← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁) သူခိုးဖမ်းပွဲ

သူခိုးဆိုသည်မှာ မည်သည့်နေရာတွင်မဆို လူအများ၏ မုန်းတီးခြင်းကို ခံရစမြဲ ဖြစ်သည်။ လူတိုင်း စက်ဆုပ်ရွံရှာကြသဖြင့် ဖမ်းမိလျှင်လည်း ဝိုင်းဝန်းရိုက်နှက်ကြလေ့ရှိပြီး ရဲတပ်ဖွဲ့များပင် ဝင်ရောက်စွက်ဖက်ခြင်း မရှိချေ။

အပြင်ဘက်မှ ဆူညံသံများကို ကြားရသောအခါ ယွမ်ရှောင်ချွေသည် ကျောက်ရုံတစ်ယောက် အပြင်မှာ ပြဿနာရှာ၍ အိမ်ထဲသို့ လူဝင်စေခြင်း ဖြစ်မည်လောဟု တွေးတောမိ၏။ သို့သော် အမှန်အတိုင်း ပြောရလျှင် မည်သူ့အိမ်ကို ခိုးခိုး အဘွားကြီးဝမ်မှာမူ တကယ့် နိမိတ်မကောင်းသူ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်မှ သူခိုးအကြောင်း ပြောနေခဲ့ပြီး ယခု တကယ်ပင် သူခိုးပေါ်လာ၏။

“တကယ့်ကို နမိတ်မရှိတဲ့အဘွားကြီးပဲ...”

ယွမ်ရှောင်ချွေသည် အိပ်ရာမှ ခြေသံဖွဖွဖြင့် ထကာ တံခါးကို ညင်သာစွာ ဖွင့်လိုက်သည်။ ယွမ်ဟောက်ဖုန်းသည်လည်း တိတ်တဆိတ် ထွက်လာပြီး နှစ်ဦးသား အကြည့်ချင်း ဆုံမိသွားကြ၏။ ၎င်းတို့ မောင်နှမအကြား သဘောထားကွဲလွဲမှုများ ရှိသော်လည်း သူခိုးဖမ်းမည့် ကိစ္စတွင်မူ တူညီသော စိတ်ဓာတ်ဖြင့် စည်းလုံးနေကြသည်။

ယွမ်ဟောက်ဖုန်း အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ အချက်ပြလိုက်၏။

ယွမ်ရှောင်ချွေ ခေါင်းညိတ်ပြရင်း ဘယ်လက်တွင် ဟင်းချက်ဓား၊ ညာလက်တွင် လက်ဆေးကန်အင်တုံကို ဆုပ်ကိုင်လိုက်သည်။

ထိုမြင်ကွင်းကြောင့် ယွမ်ဟောက်ဖုန်း၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီး…

“...”

‘ငါတို့ဝင်းထဲက မိန်းမတွေဟာ ဘာလို့ အမြဲတမ်း ဟင်းချက်ဓားတွေ ကိုင်ထားကြတာလဲ...’

ထို့နောက် သူသည်လည်း သစ်သားတုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်၏။

၎င်းတို့နှစ်ဦး တံခါးဝသို့ အတူတူ လျှောက်လာကြပြီး ယွမ်ဟောက်ဖုန်းက ခြေသံကို အတတ်နိုင်ဆုံး ဖျောက်လျက် တံခါးကို အက်ကွဲကြောင်းလေးမျှ ညင်သာစွာ ဖွင့်လိုက်သည်။ တံခါးပွင့်သည်နှင့် ယွမ်ရှောင်ချွေသည် ယွမ်ဟောက်ဖုန်းကို ဘေးသို့ တွန်းဖယ်ကာ ဦးဆောင်၍ အပြင်သို့ အမြန်ပြေးထွက်သွား၏။ ဟင်းချက်ဓားဖြင့် အင်တုံကို ထုရိုက်လိုက်သံမှာ စူးရှစွာ ထွက်ပေါ်လာပြီး ယွမ်ရှောင်ချွေ ပြဲလန်နေအောင် အော်ဟစ်လေတော့သည်။

“သူခိုး... ကယ်ကြပါဦး... သူခိုးဖမ်းပေးကြပါဦး...”

သူမသည် စူးရှပြတ်သားသော အသံဖြင့် အော်ဟစ်နေ၏။

ဒုန်း... ဒုန်း... ဒုန်း...

အင်တုံထုသံမှာ အထူးပင် နားမခံသာအောင် စူးရှနေပြီး သူမမှာဆက်လက်အော်ဟစ်နေဆဲ ဖြစ်သည်။

“ကယ်ကြပါဦး... သူခိုးဖမ်းကြပါဦး...”

ထိုအခါ ဝတုတ်တုတ် ဖက်တီးနှင့် ပိန်ပါးပါး ဂျပိန်သူခိုးနှစ်ဦးမှာ လန့်ဖျန့်သွားကြပြီး ဝတုတ် သူခိုးကြီးမှာ ခြေချော်ကာ လဲကျလုနီးပါး ဖြစ်သွား၏။ ပိန်ပါးသော သူခိုးမှာ အဖော်ဖြစ်သူကို အမြန်ဆွဲထူပြီး အမိုးအနားစွန်းအတိုင်း ဆွဲခေါ်ကာ ထွက်ပြေးရန် ပြင်တော့သည်။ ယခုအချိန်သည် ထွက်ပြေးရမည့် အချိန်ပင် ဖြစ်၏။

“သူခိုး... မပြေးနဲ့...”

ယွမ်ရှောင်ချွေ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်ရာ အိမ်ထောင်စုတိုင်း ထိုဆူညံသံကို ကြားသွားကြသည်။ မီးခလုတ်များ ချက်ချင်း ပွင့်လာပြီး လူအများအပြားသည် တံမြက်စည်းများ၊ သစ်သားတုတ်များနှင့် အချို့ဆိုလျှင် ဟင်းချက်ဓားများကိုယ်စီ ကိုင်ဆောင်ကာ ပြေးထွက်လာကြတော့သည်။

ယွမ်ဟောက်ဖုန်း ယွမ်ရှောင်ချွေကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်မိ၏။ သူမသည် လူစုလူဝေးကို မည်သို့ လှုံ့ဆော်ရမည်ကို ကောင်းစွာ သိပေသည်။

“သူခိုး ဘယ်မှာလဲ...”

“တောက်... ညကြီးမင်းကြီးမှာ တောင် သူခိုးက ရှိသေးတယ်... ငါတို့ကို သေနေတယ် အောက်မေ့နေကြတာလား...”

“ကြည့်စမ်း၊ သူခိုးက ဘယ်နားမှာလဲ...”

“ဘယ်မှာလဲ... ဘယ်မှာလဲ... အမိဖမ်းရမယ်...”

လူတိုင်း ပြေးထွက်လာကြစဉ် ယွမ်ဟောက်ဖုန်း လမ်းညွှန်ပြလိုက်၏။

“အမိုးပေါ်မှာ၊ အရှေ့ကို ပြေးသွားတာ ကျွန်တော်မြင်လိုက်တယ်...”

“လိုက်ကြ...”

“ဒီကောင်ကို ဒီနေ့တော့ အမိဖမ်းရမယ်...”

လူတိုင်း ထိုသို့ ပြောဆိုနေကြသော်လည်း မည်သူမျှ တစ်ယောက်တည်း အတင်းမတိုးကြဘဲ လက်နက်ကိုယ်စီဖြင့် စုစုရုံးရုံးသာ နေနေကြသည်။ ၎င်းတို့တွင် သတ္တိမရှိခြင်းကြောင့် မဟုတ်ဘဲ ဤဒေသဝန်းကျင်သာမက စက်မှုစက်ရုံတစ်ခုလုံးရှိ လူတိုင်း ထိုသူခိုးများအကြောင်းကို သိထားကြသောကြောင့် ဖြစ်၏။

လင်းကျန့်ဝမ်သည် သူခိုးဖမ်းရင်းနှင့် သေဆုံးခဲ့ရသည်။

ထိုသူခိုးမှာ ဤမျှ ရက်စက်

လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

စက်ရုံမှ တန်ဖိုးကြီး သံမဏိများကို ခိုးယူခြင်းမှာ အိမ်ထဲခိုးခြင်းနှင့် မတူသော်လည်း အတိတ်မှ ဖြစ်ရပ်များကြောင့် လူများမှာ လှုပ်ရှားရန် ဝေခွဲမရ ဖြစ်နေကြ၏။ ၎င်းတို့သည် အတူတူ စုရုံးကာ ခေါင်းများကို မော့၍ ကြည့်နေကြသည်။ မီးများ ထွန်းထားသော်လည်း အပေါ်သို့ မော့ကြည့်ရန်မှာ မလွယ်ကူချေ။

ချန်ချင်းယွီ အပါအဝင် လူတိုင်း ဆူညံသံကြောင့် နိုးလာကြသည်။

ပထမဆုံး အော်သံကို ကြားရစဉ်၌ပင် ထိုသူခိုးမှာ ၎င်းတို့ထံသို့ ဦးတည်လာခြင်း ဖြစ်ကြောင်း ချန်ချင်းယွီ သိလိုက်သဖြင့် သံသယဝင်စရာ မလိုပေ။

ချန်ချင်းယွီသည် သွက်လက်စွာဖြင့် အိပ်ရာမှ ကုန်းထထိုင်ပြီး အဝတ်အစားများကို ချက်ချင်း ဝတ်ဆင်လိုက်၏။ အဘွားကြီးကျောက် မေးမြန်းလိုက်ကာ

“ဘာဖြစ်တာလဲ... တစ်ယောက်ယောက် ‘သူခိုး’ လို့ အော်သံ ကြားလိုက်သလိုပဲ...”

ချန်ချင်းယွီ ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်တယ်၊ သူခိုး...”

သူမသည် သူခိုးပေါ်မလာသဖြင့် စိတ်ပူနေခဲ့ရသော်လည်း ယခုအခါ တကယ်ပင် ရောက်ရှိလာပြီ ဖြစ်၍ စိတ်သက်သာရာ ရသွား၏။ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရခြင်းတည်း။

နောက်ဆုံးတော့ ရောက်လာပြီ…

ချန်ချင်းယွီ အပြင်သို့ သုတ်ခြေတင် ပြေးထွက်ရင်း ပြောလိုက်သည်။

“ကျွန်မ သွားကြည့်လိုက်ဦးမယ်...”

အဘွားကြီးကျောက်သည်လည်း အဝတ်အစားပင် အသေအချာ မလဲနိုင်တော့ကာ အင်္ကျီလက်ပြတ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်လျက် နောက်မှ လိုက်လာ၏။

“ငါလည်း လိုက်ကြည့်ရမယ်...”

သူမသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမြဲတမ်း ကူညီချင်စိတ် ပြင်းပြသူသာ…

“တောက်... ငါ့တို့ဝင်းထဲကို ရဲရဲတင်းတင်း ဝင်ရဲတဲ့ ဒီအမိုက်မဲ သူခိုး ဘယ်ကလာလဲဆိုတာ ငါကြည့်ချင်သေးတယ်...”

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ ဝင်းထဲသို့ ရောက်ရှိလာချိန်တွင် သူခိုးသည် ဒုတိယမြောက် အိမ်ဝင်းထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်နေပြီ ဖြစ်သည်။ ဝတုတ်တစ်ဦးနှင့် ဂျပိန်တစ်ဦး ဖြစ်သော ထိုသူခိုးနှစ်ဦးမှာ စတင် ပျာယာခတ်နေကြပြီ ဖြစ်၏။ ၎င်းတို့အနေဖြင့် ဤမျှ မြန်ဆန်စွာ ရိပ်မိသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ကြချေ။

“သူခိုးတွေ ဒီမှာ...”

“ဒီမှာ သူခိုးနှစ်ယောက်...”

“ဟိုမှာ ကြည့်စမ်း... အဝတ်အစား အမည်းရောင်တွေ ဝတ်ပြီး မျက်နှာဖုံး စွပ်ထားကြတယ်...”

“ဖမ်းကြ...”

လူတိုင်း အော်ဟစ်ဆူညံသွားကြသည်။ ချန်ချင်းယွီသည် သူခိုးကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း လူလစ်ခိုက် မြေကြီးပေါ်မှ ကျောက်ခဲအသေး တချို့ကို ကောက်ယူလိုက်၏။ သို့သော် ပို၍ စိတ်ချရအောင် တုတ်တစ်ချောင်းကိုပါ လှမ်းယူလိုက်သည် ~~ ဤခေတ်တွင် လူတိုင်း ကိုယ်လုံခြုံရေးအတွက် တုတ်တစ်ချောင်းစီ ဆောင်ထားကြသည် မဟုတ်လော့။ သူမတို့ မိသားစုလည်း မထူးမခြားနားပေ။

အိမ်ထောင်တစ်ခုလုံးတွင် အမျိုးသမီးနှစ်ဦးတည်းသာ ရှိသဖြင့် ပို၍ ဂရုစိုက်ကြရသည်ဖြစ်ရာ သဘာဝကျကျပင် ကြိုတင်ပြင်ဆင်မှု ရှိကြသည်။

အဘွားကြီးကျောက်လည်း တစ်ချောင်း ကိုင်ထားပြီး၊ ချန်ချင်းယွီသည်လည်း တစ်ချောင်း ကိုင်ထား၏။

ချန်ချင်းယွီ ပြတ်သားသောလေသံဖြင့် သတိပေးစကားဆိုလိုက်လေသည်။

"တစ်ယောက်ယောက်က ကျွန်မတို့ကို အဝေးရောက်အောင် အာရုံလွှဲတဲ့ ပရိယာယ် သုံးလာမှာစိုးလို့ ဝင်းတစ်ခုစီမှာ လူတစ်ယောက်စီ စောင့်နေဖို့ လိုတယ်"

လူတိုင်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြ၏။

ဟုတ်တာပေါ့… ဒီဘက်ခေတ် သူခိုးတွေက ကောက်ကျစ်လွန်းလို့ သတိထားမှ ရမယ်...

ဝတုတ်သူခိုးသည် ထိုစကားကို ကြားသောအခါ နဖူးကို ရိုက်ကာ ပိန်ကပ်ကပ်

သူခိုးကို လှမ်းမေးလိုက်လေသည်။

"ဆရာကြီး၊ ငါတို့ ဘာလို့ ဒီလိုအစီအစဉ်မျိုး မရှိခဲ့တာလဲ"

ပိန်ကပ်ကပ်သူခိုး ပြန်အော်လိုက်ကာ

"ပါးစပ်ပိတ်ထားစမ်း"

ချန်ချင်းယွီ : "..."

တကယ်ပဲ တုံးအလိုက်တဲ့ သူခိုးနှစ်ယောက်…

‘ဒါပေမဲ့ ပြန်တွေးကြည့်ရင်လည်း… တုံးအမနေရင် သူတို့ ဒီနေ့မှ ဘာလို့ ပေါ်လာပါ့မလဲ… ဒီနေ့မွန်းလွဲပိုင်းမှာ စာမေးပွဲရလဒ်တွေ ထွက်ခဲ့တာမို့ မိသားစု တော်တော်များများ အိပ်မပျော်နိုင် ဖြစ်နေကြတာကို ~~ ခိုးဖို့အတွက် ဒီလိုနေ့မျိုးကို ရွေးချယ်တာကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ… အင်း..’

သူခိုးဖမ်းဆီးရေး စစ်ဆင်ရေးကို တာဝန်ယူထားသည့် မာကျန့်ယီမှာ အော်လိုက်လေသည်။

"မင်းတို့သူခိုးနှစ်ယောက် အခုချက်ချင်း ဆင်းလာခဲ့စမ်း... မင်းတို့ လွတ်မှာမဟုတ်ဘူးလို့ ငါပြောလိုက်မယ်.. ကိုယ့်ဘာသာ ဆင်းလာရင် ရဲစခန်းရောက်ရုံပဲ ရှိမယ်၊ ဒါပေမဲ့ ငါတို့ အတင်းဖမ်းရရင်တော့ ငါတို့ ရက်စက်တယ်လို့ မပြစ်တင်နဲ့"

"လစ်စမ်းပါ... လာပြီး ကြွားမနေနဲ့..ငါတို့ကို အရင် ဖမ်းမိအောင် ဖမ်းနိုင်မလား ကြည့်ရသေးတာပေါ့"

"မင်းတို့ထောင်ထားတဲ့ ထောင်ချောက်ထဲကို ငါတို့ကို အလွယ်တကူ တိုးဝင်စေချင်တာလား..အိမ်မက်မက်နေလိုက်..."

သူခိုးနှစ်ယောက်မှာ မလျှော့တမ်း ပြန်အော်ကြ၏။

ချန်ချင်းယွီ၏ နှုတ်ခမ်းများ တစ်ချက် မဲ့သွားမိပြန်သည်။

‘သူခိုးအားလုံးသာ ဒီလောက်အထိ တုံးအကြရင် လူ့အဖွဲ့အစည်းက အများကြီး ပိုပြီး တည်ငြိမ်အေးချမ်းမှာ အမှန်ပဲ..’

သူမသည် ရှေ့ဆုံးအထိ တိုးမသွားဘဲ ဒုတိယမြောက် ဝင်းထဲတွင်သာ ရပ်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမ၏ ကလေးများ အိမ်ထဲမှာ ရှိနေသေးသဖြင့် ချန်ချင်းယွီသည် အလွန်သတိကြီးစွာ ထားနေခြင်းဖြစ်၏။

"မင်းတို့ သေချာ စုံစမ်းကြည့်လိုက်ဦး.. ဒီတစ်ဝိုက်လုံးက ငါတို့စက်ရုံက လူတွေချည်းပဲ.. မင်းတို့ လုံးဝ ပြေးမလွတ်နိုင်ဘူး.. အကောင်းအတိုင်း နေချင်ရင် အခုချက်ချင်း ဆင်းလာခဲ့..."

"ဟား... အိမ်မက်တောင် မမက်နဲ့..."

သူခိုးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချိန်ဆွဲနေလျှင် သူတို့အတွက် မကောင်းနိုင်မှန်း သိကြသည်။ ထို့ကြောင့် အစ်မကြီးဖန်၏ အိမ်ခေါင်မိုးပေါ်မှတစ်ဆင့် ရှေ့ဝင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပြေးကြတော့၏။

"မင်းတို့ ငါတို့ကို မဖမ်းနိုင်ပါဘူးကွာ... လူအုပ်စုကြီးရယ်"

"ဟွန့်... မင်းတို့က ငါတို့ ညီအစ်ကိုနှစ်ယောက်ကို ဖမ်းချင်တာလား၊အိမ်မက်မက်နေလိုက်..သတ္တိရှိရင် တက်လာခဲ့ကြလေ... ငါတို့ဆီမှာ ဓားတွေပါတယ်.. သေချင်တဲ့ကောင် လာခဲ့... မင်းတို့လူက ပိုမြန်မလား၊ ငါ့ဓားက ပိုမြန်မလား ကြည့်ကြတာပေါ့..."

သူခိုးနှစ်ယောက်သည် အိမ်ခေါင်မိုးပေါ်တွင် ရှိနေသည်ကို အခွင့်ကောင်းယူကာ ရန်စစကား ပြောဆိုနေကြသည်။

မာကျန့်ယီသည် သူခိုးများကို အလွန်ဖမ်းချင်နေသော်လည်း တစ်ခုခု မှားယွင်းသွားမည်ကို ပို၍ ကြောက်လန့်နေမိ၏။ ထို့ကြောင့် သူ သတိပေးလိုက်သည်။

"အားလုံး သတိထားကြပါ၊ ဒီသူခိုးနှစ်ယောက်ဆီမှာ ဓားတွေပါတယ်၊ အထူးသတိထားကြပါ"

"ခဲတွေနဲ့ ပစ်ပေါက်ကြ၊ ရိုက်ချကြစမ်း..."

ယွမ်ရှောင်ချွေသည်လည်း သူခိုးနှစ်ယောက် ဤမျှအထိ ထောင်လွှားနေသည်ကို မြင်သောအခါ ဒေါသထွက်လာ၏။

ဤသူခိုးများသည် သူမ ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သဖြင့် ဖမ်းမိသွားလျှင် ….

ဒါဟာ ဂုဏ်အသရေတစ်ခုပဲ... ကံကောင်းရင် ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်း (ဖိုင်) ထဲမှာတောင် မှတ်တမ်းတင်ခံရနိုင်တယ်..

ယွမ်ရှောင်ချွေ၏ အတွေးတွင် အလွန်ကောင်းသော ကိစ္စဖြစ်သဖြင့် သူမ ပို၍ စိတ်လှုပ်ရှားလာသည်။ သို့သော်လည်း အိမ်ခေါင်မိုးပေါ် တက်ပြီး သူခိုးများနှင့် တိုက်ခိုက်ရန်မှာ သူမ တကယ်မလုပ်ရဲပေ။ သူမလည်း မလုပ်ရဲကာ၊ အခြားသူများလည်း မလုပ်ရဲကြသဖြင့် လူတိုင်း ခြိမ်းခြောက်စကားများကိုသာ အပြန်အလှန် အော်ဟစ်နေကြ၏။ သို့သော် ယွမ်ရှောင်ချွေ၏ အကြံပြုချက်မှာ ချန်ချင်းယွီ အလိုရှိနေသည့် အရာပင် ဖြစ်သည်။ ချန်ချင်းယွီသည် အမှောင်ရိပ်တစ်ခုကို ရှာကာ အရိပ်ထဲတွင် ရပ်ပြီး လူတိုင်း ခဲများနှင့် ဝိုင်းပစ်နေသည်ကို စောင့်ကြည့်နေလိုက်၏။ သူမလည်း ကျောက်ခဲတစ်လုံးကို ကောက်ကိုင်ရင်း ဝမ်ကျန့်ကော်၏ တည်နေရာကို ရှာဖွေနေခဲ့သည်။

သူမသည် တစ်ချက်ခုတ် နှစ်ချက်ပြတ် အခွင့်အရေး ရှိမရှိ ကြည့်ရန် ကြံစည်နေခြင်းတည်း။

ဝမ်ကျန့်ကော်သည် မှောင်ခိုဈေးကွက်အကြောင်းကို ပထမဆုံးအကြိမ် ရည်ရွယ်ချက်မရှိဘဲ ပြောခဲ့ခြင်း ဖြစ်နိုင်သော်လည်း၊ နောက်ပိုင်းတွင် အဘွားကြီးကျောက်ကို ခြိမ်းခြောက်ခြင်းနှင့် အဘွားကြီးဝမ်ကို ကောလာဟလများ ဖြန့်ရန် သွေးထိုးလှုံ့ဆော်ခြင်းတို့မှာ သိသိသာသာပင် အလွန်မှားယွင်းနေ၏။ ချန်ချင်းယွီသည် စိတ်သဘောထား နူးညံ့လွန်းသည့် လူစားမျိုး မဟုတ်ပေ။

ဒီဘက်ခေတ်ရဲ့ အခြေအနေက ဒီလိုပဲ၊ ကိုယ်က တစ်ဖက်ကို ဘာမှမလုပ်ရသေးဘဲနဲ့ တစ်ဖက်က သူတစ်ပါးကို ကူညီပြီး ကိုယ့်မိသားစုကို လုပ်ကြံဖို့ ကြံစည်နေမှတော့……

ငါ့လက်က တုံ့ပြန်တာကို အပြစ်မတင်နဲ့တော့…

ချန်ချင်းယွီသည် မလှုပ်မယှက်ဘဲ ရပ်နေရင်း ကျောက်ခဲများ နေရာအနှံ့ ပျံသန်းနေသည်ကို စောင့်ကြည့်နေခဲ့သည်။

လီချန်ရွှမ်းဘ: "သတိထားကြဦး... ငါ့အိမ်က ပြတင်းပေါက်မှန်တွေကို မခွဲကြနဲ့ဦး..."

"ဟေး၊ မဟုတ်သေးဘူး၊ သတိထားကြပါဦး... တော်ကြစမ်း၊ အားလုံး တော်ကြစမ်း... ငါ့စကား နားထောင်ကြဦး၊ ခဲတွေကို ဒီလို လျှောက်မပစ်ကြနဲ့၊ မှန်တွေ ကွဲကုန်လိမ့်မယ်"

ဝမ်ကျန့်ကော် ရှေ့သို့တစ်လှမ်းတိုးကာ လူတိုင်းကို တားဆီးရန် လက်မြှောက်လိုက်ပြီး ခဲများနှင့် ပစ်ပေါက်ခြင်းကို သဘောမတူကြောင်း ပြောလိုက်သည်။

"ဒီလောက် မြင့်တဲ့နေရာကနေ အပေါ်ကို လှမ်းပစ်ရင်တောင် သူတို့ကို ထိမှာမဟုတ်ဘူး၊ ကိုယ့်လူကိုပဲ ထိခိုက်ဒဏ်ရာရသွားလိမ့်မယ်..ဒါက မသင့်တော်ဘူးလို့ ကျွန်တော် ထင်တယ်၊အားလုံး တခြားနည်းလမ်းကိုပဲ စဉ်းစားကြပါ.. ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သူတို့ကို ဝိုင်းထားလိုက်ရင် ပြေးမလွတ်နိုင်ပါဘူး၊ မိုးလင်းလို့ အလင်းရောင်ရလာရင် ဖမ်းရတာ ပိုလွယ်လိမ့်မယ်"

"ဟုတ်တယ်၊ ဟုတ်တယ်၊ အခုချက်ချင်း ရဲသွားခေါ်ကြစမ်း.. သူတို့ကို ထွက်မပြေးနိုင်အောင် ပိတ်ဆို့ထားသရွေ့ ရဲတွေ လာဖမ်းလို့ရတယ်"

မာကျန့်ယီသည် ဝမ်ကျန့်ကော် ပြောစကားကို မှန်သည်ဟု တွေးမိကာ၊ ပြဿနာတက်မည့်အဖြစ်ထက် ရဲကို စောင့်ရုံစောင့်ဆိုင်းခြင်းမှာ ပို၍ကောင်းပေ၏။

ချန်ချင်းယွီသည် ဝမ်ကျန့်ကော် ရှိနေသည့် တည်နေရာကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အိမ်ခေါင်မိုးပေါ်မှ သူခိုးနှစ်ယောက်ဆီသို့ အကြည့်ရွှေ့လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ပြီး ကျောက်ခဲအနည်းငယ်ကို လှမ်းပစ်လိုက်လေ၏။

ချန်ချင်းယွီ၏ ပစ်မှတ်တိကျမှုနှင့် လက်မောင်းအင်အားမှာ ပြိုင်ဘက်ကင်းလှသည်…

သူမ ဖြတ်သန်းခဲ့သည့် နှစ်ပေါင်းများစွာသော လေ့ကျင့်ရေးကာလများမှာ အလဟဿ မဖြစ်ခဲ့ပေ။

တစ်ချက်တည်း ပစ်လိုက်ရုံဖြင့် ကျောက်ခဲအများအပြားသည် ဝတုတ်သူခိုးကို တည့်တည့်မှန်သွားတော့သည်။ သူခိုးသည် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသဖြင့် အော်ဟစ်ညည်းတွားရင်း အိမ်ခေါင်မိုးပေါ်မှ ပြုတ်ကျလာခဲ့၏။

"ဘုရားရေ၊ အမလေးဗျို့..."

"အားးး..."

ဝမ်ကျန့်ကော်သည် လှည့်ကြည့်လိုက်ရာ ကောင်းကင်ပေါ်မှ ဝတုတ်ကြီးတစ်ယောက် ပြုတ်ကျလာသည်ကို မြင်လိုက်ရပြီးနောက်…

ဘုန်း...

"အားးး........."

ဝမ်ကျန့်ကော် စူးစူးရှရှ အော်ဟစ်လိုက်မိ၏။

သူသည် ထိုဝတုတ်ကြီး၏အောက်တွင် လုံးဝ ဖိမိသွားလေပြီ…

လူနှစ်ယောက် စိစိညက်ညက် ကြေသွားသည့်အလား… အဟမ်း အဟမ်း ~~ နည်းနည်းတော့ ပုံကြီးချဲ့လိုက်တာပေါ့...

သူတို့နှစ်ဦးစလုံး အသည်းအသန် အော်ဟစ်ညည်းတွားနေကြသည်။

"အားးး... လူပိသေကုန်ပြီဗျို့..."

ထိုအော်သံများသည် ကီလိုမီတာ အတော်ဝေးဝေးအထိ ပဲ့တင်ထပ်သွား၏။

ဤသူခိုးသည် အစားကောင်းကောင်း စားထားပုံရသည်~~

သူက ထွားထွားကျိုင်းကျိုင်းနဲ့ ဝဖောင်းနေရုံတင်မကဘဲ တကယ့်ကို အဆီအဆိမ့် ဝတုတ်ကြီး ဖြစ်နေတာ...

သူသည် ဝမ်ကျန့်ကော်အပေါ်သို့ ဘုန်းခနဲ အရှိန်ပြင်းစွာ ကျဆင်းလာသဖြင့် ဖုန်မှုန့်များပင် လွင့်စင်သွားသည်။

"ညီလေး..."

ပိန်ကပ်ကပ်သူခိုးမှာ ကြေကွဲစွာဖြင့် အော်ဟစ်လိုက်၏။ ထိုအော်သံမှာ သနားစရာကောင်းသော်လည်း လုံးဝကို သွေးအေးလှသည်~~ ဆိုရသော်… အဟမ်း.. အော်ပြီးသည်နှင့် လှည့်ပြေးရန် ပြင်သောကြောင့်ပင်။ချန်ချင်းယွီသည် လက်ထဲတွင် ကျန်နေသေးသော ကျောက်ခဲလေးများကို ထပ်မံ ပစ်ပေါက်လိုက်သည်။

အဟိ.. အစကတည်းက ကျောက်ခဲတွေ ပိုကောက်ထားခဲ့တာ တကယ်ကို အသုံးဝင်သွားတာပဲ...

ကျောက်ခဲ အနည်းငယ်သည် ပိန်ကပ်ကပ်သူခိုးဆီသို့ ပျံသန်းသွားပြီး… "အား..."

နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာပြန်၏။

ကျောက်ခဲများမှာ မကြီးသော်လည်း သူ့ခြေထောက်ကို တည့်တည့်မှန်သွားခြင်း ဖြစ်သည်။

သူခိုးသည် ခြေချော်ကာ အိမ်ခေါင်မိုးပေါ်မှ တန်းတန်းမတ်မတ် ပြုတ်ကျလာတော့သည်…

"အား..."

ဤတစ်ကြိမ် အော်သံမှာ မြေလှန်မတတ် ပြင်းထန်လှ၏။

ဘုန်း... သူတို့တစ်ယောက်ပေါ်တစ်ယောက် ထပ်လျက် ကျသွားကြသည်။

တစ်ဆင့်ပြီးတစ်ဆင့် ထပ်မိသွားခြင်းဖြစ်ရာ~~ ပိန်ကပ်ကပ်သူခိုးက ဝတုတ်သူခိုးအပေါ်မှာ၊ ဝတုတ်သူခိုးက ဝမ်ကျန့်ကော်အပေါ်မှာ ရောက်နေ၏။

ဝမ်ကျန့်ကော်ခမျာ အော်ပင်မအော်နိုင်တော့ပေ။ သူသည် အသက်ကို ပြင်းပြင်းရှူနေရပြီးနောက်… ဘုန်းခနဲ ခေါင်းက မြေကြီးနှင့် စောင့်မိကာ သတိလစ်မေ့မြောသွားတော့သည်။

“ယောကျာ်းရေ...”

ခဏမျှ ဆွံ့အမှင်တက်သွားပြီးနောက် ဝမ်မေ့လန်သည် နောက်ဆုံးတွင် သတိဝင်လာကာ ရှေ့သို့ ပြေးတက်သွား၏။

“ယောကျာ်း၊ ယောကျာ်း၊ အဆင်ပြေရဲ့လားဟင်... မြန်မြန်၊ မြန်မြန်၊ သူ့ကို ဆေးရုံ ပို့ပေးကြပါဦး…”

သူမသည် ထိန်းမနိုင်မသိမ်းနိုင် ငိုကြွေးရင်း

“ကျန့်ကော်ရေ...”

ဝတုတ်နှင့်ပိန်ကပ်ကပ် သူခိုးနှစ်ယောက်စလုံးမှာလည်း မြေကြီးပေါ်တွင် ပက်လက်လန်လျက်၊ နာကျင်လွန်းသဖြင့် အံများကို တင်းတင်းကြိတ်ထားရပြီး ထပင်မထနိုင်ကြတော့ပေ...

လွန်ခဲ့သည့် မိနစ်ပိုင်းမှ အလွန်အမင်း ထောင်လွှားနေခဲ့သော သူခိုးနှစ်ဦးသည် ယခုအခါတွင်တော့ ခွေးသေကဲ့သို့ ဖြစ်နေရှာ၏။

ချန်ချင်းယွီ အဝေးမှနေ၍ လှမ်းအော်လိုက်လေသည်။

“အမေ၊ သူခိုးတွေကို သွားဖမ်းချေ...”

ဒါက ဂုဏ်ပြုခံရမယ့်ကိစ္စပဲ...

သူမ ဘာလို့ လက်လွတ်ခံပါ့မလဲ...

