← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅) ဘူတာရုံတွင် ဝက်ဝက်ကွဲ..

"ကူညီရင်လည်း အဆုံးထိ ကူညီ၊ ဘုရားဖူးရင်လည်း နိဗ္ဗာန်ရောက်ရုံ ဆုတောင်း" ဆိုသကဲ့သို့ပင်…

ယွမ်ရှောင်ချွေ အိမ်ပြင်ထွက်သွားသည်နှင့် ချန်ချင်းယွီလည်း တံခါးကို သေချာသော့ခတ်ပြီး ကလေးနှစ်ယောက်ကိုခေါ်ကာ အပြင်ထွက်ခဲ့သည်။

ရှောင်ကျားသည် နားမလည်နိုင်ဟန်ဖြင့် မေးလာ၏။

"မေမေ၊ သားတို့ ဘယ်သွားကြမလို့လဲဟင်"

ချန်ချင်းယွီ : "သားတို့ကို မုန့်သွားဝယ်ကျွေးမလို့လေ၊ ကောင်းလား"

ကလေးလေးသည် ချက်ချင်းခေါင်းငြိမ့်ပြသည်။

"ဟုတ်၊ ကောင်းတယ်..."

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေနောက် မလှမ်းမကမ်းမှ ခပ်ခွါခွါလိုက်လာခဲ့၏။ အကယ်၍ မတော်တဆ ယွမ်မိသားစုဝင်များနှင့် တိုးခဲ့လျှင် အတတ်နိုင်ဆုံး ကူညီပေးမည်ဟု သူမ ကြိုတင်တွေးထားပြီးသား ဖြစ်သည်။ သို့သော်လည်း ယွမ်ရှောင်ချွေ ကံကောင်း၍လား သို့မဟုတ် ပေကျင်းမြို့ကြီးသည် ကျယ်လွန်း၍လားမသိ၊ တစ်လမ်းလုံး သိကျွမ်းသူဟူ၍ တစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ရပေ။

ယွမ်ရှောင်ချွေ ဘူတာရုံထဲ ဝင်ခါနီးဖြစ်နေသည်ကို မြင်သောအခါမှ ချန်ချင်းယွီလည်း သက်ပြင်းချနိုင်တော့၏။

ဘူတာရုံထဲ ရောက်သွားပြီဆိုရင်တော့ ယွမ်မိသားစုဝင်တွေနဲ့ တွေ့ရင်တောင် ကိစ္စမရှိတော့ပါဘူးလေ..

ဘာလဲ... ဘူတာရုံထဲအထိ လာလုရဲလို့လား...

သို့တိုင် ချန်ချင်းယွီ အစောကြီး ပြန်မသွားသေးဘဲ အဝေးမှနေ၍ လှမ်းကြည့်နေဆဲပင်။ ယနေ့သည် လူငယ်များ ကျေးလက်ဆင်းရမည့်နေ့ ဖြစ်သောကြောင့် ဘူတာရုံတစ်ခုလုံး လူပင်လယ်ကြီး ဖြစ်နေပြီး ဆူညံသံများ၊ ငိုယိုသံများနှင့် အော်ဟစ်သံများမှာ နားမခံနိုင်လောက်အောင် ဖြစ်နေသည်။ ရှောင်ယွမ်သည် သူမမိခင်၏ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး တံတွေးတစ်ချက် မျိုချလိုက်ကာ အနည်းငယ်ကြောက်နေရှာ၏။

ချန်ချင်းယွီသည် ကလေးမလေး စိုးရိမ်နေသည်ကို ခံစားမိသောကြောင့် သူမကို ပွေ့ဖက်ပြီး ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူးနော်၊ သူတို့က ဒီနေ့ ကျေးလက်ကို သွားကြမလို့လေ"

ရှောင်ကျားသည် မအောင့်နိုင်ဘဲ တိုးတိုးလေး ပြောလာ၏။

"မေမေ၊ ရှောင်ကျား ကြီးလာရင် ကျေးလက်မဆင်းချင်ဘူး၊ မေမေနဲ့ပဲ အတူတူ နေချင်တယ်"

ရှောင်ယွမ်သည်လည်း အမြန်ပင် ဝင်ပြောသည်။

"ရှောင်ယွမ်လည်း မေမေနဲ့ပဲ ထာဝရ အတူတူ နေမှာ"

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"ကောင်းပါပြီ၊ ရှောင်ကျားနဲ့ ရှောင်ယွမ်က မေမေနဲ့ ထာဝရ အတူတူ နေရမယ်၊ သားတို့ ကြီးလာရင်လည်း ကျေးလက်ဆင်းစရာ မလိုစေရဘူး"

ကလေးနှစ်ယောက်သည် သိပ်နားမလည်၍ ချန်ချင်းယွီကို ခေါင်းလေးစောင်းပြီး ကြည့်နေကြသည်။

ချန်ချင်းယွီ : "မေမေ ကတိပေးတယ်၊ သားတို့သမီးတို့ကို ကျေးလက်မဆင်းစေရဘူး၊ ဟုတ်ပြီလား"

သူမသည် အနာဂတ်ကို ကြိုသိနေသော အားသာချက်ကို အသုံးချပြီး ယုံကြည်ချက်အပြည့်နှင့် အာမခံလိုက်ခြင်း ဖြစ်၏။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အပြည့်အဝ ယုံကြည်စွာဖြင့် ခေါင်းငြိမ့်ကြသည်။

"မေမေ့ကို ယုံတယ်..."

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"ကဲ လာ၊ သွားကြည့်ရအောင်"

သူမသည် စက်ဘီးကို ဓာတ်တိုင်တစ်ခုတွင် သော့ခတ်လိုက်ပြီး ကလေးနှစ်ယောက်ကို ချပေးလိုက်၏။

မတတ်နိုင်ဘူးလေ.. ဒါက သူမတို့အိမ်ရဲ့ အဖိုးတန်ဆုံး အသုံးအဆောင်ပစ္စည်းမို့လို့ သေချာ ဂရုစိုက်ရမှာပေါ့…

စက်ဘီးများတွင် လိုင်စင်တံဆိပ်ပြားရှိပြီး သော့ခတ်ထားသည်ဆိုသော်လည်း စက်ဘီးကို မပြီး ခိုးပြေးသောသူများလည်း ရှိသည့်အတွက် ချန်ချင်းယွီအနေဖြင့် အပျောက်အပျက်မခံနိုင်ပေ။

ပိုက်ဆံမရှိ၍ မဟုတ်ဘဲ စက်ဘီးဘယ်ကရလဲဆိုသည့် အရင်းအမြစ်ကို ရှင်းပြရခက်၍ပင်။

ထို့ကြောင့်လည်း ချန်ချင်းယွီသည် စက်ဘီးကို အတော်လေး တန်ဖိုးထား၏။

သူမသည် သော့အကြီးကြီးများကို သုံးပြီး သစ်ပင် သို့မဟုတ် ဓာတ်တိုင်များတွင် တွဲပြီး သော့ခတ်လေ့ရှိရာ စိတ်အချရဆုံး နည်းလမ်းကို သုံးခြင်းပင် ဖြစ်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်

လည်း ထိုအလေ့အထကို ကျင့်သားရနေပြီဖြစ်၏။

လူအချို့မှာ စူးစမ်းသည့်အလား ကြည့်သွားကြသော်လည်း ထူးဆန်းသည်ဟု မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် စက်ဘီးဆိုသည်မှာ မည်သူ့အတွက်မဆို တန်ဖိုးကြီးပစ္စည်း ဖြစ်သောကြောင့်ပင်။

ချန်ချင်းယွီလည်း အချိန်မဆွဲဘဲ ကလေးများကို တစ်ဖက်တစ်ချက်စီ လက်ဆွဲကာ ဘူတာရုံထဲသို့ အမြန်ဝင်ခဲ့သည်။

ရှောင်ကျားနှင့် ရှောင်ယွမ် : "ဝါး..."

သူတို့သည် ဘူတာရုံသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပြီး၊ လူအုပ်ကြီးနှင့် ရထားကြီးကို မြင်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

"မေမေ၊ ရထားကြီး..."

"ဒါက ရထားဆိုတာပေါ့နော်..."

ကလေးငယ်နှစ်ယောက်စလုံး ရထားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သဖြင့် မျက်လုံးလေးများ တောက်ပနေကြလေသည်။

ချန်ချင်းယွီသည် ယခုခေတ်၏ စီမံခန့်ခွဲမှုသည် တကယ်ကို လျော့ရဲလှသည်ဟု စိတ်ထဲမှ ရေရွတ်မိ၏။ နောင်အနာဂတ်ခေတ်ကဲ့သို့ လုံခြုံရေးစစ်ဆေးမှုများ အဆင့်ဆင့် ဖြတ်သန်းရခြင်းမျိုး မရှိဘဲ လူတိုင်းသည် ပလက်ဖောင်းပေါ်ကို လွယ်လွယ်ကူကူ တက်နိုင်ကြသည်။ ယခင်၌ ဤသို့အခြေအနေမျိုးကို သူမ မမြင်ဖူးသော်လည်း လူတို့၏ လှုပ်ရှားရုန်းကန်မှု ရနံ့အပြည့်ရှိသော ယခုပတ်ဝန်းကျင်မျိုးကို သူမ တော်တော်လေး သဘောကျမိ၏။

ချန်ချင်းယွီသည် စည်ကားနေသည်ကို ကြည့်ရင်း ယွမ်ရှောင်ချွေကိုလည်း အမြန်ရှာလိုက်သည်။ ပညာတတ်လူငယ်ရုံးသည် ကျေးလက်ဆင်းရမည့်

သူများ၏ စာရင်းသွင်းမှုကိုလည်း အလုပ်လုပ်ရလွယ်ကူစေရန် သက်ဆိုင်ရာ ခရိုင်အလိုက် ခွဲခြားပေးထား၏။ ချန်ချင်းယွီသည် လမ်းညွှန်ဆိုင်းဘုတ်အတိုင်း သူမတို့ခရိုင်၏ စာရင်းသွင်းနေရာကို ရှာဖွေတွေ့ရှိခဲ့ပြီး ယွမ်ရှောင်ချွေလည်း ထိုနေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်ူ မြင်လိုက်ရသည်။

ယွမ်ရှောင်ချွေသည် စာရင်းကို အမြန်သွင်းလိုက်၏။ ယင်းမှာ အမှန်တကယ်တွင် ထွေထွေထူးထူး ပြောနေစရာမဟုတ်ပေ၊ အလွန်ရိုးရှင်းလှသည်။ လူရောက်မရောက် အတည်ပြုပြီး လက်မှတ်ထိုးရုံသာ ဖြစ်၏။

နာမည် စာရင်းသွင်းပြီးသည်နှင့် ကျေးလက်မှ တာဝန်ရှိသူများသည် သတ်မှတ်ထားသည့်အချိန်အတိုင်း လက်ခံပေးမည်ဖြစ်ကာ အကယ်၍ လူ ရောက်မလာလျှင်မူ ပြဿနာအကြီးကြီး ဖြစ်လိမ့်မည်။ သို့သော် လူရောက်လာလျှင်မူ ရိုးရိုးရှင်းရှင်း စာရင်းသွင်းရုံသာဖြစ်၍ မရှုပ်ထွေးလှပေ။ ယွမ်ရှောင်ချွေ လှည့်ထွက်မည်အပြုတွင် တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သံကို ကြားလိုက်ရသည်။

"ယွမ်ရှောင်ချွေ..."

ယွမ်ရှောင်ချွေ့ လှည့်ကြည့်လိုက်ရာ လှမ်းခေါ်သူမှာ ယွမ်ဟောက်ဖုန်း ဖြစ်နေသည်...

ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ် မောင်နှမနှစ်ယောက်သည် ဘူတာရုံထဲတွင် ပတ်ရှာနေကြရင်း ယွမ်ရှောင်ချွေကို လှမ်းမြင်လိုက်

ကြ၏။ သူမ ပစ္စည်းအများကြီး ထုတ်ပိုးသယ်ထားသည်ကို တွေ့သောအခါ အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး မအောင့်နိုင်ဘဲ အော်ဟစ်တော့သည်။

"နင် ဘာလို့ ဒီလိုအလုပ်မျိုး လုပ်နိုင်ရတာလဲ... နင် ကျေးလက်ဆင်းဖို့အတွက် အိမ်က ပစ္စည်းတွေ မပြင်ပေးတာလည်း မဟုတ်ဘူး၊ နင် ဘာလို့ အိမ်ကပစ္စည်းတွေကို ခိုးလာရတာလဲ.. ငါတို့ နင့်ကို လိုက်ရှာရတာ ဘယ်လောက် ပင်ပန်းလဲ သိရဲ့လား"

သူသည် ယွမ်ရှောင်ချွေ၏ သိက္ခာကို ချပစ်ရန် အနည်းငယ်မျှပင် ဝန်လေးမနေပေ။

ယွမ်ရှောင်ချွေ စာရင်းသွင်းနေစဉ်ကတည်းက သူ မြင်ပြီးသား ဖြစ်ပြီး သူမ နောင်တရကာ ပြန်ဆုတ်သွားမည် စိုးရိမ်သဖြင့် စာရင်းသွင်းပြီးမှ လှမ်းခေါ်ခြင်း ဖြစ်သည်။

အခုတော့ စာရင်းသွင်းပြီးပြီမို့ ကိစ္စမရှိတော့ဘူး… ဘယ်လောက်ပဲ ရုန်းရင်းဆန်ခတ်ဖြစ်ဖြစ် ရထားထွက်ရင် သူမ သွားရတော့မယ်…

သို့သော်လည်း ယွမ်ဟောက်ဖုန်း မတွေးမိသည့် အရာတစ်ခုမှာ ယွမ်ရှောင်ချွေသည်လည်း ဒေါသများကို အောင့်အီးထားရခြင်းတည်း။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူမ မလှုပ်ရဲခဲ့သည်မှာ မတော်တဆ အကွက်ဆင်ခံရမည်ကို စိုးရိမ်နေ၍သာ… သို့သော် ယခု ထွက်ခွာရတော့မည် ဖြစ်ရာ ဘာကို ကြောက်နေရဦးမည်နည်း…

ယွမ်ရှောင်ချွေ၏ အသံသည် ယွမ်ဟောက်ဖုန်းထက်ပင် ပိုကျယ်လောင်နေပြီး အော်ဟစ်လိုက်ဆဲဆိုလေ၏။

"နင် လျှောက်ပြီး ရူးနှမ်းနှမ်း ချီးစကားတွေ လာပြောမနေနဲ့... ငါ့သိက္ခာကို လာချနေတာလား၊ အိမ်ကပစ္စည်းတွေကို ခိုးတယ်လို့ စွပ်စွဲရဲသေးတယ်ပေါ့… ဒီလိုစကားမျိုး ပြောရတာ လျှာမလေးဘူးလား၊ နင်တို့တစ်မိသားစုလုံး စိတ်ပုပ်စိတ်ယုတ်တွေနဲ့ မိုးကြိုးပစ်ခံရမှာ... လူအပေါင်းတို့ ရပ်ပြီး ကြည့်ကြပါဦးရှင်... အားလုံးပဲ လာကြည့်ကြပါဦး၊ ဒီလူ့နာမည်က ယွမ်ဟောက်ဖုန်း.. မီးရထားတွဲထိန်းလေ၊ ဘေးကတစ်ယောက်ကတော့ သူ့ညီမ ယွမ်ဟောက်ရွှယ်၊ စက်မှုစက်ရုံက အခုတင် စာမေးပွဲအောင်ထားတဲ့ ယာယီအလုပ်သမား… သူတို့က ကျွန်မရဲ့ ဖအေတူမအေကွဲ မောင်နှမတွေ... ကျွန်မတို့အဖေက စက်မှုစက်ရုံ ရုံးခန်းက ယွမ်ဟောက်မင်၊ ကျွန်မရဲ့မိထွေး သူတို့ရဲ့ အမေအရင်းကလည်း စက်မှုစက်ရုံကပဲ၊ နာမည်က ကျောက်ရုံ"

ယွမ်ရှောင်ချွေသည် ထိုသူများ မည်သို့သောသူများ ဖြစ်ကြသည်ကို လူတိုင်းသိအောင် ဖွင့်ချပစ်ရန် ဆုံးဖြတ်လိုက်လေသည်။

သူမ အသံကုန် အော်ဟစ်ကာ

"ကျွန်မအဖေ အထက်တန်းကျောင်းတက်၊ တက္ကသိုလ်တက်နိုင်ခဲ့တာတွေဟာ ကျွန်မအမေက ပင်ပန်းခံအလုပ်လုပ်ပြီး ထောက်ပံ့ပေးခဲ့လို့ပဲ.. ကျွန်မအမေက အဘိုးနဲ့အဘွားကိုလည်း သူတို့ကွယ်လွန်တဲ့အထိ ပြုစုစောင့်ရှောက်ခဲ့သေးတယ်... ဒါပေမဲ့ အဖေက အသည်းနှလုံးမရှိတဲ့ လူယုတ်မာ၊သူ တက္ကသိုလ်လည်းတက်ရရော မိထွေးဖြစ်သူနဲ့ ငြိစွန်းခဲ့တာ… မင်္ဂလာဆောင်ပွဲပဲလုပ်ပြီး လက်ထပ်စာချုပ်မချုပ်တဲ့ ကျေးလက်က ဓလေ့ဟောင်းကို အခွင့်ကောင်းယူပြီးတော့၊ သူ မြို့ပေါ်မှာ အခြေကျတဲ့အခါ ကျွန်မအမေကို စွန့်ပစ်ခဲ့တယ်…ဒါ ဘာသဘောလဲ၊ သူက ခေတ်သစ် 'ချန်ရှစ်မေ့' (ကျေးဇူးကန်းတဲ့လင်) ပဲ... ဒါတောင်မှ ကျွန်မအမေက သူ့အပေါ် ဘယ်တုန်းကမှ မနာလိုမုန်းတီးခြင်းမရှိခဲ့ဘူး၊ တကယ်ကို မိန်းမကောင်းတစ်ယောက်ပါ… အဘိုးနဲ့အဘွားကို ကွယ်လွန်တဲ့အထိ ပြုစုပြီးတဲ့နောက်၊ သူမက ပင်ပန်းလွန်းလို့ ရောဂါရပြီး ဆုံးပါးသွားခဲ့ရတယ်၊ ကျွန်မ အသက်ဆယ်နှစ် အရွယ်ရောက်မှ အဖေ့ဆီ လိုက်နေဖို့ မြို့ပေါ်ကို ရောက်လာတာ.. အဖေနဲ့ ကျောက်ရုံက သူတို့ပဲ ကျွန်မကို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ အမြဲပြောနေကြတာ၊ ဒါ လုံးဝ မဟုတ်ဘူး.. ကျွန်မအမေက ဆေးဖက်ဝင်အပင် စိုက်ပျိုးတဲ့ ဆေးတောင်သူ၊ ဆေးမြစ်တွေ ရှာဖွေစုဆောင်းရမှာ အရမ်းတော်တယ်၊ ပြီးတော့လည်း..."

"တော်လွန်းလို့ ပိုက်ဆံ တစ်ထောင်ကျော်တောင် စုမိခဲ့တာ၊ သူမ မဆုံးခင်မှာ အဲဒီပိုက်ဆံတွေကို အဖေ့ဆီ အကုန်အပ်ခဲ့တယ်… ဘာလို့လဲ... အကြောင်းက ကျွန်မကို လူလားမြောက်လို့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေချင်လို့ မဟုတ်ဘူးလား… အဘိုးနဲ့အဘွားကလည်း ကျွန်မ အိမ်ထောင်ရက်သားကျရင် ပေးဖို့ဆိုပြီး 'ဂျင်ဆင်း' မြစ်တစ်မြစ် ချန်ထားပေးခဲ့သေးတယ်၊ အဲ့ဒါကို ကျွန်မ ငယ်ငယ်တုန်းက ရှာတွေ့ခဲ့လို့ သူတို့က ကျွန်မ အိမ်ထောင်ကျရင် အားကိုးအားထားပြုနိုင်အောင် သိမ်းထားပေးမယ်လို့ ပြောခဲ့ကြတာ… ဒါပေမဲ့ အဘိုးအဘွားတွေလည်း ဆုံး၊ အမေလည်း ဆုံးသွားရော၊ အဖေနဲ့ မိထွေး ကျောက်ရုံက အဲဒီပစ္စည်းတွေကို အပိုင်စီးပြီး ကျွန်မကို ပြန်မပေးတော့ဘူး… သူတို့ကို လူလို့ ပြောလို့ရပါဦးမလား၊ ခွေးထက်တောင် ယုတ်မာသေးတယ်… သူတို့က ကျွန်မအပေါ် ဘယ်လောက်ကောင်းကြောင်း သူတပါးကို အမြဲကြွားလုံးထုတ်နေပြီး၊ ကျွန်မ အမေဆီက ပိုက်ဆံ ဘယ်လောက်ယူထားလဲဆိုတာကိုတော့ တစ်လုံးမှ မဟကြဘူး... ပိုက်ဆံမယူထားရင်တောင်မှ ကျွန်မရဲ့ အဖေအရင်းဖြစ်တဲ့သူက ကျွန်မကို မွေးရမှာမဟုတ်ဘူးလား၊ မွေးရမှာပေါ့... အခုတော့ ပိုက်ဆံလည်းယူသေးတယ်၊ ပြီးတော့မှ ကျွန်မကို ကျေးဇူးမသိတဲ့ကောင်မလို့ ပြန်ပြောနေကြတယ်…သူတို့ လူစိတ်ရှိကြသေးရဲ့လား"

လူတိုင်း ချက်ချင်းပင် လက်ညှိုးထိုးကာ တိုးတိုးတိုးတိုးဖြင့် ဝေဖန်ပြောဆိုလာကြလေ၏။

သူတို့အားလုံးမှာ ဤပွဲကို ကြည့်ရန် ဝိုင်းအုံလာကြသည်။

ချန်ချင်းယွီသည် ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ပွေ့ချီထားရင်း စိတ်ဝင်တစားဖြင့် ကြည့်နေ၏။

ဒါတွေကို အရင်က ကြားဖူးထားပြီးသား ဆိုပေမယ့် ယွမ်ရှောင်ချွေ့က ကမ္ဘာဦးအစကတည်းက အကြောင်းအရာတွေကို အစအဆုံး ပြန်လှန်ပြီး ဖွင့်ချချင်နေတာကိုး...

ချန်ချင်းယွီ သေချာစဉ်းစားကြည့်ပြီးမှ ဘူတာတွင်ရှိနေမည့် အစ်မကြီးဖန်တို့ မိသားစုအကြောင်းကို ဖျတ်ခနဲ သတိရကာ ချက်ချင်း သဘောပေါက်သွားသည်။ ယွမ်ရှောင်ချွေသည် ယွမ်မိသားစု၏ အရှုပ်ထုပ်များကို လူတိုင်း သိစေချင်သဖြင့် အသေးစိတ်ကို ချပြနေခြင်း ဖြစ်၏။

အင်း... ဒါမှ လူတိုင်းက သူတို့ကို ဝိုင်းပြီး ကန့်ကွက်ရှုတ်ချနိုင်မှာ မဟုတ်လား...

ယွမ်ဟောက်ဖုန်း : "နင် ပါးစပ်..."

"အား... ငါ့ကို လာမထိနဲ့... နင်က မီးရထားဝန်ထမ်း ဖြစ်နေတိုင်း ငါ့ကို နှိပ်စက်လို့ရမယ် မထင်နဲ့နော်.. ဘာလဲ... ငါ အမှန်တရားတွေကို ဖွင့်ချလိုက်မှာ ကြောက်နေတာလား။ အား... အရပ်ကယ်တို့ရေ... လာကြပါဦးရှင်... ဒီနေ့တော့ နင်တို့မိသားစုရဲ့ ရုပ်မှန်ကို အားလုံးသိအောင် ငါ ဖွင့်ချပစ်မယ်.. နင်တို့မိသားစုက ငါ့အပေါ် ဘယ်လောက်ကောင်းကြောင်း အမြဲပြောနေတာတွေဟာ လျှောက်ပြီး ဖာထေးနေတာတွေပဲ၊ အဲဒီလိုဆိုရင် နင်နဲ့ ယွမ်ဟောက်ရွှယ်ကျတော့ ဘာလို့ ကျေးလက်ဆင်းစရာမလိုတာလဲ.. ဘာလို့ တစ်မိသားစုလုံးမှာ ငါတစ်ယောက်တည်းပဲ ကျေးလက်ဆင်းရတာလဲ၊ ပြောစမ်းပါဦး... အား... ငါ ကျေးလက်ဆင်းနိုင်ပါတယ်၊ ဒါကို လက်ခံပါတယ်... နိုင်ငံတော်ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့ ငါ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်၊ ဘာပဲဖြစ်ဖြစ် အိမ်မှာ နင်တို့ရဲ့ မျက်နှာနှစ်မျိုးနဲ့ ဆက်ဆံတာကိုလည်း ငါ စိတ်ကုန်နေပြီ.. ဒါပေမဲ့ နင့်အမေ ကျောက်ရုံကတော့ တကယ်ကို အသည်းနှလုံးမရှိဘူး၊ ငါ့ကို အခက်ခဲဆုံးနေရာကို သွားစေချင်လို့ ဆိုပြီး အနောက်မြောက်ဒေသကို သွားဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ စာရင်းပေးခဲ့တာ.. အားလုံးပဲ ကြည့်ကြပါဦး..."

"နင်တို့ လူစိတ်ရှိကြသေးရဲ့လား၊ ငါသာ ယောက်ျားလေးဆိုရင် သွားမှာပေါ့... နိုင်ငံတော်အတွက် အကျိုးပြုမှာပေါ့၊ ဒါပေမဲ့ ငါက မိန်းကလေးတစ်ယောက်ပဲလေ… ငါက အလုပ်သွားလုပ်မှာလား၊ ဒါမှမဟုတ် သွားပြီး ဒုက္ခပေးသလို ဖြစ်မှာလား.. ကံကောင်းလို့ ပညာတတ်လူငယ်ရုံးက ရဲဘော်တွေက စိတ်နှလုံးကောင်းရှိပြီး သူမစကားကို နားမထောင်ခဲ့တာ၊ ငါလည်း အခွင့်အရေးရတုန်း အိမ်ထောင်စုစာရင်းစာအုပ်ကို လုယူခဲ့ရတယ်.. ငါက ကျေးလက်မဆင်းချင်တာ မဟုတ်ပါဘူး၊ ကျေးလက်ဆင်းတာက ကိစ္စမရှိပေမဲ့ လက်တွေ့အခြေအနေအပေါ်မှာလည်း မူတည်ရဦးမှာပေါ့... ငါသွားရရင်တောင်မှ မျှတမှုနဲ့ တရားမျှတမှုကို တောင်းဆိုတယ်၊ ဒါကြောင့်ပဲ နောက်တစ်နေ့ ငါပြန်ပြီး စာရင်းသွင်းတဲ့အခါ ပုံမှန်အတိုင်းပဲ နေရာချထားပေးခြင်း ခံရတယ်... ဒီလောကမှာ လူဆိုးထက် လူကောင်းက အမြဲတမ်း ပိုများပါတယ်..."

အမှန်တွင် ယွမ်ရှောင်ချွေသည် ပညာတတ်လူငယ်ရုံးကို စိတ်ထဲမှ ကြိတ်၍ ဆဲရေးချင်နေခြင်း ဖြစ်သည်။ ပထမဆုံးနေ့၌ သူတို့သည် သူမကို တကယ်ကြီး အနောက်မြောက်ဘက်သို့ စာရင်းသွင်းလုနီးပါး ဖြစ်ခဲ့သဖြင့် ဘယ်လိုမှ စိတ်ကောင်းရှိသည်ဟု မဆိုနိုင်ပေ။

သို့သော်လည်း သူမတစ်ယောက်တည်း အနေဖြင့် ယွမ်ဟောက်ဖုန်းတို့နှင့် ငြင်းခုံနေစဉ် ရန်သူအပို မရှာချင်သေးပေ။

ဘာပဲဖြစ်ဖြစ် သူမက မြို့ကနေ မထွက်ခွါရသေးဘူး မဟုတ်လား..

ယွမ်ရှောင်ချွေသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်၏။

လူအုပ်ထဲတွင် ရှိနေသော ချန်ချင်းယွီသည် ထိုအချင်းအရာကို မြင်သောအခါ ယွမ်ရှောင်ချွေသည် တကယ်ကို ဖြတ်ထိုးဉာဏ် ဖျတ်လတ်သူတစ်ဦးဟု တွေးမိသည်။

အမှန်ပင်… လူဆိုသည်မှာ အရေးအကြောင်း ကြုံလာရသည့် အရေးကြီးဆုံး အချိန်များတွင် ဉာဏ်ပိုမို ပွင့်လင်းလာတတ်ကြသည်သာ…

ယွမ်ဟောက်ဖုန်း : "နင် ဘာတွေ လျှောက်ပေါက်ကရ ပြောနေတာလဲ၊ နင် ကျေးလက်ဆင်းရလို့ မကျေမနပ်ဖြစ်နေတာကို ငါသိပါတယ်၊ ဒါပေမဲ့ ငါ့အမေကိုတော့ လာပြီး မပုတ်ခတ်နဲ့.. နင်က နင့်ရဲ့ အမှတ်မကောင်းလို့ စိတ်တိုနေတာ ထင်ရှားနေတာပဲကို..."

"ငါ့အမှတ်မကောင်းတာက နင်တို့ ငါ့ကို အထက်တန်းကျောင်း ပေးမတက်လို့လေ.. အလယ်တန်းအောင်တဲ့သူက အထက်တန်းအောင်တဲ့သူကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ.. ပြီးတော့လည်း ငါက ဇွတ်အတင်း ငြင်းနေတာ မဟုတ်ဘူး၊ ကျေးလက်ဆင်းတာက ကိစ္စမရှိဘူး၊ ဒါပေမဲ့ နင်တို့က ငါ့ကို အခက်ခဲဆုံးနေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပို့လို့မရဘူးလေ... ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ဆိုရင် အဲဒီကိုသွားရင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်မှာမဟုတ်ဘူးလား… နင်တို့က ငါ့ကို အခက်အခဲရှိတဲ့နေရာမှာ သေသွားစေချင်တာလို့ပဲ ငါထင်တယ်… ငါ ပစ္စည်းခိုးတယ်လို့ နင်ပြောတယ်၊ ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ငါပြန်ယူတာကို ဘယ်လိုလုပ် ခိုးတယ်လို့ ပြောရမှာလဲ၊ ငါ့အမေ ဆုံးတုန်းက အိမ်က ပိုင်ဆိုင်မှုအားလုံးကို မြို့ပေါ် ယူလာခဲ့ကြတာလေ.. ဒီတစ်ခါကျတော့ နင်တို့ ငါ့အတွက် ဘာပစ္စည်းမှ မပြင်ပေးဘူး၊ အဝတ်အစားတစ်ထည်၊ စောင်တစ်ထည်တောင် မပေးဘူး၊ အဲဒါကို နင်တို့ သိကြရဲ့လား.. ငါက ဆောင်းရာသီမှာ အရမ်းအေးတဲ့ အရှေ့မြောက်ဒေသကို သွားရမှာလေ... ငါ စုံစမ်းပြီးပြီ.. ငါသွားရမယ့်နေရာက ဟေလုံကျန်းပြည်နယ်ထဲက မော့ဟဲနဲ့ အရမ်းနီးတဲ့နေရာ၊ အဲဒီမှာ ဆောင်းရာသီဆိုရင် အပူချိန်က အနုတ် ၃၀၊ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းနိုင်တယ်လို့ ကြားတယ်၊ အဲဒါကို သူတို့က ငါ့အတွက် စောင်တစ်ထည်တောင် မပြင်ပေးကြဘူး... ငါ အနွေးထည်နဲ့ အိပ်ရာခင်း အထူကြီးတွေကို ယူတာ မှားလို့လား၊ ငါက အသက်ရှင်ချင်ရုံတင်ပါ... ပြီးတော့ သူတို့က ပိုက်ဆံ တစ်ထောင်ကျော်ကိုလည်း ယူထားပြီး၊ ငါ့ကို တစ်ပြားတစ်ချပ်မှ ပြန်မပေးဘူး..."

"ဒါကတော့ တကယ်ကို လွန်လွန်းသွားပြီ"

"အနုတ် ၃၀၊ ၄၀ ဒီဂရီစင်တီဂရိတ် ဟုတ်လား၊ဘုရားရေ... ဒါက အသက်အန္တရာယ်ရှိတာပဲ မဟုတ်လား..အရမ်းအေးလွန်းတယ်..."

"အနုတ် ၁၀၊ ၂၀ ဒီဂရီစင်တီဂရိတ်ဆိုရင်တောင် ငါ မခံနိုင်ဘူး၊ ဒါက နှိပ်စက်တာပဲ... လူကို အေးခဲပြီး သေသွားစေနိုင်တယ်"

"ဒါပေါ့၊ မြောက်ဘက်ပိုင်းက တကယ် အေးတာလေ"

"သူ့မိထွေးက တကယ်ကို ရက်စက်လွန်းပါတယ်..."

