ်ကို အသက်ကြီးလေ သတ္တိနည်းလေပါပဲ…
သူသည် ထိုအဘိုးကြီးကို အထင်အမြင်သေးသည့် မျက်လုံးဖြင့် ကြည့်လိုက်ပြီး လျစ်လျူရှု့လိုက်၏။ သူကဲ့သို့သော အဘိုးကြီးမျိုးသည် နောက်တစ်ကြိမ် ခြံဝင်းတာဝန်ခံ လဲလှယ်သည့်အခါ အထက်သို့ တက်လှမ်းရန် လုံးဝ စိတ်မကူးသင့်တော့ပေ…
ဘယ်သူမှ သဘောတူမှာ မဟုတ်
ဘူး… ဟမ့် သူလို လူငယ်မျိုးကသာ တာဝန်ခံလုပ်ဖို့ ပိုသင့်တော်တာပေါ့…
ကျန်းရှင်းဖှသည် မိမိကိုယ်မိမိ အတော်လေး ဟုတ်လှပြီဟု ထင်မှတ်ကာ ဝင့်ကြွားနေမိသည်။
အကယ်၍ သူသာ ခြံဝင်းတာဝန်ခံ ဖြစ်လာခဲ့ပါက၊ ထိုအချိန်တွင် မိမိစကားကို မနားထောင်သူ မည်သူ့ကိုမဆို သေချာပေါက် ကလိမ်ကကျစ်ဉာဏ်ဆင်ပြီး ဒုက္ခပေးပစ်မည်ဟု တွေးနေ၏။ ထို့ပြင် အကယ်၍ ခြံဝင်းတာဝန်ခံ တကယ်ဖြစ်လာပြီး အာဏာအနည်းငယ် ရှိလာလျှင် မုဆိုးမလေးပင် မိမိထံသို့ အလိုအလျောက် ရင်ခွင်ထဲ တိုးဝင်လာနိုင်ချေရှိသည်။
ကျန်းရှင်းဖှသည် အတော်လေးပင် စိတ်ကူးယဉ် တွေးတောနေခဲ့၏။ အကြောင်းစုံ မသိသူဆိုလျှင် ဤရာထူးကို ရာထူးကြီးတစ်ခုဟု ထင်မှတ်ပေလိမ့်မည်။ အမှန်တွင် ယင်းမှာ အိမ်နီးနားချင်းများကြား အငြင်းပွားမှုများကို ဖြေရှင်းပေးရသည့် အခမဲ့လုပ်အားပေး သာမန်ရာထူးတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ထိုအချက်သည် ကျန်းရှင်းဖှအား စိတ်ကူးယဉ် အိုင်တင်ထည့်ခြင်းမှ လုံးဝ တားဆီးမထားနိုင်ခဲ့ပေ။
သူသည် မကြာသေးမီအတွင်း အေးအေးဆေးဆေး နေထိုင်ခဲ့သော်လည်း ရင်ထဲတွင်မူ တရွရွဖြစ်နေဆဲ ဖြစ်ပြီး ချန်ချင်းယွီကို လိုက်လံပိုးပန်းချင်စိတ် ပြင်းပြနေခဲ့၏။
ဘယ်တတ်နိုင်ပါ့မလဲ၊ မုဆိုးမလေးက တကယ့်ကို ချောမောလှပလွန်းနေတာကို…
သူသည် လျိုကျင့်နှင့်လည်း အဆင်ပြေနေသည်မှာ မှန်သော်လည်း လျိုကျင့်မှာ ထိုမုဆိုးမလေးလောက် မလှပပေ။ ထို့ပြင် လျိုကျင့်တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ၊ သူသည် လျိုကျင့်ထံသို့ အတန်ကြာအောင် သွားရောက်၍ မရနိုင်တော့ပေ။ ထိုမိန်းမ ငိုငိုယိုယိုဖြင့် ငွေငါးဆယ်ခန့် "ဖျက်ချခ" တောင်းဆိုခဲ့သည်ကို တွေးမိလျှင် ကျန်းရှင်းဖှတစ်ယောက် အလွန်ပင် မကျေမနပ် ဖြစ်ရပြန်သည်။ သူ၏ တစ်လလစာမှာ သုံးဆယ်ကျော်မျှသာ ဖြစ်သဖြင့် လစဉ်လတိုင်း ငွေပြတ်နေခဲ့ရ၏။
ဒီမိန်းမကိုတော့ ခဏလောက် ပစ်ထားလိုက်ဖို့ ကောင်းနေပြီ…
သူသည် မုဆိုးမလေးကို တစ်ချက် ထပ်မံကြည့်ရှုလိုက်ရာ၊ သူမပုံစံမှာ အေးအေးဆေးဆေး ရိုးရိုးသားသား ရှိပုံရသဖြင့် အကယ်၍သာ တကယ် ပိုးပန်း အောင်မြင်ခဲ့လျှင် ငွေကုန်ကြေးကျ သက်သာမည်မှာ သေချာလှပေ၏။
ကျန်းရှင်းဖှသည် မရိုးသားသော အကြံအစည်များဖြင့် ချန်ချင်းယွီကို ရစ်သီရစ်သီ စိုက်ကြည့်နေခဲ့သည်။
ချန်ချင်းယွီ၏ မျက်နှာမှာမူ ပို၍ပင် အေးစက်လာတော့၏။ အချို့လူများမှာ တကယ်ကို ရွံရှာဖွယ်ကောင်းလှပေသည်။ ဒဏ်ရာပျောက်လျှင် နာကျင်ခဲ့သည်ကို မေ့လျော့တတ်ကြပြီး၊ အလုပ်မရှိလျှင် ပြဿနာရှာရန် ထွက်လာတတ်ကြ၏။ ပြီးခဲ့သည့် အကြိမ်အနည်းငယ်အတွင်း သူမ လုပ်ရပ်များမှာ သူ့အား အကျိုးအကြောင်း တွေးတောမိစေရန်နှင့် ငြိမ်ငြိမ်ကုပ်ကုပ် နေတတ်စေရန် လုံလောက်ပြီဟု ထင်မှတ်ခဲ့သည်။
သို့သော်လည်း အချို့လူများ၏ ဦးနှောက်မှာ အောက်ပိုင်း၌သာ တည်ရှိနေတတ်ပြီး တကယ့်ကို အောက်တန်းကျလှသည်ကို မမျှော်လင့်ဘဲ တွေ့ရှိရလေ၏။
ချန်ချင်းယွီသည် ရင်ထဲတွင် ဒေါသထွက်နေသော်လည်း အပြင်ပန်းတွင်မူ မည်သည့်အမူအရာမျှ ပြသမနေခဲ့ပေ။
ဟက်…
ကျန်းရှင်းဖှ... နင် တစ်ယောက်တည်း ရှိမနေပါစေနဲ့လို့ ဆုတောင်းထား….
ချန်ချင်းယွီသည် ရန်ဖြစ်ရမည်ကို ကြောက်ရွံ့သူ မဟုတ်ပေ။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အခွင့်အရေးရသည်နှင့် ထိုကောင်စုတ်ကို ကောင်းကောင်း ဆုံးမပစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
တစ်ကြိမ်နှစ်ကြိမ်နှင့် သတိမဝင်နိုင်သေးဘူးလား… ဒါဆိုရင် သုံးကြိမ်မြောက် ပေါ့…
အော်... ဒါမှမဟုတ် သူက မစင်တွင်းကို သဘောကျနေတာလား…
လီတာ့ရှန်းတို့ လင်မယားနှစ်ယောက်စလုံး အောက်ထဲကို ဆင်းခဲ့ဖူးတယ်ဆိုတော့ သူလည်း သဘောကျနေမှာပေါ့….
