အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇) အတွင်ရေးသတင်းကြီး
လီတာ့ရှန်းနှင့် သူ၏ဇနီးသည် ရင်တထိတ်ထိတ်ခုန်လျက်၊ ပခုံးများတွန့်ကာ အမြဲတမ်း အနိုင်ကျင့်ခံနေရသူများကဲ့သို့ ခေါင်းငုံ့ပြီး အဘွားကြီးကျောက်၏နောက်မှ သူတို့အိမ်အထိ လိုက်ပါလာခဲ့ကြသည်။
တစ်ဝင်းလုံးရှိ လူအားလုံးမှာ ရှေ့ခြံထဲတွင် စုရုံးနေကြပြီး ယွမ်မိသားစုအိမ်မှ ရုန်းရင်းဆန်းခတ်ဖြစ်ပွားမှုကို အကုန်မြင်တွေ့ခဲ့ကြကာ ပွဲကြည့်နေကြခြင်းဖြစ်၏။
ချန်ချင်းယွီပင်လျှင် ထိုနေရာတွင် ရှိနေပြီး ဤကဲ့သို့ စိတ်လှုပ်ရှားစရာ မြင်ကွင်းမျိုးကို သူမ လက်လွတ်မခံနိုင်ပေ။
ရုတ်တရက် အဘွားကြီးကျောက်သည် လီတာ့ရှန်းဇနီးမောင်နှံကို ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသောအခါ တစ်ဝင်းလုံး တိတ်ဆိတ်သွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ…
လူတိုင်း အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်
လိုက်ကြ၏။ ချန်ချင်းယွီ အမြန်ထရပ်ကာ “အမေ…” ဟု ခေါ်လိုက်၏။
"သူတို့ တောင်းပန်ဖို့ လာကြတာ"
အဘွားကြီးကျောက် ပြောလိုက်သည်။
ချန်ချင်းယွီသည် လီတာ့ရှန်းဇနီးမောင်နှံအား အံ့ဩတကြီး ကြည့်လိုက်မိပြီး သူတို့ တောင်းပန်ဖို့ လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ သို့သော် လီတာ့ရှန်းမှာ ချန်ချင်းယွီကို ဖားလိုသည့် အပြုံးမျိုးဖြင့် အမြန်ပြုံးပြလာ၏။
ချန်ချင်းယွီ: "..."
'ဒီလူ ငါသူ့ကို လှည့်စားထားတာ သိသွားပြီလား'
ထိုအတွေးမှာ ဖျတ်ခနဲ ပေါ်လာခဲ့သည်။ သို့သော် သူမ ဖုံးကွယ်ထားသည်ကို မသိနိုင်ကြောင်း ချက်ချင်းပင် သေချာသွားခဲ့၏။ ဤလူသည် သူမထက် အဘွားကြီးကျောက်ကို ပို၍ ဖားချင်နေခြင်းသာ ဖြစ်သည်...
ဒါက တကယ့်ကို...
ချန်ချင်းယွီ မည်သို့ဖော်ပြရမှန်းပင် မသိတော့ပေ။
သို့သော် လီတာ့ရှန်းသည် တကယ်ကို စိတ်ရင်းမှန်ဖြင့် အောက်ကျို့ကာ တောင်းပန်နေခြင်း ဖြစ်သည်။
အခြားသူများသည် သရဲပုံပြင်များကို မယုံကြည်ကြသော်လည်း လီတာ့ရှန်းမှာမူ သရဲတကယ်မြင်ခဲ့ရသဖြင့် လုံးဝဥဿုံ ယုံကြည်နေ၏။ ဤအဖြစ်အပျက်ကို သူနှင့် သူ၏ဇနီးထက် ပို၍ ယုံကြည်သူ မရှိတော့ပေ။
လတ်တလော အချိန်အတွင်း သရဲ ထပ်မပေါ်လာတော့သော်လည်း ၎င်းအဖြစ်မှာ သူတို့ကို ပို၍ပင် ယုံကြည်သွားစေသည်။
သူတို့ မယုံလို့မရတော့ဘူး...
ကိစ္စများမတိုင်ခင် သူတို့အပြစ်ကို မဖော်ထုတ်နိုင်သေးခင်၌ သရဲ ခြောက်လှန့်နေသဖြင့် သူတို့ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရ ဖြစ်ခဲ့ရ၏။ သို့သော် ယခုအခါ ကိစ္စရပ်များအားလုံး လူသိရှင်ကြားဖြစ်သွားပြီး သူတို့လည်း အပြစ်ပေးခံလိုက်ရသောအခါ…
သရဲက ပျောက်သွားပြီ...
သရဲက ထပ်မလာတော့ဘူး...
ဒါက ဘာကိုဆိုလိုတာလဲ… ဒါဟာ သရဲပုံပြင်အစစ်အမှန်ဖြစ်တယ်ဆိုတာကို သက်သေပြနေတာပဲ...
သရဲက သူ့ဆန္ဒပြည့်ဝသွားလို့ ထပ်မလာတော့တာ… ဒါပဲ၊ သေချာပေါက် ဒါပဲဖြစ်ရမယ်...
ထို့ကြောင့် ထိုဇနီးမောင်နှံသည် ပို၍ပို၍ ကြောက်လန့်လာကာ စိတ်ပါလက်ပါ စနစ်တကျ တောင်းပန်ရမည်ဟု ခံစားမိကြသည်~~ စိတ်ပါလက်ပါ စနစ်တကျ တောင်းပန်မှသာ သူတို့၏ စိတ်ရင်းမှန်ကို သက်သေပြနိုင်လိမ့်မည်။ ထိုသို့တွေးရင်း သူတို့နှစ်ဦးသည် အဘွားကြီးကျောက်နှင့် သူမ၏ချွေးမနောက်မှ ရိုရိုသေသေဖြင့် အိမ်ထဲသို့ လိုက်ဝင်သွားကြသည်။
အိမ်ထဲသို့ ဝင်ဝင်ချင်းပင် လီတာ့ရှန်း ရုတ်တရက် ဒူးထောက်ချလိုက်၏ခ
အဘွားကြီးကျောက်မှာ "အမလေး .. သောက်ကျိုးနည်း..." ဟု လန့်အော်မိပြီး သူတို့ကို လန့်ဖျပ်သွားစေသည်။
ချောင်းကြည့်ရန် ခြေဖော့ပြီး လာကြသူများသည် အနားပင်မကပ်ရသေးခင် အထဲမှ 'ဒုန်း' ခနဲ မြည်သံကို ကြားလိုက်ရ၏။
လီတာ့ရှန်း ရှိုက်ကြီးတငင်ငိုရင်း
"အစ်မကြီး... ကျွန်တော် မှားခဲ့ပါတယ်၊ တကယ် မှားခဲ့တာပါ၊ကျွန်တော် လူမပီသခဲ့ပါဘူး၊ ဘာမှမပြည့်စုံတဲ့ ကောင်ပါ… အရင်က အမှားတွေအများကြီး လုပ်ခဲ့မိတယ်၊ လင်းကျန့်ဝမ်ကိုလည်း နစ်နာအောင် လုပ်ခဲ့မိတယ်၊ အီးဟီးး... အားလုံးက ကျွန်တော့်အပြစ်တွေပါ၊ ကျွန်တော်တို့ ဇနီးမောင်နှံဟာ လူမပီသတဲ့သူတွေပါ… ကျွန်တော်တို့ တောင်းပန်ဖို့ လာတာပါ၊ အစ်မကြီးရဲ့ ခွင့်လွှတ်မှုကို မတောင်းဆိုရဲပါဘူး၊ ဒါပေမဲ့ အစ်မကြီး ကောင်းကောင်းမွန်မွန် နေထိုင်သွားဖို့ပဲ တောင်းပန်ချင်ပါတယ်၊ လင်းကျန့်ဝမ်ကိုလည်း တမလွန်မှာ စိတ်မအေးဖြစ်အောင် မလုပ်ပါနဲ့..."
သူသာ စိတ်မအေးရင် ကျွန်တော်တို့ဆီ ထပ်လာရှာလိမ့်မယ်...
အူးဝါးးး...
တောင်းပန်ပါတယ်...
ကျေးဇူးပြုပြီး ကောင်းကောင်းမွန်မွန် နေပေးပါ...
"ကျွန်တော် အစောကြီးကတည်းက လာသင့်တာ၊ တကယ်ကို အစောကြီးကတည်းက လာသင့်တာပါ… ကျွန်တော့်ဒဏ်ရာက အခုမှ သက်သာရုံရှိသေးလို့ပါ၊ အစ်မကြီး... ကျွန်တော့်အတွက် စိတ်မပူပါနဲ့၊ တစ်ခုခုလိုရင် ကျွန်တော့်ကိုသာ အော်ခေါ်လိုက်ပါ... ဘာအလုပ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီ လွှဲပေးလိုက်ပါ၊ ကျွန်တော်တို့ အမှားတွေကို ပြန်ပေးဆပ်ဖို့ စိတ်ရင်းမှန်နဲ့ တစ်ခုခု လုပ်ပေးချင်လို့ပါ... ဝါးးး..."
အဘွားကြီးကျောက်: "..."
ချန်ချင်းယွီ: "..."
လီတာ့ရှန်း ရှိုက်ကြီးတငင် ငိုယိုနေသဖြင့် အဘွားကြီးကျောက်သည် သူအား လျိုကျင့် ဟုပင် ခဏမျှ ထင်မှတ်သွားမိသည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ… ဘာလို့ လူတိုင်းက လာငိုနေကြတာလဲ…
"ဒါမျိုး လာမလုပ်နဲ့"
အဘွားကြီးကျောက် ဆိုလိုက်၏။
"ကျွန်တော် မှားမှန်းသိပါပြီ... အစ်မကြီးကျောက်... ခွင့်လွှတ်ဖို့ မတောင်းဆိုပါဘူး.. ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာတွေအတွက် ခွင့်လွှတ်ဖို့ တောင်းဆိုရင် မျက်နှာပြောင်ရာကျပါလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော် တကယ်ကို စိတ်ရင်းမှန်နဲ့ တစ်ခုခု လုပ်ပေးချင်တာပါ.. ဘာလိုလဲရုံသာ ပြောပါ၊ ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေးပါ့မယ်"
အဘွားကြီးကျောက် နှာခေါင်းရှုံ့ရင်း ငေါ့လိုက်လေသည်။
"အခုကျမှ လူကောင်း လာလုပ်ပြနေတယ်… အရင်တုန်းကကျတော့ လူကောင်းတစ်ယောက်ဖြစ်ဖို့ ဘာလို့ မတွေးခဲ့ကြတာလဲ"
အဘွားကြီးကျောက်သည် ဤဇနီးမောင်နှံကို လုံးဝခွင့်လွှတ်မည်မဟုတ်ပေ။ ပစ္စည်းဝယ်ပေးရုံ၊ စကားကောင်းပြောရုံဖြင့် ခွင့်လွှတ်ပေးရမည်လော့၊ မဖြစ်နိုင်ပေ။ သူမသည် ပြတ်ပြတ်သားသားပင် ဆိုလိုက်၏။
"နင်တို့ တကယ့်ကို မဖြစ်မနေကိစ္စမျိုးမရှိရင် ငါ့ရှေ့ကို မျက်နှာလာပြမနေနဲ့… ငါ့အိမ်ကို ရှုပ်ပွအောင်
လာလုပ်နေတယ်.. ငါက ယဉ်ကျေးတဲ့လူမို့လို့ နင်တို့နဲ့ အာပေါက်အောင် စကားအခြေအတင်မပြောချင်ဘူး.. ပစ္စည်းတွေချထားပြီး အခုချက်ချင်း ထွက်သွားကြ"
လီတာရှန်းနှင့် ဇနီးသည် : "..."
ကျန်တဲ့လူများ : "..."
ဒါဆို ပစ္စည်းတွေကိုတော့ ယူမယ်ပေါ့…
ချန်ချင်းယွီမှာမူ ဘေးတွင် ခေါင်းလေးငုံ့ကာ ရပ်နေရှာသည်။
"နင်တို့ရဲ့ ပစ္စည်းစုတ်လေးတွေကို ငါမက်နေတယ်လို့ မထင်နဲ့.. ငါ့သား အခုလိုဖြစ်ရတာ အားလုံးက နင်တို့ကြောင့်ပဲ၊ အမေတစ်ယောက်အနေနဲ့ ငါ့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားဖို့အတွက် နည်းနည်းပါးပါး ယူရတာ လုံးဝမမှားဘူး… နင်တို့ ငါ့ကို ဘယ်လောက်ပဲပေးပေး ငါ့သားဆုံးရှုံးသွားတာကိုတော့ ပြန်မဖြည့်ဆည်းပေးနိုင်ဘူး..."
အဘွားကြီးကျောက် ဆက်ပြောလေေ၏။
လီတာ့ရှန်း အမြန်ခေါင်းငြိမ့်ကာ
"သိပါတယ်၊ သိပါတယ်၊ အားလုံးက ကျွန်တော်တို့အပြစ်တွေပါ"
အဘွားကြီးကျောက် : "နင်တို့အမှား နင်တို့သိရင် ပြီးတာပဲ…ငါ့ကို လှည့်စားရလွယ်တဲ့ အဘွားကြီးလို့ မထင်နဲ့၊ နင်တို့ကို ပြောလိုက်မယ်... ငါ အခု နင်တို့နဲ့ စကားများမနေတာက စက်ရုံက ဒီကိစ္စကို ဖြေရှင်းပြီးသွားလို့ပဲ… ငါ စက်ရုံကို မျက်နှာထောက်ထားလို့၊ ဒါပေမဲ့ နင်တို့ ငါ့အနားကို မကပ်နဲ့၊ မဟုတ်ရင် ငါ အားနာနေမှာမဟုတ်ဘူး"
လီတာ့ရှန်း : "ဟုတ်ကဲ့၊ ဟုတ်ကဲ့... ကျွန်တော်တို့ နားလည်ပါပြီ"
မိမိတို့ကို လေးစားမှုပင်မရှိသည့် သူတို့အနားကို ကပ်ဖို့ကြိုးစားနေကြသည်မှာ ရူးသွပ်ရာကျပေလိမ့်မည်။
လီတာ့ရှန်း ဤအချက်ကို ကောင်းကောင်းသဘောပေါက်သည်။
လီတာ့ရှန်း : "စိတ်ချပါ အစ်မကြီး၊ ကျွန်တော် အစ်မကြီးနဲ့ ဝေးဝေးမှာနေပြီး လာမရှုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ ဟို... ဟိုလေ၊ ကျွန်တော် မေးပါရစေ၊ ရှောင်လင်းကို ဘယ်မှာ သင်္ဂြိုဟ်ထားတာလဲဗျာ… ကျွန်တော်တို့ အဲဒီကလေးအတွက် စိတ်မကောင်းလို့ သူ့အတွက် စက္ကူငွေလေး ဘာလေး သွားရှို့ပေးချင်လို့ပါ"
အဘွားကြီးကျောက်၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားပြီး ချက်ချင်း အော်ဟစ်လေတော့သည်။
"နင်တို့ မကောင်းတဲ့အကြံ ကြံနေမှန်း ငါသိသားပဲ... စက္ကူငွေရှို့မယ် ဟုတ်လား… အကြောင်းပြချက်မရှိဘဲ ဘာလို့ စက္ကူငွေလာရှို့မှာလဲ၊ နင်တို့ ငါတို့မိသားစုကို ခေတ်ဟောင်းအယူသီးမှုနဲ့ အကွက်ဆင်ပြီး ထောင်ချောက်ဆင်မလို့လား… ဒါကြောင့်မို့လို့ နင်တို့ ဒီကိုလာတာကိုး... ငါတို့မိသားစုကို အယူသီးမှုနဲ့ လာပြီး စွပ်စွဲမလို့ပေါ့လေ... ပြောစမ်း၊ နင်တို့ကို ရိုက်သတ်ပစ်မယ်..."
အဘွားကြီးကျောက်သည် တံမြက်စည်းကို ချက်ချင်းကောက်ကိုင်ကာ စက္ကန့်ပိုင်းအတွင်း ဝှေ့ယမ်းလိုက်တော့သည်။
လီတာ့ရှန်းနှင့် သူ၏ဇနီးသည်မှာ
"အား..." ဟု အော်ဟစ်ကာ အပြင်သို့ အလုအယက် ပြေးထွက်ကြရ၏။ သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် သိပ်မတိုးတက်လာသော်လည်း ဘေးအန္တရာယ်မှ ရှောင်ကွင်းနိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ထိုနှစ်ယောက်သည် လျင်မြန်စွာ ပြေးထွက်သွားကြ၏။
လီတာ့ရှန်း အော်ဟစ်ကာ အသဲအသန် ရှင်းပြနေသည်။
"အစ်မကြီး... အထင်လွဲနေပါပြီ... တကယ်ကို အထင်လွဲနေတာပါ။ ကျွန်တော်တို့က သင်္ချိုင်းမှာ သွားပြီး ဂါရဝပြုချင်ရုံတင်ပါ… အယူသီးတယ်ဆိုရင်လည်း ကျွန်တော်တို့ပဲ အယူသီးတာပါ၊ အစ်မကြီးတို့ လုံးဝမဟုတ်ပါဘူး... လုံးဝမဟုတ်ပါဘူး..."
"ပါးစပ်ပိတ်ထားစမ်း..."
အဘွားကြီးကျောက် မျက်လုံးပြူးကာ
"နင်တို့က ငါတို့မိသားစုကို အယူသီးမှုနဲ့ အကွက်ဆင်ဖို့ မဟုတ်ရင် သင်္ချိုင်းကို သွားတူးမလို့လား…မဟုတ်ရင် ဒါကို ဘာလို့ လာမေးနေတာလဲ..."
အဘွားကြီးကျောက်၏ တံမြက်စည်းသည် ထပ်မံဝှေ့ယမ်းလာပြန်၏။
ဤအချိန်တွင် လီတာ့ရှန်းသည် "ပညာရှိ စာတတ်ပေတတ်က စစ်သားနဲ့တွေ့ရင်~~ အကျိုးအကြောင်းပြောလို့မရ" ဆိုသည့် စကားပုံကို တကယ်ပဲ ယုံကြည်သွားခဲ့သည်။
ဒီအဘွားကြီးကတော့ တကယ်ကို ရူးနေတာပဲ...
သူမကို ကောင်းကောင်းမွန်မွန် စကားပြောလို့လည်း နားလည်မှာမဟုတ်ဘူး...
သို့သော် လီတာ့ရှန်းသည် သူမကို မဆွပေးရဲတော့ပေ။
သူမ၏သားသည် သရဲဖြစ်နေရုံသာမက ဤအဘွားကြီးကိုယ်တိုင်သည်လည်း သူ ရန်မစရဲသည့်လူစားမျိုးဖြစ်၏။ သူမသည် တကယ်ကို ရိုက်နှက်ဆဲဆိုနိုင်သူဖြစ်သည်... လီတာ့ရှန်းသည် အရင်ကလည်း အရိုက်ခံခဲ့ရဖူးသဖြင့် ဤအဘွားကြီး၏ လက်စွမ်းကို အသိဆုံးဖြစ်ကာ နောက်တစ်ချက် အရိုက်မခံရစေရန် အမြန်ရှောင်တိမ်းလိုက်ရသည်။
"အထင်လွဲတာပါ၊ အထင်လွဲတာပါ၊ အထင်လွဲတာပါ... အစ်မကြီး ကျွန်တော်တို့ကို တကယ် အထင်လွဲနေတာပါ… ကျွန်တော် အဲလိုအရာမျိုး ဘယ်တော့မှ မလုပ်ပါဘူး၊ ကျွန်တော်သာ အဲဒီလောက် ယုတ်မာရင် မိုးကြိုးပစ်ခံရပါစေ... မဟုတ်ပါဘူး၊ အစ်မကြီးက ကျွန်တော်တို့ရဲ့ စေတနာကို တကယ်အထင်လွဲနေတာပါ၊ ဒေါ်လေးကျောက်... ကျွန်တော် အရင်သွားပါရစေ၊ ကျွန်တော် အရင်သွားတာ ပိုကောင်းမယ်ထင်တယ်။ စိတ်လျှော့ပါ၊ စိတ်လျှော့ပါ... တကယ်ပါ၊ ကျွန်တော်တို့ မကောင်းတဲ့စိတ် မရှိပါဘူး"
လီတာ့ရှန်းသည် ဤအဘွားကြီးကို တကယ်ကို ကြောက်လန့်နေမိသည်၊ သူမသည် အံ့ဩစရာကောင်းလောက်အောင် ရူးသွပ်လွန်းလှသဖြင့် သူမ၏ချွေးမမှာ မည်သို့သည်းခံနေထိုင်နိုင်သည်ကိုပင် မတွေးတတ်တော့ပေ။ သို့သော် သူသည် ကားဘီးတစ်ခုနှယ် အပြင်သို့ လျင်မြန်စွာ လှိမ့်ထွက်ပြေးရာမှ အပြင်မှ ပြန်လာသည့် ဝမ်ကျန့်ကော်နှင့် ပက်ပင်းတိုးမိလေသည်။
"အား..."