ယွမ်ရှောင်ချွေ ဆက်ပြီး ဖွင့်ချပြန်လေသည်။

"နင်တို့မိသားစုက ငါ့အပေါ် ဘယ်လောက်ကောင်းကြောင်း သူတပါးကို အမြဲကြွားလုံးထုတ်နေပြီး၊ ငါက နင်တို့စိတ်တိုင်းမကျတဲ့ စကားတစ်ခွန်းလောက် ပြောလိုက်ရင်ပဲ ကျေးဇူးမသိတဲ့သူလို့ အော်ကြတော့တာ… ဒါပေမဲ့ အားလုံးပဲ စဉ်းစားကြည့်ကြပါဦး၊ သူတို့ ကျွန်မကို ဘာပေးဖူးလို့လဲ.. ကျွန်မအတွက် ဘာလုပ်ပေးဖူးလို့ ဒီလိုစကားမျိုးတွေကို ပြောရဲကြတာလဲ.. ကျွန်မအမေရဲ့ ပိုက်ဆံတွေကို ယူထားပြီး ကျွန်မအပေါ်မှာ နည်းနည်းပါးပါး သုံးပေးတာကိုပဲ၊ ကျွန်မ သူတို့စကား နားမထောင်ရင် ကျေးဇူးမသိတဲ့သူ ဖြစ်ရရောလား၊ ယွမ်ဟောက်ဖုန်း... ဟန်ဆောင်မနေပါနဲ့တော့… ဘယ်သူက ဘယ်လောက်ပဲ စကားလုံးလှလှတွေ ပြောပြော အလကားပဲ၊ လူတစ်ယောက်ကို စကားအပြောအဆို ကောင်းတာနဲ့ တိုင်းတာလို့မရဘူး၊ သူ ဘာလုပ်လဲဆိုတဲ့ လုပ်ရပ်ကိုပဲ ကြည့်ရမှာ... နင်တို့ ဘယ်လောက်ပဲ ကောင်းကောင်းပြောပြော၊ ငါ အားကိုးပြုဖို့ အဘိုးနဲ့အဘွား ပေးခဲ့တဲ့ ဂျင်ဆင်းကို နင်တို့ အပိုင်စီးထားတဲ့ အမှန်တရားကို ဖုံးကွယ်လို့မရဘူး… ငါ့အမေ စုဆောင်းခဲ့တဲ့ ပိုက်ဆံ တစ်ထောင်ကျော်ကို နင်တို့ ယူထားတဲ့ အမှန်တရားကိုလည်း ဖုံးကွယ်လို့မရဘူး… ပြီးတော့ အိမ်က ကလေးလေးယောက်ထဲမှာ ငါတစ်ယောက်တည်းပဲ အထက်တန်းကျောင်း မတက်ခဲ့ရဘဲ ငါတစ်ယောက်တည်းပဲ ကျေးလက်ဆင်းရတဲ့ အမှန်တရားကိုလည်း ဖုံးကွယ်လို့မရဘူး.. ဆောင်းရာသီဆိုရင် နတို့က နှစ်နှစ်တစ်ခါ ဂွမ်းထည့်.. အင်္ကျီတွေကို အသစ်လဲချုပ်ကြပေမဲ့၊ ငါကတော့ အင်္ကျီတစ်ထည်တည်းကိုပဲ ခုနစ်နှစ်၊ ရှစ်နှစ်လောက် ဝတ်ခဲ့ရတယ်… အထဲကဂွမ်းတွေကလည်း ဘယ်လိုမှ မနွေးတော့ဘူး၊ နင်တို့အားလုံးမှာ အသစ်တွေ ရှိကြပေမဲ့ ငါ့မှာတော့ မရှိဘူး… ဒါကိုပဲ ငါ့အပေါ် ကောင်းတယ်လို့ ခေါ်တာလား"

ယွမ်ရှောင်ချွေသည် တကယ်ကို ဒေါသပေါက်ကွဲနေခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ရက်ပိုင်းကတည်းက သူမသည် စိတ်ထဲတွင် ထိုအကြောင်းအရာများကို အကြိမ်ကြိမ် အခါခါ ပြန်လှန်

စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ ဤကဲ့သို့ ဇာတ်ရှိန်အမြင့်ဆုံးနေ့တွင် မိမိပြောလိုသမျှကို မည်သို့ အကုန်ဖွင့်ချရမည်ကို ဉာဏ်ဆန်းထုတ်ကာ ညတိုင်း ရက်အတော်ကြာအောင် ကြိုတင်လေ့ကျင့်နေခဲ့ခြင်းပင်…

အင်း... ကြိုတင်ပြီး ဒီလောက်အထိ အကြိမ်ကြိမ် လေ့ကျင့်ခဲ့ရတာ တကယ်ကို တန်သွားတာပဲ...

အခုတော့ ကွက်တိ အသုံးဝင်သွားပြီ... တကယ်ကို အသုံးဝင်သွားတာ...

သူမသည် စကားလုံးများကို တရစပ် လွှတ်လိုက်ပြီး ယွမ်ဟောက်ဖုန်းနှင့် သူ့ညီမတို့ကို ပြန်ပြောခွင့်ပင် မပေးတော့ပေ။ သူမအနေဖြင့် သူတို့ကို စကားပြန်ခွင့်ပေးလိုက်လျှင် ငြင်းခုံရင်း ရန်ဖြစ်ရလိမ့်မည်ကို သိနေ၏။ သူမသည် သူတို့လောက် ကောက်ကျစ်စဉ်းလဲမှု မရှိသဖြင့် သူတို့ဆင်ထားသည့် အကွက်ထဲသို့ လွယ်လွယ်ကူကူ ရောက်သွားနိုင်ခြေ ရှိသည်။

ထို့ကြောင့် သူမဘက်ကသာ အရင်ဦးအောင် တိုက်စစ်ဆင်ရမည်ဖြစ်ပြီး အပြတ်အသတ် ဖိနှိပ်ထားရမည်။

ယွမ်ရှောင်ချွေ : "ငါက ဒီလောက်အေးတဲ့နေရာကို သွားရမှာကို နင်တို့က ငါ့အတွက် ဘာပစ္စည်းမှ မပြင်ပေးလို့၊ ငါ့ဘာသာငါပဲ အကုန်ပြင်ဆင်ခဲ့ရတာ.. ကျွန်မ လူအများကို မေးပါရစေ၊ ကိုယ့်အိမ်က ပစ္စည်းတွေကို ယူတာကို ခိုးတယ်လို့ ခေါ်ပါသလား… ကျွန်မက အသစ်တွေကို ယူခဲ့တာ မဟုတ်ဘူး၊ သူတို့ သုံးပြီးသား အဟောင်းတွေကိုပဲ ယူခဲ့တာ၊ ဒါကို ခိုးတယ်လို့ ခေါ်သလား.. သူတို့က ငါ့ရဲ့ ဂျင်ဆင်းကို ယူထားကြတယ်၊ အဲဒါ ဘယ်လောက် တန်ဖိုးရှိလဲ၊ ပိုက်ဆံ တစ်ထောင်ကျော်လေ... စောင်အဟောင်းတွေနဲ့ အဝတ်အစားအဟောင်းတွေက ဘယ်လောက်ဖိုး ဝယ်လို့ရမှာမလို့လဲ.. ကျွန်မမှာ ကျေးလက်ဆင်း ပညာတတ်လူငယ်ရုံးက ပေးတဲ့ ထောက်ပံ့ကြေး အနည်းငယ်ပဲ ရခဲ့တာ၊ အခြား ဘာမှမရှိဘူး၊ သူတို့ ကျွန်မအတွက် တစ်ပြားတစ်ချပ်မှ မပြင်ပေးခဲ့ဘူး.. ကျွန်မအမေ ချန်ထားခဲ့တဲ့ ပိုက်ဆံတွေအကြောင်းကျတော့ သူတို့တစ်လုံးမှ မဟကြဘူး..."

လူတိုင်းသည် ယွမ်မောင်နှမနှစ်ယောက်ကို ရွံရှာမုန်းတီးစွာဖြင့် ကြည့်လာကြသည်။ ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့ နှစ်ယောက်စလုံး မျက်နှာပျက်သွားကြ၏။

သူတို့တစ်သက် ဒီလိုအခြေအနေမျိုးနဲ့ ဘယ်တုန်းက ကြုံဖူးလို့လဲ…

ပုံမှန်ဆိုလျှင် သူတို့သည် သူတပါး အားကျရသည့်သူများ ဖြစ်သည်။ ထို့ကြောင့် ယခင်ဆိုလျှင် စကားလုံးလှလှလေးများ လွယ်လွယ်ကူကူ ပြောနိုင်ကြသော်လည်း၊ ယခုမူ ဘာမှပြန်မပြောနိုင်တော့ပေ။

ယွမ်ရှောင်ချွေ့၏ နှုတ်သီးကောင်းလျှာထက်မှုသည် မည်မျှအထိ ဒေါသထွက်စရာကောင်းသည်ကို သူတို့ ပထမဆုံးအကြိမ် ခံစားလိုက်ကြရ၏။

"ရှောင်ချွေ့... နင့်မှာ မိသားစုအပေါ် ဒီလောက်အထိ မကျေနပ်ချက်တွေ ရှိနေမှန်း ငါမသိခဲ့ဘူး၊ ဒါပေမဲ့..."

ယွမ်ဟောက်ရွှယ်သည် မိမိကိုယ်ကိုယ် ကာကွယ်ပြောဆိုချင်သဖြင့် မျက်ရည်များ ဝဲလာသည်။

သို့သော် ယွမ်ရှောင်ချွေသည် သူမအနေဖြင့် အကြောင်းပြချက် ပေးရမည့်နေရာတွင် သူတို့လောက် စကားလှလှ မပြောနိုင်မှန်း ကောင်းကောင်းသိသဖြင့် ချက်ချင်းပင် စကားဖြတ်ပြောလိုက်၏။

"ငါ အရင်က ဘယ်တုန်းကမှ မညည်းညူခဲ့ဖူးဘူး၊ ကျေးလက်ဆင်းရမယ်ဆိုတာကိုတောင် ငါ လက်ခံခဲ့တယ်.. ဒါပေမဲ့ မိထွေး ကျောက်ရုံကတော့ ရှေ့တင်ကျတော့ ငါ့အပေါ် ကောင်းပြပြီး၊ ကွယ်ရာကျတော့ ငါ့ကို အခက်ခဲဆုံးနေရာကို ပို့ပြီး အသေခံခိုင်းတာ.. ဒါ လူစိတ်ရှိတဲ့သူ လုပ်မယ့်အလုပ်လား"

သူမသည် အိမ်ရှိ ပိုက်ဆံများကို ယူလာခဲ့သည့် အကြောင်းကို ထည့်မပြောခဲ့ပေ။ အမှန်တကယ်တွင်လည်း အံဆွဲထဲတွင် ပိုက်ဆံ တစ်ရာကျော်သာ ရှိခဲ့ခြင်း ဖြစ်သည်။

ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့သည်လည်း အိမ်တွင် ပိုက်ဆံအများကြီး အလဟဿ ထားမည့်သူများ မဟုတ်ပေ။

ယွမ်ရှောင်ချွေ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူမ၏ အကြည့်သည် ချန်ချင်းယွီပေါ်သို့ ကျရောက်သွား၏။ ချန်ချင်းယွီ သူမနောက်ကို လိုက်လာသည်ကို သူမ သိလိုက်ပြီး၊ ချန်ချင်းယွီသည် သူမကို ကူညီဖို့ ရည်ရွယ်ချက်ရှိရှိ လိုက်လာခြင်းဖြစ်ကြောင်း ရိပ်မိလိုက်သည်။

ကြည့်စမ်း... ပုံမှန်ဆို ဆက်ဆံရေး သိပ်မကောင်းတဲ့ အိမ်နီးနားချင်းတစ်ယောက်ကတောင် ဒီလိုအချိန်မျိုးမှာ ကူညီပေးချင်ကြတာ…

သူမရဲ့ ကိုယ်ပိုင်မိသားစုဝင်တွေကျမှ သူမအပေါ်ကို အကွက်ဆင် နှိပ်စက်နေကြတာ၊ တကယ်ကို ရွံရှာစက်ဆုပ်ဖို့ ကောင်းလိုက်တာ...

ယွမ်ရှောင်ချွေ : "လမ်းဖယ်ပေးကြ၊ ငါ ရထားပေါ် တက်တော့မယ်"

"နင် သွားလို့မရဘူး၊ နင်က မိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ..."

"ဖျက်ဆီးတယ် ဟုတ်လား.. နင်တို့က ငါ့ကို စကားမပြောရအောင် လာပိတ်ပင်နေတာလား"

ယွမ်ရှောင်ချွေ အော်ဟစ်လိုက်သည်။

"နင့်အမေက ဒီမနက်တင် ငါ့ကို ပိုက်ဆံခိုးတယ်လို့ စွပ်စွဲခဲ့သေးတယ်၊ ဘာလဲ... အခုကျတော့ နင်တို့က ငါ့ကို ဘာပုဒ်မ ထပ်တပ်ချင်နေကြပြန်တာလဲ"

သူမအနေဖြင့် ပိုက်ဆံယူလာသည်ကို လုံးဝ ဝန်ခံ၍မဖြစ်ပေ။

မဟုတ်လျှင် သူမတွင် ပိုက်ဆံရှိမှန်း လူတိုင်းသိသွားပြီး ရထားပေါ်တွင် ဘေးမကင်း ဖြစ်သွားနိုင်၏။

"အားလုံးပဲ စဉ်းစားကြည့်ကြပါဦး၊ ဘယ်သူက အိမ်မှာ ပိုက်ဆံအများကြီး အလဟဿ ထားမှာလဲ၊ ထားတယ်ပဲထားဦး၊ သူတို့ သဘောမကျဘဲ ကျေးလက်ဆင်းရတော့မယ့် လင်ပါသမီးကို ပိုက်ဆံဘယ်မှာထားမှန်း သိအောင် ပေးလုပ်ပါ့မလား…ငါ့ကို လာပြီး နာမည်ဖျက်ချင်ရင်လည်း ယုတ္တိရှိရှိလေးတော့ လုပ်ကြပါဦး..."

ဒီနေ့က သူမ ယွမ်ရှောင်ချွေအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာ အခိုက်အတန့်ကြီး ဖြစ်နေတော့တာပဲ…

တကယ့်ကို အောင်ပွဲခံတဲ့ အခိုက်အတန့်ပဲ...

သူမအတွက်တော့ ကြည်နူးဖွယ်အောင်ပွဲခံတဲ့ အခိုက်အတန့်သာ..

ယွမ်ရှောင်ချွေ နှာခေါင်းတစ်ချက် ပြင်းပြင်းရှုံ့လိုက်ပြီး ရထားတွဲတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုစဉ် အဝေးမှ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ အပြေးအလွှား လာနေကြသည်ကို လှမ်းမြင်လိုက်ရ၏။ သူတို့နှင့်အတူ ပိုင်ဖုန်းရှန်းနှင့် အဘွားကြီးဟွမ်တို့လည်း ပါလာကြရာ၊ သူမ ဘူတာရုံတွင် ရှိနေမှန်း ကြားသိရသဖြင့် လိုက်လာကြခြင်း ဖြစ်ပုံရသည်။

ယွမ်ရှောင်ချွေ : "အားလုံးပဲ လှမ်းကြည့်လိုက်ကြပါဦး၊ ဟိုးမှာ အမူအရာတွေ အပြည့်နဲ့ လာနေတဲ့လူက ကျွန်မအဖေ ခေတ်သစ် ‘ချန်ရှစ်မေ့ ပဲ... ပြီးတော့ ဘေးက ဟန်ဆောင်ကောင်းတဲ့ မိန်းမကတော့ ရှေ့တင်ကောင်းပြပြီး ကွယ်ရာကျ နှိပ်စက်တဲ့ ကျောက်ရုံ... ဟန်ဆောင်မနေကြနဲ့တော့... ကျွန်မက မတော်တဆ ဝင်တိုက်မိတာကို သူမက နံရံနဲ့ တွန်းတိုက်တယ်လို့ စွပ်စွဲခဲ့တာ.. သူမ နဖူးက ဒဏ်ရာက ပျောက်သွားတာ ကြာပြီဖြစ်တာတောင်မှ၊ ကျွန်မကို အကွက်ဆင်ပြီး နာမည်ဖျက်ဖို့အတွက် အခုထိ ပတ်တီးကြီး စည်းထားတုန်းပဲ..ဒါ တကယ့်ကို ရက်စက်တဲ့ မိထွေးပဲ..."

ယွမ်ရှောင်ချွေသည် သူမကို 'ရက်စက်တဲ့ မိထွေး' ဟု တရစပ် အော်ဟစ်ခေါ်ဆိုနေ၏။

ထူးဆန်းသည်မှာ လူတိုင်းသည် သူမပြောသည်ကို တကယ်ကြီး ယုံကြည်သွားကြခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လူအများစု၏ ရိုးရှင်းသော အတွေးအမြင်အရ 'မိထွေး' ဆိုသည်မှာ တကယ်ကို လူကောင်းမဟုတ်ကြပေ…

ဤသည်မှာ အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်နိုင်သော်လည်း၊ လူအများစုသည် 'မိထွေး' ဆိုသည့် စကားလုံးကို ကြားသည်နှင့် ကလေးအပေါ် နှိပ်စက်မည့် ဆိုးဝါးသော ပုံရိပ်ကိုသာ ချက်ချင်း ပြေးမြင်လေ့ရှိကြ၏။ အထူးသဖြင့် ယွမ်ရှောင်ချွေ၏ ဒေါသတကြီးဖြင့် တရားမျှတမှုအတွက် အားရှိပါးရှိ အော်ဟစ်နေသည့် ပုံစံကြောင့်လည်း ပါဝင်နေသည်။ ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့သည် ဉာဏ်ပြေးကြသော်လည်း မာနကြီးလွန်းသဖြင့် သူမနှင့် အပြိုင်အဆိုင် မငြင်းခုံနိုင်ကြဘဲ အစကတည်းက အရေးနိမ့်သွားခဲ့ရ၏။

ယွမ်ရှောင်ချွေသည် ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ကို နာကျည်းမုန်းတီးကာ စူးရှသောအကြည့်ဖြင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။

"နင်တို့ ငါ့အမေဆီက ပိုက်ဆံ တစ်ထောင်ကျော်ကို အပိုင်စီးထားပြီး၊ အခု ငါ ကျေးလက်ဆင်းရတော့မှာကို တစ်ပြားတစ်ချပ်မှ ပြန်မပေးဘူး... ရတယ်၊ မပေးလည်း နေကြပေါ့... ငါ နင်တို့ကို ပြောလိုက်မယ်၊ ငါ ပိုက်ဆံတွေ ချေးပြီးပြီ... ဝင်းထဲက အဒေါ်ကြီးတွေဖြစ်တဲ့ အဒေါ်ကြီးဟွမ်၊ အဒေါ်ကြီးလီ၊ အဒေါ်ကြီးချန်... … အဒေါ်ကြီးတွေ အများကြီးဆီကနေ ငါ ချေးထားပြီးပြီ.. နင်တို့က ငါ့အိမ်နီးနားချင်းတွေလောက်တောင် အသုံးမကျဘူး... အဒေါ်ကြီးကျောက်ဆီကနေလည်း ကုန်ပစ္စည်းဝယ်ခွင့်လက်မှတ်တွေပါ ချေးထားသေးတယ်… နင်တို့က ငါ့ကို တစ်ပြားမှမပေးရင် ငါက အိမ်နီးနားချင်းတွေဆီကပဲ ချေးမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါက နင့်သမီးပဲ ယွမ်ဟောက်မင်… တကယ်လို့ နင်က အရှက်မရှိဘဲ အဲဒီအကြွေးတွေကို ပြန်မဆပ်ဘူးဆိုရင်တော့... အဒေါ်ကြီးဟွမ်ရေ၊ အဒေါ်ကြီးကျောက်တို့ကိုပါခေါ်ပြီး စက်ရုံမှာ သွားပြဿနာရှာလို့ရတယ်နော်..."

"ကျွန်မက ယွမ်ဟောက်မင်ရဲ့ အရင်းသမီးပဲ... ကျွန်မအကြွေးက သူ့အကြွေးပဲ... သူတို့က ကျွန်မအမေရဲ့ ပိုက်ဆံတွေကို ယူထားကြတာ၊ ကျွန်မ အကြွေးတွေကို သူတို့ တာဝန်မယူပေးဘူးဆိုရင် ဒါ တကယ်ကို မတရားတာပဲ... ဟွန်း... သူတို့ ကျွန်မအမေဆီက ပိုက်ဆံ တစ်ထောင်ကျော် ယူထားပြီး၊ ကျွန်မချေးတာကျတော့ ဆယ်ဂဏန်းလောက်ပဲ ရှိတာ..ချေးထားတဲ့ လက်မှတ်တွေနဲ့ အိမ်ကယူလာတဲ့ စောင်အဟောင်း၊ အဝတ်အဟောင်းတွေကိုပါ ထည့်တွက်ရင်တောင် အမေ ချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုရဲ့ တစ်ဝက်တောင် မပြည့်ပါဘူး၊ သူတို့ တစ်ပြားမှ နစ်နာမသွားဘူး... ပိုက်ဆံ တစ်ထောင်ကျော်ကြီးတောင်နော်... သူတို့ရဲ့ ဟန်ဆောင်ငိုချင်းတွေကို မယုံကြနဲ့... ကျွန်မတို့ ပိုက်ဆံတွေကို ပြန်တောင်းရမယ်... စက်ရုံအထိ သွားပြီး သောင်းကျန်းရမယ်... သူတို့ အဲဒီမှာ ဆက်ပြီး အလုပ်လုပ်ရဲသေးလား ကြည့်ကြတာပေါ့..."

ယွမ်ရှောင်ချွေသည် ရှိသမျှအင်အားကုန်သုံး၍ အော်ဟစ်နေတော့သည်။ ချန်ချင်းယွီမှာ ယွမ်ရှောင်ချွေကို လက်မတောင် ထောင်ပြချင်စိတ် ပေါက်သွား၏။ မထွက်ခွာခင် သူမ ပြုလုပ်သွားသည့် ဤပြဇာတ်သည် အိမ်နီးနားချင်းများအတွက် အကြွေးပြန်တောင်းဖို့ ခိုင်လုံသော အကြောင်းပြချက်တစ်ခု ပေးသွားခဲ့သည်ကို သူမ ဝန်ခံရမည်ပင်။

ယွမ်ရှောင်ချွေ ဤအကြောင်းများ မပြောသွားခဲ့လျှက်ပင် အိမ်နီးနားချင်းများ အနေဖြင့် သွားရောက်သောင်းကျန်း၍ ရနေသေးသည်ဆိုသော်လည်း၊ ယခုကဲ့သို့ အားရှိပါးရှိ ပြောဆိုပေးသွားခြင်းကသည် နောက်နောင် ဒုက္ခနည်းစေပြီး ပို၍ အဆင်ပြေစေ၏။

"နင်... ဒီသမီးမိုက်... ဘာတွေ ပြောနေတာလဲ......"

ယွမ်ဟောက်မင်သည် အမြဲတမ်း အကွက်မြင်ပြီး လှည့်ကွက်အပြည့်နှင့် မိမိကိုယ်မိမိ၊ ကိုယ်ပိုင်သမီးအရင်းမှ ပြန်ပြီး အကွက်ဆင်သွားလိမ့်မည်ဟု အိပ်မက်ပင် မက်မထားခဲ့ပေ။ ထိုကလေးမသည် သိပ်လည်း ဉာဏ်မပြေး၊ မလည်ပတ်လှသဖြင့် အလွယ်တကူ ထိန်းချုပ်ထားနိုင်သည်ဟု သူ အမြဲတွေးခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ လုံးဝ မမျှော်လင့်ထားခဲ့မိချေ၊ လုံးဝ မတွေးမိခဲ့ပါချေ….

ယွမ်ရှောင်ချွေသည် တကယ်ကြီး ယခုလို ရူးသွပ်သွားလိမ့်မည်ဟု မထင်ခဲ့မိပေ…

အရှက်အကြောက်မရှိဘဲ ရူးသွပ်ပြီး တဇွတ်ထိုးလုပ်တတ်ရင် ဘယ်တော့မှ မရှုံးဘူးဆိုတာ…. ဒီအဖြစ်အပျက်က သက်သေပဲ..

ယွမ်ရှောင်ချွေသည် ဤသို့ ရုန်းရင်းဆန်ခတ် အခြေအနေမျိုးတွင် ငိုယိုအော်ဟစ်ပြီး ပြောလိုက်၏။

"နင်တို့က ငါ့အတွက် ဘာပစ္စည်းမှလည်း မပြင်ပေးဘူး၊ ပိုက်ဆံလည်း တစ်ပြားမှ မပေးဘူး၊ အဲဒီတော့ ငါက သူများဆီက မချေးလို့ ဘယ်လိုလုပ်ပြီး ကျေးလက်ဆင်းနိုင်မှာလဲ… အခုက နွေရာသီ ရောက်နေပြီ၊ ကျေးလက်ရောက်ပြီး ဆောင်းဦးရိတ်သိမ်းချိန်အထိ နှစ်လလောက်ပဲ လိုတော့တာ၊ သူတို့က ငါ့ကို ရိက္ခာ ဘယ်လောက် ပေးမှာမလို့လဲ… ငါ မစားမသောက်ဘဲ ငတ်သေရမှာလား၊ အရှေ့မြောက်ဒေသက မော့ဟဲမှာ ဆောင်းရာသီဆိုတာ အရမ်းအေးတာ၊ ဘာအလုပ်မှ လုပ်လို့မရဘူး… နောက်ပိုင်းကျရင် ငါ ပင်ပန်းခံပြီး အလုပ်လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ ပထမဆုံးနှစ်မှာ ဘယ်လိုလုပ်ပြီး ကျင့်သားရပါ့မလဲ.. ငါ့မှာ ဘာပြင်ဆင်မှုမှ မရှိဘဲနဲ့ ဘယ်လို အသက်ရှင်ရမှာလဲ.. အိမ်နီးနားချင်းတွေဆီက ပိုက်ဆံနဲ့ လက်မှတ်အချို့ ချေးပြီး နောက်မှ လူတွေနဲ့ လဲလှယ်သုံးစွဲမှပဲ ပထမဆုံးနှစ်ကို ဖြတ်သန်းနိုင်မှာ၊ ငါက တခြား ပညာတတ်လူငယ်တွေလို မဟုတ်ဘူး၊ အားကိုးစရာ မိသားစုမရှိဘူး.. နင်တို့အားလုံးက ငါ့ကို ကျေးလက်ဘက်မှာ သေသွားစေချင်ကြတာ၊ ငါ့မှာ အားကိုးစရာ လူတစ်ယောက်မှ မရှိဘူး... လူအပေါင်းတို့... ဒီလူတွေကို သေချာကြည့်ထားကြပါ၊ ဒီနာမည်တွေကို မှတ်ထားကြပါဦးရှင်၊ တကယ်လို့ နင်တို့က ငါ့အမေရဲ့ ပိုက်ဆံတွေကို ယူထားပြီး ငါ့အကြွေးတွေကို ပြန်မဆပ်ဘူးဆိုရင်... စောစောစီးစီး မိုးကြိုးအပစ်ခံရပါစေ"

"နင် ဘာတွေ လျှောက်ပေါက်ကရ ပြောနေတာလဲ၊ ငါက နင့်ပိုက်ဆံကို ဘယ်တုန်းက ယူလို့လဲ..."

"ကြည့်ကြပါဦး... သူ အခုထိ ဝန်မခံသေးဘူး... နင် လူကောင်းမဟုတ်မှန်း ငါ အစကတည်းက သိသားပဲ... နင် ယူခဲ့တာ အမှန်ပဲ... ငါ့အမေ ရောဂါသည်းနေတုန်းက နင့်ကို ပိုက်ဆံတွေ အပ်ခဲ့တာ၊ အဲဒီတုန်းက ရွာက ဆရာဝန်လည်း ရှိနေတယ်… ငါ့မှာ သက်သေရှိတယ်... ငါ့ဘာသာငါ လျှောက်လုပ်ကြံပြောနေတာလို့ လာပြီး ငြင်းလို့ရမယ် မထင်နဲ့၊ အဲဒါကို မြင်တဲ့သူက တစ်ယောက်တည်း မဟုတ်ဘူး၊ အိမ်နီးနားချင်းတွေလည်း မြင်ကြတယ်..."

အမှန်တွင် အိမ်နီးနားချင်းများ တကယ်မြင်၊ မမြင်ကို ယွမ်ရှောင်ချွေကိုယ်တိုင်လည်း သေချာမသိပေ။ သို့သော် ထိုစဉ်က သူမ၏အမေ ကိစ္စကို ဖြေရှင်းရန် အဖေဖြစ်သူ ပြန်လာချိန်တွင် လူအများအပြားသည် အိမ်အပြင်ဘက်၌ ဝိုင်းအုံပြီး အခြေအနေကို စပ်စုကြည့်ရှုနေခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေ ယွမ်ရှောင်ချွေမှာ သူတို့မြင်ခဲ့ကြသည်ဟုသာ ဇွတ်အတင်း အပိုင်ပြောလိုက်ခြင်း ဖြစ်သည်။

ဘာလဲ... ယွမ်ဟောက်မင်က ကျေးလက်အထိ ပြန်သွားပြီး လူတိုင်းကို လိုက်လံအတည်ပြုမေးမြန်းနေမှာမို့လို့လား…

ဒါ့အပြင် အဲဒီတုန်းက တစ်ယောက်ယောက် တကယ်ပဲ မြင်ခဲ့တာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား..

ယွမ်ရှောင်ချွေသည် မိမိကိုယ်ကိုယ် အပိုင်သိနေဟန်ဖြင့် တရားမျှတမှုကို တောင်းဆိုသည့်အလား ပုံဖမ်းထားလေသည်။ သူမ၏ ဤကဲ့သို့သော သဘောထားကြောင့် ယွမ်ဟောက်မင်မှာ ခဏတာမျှ တုံ့ဆိုင်းသွားခဲ့ပြီး၊ ဤတုံ့ဆိုင်းသွားမှုကို ဘေးရှိလူများလည်း ရိပ်မိသွားကြသည်။

အကယ်၍ သူသည် ယခုအချိန်အထိ ထိုသို့မဖြစ်ခဲ့ပါဟု ဆက်ငြင်းနေဦးမည်ဆိုလျှင်ပင် အခြားသူများမှာ ယုံကြည်ကြတော့မည် မဟုတ်ပေ။

ယွမ်ရှောင်ချွေ စိတ်လှုပ်ရှားစွာဖြင့် အသံမြှင့်လိုက်ကာ

"ဟွန်း... နင်တို့အားလုံးက အသည်းနှလုံးမရှိဘဲ ငါ့ကို ဂရုမစိုက်ကြဘူးဆိုတော့၊ ငါလည်း နင်တို့ကို ဂရုစိုက်မနေတော့ဘူး... ငါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားတော့မယ်၊ နင်တို့ကို ဂရုမစိုက်ဘူး... နင်တို့လည်း အနှေးနဲ့အမြန် ဝဋ်လိုက်ကြမှာပါ..."

သူမသည် သူမ၏အထုပ်အပိုးများကို ဆွဲကာ မာနအပြည့်၊ အရှိန်အဝါအပြည့်ဖြင့် ရထားပေါ်သို့ တစ်ခါတည်း တက်သွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်သောအခါ ယွမ်ဟောက်မင်သည် ယွမ်ရှောင်ချွေကို ချက်ချင်းပင် လှမ်းဖမ်းလိုက်၏။

သူ့ကို ဒီအတိုင်း ပေးထွက်သွားလို့ မဖြစ်ဘူး.. သူ ချေးထားတဲ့ ပိုက်ဆံတွေကို ပြန်ပေးရမယ့်အပြင် အိမ်က ပစ္စည်းတွေကို ယူလာတာကလည်း... ဒါမျိုးတော့ ခွင့်မပြုနိုင်ဘူး...

"နင်... အား..."

သူသည် ယွမ်ရှောင်ချွေကို အတင်းဆွဲလိုက်သဖြင့် သူမမှာ ယိမ်းထိုးသွားပြီး သူကိုယ်တိုင်လည်း လဲကျလုနီးပါး ဖြစ်သွားသည်။

ဘုရားရေ.. ဒီအထုပ်ကြီးက တကယ်ကို လေးလံတာပဲ…

ဤအခြေအနေတွင် ဘေးတွင်ကြည့်နေသည့် လူအုပ်ကြီးမှာ ဆက်ပြီး မကြည့်ရက်ကြတော့ပေ။ ယနေ့ ဘူတာရုံသို့ လာကြသူအများစုမှာ မိမိတို့၏ သားသမီးများကို လာရောက်ပို့ဆောင်ကြသူများ ဖြစ်ပြီး အစပိုင်း၌ စိတ်မကောင်းဖြစ်ကာ လွမ်းဆွေးနေကြသော်လည်း၊ ယခု ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်သွားကြ၏။ စောစောစီးစီး ရောက်နေကြသူများမှာ အစအဆုံး အကုန်မြင်ထားလေသည်။

"ခင်ဗျား ဘာလုပ်တာလဲ၊ဘာလို့ လူကို လာရိုက်ရတာလဲ"

"ဟုတ်တယ်.. တကယ်ကို ကိုယ်ကျင့်တရား မရှိတာပဲ... ဘာလုပ်တာလဲဟင်၊ ဘာလဲ... ကလေးကို စကားနဲ့မနိုင်တော့ အကြမ်းဖက်ချင်တာလား။ ပိုက်ဆံအများကြီးကိုကျတော့ အပိုင်စီးထားပြီး၊ ကလေး ကျေးလက်ဆင်းရမှာကို နည်းနည်းပါးပါးလေးတောင် ပြန်ယူသွားခွင့်မရှိဘူးလား"

"ဒီလောက်အထိတော့ အတ္တမကြီးသင့်ဘူးလေ... ပိုက်ဆံ တစ်ထောင်ကျော်ကြီးတောင် ယူထားပြီးတော့၊ ကလေးက အဟောင်းအချို့ ယူတာကိုတောင် မရဘူးလား.. ချေးထားတဲ့ အကြွေးကရော ဘယ်လောက်မို့လို့လဲ.. မကြားလိုက်ဘူးလား... ဆယ်ဂဏန်းလောက်ပဲ ရှိတာလေ၊ တစ်ထောင်ကျော်နဲ့ ယှဉ်ရင် ဘာမှမဟုတ်ဘူး"

"ဒါပေါ့၊ ခင်ဗျားကတော့ တကယ်ကို လူမဆန်တာပဲ"

"ချန်ရှစ်မေ့ကတော့ ချန်ရှစ်မေ့ပဲ။ ယောက်ျားတွေက အောင်မြင်လာရင် အနားမှာ အတူတူရုန်းကန်ပေးခဲ့တဲ့ ဇနီးဦးကို မေ့သွားတတ်ကြတာပဲ.. ဒီလို ချန်ရှစ်မေ့တွေ လောကမှာ အများကြီး၊ ဒါကြောင့်မို့လို့ ယောက်ျားတစ်ယောက်အတွက် အနစ်နာခံလွန်းတာဟာ ကံဆိုးဖို့ လာတာပဲလို့ ငါပြောတာ"

"ဒီကလေးကတော့ တကယ်ကို ကံဆိုးရှာပါတယ်"

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ကာ

"ခင်ဗျားတို့ ဘာတွေ လျှောက်ပေါက်ကရ ပြောနေကြတာလဲ.. ကျွန်တော့်မိသားစုက သူ့အပေါ် ဘယ်လိုဆက်ဆံလဲဆိုတာ အိမ်နီးနားချင်းတွေက အသိဆုံးပဲ”

ရှီရှောင်ဝေကို လာပို့သည့် အစ်မကြီးဖန်သည်လည်း မနက်စောစောကတည်းက ရောက်နေ၏။ သူမသည် သရော်တော်တော်ဖြင့် မီးလောင်ရာ လေပင့်လိုက်လေသည်။

“ကျွန်မက သူတို့ရဲ့ အိမ်နီးနားချင်းပဲ၊ ကျွန်မအမြင်တော့ ယွမ်ရှောင်ချွေပြောတာ မှန်တယ်။ သူတို့ ဘယ်လောက်ပဲ ကောင်းကောင်းပြောပြော လက်တွေ့အခြေအနေကိုလည်း ကြည့်ရဦးမှာပေါ့.. ဘာပဲဖြစ်ဖြစ် သူတို့အိမ်မှာ မူလတန်းတက်နေတဲ့ အငယ်ဆုံးလေးအပြင် ကလေးသုံးယောက်ရှိတာ၊ ဒီကလေးမလေးကျမှ အထက်တန်းကျောင်း မတက်ရဘဲ ကျေးလက်ဆင်းရတာလေ.. ကျောက်ရုံရဲ့ ကလေးအရင်းတွေကျတော့ ဒီလို ဒုက္ခမျိုး တစ်ခါမှ မခံဖူးပါဘူး"

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့်

"ပါးစပ်ပိတ်ထားစမ်း... ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ... အား..."

