← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃) မမျှော်လင့်ဘဲ ကြားလိုက်ရခြင်း

ချန်ချင်းယွီသည် ယွီမေကျွမ်းတစ်ယောက် မိမိထံ စာရေးလိမ့်မည်ဟု စိတ်ကူးဖြင့်ပင် မတွေးဝံ့ခဲ့ပေ။

ပို၍ မမျှော်လင့်ထားမိသည်မှာ ယွီမေကျွမ်းသည် အဘွားကြီးကျောက်ကို သီးသန့်ပင် ဦးတည်ပြောဆိုခြင်း ဖြစ်သည်။ ၎င်းသည် အမှန်တကယ်ပင် ကျိုးကြောင်းဆီလျော်မှုနှင့် လုံးဝလွဲချော်နေသည့် ကိစ္စကြီး ဖြစ်၏။

ချန်ချင်းယွီသည် အလွန်အမင်း မယုံနိုင်စရာ ဖြစ်နေသည်ဟု ခံစားရသော်လည်း ဤစာမှာ မှားယွင်းရေးသားထားခြင်း မဟုတ်ပေ။ သူမသည် စာကို ဟိုလှန်သည်လှန်ဖြင့် သုံးကြိမ်တိုင်တိုင် ဖတ်ကြည့်ပြီးနောက်တွင်လည်း ယွီမေကျွမ်း၏ ဦးနှောက်တွေးခေါ်ပုံကို နားမလည်နိုင်သေးပေ။ ဤမိန်းကလေးမှာ အမှန်တကယ်ပင် ထူးဆန်းအံ့ဩဖွယ်ကောင်းလှသော လူသားတစ်ယောက်တည်း။

ချန်ချင်းယွီနှင့် ယွီမေကျွမ်းတို့၏ ဆက်ဆံရေးမှာ မကောင်းသည့်ဘက်သို့ ရှိနေသည်မှာ သေချာသည်။ သို့သော် ဤသို့သော အခြေအနေမျိုးတွင်ပင် ယွီမေကျွမ်းသည် စာရေးရဲသေးသည်မှာလည်း အမှန်တကယ်ပင် ရဲတင်းလွန်းလှ၏။

ချန်ချင်းယွီသည် မိမိကိုယ်မိမိ ပြဿနာရှာတတ်သူတစ်ယောက် ဖြစ်နေ၍ ဘေးပတ်ဝန်းကျင်တွင်လည်း ထိုသို့သောသူများသာ ရှိနေရော့သလားဟုပင် ခဏတာမျှ တွေးမိသွားသည်။ ထိုသို့မဟုတ်လျှင် ဤကဲ့သို့သော ကိစ္စမျိုး အဘယ်ကြောင့် ဖြစ်လာရသနည်း။

ဤကိစ္စသည် ယွီမေကျွမ်း ပြီးခဲ့သည့်အကြိမ် မိသားစုထံ အလည်ပြန်လာစဉ်ကစ၍ စတင်ခဲ့ခြင်း ဖြစ်၏။ သူမသည် ထိုစဉ်က အိမ်ထောင်ရေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး ကိစ္စမှာ မအောင်မြင်ခဲ့သော်လည်း ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အထိ ဂယက်ရိုက်သွားခဲ့သည့်အတွက် ယွီမေကျွမ်းအနေဖြင့် လုံးဝဖုံးကွယ်ထား၍ မရတော့ဘဲ သူမ ပြန်မရောက်ခင်မှာပင် သတင်းသည် ရွာသို့ ရောက်နှင့်နေပြီ ဖြစ်သည်။

၎င်းမှာ ကောင်းသောကိစ္စ မဟုတ်ပေ။ သူမရှိရာ ကျေးရွာအဖွဲ့အစည်း အတွက်လည်း အလွန်အမင်း မျက်နှာပျက်စရာ ကိစ္စတစ်ခု ဖြစ်သောကြောင့် ကျေးရွာအဖွဲ့ခေါင်းဆောင်နှင့် ရွာသားများသည် သူမအပေါ် ထားရှိသည့် သဘောထားမှာ မကောင်းကြတော့ပေ။ သူမသည် မူလကတည်းက အလုပ်အလွန်အမင်း ကြိုးစားလုပ်ကိုင်နိုင်သည့် မိန်းကလေးမျိုး မဟုတ်သကဲ့သို့၊ ရွာထဲတွင်လည်း လူချစ်လူခင် သိပ်မများလှရာ ဤကဲ့သို့သော ကိစ္စဖြစ်ပွားပြီးနောက်တွင် ပို၍ပင် အလိုမရှိခြင်း ခံလိုက်ရ၏။ ပညာတတ်လူငယ်များ စုဝေးရာနေရာရှိ လူများသည်လည်း သူမကို ဝိုင်းပယ်ထားကြသည်။

ကျေးရွာအဖွဲ့အစည်းမှာ သူမအား ချေးထမ်းသည့်အလုပ်ကို တိုက်ရိုက် တာဝန်ပေးလိုက်သဖြင့် နေ့ရက်များမှာ အလွန်ပင် ဖြတ်သန်းရ ခက်ခဲသွားခဲ့၏။ ယွီမေကျွမ်းသည် ယခုအချိန်ကျမှသာ ယခင်နေ့ရက်များမှာ အတော်အတန် ကောင်းမွန်ခဲ့ပါတကားဟု ခံစားမိတော့သည်။ ယခုအခါမှသာ အမှန်တကယ် ဒုက္ခရောက်ခြင်း ဖြစ်ပြီး နေ့တိုင်း ညစ်ပတ်နံစော်နေသည့်အပြင် ဘေးပတ်ဝန်းကျင်ရှိ လူများသည်လည်း ဝိုင်းပယ်ထားကြသဖြင့် သူမ တကယ်ပင် အလွန်ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းနေရ၏။

ယခင် ရွာထဲတွင် သူမအပေါ် စိတ်ဝင်စားမှု အနည်းငယ်ရှိကြသည့် လူပျိုအချို့ရှိခဲ့သော်လည်း ယခုအခါတွင်မူ မည်သူမျှ သူမအနားသို့ မကပ်ရဲကြတော့ပေ။ သူမ မြို့ပေါ်တွင် အိမ်ထောင်ရေးလိမ်လည်ခဲ့သည့် ဤသို့သောကိစ္စမျိုးကို သူတို့ ကျေးလက်တောရွာများတွင်လည်း အလွန်ပင် ရှောင်ကြဉ်ကြသည်။ အိမ်ထောင်ပြုပြီး အေးအေးဆေးဆေး နေထိုင်လိုသူ မည်သူမဆို အနားမကပ်ရဲကြဘဲ သူမကို ပြဿနာရှာတတ်သူ တစ်ယောက်ဟု ထင်မြင်ကြ၏။ ယွီမေကျွမ်းသည် ဆင်းရဲဒုက္ခရောက်နေပြီး မိခင်အရင်းနှင့် ပထွေးဖြစ်သူတို့သည်လည်း သူမကို လုံးဝ လျစ်လျူရှုထားမည်ကို သိရှိနေသည်။ သူမ၏မိခင်သည် ချန်ချင်းယွီ၏ အဝတ်အစားများကို ယူပြီး သူမထံ ပို့ပေးခဲ့သည် ဆိုသော်လည်း တကယ့်တကယ် ငွေကြေးအသုံးပြုရမည့် အရာများကိုမူ တစ်ပြားတစ်ချပ်မျှပင် ပေးမည်မဟုတ်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်၏။ အကြောင်းမှာ သူမတွင် မောင်လေး သုံးယောက် ရှိနေပြီး သူမ၏မိခင် စိတ်ထဲတွင် သားများသာ ရှိသောကြောင့်တည်း။ သားများ မလိုချင်တော့သည့် အရာများကိုမှ သမီးဖြစ်သူအတွက် ထည့်သွင်းစဉ်းစားပေးမည် ဖြစ်သည်။

ထို့ကြောင့် ယွီမေကျွမ်းသည် မိခင်ဖြစ်သူကို အားကိုးပြီး မြို့သို့ ပြန်၍မရနိုင်တော့ကြောင်း သိမြင်သွား၏။ သူမသည် အခြားနည်းလမ်းကိုသာ စဉ်းစားရတော့မည် ဖြစ်သည်။ ရွာထဲတွင် ဝိုင်းပယ်ခြင်း ခံနေရသဖြင့် သူမသည် တစ်ခုခု လုပ်ဆောင်ပြီး ရွာသားများ၏ အမြင်ကို ပြောင်းလဲစေကာ မိမိ၏နေ့ရက်များကို အနည်းငယ် သက်သာချောင်ချိအောင် လုပ်ရန် တွေးတောမိခဲ့၏။

ထို့ကြောင့်ပင် ချန်ချင်းယွီကို သတိရသွားခြင်း ဖြစ်သည်။

အော်... မဟုတ်သေးပါဘူး… ချန်ချင်းယွီ၏ ယောက္ခမကို သတိရသွားခြင်း ဖြစ်၏။

ချန်ချင်းယွီ၏ ယောက္ခမ အဘွားကြီးကျောက်သည် စက်မှုစက်ရုံ၏ ထမင်းချက်ဆောင်တွင် အလုပ်လုပ်နေသည်ကို သူမ သိရှိထားသည်။ ၎င်းမှာ သေဆုံးသွားသော သားဖြစ်သူ၏ ရာထူးကို ဆက်ခံထားခြင်း ဖြစ်ပြီး၊ ထမင်းချက်ဆောင် ဖြစ်သည့်အတွက် ရိက္ခာပစ္စည်းများနှင့် ပတ်သက်ဆက်နွှယ်နေမည်မှာ သေချာလှပေသည်... ယွီမေကျွမ်းတို့ ရှိနေသည့်ရွာမှာ အလွန်အမင်း ဆင်းရဲမွဲတေသည့် ရွာမျိုး မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်တွင် တောင်တန်းများရှိကာ အခြေအနေ အတော်အတန် ကောင်းမွန်သော်လည်း ရွာ၏ လူနေမှုဘဝမှာ ထိုမျှသာ ဖြစ်၏။ အငတ်ဘေး ဆိုက်နေခြင်းမျိုး မဟုတ်သော်လည်း ငွေနှင့် လက်မှတ်များ ပြတ်လပ်နေကာ ၎င်းတို့ကို ရရှိနိုင်မည့် လမ်းကြောင်း မရှိကြပေ။

ယွီမေကျွမ်းသည် မိမိကိုယ်မိမိ ရွာထဲတွင် ပိုမိုကောင်းမွန်စွာ နေထိုင်နိုင်ဖို့အတွက် ဤကိစ္စကို လုပ်ဆောင်ရန် မိမိသဘောဖြင့် ရှေ့ထွက် တာဝန်ယူလိုက်သည်။ သူမ ဤအကြိမ် စာရေးရခြင်းမှာ အဘွားကြီးကျောက်ကို ရှာဖွေရန် ဖြစ်ပြီး အကျဉ်းချုပ်ရလျှင် စကားတစ်ခွန်းတည်း ဖြစ်၏~~~ သူမရှိရာ ကျေးရွာအဖွဲ့အစည်း၏ ဒေသထွက်ပစ္စည်းများကို စက်မှုစက်ရုံသို့ ရောင်းချချင်ခြင်း ဖြစ်သည်။ သူမသည် အဘွားကြီးကျောက်ကို ကြားခံထား၍ ပစ္စည်းများကို ရောင်းချလိုခြင်း ဖြစ်၏။

ချန်ချင်းယွီသည် စာကို သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ဖတ်ကြည့်ပြီးမှသာ ယွီမေကျွမ်း နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

အာ... မဟုတ်သေးပါဘူး၊ ယွီမေကျွမ်းက ငါ့ ယောက္ခမ အဘွားကြီးကျောက်ကို ထောက်ပံ့ရေးဌာနမှူးလို့ထင်နေတာလား… သောက်ကျိုးနည်း.. လွန်လွန်းလှချည်လား.. ဘယ်လို သောက်ကျိုးနည်း အတွေးအခေါ်ပါလိမ့်..

အဘွားကြီးကျောက်တွင် ဤသို့သော စွမ်းဆောင်ရည်မျိုး မရှိသည်ကို ထားဦး၊ ထိုသို့သော စွမ်းဆောင်ရည်မျိုး ရှိနေလျှင်ပင် ဤမျှ ဝေးကွာလှသော အကွာအဝေးအတွက် သယ်ယူပို့ဆောင်ရေး စရိတ်သည် မည်မျှ ကုန်ကျမည်နည်း။ ချန်ချင်းယွီသည် ယွီမေကျွမ်း၏ လက်တွေ့မကျသော စိတ်ကူးယဉ်မှုကို ပါးစပ်အဟောင်းသား ဖြစ်မိ၏။ ထို့ပြင် ဤအစ်မကြီးသည် ကိစ္စကို လက်ခံရဲသေးသည်ကို ပြန်တွေးမိပြီး ကိစ္စမအောင်မြင်ပါက ရွာထဲတွင် သူမ၏ နာမည်ဂုဏ်သတင်းမှာ ပို၍ပင် ပျက်စီးသွားလိမ့်မည်ကို မစဉ်းစားမိလေခြင်းလော့။

အခြားလူများမှာ အဆင့်တစ်ခုပြီးတစ်ခု ပိုမိုမြင့်မားလာကြသော်လည်း….

သူမကတော့ တစ်ဆင့်ပြီးတစ်ဆင့် ပိုနိမ့်ကျသွားတော့တာပါပဲ… ငါ့နှယ်နော်… ယွီမေကျွမ်း ဦးနှောက်ကြီးကို ဖွင့်ကြည့်ချင်လိုက်တာ..

အမှန်တကယ်ပင် စွမ်းဆောင်ရည် မရှိဘဲနှင့် ကိစ္စရပ်များကို ရဲရဲဝံ့ဝံ့ လက်ခံရဲသည်မှာ အသိဉာဏ်ကင်းမဲ့သော ရဲရင့်မှုမျိုး ဖြစ်ပေသည်။

ဘယ်လို အရူးမျိုးပါလိမ့်… ရူးလိုက်တာ..

နေပါဦး.. ပြီးတော့ သူတို့ကြားမှာ ပက်သက်ဆက်နွယ်မှုမှလည်း မရှိဘဲနဲ့ စာရေးပြီး ပြောရဲသေးတယ်…

ဘုရားရေ.. တကယ်ကို ဩချရပါတယ်.. အမှန်တကယ်ကို ဩချမိပါတယ်…

“ရှောင်ချန်၊ ရှောင်ချန်”

ချန်ချင်းယွီ : “ရှင်၊ ရှိပါတယ်ရှင့်”

သူမ တံခါးအပြင်သို့ ထွက်လာသောအခါ အဒေါ်ကြီးမေ့ တံခါးဝတွင် ရှိနေဆဲဖြစ်သည်ကို မြင်

လိုက်ရသဖြင့် မေးလိုက်မိ၏။

“ကိစ္စရှိလို့လား ဒေါ်လေး”

အဒေါ်ကြီးမေ့ : “အေး၊ ငါ ညည်းကို ကိစ္စတစ်ခုလောက် မေးမလို့”

သူမသည် ချန်ချင်းယွီကို မျက်ရိပ်ပြလိုက်သဖြင့် ချန်ချင်းယွီမှာ

“အထဲဝင်ပြောပါ”

လူနှစ်ဦး အခန်းထဲသို့ ဝင်လာကြပြီးနောက် အဒေါ်ကြီးမေ့မှာ အသံတိုးတိုးဖြင့်

“ညည်းတို့အိမ် ယုန်လိုချင်လား”

ချန်ချင်းယွီ: “.........”

အဒေါ်ကြီးမေ့ အသံကိုနှိမ့်၍

“ငါ့ယောက္ခမက ဒီနေ့မနက် ငါတို့အိမ်ကို ယုန်နှစ်ကောင် လာပေးသွားတယ်.. ဒီပစ္စည်းက ကောင်းပေမယ့် ငါတို့အိမ်က အခြေအနေနဲ့ ဘယ်လိုလုပ် စားရက်ပါ့မလဲ၊ ငါက ငွေနည်းနည်းနဲ့ လဲချင်လို့၊ ညည်း လိုချင်လား.. တစ်ကောင်ကို နှစ်ယွမ်”

မှောင်ခိုဈေးကွက်တွင် တောကြက်တစ်ကောင်၏ ဈေးနှုန်းမှာ အခြေခံအားဖြင့် နှစ်ယွမ်ခွဲ ဖြစ်ပြီး တောယုန်မှာ အနည်းငယ် ပို၍ သက်သာနိုင်သည်။ နှစ်ယွမ်ဆိုလျှင် အတော်အသင့် ဖြစ်ပြီး ပုံမှန်ဈေးနှုန်းသာ ဖြစ်ကာ စျေးလည်းမကြီးကာ စျေးလည်းမနည်းပေ။

ချန်ချင်းယွီသည် အဒေါ်ကြီးမေ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။

“ရတယ်...”

ယခင်၌ “ပစ္စည်းချင်း ဖလှယ်ခြင်း” ဖြစ်သော်လည်း မကြာသေးမီကာလအတွင်း ချန်ချင်းယွီသည် ရံဖန်ရံခါ ငွေကြေးသုံးစွဲ၍ ပစ္စည်း လဲလှယ်လေ့ရှိ၏။ လွန်လွန်ကျူးကျူး မလုပ်ဆောင်လျှင် ပြဿနာအကြီးအကျယ် မရှိနိုင်ပေ။

ချန်ချင်းယွီ : “ကျွန်မတို့အိမ်က တစ်ကောင် လဲမယ်”

အဒေါ်ကြီးမေ့သည် ဝမ်းသာအားရဖြင့်

“အေး၊ ဒါဆိုရင် အတော်ပဲ”

လူနှစ်ဦးမှာ တစ်ဖက်က ငွေပေး၍ တစ်ဖက်က ပစ္စည်းယူကာ အဆင်ပြေသွားကြသည်။ ချန်ချင်းယွီသည် နောက်ထပ်တစ်ကောင် ကျန်ရှိနေသေးသည်ကို ကြည့်ပြီး ဆိုလိုက်၏။

“ဒါမှမဟုတ် ဒေါ် လေး နှစ်ကောင်လုံးပဲ ကျွန်မကို လဲပေးလိုက်ပါလား၊ ကျွန်မတို့အိမ်လည်း အသားများများ စားရတာပေါ့”

အဒေါ်ကြီးမေ့သည် ခဏမျှ ကြောင်အမ်းသွားပြီးနောက် ချက်ချင်း ခေါင်းညိတ်ကာ ဝမ်းသာအားရဖြင့်

“ရတယ်၊ ပိုအဆင်ပြေတာပေါ့”

သူမအနေဖြင့် အခြားလူများကို လိုက်လံရှာဖွေပြီး လဲလှယ်နေစရာ မလိုတော့ပေ။ ဤမျှလောက်သော ပစ္စည်းလေးကို ငွေအကုန်အကျခံ၍ လဲလှယ်လိုသူမှာလည်း အများအပြား မရှိလှပေ။ ယခင်ဆိုလျှင် အဒေါ်ကြီးမေ့အနေဖြင့် ချန်ချင်းယွီကို မည်သို့မျှ လာရောက်ရှာဖွေမည် မဟုတ်ပေ။

သို့သော်လည်း ပြောရလျှင် လင်းကျန့်ဝမ် ဆုံးပါးသွားပြီးနောက် သူတို့မိသားစု၏ ဝန်ထုပ်ဝန်ပိုးမှာ ပို၍ပင် လျော့နည်းသွားခဲ့သည်။ ယခင် လူကြီးသုံးဦးနှင့် ကလေးနှစ်ဦးရှိကာ တစ်ဦးတည်းသာ အလုပ်လုပ်ခြင်း ဖြစ်၏။ ယခုအခါတွင်မူ လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦးဖြစ်ပြီး တစ်ဦးတည်းသာ အလုပ်လုပ်ခြင်း ဖြစ်သော်လည်း အလုပ်လုပ်သူမှာ ထမင်းနှစ်နပ်စာ သက်သာသွားသည်။ ထို့ပြင် ဆုံးပါးသွားသူမှာ အစားကြီးသော လူကြီးတစ်ယောက် ဖြစ်နေသဖြင့် ဤသို့ တွက်ချက်ကြည့်လျှင်~~ စကားကို ဤသို့မပြောသင့်သော်လည်း~~ သူတို့မိသားစုမှာ ယခင်ထက် ပို၍ အဆင်ပြေလာ၏။

စားသောက်မှုမှာလည်း ယခင်ထက် ပိုမိုကောင်းမွန်လာသည်။ ထို့ကြောင့်ပင် အဒေါ်ကြီးမေ့ လဲလှယ်ရဲခြင်း ဖြစ်သည်။

သို့သော်လည်း အဒေါ်ကြီးမေ့သည် အဘွားကြီးကျောက်တွင် ကံကောင်းခြင်းအချို့ ရှိနေသည်ဟုလည်း ထင်မြင်မိ၏။ သူမ အလုပ်လုပ်သည့် သက်တမ်းမကြာသေးသော်လည်း စက်ရုံမှ ပစ္စည်းများစွာကို ရရှိထားပြီးဖြစ်သည်။ တစ်ကြိမ်မှာ ဝန်ထမ်းရေးရာဌာနမှ ဌာနခွဲမှူး ဝမ်ကို ကယ်တင်ခဲ့သဖြင့် စက်ရုံသည် စက်ဘီးဝယ်ခွင့်လက်မှတ် တစ်စောင် ဆုချခဲ့၏။

ထို့ပြင် ယခုအကြိမ် လီတာ့ရှန်းတို့ လူနှိပ်စက်သည့် ကိစ္စတွင်လည်း စက်ရုံမှ တန်ဖိုးကြီးမားလှသော လက်မှတ် အမြောက်အမြားကို ဆုချခဲ့ပြန်သည်။

ပြောရလျှင် သူတို့အိမ်တွင် လူတစ်ယောက် ဆုံးပါးသွားသော်လည်း သူတို့မိသားစု၏ အခြေအနေမှာ ပို၍ ကောင်းမွန်လာခဲ့၏။

အဒေါ်ကြီးမေ့သည် ကိစ္စရပ်များစွာတွင် ကောင်းကင်ဘုံမှ ကြိုတင်သတ်မှတ်ထားပြီး သူတို့မိသားစုကို ပြန်လည်ကုစားပေးနေခြင်း ဖြစ်မလားဟုပင် တွေးမိသွားသည်။ သို့သော် ဤသို့သော အယူသည်းသည့် စကားများကိုမူ လုံးဝ ထုတ်ဖော်မပြောရဲပေ။

ချန်ချင်းယွီသည် အဒေါ်ကြီးမေ့စိတ်ထဲတွင် ရေရွတ်နေသည်ကို မသိရှိဘဲ ယုန်ကို လဲလှယ်ပြီးနောက် ချက်ချင်းပင် အလုပ်ရှုပ်သွားရ၏။ ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ယောက်မှာ မူလက ဝင်းထဲတွင် ဆော့ကစားနေကြသော်လည်း ယခုအခါတွင်မူ ချန်ချင်းယွီ၏ ဘေးနားသို့ အမြန်ပြေးလာကြပြီး တံတွေးမြိုချကာ ဆိုကြလေသည်။

“ယုန်ကလေးက တကယ် ချစ်စရာကောင်းလိုက်တာ”

ချန်ချင်းယွီ မျက်လုံးပင့်ကြည့်လိုက်၏။

“ဒီလောက် ချစ်စရာကောင်းနေတာ၊ စားလို့ အရမ်းကောင်းမှာ သေချာတယ်”

ကလေးငယ်လေးမှာ တိုးတိုးလေး ထပ်မံရေရွတ်လိုက်ပြန်သည်။

ချန်ချင်းယွီ : “……”

အမှန်တကယ်ပင် ဤခေတ်ကာလတွင် “မင်း ဘာလို့ ချစ်စရာ ယုန်ကလေးကို စားရတာလဲ” ဟူသော စကားမျိုး မရှိပေ။

ဤခေတ်ကာလတွင် စားစရာ အသားရှိလျှင် အကောင်းဆုံး ဖြစ်ပေသည်။

ချန်ချင်းယွီ : “ဒီနေ့ည စားမယ်”

“ဟုတ်...”

ရှောင်ကျား ဝမ်းသာအားရ လက်ခုပ်တီးပြီး ရှောင်ယွမ်သည်လည်း သူမ၏ သိုးချိုပုံစံ ဆံပင်ကျစ်ဆံမြီးလေးကို လှုပ်ခါလိုက်သည်။

အဒေါ်ကြီးမေ့သည် ရေသွန်ရန် ထွက်လာပြီး တစ်ချက်ကြည့်ကာ ဆိုလိုက်၏။

“ရှောင်ချန်၊ အဲဒီ ယုန်မွေးတွေကို ဖြုန်းတီးမပစ်နဲ့ဦး၊ စုထားပြီး ဦးထုပ်လေးဘာလေး လုပ်ရင် အကောင်းဆုံးပဲ”

ချန်ချင်းယွီ : “ဟုတ်ကဲ့...”

သူမသည် သေချာပေါက် ဖြုန်းတီးပစ်မည် မဟုတ်ပေ။ ထို့ကြောင့် အဒေါ်ကြီးမေ့နှင့် ထပ်မံ၍ စကားစမြည် ပြောဆိုလိုက်ပြန်သည်။

“မျက်နှာချင်းဆိုင် အိမ်က မနက်ကတည်းက ရန်ဖြစ်နေကြတာ ဘယ်လိုဖြစ်သွားလဲဟင်”

အဒေါ်ကြီးမေ့ နှုတ်ခမ်းမဲ့ကာ

“ဘယ်လိုဖြစ်ရမှာလဲ၊ ဒီလိုပါပဲ.. ရှီရှောင်ဝေကတော့ အကောင်းဆုံးတွေးထားတာပေါ့၊ သူ့အမေရဲ့ အလုပ်ကို ဆက်ခံရင် ကျေးလက်ကို ဆင်းစရာ မလိုတော့ဘူးလို့လေ.. ဒါပေမဲ့ ဘယ်မှာ ဒီလောက်ကောင်းတဲ့ကိစ္စ ရှိပါ့မလဲ၊ အခြားလူတွေကော အသက်မရှင်ရတော့ဘူးလား..မဖြစ်နိုင်တာ”

သူမသည် အသံကို နှိမ့်လိုက်ပြီး

“အစ်မကြီးဖန်က အပြင်ထွက်ပြီး ရှီရှောင်ဝေအတွက် နာမည်စာရင်း သွားပေးလိုက်ပြီ၊ ယွမ်ရှောင်ချွေရှိတဲ့ နေရာနဲ့ တစ်နေရာတည်း ဖြစ်ရင် အကောင်းဆုံးပဲတဲ့၊ ယွမ်ရှောင်ချွေက သူ့သားကို စောင့်ရှောက်ပေးလို့ ရအောင်လို့လေ”

ချန်ချင်းယွီ: “.........”

ဟဲ့ ဒါကြီးက ဘယ်လိုတောင် သောက်ကျိုးနည်း အခြေအနေမျိုးလဲ..

မိန်းကလေးတစ်ယောက်က ရှင်တို့အိမ်က အရွယ်ရောက်ပြီးသား ယောကျာ်းကို စောင့်ရှောက်ပေးရဦးမယ် ဆိုတာကို ဘေးဖယ်ထားပါဦး… ပတ်သက်မှုကိုပဲ ကြည့်

လိုက်ပါဦး~~ရှင်တို့ မိသားစုနှစ်စုက ဆွေမျိုးတောင် မဟုတ်ကြဘူးလေ...

သူမဆီကနေ ဒီလိုတောင်းဆိုဖို့ ရှင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ..

ဒါကတော့ အမှန်တကယ်ပဲ စိတ်ကူးယဉ်လွန်းလှတယ်၊ လောကကြီးထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေ ရှိပါလား…

အံ့ဩလိုက်တာ… အံ့ဩလိုက်တာ..

ချန်ချင်းယွီသည် ၎င်းကို အလွန်ထူးဆန်းသည်ဟု ခံစားရသည်...

အဒေါ်ကြီးမေ့သည်လည်း ထိုနည်းတူ တွေးမိကာ တိုးတိုးရေရွတ်လိုက်၏။

“ညည်းပြောကြည့်စမ်း၊ ဒါက လွန်လွန်းမနေဘူးလား… သူကတော့ အကြံကောင်းထုတ်ထားတာပေါ့~~ အလယ်ဝင်းကို သွားပြီး ယွမ်ရှောင်ချွေကို ရှာဖို့လေ၊ ဒါပေမဲ့ အော်ဟစ်မောင်းထုတ်တာပဲ ခံလိုက်ရတယ်၊ ယွမ်ရှောင်ချွေက အိမ်မှာ တံခါးပိတ်ပြီး အိပ်နေတာကို သူက သူ့အခွင့်အရေးလိုမျိုး အတင်းဝင်သွားတာ.. ဟိုကဖြင့် သူ့ကို မျက်နှာသာပေးမယ့် အကြည့်မျိုး တစ်ချက်မှ မပြဘူး”

အဒေါ်ကြီးမေ့၏ နောက်ဖေးပြတင်းပေါက်မှာ အလယ်ဝင်းဘက်သို့ မျက်နှာမူနေသဖြင့် သူမသည် ထိုပွဲကြီးပွဲကောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ချန်ချင်းယွီမှာ ဆွံ့အသွားရသော်လည်း ကွယ်ရာတွင် လူအတင်းမပြောသင့်ကြောင်း သူမ သိရှိ၏။ ထိုစဉ်မှာပင် ရှီရှောင်ဝေသည် အိမ်ထဲမှ ခေါင်းမော့ရင်ကော့လျက်၊ ဘေးဘီကိုပင် မကြည့်ဘဲ ထွက်လာကာ အလယ်ဝင်းဘက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားတော့သည်။ အဒေါ်ကြီးမေ့သည် ချက်ချင်းပင် ထခုန်ကာ

“ငါသွားကြည့်ဦးမယ်... သူ ယွမ်ရှောင်ချွေကို သွားပြီး ပြဿနာရှာမလို့လား..ငါသွားကြည့်မှ ဖြစ်မယ်...”