ဝမ်ကျန့်ကော်သည် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။
လီတာ့ရှန်း ဘာကိုမှ ဂရုမစိုက်
နိုင်တော့ဘဲ အော်တောင်းပန်ကာ
"စိတ်မရှိပါနဲ့ အစ်ကိုကြီး၊ ကျွန်တော် သွားပြီ၊ အခု သွားပြီ"
ယောက်ျားကြီးတစ်ယောက် လဲကျသွားတာပဲကို ဘာမှ အရေးမကြီးပါဘူးလေ…
လီတာ့ရှန်းသည် သူ၏ဇနီးကို ဆွဲကာ အစွမ်းကုန် အမြန်ဆုံး ပြေးတော့လေသည်...
အဘွားကြီးကျောက်သည် တံမြက်စည်းကို ကိုင်လျက် အပြင်သို့ ထွက်လာပြီး နှာခေါင်းတစ်ချက် ရှုံ့ကာ…
"ငါ့ကိုလာပြီး ပြဿနာရှာရဲတယ်ပေါ့... ယမမင်းရဲ့မြင်းမှာ မျက်စိသုံးလုံးရှိမှန်း နင်တို့ မသိဘူးလား"
အိမ်နီးနားချင်းများမှာမူ ဆွံ့အသွားကြ၏။ သူ ပစ္စည်းမျိုးစုံ သယ်လာသည်ကို အားလုံး မြင်တွေ့ခဲ့ကြသော်လည်း ယခုတော့ လက်ဗလာဖြင့် မောင်းထုတ်ခံလိုက်ရလေပြီ…
ဒါပေမဲ့...
မည်သူမှ လီတာ့ရှန်းနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိကြသဖြင့် မည်သူမျှ စကားတစ်ခွန်းမှ ဝင်မပြောကြချေ။
"ကျန့်ကော်... ကျန့်ကော်... အဆင်ပြေရဲ့လား"
"သားကြီး..."
အဘွားကြီးဝမ်သည် အပြေးအလွှား ထွက်လာခဲ့သည်။ ဝမ်ကျန့်ကော်မှာ မြေပြင်ပေါ်တွင် ထိုင်နေပြီး ပြင်းထန်ကာ စူးအောင့်သော ဝေဒနာကို ခံစားနေရ၏။
သူ့မျက်နှာတစ်ခုလုံး ချွေးများ စီးကျနေပြီး နာကျင်စွာဖြင့်
"ကျွန်တော်... ကျွန်တော် ဆေးရုံ ပြန်သွားရမယ် ထင်တယ်..."
"ဟင်... မြန်မြန်... မြန်မြန်... ငါ့သားကို ဆေးရုံပို့ပေးကြပါဦး... အီးဟီး..မြန်မြန်လုပ်ကြပါ..."
အဘွားကြီးဝမ် အလန့်တကြား အော်တော့သည်။
အဘွားကြီးကျောက် လျှာတသပ်သပ်ဖြင့် "ကံဆိုးလိုက်တာ" ဟု ဆိုလိာက်၏။
သို့သော် သူမသည် ဝမ်ကျန့်ကော်ကို သံသယစိတ်ဖြင့် ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"မင်း ခြေထောက်ကျိုးပြီး ခါးလည်း နာထားတာ မဟုတ်လား..ဆေးရုံမှာပဲ အနားယူနေရမှာကို ဘာလို့ ဒီကို ပြန်ရောက်နေတာလဲ"
အဘွားကြီးကျောက်၏ မေးခွန်းကို ကြားလျှင်ကြားချင်း အဘွားကြီးဝမ်သည် သူမ၏ ချွေးမဖြစ်သူထံသို့ ချက်ချင်း အာရုံပြောင်းသွားပြီး ဆူပူကြိမ်းမောင်းလေတော့၏။
"ဝမ်မေ့လန်... နင်ကတော့ တကယ့်ကို နှလုံးသားမရှိတဲ့ မိန်းမပဲ... ဆေးရုံမှာ လင်ယောက်ျားကို ကောင်းကောင်းမပြုစုဘဲနဲ့ ဘာလို့ ဆေးရုံက ဆင်းခွင့်ပြုလိုက်ရတာလဲ.. ဒါ နင့်လင်ယောက်ျားအရင်း ခေါက်ခေါက်ကြီးပါ၊ နင် ဘယ်လိုဖြစ်လို့ ဂရုမစိုက်နိုင်ရတာလဲ၊ ဆေးရုံတက်ခတာ ဘယ်လောက်ကုန်လို့လဲ။ အဲဒါလေးကို ကပ်စေးနှဲပြီး ပိုက်ဆံချွေတာချင်နေတာလား.. တကယ့်ကို ဒေါသထွက်ဖို့ကောင်းလိုက်တာ... နင် ဘယ်လိုတောင် လုပ်ရက်ရတာလဲ"
ဝမ်မေ့လန် : "မဟုတ်ပါဘူး... ကျွန်မက သူ့ကို ဆေးရုံက ပေးဆင်းချင်လို့ မဟုတ်ပါဘူး"
သူမ ပိုက်ဆံကို ကပ်စေးနှဲနေခြင်း မဟုတ်ပေ၊ ကျန့်ကော်ကိုယ်တိုင် ဆေးရုံဆင်းမည်ဟု အတင်းအကျပ် ဇွတ်လုပ်ခဲ့ခြင်း ဖြစ်သည်။
"ကျွန်မ မလုပ်..."
"နင် မလုပ်ဘူး... မလုပ်ဘူးဆိုတာ ဘာကိုပြောတာလဲ၊ ငါဖြင့် နင်လိုချွေးမမျိုးနဲ့ ဘယ်လိုများ သဘောတူမိပါလိမ့်၊ ရင်နာစရာကောင်းလိုက်တာ... နင်လိုလူမျိုး ရောက်လာတာဟာ ငါတို့မိသားစုအတွက် အကုသိုလ်အကြီးဆုံးပဲ..."
အဘွားကြီးဝမ်သည် သူမ၏ ချွေးမအပေါ် အလွန်စိတ်တိုင်းမကျ ဖြစ်နေ၏။
"နင် ဆွဲဆောင်ပြီး မပြောခဲ့ရင်တောင် နင်က သူ့ကို ဖျောင်းဖျတားဆီးရမှာပေါ့.. နင်က ဘာအတွက် ရှိနေတာလဲ၊ နင် ဘာမှ မတားခဲ့ဘူး မဟုတ်လား၊ ဆေးရုံကို အခုချက်ချင်းသွားစမ်း... သူ့ရောဂါသာ ပိုဆိုးလာရင် နင့်ကို ငါ ဘာလုပ်မလဲဆိုတာ စောင့်ကြည့်လိုက်..."
ဝမ်မေ့လန်မှာ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။
ဝမ်ကျန့်ကော် : "အမေ... ဒါ မေ့လန်အပြစ် မဟုတ်ပါဘူးကျွန်တော်ကိုယ်တိုင် ဆေးရုံမှာ နေရတာ အလကားပဲလို့ ခံစားရလို့ပါ၊ ဒါ ကျွန်တော့်အမှားပါ၊ အား... ဆေးရုံ ပြန်သွားကြစို့”
သူ ပြန်မလာခဲ့သင့်ဘူး…
အဘွားကြီးကျောက်တို့ မိသားစုဆီက ကူပွန်လက်မှတ်တွေ ချေးထားတဲ့အကြောင်း လာစုံစမ်းဖို့သာ မဟုတ်ရင် သူ ဆေးရုံက ဆင်းလာမှာ မဟုတ်ဘူး… အခုတော့ ကြည့်စမ်း...
ဘာတွေ ဖြစ်ကုန်ပြီလဲ… တကယ့်ကို နာကျည်းဖို့ကောင်းလိုက်တာ...
"မြန်မြန်လုပ်ကြ..."
လူတိုင်းသည် ဝမ်ကျန့်ကော်ကို လက်တွန်းလှည်းပေါ် တင်ပေးရန် ဝိုင်းကူကြပြီး လူအုပ်ကြီးမှာ နောက်မှ လိုက်သွားကြသည်။ ယခုတစ်ကြိမ်တွင် အဘွားကြီးကျောက်တစ်ယောက် လိုက်မသွားဘဲ
"ကြည့်ကြစမ်း... လူတိုင်းက ငါ့ကို စိတ္တဇဆန်တဲ့ ယောက္ခမကြီးလို့ ပြောကြပေမဲ့ အခုတော့ သူနဲ့ယှဉ်ရင် ဘယ်လောက်တောင် ကောင်းလိုက်သလဲ"
သူတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြစဉ် ချန်ချင်းယွီ တိုးတိုးလေး ဆိုလိုက်ကာ
"ဒါဆို... ဘယ်သူက အဝေးဆုံးအထိ သွားနိုင်မလဲဆိုပြီး ပြိုင်ပွဲလုပ်နေကြတာလား"
လူတိုင်း ချန်ချင်းယွီကို အံ့ဩတကြီး ကြည့်လိုက်ကြရာ သူမသည် ချက်ချင်းပင် ကြောက်လန့်ချင်ယောင်ဆောင်ကာ
“ကျွန်မ .. အရင် အိမ်ပြန်တော့မယ်"
အဘွားကြီးကျောက် : "ငါ့ကို စောင့်ဦး၊ လီတာ့ရှန်း ဘာတွေ ယူလာလဲဆိုတာ သွားကြည့်ရအောင်.. အဲဒီအဘိုးကြီးက ပစ္စည်းအနည်းအကျဉ်း ပို့ရုံနဲ့ ပြီးပြီလို့ ထင်နေတာလား၊ ဟမ်း... ပစ္စည်းတွေကိုတော့ ငါ လက်ခံမယ်၊ ဒါပေမဲ့ သူတို့ကိုတော့ ခွင့်မလွှတ်နိုင်ဘူး"
သူမသည် အခြားသူများ မည်သို့တွေးသည်ကို ဂရုမစိုက်ဘဲ အိမ်ထဲသို့ ဝင်သွားခဲ့၏။
အိတ်ကို သေချာစစ်ဆေးပြီးနောက် သူမမှာ ကျေကျေနပ်နပ်ဖြင့် "အနည်းဆုံးတော့ လီတာ့ရှန်းတို့ မိသားစုက လူမှုရေးတော့ နားလည်သားပဲ" ဟု မှတ်ချက်ပြုလေသည်။
စိတ်ရင်းမှန်ဖြင့် တောင်းပန်ခြင်း ဟုတ်မဟုတ်ကို ပေးသည့်လက်ဆောင်ကို ကြည့်ခြင်းဖြင့် သိနိုင်၏။ ဤသို့ကြည့်ခြင်းအားဖြင့် သူတို့သည် တော်တော်လေး အလိုက်သိပုံရသည်၊ ပြင်ဆင်လာသည့် လက်ဆောင်များသည် တော်တော်လေး ကောင်းမွန်ပြီး ရက်ရက်ရောရော ရှိလှသည်။
အဘွားကြီးကျောက် : "သူတို့ ပစ္စည်းကောင်းကောင်း ပို့ပေးတာနဲ့တင် ငါ့ကို အရည်ပျော်သွားမယ်လို့ မထင်နဲ့၊ ငါ သူတို့ကို ခွင့်မလွှတ်နိုင်သေးဘူး”
ချန်ချင်းယွီ : "အင်းပါ”
သူမလည်း ခွင့်လွှတ်မည်မဟုတ်ပေ။
လက်ဆောင်အနည်းငယ် ပို့ရုံမျှဖြင့် အတိတ်မှ အဖြစ်အပျက်များကို အစားထိုးနိုင်မည်ဆိုလျှင် လင်းကျန့်ဝမ် ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခများမှာ ဟာသတစ်ခုနှယ်ဖြစ်ကာ မတရားရာ ရောက်ပေလိမ့်မည်။
ချန်ချင်းယွီသည် အကြောင်းရင်းမရှိဘဲ စိတ်မကောင်းဖြစ်သွားရ၏။ သူမသည် နားထင်ကို ပွတ်ရင်း
"ကျွန်မ ခေါင်းနည်းနည်း ကိုက်လာပြီ"
အဘွားကြီးကျောက် : "ဘာဖြစ်လို့လဲ"
သို့သော် ချက်ချင်းပင် သူမ တွေးမိသည်မှာ သားဖြစ်သူကြောင့် ဖြစ်လိမ့်မည်ဟူ၍တည်း…
ထို့ကြောင့် …
"ဒါဆိုရင် နင် အနားယူလိုက်တော့.. ငါ ညစာ ချက်လိုက်မယ်"
ချန်ချင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမဲ့ ဟင်းချက်ဖို့က မလောသေးပါဘူး ငါ အလယ်ခြံဝင်းကို အရင်သွားလိုက်ဦးမယ်.. ဒီပိုက်ဆံကိစ္စကို သွားဆွေးနွေးရမယ်"
ချန်ချင်းယွီ ပြုံးလိုက်ကာ
"သွားပါ အမေ"
အဘွားကြီးကျောက်သည် တံခါးအပြင်သို့ အပြေးအလွှား ထွက်သွားခဲ့သည်။ ရှီကျန့်ရှန်း အထဲသို့ ချောင်းကြည့်ရင်း "အခု ဘာဖြစ်ပြန်တာလဲ" ဟု မေးလိုက်မိ၏။
အဘွားကြီးကျောက် : "ငါ ယွမ်မိသားစုဆီ သွားပြီး အကြွေးပြန်ဆပ်ဖို့ ကိစ္စ သွားပြောမလို့”
ရှီကျန့်ရှန်း : "..."
သူမ ယခု အနည်းငယ် ဝေခွဲမရ ဖြစ်နေ၏။
သူ့မိသားစုက တော်တော်လေး ချမ်းသာတာပဲ၊ ဘာဖြစ်လို့ ယွမ်ရှောင်ချွေက သူ့ဆီက ပိုက်ဆံမချေးတာလဲ…
သို့သော် ပိုက်ဆံချေးသည့် ကိစ္စသည် တစ်မျိုးကြီးဟု သူမ အမြဲခံစားနေရသည်။
အဘွားကြီးဟွမ်လို ကပ်စေးနဲတဲ့လူမျိုးတောင် ပိုက်ဆံချေးဖို့ သဘောတူတယ်ဆိုတော့ ထူးဆန်းနေသလိုပဲ…
သူ အဖြေရှာမရခင်မှာပင် ရပ်ကွက်ကော်မတီမှ လူတစ်ယောက် ရောက်လာခဲ့၏။
ရှီကျန့်ရှန်း အမြန်ရှေ့တိုးကာ
"ဥက္ကဋ္ဌ... ဘာကိစ္စရှိလို့ ဒီကို ကြွလာတာလဲရှင့် ..တစ်ခုခု အကြောင်းကြားစရာ ရှိလို့လား"
"ဟုတ်ကဲ့၊ အထက်ကနေ အကြောင်းကြားစာ ရောက်လာလို့ပါ၊ နောက်ရက်အနည်းငယ်အတွင်းမှာ တိုင်ဖွန်းမုန်တိုင်း ဝင်နိုင်ခြေရှိပါတယ်.. ဒါကြောင့် ဝင်းအားလုံးကို သတိထားဖို့နဲ့ ပျက်စီးဆုံးရှုံးမှု မရှိအောင် ပစ္စည်းပစ္စယတွေကို သေချာသိမ်းဆည်းထားဖို့ လာပြီး သတိပေးတာပါ"
ရပ်ကွက်ကော်မတီမှ လူသည် ရှင်းပြလိုက်၏။ သူသည် လူတိုင်းကို လိုက်လံအကြောင်းကြားနေခြင်း ဖြစ်ပြီး ဤဝင်းထဲသို့ ယခု ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရှီကျန့်ရှန်း : "ဟင်... ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ နားလည်ပါပြီ..ကျွန်မ အခုပဲ အိမ်တိုင်းစေ့ကို လိုက်ပြောလိုက်ပါ့မယ်"
ချန်ချင်းယွီ တံခါးဝမှ ချောင်းကြည့်နေသဖြင့် ရှီကျန့်ရှန်း လှမ်းမေးလိုက်ကာ
"ချင်းယွီလေး... နင် ကြားလိုက်တယ် မဟုတ်လား"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
"ဒါဆို တိုင်ဖွန်းမုန်တိုင်း လာရင်တောင်မှ ကျွန်မတို့ အလုပ် သွားရဦးမှာလားဟင်"
ရပ်ကွက်ကော်မတီဥက္ကဋ္ဌ : “……”
"...သေချာတာပေါ့၊ အလုပ်ကတော့ သွားရမှာပါ.. မုန်တိုင်းလာလို့ဆိုပြီး အလုပ်မသွားဘဲ နေရမယ့် အကြောင်းပြချက် မရှိပါဘူး"
ချန်ချင်းယွီ : "အော်။"
အကြောင်းကြားရမည့်သူများ အလွန်များပြားသဖြင့် ဥက္ကဋ္ဌသည် ကြာကြာမနေတော့ဘဲ နောက်ထပ် ဝင်းတစ်ခုဆီသို့ အမြန် ထွက်ခွာသွားခဲ့လေသည်။
ရှီကျန့်ရှန်း : "ဝင်းသူဝင်းသားတို့ရေ... အမြန်ထွက်လာကြဦး... အမြန်ထွက်လာကြဦး... ရပ်ကွက်ကော်မတီက လာပြီး သတိပေးသွားလို့..."