ရှေ့ဆုံးတွင် ရောက်နှင့်နေပြီဖြစ်သော အဘွားကြီးကျောက်သည် ထိုစကားကို ကြားသည်နှင့် ရှေ့သို့ အပြေးတက်သွားတော့သည်...

သူမသည် စဉ်းစားနေစရာပင် မလိုပေ၊ ချန်ချင်းယွီ ပြောသည်ကို ဗီဇအရပင် နားထောင်လိုက်မိခြင်း ဖြစ်သည်။ သူမ၏ ချွေးမသည် အလွန်အမြော်အမြင်ရှိပြီး လိမ္မာပါးနပ်သူဖြစ်ရာ မည်သို့မျှ မှားယွင်းနိုင်စရာ မရှိပေ...

“ဓားကို သတိထားဦးနော်...”

ချန်ချင်းယွီက ထပ်မံ အော်ပြောလိုက်၏။

“စိတ်မပူနဲ့...”

ယွမ်ရှောင်ချွေမှာလည်း “ကျွန်မလည်း ကူညီမယ်...” ဟု အော်ကာ ပြေးလိုက်သွား၏။

လွန်ခဲ့သည့် မိနစ်ပိုင်း၌ သူမ သတ္တိမရှိခဲ့သော်လည်း ယခုအခါတွင် မကြောက်တော့ပေ။

ဒီကောင်တွေက ခွေးသေလို ဖြစ်နေပြီဥစ္စာ၊ ဘာကြောက်စရာ ရှိလဲ…

ထိုမျှတင်မကဘဲ သူခိုးဖမ်းရာတွင် ပါဝင်ခြင်းသည် အကျိုးကျေးဇူး ရှိစေနိုင်သည်။

ချက်ချင်းဆိုသလိုပင် အခြေအနေကို အကဲခတ်မိသည့် လူတိုင်းသည် ရှေ့သို့ အလုအယက် ပြေးတက်သွားကြတော့၏။

ပိန်ကပ်ကပ်သူခိုးသည် ပြုတ်ကျခဲ့စဉ် အောက်ပိုင်း၌ အသားထူထူ လူနှစ်ယောက် ခံနေသောကြောင့် အခြားသူများထက်စာလျှင် ထိခိုက်မှုနည်းကာ အားအင်အနည်းငယ် ပိုရှိနေသေးသည်။ သူသည် ခုခံရန် ပြင်လိုက်စဉ်မှာပင် အဘွားကြီးကျောက် သူ့ဆီသို့ လက်သီးဆုပ်ကြီးဖြင့် လွှဲ၍ ထိုးလိုက်လေ၏။

"နင်က ငါတို့ဝင်းထဲကို လာခိုးရဲတယ်ပေါ့လေ... ငါတို့ဝင်းထဲမှာ ဘယ်သူတွေရှိလဲဆိုတာ မသိဘူးလား... ကျိုးပါ့ဖိ (လယ်ပိုင်ရှင်မြေရှင်ကြီး) တောင် ဒီနားက ဖြတ်သွားရင် အဝတ်ဗလာနဲ့ သွားရမှာဟဲ့..."

ပိန်ကပ်ကပ်သူခိုးမှာ ကြောက်လန့်တကြားဖြစ်သွားပြီး မျက်စိထဲတွင် ကြယ်လများပင် မြင်သွားတော့သည်။

"ဓားကို သတိထားဦးနော်..."

ချန်ချင်းယွီ ထပ်မံ သတိပေးလိုက်၏။

သူမမှာ အမှန်တကယ်ပင် စေတနာနှင့် သတိပေးလိုက်ခြင်း ဖြစ်သည်။

"သူ့ကို အဝတ်အစားတွေ အကုန်ချွတ်ပစ်ကြစမ်း... ဓားနေနေသာသာ အမွှေးတစ်ပင်တောင် ဝှက်ထားဖို့ မစဉ်းစားနဲ့..."

အဘွားကြီးကျောက် အော်ပြောလိုက်၏။

"ဟုတ်တယ်... ဒါ အကြံကောင်းပဲ..."

အဘွားကြီးဟွမ်လည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ထောက်ခံသည်။

ဒီအဘွားကြီးတွေက ဘာကိုမှ ဂရုစိုက်မနေတော့ဘဲ တန်းပြီး အလုပ်စတော့တာပါပဲ… ဒါမျိုးဆို နှစ်ခါညှိစရာမလိုကြဘူး…

အဘွားကြီး အနည်းငယ်မှာ သူ့ကို

ချက်ချင်း ဝိုင်းချုပ်လိုက်ကြရာ ပိန်ကပ်ကပ်သူခိုးခမျာ အော်ဟစ်အကူအညီတောင်းရတော့၏။

"အားးး... ဘာလုပ်ကြတာလဲ... ပြောစရာရှိတာ ကောင်းကောင်းပြောပါ၊ ဘာလို့ ရိုက်နေကြတာလဲ...... အားးး... ငါ့အဝတ်အစားတွေကို ဘာလို့ ဆွဲဆုတ်နေကြတာလဲ... အရှက်ခွဲခံရမယ့်အတူတူ အသေပဲ ခံလိုက်မယ်... ခင်များတို့ ဒီရမ်းကားတဲ့မိန်းမကြီးတွေ၊ ဘာလုပ်နေကြတာလဲ... ဘုရားရေ၊ ကျုပ်… လူကြီးမင်းတို့ရေ၊ တစ်ခုခုလုပ်ကြပါဦး... ကိုယ့်မိန်းမတွေကိုယ် ထိန်းကြပါဦး... ကျုပ်ကို မဆွဲကြပါနဲ့တော့... ဘုရားရေ... ဘာလုပ်နေကြတာလဲ... ကယ်ကြပါဦး..."

အမယ်လေးဗျာ.. ဒီအဘွားကြီးတွေကတော့ ဘာကိုမှ ဂရုမစိုက်၊ အဝတ်ချွတ်မယ်ဆို ချွတ်မယ့်သူတွေချည်းပဲ.. ဘယ်သူကများ လာတားရဲပါ့မလဲ.. ကျုပ်တို့လည်း မတားရဲပါဘူးဗျာ

ဝင်းထဲရှိ အမျိုးသားများသည်လည်း မိမိတို့ အဝတ်ချွတ်ခံနေရခြင်း မဟုတ်သည့်အတွက် မမြင်ချင်ယောင်ဆောင်နေကြသည်။

ထို့အပြင် အဘွားကြီးကျောက်နှင့် အဘွားကြီးဟွမ်တို့ ဤမျှအထိ စိတ်အားထက်သန်နေသည်ကို မြင်ရုံနှင့်တင်….

ဘယ်သူက တားရဲပါ့မလဲ… သူတို့က ပုန်းကွယ်နေတဲ့နဂါးနဲ့ဖီးနစ်ဗျ..

ကြည့်ရင်းဖြင့် မိမိတို့ပါ အဝတ်အစား ဆွဲချွတ်ခံရမည်ကို ကြောက်နေကြ၏။

"ကယ်ကြပါဦး... အမလေးဗျို့၊ ခင်များတို့ဝင်းထဲက လူတွေက ဘယ်လိုလူတွေလဲဗျာ...... ဘာလုပ်နေကြတာလဲ...... ကယ်ပါဦး... တစ်ယောက်ယောက် ကယ်ပါဦး..."

"အစ်ကိုကြီး၊ မငိုပါနဲ့၊ ဟီးဟီး… သူတို့က ကျုပ်အစ်ကို့ကို ဆွဲဖြဲနေကြတာ၊ ကျုပ်ကိုတော့ မဆွဲဖြဲကြပါနဲ့ဦး... ကျုပ် အိမ်ထောင်တောင် မကျသေးဘူး..."

"သူ့ကို တစ်ဖက်ကို ဆွဲထုတ်ပြီး ချွတ်ပစ်ကြစမ်း... ကျန့်ကော်၊ ကျန့်ကော်၊ ရှင် ဘယ်လိုနေလဲ... ကူညီကြပါဦး..."

ရှုပ်ထွေးပွေလီလှသော အသံပေါင်းစုံသည် အပြန်အလှန် ပျံနှံ့နေပြီး လူတိုင်း ဆူညံပွက်လောရိုက်နေကြသည်။ အဝတ်အစားများ တစ်ခုပြီးတစ်ခု လွင့်စင်လာသည်ကို ကြည့်ရင်း ချန်ချင်းယွီသည် တိတ်တဆိတ် ခေါင်းကို ကုတ်ကာ အိမ်ထဲသို့ ပြန်ဝင်ရန် လှည့်လိုက်၏။

ချန်ချင်းယွီသည် အတင်းအဖျင်း ပြောရသည်ကို အလွန်ဝါသနာပါသူ ဖြစ်သော်လည်း…

ဒီလို အဆီပြန်နေတဲ့ အဘိုးကြီး အိုကြီးအိုမတွေကိုတော့ တကယ် မကြည့်ချင်ပါဘူးနော်…

သူမသည် တိတ်တဆိတ်သာ လှည့်ပြန်သွားခဲ့သည်။ အခြားသူများမှာ အမြင်မတော်၍ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို ဖုံးထားကြ၏။ သို့သော် ယွမ်ရှောင်ချွေတစ်ယောက်မှာ ဘာကိုမှ ဂရုမစိုက်ဘဲ ရှေ့ဆုံးမှ စိတ်ဝင်တစား စောင့်ကြည့်နေသည်။ သူမသည် ဝမ်းသာအားရဖြင့်ပင် သွေးထိုးပေးနေလေ၏။

"အကုန်ချွတ်ပစ်စမ်း... အဲဒီအခါကျရင် သူတို့ ဓားကို ဘယ်မှာ ဝှက်ထားဦးမလဲ ကြည့်ရတာပေါ့..."

ဝင်းထဲရှိ အမျိုးသားများသည် ယွမ်ရှောင်ချွေကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကြသည်။

ယွမ်ရှောင်ချွေ : "ဒီလောက် လက်ညံ့တဲ့ ကောင်တွေကများ သူခိုးလုပ်ရဲသေးတယ်..သူခိုးလောကရဲ့ အရှက်ပဲ"

မာကျန့်ယီ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး

"ရှောင်ချွေ၊ ညည်းက အိမ်ထောင်မကျသေးတဲ့ မိန်းကလေး အပျိုစင်ပဲ၊ နည်းနည်း သတိထားဦး။ မကြည့်နဲ့..."

ယွမ်ရှောင်ချွေ : "သမီး ကြည့်တော့ ဘာဖြစ်လဲ... သမီးကို ထိခိုက်တာမှ မဟုတ်တာ"

သူမသည် အမျိုးသားများ အဝတ်ဗလာဖြစ်နေသည်ကို တစ်ခါမှ မမြင်ဖူးပေ။ ယခု မြင်ထားမှ နောက်ပိုင်း နှိုင်းယှဉ်စရာ ရှိပေလိမ့်မည်။

အချို့အမျိုးသားများသည် အပြင်ပန်းတွင် အရပ်ရှည်ပြီး သန်မာပုံရသော်လည်း အသုံးမဝင်ကြောင်း သူမ ကြားဖူးထား၏။ ထို့ကြောင့် နောက်ပိုင်းတွင် အမျိုးသားများ၏ လှည့်စားခြင်းကို မခံရစေရန် ယခုအခါ၌ အခွင့်ကောင်းယူ၍ ကိုယ်တိုင်ကြည့်ရှုနေခြင်းဖြစ်သည်။

ယောကျာ်းဆိုတာမျိုးက အင်မတန် ကြွားဝါဂုဏ်ဖော်ချင်ကြတာမလား… များများမြင်ဖူးထားမှ အလိမ်မခံရမှာပေါ့.. ကြည့်ရမယ်.. ကြည့်ထားမှကိုဖြစ်မယ်..

ယွမ်ရှောင်ချွေ : "ကျွန်မကို ကြည့်ခွင့်ပေးစမ်းပါ”

အမျိုးသားများ: "..."

"ဒီမှာ ကြည့်စရာ ဘာမှရှိမယ် မထင်ပါဘူး"

"မိန်းကလေးပျိုတစ်ယောက်က ဒီမှာ ဘာလာလုပ်နေတာလဲ..အရှက်မရှိလိုက်တာ"

အမျိုးသားတစ်ယောက်မှာ တိုးတိုးလေး ညည်းတွားလိုက်သည်။ မိန်းမများ ဘာမှမပြောရသေးခင်မှာပင် အမျိုးသားများသည် အလုအယက် ဝင်ပြောနေကြ၏။

ယွမ်ရှောင်ချွေ ခါးကို ထောက်ကာ ပက်ခနဲ တုံ့ပြန်လိုက်သည်။

"ရှင်တို့နဲ့ ဘာဆိုင်လဲ... ရှင့်ရေးရှင့်ရာပါလား"

သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

"ရှင်တို့ ယောက်ျားတွေက အလိမ်အညာ အတော်ဆုံးပဲ... ကျွန်မက တစ်ခုခုကို မြင်ဖူးပြီး ဗဟုသုတ ရှာတာ ဘာမှားလို့လဲ... ရှင်တို့တုန်းက မိန်းမတွေ အဝတ်အစား မရှိတာ မြင်ရင် ရှေ့ဆုံးကနေ အလုအယက် ပြေးကြည့်ကြတာ မဟုတ်လား... အဲဒီတုန်းကကျတော့ မရှက်ကြဘူးလား.. အခုကျမှ ကျွန်မကို လာဝေဖန်နေတယ်..."

"အဲဒါ မဟုတ်ပါဘူး"

"မှန်တယ်၊ အဲဒါလည်း မဟုတ်ပြန်ဘူး”

ယွမ်ရှောင်ချွေ : "ကျွန်မက ဥပမာပေးတာလေ..."

ဝမ်မေ့လန်ခမျာ မထိန်းနိုင်ဘဲ အော်ငိုကာ

"ဥပမာတွေ ပေးမနေနဲ့တော့၊ ရန်လည်း ဖြစ်မနေကြနဲ့ဦး... မြန်မြန်လုပ်ကြပါ၊ ငါ့ကျန့်ကော်ကို ဆေးရုံ အမြန်ပို့ပေးကြပါဦး..."

"အော်၊ ဟုတ်သားပဲ..."

လူတိုင်း ပွဲကြည့်ကောင်းနေကြသဖြင့် ဒဏ်ရာရထားသည့် လူကို မေ့လျော့နေကြသည်။ ပြောရလျှင် ဝမ်ကျန့်ကော်သည် တကယ်ကို ကံဆိုးလှ၏။ အကယ်၍ သူခိုးဖမ်းရင်း ဒဏ်ရာရခဲ့လျှင် လူများမှာ သူ့ကို ပို၍ လေးစားကြပေလိမ့်မည်။

ပြဿနာက ဒါက သူခိုးဖမ်းတာ မဟုတ်တာပဲ…

သူခိုးပြုတ်ကျလို့ သတိလစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ… ဟားဟား..ဟား

"ဟေး၊ နေဦး၊ ငါတို့အားလုံး ခဲတွေနဲ့ မပစ်ဖို့ ပြောထားကြတယ် မဟုတ်လား... ဘယ်သူ ပစ်လိုက်တာလဲ..."

"ဘာတွေ ပြောနေတာလဲ... ငါတို့က ဝမ်ကျန့်ကော်ကို ထိအောင် ပစ်တာမှ မဟုတ်တာ... ငါတို့က သူခိုးကို ပစ်တာ။ အကယ်၍ သူခိုးကို မပစ်ရင် ဘယ်လိုလုပ် ဖမ်းမိမှာလဲ..."

"ညည်း ပစ်လိုက်တာလား..."

"မဟုတ်ဘူး၊ ဒါပေမဲ့ သေချာတာကတော့ တစ်ယောက်တည်း ပစ်တာ မဟုတ်ဘူး..ကျောက်ခဲတွေ အများကြီးပဲ"

"ဒါတော့ ဟုတ်တယ်"

"ဘယ်သူ ပစ်လိုက်တာလဲ မသိဘူးနော်... တကယ်ကို ပစ်မှတ် တိကျလွန်းတယ်"

"ဘယ်သူ လုပ်တာလဲ... ဘာလို့ မဟုတ်မမှန်တာကို တရားမျှတမှုအတွက် ထွက်မဝန်ခံရဲရတာလဲ..."

လူတိုင်းသည် တိတ်ဆိတ်နေကြပြီး မည်သူမျှ မိမိပစ်သည်ဟု ထွက်မဝန်ခံကြပေ။

တစ်ယောက်ယောက်မှာ တိုးတိုးလေး ပြောလိုက်၏။

"သူ သေချာပေါက် ထွက်ဝန်ခံမှာ မဟုတ်ဘူးလေ.. ဒါက ကောင်းမှုကုသိုလ် လုပ်တာ ဆိုပေမဲ့လည်း ဝမ်ကျန့်ကော်က ဒဏ်ရာရသွားတာကိုး.. ပြဿနာတက်မှာ ကြောက်လို့ ဖြစ်လိမ့်မယ်၊ ဟုတ်တယ်မလား..."

"သေချာတာပေါ့"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ ကျောက်ခဲပစ်လိုက်သည်ကို အမှန်တကယ် မပြောနိုင်ကြပေ။

"ဟူး၊ သူက ကောင်းမှုလုပ်ပြီးတော့ ထွက်မဝန်ခံရဲဘူး..အခွင့်အရေးကောင်းကြီး ရနေတာကို ဂုဏ်ပြုချက်ကို မယူရဲရှာဘူး"

"ဝမ်ကျန့်ကော် ဘယ်လောက်တောင် ဒဏ်ရာပြင်းလဲ ဘယ်သူသိမှာလဲ... ပြဿနာတွေ ပိုကြီးမလာအောင် ငြိမ်နေတာက အကောင်းဆုံးပဲ"

"ဒါတော့ ဟုတ်တယ်"

လူတိုင်း ဝိုင်းဝန်းငြင်းခုံနေကြသော်လည်း မည်သူမျှ ထွက်မဝန်ခံကြပေ။ အမှန်အတိုင်းပြောရလျှင် သူတို့ ထွက်ဝန်ခံပင်လျှင် မည်သူမှ သံသယရှိမည်မဟုတ်ပေ။ ဤထိခိုက်နစ်နာမှုကို ဖြစ်စေခဲ့သူမှာ ချန်ချင်းယွီမှန်း မည်သူမှ မသိကြ၍ပင်။ ချန်ချင်းယွီ ကိုယ်တိုင်သည်လည်း ဘယ်တော့မှ ထွက်ဝန်ခံမည်မဟုတ်ကာ၊ လူတိုင်းသည်လည်း သူမမှာ နုနုနယ်နယ် မုဆိုးမလေးဟုသာ ထင်ကြ၍ ထည့်ပင်မစဉ်းစားမိကြပေ။ ယခုလည်း သူမသည် မိမိအိမ်တံခါးဝတွင်သာ ရှက်ကိုးရှက်ကန်း ရပ်နေခဲ့သည်။

အမှန်တော့.. အဟမ်း.. ရှက်ကိုးရှက်ကန်းဖြစ်နေတာ မဟုတ်ပါဘူးလေ.. အဲ့ရွတ်တွနေတဲ့ ရွံစရာမြင်ကွင်းကို မကြည့်ချင်လို့ ဟန်ဆောင်နေတာ…

အကယ်၍သာ ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ်အချိုးအစားတောင့်တင်း၍ မျက်နှာပေါက်သပ်ရပ်သည့် လူချောလေးသာဆိုလျှင် မကြည့်ဘဲနေရမည်မှာ နှမြောစရာကောင်းသဖြင့် သူမ သေချာပေါက် လှမ်းကြည့်မိပေလိမ့်မည်။

ဒါပေမဲ့ ဒီနှစ်ယောက်ကတော့...

ဒီနှစ်ယောက်ကတော့… ကြည့်လိုက်ရုံနဲ့တင် မျက်စိအဆိပ်ခပ်လိုက်သလိုပဲ.. သောက်ကျိုးနည်း.. ရွံစရာကောင်းလှချည်ရဲ့…

ချန်ချင်းယွီသည် မျက်စိအဆိပ်ခပ်မခံချင်သဖြင့် တကယ်ကို မကြည့်ချင်တော့ပေ…

သို့သော်လည်း သူမ အိမ်ထဲသို့ ဝင်မသွားခဲ့ပေ။ မိမိအိမ်တံခါးဝတွင်သာ ရပ်နေရင်း၊ သူမ၏ယောက္ခမ အမျိုးသမီးတစ်စုကို ဦးဆောင်ကာ သူခိုးနှစ်ယောက်ကို အဝတ်ဗလာဖြစ်အောင် ချွတ်ပစ်နေသည်ကို လှမ်းနားထောင်နေလိုက်၏။

“ကယ်ကြပါဦးဗျာ... ဘာလုပ်နေကြတာလဲ... ကျုပ်တို့ အိမ်ထောင်တောင် မကျသေးဘူးဗျ... ခင်များတို့ တကယ် ရက်စက်လွန်းတယ်...”

သူခိုးနှစ်ယောက်မှာ သနားသဖွယ် အော်ဟစ်ငိုယိုနေကြသည်။

“ကယ်ပါဦးဗျို့...”

“ပါးစပ်ပိတ်ထားစမ်း... သူခိုးဖြစ်ပြီးတော့ အော်ရဲသေးတယ်ပေါ့... ငါတို့က ပြည်သူ့အတွက် အန္တရာယ်ကို ဖယ်ရှားပေးနေတာဟဲ့၊ တောက်… သေးလိုက်တာလည်း လွန်ရော...”

“ဟုတ်ပါ့ ဒါကြောင့်မို့လည်း လှုပ်လို့မရတာနေမှာ.. ဒီလို ကိုယ်ခန္ဓာအင်္ဂါရပ်မျိုးနဲ့ဆိုတော့ အိမ်ထောင်မကျတာ မဆန်းပါဘူး၊ အကယ်၍ ယူမိရင်တောင် တစ်ဖက်မိန်းကလေးတွေကို နှိပ်စက်သလို ဖြစ်နေမှာ”

“ဟေ့၊ ညည်းတို့ ကြည့်ရတာ ဒီကောင်တွေရဲ့ အရွယ်အစားက ချဲယုံဖုန်းနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ...”

အဘွားကြီးကျောက်သည် အခွင့်အရေးရတိုင်း ချဲယုံဖုန်း၏ သိက္ခာကို ချပစ်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေရှာသည်။

ပွဲမကြည့်ဘဲ အလုပ်လုပ်နေရသည့် အမျိုးသမီးအနည်းငယ်ထဲတွင် ပါဝင်သော အစ်မကြီးဖန်နှင့် ကျောက်ရုံတို့မှာ ထိုနေ့မှ အစစ်အမှန် “အခြေအနေ” ကို မမြင်ခဲ့ရသဖြင့် ခေတ္တမျှ ဘာပြောရမှန်း မသိ ဖြစ်နေကြ၏။ သို့သော် သူတို့မမြင်ရသော်လည်း လီချန်ရွှမ်းမှာ သေချာပေါက် မြင်လိုက်ရသည်။

သူက ခဏမျှ စဉ်းစားပြီးနောက် ဆိုလိုက်၏။

“ကျွန်တော့်အထင်တော့ တူတူလောက်ပဲ ထင်တယ်”

အမှန်တကယ်တွင် ချဲယုံဖုန်းသည် နည်းနည်းပိုသာ၏။ သို့သော် အမျိုးသားဟူသည်မှာ ဤကိစ္စရပ်တွင် ပြိုင်ဆိုင်လိုစိတ် ရှိကြစမြဲ ဖြစ်၍ ရည်ရွယ်ချက်ရှိရှိ မဟုတ်သည့်တိုင် တခြားအမျိုးသားများကို နှိမ့်ချပြီး မိမိ၏ စွမ်းဆောင်ရည်ကို ကြွားဝါလိုသည့် ဗီဇတုံ့ပြန်မှုမျိုးရှိလေသည်။

လီချန်ရွှမ်း : “မှတ်မိသလောက်တော့ သူလည်း ဒီလောက်ပါပဲ၊ ဒါမှမဟုတ် ဒီကောင်တွေထက်တောင် ပိုဆိုးဦးမလားမသိဘူး”

ချဲယုံဖုန်းက အရာရှိ မိသားစုက မိန်းကလေးကို ယူထားနိုင်တော့ ဘာဖြစ်လဲ... အရပ်ရှည်ပြီး သန်မာတော့ရော ဘာဖြစ်လဲ... ရုပ်ချောတဲ့ လူချောလေးဖြစ်နေတော့ရော ဘာဖြစ်လဲ... ဟွန့်၊ ဒီကိစ္စမှာ အသုံးမဝင်ရင်တော့ တကယ့်ကို အသုံးမဝင်တာပဲ…

သူ့လောက်တောင် မစွမ်းဆောင်နိုင်ဘူး.. သူက သားမရသေးပေမဲ့ အနည်းဆုံးတော့ ဒီကိစ္စမှာ တော်သေးတယ်၊ သမီးတစ်ယောက် ရှိသေးတာပဲ..သူကတော့ ကလေးထပ်ရနိုင်သေးတယ်..

ဒါက ချဲယုံဖုန်းကတော့ ဟမ့်..မတူဘူး၊ သူက ကလေးတစ်ယောက်တောင် မရှိဘူး။ အသုံးမကျဘူး၊ အခုထိ အသုံးမကျသေးဘူး..

လီချန်ရွှမ်း : “ဟူး~”

“ငါမှတ်မိသလောက်တော့ သူ တကယ်ပဲ သိပ်အသုံးမဝင်လှဘူး”

ကျန့်ရှင်းဖှသည်လည်း မေးစေ့ကို ပွတ်သပ်ရင်း တိုးတိုးလေး ဝင်ပြောသည်။

“ဟုတ်တယ်၊ ငါ့အသိ ညီအစ်ကိုတစ်ယောက်က လုံခြုံရေးဌာနမှာ လုပ်တယ်..သူပြောတာတော့ လူကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးတဲ့..သူက အရပ်ရှည်ပြီး သန်မာပုံရပေမဲ့ တကယ်တမ်းတော့ အဲဒီလောက် မစွမ်းဘူးတဲ့…”

လူတိုင်း ချဲယုံဖုန်းအကြောင်းကို ဝိုင်းပြောနေကြသည်။ ချဲယုံဖုန်း ကိုယ်တိုင် ပေါ်မလာသော်လည်း သူ့နာမည်ကား လူပြောများနေခဲ့ပြီ ဖြစ်၏။

အမျိုးသားများ ထိုသို့ ဆွေးနွေးနေကြစဉ် အမျိုးသမီးများမှာ မျက်နှာ ပျက်နေကြသည်။ အစ်မကြီးဖန်သည် အစပိုင်းတွင် မမြင်လိုက်ရသဖြင့် နောင်တရနေမိသော်လည်း လူတိုင်း၏ ဝေဖန်ချက်များကို ကြားရအပြီးတွင်တော့…

ချဲယုံဖုန်းက အပေါ်ယံပဲ ရှိပြီး အနှစ်မရှိတဲ့ လူစားမျိုးပဲ...

တစ်ယောက်တည်း ပြောလျှင် ကောလာဟလ ဖြစ်နိုင်သော်လည်း လူတိုင်း ဝိုင်းပြောနေကြလျှင်မူ သေချာပေါက် အမှန်တရား ဖြစ်ပေလိမ့်မည်။

အစ်မကြီးဖန် : “ချဲယုံဖုန်းရဲ့ မိန်းမက ဘာကို သဘောကျလို့ ယူခဲ့တာလဲမသိဘူးနော်... အရာရှိမိသားစုကလည်း ဖြစ်၊ အလုပ်အကိုင်ကလည်း ကောင်းရဲ့သားနဲ့ ဘာလို့ ဒီလိုလူမျိုးကို ရွေးချယ်ခဲ့တာလဲ...”

“လက်မထပ်ခင်မှာ ဒါတွေကို ဘယ်သူက ကြိုသိမှာလဲ...”

ထိုစဉ်မှာပင် အဘွားကြီးကျောက်သည် ယွမ်ရှောင်ချွေကို ချီးမွမ်းခန်းဖွင့်လိုက်၏။

“ကြည့်စမ်း၊ ရှောင်ချွေက တော်တော် အမြော်အမြင်ရှိတယ်..ဒီလိုလုပ်တာက အမြင်မတော်ပေမဲ့လည်း တစ်သက်တာ စိတ်ချမ်းသာမှုအတွက်ဆိုရင်တော့ နောင်တစ်ချိန်မှာ ဒုက္ခမရောက်ရအောင် ဒီလိုအရာတွေကနေ သင်ခန်းစာယူထားသင့်တယ်...”

“ဒါတော့ ဟုတ်တယ်”

“မှန်တာပေါ့”

ယွမ်ရှောင်ချွေသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးစေ့ကို မော့လိုက်သည်။

သူမသည် အနောက်ဘက်တွင် မျက်နှာကို လက်ဖြင့်အုပ်ကာ ကြောက်လန့်တကြား ပုန်းနေကြသည့် ဟောက်ရွှယ်နှင့် လီလင်းလင်းတို့ကို တစ်ချက်စောင်းငဲ့ကြည့်ရင်း နှုတ်ခမ်းကို လှောင်ပြုံးပြုံးကာ ငေါ့လိုက်၏။

“တကယ့် အသုံးမကျတဲ့အကောင်တွေ”

သူတို့က သူမနဲ့ ယှဉ်ရင် ဘာမှမဟုတ်ကြဘူး...

ထပ်ပြီး လိုက်ရှာကြည့်လိုက်ဦးမယ်… ဟေး၊ ချန်ချင်းယွီ ဘယ်ရောက်သွားတာလဲ...

သူမက ပိုတောင် အသုံးမကျသေးတယ်၊ လာတောင် မကြည့်ရဲဘူးလား... တကယ့် ငကြောက်မလေးပဲ...

ငကြောက်မလေးဟု အပြောခံနေရသည့် ချန်ချင်းယွီမှာမူ ယခုအခါတွင် ရင်ဘတ်ထက်တွင် လက်ပိုက်ကာ အပြင်ရှိ ဆူညံပွက်လောရိုက်နေမှုကို အတော်လေး စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ ၎င်းအပြင် အရေးကြီးသည့် အလှည့်အပြောင်း အခိုက်အတန့်များတွင် အဘွားကြီးကျောက်၏ အော်ဟစ်ဆဲဆို ရန်ဖြစ်တတ်သည့် ဗီဇမှာ မမျှော်လင့်ဘဲ ကောင်းကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု သူမ တွေးမိ၏။

အကယ်၍ ဤကိစ္စကို သူမကိုယ်တိုင် သွားလုပ်မည်ဆိုလျှင် သေချာပေါက် ကောင်းကောင်းလုပ်နိုင်မည်မဟုတ်ကာ၊ ဤမျှ “အံ့ဩတုန်လှုပ်စရာ” ကောင်းသည့် ရလဒ်မျိုးလည်း ထွက်လာမည်မဟုတ်ပေ။

ယောက္ခမကတော့ အသုံးဝင်သား…

ချဲယုံဖုန်းအတွက်မူ သရဲတစ္ဆေတစ်ကောင်နှင့် တိုးရသည်ထက်စာလျှင် ယခုကဲ့သို့ အတင်းအဖျင်း ကောလာဟလများကြားတွင် နစ်မွန်းသွားရခြင်းမှာ ပို၍ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု သူမ ထင်မြင်မိသည်။

ထို့နောက် ချန်ချင်းယွီသည် မသမာသောစိတ်ထားရှိသည့် ဝမ်ကျန့်ကော်ကို လှမ်းကြည့်ရင်း ဤကဲ့သို့သော လူစားမျိုးများသည် ယခုကဲ့သို့ ကံကြမ္မာမျိုးနှင့် ထိုက်တန်သည်ဟု တွေးလိုက်၏။

ဒီလို လူကြီးလူကောင်း ယောက်ျားရင့်မကြီးတွေအနေနဲ့ တခြားအလုပ်လုပ်စရာ မရှိကြဘူးလား...

မုဆိုးမတစ်ဦးနှင့် ကလေးငယ်များသာရှိသည့် သူမတို့မိသားစုကိုသာ အမြဲတစေ လုပ်ကြံဖို့ ကြံစည်နေကြသည်။

ချန်ချင်းယွီ မျက်လုံးတစ်ချက် လှန်လိုက်၏။ ယခုအခါ လူတိုင်းလည်း အလုပ်ရှုပ်နေကြပြီး၊ ဝတုတ်နှင့် ပိန်ကပ်ကပ် သူခိုးနှစ်ယောက်စလုံးကို ကြိုးဖြင့် တုတ်နှောင်ထားကြသည်။ အဘွားကြီးဟွမ်မှာ သူတို့၏ အဝတ်အစားများကို မိမိအတွက် ယူချင်လွန်းသဖြင့် လက်တွေပင် ယားနေခဲ့၏။

မာကျန့်ယီ : "..."