သူသည် သူ၏ခြေသလုံးတွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး 'ဗုန်း' ခနဲ ဒူးထောက်လဲကျသွားတော့၏။

"အမလေး ဘုရား ဘုရား..."

"အလိုလေး မွေးမေရေ..."

"ဒီလူကြီးကတော့ တကယ်ကို ဘာမှအသုံးမကျဘူးပဲ"

"အရင်က မိန်းမလုပ်စာ ထိုင်စားခဲ့တဲ့ကောင်ပဲဟာ၊ သူ့ဆီက ဘယ်လိုသန်မာမှုမျိုး မျှော်လင့်လို့ရမှာလဲ"

"သူ ရုတ်တရက်ကြီး ဒူးထောက်ကျသွားတာ၊ ဝဋ်လိုက်တာများလား မသိဘူး"

ယွမ်ရှောင်ချွေသည်လည်း ထိတ်လန့်သွားမိကာ အမြန်ပင် နောက်တစ်လှမ်းဆုတ်၍ ပြောလိုက်လေသည်။

"နင်က ငါ့ရှေ့မှာ ဘာလို့ ဒူးလာထောက်နေတာလဲ.. ငါ့အသက်တိုအောင် လုပ်နေတာလား.. နင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ..."

ဒါက သူမ ကြိုတင်စီစဉ်ထားတဲ့အထဲမှာ မပါဘူးလေ…

ယွမ်ရှောင်ချွေ ခဏမျှ ပြာပြာသလဲ ဖြစ်သွားပြီးမှ ရထားပေါ်ကို အမြန်တက်မှဖြစ်တော့မည်ဟူ၍ သတိဝင်လာသည်….

တကယ်လို့ သူတို့က အတင်းလာလုရင် ဘယ်လိုလုပ်မလဲ..

သူမ သယ်လာတဲ့ ပစ္စည်းတွေကလည်း အများကြီးလေ…

ယွမ်ရှောင်ချွေ ရထားပေါ်တက်တော့မည့်အချိန်တွင် မျက်စိရှင်သော ယွမ်ဟောက်ဖုန်းသည် သူမကို လှမ်းဖမ်းရန် လက်ဆန့်လိုက်၏။

ထိုမြင်ကွင်းကို ကြည့်နေသော ချန်ချင်းယွီသည် သူမ၏ ကျောက်ခဲသေးသေးလေးကို ချက်ချင်းပင် ပစ်လွှတ်လိုက်တော့သည်...

သူမသည် လူအုပ်ကြီးရှိနေသည်ကို သဘောကျသည်။ လူအများကြီးရှိနေသည့်အတွက် သူမအနေဖြင့် အကွက်လေးတစ်ခု ဆင်လိုက်ရုံနှင့် လူအုပ်ကြီးမှ ကာထားပေးမည်ဖြစ်ကာ လုံးဝ အန္တရာယ်ကင်းကင်း နေနိုင်၏။ လူများလေ ပိုစိတ်ချရလေဖြစ်ပြီး၊ လူနည်းလျှင်မူ သူမကို အလွယ်တကူ သတိထားမိပေလိမ့်မည်။

လူများတာက ပိုပြီး စိတ်ချလုံခြုံမှု ရှိစေတယ်မဟုတ်လား...

ယွမ်ဟောက်ဖုန်းသည် ယွမ်ရှောင်ချွေကို လှမ်းဖမ်းရန် ကြိုးစားခဲ့သော်လည်း၊ သူမကို မထိမိခင်မှာပင် သူ၏ခြေထောက်တွင် စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး ရှေ့သို့ မှောက်လျက်လဲကျသွားတော့သည်...

"အား..."

"အမလေးဗျာ..."

ယွမ်ဟောက်ဖုန်းသည် သူ၏အဖေ ဖြစ်သူ ယွမ်ဟောက်မင်၏ အပေါ်တည့်တည့်သို့ ကွက်တိ လဲကျသွားပြီး၊ သူတို့နှစ်ယောက်စလုံး မြေပြင်ပေါ်တွင် အော်ဟစ်ညည်းညူရင်း လဲကျနေကြ၏။

"ဟယ်... ဖြစ်ရလေ..."

"ဒါ ဘာတွေလဲဟ..."

လူတိုင်း အသံတိတ်ပင် နောက်သို့ အမြန်တစ်လှမ်းစီ ဆုတ်လိုက်ကြသည်။

ပြောရလျှင် ထိုသို့ လဲကျသွားသည့်ပုံစံက တော်တော်လေး လန့်စရာကောင်းလှ၏။

ဤမိသားစုသည် လူကောင်းများမဟုတ်မှန်း သိကြသဖြင့် လူတိုင်းသည် ဝေးဝေးသာ ရှောင်နေချင်ကြပြီး ဒုက္ခအနွယ်အပွါးများနှင့် မပတ်သက်ချင်ကြပေ။

ယွမ်ရှောင်ချွေလည်း ဆွံ့အသွားပြီး ယခုကဲ့သို့ မျှော်လင့်မထားသည့် အလှည့်အပြောင်းမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားမိပေ။

ဘုရားရေ... ဘုရားသခင်ကတောင် သူမဘက်က ကူညီပေးနေတာလား…

ဤသို့တွေးမိလျှင် ယွမ်ရှောင်ချွေ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ဒါပေါ့... ဒါပေါ့... သူမ ဘာမှမှားမလုပ်ခဲ့ဘူးပဲ...

ဒီလူတွေက သိပ်စိတ်ပုပ်လွန်းလို့ ဘုရားသခင်တောင် ကြည့်မနေနိုင်တော့တာ…

သူမ စကားလှမ်းပြောဟန်ပြုပြီးမှ တစ်ခုခုကို သတိရကာ စိတ်လွတ်ကိုယ်လွတ် လျှောက်မပြောရဲတော့ပေ။ မဟုတ်လျှင် အယူသည်းမှု ဖြစ်သွားပေလိမ့်မည်။

သူမသည် အထုပ်အပိုးများကို အမြန်ဆွဲကာ ရထားထိန်း လက်မှတ်မစစ်ရသေးခင်မှာပင် ရထားပေါ်သို့ အပြေးအလွှား တက်သွားခဲ့၏။

ယွမ်ရှောင်ချွေသည် သူမ၏ အထုပ်အပိုးများကို ဆွဲကာ သူမထိုင်ခုံဆီသို့ ရောက်သွားချိန်တွင် တစ်ကိုယ်လုံး ချွေးရွှဲနေပြီ ဖြစ်သည်...

ဒါကလည်း မဆန်းပေ..

အခုက နွေရာသီလေ.. သူမက အဝတ်အစားတွေကို ထပ်ခါထပ်ခါ အထပ်ထပ် ဝတ်ထားတာကိုး.. ဘယ်လိုလုပ်ပြီး မပူဘဲ နေပါ့မလဲ…ဒီအတိုင်း ငြိမ်ငြိမ်ရပ်နေရင်တောင်

ပူနေတာကို.. အခုလို လှုပ်ရှားရုန်းကန်နေရတာဆိုတော့ ပိုဆိုးတာပေါ့…

ယွမ်ရှောင်ချွေသည် ပညာတတလူငယ်များထဲတွင် အထုပ်အပိုး အများဆုံး သယ်လာသူဖြစ်သော်လည်း မည်သူမျှ သူမကို မနာလိုမဖြစ်ကြပေ။

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက ခုနက ပြဇာတ်အကြီးကြီးကို အတော်ကြာအောင် ဝိုင်းကြည့်ထားကြပြီးပြီ မဟုတ်လား… သူ့မှာ အားကိုးစရာ မိသားစုမှ မရှိတာ.. မနာလိုစရာမရှိပါဘူးလေ..

ယွမ်ဟောက်မင်နှင့် သူ့သားဖြစ်သူ လဲကျသွားခြင်းသည် ကျောက်ရုံကို ဒေါသအိုးပေါက်ကွဲသွားစေသည်။

သူတို့က အလုပ်ဖြစ်ဖို့ထက် ဖျက်ဖို့ပဲ တတ်ကြတယ်… သောက်သုံးမကျတဲ့ဟာတွေ..

သူမသည် သားဖြစ်သူကို ထူပေးရန် ရှေ့သို့ အပြေးအလွှား သွားလိုက်၏။

သူမအတွက်တော့ ဘယ်ယောက်ျားက သားထက် ပိုအရေးကြီးပါ့မလဲ…

သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်ကာ

"သားမှာ ဒဏ်ရာရသွားသေးလား..ဘာဖြစ်သွားသေးလဲ"

ယွမ်ဟောက်ဖုန်း : "ရှောင်ချွေ ရထားပေါ် တက်သွားပြီ"

ယွမ်ဟောက်မင် အော်ဟစ်လိုက်ပြီး

"ငါ သွားပြီး သူ့ကို အတင်းဆွဲချမယ်... ဒီကောင်မလေးက တကယ့်ကို သတ္တိကောင်းလွန်းတယ်.. သူတပါးဆီက ပိုက်ဆံချေးရဲတဲ့အပြင် အိမ်ကပိုက်ဆံတွေကိုပါ ယူသွားရဲတယ်ပေါ့... ဒီသမီးမိုက်၊ သူမကို မွေးကတည်းက လည်ပင်းညှစ်ပြီး သတ်ပစ်ခဲ့ရမှာ..."

ယွမ်ရှောင်ချွေသည် ပြတင်းပေါက်နားတွင် ရှိနေခြင်းဖြစ်ရာ သူမသည်လည်း အလျှော့မပေးဘဲ ပြတင်းပေါက်မှ လှမ်းအော်လေ၏။

"သမီးကို လည်ပင်းညှစ်သတ်တာ ဥပဒေနဲ့ မလွတ်ဘူးနော်... တစ်သက်လုံး ထောင်ထဲမှာ အပိတ်ခံရလိမ့်မယ်... သူများဆီက ပိုက်ဆံချေးခဲ့တာကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ အိမ်ကပစ္စည်းတွေကိုတော့ တစ်ပြားမှ မယူခဲ့ဘူး… နင်ပဲ သမီးကို ကွယ်ရာမှာ ပိုက်ဆံတွေ ခိုးပေးထားပြီး၊ အခုကျမှ သမီးကို ပြန်ပြီး အကွက်ဆင်ချင်နေတာလား၊ အဲဒီလို လာလုပ်လို့ရမယ် မထင်နဲ့... ငါ့ကို လာပြီး အပြစ်ပုံချဖို့ ဘယ်တော့မှ မကြိုးစားနဲ့..."

သူမ ယူခဲ့တာ အမှန်ပဲ၊ ယူခဲ့တာ အမှန်ပဲ…

ဒါပေမဲ့ ဘယ်လိုမှ ဝန်ခံလို့မဖြစ်ဘူးလေ...

ပိုက်ဆံအနည်းငယ်ရှိတာနဲ့ ပိုက်ဆံအများကြီးရှိတာက တစ်ခြားစီ မဟုတ်လား…

"ငါ ဒေါ်ကြီးကျောက်ဆီကနေ ဝယ်ခွင့်လက်မှတ်တွေ အကုန်ချေးခဲ့တာကို ဝန်ခံတယ်… အဒေါ်ကြီးဟွမ်တို့ဆီကနေ ပိုက်ဆံချေးခဲ့တာကိုလည်း ဝန်ခံတယ်၊ ဒါပေမဲ့ အဲဒီပိုက်ဆံအားလုံး ပေါင်းရင်တောင် ဆယ်ဂဏန်းလောက်ပဲ ရှိတာ၊ ပထမဆုံးနှစ်မှာ ရိက္ခာဝယ်ဖို့ပဲ လောက်တာ။ အိမ်က တခြားပြဿနာတွေကို ငါ့ခေါင်းပေါ် လာမပုံနဲ့၊ အိပ်မက်တောင် မက်မနေနဲ့..."

ယွမ်ရှောင်ချွေသည် ရထားပြတင်းပေါက်မှ ခေါင်းပြူထွက်ပြီး အော်ဟစ်လိုက်ပြန်သည်။

"နင်တို့ အဲဒီတုန်းက ငါ့အမေဆီက ပိုက်ဆံ တစ်ထောင်ကျော် ယူခဲ့တာကို အခုကျတော့ ဘာလို့ ငြင်းနေတာလဲ။ ဩော်... ငါသိပြီ၊ သိပြီ၊ နင်တို့က ငါ အိမ်ကပိုက်ဆံတွေ ယူသွားပါတယ်လို့ ရည်ရွယ်ချက်ရှိရှိ စွပ်စွဲပြီး၊ အိမ်မှာ ပိုက်ဆံမရှိတော့ဘူးလို့ အကြောင်းပြ အကြွေးတွေကို ပြန်မဆပ်ချင်လို့ မဟုတ်လား... နင်က ငါ့ရဲ့ အဖေအရင်းပဲ၊ ငါ့အမေရဲ့ ပိုက်ဆံတွေကို ယူထားပြီးတော့ တာဝန်မယူချင်ဘဲ ရှောင်လွှဲဖို့ မကြိုးစားနဲ့... ဒီလောက်အထိ အရှက်မရှိတဲ့အလုပ်ကို လုပ်ရဲတယ်ဆိုတော့ နင်က ခွေးထက်တောင် ယုတ်မာသေးတယ်..."

"နင်... ဒီသမီးမိုက်..."

ယွမ်ဟောက်မင်သည် ရထားပေါ်တက်ပြီး သူမကို အသေအလဲ ရိုက်နှက်ပစ်ချင်စိတ် ပေါက်သွား၏။

သို့သော်လည်း ပညာတတ်လူငယ်အားလုံးသည် ရထားပေါ်တက်ရန် အလုပ်ရှုပ်နေကြပြီး အလွန်တိုးဝှေ့နေသဖြင့်၊ အကယ်၍ ရထားပေါ်တက်သွားလျှင် ပြန်ဆင်းရခက်ပေလိမ့်မည်။ ယွမ်ဟောက်မင်မှာ ဒေါသအိုးပေါက်ကွဲပြီး ထိုနေရာတင် ဒေါသတကြီး ခုန်ဆွခုန်ဆွ ဖြစ်နေတော့သည်။

ကျောက်ရုံ : "ရှောင်ချွေ့... သမီးအပေါ် ငါက အမြဲတမ်း ဘယ်လောက်ကောင်းခဲ့လဲဆိုတာ သမီးအသိဆုံးပါ၊ သမီးက..."

"ဟက်... လာပြီး ပေါက်ကရတွေ ပြောမနေနဲ့... နင်က ငါ့အပေါ် ကောင်းတယ်ဟုတ်လား.. နင်က တကယ့်ကို ဟန်ဆောင်ကောင်းတဲ့ အရေခြုံထားတဲ့ လူယုတ်မာပဲ၊ လောကမှာ အတော်ဆုံး ဟန်ဆောင်ကောင်းသူကြီး..."

မိမိ၏ ဂုဏ်သိက္ခာနှင့် နောက်ခံသမိုင်းကြောင်းကို ထိခိုက်မှာ မစိုးရိမ်ရလျှင်၊ ယွမ်ရှောင်ချွေသည် ကျောက်ရုံ၏ အရှုပ်ထုပ် ကိစ္စရပ်များကိုပါ အကုန်ဖွင့်ချပစ်လိုက်ပြီ ဖြစ်၏။ သို့သော် သူမသည် အမည်ခံအားဖြင့် ယွမ်မိသားစုဝင်တစ်ဦး ဖြစ်နေဆဲဖြစ်ပြီး၊ ကျေးလက်ဆင်းသည့်အခါတွင်လည်း ဤနောက်ခံသည် သက်ရောက်မှုရှိနေဦးမည် ဖြစ်ရာ မိမိ၏ နောက်ခံသမိုင်းကြောင်း ထိခိုက်သွားမည်ကို သူမလည်း စိုးရိမ်မိသည်။

မဟုတ်လျှင် ထိုကဲ့သို့ အကျင့်စာရိတ္တ ပျက်ပြားသည့် ကိစ္စမျိုးသည် ထောင်ပင် ကျနိုင်သည် မဟုတ်လော့။

"နင်တို့ရဲ့ ယုတ်မာတဲ့ အကွက်တွေကို ငါ သိနေတာ ကြာပြီ၊ နင်တို့က ငါ မသိဘူးလို့ ထင်နေတာလား.. ငါ အကုန်လုံးကို အတိုင်းသား အသေအချာ ကြားခဲ့ရတာ.. အရှက်မရှိလိုက်ကြတာ..."

"နင်..."

"ဘာ 'နင်' လဲ... နင်တို့ကမှ အမှိုက်တွေ..."

ယွမ်ရှောင်ချွေအနေဖြင့် သူတို့ကို ဇာတ်ရှိန်လုခွင့် လုံးဝ အပေးမခံနိုင်ပေ၊ လုံးဝ မဖြစ်စေရ...

သူတို့ကို အခွင့်အရေးပေးလိုက်လျှင် အမည်းကို အဖြူဖြစ်အောင် ဇောက်ထိုးလှန်ပြောကြလိမ့်မည်ကို သူမ ကောင်းကောင်းမြင်ဖူးထားသဖြင့်၊ သူတို့ကို အခွင့်အရေး လုံးဝ ပေးမည်မဟုတ်ပေ။

လုံးဝကို မပေးတာ...

"ဟန်ဆောင်မနေကြနဲ့တော့... နင်က ရက်စက်တဲ့ မိထွေးတွေထက်တောင် ပိုယုတ်မာသေးတယ်.. အနည်းဆုံးတော့ အပြင်ပန်းက မကောင်းတဲ့မိထွေးမျိုးဆိုရင် လူတိုင်းက သတိထားလို့ရသေးတယ်၊ နင်ကျတော့ အပြင်ပန်းမှာ လူကောင်းယောင်ဆောင်ပြီး ကွယ်ရာကျတော့ လူကို နှိပ်စက်တာ... နင်ပဲ... နင်ပဲ... နင်ပဲ..."

ယွမ်ရှောင်ချွေသည် ယခုအခါတွင် သူမ၏ ဒေါသများကို အကုန်အစင် ပေါက်ကွဲပစ်နေ၏။

သူမ ဒါတွေကို အောင့်အီးထားရတာ ကြာလှပြီ… ယခုလို ဖွင့်ချလိုက်ရသဖြင့် တကယ်ကို ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်သွားရသည်...

ကြိုတင်ပြင်ဆင်ထားခဲ့တာ တကယ်ကို မှန်သွားတာပဲ၊ သူမ ဘာတစ်ခုမှ အမှားအယွင်း မရှိခဲ့ဘူး…

တွေ့တယ်မလား... တကယ်လို့များ စက္ကူအပိုင်းလေးကို ကိုင်ပြီး ဖတ်, ဆဲနေရရင် အရှိန်အဝါက နည်းနည်းလျော့သွားဦးမယ်… အခုလို တရစပ် အော်ဟစ်နေတာကမှ ကွက်တိ အကောင်းဆုံးပဲ.. အလွတ်ရွတ်ခဲ့ရတာ တကယ်မှန်သွားပြီ…

ယွမ်ရှောင်ချွေသည် တစ်ချိန်က အိမ်တွင်းရေး ကိစ္စအသေးအဖွဲများ၊ အမှန်တစ်ဝက် အလိမ်တစ်ဝက် အကြောင်းအရာများကို တရစပ် အော်ဟစ်ဖွင့်ချနေတော့သည်။ ဘေးနားရှိလူများမှာ ဆွံ့အပြီး ဘာမှပြန်မပြောနိုင်ကြတော့သော်လည်း၊ ယွမ်ရှောင်ချွေမှာမူ ဂရုမစိုက်ဘဲ ဆက်တိုက်သာ အော်ဟစ်နေခဲ့၏။

ချန်ချင်းယွီ : "..."

သူမ ထင်သည်မှာ ယွမ်ရှောင်ချွေ၏ ဤအသံဖြင့်ဆိုလျှင် မကြာခင်မှာတင် အသံဝင်သွားတော့မည် ဖြစ်သည်။

သူမကတော့ တကယ်ကို ခဏလေးတောင် မနားတမ်း ပြောနေတော့တာပဲ… ချီးကျူးလောက်ပါပေတယ်…

ထို့နောက် ချန်ချင်းယွီသည် မျက်နှာပျက်နေကြသော ယွမ်မိသားစုဝင်များကို ကြည့်ကာ မအောင့်နိုင်ဘဲ ရယ်ချင်စိတ် ပေါက်သွား၏။

တကယ်ပါပဲ၊ သူတို့လေးယောက်

စလုံး မျက်နှာပေးတွေက ကြည့်ရဆိုးလိုက်တာ…ဟိဟိ..

ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ စကားအခြေအတင် လုပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း၊ ယွမ်ရှောင်ချွေ၏ နှုတ်သီးကောင်း လျှာစောင်းထက်မှုကို မယှဉ်နိုင်ကြပေ။

ယွမ်ဟောက်ဖုန်းနှင့် ယွမ်ဟောက်ရွှယ်တို့လည်း အတူတူပင်။

ဒါကြောင့်မို့လို့ စကားပြောဘယ်လောက်ပဲ ကောင်းကောင်း၊ အမှန်ကို အမှားဖြစ်အောင် ဘယ်လောက်ပဲ လိမ်ညာလှည့်ဖြားတတ်ပါစေဦး၊ သူတို့ကို စကားပြောခွင့်သာ မပေးရင်တော့ ဘာမှမတတ်နိုင်တော့တာ အမှန်ပဲလေ…

ယွမ်မိသားစုဝင်များသည် စိတ်လွတ်ကိုယ်လွတ် သောင်းကျန်းနေသော ယွမ်ရှောင်ချွေနှင့် အရှက်မရှိ အပြိုင်အဆိုင် အော်ဟစ်ငြင်းခုံမည့် လူစားမျိုး မဟုတ်ကြ၍ ယနေ့အတွက်မူ သူတို့ဘက်မှ အရှုံးပေးရမည့် ကံပါလာခဲ့ပြီ ဖြစ်သည်။

ဒါပေမဲ့ မြင်ရတာ တကယ်ကို ရင်အေးစရာ ကောင်းလှချည်ရဲ့…

ချန်ချင်းယွီလည်း တော်တော်လေး သဘောကျမိသည်…

လူဆိုးတွေ ဒုက္ခရောက်တာကို မြင်ရရင် လူတိုင်း သဘောကျကြတာပဲ မဟုတ်လား…

ချန်ချင်းယွီသည် ယွမ်ရှောင်ချွေသယ်လာသည့် ဧရာမ အထုပ်ကြီးကို တွေးမိပြီး ပို၍ပင် ရယ်ချင်လာမိ၏။

ဒီမိသားစု အိမ်ပြန်ရောက်တဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို သူမ သိချင်နေပါပြီနော်…

ဘာပဲဖြစ်ဖြစ်၊ ဒီနေ့ အလုပ်ဆင်းချိန်ကျရင် သူမရဲ့ ယောက္ခမဖြစ်သူက အကြွေးစာချုပ်ကို ကိုင်ပြီး သူတို့ဆီမှာ ပိုက်ဆံ သွားတောင်းတော့မှာ အသေအချာပဲ…

တစ်ခါတည်းနဲ့ အကြွေးအားလုံး အပြတ်ဆပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး… ပြီးတော့ သူတို့အနေနဲ့လည်း အားလုံးကို တစ်ခါတည်း မလိုချင်ဘူးလေ.. တစ်လကို တစ်စောင်နှုန်းနဲ့ ဆပ်ခိုင်းရင် ရပြီ။

ဒီလိုနဲ့ တဖြည်းဖြည်းချင်း အကြွေးဆပ်ခိုင်းရမယ်…

ချန်ချင်းယွီ ပြုံးလိုက်မိသည်။

ထို့နောက် သူမ မအောင့်နိုင်တော့ဘဲ ရယ်မိလေ၏။…

ဘူတာရုံမှ ယွမ်မိသားစု၏ ဖအေနှင့်သမီး ရန်ပွဲကြီးသည် လူအုပ်ကြီးကို ဆွဲဆောင်ထားနိုင်ခဲ့ပြီး၊ ခွဲခွာရခြင်း၏ ဝမ်းနည်းပူဆွေးမှုများကိုပင် အတိုင်းအတာတစ်ခုအထိ ပြယ်ပျောက်သွားစေခဲ့သည်။

ဒါပေါ့... ဘယ်သူကမှ စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲကို မကြည့်ဘဲ မနေနိုင်ကြပါဘူးလေ…

ထို့အပြင် အချို့သော ပညာတတ်

လူငယ်များသည် ယွမ်ရှောင်ချွေ ကြုံတွေ့ခဲ့ရသော ဒုက္ခများကို ကြားပြီးသည့်နောက်၊ မိမိတို့ ကျေးလက်ဆင်းရမည့် အခြေအနေသည် သိပ်မဆိုးလှသေးဘူးဟု ခံစားလိုက်ရကာ မိမိတို့ထက် ပိုဆိုးသည့်သူများလည်း ရှိပါသေးလားဟု တွေးမိသွားကြ၏။

လူဆိုသည်မှာ မိမိထက် ပိုပြီး အခြေအနေဆိုးရွားနေသူကို မြင်တွေ့ရသည့်အခါ မိမိ၏ သောကဗျာပါဒများ လျော့ပါးသွားတတ်သည့် သဘောရှိသည်သာ…

ယွမ်ရှောင်ချွေ အထုပ်အပိုး အကြီးကြီး သယ်လာခဲ့သော်လည်း၊ သူမ၏ ဒေါသတကြီး ဖွင့်ချချက်များကြောင့် မည်သူမျှ သူမအပေါ် မနာလို မဖြစ်ခဲ့ကြပေ။

သူမမှာ အခြားရွေးချယ်စရာ လုံးဝမရှိ၍ ဤသို့လုပ်ရသည်ကို လူတိုင်း သိသွားကြပြီဖြစ်၏။

အခြားသူများအတွက် အထုပ်အပိုး အများကြီး မသယ်လာကြသည့်တိုင် အနည်းဆုံး သူတို့တွင် ပြန်စရာ အိမ်ဆိုတာ ရှိသေးသည်။

ယွမ်ရှောင်ချွေ အသံကုန်ခြစ်ကာ အော်ဟစ်လိုက်ပြီး

"ငါ့အကြွေးတွေကို ပြန်ဆပ်ဖို့ မမေ့ကြနဲ့ဦးနော်... အကြွေးကို မဆပ်ဘဲ လိမ်ဖို့ကြိုးစားတာ မကောင်းဘူးနော်..."

သူမ ဆက်အော်နေကာ

"နင်တို့ ငါ့အမေဆီက ပိုက်ဆံအများကြီး ယူထားပြီးတော့၊ အခု နည်းနည်းပါးပါးလေး ပြန်တောင်းတာကိုတောင် မပေးနိုင်ဘူးလား… အဲဒီလိုတောင် မလုပ်ပေးနိုင်ရင်တော့ နင်တို့ဟာ တကယ်ကို အောက်တန်းကျလွန်းရာ ရောက်ပြီ..."

ယွမ်ရှောင်ချွေ ဆက်ပြီး အော်နေ၏။

"ငါ ထွက်သွားပြီးရင် နင်တို့ဆီက ပိုက်ဆံပို့ပေးတာမျိုးတွေကို မမျှော်လင့်သလို၊ ငါ့ဆီကိုလည်း ဘာပစ္စည်းမှ လှမ်းမတောင်းကြနဲ့ဦး... ငါက အဲဒီလို အေးစက်တဲ့နေရာမှာ တစ်ယောက်တည်း ရုန်းကန်ရမယ့် မိန်းကလေးတစ်ယောက်ပဲ၊ နင်တို့အတွက် ဘာမှ မတတ်နိုင်ဘူး... နင်တို့က ငါ့အမေကို စွန့်ပစ်ခဲ့တုန်းကတောင် သူမဆီက ကြက်ဥတွေ၊ ဘဲဥတွေ လှမ်းတောင်းခဲ့ကြသေးတာ၊ အခု ငါ့ဆီကတော့ ဘာမှ လာမတောင်းနဲ့... ငါ့ဘာသာငါ နွေးနွေးထွေးထွေး ဝတ်နိုင်ဖို့နဲ့ စားနိုင်ဖို့တောင် ပိုက်ဆံမရှိ ဖြစ်နေတာ... ငါ့ဆီက ဘာမှ လာမတောင်းကြနဲ့..."

ချန်ချင်းယွီ တခစ်ခစ် ရယ်မိတော့သည်။

အင်း... ယွမ်ရှောင်ချွေ့ရဲ့ တဇွတ်ထိုး သောင်းကျန်းမှုတွေကတော့ တကယ်ကို အံ့ဩလောက်စရာ ကောင်းပါပေတယ်… လက်ဖျားခါရပါတယ်…

ချန်ချင်းယွီ မအောင့်နိုင်ဘဲ တဟီးဟီး ရယ်သံထွက်လာမိ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သိပ်နားမလည်ကြသော်လည်း ကလေးသဘာဝ ပွဲကြည့်ရသည်ကိုအမြဲပျော်ရွှင်ကြသည်။ ရှောင်ကျားတိုးတိုးလေး မေးလာကာ

"မေမေ၊ ဒေါ်လေးရှောင်ချွေက သွားတော့မလို့လားဟင်"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

"အင်း၊ သွားတော့မှာ"

သေချာပြန်စဉ်းစားကြည့်ပြီးနောက် ချန်ချင်းယွီ ရေရွတ်လိုက်မိ၏။

"သူမရဲ့ ကျေးလက်ဘဝက နည်းနည်းတော့ ပင်ပန်းနိုင်ပေမဲ့ သိပ်ပြီးတော့ ဒုက္ခမရောက်လောက်ပါဘူး"

ဒါက မျက်နှာပြောင်တိုက်ရဲဖို့ပဲ လိုတာ၊ မျက်နှာပြောင်တိုက်ရဲတဲ့သူက မြို့ပေါ်မှာပဲဖြစ်ဖြစ်၊ ကျေးလက်မှာပဲဖြစ်ဖြစ် ဘယ်တော့မှ ဒုက္ခမရောက်နိုင်ဘူးလေ...

ဘာပဲဖြစ်ဖြစ် ဒါက အနှိမ်ခံရတာက အနှိပ်စက်ခံရတာထက် ပိုတော်သေးတာပေါ့…

ချန်ချင်းယွီ ဤအချက်ကို အလွန်ရှင်းရှင်းလင်းလင်း သဘောပေါက်ထားသည်။ အကယ်၍ ခေါင်းမာပြီး မျက်နှာပြောင်တိုက်တတ်သည့် အဘွားကြီးကျောက်သာ မရှိခဲ့လျှင် ချန်ချင်းယွီသည်လည်း သူမ၏ ဗျူဟာကို ပြောင်းလဲပစ်ရမည်သာ။ သို့ဆိုလျှင် အခြေအနေများငည် ယခုကဲ့သို့ တစ်ဖက်က အလင်း တစ်ဖက်က အမှောင် လှုပ်ရှားနေရသည့် ပုံစံမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။

တွေ့တယ်မလား... လူ့ဘဝဆိုတာ နန်းတွင်းအရှုပ်တော်ပုံ ဇာတ်လမ်းလိုပဲ၊ လျှို့ဝှက်ချက်တွေ၊ တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေတာ…

သို့သော်လည်း ချန်ချင်းယွီမှာ ရှေးခေတ်ကို ရောက်သွားခြင်းထက်စာလျှင် ယခု ၁၉၇၀ ပြည့်လွန်နှစ်များဆီ ရောက်လာရခြင်းကို တကယ် ဝမ်းသာမိသည်။

တကယ်လို့ ရှေးခေတ်ကိုသာ ရောက်သွားခဲ့ရင် သူမ ဘဝပျက်သွားလောက်ပြီ…

အခုခေတ် ဘဝက ခေတ်သစ် နောင်အနာဂတ်နဲ့ ယှဉ်ရင် နောက်ကျနေသေးတယ်ဆိုပေမယ့် ပဒေသရာဇ် လူ့အဖွဲ့အစည်းထက်စာရင်တော့ အဆပေါင်းများစွာ ပိုကောင်းပါသေးတယ်…

ချန်ချင်းယွီတစ်ယောက် အတွေးကမ္ဘာထဲ နစ်မျောနေစဉ် ရထား ဥဩဆွဲသံ ပေးလာပြီး ထွက်ခွာတော့မည့် အခြေအနေကို မြင်လိုက်ရသည်။ ရထား စတင်ရွေ့လျားလာတာကို ကြည့်ရင်း သူမမှာ "ကဲ ကဲ... သွားကြစို့" ဟု ပြောလိုက်၏။

"မေမေ... ဆက်မကြည့်တော့ဘူးလားဟင်"

ချန်ချင်းယွီ စနောက်ပြီး

"ဘာလဲ... သမီးက ဆက်ကြည့်ချင်သေးလို့လား"

"ဟုတ်..."

ချန်ချင်းယွီ ရယ်မောရင်း

"ဒါဆိုရင်တော့ ဆက်ကြည့်လို့ မရတော့ဘူးနော်၊ ရထားက ထွက်သွားပြီလေ"

အမှန်ပင် ရထား စတင်ရွေ့လျားသွားခဲ့ပြီ ဖြစ်ရာ၊ လူတိုင်းသည်လည်း ပွဲကြည့်ခြင်းကို ရပ်လိုက်ကြပြီး ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြတော့သည်။

ချန်ချင်းယွီသည် လူအုပ်ကြီးထဲရှိ အစ်မကြီးဖန်၏ ငိုသံကိုလည်း ကြားလိုက်ရ၏။ အစ်မကြီးဖန်သည် ရင်ကွဲမတတ် ငိုယိုရင်း လှမ်းအော်နေသည်။

"ရှောင်ဝေ... မေမေ ဒီကနေ အကုန်လုံးကို သေချာကြည့်ပေးထားမယ်နော်.. အခွင့်အရေးရရင် ရသလောက် သားဆီ စာရေးလိုက်မယ်။ သား သေချာပေါက် ပြန်လာနိုင်ရမယ်... ကျေးလက်မှာ တစ်ခုခုလိုရင် မေမေ့ဆီ စာရေးလိုက်နော်...