ရှီကျန့်ရှန်းသည် ခြံဝင်းထဲတွင် အလုပ်ရှုပ်နေပြီး မရောက်သေးသူများကိုပါ လိုက်လံအကြောင်းကြားနေ၏။ ပိုင်ဖုန်းရှန် ရောက်လာသောအခါ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ရှီကျန့်ရှန်းတစ်ယောက် သူမအတိုင်းအတာထက် ကျော်လွန်လုပ်ဆောင်
နေသည်ကို မကျေမနပ်ဖြစ်နေသည်မှာ အထင်အရှားပင်... ဤကိစ္စသည် ဝင်းတာဝန်ခံ တစ်ယောက်အနေဖြင့် သူတို့လုပ်ရမည့်အလုပ်ဖြစ်ပြီး ရှီကျန့်ရှန်းသည် ထိုအလုပ်ကို လုလုပ်ရန် ကြိုးစားနေခြင်းဖြစ်သည်။
ပိုင်ဖုန်းရှန် မကျေမနပ်ဖြစ်နေသော်လည်း သူမလုပ်စရာရှိသည်ကို ဆက်လုပ်ခဲ့၏။ သို့သော် မည်သူမှ သူတို့ကို ဂရုစိုက်မစိုက်အားပေ။ လူတိုင်း အလုပ်ကိုယ်စီ အမြန်လုပ်ကြတော့သည်။ မုန်တိုင်းသည် မနက်ဖြန်မှလာမည်ဟု ဆိုသော်လည်း ယနေ့ညတွင် စတင်နိုင်သဖြင့် ချန်ချင်းယွီလည်း သူမ၏ ပစ္စည်းပစ္စယများကို သိမ်းဆည်းလိုက်၏။
သူမစိုက်ထားသည့် ဟင်းသီးဟင်းရွက်များနှင့် ကြက်မကြီး~~ ဤအရာများကို အပြင်တွင် ပစ်ထားလျှင် ပျက်စီးပျောက်ဆုံးသွားပေလိမ့်မည်။
ချန်ချင်းယွီလည်း အမြန်အလုပ်ရှုပ်သွားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းသတင်းကြောင့် အဘွားကြီးကျောက်သည်လည်း အချိန်မဆွဲဘဲ အိမ်သို့ အပြေးအလွှား ပြန်လာခဲ့၏။
"ပစ္စည်းတွေအကုန်လုံး အိမ်ထဲသွင်းလိုက်"
"ငါ အပြင်ထွက်ပြီး ဘာဟင်းသီးဟင်းရွက်တွေရနိုင်မလဲဆိုတာ သွားကြည့်ပြီး နည်းနည်းပါးပါး ဝယ်ဦးမယ်.. ဒီရက်ပိုင်းဆိုရင် ဘာမှဝယ်ရမှာ မဟုတ်တော့ဘူး"
အဘွားကြီးကျောက် စကားကြောင့် ချန်ချင်းယွီ ခေါင်းညိမ့်ကာ
"သွားလေ"
မုန်တိုင်းအသေးစားလေးသာ ဖြစ်နိုင်သော်လည်း လူတိုင်းသည်ကား အကြီးအကျယ်လာမည့်အလား ပြင်ဆင်ကြသည်။ ဤလူကြီးပိုင်းများသည် အတွေ့အကြုံ စုံပြီးသားဖြစ်၍ ထိုသို့သောအခြေအနေမျိုးကို မည်သို့ကိုင်တွယ်ရမည်ကို ကျွမ်းကျင်ကြ၏။ ကလေးနှစ်ယောက်ဖြစ်သည့် ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် အိမ်သို့ စိတ်လှုပ်ရှားစွာ ပြေးဝင်လာပြီး မေးကြသည်။
"မေမေ... သားတို့ ဘာလုပ်ရမလဲဟင်"
ချန်ချင်းယွီ : "သားတို့ ဘာမှလုပ်စရာမလိုပါဘူး၊ ပြဿနာမရှာရင် ရပြီ… အိမ်ထဲဝင်ကြတော့"
"ဟုတ်ကဲ့..."
ကလေးနှစ်ယောက်သည် လက်ချင်းချိတ်ကာ အိမ်ထဲသို့ ဝင်သွားကြသည်။
ချန်ချင်းယွီတို့မှာ လွယ်လွယ်ကူကူဖြင့် သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်ခဲ့သော်လည်း ယွမ်မိသားစုသည် တကယ့်ကို ပျာယာခတ်နေကြပြီဖြစ်၏။
သူတို့သည် ယွမ်ရှောင်ချွေ၏ ပြဿနာကိစ္စကြောင့် ဒေါသအိုးပေါက်ကွဲနေကြပြီး ပစ္စည်းများသိမ်းဆည်းပြီးနောက် စိတ်အေးလက်အေးသာ နေချင်ကြသည်။ သို့သော် တိုင်ဖွန်းမုန်တိုင်း လာတော့မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ နွေရာသီ၏ အပူဒဏ်မဟုတ်ဘဲ သူတို့၏ ရိက္ခာများကို ယွမ်ရှောင်ချွေ ယူဆောင်သွားခြင်းပင် ဖြစ်သည်...
မီးဖိုချောင်သုံး ဓားပင်လျှင် ပါသွားခဲ့ပြီ... သူတို့ ဘာဆက်လုပ်ကြမည်နည်း။
ကျောက်ရုံ မအောင့်နိုင်တော့ဘဲ ဒေါသတကြီး ကျိန်ဆဲလေ၏။
"အဲဒီ ကောင်မစုတ်ကို တစ်နေ့ကျရင် ငါ နာနာလေး ဆုံးမပစ်မယ်..."
သူမ၏ စိတ်ထဲတွင် အတိုင်းအဆမဲ့ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
ယွမ်ဟောက်ဖုန်း : "အမေ... ဒါတွေကို မပြောပါနဲ့တော့၊ ကျွန်တော်တို့ ဘာဝယ်ဖို့လိုလဲဆိုတာ အမြန်သွားကြည့်ရအောင်.. မတော်တဆလိုရမယ်ရ ကျွန်တော့်ဆီမှာ ပိုက်ဆံနည်းနည်း ရှိသေးတယ်"
ကျောက်ရုံ : "အေးအေး၊ ငါ့ကို အရင်ပေးဦး"
သူမ သက်ပြင်းတစ်ချက်ချကာ
"ငါ အပြင်ထွက်ပြီး တခြားဘာဝယ်လို့ရဦးမလဲဆိုတာ သွားကြည့်ပြီး ရိက္ခာတချို့ သွားယူလိုက်ဦးမယ်.. မင်းတို့လည်း ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်မနေကြနဲ့"
ယွမ်ဟောက်မင်မှာ တစ်ကိုယ်လုံး နုံးချိနေသည်။ ကျောက်ရုံ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပြောဆိုမိလေ၏။
"ရှင်ကတော့ လှဲနေဖို့ပဲ သိတယ်၊ ဒီလိုအချိန်မျိုးမှာ ယောက်ျားဖြစ်တဲ့သူက ကိစ္စအဝဝကို တာဝန်ယူရမှာလေ၊ ရှင် ဘာလုပ်နေတာလဲ..."
ယွမ်ဟောက်မင်သည် အသက်ရှင်လိုစိတ် မရှိတော့သည့် ပုံစံမျိုးဖြင့်
"ရှောင်ချွေက ဘာလို့ အခုလို ဖြစ်သွားရတာလဲဆိုတာ ငါ တကယ်နားမလည်နိုင်တော့ဘူး… သူက ငါ့သမီးမဟုတ်ဘူး၊ ဒီနေ့ကစပြီး သူက ငါ့သမီးမဟုတ်တော့ဘူး"
ကျောက်ရုံသည် ဤအဓိပ္ပာယ်မရှိသော စကားများကို ထပ်မကြားချင်တော့သဖြင့်
"သူက ဒီမှာမရှိတော့ဘူး၊ ရှင် အဲဒါတွေ ပြောနေလို့ ဘာထူးမှာလဲ…မြန်မြန်... ထပြီး စားစရာသွားဝယ်စမ်းပါ"
"ဒီလအတွက် ရိက္ခာတွေ အကုန်
ဝယ်ပြီးပြီလေ.. ငါတို့မှာ ရိက္ခာမကျန်တော့ဘူး"
"သွားချေးလေ"
"မဖြစ်နိုင်တာ..."
ယွမ်ဟောက်မင် : "မဖြစ်နိုင်ဘူး... ငါလိုယောက်ျားတစ်ယောက်က သူများဆီက ပစ္စည်းသွားချေးရမှာ တော်တော်မျက်နှာပူစရာကောင်းတယ်… ငါ အဲဒီလို အရှက်ကွဲမခံနိုင်ဘူး.. မလုပ်ဘူး၊ လုံးဝမလုပ်
နိုင်ဘူး..."
သူ ငြင်းဆန်လိုက်၏။
"ကျွန်မတို့က ပြန်မဆပ်ဘဲ နေမှာမှ မဟုတ်တာ၊ ရက်ပိုင်းလောက်ပဲ ချေးမှာလေ.. လူဆိုတာ အချင်းချင်း ကူညီနေကြတာပဲကို"
ကျောက်ရုံ မျက်မှောင်ကြုတ်လိုက်မိပြီး ဤယောက်ျားကို ပို၍ပို၍ ရွံရှာမုန်းတီးလာမိသည်။
သူမ သူ့ဆီက ဘာအကျိုးအမြတ် ရခဲ့လို့လဲ… အရင်တုန်းက တက္ကသိုလ်ဝင်ခွင့်ရတယ်ဆိုတာ ထူးချွန်ထက်မြက်တဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့တာလေ…
လူတော်တွေအများကြီးထဲမှ သူမသည် ယွမ်ဟောက်မင်ကို ရွေးချယ်ခဲ့ပြီး သူ တောရွာတွင် အိမ်ထောင်ကျဖူးသည်ကိုပင် ဂရုမစိုက်ခဲ့ပေ။
သူမ ဘာကို လိုချင်ခဲ့တာလဲ… သူ့ရဲ့ အရည်အချင်းကို မဟုတ်ဘူးလား…အောင်မြင်ကျော်ကြားလာလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ မဟုတ်ဘူးလား…
သို့သော် ဤနှစ်များတစ်လျှောက်လုံးတွင် သူသည် ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘဲ သူ့အရည်အချင်းများကို အလဟဿ ဖြုန်းတီးပစ်ခဲ့သည်... ယခုမူ ဤကိစ္စလေးကိုပင် မလုပ်နိုင်တော့ချေ။ သူ၏ တရားမဝင်သမီးသာ မရှိခဲ့ရင် ဤအရာများ ဖြစ်လာစရာ အကြောင်းမရှိပေ။ ကျောက်ရုံ စိတ်ကုန်သွားကာ
"ကောင်းပြီ... ရှင်မသွားရင် ကျွန်မ သွားမယ်"
သူမ၏ အတန်းဖော်အများစုမှာ အောင်မြင်နေကြပြီဖြစ်သော်လည်း သူမသည် အနာဂတ်မရှိသည့် လူတစ်ယောက်ကို ရွေးချယ်မိခဲ့လေသည်။
ကျောက်ရုံသည် မိမိကိုယ်ကိုယ် ‘အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်’ ဟု အတန်တန် ဖြောင်းဖျနေရ၏။ သူမ၏ အတန်းဖော်အများစုမှာလည်း ထူးချွန်ထက်မြက်ခဲ့ကြသော်လည်း အများစုမှာ ကျေးလက်တောနယ်သို့ အပို့ခံခဲ့ရသည်။ ယခုအခါ မိမိတို့သည်လည်း တော်တော်လေး အဆင်ပြေပြေ နေထိုင်နေကြ၍……
ဟူး.. သူတစ်ပါးနဲ့ လိုက်မနှိုင်းယှဉ်နဲ့၊ ဘယ်တော့မှ လိုက်မနှိုင်းယှဉ်နဲ့၊ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ်ပဲ နာကျင်ရလိမ့်မယ်……
ကျောက်ရုံသည် မျက်နှာပျက်ပျက်ဖြင့် မိမိကိုယ်ကိုယ် ပြန်လည်ဖျောင်းဖျနေခဲ့သည်။
ယွမ်ဟောက်ဖုန်းမှာ မိခင်ကို ကြည့်ကာ
"အမေ... ကျွန်တော် အမေနဲ့အတူ လိုက်ခဲ့မယ်"
သို့သော် ဟောက်ရွှယ်မှာမူ အကြံပေးစကားဆိုလာ၏။
"အမေ... သမီးတို့ ဒေါ်လေးရှန့်ရှန့်ဆီကနေ ပိုက်ဆံအနည်းအကျဉ်း သွားချေးရင်ကော… မဟုတ်ရင် မုန်တိုင်းက ရက်ပေါင်းများစွာ တိုက်ခတ်နေရင် သမီးတို့အတွက် အဆင်ပြေမှာ မဟုတ်ဘူး"
ကျောက်ရုံသည် ဟောက်ရွှယ်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ ဟောက်ရွှယ်မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပုံရသော်လည်း
"ဟို... မသွားရင်လည်း ရပါတယ်..."
ကျောက်ရုံသည် သမီးဖြစ်သူ၏ အတွေးအမြင်တွင် မှားယွင်းမှု ရှိနေသည်ဟု မထင်သည့်အပြင် ချီးမွမ်းလိုက်၏။
"သမီးက ဉာဏ်ပြေးသားပဲ.. အမေ အခုပဲ ရှန့်ရှန့်ဆီ သွားရှာလိုက်မယ်၊ သူက အမြဲတမ်း ပစ္စည်းကောင်းတွေ အများကြီး အပိုသိမ်းထားတတ်တယ်"
"အမေ... ကျွန်တော် အမေနဲ့ လိုက်ခဲ့မယ်"
ယွမ်ဟောက်ဖုန်း ထပ်ပြောပြန်သည်။
ကျောက်ရုံ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးနောက် သဘောတူကာ
"အေးလေ... သွားကြတာပေါ့"
မိခင်နှင့်သားဖြစ်သူ နှစ်ဦးစလုံး အပြင်သို့ အတူတူ ထွက်လာခဲ့ကြ၏။
သူတို့သည် အပြင်သို့ ထွက်လာသည့် အဘွားကြီးကျောက်နှင့် ပက်ပင်းတိုးမိကြသည်။ အဘွားကြီးကျောက်သည် စောစောတင် အကြွေးလာတောင်းပြီးခါစ ဖြစ်သဖြင့် သုံးယောက်စလုံး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားကြ၏။
သို့သော် အဘွားကြီးကျောက်သည် သူတို့နှင့် အပိုစကားပြောရန် အချိန်မရှိပေ။ ရာသီဥတုသည် သာယာတောက်ပနေသော်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေသေးသည်။ ကြိုတင်ပြင်ဆင်မထားလျှင် အမှန်တကယ် ဆုံးရှုံးမှုကြီးမားပေလိမ့်မည်။ အဘွားကြီးကျောက်သည် ထိုသားအမိကို တစ်ချက်လှမ်းကြည့်ကာ သူမ၏ စက်ဘီးကို စီးပြီး ထွက်ခွာသွားခဲ့သည်။
ကျောက်ရုံ၏ မျက်လုံးများ တွန့်ကွေးသွားပြီး
"ကြည့်စမ်း... ဒေါ်လေးကျောက်တောင် အခု စက်ဘီးစီးနိုင်နေပြီ၊ ငါတို့မိသားစုရဲ့ ဘဝကတော့ ပိုပြီး ဆိုးရွားလာနေတယ်"
ယွမ်ဟောက်ဖုန်း : "သူ့လိုလူမျိုးနဲ့ လိုက်နှိုင်းယှဉ်နေလို့ ဘာထူးမှာလဲ.. သူ့ကို သွားနှိုင်းယှဉ်နေရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ငယ်အောင် လုပ်နေသလိုပဲ"
ကျောက်ရုံ ရယ်မောကာ
"မင်း ပြောတာ မှန်ပါတယ်"
သားအမိနှစ်ယောက်သည် စက်ဘီးများကို တွန်းကာ ထွက်လာခဲ့ကြပြီး ကျောက်ရုံမှာ သူမ၏ အတန်းဖော်ဟောင်းကို သွားရှာသည့်လမ်းတွင် အကြောင်းအရာများကို ပြောပြခဲ့၏။
"ရှန့်ရှန့်က အမေ့အတန်းဖော်ပဲ…ဒီတစ်ကြိမ် ဟောက်ရွှယ် အလုပ်ရဖို့အတွက် သူက သွယ်ဝိုက်ပြီး ကူညီပေးခဲ့တာ.. နည်းနည်း ခက်ခဲပေမဲ့ အနည်းဆုံးတော့ မင်းညီမ ကျေးလက်ကို သွားစရာမလိုတော့ဘူးပေါ့"
ယွမ်ဟောက်ဖုန်း : "ဒါဆိုရင် အမေ သူ့ကို သေသေချာချာ ကျေးဇူးတင်ရမှာပေါ့”
ကျောက်ရုံ ခပ်ပြုံးပြုံးဖြင့်
"ဒါပေါ့... အမေ သိတာပေါ့"
ပထမဆုံးခြေလှမ်းကို လှမ်းပြီးသွားသည်နှင့် ကျန်သည့်အရာအားလုံး ပို၍လွယ်ကူသွားသည်မှာ အမှန်ပင်ဖြစ်သည်။ ကျောက်ရုံသည် ထိုသို့သောသူမျိုး ဖြစ်၏။ သူမသည် ယွမ်ဟောက်မင်နှင့် အိမ်ထောင်ကျခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်ရှိခဲ့လေပြီ၊ ၁၉၆၀ ပြည့်လွန်နှစ်များ၏ အခက်ခဲဆုံးအချိန်များတွင်ပင် သူမသည် အခြားယောက်ျားတစ်ယောက်နှင့် ဖောက်ပြန်ရန် ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။
သို့သော် ယခုအခါ အလုပ်အကိုင်အတွက် ထိုပထမဆုံးခြေလှမ်းကို လှမ်းပြီးနောက်တွင်မူ ၎င်းသည် ထင်သလောက် မခက်ခဲလှကြောင်း သူမ သိရှိသွားခဲ့သည်။ ယင်းမှာ သိပ်ပြီး အရေးကြီးပုံမပေါ်တော့ပေ။ သူမ၏ ဘဝအတွက် စားကောင်းသောက်ဖွယ်များနှင့် လိုအပ်သည်များကို ဆောင်ကြဉ်းပေးနိုင်လျှင် ထိုက်တန်သည်ဟု သူမ ခံစားမိ၏။
သူမသည် ရှန့်ရှန့်ထံမှ အစောကတည်းက အတုမယူခဲ့မိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်မိသေးသည်။
သူမသည် ရှန့်ရှန့်ကဲ့သို့ တစ်ကိုယ်ရေတစ်ကာယ နေထိုင်ရန် ရည်ရွယ်ချက်မရှိသော်လည်း အိမ်ထောင်ရေးရှိနေစဉ်မှာပင် ပျော်ပျော်ပါးပါး နေထိုင်နိုင်သည်
မဟုတ်လော့။
အဲဒါက ဘာမှားလို့လဲ…
ကျောက်ရုံ : "ရောက်ပြီ"
စက်ဘီးသည် ရှန့်ရှန့်၏ နေရာသို့ ရောက်ရှိလာပြီး ရှန့်ရှန့် အပြင်ထွက်ခါနီးအချိန်နှင့် ကွက်တိ တိုးမိကြသည်။ သူတို့ ထိုနေရာတွင် ဆုံမိသွား၏။
ရှန့်ရှန့် မေးလိုက်ကာ
"နင် ဘာကိစ္စရှိလို့ ဒီကို လာတာလဲ.. ပြီးတော့ ဒါက ဘယ်သူလဲ"
ကျောက်ရုံ : "ဒါ ငါ့ရဲ့ သားအကြီးဆုံးလေ"
သူမသည် ရှန့်ရှန့်နှင့် သိကျွမ်းသော်လည်း သူမ၏ မိသားစုနှင့် တစ်ခါမှ မိတ်ဆက်မပေးခဲ့ဖူးပေ။ မသိစိတ်ထဲတွင် ရှန့်ရှန့်သည် အကျင့်စာရိတ္တ မကောင်းသူဟု ထင်မှတ်ထားပြီး သူမ၏ ကလေးပါ ပျက်စီးသွားမည်ကို စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်။ ယခုမူ သူမကိုယ်တိုင် ပထမဆုံးခြေလှမ်းကို လှမ်းခဲ့ပြီးနောက်တွင် သူမ၏ အတွေးအခေါ်သည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
"နင် သူ့ကို တစ်ခါမှ မတွေ့ဖူးသေးဘူးမလား.. ဒါ ငါ့ရဲ့ တက္ကသိုလ်
အတန်းဖော်၊ မင်းရဲ့ ဒေါ်လေးရှန့်ရှန့်လေ”
ယွမ်ဟောက်ဖုန်း : "မင်္ဂလာပါ ဒေါ်လေးရှန့်ရှန့်"
ရှန့်ရှန့်သည် ယွမ်ဟောက်ဖုန်းကို အထက်အောက် အကဲခတ်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများက အရည်ပျော်မတတ် ချိုသာသွားပြီး...