ဟူး… တာဝန်ခံမလုပ်တဲ့ နောက်ထပ်နေ့တစ်ရက်ပါလား…

သူသည် နှုတ်ခမ်းတစ်ချက် မဲ့သွားကာ လုံးဝ ဆွံ့အနေပြီးခါမှ

"ခင်များတို့ လုပ်ချင်သလောက် လုပ်နိုင်ပေမဲ့ ရမ်းကားတာမျိုးတော့ မလုပ်ကြပါနဲ့.. သူတို့ကို ရဲစခန်း ပို့ရဦးမှာ.. သူတို့ကိုယ်ပေါ်က ပစ္စည်းမှန်သမျှလည်း ချန်ထားလို့မရဘူး"

အဘွားကြီးဟွမ် မကျေမနပ် ဖြစ်သွားပြီး၊ အဘွားကြီးကျောက်မှာမူနှာခေါင်းတစ်ချက် ရှုံ့ကာ ဆိုလိုက်သည်။

"ဘယ်သူက သူတို့ပစ္စည်းတွေကို လိုချင်လို့လဲ... တစ်နေရာရာကနေ ခိုးလာတာတွေ ဖြစ်မှာပေါ့"

သူခိုးနှစ်ယောက်မှာ ဒေါသထွက်

လွန်းသဖြင့် အသက်ရှူရပ်မတတ် ဖြစ်သွားရ၏။

ဘာလဲ...... ကျုပ်တို့က လူကောင်းတွေ မဟုတ်တာတော့ ဟုတ်ပါတယ်..

ဒါပေမဲ့ ဒီအဝတ်အစားတွေကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ထားတာပါ… ဘယ်လိုလုပ် ဒီလောက်အထိ အထင်သေးရက်ရတာလဲ... ကျုပ်တို့ အဲ့လောက် မဆင်းရဲဘူးဗျ…

သူတို့သည် မျက်လုံးအစုံ ပြူးကျယ်လျက် အဘွားကြီးကျောက်ကို ဒေါသတကြီး စိုက်ကြည့်ကြတော့သည်။

အဘွားကြီးကျောက် : "ဘာကြည့်နေတာလဲ... ဖြတ်ရိုက်လိုက်ရ.. နင်တို့ကို ငါမကြောက်ဘူးဟဲ့..."

သူမသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး လုံးဝ ကြောက်ရွံ့ပုံမပြပေ။

"ဒီဘက်ခေတ်မှာ သူခိုးတွေကပါ လာပြီး ထောင်လွှားချင်နေသေးတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲဆိုတာတောင် မသိကြဘူး... ငါက နင်တို့ကို ကြောက်နေမယ် ထင်လား... ငါက အရည်အချင်းရှိတဲ့ မိန်းမဟဲ့..."

သူမသည် သူတို့ကို အထက်စီးမှနေ၍ နှာခေါင်းရှုံ့ ကြည့်လိုက်ပြီး

"ယောက်ျားရင့်မကြီးတွေ ဖြစ်ပြီးတော့ ဘာအရည်အချင်း (အရွယ်အစား) မှလည်း မရှိဘဲနဲ့ လာပြီး ဘဝင်မြင့်မနေနဲ့..."

ဝတုတ်နှင့် ပိန်ကပ်ကပ်သူခိုးနှစ်ယောက်မှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြိုလဲသွားကြရ၏။ ဝတုတ်သူခိုးမှာ ဟီးခနဲ ငိုချလိုက်ပြီး

"စကားပြောရင်လည်း ပြောပေါ့ဗျာ၊ လူကို ဒီလိုကြီးအထိ ဘာလို့ နှိပ်စက်ရတာလဲ... ကျုပ်တို့ ဘာမှားလို့လဲ... သူခိုးလို့ ခေါ်တာကို ကျုပ်လက်ခံပါတယ်။ ဒါပေမဲ့ ဘာလို့ ကျုပ်ရဲ့ သိက္ခာကိုပါ လာစော်ကားရတာလဲ... ဝါးးး... ခင်များတို့ တကယ် လွန်လွန်းတယ်... ဘယ်လိုလုပ် ဒီလို လုပ်ရက်ရတာလဲ..."

အဘွားကြီးကျောက် လှောင်ပြုံးပြုံးကာ

"ဒီဘက်ခေတ်မှာ အမှန်အတိုင်း ပြောတာကိုပဲ စော်ကားတယ် ဖြစ်နေပြန်ပြီ။ ကိုယ့်မှာ အရည်အချင်းမရှိတာကို သူများကို လာအပြစ်တင်မနေနဲ့"

"ကျုပ်…ခင်ဗျား၊ ခင်ဗျား၊ ခင်ဗျား..."

"ဘာ 'ကျုပ်၊ ခင်ဗျား' လဲ... ငါ ဘာမှားပြောလို့လဲ..."

၎င်းတို့နှစ်ဦး အပြန်အလှန် ငြင်းခုံရန် ပြင်နေစဉ်မှာပင် ဝမ်မေ့လန်မှာ သည်းမခံနိုင်တော့ကာ "တော်ကြစမ်း..." ဟု အော်ဟစ်လိုက်သည်။

"တော်ကြတော့... ကျွန်မ ယောကျာ်းကျန့်ကော်ကို အခုချက်ချင်း ဆေးရုံ အမြန်ပို့ပေးကြပါဦး..."

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်"

မာကျန့်ယီ : "သူတို့ ရန်ဖြစ်နေတာနဲ့တင် ငါ့မှာ ဝေခွဲမရ ဖြစ်ကုန်ပြီ"

သူသည် ဝမ်တာ့ချွေနှင့် အခြားအမျိုးသား အနည်းငယ်ကို အမြန်လှမ်းခေါ်လိုက်၏။ အားလုံးမှာလည်း ဝမ်ကျန့်ကော် မိသားစု၏ ကိစ္စကို ကူညီရန် စိတ်အားထက်သန်ကြသည်။ ဝမ်မေ့လန်မှာ နောက်ပိုင်းကျမှ မျက်နှာပြောင်တိုက်ပြီး အမြတ်ထုတ်တတ်သည့် အဘွားကြီးဟွမ်ကဲ့သို့သော လူစားမျိုး မဟုတ်ပေ။

လူစုသည် ဝမ်ကျန့်ကော်ကို လက်တွန်းလှည်းပေါ်သို့ အမြန်ပွေ့ချီ တင်လိုက်ကြသည်။ မာကျန့်ယီ ယွမ်ဟောက်မင်ကို ကြည့်

"အဘိုးကြီးယွမ် မင်းလည်း အတူတူ လိုက်ခဲ့ပါဦးလား.. အခြေအနေကို စောင့်ကြည့်ပေးဖို့လေ"

"ကောင်းပြီ"

မာကျန့်ယီ : “အဘိုးကြီးရွှီ ဝင်းထဲက အခြေအနေကို စောင့်ကြည့်ပေးဦး..ငါ လူအချို့ကို ခေါ်ပြီး သူခိုးကို ရဲစခန်း သွားအပ်လိုက်ဦးမယ်"

ရွှီကောင်းမင် : "ကောင်းပါပြီ"

ဝင်းထဲတွင် တစ်ခုခု ဖြစ်ပွားသည့်အခါ ဤသို့သော ဝါရင့် ရဲဘော်ဟောင်းကြီးများသည်သာ ဦးဆောင် တာဝန်ယူကြရသည်။

အဘွားကြီးကျောက် : "ငါလည်း ရဲစခန်းကို လိုက်မယ်..ကူညီပေးရမယ်လေ.. ငါလည်း သူခိုးဖမ်းတဲ့နေရာမှာ အားဖြည့်ခဲ့တာပဲ"

"ငါလည်း လိုက်မယ်"

"ငါလည်း..."

လူတိုင်းသည် အကျိုးအမြတ် တစ်ခုခု ရလိုရငြား အတူတူ လိုက်သွားရန်သာ တွေးနေကြ၏။

မာကျန့်ယီ : "အားလုံး အုပ်စုလိုက်ကြီး လိုက်မလာကြပါနဲ့၊ ညဘက်ကြီး ဝင်းထဲမှာ လူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်ကျန်ခဲ့လိမ့်မယ်။ နောက်ထပ် သူခိုးတွေ ထပ်လာရင် ဘယ်လိုလုပ်မလဲ... အာရုံလွှဲတဲ့ ပရိယာယ် သုံးတတ်တယ်ဆိုတာ အားလုံးလည်း ကြားဖူးကြတာပဲ၊ လူတိုင်း ကိုယ့်အိမ်မှာကိုယ် နေကြတာက အစိတ်ချရဆုံးပဲ"

ထိုစကားကို ကြားသောအခါ လူတိုင်းသည် ဇွတ်အတင်း မဆိုကြတော့ဘဲ ခေါင်းညိတ်ကြသည်။

"ဒါဆိုလည်း ပြီးတာပဲ"

သို့သော် အချို့မှာမူ အတူလိုက်ရန် အလွန် စိတ်အားထက်သန်နေကြဆဲ ဖြစ်၏။ အဘွားကြီးကျောက်မှာ ဘာပဲဖြစ်ဖြစ် သွားမည်သာ…သူမသည် မိသားစုအတွက် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ချန်ချင်းယွီကတော့ သူတစ်ပါးအနိုင်ကျင့်တာကို ခံမယ့်သူ မဟုတ်ဘူး.. အခြားသူတွေ သူ့လက်ထဲ ဒုက္ခမရောက်ရင်ကို တော်လှပြီ….

အဘွားကြီးကျောက်၏ မျက်လုံးများ တစ်ချက်ဝေ့ဝဲသွားသည်၊ ထိုသူခိုးနှစ်ယောက်ကို ကျောက်ခဲနှင့် လှမ်းပစ်လိုက်သူမှာ ချန်ချင်းယွီ ဖြစ်ရမည်ဟု သူမ သေချာပေါက် သံသယဝင်နေမိ၏။

သူကလွဲလို့ အခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ... သူတို့ဝင်းထဲက လူကောင်ကြီးကြီးတွေထဲမှာ ဒီလို အရည်အချင်းမျိုး ရှိတဲ့သူ တစ်ယောက်မှ မရှိဘူး..

ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ဝမ်ကျန့်ကော်အပေါ်ကို တည့်တည့်ကြီး ပြုတ်ကျရတယ်လို့၊ ဝဋ်လိုက်တာ တောင်မှ ဒီလောက် မြန်မြန်ဆန်ဆန်ကြီး မဖြစ်နိုင်ဘူး...

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ အကြောင်းကို ကောင်းကောင်းသိသဖြင့် အခြားသူများကို ရင်ထဲမှနေ၍ ကရုဏာသက်မိသည်။ သူတို့အားလုံးသည် လည်လှချည်ရဲ့ ဟု ထင်ရသော်လည်း မည်သူမှ သူမချွေးမလောက် မလည်ကြပေ။ သူမတစ်ယောက်တည်းသာ ချန်ချင်းယွီ၏ စရိုက်အစစ်အမှန်ကို စောစောစီးစီး ရိပ်မိထားခြင်း ဖြစ်သည်။

ချန်ချင်းယွီဆိုတာ အေးအေးဆေးဆေး နေတတ်တဲ့ လူကောင်းလေး မဟုတ်ဘူး… ပြဿနာက သူ့ကိုမရှာရင်တောင် သူက ပြဿနာကို လိုက်ရှာနေတဲ့သူ…

အဘွားကြီးကျောက်သည် နှုတ်ခမ်းကို တစ်ချက်စေ့လိုက်ပြီးနောက် ရင်ဘတ်ကို ကော့ကာ အော်ပြောလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် ငါကတော့ သွားမှာပဲ၊ ငါက သူခိုးဖမ်းတဲ့နေရာမှာ ရှေ့တန်းကနေ ပါဝင်ခဲ့တာ"

"ဒါဆို ငါလည်း လိုက်မယ်"

"ငါလည်းပဲ"

ဒီအဘွားကြီးရဲ့ ပြိုင်ဆိုင်လိုစိတ်ကတော့ တကယ်ကိုပါပဲ…

မာကျန့်ယီ : "ကောင်းပြီ၊ ဒါပေမဲ့ လူတိုင်း အိမ်မှာ လူတစ်ယောက်တော့ ချန်ထားခဲ့ရမယ်။ အားလုံး ကိုယ့်မိသားစုအရေးကိုလည်း ထည့်စဉ်းစားကြဦး”

"ကောင်းပါပြီ၊ ကောင်းပါပြီ"

နောက်ဆုံးတွင် လူတိုင်းသည် အလုပ်လုပ်ရန် အစီအစဉ်တကျ ခွဲဝေလိုက်ကြ၏။

ယွမ်ဟောက်မင်၊ ဝမ်တာ့ချွေနှင့် အခြားလူတစ်စုသည်ဝမ်ကျန့်ကော်ကို လက်တွန်းလှည်းဖြင့်တွန်းကာ အိမ်ပြင်သို့ ထွက်သွားကြစဉ် ဝမ်မေ့လန်မှာ လင်စန်းရှင်းကို လှမ်းအကူအညီတောင်းလိုက်သည်။

"အစ်မကြီးလင်ရေ၊ ကျွန်မ သမီးလေးတွေကို ခဏလောက် စောင့်ရှောက်ပေးပါဦးနော်"

လင်စန်းရှင်း : "ရတယ်၊ ရတယ်၊ ညည်းသာ သွားပါ၊ ငါရှိတယ်"

သူတို့အားလုံးသည် ရှေ့ဝင်းထဲတွင် အတူတူ နေကြသူများဖြစ်ပြီး အိမ်ချင်းလည်း ကပ်နေသဖြင့် သူမသဘာဝကျကျပင် လွယ်လွယ်ကူကူ လက်ခံပေးလိုက်၏။

မာကျန့်ယီသည်လည်း အလျင်အမြန်ပင် အမျိုးသားအချို့ကို အမြန်လှမ်းခေါ်ကာ ဝတုတ်နှင့် ပိန်ကပ်ကပ် သူခိုးနှစ်ယောက်ကို ဆွဲခေါ်ပြီး ရဲစခန်းသို့ ဦးတည်ထွက်ခွာကြတော့သည်။ မာကျန့်ယီ အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေပြီး ဆိုလိုက်မိ၏။

"သူတို့ကို တစ်ခုခုနဲ့ နည်းနည်းလောက် ဖုံးပေးကြစမ်းဦး၊ လူတွေ မြင်ကုန်ရင် ဘာပုံပေါက်မလဲ"

"ဖုံးနေစရာမလိုပါဘူးဗျာ၊ ညကြီးသန်းခေါင် ဘယ်သူမှ ရှိတာမဟုတ်ဘဲ"

မာကျန့်ယီမှာ ပြောစရာ စကားမဲ့သွားပြီး စိတ်လျော့လိုက်ကာ ဖြောင်းဖျသည့်ဖြင့်

"ဘာလို့ ဘယ်သူမှ မရှိရမှာလဲ... အပြင်က လူတွေကို လှမ်းကြည့်လိုက်ဦး၊ လူပင်လယ်ကြီး ဖြစ်နေတော့မယ်"

ဤမျှ ဆူညံပွက်လောရိုက်သွားသည့်အတွက် ဘေးပတ်ဝန်းကျင် ဝင်းကြီးများရှိ လူများပါ အပြင်သို့ ထွက်လာကြရာ လမ်းကြားထဲတွင်….

လူတွေဆိုတာ အပြည့်ပဲ…..

"နည်းနည်းလောက် ဖုံးပေးလိုက်တာ ပိုကောင်းပါတယ်၊ အင်္ကျီကို ခါးမှာ ပတ်ထားပေးလိုက်"

"ဒါ အဆင်ပြေသားပဲ"

ယခုအခါတွင် မာကျန့်ယီ တစ်ယောက် အဘွားကြီးတိုက်ခိုက်ရေးအဖွဲ့ကို လွှတ်ပေးပြီး သူခိုးများ၏ အဝတ်အစား၊ ဘောင်းဘီများကို အကုန်ချွတ်ပစ်ခိုင်းမိသည်မှာ မသင့်တော်လှကြောင်း အမှန်တကယ် ခံစားလိုက်ရသည်။

ကြည့်စမ်းဦး၊ ဒါ ဘာတွေဖြစ်ကုန်တာလဲ…

စိတ်ပျက်နေမိသော်လည်း မာကျန့်ယီသည် အချိန်ဆွဲတတ်သူမဟုတ်ရာ လူအုပ်ကို ဦးဆောင်ပြီး ချက်ချင်းပင် အိမ်ပြင်သို့ ထွက်လာခဲ့၏။

အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် အော်ဟစ်ဆဲဆိုသံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

ဝတုတ်သူခိုး : "အား... ဘယ်သူ ငါ့ကို လာနှိုက် (ကိုင်) လိုက်တာလဲ... မင်းတို့ ဘာလုပ်နေကြတာလဲ... နည်းနည်းလောက် စည်းကမ်းရှိကြစမ်းပါဦး..."

"မင်းလို သူခိုးတစ်ယောက်ကများ သူများကို လာပြီး စည်းကမ်းရှိခိုင်းနေသေးတယ်..."

လူတိုင်း သရော်ပြုံးဖြင့် ရယ်မောကြသည်။

ဝတုတ်သူခိုး : "တောက်… ငါက မင်းတို့ထက်စာရင် ပိုပြီး စည်းကမ်းရှိသေးတယ်.. မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြဦး၊ ဘယ်လိုလူတွေလဲ၊ မင်းတို့ တကယ်ကို ယုတ်မာညစ်ပတ်လွန်းတယ်... အားးးး..."

သူသည် ကြက်ဖတစ်ကောင်ကဲ့သို့ မရပ်မနား အော်ဟစ်နေ၏။

ပိန်ကပ်ကပ်သူခိုးမှာမူ ဘဝကို လက်လျှော့လိုက်သည့်အလား အသက်မဲ့နေရှာသည်။

ကံဆိုးလိုက်တာ၊ တကယ့်ကို ကံဆိုးလွန်းလှချည်လား…

လူအုပ်ကြီးသည် ခြိမ့်ခြိမ့်သဲသဲ ထွက်ခွာသွားကြရာ မည်သည့်မိသားစုမှ ဆက်အိပ်ပျော်နိုင်ခြင်း မရှိတော့ပေ။ တစ်ယောက်မှလည်း အိမ်ထဲသို့ မပြန်ကြသေးဘဲ ဝင်းထဲတွင် စုရုံးကာ အတင်းအဖျင်း ပြောနေကြ၏။ ကျန့်ရှင်းဖှသည် ဝမ်ကျန့်ကော်ကို ဆေးရုံလိုက်ပို့ပေးနေပြီး၊ အဘိုးကြီးကျန်းမှာ ရဲစခန်းသို့ လိုက်သွားသည်။ ထို့ကြောင့် အဘွားကြီးဟွမ်မှာ အတူလိုက်ခွင့်မရတော့ကာ၊ ဝင်းထဲတွင်သာ ရပ်ပြီး လေပွါးနေရ၏။

သူမသည် သက်ပြင်းချကာ မြည်တွန်လိုက်လေသည်။

"အခုခေတ် လူငယ်တွေက တကယ်ကို အသုံးမကျဘူး၊ တရားဥပဒေနဲ့အညီ အလုပ်ကောင်းကောင်းမလုပ်ဘဲ ယောက်ျားရင့်မကြီးတွေ ဖြစ်ပြီး သူခိုးလုပ်နေရတယ်၊ တကယ့်ကို သိက္ခာကျစရာပဲ။ သူခိုးလုပ်တာတောင် ကောင်းကောင်းမလုပ်တတ်ဘူး၊ ကြည့်စမ်းဦး ဘာတွေလုပ်ထားလဲဆိုတာ၊ အရှက်ကွဲစရာကြီး။ ဒီလောက်အထိ တုံးအတဲ့သူခိုးမျိုး တစ်ခါမှ မမြင်ဖူးဘူး"

အိမ်တွင် ကျန်နေခဲ့သည့် အစ်မကြီးဖန်သည်လည်း ခေါင်းညိတ်ကာ

"ဟုတ်ပါ့.. ဒါနဲ့တင် မကသေးဘူး၊ အခု ကျေးလက်ဆင်းပြီး အလုပ်လုပ်ရမယ့် ကိစ္စက တဟုန်ထိုး ဖြစ်နေတာလေ၊ ဒီလို ပညာတတ်လူငယ်တွေကို လယ်ကွင်းထဲ လွှတ်ပြီး စိုက်ပျိုးခိုင်းတာ ဘယ်လိုလုပ် သင့်တော်ပါ့မလဲ... ဒီလို သူခိုးတွေကိုပဲ ကျေးလက်ကို ပို့ပြီး လယ်ထွန်ခိုင်းရမှာ၊ ဘာပဲဖြစ်ဖြစ် သူတို့က အလုပ်ကောင်းကောင်းမှ မလုပ်တာ"

"သူတို့သာ အလုပ်ကောင်းကောင်းလုပ်ရင် သူခိုးလုပ်ပါဦးမလား..."

"ဒါပေါ့..."

လူတိုင်း တစ်ယောက်တစ်ပေါက်ဖြင့် အပြိုင်အဆိုင် အတင်းပြောနေကြစဉ် ချန်ချင်းယွီမှာ တံခါးဝတွင် ရပ်ပြီး ပွဲကြည့်ကောင်းနေခဲ့၏။

အစ်မကြီးဖန်သည် သူမကို တစ်

ချက်စောင်းငဲ့ကြည့်ကာ ပြောဆိုလေသည်။

"ချင်းယွီလေး… ညည်းကလည်း တကယ့်ကို သတ္တိနည်းလွန်းတယ်၊ ဘာကိစ္စပဲရှိရှိ ရှေ့ကို လုံးဝမတိုးရဲဘူး၊ ညည်းယောက္ခမဆီကနေ နည်းနည်းလောက် သင်ယူဦးမှပေါ့… ကြည့်စမ်း၊ ညည်းယောက္ခမက ဘယ်လောက် စွမ်းလဲ၊ လက်နှစ်ချက် သုံးချက်နဲ့တင်ပဲ..."

ချန်ချင်းယွီ သူမစကားကို ကြားဖြတ်ကာ

"ကျွန်မယောက္ခမကလည်း အားလုံးရဲ့ အကျိုးအတွက် လုပ်ပေးတာပါ၊ သူခိုးနှစ်ယောက်စလုံးမှာ ဓားတွေပါတာလေ၊ သေသေချာချာ ကိုယ်ခန္ဓာကို ရှာဖွေပြီး ဓားကို အရင်မသိမ်းရင် အကယ်၍ သူတို့က အတင်းအဓမ္မ ပြန်ခုခံလာရင် ဘယ်လိုလုပ်မလဲ... ကျွန်မတို့အားလုံးက သာမန် ပြည်သူလူထုတွေပဲဟာ၊ အပြင်က လောကဓံထဲ ကျင်လည်နေတဲ့ လူမိုက်တွေနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး… ကျွန်မယောက္ခမက အားလုံးရဲ့ လုံခြုံရေးအတွက် စဉ်းစားပေးတာပါ"

ချန်ချင်းယွီသည် လေသံနူးနူးညံ့ညံ့လေးဖြင့် အေးဆေးစွာ ပြောလိုက်ခြင်းဖြစ်သော်လည်း ဤစကားမှာ အဘွားကြီးကျောက်ကို အပြည့်အဝ ကာကွယ်ပေးလိုက်ခြင်း ဖြစ်ရာ အစ်မကြီးဖန်မှာ နားမခံသာသဖြင့် မျက်စောင်းတစ်ချက် ထိုးလိုက်မိ၏။

သို့သော်လည်း ချန်ချင်းယွီကို ပြန်လည်ချေပရန် အချိန်တိုအတွင်း စကားရှာမရ ဖြစ်နေရှာသည်။ ထိုစဉ် လက်ပိုက်ကာ ဘေးမှနေ၍ ပွဲကြည့်နေသည့် မာကျန်းသည် ချန်ချင်းယွီကို တစ်ချက် ပို၍ စိုက်ကြည့်လိုက်မိ၏။

သူ ကျေးလက်သို့ ဆင်းသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး ယခုတစ်ခေါက် ပြန်လာချိန်တွင် ဝင်းထဲရှိ လူ့အဖွဲ့အစည်းသည် တကယ်ကို ပြောင်းလဲသွားပြီဖြစ်ကြောင်း သေချာပေါက် သတိထားမိသည်။

တကယ့်ကို ပြောင်းလဲသွားခြင်းပင်…

ယခင်လည်း ဝင်းထဲတွင် ဆူညံပွက်လောရိုက်တတ်သော်လည်း ယခုလောက်အထိ မဆိုးပေ၊ ယခုအခါ ဝင်းထဲတွင်မူ…… သူ လက်ကို ပွတ်သပ်လိုက်မိသည်၊

ကျေးလက်တောရွာက အိမ်နီးနားချင်း အချင်းချင်း ရန်ဖြစ် စကားများတာထက်တောင် ပို အားကျမခံ ဖြစ်နေကြပါလား…

တကယ့်ကိုပဲ၊ လျော့မသွားဘဲ ပိုပြီးတောင် ဆူညံလာသေးတယ်…

သူတို့ဝင်းထဲတွင် ဆူညံပွက်လောရိုက်နေသော ပွဲကြီးပွဲကောင်းများမှာ တကယ့်ကို မနည်းလှပေ၊ မကြာသေးမီမှ ဖြစ်ပွားခဲ့သည့် ပွဲအနည်းငယ်တွင်လည်း ဤမုဆိုးမ ယောက္ခမနှင့် ချွေးမနှစ်ယောက်၏ အရိပ်အယောင်များ အမြဲတမ်း ပါဝင်နေခဲ့သည်။ အဒေါ်ကြီးကျောက်သည် အမြဲတမ်းလိုလို ရဲရဲတောက် တိုက်ခိုက်နိုင်စွမ်းရှိ၏။ သို့သော် လူတိုင်း အနိုင်ကျင့်ရလွယ်သည်ဟု သတ်မှတ်ထားကြသည့် ဤချွေးမလေးကိုမူ မာကျန်းအနေဖြင့်…. သူမတွင် အကွက်အကွင်းနှင့် အကြံအစည် (ဉာဏ်နီဉာဏ်နက်) ရှိသည်ဟု ခံစားနေရသည်။

သူသည် အခြားလူများနှင့် မတူပေ၊ အခြားလူများမှာ ချန်ချင်းယွီ ဤနှစ်များအတွင်း ခံစားခဲ့ရသည့် နာကျည်းချက်များကို ကိုယ်တိုင်မြင်ဖူးထားကြသဖြင့် သူမသည် တကယ်ကို အားနွဲ့သူဖြစ်ကြောင်း အခိုင်အမာ ယုံကြည်နေကြ၏။ အနည်းငယ် သန်မာလာသည်ဟု ဆိုလျှင်ပင် ယောကျာ်းမရှိတော့သဖြင့် မတတ်သာဘဲ အားတင်းထားရခြင်းသာ ဖြစ်သည်ဟု ထင်နေကြသည်။ ထိုအတွေးမှာ သူတို့စိတ်ထဲတွင် အမြစ်တွယ်နေခဲ့ပြီ ဖြစ်၏။

ချန်ချင်းယွီ မည်မျှအထိ ရိုးသားသည်ဆိုသည်ကို ယုံကြည်နေခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နှစ်ပေါင်းများစွာ မြင်တွေ့ခဲ့ရသည့် အချက်အလက်များကိုသာ ယုံကြည်နေကြခြင်း ဖြစ်သည်။

မာကျန်းမှာမူ ထိုလူများနှင့်မတူကာ၊ သူသည် ယခင်က မမြင်ဖူးခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ့အမြင်အရ

ချန်ချင်းယွီ စကားပြောတိုင်း အလွန်အရေးကြီးသည့် အချက်ကို ကွက်တိ ပြောနိုင်လေသည်။

လူက အားနွဲ့သလား၊ မနွဲ့သလားတော့ မသိ၊ ဒါပေမဲ့ သနားစရာ ဂေါ်ဖီထုပ်လေးတော့ လုံးဝမဟုတ်တာ သေချာတယ်..

ထို့အပြင် ပွဲတိုင်းတွင် အဘံားကြီးကျောက်သည် လူကို မဆဲဆိုမီ ချန်ချင်းယွီကို လှမ်းကြည့်ခဲ့သည်ကို သူ သတိထားမိလိုက်၏။

သူတို့မိသားစုတွင် အဘွားကြီးကျောက်သည်သာ အရာရာကို ဦးဆောင် ဆုံးဖြတ်သည်ဆိုသည့်အချက်ကို မာကျန်း မယုံကြည်ချင်ပေ။

ဘာပဲဖြစ်ဖြစ် ချန်ချင်းယွီသည် ထင်သလောက် မရိုးရှင်းဟု သူ ခံစားနေရ၏။

သူမမှာ ကြည့်လိုက်လျှင် လေတိုက်ရင်လဲမတတ် နုနယ်ပုံရသော်လည်း သေချာပေါက် ဉာဏ်များသူ (ဉာဏ်ထက်မြက်သူ) တစ်ဦး ဖြစ်ပေလိမ့်မည်။

မာကျန်း ချန်ချင်းယွီကို နောက်ထပ်တစ်ချက် ထပ်ကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင်ပင် ယွမ်ဟောက်ဖုန်းသည်လည်း ချန်ချင်းယွီကို လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။

မာကျန်း : "..."

ချန်ချင်းယွီသည် သူတို့၏ အကြည့်များကို သတိထားမိသော်လည်း မမြင်ချင်ယောင်ဆောင်နေလိုက်၏။ ညကြီးသန်းခေါင် အချိန်မတော် ဖြစ်သော်လည်း လူတိုင်းမှာ အိပ်ချင်စိတ် လုံးဝမရှိဘဲ နိုးနိုးကြားကြား ဖြစ်နေကြရာ ချန်ချင်းယွီသည် အိမ်ထဲသို့ ဝင်၍ ဟင်းချက်ဓားတစ်ချောင်းကို သွားယူပြီး တံခါးဝတွင် ထိုင်၍ ဓားသွေးတော့သည်။

ရှီ....ရှီ…

ထိုညတွင် လူတိုင်းသည် မည်မျှပင် မြိုင်မြိုင်ဆိုင်ဆိုင် ဝိုင်းဖွဲ့စကားပြောနေကြပါစေ၊ ရုတ်တရက် ထွက်ပေါ်လာသည့် ထိုဓားသွေးသံစူးစူးသည် လူကို ကြက်သီးမွေးညင်းထသွားစေရန် လုံလောက်လှ၏။

ရွှီကောင်းမင် ပျာပျာသလဲဖြင့်

"ကျန့်ဝမ်ရဲ့ မိန်းမ၊ ညည်း ဘာလုပ်နေတာလဲ... ညကြီးသန်းခေါင်ကြီး ဘာလို့ ဟင်းချက်ဓား လာသွေးနေရတာလဲ... ဒါ… ဒါကြီးက… ညည်း… ညည်း အဲဒါကို အမြန်သိမ်းလိုက်ပါဦး၊ တကယ် အန္တရာယ်များလွန်းတယ်၊ အကြောင်းပြချက်မရှိဘဲ ဒါကြီးကို လျှောက်ကိုင်လို့ မဖြစ်ဘူးလေ..."