ရှောင်ဝေ..."

အများသူငါတို့၏ ငိုကြွေးသံများကြားထဲတွင် ယွမ်ရှောင်ချွေ တစ်ယောက်တည်းသာ အထီးကျန်စွာဖြင့် အော်ဟစ်ဆနရှာ၏။

"ကျွန်မရဲ့ ပိုက်ဆံတွေနဲ့ လက်မှတ်တွေကို ပြန်ဆပ်ဖို့ မမေ့ကြနဲ့ဦးနော်..."

ယွမ်မိသားစုဝင်များ၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကြတော့သည်။

ချန်ချင်းယွီ : ‘ဟားဟားဟား.. မှတ်စမ်းဟဲ့’

သူမသည် ကလေးကို ပွေ့ချီကာ လူအုပ်ထဲမှ တိုးဝှေ့ထွက်ခဲ့၏။

ရှောင်ကျားသည် မအောင့်အီးနိုင်စွာဖြင့် ထပ်မေးလာလေသည်။

“မေမေ... သားတို့ ကြီးလာရင် တကယ်ပဲ ကျေးလက်ကို ဆင်းစရာမလိုဘူးလားဟင်"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြပြီး

"မလိုပါဘူး..."

သူမသည် အလွန်သေချာသော လေသံဖြင့် ကတိပေးလိုက်၏။

"မေမေ ကတိပေးတယ်၊ သားတို့သမီးတို့ ကျေးလက် လုံးဝ မဆင်းစေရဘူး"

အဲဒီအချိန်ကျရင် ကျေးလက်ဆင်းရမယ့်စနစ်က ရှိတော့မှာ မဟုတ်ဘူးလေ..

အခု သူတို့က အသက်သုံးနှစ်ပဲ ရှိသေးတာ.. သေချာတွေးကြည့်ရင် နောက်ထပ် လေး၊ ငါးနှစ်နေရင် ကျေးလက်ဆင်းရတဲ့ စနစ်က ပျောက်ကွယ်သွားပြီ…

အဲဒီအချိန်ကျရင် သူတို့က မူလတန်းကျောင်းသားလေးတွေပဲ ရှိဦးမှာ…

ချန်ချင်းယွီသည် ကလေးငယ်နှစ်ယောက်၏ ခေါင်းလေးများကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရာ ရှောင်ယွမ်လေးမှာ ချက်ချင်းပင် ဆိုလေသည်။

"သမီးက မေမေ့ကို ယုံတယ်..."

"ဒါပေါ့၊ သမီးတို့က မေမေ့ကို ယုံရမှာပေါ့၊ မေမေက သမီးတို့ကို ဘယ်တော့မှ မလိမ်ဘူး"

ချန်ချင်းယွီသည် ချိုသာစွာ ပြုံးလိုက်ပြီး ကလေးနှစ်ယောက်ကို တင်ကာ စက်ဘီးကို ဆက်နင်းလာခဲ့၏။

"မေမေ... သမီးတို့ ငါးမမျှားရတာ ကြာပြီနော်"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်လေသည်။

"အင်း... မနက်ဖြန်ကျရင် သွားကြတာပေါ့"

ဒီနေ့ ဘူတာရုံမှာ ယွမ်ရှောင်ချွေ့ သောင်းကျန်းသွားတဲ့ ကိစ္စကြောင့် မနက်ဖြန်ဆိုရင် သူတို့မိသားစုအကြောင်းက ပေကျင်းတစ်ခွင် ပျံ့နှံ့သွားလောက်ပြီ….

လက်မှတ်တွေကို "ချေးပေးထားတဲ့သူ" အဖြစ်နဲ့ဆိုရင် သူတို့မိသားစုရဲ့ တရားဝင်လက်မှတ်တွေ အကုန်

ကုန်သွားပြီ… ဒါဆိုရင်တော့ သူတို့ဆီကနေ လာခိုးဖို့ ချောင်းနေမယ့် သူခိုးတွေလည်း ရှိတော့မှာ မဟုတ်ဘူး…

ဝမ်ကျန့်ကော်က အဲဒီလက်မှတ်တွေကို မှောင်ခိုဈေးကွက်မှာ သွားရောင်းလို့ရတယ်လို့ တာဝန်မဲ့ အကြံပြုခဲ့တာမျိုးကတော့ ပိုလို့တောင် မဖြစ်နိုင်တော့တာပေါ့..

ဘာပဲဖြစ်ဖြစ် သူတို့က သူများကို ချေးပေးလိုက်ပြီလေ..

ချန်ချင်းယွီ ရင်ထဲမှာ အနည်းငယ် ပေါ့ပါးသွားရသည်။

သူမသည် စက်ဘီးကို အရှိန်ပြင်းပြင်းဖြင့် နင်းလာခဲ့ပြီးကားတစ်စီး၏ ဘေးမှ 'ဝူး' ခနဲ ကျော်တက်သွားပြီးနောက် လမ်းကွေ့တစ်ခုထဲသို့ ဝင်ကာ ရုတ်တရက် ပျောက်ကွယ်သွား၏။

ထိုကားမှာ စက်မှုစက်ရုံမှ ကားတစ်စီး ဖြစ်ပြီး ကားထဲတွင် ထိုင်နေသော စက်ရုံ၏ ဒုတိစက်ရုံမှူးဟယ်သည် တစ်ယောက်ယောက်မှ မိမိတို့ကို ကျော်တက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် ခဏမျှ ကြောင်သွားပြီး မေးလိုက်မိလေသည်။

"အခုတင်ပဲ ငါတို့ကို စက်ဘီးတစ်စီး ကျော်သွားတာလား"

ဒရိုင်ဘာဖြစ်သူ : "... ဟုတ်ပါတယ်"

ဘုရားရေ...

ဒါ တရားမျှတမှု ရှိရဲ့လား..

စုတ်စုတ်ပြတ်ပြတ် စက်ဘီးအစုတ်လေးက သူတို့ကို ကျော်

တက်သွားတာလား… အဲဒီစက်ဘီးက ပျံနိုင်တယ်လို့ ထင်နေတာလား…

ဒုတိယစက်ရုံမှုး ဟယ်မှာ သရော်ပြုံးပြုံးလိုက်၏။

ဒရိုင်ဘာသည် အမြန်ပင် အကြောင်းပြချက် ပေးလိုက်ကာ

"ဒီနေ့က ပညာတတ်လူငယ်တွေ ကျေးလက်ဆင်းရမယ့်နေ့ဆိုတော့ လမ်းပေါ်မှာ လူတွေ အရမ်းများနေတာ၊ အဲဒါကြောင့် အရှိန်မြှင့်မောင်းလို့ မရတာပါ"

လူအချို့သည် ကားရှေ့ကို တမင်တကာ ဝင်တိုက်ပြီး မြို့ပေါ်မှာ ဆက်နေနိုင်ဖို့ အချိန်ဆွဲမည်ကို ကြောက်နေကြခြင်းပင်။

ဒါက ချဲ့ကားပြောနေခြင်းမဟုတ်ဘဲ တကယ်ကို ဖြစ်ဖူးသည့် ကိစ္စရပ်တွေပါ… အဓိကကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ကို သိနေတာပဲ… လူကို တိုက်မိသွားရင်တောင်မှ သူတို့ကို ကျေးလက်သို့ ချက်ချင်း အတင်းမလွှတ်နိုင်တော့ဘဲ ဒဏ်ရာပျောက်ကင်းအောင် အရင်ကုသပေးရမယ် မဟုတ်လား…

တကယ်လို့များ စိတ်သဘောထားကောင်းတဲ့ လူကြီးမျိုးနဲ့ တွေ့ရင် အလုပ်အကိုင်တစ်ခုပါ ရအောင် ခြိမ်းခြောက်ငွေညှစ်သွားနိုင်တာပဲလေ…

ဒီခေတ်မှာ ကားမောင်းရတာ မလွယ်ကူလှဘူး… ကျေးလက် မဆင်းရဖို့အတွက်ဆိုရင် အသေခံရမှာကိုတောင် မကြောက်တဲ့လူတွေ တကယ်ပဲ ရှိနေကြတာ… သူတို့ ဘာတွေ တွေးနေကြမှန်းကို မသိတော့ဘူး…

အသက်ထက် ပိုက်ဆံကို ပိုမက်ကြတာ…

ဤကဲ့သို့သော မော်တော်ကားမျိုးကို စီးနင်းနိုင်သည့် အရာရှိကြီးအများစုမှာ ကိုယ်တိုင်မောင်းနှင်လေ့မရှိဘဲ သီးသန့်ဒရိုင်ဘာများ ထားရှိကြမြဲ ဖြစ်သည်။ သို့ဖြစ်ရာ မတော်တဆမှုတစ်ခုခု ဖြစ်ပွားခဲ့လျှင် ပထမဆုံး မြေစာပင်ဖြစ်ရသူမှာ ဒရိုင်ဘာသာ ဖြစ်၏။ မည်သည့်အရာရှိကမျှ လူတိုက်ဖူးသည့် ရာဇဝင်ရှိသော ဒရိုင်ဘာကို ဆက်လက်အသုံးပြုလိုကြမည်မဟုတ်ပေ။ တမင်သက်သက် အကွက်ဆင်ကာ ကားရှေ့ဝင်တိုးခြင်းမျိုးဖြစ်နေစေကာမူ၊ မည်သို့သော အခြေအနေမျိုးတွင်မဆို အပြစ်အားလုံးသည် ဒရိုင်ဘာ၏ ခေါင်းပေါ်သို့သာ ကျရောက်မည် ဖြစ်သည်။

ထို့ကြောင့်ပင် နှစ်စဉ်နှစ်တိုင်း မျိုးဆက်သစ်လူငယ်များ ကျေးလက်ဒေသသို့ ဆင်းရမည့် ကာလများ၌ စက်ရုံအသီးသီးနှင့် ဌာနဆိုင်ရာအသီးသီးမှ ဒရိုင်ဘာများသည် မိမိတို့၏ မော်တော်ကားများကို ခရုတစ်ကောင်ကဲ့သို့ အလွန်အမင်း နှေးကွေးစွာ မောင်းနှင်လေ့ ရှိကြ၏။

အဓိပ္ပာယ်မဲ့လွန်းလှသည်ဟု ထင်ရသော ဖြစ်ရပ်ဆန်းတိုင်း၏ နောက်ကွယ်တွင်... ထိုထက်မက ပို၍ ဆန်းကြယ်အဓိပ္ပာယ်မဲ့သော ဇာတ်ကြောင်းများ ပုန်းကွယ်နေတတ်စမြဲ ဖြစ်သည်။

ဤဆိုရိုးစကားသည် ယခုကြုံတွေ့နေရသော အခြေအနေနှင့် အမှန်တကယ်ပင် ကွက်တိကျလှ၏။

ဒါပေမဲ့ ဘယ်လောက်ပဲ နှေးနှေး ကားကတော့ ကားပဲ မဟုတ်လား…

စက်ဘီးထက်တော့ မနှေးသင့်ဘူးလေ… သောက်ကျိုးနည်း…

စက်ဘီးတစ်စီးကို ကျော်တက်ခွင့် ပေးလိုက်ရသဖြင့် ဒရိုင်ဘာမှာ တော်တော်လေး အရှက်ရသွားပြီး ရင်ထဲတွင် အလွန်အမင်း ရှက်ကိုးရှက်ကန်း ဖြစ်ကာ ပျာပျာသလဲ ရှင်းပြနေတော့သည်။

"ဟို... ဟို... ကျွန်တော်က သိပ်ပြီး သတိထားလွန်းသွားလို့ပါ"

ဒုတိယစက်ရုံမှူး ဟယ်လည်း အနည်းငယ် ဆွံ့အသွားမိသော်လည်း ထိုအကြောင်းအရာကို ဆက်မပြောတော့ကာ

"စောစောက လူက ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"

ဒရိုင်ဘာ ခဏမျှ စဉ်းစားကြည့်ပြီးနောက် ခေါင်းခါပြကာ

"ကျွန်တော်တော့ သိပ်မမှတ်မိတော့ဘူးဗျ"

ဒုတိယ စက်ရုံမှူး ဟယ်သည် ဆက်မပြောတော့ပေ။ သူသည် ယခုဒရိုင်ဘာအသစ်နှင့် အလုပ်တွဲလုပ်သည်မှာ မကြာသေးသဖြင့် သူ့ကို လုံးဝယုံကြည်စိတ်ချရသည့် လူရင်းတစ်ဦးအဖြစ် မသတ်မှတ်ရသေးချေ။ သူ၏ မူလဒရိုင်ဘာဟောင်းမှာမူ ယခင်က မိခင်ဖြစ်သူ စက်ရုံတွင် လာရောက်ပြဿနာရှာခဲ့ဖူးသည့် ထိုလူ ဖြစ်သည်။ ထိုသူသည် ကောင်မလေးတစ်ယောက်နှင့် သွားရောက်တွေ့ဆုံရန် ကားကို တိတ်တဆိတ် မောင်းထွက်သွားခဲ့ရာမှ မတော်တဆမှုဖြစ်ပြီး သေဆုံးသွားခဲ့ရရှာ၏။

ထိုလူသည် သူ၏ ယုံကြည်အားကိုးရဆုံးသော လူရင်းတစ်ဦးဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ အကျည်းတန်လှစွာ သေဆုံးသွားခဲ့ရသဖြင့်၊ ယခု ဒရိုင်ဘာအသစ်နှင့် ပတ်သက်၍မူ သူသည် ပိုမိုသတိထားနေခြင်း ဖြစ်သည်။

အနည်းဆုံး နောက်ထပ်နှစ်အနည်းငယ်ကြာသည်အထိတော့ ဤလူသစ်ကို သူ လုံးဝယုံကြည်မည်မဟုတ်ပေ…..

"သတိထားတာကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ စက်ဘီးတစ်စီးကိုတောင် မကျော်နိုင်တဲ့ ကားဆိုတာကတော့ ဟာသဖြစ်လွန်းတယ်"

ဒရိုင်ဘာ : "ကျွန်တော် နားလည်ပါပြီခင်ဗျာ၊ နောက်တစ်ခါ ဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး"

သူသည် ရင်ထဲတွင် တောက်တခေါင်ခေါက်ဖြင့် ဒေါသထွက်နေမိပြီး ထိုမောက်မာလှသော စက်ဘီးအစုတ်ကို နောက်ထပ်ဘယ်တော့မှ မဆုံတွေ့ပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။ ချန်ချင်းယွီခမျာ သူမကိုယ်သူမပင် မသိလိုက်ဘဲ ရန်သူတစ်ယောက် တိုးသွားခဲ့ပြီ ဖြစ်သည်...

ကံကောင်းသည်မှာ မည်သူက မည်သူမှန်း နှစ်ယောက်စလုံး သေချာမသိကြခြင်းပင်။

ယခုအချိန်တွင် ချန်ချင်းယွီသည် သူမ၏စက်ဘီးကို လေပြင်းမုန်တိုင်းပမာ အရှိန်ပြင်းပြင်းဖြင့် နင်းလာခဲ့ပြီး ကလေးနှစ်ယောက်မှာ သဘောကျကာ တခစ်ခစ် ရယ်မောနေကြ၏။ ပြောရလျှင် ချန်ချင်းယွီ၏ ကလေးနှစ်ယောက်မှာ တော်တော်လေး သတ္တိကောင်းကြသည်၊ ချန်ချင်းယွီ စက်ဘီးကို အရှိန်ပြင်းပြင်း နင်းနေသော်လည်း သူတို့မှာ ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ပါးစပ်ကြီး အစွမ်းကုန်ဖြဲကာ တစ်ပြုံးပြုံးဖြင့် ပျော်ရွှင်နေကြပြီး ကခုန်လုနီးပါးပင် ဖြစ်နေကြသည်။

ချန်ချင်းယွီသည် သမဝါယမ ကုန်ပစ္စည်းအရောင်းဆိုင်ရှေ့တွင် စက်ဘီးကို ဘရိတ်အုပ်ကာ ရုတ်တရက် ရပ်လိုက်၏။ သူမသည် ဝယ်ခွင့်လက်မှတ် မလိုသည့် မုန့်များပစ္စည်းများကို မကြာခဏ လာရောက်ဝယ်ယူလေ့ရှိသည်။ လက်မှတ်မလိုသဖြင့် ဈေးနှုန်းသည် အဆမတန် ပိုကြီးသော်လည်း ချန်ချင်းယွီ၏ လက်ထဲတွင် ပိုက်ဆံအချို့ ရှိနေသည့်အပြင် လတ်တလော၌ ဆိုင်သို့ သိပ်မလာဖြစ်ခဲ့သဖြင့် ယနေ့တွင်မူ ဤနေရာသို့ တန်းတန်းမတ်မတ် လာခဲ့ခြင်း ဖြစ်၏။

သူမသည် မုန့်များကို မကြာခဏ ဝယ်ယူလေ့ရှိသော်လည်း သမဝါယမဆိုင်တစ်ဆိုင်တည်းတွင်သာ အမြဲမဝယ်ဘဲ ဆိုင်အမျိုးမျိုးသို့ လှည့်ပတ်သွားလေ့ရှိကာ၊ မည်သည့်ဆိုင်တွင်မျှ အမြဲတမ်းဖောက်သည် ဖြစ်မနေစေရန် သတိထားသည်။

ချန်ချင်းယွီသည် အစစအရာရာ သတိကြီးလှသူ ဖြစ်၏။

သူမသည် ကလေးငယ်နှစ်ယောက်ကို ခေါ်ကာ ဘီစကစ်မုန့် နှစ်ဗူးနှင့် ရေခဲချောင်း သုံးချောင်း ဝယ်လိုက်သည်။ ထို့နောက် သမဝါယမဆိုင်အပြင်ဘက် နံရံထောင့်လေးတစ်ခုတွင် သုံးယောက်သား ဆောင့်ကြောင့်ထိုင်ကာ မုန့်စားနေကြ၏။

ချန်ချင်းယွီ၏ လက်ထဲတွင် ပိုက်ဆံမပြတ်သဖြင့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဤကာလအတွင်း သိသိသာသာ အရပ်ရှည်လာကြပြီး၊ အစပိုင်း၌ ဝါတာတာဖြစ်နေခဲ့သော ဆံပင်လေးများသည်လည်း အနည်းငယ် ပို၍ နက်မှောင်လာခဲ့သည်။

ကြည့်ရသည်မှာ ကျန်းမာသန်စွမ်းပြီး အင်တိုက်အားတိုက်ရှိသော ကလေးငယ်လေးများအသွင် ပေါက်နေကြပြီ ဖြစ်၏။

ချန်ချင်းယွီကိုယ်တိုင်လည်း သိပ်ပြီး အပြောင်းအလဲမရှိလှပေ၊ သူမသည် အစားအသောက် အင်မတန်စားနိုင်သူဖြစ်ရာ ထိုသည်မှာ အဆန်းမဟုတ်ချေ။ သို့သော် သူမ၏ ဆံပင်များမှာ ယခင်လောက် မရှည်တော့သော်လည်း ဆံသားဖွဲ့စည်းပုံသည် ပိုမိုကောင်းမွန်လာခဲ့သည်။

"မေမေ... သမီးတို့မိသားစုက အကောင်းဆုံး စားရတာလို့ သမီးထင်တယ်..."

ရေခဲချောင်းစားနေရင်းပင် ဤစကားတတ်လှသော ကလေးလေး၏ ပါးစပ်သည် ပိတ်မသွားပေ။

ချန်ချင်းယွီ : "သားက အဲဒါကိုတောင် သိနေတာလား"

ရှောင်ကျား : "လူတွေအားလုံး အဲဒီအကြောင်း ပြောနေကြတာကို သားကြားတယ်လေ၊ သားက အရမ်းဉာဏ်ကောင်းတာ"

ချန်ချင်းယွီ တခစ်ခစ် ရယ်မောလိုက်ပြီး၊ အတော်ကြာအောင် ရယ်ပြီးနောက်မှ

"ဒါဆိုရင် သားတို့က ကောင်းကောင်း ကြီးပြင်းလာရမယ်နော်၊ သားရော သားရဲ့ညီမလေးရော ကောင်းကောင်း ကြီးပြင်းလာရမယ်… ဒီလောက်အထိ ကောင်းတဲ့အစာတွေ အများကြီး စားနေရတာဆိုတော့ ကျန်းကျန်းမာမာ ရှိဖို့လိုတယ် မဟုတ်လား"

"ဟုတ်ကဲ့ပါ မေမေ"

"ဟုတ်တယ်၊ သမီးတို့ ကျန်းမာအောင် နေပါ့မယ်"

ကလေးငယ်နှစ်ယောက်၏ တုံ့ပြန်ပုံကိုကြည့်ကာ ချန်ချင်းယွီ တခစ်ခစ် ရယ်မိပြန်သည်။ ကလေးနှစ်ယောက် မုန့်စားပြီးသွားသည်ကို မြင်သဖြင့် သူမသည် သူတို့ကို စက်ဘီးပေါ် ပြန်တင်လိုက်၏။ သို့သော် စက်ဘီးစီးပြီး ထွက်ခွာမည်အပြုတွင် ရင်းနှီးသော မျက်နှာတစ်ခုကို လှမ်းမြင်လိုက်ရသည်။

ဒါ... ဟိုလူ မဟုတ်လား၊ လျှိုကျင့်ရဲ့ယောက်ျား၊ မြက်အကျွေးခံထားရတဲ့ ကောင်လေ…စိမ်းစိမ်းလေး…

ထိုမြက်စားသူ စိမ်းစိမ်းလေးသည် တစ်ကိုယ်တည်း တိတ်တဆိတ်ဖြင့် အိမ်ဝင်းလေးတစ်ခုထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်သွားခဲ့၏။

ချန်ချင်းယွီ : ‘သောက်ကျိုးနည်း ဘာလဲ..ဘာလဲ’

"မေမေ... ဘာဖြစ်လို့လဲဟင်”

ချန်ချင်းယွီ ခေါင်းခါပြကာ

"ဘာမှမဟုတ်ပါဘူး"

ဒီကောင် ဒီနေရာကို ဘာလာလုပ်တာလဲ…

ဒီနေရာက သူတို့နေတဲ့ ဝင်းကြီးနဲ့ လှမ်းတယ်လေ…

ဒီကောင် ဘာလာလုပ်လဲ… ဒီကောင် တစ်ခုခု ကြံစည်နေတာများလား… မဖြစ်နိုင်တာ... လျှိုကျင့်က ဒီကောင်ကို ကျွေးမွေးထားတာကို၊ သူက အပြင်မှာ ဖောက်ပြန်နေတာလား..

ဒါကတော့ တကယ်ကို လွန်လွန်းလှချည်လား…

ချန်ချင်းယွီ ခဏမျှ စဉ်းစားကြည့်ပြီးနောက် သွားမကြည့်တော့ရန် ဆုံးဖြတ်ကာ စက်ဘီးကို အမြန်ပင် နင်းထွက်ခဲ့သည်။ သူမအနားတွင် ကလေးများ ရှိနေသည် မဟုတ်လော့။

ဘယ်လောက်ပဲ စပ်စုချင်ပါစေဦး သွားကြည့်လို့မဖြစ်ဘူးလေ… ဟူး… ကြည့်ချင်လိုက်တာ..

သူမ ကလေးများသည် အရာရာကို အကဲခတ်တတ်နေပြီ ဖြစ်၍

တစ်ဆင့်မြင့်ကာ ထပ်ပြီး ဗဟုသုတများ မတိုးပေးသင့်တော့ပေ။

ချန်ချင်းယွီသည် အိမ်သို့ စက်ဘီးနင်းပြန်လာခဲ့၏။ ဤနေရာတွင် ပစ္စည်းလာဝယ်ရန် လမ်းကို အဝေးကြီး ပတ်ခဲ့ရသဖြင့် အချိန်အတော်ဖြုန်းလိုက်ရသော်လည်း၊ ချန်ချင်းယွီမှာမူ တကယ့် "အရှိန်ပြင်းမောင်းနှင်သူ" တစ်ဦး ဖြစ်ပေသည်။ အဓိကမှာ ယနေ့ခေတ် လမ်းမကြီးများပေါ်တွင် ကား သိပ်မရှိ၍ စိတ်ကြိုက်နင်းနိုင်သည်။ အကယ်၍ နောက်နောင် ခေတ်ကာလများဆိုလျှင်မူ ချန်ချင်းယွီ ဤမျှအထိ နင်းရဲမည်မဟုတ်ပေ။

လမ်းမကြီးများတွင် ယာဉ်များနည်းလှကာ လမ်းကြားလေးများတွင်

ပို၍ပင် နည်းပါးလှ၏။ လမ်းကြားလေးများထဲတွင် စက်ဘီးနင်းရသည်မှာ ချန်ချင်းယွီအတွက် တစ်မျိုးတစ်ဖုံ စိတ်ကြည်နူးမှုကို ပေးစွမ်းသည်။

သူမသည် အိမ်သို့ အရှိန်ပြင်းပြင်းဖြင့် နင်းပြန်လာခဲ့ရာ၊ တိုက်တိုက်

ဆိုင်ဆိုင်ပင် ဘူတာရုံမှ ယခုတင် ပြန်ရောက်လာကြသော အဘွားကြီးဟွမ်၊ အစ်မကြီးဖန်တို့ လူစုနှင့် လမ်းတွင် တိုးလေ၏။

မျက်စိရှင်သော ပိုင်ဖုန်းရှန်းသည် ချန်ချင်းယွီကို လှမ်းမြင်ပြီး လှမ်းအော်လေသည်။

"ချင်းယွီလေး... အပြင်သွားခဲ့တာလား"

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

"ဟုတ်ကဲ့၊ ဘူတာရုံကို သွားခဲ့တာပါ"

ဘူတာရုံ၌ တစ်ယောက်ယောက် သူမကို မြင်သွားခြင်းရှိ မရှိ မသေချာသဖြင့် သူမ အမှန်အတိုင်းပင် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။ ချန်ချင်းယွီသည် ကလေးများကို လိမ်မပြောချင်သဖြင့် ကလေးနှစ်ယောက်ကို စက်ဘီးပေါ်မှ ချပေးပြီး ဖင်လေးကို ပုတ်ကာ

"သွား... သွားဆော့ကြတော့"

"ဟုတ်ကဲ့ မေမေ..."

ကလေးနှစ်ယောက်သည် လက်ချင်းချိတ်ကာ အပြေးအလွှား ထွက်သွားကြ၏။

ချန်ချင်းယွီ ဆက်ပြောလိုက်ကာ

"ကျွန်မက ဝင်းထဲမှာ ပျင်းပျင်းရှိတာနဲ့ လူထွက်ရှာရင်း ကူညီမလို့ပါ..နောက်တော့ ယွမ်ရှောင်ချွေ ဘူတာရုံဘက်ကို လျှောက်သွားတာ မြင်လိုက်ရတယ်လို့ ကြားတာနဲ့ ကျွန်မလည်း သွားကြည့်လိုက်တာ။ တကယ်ကြီး မြင်ရလိမ့်မယ်လို့ မထင်ထားဘူး၊ ဒေါ်လေးတို့နှစ်ယောက်ကိုပါ မြင်ခဲ့ရသေးတယ်၊ ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့... အဟွတ် အဟွတ်... ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေပြီဆိုတော့ ကျွန်မလည်း အနားမကပ်ရဲတော့တာ"

အဘွားကြီးဟွမ် : "တွေ့လား... ငါပြောသားပဲ၊ ချင်းယွီကို မြင်လိုက်ရသလိုပဲလို့… ငါ့မျက်စိက တကယ် စူးရှတာ"

သို့သော် အဘွားကြီးဟွမ်သည် ထိုအကြောင်းကို သိပ်စိတ်မဝင်စားဟန်ဖြင့်

"အမလေး ဘုရား ဘုရား... ရှောင်ချွေက ဒီလောက်အထိ လျှာစောင်းထက်ပြီး အော်နိုင်ဟစ်နိုင်တဲ့ ကောင်မလေးမျိုးမှန်း ငါတို့ တကယ်မသိခဲ့ဘူးနော်... အမလေး... တကယ့်ကို ပြဿနာ ရှာနိုင်လွန်းတယ်။ ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့တော့ တကယ်ကို အရှက်ကွဲတာပဲ”

ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ

"ဟုတ်ပါ့ ဒေါ်လေးရယ်”

သူမသည် မျက်လုံးလေး ကလည်ကလည်ဖြင့် သရုပ်ဆောင်ကာ

"သူက ကျွန်မတို့ဆီကနေ ပိုက်ဆံတွေ အများကြီး ချေးသွားတာ၊ အစ်မကျောက်ရုံက ပြန်ဆပ်ပါ့မလား မသိဘူး"

ပိုင်ဖုန်းရှန်း အံ့ဩသွားကာ

"နင်တို့အိမ်က တကယ်ကြီး ချေးလိုက်တာလား"

ချန်ချင်းယွီ ပျာပျာသလဲဖြင့်

"ဒါပေါ့၊ ကျွန်မတို့အိမ်မှာ အကြွေးစာချုပ် ရှိတယ်လေ.. ယွမ်ရှောင်ချွေက ကျွန်မယောက္ခမကို ဘယ်လိုပြောလိုက်လဲမသိဘူး၊ ယောက္ခမကလည်း ဘာတွေတွေးမိသွားလဲမသိဘဲ သဘောတူလိုက်တာ..တော်တော်များများ ချေးလိုက်ရတာလေ၊ ကျွန်မတို့အိမ်ကနေ စက်မှုကုန်ပစ္စည်းလက်မှတ် အစောင်နှစ်ဆယ်တောင် ယူသွားတာ.. တခြား လက်မှတ်တွေလည်း ပါသေးတယ်"

အမှန်တွင် ဆယ်စောင်သာ ရှိသော်လည်း၊ သူမတို့ မိသားစု လိုအပ်ချက်အရ စာချုပ်တွင် အစောင်နှစ်ဆယ်ဟု ရေးထားခြင်း ဖြစ်သည်။

"အမလေး ဘုရားရယ်..."

"အမေရေ..."

"နင့်ယောက္ခမကလည်း တကယ့်ကို ရက်ရောလွန်းတာပဲ၊ သူမရဲ့ စရိုက်နဲ့တောင် မတူတော့ဘူး"

ချန်ချင်းယွီ ခပ်ဖွဖွလေး ပြုံးလိုက်ပြီး ခေါင်းညိမ့်ကာ

"ဟုတ်ပါတယ်ရှင်”

ဤအပြုံးသည် အနည်းငယ် စိတ်မကောင်းဖြစ်ဟန် သရုပ်ပေါက်နေသည်။

အဘွားကြီးဟွမ် : "ဟင်း... ငါ နားလည်ပါတယ်"

ချန်ချင်းယွီ : “ဒေါ်လေးတို့ကော ပိုက်ဆံ ချေးလိုက်ရသေးလားဟင်"

အဘွားကြီးဟွမ် : "အေး... ငါလည်း ယွမ်ငွေနှစ်ဆယ် ချေးလိုက်ရတယ်"

ဒါက သူမရဲ့ သီးသန့်ဝှက်ထားတဲ့ ပိုက်ဆံအိတ်ထဲကလေ…

ချန်ချင်းယွီ : "ဒီလောက်အများကြီးလား... ကျွန်မတို့အိမ်ကတော့ ပိုက်ဆံမချေးဘူး၊ လက်မှတ်တွေချည်းပဲ ချေးလိုက်တာ"

ပိုင်ဖုန်းရှန်းခမျာ သူတို့ကိုကြည့်ကာ တကယ်ကို နားမလည်နိုင် ဖြစ်နေသည်။

သူတို့အားလုံးက လူလည်မကြီးတွေချည်းပဲ မဟုတ်လား… ယွမ်ရှောင်ချွေကို ဘာလို့ ပိုက်ဆံတွေ ချေးလိုက်ကြတာလဲ… တစ်ခုခုတော့ လွဲနေပြီ…

ယွမ်ရှောင်ချွေက ကျေးလက်ဆင်းသွားပြီလေ… သူတို့က ပိုက်ဆံတွေ ဆုံးရှုံးသွားမှာကို မကြောက်ကြဘူးလား… သောက်ကျိုးနည်း… လည်လွန်းတဲ့ဘီးချေးသင့်ကုန်တာလား…

ချန်ချင်းယွီ တိုးတိုးလေး ဆိုကာ

"ကျွန်မယောက္ခမက စီစဉ်ပေးခဲ့တာပါ"

အဘွားကြီးဟွမ် : "ဘာပဲဖြစ်ဖြစ် ယွမ်ရှောင်ချွေပြောတာ မှန်တယ်၊ တကယ်လို့ သူတို့က ပိုက်ဆံပြန်မဆပ်ရင် ငါ စက်ရုံအထိ သွားတိုင်မှာ... သူတို့က မိသားစုဝင်တွေပဲဟာ၊ ဘာလို့ ပြန်မဆပ်ဘဲ နေမှာလဲ… သူတို့က ယွမ်ရှောင်ချွေအမေရဲ့ ပိုက်ဆံတွေကိုလည်း ယူထားကြသေးတာပဲမလား၊ သမီးရဲ့အကြွေးကို အဖေက ဆပ်ရမယ်ဆိုတာ ဓမ္မတာပဲလေ"

သူမကတော့ မကြောက်ချေ...

သူမက အကြွေးရှင်ပဲဥစ္စာ...

အဘွားကြီးဟွမ်၏ မျက်လုံးများလျှပ်ခနဲ ဝင်းပသွား၏။

အမှန်တကယ်တမ်း ယွမ်ရှောင်ချွေ ငွေနှစ်ဆယ် ချေးသည်ဟု ဆိုသော်လည်း လက်တွေ့တွင် တစ်ဆယ့်ရှစ်ယွမ်သာ ယူသွားခြင်းဖြစ်ရာ၊ ပိုက်ဆံချေးပေးခြင်းဖြင့် နှစ်ယွမ် အမြတ်ထွက်သွား၏။ အဘွားကြီးကျောက်လည်း ထိုနည်းအတိုင်း လုပ်ခဲ့မည်ဟု အဘွားကြီးဟွမ် တွေးမိသည်။

လက်မှတ် အစောင်နှစ်ဆယ် ချေးပြီး တစ်ဆယ့်ရှစ်စောင်ပဲ ပေးလိုက်တာမျိုး နေမှာပေါ့…

ဒီလို အမြတ်ထွက်မယ့် ကိစ္စမျိုးကို သူတို့က ဘာလို့ လက်လွတ်ခံပါ့မှာလဲ…

အဲဒါကြောင့်မို့လို့ သူတို့အားလုံးက လိုလိုလားလားနဲ့ ချေးပေးခဲ့ကြတာပေါ့… ငါတို့များ လအ ထင်နေလား..