သူမသည် အဘိုးကြီးများနှင့် အချိန်ကုန်လွန်နေရသော်လည်း မည်သူက ပိုကောင်းသည့်အရာကို မလိုချင်ဘဲ နေမည်နည်း။ ဤလူငယ်လေးကို ရှန့်ရှန့် တိတ်တဆိတ် သဘောကျသွားပြီး ယွမ်ဟောက်ဖုန်းကို မြင်လိုက်ရသည့် ခဏ၌ပင် မျက်စိမလွှဲနိုင်အောင် ဖြစ်သွားခဲ့သည်။ ဤကောင်လေးသည် မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနှင့် တကယ်ချောမောလှ၏။
"ကြည့်ရတာ တကယ့်ကို တက်ကြွဖျတ်လတ်တာပဲ... ကျောက်ရုံ... နင့်ရဲ့သားကို ငါ့ဆီ အစောကြီးကတည်းက ခေါ်လာပြသင့်တာ.. ဒါနဲ့ နင် ဘာဖြစ်လို့လဲ.. ဘာလို့ မျက်လုံးတွေ ဖောင်းအစ်နေရတာလဲ"
ကျောက်ရုံ စိတ်ပျက်လက်ပျက် ပြုံးကာ
"ငါတို့မိသားစုဟာ ယွမ်ရှောင်ချွေရဲ့ လိမ်လည်လှည့်စားမှုကို ခံလိုက်ရလို့ပါ.. အဲဒီ ကောင်မစုတ်က တကယ့်ကို နှလုံးသားမရှိတဲ့ကောင်မ..."
သူမသည် မိမိ၏ ဒုက္ခများကို အပြစ်တင် မြည်တမ်းပြီးနောက် လိုရင်းကို ပြောလိုက်၏။
"နောက်ရက်ပိုင်းအတွင်း တိုင်ဖွန်းမုန်တိုင်း လာနိုင်တယ်လို့ ကြားတယ်၊ ငါတို့မှာ ဘာရိက္ခာမှ မရှိတော့လို့ နင့်ဆီကနေ နည်းနည်းပါးပါး ချေးမလို့ လာတာပါ.. စိတ်မပူပါနဲ့၊ ငါ ပိုက်ဆံရတာနဲ့ ရက်ပိုင်းအတွင်း ပြန်ဆပ်ပါ့မယ်"
ရှန့်ရှန့်သည် ယွမ်ဟောက်ဖုန်းကို ပြုံးပြုံးကြီး စိုက်ကြည့်ရင်း
"ငါတို့က ဘာပတ်သက်မှုမျိုးမို့လို့လဲ.. ချေးနေစရာ ဘာလိုလဲ.. ဒီအတိုင်းပဲ ယူသွားလိုက်ပါ"
ယွမ်ဟောက်ဖုန်းသည် သူမ၏ အကြည့်ကြောင့် အလွန်မျက်နှာပူပြီး အနေရခက်လာခဲ့သည်။
ရှန့်ရှန့် ဆက်ပြီး ပြောလိုက်ကာ
"ဒါပေမဲ့ ငါ့ဆီမှာလည်း အများကြီး မကျန်တော့ဘူး… ငါလည်း အပြင်ထွက်ပြီး ပစ္စည်းဝယ်မလို့ပဲ၊ ငါနဲ့အတူ လိုက်ခဲ့ပါ၊ ငါ့မှာ အသိအဆက်ရှိလို့ ရိက္ခာလက်မှတ်တွေ မလိုဘူး"
သူမ၏ မိသားစုသည် အမြဲတမ်း ဧည့်သည်တော်များကို အလေးအမြတ်ပြု ဧည့်ခံတတ်သဖြင့် လမ်းကြောင်းအဆက်အသွယ်များ ရှိလေသည်။
"အာ... ဒါက..."
"ရပါတယ်၊ ငါနဲ့ လိုက်ခဲ့ပါ.. မကြောက်ပါနဲ့၊ ငါတို့က လူစိမ်းတွေမှ မဟုတ်တာ"
ကျောက်ရုံ : "ကောင်းပြီ... ငါ နင်နဲ့ လိုက်ခဲ့မယ်"
သူတို့သုံးယောက်သည် စက်ဘီးများကို မစီးကြတော့ဘဲ သဘာဝကျကျပင် တွန်းကာ လမ်းလျှောက်လာခဲ့ကြ၏။
ရှန့်ရှန့်သည် ယွမ်ဟောက်ဖုန်းကို စွဲမက်ဖွယ်ကောင်းသော အကြည့်များဖြင့် တစိမ့်စိမ့် လှမ်းလှမ်းကြည့်နေခဲ့သည်။
ယွမ်ဟောက်ဖုန်း : "..."
သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာပြီး အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေရ၏။
သူတို့ အတူတူလမ်းလျှောက်လာကြစဉ် ရှန့်ရှန့်သည် မေးခွန်းများ တရစပ်မေးနေသည်။
"ဟောက်ဖုန်း... မင်းအသက် ဘယ်လောက်ရှိပြီလဲ..အိမ်ထောင်ကျပြီလား.. ဘယ်မှာ အလုပ်လုပ်လဲ၊ အလုပ်ကကော အဆင်ပြေရဲ့လား.. အဆင်မပြေရင် ဒေါ်လေး တခြားအလုပ်တစ်ခု ရှာပေးမယ်၊ ဒေါ်လေးက တခြားအရာတွေ မတော်ပေမဲ့ ဒီလိုကိစ္စမျိုးကတော့ လုပ်ပေးနိုင်တယ်"
ယွမ်ဟောက်ဖုန်း : "..."
ကျောက်ရုံသည် ဝမ်းသာအားရဖြင့်
"တကယ်လား.. တကယ် လုပ်ပေးလို့ရတာလား၊ ငါတို့ ဟောက်ဖုန်းက ရထားတွဲစောင့်လေ၊ အရမ်းအလုပ်များတယ်… သူ ဒီမှာပဲ အတည်တကျ နေနိုင်ရင်တော့ အကောင်းဆုံးပဲ"
"ဘာလို့မရရမှာလဲ… ငါ့မှာ နည်းလမ်းရှိပါတယ်၊ နင် ငါ့ကိုမယုံလို့လား"
ထိုလူအုပ်စုသည် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း စကားပြောနေကြသည်။
"ဟင်..."
အဘွားကြီးကျောက်သည် ပစ္စည်းအချို့ဝယ်ပြီး စက်ဘီးစီးကာ အိမ်ပြန်လာစဉ် ကျောက်ရုံနှင့် သူမ၏သားကို လှမ်းမြင်လိုက်ရသည်။
တိုက်ဆိုင်လိုက်တာ၊ အပြင်ထွက်တုန်းကလည်း တွေ့တယ်၊ အခု ပြန်လာတော့လည်း ထပ်တွေ့ပြန်ပြီ…
သို့သော် ထိုနှစ်ယောက်ကို ကြည့်ရုံဖြင့် ဘာမှမဝယ်ရသေးသည်မှာ အထင်အရှားပင်။ အဘွားကြီးကျောက်သည် စိတ်ထဲမှ ကြိတ်ပြီး လှောင်ပြောင်လိုက်၏။
သူမပဲ တော်တာပေါ့... ပြတ်သားပြီး ထိရောက်တယ်၊ လိုတာကို ကွက်တိဝယ်နိုင်ခဲ့တယ်… ကျောက်ရုံလို မဟုတ်ဘူး၊ အပြင်ထွက်လာပြီး စကားစမြည်ပဲ လိုက်ပြောနေတယ်…
ဘာတွေများ အားရပါးရ ပြောနေကြလဲ မသိဘူး၊ တော်တော်လေး စိတ်လှုပ်ရှားနေပုံပဲ…
ကျောက်ရုံရဲ့ ဟန်ဆောင်အပြုံးကြီးကို ကြည့်ဦး...
အဘွားကြီးကျောက်သည် မကြာသေးမီအတွင်း အတင်းအဖျင်းစကားများကို အများကြီး ကြားထားရသဖြင့် စက်ဘီးကို သူတို့အနားသို့ မသိမသာ တိုးကပ်စီးနှင်လိုက်မိသည်။
ဟမ်း...
နားထောင်ကြည့်ရအောင်...
ထပ်ပြီး နားစွင့်ကြည့်ဦးမယ်...
အဘွားကြီးကျောက် အနားသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထိုလူစိမ်းမိန်းမ၏ မျက်လုံးများသည် ယွမ်ဟောက်ဖုန်းထံတွင် ကပ်နေပြီး ညှို့ယူဖျားယောင်းသောအသံဖြင့် ပြောနေသည်ကို မြင်တွေ့လိုက်ရ၏။
"မင်းလည်း တို့အကြောင်း သိသားပဲ၊ တို့မှာ လမ်းကြောင်းအဆက်အသွယ် သေချာပေါက်ရှိတယ်၊ ဒါပေမဲ့ ဒီအဆက်အသွယ်တွေကို ဒီအတိုင်း စည်းကမ်းမရှိ သုံးလို့မရဘူး… ဒါပေမဲ့ ဟောက်ဖုန်းအတွက်ဆိုရင်တော့ တို့ ဝမ်းမြောက်ဝမ်းသာ လုပ်ပေးမှာပါ၊ တို့က ဟောက်ဖုန်းကို ပထမဆုံးအကြိမ် မြင်မြင်ချင်းကတည်းက သဘောကျသွားတာ"
သူမသည် လမ်းမပေါ်တွင်ပင် ယွမ်ဟောက်ဖုန်း၏ လက်ကို ဆွဲကိုင်လိုက်ရာ သူ၏စက်ဘီးပင် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
အဘွားကြီးကျောက် : "…..”
ဘုရားရေ...
ဒါ ဘာမြင်ကွင်းကြီးလဲ......
ဤမိန်းမသည် မိတ်ကပ်များ ထူထပ်စွာ လိမ်းခြယ်ထားသော်လည်း ယွမ်ဟောက်ဖုန်းထက် အသက်အများကြီး ပိုကြီးမှန်း သိသာလှသည်။ ကျောက်ရုံနှင့်ပင် အသက်တူလောက်၏။
သူတို့ ဘာလုပ်နေကြတာလဲ......
အဘွားကြီးကျောက်အတွက်မူ ဤမြင်ကွင်းသည် တကယ့်ကို တုန်လှုပ်စရာကြီး ဖြစ်နေ၏။
သူမလို အဘွားကြီးတစ်ယောက်အနေနဲ့ လက်ရှိမှာ အဖြစ်အပျက်ပေါင်းစုံကို မြင်တွေ့ခဲ့ရလို့ စိတ်
ဒဏ်ရာရလုနီးပါး ဖြစ်နေပြီ… အခုကော ဘာဖြစ်ပြန်တာလဲ......
သောက်ကျိုးနည်းလှချည်လား…
အဘွားကြီးကျောက်သည် သရဲမြင်လိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
မဟုတ်သေးဘူး၊ ဒါက သရဲမြင်ရတာထက်တောင် ပိုပြီး ထိတ်လန့်ဖို့ကောင်းသေးတယ်...
သူမသည် ပါးစပ်ကို တင်းတင်းပိတ်ထားပြီး စကားတစ်ခွန်းမှ မပြောသော်လည်း အဘွားကြီးကျောက်၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲမတတ် ဖြစ်နေချေပြီ...
သူမသည် လျိုကျင့်၏ စွမ်းဆောင်နိုင်ရည်ကို အလွန်အမင်း မယုံနိုင် ဖြစ်နေရသည့်အပြင်၊ ယခုကဲ့သို့ မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟုလည်း တစ်သက်နှင့်တစ်ကိုယ် မျှော်လင့်မထားခဲ့ပေ။
ဘာတွေဖြစ်နေတာလဲ… ကျောက်ရုံက ဒါကို မြင်ရဲ့သားနဲ့ ဘာလို့ ဘာမှမပြောတာလဲ…
ဒါဆို... ဒါဆို ကျောက်ရုံက ကိုယ့်အရင်းကို ဖျာခင်းပေးနေတာလား…
အဘွားကြီးကျောက် : "........."
သူမတစ်သက်တွင် ဤမျှ အောက်တန်းကျပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ...
မယုံနိုင်လောက်အောင် တုန်လှုပ်မိသည်...
အဘွားကြီးကျောက်၏ စိတ်ထဲတွင် ရုန်းရင်းဆန်းခတ် ဖြစ်သွားခဲ့သည်။
ရှန့်ရှန့် : "ကြည့်စမ်း... မင်းက ဘာလို့ ရှောင်နေတာလဲ.. တို့က မင်းကို စားပစ်မှာကျလို့… ယောက်ျားတစ်ယောက်ပဲ၊ နစ်နာစရာ ဘာရှိလဲ ဟုတ်တယ်မလား.. မင်းက တို့ရဲ့ တူအရင်းလိုပါပဲ၊ မင်းအမေနဲ့ တို့ကလည်း အတန်းဖော်တွေလေ… မင်းက သန့်သန့်ပြန့်ပြန့်နဲ့ သွက်သွက်လက်လက် ရှိတဲ့ကလေးပဲ၊ တို့က အဲဒီလို အနံ့အသက်မကောင်းတဲ့ ယောက်ျားစုတ်တွေကို အမုန်းဆုံးပဲ..ကြည့်ရတာ အဆင့်မရှိဘူး"
ယွမ်ဟောက်ဖုန်း : "..."
သူ ပြေးချင်နေပြီ... ဒါပေမဲ့ အောင့်ခံထားရတယ်...
သူသည် မိခင်ဖြစ်သူ ကျောက်ရုံကို လှမ်းကြည့်လိုက်ရာ သူမသည် အလွန် တည်ငြိမ်နေသည်။ သေချာတာပေါ့... သူမသည် ရှန့်ရှန့် ဆိုလိုသည့်အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်၏။
ဒါပေမဲ့ ဘာအရေးလဲ… ဟောက်ဖုန်းက ဟောက်ရွှယ်မှ မဟုတ်တာ၊ ယောက်ျားလေးပဲ၊ နစ်နာစရာ ဘာမှမရှိဘူး… တစ်ခုခုဖြစ်ခဲ့ရင်တောင် သူ့မိသားစုပဲ အကျိုးအမြတ်ရမှာ..
ဒါ့အပြင် ရှန့်ရှန့်ကိုသာ ဖမ်းစားနိုင်ရင် အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်မဟုတ်လား…
ရှန့်ရှန့်က အိမ်ထောင်လည်းမရှိ၊ ကလေးလည်းမရှိဘူး၊ ပိုက်ဆံတွေကို ဘာအတွက် စုနေမှာလဲ…
သူမမိသားစုက ရှန့်ရှန့်အစား သုံးပေးနိုင်တာပေါ့၊ ပြီးတော့ ရှန့်ရှန့်မှာ လမ်းကြောင်းအဆက်အသွယ်တွေလည်း ရှိသေးတယ်…
ထိုသို့တွေးမိသောအခါ ကျောက်ရုံ၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာပြီး
"ဟောက်ဖုန်း... မင်းရဲ့ ဒေါ်လေးရှန့်ရှန့်က တစ်ယောက်တည်း နေတာဆိုတော့ မိန်းမသားတစ်ယောက်တည်း နေရတာ အမြဲတမ်း တစ်ခုခုတော့ အဆင်မပြေတာ ရှိမှာပဲ၊ ညစ်ပတ်တာဖြစ်ဖြစ်၊ ပင်ပန်းတဲ့ အလုပ်မျိုးပဲဖြစ်ဖြစ် ရှိရင် မင်း ဝင်ကူညီပေးလိုက်ဦး.. မင်းရဲ့ ဒေါ်လေးရှန့်ရှန့်က မင်းကို မတရား မလုပ်ပါဘူး"
ယွမ်ဟောက်ဖုန်း : "ဟုတ်ကဲ့"
စက်ဘီးလက်ကိုင်ကို ဆုပ်ကိုင်ထားသော သူ၏လက်ဖမိုးတွင် အကြောအပြိုင်းပြိုင်း ထလာခဲ့သည်။
ရှန့်ရှန့်သည် ကျောက်ရုံ၏ အလိုက်သိမှုကို အလွန်သဘောကျသွားပြီး ပြုံးလျက်ဆိုလိုက်၏။
"နင်တို့ ဟောက်ရွှယ်လည်း အလုပ်ဝင်တော့မယ် မဟုတ်လား။ ယာယီအလုပ်တွေက ရေရှည်အတွက် အဆင်မပြေဘူး… တို့ ဘယ်လိုလုပ်ပေးလို့ရမလဲ ကြည့်ပေးပါ့မယ်၊ သူ အမြဲတမ်းဝန်ထမ်း ဖြစ်သွားရင်တော့ အကောင်းဆုံးပေါ့"
ကျောက်ရုံ ချက်ချင်းပင် ဝမ်းသာအားရဖြင့်
"အာ... တကယ်လား”
ရှန့်ရှန့် : "ဒါကတော့ နင်တို့ဘက်က ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့"
"ဒါဆိုရင်တော့ တကယ့်ကို အတိုင်းထက်အလွန်ပါပဲ”
ရှန့်ရှန့်ပြုံးလိုက်ကာ
"ဒါကတော့ နင်တို့မိသားစုက အလိုက်သိတတ်သလား ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်"
သူမပြောရင်း ယွမ်ဟောက်ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင် သူမသည် ယွမ်ဟောက်ဖုန်း၏ လက်ပေါ်သို့ သူမလက်ကို တင်လိုက်သော်လည်း ယွမ်ဟောက်ဖုန်းမှာ လက်ကို ဆွဲမဖယ်ခဲ့ပေ။
ရှန့်ရှန့် : "ဒီတစ်ကြိမ် အဲဒီကျေးဇူးကန်းတဲ့ ကောင်မစုတ် ယွမ်ရှောင်ချွေကြောင့် မင်းတို့မိသားစု ပစ္စည်းတွေ အခိုးခံရတဲ့ကိစ္စကို စိတ်မပူပါနဲ့တော့.. တို့ရှိတယ်၊ ဒါက ဘာမှမဟုတ်ပါဘူး.. ဘာလိုလဲဆိုတာသာ ပြော၊ တို့ ကူညီပေးပါ့မယ်"
ကျောက်ရုံ အံ့ဩတကြီးဖြင့် "ဒါဆိုရင်တော့ အကောင်းဆုံးပဲ..." ဟု ရေရွတ်မိသည်။
ရှန့်ရှန့်သည် ယွမ်ဟောက်ဖုန်းကို နောက်တစ်ကြိမ် လှမ်းကြည့်ကာ တခစ်ခစ် ရယ်မောလိုက်၏။
မိမိကိုယ်ကိုယ် ပျော်ရွှင်အောင် မနေရင် ပိုက်ဆံတွေကို အပင်ပန်းခံ ရှာနေလို့ ဘာထူးမှာလဲ… အသားလတ်လတ်ဆတ်ဆတ်လေးတွေက အကယ်အရသာရှိမှာ…
ကျောက်ရုံ၏ စိတ်ထဲတွင်မူ ဟောက်ဖုန်းသည် ယောကျာ်းသားဖြစ်သဖြင့် အမျိုးသမီးနှင့် အိပ်လိုက်ပြီး အကျိုးအမြတ်တစ်ခုခု ရရှိလာခြင်းမှာ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် ကိစ္စဟု ခံစားနေရသည်။ ထို့အတူ ရှန့်ရှန့်၏ စိတ်ထဲတွင်လည်း သူမဘက်မှ နစ်နာစရာ မရှိဟု တွေးနေ၏။ ပိုက်ဆံအနည်းငယ် သုံးရုံဖြင့် ခန္ဓာကိုယ်တောင့်တင်းပြီး ရုပ်ရည်ချောမောသည့် လူငယ်လေးတစ်ယောက်ကို ရရှိနိုင်သည် မဟုတ်လော့။
ဒါက လုံးဝကို အရှုံးမရှိတဲ့ ကိစ္စပဲ..
ယောက်ျားတွေဆိုတာ...
သူတို့ရဲ့ ကောင်းမွန်တဲ့အရွယ်က နှစ်အနည်းငယ်ပဲ ခံတာမဟုတ်ဘူးလား…
ပိုက်ဆံအနည်းငယ်လေးနဲ့တင် သူမ ပျော်ပျော်ပါးပါး နေနိုင်တာမို့လို့ သူမဘက်က မြတ်နေတာပဲလေ..