သူသည် ချန်ချင်းယွီတစ်ယောက် သရဲပူးနေပြီလားဟု အလွန်အမင်း သံသယဝင်နေမိ၏။

ညဉ့်နက်သန်းခေါင်ကြီးဖြစ်၍ သူ တစ်ကိုယ်လုံး တုန်တုန်ရင်ရင်ဖြင့် အတော်လေး ကြောက်လန့်နေမိသည်။

ချန်ချင်းယွီ အပြစ်ကင်းစင်သည့် မျက်နှာပေးဖြင့် မော့ကြည့်ကာ

"ကျွန်မ အိပ်လို့မပျော်လို့ပါ၊ လုပ်စရာလည်း တခြားမရှိတာနဲ့ တစ်ခုခုလုပ်နေတာ… အန္တရာယ်မရှိပါဘူး၊ ဟင်းချက်ဓားကို လူတိုင်းလည်း သုံးနေကြတာပဲဟာ"

ချန်ချင်းယွီ၏ လေသံမှာ အလွန်နူးညံ့ညင်သာလှသော်လည်း ညကြီးသန်းခေါင်အချိန်တွင်မူ ဤစကားသည် လူကို ပို၍ စိတ်မသက်မသာ ဖြစ်စေ၏။

အဓိကအချက်မှာ ရွှီကောင်းမင်သည် သရဲတစ္ဆေများကို အလွန်အမင်း ယုံကြည်သူဖြစ်ပြီး ကိုယ့်ဘာသာကိုယ် ပြန်ခြောက်နေတတ်သူဖြစ်ရာ အဘယ်မှာ မကြောက်ဘဲ နေနိုင်မည်နည်း။

"ညည်း… ညည်း… ညည်း အဲဒါကို သိမ်းလိုက်တာပဲ ကောင်းပါတယ်"

ချန်ချင်းယွီ ဟင်းချက်ဓားကို မြှောက်ကိုင်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့်

"တကယ် အဆင်ပြေပါတယ်"

သူမသည် ပြုံးပြုံးလေးဖြင့် ဓားကို ဆက်သွေးနေခဲ့သည်။

ညဉ့်နက်သန်းခေါင်ကြီးတွင် ထိုဓားသွေးသံကြီးမှာ စိတ်ကို အတော်လေး ခြောက်ခြားစေနေ၏။

"ဟေး၊ ချင်းယွီလေး၊ ညည်း ဒါကို သိမ်းလိုက်ပါတော့..မနက်ဖြန်ကျမှ ညည်းအဒေါ်ကို နေ့ခင်းဘက် သွေးခိုင်းလိုက်မယ်"

ရွှီကောင်းမင်ခမျာ စိတ်ရင်းဖြင့် အသည်းအသန် ဖျောင်းဖျရှာသည်။

"ဟုတ်ကဲ့ပါ"

သူမသည် လုပ်စရာတစ်ခုခု ရှာချင်ရုံသက်သက်သာ ဖြစ်၏။ ပြောရလျှင် ရွှီကောင်းမင်သည် ယခင်ထက်စာလျှင် အတော်လေး ပို၍ သတ္တိနည်းလာသည်။ ယခင်ကဲ့သို့ ဉာဏ်များပြီး တွက်ချက်တတ်သည့် လူစားမျိုး မဟုတ်တော့ပေ။ လတ်တလော၌ အတွေ့အကြုံများစွာ ကြုံတွေ့ခဲ့ရ၍ ဖြစ်နိုင်၏.. သူသည် ဘာလုပ်လုပ် ပိုပြီး ဝေခွဲမရ တွန့်ဆုတ်နေတတ်သည်။

ချန်ချင်းယွီ ဓားကို ဆက်မသွေးတော့သဖြင့် ရွှီကောင်းမင်လည်း နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီး ချနိုင်သွား၏။

မာကျန်း ယွမ်ဟောက်ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီကို မျက်မှောင်ကြုတ်လျက် ခဏမျှ စိုက်ကြည့်နေပြီးမှ အကြည့်လွှဲသွား၏။

မာကျန်းသည် ကျေးလက်သို့ ထွက်ခွာသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း ယွမ်ဟောက်ဖုန်းကို အတော်လေး မှတ်မိနေသေးသည်။ သူတို့နှစ်ဦးလုံးမှာ တတိယဝင်းထဲတွင် အတူတူ နေခဲ့ကြခြင်းဖြစ်ပြီး မာကျန်း ထွက်မသွားခင်၌ ယွမ်ဟောက်ဖုန်းသည် ဆယ်ကျော်သက်အရွယ် ရှိနေပြီဖြစ်၏။ ဤလူသည် အပြင်ပန်းတွင် နှိမ့်ချတတ်ပုံရသော်လည်း အမှန်တကယ်တွင် မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသူ ဖြစ်၏။

သူသည် ငယ်စဉ်ကတည်းက ထိုသို့ပင်ဖြစ်သည်၊ ဟန်ဆောင်ရာတွင် ဆရာကျလှပြီး လူတိုင်းအပေါ် အမြဲ ယဉ်ကျေးပြတတ်သဖြင့် ဝင်းထဲတွင်လည်း လူကြီးမိဘစကားနားထောင်သည့် လိမ္မာသောကလေးအဖြစ် နာမည်ကြီးသည်။ သို့သော် သူ့အတွင်ူစိတ်မှာမူ ဘယ်သူ့ကိုမှ အထင်မကြီး၊ အမြဲတမ်း အခြားလူများကို ဦးနှောက်မရှိသူများဟု ထင်နေတတ်၏။

သူ ထိုသို့တွေးသည်မှာလည်း မဆန်းပေ၊ သူ့မိဘနှစ်ဦးစလုံးသည် ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက တက္ကသိုလ်ဘွဲ့ရထားသူများဖြစ်၍ ပညာတတ်များဟု တွေးကာ မောက်မာနိုင်ပေသည်။

သို့သော် မာကျန်းမှာ သူနှင့် တကယ်ကို အဆင်မပြေဘဲ သူ့စရိုက်အကြောင်းကိုလည်း အနည်းငယ် သိထား၏။ ထို့ကြောင့် ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီကို သဘောကျနေသည်ဟု မာကျန်း မထင်ပေ။ ယွမ်ဟောက်ဖုန်းကဲ့သို့သော လူစားမျိုးသည် မုဆိုးမလေးတစ်ယောက်ကို သဘောကျမည် မဟုတ်ပေ။

သူသည် သာမန်စက်ရုံအလုပ်သမား မိန်းကလေးတစ်ယောက်ကို ယူရလျှင်တောင် မိမိကိုယ်ကိုယ် နစ်နာလှပြီဟု ခံစားရမည့်သူမျိုး ဖြစ်၏။

ထို့ကြောင့် ယွမ်ဟောက်ဖုန်း ချန်ချင်းယွီအပေါ် အဘယ်ကြောင့် စိတ်ဝင်တစား ရှိနေသည်ကို သူ နားမလည်နိုင် ဖြစ်နေရခြင်းပင်။ ယွမ်ဟောက်ဖုန်းတို့ မိသားစု၏ဗီဇသည် တစ်ကိုယ်ကောင်းဆန်ပြီး အကွက်ချတွက်ချက်တတ်သူများ ဖြစ်ကြသည်။ တစ်မိသားစုလုံးမှာ ထိုသို့ချည်းပင်…

သူတို့က အိမ်နီးနားချင်းတွေ မဟုတ်လား… သူ ငယ်ငယ်တုန်းက ချောင်းမြောင်းနားထောင်ခဲ့ရတာတွေလည်း နည်းမှမနည်းဘဲ..

ထို့ကြောင့် ယွမ်ဟောက်ဖုန်းတွင် တစ်စုံတစ်ရာ မရိုးသားသည့် ရည်ရွယ်ချက် ရှိနေမလားဟု သူ သံသယဝင်မိသည်။ မာကျန်း ခဏမျှ စဉ်းစားပြီးနောက် အခွင့်ကြုံလျှင် ချန်ချင်းယွီကို သတိပေးရမည်ဟု ဆုံးဖြတ်လိုက်၏။ မာကျန်းနှင့် ချန်ချင်းယွီတို့ သိပ်မရင်းနှီးကြသော်လည်း လင်းကျန့်ဝမ်နှင့်မူ ရင်းနှီးဖူးသည်။

သူတို့ မတွေ့ရသည်မှာ ဆယ်နှစ်နီးပါး ရှိပြီဖြစ်သော်လည်း ငယ်စဉ်အခါ၌ အဆက်အသွယ် အများကြီး ရှိခဲ့ကြ၏။ ယခုအခါ လင်းကျန့်ဝမ် မရှိတော့သဖြင့် သူမကို သတိပေးစကား ပြောပေးခြင်းသည်လည်း သင့်တော်ပေသည်။

၎င်းအပြင် မာကျန်းတွင် အလိုလိုသိစိတ် ခံစားချက်တစ်ခု ရှိနေသည်~~ သူ့အထင်တွင် ထိုအချက်မှာ တော်တော်မှန်နိုင်၏… ချန်ချင်းယွီသည် အပြင်ပန်း မြင်ရသလောက် မရိုးရှင်းပေ။ ထို့ကြောင့် သူမနှင့် ခင်ခင်မင်မင်နေပြီး ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားခြင်းသည် ပညာရှိရာရောက်သည်။

မာကျန်း ယွမ်ဟောက်ဖုန်းကို နောက်ထပ်တစ်ချက် လှမ်းကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်း လှည့်လာပြီး

"အစ်ကိုမာကျန်း ဘာကိစ္စရှိလို့လဲ..."

မာကျန်း : "ဘာမှမဟုတ်ပါဘူး၊ မတွေ့ရတာ ကြာပြီမို့လို့လေ၊ ဟုတ်တယ်မလား... မင်းက ငယ်ငယ်ကတည်းကနေ အခုထိ သိပ်မပြောင်းလဲသေးဘူးပဲ"

ယွမ်ဟောက်ဖုန်း ပြုံးပြကာ

"အလုပ်တွေ ရှုပ်နေတာနဲ့ အိမ်ကို ခဏခဏ မပြန်ဖြစ်လို့ပါ"

"ငါ ကြားတာတော့ မင်းမှာ အိမ်ထောင်ဖက်ရှာဖို့ ကြင်ဖက်တွေ့ပွဲသွားဖို့တောင် အချိန်မရှိဘူးဆို… ဘာလဲ၊ အိမ်ထောင်ပြုဖို့ မလောသေးဘူးလား... အရွေးမလွန်ပါနဲ့ဦး၊ နတ်သမီးလေးကိုပဲ ယူချင်လို့လား..."

"အလုပ်က ပထမပါပဲ၊ ကိုယ်ရေးကိုယ်တာကတော့ နောက်မှ ထားရမှာပေါ့ ဒါနဲ့ အစ်ကို၊ အစ်ကို့မိန်းမက ဘယ်တော့ လာမှာလဲဟင်... ကျေးလက်ကနေ တက်လာမယ့်သူတွေအတွက် လူဦးရေကန့်သတ်ချက် ခွဲတမ်းမရှိဘူး မဟုတ်လား... အချိန်ကိုက်ဖြစ်ဖို့က အရေးကြီးတယ်နော်"

သူတို့နှစ်ဦးသည် အပြန်အလှန် စကားနာထိုးနေကြပြီး လေသံများမှာ ထေ့ငေါ့သံများ ပါနေကြသည်။

ချန်ချင်းယွီသည် စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်ရင်း မာကျန်းနှင့် ယွမ်ဟောက်ဖုန်းတို့၏ ဆက်ဆံရေးမှာ တကယ်ကို မကောင်းမှန်း ရင်ထဲသိလိုက်၏။ ယွမ်ဟောက်ဖုန်းသည် အမြဲတမ်း ဟန်ဆောင်ကောင်းသူဖြစ်ရာ အခြားသူများရှေ့တွင် ဤကဲ့သို့ စကားမျိုး ပြောလေ့ခဲလှသည်။

ဒါက လူမြင်ကွင်းမှာ ဗြောင်ကျကျ ရန်စလိုက်ခြင်းပဲ…

သို့သော်လည်း မာကျန်း ဒေါသ မထွက်ပေ။

"ငါ့မိန်းမက မထွက်ခွာခင် အိမ်က ပစ္စည်းပစ္စယတွေအကုန်လုံးကို သေသေချာချာ စီစစ်ရဦးမှာလေ.. ဘာပဲဖြစ်ဖြစ် မြို့ပေါ်တက်ကြမှာဆိုတော့ အိမ်က ပစ္စည်းအတော်များများက သုံးရတော့မှာ မဟုတ်ဘူး၊ ပြီးတော့ ခဏခဏလည်း ပြန်လာနိုင်မှာ မဟုတ်ဘူးလေ၊ ဒီအတိုင်း ပစ်ထားရင် နှမြောစရာကောင်းလို့ အကုန်ရှင်းပစ်ပြီး ပိုက်ဆံနည်းနည်းပါးပါး ပြန်လဲယူရဦးမယ်… ငါက အိမ်ထောင်ဖက်ရှာရင် အခြေအနေတွေကို ကြည့်တတ်တဲ့လူစားမျိုး မဟုတ်ပါဘူး၊ လူကောင်းတစ်ယောက် ဖြစ်ဖို့ပဲ ကြည့်တာ.. ကါ့မိန်းမက တကယ့်ကို စိတ်သဘောထားကောင်းတဲ့ မိန်းကလေးပါ"

"ဟက်…"

ယွမ်ဟောက်ဖုန်း သာမက ဘေးမှနားထောင်နေသည့် အခြားသူများပါ မရယ်ဘဲ မနေနိုင်ကြတော့ပေ။

ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ စကားပဲ...

မာကျန်းတစ်ယောက် အလုပ်မလုပ်ချင်လို့ ရှောင်ကွင်းဖို့အတွက် အလောတကြီး အိမ်ထောင်ပြုလိုက်တာကို လူတိုင်း သိကြတာပဲ…

သောက်ကျိုးနည်း.. သူက တစ်ဖက်လူရဲ့ အခြေအနေကိုပဲ ကြည့်ခဲ့တာလေ.. သူ့မိန်းမရဲ့အဖေက ရွာလူကြီးမို့လို့သာပေါ့၊ မဟုတ်ရင် သူက ဒီလောက် အသက်ငယ်ငယ်နဲ့ အိမ်ထောင်ပြုပြီး ရွာကျောင်းမှာ စာပြနေပါ့မလား…

အခြေအနေတွေကို ထည့်မစဉ်းစားဘူး ဟုတ်လား... ချီးစားပြောတောင် မယုံဘူး…

မည်သူမှ မယုံကြချင်ပေ။

မာကျန်းမှာ သူများကို ဂရုစိုက်မနေပေ၊ သူသည် မျက်နှာပြောင်တိုက်ပြီး ဆက်ပြောလေ၏။

"ကျုပ်နဲ့ ကျုပ်မိန်းမက သံယောဇဉ် တော်တော်ရှိကြတာ.. သူမက နောက်ရက်ပိုင်းအတွင်းမှာပဲ ဒီကို ရောက်လာတော့မှာပါ၊ အဲဒီအခါကျရင် ဒေါ်လေးတို့၊ မရီးတို့ကပဲ သူမကို ကူညီစောင့်ရှောက်ပြီး လမ်းညွှန်ပေးကြပါဦး"

"အော်… ဒါကတော့ လုပ်ပေးရမယ့် တာဝန်ပါပဲ”

"ဟုတ်တာပေါ့..."

"မင်းမိန်းမက နောက်ရက်ပိုင်းအတွင်း ရောက်လာတော့မယ်ဟုတ်လား... နေဦး၊ ဒါဆို မင်းတို့ ကျေးလက်ကအိမ်ကရော... ပြန်မသွားကြတော့ဘူးလား..."

"တကယ်တော့ မင်းရဲ့ အခြေအနေနဲ့ဆို မြို့ပေါ်က မိန်းကလေးတစ်ယောက်ကို ရှာလို့ရရဲ့သားနဲ့.. မဟုတ်ရင် မင်းတို့မိသားစုရဲ့ ငွေကြေးအခြေအနေက အရမ်း ဖိအားများလွန်းလိမ့်မယ်..."

လူတိုင်း၏ စကားဝိုင်းသည် သူခိုးအကြောင်းမှသည် မာကျန်း၏ ကျေးလက်မှ မိန်းမအကြောင်းဆီသို့ ကူးပြောင်းသွားတော့သည်။

ချန်ချင်းယွီသည် လူများမှာ မာကျန်း၏မိန်းမကို အထင်မကြီးကြမှန်း သိသိသာသာ အကဲခတ်မိ၏။

ဒါကလည်း သဘာဝကျပါတယ်လေ.. သူမက ရွာလူကြီးသမီး ဖြစ်နေပါစေဦး၊ ကျေးလက်အိမ်ထောင်စုဝင်ပဲ ရှိသေးတာလေ..

ဒီဘက်ခေတ်မှာ ကျေးလက်နဲ့ မြို့ပြကြားက ကွာဟချက်က တကယ်ကြီးမားတာကိုး..

ချန်ချင်းယွီသည် ဘေးတွင်ရပ်ရင်း ထိုအတင်းအဖျင်းများကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။

မာကျန်းမှာ လုံးဝ ရှက်ကိုးရှက်ကန်း ဖြစ်မနေသည့်အပြင် ကြွားဝါ၍ပင် ပြောနေ၏။

"ကျုပ်မိန်းမက တကယ့်ကို တော်တဲ့မိန်းမဗျ… အိမ်တွင်းအိမ်ပြင် ကိစ္စအဝဝကို သူမတစ်ယောက်တည်းနဲ့တင် သေသေချာချာ စီမံနိုင်စွမ်းရှိတယ်၊ အိမ်ထောင်ထိန်းသိမ်းတဲ့နေရာမှာ တော်တော် သေသပ်တာ.. အားလုံးလည်း ကျုပ်အကြောင်း သိကြတာပဲ၊ ကျုပ်က စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး လယ်ယာလုပ်ငန်းအကြောင်းလည်း ဘာမှမသိဘူး.. အိမ်မှုကိစ္စတွေကို သေသေချာချာ မလုပ်တတ်ရှာဘူး၊ ဒါပေမဲ့ ကျုပ်မိန်းမကတော့ မတူဘူး၊ သူမတစ်ယောက်တည်းနဲ့တင် လုပ်အားခအမှတ် ၁၀ မှတ် အပြည့်ရအောင် လုပ်နိုင်တယ်.. ယောကျာ်းကြီးတွေတောင် ၁၀ မှတ်ပဲ အများဆုံး ရတာလေ"

"ဒါတင်မကဘူး၊ ကျုပ် တို့က သတ်မှတ်ချက် (ခွဲတမ်း) ပြည့်မီအောင် ဝက်တွေလည်း မွေးတယ်၊ နှစ်တိုင်း သတ်မှတ်ချက်ထက် ပိုထွက်ပြီး အမြဲတမ်း အများကြီး ပိုလျှံတယ်.. တခြားမိသားစုတွေက ကျုပ်တို့လောက် ဝက်ကို ကောင်းကောင်းမမွေးနိုင်ကြဘူး၊ ဒါတွေအားလုံးက ကျုပ်မိန်းမရဲ့ ကျေးဇူးတွေချည်းပဲ..သူမက..."

"သူတို့က ကျုပ်အပေါ် သိပ်ကောင်းကြတာ.. ကျုပ်ဆို အိမ်မှာ ဘာမှလုပ်စရာမလိုဘူး"

သူသည် မရပ်မနား ဆက်ပြောနေသည်။

"ကျုပ်ယောက္ခမ မိသားစုကလည်း ကျုပ်အပေါ် သိပ်ကောင်းတာဗျာ၊ အားလပ်ရက်တွေဆိုရင် သူတို့အိမ်မှာပဲ သွားစား၊ သွားသောက်နေရတာ… ကျုပ်ယောက္ခမက ပြောတယ်၊ လာရင် လက်ဆောင်တွေ ဘာတွေ ဝယ်မလာနဲ့၊ ကိုယ့်မိသားစုလိုပဲ သဘောထားတဲ့.. ကျုပ်က လက်ဗလာနဲ့ သွားတာတောင် ကျုပ်ယောက္ခမက အမြဲတမ်း ပြုံးပျော်နေတာပဲ.. ကျုပ်ယောက်ဖတွေကတော့ ကျုပ်လောက် မစွမ်းဘူး.. ကျုပ်ယောက္ခမက သူ့ကိုဆို သိပ်ပြီး လှိုက်လှိုက်လှဲလှဲ မရှိလှဘူး.. ကျုပ်ယောက်ဖက ပြောတယ်၊ ကျုပ်က စကားအပြောကောင်းပြီး ချိုသာတဲ့စကားကလွဲရင် ဘာမှအသုံးမကျဘူးတဲ့၊ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ... ကျုပ်ယောက္ခမရဲ့ အစ်ကိုကြီးကပါ ကျုပ်အပေါ် သိပ်ကောင်းနေတာပဲဟာ၊ လာပြီး မနာလိုဖြစ်နေလည်း အပိုပါပဲ... ကျုပ်က လူချစ်လူခင်ပေါများတဲ့သူ ဖြစ်နေတော့ ဘယ်သူ့ကို သွားအပြစ်တင်ရမလဲ... ယောက်ျားဆိုတာ နှုတ်ချိုဖို့လည်း လိုသေးတာပဲလေ"

လူတိုင်း ထိုစကားများကို နားထောင်ရင်း ဆွံ့အသွားကြသည်။

မင်းက မိန်းမလုပ်စာ ထိုင်စားနေတာ သိသာကြီးကို... ဒါကိုများ အလွန် ဂုဏ်ယူဝင့်ကြွားနေသေးတယ်... မင်းသာ မင်းမိန်းမရဲ့ မောင်နှမသားချင်းတွေအတွက်တော့ တကယ့်ကို စိတ်ရှုပ်စရာ ကောင်းလိမ့်မယ်…

မာကျန်း : "ဝက်တွေတင်မကဘူး၊ ကျုပ် တို့မိသားစုမှာ သစ်ပင်တွေလည်း ရှိသေးတယ်.. မိသားစုတိုင်းက ဝေစုရကြတာ.. အဲဒီသစ်ပင်တွေ ကြီထွားလာရင် ပရိဘောဂတွေ လုပ်လို့ရတယ်၊ ဒါတွေက တကယ့်ကို အဖိုးတန်ပစ္စည်းတွေပဲ.. အခု ကျုပ်နဲ့ ကျုပ်မိန်းမက မြို့ပေါ်တက်ကြမှာဆိုတော့ အဲဒီဟာတွေကိုလည်း နောက်ဆုံး ရှင်းပစ်ရတော့မှာပဲ"

မာကျန်း ဆက်တိုက် လေပွားနေဆဲဖြစ်သော်လည်း ချန်ချင်းယွီမှာမူ ရုတ်တရက် မိမိ၏အဘိုးအဘွား မိသားစုကို တွေးမိသွားသည်။

သူမ အဘိုးနှင့်အဘွားတို့၏ အုတ်ဂူရှေ့တွင်လည်း သစ်ပင်များ စိုက်ပျိုးထားခဲ့သည် မဟုတ်လော့။

၎င်းကို တွေးမိသည်နှင့် သူမ၏ အသုံးမကျသော ဖခင်ဖြစ်သူကို စိတ်ထဲကနေ ထပ်မံ ဆဲဆိုမိပြန်၏။

သူမ၏ မိခင်ကွယ်လွန်စဉ် အဘိုးနှင့်အဘွားတို့သည်သာ နာရေးကိစ္စအဝဝကို တာဝန်ယူ စီမံပေးခဲ့ကြပြီး၊ သူမ၏ အသုံးမကျသောဖခင်သည်ကား စိတ်ဝင်စားမှု လုံးဝမရှိခဲ့ပေ။ ထို့ကြောင့် မိခင်၏ အုတ်ဂူနေရာကိုလည်း အဘိုးနှင့်အဘွားတို့သည် မြို့ဆင်ခြေဖုံးရှိ ဝေးလံခေါင်သီသော တောင်တန်းနေရာတစ်ခုတွင် ရွေးချယ်ပေးခဲ့ကြသည်။

နောက်ပိုင်းတွင် သူမ၏ ဦးလေးဖြစ်သူ ကွယ်လွန်သွားသောအခါ၌လည်း အဘိုးအိုနှင့် အဘွားအိုတို့မှာ မောင်နှမနှစ်ယောက် အဖော်ရပြီး အပြန်အလှန် မှီခိုနိုင်စေရန်အတွက် ထိုနေရာတွင်ပင် အတူတူ သင်္ဂြိုဟ်ရန် ဆုံးဖြတ်ခဲ့ကြ၏။

ချန်ရိကျွင်းသည် ဤအရာများကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သင်္ဂြိုဟ်သည့်နေ့မှလွဲ၍ ထိုသင်္ချိုင်းဆီသို့ တစ်ခါမျှ ခြေဦးမလှည့်ခဲ့ဖူးချေ။ သူသည် သူမ၏မိခင်ကို မိသားစုဝင်တစ်ဦးအဖြစ် မသတ်မှတ်တော့ဘဲ၊ လူသေလျှင် မီးစာကုန်ဆီခမ်း ဖြစ်သွားပြီမို့ ဘာမှမကျန်တော့ဟုသာ သဘောထားကာ လုံးဝ ပစ်ပယ်ထားခဲ့၏။

သူမမှာ ထိုနေရာသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးသည်။ ငယ်စဉ်က အဘိုးအဘွားတို့နှင့်အတူ မိခင်၏ဂူကို သွားရောက်ကန်တော့လေ့ရှိပြီး နောက်ပိုင်းတွင် ဦးလေး၏ဂူပါ ထပ်တိုးလာခဲ့၏။ အဘိုးနှင့်အဘွားတို့မှာ ထိုနေရာတွင် သစ်ပင်များစွာ စိုက်ပျိုးထားခဲ့သည်ကို သူမ ဝေဝေဝါးဝါး မှတ်မိနေသည်။ ထိုနေရာသည် မူလကတည်းက သစ်ပင်အများအပြားရှိသည့် တောအုပ်ဟောင်းတစ်ခု ဖြစ်သော်လည်း လူအိုကြီးနှစ်ဦးမှာ သစ်ပင်တော်တော်များများကို ထပ်မံ စိုက်ပျိုးခဲ့ကြ၏။

သူတို့ ပြောဖူးသည်မှာ……

သူမနှင့် သူမ၏ဦးလေးတို့ ကြီးပြင်းလာပြီး အိမ်ထောင်ကျသည့်အခါ ဤသစ်ပင်များကို ခုတ်လဲပြီး ဗီဒို၊ သေတ္တာများ ပြုလုပ်ပေးမည်ဟူ၍ပင်…

သို့သော်လည်း သူမ၏ဦးလေးစောစောစီးစီး ကွယ်လွန်သွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ပေ။

နောက်ပိုင်းတွင် သူမ အိမ်ထောင်ကျခဲ့သော်လည်း အဘိုးနှင့်အဘွားတို့မှာ ဤလောကတွင် မရှိကြတော့ပေ။

သူမ၏ အဘိုးနှင့်အဘွားတို့လည်း ထိုနေရာတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်ခံခဲ့ရသည်။ ထိုစဉ်က တခြားသူမရှိသဖြင့် နာရေးကို ချန်ရိကျွင်း စီမံပေးခဲ့ခြင်း ဖြစ်ပြီး ချန်ရိကျွင်းမှာ အဆင်ပြေသည့်နေရာတွင် ဖြစ်သလို မြှုပ်ရန် အကြံပြုခဲ့သော်လည်း ချန်ချင်းယွီသည် မလျှော့တမ်း ဇွတ်တောင်းဆိုခဲ့သဖြင့် ဦးလေးနှင့် မိခင်တို့၏ ဂူအနီးတွင်ပင် မြှုပ်နှံပေးခဲ့ရ၏။

ချန်ရိကျွင်းမှာ ဂူနေရာကိုပင် ရှာမတွေ့သဖြင့် ချန်ချင်းယွီ လမ်းညွှန်ပြသပေးခဲ့ရသည်။

ဤအဖြစ်အပျက်သည် ချန်ချင်းယွီတစ်ယောက် ပေါက်ကွဲတုန့်ပြန်ခဲ့ရသည့် အနည်းငယ်သော အကြိမ်များထဲမှ တစ်ကြိမ်ဖြစ်ပြီး၊ ကံကောင်းထောက်မစွာဖြင့် ချန်ရိကျွင်းသည် ပြဿနာ ထပ်မကြီးထွားချင်သဖြင့် သဘောတူခဲ့ခြင်း ဖြစ်သည်။ လူအိုကြီးနှစ်ဦးအတွက် ခမ်းနားထည်ဝါသော နာရေးမျိုး မပြုလုပ်ပေးနိုင်ခဲ့သော်လည်း အနည်းဆုံး သူတို့၏ သားသမီးများနှင့်အတူ ရှိနေနိုင်မည့် သင့်တော်သောနေရာကို ရွေးချယ်ပေးနိုင်ခဲ့၏။

အကယ်၍ မာကျန်း သစ်ပင်စိုက်သည့်အကြောင်းကို ထုတ်မပြောခဲ့လျှင် သူမ ဤအချက်ကို တကယ်ပဲ သတိရမိမည်မဟုတ်ပေ။

သို့သော် ယခုအခါတွင်မူ ထိုသစ်ပင်များကို ပြန်တွေးကြည့်ရင်း ချန်ချင်းယွီသည် တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရ၏။

သူမသည် နှုတ်ခမ်းကို စေ့လျက် အလေးအနက် စဉ်းစားနေမိသည်။ သူမ မှတ်မိသလောက် အဘိုးနှင့်အဘွား စိုက်ပျိုးခဲ့သည့် သစ်ပင်များသည် ရှားပါးသစ်မျိုးနွယ်များ လုံးဝမဟုတ်ဘဲ တောင်ပေါ်တွင် အလေ့ကျပေါက်သည့် သာမန်သစ်ပင်များသာ ဖြစ်သည်။ အကယ်၍ သူတို့ကိုယ်တိုင် စိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြိုတင်မပြောပြထားလျှင် သဘာဝအတိုင်း ပေါက်နေသည့် သစ်ပင်များဟုသာ ထင်မှတ်ရလောက်၏။ မည်သည့် ထူးခြားမှုမှ မရှိပေ။

အကယ်၍… ရှားပါးအဖိုးတန် သစ်ပင်တွေ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ အပင်ပန်းခံပြီး လာစိုက်ခဲ့ရတာလဲ...

‘ဒါက ရွာထဲမှာလို ခွဲတမ်းစနစ်နဲ့ သစ်ပင်စိုက်တာမျိုးလည်း မဟုတ်ဘူး၊ သူတို့ လာစိုက်ခဲ့ရင်တောင် ဒီသစ်ပင်တွေက ကိုယ့်မိသားစုပိုင် ဖြစ်ပါတယ်လို့ ဘယ်သူမှ သက်သေမပြနိုင်ဘူး မဟုတ်လား..’

ဒါက ဘာကြောင့်ပါလိမ့်...

ချန်ချင်းယွီသည် ခေါင်းကိုငုံ့လျက် လုံးဝ တွေးမရ ဖြစ်နေမိသည်။

ရုတ်တရက်ဆိုသလိုပင် ချန်ချင်းယွီသည် ထိုစာအိတ်ကို သတိရသွား၏။ ထိုစာထဲတွင် ချန်ရိကျွင်း၏ အမည်ကို ဖော်ပြထားပြီး၊ မိသားစုပိုင်ဆိုင်မှုများအကြောင်း ဆွေးနွေးထားကာ၊ သူတို့၏ ဂူများထံ သွားရောက်ကန်တော့ရန်အကြောင်းကိုလည်း ထည့်သွင်းပြောဆိုထားခဲ့သည်။

အခြားသူများအမြင်တွင်မူ ချန်ရိကျွင်းကို ထည့်ရေးထားသော ဤမှာကြားချက်သည် ပုံမှန်ဟု ထင်ရသော်လည်း၊ သူမအနေဖြင့် လုံးဝ ပုံမှန်မဟုတ်မှန်း သိနေ၏။

ဘာပဲဖြစ်ဖြစ် အဘိုးနဲ့အဘွားက ချန်ရိကျွင်းကို အလွယ်တကူ အလွတ်ပေးမဲ့သူတွေ မဟုတ်ဘူး…

ဘာဖြစ်လို့ ချန်ရိကျွင်းရဲ့ နာမည်ကိုမှ သီးသန့် ဖော်ပြထားရတာလဲ……

သဘာဝကျကျ တွေးကြည့်လျှင် သူတို့တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ချန်ရိကျွင်းသည်သာ နာရေးကို တာဝန်ယူ စီမံရမည် ဖြစ်၏။

ဘာဖြစ်လို့လဲဆိုတော့ မိသားစုထဲမှာ သူတစ်ယောက်တည်းပဲ ကျန်တော့တာမို့လို့ပဲ….

ချန်ရိကျွင်းရဲ့ နာမည်ကို ဖော်ပြထားခြင်း၊ ဂူဆီသို့ သွားရောက်ကန်တော့ရန် မှာကြားထားခြင်း ~~~ ဒါဟာ သူတို့ မြေမြှုပ်င်္သဂြိုဟ်ခံရမယ့် နေရာအပေါ် တစ်စုံတစ်ရာ အရိပ်အမြွက် ပေးထားခြင်းများ ဖြစ်နေမလား...

ဒါဆို… ထိုသစ်ပင်ရဲ့အောက်မှာ တစ်ခုခုကို မြှုပ်နှံထားခဲ့တာ နေမလား...