အဘွားကြီးဟွမ်သည် တရားမျှတလှချေကောဟူသော အမူအရာဖြင့် ကြေညာမောင်းခတ်လိုက်လေသည်။

"ငါတို့က ကလေးမလေး ဒီလောက်အထိ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့ပါ၊ ပိုက်ဆံချေးပေးတယ်ဆိုတာ လူသားချင်းစာနာတဲ့ စိတ်နဲ့ ကူညီတာပါ..."

ချန်ချင်းယွီ လက်မထောင်ပြလိုက်မိ၏။ ထိုစဉ် လမ်းကြားလေးထဲသို့ ဝင်လာကြသော ယွမ်မိသားစုဝင်များကို လှမ်းကြည့်ကာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားလိုက်ရတော့သည်...

သူတို့အားလုံး ကြည့်ရတာ တကယ့်ကို သနားစရာကောင်းလောက်အောင် စိတ်ဓာတ်ကျနေကြတာ မဟုတ်လား… ကျွစ်.. ကျွစ်

အခန်း (၉၆) ပေါက်ကွဲခြင်း

အဝေးမှ ယွမ်မိသားစုများ ပြန်လာနေသည်ကို ချန်ချင်းယွီ လှမ်းမြင်လိုက်၏။

သူမသည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိ ချက်ချင်းပင် ပြောလိုက်လေသည်။

“အစ်မကျောက်ရုံ ယွမ်ရှောင်ချွေရဲ့ အကြွေးတွေကို အစ်မတို့ဆပ်ပေးမှာမလားဟင်”

ထို့နောက် တုံ့ဆိုင်းသွားပြီး ချက်ချင်းပင် အလောတကြီးဖြစ်နေသည့်အလား ဆိုလိုက်ပြန်၏။

“အကြွေးကိုတော့ ကတိပျက်လို့မရဘူးနော်… ရှင်တို့ရဲ့ ကိစ္စတွေကို ကျွန်မ မသိချင်ပါဘူး.. ဒါပေမဲ့ ယွမ်ရှောင်ချွေက ယွမ်မိသားစုဝင်ပဲလေ.. အကြွေးမဆပ်လို့ မရဘူးနော်.. သူက ကျေးလက်သွားရင် ရိက္ခာလိုအပ်တယ်ဆိုပြီး ကျွန်မတို့ဆီက အကုန်ချေးသွားတာ … ကျွန်မတို့က ကူညီခဲ့တာနော်.. ကျွန်မတို့ကို မလိမ်ကြနဲ့”

ယွမ်မိသားစုဝင်များ ပြန်မပြောနိုင်သေးခင် အဘွားကြီးဟွမ်သည် အလျင်အမြန် ထပ်ဖြည့်ပြောလိုက်၏။

“ဒါအမှန်ပဲ… နက်တို့ကတိပျက်ဖို့ မကြိုးစားနဲ့.. ငါတို့ဆီမှာ အကြွေးစာချုပ်ရှိတယ်၊ နင်တို့ ယွမ်ရှောင်ချွေက ငါ့ဆီက ယွမ်နှစ်ဆယ် ချေးသွားတာ”

ဆယ့်ရှစ်ယွမ်ချေးပြီး… ယွမ်နှစ်

ဆယ် ပြန်ရတယ်…

နှစ်ယွမ်က အလကားရတာပဲ… ဟိဟိ…

ဒီလို ကံကောင်းမှုမျိုးက ရှားပါးတယ်ဟဲ့…

ကျေးလက်ဆင်းမယ့် လူငယ်မောင်မယ်တွေအားလုံးသာ ဒီလိုလုပ်ကြရင် သိပ်ကောင်းမှာပဲ… သူက ပိုက်ဆံချေးရုံတင်နဲ့တင် သူဌေးဖြစ်နိုင်တာပဲ.. ဪ... အတိုးပေးရတဲ့ ငွေတိုးအကြောင်း ကြားဖူးတာ မဆန်းတော့ပါဘူး၊ ဒါက တကယ်ကို လန်းလှချည်လား…

"ငါပြောထားမယ်၊ ငါ့ကို တစ်ပြားတစ်ချပ်မှ လျှော့ပေးလို့မရဘူး၊ မဟုတ်ရင် ငါ အဘွားကြီးဟွမ်က ငြိမ်ခံနေမှာမဟုတ်ဘူး..."

ချန်ချင်းယွီသည် ထူးထူးခြားခြား အဘွားကြီးဟွမ်ဘက်မှ ကူပြောပေးကာ

"ဟုတ်တယ်၊ ဟုတ်တယ်၊ ရှင်တို့မိသားစုက အကြွေးမဆပ်ဘဲ နေရင် ကျွန်မတို့ စက်ရုံအထိသွားပြီး ပြဿနာရှာရလိမ့်မယ်"

ဘုရားရေ.. ကြည့်ရတာ သူက ယွမ်ရှောင်ချွေရဲ့စကားတွေကို တကယ်ပဲ နှလုံးသွင်းထားပုံပဲ…

ချန်ချင်းယွီ : "ရှင်တို့ရဲ့ ယွမ်ရှောင်ချွေက ကျွန်မတို့မိသားစုဆီက လက်မှတ်တွေ အများကြီးယူသွားတာ… စက်မှုကုန်စည်လက်မှတ်တွေ၊ သကြားဝယ်ခွင့် လက်မှတ်တွေ၊ ပြီးတော့ ကိုကိုကျန့်ဝမ် ဆုံးတုန်းက ရထားတဲ့ နစ်နာကြေးလက်မှတ်တွေပါ ပါသေးတယ်.. ကျွန်မတို့သုံးလိုက်တာတွေနဲ့ ကျန်နေတဲ့ အပ်ချုပ်စက်လက်မှတ်ကလွဲရင် ကျန်တာအားလုံးကို ရှင်တို့ ယွမ်ရှောင်ချွေကို ချေးပေးခဲ့တာ။ ပြန်မဆပ်လို့ မရဘူးလေ... ရှင်တို့က မုဆိုးမနဲ့ ကလေးပဲရှိတဲ့ ကျွန်မတို့မိသားစုကို အနိုင်ကျင့်နေတာတော့ မဟုတ်ပါဘူးနော်... တမင်သက်သက် ဒီလိုလုပ်နေတာတော့ မဟုတ်ပါဘူးနော်..."

ချန်ချင်းယွီသည် ယွမ်မိသားစုဝင်များကို စိုက်ကြည့်လိုက်ရာ ၎င်းတို့၏မျက်နှာများမှာ မှင်စုတ်ချက်နှင့် ရေးဆွဲ၍ထားသည့်အလား မည်းမှောင်နေကြသည်။

တကယ့်ကို မည်းမှောင်နေတာ...

ချန်ချင်းယွီသည် နောက်တစ်လှမ်းဆုတ်လိုက်ပြီး သတိကြီးစွာဖြင့်

"အကြွေးဆိုတာ ဆပ်ရတာပဲလေနော်.. ရှင်တို့ရဲ့ လူသတ်မတတ် ကြည့်နေတဲ့အကြည့်တွေက ကြောက်စရာကြီး"

အူဝါး... အားကိုးရာမဲ့ပြီး သနားစရာကောင်းလှတဲ့ ချန်ချင်းယွီလေးပါပဲရှင်...

အဘွားကြီးဟွမ် ပြန်တုံ့ပြန်ပြောကာ

“ဟမ့် ရှောင်ချန်က နင်တို့ကို ကြောက်ချင်ကြောက်မယ်… ငါကတော့ မကြောက်ဘူးဟဲ့၊ ငါပြောလိုက်မယ် ငါ့မှာ အကြွေးစာချုပ်ရှိတယ်… ပြန်မပေးလို့ကတော့ ငါကလည်း ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်”

သူမသည် ရင်ကိုကော့ ခေါင်းကိုမော့ထားကာ လုံးဝအလျော့ပေးမည့်ဟန် မရှိပေ။

ဒါက နှစ်ယွမ်တောင် ရမယ့်ကိစစ္စလေ.. နောက်မဆုတ်နိုင်ပါဘူး..

အဘွားကြီးဟွမ်အနေဖြင့် ယွမ်ရှောင်ချွေ၏ အကြွေးကို ယွမ်မိသားစုမှ ဆပ်ရမည်ဖြစ်ကြောင်း အလိုလို သဘောပေါက်၏။ ထို့ပြင် ယွမ်ရှောင်ချွေ ငွေချေးစဉ်၌လည်း ထိုသို့ ပြောသွားခဲ့သည်သာ… သို့သော် ထိုအရာများသည် အရေးမကြီးပေ။

နောက်ထပ် နှစ်ယွမ်ပိုရမှာလေ…

အကြွေးတောင်းဖို့အတွက် ပြဿနာရှာပေးရုံနဲ့ အမြတ်ထွက်တာလေ.. ဘာပဲဖြစ်ဖြစ် ဘာအရေးလဲ.. ပြဿနာမကလို့ တခြားဟာဆိုလည်း တန်ပါတယ်…

ဒီထက်ကောင်းတဲ့ အပေးအယူရှိသေးလို့လား…

အဘွားကြီးဟွမ် : “အကြွေးကိစ္စကို ကတိဖျက်ဖို့ စိတ်တောင်မကူးနဲ့”

ယွမ်ဟောက်မင်သည် ဒေါသကြောင့် နှုတ်ခမ်းများတုန်ရီနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်၊ သူသည် အကြွေးလာတောင်းသည့် အဘွားကြီးဟွမ်နှင့် ချန်ချင်းယွီကို ဒေါသထွက်နေသည်လား၊ သို့မဟုတ် ယွမ်ရှောင်ချွေ ချန်ထားခဲ့သည့် ဤရှုပ်ထွေးပွေလီသော ပြဿနာပုံကြီးကို ဒေါသထွက်နေသည်လား မသေချာပေ။ ကျောက်ရုံမှာမူ လုံးဝ အံ့အားသင့်မှင်တက်နေ၏။

အမြဲတမ်း တော်လှချည်ရဲ့ဆိုကာ မိမိကိုယ်ကို အထင်ကြီး၍ ယွမ်ရှောင်ချွေကို လက်ဖဝါးပေါ်တွင် ထားပြီး ကစားခဲ့သည့် သူမပင် ယခုတစ်ကြိမ်တွင်မူ အကွက်ချခြင်း ခံလိုက်ရလေပြီ…

ယွမ်ရှောင်ချွေ ယခုကဲ့သို့ ကိစ္စမျိုးလုပ်ရဲလောက်အောင် သတ္တိခဲဖြစ်နေခဲ့ခြင်းအပေါ် သူမ အလွန်ဒေါသထွက်မိ၏။ ယွမ်ရှောင်ချွေကို စောစောစီးစီး မကြံစည်ခဲ့မိခြင်း၊ လွှတ်ပေးလိုက်မိခြင်းတို့ကို နောင်တရမိပြီး၊ ထို့ကြောင့်ပင် သူမမှာ ယခုကဲ့သို့ အထိနာစရာ ဆုံးရှုံးမှုမျိုးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ဒီကောင်မစုတ်လေး...

သို့သော် ကျောက်ရုံသည် ယွမ်ဟောက်မင်ထက် ပို၍စိတ်တည်ငြိမ်ပြီး စကားကို လေသံအေးအေး၊ ညင်ညင်သာသာဖြင့်ပင် ဖြေရှင်းချက်ပေးလိုက်၏။

"အကယ်၍ ရှောင်ချွေက တကယ်ပဲ ပိုက်ဆံချေးခဲ့တယ်ဆိုရင်တော့ ကျွန်မတို့က ဒီအတိုင်း ပစ်ထားမှာမဟုတ်ပါဘူး၊ စိတ်ချပါ… ဒါပေမဲ့ ကျွန်မတို့ရဲ့ လက်ရှိအခြေအနေအရ သူက အိမ်ကနေ ဘယ်လောက်တောင် ယူသွားလဲဆိုတာကို တကယ်ပဲ မသိသေးလို့ပါ… အိမ်ပြန်ပြီး အားလုံးကို အသေအချာ ပြန်ရှင်းရဦးမယ်.. ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ လူတိုင်းကို ကျေနပ်လောက်မယ့် ရှင်းလင်းချက်တစ်ခု ပေးပါ့မယ်"

သူမ ငြင်းပယ်၍မရမှန်း သိနေသည်။

ပိုက်ဆံချေးခဲ့သူမှာ ယွမ်ရှောင်ချွေတစ်ယောက်တည်း ဖြစ်သော်လည်း သူမသည် ယွမ်မိသားစုဝင် ဖြစ်နေ၏။

ဤကဲ့သို့သော အရပ်ထဲမှ အဘွားကြီး၊ စုန်းမကြီးများကို သွားပြီး အဆင်မပြေဖြစ်အောင် လုပ်၍မရပေ… ထိုအဘွားကြီးများမှာ ပြဿနာကို မိုးပေါ်ထိ တက်ရှာမည့်သူများပင်။

သူမသည် သက်ပြင်းတစ်ချက်ချကာ

"ဒီကလေးက အိမ်ကနေ ပိုက်ဆံယူသွားတယ်ဆိုတော့ ကျွန်မလည်း အိမ်မှာ ဘယ်လောက်လျော့နေလဲဆိုတာ ပြန်ကြည့်ရဦးမယ်"

လူအားလုံးမှာ ပြဿနာဖြစ်ပွါးသည့် နေရာတွင် ရှိနေခဲ့ကြ၍ မည်သူမှ သူမစကားကို မယုံကြပေ။

ချန်ချင်းယွီ မော့ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။

"သူမကတော့ အိမ်ကပိုက်ဆံ မယူဘူးလို့ ပြောသွားတာပဲ"

"ငါလည်း အဲဒီလိုကြားလိုက်တာပဲ"

"ဟုတ်ပ လူကလည်း ထွက်သွားပြီပဲဟာကို တမင်သက်သက် နာမည်ဖျက်လို့တော့ မကောင်းဘူးလေ"

"အေးလေ၊ သူက ထွက်သွားတော့မှာပဲကို ဘာလို့ လိမ်ရမှာလဲ.. ပိုက်ဆံချေးထားတာတွေကိုတောင် အကုန်ဝန်ခံသွားသေးတာပဲ။ ဒါကို ဘာလို့ လျှို့ဝှက်ထားရဦးမှာလဲ"

"ဟုတ်တယ်"

လူတိုင်း တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြပြီး ကျောက်ရုံတို့လင်မယားကို သိပ်မယုံကြပေ။ အဓိကမှာ ယွမ်ရှောင်ချွေသည် ဉာဏ်များ ထက်မြက်လွန်းသည့်လူစားမျိုး မဟုတ်ဟု ထင်ရ၍ပင်။ သူမ မည်သို့ပြုမူတတ်သည်ကို လူတိုင်း သိကြသည်သာ…

ကျောက်ရုံ ချက်ချင်းဆိုသလို တုံ့ပြန်ကာ ပြောလိုက်သည်။

"ရှင်တို့ ကျွန်မကို နားလည်မှုလွဲနေကြတာ သိပါတယ်၊ ဒါပေမဲ့ ဒါက အမှန်တရားပါ။ ဘုရားပေးပေး၊ ကျိန်ရဲပါတယ်၊ သူ အိမ်ကနေ ပိုက်ဆံ တကယ်ယူသွားတာပါ… ရှင်တို့ပြောတာလည်း မှန်ပါတယ်၊ သူက ထွက်သွားတော့မှာပဲကို ကျွန်မက ဘာလို့ လိမ်ရမှာလဲ.. ကျွန်မထင်တာတော့ သူ ပိုက်ဆံပါတယ်ဆိုတာကို တခြားခရီးသည်တွေ သိသွားမှာစိုးလို့ မဝန်ခံတာ ဖြစ်လိမ့်မယ်.. ဘာပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်တည်း ပိုက်ဆံအများကြီးနဲ့ သွားရတာက စိတ်မချရဘူးလေ"

ချန်ချင်းယွီ မျက်ခုံးတစ်ချက်ပင့်လိုက်မိပြီး ကျောက်ရုံ၏ ဉာဏ်ပြေးပုံကို စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။

ထို့ကြောင့်ပင် ယွမ်ရှောင်ချွေသည် သူတို့အကြောင်းကို ကောင်းကောင်းနားလည်သဖြင့် လေသံမစဲတတွတ်တွတ် ပြောဆိုကာ သူတို့ကို စကားပြောခွင့် မပေးခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင်မူ သူတို့ကို ဤကဲ့သို့ ရင်နာစရာမျိုးဖြင့် ချန်ထားရစ်နိုင်ခဲ့မည် မဟုတ်ပေ။ ထို့ပြင် ယွမ်မိသားစုသည် အမြဲတမ်း ဟန်ကြီးပန်ကြီး လုပ်တတ်သည့် အရှိန်အဝါရှိနေသောကြောင့်လည်း ယွမ်ရှောင်ချွေ၏ လှည့်စားခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။

ချန်ချင်းယွီသည် မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ဘေးတွင် တိတ်တဆိတ် ရပ်နေလိုက်၏။ ယခုအချိန်သည် သူမအနေဖြင့် စိတ်လိုက်မာန်ပါ လျှောက်လုပ်ရမည့်အချိန် မဟုတ်ချေ။

ကျောက်ရုံ ခါးသက်သက် ပြုံးလိုက်ရင်း

"အခုအချိန်မှာ ဘာပြောပြော အပိုပါပဲ.. အရင်ဆုံး အိမ်ပြန်ကြရအောင်၊ ညနေကျမှ လူစုံရင် အားလုံး ပြန်တိုင်ပင်ကြတာပေါ့"

ချန်ချင်းယွီ : "ကောင်းပါပြီ၊ ဘာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း အိမ်အတွက် ကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်ပါဘူး"

သူမသည် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်၍မရသည့် ပုံစံမျိုး ဖမ်းနေခြင်းသာ ဖြစ်သည်။

သို့သော် တခြားသူများသည်လည်း မအံ့ဩကြပေ။ ချန်ချင်းယွီမှာ မည်မျှ ရိုးအ,အနိုင်လှသည်ကို လူတိုင်း သိထားကြ၍ပင်။

အရေးကြီးသော အခိုက်အတန့်များတွင်မူ ကျောက်ရုံသည်သာ ရှေ့မှနေ၍ မားမားမတ်မတ် ရပ်တည်ပေးခဲ့ရသည်။ သူမသည် အိမ်သားများကို ဦးဆောင်ကာ အိမ်သို့ ပြန်လာခဲ့ပြီး ချန်ချင်းယွီနှင့် တခြားသူများသည်လည်း နောက်မှ လိုက်လာခဲ့ကြ၏။ ယခုဆိုလျှင် တစ်ဝင်းလုံးတွင် လူများပြည့်လျှံနေပြီဖြစ်သည်။ အဘွားကြီးဟွမ်သည် လေသံတိုးတိုးဖြင့် မေးလိုက်လေ၏။

"ကျောက်ရုံပြောတာ အမှန်လို့ နင်ထင်လား"

"ဘယ်သူသိမှာလဲ"

"ငါ့အထင်တော့ တဝက်အမှန်၊ တဝက်အလိမ် ဖြစ်လိမ့်မယ်"

ရှီကျန့်ရှန်း ခဏမျှ စဉ်းစားပြီးနောက် သုံးသပ်ပြလိုက်သည်။

"ယွမ်ရှောင်ချွေ ပိုက်ဆံယူသွားတာကတော့ သေချာတယ်၊ ဒါပေမဲ့ ဘယ်လောက်လဲဆိုတာကတော့ ပြောရခက်တယ်.. ငါ့အထင်တော့ အများကြီးတော့ မဟုတ်လောက်ဘူး.. စဉ်းစားကြည့်လေ၊ တကယ်လို့ သူမက အများကြီးယူသွားတယ်ဆိုရင် နေရာတကာ လျှောက်ပြီး ပိုက်ဆံချေးနေစရာ လိုဦးမလား"

"ဟုတ်သားပဲ"

"အင်း... ဒါနဲ့ တစ်ထောင်ကျော်ပါတယ်ဆိုတဲ့ စကားကိုကော နင်တို့ ယုံကြလား"

တခြားတစ်ယောက်မှာ ဝင်မေး၏။

ချန်ချင်းယွီသည် တွေဝေတုံ့ဆိုင်းစွာဖြင့် သူမ၏လက်ချောင်းလေးများကို ပွတ်သပ်ရင်း လေသံတိုးတိုးလေးနှင့် ဆိုလိုက်သည်။

"ကျွန်မကတော့ နည်းနည်းယုံချင်သလိုပဲ"

လင်စန်းရှင်း : "မဖြစ်နိုင်တာ... ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့က အဲဒီလိုလူမျိုးတွေ မဟုတ်ဘူးလို့ ငါထင်တယ်… ငါတို့ အိမ်နီးနားချင်းဖြစ်လာတာ ဒီလောက်နှစ်အကြာကြီး ရှိပြီပဲ၊ သူတို့ရဲ့ စရိုက်ကို ငါတို့ သိနေတာပဲ မဟုတ်လား.. ကလေးတစ်ယောက်ရဲ့ လျှောက်ပြောတဲ့ စကားတစ်ခွန်းတည်းနဲ့ နှစ်ပေါင်းများစွာ သိလာခဲ့တဲ့ အိမ်နီးနားချင်းတွေရဲ့ စရိုက်ကို သွားပြီး သံသယမဝင်သင့်ဘူးလေ.. အဲဒါ မမှန်ဘူးလို့ ငါထင်တယ်၊ နင်တို့ အဲဒီလို မလုပ်သင့်ဘူး"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ကြသည်။

လင်စန်းရှင်းသည် ယခင်၌ ကျောက်ရုံဘက်မှ တစ်ခါမျှ ကာကွယ်မပြောဖူးပေ၊ သို့သော် လတ်တလောကာလတွင် သူမသည် သူမ၏သမီးကို ထိုမိသားစုထဲသို့ အိမ်ထောင်ပြုပေးရန် သိသိသာသာ ကြိုးစားနေခြင်းဖြစ်သည်။ သူမသည် ကျောက်ရုံကို ဖားနေသည်မှာ ခန့်မှန်းရလွယ်ကူလှ၏။

ချန်ချင်းယွီသည် အနည်းငယ် မကျေမနပ်ဖြစ်သွားသည့် ပုံစံဖြင့်

"ဒေါ်လေးလင် ပြောပုံအရဆိုရင် ကျွန်မကပဲ ပြဿနာရှာတဲ့လူ ဖြစ်နေသလိုပဲ… အစ်မကျောက်ကလည်း ကျွန်မတို့ အိမ်နီးနားချင်းပဲ၊ ရှောင်ချွေကလည်း ကျွန်မတို့ အိမ်နီးနားချင်းပဲလေ... ကျွန်မတို့က အစ်မကျောက်ကိုကျတော့ ယုံပြီး ယွမ်ရှောင်ချွေကိုကျတော့ မယုံရဘူးလား.. အဲဒါက ယုတ္တိမရှိဘူးလေ"

ချန်ချင်းယွီ ဆက်လက်၍ စကားနာထိုးလိုက်၏။

"ကျွန်မ ဒီလိုပြောရတာက ကိုယ်ပိုင်သုံးသပ်ချက် ရှိလို့ပါ.. စဉ်းစားကြည့်လေ၊ ယွမ်ရှောင်ချွေရဲ့ အမေက အရင်တုန်းက လူကြီးနှစ်ယောက်ရယ်၊ သမီးတစ်ယောက်ရယ်၊ ပြီးတော့ သူမကိုယ်တိုင်ပါအပါအဝင်~~ မိသားစု လေးယောက်ကို လုပ်ကျွေးခဲ့တာ၊ ပိုက်ဆံလည်း လုံလုံလောက်လောက် ရှာနိုင်ခဲ့တာပဲ... သူတို့ကို အရမ်းကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့တာ၊ ကျွန်မ ဒီဝင်းထဲကို လက်ထပ်ဝင်လာတာ မကြာသေးဘူးဆိုပေမဲ့ ယွမ်မိသားစုအကြောင်း ကြားဖူးပါတယ်… ယွမ်မိသားစုက လူကြီးနှစ်ယောက် ဆုံးပါးသွားတုန်းက ဘာဆင်းရဲဒုက္ခမှ မခံခဲ့ရဘူးလို့ လူတိုင်းက ပြောကြတယ်၊ အဲဒါကိုကြည့်ရင် သူတို့မိသားစု ဘဝက ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့ရမှန်း သိသာပါတယ်.. အဲဒါကို ထားလိုက်ပါဦး၊ ယွမ်ရှောင်ချွေရဲ့ စရိုက်ကိုပဲ ကြည့်လေ ~~ သူမ ငယ်ငယ်တုန်းက ဒုက္ခ သိပ်မရောက်ခဲ့ဘူးဆိုတာ သိသာနေတာပဲ..."

ချန်ချင်းယွီ၏ စကားများသည် အလွန်ယုတ္တိရှိသည်ဟု လူတိုင်း ခေါင်းညိတ်လက်ခံကြသည်။

ချန်ချင်းယွီ ဆက်၍ နားသွင်းပြန်၏။

"လူကြီးနှစ်ယောက် ဆုံးပါးသွားပြီးနောက် ယွမ်ရှောင်ချွေရဲ့အမေက သက်တမ်း သိပ်မရှည်ခဲ့ဘူးဆိုပေမဲ့ အနည်းဆုံး တစ်နှစ်တော့ ကြာခဲ့သေးတယ်… လူလေးယောက်ကိုတောင် ကောင်းကောင်း ကျွေးမွေးနိုင်ခဲ့တာ၊ အခုတော့ နှစ်ယောက်တည်း ကျန်တာလေ၊ ပြီးတော့ ကလေးကလည်း အများကြီး မစားနိုင်သေးတဲ့ ကလေးပဲ~~ သူမ ပိုက်ဆံ ပိုပြီး စုမိမှာ မဟုတ်ဘူးလား… ဒါ့အပြင်၊ ဒါ့အပြင်... ဘယ်ချွေးမကပဲဖြစ်ဖြစ် ကိုယ်ပိုင် ပိုက်ဆံလေးတော့ ဖျောက်ပြီး စုတတ်ကြတာပဲလေ၊ သူမမှာ ပိုက်ဆံရှိနေတာက လုံးဝ သဘာဝကျပါတယ်..."

လူတိုင်း တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။

"ဟုတ်တယ် ဘယ်လောက်ပဲ လိမ္မာတယ်ပြောတဲ့ ချွေးမဖြစ်ဖြစ် ပိုက်ဆံတော့ အနည်းနဲ့အများ ဝှက်စုတတ်ကြတာပဲ၊ ပိုဆိုးတာက သူတို့မိသားစုရဲ့ စုဆောင်းငွေတွေ အားလုံးက ယွမ်ရှောင်ချွေ အမေရဲ့ လက်ထဲမှာ ရှိနေခဲ့တာလေ.. အကုန်လုံး ကုန်သွားဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ယခုအခါ လူတိုင်းသည် ချန်ချင်းယွီကို အထင်ကြီး လေးစားသော အကြည့်များဖြင့် ကြည့်နေကြ၏။

ပိုင်ဖုန်းရှန်းမှာ ချီးမွမ်းခန်းဖွင့်လိုက်ကာ

"နင်က ပညာတတ်ဆိုတော့လည်း ပြောတာက တကယ်ကို ယုတ္တိရှိတာပဲ"

"သူမ စုနိုင်တယ်ပဲထားဦး၊ ဘယ်လောက်တောင် စုနိုင်မှာမို့လို့လဲ.. တစ်ထောင်ယွမ်ဆိုတာက ဒီလောက်အလွယ်တကူ ရနိုင်တာ မဟုတ်ဘူး၊ သူမလို ကျေးလက်အမျိုးသမီးတစ်ယောက်က ဘယ်လောက်တောင် ရှာနိုင်မှာမို့လို့လဲ.. အဲဒီတုန်းက ရွာကဘဝကလည်း ဒီလောက် မလွယ်ကူလှပါဘူး၊ သူမမှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် ယွမ်အနည်းငယ်ပဲ ရှိမှာပါ.. အများကြီး လျှောက်ပြီး မတွေးကြပါနဲ့၊ အထောက်အထားမရှိဘဲ လျှောက်တွေးတာက လူကို အရမ်း ထိခိုက်စေတယ်"

လင်စန်းရှင်းမှာ ယွမ်မိသားစုဘက်မှ ဆက်လက်၍ ကာကွယ်ပြောဆိုနေဆဲပင်။

ချန်ချင်းယွီအနေဖြင့် ဤလူစားမျိုး၏ အကျင့်ကို သိနေသည်သာ…

သူမသည် ယွမ်မိသားစုနှင့် မည်သည့်ဆက်နွယ်မှုမှ မရှိပေ။ သူမ၏သမီးကို ထိုမိသားစုထဲသို့ အတင်းဇွတ် အိမ်ထောင်ပြုပေးချင်လွန်းသဖြင့် အောက်ကျို့ဖားယား လုပ်ပေးနေခြင်းသာတည်း။

ချန်ချင်းယွီ : "ဒေါ်လေးလင်... ဒေါ်လေးလင် ပိုက်ဆံမစုနိုင်ရုံနဲ့ တခြားလူတွေလည်း မစုနိုင်ဘူးလို့ ပြောလို့မရဘူးလေ… ကျွန်မအထင်တော့ ယွမ်ရှောင်ချွေရဲ့အမေက သာမန်လူတွေထက် ပိုက်ဆံပိုစုနိုင်တာ၊ မြို့ပြက အလုပ်သမားတွေတောင် သူမလောက် တော်ချင်မှ တော်မှာ… ဒေါ်လေးလင် မှတ်မိသေးလား၊ ယွမ်ရှောင်ချွေ ပြောတာတော့ သူမအမေရဲ့ မိသားစုက ဆေးဆိုင်မှာလုပ်ပြီး ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးတဲ့သူတွေ ဖြစ်ကြတယ်ဆို… ကျွန်မကတော့ အဲဒါတွေကို အများကြီးမသိပေမဲ့ သူမ ငယ်ငယ်တုန်းက ဂျင်ဆင်းတူးဖူးတယ်လို့ ပြောတုန်းက အစ်မကျောက်တို့လည်း ဘာမှ မငြင်းခဲ့ကြဘူးလေ၊ ဒါကြောင့် အဲဒါ အမှန်ပဲ ဖြစ်ရမယ်... သူမလို ကလေးတစ်ယောက်တောင် လုပ်နိုင်ရင် သူမအမေက ဘာလို့ မလုပ်နိုင်ရမှာလဲ… ကံကောင်းလို့ ဂျင်ဆင်းမြစ် တစ်မြစ်လောက်ပဲ မိမိရရ တူးမိရင်တောင် ပိုက်ဆံအများကြီး ရနိုင်တာပဲ၊ သူတို့မိသားစုက တောရွာကဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ ကျေးလက်တောရွာချင်း တူလို့လား… တချို့လယ်သမားတွေက လယ်ယာမြေကိုပဲ ပင်ပင်ပန်းပန်း စိုက်ပျိုးကြတာ၊ ဒါပေမဲ့ သူမက ဆေးဖက်ဝင်အပင်တွေကို နားလည်ပြီး လိုက်ရှာစုဆောင်းနိုင်တာဆိုတော့ အဲဒါက တစ်ကဏ္ဍလေ.. သူမမှာ တစ်ထောင်ကျော်ရှိနေတာက လုံးဝ မထူးဆန်းဘူးလို့ ကျွန်မ ထင်တယ်"

ချန်ချင်းယွီ၏ စကားများသည် အတော်ပင် ယုတ္တိရှိလှသဖြင့် လူတိုင်းမှာ သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။

ချန်ချင်းယွီသည် ယွမ်မိသားစုကို ထိုးချသည့်အနေဖြင့် နူးနူးညံ့ညံ့လေသံလေးသုံးကာ တရပ်စပ်နားသွင်းနေ၏။

"ဘာပဲဖြစ်ဖြစ် သူတို့က ဒီလောက်အများကြီး ယူသွားတာပဲ၊ ပြန်ဆပ်ရမှာက လုံးဝ သဘာဝကျပါတယ်.. တကယ်လို့ သူတို့က မဝန်ခံဘူးဆိုရင်တောင် ကျွန်မကတော့ မယုံဘူး.. ဘူတာရုံမှာတုန်းကလည်း သူတို့ ဘာမှ ပြန်မပြောနိုင်ခဲ့ကြဘူးလေ"

"ဟုတ်တယ်၊ သူတို့ ဘာပဲပြောပြော ငါတို့ကတော့ အဲဒီမိသားစုကို မယုံနိုင်ဘူး"

"ငါလည်း အဲဒီလိုပဲ ထင်တယ်"

လင်စန်းရှင်းသည် ခဏမျှ စဉ်းစားပြီးနောက် နှုတ်ဆိတ်သွားတော့သည်၊ သူမကိုယ်တိုင်လည်း ထိုစကားသည် အမှန်တရားနှင့် နီးစပ်သည်ဟု ခံစားလိုက်ရ၏။

"အား... ငါ့ဂျင်ဆင်းလေး... ဘုရားရေ... ဘုရားရေ... ဒီကောင်မစုတ်ကတော့ တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်မပဲ..."

ယွမ်မိသားစု အိမ်ထဲမှ စူးစူးဝါးဝါး အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။ ကျောက်ရုံ၏ အော်သံမှာ နားကွဲလုမတတ်ပင်၊ ကျောက်ရုံ ဤမျှအထိ စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားသည်ကို လူတိုင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

"ငါ့ပိုက်ဆံတွေ၊ ငါ့ပစ္စည်းတွေ၊ ဒီကျေးဇူးကန်းတဲ့ကောင်မ... ငါတော့ ဆက်ပြီး မလုပ်ကျွေးနိုင်တော့ဘူး..."

ကျောက်ရုံ၏ အော်ဟစ်ငိုယိုသံများသည် အိမ်အပြည့် ဟိန်းထွက်

နေသည်။ လူတိုင်းသည် အိမ်ထဲသို့ အလုအယက် ပြေးဝင်သွားကြ၏။ ချန်ချင်းယွီသည် ဘေးမှ ချောင်းကြည့်လိုက်ရာ မနက်ခင်းထက်စာလျှင် အိမ်ထဲတွင် ပစ္စည်းပစ္စယများ ပို၍ပင် ပြောင်သလင်းခါကာ ခြောက်ကပ်နေသည်ကို ပထမဆုံးအမြင်မှာတင် ခံစားလိုက်ရသည်။ ပစ္စည်းများစွာ ပျောက်ဆုံးနေပြီး ယွမ်ရှောင်ချွေ၏ ထုပ်ပိုးထားသော အထုပ်ကြီးလည်း မရှိတော့ပေ။

ကဲ..