သူမအနေဖြင့် ဤပွဲကောင်းကို လက်လွတ်မခံနိုင်ပေ။

ချန်ချင်းယွီပင်လျှင် မိမိ၏ ပစ္စည်းများကို အမြန်သိမ်းဆည်းကာ နောက်မှ လိုက်သွားခဲ့ပြီး သူမနောက်တွင် အမြီးငယ်လေး နှစ်ခုသည် ကပ်ပါလာကြ၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အတင်းအဖျင်းကိစ္စကို အလွန်ဝါသနာပါသည့် ကလေးငယ်နှစ်ဦး ဖြစ်ကြပြီး သူတို့၏ ခြေတိုလေးများဖြင့် အတင်းအဖျင်းသတင်းများ၏ ရှေ့တန်းမျက်နှာစာတွင် တက်ကြွစွာ လှုပ်ရှားနေကြသည်။ ချန်ချင်းယွီ ဝင်းထဲသို့ ရောက်သည်နှင့် ရှီရှောင်ဝေသည် ယွမ်မိသားစု၏ တံခါးဝတွင် ရပ်နေပြီး ယွမ်ဟောက်ရွှယ်မှာ သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။ ယွမ်ဟောက်ရွှယ်သည် လူတချို့ကို မြင်သည်နှင့် သူမ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။

သူမသည် စကားမပြောချင်သော်လည်း ရှီရှောင်ဝေသည် သူမကို အတင်းဆွဲထား၏။

သူမသည် မိမိနှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး

“ရှောင်ဝေ၊ ငါက နင့်ကို ငါ့အစ်ကိုတစ်ယောက်လို အမြဲသဘောထားခဲ့တာ.. နင် တစ်ခုခုလိုရင် မီးပင်လယ်၊ ဓားတောင်ပဲဖြစ်ဖြစ် ငါ အစွမ်းကုန် ကူညီပေးမှာပါ၊ ဒါပေမဲ့ အချစ်ဆိုတာကတော့ ငါ နင့်ကို မပေးနိုင်တဲ့ တစ်ခုတည်းသော အရာပဲ… အချစ်ဆိုတာ သန့်စင်တယ်၊ ပြီးတော့ ငါတို့က မလိုက်ဖက်ဘူး~~ နှလုံးသားရေးရာ ကိစ္စတွေက ငါတို့ ထိန်းချုပ်လို့မရဘူးလေ၊ ငါ နင့်ကို မချစ်နိုင်ပေမယ့် ငါ့နှလုံးသားထဲမှာ နင်က အရေးကြီးဆုံး နေရာမှာ ရှိပါတယ်… နင်က ငါ့ရဲ့ မိသားစုဝင်ပဲ၊ မိသားစုနဲ့ ချစ်သူဆိုတာ မတူပေမယ့် အရေးကြီးပုံချင်းတော့ အတူတူပဲ”

ဟောက်ရွှယ်သည် ရှီရှောက်ဝေကို တစ်ခါမျှ ထည့်သွင်းမစဉ်းစားခဲ့ဖူးပေ။

သူမ၏ အခြေအနေအရ သူမသည် ရှီရှောင်ဝေအပေါ် စိတ်ဝင်စားမည် မဟုတ်သည်မှာ သေချာလှပြီး အထူးသဖြင့် သူသည် အလုပ်ပင် မရှိသေးသောကြောင့်တည်း။

သူ့မှာဖြင့် ဘာမျှမရှိဘဲနဲ့ အချစ်အကြောင်း ပြောနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ…

ဟောက်ရွှယ် : “နင် မကြာခင် ကျေးလက်ကို ဆင်းရတော့မယ်၊ အခုကတည်းက ပြင်ဆင်ထားသင့်ပြီ.. နင် ပစ္စည်းတွေ မသိမ်းရသေးဘူးမလား.. ငါ ကူညီပေးပါရစေ”

ရှီရှောင်ဝေ : “ငါ ကျေးလက်ကို မသွားချင်ဘူး ဟောက်ရွှယ်… ငါ့စိတ်ကူးကို နင်သိပါတယ်၊ ငါ နင့်ကို အဲဒီလောက်တောင် သဘောကျတာ…”

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ ငါ တကယ်ပဲ နင့်ကို တုံ့ပြန်လို့ မရဘူး~~ နင် အလိုရှိတယ်ဆိုရင် ငါ့ကို စာနာမှုမရှိတဲ့ မိန်းမတစ်ယောက်လို့ပဲ သတ်မှတ်လိုက်ပါ၊ ဒါက နင့်စိတ်ကို ပိုသက်သာစေလိမ့်မယ်၊ ဒါပေမဲ့ ငါ့နှလုံးသားထဲမှာတော့ နင်က တကယ်ပဲ ငါ့ရဲ့ အစ်ကိုကောင်းတစ်ယောက်ပါ… ရှောင်ဝေ၊ နင် ကျေးလက်ကို မကြာခင် သွားရတော့မယ်၊ အချိန်က နေ့တစ်ဝက်ပဲ ကျန်တော့တယ်၊ ပြင်ဆင်စရာတွေ အများကြီး ရှိသေးတယ်… အခုကတည်းက များများပြင်ဆင်ထားမှ ကျေးလက်မှာ ဒုက္ခမရောက်မှာ... အချိန်ဖြုန်းပြီး ညည်းညူနေမယ့်အစား ပြင်ဆင်စရာရှိတာ ပိုပြင်ဆင်သင့်တယ်၊ ဒီလို တိုတောင်းတဲ့ အချိန်ကို ဒီလိုအရာတွေပေါ်မှာ မဖြုန်းတီးသင့်ဘူး.. ငါ့စကားကိုနားထောင်ပြီး အမြန်သွားပစ္စည်းသိမ်းပါ”

ရှီရှောင်ဝေ : “နင် ငါ့ကို ဂရုစိုက်နေတုန်းပဲ”

“ဒါပေါ့၊ ငါ နင့်ကို ဂရုစိုက်တာပေါ့၊ နင်က ငါ့အတွက် အခြားလူတွေနဲ့ မတူဘူး၊ နင်က ငါ့အစ်ကိုပဲ”

ထိုလူနှစ်ဦးမှာ အပြန်အလှန် တွဲလားဆွဲလား ပြောဆိုနေကြရာ ချန်ချင်းယွီသည် မိမိခေါင်းကို ကုတ်ရင်း… သူ့ကို “အစ်ကို” ဟု ထပ်ခါတလဲလဲ ခေါ်နေခြင်းသည် အနည်းငယ် ပျစ်ချွဲလွန်းလှသည်ဟု စိတ်ထဲတွင် တွေးမိသည်။

ရှီရှောင်ဝေ : “ငါ… ငါ…”

ယွမ်ဟောက်ဖုန်းသည် ထိုအချိန်တွင် အိမ်ထဲမှ ထွက်လာပြီး

“ရှောင်ဝေ၊ ငါတို့အားလုံးက ဝင်းတစ်ခုတည်းကလူတွေပဲ.. ငါ စကားကြမ်းတယ်လို့တော့ မတင်ပါနဲ့.. ဟောက်ရွှယ်က မင်းကို အစ်ကိုကြီးတစ်ယောက်လို ဆက်ဆံပြီး ငါက မင်းကို ညီလေးတစ်ယောက်လို ဆက်ဆံတယ်။ ငါ မင်းကို အထင်မသေးဘူး၊ ဒါပေမဲ့ မင်းက အခုလို ဟောက်ရွှယ်ကို အတင်းကပ်နေတာက ငါ့ကို မင်းကို အထင်သေးစေတယ်.. မင်းက ဟောက်ရွှယ်ရဲ့ သိက္ခာကို ထည့်မတွေးဘူး~~ ဒါက တကယ်ကို စိတ်ပျက်စရာကောင်းလွန်းတယ်”

“မဟုတ်…”

“ဘာလို့ မဟုတ်ရမှာလဲ… ကြည့်စမ်း၊ ဒီလောက် လူအများကြီး ကြည့်နေတာတောင် မင်းက ဟောက်ရွှယ်ကို ဒီလိုမျိုး အတင်းကပ်နေတုန်းပဲ~~ မင်းကတော့ ကျေးလက်ကို ထွက်သွားရုံပဲ၊ ဒါပေမဲ့ ဟောက်ရွှယ်ကတော့ လူတွေရဲ့ အတင်းအဖျင်းစကားတွေကို ရင်ဆိုင်ရတော့မယ်၊ မင်း သူမအတွက် စဉ်းစားပေးခဲ့ဖူးလား… မင်းက ကလေးမဟုတ်တော့ဘူး၊ ဒီလိုမျိုး ကိစ္စတွေကို လုပ်လို့မရဘူး”

ယွမ်ဟောက်ဖုန်း ရှီရှောင်ဝေကို လက်ညှိုးထိုးကာ ပြောလိုက်ရာ ရှီရှောင်ဝေသည် ဝမ်းနည်းပက်လက်ဖြင့်

“ကျွန်တော် အဲဒီလို သဘောမရှိပါဘူး.. ကျွန်တော် ကျေးလက်ကို မကြာခင် သွားရတော့မှာမို့ ဟောက်ရွှယ်ကို ရင်ဖွင့်ချင်ရုံတင်ပါ… ကျွန်တော်တို့ ဆက်ဆံရေးကို တရားဝင်ဖြစ်စေချင်တာ.. ဟောက်ရွှယ်၊ ငါ့ကို စောင့်ပါ၊ ကျေးဇူးပြုပြီး ငါ့ကို စောင့်ပေးပါနော်… ကျေးပြုပြီး ငါ့ချစ်သူဖြစ်ဖို့ ကတိပေးပါဦး၊ ဟုတ်ပြီလား”

ယွမ်ဟောက်ဖုန်း၏ မျက်လုံးများထဲတွင် မထိန်းချုပ်နိုင်သော ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေ၏။

ချန်ချင်းယွီသည် ထိုမိခင်နှင့် သားဖြစ်သူတို့၏ အပြုအမူမှာ အလွန်အမင်း ရီစရာကောင်းလှသည်ဟု တွေးကာ ခေါင်းခါမိသည်။

ယွမ်ဟောက်ရွှယ်၏ စိတ်နေစိတ်ထားသည် မည်သို့ပင်ဖြစ်စေ၊ သူမမှာ သူနှင့် မပတ်သက်ချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြထားပြီးဖြစ်သော်လည်း ဤကောင်းလေသည် ဘာမျှမကြားသကဲ့သို့ ပြုမူနေဆဲ ဖြစ်၏။

ထို့ပြင် သူသည် ကျေးလက်သို့ သွားရတော့မည့် အချိန်တွင်မှ ဆက်ဆံရေးတစ်ခုကို အတင်းအကျပ် တောင်းဆိုနေခြင်းမှာ……

ဘယ်လို လူစားမျိုးပါလိမ့်.. အံ့ဩမကုန်နိုင်ပါလား…

ချန်ချင်းယွီသည် နှာခေါင်းရှုံ့ကာ အထင်သေးစွာ ကြည့်လိုက်၏။

အဒေါ်ကြီးမေ့လည်း ဘေးမှနေ၍ ဝင်မပြောဘဲ မနေနိုင်တော့ပေ။

“ဖားပြုတ်က ငန်းသား စားချင်နေတာပဲ...”

ချန်ချင်းယွီသည် ထိုတင်စားချက်ကို လုံးဝသဘောတူသဖြင့် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

ယွမ်ဟောက်ဖုန်းနှင့် ညီမဖြစ်သူတို့သည် လှည့်ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး အနည်းငယ် ရှက်ရွံ့သွားကြ၏။ ရှီရှောက်ဝေကဲ့သို့သော လူမျိုး၏ အနှောက်အယှက်ပေးခြင်းကို ခံရသည်မှာ ဂုဏ်ယူစရာ လုံးဝမဟုတ်ဘဲ ရှက်စရာသာ ဖြစ်သည်...

ယွမ်ဟောက်ဖုန်း : “ဟောက်ရွှယ်၊ အထဲဝင်တော့.. ဒီလိုကိစ္စကြောင့် နင့်သိက္ခာကို အပျက်မခံနဲ့… ရှီရှောင်ဝေ၊ ငါ မင်းကို တစ်ခုပြောမယ်၊ မင်း နားမလည်ဘူးမလား~~ မင်း မကြာခင် ကျေးလက်ကို သွားရတော့မယ်၊ ငါ စကားပြောတာ ကြမ်းချင်ကြမ်းလိမ့်မယ်၊ ဒါပေမဲ့ မင်းဘာသာမင်း ပြန်စဉ်းစားကြည့်ဦး… မင်းတို့နှစ်ယောက်က လိုက်ဖက်သေးလို့လား၊ ဟောက်ရွှယ်က မင်းကို အစ်ကိုလို သဘောထားလို့ ဒီစကားတွေကို မပြောချင်တာ၊ ဒါပေမဲ့ ငါကတော့ မရဘူး… ငါ့ညီမ မင်းနဲ့ ပတ်သက်နေတာကို ငါကြည့်မနေနိုင်ဘူး၊ မင်းက ကျေးလက်ကို မကြာခင် သွားရတော့မယ်၊ အဲဒီလောက် ဝေးတဲ့နေရာမှာ မင်းတို့နှစ်ယောက်ကြား ဘာဖြစ်နိုင်ခြေ ရှိဦးမှာလဲ… မင်းက ငါ့ညီမကို အတင်းကပ်နေတာ သင့်တော်ရဲ့လားကွ… တကယ်လို့ မင်း တကယ် ဂရုစိုက်တယ်ဆိုရင် အရင်ဆုံး အလုပ်ကောင်းကောင်းတစ်ခု ရှာပါဦး၊ ပြီးမှ အခြားအရာတွေကို ပြောကြတာပေါ့~~ အဲဒီလိုမှ မဟုတ်ရင် ခံစားချက်တွေအကြောင်း လာမပြောနဲ့”

“ငါ… ဟောက်ရွှယ်… ဟောက်ရွှယ်…”

ရှီရှောင်ဝေသည် ယွမ်ဟောက်ဖုန်းနှင့် ထပ်မံ၍ အငြင်းပွားမနေချင်တော့ဘဲ လှမ်းခေါ်လိုက်သည်။

“ဟောက်ရွှယ်၊ ငါ နင်နဲ့အတူ ရှိချင်တယ်”

“မင်း ဘာဖြစ်နေတာလဲ…

ငါ့ညီမကို လာမနှောက်ယှက်နဲ့လို့ ငါပြောပြီးပြီလေ... မင်း လူစကား နားမလည်ဘူးလား~~ မင်းကိုယ်မင်း ပြန်ကြည့်ဦး၊ မင်းလိုကောင်က ငါ့ညီမနဲ့ တန်လို့လား.. မင်းအခြေအနေက ဘာလဲ၊ မင်း ဘယ်လိုမိသားစုက လာတာလဲ၊ မင်း နောင်ကျရင် လယ်ပဲ စိုက်ရမှာ~~ မင်းက ငါ့ညီမကို မင်းနဲ့အတူ ဆင်းရဲဒုက္ခ ခံစေချင်တာလား… ပြီးတော့ သူမက မင်ရကို မကြိုက်ဘူး.. ငါ အကြိမ်တစ်ထောင်၊ အကြိမ်တစ်သောင်း ပြောပြီးပြီ... နင် ဘာလို့ နားမလည်ရတာလဲ၊ အခုချက်ချင်း ထွက်သွားစမ်း...”

ရှီရှောင်ဝေသည် တစ်စုံတစ်ခုသော အကြောင်းပြချက်ဖြင့် ရုတ်တရက်ပင် ထပြောလေ၏။

“မင်းက မင်းညီမကို ဂရုစိုက်တယ်လို့ အမြဲပြောနေတာပဲ၊ ဒါပေမဲ့ သူမရဲ့ ခံစားချက်ကိုလည်း ထည့်မစဉ်းစားသင့်ဘူးလား.. ငါတို့က အတူတူ ကြီးပြင်းလာကြတာ၊ ငါတို့ထက် ပိုလိုက်ဖက်တဲ့သူ မရှိတော့ဘူး… ငါက သူမကို အသိဆုံးပဲ၊ ပြီးတော့ ငါက သူမကို အသည်းခံနိုင်ဆုံးပဲ.. ငါ့ကို သူမနဲ့အတူ ရှိခွင့်ပေးပါ၊အစ်ကိုကြီး၊ မင်းအလုပ်ကို ငါ့ကိုပေးလိုက်ပါ၊ ဒါဆိုရင် ငါ ကျေးလက်ကို သွားစရာ မလိုတော့ဘူး၊ ပြီးတော့ ငါ့မှာ တည်ငြိမ်တဲ့ အလုပ်တစ်ခု ရှိသွားမယ်~~ အဲဒါဆိုရင် ငါတို့ အတူတူ ရှိနိုင်ပြီလေ.. မင်းက ယောက်ျားရင့်မကြီးပဲ၊ ကျေးလက်သွားတာကို မင်း ခံနိုင်ရည်ရှိမှာပါ၊ ဟောက်ရွှယ်အတွက် ဒီတစ်ကြိမ်လောက်ပဲ စွန့်လွှတ်ပေးလိုက်ပါ၊ ဟုတ်ပြီလား”

ယွမ်ဟောက်ဖုန်း: ‘မေ-ိုး’

ဘေးမှ ကြည့်နေသူများ : “အို ဘုရားသခင်...”

ချန်ချင်းယွီသည် မိမိနားကိုပင် ပြန်နှိုက်ကြည့်မိပြီး နားကြားမှားလေသလားဟု တွေးလိုက်မိသည်။

ဒါက တကယ်ပဲ လူပြောရမယ့် စကားလား…

ချန်ချင်းယွီအနေဖြင့် ယွမ်မိသားစုရှိ လူများကို သိပ်မကြိုက်သော်လည်း ယခုအချိန်တွင်မူ ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ် မောင်နှမနှစ်ယောက်ကို အနည်းငယ် သနားမိသွား၏။

ရှီရှောင်ဝေ.. အစ်ကိုကြီးရေ.. မမြင်ဖူးမကြားဖူးတာတွေ မြင်နေကြားနေရပါလား.. ဒီလောက် ဆင်ခြင်တုံတရားမရှိတဲ့ စကားမျိုး ပြောထွက်ရဲတယ်နော်…

တစ်ခါမှ မကြားဖူးရပါလား…

ချန်ချင်းယွီပင် ဤမျှလောက်အထိ တုန်လှုပ်သွားရလျှင် အခြားလူများမှာမူ ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ ဥပမာအားဖြင့် အဒေါ်ကြီးမေ့ဆိုလျှင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးအိမ်ကြီး အပြင်သို့ ပြုတ်ထွက်မတတ် ဖြစ်သွား၏။ ပွဲကြည့်နေသည့် ပိုင်ဖုန်းရှန်းဆိုလျှင်လည်း ထိုနေရာမှာတင် ကျောက်ရုပ်လို မတ်တပ်ရပ်နေပြီး လူမှာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။

အားလုံးမှာ ထိုစကားကြောင့် မှင်တက်သွားကြရပြီး ယွမ်ဟောက်ဖုန်းသည် နောက်ဆုံးတွင် သည်းမခံနိုင်ကာ ဆဲဆိုတော့သည်။

“မေ-ိုး ဒါဘာစကားပြောတာလဲ၊ ငါတို့မိသားစု နှစ်စုက ဘာမှမပတ်သက်ဘူး... ထွက်သွားစမ်း...”

သူသည် အတင်းတွန်းထုတ်လိုက်ပြီး ဒုန်းခနဲ အသံနှင့်အတူ တံခါးကို ပိတ်ပစ်လိုက်၏။

ပုံမှန်ဆိုလျှင် မျက်နှာနာရုံမျှဖြင့် အိန္ဒြေစောင့်နေဦးမည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ တကယ်ပင် အိန္ဒြေမဆယ်နိုင်တော့ကာ ဆယ်နေစရာလည်း မလိုတော့ပေ။ သူသည် ယခင်တွင် မျက်နှာချင်းဆိုင်ရုံမျှ အပေါ်ယံ ဆက်ဆံပေးခဲ့ခြင်း ဖြစ်သော်လည်း ဤခွေးကောင်သည် တစ်ဆင့်တက်ကာ အခွင့်အရေးယူလာသည်ကို တွေ့ရှိသွားရသည်။

အသိတရားမရှိတဲ့ ခွေးသား…

ရှီရှောင်ဝေသည်လည်း ယွမ်ဟောက်ဖုန်း ဤကဲ့သို့ ပြုမူသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။ သူသည် ပုံမှန်ဆိုလျှင် မိမိအပေါ် အလွန် ယဉ်ကျေးပျူငှာသူ ဖြစ်သဖြင့် သူလည်း ကြောင်အမ်းသွားရသည်။ သို့သော် ချက်ချင်းပင် လှမ်းပြောလိုက်ကာ

“မင်း ဒါ ဘာသဘောလဲ၊ ထွက်သွားစမ်းဆိုတာ ဘာကိုပြောတာလဲ… မင်းက ဟောက်ရွှယ်ရဲ့ အစ်ကိုဖြစ်နေရုံနဲ့ ငါက မင်းကို မဖြစ်မနေ သည်းခံရမယ်လို့ မထင်နဲ့.. မင်းက ဘယ်လို သဘောထားမျိုးလဲ၊ ဟောက်ရွှယ်၊ ဟောက်ရွှယ်……”

ခွပ်…

ယွမ်ဟောက်ဖုန်း အိမ်ထဲမှ ပြန်ထွက်လာပြီး ရှီရှောက်ဝေ၏ မျက်နှာကို လက်သီးဖြင့် တစ်ချက် ထိုးပစ်လိုက်ကာ

“မင်း ငါ့ညီမရဲ့ ဂုဏ်သိက္ခာကို ထပ်ပြီး ဖျက်ဆီးဦးမယ်ဆိုရင် ငါ နင့်ကို လူရမ်းကားဆိုပြီး သွားတိုင်ပစ်မယ်... ဘယိလိုကောင်လဲမသိဘူး...”

ရှီရှောင်ဝေသည် လက်သီးဖြင့် အထိုးခံရသဖြင့် မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားပြီး မယုံနိုင်

သည့်အလား

“မင်း ငါ့ကို ရိုက်တယ် ဟုတ်လား”

“မှန်တယ်၊ မင်း ကို ရိုက်တာ ဘာဖြစ်လဲ.. မင်းက ကျေးလက်ကို ဆင်းရတော့မှာကို ငါ့ညီမကို လာပတ်သက်နေတုန်းပဲ၊ ငါကြည့်ရသလောက်တော့ မင်းက မကောင်းတဲ့ စိတ်ကူးရှိနေတာ… ကိုယ့် အခြေအနေသိရင် ငါ့အနားကနေ ဝေးဝေးသွား၊ မဟုတ်ရင်တော့ ငါ့အကြောင်း သိစေရမယ်... ကိုယ့်ကိုယ်ကိုယ် ဘာကောင်လဲဆိုတာ ပြန်ကြည့်ဦး၊ ငါက စကားကြမ်းကြမ်းတွေ မပြောချင်ဘူး.. မင်းလိုကောင်က တရားလွန်နေပြီ၊ မင်းက တစ်သက်လုံး လယ်စိုက်ရတော့မှာကို ငါ့ညီမကို ယူချင်သေးတယ် ဟုတ်လား.. ပြီးတော့ ငါ့အလုပ်ကိုလည်း လုချင်သေးတယ် ဟုတ်လား.. ဘာလဲ၊ နင် ငါ့အလုပ်ကို ကြံစည်နေတာ မဟုတ်လား.. ငါ့ညီမအပေါ် သံယောဇဉ်ရှိတယ်လို့ ပြောနေတာက လူတွေကို လှည့်စားနေတာမလား၊ မင်းက အလုပ်ရှိတဲ့ မိန်းမတစ်ယောက်ကို ရှာပြီး အဲဒီလူရဲ့ အလုပ်ကိုယူ မြို့ပေါ်မှာ နေချင်နေမှန်း ဘယ်သူမသိဘဲ နေမလဲ… အခု ဘယ်သူမှ အရူးအလုပ်မခံတော့လို့ ငါတို့အိမ်ကို မျက်စိကျလာတာမလား၊ ငါ ငါ့ညီမအပေါ် ကောင်းတာကို မင်းက အခွင့်ကောင်းယူပြီး ငါ့အလုပ်ကို လိမ်ယူချင်တာမလား... ငါ မရိပ်မိဘူးလို့ ထင်နေတာလား… ခွေးသား မင်းရဲ့ မျက်နှာဖုံးအစစ်ကို ငါ ခွာမချသေးဘူး.. မင်းက ငါ့ကို အရူးလို့ ထင်နေတာလား၊ ရှီရှောင်ဝေ၊ ဒီလောကမှာ ဘယ်သူမှ အရူးမဟုတ်ဘူး… အခြေအနေသိရင် အမြန်ဆုံး လစ်လိုက်တော့၊ ဒီမှာ လာပြီး လူတောမတိုးတဲ့ အလုပ်တွေ လာမလုပ်နဲ့၊ ကြည့်ရတာနဲ့တင် ပျို့အန်ချင်စရာကောင်းတယ်”

“မင်း မင်းက ဘာမို့လို့ ငါ့ကို ဒီလိုပြောရတာလဲ၊ ငါ မင်းကို သေအောင်ရိုက်ပစ်မယ်...”

“လစ်စမ်း...”

ယွမ်ဟောက်ဖုန်း၏ လှုပ်ရှားမှုသည် ရှီရှောင်ဝေထက် ပို၍ မြန်ဆန်လှသည်။ ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်ရာ ရှီရှောင်ဝေသည် မြေပြင်ပေါ်သို့ ထပ်မံ ဖင်ထိုင်လျက် လဲကျသွားပြီး အော်ဟစ်တော့၏။

“လူရိုက်နေပါတယ်ဗျို့၊ မင်းက ဘာမို့လို့ လူကို ရိုက်ရတာလဲ၊ ငါ ရဲကို သွားခေါ်မယ်၊ ငါ……”

ယွမ်ဟောက်ဖုန်းသည် လှောင်ပြုံးပြုံးကာ

“မင်း ငါ့အလုပ်ကို လိမ်ယူချင်တာလား.. တတ်နိုင်ရင် သွားခေါ်လိုက်လေ၊ ငါ ကြောက်တတ်သလား ကြည့်ရအောင်... မင်း အခု လုပ်နေတဲ့ အရာတွေအားလုံးက ဘာအတွက်လဲဆိုတာ ဘယ်သူမသိဘဲ နေမလဲ၊ ယုတ်မာပြီး အရှက်မရှိတဲ့ကောင်... မင်း ကျေးလက်မဆင်းရဖို့အတွက် အကွက်တွေ အစုံချနေတာ၊ တကယ်လို့ ကိစ္စက ကြီးကျယ်သွားရင် ဘယ်သူ ဒုက္ခရောက်မလဲ ကြည့်ကြသေးတာပေါ့.. ငါ့ကို လိမ်မလို့ကြံစည်နေတယ်.. အိမ်မက်မက်နေလိုက်...”

ရှီရှောက်ဝေ : “ယွမ်ဟောက်ဖုန်း... မင်းလည်း လူကောင်းမဟုတ်ပါဘူး...”

သူသည် အသံကုန် အော်ဟစ်လိုက်သည်။

ယွမ်ဟောက်ဖုန်း : “ဒါပေမဲ့ နင့်ထက်တော့ သာပါသေးတယ်”

ထို့နောက် လှောင်ပြုံးပြုံးပြီး

“မင်းက စကားကောင်းကောင်း ပြောတာကို မကြားချင်မှတော့ ငါလည်း အားနာနေမှာ မဟုတ်ဘူး.. မင်းက အတ္တကြီးတဲ့သူဆိုတာ ငါ အစောကြီးကတည်းက သိတယ်၊ အစ်မအရင်း ဖြစ်သူ ကျေးလက်ကို ဆင်းရတာတောင် မင်းက နည်းနည်းလေးမှ စိတ်မကောင်းမဖြစ်တဲ့အပြင် သူမရဲ့ ရိက္ခာကိုပါ ကြံစည်နေသေးတယ်၊ မင်းလိုကောင် ဘယ်လောက်တောင် ယုတ်မာလဲဆိုတာ မြင်သာတာပဲ…မင့်လိုလူမျိုးကို ငါ အစောကြီးကတည်းက အထာနပ်ပြီးသား၊ မင်းလိုအတ္တသမားမျိုး.. ငါ့ညီမက မင်းကို မကြိုက်တာကို ထားလိုက်ဦး၊ တကယ်လို့ စိတ်ကူးရှိရင်တောင် ငါတို့ မိသားစုတစ်ခုလုံးက သဘောတူမှာ မဟုတ်ဘူး…မင်းဘာကောင်လဲဆိုတာ ပြန်ကြည့်ဦး၊ တကယ်ပဲ အရှက်မရှိတဲ့ ကောင်ပဲ... ဘာအလုပ်မှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ အစားကျတော့လည်း ဘယ်တော့မှ မဝဘူး၊ လောဘကလည်း ကြီးလိုက်တာ… မင်းက အစ်မအရင်းကိုတောင် ဒီလောက်အထိ ရက်စက်နိုင်တာ၊ အခြားလူအပေါ် ကောင်းပါ့မလား… မင်းလိုလူမျိုးကို သရဲတောင် မပတ်သက်ချင်ဘူး၊ အမြန်ဆုံး လစ်လိုက်တော့”

ယွမ်ဟောက်ဖုန်းသည် ရှီရှောင်ဝေကို ဆဲဆိုပြီးနောက်မှသာ စိတ်ထဲတွင် အနည်းငယ် ပေါ့ပါးသွား၏။

သူသည် နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားခဲ့သည်။

“ကြည့်စမ်း၊ ဒီကိစ္စက ဘယ်လိုတောင် ဖြစ်သွားရတာလဲ၊ ဟောက်ဖုန်းလို စိတ်သဘောထားကောင်းတဲ့ သူတောင် ဒေါသထွက်သွားရတယ်”

“ဒါပေါ့၊ သူကလည်း အကြံကြီးကြီး တွေးနေတာကိုး”

“ဘယ်သူက အလုပ်မလိုချင်ဘဲ နေမလဲ၊ သူကတော့ တကယ့်ကို အကြံကုန် ဂဠုန်ဆားချက် လျှောက်လုပ်နေတာပဲ၊ သူများအလုပ်ကို သူ့ကို ဘာလို့ ပေးရမှာလဲ”

လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ခေါင်းခါကြ၏။

ရှီရှောက်ဝေ : “အား... အား အား... ဟောက်ရွှယ်၊ ဟောက်ရွှယ် အား……”

ယွမ်ဟောက်ရွှယ်သည် တစ်ချိန်လုံး ‘အစ်ကိုကြီး’ ဟု ခေါ်နေခဲ့သော်လည်း ယခုအချိန်တွင်မူ ထွက်မလာတော့ပေ။ မကြားချင်ယောင် ဆောင်နေတော့သည်။

ချန်ချင်းယွီ တွေးမိသည်မှာ လူအဖြစ် မွေးဖွားလာသူ မည်သူမဆို ရှီရှောက်ဝေကို အဖက်လုပ်မည် မဟုတ်ပေ…

ဤလူ လုပ်ဆောင်လိုက်သည့် ကိစ္စမှာ တကယ့်ကို လွန်လွန်ကျူးကျူး ဆင်ခြင်တုံတရားမဲ့လှသည်။

ရှီရှောက်ဝေ ကိုယ်တိုင်မှာ အခြေအနေကို မရိပ်မိသေးသော်လည်း လူတိုင်း၏ စိတ်ထဲတွင်မူ သူ၏ အဆင့်အတန်းမှာ နောက်ထပ်တစ်ဆင့် ထပ်မံ နိမ့်ကျသွားခဲ့ပြီ ဖြစ်၏။ “လူညံ့လူဖျင်း” ဟူသော တံဆိပ် ကပ်ခံလိုက်ရပြီ ဖြစ်သည်။ အကယ်၍ သူသည် ယွမ်ဟောက်ဖုန်း၏ အလုပ်ကို တောင်းမနေခဲ့လျှင် ယွမ်ဟောက်ရွှယ်အပေါ် အချစ်ကြီး ရှာပါပေ့ဟု ပြောနိုင်သေး၏။

သို့သော် ယခုအခါ ယွမ်ဟောက်ဖုန်း ဖော်ကောင်လုပ်လိုက်သဖြင့် သူသည် အလုပ်တစ်ခုတည်းကိုသာ မက်မောနေခြင်း ဖြစ်ကြောင်း ပေါ်လွင်သွားသည်။

ရှီရှောင်ဝေ ဤမျှလောက်အထိ လက်တွေ့မကျ စိတ်ကူးယဉ်နေသဖြင့် လူတိုင်း၏ တီးတိုးပြောဆိုခြင်းကို ပို၍ပင် ခံနေရ၏။

ချန်ချင်းယွီ အသံတိုးတိုးဖြင့်

“ကျွန်မထင်တာတော့ ယွမ်ဟောက်ရွှယ် ပြောတာ မှန်တယ်.. ဒီလို အချိန်ဖြုန်းနေမယ့်အစား အိမ်ပြန်ပြီး ပစ္စည်းတွေ အမြန်သိမ်းတာက ပိုကောင်းဦးမယ်၊ ဒါကို အပြင်ထွက်ပြီး ပြဿနာလာရှာနေသေးတယ်၊ လူတွေကို အရူးအောက်မေ့နေတာလား”

“သူတို့အိမ်က ဒီလိုပဲ မဟုတ်လား.. အစ်မကြီးဖန်ကလည်း လူတွေကို အရူးလို့ အမြဲထင်နေတာ၊ လေလုံးထွားတာတော့ အဟုတ်သား၊ ဒါပေမဲ့ ဘယ်သူက ဘာလဲဆိုတာ ဘယ်သူမသိဘဲ နေမလဲ”

ချန်ချင်းယွီ: “ရူးနေတာ”

“ဟုတ်ပါ့”

ရှီရှောင်ဝေသည် နောက်ထပ် အကြိမ်အနည်းငယ် အော်ဟစ်ငိုယိုနေစဉ် ချန်ချင်းယွီသည် ရှီရှန်း အပြင်မှ ပြန်လာသည်ကို လှမ်းမြင်လိုက်ရသည်။

ရှီရှန်း : “ဘာဖြစ်ကြတာလဲ”

“အမယ်လေး ဦးလေးရှီရေ၊ အမြန်ပဲ သွားကြည့်ပါဦး၊ ရှင့််သားက တကယ့်ကို မဟုတ်မဟတ်တွေ လုပ်နေပြီ၊ သူက……”

ဘလာ ဘလာ ဘလာ….

လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ပြောကြရာ ရှီရှန်း၏ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်း ဖြစ်လာတော့သည်။ သူသည် မအောင့်နိုင်တော့ဘဲ ရှေ့သို့တိုးကာ သားဖြစ်သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်လိုက်ပြီး

“မင်း ငါနဲ့အတူ အိမ်ကို ပြန်စမ်း... မင်းလို အရှက်မရှိတဲ့ အကောင်.. ငါ ဘယ်လိုဖြစ်ပြီး မင်းလို အကောင်မျိုးကို မွေးမိပါလိမ့်... ပုံမှန်ဆိုရင် မင်းကို အလိုလိုက်လွန်းလို့ အခု ဒီလောက်အထိ အရှက်မရှိ ဖြစ်နေရတာ...”

သူသည် ဒေါသတကြီးဖြင့် ခပ်ပြင်းပြင်း အချက်အနည်းငယ် ရိုက်နှက်လိုက်ပြီးနောက်မှ လူကို အိမ်ဘက်သို့ အတင်းဆွဲခေါ်သွားတော့၏။

“ငါနဲ့အတူ ပြန်ခဲ့”

“ကျွန်တော် ကျေးလက်ကို မသွားဘူး၊ ကျွန်တော် ကျေးလက်ကို မသွားချင်ဘူး၊ ဟောက်ရွှယ်၊ ဟောက်ရွှယ် အား……”

သည်းထိတ်ရင်ဖို အော်ဟစ်သံကြီးမှာ ဖူးစာရှင် ချစ်သူနှစ်ဦးကို အတင်းခွဲပစ်နေသကဲ့သို့ပင်……

ချန်ချင်းယွီသည် လူကို အိမ်ထဲသို့ အတင်းဆွဲခေါ်သွားသည်ကို ကြည့်ရင်း အဒေါ်ကြီးမေ့ကို တိုးတိုးလေး ကပ်မေးလိုက်သည်။

“ဦးလေးရှီရှန်းက အတော်ပဲ ခွန်အားရှိတာပဲနော်၊ လူတစ်ယောက်လုံးကို ဆွဲခေါ်သွားတာ တကယ် လွယ်ကူလိုက်တာ၊ သူက ဘာလို့ အလုပ်မလုပ်တာလဲဟင်”

အဒေါ်ကြီးမေ့ : “ပျင်းလို့ပေါ့”

သူမသည် အသံကိုနှိမ့်၍

“ငါတို့အားလုံးက ဒုတိယဝင်းထဲမှာ အတူတူ နေလာကြတာ အနှစ် နှစ်ဆယ်ကျော်ပြီ၊ သူတို့အိမ်အကြောင်း ငါသိတာပေါ့။ ငါတို့ ပြောင်းလာကတည်းက ရှီရှန်း အလုပ်လုပ်တာ တစ်ခါမှ မမြင်ဖူးဘူး၊ ခွန်အား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူက ပျင်းတဲ့လူပဲ… ကြည့်စမ်း၊ နေ့တိုင်း ရေနွေးအိုးလေး ဆွဲပြီး လက်ဖက်ရည်ကြမ်းလေးနဲ့ ကိုယ့်ကိုယ်ကိုယ် ဇိမ်ခံနေတာ.. မိန်းမလုပ်စာ ထိုင်စားတဲ့လူပဲ၊ အစ်မကြီးဖန်ကလည်း လူကောင်းမဟုတ်ပေမယ့် ကြားတာတော့ သူတို့ လက်ထပ်ကတည်းက အစ်မကြီးဖန်ကပဲ အိမ်ကို ကျွေးမွေးလာတာတဲ့၊ သူမကလည်း ငတုံးမပဲ”

ချန်ချင်းယွီ : “မိန်းမက အိမ်ကို ကျွေးမွေးရတယ်ဆိုတာ တကယ်ပဲ ရှားရှားပါးပါးပဲနော်”

“ဟုတ်တာပေါ့”

ဤခေတ်ကာလတွင် မိန်းမသည် အိမ်ကိုကျွေးမွေးပြီး ယောက်ျားသည် ပျင်းရိနေခြင်းမှာ အနည်းနှင့်အများဆိုသလို လူတကာ၏ နှာခေါင်းရှုံ့ အထင်သေးခြင်းကို ခံရစမြဲ ဖြစ်သည်။

အထူးသဖြင့် ရောဂါဝေဒနာလည်း မရှိ၊ ဘေးဒုက္ခလည်း မရှိဘဲ ထိုသို့ဖြစ်နေလျှင် လူပြောသူပြော ပို၍ ခံရလွယ်၏။

ရှီရှန်းမှာ မိန်းမလုပ်စာ ထိုင်စားသည့် လူကြီး ဖြစ်နေသဖြင့် လူတိုင်းမှာကျင့်သားရနေကြပြီဖြစ်ကာ သိပ်မပြောကြတော့သော်လည်း တကယ်တမ်း ပြောရလျှင်မူ အားလုံးမှာ အထင်သေးကြသည်။

ဘယ်လို လူမျိုးပါလိမ့်… နားလည်ရခက်လိုက်တာ..