သေချာပေါက် ဖြစ်နိုင်ခြေ ရှိနေတာပဲ…

အခန်း (၉၂) ဘယ်လောက်စည်ကားလိုက်တဲ့ညလည်း

ချန်ချင်းယွီတွင် တစ်စုံတစ်ခုကို ရိပ်မိခန့်မှန်းမိလိုက်သည်…

သို့သော် သူမ လှုပ်ရှားမှုတစ်စုံတစ်ရာ မလုပ်ခဲ့ပေ။ သူမသည် အနည်းငယ် စိတ်မရှည်တတ်သူ ဖြစ်သော်လည်း ယခုအချိန်သည် ထိုအရာများကို လိုက်လံမွှေနှောက်ရမည့် အချိန်ကောင်းမဟုတ်မှန်း သိနေ၏။ ယခုအချိန်ထိ အဘိုးနှင့်အဘွား သူမအတွက် ချန်ထားပေးခဲ့သည့် “လူနေမှုအသုံးစရိတ်” သေတ္တာ ခုနစ်လုံးကိုပင် မတွေ့သေးသော်လည်း၊ သူမ လုံးဝ စိတ်မလောဘဲ မရှာသေးခြင်းမှာလည်း ယခုအချိန်သည် အချိန်အခါကောင်း မဟုတ်သောကြောင့် ဖြစ်သည်။

ထင်ကြေးပေးမိသည်မှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဖြည်းဖြည်းချင်းမှသာ လုပ်ဆောင်ရမည်။

သို့သော်လည်း ချန်ချင်းယွီသည် မိမိ၏ မှတ်ဉာဏ်နှင့် ပတ်သက်၍ အတော်လေး စိတ်ပျက်မိ၏။ သူမသည် ကိစ္စရပ်တော်တော်များများကို ဝေဝါးဝါးသာ မှတ်မိပြီး တစ်စုံတစ်ယောက် ထုတ်မပြောလျှင် ကိုယ်တိုင် သတိမရတတ်ပေ။ သူမတွင် မူလခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ အမှတ်သညာများ ရှိနေသော်လည်း ကလေးဘဝရှိအကြောင်းအရာများကိုမူ လုံးဝနီးပါး မှတ်မိခြင်း မရှိချေ။ ငယ်လေလေ ပို၍ ဝေဝါးလေလေ ဖြစ်သည်။

သူမသည် ကလေးဘဝမှ ကိစ္စများကို မမှတ်မိခြင်းမှာ သဘာဝကျသည်ဟု တွေးထားသော်လည်း တစ်ခါတရံ မမျှော်လင့်ဘဲ အမှတ်တရအချို့ ပြန်လည်ပေါ်ပေါက်လာတတ်ပြန်၏။

သူမ အနည်းငယ် စိတ်မကြည်မလင် ဖြစ်ရသော်လည်း အလွန်အကျွံ စိတ်ထဲမထားပါချေ။ မည်သို့ပင်ဆိုစေ ဘဝကို ဖြတ်သန်းနေရသည်ဖြစ်ရာ ကလေးဘဝမှ အကြောင်းအရာများကို မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ ကြီးမားသော သက်ရောက်မှု မရှိနိုင်ပေ။ ချန်ချင်းယွီသည် မည်သည့်အခြေအနေတွင်မဆို လိုက်လျောညီထွေ နေထိုင်တတ်သူ ဖြစ်သဖြင့် တစ်ခုချင်းစီကို အဖြေပေါ်အောင် လိုက်လံတွေးတောပြီး စိတ်အနှောင့်အယှက် အဖြစ်မခံတော့ပေ။

အေးအေးချမ်းချမ်း ရှိနေဖို့က အဓိကပဲလေ……

ချန်ချင်းယွီသည် အိမ်ရာဝင်းထဲတွင် လူစုလူဝေးကြီး စည်ကားနေသည်ကို ခဏမျှ ကြည့်ပြီးနောက် အိမ်သို့ ပြန်လာခဲ့သည်။ သို့သော် သူမ၏ ယောက္ခမ ဖြစ်သူ အဘွားကြီးကျောက်မှာမူ ပြန်မလာသေးဘဲ ရဲစခန်းတွင် အာပေါင်အာရင်းဖြင့် ကြွားလုံးထုတ်နေဆဲ ဖြစ်၏။

သူမသည် မိမိတို့ အိမ်ရာဝင်းအတွက် အလွန် ဂုဏ်ယူနေမိသည် မဟုတ်လော့။

ကြည့်စမ်း၊ သူတို့ အိမ်ရာဝင်းက သူခိုး ဖမ်းမိတယ်တဲ့လေ…

အဘွားကြီးကျောက်တင်မကဘဲ အခြားသူများလည်း ထို့အတူပင်။ အားလုံးသည် တစ်ယောက်မကျန် အလွန် ဂုဏ်မောက်နေကြပြီး ၎င်းမှာ ဂုဏ်ပြုထိုက်သော အမှုတစ်ခု ဖြစ်သည်ဟု ခံစားနေလေသည်။

ယွမ်ရှောင်ချွေဆိုလျှင် ပို၍ပင် အာပေါင်အာရင်းဖြင့် ရဲမေ ရဲဘော်များကို ဆွဲထားပြီး မေးနေလေ၏။

“ဒီကိစ္စကို ကျွန်မရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ထည့်ရေးပေးလို့ ရတယ်မလားဟင်…ရမှာပါနော်၊ ဒီသူခိုး နှစ်ယောက်လုံးက ကျွန်မတို့ အိမ်ရာဝင်းတစ်ခုလုံး စုပေါင်းဖမ်းဆီးခဲ့တာ။ ကျွန်မကလည်း အဲဒီအထဲက အဖွဲ့ဝင်တစ်ယောက်ပဲလေ၊ ဒါကို ချီးမွမ်းချက်အနေနဲ့ ရေးပေးရမယ်နော်”

“ဟမ်... ဒါကို ရေးထားတော့ ဘာအသုံးဝင်လို့လဲ...”

အဘွားကြီးကျောက် နားမလည်သည့်နှယ် မေးလိုက်သည်။

ယွမ်ရှောင်ချွေ ခေါင်းညိတ်ကာ

“အသုံးဝင်တာပေါ့.. ဒါက ဂုဏ်ပြုချက်တစ်ခုပဲလေ၊ နောက်နောင် အခွင့်အရေးကောင်းတွေ ရှိလာရင် လူတွေက ကျွန်မကို ပြေးမြင်ကြမှာ။ စဉ်းစားကြည့်လေ၊ ဒါက ဒေါ်ကြီးတို့ စက်ရုံမှာ အလုပ်လုပ်သလိုမျိုးပဲ… အကယ်၍ ဂုဏ်ထူးဆောင်ဆု တစ်ခုခု ပေးမယ်ဆိုပါစို့၊ အားလုံးရဲ့ အရည်အချင်းက အတူတူပဲဆိုရင် ဘယ်သူ့ကို ပေးမလဲ... သေချာပေါက် သူခိုးဖမ်းပေးဖူးတဲ့သူကို ပေးမှာပေါ့... ဘာလို့လဲဆိုတော့ ဒါက အများအကျိုးအတွက် ကောင်းမှုကုသိုလ် လုပ်ရပ်တစ်ခု ဖြစ်နေလို့ပဲ… ကိစ္စတော်တော်များများက သေးငယ်တယ်လို့ ထင်ရပေမဲ့ နောက်ပိုင်း အရေးကြီးတဲ့ အချိန်ကျရင် အများကြီး အထောက်အကူပြုနိုင်တယ်၊ ဟုတ်တယ်မလား...”

အဘွားကြီးကျောက်မှာ ဆွံ့အသွားပြီးနောက် ပြန်တွေးကြည့်တော့လည်း တကယ်ပင် အဓိပ္ပာယ်ရှိလှသည်ဟု ခံစားလိုက်ရ၏။

“ညည်းကတော့ ညည်းပါပဲလား... တကယ် လည်တာပဲ... ဒီလိုကိစ္စမျိုးကိုတောင် သိနေတယ်”

ယွမ်ရှောင်ချွေ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလေသည်။

“ကျွန်မကလည်း ဘယ်ကနေ အများကြီး သိမှာလဲ.. ကျွန်မ မကြာခင် ကေေးလက်ကို ဆင်းရတော့မှာမို့လို့ အစ်ကိုမာကျန်းဆီကနေ မေးမြန်းထားတာလေ”

မာကျန့်ယီ : “……”

ကြည့်ရသည်မှာ ထိုအကြောင်းသည် သူ၏ သားဖြစ်သူ ပြောပြထားခြင်း ဖြစ်နေ၏။

သို့သော် မာကျန့်ယီက ဘာမှမဖြစ်

သကဲ့သို့ ခေါင်းညိတ်ကာ ဆိုလိုက်သည်။

“အင်း၊ ဒါက ကျိုးကြောင်းဆီလျော်တဲ့ အချက်ပဲ”

“အဲဒါကြောင့် ပြောတာပေါ့...”

ယွမ်ရှောင်ချွေသည် ရဲအရာရှိကို လက်မလွှတ်ဘဲ ဆွဲထားလျက်

“ကျွန်မ သဘက်ခါကျရင် ကျေးလက်ဆင်းရတော့မှာ.. ဒီကိစ္စကို ရှင်တို့ အချိန်ဆွဲလို့ မရဘူးနော်၊ ကျွန်မရဲ့ ကိုယ်ရေးမှတ်တမ်းထဲကို ထည့်ရေးပေးရမယ်... မဟုတ်ရင် ကျွန်မ သဘောမတူဘူးနော်...”

ရဲအရာရှိ : “လက်လွှတ်ပါဦး၊ လက်လွှတ်ပါဦးဗျာ.. ဒီကိစ္စကို ကျွန်တော်တို့ဘက်က ဆက်ပြီး စုံစမ်းစစ်ဆေးရဦးမှာပါ၊ အားလုံး စုံစမ်းပြီးတာနဲ့ ရပ်ကွက်ရုံးကို ချက်ချင်း အကြောင်းကြားပေးပါ့မယ်.. မင်းက ကျေးလက်ဆင်းရမှာဆိုတော့ ကိုယ်ရေးမှတ်တမ်းက ရပ်ကွက်ရုံးကနေတစ်ဆင့် ပို့ရမှာ..မင်း ရပ်ကွက်ရုံးနဲ့လည်း သွားပြီး ညှိနှိုင်းရဦးမယ်”

ယွမ်ရှောင်ချွေ : “ကောင်းပါပြီ၊ သိပါပြီ၊ အားလုံး အဆင်ပြေသွားမှာပါနော်...”

ယွမ်ရှောင်ချွေ ဇွတ်အတင်း ဆွဲထားပြီး မေးမြန်းနေသဖြင့် အခြားသူများလည်း မျက်တောင်လေး တခတ်ခတ်ဖြင့် မိမိတို့၏ တောင်းဆိုချက်များကို အသီးသီး တင်ပြကြတော့သည်။

ရဲစခန်းမှ ရဲဘော်များမှာမူ : “……”

ခင်များတို့ အိမ်ရာဝင်းကလူတွေကတော့ တကယ့်ကို တက်ကြွလွန်းလှချည်လား..

ဒီတစ်ဝိုက်မှာ ခင်များတို့ အိမ်ရာဝင်းက အသံအကျယ်ဆုံးနဲ့ ပြဿနာ အရှာဆုံးပါပဲဗျာ…

“အားလုံး စိတ်ချပါ.. ကျွန်တော်တို့ ရပ်ကွက်ရုံးနဲ့ စက်ရုံတွေကို အကြောင်းကြားပေးပါ့မယ် အရင်ဆုံး သူခိုးအကြောင်း ပြောရအောင်၊ ဒီသူခိုးက……”

သူခိုးများကို ကြည့်လိုက်သောအခါ ကိုယ်လုံးတီး ဖြစ်နေပြီး ခါးတွင်သာ အဝတ်တစ်ခု ပတ်ထားရသဖြင့် အလွန် သနားစရာကောင်းနေ၏။

“သူတို့က သူခိုးတွေလား ဒါမှမဟုတ် လူရမ်းကားတွေလား...”

ရဲအရာရှိများပင် သံသယဝင်လာကြသည်။

သူခိုးလို့ ပြောရအောင်လည်း ဘာလို့ အဝတ်အစား မဝတ်ထားရတာလဲ...

သောက်ကျိုးနည်း.. ဒီပုံစံအတိုင်းဆိုရင် လူရမ်းကားနဲ့တောင် ပိုတူနေတယ်…

ရဲဘော်များနှင့် ရဲအရာရှိအချို့၏ ဝိုင်းအုံကြည့်ရှုခြင်းကို ခံနေရသည့် ဝဝတုတ်တုတ်နှင့် ပိန်လှီသော သူခိုးနှစ်ယောက်မှာ စိတ်ဓာတ်များ အကုန်အစင် ပြိုလဲလုနီးပါး ဖြစ်နေရှာ၏။ ဝတုတ်သူခိုးမှာ အော်ဟစ်ငိုယိုရင်း

"ကျွန်တော်တို့က သူခိုးတွေဗျ၊ စည်းစနစ်ရှိတဲ့ သူခိုးအစစ်အမှန်တွေပါ.. ခင်ဗျားတို့က ဘယ်လိုမျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ၊ လူကို သတ်ရင်သတ်၊ သိက္ခာတော့ မချပါနဲ့ဗျာ.. ကျွန်တော်တို့က လူမိုက်လူရမ်းကားတွေ မဟုတ်ပါဘူး၊ အဲဒီလိုလူမျိုးတွေ မဟုတ်ကြပါဘူး… ကျွန်တော်တို့ ခိုးတယ်ဆိုရင်တောင် ကိုယ်ပိုင်မူဝါဒ ရှိတယ်ဗျ... လူကို ဒီလိုမျိုး စော်ကားလို့မရဘူးလေ... အီးဟီးဟီး... ကျွန်တော် တော်တော် သနားဖို့ကောင်းပါတယ်၊ ဒီအဘွားကြီးတွေက တကယ့်ကို စိတ်ရူးပေါက်နေကြတာ..."

"ဟမ်..."

ဝတုတ်သူခိုး : "အဲဒီအဘွားကြီးတွေက ကျွန်တော်တို့ကို အဝတ်အစားတွေ အကုန်ချွတ်ပစ်ကြတာဗျာ၊ တကယ့်ကို စိတ်ရူးပေါက်ပြီး အကျင့်သီလ ပျက်ပြားနေကြတာ၊ အီးဟီးဟီး……"

အဘွားကြီးကျောက် ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့်

"ဘာကို စိတ်ရူးပေါက်တာလဲ၊ နင်တို့ကိုယ်တိုင် ဓားပါတယ်လို့ ပြောနေတာကို ငါတို့က သတိမထားရဘူးလား... ငါတို့က နင်တို့ကို ကြည့်ချင်လွန်းလို့ ကြည့်နေတယ်မှတ်လို့လား... အဲဒါလေး ကြည့်စရာ ဘာရှိလို့လဲ... နင်တို့ ခန္ဓာကိုယ်ပေါ်မှာ လက်နက်တွေ ဝှက်ထားပြီး ငါတို့ကို ဓားနဲ့ထိုးရင် ငါတို့ အသက်ရှင်ပါဦးမလားလို့ စိုးရိမ်လို့ဟဲ့.. ငါ့သားလေးလည်း အဲဒီလိုမျိုးနဲ့ ဆုံးရှုံးသွားခဲ့ရတာ၊ ငါတို့ သတိဝီရိယရှိတာ ဘာမှားလို့လဲ... အားလုံးပဲ ပြောကြပါဦး၊ ငါတို့ လုပ်တာ မှားလို့လား..."

"ဒေါ်ကြီးကျောက် ပြောတာ မှန်တယ်"

"ဟုတ်ပါ့၊ သူခိုးဖမ်းရင်လည်း သတိထားရမှာပေါ့... မဟုတ်ရင် ကိုယ်ပဲ နစ်နာမှာပေါ့... ဒီကောင်တွေက ဓားတွေဘာတွေ ယူလာတာ၊ သူတို့ကသာ စိတ်ရူးပေါက်နေတာ"

"ဒေါ်လေးကျောက် ပြောတာ မှန်တယ်၊ ဒီလိုမျိုး ကိစ္စတွေ မရှိခဲ့တာလည်း မဟုတ်ဘူး၊ အဝတ်အစားတွေ အကုန်ချွတ်ပစ်လိုက်တာ မှန်တယ်.. အနည်းဆုံးတော့ သူတို့ ပစ္စည်းတွေလည်း ဝှက်လို့မရတော့ဘူး၊ ထွက်ပြေးဖို့လည်း မလွယ်တော့ဘူး.. သူတို့ ဒီလိုပုံစံနဲ့သာ ထွက်ပြေးရင် အတော်လေး သရုပ်ပျက်မနေဘူးလား... ငါတို့က သူတို့ကို တမင်သက်သက် သိက္ခာချတာ မဟုတ်ဘူး၊ လက်တွေ့အခြေအနေကို သေချာ စဉ်းစားတွေးခေါ်ပြီး လုပ်ခဲ့တာ"

မာကျန့်ယီသည် ဖြောင့်မတ်မှန်ကန်လှသည့် လေသံဖြင့် ပြောလိုက်ရာ၊ အမှန်လား အမှားလား မသိသော်လည်း ဤသို့ပြောလိုက်ခြင်းမှာ အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်သလို ဖြစ်သွားတော့သည်။

ရဲအရာရှိအချို့မှာ တီးတိုးတီးတိုး တိုင်ပင်နေကြသော်လည်း၊ သူတို့အနေဖြင့် ဤကဲ့သို့ အသေးအဖွဲ ကိစ္စရပ်များကို အပြစ်ရှာ အရေးယူမည် မဟုတ်သည်မှာ သေချာ၏။

အဆုံး၌ သူခိုးသည် သူခိုးသာ ဖြစ်သောကြောင့်တည်း။

ထို့အပြင် သေချာ ပြန်စဉ်းစားကြည့်လျှင်လည်း ဤစကားများသည် အတော်လေး ယုတ္တိတန်နေသည်။

အဘွားကြီးကျောက် : "ငါတို့က အားလုံးရဲ့ အကျိုးအတွက် လုပ်ပေးတာပါ"

"ဟုတ်တယ်..."

"ကျွန်တော်လည်း မှန်တယ်လို့ ထင်တယ်"

ရဲအရာရှိခေါင်းဆောင်

ခေါင်းညိတ်ပြကာ

"ကျွန်တော်တို့ နားလည်ပါတယ်၊ ဒေါ်ကြီးတို့ လုပ်တာ မှားတယ်လို့ မပြောပါဘူး.. အခြေအနေ အသေးစိတ်ကို နည်းနည်းလောက် ပြောပြပေးမလားခင်ဗျာ... ဝင်းမှူး၊ အဘိုးမာ ဟုတ်တယ်မလား၊ အဘိုးပဲ ပြောပြပေးပါ"

လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ပွက်လောရိုက်သွားမည်ကို စိုးရိမ်သဖြင့် သူတို့သည် မာကျန့်ယီကို ချက်ချင်း ရွေးချယ်၍ မေးမြန်းလိုက်ခြင်းဖြစ်၏။

အနည်းဆုံးတော့ မာကျန့်ယီက အဲ့ဒီဝင်းကြီးထဲက ရှားရှားပါးပါး အမှားအမှန် ခွဲခြားသိမြင်တဲ့ ရှားရှားပါးပါးသူ မဟုတ်လား…

မာကျန့်ယီ : "ကျွန်တော်တို့ ဒီနေ့…… ပထမဆုံး တွေ့လိုက်တာက ယွမ်ဟောက်ဖုန်းနဲ့ ယွမ်ရှောက်ချွေ မောင်နှမ နှစ်ယောက်ပဲ၊ သူတို့က……"

မာကျန့်ယီက တတွတ်တွတ်နှင့် အဖြစ်အပျက်များကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ရာ ရဲအရာရှိသည် မေးလိုက်၏။

"သူတို့က ခေါင်မိုးပေါ်ကနေ ပြုတ်ကျလာတာလား... ဘယ်သူက ခဲနဲ့ ပစ်ပေါက်တာလဲ..."

မာကျန့်ယီ : "အဲဒါ ဘယ်သူ သိမလဲဗျာ... အခင်းဖြစ်ပွားရာ နေရာမှာ ရှိတဲ့လူတွေ အများကြီးက သူတို့ကို ခေါင်မိုးပေါ်ကနေ ကျလာအောင် ခဲတွေနဲ့ ဝိုင်းပစ်ကြတာ.. အစကတော့ မထိဘူး၊ နောက်တော့ ဘယ်သူ ပစ်လိုက်တာ ထိသွားလဲ မသိဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့ တစ်ယောက်ပြီးတစ်ယောက် ခေါင်မိုးပေါ်ကနေ ပြုတ်ကျလာပြီး ကျွန်တော်တို့ဝင်းထဲက ဝမ်ကျန့်ကော်ပေါ်ကို ပိကျသွားတာ.. ဝမ်ကျန့်ကော်ကတော့ သတိမေ့မြောသွားလို့ အခု ဆေးရုံမှာ ရောက်နေတုန်းပဲ"

အဘွားကြီးကျောက် ဘေးမှ ဝင်၍ ဖြည့်စွက်ပြောလိုက်၏။

"ဟုတ်ပါ့ ကံဆိုးမိုးမှောင်ကျတာ၊ သူ တကယ် ကံဆိုးတာပဲ"

မှတ်စမ်း ခံလိုက်စမ်း…

မာကျန့်ယီ : "အခုထိ လူက ဘယ်လိုနေလဲ မသိသေးဘူး... ဟောဒီမှာ ကြည့်၊ ဒီဝတုတ်ကြီး ပိမိသွားတာ၊ သူကတော့ ဘာမှမဖြစ်ဘဲ ဝမ်ကျန့်ကော်ပဲ ဒုက္ခရောက်သွားတာ"

အဘွားကြီးကျောက်သည် ဝတုတ်သူခိုးကို အထက်အောက် အကဲခတ်ကြည့်ရှုပြီးနောက် ပြောလိုက်ကာ

"နင်က တကယ်ကို ဝလွန်းတယ်၊ နင့်ပုံစံက ဝက်တစ်ကောင်နဲ့တောင် တူနေပြီ… ဒီလို ဝက်တစ်ကောင်လောက်ရှိတဲ့ အကောင်ကြီးက လူပေါ် ပိကျတာ၊ သွေးအန်မထွက်တာတောင် ကံကောင်းလှပြီ……"

ဝတုတ်သူခိုးမှာ အလွန်အမင်း ဒေါသထွက်ကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရင်နေပြီး

"ခင်ဗျား…… ခင်ဗျား တော်တော်လွန်တယ်၊ လူကို စော်ကားနေတာ..."

အဘွားကြီးကျောက် : "……နင်

တုန်မနေနဲ့တော့၊ ကြည့်ရတာ တော်တော် ရုပ်ဆိုးတယ်… မဟုတ်မှလွဲရော၊ ငါ ဒီလောက်နှစ်တွေအကြာကြီး မုဆိုးမ လုပ်လာတာတောင် နောက်အိမ်ထောင်မပြုချင်တာ အကြောင်းရှိတယ်၊ ဒီယောကျ်ားတွေက အသုံးမကျတဲ့အခါကျရင် ကြည့်ရတာ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်……"

ဝတုတ်သူခိုး : "ဝါး……"

ဒေါသထွက်ပြီး ငိုချလိုက်လေသည်…

ရဲအရာရှိများ : "……"

ဒါတွေက ဘာကိစ္စတွေလဲ…

ဒါပေမဲ့လည်း…… တစ်ချက် ကြည့်… နောက်တစ်ချက် ထပ်ကြည့်…

ဟူး၊ အဲဒီအဘွားကြီး လျှောက်ပြောနေတာလို့လည်း ပြောလို့မရဘူးလေ...

လူကသာ အိုသွားတာ၊ အကဲခတ်တဲ့ မျက်စိကတော့ တော်တော်လေး စူးရှတယ်လို့ ပြောရမယ်…

"ကဲပါ၊ အားလုံးလည်း ဒီမှာ စုမနေကြပါနဲ့တော့……"

အဘွားကြီးကျောက် : "ကျွန်မတို့ ဘာမှမဖြစ်ပါဘူး၊ အလုပ်သွားဖို့လည်း မနှောင့်နှေးပါဘူး၊ ကျွန်မတို့လို အဘွားကြီးတွေက ခွန်အားဗလ ပြည့်စုံနေတုန်းပဲ..."

"ကျွန်တော်လည်း ဘာမှမဖြစ်ဘူး၊ အလုပ်တောင် သွားစရာမလိုဘူး"

"ကျွန်တော်လည်း အဘွားကြီးတစ်ယောက်ထက်တော့ နောက်ကျလို့ မဖြစ်ဘူးလေ၊ ကျွန်တော်လည်း ရတယ်……"

လူတိုင်း ဆူညံဆူညံနှင့် ပြောဆိုနေကြသဖြင့် ရဲအရာရှိများမှာ အကျိုးအကြောင်း ပြောဆိုဖျောင်းဖျပြီးနောက် နောက်ဆုံးတွင်မှ လူစုခွဲနိုင်ခဲ့တော့သည်။

တကယ့်ကို ချွေးပြန်ရလောက်သည့် ကိစ္စပင်…

ဒါတွေက ဘာတွေလဲဗျာ…

လာရောက်ကြည့်ရှုကြသည့် လူအုပ်ကြီးမှာ တော်တော်လေး များပြားလှပြီး သူတို့နေထိုင်သည့် ဝင်းထဲမှ လူများသာမက ပတ်ဝန်းကျင် ဝင်းအသီးသီးရှိ လူများပါ ပါဝင်သည်။ ဤကဲ့သို့ သူခိုးဖမ်းမိသည့် ထူးခြားဆန်းပြားသည့် ကိစ္စကြီးကို အားလုံး လာရောက်ကြည့်ရှုကြသည်မှာ မဆန်းလှပေ။ မဟုတ်လျှင် မနက်ဖြန် အခြားသူများ မေးမြန်းလာပါက မိမိတို့၌ ပထမဆုံးလက်ကျန် သတင်းအချက်အလက် ရှိမနေတော့မည် စိုးရိမ်၍ပင်။

အဲဒီလိုတော့ အဖြစ်မခံနိုင်ပါဘူး...

သတင်းအချက်အလက်ဆိုတာ နောက်ကျလို့မရဘူး…

ဘာပဲဖြစ်ဖြစ် လူတိုင်း၏ စိတ်ထဲတွင်တော့ ဤကဲ့သို့သော ကိစ္စရပ်များ၌ မိမိတို့ သေချာပေါက် ပါဝင်ပတ်သက်နေရမည်…သေချာပေါက် ရှိနေရမည်သာ……

လူတိုင်းသည် ရဲစခန်းထဲမှ အတင်းအကျပ် အဖြောင်းဖျခံရ၍ ထွက်လာခဲ့ကြသော်လည်း တစ်ယောက်မှ မပြန်ကြဘဲ ဝင်းထဲမှာပင် စုရုံးရပ်နေကြဆဲ ဖြစ်၏။ ထိုအခါ ရဲအရာရှိကြီးသည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ခေါင်းငုံ့ကာ မာကျန့်ယီ၏ နားနားသို့ တီးတိုးစကားအချို့ ပြောလိုက်တော့သည်။ မာကျန့်ယီ သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှနေ၍……

‘ခင်ဗျား တော်တော် ဉာဏ်များတာပဲ၊ ပြဿနာကို တခြားဘက် လွှဲပေးလိုက်တာ တတ်နိုင်လွန်းတယ်’

သူ လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး

"ဒီမှာ ရဲတွေ ဆက်ပြီး အလုပ်လုပ်နေရဦးမှာဆိုတော့ ခဏနဲ့ ပြီးမှာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်၊ ကျွန်တော်တို့ ဒီမှာ နေနေလည်း ဘာမှ အသုံးမဝင်ဘူး၊ အဲဒါထက် ဆေးရုံကိုသွားပြီး ဝမ်ကျန့်ကော်ကို သွားကြည့်ကြရင် မကောင်းဘူးလား... သူ ဒီလိုမျိုး အပိခံလိုက်ရတာ ဘယ်လိုနေလဲ မသိဘူး၊ အားလုံးပဲ သွားကြည့်ပြီးရင် အိမ်ပြန်ကြတာပေါ့၊ ဘယ်လိုလဲ..."

အဘွားကြီးကျောက် : "ကောင်းသားပဲ..."

ကွက်တိပဲ၊ အဲဒီအသုံးမကျတဲ့ကောင် ဘယ်လောက်တောင် သနားစရာကောင်းတဲ့ အခြေအနေ ရောက်နေလဲဆိုတာ သွားကြည့်ရတာပေါ့…

ဟွန်း၊ တစ်ကြိမ် မဟုတ်၊ နှစ်ကြိမ် မဟုတ်၊ သုံးကြိမ်တောင်… သူက ငါ့လို အဘွားကြီးကို အမှတ်မရှိ အူတူတူ ထင်နေတာလား... ငါ့ကို လာပြီး မြှောက်ပင့်သွေးထိုးနေသေးတယ်...

ဒီလို စေတနာမမှန်တဲ့ ကောင်စုတ်...

ဦးနှောက်မရှိတဲ့ အကောင်၊ သူကိုယ်သူ ဘယ်လောက် တော်တယ် ထင်နေတာလဲ..

အဘွားကြီးကျောက် စိတ်ထဲတွင် ကျိန်ဆဲနေပြီး ကိုယ်ချင်းစာစိတ် လုံးဝမရှိပေ။

အဘွားကြီးတစ်ယောက်အတွက် ဘာကိုယ်ချင်းစာစိတ် ရှိနေဦးမှာလဲ...

အသံထွက်ပြီး မဆဲတာပဲ အကြီးမားဆုံး ကိုယ်ချင်းစာစိတ် ဖြစ်နေပြီ..

အဘွားကြီးကျောက် : "သွားကြစို့၊ ငါ သွားကြည့်ဦးမယ်.. နေပါဦး၊ ဒီဝမ်ကျန့်ကော်က တကယ်ကို ကံဆိုးမိုးမှောင်ကျတာပဲ၊ လူတွေ အများကြီး ရှိနေတာကို ဘာလို့ သူတစ်ယောက်တည်း ပိပြီး သတိမေ့သွားရတာလဲ၊ သူ တစ်ခုခု မကောင်းတာ လုပ်ထားလို့ ဘုရားသခင်က မကြည့်ရက်ဘဲ အပြစ်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်..."

"ဒေါ်လေးကျောက်၊ လျှောက်မပြောပါနဲ့၊ ဘယ်လိုလုပ် အဲဒီလို ဖြစ်မှာလဲ၊ ဝမ်ကျန့်ကော်က လူကောင်းတစ်ယောက်ပါ"

အဘွားကြီးကျောက် : "ငါက တိုက်ဆိုင်လို့ ပြောကြည့်တာပါ၊ တိုက်ဆိုင်လို့ ပြောတာတောင် မရဘူးလား... ပြီးတော့ ကြည့်လေ၊ အဲဒီသူခိုး ပြုတ်ကျလာတာ နင့်ပေါ် ဘာလို့မကျလဲ... ဘာလို့ သူ့ပေါ်ပဲ ကွက်တိ ကျရတာလဲ... ငါက ယုတ္တိရှိရှိ သံသယဝင်ကြည့်တာ ဘာမှားလို့လဲ..."

"အဲ……"

ပညာတတ်က စစ်သားနဲ့ တွေ့တော့ အကြောင်းပြချက် ပေးလို့မရသလို ဖြစ်နေပြီ…

ဒါက မတော်တဆမှုပဲ၊ မတော်တဆမှု ဆိုတာ သိရဲ့လား...

ဩော်၊ အဘွားကြီးကျောက်ရဲ့ ဦးနှောက်ကတော့ ဒါကို နားလည်ပုံမရဘူး…

အဘွားကြီးကျောက် မာကျန့်ယီ၏ စကားကို ထောက်ခံလိုက်သောအခါ အခြားလူများလည်း ဝမ်ကျန့်ကော် အခြေအနေကို အလိုလိုပင် စူးစမ်းချင်ကြသဖြင့် လူအုပ်ကြီးသည် တန်းစီပြီး ဟန်ပါပါနှင့် ထွက်လာခဲ့ကြသည်။

ရဲစခန်းမှ ရဲဘော်လေးသည် နဖူးမှ ချွေးများကို သုတ်ရင်း

"ဦးလေးကျန်း၊ ဦးလေးပဲ တတ်နိုင်တယ်ဗျာ... သာမန်လူဆိုရင် သူတို့ကို တကယ် နှင်ထုတ်နိုင်မှာ မဟုတ်ဘူး"

ရဲအရာရှိကျန်းလည်း ချွေးပြန်နေပြီး

"သူတို့ဝင်းက လူတွေက တော်တော်လေး တက်ကြွလွန်းတယ်"

ထိုသို့ပြောကာ ခဏရပ်ပြီး

"အထူးသဖြင့် ရဲဘော် ကျောက်တာ့ရာက ပိုပြီး တက်ကြွလွန်းတယ်"

အခြားလူများလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြ၏။

တကယ်ပဲ၊ ပတ်ဝန်းကျင်မှာ ဘယ်နှကြိမ်ပဲ ဖြစ်ဖြစ် ပွဲစည်တဲ့နေရာတိုင်းမှာ အဘွားကြီးကျောက်ရဲ့ ပုံရိပ်ကို တွေ့ရမြဲပဲ…

သူက တကယ်ကို ကြောက်စရာကောင်းတဲ့ အဘွားကြီးပဲ..

ကြောက်စရာပဲ...

အဘွားကြီးကျောက်မှာ ‘ကြောက်စရာကောင်းသူ’ အဖြစ် သတ်မှတ်ခံလိုက်ရသော်လည်း သူမကိုယ်တိုင်မှာဘာမှ သတိမထားမိဘဲ လူအုပ်ကြီးနှင့်အတူ ဆေးရုံသို့ ရောက်လာခဲ့သည်။ ဆေးရုံဝအဝင်ဝတွင် ဝမ်တာ့ချွေ ဆောင့်ကြောင့်ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် မာကျန့်ယီ မေးမြန်းလိုက်၏။

"တာ့ချွေ၊ မင်း ဘာလို့ ဒီမှာ ရောက်နေတာလဲ... လူကော ဘယ်လိုလဲ..."

ဝမ်တာ့ချွေ ချက်ချင်း ထရပ်ပြီး ပြန်ပြောလေသည်။

"မသေပါဘူး"

ထို့နောက် မိမိ၏ တင်စားချက်သည် သိပ်မဟန်ဟု ခံစားရသဖြင့် ချက်ချင်း ပြန်ဖြည့်စွက်ပြေကာ

"ဆရာဝန်က ပြောတယ်၊ ခါး ထိခိုက်သွားတယ်၊ ခြေသလုံးရိုး ကျိုးသွားတယ်၊ အနည်းဆုံး နာလန်ထူဖို့ လဝက်လောက် နားရမယ်တဲ့"

ဟား...

လူတိုင်း အံ့အားသင့်သွားကြ၏။

တော်တော်လေး ပြင်းထန်လှတဲ့ အခြေအနေပါလား…

"ဒါက မပေါ့ပါလား"

"မဆန်းပါဘူး၊ စဉ်းစားကြည့်လေ၊ အဲဒါက ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ပိမိတာ၊ ဘာမှမဖြစ်ဘဲ နေပါ့မလား..."