ချန်ချင်းယွီကိုယ်တိုင်မှာမူ ယင်းကို အလွန်ပင် ရွံရှာဖွယ်ကောင်းသည်ဟု ထင်သော်လည်း အခြားသူများ ဆင်းသွားချင်နေလျှင် သူမ ဖြည့်စည်းပေးမည်သာ…
သူမသည် ကျန်းရှင်းဖှကို မည်သို့ ဆုံးမရမည်ကို ကြံစည်နေစဉ်၊ အခြားသူများမှာမူ အတင်းအဖျင်းစကားများကို အားရပါးရ ဆွေးနွေးနေကြသဖြင့် လူစုမှာလည်း ပို၍ကြီးမားလာခဲ့သည်။ ယခုကဲ့သို့ ညဉ့်နက်သန်းခေါင်ကြီးတွင် အနည်းငယ်မျှ လှုပ်ရှားမှုရှိရုံဖြင့် လူအုပ်ကြီးကို ဆွဲဆောင်နိုင်သည် မဟုတ်လော့။
ချန်ချင်းယွီသည် ထွက်လာကြသော လူအုပ်ကြီး တဖြည်းဖြည်း များပြားလာသည်ကို မြင်သောအခါ မိမိဘာသာ လှည့်၍ အိမ်သို့ ပြန်လာခဲ့၏။
ကလေးများကို အိမ်တွင် ထားခဲ့ရသဖြင့် သူမ စိတ်မချ ဖြစ်နေမိသည်။
မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီသည် ကလေးအပေါ်တွင် အလွန်ပင် ဂရုစိုက်လေ၏။
ချန်ချင်းယွီတစ်ယောက်တည်း ထွက်ခွာသွားသော်လည်း ကျန်းရှင်းဖှမှာ နောက်မှ လိုက်မသွားရဲပေ။ လူအများကြီး စောင့်ကြည့်နေကြသဖြင့် သူလည်း ရူးမိုက်မနေပေ။ သူ၏ရင်ထဲတွင် မရိုးသားသော စိတ်ကူးများ ရှိနေသည်သည့်တိုင် ယင်းကို အလွန်အကျွံ ထင်ရှားအောင် မလုပ်ရဲချေ။
မကြာသေးမီကာလ၌ သူသည် ကံဆိုးနေခဲ့သည်။
ကံမကောင်းသူများအနေဖြင့် အရာရာကို သတိကြီးစွာ ထားရမည်သာ…
ချန်ချင်းယွီ တစ်ယောက်တည်း အိမ်သို့ ပြန်လာခဲ့စဉ် ကလေးငယ်လေးများမှာမူ အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ ကလေးများမှာ ထိုကဲ့သို့ပင် အိပ်ပျော်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတတ်ကြ၏။
ချန်ချင်းယွီ အချိန်ကို ကြည့်လိုက်ရာ သုံးနာရီကျော်ပင် ရှိနေပြီ ဖြစ်သည်။ ခဏနေလျှင် မိုးလင်းတော့မည်။
ဒီညတော့ တကယ်ကို တစ်ရေးမှ မအိပ်ရသေးပါလား…
ချန်ချင်းယွီသည် စက္ကူနှင့် ဖောင်တိန်ကို ထုတ်ယူကာ ယွီမေကျွမ်းထံသို့ စာရေးရန် ပြင်လိုက်တော့သည်။ တောင်ပေါ်ထွက်ကုန်များနှင့် ပတ်သက်၍ အဘွားကြီးကျောက် စကားစပ်ပေးခဲ့ပြီး စက်ရုံဘက်မှလည်း သဘောတူခဲ့သော်လည်း၊ နောက်ဆက်တွဲကိစ္စများကိုမူ အဘွားကြီးကျောက် ဆက်လက်ပါဝင်ပတ်သက်တော့မည် မဟုတ်ပေ။ သူမသည် လမ်းစရှာပေးရုံမျှသာဖြစ်ပြီး၊ အောင်မြင်ခြင်း မအောင်မြင်ခြင်းမှာ ဝယ်ယူရေးဌာန၏ ကိစ္စသာ ဖြစ်သည်။
စက်ရုံဘက်မှ အစောပိုင်းတွင် သဘောတူခဲ့သော်လည်း ပစ္စည်းကောင်းမကောင်းနှင့် ဈေးနှုန်း မည်သို့ရှိသည်ကို သေချာပေါက် ဆက်လက်ကြည့်ရှုရဦးမည် ဖြစ်၏။
ထို့ကြောင့် သေချာပေါက် ဝယ်ယူမည်ဟု အာမမခံနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ လမ်းစကို ရှာဖွေပေးခဲ့ပြီးပြီဖြစ်သဖြင့် ချန်ချင်းယွီအနေဖြင့် ယွီမေကျွမ်းအား အကြောင်းကြားရန် လိုအပ်ပေသည်။ သူမသည် စာကို အသေအချာ ရေးသားပြီးနောက် ထိုစာကို လာမည့်ရက်အနည်းငယ်အတွင်း အားလပ်ချိန်၌ စာတိုက်မှ ပေးပို့ရန် အိတ်ထဲသို့ ထည့်လိုက်၏။
"... ချွေးမရေ"
အဘွားကြီးကျောက် တစ်ယောက် ဝမ်းသာအားရဖြင့် အိမ်သို့ ပြန်ရောက်လာပြီး
"အမလေး... တော်တော်လေး ပြောလိုက်ရတာ ငါ့မှာ အာခေါင်တွေတောင် ခြောက်သွားတယ်၊ သိပ်ကို အားရစရာကောင်းတာပဲ"
ချန်ချင်းယွီ : "..."
"မနက်ဖြန်ကျရင် စက်ရုံကိုသွားပြီး ဒီအကြောင်းကို အသေအချာ ဆွေးနွေးရမယ်"
ထို့နောက် အသံကိုနှိမ့်ကာ
"အခုဆိုရင် နင် စိတ်အေးသွားပြီမလား.. ကိစ္စက ငါတို့ဆီကနေ ထွက်သွားတာ မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့ကတော့ ဆက်ပြီး ကောလာဟလ ဖြန့်လို့ရတာပေါ့"
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး အဘွားကြီးအတွက် ရေတစ်ခွက် အလိုက်တသိ ခပ်ပေးလိုက်သည်။
အဘွားကြီးကျောက် : "အေး... ငါ စကားပြောလွန်းလို့ တကယ် ရေငတ်နေတာ"
ချန်ချင်းယွီ : "လူစုခွဲလိုက်ပြီလား"
“ခွဲလိုက်ပြီလေ… ဘေးခြံဝင်းက အဘိုးကြီးလီ ထွက်လာပြီး အလုပ်သွားရဦးမှာမို့လို့ အားလုံးကို လူစုခွဲဖို့ ဖျန်ဖြေပေးတာ၊ အနားမယူရင် မဖြစ်ဘူးလေ.. အားလုံးကလည်း ဟုတ်တယ်ဆိုပြီး လူစုခွဲလိုက်ကြတာ၊ ဒါနဲ့... ငါ ဒီနေ့ သတိထားမိတာက အဲဒီ ကျန်းရှင်းဖှကောင်စုတ်က နင့်ကို မရိုးသားတဲ့မျက်လုံးနဲ့ ထပ်ပြီး စိုက်ကြည့်နေပြန်တယ်၊ ဒီကောင်က တကယ်ပဲ ဦးနှောက်မရှိဘူးလား၊ အကျိုးအကြောင်း မတွေးတတ်ဘူးလား… တကယ်ကို အမှတ်မရှိတဲ့ကောင်ပဲ”
ချန်ချင်းယွီ : "အမေလည်း သတိထားမိတာပဲလား"