အဒေါ်ကြီးမေ့ : “ညည်း မသိသေးလို့၊ ရှီရှန်းက အလုပ်မလုပ်ဘူးဆိုပေမဲ့ သူတို့အိမ်မှာ သူကပဲ အိမ်ထောင်ဦးစီး လုပ်နေတာ၊ အိမ်က ငွေတွေကို သူကပဲ ချုပ်ကိုင်ထားတာ”

ချန်ချင်းယွီ : “ဘာကြီးလဲရှင်”

သူမသည် မျက်လုံးများ ပြူးသွားကာ လုံးဝ လုံးဝ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ သို့သော် ချက်ချင်းပင် ချန်ချင်းယွီက ညည်းတွားမိ၏။

“ကျွန်မ တကယ်ပဲ ဗဟုသုတ နည်းပါနေသေးပါလား”

အဒေါ်ကြီးမေ့ : “ဟူး…မိန်းမက ကြည်ဖြူနေတာကိုး၊ သူကိုယ်တိုင်က ကြည်ဖြူနေတာလေ”

ချန်ချင်းယွီ နှုတ်ခမ်းမဲ့လိုက်ပြီး အဒေါ်ကြီးမေ့သည်လည်း အဓိပ္ပာယ်ပါပါဖြင့် “ဟက်” ခနဲ တစ်ချက်ရယ်ကာ နောက်ထပ် စကားဆက်မပြောတော့ပေ။

ချန်ချင်းယွီသည် အဒေါ်ကြီးမေ့၏ ထို “ဟက်” ခနဲ ရယ်သံထဲတွင် လေးနက်သော အဓိပ္ပာယ်တစ်ခု ရှိနေသည်ဟု ခံစားရသော်လည်း သူမ၏ ပုံစံမှာ ထုတ်မပြောချင်တော့သဖြင့် ချန်ချင်းယွီလည်း ဆက်၍ မမေးတော့ပေ။

“သူမကော ဘယ်ရောက်နေလဲ.. ဒီနေ့ အလုပ်ကနေ ခွင့်ယူထားတယ် မဟုတ်လား”

“ကြက် သွားဝယ်တာလေ၊ သားဖြစ်သူအတွက် ကြက်စွပ်ပြုတ် ချက်ပေးမလို့တဲ့”

ပြောရလျှင် ယနေ့သည် တကယ့်ကို ထူးခြားသည့် နေ့တစ်နေ့ ဖြစ်၏။ မနေ့က စာမေးပွဲရလဒ် ထွက်ပေါ်ခဲ့ပြီး ယနေ့မှာ ကျေးလက်သွားမည့် အစီရင်ခံစာ တင်ရမည့်နေ့ ဖြစ်သည်။ သို့သော် ထိုနည်းတူစွာပင် ယနေ့သည် ကျေးလက်ဆင်းရန် နာမည်စာရင်းပေးရမည့် နောက်ဆုံးနေ့ ဖြစ်ပြီး မနက်ဖြန်တွင် စတင်ထွက်ခွာရတော့မည် ဖြစ်၏။ ထို့ကြောင့် ဤရပ်ကွက်တစ်ခုလုံးမှာ အထူးသဖြင့် ဆူညံပွက်လောရိုက်နေပြီး အိမ်တိုင်းစေ့လိုလို အော်ဟစ်ငိုယိုသံများ ထွက်ပေါ်နေကြသည်။ အကြောင်းမှာ စာမေးပွဲ မအောင်မြင်သူများသည် လူအများစု ဖြစ်နေသောကြောင့်တည်း။

ဤသို့သော အခြေအနေမျိုးသည် အလုပ်ဆင်းချိန်အထိ ဆူညံနေခဲ့၏။ အဘွားကြီးကျောက်တို့ မိသားစုထဲတွင်မူ ဤကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သက်ဆက်နွှယ်နေသူ မရှိသဖြင့် သူမသည် ခြေလှမ်းပေါ့ပါးစွာဖြင့် အိမ်သို့ ပြန်လာခဲ့သည်။

ပွဲကြည့်ရခြင်းက ပထမဦးစားပေး မဟုတ်လား…

အဘွားကြီးကျောက်သည် အလုပ်ဆင်းသည်နှင့် စက်ရုံထဲတွင် တစ်စက္ကန့်မျှပင် အချိန်မဆွဲဘဲ ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်၏။

သူမ လမ်းလျှောက်ရင်း အိမ်ပြန်လာကာ အိမ်ထဲအဝင်တွင်

“အမယ်လေး ယုန်ပါလား... ဒါ ဘယ်ကရလာတာလဲ”

အဘွားကြီးကျောက်သည် ယနေ့ညနေတွင် မိမိတို့အိမ်၌ ယုန်သားစားရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သို့သော် မနက်ဖြန်သည် ကျေးလက်သို့ ထွက်ခွာရမည့် နေ့ဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင်တွင် ဟင်းချက်သည့် အနံ့အသက်များစွာ ပျံ့လွင့်နေပြီး လူများစွာသည် ကောင်းနိုးရာရာ ဟင်းလျာများကို ချက်ပြုတ်နေကြကာ မျက်နှာချင်းဆိုင်အိမ်မှ အစ်မကြီးဖန်ပင်လျှင် အိမ်၌ ကြက်သားစွပ်ပြုတ် ချက်နေသည်။

ချန်ချင်းယွီ: “ကျွန်မ လဲထားတာ”

သဘောပေါက်ပြီ...

အိမ်တွင်း နေထိုင်မှု ဘဝနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အဘွားကြီးကျောက် သိပ်ပြီး ဝင်မစွက်ဖက်ပေ၊ ဝင်စွက်ဖက်လျှင်လည်း မည်သူမျှ နားထောင်မည် မဟုတ်ကာ၊ ချန်ချင်းယွီမှာလည်း သူမစကားကို နားထောင်မည် မဟုတ်သည်မှာ သေချာလှ၏။ အဘွားကြီးကျောက်သည် မည်သို့ပင်ဖြစ်စေ လစဉ် လစာ၏ အစိတ်အပိုင်းအများစုကို ပုံမှန် အပ်နှံထားပြီး အခြားအရာများကိုမူ သိပ်ပြီး ဝင်မပြောပေ။

ကောင်းကောင်းမွန်မွန် စားသောက်ရသည်ကို သူမကိုယ်တိုင်လည်း အလိုအလျောက်ပင် သဘောကျလှသည်။

“အတော်ပဲ၊ မနေ့ညက သူခိုးဖမ်းရတာ အတော်လေး ပင်ပန်းသွားတယ်၊ ဒီနေ့ အားရှိအောင် အားဖြည့်ရမယ်”

အဘွားကြီးကျောက် အကြောင်းပြချက် ကောင်းကောင်း ပြောလိုက်ရာတွင် အတော်လေး တော်သည်ဆိုရမည်။

ချန်ချင်းယွီ : “ဒီနေ့ ကျွန်မ ယွီမေကျွမ်းဆီက စာတစ်စောင် ရတယ်……”

ချန်ချင်းယွီသည် ယခုအချိန်အထိ ယွီမေကျွမ်း၏ တွေးခေါ်ပုံမှာ တကယ့်ကို လက်တွေ့မကျ စိတ်ကူးယဉ်လွန်းသည်ဟု ခံစားနေရဆဲ ဖြစ်၏။

“သူမပြောတာတော့ သူတို့ဆီမှာ တောရိုင်း သစ်ကြားသီးတွေ၊ အစေ့အဆန် အကြီးကြီးတွေ အများကြီး ရှိတယ်တဲ့၊ အားလုံးက အရည်အသွေး အရမ်းကောင်းကြလို့ စက်မှုစက်ရုံက လိုချင်သလားလို့ လာမေးတာ”

အဘွားကြီးကျောက် မျက်လုံးလှန်ကြည့်ကာ

“သူက ငါ့ကို စက်ရုံမှူးလို့ ထင်နေတာလား”

ချန်ချင်းယွီ ရယ်မောလိုက်ပြီး

“ဟုတ်မှာပေါ့”

ယွီမေကျွမ်းသည် အလုပ်ကို တာဝန်ယူလိုက်စဉ် ဘာကိုမျှ ထည့်မစဉ်းစားဘဲ ဇွတ်လုပ်ခဲ့သော်လည်း ဤကိစ္စမျိုးသည် သူတို့ သဘောအတိုင်း ဆုံးဖြတ်လို့ရသည့် အရာမျိုး ဟုတ်မဟုတ်ကိုမူ ပို၍ပင် တွေးတောဆင်ခြင်ခြင်း မရှိခဲ့ပေ။

အမှန်တကယ်တွင် ချန်ချင်းယွီကိုယ်တိုင်လည်း ဤကဲ့သို့သော အခြောက်အခြမ်း အစေ့အဆန်များကို အလွန်နှစ်သက်သော်လည်း လူတစ်ယောက်တည်းမူ မည်မျှကုန်အောင်စားနိုင်လေမည်နည်း။

ချန်ချင်းယွီ : “ဒါတွေပြောနေတာနဲ့တင် ကျွန်မတောင် စားချင်လာပြီ၊ ဆောင်းဦးရာသီ ရောက်ရင် ကျွန်မ မြို့ပြင်ဘက်ကို သွားကြည့်မလို့ စိတ်ကူးထားတယ်.. တကယ်လို့ ရှိတယ်ဆိုရင် နည်းနည်းလောက် ကောက်လာခဲ့မယ်”

အဘွားကြီးကျောက် : “ဒါက ဖြစ်နိုင်တယ်လို့ ငါမြင်တယ်”

သူမ ခဏမျှ ထပ်မံ စဉ်းစားလိုက်ပြီးမှ

“ညည်း အဲဒီ ညည်းရဲ့ မိထွေးပါအစ်မဆီကို စာအမြန်ပြန်ဖို့ မလောနဲ့ဦး၊ ငါ မနက်ဖြန် စက်ရုံကိုသွားရင် စက်ရုံက လိုချင်သလားလို့ တစ်ချက်လောက် လိုက်မေးပေးမယ်၊ ဘာပဲဖြစ်ဖြစ် ငါက စကားပဲ ကူပြောပေးမှာ၊ အခြားအရာတွေကိုတော့ ငါဝင်မပါဘူး”

သူမ လက်ကို ပွတ်သပ်ရင်း

“တကယ်လို့ ဒီကိစ္စ အောင်မြင်သွားရင် ယွီမေကျွမ်းကို ကူညီပေးရာလည်း ရောက်တာပေါ့မဟုတ်ဘူးလား.. သူမက ငါတို့ကို အကျိုးအမြတ် နည်းနည်းပါးပါးတော့ ပြန်ပေးရမှာပေါ့”

ချန်ချင်းယွီ : “…… “

“ဒါကတော့ ရှင်တွေးလွန်းသွားပြီ၊ သူမရဲ့ ပုံစံကိုကြည့်ရတာ ပေးရက်မယ့်ပုံ ပေါက်လို့လား”

အဘွားကြီးကျောက် : “တောက်...”

ချန်ချင်းယွီ မထိန်းနိုင်ဘဲ ရယ်မောလိုက်၏။

သို့သော် အဘွားကြီးကျောက် ဤသို့ပြောလာသဖြင့် ချန်ချင်းယွီသည် စာကို သူမထံသို့ တိုက်ရိုက် လွှဲပြောင်းပေးလိုက်ပြီး

“ရော့၊ ကြည့်လို့မရတာလည်း ဘာမှမရှိပါဘူး၊ အမေပဲ ယူထားလိုက်ပါ၊ တကယ်လို့ သေချာ မရှင်းပြတတ်ရင် စာကိုပဲ တိုက်ရိုက် ထုတ်ပြလိုက်၊ ဒါပေမဲ့ အမေသေချာ ရှင်းရှင်းလင်းလင်း ပြောရမယ်နော်၊ ဒီကိစ္စမှာ ကျွန်မတို့က စကားပဲ ကူပြောပေးတာ၊ အခြားကိစ္စတွေကိုတော့ လုံးဝ ဝင်မပါဘူးဆိုတာ”

“ဒါကတော့ သေချာပေါက်ပေါ့၊ ငါက ဒီလို ကိစ္စမျိုးမှာ အမှားအယွင်း ခံပါ့မလား”

အဘွားကြီးကျောက်သည် အလကားသက်သက် အကျိုးလိုလို့ ညောင်ရေသွန်းမည့်သူ မဟုတ်ပေ၊ သူမသည် ထိုမျှလောက်အထိ လူကောင်းကြီး မဟုတ်ပေ။ သူမ၌ ကိုယ်ပိုင် အကြံအစည် ရှိ၏။

တကယ်လို့ စက်ရုံက လိုချင်တယ်ဆိုရင် ဝန်ထမ်းတွေကိုလည်း အချို့ ဝေမျှပေးရမယ် မဟုတ်လား…

ထိုသို့ဆိုလျှင် သူတို့မိသားစုလည်း ရရှိနိုင်မည် မဟုတ်ပါလား…

ဒါက စကားတစ်ခွန်း ကူပြောပေးရုံတင်ပဲ၊ ဘာအားစိုက်ရလို့ပဲ..

လုံးဝ ဖြစ်သင့်တဲ့ကိစ္စပဲ…

အဘွားကြီးကျောက် : “ငါ ငယ်ငယ်တုန်းက အရမ်း ဆင်းရဲခဲ့တာ၊ တကယ်လို့ အခြောက်အခြမ်း အစေ့အဆန်တွေ ရနိုင်မယ်ဆိုရင် အဲဒါက အကောင်းဆုံး ပစ္စည်းပဲ..မတွေးဝံ့စရာပဲ၊ အဲဒါက ဝအောင် စားလို့ရတာလေ၊ နောက်ပိုင်းကျတော့……”

အဘွားကြီးကျောက် အတိတ်မှ အကြောင်းအရာများကို တတွတ်တွတ် ပြောဆိုနေပြီး ချန်ချင်းယွီမှာ ဘေးမှနေ၍ သူမ၏ ရှေးဟောင်းနှောင်းဖြစ် ပြောစကားများကို နားထောင်ပေးနေခဲ့သည်။ ပြောရလျှင် လွန်ခဲ့သော နှစ်များစွာက လူနေမှုဘဝမှာ အမှန်တကယ်ပင် ဆင်းရဲပင်ပန်းလှ၏။ သူမအနေဖြင့် လက်ရှိ လူနေမှုဘဝကို ဆင်းရဲသည်ဟု ထင်မြင်သော်လည်း တကယ်တမ်းတွင်မူ လက်ရှိအချိန်သည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် မည်မျှလောက် ပိုမိုကောင်းမွန်လာသည်ကို ဖြတ်သန်းဖူးသူတိုင်း သိနိုင်သည်။

အဘွားကြီးကျောက် : “ငါတို့အိမ်က လူတွေက အဲဒီအချိန်တုန်းက ဆုံးပါးကုန်ကြတာ…… တစ်ယောက်ပြီးတစ်ယောက် မရှိတော့ဘဲ ငါတစ်ယောက်တည်းပဲ ကျန်ခဲ့တာ၊ ငါကတော့ ငါကိုယ်တိုင် ကောင်းကောင်းမွန်မွန် နေထိုင်ရမယ်လို့ပဲ တွေးခဲ့တာ၊ ကြည့်စမ်း၊ အခု နေထိုင်မှုဘဝက ပိုကောင်းလာပြီ မဟုတ်လား၊ ငါတို့ ယုန်သားတောင် စားနိုင်နေပြီ၊ အာ… ဒါက နှစ်ကောင်လုံးလား”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်သည်။

“နှစ်ကောင်လုံး ချက်လိုက်တာ၊ ကျွန်မ အာလူးတွေ အများကြီး ထည့်ထားသေးတယ်၊ မဟုတ်ရင် စားလို့လောက်မှာ မဟုတ်ဘူး”

အဘွားကြီးကျောက် အသံတိုးတိုးဖြင့် ရေရွတ်လိုက်ကာ

“ညည်းက အစားကြီးတာကိုး”

ပြောပြီးသည်နှင့် မသင့်တော်ဟု ခံစားရသဖြင့် ချက်ချင်းပင် စကားလွှဲလိုက်ကာ

“ဒီလို ရာသီဥတုမျိုးမှာ အကုန်ချက်စားလိုက်တာပဲ မှန်တယ်၊ မဟုတ်ရင် ပုပ်သိုးကုန်လိမ့်မယ်”

ချန်ချင်းယွီ : “ဟက်...”

ချန်ချင်းယွီ လှောင်ရယ်လိုက်၏။

ချန်ချင်းယွီတို့ မိသားစုမှာ နေ့တိုင်းစားနေကျ အစားအစာများကိုပင် အနည်းငယ် ပိုမိုကောင်းမွန်အောင် ပြင်ဆင်စားသောက်နေကြသော်လည်း အခြားမိသားစုများမှာမူ ထိုသို့မဟုတ်ကြပေ။ အထူးသဖြင့် ကျေးလက်သို့ ဆင်းရတော့မည့်သူ ရှိသော မိသားစုများ ဖြစ်ကြသည်။ အစ်မကြီးဖန်သည် ယနေ့ အလုပ်မှ ခွင့်ယူထားပြီး ကြက်မကြီးတစ်ကောင်ကို အခုလေးတင် ဝယ်ယူဆောင်လာခဲ့၏။

သူတို့အိမ်တွင်းရှိ လေထုမှာ မကောင်းလှပေ။

အကောင်းဆုံး အစားအစာများသည်ပင် ရှီရှောင်ဝေ ကျေးလက်သို့ ဆင်းရမည့်အရေးကို တားဆီးနိုင်ခြင်း မရှိပေ။

သူတို့အိမ်တွင်းရှိ လေထုမှာ အလွန်ဆိုးရွားနေသော်လည်း လင်စန်းရှင်းမှာမူ အိမ်၌ သမီးဖြစ်သူကို ဆုံးမဩဝါဒ ပေးနေဆဲ ဖြစ်သည်။

“တွေ့လား.. အမေ ညည်းကို ဘာပြောခဲ့လဲ.. ရှီရှောက်ဝေနဲ့ မပတ်သက်ပါနဲ့လို့ ငါပြောခဲ့တယ်မလား၊ အမေ ပြောတာ မှားလို့လား.. အမေပြောတာ ကွက်တိပဲ... သူက ကျေးလက်ကို ဆင်းရတော့မှာ၊ ပြီးတော့ ဘယ်တော့ ပြန်လာခွင့်ရမလဲဆိုတာ မရေရာဘူး၊ ဒီရပ်ကွက်တစ်ခုလုံးမှာ ကျေးလက်ဆင်းပြီးမှ ပြန်လာနိုင်တာဆိုလို့ မာကျန်းတစ်ယောက်ပဲ ရှိတယ်၊ ဒါပေမဲ့ မာကျန်းတို့ မိသားစုကို ကြည့်လိုက်ဦး... မာကျန့်ယီက လူလည်ကြီးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမဲ့ သူ စစ်တပ်ထဲမှာတုန်းကတော့ အကျိုးပြုခဲ့တာ… သူ့ရဲ့ ရဲဘော်ရဲဘက်တွေက အခုထိ သူ့ကို ကူညီနေတုန်းပဲ.. သူက စက်ရုံမှာ ခေါင်းဆောင်တစ်ယောက်ပဲ၊ ထောက်ပံ့ရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးလေ၊ သူက တကယ်ကို မဆိုးလှပါဘူး…ဘယ်သူက သူ့မိသားစုနဲ့ ယှဉ်နိုင်မှာလဲ၊ ရှီရှောက်ဝေကတော့ ယှဉ်လို့မရဘူး၊ သူ အောက်ကို ဆင်းသွားပြီးရင် ပြန်လာဖို့ ခက်လိမ့်မယ်.. အမေက သူ့ကို အထင်သေးလို့ မဟုတ်ဘူး၊ သူက တကယ်ပဲ ညည်းနဲ့ မတန်လို့။ ဒါကြောင့် ငါ ညည်းကို ပြောနေတာ၊ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့…တကယ်လို့ ကောင်းမွန်တဲ့ ဘဝကို လိုချင်ရင် ဒီလိုယောက်ျားမျိုးနဲ့ သွားမပတ်သက်နဲ့”

လင်စန်းရှင်းသည် မနက်ဖြန်တွင် သမီးဖြစ်သူမှ ရှီရှောင်ဝေကို သွားရောက်ပို့ဆောင်မည်ကို စိုးရိမ်သဖြင့် ထပ်ခါတလဲလဲ သတိပေးနေခြင်း ဖြစ်၏။

သူမ ထိုသို့မဖြစ်စေချင်ပေ။

ထိုသို့မလုပ်လျှင် သမီးဖြစ်သူ၏ သိက္ခာ ပျက်စီးသွားမည်သာ..

တကယ်လို့ ယွမ်ဟောက်ဖုန်းသာ သိသွားပြီး သူတို့တွေ ပတ်သက်နေတုန်းပဲလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ….

ယခုအခါ လင်စန်းရှင်းသည် ယွမ်ဟောက်ဖုန်းကို သမက်အစစ်အမှန်အဖြစ် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ သတ်မှတ်ထားပြီးဖြစ်သည်။

“ညည်းက ဟောက်ဖုန်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ပဲ အာရုံစိုက်သင့်တယ်”

လီလင်းလင်း : “ကျွန်မတို့က အဆက်အသွယ် အများကြီးမရှိပါဘူး၊ သူက အမြဲတမ်း အိမ်မှာမရှိဘူး၊ ပြီးတော့ ပြန်လာရင်တောင် ကျွန်မကို လာမရှာဘူး”

“ဒါဆိုရင် ညည်းက သူ့ဆီ သွားရှာပေါ့”

လင်စန်းရှင်း လေးလေးနက်နက် ပြောလိုက်၏။

“ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို လိုက်ဖို့ဆိုတာ ခက်ချင်ခက်မယ်၊ ဒါပေမဲ့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လိုက်ဖို့ကျတော့ အလွယ်လေး..အဲဒါက ဘာခက်လို့လဲ… သမီးလေး၊ ယောက်ျားတွေဆိုတာ လှည့်စားရတာ အရမ်းလွယ်တယ်၊ ညည်းက သူ့အပေါ် ကောင်းပေးနေသရွေ့ သူက ချက်ချင်း လက်နက်ချမှာပဲ..အဲဒါက ထင်သလောက် မခက်ပါဘူး”

သူမ ဆက်လက်၍

“တကယ်လို့ သမီးက ချန်ချင်းယွီလိုမျိုး လှပနေမယ်ဆိုရင် ဘာမှလုပ်စရာမလိုဘဲ သူက နင့်ကို တစ်ချက် ပြန်ကြည့်မိမှာပဲ.. သူမမှာ အလုပ်မရှိခဲ့ပေမဲ့ ဘွဲ့ရပြီးတာနဲ့ ချက်ချင်း လက်ထပ်နိုင်ခဲ့တယ်.. လင်းကျန့်ဝမ်ဆိုရင် အဲဒီကျောက်တာ့ရာကိုတောင် ဆန့်ကျင်ပြီး သူမကို မဖြစ်မနေ လက်ထပ်ခဲ့တာ~~ သူမက လှတာကိုး... ဟူး.. ညည်းကတော့ ရုပ်ရည်က သာမန်ပဲမို့လို့ ပိုပြီး ကြိုးစားအားထုတ်ရမယ်… ညည်း ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားနိုင်သရွေ့ ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့က သဘောမတူရင်တောင် ဟောက်ဖုန်းက ဇွတ်အတင်းလုပ်ရင် ညည်း အောင်မြင်မှာပဲ... ဒီမှာ အဆင်သင့် နမူနာပုံစံ ရှိနေတာပဲ မဟုတ်လား၊ တကယ်လို့ ညည်းက သူမရဲ့ နမူနာကို အတုယူရင် ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး”

လီလင်းလင်း နှုတ်ခမ်းကို စေ့လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ပြန်စဉ်းစားကြည့်စမ်း၊ ညည်းက ချန်ချင်းယွီထက်တော့ အခြေအနေ ပိုကောင်းတာ သေချာတယ် မဟုတ်လား… သူမတောင် အလုပ်သမားတစ်ယောက်ကို လက်ထပ်နိုင်သေးတာ၊ ညည်းက ဘာလို့ မရနိုင်ရမှာလဲ”

လီလင်းလင်း ထပ်မံ၍ ခေါင်းညိတ်ပြပြန်၏။

၎င်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။

သို့သော် မကြာမီမှာပင် လီလင်းလင်း ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

“ချန်ချင်းယွီက နည်းနည်းမှ မနိမ့်ကျပါဘူးလေ”

“သူမက ချောလည်းချောတယ်၊ ပြီးတော့ အထက်တန်းလည်း အောင်ထားတာ”

ဤအရာနှစ်ခုမှာ မိမိအနေဖြင့် မည်သို့မျှ ပိုင်ဆိုင်နိုင်မည် မဟုတ်သော အရာများ ဖြစ်ကြသည်။

“သူမမိသားစုရဲ့ ငွေကြေးအခြေအနေက မကောင်းဘူးလေ.. ဘယ်သူက လက်ထပ်တဲ့အခါ မိသားစုနောက်ခံကို ထည့်မတွေးဘဲ နေမလဲာာ ညည်း.. ဒီကလေးကတော့လေ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မပြည့်စုံဘူးလို့ပဲ ပြောနေရတာလဲ...”

လီလင်းလင်းသည် ခေါင်းငုံ့လိုက်ပြီး ထပ်မံ၍ တိတ်ဆိတ်သွားပြန်၏။

ချန်ချင်းယွီသည် မိမိကိုယ်မိမိ အခြားသူများ၏ နှိုင်းယှဉ်စရာ ပစ်မှတ်ဖြစ်နေမှန်း လုံးဝမသိရှိဘဲ သူတို့မိသားစုမှာ အိမ်၌ ယုန်သားကို မြိန်ရည်ယှက်ရည် စားသောက်နေကြသည်။ တော်သေးသည်မှာ ယခုအကြိမ်တွင် အဘွားကြီးကျောက်ခမျာ ယုန်ခေါင်းနှင့် ယုန်အမြီးကို မစားရတော့ပေ။ ချန်ချင်းယွီသည် နောက်ဆုံးတွင် အလိုက်အထိုက် ပြုမူတတ်လာခဲ့ပြီ ဖြစ်၏။

သို့သော်လည်း သူမသည် ယုန်ခေါင်းကို မိမိဘာသာ ကောက်ယူစားသောက်လိုက်လေသည်။ ချန်ချင်းယွီ အတင်းအကျပ် ကျွေးခြင်းမျိုး မဟုတ်ဘဲ စပ်စပ်လေး ချက်ထားသည့် ယုန်ခေါင်းမှာ အရသာ အတော် ကောင်းလွန်းသောကြောင့်ပင်။

ချန်ချင်းယွီသည် ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ယောက် မဟုတ်ကာ၊ သူမ ချက်ပြုတ်ခြင်းမှာလည်း များသောအားဖြင့် စိတ်ကူးပေါက်ရာ ချက်ခြင်းသာ ဖြစ်၏။ သို့သော် သူမသည် အဘွားကြီးကျောက်ထက် အတွေ့အကြုံ ပိုရှိပြီး ဟင်းခတ်အမွှေးအကြိုင်များကိုလည်း လက်ဖွာဖွာ သုံးစွဲတတ်သည်။ ထို့ကြောင့် ကံကောင်းထောက်မစွာဖြင့် အခြားလူအများစုထက် ပိုမိုကောင်းမွန်အောင် ချက်ပြုတ်နိုင်ခြင်း ဖြစ်၏။

အခြားလူများမှာ ဆီနှင့် ဆားကို ကပ်စေးနည်းကြသော်လည်း ချန်ချင်းယွီမှာ သူမ၏ လက်ဖွာမှုကြောင့် ကိုယ်ပိုင်အစွမ်းအစဖြင့် နေရာတစ်နေရာ ရရှိထားသကဲ့သို့ပင်။

ဟင်းခတ်အမွှေးအကြိုင်တွေအတွက်ကလည်း ရိက္ခာလက်မှတ်များ လိုမှမလိုတာ…

ဘာလို့ ကပ်စေးနည်းနေရမှာလဲ..

ယုန်နှစ်ကောင်မှာ အာလူးနှင့်ရော၍ စတူးချက်ကာ အားလုံးကို စပ်စပ်လေး ချက်ထားသည်...

သူတို့ လေးဦးစလုံးမှာ ပါးစပ်များ ဆီပေကျံနေအောင် လက်ဖြင့် အားရပါးရ ကိုင်စားနေကြ၏။ ယုန်သားစားရခြင်းမှာ ဘဲလည်ပင်းစားရသကဲ့သို့ပင် လက်ဖြင့် ကိုင်စားမှသာ အရသာရှိလှပေသည်...

ရှောင်ကျား : “မေမေ၊ အရမ်းစားလို့ ကောင်းတယ်...”

ချန်ချင်းယွီ : “ဒါဆိုရင် များများစား.. ဒါက နည်းနည်းစပ်တယ်၊ အတင်းကြီး မစားနဲ့ဦးနော်၊ ဟုတ်ပြီလား”

ရှောင်ကျား လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြသည်။

ရှောင်ကျားလောက် စကားမများသည့် ရှောင်ယွမ်မှာမူ ခေါင်းငုံ့ကာ အားရပါးရ စားသောက်နေ၏။ စကားစမြည် ပြောဆိုခြင်းသည် အသားစားခြင်းကို အနှောင့်အယှက် ဖြစ်စေသည် မဟုတ်လော့။

အဘွားကြီးကျောက် : “ဟေ့၊ နင့်ရဲ့ မိထွေးဆေးရုံတက်နေရတယ် နင် သွားကြည့်ဦးမလား”

ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ အဘွားကြီးကျောက်မှာ စိတ်သဘောထားကောင်းပြီး ရက်ရောတတ်သူမျိုး မဟုတ်သဖြင့် လူမမာသွားကြည့်ရန် အစပြုပြောလာခြင်းသည် အံ့ဩစရာ ဖြစ်နေ၏။ သို့သော် ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီးနောက်

“ကောင်းပြီလေ၊ ကျွန်မ သွားကြည့်တာပေါ့.. သူတို့ ဒုက္ခရောက်နေတာကို မြင်ရရင် ကျွန်မ ပျော်မှာပဲ”

ဝမ်ကျန့်ကော်နှင့် ဝေရှု့ဖန်းတို့မှာ အခန်းတစ်ခုတည်းတွင် အတူတူ နေနေရသည်ဟု သူမ ကြားသိထားသည်။

သူတို့နှစ်ဦးစလုံး ကံဆိုးမိုးမှောင်ကျနေသည်ကို တူတူမြင်ရလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အဘွားကြီးကျောက် : “အေး၊ ငါလည်း အဲဒီလိုပဲ ထင်တယ်.. ဒါပေမဲ့ ငါတို့ ဘာမှဝယ်သွားစရာ မလိုပါဘူး၊ စိတ်ရင်းရှိရင် ရပါပြီ”

ချန်ချင်းယွီ၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားကာ

“ရှင်က တကယ် စိတ်သဘောထား ကောင်းတာပဲနော်”

သို့သော် သူမ ထပ်မံစဉ်းစားကြည့်ပြန်သောအခါလည်း အမှန်တကယ်ပင် ဘာမှဝယ်သွားစရာ မလိုပေ...