အဘွားကြီးကျောက်မှာမူ အဓိကအချက်ကို ကွက်တိဆွဲထုတ်လိုက်ကာ

"ခါး ထိခိုက်သွားတာ စိုးရိမ်ရလား... သူက သားလည်း မရသေးဘူး၊ အဆင်မပြေတော့တာမျိုး ဖြစ်သွားနိုင်မလား... ယောကျ်ားတစ်ယောက်အတွက် ခါးက အရမ်းအရေးကြီးတယ်လေ"

"အဲဒါက ခါးထိတာပါ၊ အဲဒီနေရာ ထိတာမှ မဟုတ်တာ၊ အဲဒီလောက်အထိတော့ မဖြစ်နိုင်ပါဘူး"

မာကျန့်ယီသည် ချက်ချင်းပင် ဝင်ပြောလိုက်သည်။ ဤသည်မှာ ဝမ်ကျန့်ကော်၏ ကျဆင်းတော့မည့် သိက္ခာကို အချိန်မီ ကယ်ဆယ်ပေးခြင်း ဖြစ်၏။

မတတ်နိုင်ဘူးလေ… ဟူး..

ဝင်မပြောပေးရင် ဒီမိန်းမကြီးတွေက ဘာတွေ လျှောက်ပြောကြဦးမယ်မသိဘူး… သူတို့ပါးစပ်က အကုန်ထွက်ရဲတယ်… အမယ်လေး..

သူသည် ဝမ်ကျန့်ကော်နှင့်လည်း ဆက်ဆံရေး အသင့်အတင့် ရှိသဖြင့် မျက်ကွယ်ပြုမထားနိုင်ပေ။

"ခါးဒဏ်ရာဆိုတာ တကယ်တော့ အဓိကက အနားယူဖို့ပဲ၊ သေချာနားလိုက်ရင် ပြန်ကောင်းသွားမှာပါ"

အဘွားကြီးကျောက် တိုးတိုးလေး ရေရွတ်ကာ

"ခါး မကောင်းရင် တခြားဟာလည်း မကောင်းနိုင်တော့တာ သေချာတာပေါ့"

အခြားလူများလည်း တိတ်တဆိတ် ခေါင်းညိတ်ကြပြီး အဘွားကြီရကျောက် ပြောသည်မှာ တော်တော်မှန်သည်ဟု ခံစားလိုက်ရ၏။

ထို့နောက် တစ်ယောက်တစ်ပေါက်နှင့် တီးတိုးတီးတိုး ပြောဆိုနေကြတော့သည်။

မာကျန့်ယီ : "……"

တကယ်ကို ဒုက္ခပါပဲ...

သောက်ခွေးထဲမှ.. ဘယ်ကိစ္စမဆို အဘွားကြီးကျောက် ပါလာရင် ကိစ္စကို ရှုပ်အောင်လုပ်တဲ့ လူတစ်ယောက် ပိုလာသလိုပဲ…

ပြဿနာရဲ့ အရင်းအမြစ်က သူကနေပဲစတာ…

သို့သော်လည်း မာကျန့်ယီသည် အဘွားကြီးကျောက်ကို တကယ် မစိန်ခေါ်ဝံ့ပေ။ သူမသည် တကယ့်ကို ရန်တွေ့တတ်သည့် လက်မရွံ့မိန်းမကြီး ဖြစ်သဖြင့် သူမနှင့် ထိပ်တိုက်တွေ့ရသည်မှာ မတန်ပေ။

မာကျန့်ယီ : "ကဲပါ၊ သွားကြစို့၊ သွားကြည့်ရအောင်၊ ဘာမှမဖြစ်လောက်ပါဘူး”

လူအချို့ အတူတူ အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ လူနာခန်းသည် ဒုတိယထပ်တွင် ဖြစ်ပြီး၊ ယခုအချိန်တွင် ဝမ်ကျန့်ကော်မှာ သတိမေ့နေဆဲ ဖြစ်၏။ ဝမ်မေ့လန်မှာ ယခုတင် ငိုထားသဖြင့် မျက်လုံးများ နီရဲနေပြီး ဘေးတွင်လည်း အိမ်နီးနားချင်း အချို့ ရှိနေသည်။ အဘွားကြီးကျောက်တို့ လူအုပ်ကြီး ရောက်လာသည်နှင့် လူနာခန်းထဲတွင် မတ်တတ်ရပ်စရာ နေရာပင် မရှိတော့ချေ။

လူတွေ တိုးဝှေ့နေလိုက်ကြတာ…

ပုံကြီးချဲ့ပြောခြင်း မဟုတ်ပေ။

စောစော၌ ရဲစခန်းတွင် ပွဲကြည့်နေသည့် လူအုပ်ကြီးသည် ယခု ဆေးရုံကိုပါ လိုက်ပြီး ပွဲလာကြည့်နေကြ၍ပင်…

တာဝန်ကျ သူနာပြုမလေး : "……ဒီဝမ်ကျန့်ကော်က လူချစ်လူခင် ဒီလောက်တောင် များတာလား... လူတွေ အများကြီး လာကြည့်ကြတာပဲ"

သူနာပြုကြီး : "……ဖြစ်နိုင်တာက၊ အဲလိုမဟုတ်ဘူး ထင်တယ်"

ဒါက ပွဲလာကြည့်တာ သိသာလွန်းနေတာကြီး..

သို့သော်လည်း ဘာကြောင့်ပဲ လာလာ၊ သူမ ထွက်လာပြီး သတိပေးလိုက်၏။

"အားလုံးပဲ အသံနည်းနည်း တိုးကြပါ၊ ညဉ့်နက်နေပြီဆိုတော့ တခြားလူတွေ အနားယူတာကို မနှောင့်ယှက်ပါနဲ့… ကြည့်ပြီးရင် ပြန်ကြပါ၊ ဒီမှာ အကြာကြီး မနေပါနဲ့"

လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကြသော်လည်း စူးစမ်းလိုစိတ်ဖြင့် ခေါင်းပြူပြီး လျှောက်ကြည့်နေကြသည်။

အဘွားကြီးကျောက်သည် တိုက်ရိုက်ပင် မေးလိုက်၏။

"သူ ခါးထိသွားတာဆိုတော့ နောက်နောင် အဲဒီကိစ္စ လုပ်နိုင်ပါဦးမလား"

လူတိုင်း : "........."

အဘွားကြီးကတော့ တကယ်ကို ရဲတင်းလွန်းတယ်...

ဒါပေမဲ့လည်း၊ နားစွင့်လိုက်ကြစို့... အားလုံး နားစွင့်လိုက်ကြ...

သူနာပြုကြီး : "……"

ဒီလိုစကားမျိုးကို ဒီလိုကြီး တိုက်ရိုက် ထုတ်မေးလို့ရလို့လား...

ဒါက အရမ်း တိုက်ရိုက်ဆန်လွန်းနေပြီ မဟုတ်လား... ပွင့်လင်းလိုက်တာရှင်..

သူမ ရှက်ပြုံး ပြုံးလိုက်ပြီး

"ဒါကတော့ ဆရာဝန်ကို မေးရမှာပါ၊ ကျွန်မတို့လည်း အသေအချာ မပြောတတ်ဘူး၊ သေချာ အနားယူရင်တော့ ရနိုင်မှာပါနော်..."

အဘွားကြီးကျောက် : "ဩော်၊ ရှင်လည်း မသေချာဘူးပေါ့"

"……ဆရာဝန်ကိုပဲ မေးရမှာပါ၊ ကျွန်မ တကယ်မသိပါဘူး"

ပြောပြီးသည်နှင့် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

အဘွားကြီးကျောက် : "ကြည့်စမ်း၊ သူတောင် မသေချာဘူး.. ယောကျ်ားတွေရဲ့ ကျောက်ကပ် (ခါး) က တကယ့်ကို အရေးကြီးလွန်းတာ"

လူတိုင်းသည် ဝမ်ကျန့်ကော်ကို သနားစရာ အကြည့်များဖြင့် ညီညီညာညာ ကြည့်လိုက်ကြ၏။

ဟုတ်ပေစွ.. ဒီစကားက မမှားဘူး..

ဝမ်မေ့လန် : "အီးဟီး၊ အီးဟီးဟီး……"

ထပ်ပြီး ငိုချလေပြန်ပြီ…

ဒါတွေက ဘာလိုဖြစ်ရတာလဲ…

ကောင်းကောင်းမွန်မွန် ရှိနေတာကို ဘာလို့ ဒီလို ဖြစ်သွားရတာလဲ...

မာကျန့်ယီ : "ဘာမှမဖြစ်ပါဘူး၊ ဘာမှမဖြစ်ပါဘူး၊ ခင်ဗျားတို့လည်း အများကြီး မတွေးပါနဲ့၊ ကျွန်တော် ထင်တာတော့ ဘာမှမဖြစ်ပါဘူး.. သူနာပြုဆရာမက မသိလို့ပါ၊ ကျွန်တော်တို့လည်း ဒီလိုမျိုး တရားသေ ဆုံးဖြတ်လို့မရဘူးလေ၊ ခါးဒဏ်ရာဆိုတာ သေချာ ဂရုစိုက်ရင် ပြန်ကောင်းလာမှာ သေချာပါတယ်"

"အာ... ဟုတ်တယ်၊ ဟုတ်တယ်"

"မှန်တာပေါ့.. ဝမ်မေ့လန်၊ နင် မငိုနဲ့တော့"

အဘိုးကြီးကျန်း : "ငါမှတ်မိသလောက်တော့ ရွှီကောင်းမင်းတို့ မိသားစုက အရင်တုန်းက ချန်းမန်လမ်းဘက်က တရုတ်တိုင်းရင်းဆေး ဆရာကြီးတစ်ယောက်ကို ရှာဖူးတယ်၊ အဲဒီမှာ တရုတ်ဆေးစပ်ပေးနိုင်တယ်၊ ဒီအနောက်တိုင်းဆေးနဲ့ တရုတ်ဆေး တွဲသောက်ရင် သေချာပေါက် စောစောစီးစီး ပြန်ကောင်းလာမှာ.. ရွှီကောင်းမင်ရဲ့ ဇနီးလည်း အဲဒီမှာ ဆေးသွားစပ်ဖူးတာ၊ ခင်ဗျားတို့ မှတ်မိကြသေးလား... ငါမှတ်မိသလောက်တော့ အဲဒီဆိုင်က အတော်လေး နာမည်ကြီးတယ်"

ဒါကို ဘယ်သူက မမှတ်မိဘဲ နေမလဲ...

အဲဒါက တကယ်ကို လေလာတိုင်း နံစော်နေတာ မိုင်ဝက်လောက် ရှိတာ…

နောက်ဆုံးတော့ ဆေးတွေကို အများသုံး အိမ်သာထဲ သွန်ပစ်လိုက်ရတာလေ...

အခုအချိန်မှာ ဘယ်လောက်ပဲ တင်းကျပ်တင်းကျပ်၊ ဒါလည်း မရ၊ ဟိုဟာလည်း မရ ဖြစ်နေပါစေ၊ သူ့နည်းသူ့ဟန်တော့ ရှိကြတာပါပဲ…

သူတို့ပြောသည့် ထိုတရုတ်ဆေးဆိုင်လေးသည် အမှန်တကယ် ပိတ်မသွားခဲ့ပေ။ လူတိုင်း ဆေးဆရာဟု ခေါ်ကြသော်လည်း သူသည် တရုတ်ဆေးဆရာ အစစ်အမှန် မဟုတ်ပေ။ ရိုးရိုး တရုတ်တိုင်းရင်းဆေးပင်များ ရောင်းချသည့် ဆေးဖက်ဝင်အပင်ဆိုင် သက်သက်သာ ဖြစ်၏။

"အဲဒီဆိုင်က ဆေးဖက်ဝင်အပင်တွေက အနံ့ နည်းနည်း ပြင်းပေမဲ့ ထိရောက်မှုတော့ ရှိသားပဲ"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်တော်လည်း အဲဒီဆိုင်က မဆိုးဘူးလို့ ကြားဖူးတယ်……"

လူတိုင်းမှာ ဝမ်မေ့လန်ကို တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းဝန်းနှစ်သိမ့်ပေးကြသည်။ ဝမ်မေ့လန်တို့ ဇနီးမောင်နှံသည် ဝင်းထဲတွင် လူချစ်လူခင် များပြီး မည်သည့်ကိစ္စထဲမှလည်း ဝင်မပါတတ်ကြချေ။ လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်သည့် မိသားစုဖြစ်ပြီး၊ အဘွားကြီးဝမ် ခဏခဏ လာ၍ ပြဿနာရှာတတ်သော်လည်း ယေဘုယျအားဖြင့်မူ လူတိုင်းသည် သူတို့ဇနီးမောင်နှံအပေါ် အထင်ကြီး လေးစားကြ၏။

အဘွားကြီးကျောက် တစ်ယောက်သာလျှင် စိတ်ထဲမှ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေခြင်း ဖြစ်သည်။

ဟဲဟဲ...

သူမကတော့ အလိုလို ဝမ်းသာတာပေါ့၊ ဘာလို့ ဝမ်းမသာဘဲ နေရမှာလဲ... ဝမ်ကျန့်ကော်တစ်ယောက် ဘာကိစ္စမရှိဘဲ သူများကို ကွယ်ရာမှာ မကောင်းကြံဖို့ စီစဉ်နေတာကိုး…

အဘွားကြီးကျောက် : "တကယ် သနားစရာကောင်းလိုက်တာ"

သူမ သာမန်ကာလျှံကာ ပြောလိုက်သော်လည်း မျက်လုံးထဲမှ အပြုံးကိုမူ လုံးဝ ဖုံးကွယ်ထား၍ မရချေ။

ဝမ်မေ့လန်လည်း ဝအောင် ငိုပြီးနောက် နောက်ဆုံးတွင် စိတ်တင်းလိုက်ကာ

"အချိန်လည်း မစောတော့ဘူးဆိုတော့ အားလုံးပဲ ပြန်ကြပါတော့ရှင်၊ ကျွန်မအတွက် ရှင်တို့ စိတ်ပူနေဖို့ မလိုပါဘူး၊ ဘာမှမဖြစ်ပါဘူး"

လူတိုင်း ဟိုဟိုဒီဒီ လျှောက်ကြည့်နေကြစဉ် ဝမ်မေ့လန်မှာ

"ဦးလေးမာ၊ ကျွန်မယောကျ်ားအတွက် မနက်ဖြန်ကျရင် အလုပ်ကို ခွင့်တိုင်ပေးဖို့ ကူညီပေးပါဦးနော်……"

မာကျန့်ယီ : "ရတာပေါ့"

ဝမ်မေ့လန် သက်ပြင်းတစ်ချက်ချပြီးနောက် ထပ်မေးလေသည်။

"အဲဒီသူခိုးတွေကကော……"

"သူခိုးတွေကတော့ ရဲစခန်းမှာ ရှိနေတုန်းပဲ၊ စိတ်ချပါ"

ဝမ်မေ့လန် မကျေမနပ်ဖြင့် ဒေါသတကြီး ကျိန်ဆဲလိုက်၏။

"ဒီသေချင်းဆိုး သူခိုးနှစ်ယောက်၊ သူတို့ သေချင်းဆိုးနဲ့ကို သေပါစေတော်..."

အဘွားကြီးကျောက် : "……"

အဲဒီလောက်အထိတော့ မလိုပါဘူးနော်...

ကြည့်ရတာတော့ ငတုံးသူခိုးနှစ်ယောက်ပဲဥစ္စာ...

သေဖို့အထိတော့ မဟုတ်ပါဘူး၊ သူတို့ကို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးလေးတော့ ပေးလိုက်ပါဦး...

မည်သို့ပင်ဖြစ်စေ ဒဏ်ရာရသူမှာ သူမ မိသားစုဝင် မဟုတ်သဖြင့် သူမသည်ကား အေးအေးလူလူပင်။ စိတ်ထဲတွင်လည်း မိမိကိုယ်ကိုယ် ‘လူကောင်း’ ဟု တံဆိပ်ကပ်နေသေးသည်။

ကြည့်စမ်း၊ သူမက တကယ့်ကို ကြင်နာသနားတတ်တုန်းပဲ…

အဘွားကြီးကျောက်၏ စိတ်ကူးအတွေးများသည် တကယ့်ကို တက်ကြွလွန်းလှ၏။ အတွေးများ ပြီးဆုံးသွားပြီးနောက် အဘွားကြီးကျောက်မှာ ဝမ်မေ့လန်ကို မေးလိုက်သည်။

"နင် မနက်ဖြန် ခွင့်ယူမှာလား..."

ဝမ်မေ့လန် : "ကျွန်မလည်း သေချာပေါက် ခွင့်ယူရမှာပေါ့၊ သူ့ကို ပြုစုဖို့ ဒီမှာ နေခဲ့ရမှာ"

အဘွားကြီးကျောက် ဝမ်မေ့လန်ကို တစ်ချက်ကြည့်၊ ဝမ်ကျန့်ကော်ကို တစ်ချက်ကြည့်ရင်း စိတ်ထဲမှနေ၍ ‘ဝမ်ကျန့်ကော်ရဲ့ အကွက်ချစီစဉ်မှုတွေကို ဝမ်မေ့လန် သိရဲ့လားမသိဘူး’ ဟု တွေးတောကာ သံသယဝင်မိသည်။ သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ဝမ်မေ့လန်သည် သိပုံမရပေ။

သူမ အဘွားကြီးကျောက်ဆိုတာ လူကဲခတ် အတော်တော်သား မဟုတ်လား…

ဝမ်မေ့လန်သည် သူတို့မိသားစုအပေါ် ပုံမှန်အတိုင်းပင် ဆက်ဆံနေ၏။

"ဟင်... ဒေါ်ကြီးကျောက်၊ ဟိုမှာတွေ့တာ နင့်ရဲ့ ခမည်းခမက် မဟုတ်လား..."

အဘွားကြီးကျောက် : "ဘယ်သူလဲ..."

သူမ ခေါင်းပြူကြည့်လိုက်ရာ ချန်ရိကျွင်း၏ မျက်လုံးများနှင့် ကွက်တိ ဆုံသွားတော့သည်။

ချန်ရိကျွင်း : "သေစမ်း.. သောက်ကျိုးနည်း..ဘာလို့ ဒီအဖွားကြီး ဖြစ်နေရတာလဲ..."

အဘွားကြီးကျောက် : "ဟယ်... ခမည်းခမက်ကြီး..."

သူမသည် အသံကျယ်ကြီးဖြင့် အော်ပြောလိုက်ကာ

"ရှင် ဘာဖြစ်တာလဲ... ဘာလို့ သူများ အရိုက်ခံရပြန်တာလဲ... ရှင်ရဲ့ လူမှုရေးဆက်ဆံရေးကို ဘယ်လိုများ လုပ်နေတာလဲဟယ်..."

ချန်ရိကျွင်း : "……"

ခင်များ စကားကောင်းကောင်း မပြောတတ်ရင် အသာနေစမ်းပါ...

သူသည် မဲ့ပြုံး ပြုံးပြရင်း

"ခင်များလည်း ဆေးရုံ ရောက်နေတာပဲ မဟုတ်လား... ဘာလဲ... ခင်များလည်း ပြဿနာရှာလာတာလား..."

အဘွားကြီးကျောက်သည် မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာ ပင့်တင်

လိုက်ပြီး

"ငါက နင်နဲ့ တူမလားဟဲ့.. ငါက နင့်လိုလူစားမျိုး မဟုတ်ဘူး..ငါက လူနာလာကြည့်တာ..."

ချန်ရိကျွင်း : "……"

ဒီလို မနက်အစောကြီး သုံးနာရီမှာ လူနာလာကြည့်တယ်ပေါ့.. ခင်များပြောတာကို ဘယ်သူက ယုံမှာလဲ...

သို့သော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူနာဆောင် စကြင်္န်လမ်း တစ်ခုလုံး လူများ အပြည့်ဖြစ်နေသည်။

ချန်ရိကျွင်း မျက်မှောင်ကုတ်လိုက်ပြီး အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။

သူသည် အခြေအနေကို ချက်ချင်း သဘောမပေါက်သေးခင်မှာပင် အဘွားကြီးကျောက်သည် သူနာပြုဆရာမလေးကို ဖမ်းဆွဲပြီး

"ညီမလေး၊ ဒီလူ ဘာဖြစ်တာလဲ... ဒါ ငါ့ခမည်းခမက်မို့လို့ ငါ့ကို ပြောပြပါဦး"

သူနာပြမလေးမှာ ဟိုလူ့ကြည့် ဒီလူ့ကြည့်နှင့် ယောင်နနဖြစ်ကာ ပြောပြလိုက်၏။

"သူ့မိသားစုက အိမ်ထဲမှာ မစင်တွေချက်နေလို့ ဘေးအိမ်က သဘောမတူဘဲ လာပြီး အကျိုးအကြောင်း ပြောတာကို နှစ်ဖက်စလုံး ရန်ဖြစ်ကြရာကနေ သူ့မိန်းမက လှေကားအောက်ကို မတော်တဆ တွန်းချခံလိုက်ရတာ"

ဟဟ.. ဒီတစ်ကြိမ် ဒဏ်ရာရတာက ချန်ရိကျွင်း မဟုတ်ဘဲ၊ သူ့မိန်းမ ဝေရှု့ဖန်းပဲ..

အဘွားကြီးကျောက် : "ဝါး~"

သူမသည် အံ့ဩတုန်လှုပ်စွာဖြင့် ချန်ရိကျွင်းကို ကြည့်လိုက်ပြီး မယုံနိုင်ဟန် ပြောလိုက်လေသည်။

"ခမည်းခမက်ကြီး၊ ငါ နင့်ကို အထင်သေးမိသွားတယ်.. နင်တို့အိမ်မှာ ဒီလို ဝါသနာမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ငါ့ချွေးမက ဘာလို့ နင်တို့လို သွေးရင်းသားရင်း အဖေအရင်းရဲ့ အချစ်ကို မခံရတာလဲဆိုတာ အခုမှ သဘောပေါက်တော့တယ်။ ဝါသနာချင်း မတူလို့ကိုး... သာမန်လူတွေဆိုရင် နင်တို့မိသားစုကို တကယ် မစော်ကားရဲဘူးဟဲ့၊ နင်တို့ကို စိတ်ဆိုးအောင် လုပ်မိရင် ပါးစပ်ထဲကို ချီးနဲ့ ပက်မလား မသိဘူး"

"အော့..."

"ခစ်ခစ်..”

"ဒေါ်လေးကျောက်ကတော့ တကယ်ကို……"

"မဟုတ်ဘူးလေ၊ ရှောင်ချန်ရဲ့အဖေက ဘာဝါသနာကြီးလဲဟ..."

"ဟုတ်ပါ့ ဘယ်သူက ထင်မှာလဲ..."

အားလုံး တကယ်ကို မထင်ထားကြချေ၊ ပွဲကြီးပွဲကောင်းကို ကြည့်ပြီးသွားသည့်နောက် ဒုတိယပိုင်း ပွဲကြီး ရှိနေသေးသည်၊ ဒုတိယပိုင်း ပြီးသွားသောအခါ အချိန်ပိုပွဲစဉ်တောင် ရှိနေသေးသည်။

ကြည့်စမ်း...

ကြည့်ကြစမ်းပါဦးဟယ်...

တန်လိုက်တာ... ~

ချန်ရိကျွင်း : "ခင်များ လျှောက်ပြောမနေနဲ့... ခင်များကသာ ချီးချက်တာ၊ ခင်များတို့တစ်မိသားစုလုံး ချီးချက်တာ... ကျုပ်တို့အိမ်က တရုတ်ဆေးမြစ် ပြုတ်တာပါ.. တကယ်ပဲ၊ အိမ်နီးနားချင်းချင်း စာနာစိတ် လုံးဝမရှိကြဘူး၊ ဘယ်လိုလူတွေလဲ မသိဘူး၊ အကျင့်စာရိတ္တ တော်တော် နိမ့်ကျတယ်……"

သူသည် မကျေမနပ်ဖြင့် အော်ဟစ်ကျိန်ဆဲနေပြီး အလွန် ဒေါသထွက်နေ၏။

ဒေါသမထွက်ဘဲ နေမလား...

သူ အရင်တုန်းက အဘွားကြီးကျောက်နဲ့ ရန်ဖြစ်တုန်းက အပြတ်အသတ် နိုင်ခဲ့တာ…… အဲ၊ မဟုတ်ပါဘူး…

သူ အရှုံးကြီးရှုံးပြီး ပြန်လာခဲ့ရတာ...

ထိုစဉ်၌ ချန်ချင်းယွီ ဆိုသည့် သေချင်းဆိုးမလေးသည် တမင်

သက်သက် လုပ်ခြင်းလော့ သို့မဟုတ် တကယ်ပင် ကံဆိုးစေသောကြောင့်လော့ မသိပေ။ သူမကြောင့် သူ ဆေးရုံမရောက်ခင် ဒဏ်ရာများ ပိုပြီး ပြင်းထန်လာခဲ့ရသည်။ နောက်ဆုံး မတတ်နိုင်တော့ဘဲ အသက်ရှင်ဖို့အတွက် ဆေးရုံကို မိမိဘာသာ သွားခဲ့ရ၏။

သူတို့ကို လျော်ကြေးမတောင်းတာပဲ တော်လှလှပြီ...

ကောင်းကောင်းမွန်မွန် ရှိနေရာမှ တစ်ကိုယ်လုံး ကုတ်ခြစ် အရိုက်ခံလိုက်ရသဖြင့် သနားစရာ ကောင်းလွန်းလှသည်။

ယခုအချိန်အထိ မျက်နှာပေါ်ရှိဒဏ်ရာများသည် အနာဖေးတက်ရုံပဲ ရှိသေးပြီး မကွာသေးချေ။

သူသည် ထိုစဉ်က ဆေးရုံမှာ နေရခြင်းကို ပိုက်ဆံကုန်သည်ဟု ခံစားရသောကြောင့် အိမ်ပြန်ပြီး အနားယူခဲ့၏။ စောစော ပြန်ကောင်းရန်နှင့် ပိုက်ဆံချွေတာရန်အတွက် ချန်ချင်းယွီ ယခင် ပြောခဲ့သည့် တရုတ်ဆေးဆိုင်ကို ချက်ချင်း သတိရသွားသည်။

သောက်ကျိုးနည်.. တရုတ်ဆေးတွေက စျေးတော့ချိုပါရဲ့.. သောက်အနံ့ကြီးက ပြင်းလိုက်တာကို လွန်ပါရော..

ပြီးတော့ ဘယ်လိုဖြစ်တာလဲ မသိဘူး.. တခြားအိမ်တွေ ပြုတ်ရင် ဒီလိုမဖြစ်ပါဘူး…ဒီသောက်ဆိုင်က ဆေးကျတော့ ဘာပစ္စည်းပဲဖြစ်ဖြစ် ပြောမပြတတ်အောင်ကို ဆိုးရွားလွန်းတဲ့ အနံ့ဆိုးကြီး ထွက်နေတာ..

ဤတရုတ်တိုင်းရင်းဆေး ပြုတ်သည့်ကိစ္စကြောင့် သူ့အိမ်သည် နေ့တိုင်း အိမ်နီးနားချင်းများနှင့် ရန်ဖြစ်နေရသည်။

တစ်နေ့ကို ဆယ်ကြိမ်ထက်မနည်းပင်…

သို့သော် ထိုတိုင်းရင်းဆေးကို သောက်လိုက်သောအခါ အကျိုးသက်ရောက်မှု ရှိ၏။ လူသည်လည်း နည်းနည်း နေကောင်းလာခဲ့သည်။

သို့သော် အနံ့သည် အရမ်းပြင်းသဖြင့် အိမ်နီးနားချင်းများမှာ မခံနိုင်တော့ချေ။

ယခုအခါ နေ့တိုင်း စကားများ ရန်ဖြစ်ရာမှ လက်ပါသည်အထိ ဖြစ်သွားတော့သည်။ အိမ်နီးနားချင်းတစ်ယောက်၏ ညဆိုင်းဆင်းပြီး ပြန်လာသည့် သားဖြစ်သူမှာ လမ်းထဲရှိ အနံ့ကို မခံနိုင်တော့ဘဲ အိမ်တံခါးအထိ လာပြီး ပြဿနာရှာလေ၏။ ဝေရှု့ဖန်းသည်လည်း အပြောအဆို ချိုသာသည့် မိန်းမမျိုး မဟုတ်သဖြင့် စကားများရာမှ ရိုက်ပုတ်ကြတော့သည်။

သူ့မိန်းမမှာ ဝက်ခေါင်းကြီးဖြစ်အောင် အရိုက်ခံလိုက်ရပြီး လှေကားပေါ်မှ တွန်းချခံလိုက်ရ၏။

ချန်ရိကျွင်းတစ်ယောက်မှာ မိန်းမနောက်တွင် ပုန်းနေသဖြင့် ဒဏ်ရာမရခဲ့သော်လည်း သူ တော်တော် ဒေါသထွက်နေလေသည်။

"ကျောက်တာ့ရာ ငါ မင်းတို့ကို ပြောလိုက်မယ်၊ ငါတို့က ခမည်းခမက်တွေမို့လို့ ငါက မင်းကို သည်းခံနေမယ်လို့ မထင်နဲ့၊ စကားကောင်းကောင်း မပြောတတ်ရင် ပါးစပ်ပိတ်ထား၊ လူကို လာပြီး စိတ်အနှောင့်အယှက် မပေးနဲ့၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မလဲဆိုတာ ပြန်ကြည့်ဦး၊ မင်းက……"

"နင်ကမှ ဘာကောင်လဲဟဲ့၊ နင်က ညဉ့်နက်သန်းခေါင် ချီးချက်နေတာကို သူများ လာပြောတော့ အပြောမခံဘူးလား... ဘာလဲ... နင်တို့အိမ်က လုပ်ရဲပြီး သူများကတော့ မပြောရဘူးလား... ငါတို့က ခမည်းခမက်တွေမို့လို့ ငါကလည်း နင့်ကို သည်းခံနေတယ်လို့ မထင်နဲ့၊ အဲဒီစကားကို ငါက ပြောရမှာဟဲ့.. ငါက အနိုင်ကျင့်ခံမယ့်လူ မဟုတ်ဘူး၊ နင် ရန်လာတွေ့ချင်ရင်လည်း နင်ကိုယ်နင် ဘာကောင်လဲဆိုတာ အရင်ကြည့်ဦး... ငါ့ရှေ့မှာ လာပြီး ဒေါသထွက်မနေနဲ့။ နင်က ဘာကောင်လဲဆိုတာ ဘယ်သူမသိဘဲ နေမလဲ... ဟွန်း..."

အဘွားကြီးကျောက်မှာ အလျော့ပေးမည့်သူ မဟုတ်ပေ။

အကယ်၍ ချန်ချင်းယွီသည် မိဘအိမ်နှင့် ဆက်ဆံရေး ကောင်းမွန်နေလျှင် သူမအနေဖြင့် ဤလူကို အနည်းငယ် လေးစားပေးရမည် ဖြစ်သော်လည်း၊ ချန်ချင်းယွီသည် မိဘအိမ်နှင့် ဆက်ဆံရေး မကောင်းသည်မှာ သိသာလှသည်။ ချန်ချင်းယွီ ကိုယ်တိုင်ပင် ကွယ်ရာ၌ ကလိမ်ကကျစ် လုပ်နေ၍ အဘွားကြီးကျောက်သည်လည်း ညှာတာနေမည် မဟုတ်ပေ။

သူမ အော်ဟစ်ကာ

"နင်က ငါ့ကို လာပြီး ဆရာကြီးလုပ်နေသေးတယ်... နင်တို့နဲ့ အိမ်နီးနားချင်း ဖြစ်ရတာကမှ တကယ့်ကို ကံဆိုးမိုးမှောင်ကျတာဟဲ့..."

"ငါတို့အိမ်က တရုတ်ဆေးပြုတ်တာ"

"မစင်ချက်တာ..."

"တရုတ်ဆေးပြုတ်တာ..."

"မစင်ချက်တာ..."

……

သူနာပြုဆရာမလေး : "အားလုံးပဲ အသံနည်းနည်း တိုးပေးကြပါ၊ တခြားလူတွေ အနားယူတာကို မနှောင့်ယှက်ပါနဲ့"

"ရပါတယ်၊ ကျွန်တော်တို့က ကြည့်ချင်လို့"

"ဟုတ်ပါတယ် ဒါက ရုပ်ရှင်ကြည့်ရတာထက်တောင် ပိုကောင်းသေးတယ်..."