အဘွားကြီးကျောက် : "ဒါပေါ့... နင်က ငါ့ရဲ့ ချွေးမပဲဟာ၊ ငါက ကျန်းရှင်းဖှလို ကောင်မျိုး နင့်ကို လာပြီး ပတ်သက်တာကို ဘယ်ခွင့်ပြုပါ့မလဲ… စောင့်ကြည့်နေလိုက်၊ အဲဒီကောင်စုတ်ကို ငါသာ အခွင့်အရေးရရင် ကောင်းကောင်းကြီး ဆုံးမပစ်မယ်၊ ဒီလိုလူမျိုးကို စကားတွေ ကွေ့ဝိုက်ပြောနေလို့မရဘူး၊ သူ့ဦးနှောက်က မမီဘူး၊ နားမလည်ဘူး… ထိပ်တိုက်သာ တွေ့ပြီး ငါတို့မိသားစုရဲ့ အစွမ်းကို ပြလိုက်မှ သူ အေးအေးဆေးဆေး နေရဲမှာ… ဘာကောင်မှန်းကို မသိဘူး၊ သူက ရွှီကောင်းမင်တို့လိုမျိုး အကျိုးအကြောင်း တွေးတောတတ်ရင် ငါတို့မိသားစုအတွက် အများကြီး သက်သာတာပေါ့၊ ဒါနဲ့... နင် ရွှီကောင်းမင်တို့ လင်မယားနှစ်ယောက်ကို တွေ့လိုက်လား.. ဂယောင်ဂတမ်းနဲ့ တကယ့်ကို သရဲမြင်လိုက်ရတဲ့အတိုင်းပဲ"
"ဟုတ်ပ.. နားကိုမလည်နိုင်ဘူး"
ချန်ချင်းယွီ ဆိုလိုက်သည်။
"ဟုတ်တယ်၊ တကယ်ကို နားမလည်နိုင်စရာပဲ"
ယောက္ခမနှင့် ချွေးမဖြစ်သူတို့သည် သရဲမရှိဟု ယုံကြည်ကြသော်လည်း၊ သူတို့၏ အိမ်နီးနားချင်းကောင်းကြီးမှာမူ သရဲရှိကြောင်းကို ထထကြွကြွဖြင့် အခိုင်အမာ ယုံကြည်နေခဲ့၏။
ယခုအချိန်တွင် ရွှီကောင်းမင်သည် ရှီကျန့်ရှန်းအား ညွှန်ကြားနေကာ
"မနက်ဖြန်ကျရင် ရှို့တဲ့ ရွှေငွေစက္ကူတွေ သွားဝယ်ချေ၊ များများဝယ်လေ ပိုကောင်းလေပဲ… ပိုက်ဆံကိုတော့ မနှမြောနဲ့၊ လိုအပ်တဲ့အချိန်မှာ သုံးရမှာပဲ၊ ကိုယ့်အသက်ကို ကာကွယ်ဖို့က ပိုအရေးကြီးတယ်.. များများသာ ဝယ်ထား၊ မနက်ဖြန် လေတိုက်မှာဆိုတော့ အပြင်ထွက်တဲ့လူ နည်းလိမ့်မယ်၊ အဲဒါမှ ပိုပြီး စိတ်ချရမှာ၊ ဒီညကျရင် လမ်းဆုံတစ်ခုခုကို ရှာပြီး လင်းကျန့်ဝမ်အတွက် တိတ်တဆိတ် ရွှေငွေစက္ကူတွေ သွားရှို့ပေးကြစို့"
ရှီကျန့်ရှန်းသည်လည်း အလေးအနက်ပုံစံဖြင့်
"ကျွန်မလည်း ဒါက အကြံကောင်းတစ်ခုလို့ ထင်တယ်"
"သေချာပေါက် အကြံကောင်းပေါ့ဟ၊ ဒါမှမဟုတ်ရင် ငါတို့လည်း ဟိုညီအစ်ကို ချဲယုံဖုန်းတို့လို ကံဆိုးမိုးမှောင်ကျကုန်လိမ့်မယ်၊ ကြည့်စမ်း... ကြည့်စမ်း... ဒါက လူလုပ်တာ ဘယ်ဟုတ်နိုင်ပါ့မလဲ၊ သူတို့ ဘာလို့ ဒီလောက်တောင် ကံဆိုးသွားရတာလဲ… သေချာပေါက် သရဲပူးလို့ ဖြစ်တာပဲဥစ္စာ"
"ဟုတ်တယ်…"
ရှီကျန့်ရှန်း စိတ်လှုပ်ရှားစွာဖြင့်
"ရှင်ရယ်... ကျွန်မလည်း အဲဒီလိုပဲ တွေးနေတာ"
လင်မယားနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် တိုးတိုးတိတ်တိတ်ဖြင့် တိုင်ပင်နေကြတော့သည်။
ရွှီရှောင်စန်း : "..."
သူသည် ဘေးနားမှ အကြောင်းစုံကို နားထောင်ပြီးနောက် ခေါင်းကိုကုတ်ကာ ပြောလိုက်မိ၏။
"ဒီကမ္ဘာပေါ်မှာ သရဲမှ မရှိတာပဲဟာ၊ အဖေတို့က ဘာလို့ အယူသီးတဲ့ ရှေးရိုးစွဲဝါဒတွေကို ယုံကြည်နေရသေးတာလဲ"
"ပါးစပ်ပိတ်စမ်း… ဘာရှေးရိုးစွဲဝါဒလဲ၊ လူဆိုတာ မသိနိုင်တဲ့ အရာတွေအပေါ်မှာ ကြောက်ရွံ့ရိုသေစိတ် ရှိရတယ်ဟ.. မင်းကတော့ တကယ့်ကို ရူးမိုက်လွန်းတာပဲ.’ ဒါပေမယ့် မင်းကတော့ ဘာမှမဖြစ်ပါဘူး၊ မင်းက လင်းကျန့်ဝမ်ကိုမှ သွားမပြစ်မှားခဲ့တာ၊ သူက မင်းနောက်ကို လိုက်လာမှာမဟုတ်ဘူး… ဒါပေမယ့် စကားကို လျှောက်မပြောနဲ့ဦး၊ ကိုယ့်ကိုယ်ကို ဒုက္ခမရှာနဲ့… ဒီရက်ပိုင်း အခြေအနေတွေကို ကြည့်ဦးလေ၊ ကြည့်ဦး၊ မင်း နားမလည်ဘူးလား၊ အဘွားကြီးကျောက်ကို သွားပြစ်မှားတဲ့သူတွေကို ကြည့်လိုက်၊ ဘယ်နှစ်ယောက်က ကောင်းကောင်းမွန်မွန် အဆုံးသတ်သွားရလို့လဲ"
ရွှီရှောင်စန်း : "အဲဒါက သူက ရန်ဖြစ်ရင် သန်မာလို့လေ"
ရွှီကောင်းမင် : "မိုက်မဲလိုက်တာ"
ရှီကျန့်ရှန်းသည်လည်း ဝင်၍ ထောက်ခံကာ
"အလွန်ကို မိုက်မဲတာပဲ”
ရွှီကောင်းမင် : "အကြိမ်အများကြီးမှာ အဘွားကြီးကျောက်ကိုယ်တိုင် လက်ပါခဲ့တာ မဟုတ်ဘူးလေ၊ ဒါပေမယ့် ကိစ္စတွေက ဖြစ်ပျက်သွားတာပဲ မဟုတ်လား… ဒီညက မလျော်ကန်တဲ့ကိစ္စကို ကြည့်ဦး၊ ဒါက တိုက်ဆိုင်မှုသက်သက်ပဲလား၊ ပြီးတော့ ပြီးခဲ့တဲ့အကြိမ်က ကျန်းရှင်းဖှ ကံဆိုးတာ၊ အဲဒီမတိုင်ခင်က လီတာ့ရှန်း ကံဆိုးတာ၊ အော်... ပြီးတော့ ငါတို့မိသားစုပါ... ကံဆိုးတဲ့ အကြိမ်ပေါင်းများစွာကို ကြည့်လိုက်ဦး၊ ဒါတွေက လူလုပ်တာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
သူ့အနေဖြင့် သူ၏သားဖြစ်သူမှာ အသက်ငယ်လွန်းသေးသဖြင့် အရာရာကို အပေါ်ယံမျှသာ သိမြင်သည်ဟု ခံစားနေရ၏။
ရွှီရှောင်စန်း : "ဝမ်ကျန့်ကော်လည်း ပြဿနာတက်ခဲ့တာပဲ မဟုတ်လား.. သူက အဘွားကြီးကျောက်နဲ့ ဘာမှမသက်ဆိုင်ဘူးလေ၊ တစ်ခါတလေကျတော့လည်း ဒါက တိုက်ဆိုင်မှုသက်သက်ပါပဲ"
"မီးဖိုချောင်ပြင်တဲ့ အဘိုးကြီးလီလည်း ဒဏ်ရာရခဲ့တာပဲ… မင်းက ဘာလို့ မသက်ဆိုင်တဲ့လူတွေကို လျှောက်ပြီး ဆက်စပ်နေရတာလဲ၊ အဲဒီလိုဆိုရင် တခြားသူတွေက မတော်တဆမှု မဖြစ်ရတော့ဘူးလား… မင်းက ငြင်းချင်လို့ကို သက်သက်ငြင်းနေတာပဲမလား၊ မင်း ကြည့်ရမှာက အဘွားကြီးကျောက်နဲ့ ပဋိပက္ခရှိတဲ့သူတွေကိုပဲ ကြည့်ရမှာ.. သူတို့အားလုံး ကံမကောင်းကြဘူးမဟုတ်လား.. ငါပြောပြမယ်၊ မင်းက ငယ်သေးလို့ နားမလည်ဘူး၊ ငါတို့ ကိစ္စတွေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာကိုပဲ သေချာစောင့်ကြည့်.. စကားတွေကို စည်းမဲ့ကမ်းမဲ့ လျှောက်မပြောနဲ့"
ရွှီရှောင်စန်း ; “ဪ..”