သူမ ငယ်စဉ်တုန်းက အသက်ကြီးတဲ့ အဘိုးကြီးတွေနဲ့ ပတ်သက်ခဲ့ရပေမဲ့ ကောင်းကောင်းစား၊ ကောင်းကောင်းဝတ်ခဲ့ရတယ်… အခု အသက်ကြီးလာတော့ လူငယ်လေးတွေနှင့် ပြန်လည်ပျော်ပါးနိုင်ခွင့် ရနေသေးတယ်… ဒါက တကယ့်ကို အံ့ဩစရာကောင်းတာပဲ…
ရှန့်ရှန့် : "သွားကြစို့၊ မြန်မြန်သွားပြီး ငါ့အကောင့်ထဲပဲ အကြွေးမှတ်ခိုင်းလိုက်မယ်"
ကျောက်ရုံ : "ကျေးဇူးအများကြီးတင်ပါတယ်ဟယ်"
ရှန့်ရှန့် : "ဘာမှမဟုတ်ပါဘူး၊ တို့တွေ သိလာတာ ဆယ်စုနှစ်မကတော့တာပဲကို”
ဤအသက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးစလုံးသည် ဤအခြေအနေကို တော်တော်လေး အဆင်ပြေသည်ဟု ယူဆနေကြသည်။
ကာယကံရှင်ဖြစ်သူ ယွမ်ဟောက်ဖုန်းမှာမူ…
"..."
ယွမ်ဟောက်ဖုန်းသည် ထိတ်လန့်ခြင်း၊ ကို့ယို့ကားယားဖြစ်ခြင်းနှင့် ဝေခွဲမရခြင်းတို့ကြောင့် ဦးနှောက်တစ်ခုလုံး ပေါက်ကွဲမတတ် ခေါင်းကိုက်လာခဲ့ရသည်...
ဒါက ဘာကိုဆိုလိုတာလဲ…
သူ့အမေက သူ့ကို ဒီအဒေါ်ကြီးနဲ့ အိပ်ဖို့ ပြောနေတာလား…
အား...
အာ...
သူက လူပျိုစစ်စစ်ကြီး ရှိသေးတာကို...
ယွမ်ဟောက်ဖုန်း : ‘သေစမ်း’
တိတ်ဆိတ်ခြင်း…… ယနေ့တွင်တော့ နက်ရှိုင်းလှစွာသော တိတ်ဆိတ်ခြင်းသာ ရှိတော့၏။
သူတို့နောက်မှ ခိုးနားထောင်နေသည့် အဘွားကြီးကျောက်မှာမူ : "……………………"
သူမ၏ ထိတ်လန့်မှုမှာ အတိုင်းအဆမရှိကြီးမားလှ၏။
အဘွားကြီးကျောက်သည် ယခုထက်ပို၍ အောက်တန်းကျသော စကားများကို ကြားရမည် စိုးရိမ်သဖြင့် ထပ်ပြီး နားမထောင်ရဲတော့ချေ။ ဤအချိန်တွင် သူမကိုယ်သူမ ဘာမှမသိနားမလည်သည့် အပြစ်ကင်းစင်သော အဘွားကြီးတစ်ဦးအဖြစ် ခံစားလိုက်ရသည်။
တကယ်ပါပဲ... သူမက ဘာမှမသိတဲ့ အဘွားကြီးတစ်ယောက် ဖြစ်နေရတာပဲ… အမယ်လေး…
သူမတစ်သက်တွင် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ...
သူမသည် ခေတ်ဟောင်း လူ့အဖွ့အစည်းမှ လာသူဖြစ်သဖြင့် မိမိကိုယ်ကိုယ် လောကအမြင်ရှိသူဟု သတ်မှတ်ထားပြီး ဆန်းပြားထူးဆန်းသည့် အရာပေါင်းစုံကို မြင်ဖူးခဲ့သည်။ သို့သော် ယနေ့တွင်မူ သူမ တကယ်ကို မျက်စိပွင့်နားပွင့် ဖြစ်သွားခဲ့ရ၏။
လုံးဝကို မျက်စိပွင့်သွားခဲ့ရပြီ...
လျိုကျင့်သည် ကိုယ်ဝန်အထင်အရှား ရှိနေပါလျက်နှင့် သံမဏိရုပ်သေးရုပ်လေးတစ်ရုပ်ကို ကိုယ်ဝန်ဆောင်ထားသကဲ့သို့ အိမ်ထဲဝင်လာသမျှ ယောက်ျားတိုင်းနှင့် အိပ်ကာ၊ ဝင်လာသမျှ ယောက်ျားတိုင်းကို လိမ်လည်လှည့်စားခဲ့သည်။
အချိန်တိုလေးအတွင်းမှာတင် သူမသည် ယောက်ျားအနည်းငယ်ထံမှ အနည်းဆုံး ယွမ်နှစ်ရာကျော်ကို "ကျွန်မ မတရားခံရလို့ပါ၊ ကျွန်မမှာ ကိုးကွယ်ရာမဲ့လို့ပါ၊ ကျွန်မမှာ ဒီမှာနေစရာ အကြောင်းပြချက် မရှိလို့ပါ" ဆိုသည့် သနားစရာကောင်းသော သရုပ်ဆောင်ချက်များဖြင့် ခြိမ်းခြောက်ငွေညှစ်ခဲ့ပြီး၊တစ်ယောက်တည်းကိုပဲ ချစ်တာပါဟု ပြောခဲ့သေး၏။
သူမသည် လူတိုင်းအပေါ် ထိုသို့ပင် ဆက်ဆံခဲ့သည်။
အဘွားကြီးကျောက်သည် မိမိကိုယ်ကိုယ် အတွေ့အကြုံများလှပြီဟု ထင်ခဲ့မိ၏။
သို့သော် ယခုနှယ် အသစ်အဆန်းမျိုးကို မြင်ရလိမ့်မည်ဟု တစ်သက်နှင့်တစ်ကိုယ် မျှော်လင့်မထားခဲ့ပေ။
ဤအသက်လတ်ပိုင်း အမျိုးသမီးသည် လူငယ်လေးတစ်ဦးကို အမဲလိုက်နေပြီး၊ ကောင်လေး၏ မိခင်အရင်းကိုယ်တိုင်သည် အောင်သွယ်တော် လုပ်ပေးနေသည်…. မိခင်အရင်းတစ်ယောက်သည် ဤကဲ့သို့အရာမျိုးကို လုပ်နိုင်လိမ့်မည်ဟု အဘွားကြီးကျောက် မယုံကြည်နိုင် ဖြစ်နေရသည်။
ပြီးတော့…သူတို့က ဒီလောက်အလွယ်တကူပဲ ညှိနှိုင်းမိသွားကြတာလား..
အရင်ဆုံး သံယောဇဉ် တည်ဆောက်ဖို့တောင် မလိုကြဘူးလား…
အားလုံးက တကယ်ကို ရှုပ်ထွေးလွန်းလှချည်လား… နားမလည်တော့ဘူး တကယ်ကို နားမလည်နိုင်တော့ဘူး လောကကြီးရေ…
အဘွားကြီးကျောက်သည် ထပ်မံစိတ်အနှောင့်အယှက်ဖြစ်ရမည် စိုးသဖြင့် နောက်မှ ထပ်မလိုက်ရဲတော့ပေ။
သူမ အဘွားကြီးတစ်ယောက်သာဖြစ်သည်၊ ဤမျှအထိ အမြင်ကျယ်ကျယ် မကြည့်နိုင်ချေ။ သူတို့ ကစားနေသည့် ပွဲသည် အလွန် ရှုပ်ထွေးလွန်းလှ၏။
အဘွားကြီးကျောက်သည် စက်ဘီးပေါ်မှ ဆင်းကာ စက်ဘီးကို တွန်းရင်း အိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်၊ စက်ဘီးစီးလျှင် စိတ်လှုပ်ရှားမှုကြောင့် ဟန်ချက်ပျက်ပြီး လဲကျမည်ကို စိုးရိမ်နေမိ၏။
သူမသည် ဤမျှအောက်တန်းကျသော အရာများကို ချက်ချင်း လက်မခံနိုင်သေးပေ။
ပြန်စဉ်းစားကြည့်လျှင် သူမသည် ယွမ်မိသားစုကို တကယ်ပဲ အထင်သေးခဲ့မိသည်။ သူတို့သည် အလွန် ထူးခြားဆန်းပြားပြီး ဘာမဆို လုပ်ရဲသည့် လူစားမျိုးဖြစ်၏။
ဒါပေမဲ့ ပြန်တွေးကြည့်ပြန်တော့လည်း သူမတို့လို အဆင့်အတန်းမျိုးကိုတော့ သူတို့ မျက်စိထဲတောင် ထည့်မှာမဟုတ်လောက်ပါဘူး… ဝင်းထဲက လူတွေကိုတောင် သူတို့က အရေးမစိုက်ကြတာမို့လို့ပဲ အားလုံးနဲ့ သင့်တင့်လျောက်ပတ်အောင် နေနိုင်ကြတာ ဖြစ်မယ်…
အဘွားကြီးကျောက်သည် တွေဝေငေးမောစွာဖြင့် အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။
လူတိုင်း မိမိတို့ အလုပ်နှင့်မိမိတို့ အလုပ်ရှုပ်နေကြသဖြင့် မည်သူမျှ သူမကို သတိမပြုမိကြပေ။
အဘွားကြီးကျောက်သည် ဝယ်လာသည့် ပစ္စည်းများကို အိမ်ထဲသို့ သယ်လာခဲ့ရာ ချန်ချင်းယွီကို မတွေ့ရဘဲ၊ ကလေးနှစ်ယောက်သည် အပြင်ခန်းထဲတွင် ထိုင်ကာ ကြိုးကျစ်ကစားနည်းကို ဆော့ကစားနေကြသည်ကို မြင်လိုက်ရ၏။
"နင်တို့ မေမေ ဘယ်မှာလဲ"
ရှောင်ကျားသည် သွက်သွက်
လက်လက်ဖြင့် ဖြေလိုက်သည်။
"မေမေ အိမ်သာသွားတယ်"
အဘွားကြီးကျောက် : "အော်"
သူမသည် လက်များကို စိုးရိမ်တကြီး ပွတ်သပ်ရင်း အပြင်သို့ လှမ်းကြည့်လိုက်၏။
ဟမ်း... သူမသည် ဤအံ့ဩစရာကောင်းသော အတင်းအဖျင်းသတင်းကြီးကို သူမ၏ ချွေးမဖြစ်သူအား မျှဝေရန် မစောင့်နိုင်အောင် ဖြစ်နေပြီဖြစ်သည်။
လောကကြီးက တကယ်ပဲ ပြောင်းလဲသွားပြီလား…
ဒီအဘွားကြီးကတော့ ခေတ်နောက်ကျကျန်ခဲ့ပြီပဲ...
ဘာတွေ ဖြစ်ကုန်ကြတာလဲ…
အဘွားကြီးကျောက်သည် တကယ်ကို စကားမရှိ အံ့ဩဆွံ့အလို့ နေတော့သည်။
ချန်ချင်းယွီမှာမူ အဘွားကြီးကျောက် သူမကို စောင့်နေသည်ကို မသိရှာပေ။ သူမ အိမ်သာထဲမှ ထွက်လာစဉ် ဝမ်မေ့လန်နှင့် ထိပ်တိုက်တိုးမိခဲ့၏။
ဝမ်မေ့လန်မှာ အလွန်လောနေပုံရသည်။ ချန်ချင်းယွီကို မြင်သောအခါ သူမသည် အမြန်မေးလိုက်၏။
"ရပ်ကွက်ကော်မတီက အိမ်တိုင်းစေ့ကို လာပြီး မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင် တိုင်ဖွန်းမုန်တိုင်း လာနိုင်တယ်လို့ လာအကြောင်းကြားသွားတာ ဟုတ်လား"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြကာ
"ဟုတ်ကဲ့၊ လာပြောသွားတယ်"
ဝမ်မေ့လန် သက်ပြင်းချရင်း
"တကယ်ပဲ... အိမ်မှာ ပြဿနာတွေ များလေလေ၊ အပြင်က ဒုက္ခတွေကလည်း ဆင့်ပွားလာလေလေပဲ.. ညီမနဲ့ စကားအကြာကြီး မပြောနိုင်တော့ဘူး၊ အိမ်ကို အမြန်ပြန်ရမယ်"
ချန်ချင်းယွီသည်လည်း သူမ၏ ခြံဝင်းသို့ ပြန်မည်ဖြစ်သဖြင့် သူတို့နှစ်ဦး အတူတူ လျှောက်လာခဲ့ကြသည်။
သူမသည် မျက်လုံးဝိုင်းကြီးများဖြင့် စူးစမ်းကာ လှမ်းမေးလိုက်လေ၏။
"အစ်ကိုဝမ်ကော အဆင်ပြေရဲ့လားဟင်"
ဝမ်မေလန်သည်လည်း စိတ်မအေးနိုင်ဘဲ ရင်ဖွင့်မြည်တမ်းရှာသည်။
"ဘယ်လိုလုပ် အဆင်ပြေမှာလဲ.. ဆရာဝန်က ဆေးရုံမှာပဲ အနားယူဖို့ ပြောထားတာကို သူ ဘာတွေ တွေးနေလဲ မသိပါဘူး၊ အိမ်ပြန်မယ်ဆိုပြီး ဇွတ်လုပ်နေလို့ ငါလည်း ပြောလို့မရခဲ့ဘူး.. အခုတော့ ချော်လဲပြီး သူ့လက်မောင်းကို ပြန်ပြီး အရိုးဆက်ရဦးမယ်… ငါက ဆေးရုံတက်ခ ပိုက်ဆံကို နှမြောနေတာ မဟုတ်ပါဘူး၊ ဆေးရုံက မဆင်းဖို့ ငါ အတန်တန် တားခဲ့ပေမဲ့ သူက နားမထောင်တဲ့အပြင် ငါ့ယောက္ခမကပါ ငါ့ကို လာပြီး အပြစ်တင်နေသေးတယ်…ငါ တကယ်ကို ကြားညပ်ပြီး အခက်တွေ့နေရတာ"
ချန်ချင်းယွီသည် ဝမ်ကျန့်ကော်ကို မနှစ်သက်သော်လည်း ဝမ်မေ့လန်အပေါ်တွင်မူ ဘာအာဃာတမှ မရှိပေ။ ထို့ကြောင့် အားပေးစကား ဆိုလိုက်ကာ
"အစ်မလည်း ကိုယ့်ကိုယ်ကိုယ် လုံးဝ ပစ်မထားပါနဲ့ဦး.. အမြဲတမ်း အလုပ်ရှုပ်နေတာ ကြည့်ရတာ တော်တော်လေး နုံးချည့်နေပုံပဲ"
ဝမ်မေ့လန် : "ငါလည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး.. ငါ့ယောက္ခမကလည်း ဘာမှ ကူမလုပ်ပေးနိုင်ဘူး။ ငါ တကယ်ပဲ... တော်ပါပြီ၊ သူ့အကြောင်း ပြောမနေချင်တော့ပါဘူး... ဘာပဲဖြစ်ဖြစ် တို့တွေလို ချွေးမတွေဘဝက..."
"တကယ်ကို မလွယ်ကူလှပါဘူး"
ချန်ချင်းယွီ ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့" ဟု ထောက်ခံလိုက်သည်။
ဝမ်မေ့လန်မှာ ဆက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားနေ၏။
"ငါ ကလေးအတွက် အဝတ်အစားတချို့ လာသိမ်းတာ၊ နောက်ရက်ပိုင်းအတွင်း ကလေးကို သူ့အဘွားအိမ်မှာပဲ ခဏ ထားရလိမ့်မယ်။ ငါ တကယ်ကို
အလုပ်တွေ အရမ်းများနေလို့ပါ"
"ငါ အလုပ်ကနေ ခွင့်ရက်အတော်ကြာ ယူထားရတော့ စက်ရုံကလည်း သိပ်မကြည်ချင်ဘူး၊ ဒါပေမဲ့ လင်ယောက်ျားကလည်း ပြုစုမယ့်လူ လိုနေတယ်၊ ကလေးကလည်း ကြည့်ပေးမယ့်လူ လိုနေတယ်.. ငါ တစ်ယောက်တည်းနဲ့ ဘယ်လိုမှ မနိုင်ဘူး.. တို့အမျိုးသမီးတွေရဲ့ ဘဝက ဘယ်လောက်ခက်ခဲလဲဆိုတာ ညီမ စဉ်းစားသာကြည့်တော့၊ အထက်မှာက လူကြီးမိဘတွေကို ပြုစုရတယ်၊ အောက်မှာက ကလေးငယ်တွေကို ကျွေးမွေးရတယ်၊ အလုပ်နဲ့ မိသားစုကိုလည်း မျှတအောင် ထိန်းရသေးတယ်၊ ငါ တကယ် ဘာလုပ်ရမှန်း မသိတော့ဘူး… အိမ်ရောက်ပြီဆိုတော့ ညီမနဲ့ စကားမပြောနိုင်တော့ဘူးနော်"
သူမသည် အိမ်ထဲသို့ အပြေးအလွှား ဝင်သွားခဲ့ပြီး၊ ချန်ချင်းယွီသည် ခြံဝင်း၏ အပြင်ဘက်သို့ ပြန်လှည့်ကြည့်မိသည်။ ခြံဝင်းအပြင်ဘက် နံရံပေါ်တွင် ဆိုင်းဘုတ်စာတန်းတစ်ခု ရေးသားထားသည်မှာ…
"အမျိုးသမီးများသည် မိုးကောင်းကင်၏ တစ်ဝက်ကို ပင့်မထားကြသည်" ဟူ၍ပင်။
ချန်ချင်းယွီသည် စိတ်ထဲမှတိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အမျိုးသမီးများ၏ အဆင့်အတန်းသည် တိုးတက်လာသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မိသားစုအများစုသည် အမျိုးသမီးများအပေါ် ပိုမိုတောင်းဆိုလာကြ၏။ သူတို့သည် အလုပ်လည်း သွားရသည်၊ အိမ်မှုကိစ္စလည်း လုပ်ရသည်၊ ကလေးလည်း ထိန်းရသည့်အပြင် လူကြီးမိဘများကိုလည်း ပြုစုလုပ်ကျွေးကြရသေးသည်။
ဖြေရှင်းစရာ သေးဖွဲ့ဖွဲ့ကိစ္စလေးများ ပိုပြီးပင် များလာ၏။ သူမသည် ခေါင်းခါလိုက်မိပြီး မိမိလုပ်စရာရှိသည်ကိုသာ ဆက်လုပ်လိုက်တော့သည်...
ဘာပဲဖြစ်ဖြစ် ဘယ်သူမှ သူမကို လာပြီး လွှမ်းမိုးလို့မရဘူး…
အမှန်တွင် ချန်ချင်းယွီသည် အလွန်တက်ကြွထက်သန်ပြီး ရည်မှန်းချက်ကြီးသူတစ်ဦးဖြစ်သော်လည်း လက်တွေ့လည်းကျသူ ဖြစ်သည်၊ မည်သည့်အချိန်တွင် မည်သို့ပြုမူရမည်၊ ဘာလုပ်ရမည်ကို ကောင်းကောင်းသိသည်။ ယခုလိုအချိန်မျိုးတွင် ထိုထက်သန်မှုကို သွားထုတ်ပြနေ၍မရပေ၊ အလိုက်မသိဘဲ အဆင်မခြင်လုပ်မိလျှင် ဒုက္ခသာ ရောက်လိမ့်မည်...
ဝမ်မေ့လန်မှာ အလွန်လောနေသော်လည်း ချန်ချင်းယွီမှာ ထိုမျှအထိ ပျာယာခတ်မနေပေ။ ရာသီဥတုခန့်မှန်းချက်အရ တိုင်ဖွန်းမုန်တိုင်းလာမည်ဟု ဆိုသော်လည်း သေချာပေါက် ရောက်လာ၊ မလာဆိုသည်မှာ မရေရာသေးပေ။
ရာသီဥတုသည် အတော်လေး ပူအုန်းမည်ဖြစ်၏။
သူမနှင့်နှိုင်းယှဉ်လျှင် အခြားသူများမှာ ခေါင်းပြတ်နေသည့် ယင်ကောင်များကဲ့သို့ ပျာယာခတ်နေကြသည်။ လင်စန်းရှင်းဆိုလျှင် လျှော်ရမည့် အဝတ်အစားဇလုံကြီးကိုပင် အပြင်သို့ သယ်ထုတ်လာခဲ့၏။
ချန်ချင်းယွီ : ‘ဟယ် ဘာပါလိမ့်’
သူမ ဘာလို့ အခုလိုအချိန်ကျမှ အဝတ်အစား လာလျှော်နေရတာလဲ…မနက်ဖြန် တကယ်မိုးရွာရင် တစ်ညတည်းနဲ့ ခြောက်မှာလည်း မဟုတ်ဘူး..