သူနာပြုဆရာမလေး : "……"

ရှင်တို့ ဝါသနာကလည်း ကြီးလိုက်ကြတာနော်…

မော့ကြည့်လိုက်ရာ စကြင်္န်လမ်းတစ်ခုလုံးရှိ လူနာခန်းတံခါးဝတိုင်းမှာ လူများပြည့်နှက်နေတော့သည်။ ညဉ့်နက်သန်းခေါင် အချိန်ဖြစ်ပြီး အားလုံးသည် လူနာများ ဖြစ်ကြသော်လည်း ပွဲကြည့်ချင်သည့် စိတ်အားထက်သန်မှုကိုမူ အနည်းငယ်မျှပင် မထိခိုက်စေဘဲ တစ်ယောက်ချင်းစီမှာ အတော်လေးကို စိတ်လှုပ်ရှားနေကြ၏။

ဘာပဲဖြစ်ဖြစ် ‘မစင်ချက်တယ်’ ဆိုတဲ့ကိစ္စမျိုးက တစ်ခါမှ မကြားဖူး မမြင်ဖူးတဲ့ ထူးထူးဆန်းဆန်း ကိစ္စကြီး မဟုတ်လား…

ဘေးနားရှိ ချန်ရိကျွင်း၏ အိမ်နီးနားချင်းများသည်လည်း အလွန် ဒေါသထွက်နေပြီး

"အဒေါ်ကြီး ခင်များကမှ တကယ်ကို ဖြောင့်မတ်မှန်ကန်ပြီး အမှန်အတိုင်း ပြောရဲတာပဲ... တကယ်ပါ၊ ခင်ဗျားတို့ မသိလို့၊ ကျွန်တော်တို့ တော်တော် ဒုက္ခရောက်ခဲ့ရတာ။ နေ့တိုင်း အဲဒီအနံ့ဆိုးကြီးက နှာခေါင်းထဲ ဝင်လာတာ ခေါင်းကို ကိုက်နေတာပဲ… ကျွန်တော်တို့က သူတို့ကို ဆေးပြောင်းလို့ရမလားလို့ ညှိနှိုင်းတာကို သူတို့က မလုပ်ဘူးတဲ့... ဒီဆေးကမှ အာနိသင်ရှိတယ်လို့ ဇွတ်ပြောနေတာ... ခင်များတို့ပြောကြည့်၊ ဒါ တမင်သက်သက် လုပ်တာ မဟုတ်ဘူးလား... တမင် ကျုပ်တို့ကို နှိပ်စက်နေတာမလား..."

အဘွားကြီးကျောက်မှာ စာနာစိတ်ဖြင့်

"နင်တို့ တကယ့်ကို သနားဖို့ကောင်းပါတယ်"

"ကျွန်တော်တို့လည်း လူကို တမင် တွန်းချတာ မဟုတ်ပါဘူး၊ တကယ်ကို မတော်တဆဖြစ်သွားတာ… ရန်ဖြစ်တော့ အပြန်အလှန် တွန်းထိုးကြရင်းနဲ့ ဘယ်သူက တမင် လူသတ်မလဲဗျာ... ကျွန်တော်တို့လည်း မကျေနပ်ဘူး၊ နေ့တိုင်း တစ်ကိုယ်လုံး အနံ့အသက်တွေ စွဲနေလို့၊ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို ချီးတွင်းထဲ ပြုတ်ကျလာတာလားလို့ တောင် သံသယဝင်နေကြပြီ..."

"အာ၊ တော်တော် သနားစရာကောင်းတာပဲ"

အဘွားကြီးကျောက်သည် ချန်ရိကျွင်းကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကာ လှောင်လိုင်၏။

"နင်တို့မိသားစုက တကယ်ကို လူမဆန်ဘူး..."

"မင်း ပါးစပ်ပိတ်ထားစမ်း"

"ငါက မပိတ်ဘူး၊ နင်က လာအမိန့်ပေးရအောင် ဘာကောင်မို့လို့လဲ... နင်က လူစွာလုပ်လှချည်လား၊ ဘာလဲ... ကိုယ်က ကောင်းကောင်း မပျံသန်းနိုင်တာကို အတွင်းခံဘောင်းဘီ လေတိုးလို့လို့ အပြစ်ပုံချမလို့လား... နင် ချန်ရိကျွင်းက ဘာကောင်မို့လို့လဲ... ဒီလောက်တောင် လာပြီး ဆရာကြီးလုပ်ပြီး သူများကိစ္စ ဝင်ပါနေရတာလဲ..."

"မင်း.. စုန်းမကြီး"

"နင် အမှိုက်ကောင်..."

"မင်းက လူမဟုတ်ဘူး"

"နင် လူရာမဝင်တဲ့အကောင်..."

နှစ်ယောက်သား ထပ်ပြီး ရန်ပွဲ စတင်ကြပြန်သည်။

သူတို့နှစ်ယောက် ဤသို့ ငြင်းခုံနေကြသည်ကိုကြည့်ပြီး လူတိုင်းသည် ချန်ရိကျွင်းအပေါ် အထင်သေးသော မျက်လုံးများဖြင့် ကြည့်ကြ၏။ ယောကျ်ားနှင့် မိန်းမ တန်းတူညီမျှသည်ဟု ဆိုသော်လည်း ကိစ္စအပေါ်တွင်မူ မူတည်သေးသည်။

ဘာပဲဖြစ်ဖြစ် နင်က ယောကျ်ားရင့်မကြီး ဖြစ်ပြီး အဘွားကြီးတစ်ယောက်နဲ့ ကလေးကလား ရန်ဖြစ်နေတာဆိုတော့……

ယုတ္တိရှိရှိ မရှိရှိ နင်ပဲ မှားတယ်လို့ မြင်ကြပြီး လူတွေက ပိုလို့တောင် အထင်သေးကြဦးမယ်…

ဤအတွေးသည် ‘အမျိုးသမီးတွေဆိုရင် အိမ်မှုကိစ္စ လုပ်ရမယ်’ ဟူ၍ တွေးကြသကဲ့သို့ အစွဲတစ်ခုပင် ဖြစ်သည်။

ဘာပဲဖြစ်ဖြစ်၊ အထင်သေးတာတော့ အမှန်ပဲ...

လူတိုင်း၏ မျက်လုံးများသည် ဓားကဲ့သို့ စူးရှနေ၏။

ချန်ရိကျွင်းမှာ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ရင်နေပြီး၊ ဤ အဘွားကြီးကျောက်သည် တကယ့်ကို ကံဆိုးမကြီးဖြစ်ပြီး သူမနှင့် ပတ်သက်မိလျှင် ဘာတစ်ခုမှ ကောင်းလာမည်မဟုတ်ဟု ခံစားရသည်။

ကြည့်စမ်း၊ ကြည့်စမ်းဦး၊ ဒါ ဘာကိစ္စလဲ...

သူ့ရဲ့ ကောင်းမွန်လှတဲ့ ဂုဏ်သိက္ခာလေးတော့ ပျက်စီးပါပြီ…

"ရဲဘော်တို့၊ လမ်းနည်းနည်း ဖယ်ပေးပါဦး"

ချန်ရိကျွင်း ထပ်ပြီး ရန်ဖြစ်ချင်သေးသော်လည်း ဝေရှု့ဖန်းကို ဘီးတပ်ကုတင်ဖြင့် တွန်းထုတ်လာခဲ့ပြီ ဖြစ်၏။

"ခြေထောက် ကျိုးသွားတယ်၊ လူနာက ဆေးရုံတက်ဖို့ စာရွက်စာတမ်းတွေ လုပ်ပြီးပြီဆိုတော့ လူနာဆောင်ထဲ တွန်းရွှေ့လိုက်ပါမယ်"

တော်တော်လေးကို တိုက်ဆိုင်လွန်းလှသည်။

ဝေရှု့ဖန်းနှင့် ဝမ်ကျန့်ကော်က လူနာခန်းတစ်ခုတည်း ဖြစ်နေ၏။

အဘွားကြီးကျောက် : "ရေစက်ပဲဟေ့..."

အခြားလူများ : "……"

ဒါက ဘာမင်္ဂလာရှိတဲ့ ရေစက်လဲဗျာ…

ချန်ရိကျွင်းမှာ တစ်ကိုယ်လုံး နုံးချိနေသည်ဟုသာ ခံစားနေရပြီး အဘွားကြီးကျောက်ကို စူးစူးဝါးဝါး တစ်ချက်စောင်းကြည့်ကာ

"တော်ပြီ၊ ကျုပ်က ခင်များလိုလူမျိုးနဲ့ အဆင့်အတန်းချင်း တူအောင် လိုက်မပြောချင်တော့ဘူး"

အဘွားကြီးကျောက် : "နင်က ပြောတော့ ငါက နင်နဲ့ လိုက်ပြောချင်နေတာကျလို့"

သူမသည်လည်း မျက်စောင်းထိုးပြလိုက်သည်။

ဝမ်မေလန်ခမျာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်မိလေ၏။

"ဒီတရုတ်ဆေးက တကယ်ပဲ အဲဒီလောက် အနံ့ပြင်းတာလား...”

ခုနတင် အဘိုးကြီးကျန်း သူတို့ကို ညွှန်းဆိုခဲ့သေးတယ် မဟုတ်လား..

အဘွားကြီးကျောက် စကားဖြတ်ပြောကာ

"သေချာတာပေါ့၊ နင်လည်း မသိတာ မဟုတ်ဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် ရှီကျန့်ရှန်း ဆေးပြုတ်တုန်းက အနံ့ ဘယ်လောက်ပြင်းလဲဆိုတာ နင်က ကိစ္စပြီးတာနဲ့ မေ့သွားပြီလား..."

ဝမ်မေ့လန် : "……"

သေချာ ပြန်စဉ်းစားကြည့်လျှင်…

မမေ့သေးတာ အမှန်ပဲ... ဒီလောက်ဆိုးဝါးတာကြီးကို ဘယ်သူက မေ့မှာလဲ…

ဝမ်မေ့လန် : "ဒါဆို ဘယ်လိုလုပ်ရမလဲ..."

သို့သော်လည်း အစောပိုင်းမှ အတင်းအဖျင်း စကားများကို သူမနားထောင်လိုက်ရသရွေ့မူ ဤတရုတ်ဆေးသည် အနံ့ပြင်းသော်လည်း အာနိသင် ရှိပုံရသည်။

အဲဒါဆိုရင်လည်း တော်သေးတာပေါ့၊ သူတို့ဝင်းထဲက အိမ်နီးနားချင်းတွေက လူကောင်းတွေဆိုတော့ စိတ်ထဲထားမှာ မဟုတ်ပါဘူးနော်...

စိတ်ထဲမထား…… လောက်ဘူးမလား...

ဝမ်မေ့လန်တစ်ယောက် ဝေခွဲမရ ဖြစ်သွား၏။

သို့သော် အခြားလူများခမျာ ကြောက်လန့်တုန်လှုပ်သွားကြသည်။

နေပါဦး၊ နင်က ဝင်းထဲမှာ ဆေးပြုတ်ဖို့ စိတ်ကူးနေတာလား...

သေစမ်း……

ဒီအနံ့ကြီးက……

ချန်ရိကျွင်းတို့ လင်မယားကို ပြန်

ကြည့်လိုက်ဦး၊ သူတို့တောင် ဒီကိစ္စကြောင့် ဒီလောက်အထိ ရိုက်ပုတ်ကြရတာဆိုတော့ အနံ့က ဘယ်လောက်တောင် ပြင်းထန်မလဲဆိုတာ သိသာလှနေတာကို…

သောက်ကျိုးနည်း.. အဲဒါဆိုရင် နစ်နာမယ့်သူက သူတို့လို အိမ်နီးနားချင်းတွေပဲ မဟုတ်လား...

အမယ်လေး…တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာပဲ...

"ငါ့အမြင်တော့ ဆေးတွေကို စည်းကမ်းမရှိ လျှောက်မသောက်သင့်ဘူး၊ ဆရာဝန်ပြောတာကိုပဲ နားထောင်ပြီး ဆေးရုံမှာ ကောင်းကောင်း အနားယူတာက ပိုကောင်းပါတယ်"

"ကျွန်တော်လည်း အဲလိုပဲ ထင်တယ်၊ ဆေးရုံမှာပဲ နေတာ အကောင်းဆုံးပဲ၊ အဲဒီလျှောက်စပ်ထားတဲ့ဆေးတွေကိုတော့ သတိထားရမယ်၊ အာနိသင် ရှိချင်မှ ရှိမှာ..."

"ဟုတ်တယ်၊ ဟုတ်တယ်”

လူတိုင်းသည် ဝမ်မေ့လန်၏ စိတ်ကူးကို ဖျက်ဆီးပစ်ရန် အစွမ်းကုန် ကြိုးစားနေကြပြီး၊ ဝမ်မေ့လန်မှာမူ ခေါင်းငုံ့ထားကာ ဘာတွေ တွေးနေမှန်းမသိနိုင်အောင် ငေးငိုင်နေတော့သည်။

အိမ်နီးနားချင်းများသည် ချက်ချင်းပင် အဘိုးကြီးကျန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြ၏။

အားလုံးက နင့်ကြောင့်ပဲ၊ ဒါကို ဘာလို့ လာပြောရတာလဲ...

ဒေါသမီးပွါးများမှာ တဖျတ်ဖျတ် တောက်လောင်နေသည်။

အဘိုးကြီးကျန်း : "……"

ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ချေ။

အကယ်၍ ဝမ်မေ့လန်တစ်ယောက် ဝင်းထဲတွင် ဆေး တကယ်ပြုတ်မည်ဆိုလျှင် သူသည်ကား ကိုယ့်သေတွင်းကိုယ် တူးမိသွားမည်သာ…

ပါးစပ်မဆော့သင့်ခဲ့ဘူး…

"ခင်များတို့ အသံနည်းနည်း တိုးလို့မရဘူးလား... ငါ့မိန်းမ အနားယူရဦးမယ်၊ ခင်များတို့က ဘယ်လိုလူတွေလဲ မသိဘူး… ကိစ္စမရှိရင် ဒီမှာ လာပြီး လူရှုပ်မနေနဲ့၊ အမြန် သွားကြတော့..."

ချန်ရိကျွင်းသည် လူစုခွဲရန် စတင်နှင်ထုတ်တော့သည်။

အဘွားကြီးကျောက် : "အလို၊ ရန်မနိုင်တော့ အခုလို ပုံစံမျိုး လုပ်နေတာ၊ တော်တော် မနောပျက်ဖို့ကောင်းတယ်"

"ခင်များတို့ သွားမှာလား မသွားဘူးလား၊ သူနာပြု.. သူနာပြုဆရာမလေး၊ သူတို့ကို နှင်ထုတ်ပေးပါဦး၊ လူနာ အနားယူတာကို နှောင့်ယှက်နေလို့"

သူနာပြုဆရာမလေး : "……"

ဒီအလုပ် လုပ်ရတာ တကယ်မလွယ်ပါလား… အချို့ကလည်း ကြည့်ချင်ကြတယ်၊ အချို့ကလည်း နှင်ထုတ်ခိုင်းတယ်၊

သူမ တကယ် ခေါင်းခဲနေရပြီ..

သို့သော် သူမသည် ချက်ချင်း ရှေ့သို့တက်ကာ

"ဦးလေးတို့ ဒေါ်ဒေါ်တို့ရှင့်၊ ညဉ့်လည်း နက်နေပြီဆိုတော့ လူနာက အနားယူဖို့ လိုအပ်ပါတယ်……"

မာကျန့်ယီ ချက်ချင်းပင် အာမခံလိုက်ကာ

"ကျွန်တော်တို့ အခုပဲ ပြန်ပါတော့မယ်”

သူသည် အဘွားကြီးကျောက်ကို လှမ်းဆွဲလိုက်၏။

ဒီအဘွားကြီးက ပြဿနာရှာတဲ့နေရာမှာ ထိပ်ဆုံးက မဟုတ်လား..

မာကျန့်ယီခမျာ အဘွားကြီးကျောက်ကို ဆွဲရင်း အော်ပြောလိုက်လေသည်။

"သွားကြစို့၊ အားလုံး ပြန်ကြရအောင်၊ သူတို့ အလုပ်လုပ်တာကိုလည်း မနှောင့်ယှက်ပါနဲ့၊ သူနာပြုဆရာမလေးလည်း မလွယ်ရှာပါဘူး"

"ကောင်းပြီ..."

အဘွားကြီးကျောက်မှာ ပွင့်လင်းပြတ်သားသူ ဖြစ်သဖြင့် သူမ မထွက်ခွာမီ ချန်ရိကျွင်းကို စောင်းမြောင်းကြည့်ကာ ပြောလိုက်၏။

"အကျင့်မကောင်းတဲ့ကောင်၊ နင် ရန်ဖြစ်မနိုင်တော့မှ အဲဒီကောင်မလေးကို အကြောင်းပြနေတယ်၊ သတ္တိရှိရင် အချီသုံးရာလောက် ဆက်ချကြတာပေါ့..နောက်တစ်ခါ တွေ့ရင် ထပ်ချမယ်..."

ချန်ရိကျွင်း : "သွားစမ်းပါ၊ ရှူးရှူး ဝေးဝေးသွား"

"အဘိုးကြီး သောက်အကျင့်ပုပ်၊ မိန်းမလုပ်စာစားတဲ့ကောင်.. ပိုင်းလုံး..."

အဘွားကြီးကျောက်သည်လည်း အလျော့မပေးဘဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ ခါးထောက်ကာ အောင်ပွဲခံသည့် ပုံစံဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ထွက်ခွာသွားတော့သည်။

မာကျန့်ယီ ချွေးများကို သုတ်ရင်း ‘ဒီအဘွားကြီးကတော့ သွားလေရာနေရာတိုင်း ပြဿနာရှာတတ်ပါလား’ဟု ရေရွတ်မိ၏။

တကယ်ကို မျက်နှာပျက်ဖို့ကောင်းလိုက်တာ...

ဒီဝင်းကြီးရဲ့ ဝင်းတာဝန်ခံအလုပ်ကို ဘယ်အချိန်မှ သူများလက်ထဲ လွှဲပေးနိုင်မှာလဲ... စိတ်ပျက်နေပါပြီ.. ကျုပ်တကယ် စိတ်ပျက်နေပါပြီ..

တကယ့်ကို သိက္ခာကျလွန်းလှသည်။

မာကျန့်ယီတစ်ယောက် အလွန် စိတ်ပျက်အားငယ်နေရ၏။

အခြားဝင်းများတွင် တစ်နှစ်ပတ်လုံး မည်သည့်ပြဿနာမှ မရှိသော်လည်း၊ သူတို့ဝင်းကြီးမှာ အပြင်ထွက် အိမ်သာသွားပြီး ပြန်လာရုံဖြင့် ဝင်းထဲမှ နောက်ဆုံး ပေါ်ပြူလာအဖြစ်ဆုံး အကြောင်းအရာကို လိုက်မမီတော့သည့်အထိ ဖြစ်တတ်သည်။

ဒီလောက်အထိ အဓိပ္ပာယ်မရှိတာ...

ပြဿနာတွေက များလွန်းလှချည်လား…

ပြဿနာရှာတဲ့ လူတွေကလည်း များလွန်းလိုက်တာ..

ဩော်၊ အဘွားကြီးကျောက် တစ်ယောက်တည်းတင် လူတစ်ဆယ်စာလောက် ရှိနေတယ်…

စိတ်ညစ်ဖို့ကောင်းလိုက်တာ...

မာကျန့်ယီတစ်ယောက် ‘ဝင်းကြီးကို ဘယ်လိုလုပ်ပြီး ပိုတည်ငြိမ်အေးချမ်းအောင် လုပ်ရမလဲ’ ဟု စိတ်ပျက်လက်ပျက် တွေးတောနေစဉ်၊ အဘွားကြီးကျောက်သည် တတွတ်တွတ်နှင့် ထပ်မံ ပြောဆိုလာပြီး အဘိုးကြီးကျန်းကို အပြစ်တင်တော့သည်။

"အဘိုးကြီးကျန်း၊ နင်က တကယ်ကို ပါးစပ်သရမ်းတာပဲ၊ နင် ကောင်းကောင်းမွန်မွန် ရှိနေတာကို ဘာလို့ အဲဒီတရုတ်ဆေးအကြောင်း သွားပြောရတာလဲ... အနံ့ ဘယ်လောက်ပြင်းလဲ နင်မသိဘူးလား... နင်ကိုယ်တိုင်ကတော့ စတုတ္ထဝင်းမှာ နေတာ၊ ငါတို့က ဒုတိယမြောက်ဝင်းလေ၊ အရှေ့ဝင်းနဲ့ ကပ်နေတာ၊ အဲဒီအချိန်ကျရင် အဲဒီအနံ့ဆိုးကြီးက ငါတို့ကို မွန်းကြပ်မသေစေနိုင်ဘူးလား... နင်က ကောင်းတဲ့အကြံဉာဏ်လေး မပေးနိုင်ဘူးလား... တကယ်ပဲ စိတ်ပျက်ဖို့ကောင်းတယ်"

"ဟုတ်တယ် ဒီကိစ္စမှာတော့ ကျွန်တော် ဒေါ်လေးကျောက်ဘက်က ရပ်တည်တယ်၊ အဲဒီတရုတ်ဆေးရဲ့ အနံ့က ချီးတွင်းထဲမှာ စိမ်ထားသလိုပဲ၊ တော်တော် ပြင်းတာ.. ခင်များ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ... ကျုပ်တို့ကို ဒုက္ခရောက်အောင် လုပ်နေတာလား"

ယခုတစ်ကြိမ်တွင်မူ အဘိုးကြီးကျန်းမှာ ရှားရှားပါးပါး ရန်စကားမဆိုနိုင်ရှာဘဲ စိတ်ညစ်ကာ သေလုမတတ် ပုံစံမျိုးဖြင့်

"ငါက သူ့ကို နှစ်သိမ့်ပေးချင်ရုံတင်ပါ၊ ဒီပစ္စည်းက အနံ့ပြင်းတာကို မေ့သွားလို့။ နေပါဦး၊ သူ့အိမ်က ဆေးအားလုံးက အနံ့ရှိနေတာတော့ မဟုတ်လောက်ပါဘူးနော်..."

"အဲဒါကို ဘယ်သူက အာမခံနိုင်မှာလဲ..."

"ဟုတ်ပ... ကြည့်လေ၊ အဘွားကြီးရှီ ရဲ့ တစ်ခေါက်တုန်းကလည်း အနံ့ အရမ်းပြင်းတယ်၊ အခု သူတို့အိမ်ကလည်း အနံ့ အရမ်းပြင်းတယ်၊ ဒီလိုအရာမျိုးကို နင်က စွန့်စားရဲလို့လား..."

"ဟူး..."

ပြင်းထန်လှသည့် သက်ပြင်းချသံများ ထွက်ပေါ်လာပြီး အားလုံးမှာ တကယ်ကို ထိတ်လန့် စိုးရိမ်နေကြ၏။

ယခုအချိန်တွင် နွေရာသီ ဖြစ်သဖြင့် နေထွက်ချိန် စောလှပြီး၊ လမ်းပေါ်တွင် လမ်းမ တံမြက်စည်းလှည်းနေသူများ ရှိနေပြီဖြစ်၍ လမ်းပေါ်ရှိ လူအုပ်ကြီးကို သူတို့မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။

လမ်းမသန့်ရှင်းရေး အလုပ်သမား : “……"

အမလေး... မနက်အစောကြီး ရှိသေးတာ၊ ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ..."

ဝင်းထဲက လူအုပ်ကြီး : “……"

အမလေး... မနက်အစောကြီး ရှိသေးတာ၊ တံမြက်စည်းလှည်းတာ တော်တော် စောတာပဲ၊ မလွယ်ပါလား..

လူတိုင်း ကိုယ်စီကိုယ်ငှ ခံစားချက်မျိုးစုံ ရှိနေကြသော်လည်း အချိန်ဆွဲမနေဘဲ တစ်ယောက်ပြီးတစ်ယောက် လေးလံသော ခြေလှမ်းများဖြင့် အိမ်ပြန်ခဲ့ကြသည်။ တစ်ဦးတည်းသော ခြေလှမ်းမလေးလံသူမှာ ယွမ်ရှောက်ချွေ ဖြစ်ပြီး၊ သူမသည် မည်သို့ပင်ဖြစ်ဖြစ် ကျေးလက်သို့ ဆင်းရတော့မည် ဖြစ်၍ ညှီစော်နံလှသော အနံ့ဆိုးကြီးကို ရှူရှိုက်နေစရာ မလိုတော့ချေ။ ဤသို့ ပြောရလျှင် ယွမ်ရှောက်ချွေဟူသော သူမမှာ တကယ့်ကို ကံကောင်းသည်ဟု ဆိုရမည်။

ယွမ်ရှောက်ချွေသည် မနက်ဖြန်ဆိုလျှင် ကျေးလက်သို့ ထွက်ခွါတော့မည်ဖြစ်ပြီး၊ ကျောက်ရုံမှာ သူမကို အရိုးထဲမှ နာကျည်းနေသဖြင့် သေချာပေါက်ပင် လွှတ်ပေးရန် စိတ်ကူးမရှိချေ။ အချိန်တစ်ရက်သာ ကျန်တော့သော်လည်း ကျောက်ရုံ ပြဿနာရှာရန် ကြံစည်နေဆဲ ဖြစ်၏။ ရှန့်ရှန့်သည် ကူညီရန် ငြင်းဆန်သဖြင့် သူမ အခြားနည်းလမ်းကို စဉ်းစားရတော့သည်။

ယွမ်ရှောက်ချွေသည် မောက်မာပြီး ဦးနှောက်မရှိသူဖြစ်သော်လည်း မိန်းကလေး ငယ်ငယ်နုနုပျိုပျိုလေးဖြစ်ရာ၊ အလကားကျွေးသည့် မုန့်ကို ငြင်းဆန်မည့်သူ ရှိလိမ့်မည်ဟု ကျောက်ရုံ မယုံကြည်ချေ။

အနည်းဆုံးမူ ကျန်းမိသားစုသားအဖနှစ်ယောက်သည် ငြင်းမည်မဟုတ်ပေ။ အကျင့်စာရိတ္တ မကောင်းသည့် ဤသားအဖနှစ်ယောက်၏ စရိုက်ကို ကျောက်ရုံ အတော်လေး နားလည်ထား၏။ သူမအနေဖြင့် ၎င်းတို့အား ဤအခွင့်အရေးကို ပေးနိုင်ရုံသာမက ဤကိစ္စကို အသုံးချ၍ ၎င်းတို့အား မိမိစိတ်ကြိုက် ခိုင်းစေရန်ပါ ချုပ်ကိုင်ထားနိုင်သည်။

ထို့ကြောင့် သူမ သေချာပေါက် ပြဿနာရှာရမည်။

မဟုတ်လျှင် သူမ စိတ်ထဲရှိ ဒေါသ ပြေပျောက်မည် မဟုတ်ချေ။

ယွမ်ရှောက်ချွေသည် ကြီးကြီးမားမား ကိစ္စရပ်များကို လုပ်ဆောင်ခဲ့ခြင်း မရှိသော်လည်း ကျောက်ရုံအတွက်မူ အမုန်းဆုံးလူ ဖြစ်နေသည်။

ဘယ်သူက သူ့သရုပ်မှန်ကို ဖော်ထုတ်ခိုင်းလို့လဲ၊ ဘယ်သူက သူမကို ယွမ်ဟောက်မင် သမီး ဖြစ်ခိုင်းလို့လဲ…

ယွမ်ရှောက်ချွေဆိုတဲ့ ခွေးမလေးက သူမ ကျောက်ရုံကို စိတ်မချမ်းသာအောင် လုပ်ခဲ့တာ… သူမကို ကြွေးတင်နေတာ…

သို့သော် မထင်မှတ်ထားခဲ့သည်မှာ သူတို့ဝင်းထဲတွင် သူခိုးဝင်သွားခဲ့သည်။

ဤသူခိုးဝင်သည့် ကိစ္စ ပေါ်လာသည်နှင့် ကျောက်ရုံတစ်ယောက် ကလိမ်ကကျစ် အကွက်များ ဆင်၍ မရတော့ပေ။ ဆိုရသော် လူတိုင်း၏ အာရုံစိုက်မှုသည် သူတို့ဝင်းဆီသို့ ရောက်ရှိနေပြီး၊ ရဲစခန်းသည်လည်း သူခိုးကိစ္စကို စုံစမ်းစစ်ဆေးရန် သေချာပေါက် အိမ်တိုင်ရာရောက် လာဦးမည် ဖြစ်၏။ ယခုအချိန်တွင် ထွက်ပြီး တစ်ခုခု လုပ်မည်ဆိုပါက မိမိကိုယ်ကို ဖော်ကောင်လုပ်သည်နှင့် အတူတူပင်။

ကျောက်ရုံမှာ ဒေါသထွက်လွန်း၍ အံကို ကြိတ်ကာ နေနေရ၏။

သည်းခံရုံမှတစ်ပါး အခြားမရှိ...

အခြေအနေကို မသိသူများဆိုလျှင် သူမ ဘယ်လောက်တောင် မတရား အနိုင်ကျင့်ခံထားလေသနည်း ဟု မေးခွန်းထုတ်မိကြလိမ့်မည်။

ကျောက်ရုံကိုယ်တိုင်လည်း စိတ်ထဲတွင် အလွန် ဝမ်းနည်းနာကျည်းနေရသော်လည်း ယခုအချိန်သည် လျှောက်လုပ်ရမည့် အချိန်မဟုတ်မှန်း သဘောပေါက်၏။

ဒီသေချင်းဆိုးမလေးကို တကယ်ပဲအလကား အကျိုးအမြတ် ရစေခဲ့ပြီ..

တောက်... ချီးပဲ

ဤတစ်ညလုံးတွင် လူတိုင်း ပွဲကြီးပွဲကောင်းကို ဝအောင် ကြည့်လိုက်ရသည်။ ဝမ်ကျန့်ကော် ဒဏ်ရာရခဲ့ပြီး၊ ဝမ်မေ့လန်ခမျာ စိတ်ထိခိုက်ခဲ့ရ၏။

သို့သော်လည်း သူခိုးဝင်လာခြင်းအပေါ် ထပ်တူထပ်မျှ မုန်းတီးနေသူမှာ ကျောက်ရုံဖြစ်ပြီး၊ ဤသူခိုးများသည် သူမ၏ အစီအစဉ်များကို ဖျက်ဆီးပစ်ခဲ့ခြင်းတည်း….

ကျောက်ရုံသည် မျက်နှာပျက်ပျက်နှင့် ဆက်၍ ဟန်မဆောင်နိုင်တော့လုနီးပါး ဖြစ်နေသည်။

လူအုပ်ကြီးသည် ဝင်းထဲသို့ အတူတူ ပြန်လာခဲ့ကြသော်လည်း မိုးလင်းပေါက်လုနီးပါး ဖြစ်နေပြီဖြစ်၍ ဝင်းထဲတွင် ဆူညံမနေတော့ကာ ကိုယ်စီ အိမ်ပြန်ပြီး အနားယူကြတော့၏။

အဘွားကြီးကျောက် တံခါးကို ခေါက်ရင်း အော်နှိုးလိုက်သည်။

"ချွေးမရေ၊ တံခါးဖွင့်ပါဦး"

ချန်ချင်းယွီသည် အိပ်ရာမှထ၊ မျက်လုံးကို ပွတ်သပ်ကာ ဖိနပ်ကို တရွတ်တိုက်စီးရင်း တံခါးဝသို့ လာခဲ့၏။ အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့်

"ဟယ်၊ ငါ နင့်ကို ပြောရဦးမယ်၊ ငါ ဆေးရုံမှာ နင့်အဖေကို တွေ့ခဲ့တယ်အေ့”

ချန်ချင်းယွီ ချက်ချင်းပင် စိတ်ဝင်စားသွားပြီး၊ စောစောမှ အိပ်ချင်မူးတူး ဖြစ်နေသမျှ ကွယ်ပျောက်ကာ ချက်ချင်း မေးလိုက်သည်။

"သူ ဘာဖြစ်လို့လဲ... ကုလို့မရတဲ့ ရောဂါဆိုးကြီး ရသွားတာလား..."

မျှော်လင့်တကြီး ဇွတ်အတင်း မေးလိုက်ခြင်း ဖြစ်၏။

အဘွားကြီးကျောက် : “……”

"အ……အဲဒါတော့ မဟုတ်ပါဘူး"

ချန်ချင်းယွီ၏ စိတ်လှုပ်ရှားမှုများ ချက်ချင်းပင် လျော့ပါးသွားပြီး စိတ်ပျက်သွားတော့သည်။

အဘွားကြီးကျောက် : "……”

“နင်က သူ ကုလို့မရတဲ့ ရောဂါဆိုးကြီး ရမှာကို အရမ်း မျှော်လင့်နေပုံပဲ"

ချန်ချင်းယွီ ဂရုမစိုက်ဟန်ဖြင့်

"ဘယ်ကလာ၊ ကျွန်မက မကောင်းတာတွေ အများကြီး လုပ်ထားရင် အမြဲတမ်း ဝဋ်လည်ရမှာပဲ မဟုတ်လားလို့ တွေးမိလို့ပါ"

အဘွားကြီးကျောက် : "……”

ဒီလိုပြောနေတာတောင် မျှော်လင့်မနေဘူးလို့ ပြောသေးတယ်၊ ဒါက သိသာလွန်းနေတာပဲ... ဟုတ်တယ်၊ ဟုတ်တယ်... ညည်း မျှော်လင့်နေတာပါ…

အဘွားကြီးကျောက် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး

"သူ မဟုတ်ဘူး၊ နင့်ရဲ့ မိထွေးလေ၊ သူက……" ဟု ပြောကာ မျက်ခုံးပင့် မျက်စိမှိတ်ပြရင်း အဖြစ်အပျက်ကို တတွတ်တွတ် ပြောပြလေ၏။

ချန်ချင်းယွီ စိတ်ဝင်တစား နားထောင်ပြီးနောက် နှမြောတသစွာဖြင့် ပြောဆိုလိုက်လေသည်။

"ဒုက္ခရောက်ရတဲ့လူက ဘာလို့ ချန်ရိကျွင်း မဖြစ်ရတာလဲ..."