သူတို့ကို ဘာလို့အလကားသက်သက် အကျိုးခံစားခွင့် ပေးရမှာလဲ…

ချန်ချင်းယွီသည် ဝေရှု့ဖန်းကို သူတို့ထံမှနေ၍ အကျိုးအမြတ် တစ်စုံတစ်ရာ မရရှိစေချင်ပေ။

ချန်ရိကျွင်းနှင့် ဝေရှု့ဖန်း…

နှစ်ယောက်လုံး အလကားဟာတွေ…

ချန်ချင်းယွီ : “ဒါဆိုရင် ထမင်းစားပြီးမှ သွားကြစို့”

“အေး...”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ဝေ့ဝဲနေကြသည်။ ကလေးငယ်များနှင့်ဆိုလျှင် ဤကဲ့သို့သော ကိစ္စရပ်များက ဘယ်တော့မှ မလွယ်ကူပေ။ သူမကလေးများကို တစ်ချက်ကြည့်ကာ

“ခဏနေရင် ဒေါ်လေးပိုင်ကို ကူညီပြီး ကြည့်ပေးဖို့ အကူအညီတောင်းလိုက်မယ်”

အဘွားကြီးကျောက် ခေါင်းညိတ်ကာ

“နင်တို့ နှစ်ယောက်လုံး အိမ်မှာ လိမ်လိမ်မာ နေခဲ့ကြ၊ ငါတို့ အမြန်ပြန်လာခဲ့မယ်၊ ဟုတ်ပြီလား”

ကလေးများမှာ ဂျီမကျဘဲ အလွန်ပင် လိမ္မာကြရှာ၏။

အမှန်တွင် ယခုခေတ် ကလေးအများစုမှာ လွတ်လပ်စွာ ကြီးပြင်းလာကြခြင်း ဖြစ်ပြီး သူတို့ကလေးများမှာမူ အတော်လေး အမေကပ်သူများဟု သတ်မှတ်နိုင်၏။

ချန်ချင်းယွီ ပြုံးလိုက်ပြီး ကလေးငယ်များ၏ ခေါင်းကို ပွတ်သပ်ပေးချင်သော်လည်း မိမိ၏ ဆီပေနေသော လက်များကို ကြည့်ပြီး စိတ်လျှော့လိုက်သည်။

ချန်ချင်းယွီနှင့် သူမ၏ ယောက္ခမဖြစ်သူတို့သည် လူမမာမေးရန် ဆေးရုံသို့ သွားကြမည်ဖြစ်သဖြင့် ကလေးများကို ပိုင်ဖုန်းရှန်းထံ အပ်နှံခဲ့ကြ၏။ ပိုင်ဖုန်းရှန်းသည်လည်း ငြင်းဆန်ခြင်း မရှိပေ။ ဝင်းတာဝန်ခံ ဇနီးဖြစ်သည့်အတွက် ဤကဲ့သို့သော ကိစ္စရပ်များတွင် ကူညီရန် သူမ ဘယ်သောအခါမျှ မငြင်းဆန်ခဲ့ဖူးပေ။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း ပြဿနာရှာတတ်သည့် ကလေးများ မဟုတ်ကြသဖြင့် သူမအနေဖြင့် သဘာဝကျစွာပင် ကန့်ကွက်စရာ မရှိပေ။

ချန်ချင်းယွီနှင့် သူမ၏ ယောက္ခမတို့သည် အချိန်မဆွဲဘဲ ချက်ချင်း ထွက်ခွာခဲ့ကြသည်။

လင်စန်းရှင်းသည် ထိုလူနှစ်ဦးနှင့် လမ်းမှာဆုံသဖြင့် မေးမြန်းလိုက်၏။

“ညနေကြီး ဘယ်သွားကြမလို့လဲ”

ချန်ချင်းယွီ : “ကျွန်မတို့ မိသားစုဝင်တစ်ယောက် ဆေးရုံတက်နေရလို့ သွားကြည့်မလို့ပါ”

လင်စန်းရှင်း ချက်ချင်း သဘောပေါက်သွားပြီး

“ဟုတ်သားပဲ၊ ငါကြားတယ်၊ ညည်းရဲ့ မိထွေးမလား”

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

“ဟုတ်ကဲ့”

လင်စန်းရှင်း : “ဒါဆိုရင်လည်း အမြန်သွားကြလေ”

သူမသည် လက်ဗလာဖြင့် သွားနေကြသည့် လူနှစ်ဦးကို တစ်ချက်ကြည့်ကာ ဆွံ့အသွားရသော်လည်း သူတို့တွင် အချိန်ရှိသေးသဖြင့် လမ်းမှာ တစ်ခုခု ဝယ်သွားနိုင်သည်ကို ပြန်လည်သတိရမိသည်။ အိမ်မှာ သင့်တော်သည့် လက်ဆောင်ပစ္စည်း မရှိလျှင် အပြင်မှ ဝယ်သွားခြင်းသည် ပုံမှန်ပင် ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဆေးရုံကို လူမမာမေးသွားတာကို လက်ဆောင်မပါဘဲ သွားမယ့်သူ ဘယ်သူရှိပါ့မလဲ…

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီ : ‘အဟမ်း ရှိတာပေါ့ အဲ့ဒါကျွန်မတို့ပဲ’

လင်စန်းရှင်း: “စောစောသွားပြီး စောစောပြန်လာကြ၊ ညဘက် အပြင်မှာ မလုံခြုံဘူး”

အဘွားကြီးကျောက်သည် နှာခေါင်းရှုံ့ကာ ဆိုလေသည်။

“ငါ့လို ယောက္ခမရှိတဲ့နေရာက ဒီလောကမှာ အလုံခြုံဆုံး နေရာပဲ”

လင်စန်းရှင်း : “……”

ထိုအဓိပ္ပာယ်မရှိသော စကားမှာ တကယ့်ကို အမှန်တရား ဖြစ်နေ၏။

ညည်းတို့ လုံခြုံနေပေမဲ့ အခြားလူတွေကတော့ မလုံခြုံဘူးလေ…

လင်စန်းရှင်း စိတ်မသက်မသာဖြင့် ရယ်မောလိုက်ပြီး စကားဆက်မပြောတော့ပေ။

ချန်ချင်းယွီမှာမူ နူးညံ့သိမ်မွေ့ပြီး လိမ္မာပါးနပ်သည့် ပုံစံဖြင့်သာ ရှိနေသည်။ ၎င်းမှာ ဝင်းထဲတွင် သူမ ပြသထားသည့် ပုံရိပ် ဖြစ်၏။

ယောက္ခမနှင့် ချွေးမနှစ်ဦး အတူတူ ထွက်လာကြသည်။

အဘွားကြီးကျောက် : “အိမ်မှာ ဘယ်သူမှ မရှိတာ အဆင်ပြေပါ့မလား”

ချန်ချင်းယွီ : “ရပါတယ်ရှင့်.. မနေ့ကမှ သူခိုးတစ်ယောက် လာထားတာ၊ ဒီနေ့ နောက်တစ်ယောက် ထပ်လာဖို့ မရှိနိုင်ပါဘူး..အဲဒါကို စိတ်ပူနေစရာ မလိုပါဘူး”

“ဒါလည်း ဟုတ်တာပဲ”

အမျိုးသမီးနှစ်ဦးမှာ လက်ဗလာဖြင့် ဆေးရုံသို့ ရောက်ရှိလာကြ၏။

အဘွားကြီးကျောက် : “သူတို့က ဒုတိယထပ်မှာ ကဲ၊ ငါ့နောက်က လိုက်ခဲ့”

သမီးယောက္ခမနှစ်ဦး အတူတူ လျှောက်လာကြ၏။

အဘွားကြီးကျောက် : “ငါ ညည်းကို ပြောမယ်၊ ဒါက သူတို့အခန်းပဲ…… နေဦး၊ သူမ ဘယ်ရောက်သွားတာလဲ”

ကုတင်မှာ လွတ်နေသည်။

ဝမ်ကျန့်ကော် တစ်ယောက်တည်းသာ ကျန်ရှိတော့၏။

“ဝမ်ကျန့်ကော်၊ နင့်ကုတင် မျက်နှာချင်းဆိုင်က အဘွားကြီး ဘယ်ရောက်သွားလဲ”

ဝမ်ကျန့်ကော် : “သူမ ဆေးရုံက ဆင်းသွားပြီ”

အဘွားကြီးကျောက် : “လခွမ်း”

ချန်ချင်းယွီ : “……”

ဝမ်ကျန့်ကော် : “သူတို့က ဆေးရုံမှာ ဆက်နေရင် ငွေဖြုန်းတီးရာ ရောက်တယ်လို့ တွေးပြီး စောစော ဆင်းသွားကြတာ”

ဆေးရုံကလူတွေက စိတ်မချလို့ အထပ်ထပ်အခါခါ တားပါသေးတယ်… ဒါကို ဝေရှု့ဖန်းဆိုတဲ့ မိန်းမက ဆဲဆိုသွားတာလေ…

ဝမ်ကျန့်ကော် မျက်ခုံးပင့်ပြီး မေးလိုက်၏။

“ခင်များတို့က လူမမာမေးလာတာလား”

အဘွားကြီးကျောက် : “ဒါပေါ့၊ ဒါပေမဲ့ တစ်ညတည်းနဲ့ ဆင်းသွားလိမ့်မယ်လို့ တကယ်မထင်ထားဘူး..ဆေးရုံဆင်းတာ မြန်လွန်းတယ်..တကယ်ပါပဲ၊ ငွေကိုပဲမက်ပြီး အသက်ကို မနှမြောကြဘူး... လူအမျိုးမျိုး ရှိပါလား... ငါတို့ လူမမာလာမေးရတာ အလကားဖြစ်သွားပြီ..အော် ဒါနဲ့၊ ဝမ်ကျန့်ကော် နင်ကော ဘယ်လိုလဲ၊ နင်တစ်ယောက်တည်းပဲလား.. နင့်မိန်းမကော.. နင့်အဖေနဲ့အမေကော.. နင်တစ်ယောက်တည်းဆို အိမ်သာသွားရတာတောင် အဆင်မပြေလောက်ဘူးမလား၊ နင့်ကျောက်ကပ် (ခါး) က ဒီလိုဖြစ်သွားပြီဆိုတော့... အဲဒီကိစ္စကော မစွမ်းဆောင်နိုင်တော့တာလား.. ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မစွမ်းဆောင်နိုင်တော့ရင်တော့ ရောဂါကို ဖုံးကွယ်မထားသင့်ဘူးနော်”

ဝမ်ကျန့်ကော်၏ မျက်နှာ…… တစ်ချက်တည်းနှင့် မည်းမှောင်သွားတော့သည်။

ချန်ချင်းယွီသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရယ်ချင်စိတ်ကို အတင်းအောင့်ထားရ၏။

အာ… သူမက တမင်ရယ်တာ မဟုတ်ပါဘူးနော်… ဒါပေမဲ့ လူတွေရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတဲ့ နေရာမျိုးမှာဆိုရင် အဘွားကြီးကျောက်ကတော့ အမြဲတမ်း နတ်ပေးတဲ့ဉာဏ်လို ဆန်းပြားလွန်းတာပဲ…

မဆိုးဘူး မဆိုးဘူး၊ လေးစားပါတယ်.. လေးစားပါတယ်…

ချန်ချင်းယွီသည် ဘေးတွင် ငြိမ်ငြိမ်လေး ရပ်နေပြီး၊ အဘွားကြီးကျောက်မှာ ဆက်ပြောလေသည်။

“နင်လည်း စိတ်မကောင်းမဖြစ်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် နင့်မှာ သမီးအချို့ ရှိနေတာပဲ၊ မစွမ်းဆောင်နိုင်တော့ရင်လည်း သမက်ကို အိမ်ခေါ်ယူ အိမ်ထောင်ဦးစီးအဖြစ်ထားလို့ရတာပဲ… ပြီးတော့ ကောင်းကောင်း အနားယူရင်လည်း ပြန်ကောင်းလာရင် ကောင်းလာမှာပါ”

ဝမ်ကျန့်ကော် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကာ

“ကျုပ်မှာ အဲဒီဘက်က ပြဿနာမရှိဘူး...”

သူ့မှာ အော်ဟစ်လုနီးပါး ပြောလိုက်ခြင်း ဖြစ်သည်၊ ယောက်ျားဟူသည် မိမိကိုယ်မိမိ မစွမ်းဆောင်နိုင်ဟု အပြောမခံနိုင်ပေ။

ထို့ပြင် သူသည် ခါးအနည်းငယ် အဆစ်လွဲသွားရုံသာ ဖြစ်ပြီး၊ ထိုဘက်ကိစ္စမှာ ဘာပြဿနာမျှ မရှိသေးပေ။

ခါးဒဏ်ရာက အနားယူရင် ပြန်ကောင်းသွားမှာကို၊ သောက်အဘွားကြီးက သူ လုံးဝ အစွမ်းအစ မရှိတော့သလိုမျိုး ပြောနေတာက ဘာသဘောလဲ… ယုတ်မာလှချည်လား…

“ကျုပ်မှာ ဘာမှမဖြစ်ဘူး၊ အဒေါ်ကြီးကျောက် ခင်များ လျှောက်မပြောနဲ့၊ ဒါက ယောက်ျားတစ်ယောက်ရဲ့ သိက္ခာနဲ့ ဆိုင်တယ်၊ ထပ်မပြောနဲ့တော့”

အဘွားကြီးကျောက် : “အော်”

သူမပုံစံသည် လုံးဝ မယုံကြည်သည့် ပုံစံမျိုး ဖြစ်နေ၏။

ဝမ်ကျန့်ကော် ထပ်မံ ဒေါသထွက်သွားရပြန်သည်။

လူတိုင်း ဤအဘွားကြီးကို အဘယ်ကြောင့် စိတ်ပျက်ကြသည်မှာ မဆန်းတော့ပေ…

သူမက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာကြီး…

“ခင်များ ကျုပ်ကိုယုံစမ်းပါ၊ ကျုပ်တကယ်ပဲ ဘာမှမဖြစ်ဘူး၊ ကျုပ်က ယောက်ျားရင့်မကြီးပဲ၊ လိမ်ပြောနေစရာ မလိုပါဘူး.. ဒဏ်ရာအသေးအမွှားတင်မို့ မကြာခင် ပြန်ကောင်းသွားမှာပါ”

အဘွားကြီးကျောက် ဝမ်ကျန့်ကော်ကို သံသယစိတ်ဖြင့် အထက်အောက် ကြည့်ရှုပြီး

“အော်…”

သူမ၏ ရိုးရှင်းသော “အော်” တစ်ခွန်းတည်းကပင် ဝမ်ကျန့်ကော်ကို ဖိအားများစွာ ပေးလိုက်သကဲ့သို့ ဖြစ်စေသဖြင့် သူက စိတ်လှုပ်ရှားစွာဖြင့်

“ခင်များ ကျုပ်ကိုယုံပါ၊ ဒါက အမှန်တရားပါ”

ဘယ်လောက်ပဲ တည်ငြိမ်တဲ့ ယောက်ျားမျိုး ဖြစ်ပါစေ၊ ဒီလိုကိစ္စမျိုးမှာတော့ ဒီလို နာမည်ဆိုး အကျန်မခံနိုင်ပါဘူး…

အဘွားကြီးကျောက် : “ကြည့်စမ်း၊ နင်က ဘာလို့ လောနေရတာလဲ၊ ငါက ယုံပါတယ်လို့ ပြောပြီးပြီပဲ၊ နင်ကလည်း တကယ်ပါပဲ… ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ…… ပုံစံက ဟို ‘ငွေ သုံးရာ’ ဆိုတဲ့ စကားပုံလို ဖြစ်နေပြီ”

ချန်ချင်းယွီ : “ဒီနေရာမှာ ငွေ သုံးရာ မရှိပါဘူး (ကိုယ့်အပြစ်ကိုယ် ဖုံးကွယ်ရင်း ပိုပေါ်လွင်သွားခြင်း)”

အဘွားကြီးကျောက် : “ကွက်တိပဲ…”

ဝမ်ကျန့်ကော် : သေချင်းဆိုးမကြီး…

တကယ်ကို ဒေါသထွက်စရာပင်။

သူ တွေ့ရှိသွားသည်မှာ အဘွားကြီးကျောက်ကဲ့သို့သော လူမျိုးနှင့် စကားပြောရခြင်းမှာ ‘ပညာရှိနှင့် စစ်သား တွေ့သကဲ့သို့’ ကျိုးကြောင်းပြ၍ မရနိုင်ခြင်း ဖြစ်သည်။ သူသည် ဒေါသကို အတင်းအောင့်ထားရင်း

“ခင်များတို့က လူမမာမေးလာတာဆိုတော့ လူမရှိရင်လည်း အမြန်ပြန်ကြတော့။ ဒီမှာ လာပြီး လျှောက်မပြောနဲ့တော့”

အဘွားကြီးကျောက် : “နင်ကလည်းကွယ်၊ ငါတို့က ဘာမှလည်း မပြောရသေးပါဘူး၊ စေတနာနဲ့ လာမေးတာကို နင်က ဒီလို သဘောထားမျိုး ပြနေတယ်၊ ဒါက မသင့်တော်ဘူးနော်၊ တကယ်ပါပဲ၊ အိမ်နီးနားချင်းအချင်းချင်း စည်းလုံးမှု မရှိလိုက်တာ။ ငါ နင့်ကို သေချာ ဆုံးမရဦးမယ်……”

ဝမ်ကျန့်ကော် : “အဒေါ် အဒေါ်၊ ဒေါ်ကြီးကျောက်ရေ ကျွန်တော် ပင်ပန်းနေပြီ၊ ခင်များ အရင် ပြန်လိုက်ပါတော့ဗျာ”

သူ့စိတ်ထဲတွင် အလွန်အမင်း စိတ်ပျက်ညည်းငွေ့နေပြီ ဖြစ်၏။

အဘွားကြီးကျောက် : “နင်တစ်ယောက်တည်း အဆင်ပြေရဲ့လား..အဆင်မပြေရင် ငါ ကူညီပေးဖို့ ခဏ နေပေးလို့ရတယ်နော်”

ကြည့်စမ်း… ဘယ်လောက်ကောင်းတဲ့ အိမ်နီးနားချင်းလဲ...

ဝမ်ကျန့်ကော်က တကယ်ပဲ ကျေးဇူးမသိတတ်လိုက်တာ…

ဝမ်ကျန့်ကော် : “မလိုဘူး...”

သူသည် စိတ်ကုန်လှသော အသံဖြင့်

“လုံးဝ မလိုဘူး”

သူ အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ရင်း

“ဒေါ်ကြီးကျောက် ခင်များ အမြန်ဆုံး ပြန်ပါတော့ ကျုပ်ဆီမှာ ခင်များကို တကယ် မလိုအပ်ပါဘူးဗျာ”

လူကို ကန်ထုတ်ချင်စိတ် ပေါက်နေတော့၏။

အဘွားကြီးကျောက်သည် နှမြောတသစွာဖြင့် ဆိုလေသည်။

“ဒါဆိုလည်း ပြီးရောလေ”

အဘွားကြီးမှာ သူမကိုယ်သူမ အလွန် စိတ်သဘောထားပြည့်ဝသည့် လူကောင်းကြီးဟု ထင်မှတ်နေဆဲတည်း။

အဘွားကြီးကျောက်သည် ချန်ချင်းယွီကို ခေါ်ဆောင်၍ အပြင်သို့ ထွက်လာခဲ့ပြီး၊ စင်္ကြန်လမ်းသို့ ရောက်သောအခါ နှုတ်ခမ်းမဲ့လျက် အသံတိုးတိုးဖြင့်

“သူကတော့ မစွမ်းဆောင်နိုင်တော့တာ သေချာတယ်.. မဟုတ်ရင် ဘာလို့ စကားစလိုက်တာနဲ့ ဒီလောက်တောင် တုံ့ပြန်မှု ပြင်းထန်ရမှာလဲ.. ကြည့်စမ်း၊ ကြည့်စမ်း၊ အဲဒီလို လောတကြီးနဲ့ စိတ်မရှည်ဖြစ်နေတဲ့ ပုံစံက အမှားလုပ်ထားလို့ ရင်တုန်နေတာ သိသာတာပဲ၊ ငါ သူ့မိန်းမကို တကယ် သနားတယ်၊ ဘယ်လိုဖြစ်ပြီး ဒီလို ကိစ္စမျိုးနဲ့ ကြုံရတာလဲ.. သနားစရာကောင်းလိုက်တာ… ဒီလို အခြေအနေနဲ့တောင် သား လိုချင်သေးတယ်တဲ့၊ လူကတောင် မစွမ်းဆောင်နိုင်တော့တာ၊ ဘယ်လိုလုပ် သားရမှာလဲ...”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။

အဘွားကြီးကျောက် : “ငါတို့ ပြန်ရောက်ရင် လျှောက်မပြောနဲ့ဦး၊ မဟုတ်ရင် ဒီလူက ငါတို့ကို လာပြီး အပြစ်ပုံချလိမ့်မယ်… သူက စကားပြောကောင်းသလို ထင်ရပေမဲ့ ဒီလိုလူမျိုးက သိက္ခာကို ပိုတန်ဖိုးထားတာ၊ နောက်ကျရင် သူ မစွမ်းဆောင်နိုင်တဲ့ သတင်းက လူပြောများလာရင် သူက ငါပြောတယ်လို့ ထင်ပြီး ငါတို့ကို မုန်းတီးလက်စားချေရင် ဘယ်လိုလုပ်မလဲ၊ အဲဒီကျရင် ငါတို့က တုံးအယ်ထက်တောင် ပိုပြီး မတရား အစွပ်စွဲခံရသလို ဖြစ်သွားဦးမယ်”

ချန်ချင်းယွီ ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့ ကျွန်မတို့ လျှောက်မပြောတာ အကောင်းဆုံးပဲ၊ အမြန်ပြန်ကြစို့၊ သူများ လာအပြစ်ပုံချတာ မခံရအောင်”

“ဟုတ်တယ် ဟုတ်တယ်၊ သနားစရာပဲ၊ မစွမ်းဆောင်နိုင်တော့ဘူး”

အဘွားကြီးကျောက် : “ညည်းပြောကြည့်စမ်း၊ ဒီယောက်ျားတွေက ဘာဖြစ်ကုန်ကြတာလဲ၊ တစ်ယောက်မဟုတ် တစ်ယောက် မစွမ်းဆောင်နိုင်ကြဘူး၊ ဒါမှမဟုတ်လည်း မကြာခင် မစွမ်းဆောင်နိုင်တော့မယ့်သူတွေချည်းပဲ... တော်သေးတာက ငါ့ယောက်ျား မဟုတ်လို့၊ မဟုတ်ရင် ငါတော့ ငိုလို့ သေမှာပဲ.. ယောက်ျားတစ်ယောက်က မစွမ်းဆောင်နိုင်ရင် ဘာအတွက် သုံးစားလို့ ရတော့မှာလဲ”

ချန်ချင်းယွီ: “……”

သူမသည် မျက်နှာနီမြန်းကာ ခေါင်းငုံ့ထားပြီး ဘာမှ ဝင်မပြောရဲတော့ပေ။

ကောင်းပါပြီ၊ လူရိုးပုံစံလေးကို သေချာ ထိန်းထားရမယ်…

အဘွားကြီးကျောက် : “ကျွစ် ကျွစ် ကျွစ်…”

လူမမာခန်းထဲတွင်မူ ဝမ်ကျန့်ကော်သည် ဒေါသတကြီးဖြင့် တုန်ရင်နေပြီး၊ အခြားကုတင်မှ လူများသည် ဝမ်ကျန့်ကော်ကို ခိုးကြည့်ကာ မိသားစုဝင်များနှင့် တီးတိုး ပြောဆိုနေကြသည်……

ဟုတ်ပ… ယောက်ျားတစ်ယောက်က မစွမ်းဆောင်နိုင်တော့ရင် ဘာလုပ်လို့ ရတော့မှာလဲ…

ဝမ်ကျန့်ကော်သည် လူတိုင်း၏ အကြည့်များကို ရိပ်မိသဖြင့် ပို၍ပင် ဒေါသထွက်သွားရသည်။

ဒီအဘွားကြီးကျောက် ဒီအဘွားကြီးက ဘာလာလုပ်တာလဲ... လူမမာမေးရင်လည်း မေးပေါ့၊ ဘာလို့ လျှောက်ပြီး လျှာရှည်နေရတာလဲ... အဘွားကြီး အသေဆိုးနဲ့ သေမယ့်ဟာ... ဒီလောက် အသံကျယ်ကျယ်နဲ့ ပြောနေတာ၊ အခြားလူတွေ မကြားဘူး ထင်နေတာလား..

ဒီလူယုတ်မာမကြီး...

သေချင်းဆိုးမ အဘွားကြီး အသေဆိုးနဲ့ သေပါစေ…

ဝမ်ကျန့်ကော်သည် အလွန်အမင်း ဒေါသထွက်ကာ လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် အရိုးချင်း ရိုက်ခတ်သံပင် ထွက်ပေါ်နေသည်...

သူ လူရိုက်ချင်စိတ် ပေါက်နေပြီ...

ယခုအခါမှသာ လူများစွာသည် အဘွားကြီးကျောက်ကို အဘယ်ကြောင့် မုန်းတီးကြသလဲ ဆိုသည်ကို သူ ကောင်းကောင်းကြီး သိသွားရတော့၏။ သူမသည် တကယ်ကို လောကကြီးတွင် အမုန်းတီးရဆုံး လူသား ဖြစ်ပေသည်...

ဒီကျီးကန်းမကြီး...

ဝမ်ကျန့်ကော်သည် ဒေါသကြောင့် တုန်ရင်နေပြီး မျက်နှာတစ်ခုလုံး နီမြန်းကာ အဘွားကြီးကျောက်ကို ရှေ့တိုးပြီး ထိုးကြိတ်ပစ်ချင်စိတ် ပေါက်နေ၏။

သည်းခံရမယ် …သည်းခံရမယ်

သူ့တစ်သက်လုံး ရှိခဲ့တဲ့ နာမည်ကောင်းကို အဘွားကြီးတစ်ယောက်နဲ့ လဲလို့ မဖြစ်ဘူး…

ဒါပေမဲ့၊ တကယ်ကို ဒေါသထွက်နေပြီ…

ဝမ်ကျန့်ကော်၏ ရင်ထဲတွင် ဒေါသမီးများ တောက်လောင်နေတော့သည်။

ပြောရလျှင် ဤလူမှာလည်း စိတ်ဆတ်လွန်းလှ၏။ သူတို့ဝင်းထဲရှိ လူများအတွက်မူ ဤကဲ့သို့သော စကားအသေးအဖွဲများသည် ဘာမှမဟုတ်ပေ၊ အားလုံးသည် ဤထက်ပို၍ ရိုင်းစိုင်းသော စကားများကိုပင် ပုံမှန် ပြောဆိုလေ့ရှိကြ၏။ ဝမ်ကျန့်ကော်အနေဖြင့် “ဗဟုသုတ နည်းပါး” နေခြင်းသာ ဖြစ်ပေသည်။

ဝမ်ကျန့်ကော်ခမျာ မကျေမနပ် ဖြစ်နေရ၏။

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီ နှစ်ဦးစလုံးသည် နှမြောတသစွာဖြင့် အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်၊ မူလတွင် ဝေရှု့ဖန်းကို လာကြည့်ခြင်း ဖြစ်သော်လည်း…

ရလဒ်အနေဖြင့် မတွေ့ခဲ့ရပေ…

ချန်ချင်းယွီ: “ဟင်”

“ဘာဖြစ်လို့လဲ”

ချန်ချင်းယွီ အသံတိုးတိုးဖြင့်

“ကြည့်စမ်းရှင့်.. ဟိုမှာ လျှိုကျင့် မဟုတ်ဘူးလား”

အဘွားကြီးကျောက်သည် သူမ ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ရာ၊ ပြောရလျှင် အမှန်တကယ်ပင် သူမ ဖြစ်နေသည်။

လျှိုကျင့်နှင့် သူမ၏ ယောက်ျားဖြစ်သူတို့သည် သားဖွားမီးယပ်ဌာနထဲမှ အတူတူ ထွက်လာကြခြင်း ဖြစ်၏။

အဘွားကြီးကျောက် : “သူမယောက်ျားက မစွမ်းဆောင်နိုင်တော့ဘူး မဟုတ်လား”

ယခုအချိန်တွင် အဘွားကြီးကျောက်လည်း ဆွံ့အသွားရသည်…

ဘာလို့ မစွမ်းဆောင်နိုင်တဲ့ ယောက်ျားတွေက ဒီလောက်တောင် များနေရတာလဲ… ဘုရားရေ..

ချန်ချင်းယွီ : “ကောလာဟလ ဖြစ်မှာပါ၊ ဘယ်သူသိမှာလဲ”

လျှိုကျင့်လင်မယားသည် အဘွားကြီးကျောက်တို့၏ ရှေ့မှ လျှောက်လှမ်းနေကြပြီး၊ လျှိုကျင့်၏ ယောက်ျားဖြစ်သူသည် သူနှင့် မသက်ဆိုင်သည့် လေသံဖြင့်

“ဒီကလေးကို နင် ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ...”

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီ: “…..”

နှစ်ဦးစလုံးသည် ချက်ချင်းပင် နားကို စွင့်လိုက်ကြသည်။

လျှိုကျင့် : “ဒါ ဘယ်သူ့ကလေးလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ နင့်ကလေး ဖြစ်ဖို့ကတော့ သေချာတယ်”

သူမသည် အလွန် တည်ငြိမ်နေပြီး အေးအေးဆေးဆေးပင် ပြောလိုက်၏။

“ဒါပေမဲ့ ငါထင်တာတော့ ဒီကလေးက အချိန်ကိုက် ရောက်လာတာပဲ၊ လီချန်ရွှမ်းက ကလေးတစ်ယောက် လိုချင်နေတာ မဟုတ်လား၊ အလွန်ဆုံးရှိရင် မွေးပြီး သူ့ကို ပေးလိုက်ရုံပဲလေ၊ ငါတို့က ငွေများများ တောင်းတာပေါ့”

“ဒီလိုဆိုရင်လည်း ရတာပဲ၊ ဒါပေမဲ့ ဒီလိုလုပ်ရင် နင်တို့ ပတ်သက်နေကြတယ်ဆိုတာ အခြားလူတွေ သိသွားမှာပေါ့…… ငါ့မှာရော မျက်နှာမရှိတော့ဘူးလား”

လျှိုကျင့် : “ဒါဆိုရင် အကြောင်းပြချက်တစ်ခုခု ရှာပြီး လှည့်စားလိုက်ရင် ပြီးတာပဲမဟုတ်လား..မခက်ပါဘူး”

“မဖြစ်ဘူး၊ ငါ သဘောမတူဘူး၊ နင် ကိုယ်ဝန် ဆယ်လလောက် ဆောင်ရမှာ၊ အဲဒီ ဆယ်လအတွင်းမှာ ဘယ်သူမှ နင့်ကို လာရှာတော့မှာ မဟုတ်ဘူး……”

လျှိုကျင့် : “လီချန်ရွှမ်းရဲ့ ငွေက ငွေမဟုတ်လို့လား.. သူတို့မိသားစုက လူနည်းတယ်၊ ပြီးတော့ သားလည်း လိုချင်နေတာ၊ သူက လက်လည်း ဖွာတယ်၊ ငွေအများကြီး နှိုက်လို့ရတယ်”

“ငါ စဉ်းစားဦးမယ်၊ ငါ သေချာ စဉ်းစားဦးမယ်နော်……”

“မရရင်လည်း ကျန်းရှင်းဖှပေါ့၊ ငါကတော့ ဘာပဲဖြစ်ဖြစ် ဒီကလေးကို မွေးချင်တယ်၊ သူတို့ကို နင့်အတွက် သားတစ်ယောက် ပျိုးထောင်ကျွေးခိုင်းတာ မကောင်းဘူးလား.. ဒါ ငါတို့ရဲ့ ကလေးပဲ၊ ငါကတော့ မစွန့်လွှတ်ရက်ပါဘူး”

“နင်က ဒါ ငါ့ကလေးမှန်း ဘယ်လိုသိလဲ၊ ငါတို့အားလုံးက နင်နဲ့…… နင်က ဘယ်သူ့ကလေးလဲဆိုတာ တကယ် သေချာလို့လား”

လျှိုကျင့် သဘာဝကျစွာပင် ဖြေလိုက်၏။

“ဒါပေါ့ သေချာတာပေါ့... သူတို့အားလုံးက မစွမ်းဆောင်နိုင်ကြဘူးလေ၊ လီချန်ရွှမ်းသာ စွမ်းဆောင်နိုင်ရင် သမီးတစ်ယောက်တည်း ရှိပါ့မလား.. ကျန်းရှင်းဖှလည်း ဒီအတိုင်းပဲလေ.. နင်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးလား”

“ဟီးဟီး…”

လျှိုကျင့် : “ငါက အပြင်လူတွေကို နင် မစွမ်းဆောင်နိုင်ဘူးလို့ ပြောထားတာက ဒီအရူးတွေကို ဖမ်းစားဖို့အတွက်ပဲ၊ နင်ပြောကြည့်ဦး ငါ့အကြံ ဘယ်လိုလဲလို့”

“ရတော့ ရပါတယ်၊ ဒါပေမဲ့ ငါက တကယ်ပဲ……”

လူနှစ်ဦးမှာ ထိုသို့ တီးတိုးတိုင်ပင်နေကြပြီး နောက်ကွယ်တွင် လူရှိနေလိမ့်မည်ဟု လုံးဝ ထည့်မစဉ်းစားခဲ့ကြပေ။

သူတို့သည် ဘေးဘီကိုမမူဘဲ ဆွေးနွေးနေကြပြီး၊ သူတို့နောက်မှ လိုက်လာကြသူများမှာ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီ ဖြစ်လေသည်။

သမီးယောက္ခမ နှစ်ဦးစလုံးမှာ မယုံနိုင်အောင် ဖြစ်သွားရသည့်အပြင် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားကြ၏။

အာ… ဒါက……

သူတို့ ဘာတွေ ကြားလိုက်ရတာလဲ..

ဒီလို၊ ဒီလိုမျိုးလည်း လုပ်လို့ရတယ်လား..

လီချန်ရွှမ်းက အလကားနေရင်း အဖေ ဖြစ်တော့မှာလား..

ဘုရားရေ.. ဒါကတော့ တကယ့်ကို မဆီလျော်လိုက်တာ…

အခန်း ၉၄။ အကူအညီ

“တခြားသူတွေပဲကူညီတတ်ပြီး ကိုယ့်ကိုယ်ကို လေးစားမှူမရှိတဲ့ ယောကျာ်းတွေက တကယ့်ဂေါ်ဖီထုပ်ပဲ..(ငတုံး)”

အဘွားကြီးကျောက်

တိုးတိုးလေး ရေရွတ်လိုက်သည်။ အရှေ့မှ လူနှစ်ယောက် အားရပါးရ ဆွေးနွေးနေကြသည်ကို ကြည့်ပြီး သူမနှုတ်ခမ်းကြီးမှာ မိုးပေါ်ထောင်မတတ် မဲ့ရွဲ့နေမိ၏။

‘ပြောရရင်တော့ ဟုတ်လည်းဟုတ်ပါပေတယ်… ဒီယောက်ျားတွေဆိုတာ နံရံပေါ် ဓာတ်ပုံချိတ်ထားရတဲ့ (သေသွားတဲ့) အခါမှပဲ ငြိမ်ကုပ်သွားကြတာ၊ ဒီစကားက နည်းနည်းမှ မမှားဘူး…. ကြည့်ရတာ ရိုးရိုးအေးအေးဆိုတဲ့ လီချန်ရွှမ်းတောင်မှ အပြင်မှာ လာရှုပ်ထားသေးတာ၊ ကြည့်စမ်း... ဒါ လူလုပ်တဲ့အလုပ်လား’

‘ဘယ်တုန်းကတည်းက စဖြစ်နေလဲတော့ မသိဘူး၊ ဒါပေမဲ့လည်း အံ့သြစရာတော့ မဟုတ်ပါဘူးလေ…

တကယ်တော့ ရှေ့ဝင်းက "သားချင်း ပြိုင်မွေးတဲ့အတွဲ" နဲ့ ပတ်သက်ပြီး ကောလာဟလတွေ အနည်းနဲ့အများ ရှိခဲ့ဖူးတာပဲ၊ တချို့ကယုံပြီး တချို့ကမယုံကြတာ… သူတို့ဝင်းကလူတွေကတော့ အရင်က သိပ်မယုံကြဘူး၊ ဘာပဲဖြစ်ဖြစ် နေ့တိုင်း ဝင်ထွက်သွားလာနေကြတာဆိုတော့ တစ်ခုခု မသင်္ကာစရာရှိရင် ရိပ်မိနိုင်တာပဲလေ..’