သူသည် ရွှီကောင်းမင်ကို စကားနိုင်မလုတော့ပေ။
ရွှီကောင်းမင် : "မင်းက ငယ်သေးတာပဲ။ ထားလိုက်ပါတော့၊ မင်း အိမ်ထောင်ကျပြီး အခြေကျသွားရင် အဆင်ပြေသွားမှာပါ… ငါ အောင်သွယ်တစ်ယောက်ကို ရှာပြီး နမင်းကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးခိုင်းလိုက်မယ်"
ရွှီရှောင်စန်း : "ကျွန်တော် လိုချင်တာက..."
"ဘာမှ လိုချင်မနေနဲ့… ငါပြောတာကိုပဲ နားထောင်.. မင့်ဘာသာမင်းစိတ်ကူးတွေ ရှိမနေနဲ့… မင်းတို့လို လူငယ်တွေက ဘာက ကောင်းတယ်ဆိုတာ မသိကြဘူး၊ အဲဒီတော့ စိတ်ကူးယဉ် အကြံအစည်တွေ ရှိမနေနဲ့"
ရွှီကောင်းမင်သည် သူ၏သားအား အဘိုးကြီးမာ၏ တတိယမြောက်သားကဲ့သို့ စိတ်ကူးစိတ်သန်းတွေ များပြားပြီး မုဆိုးမကို အတင်းအကျပ် ကူညီချင်နေသည့် ပုံစံမျိုး မဖြစ်စေချင်ပေ။
ကံကောင်းထောက်မစွာဖြင့် သူတို့ခြံဝင်းထဲတွင် မုဆိုးမ ရှိနေသော်လည်း မည်သူမှ မကြံစည်ရဲကြကာ အားလုံးမှာ ငြိမ်ငြိမ်ကုပ်ကုပ် ရှိကြသေး၏။
အင်း... မဟုတ်ရင်လည်း သူတို့သာ မရိုးသားတဲ့ စိတ်ကူးတွေ ရှိခဲ့ရင် အသက်ရှင်ရတာကို ငြီးငွေ့နေလို့ပဲ ဖြစ်လိမ့်မယ်… အဘွားကြီးကျောက်က တကယ့်ကို အရူးမကြီး မဟုတ်လား…
"ငါ့ရဲ့ ညွှန်ကြားချက်ကိုပဲ နားထောင်စမ်းပါ"
ရွှီရှောင်စန်း "ဟုတ်ကဲ့ပါ”
သူသည် အလွန်အမင်း ထက်မြက်သူ မဟုတ်သော်လည်း စကားနားထောင်ကာ လိမ္မာရိုသေသူ ဖြစ်၏။
"အဘိုးကြီးမာရဲ့ တတိယမြောက်သားနဲ့ မပတ်သက်နဲ့၊ သူတို့က လူအုပ်စုဖွဲ့ပြီး လျှောက်သွားနေတဲ့ လူအုပ်စုပဲ၊ အော်... ပြီးတော့ မာကျန်းနဲ့လည်း မပတ်သက်နဲ့ဦး၊ သူ့ဆီကနေ ကောင်းတဲ့အချက် ဘာမှသင်ယူလို့ရမှာ မဟုတ်ဘူး။ သူက စကားအပြောကောင်းပြီး ပျင်းရိတယ်၊ အစားမက်ပြီး သတ္တိလည်းမရှိဘူး"
ရွှီကောင်းမင် အလေးအနက် သတိပေးပြီးနောက် ဆက်လက်၍
"ပြီးတော့ ဝမ်တာ့ချွေနဲ့လည်း မပတ်သက်နဲ့၊ သူက ပျင်းရိတဲ့ လူလေလွင့်ပဲ… အလုပ်လုပ်တာကလွဲရင် ဘာမှမတတ်ဘူး၊ အသက်သုံးဆယ်ကျော်တဲ့အထိ လူပျိုကြီး ဖြစ်နေတုန်းပဲ၊ အော်... ယွမ်ဟောက်ဖုန်းနဲ့လည်း မပတ်သက်နဲ့ဦး၊ အဲဒီကောင်က အရမ်းကောက်ကျစ်ပြီး ဟန်ဆောင်ကောင်းလွန်းတယ်၊ မင်း သူ့ကို ဉာဏ်ကစားလို့ မှီမှာမဟုတ်ဘူး၊ လွယ်လွယ်လေးနဲ့ အလိမ်ခံရလိမ့်မယ်"
ရွှီရှောင်စန်း : "............................"
အဖေ့စိတ်ထဲ ကောင်းတဲ့သူရော ရှိသေးလာဗျာ..
သူသည် အလေးအနက်ပင် မေးလိုက်မိ၏။
"ဒါဆိုရင် ကျွန်တော်က ခြံဝင်းထဲက အိမ်ထောင်မကျသေးတဲ့ လူငယ်တွေထဲက ဘယ်သူနဲ့မှ ပတ်သက်လို့ မရတော့ဘူးပေါ့… အဆင်ပြေပြေ ပေါင်းလို့ရမယ့်သူ တစ်ယောက်မှ မရှိတော့ဘူးပဲ"
ရွှီကောင်းမင် ခေတ္တမျှ စဉ်းစားပြီးမှ
"မင်း အဒေါ်ကြီးမေ့ရဲ့ သားနဲ့ ပေါင်းလို့ရပါတယ်၊ သူက လူကောင်းလေးပါ"
ရွှီရှောင်စန်းမှာ ထပ်မံ၍ အကြီးအကျယ် တိတ်ဆိတ်သွားရပြန်သည်။ သူ မပေါင်းချင်၍ မဟုတ်ဘဲ...