အားလုံး သဘောပေါက်သွားကြပါပြီ…

"ဒီကောင်မလေးက ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ရဲတာလဲ… ငါက သူ့ကို ဒီလောက်နှစ်အကြာကြီး ကျွေးမွေးစောင့်ရှောက်ခဲ့တာ၊ လူလိုကျင့်ရမှန်းတောင် မသိဘူး... တကယ့် ကျေးဇူးကန်းတဲ့ကောင်မ... ငယ်ငယ်ကတည်းက လည်ပင်းညှစ်သတ်လိုက်ရမှာ... ကောင်မစုတ်လေး..."

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့် လည်ပင်းညှစ်ခံထားရသည့် ကြက်ဖတစ်ကောင်နှယ် စူးစူးဝါးဝါး အော်ဟစ်နေတော့သည်။

ချန်ချင်းယွီ အပြင်ဘက်တွင် ရပ်ကြည့်နေပြီး တကယ့်ကို သွေးရူးသွေးတန်းဖြစ်နေသည့် မြင်ကွင်းကြီးကို တွေ့မြင်နေရ၏။

"တစ်ရာကျော်တောင်... ငါ အံဆွဲထဲမှာ သော့ခတ်ထားတဲ့ တစ်ရာကျော်လုံးကို သူ ယူသွားပြီ..."

"အရေးကြီးတဲ့ အရေးပေါ်အချိန်ကျရင် သုံးဖို့ထားတဲ့ ဂျင်ဆင်းလည်း မရှိတော့ဘူး... ကုန်ပြီ၊ တကယ်ကို ကုန်ပြီ..."

"ငါ့ရဲ့ ဂွမ်းကပ်အင်္ကျီကော၊ ငါ့စောင်ကော..."

"အမေ... သမီးတို့ ဆန်တွေလည်း မရှိတော့ဘူး၊ မီးဖိုချောင်သုံး ဓားလည်း မရှိတော့ဘူး... သမီးရဲ့ အင်္ကျီအသစ်လေးလည်း မရှိတော့ဘူး..."

...

ယွမ်မိသားစုဝင်များမှာ တတွတ်တွတ် ဆက်ပြောနေကြပြီး မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကျောက်ရုံမှာမူ မြေပြင်ပေါ်သို့ ခွေခနဲ လဲကျသွားပြီး မျက်ဝန်းများမှာ အသက်မဲ့နေကာ မေ့လဲတော့မည့်အတိုင်းပင်။ အမြဲတမ်း တည်ငြိမ်လှပါသည်ဆိုသော ယွမ်ဟောက်မင်ပင်လျှင် ယခုအခါ သွေးရူးသွေးတန်းဖြင့် အော်ဟစ်နေတော့၏။

"ဒီကောင်မစုတ်လေး... ဒီကောင်မစုတ်လေး... ဒုက္ခပေးမယ့် သတ္တဝါမ... ငါက ဘယ်လိုဖြစ်ပြီး ဒီလိုအဖျက်သမားကို မွေးမိပါလိမ့်.. အားလုံးက ပြဿနာရှာတွေချည်းပဲ..."

"ရှင်တို့လည်း အခြေအနေတွေ ရှုပ်ထွေးကုန်ပြီ… အရင်ဆုံး အိမ်ကို ပြန်သိမ်းဆည်းလိုက်ပါဦးလား.. ဘာပဲဖြစ်ဖြစ် ဘဝကတော့ ဆက်လျှောက်ရဦးမှာပဲလေ၊ ရှောင်ချွေကလည်း ကျေးလက်ကို ထွက်သွားပြီပဲဟာ၊ ရှင်တို့ ဒီမှာ ထိုင်ဆဲနေလို့ကော ဘာထူးမှာလဲ"

ပိုင်ဖုန်းရှန်း ဝင်ရောက်ဖျောင်းဖျသော်လည်း ကျောက်ရုံနှင့် ယွမ်ဟောက်မင်တို့မှာ နားထဲဝင်မည့်ပုံမပေါ်ပေ။

"ဒီအပေါစား -ာသည် မလေးကတော့..."

ချန်ချင်းယွီသည် တိုးတိုးလေး ရေရွတ်ကာ

"သူ ပိုပြီးယူသွားတယ်ပဲထားဦး၊ တစ်ထောင်ထက်တော့ ပိုမများနိုင်ပါဘူးလေ"

ယွမ်တစ်ထောင်ဆိုတာ အများကြီးမဟုတ်လား…

ချန်ချင်းယွီတွင် ပိုက်ဆံရှိသည်ကို ကြည့်၍ ယနေ့ခေတ် ငွေကြေးတန်ဖိုးကို တွက်ချက်လျှင် မှားမည်သာ။ သူမ၏အခြေအနေမှာ တစ်ကဏ္ဍ ဖြစ်၏။

ချန်ချင်းယွီ၏ မိခင်ဘက်ရှိအဘိုးအဘွားများသည် ပညာတတ်ဂုဏ်သရေရှိ ချမ်းသာသည့်မျိုးရိုးများ ဖြစ်ကြပြီး… ပွင့်ပွင့်လင်းလင်း ဆိုရသော် သူတို့သာ အသက်

ရှင်နေသေးလျှင် ချင်းမင်းဆက်၏ မျိုးဆက်ကျန်များဟု ခေါ်ဆိုရန်ပင် အလွန်သင့်တော်၏။ ယခုအချိန်အထိပင် ထိုကဲ့သို့သောလူ အများစုသည် ဝမ်းရေးအတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို တိတ်တဆိတ် ထုတ်ရောင်းနေကြရဆဲဖြစ်သည်။

သူမ၏ မိသားစုတွင် အနည်းငယ် ချမ်းသာကြွယ်ဝမှုရှိကြောင်း သူမ သိ၏။

ထို့ကြောင့်လည်း သူမ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ပိုက်ဆံအချို့ ချန်ထားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ၎င်းတို့၏ အခြေအနေချင်းမှာ တူညီကြချေ။

သူမတို့၏ ကြွယ်ဝမှုသည် ဘိုးဘွားပိုင်ပစ္စည်းများမှ လာခြင်းဖြစ်သောကြောင့် မဆန်းပေ။

သို့သော် လက်တွေ့တွင်မူ သာမန်မိသားစုများ၊ အထူးသဖြင့် ကျေးလက်တောရွာများအတွက်မူ တစ်ထောင်ကျော်ရှိနေခြင်းသည် အလွန်များပြားလှသည်။

"ယွမ်ရှောင်ချွေက ပိုယူသွားတယ်ပဲထားဦး၊ တစ်ထောင်ထက်တော့ မပိုနိုင်ပါဘူး"

အမှန်တွင် ယွမ်ရှောင်ချွေကို ဤနှစ်များတစ်လျှောက်လုံး ကျွေးမွေးပြုစုခဲ့ရသည် ဖြစ်သော်လည်း ဖခင်ဖြစ်သူသည် သမီးကို ကျွေးမွေးထောက်ပံ့ရသည်မှာ သဘာဝကျသည့် ကိစ္စတည်းသာ။

ထို့ကြောင့် ချန်ချင်းယွီက ထိုတစ်ထောင်ကျော်အကြောင်းကို တမင်သက်သက် ပြန်ဆွပေးနေခြင်း ဖြစ်၏။

၎င်းမှာ သူမ၏ ပြဿနာမဟုတ်သော်လည်း အနည်းဆုံးစကားဝိုင်းထဲ ဝင်ပြီး မြှောက်ထိုးပင့်ကော် လုပ်ပေးနိုင်သည် မဟုတ်လော့။

ချန်ချင်းယွီသည် နှုတ်ခမ်းလေးစူကာ

"တကယ်တော့ သူတို့က ဘာမှ ဆုံးရှုံးသွားတာ မဟုတ်ပါဘူး..."

လူတိုင်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။ အဘွားကြီးဟွမ် ခနဲ့တဲ့တဲ့ လေသံဖြင့်

"မအော်ကြနဲ့တော့... နင်တို့က ဘာတွေ ဆုံးရှုံးသွားလို့လဲ၊ နင်တို့ ယွမ်ရှောင်ချွေဆီကနေ တစ်ထောင်ကျော် ယူထားတာကို လူတိုင်း သိပြီးသားပဲ... အခု ဘာကို သက်သေပြချင်နေတာလဲ.. ငါတို့က အူတူတူလူတွေ မဟုတ်ဘူးနော်၊ နင်တို့လင်မယားက ပညာတတ်လွန်းပြီး ကောက်ကျစ်လွန်းလို့ အခုလို ဇာတ်လမ်းဆင်ပြီး ဟန်ဆောင်နေကြတာ"

"ခင်များက ဘယ်လိုစိတ်နဲ့ ဒီလိုစကားမျိုး ပြောရဲတာလဲ..."

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။

"ငါ့ကို ဘာလို့ ဒေါသလာထွက်နေတာလဲ... နင်တို့က အတ္တကြီးပြီး ကလေးကို ဘယ်လိုဆုံးမရမှန်း မသိလို့ ဖြစ်ရတာ မဟုတ်ဘူးလား.. ငါ့ရဲ့ ရှင်းဖှကျတော့ ဘာလို့ အဲဒီလိုမဖြစ်တာလဲ.. အဲဒါ နင်တို့ ကလေးကို ကောင်းကောင်းမသွန်သင်တတ်လို့ မဟုတ်ဘူးလား"

အဘွားကြီးဟွမ် ပြန်ပက်လေရာ ချန်ချင်းယွီမှာ အော်ရယ်ချင်မိသွား၏။

ရှင့်ရဲ့ ကျန်းရှင်းဖှက ဘယ်လိုလူစားမျိုးမို့လို့လဲ.. အဲဒါကိုတောင် လာပြီး ကြွားရဲသေးတယ်၊ မရှက်ဘူးလား..

ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်မိတော့သည်။

အဘွားကြီးဟွမ် : "နင်လို စိတ်ကောင်းမရှိတဲ့လူက ငါ့ကို အဲဒီလို လာပြောရဲသေးတယ်ပေါ့"

"နင်... မိန်းမယုတ်..."

ယွမ်ဟောက်မင် ဆဲလိုက်ရာ၊

အဘွားကြီးဟွမ်မှာလည်း ပက်ခနဲ ပြန်ဆဲလေသည်။

"နင်ကမှ လူယုတ်မာ၊ နင်က ချန်ရှစ်မေ့လို မိန်းမပစ် သစ္စာဖောက်ကောင်..."

ထိုသို့ဖြင့် သူတို့နှစ်ဦး ဆဲဆိုရန်ဖြစ်ကြတော့၏။

ဘေးက ကြည့်နေသည့်လူများ

"......"

သို့သော်လည်း ပွဲကြည့်ရသဖြင့် အားလုံး သဘောကျနေကြသည်။

ချန်ချင်းယွီ အလွန်စိတ်ဝင်တစားဖြင့် ကြည့်နေစဉ် လင်စန်းရှင်းသည် ရှေ့သို့တစ်လှမ်းတက်ကာ ယွမ်မိသားစုဘက်မှ ကူပြောပေးပြန်၏။

"ဒေါ်ကြီးဟွမ်... ဘာတွေ လျှောက်ပြောနေတာလဲ.. လူတွေကို ဒီလိုမျိုး စွပ်စွဲလို့မရဘူးလေ၊ ရှောင်ချွေရဲ့ တစ်ဖက်သတ်ထဲ စကားကိုပဲ ကျွန်မတို့ ဘယ်လိုလုပ် နားထောင်လို့ရမှာလဲ.. အဲဒီကလေးမက လိမ်တတ်တာ ရှင်လည်း သိတာပဲ.. ဒါပေမဲ့ အစ်ကိုယွမ်နဲ့ မမကျောက်တို့က ကျွန်မတို့နဲ့ အိမ်နီးနားချင်းဖြစ်လာတာ နှစ်အကြာကြီးရှိပြီ၊ သူတို့အကြောင်းကို အားလုံး အသိဆုံးပါ၊ အလိမ်အညာ စကားအနည်းငယ်ကြောင့်နဲ့ လူတွေကို ဒီလိုမျိုး သွားပြီး မထိခိုက်စေသင့်ဘူး..."

"ဖယ်စမ်း... နင်နဲ့ ဘာဆိုင်လို့လဲ.. နင်က အမြဲတမ်း နေရာတကာ ဖားနေတာ ငါမသိဘူးမှတ်လို့လား၊ နင့်သမီးကို ဒီမိသားစုထဲ အတင်းပေးစားချင်နေရင်တောင် သူတို့က နင့်သမီးကို ကြိုက်ကော ကြိုက်ရဲ့လားဆိုတာ အရင်ထည့်တွက်ဦး.. ယွမ်

ရှောင်ချွေက အဲလောက်အတာ.. သူက ဘာလို့ လိမ်ရမှာလဲ"

လင်စန်းရှင်း မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး

"ရှင် ဘာလို့ ဒီလိုပြောရတာလဲ.. ရှင် ဒီလိုပြောတော့ ကျွန်မသမီး လင်းလင်းမှာ သိက္ခာမရှိတော့ဘူးပေါ့.. ဒါ့အပြင် သူတို့ချင်း တစ်ခုခုရှိနေတယ်ဆိုရင်တောင် ဒါက လိုက်ဖက်တဲ့ ဖူးစာပဲဟာကို"

"အော့..."

"လေကြီးလိုက်တာ"

အားလုံး ထိုသို့ ဝိုင်းပြောနေကြသည်ကို မြင်သောအခါ ယွမ်ဟောက်ဖုန်းသည် ရုတ်တရက် ဝင်ပြောလိုက်၏။

"ကဲ... အားလုံးပဲ၊ ဒီကိစ္စကို ဆက်မပြောကြပါနဲ့တော့၊ လင်းလင်းရဲ့ နာမည်ကို မဖျက်ဆီးကြပါနဲ့… ကျွန်တော်က လင်းလင်းကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာမို့လို့ ဆက်ပြီး မပြောကြပါနဲ့တော့ဗျာ"

"ဒါနဲ့... ငါ ပြီးခဲ့တဲ့အပတ်က ပြောထားတဲ့ အောင်သွယ်ပေးမယ့်ကိစ္စကျတော့ကော..."

ပိုင်ဖုန်းရှန်း မေးလိုက်ရာ၊

ယွမ်ဟောက်ဖုန်းသည် အမြန်ပြန်ပြောလေသည်။

"ဒေါ်လေးပဲ စီစဉ်ပေးလိုက်ပါ၊ ရပါတယ်"

လင်စန်းရှင်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို ပျက်သွားတော့သည်။ ချန်ချင်းယွီမှာ ဤလူ့ကိုတစ်လှည့် ထိုလူ့ကိုတစ်လှည့် ကြည့်ရင်း ၎င်းတို့၏ အိမ်ဝင်းကြီးသည် တကယ့်ကို အမြဲတမ်း ပွဲစည်နေသည်ဟု စိတ်ထဲမှတွေးနေမိ၏။

ယွမ်ဟောက်ဖုန်းသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပုံရပြီး

"ကျွန်တော့်မိသားစု အိမ်ကို နည်းနည်း ပြန်သိမ်းဆည်းရဦးမှာမို့လို့ လူကြီးမင်းတို့နဲ့ ဒီအကြောင်း ဆက်မပြောတော့ပါဘူး.. ဒေါ်လေးပိုင်... ကိစ္စကိုသာ စီစဉ်ပေးပါတော့၊ ကျွန်တော်တို့ အိမ်ပြန်သိမ်းလိုက်ဦးမယ်၊ အနည်းဆုံးတော့ ဘာတွေ ပျောက်သွားလဲဆိုတာ သိရအောင်လို့ပါ"

"ပိုက်ဆံတော့ ပြန်ဆပ်ရမှာပဲနော်"

အဘွားကြီးဟွမ် ကတ်သီးကတ်သတ် ပြောရာ၊

ချန်ချင်းယွီသည်လည်း အားကျမခံ ဝင်ပြောလိုက်၏။

"လက်မှတ်တွေလည်း ပြန်ပေးရမယ်လေ"

ယွမ်ဟောက်ဖုန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး

"သိပါတယ်၊ ကျွန်တော်တို့ကို အရင်သိမ်းဆည်းခွင့်ပေးပါဦး၊ ကျွန်တော့်မိသားစုဘက်က လူတိုင်းကို ကျေနပ်လောက်မယ့် ရှင်းလင်းချက်တစ်ခု ပေးပါ့မယ်"

ထို့နောက် လက်ကို ယမ်းပြကာ

"အားလုံးပဲ လူစုခွဲပေးကြပါဦးဗျာ၊ ကျွန်တော်တို့ အိမ်သိမ်းပါရစေဦး"

သူက ထိုသို့ပြောသော်လည်း ဘယ်သူမှ လူစုမခွဲချင်ကြချေ။

ဘာလို့ ခွဲရမှာလဲ၊ စိတ်တောင်မကူးနဲ့..

လူတိုင်းသည် ပွဲကောင်းကို ကြည့်ရန် လည်ပင်းတဆန့်ဆန့် လုပ်နေကြသည်။ ယွမ်ဟောက်ဖုန်းမှာ စိတ်တည်ငြိမ်သွားပုံရပြီး ကျောက်ရုံသည်လည်း သတိ ပြန်ဝင်လာခဲ့ပြီဖြစ်၏။ ပျောက်ဆုံးသွားသောအရာများကို ပြန်ရှာ၍ရသော်လည်း ယခုအချိန်တွင် လူတကာ၏ လှောင်ပြောင်စရာ အပန်းဖြေစရာအဖြစ်တော့ ဆက်ပြီး အဖြစ်မခံနိုင်ပေ။ သူမသည် အားတင်းကာ ထရပ်လိုက်ပြီး

"အစ်ကိုယွမ်... တရားတာ မတရားတာကို ကံကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။ အချို့ကိစ္စတွေက အများကြီး ရှင်းပြနေစရာ မလိုပါဘူး၊ အချိန်ကပဲ သက်သေပြသွားမှာပါ။ ရှောင်ချွေနဲ့ ပတ်သက်လို့ကတော့... သူက အစ်ကို့ရဲ့ သမီးဖြစ်နေကတည်းက ဒီဆုံးရှုံးမှုကို ကျွန်မပဲ ခံလိုက်ပါ့မယ်..."

ချန်ချင်းယွီသည် သူတို့၏ ရုန်းရင်းဆန်ခတ်မှုကို ကြည့်ရင်း ကျောက်ရုံ၏ ဉာဏ်ပြေးပုံကို ချီးကျူးမိပြန်သည်။

သူမ မသိသည်မှာ ကျောက်ရုံသည် ယွမ်ရှောင်ချွေကို သတ်ပစ်ချင်လောက်အောင် မုန်းတီးနေသော်လည်း အရေးကြီးသည့်အရာကို ခွဲခြားသိမြင်ပြီး လူကြားထဲ အရှက်ကွဲမခံနိုင်ခြင်း ဖြစ်သည်။ သူမ ယခုတစ်ကြိမ်တွင် အကြီးအကျယ် အထိနာသွားသော်လည်း တစ်နေ့ကျ ကလဲ့စားချေဦးမည်သာ။

လက်ရှိအချိန်တွင် အဓိကအကျဆုံးမှာ ပျောက်ဆုံးသွားသည့် ပစ္စည်းများကို စာရင်းတွက်ရန် ဖြစ်၏။

ဆုံးရှုံးသွားသော ပစ္စည်းများနှင့် ပတ်သက်၍ ရင်ဘတ်အောင့်မတတ် နာကျင်ရသော်လည်း ဘာမှမဖြစ်ပါဘူးဟု ကိုယ့်ကိုယ်ကိုယ် ပြန်နှစ်သိမ့်နေရသည်။ သူမ အမှန်တကယ် ဆုံးရှုံးသွားခဲ့ရသော်လည်း နောင်တွင် ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ခြင်းဖြင့် ထိုအရာများကို ပြန်လည်ဖြည့်ဆည်းနိုင်၏။

အဆိုးဆုံးအခြေအနေတွင်ပင် သူမ၏ ပြင်ပမှ အိပ်ဖော်များကို မြဲမြဲဆုပ်ကိုင်ထားနိုင်လျှင် ရပြီဖြစ်သည်။

ကျောက်ရုံ၏ အတွေးကို မည်သူမျှ မသိကြဘဲ အားလုံး ပွဲကြည့်ကောင်းနေကြ၏။

ချန်ချင်းယွီ လေသံတိုးတိုးလေးဖြင့် ရေရွတ်ကာ

"ဒီသတင်းက အပြင်ကို ပေါက်ကြားသွားမလား မသိဘူးနော်"

လူတိုင်း ဆွံ့အသွားကြပြီးနောက် တိုးတိုးတိုးတိုးဖြင့် ဝိုင်းဝန်းဆွေးနွေးကြတော့သည်။

"ဘူတာရုံမှာ လူတွေ ဒီလောက်အများကြီးဆိုတော့ သတင်းကတော့ ပျံ့မှာ သေချာတယ်၊ သွားပြီ... ကျောက်ရုံတို့လင်မယားကတော့ ပေကျင်း တစ်မြို့လုံးမှာ နာမည်ကြီးတော့မှာပဲ.. ငါတို့ အိမ်ဝင်းကြီးတစ်ခုလုံးပါ အသရေပျက်ဦးမယ်"

ချန်ချင်းယွီ စဉ်းစားကြည့်ရာ ထိုစကားသည် မှန်ကန်ကြောင်း သဘောတူမိ၏။

"ဒီနေ့က ပညာတတ်လူငယ်တွေ ကျေးလက်ဆင်းရတဲ့နေ့လေ၊ ပေကျင်းမြို့ရဲ့ တစ်ဝက်လောက်က လူတွေ ဘူတာရုံမှာ ရှိနေတာ.. သတင်းက ဘယ်လိုလုပ် မပျံ့ဘဲ နေမှာလဲ"

ဤသို့ ပွဲကြမ်းနေကြသောကြောင့် ထင်သည်၊ အစ်မကြီးဖန်သည် သူမ၏သား ထွက်ခွာသွားခြင်းအပေါ် သိပ်ပြီး ဝမ်းနည်းမနေတော့ဘဲ ကျောက်ရုံ၏ ကံဆိုးမိုးမှောင်ကျမှုကိုသာ စိတ်ဝင်တစား စောင့်ကြည့်နေတော့သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အစ်မကြီးဖန်သည် ကျောက်ရုံကို ပြိုင်ဘက်တစ်ဦးနှယ် ကြိတ်၍ လျှို့ဝှက်သတ်မှတ်ထားခြင်း ဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဒီအိမ်ဝင်းထဲက အသက်လတ်ပိုင်းအမျိုးသမီးတွေထဲမှာ သူတို့နှစ်ယောက်တည်းကသာ အရာရှိ အမှုထမ်းဖြစ်နေတာ ဟုတ်ပါလား..

တခြားသူများ အလုပ်ရှိကြသည်ကို မဆိုလိုပေ။ သို့သော် အားလုံးသည် သာမန်အလုပ်သမားများသာ ဖြစ်ကြပြီး သူတို့နှစ်ဦးကဲ့သို့ မဟုတ်ကြချေ။

အစ်မကြီးဖန်သည် ပညာအဆင့်အတန်း သိပ်မမြင့်မားသော်လည်း ကံကောင်းထောက်မစွာဖြင့် သာမန်အလုပ်သမားဘဝမှ လွတ်မြောက်ကာ ရုံးခန်းထဲတွင် အလုပ်လုပ်ခွင့်ရပြီး အရာရှိရာထူးကို ရရှိထားခြင်း ဖြစ်သည်။

ယနေ့ ကျောက်ရုံ အရှက်တကွဲ အကျိုးနည်းဖြစ်နေသည့် အခြေအနေအပေါ် သူမ အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေမိ၏။

သူမ၏သား ကျေးလက်သို့ ထွက်ခွာသွားရသည့်နေ့ ဖြစ်သော်လည်း သူမမှာ စိတ်ပျက်အားငယ်ရိပ် လုံးဝမရှိဘဲ စကားများသာ တရစပ် ပြောနေလေသည်။

"ဒီသတင်းသာ စက်ရုံထဲအထိ ပျံ့သွားရင်တော့ ရယ်ရဦးမယ်.. ငါတို့စက်ရုံကလူတွေ အများကြီးက ကျောက်ရုံကို အကောင်းဆုံး မိထွေးကြီးပါ၊ အရမ်းသဘောကောင်းတာပဲလို့ သတ်မှတ်ထားကြတာ.. အခု သူမရဲ့ ရုပ်ပျက်ဆင်းပျက် ပုံစံကိုလည်း ကြည့်ဦးဦး၊ ဟားဟား"

အစ်မကြီးဖန် စိတ်လှုပ်ရှားစွာဖြင့်

"လူတွေက တကယ်ကို အကောင်းဆုံး သရုပ်ဆောင်တွေပဲ.. လူ့မျက်နှာသာ မြင်ရတယ်၊ စိတ်ကိုတော့ မသိနိုင်ဘူးဆိုတာ ဒါမျိုးပဲ"

"ပါးစပ်ပိတ်ထားစမ်း..."

ယွမ်ဟောက်မင် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"ခင်များကို ကျုပ်က ကြည့်ကောင်းလို့ ကြည့်နေတယ် ထင်နေလား… ကျုပ်အိမ်ရှေ့မှာတင် ကျုပ်မိန်းမကို ဒီလိုမျိုး လာပြီး သမုတ်နေတာ… ခင်များ သူ့အပေါ် အမြဲတမ်း မနာလိုဖြစ်နေတာ ကျုပ်သိတယ်၊ ဒါပေမဲ့ အကန့်အသတ်တော့ ရှိပါဦး"

"ငါက ဘာကို လွန်သွားလို့လဲ.. အမှန်အတိုင်း ပြောနေတာပဲဟာကို၊ နားမထောင်ချင်ရင်လည်း အစကတည်းက ဒီလိုမျိုး မလုပ်ခဲ့ကြနဲ့ပေါ့..."

အစ်မကြီးဖန် ပြန်ပက်လေသည်။

သို့သော်လည်း သူတို့နှစ်ဦးမှာ နှုတ်လှန်ထိုးရုံသာ ရှိပြီး ထိုထက်ပို၍ ရန်မပွားကြချေ။

ချန်ချင်းယွီ : "..."

ပျင်းစရာကောင်းလိုက်တာ…

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိသည့် လူမျိုးများအကြား ရန်ဖြစ်

ခြင်းသည် ပျင်းစရာအကောင်းဆုံးပင်။ တကယ်လို့ သူမ၏ယောက္ခမ ဖြစ်သူ အဘွားကြီးကျောက်သာဆိုလျှင် ယခုအချိန်တွင် လက်ပါနေလောက်ပြီ ဖြစ်သည်။

လာလေ... အချီသုံးရာလောက် ဆော်ကြတာပေါ့...

စကားနိုင်လုရုံတင်က ဘာဆန်းလို့လဲ…

သို့သော်… ဘာပဲဖြစ်ဖြစ်… လူတိုင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်မှာ လုံးဝ မှန်ကန်လှသည်။ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့၏ ဇာတ်လမ်းသည် ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်၏။

ဘာပဲဖြစ်ဖြစ် ဒီနေ့ ဘူတာရုံက တကယ်ကို လူစည်ကားလွန်းနေတာလေ… ပြီးတော့ ဒီလိုမျိုး သတင်းထူးသတင်းဆန်းက ခဏခဏ ကြုံရတာမျိုးလည်း မဟုတ်ဘူး…

လူအများစုသည် ယွမ်ရှောင်ချွေကို သနားကြသော်လည်း၊ တခြားလူအများစုမှာမူ "မိဘဆိုတာ ဘယ်တော့မှ မမှားဘူး" ဟု ယူဆကြပြီး ယွမ်ရှောင်ချွေ ရုတ်တရက် သောင်းကျန်းကာ သူမအဖေ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးသွားခြင်းမှာ အလွန်မှားယွင်းသည်ဟု တွေးကြ၏။

ယင်းမှာ လူတချို့အတွေးသာ..

သို့သော် တချို့သူများသည်လည်း တရားမျှတမှုအတွက် လုပ်ဆောင်ခြင်းသည် မမှားပါဘူးဟု မြင်ကြသည်။

ပြောရလျှင် လူတိုင်းတွင် ကိုယ်ပိုင်အမြင်များ ရှိကြပြီး ဤကဲ့သို့ အငြင်းပွားဖွယ်ရာ ဖြစ်နေသောကြောင့်လည်း ပို၍ပင် ဝိုင်းဝန်းပြောဆိုနေကြခြင်း ဖြစ်၏။

သတင်းကတော့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီ…

တကယ့်ကို လျင်မြန်လွန်းလှပြီး မွန်းလွဲပိုင်း ရောက်သောအခါ လူတိုင်း သိရှိသွားကြတော့သည်။

အထူးသဖြင့် သူတို့အနီးတဝိုက်တွင် ပိုဆိုးပြီး ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့သည် စက်မှုစက်ရုံတွင် အလုပ်လုပ်ကြသောကြောင့် စက်ရုံဝန်ထမ်းအားလုံးနီးပါး သိသွားကြ၏။

ထိုသတင်းသည် နွေဦးရာသီ မိုးမခပင်၏ ပွင့်ဖတ်လေးများ လေထဲလွင့်ပျံသကဲ့သို့ နေရာအနှံ့သို့ တဟုန်ထိုး ပျံ့နှံ့သွားခဲ့လေပြီ….

မနက်ခင်း၌ တစ်ယောက်ယောက် အိမ်သာကို ဗျောက်အိုးခွဲလိုက်သည့် ကိစ္စသည်ပင် ဘာမှမဟုတ်တော့ဘဲ စိတ်ဝင်စားမှု ချက်ချင်း လျော့နည်းသွားတော့၏။ မည်သူတစ်ဦးမှ မထိခိုက်ခဲ့သည့်အတွက်လည်း စိတ်ဝင်စားမှု မရှိခြင်း ဖြစ်ပေမည်။

၎င်းသည် ထူးဆန်းသောအရာတစ်ခု ဖြစ်သော်လည်း သက်ရောက်မှု သိပ်မရှိသဖြင့် လူပြောသိပ်မများခဲ့ဘဲ စိတ်ဝင်စားမှု လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရသည်၊ ယခုကိစ္စနှင့်မူ လုံးဝ မတူညီချေ။

ယွမ်ဟောက်မင်နှင့် အစ်မကြီးဖန်တို့ ရန်ဖြစ်နေကြစဉ် ကျောက်ရုံသည် လင်ဖြစ်သူကို နောက်သို့ဆွဲလိုက်ပြီး

"တော်ပါတော့၊ သူတို့ပြောချင်သလောက် ပြောပါစေ၊ ကျွန်မ ဂရုမစိုက်တော့ဘူး… ရှောင်ချွေအပေါ် ဒီလောက်ကောင်းပေးခဲ့တာတောင် နောက်ဆုံးတော့ ဒီလိုပဲ အဆုံးသတ်ရတာပဲ၊ ကျွန်မ တကယ်ကို ပင်ပန်းလှပြီ.. အခု ဆောင်းတွင်းကျရင် ခြုံဖို့ စောင်အထူကြီးတွေတောင် မရှိတော့ဘူး၊ ဘယ်လိုလုပ်ကြမလဲ.. လက်ရှိကြုံနေရတဲ့ အခက်အခဲတွေကို အရင်ဆုံး စဉ်းစားရအောင်"

ဆောင်းတွင်းတွင် ခြုံဖို့စောင်မရှိတော့သည်ကို မဆိုထားနှင့်၊ ထမင်းဟင်းချက်ရန် မီးဖိုချောင်သုံးဓားမျာ၊ ထမင်းစားရန် ပန်းကန်လုံး၊ဇလုံများပင် မရှိတော့ပေ။ ယွမ်ရှောင်ချွေသည် သူမတွေ့သမျှ ယူနိုင်သမျှ ပစ္စည်းမှန်သမျှကို တကယ့်ကို အကုန်သိမ်းကျုံးယူသွားခဲ့ခြင်း ဖြစ်သည်။

ချန်ချင်းယွီ သူတို့လင်မယား နှစ်ယောက် ပစ္စည်းစာရင်းလိုက်တွက်ပြီး စစ်ဆေးနေသည်ကို ကြည့်ကာ ရယ်ချင်စိတ်ကို အောင့်အီးထားရ၏။

လူမဆန်အောင် ပြုမူခဲ့ကြတာ၊ အခုလိုဖြစ်တာ တန်လိုက်တာမှ လွန်ရော...