ထူးဆန်းလိုက်တာ...
လင်စန်းရှင်း : "ချင်းယွီလေး... နင် ဘာတွေ ငေးနေတာလဲ၊ အလုပ်မြန်မြန်လုပ်ဦး၊ မဟုတ်ရင် နင့်ယောက္ခမ စိတ်တိုလိမ့်မယ်"
ချန်ချင်းယွီက ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
သူမတို့မိသားစုသည် အားလုံးနီးပါး ပြင်ဆင်ပြီးသားဖြစ်၍ သိပ်ပြီး စိတ်ပူစရာမလိုပေ။ ချန်ချင်းယွီတို့အိမ်တွင် အပြင်၌ အပိုသိမ်းထားသည့် ပစ္စည်းများလည်း သိပ်မရှိပေ။ သို့သော်လည်း တံခါးများနှင့် ပြတင်းပေါက်များကို သေချာစစ်ဆေးဖို့ လိုအပ်နေသေးကြောင်း သူမ သတိပြုမိသွားသည်။ ချန်ချင်းယွီသည် အတွေးလွန်နေရာမှ သတိပြန်ဝင်လာပြီး အိမ်သို့ ခပ်သွက်သွက် ပြန်လာခဲ့၏။
အဘွားကြီးကျောက်မှာ အားလုံးကို သပ်သပ်ရပ်ရပ် သိမ်းဆည်းပြီးနေပြီဖြစ်သည်။
"ညည်းနှယ်အေ.. ညည်းကို အိမ်သာထဲ ကျသွားပြီလို့ ထင်နေတာ"
“လမ်းမှာ ဝမ်မေ့လန်နဲ့တိုးလို့ ခဏစကားပြောနေတာနဲ့ ကြာသွားတာပါ"
ချန်ချင်းယွီ ပြောပြီး ဆက်လက်၍ ဆိုလိုက်မိ၏။
"ရာသီဥတု ပြောင်းလဲတော့မယ်ဆိုတာ သိရက်နဲ့ လင်စန်းရှင်းက အခုမှ အဝတ်တွေ ထွက်လျှော်နေတယ်၊ တော်တော် ထူးဆန်းတာပဲ..."
အဘွားကြီးကျောက် တဟီးဟီးရယ်ရင်း
"သူက အမြဲတမ်း အချိန်အခါမဟုတ်တာတွေကို လျှောက်လုပ်တတ်ပြီး သူကိုယ်သူ အမှန်တွေလုပ်နေတယ်လို့ ထင်နေတာ"
ချန်ချင်းယွီ ရယ်မောလိုက်မိသည်။
အဘွားကြီးကျောက် : "တကယ်ပါပဲ"
သူမသည် အပြင်ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကို ကြည့်ကာ
"နင်တို့နှစ်ယောက် ရေမိုးချိုးပြီး ကုတင်ပေါ် စောစောတက်ကြတော့"
ကလေးနှစ်ယောက်လုံးကို မောင်းထုတ်လိုက်ခြင်းဖြစ်၏။
ခြံဝင်းထဲရှိ မိသားစုအများစုသည် အပူပေးအုတ်ကုတင်များကို အသုံးပြုကြကာ အသက်ကြီးသူများသည် ပို၍ သဘောကျကြသည်။ ချန်ချင်းယွီတို့အိမ်တွင် အုတ်ကုတင်ရှိသဖြင့် ဆောင်းရာသီတွင် ပိုမိုနွေးထွေးပြီး ကလေးများ ဆော့ကစားရန်လည်း အဆင်ပြေ၏။
ကလေးနှစ်ယောက်လုံး ကုတင်ပေါ်တွင် ထိုင်နေရန် စေခိုင်းခံလိုက်ရပြီး သူတို့ ခြေထောက်သေးသေးလေးများကို ဆန့်ထုတ်လျက် ရုပ်ပြစာအုပ်များကို ဖတ်နေကြသည်။
သူတို့ ခိုးနားမထောင်နေမှန်း သေချာသွားသောအခါ အဘွားကြီးကျောက်သည်
"ငါ နင့်ကို ပြောပြရဦးမယ်၊ ဒီနေ့တော့ ငါဖြင့် တကယ့်ကို အဆန်းတကြယ် မြင်ကွင်းကြီးကို မြင်ခဲ့ရတာပဲ..."
အဘွားကြီးကျောက် : "ဒုန်း ဒုန်း ဒုန်း..."
ချန်ချင်းယွီ : "ဟင်..."
အဘွားကြီးကျောက် ချန်ချင်းယွီ၏ မယုံကြည်နိုင်သည့်အကြည့်ကို ကြည့်ကာ
"နင် အံ့ဩသွားပြီမလား..ဒါတင်မကသေးဘူး... ငါ အခုလေးတင် အပြင်ထွက်တုန်းက မြင်ခဲ့ရတာက..."
ချန်ချင်းယွီ : "သောက်ကျိုးနည်း…"
သူမ ထိတ်လန့်တုန်လှုပ်သွားပြီး
"ကျောက်ရုံက သူမရဲ့ သားအရင်းကိုတောင် ဖျာခင်းပေးနေတာပေါ့ ဟုတ်လား"
"သေချာတာပေါ့..."
အဘွားကြီးကျောက်လည်း မယုံနိုင်ဖြစ်နေဆဲပင်။
"ဒီနေ့ကစပြီး သူတို့မိသားစု ဘာပဲလုပ်လုပ် အံ့ဩစရာ မလိုတော့ဘူး..ငါ့အထင်တော့ ဟောက်ရွှယ် အခု အလုပ်ရသွားတာ အဲဒါကြောင့်ပဲ ဖြစ်လိမ့်မယ်”
ချန်ချင်းယွီ : "..."
သူမအစ်ကိုက အသက်လတ်ပိုင်း အမျိုးသမီးတွေကို သွားပြီး မြူဆွယ်ဖျားယောင်းလို့ အလုပ်ရလာတာပေါ့လေ...
ချန်ချင်းယွီ : "ဒါက တကယ့်ကို..."
ချန်ချင်းယွီသည် တစ်ခဏမျှ ဤအခြေအနေကို မည်သို့ဖော်ပြရမှန်းပင် တကယ်မသိတော့ပေ။
သူမ တကယ်ကို အမြင်ကျဉ်းခဲ့တာပဲ…
ချန်ချင်းယွီသည် သူမ၏ ဆံပင်များကို ကုတ်လိုက်မိသဖြင့် ဆံပင်များ အနည်းငယ် ရှုပ်ပွသွားခဲ့သည်။
ဒါပေမဲ့...
ဆံပင်တွေ ရှုပ်ပွနေတာက လူတွေရဲ့ စိတ်ဓာတ်တွေ ပျက်ပြားနေတာလောက်တော့ မဆိုးလှပါဘူး...
ဒီမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ...
ချန်ချင်းယွီသည် သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက်
"ယွမ်ရှောင်ချွေ ထွက်သွားတာကိုပဲ ကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ဒီအတိုင်းသာ ဆက်သွားရင် ဘာတွေဖြစ်လာဦးမလဲ မသိနိုင်ဘူး..ကျောက်ရုံကတော့ တကယ့်ကို အရှက်မရှိတဲ့လူပဲ"
"မရှိမှ အစစ်ပေါ့၊ သူက ပြည့်တန်ဆာခေါင်း ကျနေတာပဲ"
အဘွားကြီကျောက် ပြောဆိုကာ ရေရွတ်လိုက်၏။
"ငါ ဒီနေ့တော့ဖြင့် ဇာတ်လမ်းပေါင်းစုံကို အကုန်မြင်လိုက်ရတာပဲ..."
ဒါက ကျွန်မရဲ့ နုနယ်လှတဲ့ နှလုံးသားလေးကို ရိုက်ခွဲလိုက်သလိုပါပဲ…
ချန်ချင်းယွီလည်း အံ့ဩမိသည်။
ဒီခေတ်ကြီးမှာ အလုပ်တွေကို ဒီလိုနည်းနဲ့ လုပ်ကြတာလား…
ဤခေတ်လူများသည် ထိုကဲ့သို့သော အရာများနှင့် ပတ်သက်လာလျှင် အလွန် ရိုးသားဖြူစင်ကြသည်ဟု သူမ အမြဲထင်ခဲ့မိသည်။ သူမ တကယ်ကို မျှော်လင့်မထားခဲ့မိပေ... ဤခေတ်သည် အလွန် စောင့်ထိန်းရိုးသားရမည့် ခေတ်မဟုတ်လော့။ တကယ့်ကို တုန်လှုပ်စရာကောင်းလွန်းလှ၏။
ချန်ချင်းယွီ : "ကျွန်မတို့... ကျွန်မတို့မိသားစုက ဘာမှမသိချင်ယောင်ဆောင်နေရမလားဟင်"
အဘွားကြီးကျောက် : "ဒါပေါ့.. ဒါတွေက ငါတို့နဲ့ ဘာမှမဆိုင်ဘူး"
ချန်ချင်းယွီ : "ကျွန်မ ဒီနေ့ ဘူတာရုံကအပြန် လမ်းမှာ လျိုကျင့်ရဲ့ ယောက်ျားကို တွေ့ခဲ့တယ်၊ သူ အဲဒီလမ်းကြားထဲမှာ ဘာလုပ်နေလဲတော့ မသိဘူး၊ ဒါပေမဲ့ သူကတော့ တကယ့်ကို ဂျိုပေါက်နေတဲ့ လင်ယောက်ျားပဲ။"
အဘွားကြီးကျောက် : "သူ တခြားလူနဲ့ သွားတွေ့နေတာတော့ မဟုတ်ပါဘူးနော်"
ချန်ချင်းယွီ : "...အဲဒီလောက်အထိတော့ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား"
အဘွားကြီးကျောက် မျက်စောင်းထိုးကာ
"ပြောဖို့ကတော့ လွယ်တာပေါ့..."
"ကြည့်စမ်း... သူ့မိန်းမက သူ့ကို ဂျိုတွေအများကြီး ပေါက်အောင် လုပ်ထားတာဆိုတော့ သူလည်း တခြားလူအပေါ် စိတ်ကစားမိတာ သဘာဝကျပါတယ် ဟုတ်တယ်မလား"
ချန်ချင်းယွီ : "..."
ကောင်းပါပြီ၊ ဖြစ်နိုင်တာပဲလေ…
သမီးယောက္ခမနှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ် ရုတ်တရက် အပြင်ဘက်မှ စကားများရန်ဖြစ်သံကို ကြားလိုက်ရသည်။
သူတို့နှစ်ဦးစလုံး တံခါးဝသို့ အပြေးအလွှားသွားပြီး ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ကြ၏။
အံ့ဩစရာကောင်းသည်မှာ ရန်ဖြစ်နေကြသူများမှာ အစ်မကြီးဖန်နှင့် လင်စန်းရှင်းတို့ ဖြစ်နေခြင်းပင်။
"သူတို့က ဘာလို့ ရန်ဖြစ်နေကြတာလဲ"
ချန်ချင်းယွီ အလန့်တကြား ရေရွတ်မိသည်။
လောကမှာ ဘာပဲဖြစ်ဖြစ် ဖြစ်ပျက်နိုင်တာပါပဲလား…
လူတိုင်း ကြောင်တောင်တောင်ဖြစ်သွားကြပြီး တိတ်ဆိတ်စွာ ပွဲကြည့်နေကြ၏။
အစ်မကြီးဖန်သည် လင်စန်းရှင်းကို လက်ညှိုးထိုးကာ အော်ငေါက်နေလေသည်။
"မတရားခံရသလိုမျိုး လာပြီး ဟန်ဆောင်မနေနဲ့.. နင်က ဘာမို့လို့လဲ၊ ကျေးလက်အသွားရရုံနဲ့ ဘာဖြစ်လဲ… ငါ့ကိုလာပြီး ကြွားလုံးထုတ်နေတာလား၊ နင်ကတောင် ငါ့ကို စိတ်လျှော့လိုက်ဖို့ လာဖျောင်းဖျသေးတယ်၊ နင့်အကြံဉာဏ်ကို ငါလိုလို့လား… နင်က ကိုယ့်ကိုယ်ကိုယ် ဘာကောင်မလို့ ထင်နေလဲ… တကယ့်ကို အထင်ကြီးနေတာပဲ"
လင်စန်းရှင်း : "ကျွန်မက စေတနာနဲ့ ပြောတာပါ..."
"စေတနာ ဟုတ်လား"
အစ်မကြီးဖန် နှာခေါင်းရှုံ့ရင်း ထေ့ငေါ့လိုက်ပြန်၏။
"နင့်ရဲ့ စေတနာအတုတွေကို ရုပ်သိမ်းလိုက်စမ်းပါ.. ငါ့သား ဘာဖြစ်ဖြစ် နင်နဲ့ ဘာမှမဆိုင်ဘူး၊ စိတ်ပူချင်ယောင်ဆောင်ပြီး ဒီကို လာကြွားမနေနဲ့… နင့်မိသားစု ကျေးလက်မသွားရရင်လည်း ဘာဖြစ်လဲ၊ နင့်မှာ သားမှမရှိတာ.. သားမရှိရင် အသက်ကြီးလာတဲ့အခါ နင့်ကို ပြုစုမယ့်လူ ရှိမှာမဟုတ်ဘူး၊ နင်တို့မျိုးဆက် ပြတ်သွားပြီပဲ... အသက်ကြီးလာရင် နင် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်လိုက်ဦးမယ်.. သမီးကို အားကိုးပြီး အိုစာမင်းစာ ရှာရတယ်ဆိုတာ ငါတစ်ခါမှ မကြားဖူးဘူး..ဟမ့်”
အစ်မကြီးဖန် နောက်ထပ် ဆဲဆိုကြိမ်းမောင်းပြီးနောက် မာန်မာနအပြည့် ဆောင့်ကြွားကြွားဖြင့် ထွက်ခွာသွားခဲ့သည်။
လင်စန်းရှင်းသည် မျက်လုံးများ နီမြန်းလာပြီး မျက်ရည်များ စီးကျလာခဲ့၏။
သားမရှိခြင်းသည် သူမအတွက် တစ်သက်တာလုံး ခံစားရသည့် နာကျင်မှုဖြစ်သည်၊ သူမ သားတစ်ယောက် အလွန်လိုချင်ခဲ့သော်လည်း သူမ၏ လင်ယောက်ျားသည် ဘာမှအသုံးမကျပေ။ ဝမ်းနည်းပူဆွေးမှုများ လွှမ်းမိုးလာသဖြင့် သူမသည် မိမိဝမ်းဗိုက်ကို ပြန်ထုရင်း အော်ငိုလေတော့သည်။
"ငါက ဘာလို့ ဒီလောက် အသုံးမကျရတာလဲ..."
ချန်ချင်းယွီသည် အဘွားကြီးကျောက်နှင့် တစ်ချက် အကြည့်ချင်းဖလှယ်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ခဲ့ကြ၏။
အဘွားကြီးကျောက် : "တွေ့လား... ငါပြောသားပဲ... သူက အမြဲတမ်း အချိန်အခါမဟုတ်တာတွေကို လျှောက်ပြောတတ်တာ… ဒီနေ့ ရှီရှောင်ဝေက ကျေးလက်သွားရပြီး၊ သူ့ရဲ့ လီလင်းလင်းကတော့ မသွားရဘူး၊ အဲဒါကို သူက သူများကို သွားနှစ်သိမ့်နေတာ ဘာသဘောလဲ… အခုချိန်မှာ သူက သူများကို နှစ်သိမ့်ဖို့ မလုပ်သင့်တဲ့လူလေ.. သူ ဘယ်လောက်ပဲ စကားကောင်းပြောပြော တစ်ဖက်လူကတော့ သူ တမင်သက်သက် မကောင်းတဲ့စိတ်နဲ့ လာလုပ်တယ်လို့ပဲ ထင်မှာပဲ"
ချန်ချင်းယွီလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟော... ဘုရားရေ၊ ကျောက်ရုံတို့ ပြန်လာပြီ..."
အဘွားကြီးကျောက်သည် ပစ္စည်းအပြည့်အစုံဖြင့် ပျော်ရွှင်စွာ ပြန်လာကြသည့် သားအမိကို ချက်ချင်း လှမ်းမြင်လိုက်၏။ ယွမ်ဟောက်ဖုန်း၏ စက်ဘီးနောက်ထိုင်ခုံတွင် ဂျုံမှုန့်တစ်အိတ် တင်လာပြီး၊ ရှေ့ခြင်းတောင်းထဲတွင်လည်း ဆီပုလင်းတစ်လုံးနှင့် ဝက်သားတစ်တုံး ပါလာခဲ့သည်။
ကျောက်ရုံမှာမူ အိမ်သုံးပစ္စည်းမျိုးစုံ ထည့်ထားသည့် အဝတ်အိတ်တစ်အိတ်ကို သယ်လာသည်။ ချန်ချင်းယွီသည် အိတ်ထဲမှ အပြင်သို့ ပြူးထွက်နေသည့် မီးဖိုချောင်သုံး ဓားလက်ကိုင်ကို သတိပြုမိလိုက်၏။
အဘွားကြီးကျောက် မျက်လုံးပြူးသွားခဲ့သည်။
ဒီကောင်လေးက တကယ်ပဲ ဒီလောက်အထိ တန်ဖိုးရှိတာလား…
ယွမ်ဟောက်ဖုန်းလို ကောင်စုတ်လေးတစ်ယောက်က ဒီလောက်အထိ ပစ္စည်းအများကြီးနဲ့ လဲလှယ်နိုင်တယ်ပေါ့လေ...
မိုးပေါ်က ကျလာတာကျနေတာပဲ...
သူမ တကယ်ကို မနာလိုဖြစ်မိပြီ…
မျက်ရည်များကို သုတ်နေသည့် လင်စန်းရှင်းသည်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ ဤမြင်ကွင်းကို မြင်သောအခါ သူမသည်လည်း အလွန်စိတ်လှုပ်ရှားသွားပြီး
"အစ်မကျောက်... ဒါ ဘာတွေလဲရှင့်..."
ကျောက်ရုံသည် အနည်းငယ် မာန်ပါပါဖြင့် ပြုံးကာ
“တို့မိသားစုရဲ့ အခြေအနေကို နင်လည်း သိတာပဲမလား။ ရှောင်ချွေက စိတ်ကောင်းမရှိဘူး၊ အိမ်က ပစ္စည်းတွေကို အကုန်ယူသွားတာလေ.. တို့တွေကလည်း အသက်ဆက်ရဦးမှာဆိုတော့ ဒါတွေကို ချေးငှားလာခဲ့ရတာပေါ့၊ တော်သေးတာက တို့ဟောက်ဖုန်းက တော်လို့ပါ"
ကျောက်ရုံသည် မိမိ၏ သားဖြစ်သူကို ကြည့်ကာ သားဖြစ်သူသည် တကယ်ကို အံ့ဩစရာကောင်းသည်ဟု ခံစားမိ၏။ သူမ ယခင်၌ ဤသို့မတွေးမိခဲ့ဖူးပေ၊ သို့သော် ရှန့်ရှန့်သည် ဟောက်ဖုန်းကို မြင်မြင်ချင်း သဘောကျသွားလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ဒါတွေအားလုံးက ကံကြမ္မာပဲ...
ဒါတွေဟာ သူမတို့မိသားစုက ကံကောင်းလို့ပဲ ဖြစ်ရမယ်...