"အဖေ... ကျွန်တော် အဖေပြောတာကို နားထောင်ချင်ပါတယ်၊ ဒါပေမယ့် ပြဿနာက ကျွန်တော်က အလယ်တန်းတောင် ရောက်နေချိန် သူက မူလတန်းတောင် မတက်ရသေးဘူးလေ.. ကျွန်တော်တို့က မျိုးဆက်ချင်းမှ မတူတာ၊ သူက ကျောင်းစောစော တက်ခဲ့တယ်ဆိုဦးတော့၊ အခုမှ အထက်တန်း ပထမနှစ်ပဲ ရှိသေးတာ၊ ကျွန်တော်က အသက်နှစ်ဆယ်ကျော်နေပြီလေကျွန်တော်တို့ အတူတူ ဆော့လို့မရဘူးဗျ”
ရွှီကောင်းမင် : "ဘာပဲဖြစ်ဖြစ် မင်း ငါပြောတာကို နားထောင်ရမယ်.. လမ်းမှားကို ရောက်ဖို့က လွယ်ပေမယ့် လမ်းမှန်ကို ပြန်ရောက်ဖို့က ခက်တယ်၊ ငါ မင်းအတွက် ပုံဖော်ပေးထားတဲ့ လမ်းအတိုင်းပဲ လျှောက်လှမ်းစမ်းပါ.. ငါပြောတာ နားထောင်ရင် ဘာမှမမှားစေရဘူး၊ ငါပြောတာကို မယုံဘူးလား… ရှီရှောင်ဝေကို ကြည့်လိုက်လေ၊ သူ ကျေးလက်ဆင်းသွားရတယ် မဟုတ်လား… မင်းကတော့ မြို့ထဲမှာ ကျန်နေသေးတယ် မဟုတ်လား၊ ဒါ ဘယ်သူ့ရဲ့ ကျေးဇူးကြောင့်လဲ.. ငါ့ကြောင့်ပေါ့”
ရှီကျန့်ရှန်းသည်လည်း ခေါင်းညိတ်ပြလျက်
"ဟုတ်တယ်၊ နင့်အဖေကြောင့်ပေါ့”
ရွှီရှောင်စန်းခမျာ "အော်" ဟုသာ ဆိုနိုင်တော့၏။
သူသည် တကယ်ကို လိမ္မာ၍ စကားနားထောင်သူဖြစ်သည်။ သူတို့တွင် သားသုံးယောက် ရှိခဲ့ရာ သားအကြီးနှင့် သားအလတ်တို့မှာ ကြီးပြင်းလာသည်နှင့်အမျှ ကိုယ်ပိုင်စရိုက်နှင့် ကိုယ်ပိုင်အတွေးအခေါ်များ ရှိလာကြသဖြင့် ရွှီကောင်းမင်သည် သားအငယ်ဆုံးအပေါ်တွင် အထူးတလည် တင်းကျပ်ခဲ့၏။ ရလဒ်အနေဖြင့် မူလက အနည်းငယ် ထုံထိုင်းရိုးအေးရုံမျှသာရှိသော သူ၏သားမှာ တဖြည်းဖြည်းနှင့် ပို၍ပို၍ လိမ္မာလာပြီး ကိုယ်ပိုင်အတွေးအခေါ် လုံးဝမရှိတော့ပေ။
သို့သော်လည်း ရွှီကောင်းမင်နှင့် ဇနီးဖြစ်သူတို့မှာ သူတို့သည် သားဖြစ်သူကို နောက်ဆုံးတွင် အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ခဲ့ပြီဟု ခံစားနေရသည်။
ဒါကြောင့် သားသမီး များများရှိခြင်းရဲ့ အားသာချက်က ဒါပဲ…
ပထမတစ်ယောက် အဆင်မပြေရင် ဒုတိယတစ်ယောက် ရှိသေးတယ်၊ ဒုတိယတစ်ယောက် အဆင်မပြေရင် တတိယတစ်ယောက် ရှိသေးတယ်…အရာရာက ချောချောမွေ့မွေ့ ရှိနေတာပဲလေ…
ရွှီကောင်းမင်နှင့် ဇနီးဖြစ်သူတို့မှာ မိမိကိုယ်မိမိ အတော်လေး ကျေနပ်ပီတိဖြစ်နေကြပြီး
"မင်း အခုလို အမြင်ရှိတာ ကောင်းပါတယ်… စိတ်မပူနဲ့၊ ငါတို့ မင်းအတွက် သင့်တင့်လျောက်ပတ်တဲ့ မိန်းမတစ်ယောက် သေချာပေါက် ရှာပေးမယ်.. မင်းအလုပ်သမားတစ်ယောက်အတွက်တော့ အလုပ်ရှိတဲ့သူက အသင့်တော်ဆုံးပဲ”
ဤစကားမှာ မမှန်ကန်သည်တော့မဟုတ်ပေ။ ယခုအခါတွင် ၁၉၆၀ ပြည့်လွန်နှစ်များနှင့်မတူဘဲ ၁၉၇၃ ခုနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လူငယ်လေးများ ကျေးလက်သို့ ဆင်းသွားခဲ့ရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ မြို့ပြတွင် အလုပ်အကိုင် အခွင့်အလမ်းများမှာ ထိတ်လန့်စရာကောင်းလောက်အောင် ရှားပါးလှလာခဲ့သည်။
ရွှီရှောင်စန်း၏ အလုပ်မှာ ဥပမာပင်… ရွှီကောင်းမင်မှာ တစ်ဖက်သူကို နှစ်နှစ်ခန့် စောင့်ကြည့်ပြီး ပြဿနာများရှာ၍ အခြေအနေကို လှည့်စားခြယ်လှယ်ပြီးမှသာ ထိုလူ နောက်ဆုံးတွင် သူ၏အလုပ်ကို ရောင်းချရန် ဆုံးဖြတ်ခဲ့သဖြင့် သူ အလုပ်ရခဲ့ခြင်း ဖြစ်၏။
ထိုသို့ဖြစ်ရန်ပင် ရွှီကောင်းမင်
ဘက်မှ မျက်နှာသာအကြီးအကျယ် ပေးခဲ့ရသည်။
ယခုခေတ်တွင် အလုပ်တစ်ခုရရန် မည်မျှခက်ခဲသည်ကို သူ ကောင်းကောင်းသိ၏။
ခက်ခဲလွန်းသောကြောင့်ပင် ထိုအလုပ်သည် အလွန်တန်ဖိုးရှိနေခြင်း ဖြစ်သည်။
"အဖေ... ကျွန်တော် ထင်တာက ဟောက်ရွှယ်..."
"ပါးစပ်ပိတ်စမ်း…ဟောက်ရွှယ်က အဆင်မပြေဘူး၊ သူက ယာယီအလုပ်သမားသက်သက်ပဲ… ငါ သူ့ကို ထည့်တောင်မစဉ်းစားထားဘူး၊ ငါတို့မိသားစုရဲ့ အခြေအနေနဲ့ဆိုရင် မင်းက အမြဲတမ်းအလုပ်သမားဖြစ်တဲ့သူကိုပဲ ရှာရမယ်… ဒါ့အပြင် ဟောက်ရွှယ်က မာနကြီးလွန်းတယ်၊ မင်း သူ့ကို ထိန်းနိုင်မှာမဟုတ်ဘူး.. စောင့်ရုံသာစောင့်နေ.. ငါ မင်းအတွက် စီစဉ်ပေးမယ်လို့ ပြောပြီးသားပဲ၊ သေချာပေါက် စီစဉ်ပေးမှာပါ"
"ဒါဆိုရင်လည်း ပြီးတာပါပဲ”
ကံကောင်းထောက်မစွာဖြင့် ရွှီရှောင်စန်းမှာ အတင်းအကျပ် ဇွတ်လုပ်တတ်သူ မဟုတ်ပေ။
သူ ဝေခွဲမရဖြစ်နေတတ်တာကလည်း ကောင်းပါတယ်… ပြဿနာ မရှာတော့ဘူးလေ…
ရွှီမိသားစု အိမ်ထောင်ဖက်ရှာရန် ဆွေးနွေးနေကြစဉ်၊ အစ်မကြီးဖန်၏အိမ်တွင် မီးများလင်းနေပြီး ရှီရှန်းမှာ သူမကို ကျောပေးလျက် လှဲလျောင်းနေကာ စိတ်အခြေအနေ မကောင်းဘဲ ရှိနေသည်။ မည်သူမဆို စိတ်အခြေအနေ ဆိုးရွားနေမည်သာ ဖြစ်၏။ သူ၏ဇနီးဖြစ်သူသည် အကြောင်းပြချက်မရှိဘဲ မိုက်မဲသောအလုပ်ကို လုပ်ခဲ့သဖြင့် ယခုအခါတွင် ဘာမဟုတ်သည့် မှန်ချပ်အတွက် ပိုက်ဆံကို အလဟဿ သုံးစွဲရတော့မည် မဟုတ်လော့….
ရှီရှန်း : "နောက်နောင်ကို ဒီလို မလိုအပ်တဲ့အလုပ်တွေကို မလုပ်နဲ့တော့.. မှန်တစ်ချပ်ရဲ့ တန်ဖိုးက အသားအများကြီး ဝယ်လို့ရတယ်၊ နင် ပိုက်ဆံတွေ အများကြီးရှိနေတယ်လို့ ထင်ရင် ငါ့ကိုပေးလို့ရတယ်.. အလဟဿ ဖြုန်းတီးပစ်ဖို့ မလိုဘူး၊ နင် တိတ်တဆိတ် လုပ်နေတာကို အမိမခံရရင် ငါ ဘာမှပြောမှာ မဟုတ်ဘူး၊ ဒါပေမယ့် နင်က ကိုယ့်ဘာသာကိုယ် ဝန်ခံပြီး ထွက်လာတာပဲ… နင် ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးချင်နေတာလား"
အစ်မကြီးဖန် မကျေမနပ်ဖြင့်
"ကျွန်မက သူတို့ကို သင်ခန်းစာတစ်ခု ပေးချင်ရုံတင်ပါ… လင်စန်းရှင်းရဲ့ ဝင့်ကြွားနေတဲ့ ပုံစံကို ကြည့်ဦး.. သူက ကျွန်မရဲ့သားကိုတောင် အထင်သေးနေတာ၊ သူက ဘာများ အဟုတ်ကြီးမို့လို့လဲ.. သူတို့လည်း စာမေးပွဲမအောင်ခဲ့ကြပါဘူး.. သူတို့က ကလေးတစ်ယောက်တည်း စနစ်ကို အားကိုးပြီး ကျေးလက်မဆင်းရအောင် ရှောင်လွှဲနေကြတာ.. အဲဒါက ဘာများ အဟုတ်ကြီးမို့လို့လဲ၊ သူတို့ အသက်ကြီးလာတဲ့အခါ ပြုစုစောင့်ရှောက်မယ့် သားတစ်ယောက်မှ ရှိမှာမဟုတ်ဘူး"
"နင် အဲဒါကို သိရင် တော်ပြီပေါ့…သူတို့ ကောင်းကောင်းမွန်မွန် အဆုံးသတ်မှာမဟုတ်ဘူးဆိုတာ သိနေမှတော့၊ နောက်ကျရင် သူတို့ လူပြက်ဖြစ်မှာကိုပဲ ထိုင်ကြည့်နေလိုက်ပေါ့၊ ဘာလို့ အခုလို ထွက်ပြီး ပြဿနာရှာနေရတာလဲ..."