ချန်ချင်းယွီသည် ပွဲကြည့်ကောင်းနေသဖြင့် အိမ်ပြန်ဖို့ပင် အလျင်မလိုပေ။ သူမ၏ ကလေးနှစ်ယောက်သည်လည်း လူအုပ်ကြီး၏ နောက်နားတွင် ရပ်ကာ လည်ပင်းတဆန့်ဆန့်ဖြင့် ဘေးဘီကို ဝိုင်းချောင်းကြည့်နေကြသည်။

တကယ့်ကို အတင်းအဖျင်းဝါသနာပါသည့် ကလေးလေးတွေပင်…

ချန်ချင်းယွီသည်လည်း သူတို့ကို မတားမြစ်ပေ…

ကလေးဆိုတာ ဖြတ်လတ်တက်ကြွနေတာက ကောင်းတာပဲ မဟုတ်လား…

တခြားကလေးများလည်း ထိုနေရာတွင် ရှိနေကြ၏။

ကလေးအုပ်စုလေးသည် လူကြားထဲမှ ခိုးခိုးကြည့်နေကြရှာသည်။

အိမ်တွင် ဤမျှ ဆူညံပွက်လောရိုက်နေသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် အဘွားကြီးကျောက်သည် ယနေ့ အလုပ်ကိစ္စကို အတည်အပေါက် လုပ်ဆောင်နေခဲ့၏။ ယွီမေကျွမ်းထံမှ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချရန်အတွက် စာရေးလိုက်သဖြင့် အဘွားကြီးကျောက်သည် ထိုစာကိုယူကာ ထောက်ပံ့ပို့ဆောင်ရေးခေါင်းဆောင်ဆီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ စက်ရုံမှ ထိုပစ္စည်းများကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ သူမသည် ကြားခံပွဲစားအဖြစ် ချက်ချင်း လှုပ်ရှားလိုက်ပြီ ဖြစ်၏။

အကောင်းဆုံးအခြေအနေမှာ စက်ရုံသည် ထိုပစ္စည်းအချို့ကို ရရှိပြီး၊ သူမကိုလည်း စက်ရုံဘက်မှ ဆုလာဘ်တစ်ခုခု ပေးဖို့ပင်…

အဘွားကြီးကျောက်၏ မျှော်လင့်ချက်သည် အင်မတန် ရိုးရှင်း၏။ သူမ အမြတ်ထွက်ရန်သာ…

သူမသည် ယွီမေကျွမ်းနှင့် တကယ့်ပတ်သက်မှုမျိုး ဘာမှမရှိသော်လည်း စက်ရုံသည် ထိုတောင်ပေါ်ဒေသထွက်ကုန်ပစ္စည်းများကို ခွဲတမ်းချပေးနိုင်လျှင် အတိုင်းထက်အလွန် ဖြစ်လိမ့်မည်။

ဒီလောက်အထိ ကြီးမားတဲ့စက်ရုံကြီးက နှမြောတွန့်တိုပြီး နည်းနည်းလေးပဲ ပေးမှာတော့ မဟုတ်ဘူးမလား…

ထောက်ပံ့ပို့ဆောင်ရေးဌာနမှူးသည် ဒုတိယညွှန်ကြားရေးမှူး မာကျန့်ယီကို လှမ်းကြည့်လိုက်ရာ မာကျန့်ယီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး

"ဒါက ကောင်းတဲ့အချက်ပဲလို့ ကျွန်တော်တို့ ထင်ပါတယ်၊ ဒါပေမဲ့ အထက်လူကြီးတွေကိုတော့ အရင် တင်ပြရဦးမယ်"

အဘွားကြီးကျောက်သည် ချက်ချင်းပင် အခွင့်အရေးကို ဆုပ်ကိုင်ကာ မေးလိုက်၏။

"ဒါဆိုရင် ကျွန်မက စက်ရုံအတွက် ဒီသတင်းအချက်အလက်ကို ပေးတာဆိုတော့ စက်ရုံက ကျွန်မကို ဆုမချဘူးလားဟင်"

သူမသည် ယင်ကောင်တစ်ကောင်နှယ် လက်နှစ်ဖက်ကို အငြိမ်မနေ ပွတ်သပ်နေတော့သည်။

ထောက်ပံ့ပို့ဆောင်ရေးခေါင်းဆောင် နှစ်ဦး : "..."

ကဲ... ဒီအဘွားကြီးရဲ့ စရိုက်က ဒီလိုပဲဆိုတာ သိနေပါပြီ… ကျုပ်တို့အတွက် မဆန်းတော့ပါဘူးဗျာ…

"အထက်လူကြီးတွေ ဘာဆုံးဖြတ်မလဲဆိုတာ အရင်ကြည့်ရအောင်ဗျာ..ပြီးမှ ပြန်ဆက်သွယ်ကြတာပေါ့"

အဘွားကြီးကျောက် ခေါင်းညိတ်ကာ

"ကောင်းပါပြီ၊ ဒါပေမဲ့ ယွီမေကျွမ်းနဲ့ ဆက်သွယ်တဲ့အခါ သတိတော့ထားနော်.. အလိမ်မခံရစေနဲ့၊ ကျွန်မ သူ့အကြောင်းကို အများကြီး မသိပေမဲ့ သူမက အရင်တုန်းက အိမ်ထောင်ရေးလိမ်လည်မှု လုပ်ဖို့ ကြိုးစားခဲ့ဖူးလို့ လူကောင်းတစ်ယောက် မဟုတ်မှန်းတော့ သိတယ်"

ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာမှာ ပြောစရာ စကားမဲ့သွားရ၏။

မာကျန့်ယီလည်း ဆွံ့အသွားရသည်။

အဘွားကြီးကျောက် ဆက်၍ ဆိုပြန်ကာ

"သူက ဘာမှပင်ပင်ပန်းပန်း မလုပ်ဘဲ အလကားရချင်ပြီး အပြစ်ကင်းစင်ချင်ယောင် ဆောင်တတ်တဲ့ လူစားမျိုး.. သူ့ကို မျက်နှာသာ အရမ်းပေးလို့မရဘူး၊ သူရှိတဲ့ ရွာကလူတွေနဲ့ တိုက်ရိုက်စကားပြောတာ အကောင်းဆုံးပဲ"

ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာနှင့် မာကျန့်ယီတို့မှာ ပြောစရာစကားများ ပျောက်ဆုံးနေကြရှာ၏။

"တကယ်တော့ ကျွန်မက ဒီအတိုင်း လျစ်လျူရှုထားပြီး စာကို မမြင်ချင်ယောင် ဆောင်နေလိုက်လို့လည်း ရတာပဲ.. ဘာပဲဖြစ်ဖြစ် သူနဲ့ ကျွန်မရဲ့ချွေးမနဲ့က အဆင်ပြေကြတာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ စက်ရုံက ကျွန်မတို့ကို ကောင်းကောင်းမွန်မွန် ပစ္စည်းလေးတွေ ဝေမျှပေးနိုင်အောင်လို့ တွေးပေးမိတာ။ ကျွန်မက ဒီလောက်ကောင်းတဲ့ သတင်းပေးတာဆိုတော့ ဆုလာဘ်တစ်ခုခုတော့ ရသင့်တယ်လေ.. ကျွန်မတို့ စက်ရုံက နှမြောတွန့်တိုတတ်တာမှ မဟုတ်တာ၊ ဟုတ်တယ်မလား"

အမျိုးသားနှစ်ဦးမှာ လုံးဝ ဆွံ့အသွားကြတော့သည်။

ခင်များ ဘာမှ ဆက်မပြောပါနဲ့တော့..

ခင်များ ဘာကို ဆိုလိုချင်လဲဆိုတာ ကျွန်တော်တို့ အပြည့်အဝ နားလည်သွားပါပြီ..

ဒါပေမဲ့ ဒါတွေက တကယ်ကို ပြောဖို့ မလိုတဲ့ စကားတွေပါဗျာ…

မာကျန့်ယီ : "ဒေါ်ကြီးကျောက်... အရင်ဆုံး အလုပ်ပြန်လုပ်နှင့်ဦးဗျာ.. ဒါက ကျွန်တော်တို့ ဆုံးဖြတ်ရတာ မဟုတ်ဘဲ စက်ရုံခေါင်းဆောင်တွေ ဆုံးဖြတ်ရမှာ၊ သူတို့ ဆုံးဖြတ်ပြီးရင်လည်း ပစ္စည်းရဲ့ ဈေးနှုန်းနဲ့ အရည်အသွေးကို ထည့်တွက်ရဦးမှာပါ.. ဒါပေမဲ့ ဒါတွေအားလုံးကို ခင်များ စိတ်ပူနေစရာမလိုပါဘူး၊ စိတ်အေးအေးထားပါ"

"ဒါဆိုရင် ကျွန်မကိုတော့ မေ့မပစ်လိုက်နဲ့ဦးနော်..."

အဘွားကြီးကျောက် ထပ်မံမှာလိုက်ရာ…

"မမေ့ပါဘူး၊ မမေ့ပါဘူး၊ စိတ်ချပါ၊ လုံးဝ မမေ့ပါဘူးဗျာ”

ထိုစကားကို ကြားသောအခါမှ အဘွားကြီးကျောက်သည် အနည်းငယ် ရွှင်လန်းသွားပြီး ‘ကောင်းပြီ ကောင်းပြီ’ ဟုဆိုကာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ထွက်သွားတော့သည်။

အဘွားကြီးကျောက် အပြင်သို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန် လီချန်ရွှမ်းကို တွေ့လိုက်ရ၏။

လီချန်ရွှမ်းသည် အဘွားကြီးကျောက်ကို မမြင်ပေ။ သူသည်ခပ်သွက်သွက် လျှောက်သွားပြီး အကွေ့ကို ပတ်ကာ ဂိုဒေါင်အသေးလေးဆီသို့ ဦးတည်သွားသည်။

ထိုဂိုဒေါင်အသေးလေးမှာ ထောက်ပံ့ပို့ဆောင်ရေးဂိုဒေါင်ဖြစ်ပြီး ၎င်းကိုထမင်းစားဆောင်မှ လုပ်ထားသည့် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များနှင့် မုန်ညင်းချဉ် အိုးကြီးများကို သိမ်းဆည်းရန် အဓိက အသုံးပြုခြင်းဖြစ်၏။

ဆောင်းတွင်းဆိုလျှင်လည်း မုန်ညင်းချဉ်များကို ဤနေရာတွင် သိမ်းဆည်းတတ်သည်။ ဂိုဒေါင်တစ်ခု ဖြစ်သော်လည်း အချဉ်နံ့သည် အလွန်ပြင်းထန်လှသဖြင့် ပုံမှန်အားဖြင့် မည်သူမှ ထိုနေရာသို့ မလာကြပေ။

ဂိုဒေါင်ကိုလည်း အမြဲတမ်း သော့ခတ်ထားလေ့ရှိသဖြင့် လူသူ အလာနည်း၏။

အဘွားကြီးကျောက် လီချန်ရွှမ်းကို သံသယဖြင့် စိုက်ကြည့်လိုက်မိသည်။

ဒီကောင် ဘာလုပ်မလို့လဲ.. အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ခိုးမလို့လား..မဖြစ်နိုင်တာ..

"မဖြစ်နိုင်ပါဘူး၊ မဖြစ်နိုင်ပါဘူး..."

အဘွားကြီးကျောက် တိတ်တိတ်လေး နောက်ယောင်ခံ လိုက်သွားရန် ပြင်လိုက်သော်လည်း မထွက်ခွာမီမှာပင် အခြားတစ်ဖက်မှ လာနေသော လျှိုကျင့်ကို တွေ့လိုက်ရပြန်သည်။ အဘွားကြီးကျောက်သည် ချက်ချင်းပင် ထောင့်ချိုးတစ်ခုတွင် ပုန်းကွယ်လိုက်ပြီး လျှိုကျင့် ပတ်လျှောက်သွားသည်ကို စောင့်ကြည့်ကာ နောက်မှ ခပ်ခွာခွာ လိုက်သွားခဲ့၏။

သူမသည် ခြေဖွနင်းကာ တံခါးဝသို့ ရောက်သွားချိန် သော့သည် ပွင့်နေပြီးသားဖြစ်ပြီး အတွင်းထဲမှ "ပြွတ်စ်... ပြွတ်စ်" ဟု စုပ်ယူနေသည့် အသံများကို ကြားလိုက်ရသည်...။

ဟဲ့ သောက်ကျိုးနည်း…

အဘွားကြီးကျောက် မျက်လုံးပြူးသွားမိ၏။

ဒီ အရှက်မရှိတဲ့ လူယုတ်မာ နှစ်ယောက်.. ထွီ.. ဘာတွေ လုပ်နေကြတာလဲ…

အဘွားကြီးကျောက် တံခါးဝတွင် နားကပ်၍ နားထောင်လိုက်ရာ အတွင်းထဲမှ အဝတ်အစားများ တရှတ်ရှတ် ပွတ်မြည်သံကို ချက်ချင်း ကြားလိုက်ရသည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် လင်သေဆုံးခဲ့ရသူ ဖြစ်သော်လည်း ဤအသက်အရွယ်၌ မမြင်ဖူးမကြားဖူးသည် အဘယ်မှာ ရှိမည်နည်း။ သူတို့နှစ်ဦး အဘယ်ပြဿနာ ရှာနေကြသည်ကို သူမအနေဖြင့် လျှောက်တွေးနေစရာပင် မလိုချေ။

ဒါက တကယ့်ကို အရေးကြီးတဲ့ ကိစ္စကြီးပဲ….

အဘွားကြီးကျောက် တွေးရင်း နှုတ်ခမ်းကို စူကာ အတွင်းမှ ထွက်ပေါ်လာသော အသံများကို အာရုံစိုက် နားထောင်နေမိ၏။

အတွင်းထဲတွင် လီချန်ရွှမ်းနှင့် လျှိုကျင့်တို့သည် အသက်ရှူသံပြင်းပြင်းဖြင့် အသံမျိုးစုံ ချက်ချင်း စတင်ပြုလုပ်လာကြသည်။

အဘွားကြီးကျောက် ပို၍ သေသေချာချာ ကြားရအောင် နားကို ပိုကပ်လိုက်မည့်ဆဲဆဲမှာပင်~~ အို... ပြီးသွားပြီ။

ဟဲ့…

အဘွားကြီးကျောက် ဆွံ့အသွားရသည်။

ဒီဘက်ခေတ် ယောက်ျားတွေ ဘာဖြစ်ကုန်ကြတာလဲ… အားလုံးက ဒီလိုချည်းပဲကို၊ ဒါကိုတောင် တခြားစိတ်ကူးတွေ ယဉ်ချင်သေးတယ်ပေါ့လေ...

တကယ့်ကို ရယ်စရာပဲ...

အဘွားကြီးကျောက် အလွန် နှာခေါင်းရှုံ့မိ၏။ သူမနှင့် သူမလင်သား ငယ်စဉ် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ဤသည်မှာ ဘာမှမဟုတ်ပေ။

လီချန်ရွှမ်းတစ်ယောက် ဒီလောက်နှစ်အကြာကြီး ကလေးမရခဲ့တာ မဆန်းတော့ပါဘူး..

အဘွားကြီးကျောက်အဖို့မူ..

ရွံစရာ၊ ရွံစရာ၊ တကယ့်ကို ရွံစရာကြီးပဲ...

ဒုံးပျံတစ်စင်း ပျံတက်သွားသကဲ့သို့ မျက်စိတစ်မှိတ်အတွင်းမှာတင် ကိစ္စပြီးဆုံးသွားခဲ့သည်။

လျှိုကျင့်မှာ စိတ်တိုင်းမကျသေးသော်လည်း စကားအပြောအဆို တော်ရှာ၏။ သူမသည် လေသံအေးအေး၊ ညင်ညင်သာသာလေးဖြင့်

"အစ်ကိုလီ... အစ်ကိုက တကယ်ကို တော်တာပဲနော်"

လီချန်ရွှမ်း ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"မင်းသိတဲ့အတိုင်းပဲ၊ ငါက ဘယ်တုန်းကမဆို ဒီလိုပဲ တော်ပြီးသားပါ"

ချောင်းနားထောင်နေသည့် အဘွားကြီးကျောက်မှာမူ အပြောရခက်လောက်အောင် ဆွံ့အသွားရ၏။

လေကြီးလိုက်တာမှ လွန်ရော… ကိုယ်မစားနိုင်တဲ့ အဆီကို လာပြီး အလကား လေပန်းနေတာ ဝမ်းလျှောမှာ မကြောက်ဘူးလား…

ဂိုဒေါင်ထဲတွင် စားပွဲ သို့မဟုတ် ကုလားထိုင် မရှိသဖြင့် သူတို့နှစ်ဦးသည် ကြမ်းပြင်ပေါ်တွင်သာ ထိုင်နေကြခြင်း ဖြစ်သည်။ လီချန်ရွှမ်း၏ အပေါ်အင်္ကျီကို ကြမ်းပြင်ပေါ်တွင် ခင်းထားပြီး သူတို့နှစ်ဦးသည် အဝတ်ပေါ်တွင် ထိုင်ကာ နံရံကို မှီထားကြ၏။ လျှိုကျင့်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး

"အစ်ကိုလီ... ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ"

"ဘာ..."

လီချန်ရွှမ်း ချက်ချင်း ခါးကို မတ်ခနဲ ထိုင်လိုက်မိသည်။

လျှိုကျင့် တိုးတိုးလေး ထပ်ပြောကာ

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ"

သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာကာ

"ကျွန်မ ဘာလုပ်ရမလဲ၊ ကလေးကို မွေးရမလား၊ ဒါပေမဲ့... ဒါပေမဲ့ ဒါက ကျွန်မလင်သားအပေါ် မတရားရာ ကျလိမ့်မယ်"

လီချန်ရွှမ်းသည် စိတ်လှုပ်ရှားစွာဖြင့် လျှိုကျင့်၏ လက်ကို ဖမ်းဆုပ်လိုက်ပြီး

"ဒါ ငါ့ကလေးလား.. ငါ့ကလေးလား.. ငါ့ကို အမှန်အတိုင်းပြောပါ၊ မလိမ်ပါနဲ့နော်"

လျှိုကျင့် သူ့ကို အတင်း တွန်းထုတ်လိုက်ပြီး

"ဖယ်စမ်း၊ ထွက်သွားစမ်း... အစ်ကိုက ကျွန်မကို သံသယဝင်တယ်ပေါ့လေ... ဘယ်လိုဖြစ်ပြီး သံသယဝင်ရတာလဲ၊ အစ်ကို ကျွန်မကို အရမ်း နာကျင်စေတယ်..."

ထို့နောက် ပြောရင်း ရှိုက်ကြီးတငင် ငိုတော့သည်။

အပြင်ဘက်မှ အခြေအနေကို နားထောင်နေသည့် အဘွားကြီးကျောက်သည် စိတ်ထဲမှ

‘နင် လက်ချောင်းလေးတွေ ချိုးပြီး (ရက်တွက်ပြီး) စီစဉ်နေတာကို ငါသာ ကိုယ်တိုင် မကြားခဲ့ရင် နင့်

စကားကို ယုံမိမှာပဲ.. နင့်ကန်ထဲက ငါးတွေနဲ့တင် ငါးဟင်းပွဲတစ်ပွဲလုံး လုပ်လို့ရနေပြီဟာကို၊ အခုထိ ဟန်ဆောင်နေတုန်းပဲ...’

သူမ တွေးကာ နှာခေါင်းရှုံ့လိုက်သော်လည်း တံခါးဝတွင် ပို၍ အာရုံစိုက်ကာ ဆက်လက် နားထောင်နေမိ၏။

လီချန်ရွှမ်းခမျာ "မငိုပါနဲ့၊ မငိုပါနဲ့တော့" ဟု ချော့နေရှာသည်။

လျှိုကျင့် : "အစ်ကိုက ကျွန်မကို စွပ်စွဲတာလေ... ကျွန်မကို မတရား စွပ်စွဲတာ... အစ်ကို ကျွန်မအပေါ် စိတ်မပါမှန်း ငါသိနေသားပဲ"

"မင်းက ငါ့ကို ဘယ်လိုဖြစ်ပြီး အဲဒီလို တွေးရတာလဲ..."

လီချန်ရွှမ်း ထိခိုက်ဟန်ဖြင့် အလန့်တကြား မေးရာ

လျှိုကျင့်မှာ

"မတွေးလို့ ဘာတွေးရဦးမှာလဲ။ ကျွန်မ အစ်ကို့အပေါ် ဘယ်လောက် စိတ်ရင်းရှိလဲဆိုတာ အစ်ကိုသိရက်သားနဲ့ ကျွန်မကို ဒီလို ဆက်ဆံတာပဲ၊ ကျွန်မ မတွေးဘဲ နေမလား"

"မဟုတ်ပါဘူး..."

လျှိုကျင့် ဆက်၍ ဆိုလိုက်၏။

"ကျွန်မလင်သားက ပန်းသေပန်းညှိုးရောဂါ ဖြစ်နေတာ အစ်ကိုလည်း သိတာပဲ၊ ကျွန်မတို့ အတူမနေဖြစ်တာ နှစ်ပေါင်းများစွာ ရှိနေပြီလေ"

ချောင်းနားထောင်နေသည့် အဘွားကြီးကျောက် : "..."

လိမ်လိုက်တာမှ လွန်ရော...

လျှိုကျင့် : "ကျွန်မ ကျန်းရှင်းဖှနဲ့ ပတ်သက်မှုတချို့ ရှိခဲ့တာကို ဝန်ခံပါတယ်၊ ဒါပေမဲ့... ဒါပေမဲ့ ဒါက ကျွန်မ ရွေးချယ်ခွင့်ရှိလို့လား။ ကျွန်မလင်သားက အဲဒီလို ဖြစ်နေတာလေ၊ ပြီးတော့ ကျွန်မကပဲ မိသားစုကို လုပ်ကျွေးနေရတာ၊ ကျွန်မအတွက် တကယ်ကို ရုန်းကန်ရခက်ခဲလွန်းပါတယ်.. ဒါပေမဲ့ ကျွန်မ ကြိုးစားပြီး အောင့်အီးသည်းခံခဲ့သေးတာပဲ.. တကယ်လို့ လှည့်စားခြင်းမခံခဲ့ရဘူးဆိုရင် ကျွန်မ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်ပါစေ ခံနိုင်ရည် ရှိပါတယ်၊ ကျွန်မက ဆင်းရဲဒုက္ခကို မခံနိုင်တဲ့လူစားမျိုး မဟုတ်ပါဘူး.. ကျွန်မလင်သားကိုယ်တိုင်က ကျွန်မကို အရက်တိုက်ပြီး မူးအောင်လုပ်ကာ ကျန်းရှင်းဖှဆီ အပ်ခဲ့တာလေ.. ဘာပဲဖြစ်ဖြစ် အခြေအနေက အဲဒီလို ဖြစ်ပျက်သွားခဲ့ပြီးပြီ၊ နောက်ပိုင်းကျတော့... နောက်ပိုင်းကျတော့ ကျွန်မလည်း လက်လျှော့လိုက်ရတော့တာပေါ့၊ ကျွန်မရဲ့ ဘဝကတော့ တစ်သက်လုံး ဒီလိုပဲ ပြီးဆုံးသွားတော့မှာပဲလို့ တွေးခဲ့တာ၊ ဒါပေမဲ့ အစ်ကိုနဲ့ ဆုံရလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး၊ ကျွန်မ အစ်ကို့ကို တကယ်ချစ်တာပါ... အီးဟီး... အစ်ကိုက ကျွန်မကို သံသယဝင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကျွန်မ အစ်ကိုနဲ့ တွဲကတည်းက သူနဲ့ လုံးဝ ပြန်မပတ်သက်တော့ပါဘူး"

လီချန်ရွှမ်း ချော့မော့ကာ

"မငိုပါနဲ့တော့.. ငါက မင်းကို မယုံလို့ မဟုတ်ပါဘူး။ မင်းအပေါ် ထားတဲ့ ငါ့ရဲ့စိတ်ကို မင်းလည်း သိရမှာပေါ့"

ချောင်းနားထောင်နေသည့် အဘွားကြီးကျောက်မှာမူ အပြောရခက်လောက်အောင် ဆွံ့အသွားရသည်။

တကယ်ကြီးလား… ငါကတော့ လုံးဝမယုံဘူး... စောစောတုန်းက နင်တို့နှစ်ယောက် ကဲနေကြတုန်းကတော့ မကျေမနပ်ဖြစ်နေတဲ့ပုံစံမျိုး တစ်စက်မှ မတွေ့မိပါဘူးနော်…

လျှိုကျင့် ရှိုက်ကြီးတငင်ဖြင့် ငိုယို၍

"အစ်ကိုနဲ့ ကျန်းရှင်းဖှက တစ်ဝင်းတည်းမှာ အတူနေကြတာပဲ၊ တစ်ယောက်ရဲ့ သွားလာလှုပ်ရှားမှုကို တစ်ယောက် သိနေတာပဲဥစ္စာ… ကျွန်မတို့ မပတ်သက်တာ ကြာလှပြီဥစ္စာကို၊ အစ်ကို ကျွန်မကို မယုံဘူးလား"

လီချန်ရွှမ်းသည် သူမစကားကို ယုံသွားခဲ့၏။

အင်း… သူလို အသက်အရွယ် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ အကွက်ကို မမြင်ဘဲ နေမလား…

ထို့အပြင် သူ့နာမည်သည် ကျေးလက်ဆန်ဆန် ဖြစ်နေသော်လည်း သူ့ရုပ်ရည်မှာ မဆိုးလှချေ၊ မဟုတ်လျှင်မူ သူဌေးသမီးနှင့် အိမ်ထောင်ပြုပြီး အိမ်ပါသမက်အဖြစ် ဝင်နေနိုင်စရာ အကြောင်းမရှိပေ။ ယနေ့ခေတ်တွင် ဇနီးသည်အိမ်တွင် လိုက်နေမည့် ယောက်ျားများအနေဖြင့် ရုပ်ရည်အနည်းငယ် "သန့်ပြန့်" ဖို့ လိုအပ်သည်သာ…မဟုတ်လျှင် မည်သူက ရွေးချယ်ပါမည်နည်း။

ရုပ်ကဆိုးသေး… ပညာကမတတ်.. ဆင်းရဲမွဲတေနေရင်တော့ ဘယ်သူကရွေးမလဲနော်… အနည်ဆုံးတော့ ရုပ်ခံလေးရှိရမှာပေါ့…

လင်စန်းရှင်း သူ့အပေါ် အလွန်အမင်း စိတ်ရောကိုယ်ပါ ပုံအပ်ထားသဖြင့် လီချန်ရွှမ်းမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများသည် ဒီရေအလား တရှိန်ထိုး တက်နေလေသည်။

"မငိုပါနဲ့တော့၊ မင်း ဘာတွေးနေလဲဆိုတာ ငါသိပါတယ်”

"အစ်ကို မသိပါဘူး၊ ဖယ်စမ်းပါ၊ အစ်ကို ကျွန်မကို လုံးဝ မယုံဘူး”

လီချန်ရွှမ်း : "ယုံပါတယ်၊ ငါ တကယ်ယုံပါတယ်၊ မင်းကို ငါက ဘာလို့မယုံဘဲ နေရမှာလဲ"

လျှိုကျင့်ပြောသည့် အချက်တစ်ခုမှာ မှန်ကန်လှသည်။ သူနှင့် ကျန်းရှင်းဖှသည် အိမ်ရာဝင်းတစ်ခုတည်း အတူနေကြသဖြင့် ကျန်းရှင်းဖှအကြောင်းကို သူ အနည်းနှင့်အများ သိထားသည်။ ကျန်းရှင်းဖှသည် မကြာသေးမီ ကာလအတွင်း ကံဇာတာ အလွန်ညံ့နေခဲ့ပြီး၊ ဒဏ်ရာရကာ ဆေးရုံသို့ အကြိမ်ကြိမ် တက်ခဲ့ရသဖြင့် လျှိုကျင့်ဆီသို့ သွားတွေ့ရန် ခွန်အားရှိလိမ့်မည် မဟုတ်ပေ။

သူသည် လျှိုကျင့်၏ ကျောပြင်ကို ပုတ်ပေးရင်း

"မငိုပါနဲ့တော့… ငါ မင်းကလွဲလို့ ဘယ်သူ့ကိုမှ မယုံဘူး၊ မင်းအပေါ် ငါ ဘယ်လောက် ဂရုစိုက်လဲဆိုတာ မင်း မသိဘူးလား…အခု ကိုယ်ဝန်ရှိတာ ဘယ်နှလ ရှိပြီလဲ"

"နှစ်လတောင် မပြည့်သေးဘူး..."

လျှိုကျင့် ပြန်ဖြေကာ သူမ၏ နှုတ်ခမ်းကို ကိုက်၍ ငိုပြပြန်လေသည်။

"ကျွန်မမှာ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ..."

သူမ ရှိုက်ငိုရင်း

"ပြီးခဲ့တဲ့အပတ်က ကျန်းရှင်းဖှ ကျွန်မအိမ်ကို လာတုန်းက ကျွန်မ သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး.. ကျွန်မလင်သားကိုပဲ သူ့ဘာသာ ရှင်းခိုင်းလိုက်တာ၊ ကျွန်မ အစ်ကို့ကို ချစ်မိသွားကတည်းက တခြားဘယ်သူ့ကိုမှ စိတ်မဝင်စားတော့ဘူး၊ အစ်ကိုက ကျွန်မကို သံသယဝင်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး… ကျွန်မ ဝမ်းနည်းရတယ်.. နာကျင်ရတယ်.. ကြေကွဲရတယ်.. ဒီကလေးကိုလည်း မလိုချင်တော့ဘူး၊ ပြီးတော့ ကျွန်မကိုလည်း လာမရှာပါနဲ့တော့... အီးဟီး”

လျှိုကျင့်သည် ထရပ်ကာ နံရံကို ခေါင်းနှင့် ပြေးဆောင့်ရန် ပြင်လိုက်သဖြင့် လီချန်ရွှမ်း ချက်ချင်းပင် ဆွဲတားလိုက်ပြီး ~~ "မလုပ်နဲ့လေ..." ဟု အလန့်တကြား တားမြစ်၏။

သူသည် အသည်းအသန် ချော့မော့ရင်း

"ငါ ယုံပါတယ်၊ မင်းကို ငါက ဘယ်လိုလုပ် မယုံဘဲ နေမလဲ"

ပြောရင်းဖြင့် သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားလာကာ အော်ဟစ်လေတော့သည်။

"မင်းရဲ့ ဗိုက်ထဲမှာ ငါ့သားလေး ရှိနေတာလေ၊ ငါ့ရဲ့ သားလေးကို ဒီလိုမျိုး အဖြစ်မခံနိုင်ဘူး”

"ဖယ်စမ်းပါ... ဒီကလေးက အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး..."

ထိုသို့ဖြင့် သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ဆွဲလားငင်လား လုပ်ရင်း ပြန်လည် ချစ်ကြည်နူး တစ်တီတူးသွားကြပြန်၏။

အပြင်ဘက်မှ အခြေအနေကို နားထောင်နေသည့် အဘွားကြီးကျောက်မှာမူ သွားကျိန်းလုမတတ်ပင် ခံစားလိုက်ရသည်။ ရန်ပွဲပေါင်းစုံ ကြုံဖူးသည့် အဘွားကြီးတစ်ဦးအနေဖြင့် ဤကဲ့သို့သော ဟန်ဆောင်ပန်ဆောင် စကားလုံးများကို တစ်လုံးမှ မယုံကြည်ချေ။ အသံကို နားထောင်ရုံတင်နှင့်တင် ‘ဒါတွေအားလုံးက အကွက်တွေ’ မှန်း သူမ သိသာလှသည်။ သို့သော်လည်း အချို့လူအများမှာ ယုံကြသည် မဟုတ်လော့။

တကယ့်ကို စိတ်ရင်းအတိုင်း ယုံကြည်သွားကြခြင်း ဖြစ်သည်။

အဘွားကြီးကျောက်သည် အကြာကြီး အာရုံစိုက်ကာ ဆက်လက်နားထောင်နေခဲ့ပြီး နောက်ဆုံးတွင် လီချန်ရွှမ်း တစ်ယောက် စိတ်ငြိမ်သွားသည်ကို တွေ့လိုက်ရ၏။

လျှိုကျင့် : "ကျွန်မ ဘာလုပ်ရမလဲ... ကျွန်မလင်သားက ကျွန်မကို လွှတ်ပေးမှာမဟုတ်ဘူး၊ ကျွန်မ တခြားယောက်ျားရဲ့ ကလေးကို ယူတာကို သူ လုံးဝ ခွင့်ပြုမှာမဟုတ်ဘူး… သူ ကျွန်မကို ရိုက်သတ်လိမ့်မယ်၊ ဒီကလေးကို ကျွန်မတို့ မယူဘဲ နေလိုက်တာက ပိုကောင်းမလားမသိဘူး"

"မဖြစ်ဘူး.. ဒါ ငါ့ရဲ့ သားလေးပဲ၊ ငါ လုံးဝ အဆုံးရှုံးမခံနိုင်ဘူး၊ ငါ သားတစ်ယောက်ရဖို့ ဘယ်လောက်တောင် တောင့်တခဲ့ရလဲဆိုတာ မင်းသိလား.. မဖြစ်ဘူး၊ လုံးဝ မဖြစ်ဘူး.. ကလေးကို မွေးပေးရမယ်"

လီချန်ရွှမ်း ပြတ်ပြတ်သားသား ဆိုလေ၏။

"ဒါပေမဲ့... သူက သဘောတူမှာ မဟုတ်ဘူးလေ၊ သဘောတူရင်တောင်မှ အဆမတန် တောင်းဆိုလိမ့်မယ်… ကျွန်မ အစ်ကို့ကို ဘယ်လိုလုပ် ခွဲနိုင်မှာလဲ"

လျှိုကျင့် ညည်းတွားလိုက်သည်။

"မင်း ကလေးကို မွေးကိုမွေးရမယ်၊ သူ ဘယ်လောက်ပဲ အဆမတန် တောင်းဆိုတောင်းဆို... အဲဒီ တောင်းဆိုမှုကို သဘောတူရမှာပဲ၊ ဒါ ငါ့သားလေး၊ ငါ့ရဲ့ သားလေးကွ..."

လီချန်ရွှမ်း တစ်ယောက် အလွန်အမင်း စိတ်လှုပ်ရှား လာတော့သည်။

သားတစ်ယောက်ရဖို့ သူ ဘယ်လောက်တောင် မျှော်လင့်ခဲ့ရလဲဆိုတာ ဘုရားသခင်ပဲ သိပါလိမ့်မယ်…

ဘုရားသခင်က တကယ်ကို မျက်စိရှိတာပဲ...

အဘွားကြီးကျောက် : "..."

နောက်ထပ် ခေါင်းပေါ် ဂျိုပေါက်တဲ့ ကိစ္စ တစ်ခုပေါ့လေ… သူလည်း မြက်စားနေတဲ့ စိမ်းစိမ်းလေး အဖွဲ့ဝင်ပါပဲ…

ရာသီဥတုက အေးတောင်မအေးသေးဘူး၊ ဒီလူတွေကတော့ ဂျိုကိုယ်စီနဲ့ အစိမ်းရောင်ဦးထုပ်တွေကို အရူးအမူး ဆောင်းနေကြတာပဲ… ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ရတာဖို့ တကယ် သိကြတာပဲ…

သား၊ သားတဲ့... ဗိုက်ထဲမှာ နှစ်လပဲ ရှိသေးတာ၊ သားလား သမီးလားဆိုတာ သူတို့ ဘယ်လိုလုပ် သိမှာလဲ…

အဘွားကြီးကျောက်သည် ဂိုဒေါင်ထဲမှ တီးတိုးပြောနေကြသော လူနှစ်ယောက်၏ စကားကို နားထောင်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ သူမ သက်ပြင်းချမိကာ~~

"သူတို့မှာ ကလေးတွေလည်း ရှိနေပြီသားနဲ့၊ ဒါတောင် ဒီလိုမျိုး လုပ်ရဲကြသေးတာလား၊ ဘယ်လောက်တောင် ချစ်နေကြလို့လဲ.. ဘယ်လို လူစားတွေလဲမသိဘူး......"