ဒါပေမဲ့ သူတို့ မျက်စိမှောက်သွားခဲ့တာပဲ…

ဒါကို လုံးဝရိပ်မိမသွားဘူး…

အနည်းဆုံးတော့ လီချန်ရွှမ်းကတော့ တကယ်ကို မရိုးမသား ဖြစ်နေတာ အမှန်ပဲ…

အဘွားကြီးကျောက်သည် အတော်လေး ရွံရှာစက်ဆုပ်နေမိသည်။ ယခင် လီချန်ရွှမ်းနှင့် လျှိုကျင့်တို့ကြားတွင် တစ်ခုခု ရှိနေသည်ကို တွေ့ခဲ့ဖူးသော်လည်း ကိုယ်တိုင် မှန်းဆရသည်နှင့် နားနှင့်ဆတ်ဆတ် ကြားရခြင်းမှာ ခံစားရပုံချင်း မတူပေ။

သူမသည် ချန်ချင်းယွီနှင့်အကြည့်တစ်ချက် ဖလှယ်လိုက်၏။

ချန်ချင်းယွီလည်း ဆွံ့အစွာဖြင့် မျက်လုံးအပေါ်ပင့်ကာ မျက်စောင်းထိုးလိုက်မိသည်။

လျှိုကျင့် : "လီချန်ရွှမ်းက အခြေအနေ အကောင်းဆုံးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကလေးကို သူ့ဆီပေးလိုက်ရင် အချစ်ဆုံးဖြစ်မှာ သေချာတယ်၊ သူက သားပြတ်လပ်နေတာလေ"

လျှိုကျင့် : "ကျန်းပိုင်ဆန်းကလည်း အခြေအနေ ကောင်းပါတယ်၊ ဒါပေမဲ့ အဲဒီလူက ကပ်စေးနှဲပြီး လည်လွန်းတယ်..ကျွန်မနဲ့ အိပ်ဖူးပေမဲ့ ကျွန်မကို သိပ်မယုံဘူး၊ ဒီကလေးကို ယူချင်မှ ယူမှာ..."

လျှိုကျင့် : "အလုပ်ရုံက ဝမ်ခြေခွင်လည်း အဆင်ပြေပါတယ်၊ ဒါပေမဲ့ သူ့အိမ်မှာ သားတွေ အများကြီး ရှိနေပြီဆိုတော့ အပြင်မှာ ကလေးရှိတာကို သိပ်အဆန်းတစိုက် ရှိမှာမဟုတ်ဘူး..."

လျှိုကျင့် : "ကျန်းရှင်းဖှကတော့ သားမရှိဘူး၊ အသက်လည်း ငယ်သေးတယ်၊ ဒါပေမဲ့ သူ့အမေက အဆင်ပြေတဲ့လူ မဟုတ်ဘူး၊ သူကလည်း မိန်းမမရှိသေးတော့ ကလေးကို သူ့ဆီပေးဖို့က ပိုခက်လိမ့်မယ်"

လျှိုကျင့် "ပြီးတော့..."

...

သောက်ကျိုးနည်း… သူမရဲ့ ငါးကန်ထဲက ငါးတွေကတော့ (ကြိုက်တဲ့သူတွေကတော့) အများကြီးပဲ…

ချန်ချင်းယွီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

စောစောပိုင်းတွင် အကြံရခက်ရုံတင် ဖြစ်ခဲ့သော်လည်း ယခုအခါ လုံးဝ အံ့သဩမှင်သက်သွားရလေသည်။

ဘုရားရေ.. လျှိုကျင့်က ဒီလောက်တောင် စွမ်းဆောင်နိုင်တာလား…

တကယ်ကို မထင်ထားခဲ့ဘူး၊ သူတို့ဝင်းထဲကလူတွေ ဘယ်လောက်ပဲ ဆူညံပွက်လောရိုက်နေပါစေ၊ ဒီလိုလူမျိုးတော့ တစ်ယောက်မှ မရှိခဲ့ဖူးဘူး…

အဘွားကြီးကျောက်လည်း ကြောင်အမ်းသွားရရှာ၏။

သူမသည် လူအမြင်ကပ်စရာကောင်းပြီး အကျိုးအကြောင်းမရှိ ပြဿနာရှာတတ်သည့်တိုင်၊ ခေတ်ဟောင်းလူနေမှုကို ဖြတ်သန်းလာကာ အတွေးအခေါ်ဟောင်းများ ရှိသည့် အမျိုးသမီးတစ်ယောက်

ဖြစ်သည့်အတွက် ယခုမှာ ခေတ်သစ်လူနေမှုပုံစံ ဖြစ်နေသော်ငြား အရိုးထဲအသည်းထဲမှာမူ လင်တစ်ယောက်တည်းအပေါ် သစ္စာရှိရမယ်ဆိုသော အတွေးမျိုး ရှိနေသေးသည်။ သူမသည် ချန်ချင်းယွီနှင့် မတူပေ၊ ချန်ချင်းယွီသည် လင်းကျန့်ဝမ်ကို တမ်းတလွန်းကာ ရူးမတတ်ဖြစ်နေသော 'အချစ်ရူးသူ' ပုံစံ ဖမ်းနေခြင်းမှာ မိမိဘဝ အဆင်ပြေချောမွေ့အောင် လှည့်ကွက်သုံးနေခြင်းသာ ဖြစ်၏။

ဒါတွေက အပေါ်ယံသက်သက်ပဲ…

ဒါပေမဲ့ အဘွားကြီးကျောက်ကတော့ တကယ်ကို ကိုယ့်ယောကျာ်းတစ်ယောက်တည်းအပေါ် သစ္စာရှိမှုကို တန်ဖိုးထားတာ..

သူမသည် လျှိုကျင့်ကို အထင်သေးရွံရှာစွာ ကြည့်နေပြီး မည်သို့မှ လက်မခံနိုင် ဖြစ်နေရ၏။

ဒါ ဘာလိုလူမျိုးလဲ…

ဒါ မိန်းမကျင့်ဝတ်နဲ့ လုံးဝမညီဘူးမဟုတ်လား…

အဘွားကြီးကျောက်က အထင်သေးစွာဖြင့် နှုတ်ခမ်းမဲ့လိုက်စဉ်၊ အရှေ့မှ ယောက်ျားဖြစ်သူသည် လှည့်ကြည့်တော့မည့်ဟန်ကို မြင်လိုက်သဖြင့် ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဖက်ကာ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို ဆွဲပြီး လမ်းကြားထဲသို့ ရှောင်လိုက်ကာ နံရံကို အားပြုလျက် အဘွားကြီးကျောက်ကို အုတ်တံတိုင်းပေါ်သို့ တစ်ချက်တည်း ဆွဲတင်လိုက်၏။

သူမ၏ လှုပ်ရှားမှုသည် အတော်လေး မြန်ဆန်လှသည်၊ ယခုအချိန်မှာ မိုးချုပ်စပြုနေပြီဖြစ်၍ သိပ်မမြင်ရသည်မှာလည်း ကံကောင်းသွားသည်။

လျှိုကျင့် ယောက်ျားသည် ဟိုဟိုဒီဒီ လျှောက်ကြည့်နေသဖြင့် လျှိုကျင့်မှာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ"

ထိုယောက်ျားသည် သံသယဖြင့်

"ငါ့နောက်ကို လူတစ်ယောက်ယောက် လိုက်နေသလိုပဲ"

သူသည် စိတ်မချသဖြင့် ဘေးနားရှိ လမ်းကြားထဲသို့ ပတ်သွားပြီး တစ်ချက်ကြည့်လိုက်သော်လည်း လမ်းကြားမှာ ဟာလာဟင်းလင်းဖြစ်ပြီး လူတစ်ယောက်မှ မရှိချေ။ သူ ဇဝေဇဝါဖြစ်သွားစဉ် လျှိုကျင့် ဝင်ပြောလိုက်လေသည်။

"ဘယ်မှာ လူရှိလို့လဲ.. ကြည့်စမ်း၊ လမ်းကြားထဲမှာလည်း ဘယ်သူမှမရှိဘူး၊ ဒီအချိန်ဆို ပုံမှန်အားဖြင့် လူတွေ အပြင်မထွက်ကြတော့ဘူး၊ ရှင်က စိုးရိမ်စိတ်လွန်ကဲပြီး အမြင်မှားနေတာ"

သူမ ဆက်ပြီး ပြောပြန်၏။

"ကျွန်မ ကိုယ်ဝန်ရှိနေလို့ ရှင်က အလိုလို စိုးရိမ်စိတ်လွန်နေတာ မဟုတ်လား.. တို့တွေကလည်း ဘာအရေးပါတဲ့လူမို့လို့လဲ၊ တို့တွေနောက်ကို ဘယ်သူက လိုက်မှာလဲ၊ အများကြီး မတွေးပါနဲ့"

"မဖြစ်ဘူး၊ ငါ နောက်တစ်ခေါက် ပြန်ကြည့်ဦးမယ်"

သူသည် ပတ်ဝန်းကျင်ကို နောက်တစ်ပတ် ထပ်ပတ်ကြည့်ပြီးမှ နှုတ်ခမ်းကို စေ့လျက် ဆိုလေသည်။

"တကယ်ပဲ လူမရှိပါဘူး"

လျှိုကျင့် : "အစကတည်းက လူမရှိတာကို၊ လျှောက်မတွေးနဲ့တော့၊ သွားရအောင်"

"အင်း"

နှစ်ယောက်သား ရှေ့ကို ဆက်လျှောက်သွားကြပြီး၊ ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို ဆွဲကာ အုတ်တံတိုင်းပေါ်မှ ခုန်ချတော့မည့် ဆဲဆဲတွင်…... ရုတ်တရက် လျှိုကျင့်ယောက်ျားသည် ဝုန်းခနဲ နောက်ကို ပြန်လှည့်ကြည့်လိုက်ပြန်သည်၊ လှုပ်ရှားမှုသည် အတော်လေး မြန်ဆန်လှ၏။

ချန်ချင်းယွီ : ‘သောက်ကျိုးနည်း’

အဘွားကြီးကျောက် : ‘အမယ်လေး’

ဒီလူက သံသယစိတ် ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ…

လျှိုကျင့်လည်း စိတ်မရှည်နိုင်တော့ကာ စကားနာထိုးလိုက်လေသည်။

"ရှင်ကလည်း တော်ပါတော့၊ တောင်တောင်အီအီနဲ့၊ မြန်မြန် အိမ်ပြန်ရအောင်၊ ကလေးကိစ္စကို တို့တွေ ဆွေးနွေးရဦးမယ်"

"ငါတို့တွေအိမ်က မမွေးနိုင်ဘူး၊ မယူရင်မယူ၊ မဟုတ်ရင် တခြားလူဆီ လွှဲချရမယ်၊ ဒါပေမဲ့ လီချန်ရွှမ်းက သားလိုချင်နေတာဆိုတော့ မင်းက သူ့ဆီ သေချာလွှဲချနိုင်ပါ့မလား"

လျှိုကျင့်သည် နှာခေါင်းရှုံ့ကာ လှောင်ရယ်ရင်း

"ရှင်က ကျွန်မကို သံသယဝင်နေတာလား.. ကျွန်မက အဲဒီလောက် အသုံးမကျတဲ့လူ မဟုတ်ပါဘူး၊ စိတ်ချလိုက်စမ်းပါ"

"ကောင်းပြီ"

နှစ်ယောက်သား အတူတူ လျှောက်သွားရင်း လျှိုကျင့်ယောက်ျားသည် ရုတ်တရက် ဆိုလိုက်၏။

"တကယ်တော့ နည်းနည်းတော့ နှမြောစရာကောင်းတယ်၊ မင်းသာ ချဲယုံဖုန်းကို ဖမ်းစားနိုင်ခဲ့ရင် ငါတို့တွေအတွက် နောက်ခံတောင်ကြီး ရပြီပေါ့"

"ရှင် ရူးနေလား၊ သူက ရှင့်ကိုတောင် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလေ”

လျှိုကျင့်ယောက်ျား : "ဒါကလည်း ဘာမှမဖြစ်ပါဘူး... အကျိုးအမြတ်ရဖို့က အဓိကပဲလေ"

လျှိုကျင့် : "အခုပြောတော့လည်း နောက်ကျသွားပါပြီ"

"တကယ်တော့လည်း မနောက်ကျသေးပါဘူး..."

"လူဆိုးကောင်၊ ပါးစပ်ပိတ်ထားစမ်း၊ ငါ့မှာ ကလေးရှိနေပြီလေ..."

လျှိုကျင့်သည် စိတ်မဆိုးသည့်အပြင် စကားထဲတွင် ဂုဏ်ယူဝင့်ကြွားသံပင် ပါနေသေးသည်။

ချန်ချင်းယွီသည် သူတို့ ထွက်သွားသည်ကို စောင့်ကြည့်ပြီးမှ အဘွားကြီးကျောက်ကို ဆွဲကာ အုတ်တံတိုင်းပေါ်မှ ခုန်ချလိုက်၏။

အဘွားကြီးကျောက် : "တောက်... ဒီလူနှစ်ယောက်ကတော့ တကယ် ရူးနေတာပဲ၊ ဒီလောက် ညစ်ပတ်စက်ဆုပ်စရာကောင်းတဲ့ ကိစ္စကို သူတို့က ဂုဏ်ယူဝင့်ကြွားစွာ ပြောနေကြတယ် ဟုတ်လား၊ နေပါဦး... လျှိုကျင့်ရဲ့ ယောက်ျားကလည်း တကယ် ရွံစရာကောင်းလိုက်တာ၊ အာ... သူ့နာမည်က ဘာတဲ့လဲ”

ချန်ချင်းယွီ ခေါင်းခါကာ

"မှတ်မိတော့ဘူး"

အဘွားကြီးကျောက် : "ငါလည်း မမှတ်မိတော့ဘူး၊ နောက်ဆို သူ့ကို 'စိမ်းစိမ်းလေး' လို့ပဲ ခေါ်တော့မယ်၊ ခေါင်းပေါ်မှာ ဂျိုပေါက်ပြီး အစိမ်းရောင်ဦးထုပ် (လင်ငယ်အထားခံရတာ) ကို ဒီလောက် ပျော်ပျော်ကြီး ဆောင်းနေတာ၊ ‘စိမ်းစိမ်းလေး’ မဟုတ်ရင် ဘာဖြစ်ရမှာလဲ”

ချန်ချင်းယွီ : "..."

ကြည့်ရတာ အဓိပ္ပာယ်ရှိသလိုပဲ…

သို့သော်လည်း ချန်ချင်းယွီ မေးလိုက်လေသည်။

"အမေ... သူ နည်းနည်း ထူးဆန်းတယ်လို့ မခံစားရဘူးလား"

"ဘယ်နားက ထူးဆန်းလို့လဲ"

အဘွားကြီးကျောက် ဇဝေဇဝါ မေးလိုက်၏။

ချန်ချင်းယွီ : "သူက အတော်လေး သတိကြီးလွန်းသလိုပဲ"

သူက ရှေ့တိုးနောက်ဆုတ်နဲ့ ဟိုဘက်ဒီဘက်ကို အခါခါ ပြန်ကြည့်နိုင်တယ်ဆိုတော့ သတိမကြီးဘူးလား…အတော်လေးကို သတိကြီးတာ…

ဒါပေမဲ့ သူက သတိကြီးတယ်ဆိုပေမဲ့ အတော်ကြီး တော်တဲ့လူတော့ မဟုတ်ဘူး.. သူတို့ယောက္ခမနဲ့ ချွေးမ နောက်ကနေ တော်တော်ဝေးဝေးအထိ လိုက်လာပြီးမှ သူက လူရှိသလိုလို ခံစားမိတာလေ…ညံ့ပါသေးတယ်…

"စိမ်းစိမ်းလေးက အစိမ်းရောင်

ဦးထုပ်တွေ အများကြီး ဆောင်းခံထားရတော့ (လင်ငယ်အများကြီးထားခံထားရတော့) သဘာဝအတိုင်း သာမန်လူတွေနဲ့ မတူဘဲ ထူးခြားနေတာပေါ့"

ချန်ချင်းယွီ : "ဖြစ်နိုင်တာပဲ"

အဘွားကြီးကျောက်သည် စိတ်မရှည်စွာဖြင့်

"ညည်းပြောစမ်း၊ ဒီလျှိုကျင့်က ဘယ်လိုလုပ် ဒီလောက် စွမ်းနေရတာလဲ၊ ကွယ်ရာမှာ လူတွေအများကြီးနဲ့ ရှုပ်ပွေထားတာကို သူမက နည်းနည်းလေးတောင် ရှက်ရွံ့စိတ် မရှိဘူးနော်"

ချန်ချင်းယွီ : "ရှက်စရာ ဘာရှိလို့လဲ"

အဘွားကြီးကျောက် : "..."

သူမ ဆွံ့အသွားကာ မည်သို့ပြန်ပြောရမှန်း မသိဖြစ်သွားရသည်၊ သို့သော် ချက်ချင်းပင်

"ညည်းတွေးကြည့်စမ်း၊ သူမက ဒီကလေးကို လီချန်ရွှမ်းဆီ တကယ်ပဲ လွှဲချမှာလား"

ချန်ချင်းယွီ : “ကျွန်မထင်တာတော့ လွှဲချမှာပဲ၊ သူတို့စကားအရဆို လီချန်ရွှမ်းက အသင့်တော်ဆုံးပဲလေဒါပေမဲ့လည်း..."

ချန်ချင်းယွီသည် စကားကို ခဏရပ်ပြီး စိတ်ရင်းအတိုင်း ညည်းတွားလိုက်သည်။

"ကလေးက အခုမှ သန္ဓေတည်ခါစရှိသေးတာ၊ သူတို့က ယောင်္ကျားလေးလို့ ဘယ်လိုလုပ် အပိုင်တွက်နေကြတာလဲ.. တကယ်လို့ မိန်းကလေးဖြစ်နေရင်ကော... လီချန်ရွှမ်းက လိုချင်ပါဦးမလား"

ချန်ချင်းယွီ ခံစားရသလောက်မူ လီချန်ရွှမ်းသည် သားယောကျာ်းလေးကိုသာ အရေးစိုက်ပြီး သမီးမိန်းကလေးကို အထင်သေးသည့် ပုံစံရှိ၍ မွေးလာမည့်ကလေးအတွက် ပြောရခက်လှသည်။

ရှေ့ဝင်းရဲ့ အဓိကဆောင်ပုဒ်က ဘာလဲ…စကားလုံးသုံးလုံးပဲ ….

"သားမွေးမယ်..."

အဘွားကြီးကျောက် : "...လီချန်ရွှမ်းက သားပဲ လိုချင်မှာ သေချာတယ်၊ သူက သမီးမရှိတာမှ မဟုတ်တာ..ညည်းပြောစမ်း... ဒါတွေက ဘာတွေလဲအေ"

ချန်ချင်းယွီ ပုခုံးတွန့်ပြလိုက်လေတော့၏။

ယောက္ခမနှင့် ချွေးမဖြစ်သူတို့မှာ ဤအခြေအနေမျိုးကို လုံးဝမမျှော်လင့်ထားခဲ့ကြပေ။ သူတို့သည် ဆေးရုံသို့ လူမမာမေးရန် လာခဲ့ကြခြင်းဖြစ်သော်လည်း၊ မည်သူ့ကိုမျှ မတွေ့လိုက်ရဘဲ ဤကိစ္စရပ်တစ်ခုလုံးကိုသာ မတော်တဆ တွေ့မြင်သွားခဲ့ရသည်။ ဤသည်မှာ တကယ်ကို...

အဘွားကြီးကျောက် : "ချွေးမရေ... ညည်း သူတို့လို လိုက်မလုပ်နဲ့ဦးနော်"

ချန်ချင်းယွီ စူးစိုက်ကြည့်လိုက်သဖြင့် အဘွားကြီးကျောက်မှာ ချက်ချင်းပင် လေသံလျှော့ကာ

"ငါက သရော်ပြီး ပြောလိုက်တာပါအေ၊ အခုပဲ ပါးစပ်ပိတ်ပြီး ဘာမှမပြောတော့ဘူး.. ညည်း ကျန့်ဝမ်ကို ဘယ်လောက်အထိ အသည်းအသန် ချစ်တယ်ဆိုတာ ငါသိပါတယ်..သရော်ရုံတင် ပြောမိတာမို့ စိတ်ထဲမထားပါနဲ့..."

ဘေးကင်းရန်အတွက် အလျှော့ပေးလိုက်ခြင်းသည်သည အကောင်းဆုံးဖြစ်ပေသည်။

ချန်ချင်းယွီ : "ကျွန်မတို့ မြန်မြန်သွားကြရအောင်”

အဘွားကြီးကျောက်မှာ အလွန်

တုန်လှုပ်နေဆဲဖြစ်ပြီး ညည်းတွားပြောဆိုလေ၏။

"ငါ့စိတ်ထင် လီချန်ရွှမ်းတစ်ယောက် တကယ်ပဲ မမျှော်လင့်ဘဲ အဖေ ပြန်ဖြစ်တော့မယ် ထင်တယ်"

ချန်ချင်းယွီ : "အော် ဒါနဲ့၊ အမေ ဒါက ဘာကိုဆိုလိုတာလဲ တွေးကြည့်စမ်းပါ… တကယ်လို့ လီချန်ရွှမ်းမှာ နောက်ထပ် ကလေးတစ်ယောက် ရလာရင် လီလင်းလင်းက တစ်ဦးတည်းသောသမီး ဖြစ်တော့မှာ မဟုတ်ဘူးမလား... သူမက တစ်ဦးတည်းသောသမီး မဟုတ်တော့ရင် 'ကျေးလက်သို့ ဆင်းရမည့်မူဝါဒ' ကနေ ကင်းလွတ်ခွင့် ရတော့မှာ မဟုတ်ဘူး.. လီလင်းလင်းမှာက အလုပ်လည်း မရှိဘူးလေ.. တကယ်လို့ လီချန်ရွှမ်းက အိမ်ထောင်စုစာရင်းထဲမှာ ကလေးတစ်ယောက် တကယ်ပဲ တိုးလာခဲ့ရင် လီလင်းလင်း ကျေးလက်ကို သွားရတော့မှာ မဟုတ်လား..."

အရင်းဖြစ်စေ၊ မွေးစားခြင်းဖြစ်စေ အိမ်ထောင်စုစာရင်းထဲတွင် အမည်ပေါက်သွားလျှင် ၎င်းတို့၏ သားသမီးပင် ဖြစ်လာသည်။ မူဝါဒဟူသည်မှာ စာရွက်စာတမ်းပေါ်ရှိ အထောက်အထားကိုသာ အခြေခံခြင်း ဖြစ်၏။ အကယ်၍ နောက်ထပ် ကလေးတစ်ယောက်သာ ရှိလာခဲ့လျှင် ထိုကလေး၏ အဆင့်အတန်းသည် မည်သို့ပင်ဖြစ်စေ လီလင်းလင်းတစ်ယောက် ထိုမူဝါဒ၏ ခံစားခွင့်ကို ရရှိတော့မည် မဟုတ်ပေ။

အဘွားကြီးကျောက် စဉ်းစားကြည့်ရာ မှန်ကန်ကြောင်း သဘောပေါက်သွားပြီး မယုံနိုင်ဖြစ်ကာ ချက်ချင်းပင် ဆိုလိုက်မိ၏။

"လင်စန်းရှင်းက လက်ခံရလောက်အောင်အထိတော့ မိုက်မဲမှာ မဟုတ်ပါဘူးနော်... သူက တကယ်ပဲ ကလေးမွေးစားဖို့ သဘောတူလိုက်ရင် သူရဲ့ အရည်မရ အဖတ်မရ သမီးအရင်းက ဘာဖြစ်သွားမလဲ... အလုပ်ကလည်း မရှိတာကို"

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။

သူတို့နှစ်ဦးစလုံး ဤကိစ္စကြောင့် အတော်ပင် အံ့အားသင့်သွားကြသော်လည်း ကံကောင်းသည်မှာ မိမိတို့နှင့် မသက်ဆိုင်ခြင်းပင်…

ချန်ချင်းယွီ : "ကျွန်မတို့ စောင့်ပဲကြည့်ကြရအောင်..ဒါက ကျွန်မတို့နဲ့လည်း မဆိုင်ဘူး၊ ဝင်စွက်ဖက်လို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး"

အဘွားကြီးကျောက် : "ဒါလည်း ဟုတ်တာပဲ.. ငါ့အထင်တော့ လီလင်းလင်းက ကျေးလက်ကို သွားရပါစေ.. မောင်လေးတစ်ယောက် ရှိလာတာကိုပဲ ရွေးချယ်လိမ့်မယ် ထင်တယ်.. ဘာပဲဖြစ်ဖြစ် လင်စန်းရှင်းက အမြဲတမ်း သူမရဲ့ သားအကြောင်းပဲ တဖွဖွ ပြောနေတတ်တာပဲကို"

ချန်ချင်းယွီ လှောင်ပြုံးတစ်ချက် ပြုံးလိုက်၏။

ယွမ်ရှောင်ချွေ၏ အာကျယ်ပြီး ဘဝင်မြင့်မော်ကြွားတတ်သော စရိုက်ကို ကြည့်၍ အထင်မမှားစေလိုပေ။ သူမသည် လူချစ်လူခင် သိပ်မများဘဲ အနည်းငယ် မောက်မာတတ်သော်လည်း၊ ချန်ချင်းယွီအတွက်မူ လီလင်းလင်းထက် ယွမ်ရှောင်ချွေနှင့် ပေါင်းရသည်မှာ ပို၍ လွယ်ကူသည်ဟု ခံစားရသည်။ ယွမ်ရှောင်ချွေသည် မိမိကိုယ်ကိုယ် အမြဲပွင့်လင်းစွာ နေတတ်၏။ အမှားအမှန်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပြီး ခန့်မှန်းနေစရာ မလိုပေ။ သူမသည် မိမိကိုယ်ကိုယ်သာ သနားကရုဏာသက်ကာ အချိန်ဖြုန်းမနေတတ်ပေ။ အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ လက်ရှိအခြေအနေကို ချက်ချင်းပင် ရင်ဆိုင်ပြီး အကောင်းဆုံးဖြစ်အောင် မည်သို့လုပ်ရမည်ကိုသာ စဉ်းစားတတ်သည်။

သူမက အသံကျယ်ပြီး ပါးစပ်ကြမ်းသော်လည်း ကောက်ကျစ်စဉ်းလဲသူမျိုး မဟုတ်ပေ။

ထိုကဲ့သို့သော လူမျိုးနှင့် ပေါင်းသင်းရသည်မှာ တကယ်ကို စိတ်အေးချမ်းလှ၏။

ချန်ချင်းယွီအနေဖြင့် ယွမ်ရှောင်ချွေသည် တကယ့်ကို လူကောင်းတစ်ယောက်ဖြစ်သည်ဟု ရိုးသားစွာ တွေးမိသည်။ လီလင်းလင်းမှာမူ ယွမ်ရှောင်ချွေနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်၏။ သူမသည် လိမ္မာရေးခြားရှိပြီး၊ ရိုးသားကာ၊ အလုပ်ကြိုးစား၍ အေးအေးဆေးဆေး နေတတ်သည့်အပြင် မိသားစုရှိ အမျိုးသားများကို နတ်ဘုရားကဲ့သို့ ပြုစုရန် ဆန္ဒရှိနေသူပင်။ ထိုစရိုက်မျိုးကို လူကြီးအများစုသည် သဘောကျကြသည်။ သူမသည် ရန်လိုမုန်းတီးမှုကို အတိအလင်း မပြသော်လည်း တကယ်တမ်း အလွန် မနာလိုစိတ်ကြီးပြီး လျှို့ဝှက်ဆန်းကြယ်ကာ လူကွယ်ရာတွင် အမြဲတမ်း တစ်ဖက်လှည့်နှင့် ပုတ်ခတ်ပြောဆိုတတ်၏။ သူမသည် ညင်သာပျော့ပျောင်းပြီး ကြင်နာတတ်ပုံပေါ်သော်လည်း ၎င်းကြင်နာမှုသည် လူကို စိတ်မသက်မသာ ဖြစ်စေသည့် သူမ၏ မိခင် လင်စန်းရှင်းနှင့် အလွန်တူသည်။

ပြောရရင်တော့ ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချီးသားအမိပေါ့…

သူမ၏ ကြင်နာမှုမှာ အခြားသူများအပေါ် တောင်းဆိုမှုများ ပြုလုပ်ရန်သာဖြစ်ပြီး၊ သူမကိုယ်တိုင်မူအပေါ်ယံ ဟန်ပြရုံသာ လုပ်ဆောင်တတ်ခြင်း ဖြစ်၏။

ပထမဆုံး ကြည့်လိုက်လျှင် ထိုမိခင်နှင့် သမီးမှာ လူကောင်းများဟု ထင်ရသော်လည်း၊ အချိန်ကြာလာသည်နှင့်အမျှ ပို၍ စိတ်ပျက်စရာကောင်းလာသည်ကို ခံစားရလိမ့်မည်။ သူတို့သည် ထူးထူးခြားခြား ဆိုးဆိုးရွားရွား ဘာမျှမလုပ်ခဲ့သော်လည်း၊ လူကို စိတ်မသက်မသာဖြစ်အောင် လုပ်တတ်ပြီး သူတို့၏ အပြောအဆိုနှင့် အပြုအမူများသည် အခြေအနေတစ်ခုလုံးကို သိမ်မွေ့စွာ ခြယ်လှယ်တတ်ကြသည်။ သူတို့ပုံစံမှာ ဟန်ဆောင်ကောင်းသူများနှင့် အနည်းငယ် တူလှ၏။

ရွှင်ရွှင်လန်းလန်း နေတတ်သော စရိုက်ရှိသည့် ချန်ချင်းယွီမှာမူ ၎င်းတို့နှင့် အလိုအလျောက်ပင် အဆင်မပြေနိုင်ပေ။

အဓိက ပြဿနာမှာ တန်ဖိုးထားမှု ကွဲပြားခြင်း ဖြစ်သည်၊ ချန်ချင်းယွီသည် မိမိ၏ ခင်ပွန်း သို့မဟုတ် သားဖြစ်သူကို အရာရာထက် ဦးစားပေးမည့် အမျိုးသမီးမျိုး မဟုတ်ပေ။

သူမအနေဖြင့် ထိုအသားအမိအစား ယွမ်ရှောင်ချွေနှင့်သာ အတူရှိနေချင်၏။

သို့သော် ယွမ်ရှောင်ချွေသည်လည်း ထွက်ခွာတော့မည် ဖြစ်သည်။

ချန်ချင်းယွီ : "ကျွန်မတို့ လီချန်ရွှမ်းရဲ့ မိသားစုကိစ္စထဲ ဝင်မရှုပ်ကြရအောင်.. သူတို့က သားတစ်ယောက်ပဲ လိုချင်နေကြတာ၊ အရင်းမဟုတ်ရင်တောင် သားအရင်းလိုပဲ ဆက်ဆံကြမှာပဲ.. ယွမ်ရှောင်ချွေက မနက်ဖြန် ထွက်ခွာတော့မှာ၊ ဒီနေ့ သူမရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုရှိလဲ မသိဘူး"

အဘွားကြီးကျောက် : "အဲ့ဒီကောင်မလေးက မအပါဘူးအေ၊ အဆင်ပြေမှာပါ…ဒါနဲ့၊ သူမ ထွက်သွားတာနဲ့ တပြိုင်နက် ငါ ကျောက်ရုံဆီ သွားပြီး အကြွေး သွားတောင်းတော့မယ်"

ထိုစကားကြောင့် ချန်ချင်းယွီမှာ တခစ်ခစ် ရယ်မောလိုက်လေသည်။

သမီးယောက္ခမနှစ်ယောက် အိမ်ပြန်ရောက်သည့်အချိန်တွင် မိုးချုပ်နေပြီဖြစ်၏။ သို့သော်လည်း လမ်းကြားထဲတွင် စည်ကားနေဆဲဖြစ်ပြီး ဝိုင်းဝန်းအော်ဟစ် ဆူညံနေကြဆဲပင်။ ဟူး... ကျေးလက်ဆင်းရမည့် ကိစ္စရပ်များကြောင့်ပင်…

ကောင်းချီးတစ်ခုမှာမူ သူတို့မိသားစုသည် ကျေးလက်သို့ ဆင်းရန်မလိုခြင်းပင်။

ဘေးလူအနေဖြင့် ချန်ချင်းယွီတို့ မိသားစုသည် အိမ်ပြန်ရောက်သောအခါ အပြင်ထွက်၍ အတင်းအဖျင်း လျှောက်မပြောဘဲ ကလေးများကို အိမ်သို့ခေါ်ကာ စောစောစီးစီးပင် အနားယူလိုက်ကြသည်။

ဘာပဲဖြစ်ဖြစ် မနေ့ညက တစ်ညလုံး မအိပ်ခဲ့ရသည်မဟုတ်ပါလား..