ယခုတစ်ကြိမ်တွင် အဘွားကြီးကျောက် နားမလည်နိုင်တော့ဘဲ လှိုက်လှိုက်လှဲလှဲ သိလိုစိတ်ဖြင့် မေးလိုက်၏။

"နင့်မိထွေးကလည်း နင့်အပေါ် မကောင်းဘူး မဟုတ်လား... နင်က သူ့ကို ပိုပြီး မုန်းရမှာ မဟုတ်ဘူးလား..."

ဤသို့ ပြောလာလျှင်မူ ချန်ချင်းယွီသဘောမတူချေ။

"ကျွန်မက တကယ်တော့ အဖေကို ပိုပြီး အထင်သေးတာ… ဝေရှု့ဖန်းက မကောင်းတာ မှန်ပေမဲ့ သူက ကျွန်မနဲ့ ဘာသွေးသားမှ မတော်စပ်ဘူး၊ သူ ကျွန်မကို မချစ်တာက သဘာဝကျပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း သူ့ကို မုန်းတာပဲ၊ အားလုံးက အတူတူပါပဲ.. ဒါပေမဲ့ ချန်ရိကျွင်းက ကျွန်မရဲ့ အဖေအရင်းလေ၊ အဖေအရင်း ဖြစ်ပြီးတော့ ဒီလောက်အထိ လုပ်နိုင်တယ်ဆိုရင် သူက လူကော ဟုတ်သေးရဲ့လား... ကျွန်မစိတ်ထဲမှာတော့ သူက ဝေရှု့ဖန်းထက် အဆတစ်သောင်းမက ပိုပြီး ရွံစရာကောင်းပြီး မုန်းဖို့ကောင်းတယ်.. ဒီအဘိုးကြီးက လုံးဝ လူကောင်းမဟုတ်ဘူး"

အဓိကအချက်မှာ ချန်ရိကျွင်းသည် သူမ၏ အဘိုးနှင့် အဘွားများကို အကြိမ်ကြိမ် အပြစ်ရှာ တိုင်တန်းရန် ကြံစည်ခဲ့ခြင်း ဖြစ်ပြီး၊ ဤအချက်သည် ချန်ချင်းယွီ ထိုလူကို ပိုမို နာကျည်းမုန်းတီးရသည့် အချက်ဖြစ်၏။

လူအိုနှစ်ဦး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခြင်းမှာ သူ၏ တိုင်တန်းရန် ကြံစည်မှုများနှင့် လုံးဝ မပတ်သက်ဘူးဟု ပြောရန် ခဲယဉ်းလှသည်။

မဟုတ်ရင် ကောင်းကောင်းမွန်မွန် အသက်ရှင်နေတာကို ဘယ်သူက သေချင်ပါ့မလဲ...

သူမ၏ အဘိုးနှင့် အဘွားများမှာ ဘာမဟုတ်သည့် ပြဿနာရပ်များတွင် ဝင်မပါတတ်သည့် ပညာတတ်လူတန်းစားများ ဖြစ်ကြသော်လည်း၊ ၎င်းတို့၏ နောက်ခံသမိုင်းကြောင်းသည် သာမန်မဟုတ်သည့်အပြင် နိုင်ငံခြားပညာတော်သင် အတွေ့အကြုံလည်း ရှိခြင်း၊ တက္ကသိုလ်ကထိကများလည်း ဖြစ်နေခြင်းတို့ကြောင့် ကျေးလက်သို့ အလုပ်ကြမ်းလုပ်ရန် အပို့ခံရမည့် အချက်အလက်များအားလုံးနှင့် ကွက်တိ ကိုက်ညီနေခဲ့၏။

၎င်းတို့မှာ ကျန်းမာရေးလည်းမကောင်းသဖြင့် ပင်ပန်းဆင်းရဲလှသည့် အလုပ်ကြမ်းလုပ်ရမည့် နေ့ရက်များကို မည်သို့မှ တောင့်ခံနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် လူအိုနှစ်ဦးမှာ အားလုံးလက်လျော့သည့်အနေဖြင့် ထွက်ခွါသွားကြခြင်းဖြစ်ပြီး အခြားနည်းလမ်းမရှိခဲ့ပေ။

ချန်ချင်းယွီသည် ချန်ရိကျွင်းကို အူလှိုက်သည်းလှိုက် ရွံရှာမုန်းတီးနေသဖြင့်

"ကျွန်မသာ တကယ်ပဲ နမိတ်ဆိုးဆိုရင် သူတို့ကို နေ့တိုင်း ကျိန်စာတိုက်နေမှာ"

အဘွားကြီးကျောက် : "……"

နင် သူတို့ကို အဆုံးစွန်ထိ မုန်းနေတာ ငါရိပ်မိပါတယ်အေ..

သူမ ချက်ချင်းပင် မျက်နှာလိုမျက်နှာရဖြင့်

"ဒါဆိုရင်လည်း နင်စိတ်ချလိုက်တော့၊ နောက်နောင် သူ့ကို တွေ့တဲ့အခါတိုင်း ငါ နှိပ်ကွပ်ပေးမယ်... လက်မပါရင်တောင် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပေးမယ်၊ နင် စောင့်ရုံသာ စောင့်ကြည့်နေလိုက်"

ချန်ချင်းယွီ ပြုံးလိုက်ပြီး အင်းဟု တစ်ချက် တုံ့ပြန်လိုက်သည်။

ချန်ချင်းယွီ : "ကောင်းပါပြီ..."

မိုးလင်းတော့မည်ကို မြင်လိုက်ရသဖြင့် ချန်ချင်းယွီ အဘွားကြီးကျောက်ကို မေးလိုက်၏။

"အမေ ခဏလောက် မှေးဦးမလား..."

အဘွားကြီးကျောက် ခေါင်းခါပြကာ

"အခုမှ အိပ်ရင် ဘာထူးမှာလဲ၊ မအိပ်တော့ဘူး.. အိပ်ပျော်သွားရင် အလုပ်နောက်ကျလိမ့်မယ်၊ ငါ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီးရင် သွားတော့မယ်"

ချန်ချင်းယွီ : "ခဏစောင့်ဦး"

သူမသည် အံဆွဲကို သွားမွှေနှောက်ပြီး

"ကျွန်မဆီမှာ နှမ်းသကြားခဲ ရှိတယ်၊ အမေ့အတွက် နည်းနည်း ယူသွားဦး"

ဤသည်မှာ ယခင်တစ်ခေါက် စျေးသည် အိမ်ရှင်မလေးထံမှ သူမ ဝယ်ထားခြင်းဖြစ်ပြီး ယခုထိ စားမကုန်သေးချေ။

အဘွားကြီးကျောက် : "ဟယ်၊ ဒါက ပစ္စည်းကောင်းပဲ"

သူမမှာ ဝမ်းသာအားရဖြင့်

"ဒီသကြားခဲက ဈေးမချိုဘူး၊ ကြည့်ရတာတင် အရသာရှိမယ့်ပုံပဲ.. ချွေးမရေ နင်စိတ်ချပါ၊ ငါက နင့်ဘက်ကပဲ။ နင် အရှေ့ညွှန်ရင် ငါ အနောက်မသွားဘူး.. နောက်နောင် နင့်အဖေနဲ့ တွေ့ရင် ပန်းပွင့်တွေ ဘာလို့ ဒီလောက် နီရဲနေရလဲဆိုတာ သူ သိစေရမယ် (သူ့ကို သွေးထွက်အောင်ရိုက်လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ပါ)"

ချန်ချင်းယွီ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြကာ သတိပေးလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ်တော့ ပြဿနာထဲ ပါမသွားစေနဲ့ဦး"

"ဒါကိုတော့ ငါနားလည်တာပေါ့၊ ငါက အဲဒီလောက်အထိ အူတူတူလေး ဟုတ်လို့လား... နင်သာ စိတ်ချ၊ ငါ အရှုံးမခံပါဘူး.. အော် ဒါနဲ့၊ မနေ့က အဲဒီခဲလုံးက……"

ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို လုံးဝ ဖုံးကွယ်မထားဘဲ

"ကျွန်မ ပစ်တာလေ၊ ဝမ်ကျန့်ကော် မတ်တတ်ရပ်နေတာကို သေချာချိန်ပြီး တမင်ပစ်လိုက်တာ၊ ဟွန်း…သူက ကျွန်မတို့မိသားစုကို ကလိမ်ကကျစ် လုပ်ချင်နေတာ မဟုတ်လား... ကျွန်မတို့ကလည်း သူ့ကို သင်ခန်းစာ နည်းနည်း ပေးရမှာပေါ့.. ကျွန်မ လူသတ်တာ၊ မီးရှို့တာတွေတော့ မလုပ်ရဲပေမဲ့ ဒီလို အကျင့်ပုပ်တဲ့ကောင်ကို သင်ခန်းစာပေးဖို့တော့ လုပ်ရဲတာပေါ့..ကျွန်မရဲ့ စရိုက်က သူတစ်ပါးက ကိုယ့်အပေါ် တစ်လက်မ ကောင်းရင် ကိုယ်က တစ်တောင် ပြန်ကောင်းတတ်တယ်၊ ဒါပေမဲ့ သူတစ်ပါးက ကိုယ့်အပေါ် အရင် စတင် ကြံစည်လာရင်တော့ သူက ပထမအဆင့် လုပ်ရဲရင် ကျွန်မကလည်း ဒုတိယအဆင့် တုံ့ပြန်ရဲတာပေါ့"

အဘွားကြီးကျောက် လက်မထောင်ပြကာ

"ဒီလိုလုပ်တာ အမှန်ပဲ၊ လူက ကြင်နာလွန်းရင် အနိုင်ကျင့်ခံရတတ်တယ်လေ”

အီးဟီး၊ သူမ အရင်တုန်းက ချွေးမကို တကယ်ပဲ အထင်သေးမိခဲ့တာပဲ..

ယခင်၌ မိမိမှာ ချွေးမဖြစ်သူအပေါ် အငြိုးအတေး ထားခဲ့မိသည်များကို ပြန်တွေးမိပြီး ယခုအခါ အဘွားကြီးကျောက်သည် ပို၍ပင် မြှောက်ပင့်ဖားယားလာတော့သည်။

ဘာပဲဖြစ်ဖြစ် မြှောက်ပင့်စကားဆိုတာ ဘယ်တော့မှ မရိုးနိုင်ဘူး မဟုတ်လား... မကြိုက်တဲ့သူ မရှိဘူး…

သူမသည် ချန်ချင်းယွီကို တကယ် မစော်ကားရဲတော့ပေ။

"ငါက ဘာပဲဖြစ်ဖြစ် နင့်ဘက်ကပဲ၊ တစ်ခုခုရှိရင် ငါ့ကိုသာ ခိုင်းလိုက်၊ ငါ သေချာပေါက် အရိုးကြေကြေ အရည်ခမ်းခမ်း လုပ်ပေးမယ်"

ချန်ချင်းယွီ : "ကျွန်မ သိပါတယ်၊ ကျွန်မတို့က တစ်ဖွဲ့တည်းပဲဥစ္စာ"

"ဟုတ်တယ်၊ ဟုတ်တယ်"

"အော် ဒါနဲ့၊ ငါ ဒီနေ့ ပြန်လာတော့ ကျောက်ရုံရဲ့ မျက်နှာအမူအရာကို မတော်တဆ မြင်လိုက်ရတယ်၊ သူ့မျက်နှာက တော်တော်လေး ပျက်နေတာ..နင်ပြောကြည့်၊ ဘာဖြစ်လို့လဲဟင်... ငါ ဘယ်လိုမှ စဉ်းစားလို့မရဘူး"

ချန်ချင်းယွီလည်း ခေါင်းခါပြကာ သူမလည်းမသိကြောင်း ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ကျွန်မတို့နဲ့ မဆိုင်တာပဲ"

"ဒါလည်း ဟုတ်တာပဲ"

နှစ်ယောက်စလုံးမှာ ဤစကားသည် မမှားဟု ခံစားလိုက်ရသည်။

"ထင်ရတာတော့ ယွမ်ရှောက်ချွေကြောင့်ပဲ ဖြစ်လိမ့်မယ်၊ မဟုတ်ရင် သူ့မှာ ဘာကိစ္စမကောင်းတာ ရှိဦးမှာလဲ... သမီးဖြစ်သူလည်း စာမေးပွဲ အောင်သွားတာပဲ"

"အဲဒါက စာမေးပွဲအောင်တာလား... အိပ်ရာထဲ ဝင်ပြီး အောင်လာတာလေ၊ ကျောက်ရုံကလည်း တကယ်ကို အံ့ဩစရာပဲ"

အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ မဲ့လိုက်၏။

ချန်ချင်းယွီ ပုခုံးတွန့်ပြလိုက်ကာ

"ဘာပဲဖြစ်ဖြစ် ယွမ်ရှောက်ချွေက ထွက်ခွာတော့မှာပဲ၊ ဒီနေ့ ဝင်းထဲမှာ ဆူညံနေမှာ သေချာတယ်၊ လူတွေ အများကြီးရှိနေတော့ ယွမ်ရှောက်ချွေလည်း အန္တရာယ်ရှိမှာ မဟုတ်ပါဘူး"

ချန်ချင်းယွီ ဤသို့ပြောရင်း ချက်ချင်းပင် အခြေအနေကို သဘောပေါက်သွားကာ

"ဟယ်၊ အမေ ပြောကြည့်၊ သူ စိတ်မချမ်းသာဖြစ်နေတာက မနေ့ညက သူခိုးဝင်တဲ့ ကိစ္စကြောင့် ဖြစ်နိုင်မလား... မနေ့ညက သူခိုးမိတော့ ဒီနေ့ ဝင်းထဲမှာ သေချာပေါက် ပွဲစည်နေမှာ၊ ပြီးတော့ ဒါက အားလုံးရဲ့ အာရုံစိုက်ရာ နေရာဖြစ်နေတော့ သူ ဘာလုပ်လုပ် မအောင်မြင်နိုင်တော့ဘူးလေ…အဲဒါကြောင့် သူမ စိတ်မကောင်းဖြစ်နေတာလား..."

"ဟယ်၊ ဖြစ်နိုင်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ဖြစ်နိုင်ခြေ ရှိတယ်..."

နှစ်ယောက်စလုံးမှာ အထင်သေးသောပုံစံဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။

သို့သော် မကြာမီမှာပင် အဘွားကြီးကျောက်မှာ ပြောလိုက်၏။

"ထားပါတော့အေ၊ ငါတို့နဲ့လည်း မဆိုင်ပါဘူး.. ယွမ်ရှောက်ချွေက ကံကောင်းသလို အနိုင်ကျင့်ခံမယ့် အကျင့်မျိုးလည်း မဟုတ်တော့ ဘာမှစိုးရိမ်စရာမရှိပါဘူး..ဘာပဲဖြစ်ဖြစ် သွားတော့မှာပဲဥစ္စာ"

"ဟုတ်ပါတယ်..."

နှစ်ယောက်စလုံး ယွမ်ရှောက်ချွေအတွက် သိပ်ပြီး စိတ်မပူကြချေ။

ချန်ချင်းယွီမှာ ယွမ်ရှောက်ချွေတစ်ယောက် တကယ်ကို ကံကောင်းခြင်း လက်ဆောင်အချို့ ရှိနေသည်ဟု လှိုက်လှိုက်လှဲလှဲ ချီးကျူးမိသည်။

အင်း.. ဉာဏ်နည်းနေတာကလွဲရင် ဇာတ်လိုက်မကံပါတာပဲ…

နှစ်ယောက်သား အိမ်ထဲတွင် ဟိုဟိုဒီဒီ အတင်းအဖျင်းများ ပြောနေကြစဉ်၊ လူအုပ်ကြီး ပြန်ရောက်လာပြီး လူတိုင်းလည်း အိပ်ရာမှ ထကုန်ကြပြီ ဖြစ်၏။ ရုတ်တရက်ဆိုသလို မျက်နှာချင်းဆိုင်အိမ်မှ စူးစူးဝါးဝါး ငိုယိုသံကြီး ထပ်မံပေါက်ကွဲထွက်လာပြန်သည်။

"မသက်တော့ဘူး၊ ကျွန်တော် မသက်တော့ဘူးဗျာ။ ကျွန်တော် ကျေးလက်မဆင်းချင်ဘူး... ကျေးလက်မဆင်းချင်ဘူးဆိုနေ……"

အော်ဟစ်ငိုယိုသံများမှာ မရပ်မနား ထွက်ပေါ်နေ၏။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ ချက်ချင်းပင် တံခါးဝသို့ ပြေးကြည့်ကြသည်။

ပြောရမည်ဆိုလျှင် ကလေးနှစ်ယောက်မှာ အတော်လေး အိပ်ပုပ်ကြီးလှ၏။

တစ်ညလုံး ဒီလောက် ဆူညံပွက်လောရိုက်နေတာတောင်… မနိုးကြဘူး…

ကလေးငယ်များမှာ ဘာမှမသိဘဲ အလွန် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ကြသည်။

ချန်ချင်းယွီတို့ ယောက္ခမနှင့် ချွေးမနှစ်ယောက်မှာ တံခါးဝတွင် ရပ်ရင်း၊ မျက်နှာချင်းဆိုင်အိမ်မှ ရှီရှောက်ဝေ ဒေါသတကြီး အော်ဟစ်ပေါက်ကွဲနေသည်ကို ကြည့်နေကြ၏။ ယနေ့သည် ကျေးလက်ဆင်းရန် အမည်စာရင်းပေးရမည့် နောက်ဆုံးရက် ဖြစ်သဖြင့် သူ မသွားချင်လည်း သွားရတော့မည်။ တွက်ကြည့်လျှင် သူတို့ဝင်းကြီးထဲတွင် သူနှင့် ယွမ်ရှောက်ချွေ နှစ်ယောက်တည်းသာ ကျေးလက်ဆင်းရခြင်း ဖြစ်သည်။

သူ့စိတ်ထဲတွင် မည်သို့ ခံသာပါမည်နည်း။

သူက ဘယ်အချိန်ကစလို့ ယွမ်ရှောက်ချွေလို လူစားမျိုးနှင့် အဆင့်အတန်း တူသွားရတာလဲ...

ပြီးတော့ သူ ကျေးလက်ဆင်းသွားရင် ဟောက်ရွှယ်နဲ့ ပို ဝေးကွာသွားတော့မယ်…

ရှီရှောက်ဝေတစ်ယောက် အိမ်တွင် သောင်းကျန်းနေလေသည်။

"ကျွန်တော် ကျေးလက်မဆင်းဘူး၊ လုံးဝ မဆင်းနိုင်ဘူး… အမေ၊ အမေက ကျွန်တော့်ကို အချစ်ဆုံးဆို... ကျွန်တော့်ကို အချစ်ဆုံးဆိုပြီး ကျွန်တော် ကျေးလက်ဆင်းရမှာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား..."

အစ်မကြီးဖန်လည်း မတတ်နိုင်တော့ဘဲ ငိုယိုရင်း ချော့မော့နေရ၏။

"သားရယ်၊ အမေက သားကို မချစ်လို့ မဟုတ်ပါဘူး.. ဒါပေမဲ့ သားမှာ အလုပ်မှမရှိတာ၊ ဘာလုပ်လို့ရမှာလဲ... နည်းလမ်းလေး တစ်ခုခုသာ ရှိရင် အမေ သားကို မလွှတ်ပါဘူး.. သား အခုလိုလုပ်နေတာ အမေ့ရင်ကို ဓားနဲ့မွှန်းနေသလိုပဲ သိရဲ့လား...”

ရှီရှောက်ဝေ : "ဒါဆိုရင် အမေ့အလုပ်ကို ကျွန်တော့်ကို ပေးလိုက်လေ၊ ကျွန်တော် အလုပ်ဆက်ခံမယ်။ ကျွန်တော် အလုပ်ရရင် ကျေးလက်ဆင်းစရာ မလိုတော့ဘူး"

ရှီရှောက်ဝေ.. သူ့ရဲ့ သရုပ်မှန်ကို ထုတ်ပြလိုက်ပြီ……

သူသည် ဤအလုပ်ကို လိုချင်နေခြင်း ဖြစ်သည်…

အစ်မကြီးဖန်တစ်ချက် မှင်တက်သွားပြီးနောက် ငိုယိုကာ ခေါင်းခါပြသည်။

"သားရယ်၊ အမေ့ကို အကျပ်မကိုင်ပါနဲ့... ဒီအလုပ်ကို သားကို ပေးလိုက်ရင် အိမ်က တခြားလူတွေ ငတ်သေကုန်ကြလိမ့်မယ်.. သား အခုမှ အလုပ်စဝင်ရင် ပိုက်ဆံ ဘယ်လောက်ရမှာမို့လို့လဲ... မိသားစုကို ကျွေးမွေးဖို့တောင် မလောက်ဘူး..အမေလည်း အခြားနည်းလမ်း မရှိလို့ပါ……"

"အမေက တကိုယ်ကောင်းဆန်တဲ့ မိန်းမ……"

သားအမိနှစ်ယောက် တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသဖြင့် ဝင်းထဲရှိ လူအတော်များများ ပွဲထွက်ကြည့်ကြသည်။ ကျေးလက်ဆင်းပြီး အခြေစိုက်ရသည့် ကိစ္စနှင့် ပတ်သက်၍ လူတိုင်း ကိုယ်စီ ခံစားချက် ရှိကြ၏။ အမှန်တကယ်တွင် လူတိုင်း အစ်မကြီးဖန်ကို နားလည်ပေးနိုင်ကြလေသည်။

သားကြီးကို ဘယ်လောက်ပဲ ချစ်ချစ်၊ တခြားလူတွေကိုတော့ အငတ်မခံနိုင်ဘူးလေ…

အကယ်၍ ရှီရှောက်ဝေသာ အလုပ်ကို ဆက်ခံလိုက်လျှင် သူတို့မိသားစု၏ နေ့ရက်များသည် အဒေါ်ကြီးမေ့တို့ မိသားစုထက်တောင် ပို၍ ဆိုးရွားသွားနိုင်ပြီး ဆင်းရဲမွဲတေမှုမျဉ်းအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။

မိသားစုတစ်ခုလုံးအတွက် အများအကျိုးကို ကြည့်ရမည်သာ…

လူတစ်ယောက်တည်းအတွက်နဲ့အခြားလူတွေအားလုံး အသက်မရှင်ဘဲ နေရမှာလား... လေပဲ ရှူနေရမလား...

သူတို့ ဆက်လက် ငြင်းခုံနေကြစဉ်၊ ချန်ချင်းယွီ သက်ပြင်းတစ်ချက်ချမိသည်။ ယခင်၌ ဝတ္ထုများထဲမှကဲ့သို့ ကျေးလက်ဆင်းရသည်မှာ အလွန်လွယ်ကူပြီး၊ ဇာတ်လိုက် တော်တော်များများသည် တိုက်ရိုက် ကျေးလက်ဆင်းသွားကြသည်ဟု ထင်ခဲ့သော်လည်း၊ ယခု လက်တွေ့ ကြုံတွေ့ရမှသာ ကျေးလက်ဆင်းရခြင်းသည် မည်မျှ ပင်ပန်းဆင်းရဲလှသည့် ကိစ္စဖြစ်ကြောင်း ခံစားမိတော့၏။

မိသားစုတိုင်းလည်း ဤကိစ္စကြောင့် အိမ်တွင်းရေးများ ရှုပ်ထွေးကုန်ကြရသည်။

မူလခန္ဓာကိုယ်ပိုင်ရှင် အလျင်အမြန် အိမ်ထောင်ပြုလိုက်ခြင်းသည် တကယ့်ကို အမြော်အမြင်ရှိသည့် လုပ်ရပ် ဖြစ်ခဲ့သည်ဟု ပြန်တွေးမိ၏။

"ကဲ၊ နင်ပဲ ပွဲဆက်ကြည့်တော့၊ ငါ အလုပ်သွားရမယ့် အချိန်ရောက်ပြီ"

အဘွားကြီးကျောက်သည် ယခင်၌ စိတ်ခံစားချက်ဖြင့်သာ အချိန်တွတ်ခဲ့သော်လည်း၊ ယခုအခါ အိမ်တွင် နာရီ ရှိနေပြီဖြစ်၍ အချိန်ကို စိတ်ဖြင့် ခန့်မှန်းစရာမလိုတော့ကာ၊ အလွန် အဆင်ပြေသွားခဲ့သည်။ အဘွားကြီးကျောက် အချိန်ကို ကွက်တိတွက်ပြီး အိမ်မှထွက်ခွာကာ၊ မထွက်ခွာမီ မှာကြားသွားခဲ့သေး၏။

"နင် ဒီနေ့ ငါးသွားမမျှားနဲ့ဦး၊ အိမ်မှာပဲ နေပြီး ပွဲကြည့်ထားဦး၊ ငါ အလုပ်ဆင်းလာရင် ငါ့ကို ပြန်ပြောပြဦး"

ချန်ချင်းယွီ : "……”

“အင်းပါ.. ဟုတ်ပါပြီ”

တကယ့်ကို ပွဲကြည့်ရတာ ဝါသနာပါလှသူပင်…

အဘွားကြီးကျောက် ထွက်သွားပြီးနောက် ချန်ချင်းယွီလည်း ပွဲမကြည့်တော့ချေ၊ သူမ မနေ့ညက ကောင်းကောင်းမအိပ်ရသဖြင့် အိမ်ထဲပြန်ဝင်ကာ တစ်ရေး ပြန်မှေးလိုက်၏။

ချန်ချင်းယွီသည် ကြက်ဥအချို့ကို ပြုတ်ပြီး ဗီရိုပေါ်တွင် တင်ထားခဲ့ကာ၊ သူမဘာသာ အိပ်ရာထဲ ဝင်သွားသည်။

ကလေးနှစ်ယောက် နိုးလာလျှင် သူတို့ဘာသာ အစားအစာ ရှာစားတတ်ကြ၏။

အခြားလူများ အလုပ်သွားနေကြချိန်တွင်၊ ချန်ချင်းယွီကဲ့သို့ အလုပ်မရှိသူမှာ နေမွန်းတည့်မှသာ အိပ်ရာမှ ထလာခဲ့သည်။

ဤမွန်းတည့်ချိန်၌ပင် အပြင်ဘက်တွင် ဆူညံနေဆဲ ဖြစ်ပြီး ယနေ့သည် တကယ့်ကို ပွဲစည်သည့် နေ့တစ်နေ့ ဖြစ်နေလေ၏။ ကလေးနှစ်ယောက်ဖြစ်သည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အဝတ်အစားများ အဆင်သင့် ဝတ်ဆင်ပြီး ပြတင်းပေါက်တွင် ကပ်ကာ ပွဲကြည့်နေကြသည်၊ အသက်ငယ်ငယ်လေးနှင့်ပင် အတွေ့အကြုံများစွာ မြင်တွေ့နေရရှာလေပြီ…

"မေမေ~ မေမေ နိုးပြီလား..."

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"နိုးပြီလေ”

ရှောင်ကျား၏ ပါးစပ်လေးမှာ တတွတ်တွတ်ဖြင့်

"မေမေ၊ အဘွားမေ့က မေမေ့ကို လာရှာသေးတယ်၊ ဒါပေမဲ့ မေမေ အိပ်နေလို့~~ အဘွားမေ့က စာရှိတယ်လို့ ပြောသွားတယ်"

ချန်ချင်းယွီ : "ရပါတယ်၊ အရေးကြီးတဲ့ ကိစ္စဆိုရင် သူ မေမေ့ကို နှိုးမှာပေါ့"

နေပါဦး.. စာ...ဘာစာလဲ...

ချန်ချင်းယွီ ထထိုင်လိုက်ပြီး၊ တစ်ရေး ပြန်မှေးလိုက်သဖြင့် လူက ပိုပြီး လန်းဆန်းသွားသည်။ သူမ ခေါင်းကို တစ်ချက်ခါလိုက်ပြီး ဆံပင်ကို ခပ်ဖွဖွလေး သပ်တင်ကာ အိမ်တံခါးကို ဖွင့်လိုက်၏။

ချန်ချင်းယွီ တံခါးဖွင့်လိုက်သည်နှင့် အဒေါ်ကြီးမေ့ ချက်ချင်း ရောက်လာပြီး

"ချင်းယွီလေး၊ မနက်ပိုင်းက စာပို့သမား လာသွားတယ်၊ နင့်ဆီကို စာတစ်စောင် ရောက်နေတယ်၊ နင် မနိုးသေးတာ မြင်လို့ ငါပဲ ကိုယ်စား လက်ခံပေးလိုက်တယ်၊ ရော့၊ ရော့"

ချန်ချင်းယွီ : "ကျွန်မဆီကို စာ... ကျွန်မမှာ တခြားဒေသက သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုး မရှိပါဘူး..."

သူမ အလွန် အံ့ဩသွားသည်။

အဒေါ်ကြီးမေ့ : "အရှေ့မြောက်ဘက်က ကျေးလက်တောရွာကနေ ပို့လိုက်တာ၊ နင့်အိမ်ဘက်မှာ ဆွေမျိုးမရှိဘူးလား..."

ချန်ချင်းယွီ ခေါင်းခါပြလိုက်၏။ သူမ၏ မိဘနှစ်ပါးစလုံးမှာ ပေကျင်းမြို့တော်၌ မွေးဖွားကြီးပြင်းသူများ ဖြစ်ကြပြီး၊ အဘိုးအဘွား၊ အဖေဘက် အဘိုးအဘွားများပင် အရှေ့မြောက်ဘက်သို့ တစ်ခါမှ မရောက်ဖူးကြချေ။ အရှေ့မြောက်ဘက်တွင် မည်သို့ ဆွေမျိုး ရှိနိုင်ပါမည်နည်း။

ချန်ချင်းယွီ စာအိတ်ကို နားမလည်နိုင်စွာဖြင့် လှမ်းယူလိုက်ပြီး၊ စာအိတ်ကို ကြည့်လိုက်မိသည်နှင့် နှုတ်ခမ်းထောင့်မှာ မသိမသာ တွန့်သွားတော့သည်။

"ဘာဖြစ်လို့လဲ..."

ချန်ချင်းယွီ၏ အမူအရာသည် ပြောရခက်နေပြီး အလွန်ပင် မယုံနိုင်

ဟန်ဖြင့် ခေါင်းမော့ကာ

"ဒါ ကျွန်မရဲ့ မိထွေးအိမ်က ပါလာတဲ့ အစ်မကြီး ရေးလိုက်တာ..."

"ဟင်..."

အဒေါ်ကြီးမေ့ : "အဲဒီ အိမ်ထောင်ရေး လိမ်လည်လှည့်ဖြားတဲ့ ယွီမေကျွမ်း လား..."

အိမ်ထောင်ရေး လိမ်လည်သူဟူသော ဂုဏ်သတင်းသည် အမှန်ပင် အကြီးအကျယ် ကျော်ကြားလှသည်။

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"သူမပါပဲ”

ချန်ချင်းယွီ နားမလည်နိုင် ဖြစ်သွားရကာ

"ကျွန်မတို့က ရင်းနှီးတာလည်း မဟုတ်ဘူး၊ ကျွန်မကို ဘာလို့ လာရှာတာလဲ..."

ချန်ချင်းယွီသည် သံသယစိတ်ဖြင့် စာအိတ်ကို ဖောက်လိုက်ကာ၊ ဖတ်ကြည့်လိုက်ပြီးနောက် တဟီးဟီး ရယ်မိတော့သည်။

အဒေါ်ကြီးမေ့ : "ဘာဖြစ်လို့လဲ..."

ချန်ချင်းယွီ စာအိတ်ကို ကိုင်ထားရင်း အမူအရာသည် ပြောရခက်သကဲ့သို့ အံ့ဩမှင်တက်နေသော်လည်း ပြောပြလိုက်၏။

"သူမက တကယ်ပဲ ကျွန်မရဲ့ ယောက္ခမကို အထင်ကြီးစရာ ပုဂ္ဂိုလ်ကြီးတစ်ယောက်လို့ ထင်နေတာပဲ"

အဒေါ်ကြီးမေ့ : ‘ဘာပါလိမ့်’

ချန်ချင်းယွီ မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး၊ လက်ကာပြကာ စာအိတ်ကို ကိုင်ရင်း အိမ်ထဲသို့ ဝင်လာခဲ့၏။

ယွီမေကျွမ်းကို ဘယ်လို စကားလုံးနှင့် ဖော်ပြရမှန်းပင် မသိတော့ချေ။

နည်းနည်းတော့ ဆွံအသွားရတာ အမှန်ပဲ..

ယွီမေကျွမ်း၊ တကယ့်ကို ထူးဆန်းအံ့ဩစရာကောင်းတဲ့ လူသားပါပဲ…

All Chapters