"ငါ့သားက တကယ့်ကို လူချစ်လူခင်များတာပဲ"
ကျောက်ရုံး ပြုံးဖြီး၍ သားဖြစ်သူကို ချီးကျူးလိုက်သည်။
ယွမ်ဟောက်ဖုန်းသည် နှုတ်ခမ်းထောင့်ကို မြှင့်ကာ ပြုံးပြသော်လည်း သူ၏အပြုံးသည် အနည်းငယ် ဟန်ဆောင်မှုပါဝင်နေ၏။ သူကိုယ်တိုင်လည်း ဤအခြေအနေကြောင့် ထိတ်လန့်နေဆဲပင်……
ယောက်ျားတစ်ယောက်က ဒီလိုမျိုးရင်းပြီး အကျိုးကျေးဇူး ရလာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့ဖူးဘူး…
သို့သော် ရရှိလာသည့် အကျိုးကျေးဇူးများသည် အလွန်များပြားလှသဖြင့် သူ ငြင်းဆန်ရန် ခက်ခဲနေခဲ့သည်။
ကျောက်ရုံ : "ငါ ကြွားဝါပြောတာ မဟုတ်ပါဘူး၊ ငါ့သားက တကယ်ကို တို့ရပ်ကွက်ထဲမှာ အလားအလာအရှိဆုံး လူငယ်ပဲ"
ယခုတစ်ကြိမ်တွင်မူ ယွမ်ဟောက်ဖုန်း၏ အပြုံးသည် ပို၍ စစ်မှန်သွားခဲ့သည်။
သို့သော် လင်စန်းရှင်းသည် သူတို့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပုံရ၏။ သူမသည် ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်ရှုပြီး ပို၍ပင် ဝမ်းသာနေခဲ့သည်။ သူမသည် အနာဂတ် သမက်လောင်းမှာ ဤမျှ အရည်အချင်းရှိသည်ကို မြင်ရသဖြင့် ကျောက်ရုံထက်ပင် ပို၍ ရင်ခုန်နေပုံရ၏။
"ဟောက်ဖုန်း... မင်းက တကယ်ကို တော်တာပဲ... ဒါပေမဲ့ မင်းအမေပြောတာ မှားနေတယ်လို့ ဒေါ်လေးထင်တယ်။ မင်းက ဒီရပ်ကွက်ထဲတင်တင်မကဘူး၊ ပေကျင်းတစ်မြို့လုံးမှာတောင် မင်းထက်တော်တဲ့လူ အများကြီးရှိမယ်မထင်ဘူး.. ဒေါ်လေး အမြင်အရဆိုရင် မင်းက ပေကျင်းမှာ အတော်ဆုံး လူငယ်ပဲ"
လင်စန်းရှင်း ချီးကျူးတော့သည်။
ယွမ်ဟောက်ဖုန်း : "..."
လင်စန်းရှင်း : "ဒီလောက် တော်တဲ့ကလေးမျိုးက နောင်ကျရင် ဘယ်လို ဇနီးမျိုးကို ရှာမလဲမသိဘူးနော်”
သူမသည် မိမိ၏သမီးဖြစ်သူကို တစ်ချက်လှမ်းကြည့်ကာ ဆက်ပြီး
"မင်းရဲ့ စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် အလုပ်ကိစ္စတွေပဲ သိတဲ့ မိန်းမမျိုးကို ရှာနေစရာမလိုပါဘူး… မိသားစုကို ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်တဲ့ မိန်းမမျိုးကိုပဲ ရှာသင့်တယ်၊ သူမက အိမ်ကိစ္စအဝဝကို အကောင်းဆုံး စီမံပေးနိုင်လိမ့်မယ်"
အဘွားကြီးကျောက်မှာမူ မအောင့်နိုင်တော့ဘဲ တဟားဟား ထရယ်လေတော့၏။
သူမသည် ကျောက်ရုံကို အဓိပ္ပာယ်ပါပါ ကြည့်ကာ တခစ်ခစ် ရယ်မောလိုက်သည်။ လင်စန်းရှင်းမှာ အနည်းငယ် မျက်နှာပူသွားသော်လည်း ဇွတ်အတင်းပင် ဆက်ပြောလေ၏။
"မိန်းမဆိုတာ ရိုးရာဓလေ့ စောင့်ထိန်းရမယ်၊ မိသားစုကို ပြုစုစောင့်ရှောက်တာက အကောင်းဆုံးပဲ၊ ယောက်ျားက အပြင်မှာ ရှာဖွေကျွေးမွေးပြီး မိန်းမက အိမ်တွင်းမှုကို ထိန်းသိမ်းရမယ်လေ"
အဘွားကြီးကျောက် : "..."
ဟီးဟီးဟီးဟီး...
လင်စန်းရှင်း ဘာတွေ ကြံစည်နေလဲဆိုတာ ကျောက်ရုံ မသိဘဲ နေပါ့မလား…
ဤမိန်းမသည် မိမိ၏သားကို သမက်အဖြစ် မျက်စိကျနေခြင်း ဖြစ်သည်၊ သို့သော်…
သူ့သမီး လီလင်းလင်းက ငါ့သားနဲ့ ထိုက်တန်ရဲ့လားဆိုတာကိုတော့ ထည့်မတွေးဘူး...
ကျောက်ရုံသည် လီလင်းလင်းကို လုံးဝ သဘောမကျပေ။ သူမတွင် ပညာအရည်အချင်းလည်းမရှိ၊ အလုပ်လည်းမရှိသည့်အပြင် ရုပ်ရည်သည်လည်း အထူးတလည် ချောမောလှပခြင်းမရှိချေ။ ခြံဝင်းထဲရှိ မိန်းကလေးငယ်များထဲတွင် သူမသည် လုံးဝကို သာမန်ကာလျှံကာမျှသာ ဖြစ်၏။ ကျောက်ရုံ သူမကို တကယ်ပင် မျက်စိမကျပေ။ ထိုကဲ့သို့သောလူမျိုးသည် မိမိသား၏ အနာဂတ်အတွက် ဘာမှ အထောက်အကူပြုနိုင်မည်မဟုတ်ပေ။
"ကဲ... အိမ်ထဲဝင်ကြစို့"
ကျောက်ရုံ ဖြတ်ပြောလိုက်သည်။
သူမသည် သားဖြစ်သူကို ဆွဲခေါ်သွားခဲ့ပြီး အိမ်ရောက်လျှင် ဤမိသားစုနှင့် ဝေးဝေးမှာနေရန် သားဖြစ်သူကို သတိပေးရမည်ဟု တွေးထား၏။ မိမိသား အခွင့်ကောင်းယူခံရမည်ကို သူမ အဖြစ်မခံနိုင်ပေ၊ သူတို့သည် သူမ သားနှင့် မထိုက်တန်ကြချေ။
ကျောက်ရုံနှင့် သူမ၏မိသားစုသည် ပစ္စည်းအမြောက်အမြားဖြင့် ပြန်လာကြသဖြင့် လူတိုင်း ချောင်းကြည့်ကြပြီး အချို့မှာမူ အပြင်သို့ထွက်၍ မနာလိုစိတ်ဖြင့် ငေးကြည့်ကြသည်။
ပစ္စည်းကောင်းတွေ ဒီလောက်တောင် အများကြီးပဲ...
ချန်ချင်းယွီက မျက်ခုံးတစ်ချက်
ပင့်ကာ.. တွေးလိုက်မိလေ၏။
'ဒါဟာ "လောကမှာ အလကားရတဲ့ နေ့လယ်စာဆိုတာ မရှိဘူး" ဆိုတဲ့ စကားပုံကို သက်သေပြနေတာပဲလား'
၎င်းသည် တကယ့်ကို မှန်ကန်လှသော စကားတစ်ခွန်းပင် ဖြစ်သည်။
သို့သော် အဘွားကြီးကျောက်မှာ မျက်စိရှင်ရှင်ဖြင့် "ဟော... ဒါက ဘာကြီးလဲ" ဟု လှမ်းမေးလိာက်၏။
သူမသည် ခြင်းတောင်းထဲရှိ အနည်းငယ် ရင်းနှီးနေပုံရသော ပစ္စည်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
ကျောက်ရုံ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း လူတိုင်း သတိထားမိသွားပြီဖြစ်သဖြင့် ဖာထေးပြောလိုက်ရ၏။
"အော်... ဒါလား... ဒါက သိုးကပ်ပယ်အိတ် (သိုးဥ) လေ.. ကွန်ေမအိမ်ကလူကို အားရှိအောင် ကျွေးဖို့ ဝယ်လာတာ"
အဘွားကြီးကျောက် "အော်..." ဟု အသံအရှည်ဆွဲကာ ယွမ်ဟောက်ဖုန်းကို လှမ်းကြည့်လိုက်သည်။
ယွမ်ဟောက်ဖုန်းသည် ချက်ချင်းပင် မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့၏။
ကျောက်ရုံ အမြန်ပင်
"ဒါက ကျွန်မလင်ယောက်ျားအတွက်ပါ၊ ကျွန်မသားကို သွားမကြည့်နဲ့"
ထို့နောက် သူမပြောလိုက်သည်မှာ တစ်မျိုးကြီး ဖြစ်နေမှန်း သတိပြုမိသွားသဖြင့် ပြန်ပြင်ပြောလိုက်ရ၏။
"တိုက်တိုက်ဆိုင်ဆိုင် တွေ့လို့ ဝယ်လာတာပါ.. ဒါက အာဟာရဖြစ်ဖြစ် မဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ငါ့ယောက်ျားက ဒါမျိုးတွေ သိပ်မလိုပါဘူး၊ ဒါပေမဲ့ ဈေးသက်သာနေတာနဲ့ မဝယ်ဘဲ မနေနိုင်လို့ ဝယ်လာတာ.. နင်တို့လည်း အဲ့လိုထင်တယ် မဟုတ်လား"
အဘွားကြီးကျောက်သည် ဘယ်သူ့ညွှန်ကြားချက်မှမလိုဘဲ ချက်ချင်းပင် ဗြောင်ကျကျ ပြောလိုက်လေသည်။
"ဘာမှ ထပ်မပြောပါနဲ့တော့၊ တို့တွေ နားလည်ပါတယ်… ဆင်ခြေပေးတာဟာ ဖုံးကွယ်ချင်လို့ပဲ"
ကျောက်ရုံ : "..."
တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ...
ဒီအဘွားကြီးက တော်တော်လေး ဒေါသထွက်ဖို့ကောင်းတယ်..
ခြံဝင်းထဲမှ လူတိုင်း : "..."
နားလည်ပါပြီ... ယွမ်ဟောက်မင်ကတော့ အသုံးမကျတော့ဘူးပေါ့...
အသက်လတ်ပိုင်းအရွယ်က တကယ်ကို ခက်ခဲလှပါဘိ...
အခန်း (၉၈) မှောင်ခိုစျေးကရန်ပွဲ
မိုးလေဝသခန့်မှန်းချက်က အံ့သြစရာကောင်းလောက်အောင် မှန်ကန်လွန်းနေသည်။
တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မည်ဟု ခန့်မှန်းထားသည့်အတိုင်း မနက်ဖြန်မတိုင်မီပင် လေပြင်းများ စတင်တိုက်ခတ်လာ၏။ မှောင်ရီပျိုးစအချိန်တွင် လေသည် ပိုမိုကြမ်းတမ်းလာပြီး ပူနွေးစိုစွတ်သော ညနေခင်းမျိုးနှင့် မတူတော့ကာ အေးမြသည့်အထိအတွေ့ကို သယ်ဆောင်လာသည်။ အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့သည် တံခါးများနှင့် ပြတင်းပေါက်များကို ကြိုတင်စစ်ဆေးပြီးနောက် စိတ်အေးသွားကြတော့၏။
“ယွမ်ဟောက်မင် ဒီလောက်တောင် ပျော့ညံ့လိမ့်မယ်လို့ ငါတစ်ခါမှ မတွေးမိဘူး… ဒါကြောင့်လည်း ကျောက်ရုံတစ်ယောက် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလောက် ရွှင်လန်းမနေတော့တာကိုး၊ အဲဒီတုန်းက သူ့ရဲ့အပြုံးတွေက တကယ်ကို ရိုးသားခဲ့တာ၊ အခု သူမကို ကြည့်ပါဦး… ကျွစ်… ကျွစ်… အားလုံးက အတုအယောင်တွေချည်းပဲ၊ သူများတွေ မသိဘူးလို့ ထင်နေတာလား မသိဘူး… ဟို ရှန့်ရှန့် ဆိုတဲ့ မိန်းမက အခုမှ အကောင်းဆုံးအရွယ်၊ ကြည့်နေလိုက်… ယွမ်ဟောက်ဖုန်းကို အရည်ခမ်းအောင် ညှစ်ထုတ်တော့မှာ၊ ဒီလိုအမေမျိုး ငါတစ်ခါမှမမြင်ဖူးဘူး”
အဘွားကြီးကျောက် ပြောဆိုလေသည်။
သူမ ဆက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ပြန်၏။
“လင်စန်းရှင်းက သူ့သမီးကို ယွမ်ဟောက်ဖုန်းနဲ့ ပေးစားချင်လွန်းလို့ အသားကုန် ဖားယားနေတာ၊ ဒါပေမဲ့ ကျောက်ရုံကို ကြည့်ပါဦး… သူတို့ကို မျက်စိထဲတောင် ထည့်တာမဟုတ်ဘူး၊ သူကအတွေးနဲ့သူ ရှိနေတာ… သူ့သားကို မိန်းမကြီးတစ်ယောက်နဲ့ တွဲခွင့်ပေးရင်ပေးမယ်… လီလင်းလင်းကိုတော့ လှည့်တောင်မကြည့်ဘူး။ သူကိုယ်တိုင်ပဲ အဟုတ်ကြီး ထင်နေတာ… လင်စန်းရှင်းကတော့ တကယ့် ငတုံးပဲ၊ စောင့်ရုံသာ စောင့်ကြည့်လိုက်… လီချန်ရွှမ်းက အပြင်မှာ တခြားလူရှိနေတာ၊ ဘာတွေဖြစ်လာဦးမလဲ မသိဘူး… ဒီလောက်နှစ်တွေအကြာကြီး ကလေးမရဘဲနဲ့ အခုမှ ပထမဆုံးအကြိမ်မှာ ဘယ်လိုလုပ် ကိုယ်ဝန်ရသွားနိုင်မှာလဲ၊ ငါတော့ မယုံဘူး၊ တကယ်လို့ သားလေးမွေးလာရင်တောင် သူများသားကို သူများအတွက် ကျွေးမွေးစောင့်ရှောက်ပေးနေရတာလို့ပဲ ငါထင်တယ်”
ထိုမိသားစုနှစ်စုအကြောင်းကို အားရပါးရ အတင်းပြောပြီးနောက် သူမသည် ဆက်၍ လေကန်ပြန်သည်။
“အစ်မကြီးဖန်လည်း အခုတော့ စိတ်မထိန်းနိုင်တော့ဘူး… အမြဲတမ်း ရှောင်ဝေအကြောင်းပဲ ပြောနေတာ၊ အခု ရှီရှောင်ဝေက ကျေးလက်ဘက်ကို ဆင်းသွားပြီဆိုတော့ သူ ဘာဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့… သူ့သားကို ယောက်ျားပိုင်းလုံး၊ မိန်းမအရှိန်အဝါနဲ့ နေသူ လုပ်ခိုင်းချင်နေတာ… ဒါပေမဲ့ သူ့သားကိုသူလည်း ပြန်မကြည့်ဘူး၊ သူ့သားမှာ အဲဒီလို အရည်အချင်းရှိလို့လား… သူက ဇွတ်အတင်း တွန်းပို့ချင်နေပေမဲ့ အခုတော့ ဘယ်သူမှ သူတို့ကို အဖက်လုပ်တော့မှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား”
အဘွားကြီးကျောက်သည် အဝတ်အစားများကို ဖာထေးရင်း တတွတ်တွတ် ပြောနေပြီး ရုတ်တရတ် လှမ်းမေးလိုက်၏။
“အော်… ဒါနဲ့၊ နင် ချုပ်ထားတဲ့ ဂွမ်းကပ်အင်္ကျီနဲ့ စောင်ကို သွားမယူရသေးဘူး မဟုတ်လား”
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
“မယူရသေးဘူး ဟိုဘက်မှာ မပြီးသေးလို့.. မနက်ဖြန်ကျမှ သွားကြည့်မလို့”
“မနက်ဖြန် တိုင်ဖွန်းမုန်တိုင်းလာရင် အပြင်မထွက်နဲ့ဦး… နင့်ရဲ့ ပိန်ပိန်ပါးပါး လက်မောင်းလေးတွေ၊ ခြေထောက်လေးတွေနဲ့ မလုံခြုံဘူး”
ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ
“သိပြီ”
“ဘာပဲဖြစ်ဖြစ် ရက်နည်းနည်း နောက်ကျလည်း ကိစ္စမရှိပါဘူး၊ အေး… ဒါနဲ့၊ ဆောင်းတွင်းကျရင် ကျောက်ရုံတို့မိသားစု ဘာလုပ်ကြမလဲ နင်ထင်လဲ၊ ဟားဟား… ယွမ်ရှောင်ချွေက ကျောက်ရုံနဲ့ ဟောက်ရွှယ်တို့ရဲ့ ဂွမ်းကပ်ကုတ်အင်္ကျီအသစ်တွေနဲ့ စောင်တွေကို အကုန်ယူသွားတာလေ။ အဲဒီကောင်မလေးက တကယ် စွမ်းတာပဲ.. ငါ့အထင်တော့ သူ အကုန်မသယ်နိုင်လို့သာပဲ၊ မဟုတ်ရင် ဒီထက်မကတာတွေတောင် သယ်သွားဦးမှာ”
အဘွားကြီးကျောက် ရယ်မောကာ ပြောလေသည်။
“ကျွန်မလည်း အဲဒီလိုပဲ ထင်တယ်”
ချန်ချင်းယွီသည်လည်း ထောက်ခံလိုက်၏။
အမျိုးသမီးနှစ်ဦးသည် အိမ်၌ တိုးတိုးတိတ်တိတ် အတင်းပြောနေကြသော်လည်း ယွမ်ရှောင်ချွေတစ်ယောက် ရထားပေါ်တွင် အဝတ်အစားများ စတင်ချွတ်နေပြီဖြစ်ကြောင်း မသိရှာကြပေ။ သူမမှာလည်း အခြားရွေးချယ်စရာမရှိ၍သာ အဝတ်များ အထပ်ထပ်အခဲခဲ ဝတ်ထားခဲ့ရသည်။ အပြင်ရှိ ရာသီဥတုသည် အေးမြလာသည့်နှယ် ရှိသော်လည်း ရထားပေါ်တွင်မူ အလွန်ပူအိုင်နေဆဲ ဖြစ်၏။ သူမသည် ဘေးလူများကို ဂရုမစိုက်ဘဲ ကြက်သွန်နီအခွံနွှာသကဲ့သို့ အဝတ်များကို တစ်ထည်ပြီးတစ်ထည် ခွာချနေသည်မှာ ဘေးမှကြည့်သူအဖို့ တကယ့်ကို မျက်စိပွင့်စရာ မြင်ကွင်းတစ်ခုပင်။
“ဒီလောက်တောင် အဝတ်တွေ အထပ်ထပ် ဝတ်လာဖို့ လိုလို့လား..တောသားကျနေတာပဲ”
ရှီရှောင်ဝေ မကျေမနပ် ညည်းတွားလိုက်သည်။
သူသည် ယွမ်ရှောင်ချွေကို အထင်သေးသကဲ့သို့ တိုက်တိုက်ဆိုင်ဆိုင်ပင် ယွမ်ရှောင်ချွေသည်လည်း သူ့ကို အထင်သေးနေ၏။ ယွမ်ရှောင်ချွေ သူ့ကို မျက်စောင်းထိုးကာ ပက်ခနဲပြန်တုံ့ပြန်လေသည်။
“နင်ကမှ တောသား… နင့်တစ်မိသားစုလုံး တောသားတွေ... နင်သာ တောသားမဟုတ်ရင် မြို့မှာ ဘာလို့မနေခဲ့လဲ၊ အခုတော့ နင်လည်း တောဘက် ဆင်းနေရတာပဲမဟုတ်လား၊ဘာတွေ လာဟန်ဆောင်နေတာလဲ...”