အပြင်တွင် မည်မျှပင် ဆူညံပူလောင်နေပါစေ သူတို့၏ အိပ်စက်ခြင်းကိုမူ အနှောင့်အယှက် မပေးနိုင်ပေ။

ချန်ချင်းယွီမှာမူ အနည်းငယ် အိပ်စက်ခဲ့ရပြီး နေ့ခင်းဘက်တွင်လည်း အိပ်ရေးဝအောင် ပြန်အိပ်ထားသဖြင့် တော်သေးသည်။

အဘွားကြီးကျောက်မှာမူ နှစ်ရက်နှင့် တစ်ညလုံး လုံးဝမအိပ်ဘဲ အပြည့်အဝ တောင့်ခံထားရခြင်း ဖြစ်သောကြောင့် ခေါင်းအုံးနှင့် ဦးခေါင်း ထိလိုက်သည်နှင့် တပြိုင်နက် တောက်လျှောက် အိပ်ပျော်သွားပြီး အလွန်ပင် အိပ်မောကျသွား၏။ ချန်ချင်းယွီလည်း ထို့အတူပင် ကောင်းမွန်စွာ အိပ်စက်လိုက်ပြီးနောက် မနက်ဖြန်တွင် ကြည့်ရမည့် ပွဲကြမ်းကြီးကို စောင့်မျှော်နေသည်။

ဟဲဟဲ…

ပြောရလျှင် ချန်ချင်းယွီ တွေးထားသည်မှာ တကယ့်ကို တစ်စက်ကလေးမျှ မမှားခဲ့ပေ။

နံနက်ခင်း၏ နေရောင်ခြည်သည် အလွန်ပင် သာယာလှပနေသည်။ နွေရာသီတွင် မိုးစောစောလင်းသဖြင့် မနက်စောစောစီးစီးမှာပင် အလယ်ဝင်းထဲမှ ရင်ကွဲမတတ် အော်ဟစ်သံကြီး ထွက်ပေါ်လာတော့၏။

"အား... အား... အား..."

ချန်ချင်းယွီသည် ထိုအသံကို ကြားလိုက်ရသဖြင့် လန့်ဖျန့်ကာ ထထိုင်လိုက်ပြီး ခေါင်းကို ကိုင်ကာ ရေရွတ်လိုက်မိသည်။

"အပြင်မှာ ဘာတွေဖြစ်နေတာလဲ..."

အဘွားကြီးကျောက်လည်း လန့်နိုးလာခဲ့သည်။

အဘွားကြီးသည် နာရီကို မော့ကြည့်လိုက်ပြီး

"အခုမှ ငါးနာရီကျော်ပဲ ရှိသေးတာကိုး"

သူမသည် ပုံမှန်အားဖြင့် ခြောက်နာရီမှ စက်ရုံသို့ သွားရခြင်းဖြစ်သဖြင့် ဤမျှ စောစောထရန်မလိုပေ။

မည်သည့် အချက်ပေးသံမျှ မလိုဘဲ သူမသည် ပုံမှန်အားဖြင့် ငါးနာရီ လေးဆယ့်ငါးမိနစ်တွင် အလိုအလျောက် နိုးလာတတ်ပြီး နှစ်မိနစ်အတွင်း အဝတ်အစားလဲ၊ မျက်နှာသစ်ကာ ဆယ်မိနစ်ကျော်ခန့် စက်ရုံသို့ အပြေးသွားပါက အချိန်မီ အတိအကျ ရောက်ရှိ၏။

အဲ့ဒါကို ဘာလို့ ခေါ်တာပါလိမ့်…

ဘာတဲ့ ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုံ့ပြန်မှု… ဟုတ်တယ် အဲ့ဒါပဲ.. အဟမ်း..

မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် စောစောထရန် မလိုသည်မှာ အမှန်ပင်။

သို့သော် ယခုအချိန်တွင် အပြင်၌ ဘာကြောင့် ဤမျှ ဆူညံနေရသနည်း။

အဘွားကြီးကျောက် ကြောင်အမ်းအမ်း ဖြစ်နေသည့် အချိန်မှာပင် ချန်ချင်းယွီသည် အဝတ်အစားများ သပ်ရပ်စွာ ဝတ်ဆင်ပြီး တံခါးပြင်ပသို့ ထွက်သွားနှင့်ပြီ ဖြစ်သည်။ မနေ့ညက ကောင်းကောင်း အိပ်စက်ခဲ့ရသဖြင့် ယနေ့တွင် သဘာဝအတိုင်း အလွန်ပင် လန်းဆန်းတက်ကြွနေ၏။ အခြားအိမ်နီးနားချင်းများလည်း အဝတ်များကို ကိုယ်ပေါ်ခြုံကာ ထွက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့သြနေကြသည်။

အဒေါ်ကြီးမေ့မှာ ဟိုကြည့်ဒီကြည့်ဖြင့် မေးမြန်းလိုက်၏။

"ဘာဖြစ်ကြတာလဲ..."

ချန်ချင်းယွီ : “မသိဘူး ဒေါ်လေးအလယ်ဝင်းထဲက ထွက်လာတဲ့ အသံပဲ”

ချန်ချင်းယွီနှင့် အခြားသူများ အလယ်ဝင်းသို့ အမြန်သွားကြည့်ကြရာ အသံထွက်ပေါ်လာသည့်နေရာမှာ ယွမ်မိသားစုအိမ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အခြေအနေကတော့ ကောင်းလှပါဘိ…

ယွမ်မိသားစုတွင် မကြာသေးမီ ကာလများအတွင်း ပွဲကြီးပွဲကောင်းများ ဆက်တိုက် ဖြစ်ပွါးနေ၏။

လက်ရှိတွင် မုဆိုးမနှစ်ဦးဖြစ်သည့် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ အိမ်မှ ကိစ္စရပ်များမှာ နောက်ဆုံးတွင် ငြိမ်သက်သွားပြီး ဆူညံခြင်း မရှိတော့ပေ။ သို့သော် အစ်မကြီးဖန်နှင့် ယွမ်မိသားစုတို့၏ ပွဲများသည်ကား ပို၍ များပြားလာခဲ့သည်။ အထူးသဖြင့် ယွမ်မိသားစုဖြစ်ပြီး၊ ယခင်၌ ထိုအိမ်သည် အသင့်မြတ်ဆုံး အေးချမ်းဆုံး မိသားစုဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ရ၏။

ယခုအချိန်တွင် ကျောက်ရုံသည် အလွန်ပင် ဒေါသထွက်နေပြီး နှုတ်ခမ်းကို ကိုက်ကာ အော်ဟစ်ငိုယိုနေလေသည်။

"ကျွန်မ သူမအပေါ် ဘာတွေများ မှားခဲ့လို့လဲ... သူမက ဘာလို့ ဒီလိုလုပ်ရတာလဲ.. ကျွန်မကံကြမ္မာက ဘာလို့ ဒီလောက်တောင် ရက်စက်တာလဲ၊ ဒီလိုကိစ္စမျိုးနဲ့ ကြုံရအောင်…. ယွမ်ဟောက်မင်၊ ရှင်နဲ့ လက်ထပ်ခဲ့တာ အနှစ်နှစ်ဆယ်ကျော်ပြီ၊ ဒီမိသားစုအတွက် ကျွန်မ သွေးနဲ့ချွေး အရင်းအနှီးပြုပြီး လုပ်ကိုင်ပေးခဲ့တာ၊ ကျွန်မ သူ့အပေါ် မကောင်းခဲ့လို့လား... သူက ဘာလို့ ဒီလိုလုပ်ရတာလဲ၊ သူ ဒီလိုလုပ်တာ ကျွန်မကို အမေတစ်ယောက်လို သဘောထားလို့လား... ဒီလို ကျေးဇူးကန်းတဲ့ ကောင်မ၊ တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်မပဲ… တကယ်လို့ သူမသာ ထွက်ပြေးသွားရင် ကျွန်မတို့အားလုံး သွားပြီ၊ ကိစ္စက ပိုကြီးသွားရင် ကျွန်မတို့အားလုံး ကျေးလက်ကို အောက်ခြေထိဆင်းပြီး အပြစ်ပေးခံရလိမ့်မယ်၊ ရှင် ကိစ္စရဲ့ ကြီးလေးမှုကို သိရဲ့လား၊ သူ ကျွန်မတို့အပေါ် ဘယ်လိုလုပ် ဒီလို ရက်စက်နိုင်ရတာလဲ.. ဟီးဟီး...အီး”

ကျောက်ရုံ၏ ငိုကြွေးသံမှာ အတော်ပင် ကျယ်လောင်သဖြင့် ချန်ချင်းယွီနှင့် အခြားသူများမှာ ချက်ချင်းပင် ပြတင်းပေါက်နားသို့ တိုးကပ်သွားကြသည်။ မနက်စောစောစီးစီး ဖြစ်သော်လည်း လူတိုင်းမှာ အလွန်ပင် လျှင်မြန်စွာ ရောက်ရှိလာကြပြီး တစ်ဦးကိုတစ်ဦး မျက်ရိပ်ပြနေကြ၏။

အဘွားကြီးကျောက် ပိုင်ဖုန်းရှန်းကို တို့လိုက်ပြီး တိုးတိုးလေး ကပ်မေးလိုက်သည်။

"ညည်း စောစောရောက်တာ၊ ဘာဖြစ်တာလဲ..."

သူတို့အားလုံးမှာ အလယ်ဝင်းမှ ဖြစ်ကြသဖြင့် ပထမဆုံး သတင်းအချက်အလက်ကို သိရှိထားနိုင်သည်။

ပိုင်ဖုန်းရှန်းမှာလည်း ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်

ပြီး၊ သူမသည် စိတ်ကို ပြန်စုစည်းကာ ပြောပြလိုက်၏။

"ယွမ်ရှောင်ချွေက အိမ်က ပိုက်ဆံတွေနဲ့ စောင်တွေကို အကုန်ယူပြီး ထွက်သွားပြီ"

"ဘာကြီး..."

လူတိုင်း အံ့အားသင့်သွားကြသည်။

ချန်ချင်းယွီ၏ မျက်ဝန်းများ လှုပ်ခတ်သွားသော်လည်း အံ့သြခြင်းမရှိပေ။

ဘာပဲဖြစ်ဖြစ် သူမ သိထားသည်မှာ၊ ယွမ်ရှောင်ချွေ၏ အမေအရင်းသည် ထိုစဉ်က ငွေတစ်ထောင်ကျော်ကို ဤခင်ပွန်းဖြစ်သူထံ အပ်နှံခဲ့ခြင်း ဖြစ်သည်….

အင်း... တကယ့်ကို နားမလည်နိုင်စရာ အပြုအမူပင်။

ထိုစဉ်၌ ယွမ်ရှောင်ချွေသည် ဆယ်ကျော်သက်အရွယ် ရှိနေပြီဖြစ်ပြီး ဘာမှမသိသည့် ကလေးငယ် မဟုတ်တော့ပေ။ ကလေးမှ ပိုက်ဆံကို ဖြုန်းတီးပစ်မည်ကို စိုးရိမ်သည်ဆိုလျှင်ပင် ပိုက်ဆံအားလုံးကို ခင်ပွန်းဟောင်းထံ အပ်နှံစရာမလိုကာ၊ မိမိ၏ သမီးအရင်းကိုလည်း တစ်ပြားတစ်ချပ်မျှ မပေးဘဲ နေစရာမလိုပေ။ ထိုအမေသည် ယွမ်ရှောင်ချွေအတွက် စိုးစဉ်းမျှ မစဉ်းစားပေးခဲ့ဘဲ ယွမ်ဟောက်မင်ကိုသာ လုံးဝဥဿုံ ယုံကြည်ခဲ့ခြင်း ဖြစ်၏။

အချစ်အတွက်နှင့် အသိဉာဏ်မဲ့သူဟု ဆိုရလျှင်၊ ဟန်ဆောင်ထားသော ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် အသေးအဖွဲဟုသာ သတ်မှတ်ပြီး ယွမ်ရှောင်ချွေ အမေဖြစ်သူသည်သာ တကယ့် ထိပ်တန်း လင်တရူးကြီး ဖြစ်သည်ဟု ဆိုရမည်။

ယောကျ်ားတစ်ယောက်အတွက် အသက်ကိုပင် စတေးဝံ့သည့် အံ့ဖွယ်သတ္တဝါကြီးပင်…

ဒါမျိုးက ပြတိုက်ထဲ ထည့်သင့်တာ… ဒိုင်နိုဆောတွေ မျိုးမတုံးဘဲ ဦးနှောက်မပါတဲ့ အဲ့လိုဟာမတွေ မျိုးတုံးသွားရမှာ…

တစ်ဖက်လူမှာ သူမကို တန်ဖိုးမထားခဲ့သော်လည်း၊ သူမကိုယ်တိုင်သည်ကား အရာအားလုံးကို ပေးဆပ်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။ မိခင်ကောင်း ဝတ္ထုထဲမှ မင်းသမီးကြီး အလားပင်…

အဟက်…

ချန်ချင်းယွီသည် ထိုအမျိုးသမီးကို တွေးမိတိုင်း မျက်လုံးအပေါ်လန်ကာ စိတ်ပျက်မိ၏။

ကံကောင်းသည်မှာ ယွမ်ရှောင်ချွေသည် သူမအမေနှင့် မတူခြင်းပင်၊ သူမသည် ထိုပိုက်ဆံများကို ပြန်ယူရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။ သူမ၏ အမေသည် ခင်ပွန်းဟောင်းကို ပိုက်ဆံပေးချင်သည်ဖြစ်စေ၊ မပေးချင်သည်ဖြစ်စေ၊ ကျေးလက်သို့ သွားရမည်ဟု သိလိုက်ချိန်မှစ၍ ယွမ်ရှောင်ချွေသည် ထိုပိုက်ဆံများကို ပြန်ယူရန် ဆုံးဖြတ်ခဲ့ပြီးသား ဖြစ်၏။

ထို့အပြင် ယွမ်ရှောင်ချွေ၏ အဘိုးအဘွားများ သူမအတွက် ချန်ထားရစ်ခဲ့သော ဂျင်ဆင်းကိုလည်း ယွမ်ရှောင်ချွေ ပြန်ယူချင်နေခဲ့သည်ကို ချန်ချင်းယွီ သိသည်။

သို့သော် သူမမှာ တစ်လုံးတစ်ပါဒမျှ ဝင်မပြောဘဲ ပွဲကောင်းကိုသာ အေးအေးဆေးဆေး စောင့်ကြည့်နေ၏။

ချန်ချင်းယွီ ခန့်မှန်းထားသည်မှာ လုံးဝမမှားပေ၊ ယွမ်ရှောင်ချွေမှာ စောင်များကိုပင် ယူသွားခဲ့ရာ ဂျင်ဆင်းကို မည်သို့ချန်ထားပါမည်နည်း။ ထိုအရာသည် သူမပိုင်ဆိုင်သောအရာ ဖြစ်သည်... သူမအပိုင် ဖြစ်သည်... ယွမ်ရှောင်ချွေကိုယ်တိုင်သည်လည်း အနည်းငယ် ခေါင်းမာသူဖြစ်ရာ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ကို အလကား အကျိုးအမြတ် ရစေမည် မဟုတ်ပေ။

ချန်ချင်းယွီသည် ပြတင်းပေါက်မှန်တွင် ကပ်၍ ကြည့်နေသည်၊ ထိုနေရာတွင် သူမတစ်ဦးတည်း မဟုတ်ဘဲ ပြတင်းပေါက်မှန်တစ်ခုလုံးတွင် လူများ၏ မျက်နှာများ ပြည့်နှက်နေသဖြင့် သရဲကားဆန်နေကာ ရုတ်တရတ် ကြည့်လိုက်လျှင် အနည်းငယ်ပင် ကြောက်စရာ ကောင်းနေ၏။

သို့သော် ကျောက်ရုံမှာမူ ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အိမ်ထဲတွင် တုန်တုန်ရင်ရင်ဖြင့် လိုက်လံရှာဖွေနေပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်လဲထိုင်ချကာ

"မရှိတော့ဘူး၊ မရှိတော့ဘူး၊ ဂျင်ဆင်းလည်း မရှိတော့ဘူး.. ယွမ်ဟောက်မင်၊ ရှင် မြန်မြန် နည်းလမ်းတစ်ခုခု စဉ်းစားဦးလေ၊ အာ... ဟုတ်သားပဲ၊ လူရှာရမယ်၊ မြန်မြန် လူသွားရှာကြစို့… သူ အိမ်ကပစ္စည်းတွေကို ဘယ်လိုလုပ် ယူသွားရဲတာလဲ.. ဒါက ခိုးတာပဲ၊ သူမ သေချာပေါက် ထွက်ပြေးသွားပြီ.. ကျေးလက်ကို မသွားချင်လို့ ပစ္စည်းတွေယူပြီး ထွက်ပြေးတာ၊ ဟုတ်တယ်၊ သေချာပေါက် အဲ့ဒါပဲ"

ယွမ်ဟောက်မင်၏ မျက်နှာမှာလည်း ဒေါသကြောင့် နီမြန်းနေပြီ ဖြစ်သည်။ ယွမ်ရှောင်ချွေတွင် ဤမျှကြီးမားသော သတ္တိရှိလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။

ဒီကောင်မလေး ရူးသွားပြီလား။

သူ့ရင်ထဲတွင် ဒေါသအိုး ပေါက်ကွဲမတတ် ဖြစ်နေရ၏။

ယွမ်ဟောက်မင် : "အရင်ဆုံး လူရှာရအောင်”

ကျောက်ရုံ : "ရဲတိုင်ရမယ်.. မဖြစ်မနေ ရဲတိုင်ရမယ်.. သူ အိမ်ကပိုက်ဆံတွေကို ဒီလိုမျိုး ခိုးသွားတာကို ကျွန်မတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး"

ရဲတိုင်မည့် ကိစ္စကို ပြောသောအခါ ယွမ်ဟောက်မင် သိပ်ပြီး သဘောမကျချင်ပေ။ ဤခေတ်ကာလတွင် ကိစ္စကြီးကြီးမားမား မဟုတ်လျှင် အာဏာပိုင်များနှင့် ဆက်ဆံရသည်မှာ အလွန်နည်းပါးပြီး၊ ထို့အပြင် ယွမ်ရှောင်ချွေသည် မိသားစုဝင်တစ်ဦး ဖြစ်သဖြင့် အပြင်လူသိပါက သိက္ခာကျစရာ ဖြစ်လိမ့်မည်။

အကယ်၍ ဤကောင်မလေးသည် ပေါကရ စကားများ လျှောက်ပြောလိုက်လျှင် ပို၍ပင်...

ယွမ်ဟောက်မင် မျက်နှာပျက်ပျက်ဖြင့်

"မဖြစ်ဘူး၊ ရဲတိုင်လို့မဖြစ်ဘူး။ ရဲတိုင်ရင် အကုန်ပျက်စီးသွားလိမ့်မယ်။ ရှောင်ချွေက ဘာပဲဖြစ်ဖြစ် ငါ့သမီးပဲ၊ သူမရဲ့ အသက်ရှင်သန်မှုကို ငါ လုံးဝပစ်ပယ်ထားလို့ မရဘူး"

ကျောက်ရုံ စိတ်လှုပ်ရှားစွာဖြင့်

"ရှင်က သူမကို ပစ်ပယ်လို့မရဘူး၊ ရှင်က အဖေတစ်ယောက်မို့လို့ သူမကို စောင့်ရှောက်ချင်တယ်၊ ဒါပေမဲ့ သူက ရှင့်အပေါ် ဘယ်လိုပြန်လုပ်လဲဆိုတာကို ရှင် ကြည့်ဦးလေ။"

ယွမ်ဟောက်မင် : "တော်ပြီ၊ မြန်မြန် လူသွားရှာကြရအောင်”

ကျောက်ရုံသည် မျက်နှာကိုအုပ်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်ငိုနေတော့သည်။

ပြတင်းပေါက်အပြင်ဘက်ရှိ အဘွားကြီးကျောက်မှာမူ အလွန်ပင် စပ်စုချင်နေပြီး စောစောရောက်သူများကို ထပ်မံမေးမြန်းနေ၏။

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ... ယွမ်ရှောင်ချွေက ပစ္စည်းတွေယူပြီး ထွက်သွားတာလား... ဘယ်အချိန်က သွားတာလဲ... အခု လူမရှိတော့ဘူးလား... သူမ ပိုက်ဆံ ဘယ်လောက် ယူသွားလဲ..."

မာကျန်း : "မနေ့ညက ယွမ်ရှောင်ချွေတစ်ယောက် အိမ်မှာ ရှိနေသေးတယ်၊ မနက်က ဘယ်အချိန် ထွက်သွားလဲတော့ မသိဘူး.. ဒါနဲ့ပဲ ကျွန်တော်တို့ စောစောက အိမ်မှာ ကောင်းကောင်းအိပ်ပျော်နေတုန်း အစ်မကြီးကျောက်ရုံရဲ့ အော်သံကြီးကို ကြားလိုက်ရတာ၊ တကယ်ကို လန့်သွားတာပဲ.. အဲ့ဒီနောက် သူမက အိမ်ထဲကို သူခိုးဝင်တယ်လို့ ပြောတယ်၊ ပြီးတော့မှ ယွမ်ရှောင်ချွေ အိမ်မှာမရှိတော့တာကို သိပြီး ပစ္စည်းတွေကို ယွမ်ရှောင်ချွေ ယူသွားတာဖြစ်နိုင်တယ်လို့ ပြောတာ..."

သူသည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောနေ၏။

"ယွမ်ရှောင်ချွေက အိမ်က ဆောင်းတွင်းသုံး ဂွမ်းစောင်တွေကိုပါ အကုန်ယူသွားတာ၊ ပြီးတော့ အိမ်က ဟင်းချက်ဓားကိုပါ ယူသွားသေးတယ်၊ အော်... ကြားတာတော့ အိမ်က ဆန်၊ ဂျုံမှုန့်နဲ့ ဆီတွေပါ လျော့သွားတယ်တဲ့… သူမ တကယ် တော်တာပဲ၊ တကယ်ကို လေးစားဖို့ကောင်းတယ်… ကျွန်တော် ရွာကနေ ပြန်လာတာ တကယ့်ကို မှန်သွားတယ်၊ ရွာမှာတော့ ဒီလို ပွဲကြီးပွဲကောင်းမျိုး မရှိဘူး... အဲ... မဟုတ်ဘူး၊ မဟုတ်ဘူး၊ ပွဲကောင်းမဟုတ်ပါဘူး၊ ကျွန်တော်က ပွဲကြည့်ချင်လို့ မဟုတ်ပါဘူး၊ ရွာမှာ ဒီလို ကိစ္စကြီးကြီးမားမား မရှိဘူးလို့ ပြောတာပါ၊ ဟဲဟဲ၊ ဟဲဟဲဟဲ..."

လူတိုင်း : "..."

ဟူး... ဘယ်သူက နားမလည်ဘဲ နေပါ့မလဲ…

ပွဲကြည့်တာပဲကို ပွဲကြည့်တယ်လို့ ဝန်ခံလိုက်ပါတော့၊ ဘယ်သူက ပွဲမကြည့်ချင်ဘဲ နေမလဲ…လူတိုင်းက ပွဲကြည့်နေကြတာပဲဥစ္စာ..

မာကျန်း : "ကျွန်တော် ပြန်လာတာ သိပ်မကြာသေးဘူး၊ ဒါပေမဲ့ ဒီဝင်းကြီးထဲမှာ နေ့တိုင်း ကိစ္စတွေ ရှိနေသလိုပဲနော်”

အခြားလူများသည်လည်း တိတ်တဆိတ် ခေါင်းညိတ်ကြသည်။

အမှန်ပင် ဖြစ်၏။

သို့သော် ဆန်းကြယ်သလော့။

မဆန်းပါပေ။

အထက်သွားနှင့် အောက်သွားပင် မကြာခဏ ကိုက်မိတတ်သေးရာ… ဤဝင်းကြီးထဲတွင် လူအများကြီး ရှိနေသဖြင့် ပွတ်တိုက်မှုများ ရှိနေခြင်းသည် သဘာဝကျလေသည်။

ဟဲဟဲ၊ ပွဲကောင်းကို ဆက်ကြည့်ကြရအောင်…

မာကျန့်ယီမှာမူ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်မိ၏။

"..."

ဒီနေ့ကလည်း အလုပ်မလုပ်ချင်ဆုံး နေ့တစ်နေ့ ဖြစ်ပြန်ပါပြီ…

အချို့ဝင်းများမှ လူအချို့မှာ ဝင်းတာဝန်ခံရာထူးကို ရရှိရန်အတွက် တစ်ယောက်နှင့်တစ်ယောက် အသေအလဲ လုနေကြသော်လည်း၊ အချို့မှာမူ ထိုဝင်းတာဝန်ခံရာထူးမှ ကင်းလွတ်ခွင့်ပေးရန် ရပ်ကွက်ရုံးကို အသနားခံ တောင်းပန်နေကြသည်...

အင်း၊ အဲ့လောက်ထိတော့ မဟုတ်ဘူးဆိုပေမယ့် သူတို့ တကယ်ကို မလုပ်ချင်ကြတော့ပါဘူး…

သို့သော်လည်း ကံဆိုးစွာဖြင့် ထိုရာထူးကို ဖယ်ထုတ်ပစ်၍ မရနိုင်ပေ။

တကယ်ကို စိတ်ညစ်စရာပါပဲ…

မာကျန့်ယီမှာ စိတ်ဆင်းရဲနေရသော်လည်း အခြားလူများမှာမူ ထိုသို့ လုံးဝမခံစားရဘဲ ပွဲကြီးပွဲကောင်းကို ဝမ်းသာအားရ ကြည့်နေကြသည်။

ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ဘယ်သူက မပျော်ဘဲ နေပါမလဲ…

ယွမ်ဟောက်မင်သည် ယခုအချိန်တွင် ဤကိစ္စကို ဖုံးကွယ်ထား၍ မရတော့ကြောင်း သိသဖြင့် အခြားရွေးချယ်စရာ မရှိတော့ပေ။ သူသည် သက်ပြင်းတစ်ချက်ချကာ အပြင်သို့ထွက်၍ အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်၏။

"အိမ်နီးနားချင်းတို့ခင်ဗျာ၊ ကျွန်တော့်ရဲ့ ရှောင်ချွေက သိပ်ပြီး ဆိုးသွမ်းလွန်းလို့ ဒီမနက်စောစောမှာပဲ အိမ်က ပစ္စည်းတွေနဲ့ ပိုက်ဆံတွေကို ယူပြီး ထွက်ပြေးသွားပါတယ်…ဒီနေ့က ကျေးလက်ကို ဆင်းရမယ့်နေ့လည်း ဖြစ်နေတော့ ဒီကိစ္စကို နှောင့်နှေးလို့မရပါဘူး.. ကျွန်တော် သူမကို ရှာရပါလိမ့်မယ်၊ အားလုံးပဲ ကူညီပေးကြပါဦးခင်ဗျာ.. လူတိုင်းပဲ ရှောင်ချွေကို ကူညီရှာပေးကြပါဦး.. အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်"

"ဟေ့ ဦးလေးယွမ်၊ အားမနာပါနဲ့၊ ဒါက ဘာမှမဟုတ်ပါဘူး"

"ဟုတ်ပါတယ်၊ သူ ထွက်သွားတာကို ကျွန်တော်တို့ ဝိုင်းရှာပေးကြတာပေါ့..သူလို မိန်းမငယ်တစ်ယောက်က ဘယ်ကို သွားနိုင်မှာမို့လို့လဲ"

"သူကတော့ တကယ်ကို သတ္တိခဲပဲ.. ပိုက်ဆံခိုးရုံတင်မကဘူး၊ ဒီနေ့က ကျေးလက်ဆင်းရမယ့် နေ့လေ.. သူက မသွားချင်လို့ ရှောင်ပြေးတာလား... တကယ်လို့ အဖမ်းခံရရင် ကျွန်တော်တို့အားလုံး ဒုက္ခရောက်ကုန်မယ်..."

"ဟယ် တကယ်လား..."

"ဘယ်သူသိမှာလဲ..."

"သူက ကျေးလက်ကို မသွားချင်ဘူးဆိုရင် ဒီလောက် ပစ္စည်းအများကြီးယူပြီး ဘယ်ကို သွားမှာလဲ..."

"သူရဲ့ ဇာတိမြေကို ပြန်သွားတာ ဖြစ်နိုင်မလား..."

"သူရဲ့ ဇာတိက ထျန်းကျင်းမှာလေ..အိမ်ပြန်ရောက်ဖို့ ဘယ်လောက်တောင် ကြာဦးမလဲ၊ သူမမှာ ခရီးသွားထောက်ခံစာလည်း မရှိဘူး.. လမ်းလျှောက်ပြန်ရင် ဘယ်လောက်တောင် ကြာမလဲ..."

လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် တီးတိုးပြောဆိုနေကြသည်။ ချန်ချင်းယွီသည် လူအုပ်ထဲတွင် ရပ်ကာ ပွဲကြည့်နေသော်လည်း တစ်လုံးတစ်ပါဒမျှ ဝင်မပြောပေ။

အမှန်တွင် ယွမ်ရှောင်ချွေအနေဖြင့် ကျေးလက်ဆင်းရမည့် ကိစ္စကို ရှောင်ပြေးရန် မဖြစ်နိုင်ကြောင်း သူမ ကောင်းကောင်းသိ၏။

ယွမ်ရှောင်ချွေသည် သွားရန် ဆုံးဖြတ်ပြီးသားဖြစ်ပြီး ပစ္စည်းများကိုပင် ပြင်ဆင်ထားခဲ့သည်။ သူမသည် အဘယ်ကြောင့် ပုန်းအောင်းပြီး လျှောက်ပြေးနေပါမည်နည်း။ ကျေးလက်ကို တိုက်ရိုက်သွားလိုက်ခြင်းမှာ ပို၍ ကောင်းသည် မဟုတ်လော့။

ဤနေရာသည် ပေကျင်းမြို့တော်ဖြစ်သည်၊ တောင်ပိုင်း ဆိပ်ကမ်းမြို့အနီးရှိ မြစ်ကို ဖြတ်ကူးပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ရွာလေးတစ်ရွာ မဟုတ်ပေ။

[ဟောင်ကောင်နဲ့ကပ်လျက်က Shenzhen ကိုပြောတာပါ အဲ့တုန်းက တံငါရွာလေးပေါ့ အခုတော့ နည်းပညာ အဖွံ့ဖြိုးဆုံးမြို့ပေါ့]

ဒီနေရာက ပေကျင်းမြို့တော်လေ…သူမ ဘယ်ကို ပြေးနိုင်ပါမလဲ…

ယွမ်ရှောင်ချွေသည် ထွက်ပြေးမည် မဟုတ်ပေ။ သူမ အဘယ်ကြောင့် ပစ္စည်းများကို ထုပ်ပိုးပြီး စောစောထွက်သွားသလဲဆိုသည်ကိုသာ မသိခြင်း ဖြစ်သည်။ သို့သော်လည်း သိသာသည်မှာ လူတိုင်းသည် အထင်လွဲနေကြပြီး သူမကျေးလက်သို့ မသွားချင်သဖြင့် ထွက်ပြေးသည်ဟု တွေးနေကြခြင်း ဖြစ်၏။

"မြန်မြန် လူသွားရှာကြရအောင်..လူတွေ့မှပဲ ဆက်ပြောကြတာပေါ့"

မာကျန့်ယီ ပြောလိုက်သည်။

အဘွားကြီးကျောက်လည်း ဝင်ပြောကာ

"ဒါဆို ငါတို့ ဘာလို့ မြန်မြန်မသွားကြတာလဲ... ငါက ခြောက်နာရီမှာ အလုပ်ဆင်းရမှာ..မြန်မြန် လူသွားရှာကြစို့"

ယွမ်ဟောက်မင်သည် မျက်မှောင်ကုတ်ကာ ဆိုလေ၏။

"ခင်ဗျား အလုပ်မသွားဘဲ နေလို့မရဘူးလား..."

ဘယ်အရာက ပိုအရေးကြီးလဲဆိုတာကို မသိဘူးလား.. အသိဉာဏ်နည်းတဲ့ အဘွားကြီး…

အဘွားကြီးကျောက်သည် ထိုစကားကို ကြားကြားချင်း မျက်ခုံးများ ပင့်တက်သွားပြီး ချက်ချင်းပင် အော်ဟစ်တော့သည်။

"အသုံးမကျတဲ့ကောင်၊ နင်က ဘာအဓိပ္ပာယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလဲ။ 'ဘယ်ဟာက ပိုအရေးကြီးလဲ' ဆိုတာ ဘာကို ဆိုလိုတာလဲ... ဒါက နင့်ရဲ့ ခွေးကိစ္စလေ၊ ငါတို့ အိမ်နီးနားချင်းတွေက နင့်ကို ကူညီတာတင်ပဲ တော်တော် ကြင်နာလှပြီ၊ ဘာလဲ... ငါတို့က အလုပ်ပျက်ခံ၊ ခွင့်တိုင်ပြီး နင့်အတွက် ကူညီပေးရမှာလား... နင်က ဘာကောင်မို့လို့လဲ... ငါကို အသံမြှင့်ပြီး အော်ရဲတယ်ပေါ့လေ… ငါတို့က ကူညီချင်လို့ ကူညီတာကို နင်က ကျေးဇူးတင်ရမယ့်အစား ငါ့ကို ပြန်အော်နေတယ်... နင်က ဘယ်က လူကြီးမို့လို့လဲ... ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဒီလောက်တောင် အထင်ကြီးနေရတာလဲ... တကယ်လို့ နင်သာ သမီးဖြစ်သူအပေါ် ကောင်းခဲ့ရင် ဒီလို အခြေအနေမျိုးအထိ ဖြစ်လာပါ့မလား... ရိုးရိုးသားသား ပြောရရင် ငါတို့က ကူညီချင်လို့ ကူညီတာ၊ ဒါက ပြဿနာတောင် ဖြစ်နေပြီ… တကယ်လို့ တစ်နှစ်ပတ်လုံး အလုပ်တစ်ရက်မှ မပျက်ရင် နှစ်ကုန်မှာ ဆုအဖြစ် ကြွေရည်သုတ် ဇလုံတစ်လုံး ရမှာ.. ပြီးတော့ အလုပ်မပျက်တဲ့အတွက် အပိုဆုကြေးလည်း ရသေးတယ်၊ ဘာလဲ... နင့်အတွက်နဲ့ ငါက အဲ့ဒီအရာတွေကို အဆုံးရှုံးခံရမှာလား... မဟုတ်ရင် ငါကပဲ ကျေးဇူးကန်းတဲ့လူ ဖြစ်သွားမှာလား... နင်က ငါကို ရွှေတွေ ငွေတွေ ပေးထားလို့လား... နင့်အတွက်နဲ့ ငါက ဒါတွေအားလုံးကို စွန့်လွှတ်ရမယ်လို့ မျှော်လင့်နေတာလား... ဟမ်... ပြောစမ်းပါဦး၊ ပြောစမ်းပါဦး... နင်က တကယ်ကို အရှက်မရှိတဲ့ အကောင်ပဲ"

လူတိုင်း တိတ်တဆိတ် ခေါင်းညိတ်ကြ၏။

အမှန်ပင်… အလုပ်ကို လျစ်လျူရှုထား၍ မရပေ။

အလုပ်မပျက်ခြင်း ရလဒ်မှာ အထင်သေး၍ မရပေ။ တစ်လလုံးတစ်ရက်မှ အလုပ်မပျက်လျှင် လကုန်တွင် လစာထဲ၌ အပို ၅၀ ပြားရရှိသည်။ တကယ်၍ တစ်နှစ်ပတ်လုံး တစ်ရက်မှ အလုပ်မပျက်ခဲ့လျှင် အပို ၆ ယွမ်အထိ ရရှိသည်...