"ကျွန်မ နောက်တစ်ခါ မလုပ်တော့ပါဘူး”
"ဒါဆိုရင်တော့ အကောင်းဆုံးပေါ့"
အစ်မကြီးဖန် တတွတ်တွတ် ညည်းတွားပြီးနောက် ပြန်လည် လှဲလျောင်းလိုက်သည်။ ဒုတိယမြောက် ခြံဝင်းထဲတွင် အတင်းအဖျင်းစကားများစွာ ရှိနေခဲ့၏။ အခြားမိသားစုများလည်း ထိုနည်း၎င်းပင်။ ယခုမှာ မနက်စောစောပိုင်းဖြစ်ပြီး တိုင်ဖွန်းမုန်တိုင်းပင် မရောက်ရှိသေးသော်လည်း အိမ်ထောင်စုတိုင်းရှိ လူများ၏မျက်လုံးတွင် ကွင်းမည်းကြီးများ ဖြစ်နေကြလေပြီ…
အားလုံးမှာ တကယ့်ကို ဖရိုဖရဲ ပုံစံ ပေါက်နေကြသည်။
ဘယ်တတ်နိုင်ပါ့မလဲ၊ ဘယ်သူမဆို ကောင်းကောင်းမအိပ်ရတဲ့အခါဆို အခုလို ဖြစ်နေမှာပဲ မဟုတ်လား…
သို့သော်လည်း သူတို့ အလုပ်သွားကြရဦးမည် ဖြစ်၏။
ကံကောင်းထောက်မစွာဖြင့် စက်ရုံတွင် အတင်းပြောရန် စိုင်းပြင် အလုပ်ရှုပ်နေကြသဖြင့်၊ သူတို့၏ ကိုယ်ခန္ဓာအခြေအနေမှာ သိပ်မကောင်းသော်လည်း အားလုံးမှာ ဖျတ်ဖျတ်လတ်လတ်နှင့် အလျင်အမြန် လျှောက်လှမ်းနေကြသည်။ အထူးသဖြင့် အဘွားကြီးကျောက်တစ်ယောက် စိတ်အားထက်သန်နေပြီး စက်ရုံသို့ ချက်ချင်းရောက်ရှိကာ သတင်းဖြန့်ချင်နေခဲ့၏။
နံနက်ခင်း၏ ဆူညံပွက်လောရိုက်မှုများသည် ချန်ချင်းယွီအား အနှောင့်အယှက်မပေးနိုင်ဘဲ သူမက တန်းခနဲ ပြန်လည်အိပ်ပျော်သွားခဲ့သည်။
အလုပ်သွားရန် မလိုခြင်းမှာ တကယ့်ကို ကောင်းမွန်လှပေသည်၊ သူမ၏ အနားယူခြင်းကို လုံးဝ အနှောင့်အယှက်မဖြစ်စေပေ။
တစ်ညလုံး အလုပ်ရှုပ်နေခဲ့သော်လည်း သူမ အိပ်ရေးဝအောင် ပြန်အိပ်နိုင်၏။ ချန်ချင်းယွီသည် မွန်းလွဲပိုင်းအထိ အိပ်ပျော်နေခဲ့သဖြင့် စက်ရုံတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေသည်ကို သူမ မသိရှိခဲ့ပေ။
သေချာပေါက်ပင်၊ မိမိ ဤနေရာတွင် ရှိနေခဲ့သည်ဟု သံသယဝင်ခံရမည်ကိုလည်း စိုးရိမ်ရန် မလိုအပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မှောင်ခိုဈေးတွင် စက်ရုံမှအလုပ်သမား တစ်ဦးတစ်ယောက်တည်း ရှိနေခြင်း မဟုတ်၍ပင်။ မှောင်ခိုဈေးသို့ ရောက်ရှိချိန်တွင် အားလုံးသည် လူသိမခံဘဲ ဟန်ဆောင်ပုန်းကွယ်နေကြပြီး အသိမိတ်ဆွေများနှင့် ဆုံမိမည်ကို ကြောက်ရွံ့ကြသည်။
မည်သူမျှ ဒုက္ခမရှာချင်ကြပေ။
ဤသည်မှာ လုံးဝကို အမှန်တရား ဖြစ်၏။
သို့သော်လည်း မနေ့က ယခုကဲ့သို့ ကြီးမားသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သဖြင့် ကောလာဟလများ ပျံ့နှံ့လာခြင်းမှာ ရှောင်လွှဲမရနိုင်ခဲ့ပေ။
သတင်းမှာ အလွန်ပင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မွန်းတည့်ချိန် ရောက်သောအခါ စက်ရုံတစ်ခုလုံး သိရှိသွားကြလေတော့သည်။
စက်ရုံထဲရှိ လူတိုင်းသည် အတွင်းရေးမှူးကျန်းကို အလွန် အဓိပ္ပာယ်ပါပါ၊ မသိမသာ မျက်နှာပေးမျိုးဖြင့် စိုက်ကြည့်နေကြ၏။ ယင်းမှာ "ကြည့်စမ်း... ရှင်ရွေးချယ်ထားတဲ့ သမက်ကို၊ ဒါ ရှင့်ရဲ့ သမက်ကောင်းကြီးပေါ့" ဟု ပြောနေသည့်အတိုင်းပင် ဖြစ်သည်။ အတိုချုပ်ပြောရလျှင် အလွန်ပင် အဓိပ္ပာယ်လေးနက်လှပေ၏။ အတွင်းရေးမှူးကျန်းမှာ အကြီးအကျယ် ဒေါသထွက်နေသော်လည်း မိမိ၏ဒေါသကို အောင့်အီးအောင့်ထားရရှာသည်။
သို့သော်လည်း သူ၏ရုံးခန်းထဲသို့ ရောက်သောအခါတွင်မူ ဒေါသအမျက်ချောင်းချောင်းထွက်လျက် ရေနွေးကြမ်းခွက်ကို ရိုက်ခွဲပစ်လိုက်တော့၏။
"အရှက်မရှိတဲ့ ကောင်စုတ်တွေ”
'ဒီခွေးကောင်က အဖမ်းခံရရုံတင်မကဘူး၊ ပိုပြီး ဒေါသထွက်ဖို့ကောင်းတာက မနေ့ညက မှောင်ခိုဈေးမှာ လူတွေအများကြီးရှိတာကို ချဲညီအစ်ကိုနှစ်ယောက်တည်းပဲ အဖမ်းခံရတယ်လို့.. သူတို့က ဘယ်လောက်တောင် အူတူတူနိုင်လိုက်လဲ… တကယ့်ကို အသုံးမကျတဲ့ကောင်တွေ'
ထို့ထက် ပို၍ ဒေါသထွက်စရာကောင်းသည်မှာ သူတို့သည် မိမိဘာသာ ဖွင့်ဟဖော်ကောင်လုပ်ခဲ့ခြင်း ဖြစ်သည်။
အတွင်းရေးမှူးကျန်းကိုယ်တိုင်လည်း မိန်းမရှုပ်သည့် ကိစ္စများစွာရှိသဖြင့် လူကောင်းတစ်ယောက် မဟုတ်ပေ။
သို့သော် သူသည် ယောက်ျားတစ်ယောက်ဖြစ်သဖြင့် ယင်းကို ကိစ္စကြီးတစ်ခုဟု မထင်မှတ်ပေ။ အောင်မြင်ကျော်ကြားလာပြီးနောက် မိန်းမလဲကြသည့် ယောက်ျားများကို သူ အများကြီး မြင်ဖူးခဲ့၏။ သို့သော် သူ၏သမက်ဖြစ်သူသည် ယခုကဲ့သို့ အူတူတူနိုင်လွန်းသည်ကိုတော့ သူ သည်းမခံနိုင်ပေ။ ခိုးစားရုံတင်မက၊ ပတ်ပတ်လည်ကိုပါ လျှောက်ဖြန့်နေသည်မှာ တကယ့်ကို ဒေါသထွက်စရာကောင်းလှပေ၏။
အတွင်းရေးမှူးကျန်းသည် လူတိုင်း သူ့ကို ဝိုင်းဝန်းရယ်မောနေကြသည်ဟု ခံစားရသဖြင့် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ သူသည် တစ်ခါမှ ယခုကဲ့သို့ အရှက်ကွဲခြင်းမျိုး မကြုံဖူးသဖြင့် တကယ့်ကို သွေးဆူနေခဲ့၏။