အဘွားကြီးကျောက် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်မိပြီး တကယ်ကို နားမလည်နိုင်တော့ပေ။

လုံးဝကို နားလည်ရခက်လှ၏။

"မင်း ဒီကလေးကို မဖြစ်ဖြစ်အောင် မွေးရမယ်… မင်းရဲ့ယောက်ျားကို သေသေချာချာ ပြောပြလိုက်၊ ပိုက်ဆံကုန်မယ်ဆိုရင်တောင် ငါ သူ့အတွက် စုပေးမယ်… ပိုက်ဆံဘယ်လောက်ပဲ ကုန်ကုန်၊ ကလေးကိုတော့ လုံးဝ ဖျက်ချလို့မဖြစ်ဘူး၊ ဒါက မင်းအပေါ် မတရားဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ဒါက ငါ့အပေါ်ထားတဲ့ မင်းရဲ့အချစ် သက်သေပဲ၊ ပြီးတော့ ငါတို့မိသားစုရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်တယ်။ ငါ သားတစ်ယောက် ဘယ်လောက်လိုချင်လဲဆိုတာ မင်းသိမှာပါ၊ ဒီသားလေးကိုတော့ အဆုံးရှုံးမခံနိုင်ဘူး"

"ငါ ကွာရှင်းလို့မရဘူး… ငါက ငါ့မိန်းမရဲ့အလုပ်ကို ဆက်ခံထားရတာ၊ ငါသာ ကွာရှင်းလိုက်ရင် နောက်ဆို လူတောတိုးရဲတော့မှာ မဟုတ်ဘူး.. လူတွေရဲ့ ကဲ့ရဲ့ရှုတ်ချတဲ့စကားကြားနစ်ပြီး သေသွားလိမ့်မယ်.. မင်း ငါ့ကို ခွင့်လွှတ်ပေးရမယ်.. ငါတို့ တိတ်တိတ်လေး တွေ့ကြတာပေါ့၊ တိတ်တိတ်လေး တွေ့ကြမယ်၊ ဟုတ်ပြီလား… စစ်မှန်တဲ့အချစ်က အချိန်နဲ့ နေရာဒေသကို ကျော်လွန်နိုင်ပါတယ်.. မင်းအပေါ်ထားတဲ့ ငါ့နှလုံးသားက နေ့ခင်းရဲ့ နေအလင်းရောင်လို ထင်ရှားပါတယ်၊ မင်းကို လက်မထပ်နိုင်ပေမဲ့ မပူပါနဲ့၊ ကလေးရဲ့ အာဟာရအတွက် ငါ တာဝန်ယူပါ့မယ်။ မင်းကို အပင်ပန်းမခံစေရပါဘူး”

"မင်း ဗိုက်သိသိသာသာ ထွက်လာတဲ့အခါကျရင် ငါ့မိန်းမကို မင်းအိမ်ကိုလွှတ်ပြီး ပြုစုခိုင်းလိုက်မယ်… ငါ့သမီးလည်း အဆင်ပြေပါတယ်၊ သူတို့နှစ်ယောက်လုံးက လုပ်ရည်ကိုင်ရည် ရှိကြတယ်၊ မင်းကလေးမွေးပြီးရင် သူတို့ မင်းကို မီးဝင်မီးထွက် ပြုစုပေးနိုင်တယ်"

"ငါ ကလေးမမွေးစားနိုင်ဘူး.. ကလေးမွေးစားရင် အဲဒီကလေးက အထင်လွဲသွားနိုင်တယ်၊ ငါ လီချန်ရွှမ်းမှာ အရည်အချင်းရှိတဲ့ သားအရင်းတစ်ယောက် ရှိကိုရှိရမယ်၊ မဟုတ်ရင် ငါ ဘယ်တော့မှ ခေါင်းမော့နိုင်မှာ မဟုတ်ဘူး၊ ဒီလိုလုပ်မယ်... ငါ့မိန်းမကို ကိုယ်ဝန်ဆောင်ချင်ယောင် ဆောင်ခိုင်းလိုက်မယ်… မင်း ကလေးမွေးတဲ့အခါကျရင် ငါ့မိန်းမမွေးတယ်လို့ပဲ ပြောလိုက်မယ်.. အိမ်မှာပဲ မွေးကြပြီး ကလေးချင်း လဲလိုက်မယ်၊ မင်းရဲ့ကလေးကိုတော့ မွေးမွေးချင်း သေသွားတယ်လို့ ပြောလိုက်ပေါ့၊ ပြီးရင် သူ့ကို ငါတို့အိမ်ကို တိတ်တိတ်လေး ခေါ်လာခဲ့မယ်.. ဒီကလေးကို ငါပဲ ပျိုးထောင်မယ်..."

"ဒါက မင်းအပေါ် မတရားဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ကလေးကြီးလာတဲ့အခါကျရင် ငါ သူ့ကို အမှန်တရား အကုန်ပြောပြမှာပါ.. မင်းက သူ့ရဲ့ အမေအရင်းဆိုတာကို သိအောင် လုပ်ပေးပါ့မယ်၊ အခုလောလောဆယ်တော့ ဒါလေးကို သည်းခံပေးပါနော်၊ ဟုတ်ပြီလား"

လျှိုကျင့် ရှိုက်ကြီးတငင် ငိုရင်း

"ရှင်ပြောသမျှ အကုန်လုံးကို ကျွန်မ နာခံပါ့မယ်"

အဘွားကြီးကျောက် : "..."

တောက်... ငါတော့ အကုန် မြင်ဖူးသွားပြီ...

သူမ သက်တမ်းတစ်လျှောက် နေလာတာ၊ မြင်ဖူးသမျှ အရာတွေ အများကြီးပဲ၊ ဒါပေမဲ့ အဆုံးမရှိ ပေါ်လာတတ်တဲ့ ဒီလို အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်တွေကြောင့် ထပ်ပြီး တုန်လှုပ်ရပြန်ပြီ...

တကယ်ပါပဲ၊ နင်တို့နှစ်ယောက်ကတော့ တကယ့်ကို မျက်စိပွင့်နားပွင့် ဖြစ်စေတာပဲ…

ဓားနဲ့ ဖင်ကို အထိုးခံရသလိုမျိုးပဲ၊ တကယ့်ကို အံ့သြမှင်သက်စရာ...

ဘာမှမမေးနဲ့၊ အံ့သြသွားတာပဲ သိတယ်...

အဘွားကြီးကျောက် : ‘ဒါက တကယ့်ကို လွန်လွန်းလှတယ်...’

"ရှင့်အမျိုးသမီးက ရှင့်ကို အပြစ်တင်မလားဟင်... ကျွန်မ... ကျွန်မ ရှင့်တို့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့လို့..."

"မရှိပါဘူး၊ သူက အလိုက်သိတတ်ပြီး ငါ့အပေါ် သစ္စာရှိပါတယ်၊ ငါ ကလေးဘယ်လောက် လိုချင်နေလဲဆိုတာ သူသိတာပဲ"

ဤစကားကို ကြားသောအခါ လျှိုကျင့် ခေတ္တမျှ ဆွံ့အသွားပြီးနောက် အားနည်းစွာဖြင့် ပြန်လည် ရှိုက်ငိုကာ

"ကျွန်မ ရှင့်စကားကို နားထောင်ပါ့မယ်"

"ဒီပိုက်ဆံကို ယူထားလိုက်၊ ကိုယ့်ကိုယ်ကိုယ် အာဟာရဖြစ်အောင် အစားအသောက်တွေ ဝယ်စား.. ဒီညကျရင် ငါ မင်းတို့အိမ်ကိုလာပြီး မင်းယောက်ျားနဲ့ ကလေးအကြောင်း သွားပြောလိုက်မယ်"

"ဟုတ်ကဲ့... ကျွန်မ အားကိုးစရာဆိုလို့ ရှင်တစ်ယောက်ပဲ ရှိတာ..."

ထိုလူနှစ်ယောက်သည် ခေတ္တမျှ တီးတိုးပြောဆိုပြီးနောက်၊ ပြင်းပြင်းထန်ထန် အသက်ရှူသံများနှင့်အတူ တစ်ကျော့ပြန် ပြန်လည် စတင်ကြပြန်၏။

အဘွားကြီးကျောက် : "..."

နင်တို့နှစ်ယောက်ကတော့

အတိုင်းအထက်အလွန်တွေ ဖြစ်နေကြပြီလား...

ကိုယ်ဝန်ရှိနေတာတောင် ဒါကို မမေ့နိုင်ကြသေးဘူးလား...

နင်တို့နှစ်ယောက်ကတော့ တကယ်ကို လိုအင်ဆန္ဒတွေ ပြင်းပြနေကြတာပဲ...

နောက်ထပ်တစ်ကြိမ် အမောတကော ကိစ္စပြီးမြောက်သွားပြီးနောက်တွင် လီချန်ရွှမ်းသည် နောက်ဆုံး၌ ထကာ အဝတ်အစားများ ပြန်ဝတ်ရင်း ပြောလိုက်သည်။

"ဒါဆို ဒါက အတည်ပဲနော်.. ငါ ထမင်းချက်ဆောင်မှာ လုပ်စရာတွေ အများကြီးရှိသေးလို့ အခု သွားလိုက်ဦးမယ်.. မပူနဲ့၊ အရာရာကို ငါ အကုန် စီစဉ်ပေးမယ်”

လျှိုကျင့် ခေါင်းညိတ်လိုက်ပြီး လေသံပျော့ပျော့ဖြင့်

"အင်း"

"ရှင် အရင်သွားနှင့်လိုက်ပါ ကျွန်မတို့ တယောက်ပြီးတယောက် ခပ်ခွာခွာ ထွက်ကြတာပေါ့၊ မဟုတ်ရင် လူတွေ ရိပ်မိသွားလိမ့်မယ်…ကျွန်မလည်း ခဏနေရင် ထွက်ခဲ့မယ်"

"ကောင်းပြီလေ..."

လီချန်ရွှမ်းသည် ခပ်တိုးတိုး ရယ်မောကာ အပြင်သို့ ထွက်သွားခဲ့ပြီး စိတ်လက်ပေါ့ပါးလန်းဆန်းသွားဟန် ရသည်။ အဘွားကြီးကျောက်သည် အမြန်ပုန်းလိုက်ပြီး လီချန်ရွှမ်းကို ခိုးကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်၏။

အငှားကိုယ်ဝန်ဆောင်တာက ဘယ်အချိန်ပဲဖြစ်ဖြစ် တကယ်ကို အသုံးအဝင်ဆုံးအရာပဲပဲ…

သူ့ရဲ့ စောစောက ကြင်နာယုယပြနေတဲ့ ပုံစံတွေက အရည်ပျော် ပျောက်ကွယ်သွားခဲ့ပြီ… ဘုရားရေ ယောကျာ်းတွေများ…

အဘွားကြီးကျောက် : "........."

လီချန်ရွှမ်းသည် သူ၏ အဝတ်အစားများကို သေသေချာချာ ပြန်ပြင်ဝတ်ပြီးနောက် အမြန် ထွက်ခွာသွားခဲ့သည်။

အဘွားကြီးကျောက်သည် နောက်မှ လိုက်သွားချင်သော်လည်း၊ အထင်လွဲမှုများ မဖြစ်စေရန်အတွက် ခေတ္တမျှ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်၏။

သူမသည် လူမိမခံရအောင် နောက်မှထွက်ရန် ရည်ရွယ်ချက်ဖြင့် ထောင့်တစ်နေရာတွင် ပုန်းနေခဲ့သည်။ ကာယကံရှင်ဖြစ်သူ လျှိုကျင့်ကိုယ်တိုင်ပင် အထင်လွဲမခံချင်၍ သူမအနေဖြင့် ပိုပြီးပင် အပြစ် အဖြစ်မခံနိုင်ပေ။ ခဏအကြာတွင် အဘွားကြီးကျောက်သည် ထွက်ခွာရန် ပြင်ဆင်ပြီး မတ်တတ်ရပ်လိုက်စဉ် လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် အမြန် ပြန်ထိုင်ချလိုက်ရ၏။

ထိုလူသည် ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ဝေ့ဝဲကြည့်ရှုပြီးနောက် ဂိုဒေါင်လေးထဲသို့ ဝင်သွားကာ….

"ရှောင်ကျင့်ရေ~"

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ..."

ထပ်တူညီသော စကားလုံးများ၊ တစ်လုံးမလွဲ တူညီလှသော လေသံဖြင့် ထပ်မံထွက်ပေါ်လာပြန်သည်။ ပုဒ်ဖြတ်ပုဒ်ရပ်တစ်ခုပင် ပြောင်းလဲခြင်း မရှိပေ…

အဘွားကြီးကျောက် : ".................."

နေပါဦး၊ မဟုတ်သေးပါဘူး၊ မဟုတ်သေးဘူးလေ...

နင်တို့ ဘာတွေလုပ်နေကြတာလဲ...... ဘာတွေလုပ်နေကြတာလဲလို့......

အဘွားကြီးကျောက် တစ်ယောက် ဇဝေဇဝါဖြစ်ကာ လုံးဝကို ဆွံ့အမှင်သက်သွားရ၏။

အခုခေတ် လူငယ်တွေက ဒီလောက်တောင် စွမ်းဆောင်နိုင်ကြတာလား...

အဘွားကြီးကျောက် တစ်ယောက် အံ့သြတုန်လှုပ်မှုမှ မရုန်းထွက်နိုင်သေးခင်မှာတင် လျှိုကျင့်သည် ကိုယ်ဝန်ဖျက်ချခ၊ အာဟာရဖြည့်စွက်ခနှင့် အခြားသော အထွေထွေကုန်ကျစရိတ်များကို လက်ခံရရှိပြီး ဖြစ်ကာ၊ ထို့နောက် ထိုလူနှစ်ယောက် စကားစမြည် ပြောဆိုကြပြန်သည်...

အဘွားကြီးကျောက် : "..."

သူမ၏ နှုတ်ခမ်းများ တုန်ရီသွားပြီး လျှိုကျင့် တကယ်ပဲ ကိုယ်ဝန်ရှိနေခြင်း ဟုတ်မဟုတ်ကိုပင် သံသယဝင်လာမိ၏။

တကယ်လို့ ကိုယ်ဝန်ရှိနေတယ်ဆိုရင်တောင် သုံးလတောင်မပြည့်သေးဘူး.. ဒါက စိတ်မချရသေးတဲ့ အခြေအနေပဲလေ… ဒါကို သူက ဒီလောက်တောင် သတ္တိကောင်းနေရသလား...

အဘွားကြီးကျောက် နောက်တစ်ကြိမ် ထပ်မံ အံ့အားသင့်သွားရပြန်သည်။

အမယ်လေး… ငါ ကျောက်တာ့ရာက အားနွဲ့.. ဘာမှမသိ၊ အတွေ့အကြုံနည်းပါးလိုက်တဲ့ သူလေးပါလား.. ဘုရား ဘုရား.. ငါတော်တော် အတွေ့အကြုံနည်းခဲ့တာပါလား..

တကယ့်ကို ဘာမှမသိနားမလည်ရှာသည့်အတွက် အတွင်းထဲမှ လှုပ်ရှားသံများကို အာရုံစိုက်ကာ နားထောင်နေမိစဉ် ထိုလူသည် လျှိုကျင့်ကို အာဟာရစရိတ်အတွက် နောက်ထပ် ယွမ်ငါးဆယ် ပေးဦးမည်ဟု ကတိပေးနေပြန်သည်။

လျှိုကျင်းက ကလေးကို ဖျက်ချလိုက်မယ်တဲ့…

အဘွားကြီးကျောက် : "..."

ဘုရားရေ...

ဒီအခန်းထဲမှာ ခုတင်တောင် မရှိဘူးလေဟယ်...

ကျွီ...

တံခါးပွင့်လာပြီး ထိုအကြံသမားလူသည် ခိုးကြောင်ခိုးဝှက်ဖြင့် သုတ်ခြေတင် ပြေးထွက်သွားတော့သည်။

လျှိုကျင့်သည် သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ဝတ်ဆင်ရင်း နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်၏။

"အသုံးမကျတဲ့လူ၊ ကလေး... ကလေး၊ မင်းက မေမေ့ရဲ့ ကလေးကောင်းလေးပဲ၊ မင်းက အခုမှ ရောက်ကာစရှိသေးတယ်၊ မေမေ့အတွက် ပိုက်ဆံတွေ ရှာပေးနေပြီ.. ငါတို့ မင်းရဲ့ ဦးလေးထျန်းကို ဆက်စောင့်ကြတာပေါ့... ပြောစမ်းပါဦး၊ မင်းရဲ့အဖေက ဘယ်သူလဲ..."

အဘွားကြီးကျောက် : "..."

အော်... နင်ကိုယ်တိုင်လည်း ဘယ်သူ့ကလေးလဲဆိုတာ မသိဘူးပေါ့လေ...

ကဲပါလေ…

လီချန်ရွှမ်းနဲ့ လျှိုကျင့်… သူတို့နှစ်ယောက်လုံးကတော့ တစ်ယောက်ကိုတစ်ယောက် ဘာမှပြောပိုင်ခွင့် မရှိကြပါဘူး… နှစ်ယောက်လုံးက ကိုယ်အလိုရှိရာကို အရယူနေကြတဲ့ သရုပ်ဆောင်ထူးချွန်ဆုရ အနုပညာရှင်ကြီးတွေပဲ...

တစ်ယောက်က အငှားကိုယ်ဝန်ဆောင်စနစ်နဲ့ ကလေးလိုချင်နေတယ်၊ နောက်တစ်ယောက်ကတော့ ကလေးကို အခြားသူတစ်ဦးအပေါ် ပုံချပြီး မွေးမြူခိုင်းဖို့ ကြံစည်နေတယ်...

လေးစားလောက်ပါပေတယ်...

အဘွားကြီးကျောက်သည် မိမိကိုယ်မိမိ တကယ်ပင် ဗဟုသုတ နည်းပါးလှသည်ဟု ခံစားလိုက်ရသည်။

တောက်... ချောင်းနားထောင်လွန်းလို့ ခြေထောက်တွေတောင် ထုံကျင်ကုန်ပြီ၊ အမြန် ထွက်သွားမှဖြစ်တော့မယ်... အာ့...

သူမ အမြန် ပြန်ထိုင်ချလိုက်ရပြန်သည်။

နောက်ထပ် လူတစ်ယောက် ထပ်ပေါ်လာပြန်ပြီ…

အဘွားကြီးကျောက်သည် ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်ရင်း လူတစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်ကို ကြည့်နေမိ၏။

သူမ ဆွံ့အသွားနေရပြီ…

လုံးဝကို ဆွံ့အမှင်သက်နေရလေပြီ… လောကကြီးရေ… အံ့ဩရပါတယ်ရှင်.. အံ့ဩမကုန်နိုင်ရပါလားရှင်..

အဘွားကြီးကျောက် တစ်ယောက် မီးဖိုချောင်သို့ နောက်ဆုံးတွင် ပြန်ရောက်လာသောအခါ စိတ်အနည်းငယ် လွင့်နေမိသည်။ ဤအရာများသည် အဘွားအိုတစ်ဦး၏ လောကအမြင်ကို အလွန်အမင်း တုန်လှုပ်စေခဲ့၏။

သူမ တကယ်ပဲ...

အဘွားကြီးကျောက် : "လောကကြီးက တကယ့်ကို ကျယ်ပြောလှတာပဲ၊ ထူးဆန်းထွေလာမျိုးစုံ ရှိပါလား..."

သေချာတာပေါ့… သူတို့လို သာမန်မိသားစုမျိုးဆိုရင် ဒီလို အတောမသတ်နိုင်တဲ့ အဓိပ္ပာယ်မရှိတဲ့ ကိစ္စရပ်တွေကို နားလည်နိုင်မှာ မဟုတ်ဘူး…

ဒါပေမဲ့ လီချန်ရွှမ်းရဲ့ ပြုံးရွှင်နေတဲ့ မျက်နှာကို မြင်လိုက်ရတော့…

အဘွားကြီးကျောက် : "…"

သူမ လီချန်ရွှမ်း၏ ခေါင်းပေါ်ကို လှမ်းကြည့်လိုက်မိသည်….

ဂျိုလေးနဲ့ စိမ်းလန်းစိုပြည်နေတာပဲ…

ဒါပေမဲ့ လျှိုကျင်းရဲ့ ယောက်ျားကတော့ ပိုပြီးတော့တောင် စိမ်းလန်းနေဦးမှာ သေချာတယ်… ဘာပဲဖြစ်ဖြစ် သူက စိမ်းစိမ်းလေးပဲလေ..

အဘွားကြီးကျောက် : ‘ငါလည်း နားမလည်တော့ဘူး၊ ဒါပေမဲ့ လုံးဝကို အံ့သြမှင်သက်မိတာတော့ အမှန်ပဲ’

"အစ်မကြီးကျောက်၊ ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက်တောင် စိတ်လွင့်နေရတာလဲ... အဆင်ပြေရဲ့လား..."

အဘွားကြီးကျောက် : "အော်၊ ငါ အဆင်ပြေပါတယ်၊ မနေ့ညက အိပ်ရေးမဝလို့ပါ၊ ပြီးတော့ ဒီမနက် စောစောစီးစီး လူတစ်ယောက်ကို လိုက်ရှာနေတာနဲ့တင် မောသွားလို့"

မဆီမဆိုင် ဆင်ခြေတစ်ခု ပေးလိုက်မိသည်။

"ယွမ်ရှောင်ချွေကို ရှာနေတာလား..."

လူတိုင်း စိတ်လှုပ်ရှားသွားကြ၏။

အတင်းအဖျင်းစကားသည် မြန်မြန်ဆန်ဆန် ပျံ့နှံ့တတ်သည်တကား။ သူတို့ အလုပ်လုပ်နေကြဆဲ ဖြစ်သော်လည်း၊ စိတ်လှုပ်ရှားစရာ သတင်းသည် စက်ရုံထဲအထိ ရောက်ရှိနေပြီဖြစ်ရာ လူတိုင်း ထိုအကြောင်းကိုသာ ပြောဆိုနေကြသည်။

ဘာပဲဖြစ်ဖြစ် သူတို့က ပတ်သက်ဆက်နွှယ်နေသူတွေပဲ မဟုတ်လား…

ယွမ်ဟောက်မင်နှင့် ကျောက်ရုံသည် သူတို့စက်ရုံမှာ အလုပ်လုပ်ကြသည်ဖြစ်၍ သတင်းသည် သူတို့ဆီကို ပိုမိုမြန်ဆန်စွာ ရောက်ရှိလာခြင်းမှာ သဘာဝကျလှ၏။

"ယွမ်ရှောင်ချွေ အကြောင်းလား..."

အဘွားကြီးကျောက် မေးလိုက်မိသည်။

"ဟမ်... အော်၊ ဟုတ်သားပဲ..."

သူမ၏ မျက်လုံးများ ဝေ့ဝဲသွားကာ ပြောလိုက်၏။

"ငါ နည်းနည်း စိတ်ပူမိလို့၊ အဲဒါကြောင့် ပြီးခဲ့တဲ့အကြိမ်က ရခဲ့တဲ့ ဆုကြေးလက်မှတ်တွေကို သူမကို ချေးငှားပေးလိုက်တယ်"

"ဟာ... အဲဒီတော့ ကောလာဟလတွေက တကယ်ပဲပေါ့၊ အဒေါ်ကြီးက တကယ်ပဲ ငှားပေးလိုက်တာလား..."

လူတိုင်း အံ့အားသင့်သွားကြသည်။

အဘွားကြီးကျောက်က တကယ်ပဲ ဒီလောက်တောင် ရိုးသားဖြောင့်မတ် ကြင်နာတတ်သူလား…

အဘွားကြီးကျောက်သည် သဘောကောင်းလှသော မျက်နှာပေးဖြင့်

"ကလေးမလေးက ဘာမှမပါဘဲ ကျေးလက်ကို ဆင်းရတော့မှာမလို့ ငါက သနားလို့ ချေးပေးလိုက်တာပါ၊ ပြီးတော့ အဲဒီကလေးမလေး ပြောတာလည်း ယုတ္တိရှိသားပဲလေ.. သူရဲ့ မိသားစုက ပြန်မဆပ်ဘဲ နေမှာမဟုတ်ပါဘူးဆိုပြီး ငါ ချေးလိုက်မိတာ၊ ဒါပေမဲ့ အခုတော့ ငါလည်း နည်းနည်း စိတ်ပူလာပြီ"

"အဒေါ်ကြီးကလည်း... ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အလွယ်တကူ ချေးပေးလိုက်ရတာလဲ... ဘယ်လောက်တောင် ချေးလိုက်လို့လဲ..."

အဘွားကြီးကျောက် : "အပ်ချုပ်စက် လက်မှတ်ကလွဲရင် ကျန်တဲ့ ကူပွန်လက်မှတ်တွေ အကုန်လုံး သူ့ကို ချေးပေးလိုက်တာ။"

"ဟာ..."

အဘွားကြီးကျောက် : "ကလေးမလေး ကျေးလက်ကို သွားဖို့အတွက် လိုအပ်တာတွေ ဝယ်ရအောင်လို့ ငါက စိတ်ကောင်းဝင်ပြီး... အင်း... သူမရဲ့ မိသားစုကလည်း အခြေအနေ ပြည့်စုံတာပဲ၊ ပြန်ဆပ်မှာပါ"

"ဒါကတော့ ပြောရခက်တယ်နော်"

"ဟေ့... တကယ်ပါပဲ၊ အဒေါ်ကြီးက ဒီလောက် လည်တဲ့သူဖြစ်ပြီး ဘယ်လိုဖြစ်လို့ ဒီလောက်တောင် လက်ဖွာသွားရတာလဲ..."

"သူတို့က ဘယ်တော့ ပြန်ဆပ်မှာလဲ... ဒီတစ်ခါတော့ အစ်မကြီး တကယ် အရှုံးပေါ်ပြီ၊ ပြောရဦးမယ်..."

"ဒါတွေက ဘာတွေလဲဟယ်..."

"ငါကတော့ ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့က ကလေးအပေါ် ကောင်းကြတာပဲ၊ ပြန်မဆပ်ဘဲ မနေပါဘူးလို့ တွေးမိလို့ပါ.. ယွမ်ရှောင်ချွေ ထွက်သွားတယ်ဆိုပေမဲ့ သူလည်း ပုန်းနေလို့မှ မရတာ"

"နင်က တုံးလိုက်တာ..."

"ဟုတ်ပါ့... ဒုတိယအိမ်ထောင်နဲ့ မိသားစုတွေထဲမှာ ဘယ်နှစ်ယောက်က တကယ် စိတ်ရင်းရှိကြလို့လဲ..."

လူတိုင်း တစာစာ ပြောဆိုနေကြသော်လည်း လီချန်ရွှမ်းတစ်ယောက်သာ တိတ်ဆိတ်နေခဲ့သည်။

"လီကြီး... နင့်မိသားစုကော ပိုက်ဆံတွေ ဘာတွေ ချေးထားသေးလဲ..."

အာရုံနည်းနည်း လွင့်နေသော လီချန်ရွှမ်းသည် အမြန် သတိပြန်သွင်းကာ

"မရှိပါဘူး၊ ကျွန်တော့်မိန်းမက ဒီလိုကိစ္စမျိုးဆို ကျွန်တော့် စကား နားထောင်ပါတယ်.. ကျွန်တော်က အိမ်ထောင်ဦးစီးပဲလေ၊ အဲဒါကြောင့် သူ ချေးချင်တယ်ဆိုရင်တောင် သူ့လက်ထဲမှာ ပိုက်ဆံ ရှိမှာမဟုတ်ဘူး"

"နင်ကတော့ တကယ့်လူပဲ"

လူတိုင်း အပူတပြင်း ဆွေးနွေးနေကြသည်။

သို့သော်လည်း ဆွေးနွေးငြင်းခုံနေကြသည့်တိုင် အားလုံး သဘောတူကြသည်မှာ…

ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့က ပိုက်ဆံကို တဖြည်းဖြည်းချင်း ပြန်ဆပ်ကြလိမ့်မယ်၊ စောစောနဲ့ နောက်ကျတာပဲ ကွာမယ်…ဒါပေမဲ့ တစ်ခါတည်း အကုန်လုံးတော့ ပြန်ဆပ်နိုင်မှာမဟုတ်ဘူး.. အဲဒါက အရမ်း ဒုက္ခများလိမ့်မယ်…

လူတိုင်းက တီးတိုးပြောဆိုနေကြပြီး အဘွားကြီးကျောက် ကိုယ်တိုင်မှာ သူတို့ကို နည်းနည်းချင်းစီ အရစ်ကျ ပြန်ဆပ်ခိုင်းချင်နေမှန်း မသိကြပေ။

ဟွန်း... အခုတော့ ဘယ်သူက ငါတို့မိသားစုကို စောင့်ကြည့်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့…

ယနေ့ အလုပ်ခွင်သည် ထူးထူးခြားခြား စည်ကားလှ၏။

ယွမ်မိသားစု၏ အတင်းအဖျင်းသတင်းသည် လူတိုင်းကို ရက်အတော်ကြာ အာဟာရဖြစ်စေဖို့ လုံလောက်နေပြီး အလုပ်ဆင်းချိန်အထိ တတွတ်တွတ် ပြောမဆုံး ဖြစ်နေကြသည်။ သို့သော်လည်း အဘွားကြီးကျောက်မှာ အလုပ်ဆင်းဖို့ အချိန်မဆွဲခဲ့ပေ၊ အလုပ်ပြီးသာ်နှင့် ချက်ချင်း ထွက်လာခဲ့၏။

သူတို့တွေ အတင်းပြောလို့ မဝသေးရင်တောင် သူမကတော့ ရပ်ရမယ်..

သူမ အလုပ်ဆင်းတာကို ဘာကမှ တားဆီးလို့မရဘူး..

အဘွားကြီးကျောက်သည် ယွမ်မိသားစု၏ ကမောက်ကမ သတင်းများကို ပိုသိရအောင် အိမ်ကို အမြန်ပြန်ချင်ဇောဖြင့် ခေါင်းကို မော့၊ ခြေလှမ်းကို ကျဲကျဲလှမ်းကာ ထွက်လာခဲ့သည်။

သေချာတာပေါ့၊ သူမ ဒီနေ့ မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ စိတ်လှုပ်ရှားစရာတွေကိုလည်း မျှဝေရဦးမယ်လေ...

တကယ့်ကို ဇာတ်လမ်းပါပဲအေ…

အဘွားကြီးကျောက်သည် အိမ်ကို အမြန်ပြန်လာခဲ့ပြီး လမ်းကြားဝကို ရောက်ခါနီးတွင် မမျှော်လင့်ဘဲ ရင်းနှီးသော မျက်နှာတစ်ခုနှင့် တိုးမိလေသည်။

သူမဆီသို့ လျှောက်လာနေသူများမှာ လီတာ့ရှန်းနှင့် သူ၏ဇနီးတို့ ဖြစ်၏။

အဘွားကြီးကျောက်၏ မျက်နှာ ချက်ချင်း ပျက်သွားလေသည်။

လီတာ့ရှန် : "........."

သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အမြန် ရှေ့သို့ တိုးလာကာ

"ဒေါ်လေးကျောက်၊ ကျွန်တော် မှားသွားပါတယ်... ကျွန်တော်တို့ တောင်းပန်ဖို့ လာတာပါ"

အဘွားကြီးကျောက် : ‘သောက်ကျိုးနည်း ဒါကဘာအကွက်လဲ’

အော်... သူက သူမကို လာရှာတာပေါ့လေ...

အဘွားကြီးကျောက် နှာခေါင်းရှုံ့ကာ "ဖယ်စမ်း" ဟု မောင်းထုတ်လိုက်၏။

ဒီကောင် ဒီနေ့ အလုပ်မသွားဘူးပဲ...

တကယ်တမ်း လီတာ့ရှန်းမှာ အလုပ်သွားခဲ့သည်။ သို့သော် လူအများကြီးနှင့် မတိုးချင်သောကြောင့် အလုပ်မှ နှစ်နာရီစောပြီး ခွင့်ယူကာ ထွက်လာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့်လည်း သူ ပစ္စည်းများကို အမြန်ဝယ်ပြီး ရောက်လာနိုင်ခြင်း ဖြစ်သည်။

အမှန်တွင် သူ သရဲမြင်ချိန်မှစ၍ လီတာ့ရှန်းတစ်ယောက် တောင်းပန်ချင်နေခဲ့၏။ သို့သော် ရန်ပွဲမှ ဒဏ်ရာများ လုံးဝ မပျောက်သေး၍ ညိုမည်းစုတ်ပြတ်နေသော မျက်နှာကြီးဖြင့် မလာချင်ခဲ့ပေ။ ယခု ဒဏ်ရာများ အတော်လေး သက်သာသွားပြီဖြစ်၍ ဇနီးဖြစ်သူကို အမြန် ဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်လုံးသည် မျှော်လင့်ချက်အပြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး

"ဒေါ်လေးကျောက်၊ ကျွန်တော်တို့ မှားသွားပါတယ်၊ တကယ်ကို စိတ်ရင်းမှန်နဲ့ တောင်းပန်ဖို့ လာတာပါ၊ အရင်တုန်းက ကျွန်တော်တို့ လူလို မကျင့်ခဲ့မိပါဘူး..."

သူတို့သည် ခေတ္တရပ်သွားပြီးနောက် လမ်းပေါ်၌ ပြောနေသည်မှာ မကောင်းဘူးဟု တွေးမိသဖြင့်

"အိမ်ကို သွားကြရအောင်ပါဗျာ"

လီတာ့ရှန်း ပြောလိုက်သည်။

အဘွားကြီးကျောက် ငြင်းပယ်မည် စိုးရိမ်သဖြင့် သူသည်

"ကျွန်တော်တို့ တကယ် တောင်းပန်ဖို့ လာတာပါ၊ ဒါက ကျွန်တော်တို့ရဲ့ စိတ်ရင်းပါခင်ဗျာ”

အဘွားကြီးကျောက် သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ဟင်း... ငါးတွေ၊ အသားတွေ၊ မုန့်တွေနဲ့ စည်သွပ်ဗူးတွေ ပါလာတာပဲ…

သူတို့ တကယ်ပဲ စိတ်ရင်းမှန်ပုံ ရပါတယ်…

အလကားရတဲ့ အခွင့်အရေးကို အသုံးမချတဲ့သူကမှ အရူးပဲ.....

သူမသည် သူတို့ကို အပေါ်အောက် အကဲခတ်ကြည့်ပြီးနောက်

"ငါ့နောက်က လိုက်ခဲ့"

နင်တို့ကို ခွင့်လွှတ်လိမ့်မယ်လို့တော့ မမျှော်လင့်နဲ့...

ဒါပေမဲ့ ပစ္စည်းတွေကိုတော့ ချန်ထားခဲ့ရမယ်...

All Chapters