ဘုရားရေ၊ ၆ ယွမ်ဟဲ့ ၆ ယွမ်…

ထိုပိုက်ဆံသည် တောယုန်သုံးကောင် ဝယ်ရန် လုံလောက်၏။ ထို့ကြောင့် တော်ရုံဆိုလျှင် မည်သူမှ အလုပ်မပျက်ချင်ကြပေ။

ထို့အပြင်၊ တစ်ရက်မှ အလုပ်မပျက်သူများအတွက် နှစ်ကုန်ဆုပေးပွဲလည်း ရှိသေးသည်။ ထိုဆုမှာ နှစ်တိုင်းလိုလို ကြွေရည်သုတ် ဇလုံတစ်လုံး ဖြစ်ပြီး၊ ၎င်းသည် အပြင်၌ ဝယ်လျှင် ငွေအနည်းငယ် ပေးရသည့်အပြင် ရိက္ခာလက်မှတ်လည်း လိုအပ်၏။

ဘာမဆိုရှားပါးနေတဲ့ခေတ်မှာ အလကားရတာကို ဘယ်သူက လက်လွတ်ခံမှာလဲ… ရူးနေလို့လား..

"ကျွန်တော့်အထင်တော့ အဒေါ်ကြီးကျောက် ပြောတာ မှန်ပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အချိန်မှန် အလုပ်သွားမှာပဲ၊ လူတိုင်းလည်း ကျွန်တော့်ကို သိကြတာပဲ၊ ကျွန်တော် အလုပ်လုပ်လာတာ ဆယ်နှစ်ကျော်ပြီ၊ တစ်ရက်မှ အလုပ်မပျက်ဖူးဘူး”

ဝမ်တာ့ချွေ အလွန်ပင် တည်ကြည်စွာ ပြောလိုက်သည်။ ဤသည်မှာ ချဲ့ကားပြောခြင်း မဟုတ်ဘဲ အမှန်တရားပင် ဖြစ်၏။

သူသည် အစာအဆိပ်သင့်ခြင်း ခံစားခဲ့ရစဉ်ကပင် အလုပ်ကို ဆက်လက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ အခြေခံအားဖြင့် သူသည် မူနှစ်ချက်ကိုသာ စွဲကိုင်ထားသူဖြစ်ပြီး၊ ထိုထဲမှတစ်ခုသည် အလုပ်မပျက်ရန် ဖြစ်၏။

ဝမ်တာ့ချွေ : "ကျွန်တော်တို့ အလုပ်ရုံက ထမင်းချက်ဆောင်ထက် အလုပ်စတာ နည်းနည်း နောက်ကျတယ်.. ကျွန်တော် မနက်စာမစားတော့ဘူး၊ ခုနစ်နာရီမှာ ကျွန်တော့်နေရာမှာ အဆင်သင့် ရှိနေမယ်”

"ကောင်းပြီ၊ ကျွန်တော်လည်း မစားတော့ဘူး.. ကျွန်တော်တို့က အိမ်နီးနားချင်းတွေမို့ ခင်များကို မျက်နှာထောက်ပြီး ကူညီပေးတာ”

ယွမ်ဟောက်မင်သည် သူတို့၏ ကူညီမှုအပေါ် စိုးစိမျှ ကျေးဇူးတင်ခြင်း မရှိသည့်အပြင် ဤလူများသည် တကယ့်ကို အရှက်မရှိသူများဟုသာ တွေးမိ၏။ သူတို့တွင် အိမ်နီးနားချင်း သံယောဇဉ်ဟူ၍ လုံးဝမရှိကြပေ၊ ဤမျှ သေးငယ်သော အကျိုးအမြတ်လေးကိုသာ ဖက်တွယ်နေကြသည်။ တကယ့်ကို အသိဉာဏ် မရှိသူများပင်…

"ဒါက အလုပ်ပျက်ရုံလေး တင်ပါ၊ ကျွန်တော်..."

ယွမ်ဟောက်မင် မကျေနပ်သဖြင့် ထပ်မံ ငြင်းခုံချင်နေသေးသည်။

ကျောက်ရုံ : "တော်ပါတော့၊ စကားတွေ အများကြီး မပြောဘဲ မြန်မြန် လူသွားရှာရအောင်.. ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဟောက်မင်၊ မြန်မြန် လူသွားရှာရအောင်..."

ကျောက်ရုံသည်လည်း ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ဖြစ်နေရသော်လည်း ဆင်ခြင်တုံတရား အနည်းငယ် ကျန်ရှိနေသေးသည်။ ယခုအချိန်တွင် ယွမ်ရှောင်ချွေကို ရှာဖွေတွေ့ရှိရန်ထက် ပို၍အရေးကြီးသည့်အရာ မရှိပေ။ အကယ်၍ သူမကို ရှာမတွေ့ခဲ့လျှင် ပြဿနာအကြီးအကျယ် တက်ပေလိမ့်မည်။ သူမတို့မိသားစုအနေဖြင့် ထိုဒဏ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သူမသည် ကျေးလက်ဆင်းရန် အမည်စာရင်း သွင်းထားပြီးမှ ထွက်ပြေးတိမ်းရှောင်သွားခြင်း ဖြစ်ရာ ~~ ဤသည်မှာ အလွန်ပင် ကြီးလေးသော ကိစ္စရပ် ဖြစ်၏။

"မြန်မြန် သွားရှာကြရအောင်"

"ဟုတ်တယ်၊ ဟုတ်တယ်၊ မြန်မြန် သွားရှာကြစို့.. လူတိုင်း အပြင်ထွက်ပြီး ဝိုင်းရှာပေးကြပါ၊ အလုပ်သွားရမယ့်လူတွေကလည်း အလုပ်ကို တန်းသွားကြပါ၊ အလုပ်မရှိသေးတဲ့လူတွေကတော့ ဝိုင်းကူရှာပေးကြပါ.. ကျွန်တော်တို့အားလုံးက အိမ်နီးနားချင်းတွေပဲဥစ္စာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီကြရမှာပေါ့"

မာကျန့်ယီ စတင်၍ စီစဉ်ညွှန်ကြားပေးလေသည်။

သို့သော် သူသည် ဆက်လက်၍ သတိပေးလိုက်ပြန်၏။

"ကျွန်တော်တို့ လူထွက်ရှာကြမယ်ဆိုပေမဲ့ အိမ်တိုင်းမှာလည်း လူတစ်ယောက်စီတော့ ချန်ထားခဲ့ကြဦးနော်၊ မဟုတ်ရင် သူခိုးဝင်ပြီး ပစ္စည်းတွေ ပျောက်ရှည်သွားရင် ဆုံးရှုံးမှုတွေ ရှိလာလိမ့်မယ်"

"နားလည်ပါပြီ"

"စိတ်ချပါ ဦးလေးမာ"

လူတိုင်းသည် လျင်မြန်စွာပင် အလုပ်စကြတော့သည်။ ကျောက်ရုံနှင့် သူမ၏ခင်ပွန်းသည်လည်း အနည်းငယ်မျှ မနှောင့်နှေးရဲကြဘဲ ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့ကို အမြန်ခေါ်ကာ ထွက်ခဲ့ကြပြီး၊ အိမ်စောင့်ရန်အတွက် သမီးအငယ်ဆုံးလေး ယွမ်ဟောက်ယွဲ့ တစ်ဦးတည်းကိုသာ အိမ်တွင် ချန်ထားခဲ့ကြ၏။ ယွမ်ဟောက်ဖုန်းသည် အပြင်သို့ ရောက်သည်နှင့်တပြိုင်နက် အကြံပြုလိုက်သည်။

"ကျွန်တော်တို့ လူခွဲပြီး ရှာကြရအောင်.. သူ ဘယ်ကို သွားနိုင်လဲဆိုတာ သေချာမသိပေမဲ့ ဘူတာရုံဘက်ကို ဦးတည်ပြီး ရှာကြည့်ရအောင်။ သူ့မှာ ခရီးသွားထောက်ခံစာမရှိတော့ ခရီးဝေးကား စီးလို့မရပေမဲ့ ခရီးတိုကတော့ စီးလို့ရနိုင်သေးတယ်"

"ကောင်းပြီ၊ ငါ အခုပဲ သွားလိုက်မယ်”

"ဒါဆိုရင် ကျွန်မက..."

လူအုပ်ကြီးသည် ဝင်းထဲမှ အခြားလူများကဲ့သို့ပင် အုပ်စုခွဲလိုက်ကြပြီး၊ မောင်နှမနှစ်ဦးဖြစ်သည့် ဟောက်ဖုန်းနှင့် ဟောက်ရွှယ်တို့မှာ အတူတူ လျှောက်လာခဲ့ကြ၏။ ဟောက်ရွှယ်သည် နှုတ်ခမ်းကို ကိုက်ကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

"သူက ဒီလိုလူစားမျိုး ဖြစ်လိမ့်

မယ်လို့ ညီမလေး လုံးဝမထင်ထားခဲ့ဘူး.. တကယ်ကို လူပေါင်းမှားခဲ့တာပဲ..သူ့အပေါ် အမြဲတမ်း ညီမအရင်းလေးတစ်ယောက်လို ဆက်ဆံခဲ့တာကို၊ သူက ဒီလိုမျိုး လုပ်ရက်တယ်ပေါ့"

ဟောက်ဖုန်း၏ မျက်နှာမှာလည်း အုံ့မှိုင်းနေပြီး

"ငါကော ဘယ်လိုလုပ် ထင်ထားပါ့မလဲ… 'မွေးတဲ့သန္ဓေ သေအောင်နေ’ ဆိုတဲ့ စကားက တကယ်မှန်တာပဲ.. ကြွက်ကမွေးတဲ့ သားက တွင်းတူးတတ်တာ သဘာဝပဲလေ၊ သူ့ရဲ့ အမေကလည်း ဘာမှအသုံးမကျတဲ့အပြင်၊ ငါတို့ မိသားစုအပေါ် ကပ်ပါးရပ်ပါးလုပ်ပြီး အကျိုးအမြတ်ပဲ ခေါင်းပုံဖြတ်ချင်တဲ့ ယဉ်ကျေးမှုမရှိ၊ အသိပညာမရှိတဲ့ ရွာသူတစ်ယောက်ပဲ.. သမီးဖြစ်သူကလည်း ထပ်တူထပ်မျှပဲ၊တကယ်ကို ပညာမရှိတဲ့ တောသူမပဲ"

ဟောက်ရွှယ် : "သူ ကျေးလက်ကို သွားချင်တာကပဲ တော်သေးတယ်လို့ ပြောရမယ်.. တကယ်လို့ သူ့ကို ညီမလေးတို့အနားမှာ ဆက်ထားထားရင် သူ့ရဲ့ စရိုက်ဆိုးတွေကြောင့် ညီမလေးတို့မိသားစုရဲ့ ဂုဏ်သိက္ခာကို ဘယ်လောက်တောင် ဖျက်ဆီးဦးမလဲ မသိဘူး"

ဟောက်ဖုန်းသည် ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကုတ်ကာ

"ငါတို့ သူ့ကို မဖြစ်မနေ ရှာတွေ့မှဖြစ်မယ်.. တကယ်လို့ သူကကျေးလက်ကိုမသွားဘဲ ထွက်ပြေးသွားရင် ငါတို့မိသားစု ဒုက္ခအကြီးအကျယ် တက်လိမ့်

မယ်.. ဟောက်ရွှယ်.. ညီမလေးရဲ့ ယာယီအလုပ်ကိစ္စကို ထားလိုက်ဦး၊ ငါတို့ပါ တာဝန်ယူရတဲ့အဆင့်အထိ ရောက်သွားနိုင်တယ်..."

ယွမ်ဟောက်ရွှယ်၏ မျက်နှာ အရောင်ပြောင်းသွားပြီး "တကယ့် ကောင်မစုတ်ပဲ..." ဟု ဆဲရေးလိုက်မိသည်။

သူမသည် အမြဲတမ်း နူးညံ့သိမ်မွေ့ပြီး၊ အလိုက်သိကာ၊ ယဉ်ကျေးပျော့ပျောင်းသူဖြစ်ရာ၊ ဤမျှအထိ ဒေါသထွက်ပြီး မထိန်းနိုင်ဘဲ ဆဲဆိုမိသည်မှာ ဤပထမဆုံးအကြိမ်ပင် ဖြစ်၏။

"တကယ့်ကို အရှက်မရှိလိုက်တာ..."

ဟောက်ဖုန်းအနေဖြင့်မူ ထိုသို့ဆဲဆိုခြင်းကို ထူးဆန်းသည်ဟု မထင်ပေ။

ဆိုရသော် ဤသည်မှာ အလွန်ကြီးမားသော ကိစ္စရပ် ဖြစ်၏။ သူတို့ကိုယ်တိုင်လည်း ကျေးလက်သို့ မသွားချင်ကြသဖြင့် ယွမ်ရှောင်ချွေသည်လည်း သွားချင်မည်မဟုတ်ဟု အလိုအလျောက် ထင်မြင်ယူဆနေကြခြင်း ဖြစ်သည်။ ထို့အပြင် သူတို့မိသားစုကို မဆိုထားနှင့်၊ ပေကျင်းမြို့တစ်မြို့လုံးတွင် မည်သူတစ်ဦးမှ ကျေးလက်သို့ သွားချင်သူ မရှိပေ။

ထို့ကြောင့် ယွမ်ရှောင်ချွေ ပျောက်ဆုံးနေသည်ကို မြင်သောအခါ၊ သူမသည် ကျေးလက်ဆင်းရမည့် ကိစ္စကို ရှောင်ပြေးရန်အတွက် ထွက်ပြေးသွားပြီဟု တထစ်ချတည်း တွေးလိုက်ကြခြင်း ဖြစ်၏။

အမှန်တွင် ဤသို့တွေးခြင်း၏ နောက်ထပ်အကြောင်းပြချက်မှာ ယွမ်ရှောင်ချွေ၏ စိတ်လိုက်မာန်ပါ လုပ်တတ်သော စရိုက်ကြောင့်လည်း ပါဝင်သည်၊ အကယ်၍ လီလင်းလင်းကဲ့သို့သော လူမျိုးသာဆိုလျှင် သူတို့ ဤသို့ တွေးမိကြမည် မဟုတ်ပေ။ သို့သော် ယခုအချိန်တွင်မူ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေကြ၏။

ဘာပဲဖြစ်ဖြစ် ရှောင်ချွေက ကျေးလက်ကို တကယ်သွားချင်တယ်ဆိုရင် အိမ်မှာပဲ စောင့်ဆိုင်းပြီး ဘူတာရုံကို တိုက်ရိုက်သွားရုံပဲလေ…

သူမက ဘာဖြစ်လို့ ဒီလောက် မနက်အစောကြီးမှာ ပျောက်ခြင်းမလှ ပျောက်နေရတာလဲ...

ထို့ကြောင့် ယွမ်ရှောင်ချွေ ထွက်ပြေးသွားပြီဟု သူတို့ အခိုင်အမာ ယုံကြည်နေကြသည်။

အကယ်၍ ယွမ်ရှောင်ချွေသာကျေးလက်ကို တကယ်မသွားဘဲ ထွက်ပြေးသွားခဲ့လျှင် ပြဿနာသည် အလွန်ကြီးမားသွားပေလိမ့်မည်။ ကိစ္စသည် ကြီးလေးသွားပြီး ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ အလုပ်ထုတ်ခံရနိုင်ပြီး၊ ကျေးလက်သို့ပါ ဆင်းကာ အပြစ်ပေးခံရနိုင်၏။ ယွမ်ဟောက်ရွှယ်အနေဖြင့်မူ ယာယီအလုပ်သမားမျှသာ ဖြစ်သဖြင့် သူမ၏ အလုပ်အကိုင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။ သူမ၏အစ်ကိုဖြစ်သူ ယွမ်ဟောက်ဖုန်းလည်း ရိုက်ခတ်မှုဒဏ်ကို ခံရနိုင်ခြေ ရှိနေသောကြောင့် သူတို့အားလုံး သောကမီး တောက်လောင်ကာ ပူပန်နေကြခြင်း ဖြစ်သည်။

ပိုက်ဆံ သို့မဟုတ် ပစ္စည်းပျောက်ဆုံးခြင်းသည် ကိစ္စကြီးသော်လည်း၊ လူပျောက်ဆုံးခြင်းမှာ ပို၍ပင် ကိစ္စကြီးမားလှ၏။

ကျောက်ရုံ ရဲတိုင်ချင်သော်လည်း ယွမ်ဟောက်မင်သည် သိက္ခာကျမည်ကို စိုးရိမ်သဖြင့် သဘောမတူခဲ့ပေ။ သို့သော် ယွမ်ဟောက်ဖုန်းနှင့် သူ့ညီမတို့သည်လည်း ရဲတိုင်ရန် သဘောမတူကြချင်ပေ၊ သူတို့မှာသိက္ခာကျမည်ကို ကြောက်ခြင်းထက် ကိစ္စရပ်များကို အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေပြီး လူပြန်တွေ့သည့်အခါ အခက်အခဲ ဖြစ်လာမည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။

သူတို့အနေဖြင့် ကိစ္စကို အကြီးအကျယ် မချဲ့ရဲကြပေ၊ စလိုက်သည်နှင့် မိမိတို့၏ အနာဂတ်ကို ထိခိုက်နိုင်၏။

ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့သည် ဘူတာရုံဘက်သို့ ဦးတည်သွားကြပြီး၊ ဝင်းထဲမှ လူအများအပြားသည်လည်း သူတို့နောက်မှ လိုက်လံရှာဖွေပေးရန် ထွက်သွားကြသည်။ သို့သော် ချန်ချင်းယွီမှာ မလိုက်ခဲ့ပေ။ သူမ၏ကလေးမှာ သုံးနှစ်သားအရွယ်သာ ရှိသေးသဖြင့် ကလေးကို အိမ်တွင် ဒီအတိုင်းပစ်ထားခဲ့ပြီး လူထွက်ရှာရန် မဖြစ်နိုင်ပေ။ သူမအနေဖြင့် ကလေးကို ထိုသို့ထားခဲ့ရန် လည်း စိတ်မချပေ။

ချန်ချင်းယွီသည် ဝင်းထဲတွင် မျက်နှာသစ်၊ သွားတိုက်နေစဉ် တစ်စုံတစ်ယောက် သူမကို စူးစိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ရုတ်တရက် မော့ကြည့်လိုက်ရာ……

နေဦး၊ နေဦး၊ နေဦး၊ နေဦး...

ယွမ်ရှောင်ချွေလား...

ချန်ချင်းယွီ အလွန်အံ့အားသင့်သွားရသည်...

ယွမ်ရှောင်ချွေက ဒီမှာပဲ ရှိနေသေးတာပဲ...

သူမ အပြင်ကို ထွက်မသွားရသေးဘူး...

ယွမ်ရှောင်ချွေသည် ချန်ချင်းယွီကို လက်ဟန်ခြေဟန်ဖြင့် လှမ်းခေါ်လိုက်၏။

ချန်ချင်းယွီ - "..."

သူမ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး အပြင်ထွက်သွားကြသူများကို ပြန်လည်စဉ်းစားကြည့်ရာ၊ ရှီရှောင်ဝေမှလွဲ၍ ဒုတိယအိမ်ရာဝင်းထဲရှိ အခြားလူအားလုံးမှာ ကလေးငယ်များသာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ရှီရှောင်ဝေသည်လည်း စောစောပိုင်းတွင် ဘာဖြစ်သလဲဆိုသည်ကို ထွက်ကြည့်ခဲ့သော်လည်း ယခုအခါ အိမ်ထဲသို့ ပြန်ဝင်၍ တစ်ရေးပြန်အိပ်နေပြီ ဖြစ်၏။ ချန်ချင်းယွီသည် ခြေဖွနင်းကာ တိုးတိုးလေး လျှောက်သွားပြီး မေးလိုက်သည်။

"နင် ထွက်မပြေးဘူးလား..."

ယွမ်ရှောင်ချွေ လေသံတိုးတိုးဖြင့်

"လျှောက်မပြောနဲ့အေ... ငါက ဘာလို့ ထွက်ပြေးရမှာလဲ... ဘယ်ကို ပြေးလို့ရမှာမို့လို့လဲ... ငါ တစ်ချိန်လုံး အိမ်မှာပဲ ရှိနေခဲ့တာ"

ချန်ချင်းယွီ : "........."

ယွမ်ရှောင်ချွေသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"ငါ ခုတင်အောက်မှာ ပုန်းနေခဲ့တာလေ"

ချန်ချင်းယွီ : "..."

သူမ၏ နှုတ်ခမ်းများ တွန့်လိမ်သွားတော့သည်။

ယွမ်ရှောင်ချွေ ပို၍ပင် ဂုဏ်ယူနေပြီး

"ငါ ဒီလိုနည်းလမ်းကို မသုံးရင် အိမ်က ပစ္စည်းတွေကို ဘယ်လိုလုပ် ယူသွားလို့ရမှာလဲ... သူတို့အားလုံးက အိမ်မှာ ရှိနေကြတာကို၊ ငါ့ကို ကျေးလက်ဆီ ပစ္စည်းတွေ ယူသွားခွင့် ပြုပါ့မလား... ငါက မိန်းကလေးတစ်ယောက်တည်းလေ၊ သူတို့လူအုပ်ကြီးကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ.. ဒါကို 'ကျားကို တောင်ပေါ်ကနေ မျှားထုတ်တဲ့ နည်းဗျူဟာ' လို့ ခေါ်တယ်၊ အံ့သြဖို့ မကောင်းဘူးလား..."

ချန်ချင်းယွီ : "အံ့သြဖို့ ကောင်းတယ်..."

ညည်း အတော်ဆုံးပါပဲအေ.. ညည်းကို အထင်သေးမိသွားပြီ…

အမှန်ပင်၊ လူသားဟူသည် အရေးကြုံလာသည့် အခိုက်အတန့်တွင် အံ့မခန်း အစွမ်းအစများကို ထုတ်သုံးနိုင်ကြသည်သာ…

ချန်ချင်းယွီ : "ဒါဆိုရင် နင်က ဘာလို့ အပြင်ကို ထွက်လာရတာလဲ... သူများတွေ မြင်သွားမှာ မကြောက်ဘူးလား... ဝင်းထဲမှာ လူတွေ ရှိနေသေးတယ်လေ"

ယွမ်ရှောင်ချွေ : "ငါ သိပါတယ်၊ ဟောက်ယွဲ့က အိမ်မှာ ရှိနေတာ။ အဲ့ဒီကလေးက တကယ့်ကို ပေါ့ဆလွန်းတယ်၊ အခြားလူတွေအားလုံး လူထွက်ရှာနေကြတာကို သူကတော့ အိမ်ပြန်ပြီး အိပ်နေတယ်..ဒါပေမဲ့ ဒါက ပိုတောင် အဆင်ပြေသေးတယ်၊ ငါ သူ့ကို မေ့လဲအောင် ရိုက်နေစရာတောင် မလိုတော့ဘူး၊ အာ... အဟမ်း… သူ အိပ်ပျော်နေတော့ ငါ့အတွက် အစစအရာရာ သိပ်အဆင်ပြေတာပေါ့။ ငါ အပြင်ကို တိတ်တဆိတ် ထွက်လာပြီး ဘာတွေဖြစ်နေလဲဆိုတာ စုံစမ်းလို့ရတာပေါ့၊ဒါနဲ့ ငါ့ကို ရှာဖို့ ဘယ်သူတွေ ထွက်သွားကြလဲ..."

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို ဘာမျှဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။

"လူအများစုကတော့ အပြင်

ထွက်သွားကြပြီ.. အိမ်အတော်များများမှာ ကလေးတွေနဲ့ လူအိုတွေပဲ ကျန်ခဲ့တာ၊ ဒါပေမဲ့ ရှီရှောင်ဝေလည်း အိမ်မှာ ရှိနေသေးတယ်"

သူမသည် လူစာရင်းကို ရေတွက်ပြီး ယွမ်ရှောင်ချွေအား ရွတ်ပြလိုက်၏။

ယွမ်ရှောင်ချွေ : "ဒါဆိုရင်တော့ ငါ စိတ်အေးသွားပါပြီ"

သူမသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် လေသံတိုးတိုးဖြင့် ပြောလာသည်။

"ခဏနေရင် ငါ့ကို အကူအညီ တစ်ခုလောက် လုပ်ပေးလို့ရမလား..."

ချန်ချင်းယွီသည် မျက်ခုံးတစ်ချက်ပင့်ကာ

"ပြောလေ၊ ငါ စဉ်းစားကြည့်ပေးမယ်"

သူမသည် သဘောတူသည်ဟုလည်း မပြော၊ ငြင်းပယ်သည်ဟုလည်း မဆိုပေ။

ယွမ်ရှောင်ချွေ အလျင်အမြန်ပင် ရှင်းပြလာ၏။

"ခဏနေရင် ငါ့အတွက် လူတွေရဲ့ အာရုံကို လွှဲပေးထားလို့ ရမလား... ငါ ဘူတာရုံကို သွားမှာ၊ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို မြင်သွားရင် ပစ္စည်းအများကြီး ယူသွားနိုင်မှာ မဟုတ်တော့လို့ စိုးရိမ်လို့ပါ"

သူမသည် လက်နှစ်ဖက်ကို စုမိုးကာ တောင်းပန်တိုးလျှိုးလေသည်။

"တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါဦး.. ငါ အရင်က ကျေးလက်မှာ နေဖူးလို့ အခြေအနေကို အသိဆုံးပါ၊ ငါက လယ်ယာလုပ်ငန်း သိပ်မကျွမ်းကျင်တော့ ကျေးလက်ကို စရောက်ချင်းမှာ အလုပ်မှတ်အပေါ်ပဲ လုံးလုံး အားကိုးလို့ မရနိုင်ဘူး၊ ပြီးတော့ ဘာပစ္စည်းမှမရှိဘဲ ငါ ဘယ်လိုလုပ် နေထိုင်နိုင်မှာလဲ... အိမ်ကပစ္စည်းတွေကို တတ်နိုင်သမျှ အများကြီး ယူသွားဖို့ လိုအပ်တယ်…ကျေးဇူးပြုပြီး ကူညီပါ"

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေကို လေးနက်စွာ စူးစိုက်ကြည့်လိုက်၏။ယွမ်ရှောင်ချွေသည်လည်း ထပ်မံ တိုးလျှိုကာ

"ကျေးပြုပြီး ကူညီပါဟာ"

ချန်ချင်းယွီ : "နင် အပြင်ထွက်တဲ့အခါ လူမိသွားမှာ မကြောက်ဘူးလား..."

ယွမ်ရှောင်ချွေ : "ဒါကတော့... ငါ့မှာ အစီအစဉ်ရှိပါတယ်၊ လမ်းကြားထဲကနေ မထွက်ရသေးခင် လူမိသွားမှာကိုပဲ ကြောက်တာ.. လမ်းမကြီးပေါ် ရောက်သွားပြီဆိုရင်တော့ ဒီနေ့ ကျေးလက်ဆင်းမယ့်လူတွေ အများကြီးရှိနေမှာမို့လို့ ဘာပြဿနာမှ ရှိမှာမဟုတ်တော့ဘူး"

"သူတို့တွေ ဘူတာရုံအထိ လိုက်ရှာမှာ မဟုတ်ဘူးလို့ နင် ထင်နေတာလား"

ချန်ချင်းယွီ သတိပေးလိုက်သည်။

ယွမ်ရှောင်ချွေသည် ထိုကိစ္စကိုလည်း ပူပန်ပုံမရဘဲ ဆိုလိုက်၏။

"ကိစ္စမရှိပါဘူး…ဘူတာရုံမှာ ကျေးလက်ဆင်းမယ့်လူတွေအပြင် ပညာတတ်လူငယ်ရုံးက လူတွေပါ ပြည့်နေတာ၊ သူတို့က ငါ့မျက်စိရှေ့တင် ငါ့ပစ္စည်းတွေကို အတင်းအဓမ္မ လုယူရဲပါ့မလား... သူတို့မှာ အရှက်တော့ ရှိသေးတယ်မလား..."

ယွမ်ရှောင်ချွေ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေသည်ကို မြင်သောအခါ ချန်ချင်းယွီခေါင်းညိတ်လိုက်ပြီး

"ကောင်းပြီ၊ နင် ဘယ်အချိန်မှာ ထွက်မှာလဲ... ငါ ကြိုတင်ပြင်ဆင်ထားပေးမယ်"

ယွမ်ရှောင်ချွေ : "ငါ ကိုးနာရီခွဲမှာ ထွက်မယ်… အချိန် သိပ်ပြီး ကပ်နေလို့ မဖြစ်ဘူး..ရှစ်နာရီ လေးဆယ့်ငါး မိနစ်ဆိုရင်ကော... အဆင်ပြေပါ့မလား..."

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်၏။

ယွမ်ရှောင်ချွေသည် ချန်ချင်းယွီကို စိတ်လှုပ်ရှားစွာ ကြည့်ပြီး ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးအများကြီး တင်ပါတယ်"

ချန်ချင်းယွီ : "ရပါတယ်။ ကောင်းမှုတစ်ခု လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်"

ယွမ်ရှောင်ချွေသည် သူမ ကျေးလက်သို့ ဆင်းရတော့မည့် အရေးကြုံချိန်တွင် မိမိကို ကူညီမည့်သူမှာ အသုံးမကျဆုံးနှင့် အေးအေးဆေးဆေး အနေဆုံးဟု ထင်ရသည့် ချန်ချင်းယွီ ဖြစ်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ သူမ လေးနက်စွာဖြင့်

"ကျေးဇူးအများကြီး တင်ပါတယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်။ ငါ နင့်ကို အမြဲတမ်း မှတ်မိနေမှာပါ"

ချန်ချင်းယွီ လက်ဝေ့ယမ်းပြပြီး စကားမဆိုတော့ပေ။

ယွမ်ရှောင်ချွေသည် နှုတ်ခမ်းကို ကိုက်ကာ တည်ကြည်စွာဖြင့် ပြောလိုက်၏။

"နောင်တစ်ချိန်ချိန်မှာ ငါ့အကူအညီ လိုအပ်တာရှိရင် ငါ့ဆီကို သေချာပေါက် လာခဲ့ပါ"

ထိုသို့ပြောပြီးနောက်၊ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ထပ်လောင်းပြောကာ

"ဒါပေမဲ့ ငါက မကြာခင် ကျေးလက်ကို ဆင်းရတော့မှာဆိုတော့ နင့်ကို ကူညီနိုင်မယ့်အရာ ရှိမှာမဟုတ်သလောက်ပါပဲလေ"

ချန်ချင်းယွီ : "နင် အိမ်ပြန်ပြီး မြန်မြန် ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့"

ယွမ်ရှောင်ချွေ ချက်ချင်း ခေါင်းညိတ်လိုက်သည်။

သူမသည် အဆင်ပြေမပြေပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် ချက်ချင်းပင် အိမ်သို့ ပြန်သွား၏။

ယွမ်ရှောင်ချွေသည် အိမ်သို့ ခြေဖွနင်းကာ ပြန်လာပြီး တံခါးကြားမှ အသာချောင်းကြည့်ရာ ဟောက်ယွဲ့မှာ အိပ်ပျော်နေဆဲဖြစ်သည်ကို တွေ့ရသဖြင့် ချက်ချင်းပင် ပစ္စည်းများကို စတင်ထုပ်ပိုးတော့သည်။

ရိုးရိုးသားသား ပြောရလျှင် ယွမ်ရှောင်ချွေသည် ဤကိစ္စကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ကြိုတင်စဉ်းစားထားခဲ့ပြီး ပစ္စည်းအချို့အား မည်သို့ယူဆောင်သွားရမည်ကို နည်းလမ်းရှာဖွေခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတွင်မှ ဤအကြံဉာဏ်ကို ရရှိခဲ့ခြင်းပင်။

ကျောက်ရုံသည် အပေါ်ယံတွင် ကြင်နာတတ်ပုံပေါ်သော်လည်း သူမ

ကျေးလက်သို့ ဆင်းရတော့မည်ဖြစ်သည့်တိုင် ဘာပစ္စည်းတစ်ခုမျှ ပြင်ဆင်ပေးထားခြင်း မရှိပေ။ သူမအနေဖြင့် ပစ္စည်းများကို ယူဆောင်သွားချင်လျှင်ပင် မိသားစုထဲတွင် လူအများကြီး ရှိနေသဖြင့် သူမတစ်ဦးတည်းနှင့် ထိုလူအုပ်ကြီးကို ယှဉ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် အခြားလူအားလုံးကို အိမ်ပြင်သို့ မျှားထုတ်ပြီးမှ မိမိ၏ပစ္စည်းများကို ဘူတာရုံသို့ တစ်ပါတည်း ယူဆောင်သွားမည့် နည်းလမ်းကို စဉ်းစားခဲ့ခြင်း ဖြစ်သည်။

သူမ ဤအကြံကို ရရန် ရက်အတော်ကြာ စဉ်းစားခဲ့ရ၏။

ယခင်နေ့ နေ့ခင်းဘက်တွင် လူကြီးများ အလုပ်သွားနေကြပြီး ယွမ်ဟောက်ရွှယ်လည်း အဝင်အထွက် လုပ်နေသည့်အချိန်၌ ရှောင်ချွေသည် ဂွမ်းစောင်တစ်ခုကို တိတ်တဆိတ် သိမ်းဆည်းကာ ဂျင်ဆင်းနှင့် အံဆွဲများကို လိုက်လံမွှေနှောက် ရှာဖွေခဲ့သည်။

အမှန်တကယ်တွင် သူမ အလွန်ပင် စိုးရိမ်ခဲ့ရပြီး သူတို့ ချက်ချင်း သိသွားမည်ကို ကြောက်လန့်ခဲ့၏။ သို့သော် ကံကောင်းသည်မှာ သူမ ခန့်မှန်းထားသည့်အတိုင်းပင်၊ သူတို့သည် မလိုအပ်ဘဲ အံဆွဲများကို လာရောက်ရှာဖွေလေ့ မရှိကြပေ။

ထို့ကြောင့် ရှောင်ချွေသည် အောင်မြင်စွာ ပုန်းကွယ်နိုင်ခဲ့သည်။ မနေ့ည၌ သူမသည် မိမိအခန်းရှိ ပစ္စည်းအချို့ကို ဖယ်ရှားလိုက်ပြီး သူမ ထွက်ပြေးသွားသည့် ပုံစံမျိုး ဖန်တီးကာ ခုတင်အောက်၌ သွားရောက်ပုန်းနေခဲ့၏။ မနေ့ည တစ်ညလုံး ခုတင်အောက်တွင် ပုန်းအောင်းနေခဲ့ရသဖြင့် သူမ လုံးဝ အိပ်မပျော်ခဲ့ရပေ။ မိုးလင်းစအချိန်တွင် သူမသည် မီးဖိုချောင်သုံးပစ္စည်း အချို့ကို တမင်တကာ သိမ်းဆည်းပြီး တံခါးကို ဖွင့်ထားခဲ့ကာ သူမ ထွက်ခွာသွားပြီဖြစ်ကြောင်း ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။

ထင်သည့်အတိုင်းပင်… ကျောက်ရုံ အိမ်သာသွားရန် ထလာသောအခါ တံခါးပွင့်နေသည်ကို တွေ့ရှိသဖြင့် ပစ္စည်းများကို ချက်ချင်း စစ်ဆေးပြီးနောက် ကိစ္စရပ်များ ကြီးထွားသွားခဲ့ရတော့သည်... သူမ အပြင်သို့ လုံးဝထွက်မသွားဘဲ ခုတင်အောက်တွင်သာ ပုန်းနေလိမ့်မည်ဟု သူတို့ စိုးစိမျှ မတွေးမိခဲ့ကြပေ။

အရာအားလုံး ချောမွေ့သွားခဲ့သည်။ လူအားလုံး ထွက်သွားကြပြီဖြစ်ရာ ယွမ်ရှောင်ချွေသည် အံဆွဲများကို ထပ်မံ၍ မွှေနှောက်ရှာဖွေပြန်၏။ သူမ သွားရမည့်နေရာမှာ အလွန်အမင်း အေးစိမ့်လှသော အရှေ့မြောက်ပိုင်းဖြစ်ရာ၊ ဂွမ်းကပ်အင်္ကျီ အထူကြီး တစ်ထည်လောက် မရှိဘဲ မည်သို့ အသက်ရှင်နိုင်မည်နည်း။ သူမ၏ ကိုယ်ပိုင်ဂွမ်းခံင်္အကျီမှာမူ အထင်ကြီးစရာမရှိပေ၊ ၎င်းသည် လုံးဝ အအေးဒဏ်ကို မကာကွယ်နိုင်ပေ။

ယွမ်ရှောင်ချွေသည် ကျောက်ရုံ၏ အင်္ကျီကို ယူရန် ဆုံးဖြတ်လိုက်၏။ ကျောက်ရုံသည် ဟန်ဆောင် ကောင်းလှသည်၊ သူမ၏ အင်္ကျီမှာ ကြည့်ကောင်းသော်လည်း အတွင်းရှိ ဂွမ်းဖတ်များမှာ ခြောက်နှစ်၊ ခုနစ်နှစ်ခန့် သုံးထားပြီးဖြစ်သဖြင့် အအေးဒဏ်ကို မကာကွယ်နိုင်တော့ပေ။ ယခင်၌ ယွမ်ရှောင်ချွေသည် အလုပ်မလုပ်ဘဲ အိမ်မှာသာ နေရသူဖြစ်သဖြင့် အင်္ကျီအထူကြီးများ မလိုဟု တွေးကာ ထိုအရာကို သိပ်ပြီး စိတ်ထဲမထားခဲ့ပေ။

သို့သော် ယခုအခါ သူမ အသိတရား ရသွားပြီ ဖြစ်၏။

အခြားလူတွေအားလုံး နွေးနွေးထွေးထွေး နေရပြီး သူမက ဘာလို့ ချမ်းနေရမှာလဲ...