သူ မည်မျှပင် ဒေါသထွက်နေပါစေ၊ စက်ရုံတစ်ခုလုံးတွင်မူ အတင်းအဖျင်းစကားများဖြင့် ဆူညံနေခဲ့သည်။ မည်သူမျှ ဗြောင်မပြောရဲကြသော်လည်း ကွယ်ရာတွင်မူ တတွတ်တွတ်ဖြင့် ပြောမဆုံး ရှိနေကြသည်။ အထူးသဖြင့် အဘွားကြီးကျောက်ဆိုလျှင် ဖရဲသီးခင်းထဲမှ ဖျံတစ်ကောင်နှယ် ဟိုပြေးဒီလွှားဖြင့် သတင်းဖြန့်နေခဲ့၏။
သူမတင်မကဘဲ အခြားသူများအားလုံးသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
သူတို့တစ်သက်မှာ ဒီလိုကိစ္စမျိုး တစ်ခါမှ မကြုံဖူးဘူးလေ…
သေချာတာပေါ့... အတွင်းရေးမှူးကျန်းတစ်ယောက်တည်း နာကျင်ရတာမဟုတ်ဘဲ နောက်ထပ် နာကျင်ရတဲ့ သားကောင်တစ်ယောက် ရှိသေးတယ်… သူကတော့ လီတာ့ရှန်းပဲ…
လူအများ အစပိုင်းတွင် သိပ်ပြီး သတိမထားမိကြသော်လည်း လွန်ခဲ့သည့်ရက်ပိုင်းမှ ဖြစ်ပွားခဲ့သည့် ပြဿနာကို အားလုံး မှတ်မိနေကြသည်။ ချဲယုံဖုန်းညီ၏ မိန်းမသည် လီတာ့ရှန်း၏ သမီးဖြစ်ကြောင်း အားလုံး သိကြ၏။
... ဒါဆို ဒီလောက် ဆူညံပွက်လောရိုက်နေတာတွေက သူတို့ ဖောက်ပြန်နေကြလို့ကိုး…
အားလုံးမှာ လီတာ့ရှန်းကို အထင်အမြင်သေးသည့် မျက်လုံးများဖြင့် စိုက်ကြည့်ကြသည်။ လီတာ့ရှန်း၏ မျက်နှာမှာမူ ရေခဲတုံးကဲ့သို့ အေးစက်မည်းမှောင်နေခဲ့၏။
သူ့မှာ မြစ်ထဲကိုသာ ခုန်ချချင်စိတ် ပေါက်နေတော့သည်။
သူနှင့် သမီးဖြစ်သူတို့မှာ ပြီးခဲ့သည့်အကြိမ် ရန်ဖြစ်ပြီးချိန်မှစ၍ စကားမပြောဖြစ်ကြတော့သော်လည်း မည်သည့်မိဘမှ မိမိ၏သားသမီးကို လုံးဝ စွန့်လွှတ်လိုက်နိုင်ခြင်းမရှိကာ၊ သံယောဇဉ် ရှိနေဆဲဖြစ်၏။ သို့သော် ထိုသို့ဖြစ်လာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။ လီတာ့ရှန်းတစ်ယောက် မူးလဲမတတ် ဖြစ်သွားရသည်။
သူ့သမီး လီရှောင်ယွီက အိမ်မှာတုန်းကဆို ကောင်းကောင်းမွန်မွန် ရှိနေတာကို ဘာဖြစ်လို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ…
ဒါက ပုံမှန်လူတစ်ယောက် လုပ်မယ့်အလုပ် ဟုတ်လို့လား…ချဲမိသားစုက တကယ့်ကို ပြဿနာရှာတဲ့ ကောင်တွေပဲ… ငါ့ရဲ့ ကောင်းမွန်တဲ့ သမီးလေးကို ပြန်ပေးကြစမ်း…
လီတာ့ရှန်းသည် တစ်နေ့လုံး ဒေါသစိတ်များဖြင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေခဲ့သည်။
ကိစ္စတွေက ဘာဖြစ်လို့ ဒီလိုလမ်းကြောင်းကို ရောက်သွားရတာလဲ…
သူ လုံးဝ နားမလည်နိုင် ဖြစ်နေခဲ့၏။
ချဲယုံချန်းက စိတ်ရူးပေါက်သွားတာလား… သူက ကိုယ်တိုင်ဖော်ကောင်လုပ်ပြီး ဖျက်ဆီးပစ်တယ်လို့…
သူသာ် ချဲယုံချန်းတစ်ယောက် မိမိအား ကလဲ့စားချေရန်နှင့် သမီးဖြစ်သူ၏ နာမည်ကို ဖျက်ဆီးရန် တမင်သက်သက် လုပ်ဆောင်ခြင်းဖြစ်သည်ဟုပင် သံသယဝင်နေမိသည်။
လီတာ့ရှန်းသည် အလုပ်ရုံထဲတွင် ထိုင်၍ အလုပ်လုပ်နေသော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း သူ့ကို စိုက်ကြည့်နေကြသည့်နှယ် ခံစားနေရ၏။ သူ မကြားချင်ယောင်ဆောင်ရန် ကြိုးစားနေသော်လည်း ခေါင်းထဲတွင် တကယ့်ကို ကိုက်ခဲနေခဲ့သည်။ သူက သက်ပြင်းတစ်ချက်ချကာ ပစ္စည်းများကို ချလိုက်ပြီး
"ငါ အိမ်သာသွားလိုက်ဦးမယ်"
သူ့ရင်ထဲတွင် မငြိမ်မသက်ဖြစ်နေပြီး အလုပ်ပစ္စည်းများကို ပျက်စီးစေမိမည်ကို စိုးရိမ်သဖြင့် အိမ်သာသို့သွားကာ စိတ်အေးအောင် လုပ်ရပေမည်။
ကံကောင်းထောက်မစွာဖြင့် ယနေ့ကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမျှ ဂရုမစိုက်ကြပေ။
လီတာ့ရှန်းသည် ခေါင်းငိုက်စိုက်ချလျက် တစ်ယောက်တည်း ထွက်ခွါသွားခဲ့၏။ သူ ထွက်သွားသည်နှင့် အလုပ်ရုံထဲရှိ ဆူညံသံများမှာ ပိုမိုကျယ်လောင်လာခဲ့သည်။ အားလုံးချက်ချင်းပင် ဝိုင်းဝန်းဆွေးနွေးကြတော့သည်မှာ…
"လီတာ့ရှန်းရဲ့ အခြေအနေကို ကြည့်ဦး၊ သူ တော်တော်လေး စိတ်ဓာတ်ကျနေတဲ့ ပုံပဲ”
"ငါ သိသားပဲ.. ဒါကြောင့်မို့လို့ ချဲယုံဖုန်းက အရင်တုန်းက အလုပ်ရုံမှူး ဖြစ်ခဲ့ပြီး အားလုံးရဲ့ အလေးအမြတ်ထားခြင်းကို ခံခဲ့ရတာကိုး..သူ့သမီးက ချဲယုံဖုန်းနဲ့ ဖောက်ပြန်နေတာကိုး၊ ချဲမိသားစုထဲကို လက်ထပ်ဝင်သွားပြီး အခုတော့ ညီအစ်ကိုနှစ်ယောက်စလုံးကို လက်ခုပ်ထဲက ရေလို ကစားနေတာပဲ”
"သူတော့ ဒုက္ခရောက်တော့မယ်လို့ ငါထင်တယ်… ချဲယုံဖုန်းက အတွင်းရေးမှူးကျန်းရဲ့ သမက်လေ၊ ပြီးတော့ အတွင်းရေးမှူးကျန်းရဲ့ သမီးကလည်း တကယ့်အာကြမ်းမကြီးပဲဥစ္စာ… သူက လီတာ့ရှန်းရဲ့ သမီးကို လွယ်လွယ်နဲ့ လွှတ်ပေးပါ့မလား.. လီတာ့ရှန်းတောင် ဒုက္ခလှလှတွေ့ဦးမှာ"
"အမှန်အတိုင်းပြောရရင် တခြားအချက်တွေကို ငါ နားလည်နိုင်ပေမယ့်၊ ချဲယုံဖုန်းရဲ့ ညီကိုတော့ ငါ လုံးဝ နားမလည်နိုင်ဘူး.. သူက အရူးသက်သက်ပဲ မဟုတ်လား”
"တကယ့် ငတုံးကြီးပဲလေ”
"ဟားဟားဟားဟား..."