သူမအနေဖြင့် ပစ္စည်းများ ပိုမိုသယ်ဆောင်ရပြီး အထုပ်အပိုး ပိုလေးကာ ပင်ပန်းခက်ခဲသော ခရီးကို အောင့်အီးသည်းခံရမည် ဆိုသည့်တိုင် ထိုနေရာသို့ လက်ဗလာဖြင့် သွားပြီး အအေးဒဏ် ခံရသည်ထက်စာလျှင် ပို၍ အဆင်ပြေပေသည်။

နွေရာသီခေါင်ခေါင်ကြီး ဖြစ်သော်လည်း ယွမ်ရှောင်ချွေသည် ရှပ်အင်္ကျီ သုံးထည်၊ လက်တိုအင်္ကျီ တစ်ထည်၊ ဂျာကင် နှစ်ထည်နှင့် ဂွမ်းကပ်အင်္ကျီ အထူကြီး တစ်ထည်ကို ဝတ်ဆင်လိုက်၏။

အူး...

ဤကဲ့သို့သော ရာသီဥတုတွင် မနက်စောစောစီးစီး ဖြစ်သော်လည်း သူမ ကိုယ်ပေါ်မှ ချွေးများ ချက်ချင်း စီးကျလာတော့သည်။ သို့သော် ယွမ်ရှောင်ချွေသည် အလျှော့မပေးဘဲ ဂွမ်းကပ်ဘောင်းဘီကိုပါ ထပ်မံ ဝတ်ဆင်လိုက်သေးသည်။

အဝတ်အစား အလွှာလွှာ အထပ်ထပ် ဝတ်ဆင်ထားရသဖြင့် အလွန်ပူအိုက်လှသော်လည်း ဤရာသီဥတုတွင် သူမ အပူလျှပ်ပြီး မေ့လဲသွားမည် မဟုတ်ပေ။ အဝတ်အစားများကို ကိုယ်ပေါ်တွင် ပို၍ ဝတ်ဆင်ထားနိုင်လေ၊ သယ်ဆောင်ရမည့် အထုပ်အပိုး နည်းသွားလေပင် ဖြစ်၏။ ထို့အပြင် သူမ၏ ကိုယ်လုံးမှာ အဆမတန် ဝတုတ်နေပုံ ပေါ်သဖြင့် လမ်းပေါ်ရှိ လူများအနေဖြင့် သူမကို မှတ်မိနိုင်ကြမည် မဟုတ်ပေ။

တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ပဲ…

အဝတ်အစားများကို ပိုမို ဝတ်ဆင်လိုက်ခြင်းဖြင့် အထုပ်အပိုးထဲတွင် နေရာပိုထွက်လာပြီး အခြားပစ္စည်းများကို ပို၍ သယ်ဆောင်နိုင်မည် ဖြစ်သည်။ သူမ သယ်ဆောင်သွားရမည့် အခြားအရာများစွာ ရှိနေသေးသည်မဟုတ်လော့။ ယွမ်ရှောင်ချွေသည် ကျောက်ရုံနှင့် ယွမ်ဟောက်မင်တို့ သုံးစွဲခဲ့သော အိပ်ရာခင်း၊ စောင်များကိုပါ မိမိ၏ အထုပ်အပိုးနှင့်အတူ တွဲချည်လိုက်၏။

သူမသည် ဟင်းချက်ဓား၊ ရေနွေးခွက်နှင့် ရေနွေးအိုးတို့ကိုပါ အထုပ်ထဲသို့ ထည့်လိုက်သည်၊ ဤအရာများကို အိမ်မှ ယူဆောင်သွားနိုင်သဖြင့် ကျေးလက်ရောက်လျှင် ထပ်မံ ဝယ်ယူနေစရာ မလိုတော့ပေ။

အော်... ပြီးတော့ ဆယ်ပေါင်ခန့်ရှိမည့် ဆန်အိတ် အသေးတစ်ဝက်ကိုလည်း သူမ ယူသွားဦးမည်…

ဆီ၊ ဆား၊ ပဲငံပြာရည်နှင့် ရှာလကာရည်~~ ဒါတွေကိုလည်း သူမ အကုန်ယူသွားမည်...

ယွမ်ရှောင်ချွေသည် ထိုပစ္စည်းများကို သယ်ဆောင်ရင်း အမောတကောဖြင့် အသက်ကို ပြင်းပြင်းရှူနေရပြီး၊ ပေါင်ချိန်တစ်ထောင်ခန့်ကို သယ်ပိုးထားရသည့်နှယ် ခံစားနေရသည်။

သို့သော် သယ်ရမည်သာ…

မဖြစ်မနေ ဖြစ်အောင် လုပ်ရမည်သာ…

ယခု ယူဆောင်သွားနိုင်လျှင် ကျေးလက်ရောက်သည့်အခါ ထပ်ဝယ်စရာ မလိုတော့ပေ။ ထိုကြောင့် သူမအတွက် ပိုက်ဆံများစွာ သက်သာစေလိမ့်မည်။

ယခု အပင်ပန်းခံမှ နောင်တွင် သက်သာမည်တည်း…

ပစ္စည်းများ တတ်နိုင်သမျှ ပိုမို ယူဆောင်သွားနိုင်လေ၊ ကျေးလက်တွင် နေထိုင်ရသည်မှာ ပို၍ အဆင်ပြေလေ ဖြစ်ပေလိမ့်မည်။

ကျေးလက်သို့ ဆင်းကြမည့် ပညာတတ်လူငယ်များသည် ကိုးနာရီခွဲတွင် ဘူတာရုံ၌ ဆုံကြရမည်ဖြစ်သည်။ အပြင်တွင် အခြားလူအားလုံး သောင်းသောင်းဖြဖြဖြင့် လူလိုက်ရှာနေကြချိန်၌ ယွမ်ရှောင်ချွေမှာမူ အိမ်တွင် အမောတကောဖြင့် ဆက်လက်မွှေနှောက်ရှာဖွေနေဆဲ ဖြစ်၏။ ကံဆိုးသည်မှာ သူမတွင် ဤမျှသာ ခွန်အားရှိခြင်းပင်၊ အကယ်၍သာ တတ်နိုင်မည်ဆိုပါက အိမ်တစ်အိမ်လုံးကိုပင် ကျောပိုးပြီး သယ်သွားချင်မိသည်။

အိမ်တွင်ရှိနေသော ချန်ချင်းယွီသည် လူများကို အဝေးသို့ မျှားထုတ်ရန်

အတွက် သူမ မည်သို့လုပ်ရမည်ကိုသေချာစဉ်းစားနေ၏။ ခဏမျှ စဉ်းစားပြီးနောက် သူမသည် ယမ်းပေါက်ကွဲသံဖြင့် လူများ၏ အာရုံကို လွှဲရန်အတွက် မီးရှူးမီးပန်း ဗြောက်အိုးအချို့ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏အိမ်တွင် အချို့ရှိနှင့်နေပြီးသား ဖြစ်၏။

သေချာသည်မှာ ထိုဗြောက်အိုးများကို ချန်ချင်းယွီကိုယ်တိုင် ဝယ်ယူခဲ့ခြင်း မဟုတ်ပေ။

ဤအရာများကို လင်းကျန့်ဝမ်ကွယ်လွန်စဉ်က ဝယ်ထားခဲ့ခြင်း ဖြစ်သည်။ လင်းကျန့်ဝမ်သည် စက်ရုံကိစ္စကြောင့် ကွယ်လွန်ခဲ့ရခြင်းဖြစ်သဖြင့် စက်ရုံဘက်မှ နာရေးကိစ္စရပ်များကို ကူညီစီစဉ်ပေးခဲ့၏။ စက်ရုံမှ ကူညီပေးခဲ့သည်ဆိုသော်လည်း အမှန်တကယ်တွင် အများစုကို မာကျန့်ယီသည်သာ ဦးစီးလုပ်ကိုင်ပေးခဲ့ခြင်း ဖြစ်သည်။

မာကျန့်ယီသည် စက်ရုံ၏ ခေါင်းဆောင်တစ်ဦးဖြစ်သကဲ့သို့ ဤအိမ်ရာဝင်း၏ တာဝန်ခံလည်း ဖြစ်၍ အလုံးစုံတာဝန်ယူရသည်မှာ မဆန်းလှပေ။

ထို့ကြောင့် နာရေးသုံးပစ္စည်းများနှင့် ရက်လည်ဆွမ်းကျွေးပွဲ အပါအဝင် ကုန်ကျစရိတ်အားလုံးကို စက်ရုံမှ ကျခံပေးခဲ့သည်။

သူတို့သည် ပစ္စည်းအားလုံးကို အလျှံပယ် ဝယ်ယူခဲ့ကြရာ၊ ပစ္စည်းနှိုက်တတ်သည့်အကျင့်ကြောင့် နာမည်ကြီးသော အဘွားကြီးကျောက်သည် သားဖြစ်သူ အသုဘအကြောင်းပြု၍ မိမိလိုချင်သလောက် ယူငင်ခဲ့၏။ သို့သော် သုံးစွဲသည့်အခါတွင်မူ သူမသည် ဝှက်ထားတတ်ပြန်သည်။

ဥပမာအားဖြင့်၊ သူမသည် ဗြောက်အိုးအချို့ကို တိတ်တဆိတ် သိမ်းဆည်းထားခဲ့ပြီး လာမည့်နှစ် နှစ်သစ်ကူးတွင် သုံးရန် စီစဉ်ထားခဲ့သည်... ထိုမျှအထိ အံ့သြစရာ ကောင်းလှ၏။

သို့သော် အဘွားကြီးကျောက်သည် အသားများနှင့် ပေါက်စီများကိုပင် ဝှက်တတ်သည်ကို ထည့်တွက်လျှင်မူ ဗြောက်အိုးဝှက်ခြင်းသည်ကား ထူးဆန်းလှသည် မဟုတ်ပေ။

ထို့အပြင် ကုန်ကျငွေများကို စက်ရုံမှသာမက အဘွားကြီးကျောက်၏ ပြဿနာရှာမှုကြောင့် ဝင်းထဲရှိလူများသည်လည်း ငွေကြေးထည့်ဝင်ခဲ့ကြ၏။ သို့သော် လူတိုင်းမှာ အဘွားကြီးကျောက်၏ ဒုက္ခပေးမှုကို ကြောက်နေခြင်းတော့ မဟုတ်ပေ..

ပြဿနာရှာသူသည်လည်း ပြဿနာရှာရသည့် အကြောင်းအရင်းရှိသည်သာ… အကြောင်းအရင်း မရှိလျှင်လည်း လူတိုင်းမှာ ငွေထည့်ကြမည်မဟုတ်ပေ… ငွေကြေးမှာလည်း တန်ဖိုးရှိရာ လူတိုင်း ငတုံးမဟုတ်ပေ။

နောက်ဆုံးတွင်မူ လင်းကျန့်ဝမ်သည် အများပိုင်ပစ္စည်းများကို ကာကွယ်ရင်း ကွယ်လွန်ခဲ့ရခြင်း ဖြစ်သောကြောင့် စက်ရုံနှင့် ရပ်ကွက်ကော်မတီ နှစ်ခုစလုံးသည် ထုတ်ပြန်ချက်များ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ၎င်းတို့၏ ဝင်းတစ်ခုလုံးမှာ အလုပ်သမားမိသားစုများဖြင့် အများဆုံး ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့်၊ အဘွားကြီးကျောက်တစ်ယောက် ရပ်ကွက်ကော်မတီနှင့် စက်ရုံရှေ့တွင် ပေါက်ကွဲသောင်းကျန်းခဲ့မှုကြောင့် လူတိုင်းတွင် ရွေးချယ်စရာ မရှိဘဲ ဖြစ်ခဲ့ရ၏။

ကံကောင်းသည်မှာ မည်သည့်ပမာဏမဆို ထည့်ဝင်နိုင်ခြင်းဖြစ်ပြီး ငွေအမြောက်အမြား လှူဒါန်းရန် တောင်းဆိုခြင်း မခံခဲ့ရပေ။

ထို့အပြင် လူများသည် ရပ်ကွက်ကော်မတီနှင့် စက်ရုံတို့၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြပြီး စည်းလုံးညီညွတ်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းနှင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီခြင်းဟူသော ဂုဏ်သတင်းကိုလည်း ရရှိခဲ့ကြသည်။ ရပ်ကွက်ကော်မတီအနေဖြင့် သူတို့၏ ဝင်းကို နှစ်ကုန်တွင် ထူးချွန်ဝင်းအဖြစ် သေချာပေါက် ရွေးချယ်ရန် ဆုံးဖြတ်ထားခဲ့ပြီးသား ဖြစ်၏။

ထိုအချက်များကို ထည့်သွင်းစဉ်းစားပြီးနောက် လူတိုင်းသည် ငွေထည့်ရသည်မှာ အဆင်ပြေပြီး သိပ်မဆိုးလှဟု ခံစားခဲ့ကြရသဖြင့် အရှုံးမရှိခဲ့ပေ။

ထူးချွန်ဝင်းများသည် ပုံမှန်အားဖြင့် မြေပဲနှင့် ကွာစေ့များကို ဆုအဖြစ် ရရှိလေ့ရှိသည်။

ဤပစ္စည်းများသည် ဝယ်ယူရန် လက်မှတ်လိုအပ်ပြီး စားသုံးရန်အတွက် မဟုတ်ဘဲ အလှပြရန်ဖြစ်သဖြင့် ရှားပါးသည်ဟု သတ်မှတ်ကြ၏။ ရပ်ကွက်

ကော်မတီသည် ထိုရှားပါး စားစရာများ ပေးအပ်မည်ဖြစ်ရာ အလွန်ပင် ကောင်းမွန်လှသည်။ သူတို့သည် ငွေအများကြီး မလှူခဲ့ရသော်လည်း ဂုဏ်သိက္ခာရော လက်ဆောင်ပစ္စည်းပါ ရရှိခဲ့သဖြင့် လုံးဝ အရှုံးမရှိခဲ့ပေ။

ထို့ကြောင့်ပင် ပြဿနာရှာတတ်သူ အဘွားကြီးကျောက်အပေါ် တစ်ဝင်းလုံး စုပေါင်းရှုတ်ချခြင်းမျိုး မပြုကြခြင်းတည်း။

ချန်ချင်းယွီသည် ခေါင်းကို ခါယမ်းလိုက်ပြီး သူမ၏ မှတ်ဉာဏ်ထဲရှိ ဟောင်းနွမ်းဆွေးမြည့်နေသော ထိုအတိတ်ဟောင်းများကို မေ့ဖျောက်လိုက်၏။

ဤသည်မှာ သူမ၏ ယောက္ခမပင် ဖြစ်သည်၊ သူမ ရောက်ရှိလာချိန်မှစ၍ အဘွားကြီးကျောက်သည် မိမိကိုယ်ကိုယ် အတော်ပင် ထိန်းသိမ်းလာခဲ့သည်။ အဓိက အကြောင်းရင်းမှာ ယခုအခါ အဘွားကြီးကျောက်သည် အလုပ်လုပ်နေရသဖြင့် အမြင်ကျယ်လာခြင်းနှင့် အိမ်ရာဝင်းထဲတွင် အမြတ်ထုတ်ရန် အချိန်မရှိတော့ခြင်းကြောင့်လည်း ဖြစ်၏။

သို့သော် ပြန်စဉ်းစားကြည့်လျှင် သူတို့မိသားစုအနေဖြင့်လည်း နစ်နာမှုမရှိခဲ့ပေ၊ သူမ၏ယောက္ခမ ကျောက်တာ့ရာသည် အိမ်နီးနားချင်းများအပေါ် အမြတ်မထုတ်တော့သော်လည်း…

အကြိမ်အနည်းငယ်မျှ ရန်ဖြစ်ခဲ့မှုကြောင့် သူတို့မိသားစု ရရှိခဲ့သည့် နစ်နာကြေးများကို တွက်ချက်

ကြည့်လျှင် ယခင်ထက် ပို၍ပင် များပြားလှ၏။

အင်းပေါလေ.. အကြီးကြီးမြင်နေမှတော့ အသေးအဖွဲကို မမက်တော့တာလည်း မဆန်းလှပါဘူး…

ချန်ချင်းယွီသည် ဗြောက်အိုးများကို ရှာဖွေထုတ်ယူပြီး နှစ်လုံးကို ဖဲ့ယူလိုက်သည်။

အများကြီး သုံးရန်မလိုပေ။

ဟင်း၊ အခုတော့ သူမလည်း ဒီလောက်အထိ တွက်ချက်တတ်နေပြီပဲ…

သို့သော် ဤသို့ တွက်ချက်ခြင်းမှာအလွန်ပင် လိုအပ်လှပေသည်။

ချန်ချင်းယွီသည် ၎င်းတို့ကို မည်သည့်နေရာတွင် ပစ်ရမည်ကို စဉ်းစားနေသည်၊ သာမန်နေရာများဆိုလျှင် လူများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။ လုပ်မှာဖြင့်တော့...

ချန်ချင်းယွီသည် နှုတ်ခမ်းကို စေ့လိုက်ပြီး နေရာတစ်ခုကို ချက်ချင်း သတ်မှတ်လိုက်၏။ သူမသည် ဘေးလမ်းကြားရှိ အိမ်သာကျင်းကို သွားရောက်ဖောက်ခွဲရန် စီစဉ်လိုက်ခြင်း ဖြစ်သည်...

အင်း...

ဒါက ကျွန်မ ပျော်ချင်လို့ မဟုတ်ပါဘူးနော်… အဟမ်း.. အိမ်သာလိုနေရာမှာ ဖောက်ခွဲမှ လူစိတ်ဝင်စားမှာလေ.. အဟမ်း.. တကယ်ကြတော့ ကျွန်မလည်း မလုပ်ချင်ပါဘူးရှင်..

အိမ်သာကျင်းကို ဖောက်ခွဲခြင်းမှာ တခြားနေရာများနှင့်မတူပေ၊ ဤကဲ့သို့သော ပွဲဆန်းကြီးကို ကြည့်ချင်သူ သေချာပေါက် များပြားလိမ့်မည်။

ထို့အပြင် တကယ်တမ်း ရွံစရာလည်း သိပ်မရှိပေ။ ဗြောက်အိုးအသေးလေးသည် ပြင်းအားမရှိသဖြင့် နေရာအနှံ့ ပျံ့နှံ့သွားမည်

မဟုတ်ချေ။ ဤကိစ္စကို ပြောလိုက်လျှင် နားထောင်ရသည်မှာ အနည်းငယ် ရွံစရာကောင်းသည်ဟု ထင်ရသော်လည်း... လက်တွေ့တွင်မူ ကြီးမားသော ထိခိုက်မှု မရှိနိုင်ပေ။

ကိစ္စသည် ပို၍ ဆန်းပြားလေလေ၊ လူများမှာ ပို၍ စိတ်ဝင်စားပြီး စပ်စုချင်ကြလေလေ ဖြစ်၏။

ထိုအချိန်ကျလျှင် လူတိုင်း ဘေးလမ်းကြားသို့ ပွဲသွားကြည့်ကြမည်ဖြစ်ရာ၊ ယွမ်ရှောင်ချွေအနေဖြင့် မည်သူမျှ မသိအောင် တိတ်တဆိတ် ထွက်ခွာသွားနိုင်မည် ဖြစ်သည်။

သူမသည် မိမိ၏ပါးကို ပြန်ပွတ်ရင်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်မိ၏။

ဒီလောက် အရွယ်ကြီးထိ ရောက်နေပြီ ကလေးကလားတွေ လုပ်ရတာ ရှက်စရာပဲ.. အင်း .. ထားပါတော့လေ.. ကောင်းမှု လုပ်လိုက်တာပါပဲ..

သို့သော် ခဏအကြာတွင် ချန်ချင်းယွီသည် တစ်ဖန် ပြန်လည်၍ အကျိုးအကြောင်း ခိုင်လုံသွားပြန်သည်၊ သူမသည် တမင်သက်သက် မကောင်းမှုလုပ်ခြင်း မဟုတ်ချေ... ဤသည်မှာ သူတစ်ပါးကို ကူညီချင်ရုံသာ ဖြစ်၏။ ယွမ်ရှောင်ချွေ လုပ်ရပ်မှာ မှားသည်ဟု သူမမထင်ပေ။ ယွမ်ရှောင်ချွေသည် ယွမ်မိသားစု၏ ပစ္စည်းအချို့ကို ယူဆောင်သွားချင်သည်မှာ အမှန်ဖြစ်သော်လည်း၊ သူမသည်လည်း ယွမ်မိသားစုဝင်တစ်ဦးပင် ဖြစ်သည်။

ထို့အပြင် ယွမ်မိသားစုတွင် အလုပ်သမားသုံးဦးရှိပြီး လစဉ် ရိက္ခာလက်မှတ်များ ရရှိကြသဖြင့် ပစ္စည်းများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်သော်လည်း၊ ယွမ်ရှောင်ချွေအတွက်မူ ကျေးလက်သို့ ရောက်ရှိသွားပြီးနောက် နေထိုင်ရသည်မှာ ဤမျှလွယ်ကူလိမ့်မည် မဟုတ်ပေ။

စဉ်းစားကြည့်လျှင်ပင် သိနိုင်သည်၊ သူမ ကျေးလက်သို့ သွားရတော့မည်ကို သိရက်နှင့် ကျောက်ရုံသည် ဘာမျှမပြင်ဆင်ပေးဘဲ တိတ်ဆိတ်နေခဲ့သည်။ ယွမ်ရှောင်ချွေ ထွက်သွားပြီးနောက်တွင်လည်း ပို၍ပင် ဂရုစိုက်တော့မည် မဟုတ်ပေ။

ထို့အပြင်၊ အကယ်၍ သူတို့အိမ်ရာဝင်းထဲတွင် သူခိုးဝင်သည့်ကိစ္စကြောင့် လူအများ၏ အာရုံစိုက်မှုကို မခံရဘူးဆိုလျှင်၊ ကျောက်ရုံသည် ယွမ်ရှောင်ချွေ မထွက်ခွာမီတွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော မကောင်းမှုမျိုးကို လုပ်ဆောင်ဦးမည်နည်း။ ချန်ချင်းယွီ လုံးဝ သံသယမရှိပေ။ ထို့ကြောင့် ယွမ်ရှောင်ချွေ ဤမျှလေး လုပ်ဆောင်ခြင်းအပေါ် ချန်ချင်းယွီအနေဖြင့် ရဲရဲဝံ့ဝံ့ ကူညီပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

သူတို့ကြားတွင် မည်သည့် သံယောဇဉ်မျှ မရှိသော်လည်း၊ ကျောက်ရုံ အခြားသူများကို အနိုင်ကျင့်နေသည်ကို သူမ ရိုးရှင်းစွာပင် ကြည့်မနေနိုင်ခြင်း ဖြစ်သည်...

ကျောက်ရုံ၏ အနိုင်ကျင့်ပုံမှာ ဝင်းထဲရှိ အခြားလူများကဲ့သို့ မဟုတ်ပေ၊ အခြားလူများမှာ အာကျယ်နှုတ်သန်ကြရုံ သို့မဟုတ် အတိအလင်း လက်ပါတတ်ကြရုံသာ ဖြစ်၏။ ကျောက်ရုံမှာမူ အလွန်ပင် ကောက်ကျစ်ရက်စက်လှသည်၊ သူမသည် ယွမ်ရှောင်ချွေ၏ အိန္ဒြေသိက္ခာကို တိုက်ရိုက်ဖျက်ဆီးပစ်ရန်အထိ ကြံစည်ခဲ့သူ ဖြစ်သည်။ ဤသည်မှာ တကယ့်ကို ရွံရှာစက်ဆုပ်ဖွယ် ကောင်းလှ၏။ ထို့ကြောင့် ဤမျှလောက် သေးငယ်သော ကိစ္စလေးကို ကူညီပေးခြင်းသည် ဘာမျှမဟုတ်ဟု ချန်ချင်းယွီ ထင်မြင်မိသည်... ယွမ်ရှောင်ချွေ၏ လုပ်ရပ်သည်လည်း လွန်ကဲခြင်း မရှိပေ။

လူတိုင်း လူလိုက်ရှာရန် ကူညီပေးနေကြဆဲ အချိန်တွင်၊ ချန်ချင်းယွီသည် လက်ကို ပိုက်ကာ အိမ်သာသွားရန် အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် ဘေးလမ်းကြား၊ ဆိုလိုသည်မှာ နောက်ဖေးလမ်းသို့ သွား၍ ဆူညံသံ ဖန်တီးရန် စီစဉ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သူမ အနည်းငယ် စောစီးစွာ ထွက်လာခဲ့ခြင်းပင်။

ရွှီ…ဖြောင်း…ဒိုင်း…

မကြာမီအချိန်အတွင်းမှာပင် ဆဲဆိုကြိမ်းမောင်းသံများ ချက်ချင်း ထွက်ပေါ်လာတော့သည်။

"ဘယ်က လူမိုက်ကောင်လဲကွာ၊ အကျင့်မကောင်းလိုက်တာ၊ ဆော့စရာနေရာ မရှိတော့ဘူးလား... ဘယ်သူက အိမ်သာကျင်းကို ဗြောက်အိုးနဲ့ ဖောက်ခွဲခိုင်းလို့လဲ... ဘယ်သူလဲ..."

"တကယ်ကို အကျင့်ယုတ်ဟေ့”

"ဘာဖြစ်တာလဲ..."

"တစ်ယောက်ယောက်က အိမ်သာကျင်းကို ဗြောက်အိုးနဲ့ ခွဲလိုက်တာ..."

"အားပါးပါး..."

သေချာပေါက်ပင်၊ ရွံစရာကောင်းသည်ဆိုသော်လည်း အိမ်သာကျင်း ပေါက်ကွဲသည့် သတင်းသည် အလွန်ပင် လူကြိုက်များလှပြီး လူတိုင်းကို ပျော်ရွှင်စပ်စုစေကာ၊ ခဏလေးအတွင်းမှာပင် ပွဲကြည့်မည့်လူများသည် ဘေးလမ်းကြားဘက်သို့ အပြေးအလွှား ဦးတည်သွားကြတော့သည်...

ချန်ချင်းယွီ : “……”

ကောင်းကင်နဲ့မြေကြီး သက်သေပါ… သူမ ပစ်လိုက်တဲ့အချိန်တုန်းက တကယ်ပဲ လူတစ်ယောက်မှ မရှိပါဘူးနော်...

ထို့ကြောင့် သူမ စိတ်အေးသွားရသည်၊ သူတို့ဝင်းထဲတွင် အိမ်စောင့်ကျန်ခဲ့သော လူများသည် ဘေးလမ်းကြား၌ ဤကဲ့သို့သော ပွဲဆန်းကြီး ဖြစ်ပွားနေသည်ကို ကြားသောအခါ အားလုံးပင် အပြင်သို့ ထွက်သွားကြလေ၏။ ဆယ်ကျော်သက်အရွယ် ကောင်မလေးဖြစ်သည့် ယွမ်ဟောက်ယွဲ့ပင်လျှင် အပြေးအလွှား သွားနေသည်ကို ချန်ချင်းယွီ တွေ့လိုက်ရသည်။ ထိုကလေးမလေး၏ စိတ်ခံစားချက်မှာမူ သူ့အိမ်သားများကဲ့သို့ ကြီးကြီးမားမား ထိခိုက်ပုံမရပေ။

လူတိုင်း ထွက်သွားကြပြီး ပွဲကြည့်ရသည်မှာ အလွန်ပင် ပျော်ရွှင်စရာ ကောင်းလှသည်။

ချန်ချင်းယွီမှာ မသွားဘဲ မိမိအိမ်တံခါးဝတွင် ရပ်နေလိုက်၏။ ထင်သည့်အတိုင်းပင် လူတိုင်း ထွက်သွားပြီးနောက် ယွမ်ရှောင်ချွေသည် ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်လာသည်ကို တွေ့လိုက်ရသည်။

ချန်ချင်းယွီ : ‘သောက်ကျိုးနည်း… ဟီးဟီး.. လခွမ်း’

ယွမ်ရှောင်ချွေသည် မူလက အလွန်ပိန်ပိန်ပါးပါး မိန်းကလေးတစ်ဦး ဖြစ်သော်လည်း၊ ယခုအချိန်တွင် အဝတ်အစားများကို အထပ်ထပ်ဝတ်ဆင်ထားသဖြင့် အဆမတန် ဝတုတ်နေပြီး လူဝကြီးတစ်ယောက်နှင့် တူနေ၏။ သူမ၏ ဝတ်ဆင်ပုံမှာလည်း တစ်မျိုးတစ်ဖုံ ဆန်းပြားနေပြီး လည်ပင်းတွင်လည်း ပုဝါတစ်ထည်ကို ပတ်ထားသေးသည်၊ ကြည့်ရသည်မှာ မိမိအတွက် ပစ္စည်းများကို ပိုမိုယူဆောင်နိုင်ရန် အစွမ်းကုန် ကြိုးစားထားခြင်း ဖြစ်နိုင်၏။

ချန်ချင်းယွီ လက်မထောင်ပြလိုက်သည်။

ယွမ်ရှောင်ချွေ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးစေ့ကို ပင့်ပြလိုက်၏… သူမသည် သူတစ်ပါး ခြယ်လှယ်သမျှကို ငြိမ်ခံနေမည့်လူစားမျိုး မဟုတ်ပေ…

သို့သော် ယွမ်ရှောင်ချွေသည် ချန်ချင်းယွီနှင့် စကားအများကြီး ပြောမနေနိုင်တော့ဘဲ၊ သူမကို ဖိသိပ်ထားနိုင်လောက်မည့် ကြီးမားလှသော အထုပ်ကြီးကို ပုခုံးပေါ်ထမ်းကာ အမောတကောဖြင့် အပြင်သို့ ထွက်ခွာသွားတော့သည်။ မထွက်ခွာမီတွင် သူမသည် လှည့်ကြည့်ကာ ချန်ချင်းယွီကို လေးနက်စွာဖြင့် ပြောကြားခဲ့၏။

"ကျေးဇူးတင်ပါတယ် အစ်မချန်”

All Chapters