ရယ်မောသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ လီတာ့ရှန်းသည် တံခါးဝတွင် ရပ်လျက် ခေတ္တမျှ ချောင်းနားထောင်မိရာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေခဲ့၏။
သူသည် အလျင်အမြန်ပင် ထွက်ခွာခဲ့ပြီး အိမ်သာဆီသို့ ဦးတည်လိုက်သည်။ သို့သော် ပိုမိုထိတ်လန့်စရာကောင်းသော အရာတစ်ခု ရှိနေသေးသည်ကို သူ မသိရှိခဲ့ပေ။
လီတာ့ရှန်း အိမ်သာသို့ ရောက်ရှိသွားစဉ် အချိန်ကိုက်ပင် ထိုနေရာ၌လည်း လူအချို့သည် သူ့မိသားစုအကြောင်းကို အတင်းပြောနေကြသည်။ အလုပ်ရုံဝန်ထမ်းများထက်စာလျှင် အိမ်သာထဲရှိ ယောက်ျားများမှာ တကယ့်ကို ရိုင်းစိုင်းပြီး ညစ်ညမ်းသော စကားလုံးများဖြင့် ပြောဆိုနေကြခြင်း ဖြစ်၏။
ထိုလူများအားလုံးသည် အလွန်ပင် ကာမဂုဏ်စွက်ဖက်သော စကားများကို ပြောနေကြသည်။
ပုံမှန်အားဖြင့်ဆိုလျှင် လီတာ့ရှန်းကိုယ်တိုင်လည်း ထိုသို့သော ပြောင်လှောင်ကျီစယ်မှုများတွင် ပါဝင်ပတ်သက်ဖူးကောင်း ပတ်သက်ဖူးလိမ့်မည်၊ မည်သည့်ယောက်ျားမဆို ထိုသို့သောအရာကို သဘောမကျ မရှိပေ။ သို့သော် ယနေ့တွင်မူ ထိုသူတို့၏ စကားများကို နားထောင်ရင်း သူ၏ရင်ထဲတွင် မီးတောင်ပေါက်ကွဲမတတ် ပြင်းထန်သော ဒေါသမီးများ တောက်လောင်လာခဲ့၏။
"ငါ့အထင်တော့ အဲဒီ လီရှောင်ယွီက အောက်ခြေလွတ်နေတဲ့ မိန်းမပဲ… အိမ်က လူကြီးလူကောင်းတွေကိုတောင် ချန်မထားဘူးဆိုတော့ ပြင်ပမှာ ဘယ်လောက်တောင် မရိုးသားတဲ့ ကိစ္စတွေ လုပ်ထားဦးမလဲ ဘယ်သူသိမှာလဲ.. ပြီးခဲ့တဲ့အကြိမ်တုန်းကတော့ သူ့ယောက်ျားအပေါ် သစ္စာရှိလှချည်ရဲ့လို့ ထင်ရပေမယ့်၊ အားလုံးက အလိမ်အညာတွေပဲ”
"ဟီးဟီး... ဟုတ်ချင်လည်း ဟုတ်မှာပေါ့… ယောက်ျားတစ်ယောက်တည်းနဲ့ အားမရလို့ နောက်ထပ် အများကြီး လိုချင်နေတာ နေမှာ..."
"ငါလည်း ကူညီပေးလို့ရပါတယ်၊ ငါက ကူညီရတာ အနှစ်သက်ဆုံးလူပဲဥစ္စာ..."
ထို့နောက် ပိုမိုရိုင်းစိုင်းသော စကားများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
လီတာ့ရှန်းတစ်ယောက် ထိုစကားများကို ဆက်၍ နားမထောင်နိုင်တော့ပေ။
သူသည် အကြီးအကျယ် ဒေါသထွက်လျက် ဟိုဟိုဒီဒီ ရှာဖွေလိုက်ရာ၊ မကြာမီ တံခါးနားတွင် တံမြက်စည်းတစ်ချောင်းကို တွေ့ရှိသွားသည်။ လီတာ့ရှန်းသည် ဘာမှမပြောဘဲ ထိုတံမြက်စည်းကို ဆွဲယူကာ ယောက်ျားအိမ်သာထဲသို့ ဝုန်းခနဲ ပြေးဝင်သွားတော့၏။
"မင်းတို့လို ကောင်စုတ်တွေ၊ ငါ့သမီးကို ဒီလို လျှောက်ပြောရဲတယ်ပေါ့… ငါ မင်းတို့ကို အသက်နဲ့လဲပြီး သေအာင်သတ်ပစ်မယ်..."
သူ တံမြက်စည်းကို ဝှေ့ယမ်းလိုက်လေသည်။
"အား... ခင်များ ဘာလုပ်တာလဲ”
"ခင်များ ရူးနေတာလား… အဲဒီတံမြက်စည်းကို ဘယ်က ရလာတာလဲ.. သန့်ရှင်းရဲ့လား.. အိမ်သာလှည်းတဲ့ တံမြက်စည်း မဟုတ်လားဟ”
"တောက်... ခွေးကောင်၊ ဒီတံမြက်စည်းက အိမ်သာလှည်းတဲ့ဥစ္စာ၊ တော်တော့၊ တော်စမ်း..."
လီတာ့ရှန်းမှာမူ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီဖြစ်ရာ၊ ယခုအချိန်တွင် ထိုပါးစပ်သရမ်းသော အဘိုးကြီးများကို သင်ခန်းစာကောင်းကောင်း ပေးချင်စိတ်သာ ရှိတော့သည်။
"ငါ မင်းတို့ကို ရိုက်သတ်မယ်… မင်းတို့ရဲ့ ပါးစပ်သရမ်းတာကို ငါ သင်ခန်းစာ ပေးရမယ်၊ ငါ ညှာတာနေမှာ မဟုတ်ဘူး..."
အိမ်သာထဲတွင် အဘိုးကြီးအချို့ ရှိနေကြသည်မှာ အမှန်ပင်ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ကျန်းမိသားစုမှ သားအဖနှစ်ယောက်ပါ ပါဝင်နေခဲ့၏။
အာ... ဘယ်တတ်နိုင်ပါ့မလဲ၊ သူတို့က သတင်းဦးသတင်းထူးတွေကို ကြိုတင်ရရှိထားကြတာလေ…
သူတို့တွင် ညစ်ပတ်သောအလုပ်များကို လုပ်သည့် အိမ်နီးနားချင်းများ ရှိနေသဖြင့် နေ့တိုင်း သတင်းများစွာ ရနေကြကာ၊ ပျင်းရိခွင့်ရသည့် အချိန်ကို အသုံးချ၍ စုဝေးပြီး အတင်းစကားလျှောက်ပြောနေကြခြင်း ဖြစ်သော်လည်း၊ ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြပေ။ လီတာ့ရှန်းမှာ မည်သူက မည်သူမှန်း ဂရုမစိုက်တော့ဘဲ ဟိန်းဟောက်လျက်
"ငါ မင်းတို့ကို ရိုက်သတ်မယ်.. အား.. ငါ မင်းတို့နဲ့ အသက်နဲ့လဲပြီး တိုက်မယ်"
တံမြက်စည်းကို ဝှေ့ယမ်းလျက် ရှေ့သို့ အဟုန်ပြင်းစွာ ပြေးဝင်သွားတော့သည်။
ချကုန်ကြပြီ… ချကုန်ကြပြီ…