သူမသည် အဝတ်အစားများကို သေသေချာချာ ပြန်ပြင်ဝတ်၊ ထုပ်ပိုးပြီးနောက် နှာခေါင်းတစ်
ချက်ရှုံ့ကာ ထေ့ငေါ့လိုက်၏။
“ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်စမ်းပါ၊ ငပွကြီးရဲ့”
“နင်… နင်နော်...”
“နင်က ဘာဖြစ်လဲ… ငါက နင့်ကို ကြောက်နေရမှာမို့လို့လား...”
ယွမ်ရှောင်ချွေ ခါးထောက်ပြီး အော်ကြောလန်တစ်ယောက်နှယ် ရန်တွေ့နေသဖြင့် ရှီရှောင်ဝေမှာ ဒေါသတကြီး တုန်ရင်နေသော်လည်း… သူ အောင့်အီးသည်းခံလိုက်ရသည်။ ဟုတ်ပါသည်… သူ တကယ်ပဲ အောင့်ခံလိုက်ရခြင်း ဖြစ်၏။
သူ အခုလို လျှော့ပေးလိမ့်မယ်လို့ဘယ်သူက ထင်ထားပါ့မလဲ…
သို့သော်လည်း ယွမ်ရှောင်ချွေ၏ အိတ်ထဲတွင် ဟင်းချက်ဓားတစ်ချောင်း ပါလာသည်ကို လူတိုင်း မြင်ထားကြသည်သာ… သူမက… သူမက… အိတ်ထဲ ဓားတစ်ချောင်း ထည့်လာခဲ့တာ…
ရှီရှောင်ဝေသည် အိမ်တွင် မောက်မာချင်မောက်မာနေမည်ဖြစ်သော်လည်း အပြင်ရောက်သည့်အခါတွင်မူ ကိုယ့်အတိုင်းအတာကိုယ်သိပြီး ဆက်၍ မမောက်မာရဲတော့ပေ။
မည်သို့ပင်ဖြစ်စေ သူသည် ယွမ်ရှောင်ချွေနှင့် အတူတူကြီးပြင်းလာသူဖြစ်၍ သူမသည် အလွယ်တကူ စနောက်ရမည့်သူမျိုး မဟုတ်မှန်း ကောင်းကောင်းသိသည်။
ဤအချိန်တွင် ရှီရှောင်ဝေသည် သူနှင့် ယွမ်ရှောင်ချွေ သွားရမည့် တောရွာချင်း မတူသည်ကိုပင် တော်သေးသည်ဟု တွေးကာ ဝမ်းသာနေမိ၏။
တကယ်လို့ နေရာတူနေရင်တော့ တကယ့်ကို ကံဆိုးမိုးမှောင်ကျပေတော့မယ်…
သူသည် ယွမ်ရှောင်ချွေ၏ အထုပ်ကြီးကို တစ်ချက်ဝေ့ကြည့်ကာ ‘တကယ့် အရူးမပဲ၊ အပိုတွေလုပ်နေတယ်’ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။
ယွမ်ရှောင်ချွေကိုယ်တိုင်မှာမူ အများကြီး မတွေးထားပေ။ နောက်မှ ပိုက်ဆံပေးဝယ်ရသည်ထက်စာလျှင် ရသလောက် ယူသွားခြင်းမှာ ပိုကောင်းသည်ဟုသာ တွေးထားခြင်းဖြစ်၏။
ထို့အပြင် ပစ္စည်းများယူသွားခြင်းမှာ သူမ၏ လူယုတ်မာအဖေနှင့် ကျောက်ရုံတို့ကို စိတ်ဆင်းရဲစေသဖြင့် သူမကို ပို၍ ပျော်ရွှင်စေသည်။
အမှန်တွင် ကျေးလက်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရာသီဥတုသည် တဖြည်းဖြည်း အေးစိမ့်လာသည့်အခါကျမှသာ ယွမ်ရှောင်ချွေ၏ အမြော်အမြင်ကြီးမှုကို သူတို့ သဘောပေါက်ကြပေလိမ့်မည်။ သို့သော် ထိုအကြောင်းသည် နောက်မှပြောရမည့် ဇာတ်လမ်းဖြစ်ပြီး အခုအချိန်တွင်မူ သူတို့မှာ ချမ်းအေးလှသော ဒဏ်ကို မခံစားရသေးပေ။
ရထားကြီးသည် တဂျိန်းဂျိန်း၊ တဂျုန်းဂျုန်း မြည်သံပေးကာ ပေကျင်းမြို့မှ လူငယ်များကို သယ်ဆောင်၍ ဝေးရာသို့ ခရီးနှင်သွားတော့သည်…။
ယွမ်ရှောင်ချွေ ထွက်သွားသော်လည်း ယွမ်မိသားစုမှာ အားလပ်ချိန်ရတိုင်း အိမ်၌ ယွမ်ရှောင်ချွေကို ထပ်မံဆဲဆိုကြစမြဲ ဖြစ်၏။ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပြီး သဘောကောင်းလှသော မိထွေးကျောက်ရုံသည်ပင် ယခုအချိန်တွင် ဘာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ ယွမ်ရှောင်ချွေအကြောင်း စကားစပ်မိသည်နှင့် သူမသည် ကမ္ဘာပေါ်တွင် အမုန်းတီးဆုံးလူသား ဖြစ်သွားပြီး ယဉ်ကျေးပြနေဖို့ လုံးဝမတွေးတော့ဘဲ အလွန်အမင်း ဒေါသထွက်ကာ ပေါက်ကွဲလေတော့သည်။
“အဲဒီ ကောင်မစုတ်လေး၊ တောထဲမှာပဲ သေသွားရင် ကောင်းမယ်.. ငါတို့မိသားစု သိက္ခာကိုလည်း ချတယ်၊ ပစ္စည်းတွေကိုလည်း အကုန်ယူသွားသေးတယ်..တစ်နေ့ကျရင် အဲဒါတွေအားလုံးအတွက် ပြန်ပေးဆပ်ရစေရမယ်”
ယွမ်ဟောက်မင်မှာမူ လူကောင်းဟန် ပြန်လုပ်ပြပြန်၏။
“မင်းကလည်း ဘာတွေ လျှောက်ပြောနေတာလဲ.. သူ မှားသွားတာကို ငါတို့က သင်ခန်းစာရအောင် ရိုက်နှက်ဆုံးမလိုက်ရင် ရပြီဥစ္စာ၊ သေရမယ်အထိတော့ မဟုတ်ပါဘူး”
အစောပိုင်း၌ ယွမ်ရှောင်ချွေကို သတ်ပစ်ချင်လောက်အောင် ဒေါသထွက်ခဲ့သော်လည်း ကျောက်ရုံတစ်ယောက် အိမ်သို့ တကယ့် ပစ္စည်းကောင်းတချို့ ပြန်သယ်လာနိုင်သည့်အခါတွင်မူ သူ၏ သဘောထားသည် ပြောင်းလဲသွားခဲ့သည်။ မိသားစုမှာ ဆုံးရှုံးမှုအချို့ ရှိခဲ့သော်လည်း အချိန်မရွေး ပြန်ကာမိနိုင်သည် မဟုတ်လော့။
ထို့အပြင် ဆုံးရှုံးရသည်ထက် ပိုရလာနိုင်သည်ဆိုလျှင်မူ သူ အဘယ်မှာ ဒေါသထွက်တော့မည်နည်း။
ယခု သူ့အတွက် အကြီးမားဆုံး ဒေါသသည် ယွမ်ရှောင်ချွေက သူ့ကို ချန်ရှစ်မေ့ သစ္စာဖောက်ယောက်ျားဟု ခေါ်ပြီး သိက္ခာချသွားခြင်းသာ ဖြစ်ပြီး ကျန်အရာများမှာမူ ဒုတိယနေရာမှာသာ ရှိသည်။ သို့သော်လည်း ကလေးများရှေ့တွင် လူကောင်းလုပ်ရသည်ကို သူ သဘောကျဆဲ ဖြစ်၏။
ယွမ်ဟောက်မင် : “ရှောင်ချွေကို ငါတို့ သေချာမဆုံးမခဲ့မိဘူး.. ငါတို့မသိဘဲ လမ်းမှား ရောက်သွားတာ၊ ငါတို့ကပဲ သဘောထားကြီးကြီးထားပြီး သူမ လမ်းမှန်ပြန်ရောက်အောင် ကူညီပေးရမယ်”
ကျောက်ရုံ နှာခေါင်းရှုံ့ကာ
“လမ်းမှန်ပြန်ပြင်ပေးရမယ်... သူက ကောင်းမယ့်သူ မဟုတ်ဘူး၊ ဘယ်လိုလုပ် လမ်းမှန် ပြန်ရောက်မှာလဲ.. ဒါ့အပြင် သူက ကျေးလက် ရောက်သွားပြီလေ၊ ကျွန်မတို့က ဘယ်လိုလုပ် ဆုံးမနိုင်တော့မှာလဲ.. သူ့ဗီဇကိုက ယုတ်မာတာလို့ပဲ ကျွန်မထင်တယ်၊ ငယ်ငယ်ကတည်းက ရွာထဲမှာ ကောင်းတာတစ်ခုမှ သင်မလာဘူး၊ မြို့ကို ရောက်လာတော့ အသက် ဆယ်နှစ်ကျော်နေပြီ၊ သူ့စရိုက်က အထိုင်ကျနေပြီလေ.. ကျွန်မက စိတ်ကောင်းထားပြီး သူ့အပေါ် ကောင်းပေးရင် သံယောဇဉ် ပြန်ရမယ် ထင်ခဲ့တာ.. တကယ်တော့ အဲလိုမဟုတ်ဘူး၊ ကျေးဇူးကန်းတဲ့ လူမိုက်နဲ့ တိုးခဲ့တာပဲ”
ကျောက်ရုံခမျာ မိမိကိုယ်ကိုယ် အလွန် “မတရားခံရသူ” ဟု ထင်နေရှာသည်။
သူမသည် မိမိကိုယ်ကိုယ် လူဆိုး သို့မဟုတ် အမှားလုပ်ခဲ့သူဟု လုံးဝမထင်ပေ။ သူမမှာ ယွမ်ရှောင်ချွေအပေါ် အတော်လေး ကောင်းပေးခဲ့သည်ဟု ယုံကြည်ထားပြီး၊ သူမအပေါ် ယခုလို ပြုမူခြင်းမှာ ယွမ်ရှောင်ချွေ၏ အပြစ်သာ ဖြစ်သည်ဟု သတ်မှတ်ထား၏။ ကျောက်ရုံ အိမ်တွင် တတွတ်တွတ် ကျိန်ဆဲနေစဉ် ယွမ်ဟောက်ဖုန်း သက်ပြင်းချကာ
“အမေ… ကိစ္စတွေက ဒီလို ဖြစ်ပျက်သွားပြီပဲ၊ အနားယူလိုက်ပါဦး.. သား သူ့ကို ဂရုမစိုက်ပေမဲ့ အမေ့အသံအတွက် အရေးကြီးတယ်လေ”
ကျောက်ရုံ : “ငါ့သားလေးကပဲ အားကိုးရတာပါပဲ”
ယွမ်ဟောက်ဖုန်းသည် သိမ်မွေ့စွာ ပြုံးပြပြီး ထရပ်ကာ
“ကျွန်တော် အိမ်သာ သွားလိုက်ဦးမယ်”
ကျောက်ရုံ : “အေး အေး သွားလေ”
ညဘက်တွင် အိမ်တိုင်းနီးပါး ဆီးအိုးကို အသုံးပြုကြသော်လည်း အိမ်ထဲတွင် ဘယ်သူမှ အလေးမသွားကြပေ၊ အလွန် အနံ့ဆိုးလွန်းလှသဖြင့် မခံမရပ်နိုင်ဖြစ်ရသောကြောင့်ပင်။
ထို့ကြောင့် အပြင်တွင် ရာသီဥတုဆိုးရွားပြီး လေပြင်းများ တိုက်ခတ်နေသော်လည်း ယွမ်ဟောက်ဖုန်း အပြင်သို့ ထွက်လာခဲ့သည်။ သူ အဝတ်အစားများကို ပိုမိုလုံခြုံအောင် ဆွဲစေ့လိုက်ရင်း စိတ်အခြေအနေမှာ အတော်လေး ရှုပ်ထွေးနေမိ၏။ ဤခံစားချက်က ဖော်ပြရန် အလွန်ခက်ခဲလှသည်။
ရုတ်တရက်ဆိုသကဲ့သို့ မိမိကိုယ်ကိုယ် အလွန်တန်ဖိုး ရှိနေသည်ဟု ခံစားရသဖြင့် ယွမ်ဟောက်ဖုန်းမှာ ပြောမပြတတ်အောင် ဖြစ်နေရသည်။
ယောက်ျားတစ်ယောက်အနေဖြင့် ဤလမ်းကြောင်းပေါ် လျှောက်လှမ်းရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ဖူးပေ။ သို့သော် အမှန်အတိုင်းပြောရလျှင် ယွမ်ဟောက်ဖုန်းတစ်ယောက် စိတ်ကသိကအောက် ဖြစ်နေသော်လည်း အခြေအနေသည် ဆိုးရွားလွန်းသည်ဟု မခံစားရပေ။ ထို့အပြင် ယောက်ျားတစ်ယောက်အနေဖြင့် ဤကဲ့သို့ ကိစ္စမျိုးတွင် မိမိဘက်မှ နစ်နာစရာ မရှိဟုလည်း သူ တွေးမိ၏။
အမျိုးသားနှင့် အမျိုးသမီးကြား ကိစ္စတွင် သူသည် အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ဖြစ်သဖြင့် အသာစီးရသည်ဟုပင် ဆိုနိုင်သည်။
အကယ်၍ ဤအလုပ်သည် သူ့အတွက် အလုပ်အကိုင်အပြောင်းအလဲ သို့မဟုတ် ညီမဖြစ်သူအတွက် အမြဲတမ်းအလုပ်တစ်ခု ရရှိစေနိုင်မည်ဆိုလျှင်အဆင်ပြေသည်၊ တန်သည်ဟု သူ ခံစားရ၏။
သို့သော်လည်း စိတ်ထဲတွင် အဆတစ်ထောင်မက တန်သည်ဟု တွေးထားသော်လည်း ဤကဲ့သို့ ကိစ္စမျိုးနှင့် ပထမဆုံးအကြိမ် ထိုးနှက်ခံရခြင်း ဖြစ်သဖြင့် အနည်းငယ် ရှက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းနှင့် အရှက်ရခြင်းတို့ ဖြစ်နေမိသည်။ ယွမ်ဟောက်ဖုန်းသည် ငိုင်တိငိုင်တိုင်ဖြင့် အိမ်တံခါးဝမှ ထွက်လာခဲ့၏။ ထိုအချိန်တွင် ပြတင်းပေါက်မှ ချောင်းကြည့်နေသော အဘွားကြီးကျောက်မှာ သူ့ကို မြင်သွားပြီး နှာခေါင်းရှုံ့ကာ ကဲ့ရဲ့လိုက်လေသည်။
“ဟွန်း… ယောက်ျားကြီးတန်မဲ့ ဖင်ရောင်းစားနေရတယ်လို့”
ချန်ချင်းယွီ ထူးထူးခြားခြား တုံ့ပြန်ခြင်းမရှိပေ။ သူမ အနည်းငယ် အံ့သြမိသော်လည်း ဤကဲ့သို့ ကိစ္စမျိုးကို နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အကြာ (ခေတ်သစ်) တွင် တွေ့မြင်ဖူးထားသဖြင့် အဘွားကြီးကျောက်ကဲ့သို့ထိတ်လန့်မနေမိပေ။
အဘွားကြီးကျောက်သည် ယွမ်ဟောက်ဖုန်း ထွက်ခွာသွားသည်ကို ကြည့်ကာ မနာလိုဟန်ဖြင့် ပြောလေ၏။
“ဟွန်း… သူ့မှာ ဘာထူးခြားချက်ရှိလို့လဲ မသိဘူး၊ အဲဒီလောက်တောင် အဖိုးတန်နေရအောင်…အပေါ်ယံပဲရှိပြီး အတွင်းက အနှစ်မရှိတဲ့ကောင်၊ ဟုတ်တယ်မလား”
ချန်ချင်းယွီက ခေါင်းလေးစောင်းပြီး အဘွားကြီးကျောက်ကို ကြည့်လိုက်ရာ အဘွားကြီးကျောက်မှာ တတွတ်တွတ် ဆက်ပြောနေဆဲပင်…
“ငါ့သားသာ အသက်ရှင်သေးရင် သူ့ထက် အများကြီး ပိုလူကြိုက်များမှာ သေချာတယ်၊ ဟိုကောင်မ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုပဲ စဉ်းစားကြည့်ပါဦး.. သူတို့ ပြန်သယ်လာတဲ့ ပစ္စည်းတွေကို ညည်းမြင်တယ်မလား.. သူက ဘာမို့လို့ အဲဒီလောက် အဖိုးတန်နေရတာလဲ”
အဘွားကြီးကျောက် တစ်ယောက် စိတ်လှုပ်ရှားပြီး လောဘတက်နေမိ၏။
သို့သော် ချန်ချင်းယွီသည် အေးစက်စက်လေသံဖြင့်
“ရှင် စကားကောင်းကောင်းမပြောတတ်ရင် ပါးစပ်ပိတ်ထားလိုက်စမ်း”
အဘွားကြီးကျောက် မိမိအမှားကို ချက်ချင်းရိပ်မိသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ကမန်းကတန်း ငြင်းတော့သည်။
“ငါ… ငါက… အဲဒီလိုသဘောနဲ့ ပြောတာမဟုတ်ပါဘူးအေ..ငါ့သားကို အဲဒီလို မိုက်မိုက်ကန်းကန်းတွေ လုပ်ခိုင်းဖို့ စိတ်ကူးမရှိပါဘူး”
ချန်ချင်းယွီ သူမကို စွေကြည့်ကာ
“ရှင် စိတ်လှုပ်ရှားသွားတာကို ကျွန်မ မမြင်ဘူးများ ထင်နေလား.. ကျန့်ဝမ်လည်း မရှိတော့ဘူး… ရှင် ပါးစပ်ပိတ်ထားတာက ပိုကောင်းလိမ့်မယ်”
အဘွားကြီးကျောက် : “အေးပါ… အေးပါတော့်”
ချန်ချင်းယွီသည် အပြင်ရှိ လေတိုက်နှုန်းကို လှမ်းကြည့်လိုက်သည်။ လေတော်တော်လေး ကြမ်းလာပြီဖြစ်သော်လည်း လေပြင်းတိုက်ရုံသာ ရှိသေးပြီး တိုင်ဖွန်းမုန်တိုင်း အဆင့်အထိမူ မရောက်သေးပေ။ ချန်ချင်းယွီ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်ရင်း ပြောလိုက်လေသည်။
“ကျွန်မ ဒီည အပြင်ထွက်မလို့”
“ဟင်...”
အဘွားကြီးကျောက် နားမလည်
နိုင်ဘဲ
“ဘယ်သွားမလို့လဲ”
ချန်ချင်းယွီ : “မှောင်ခိုဈေးကို သွားမလို့”
“ငါတို့အိမ်မှာ ပစ္စည်းတွေ ရှိသေးတာပဲကို…”
အဘွားကြီးကျောက် ပြောပြီးမှ ခေတ္တရပ်ကာ ပြန်ပြောင်းပြောလိုက်၏။
“အပြင်ထွက်တာလည်း ကောင်းပါတယ်လေ.. စားစရာ သောက်စရာဆိုတာ ဘယ်လောက်ရှိရှိ ပိုတယ်ဆိုတာ မရှိပါဘူး”
ချန်ချင်းယွီလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
“ဒီည မှောင်ခိုဈေးမှာ လူတွေ ကြိတ်ကြိတ်တိုးနေလိမ့်မယ်လို့ ကျွန်မထင်တယ်”
“သေချာတာပေါ့အေ”
‘မုန်တိုင်းက တစ်ရက် နှစ်ရက်ပဲ ကြာမယ်ဆိုရင်တောင် လူတိုင်းက ဆင်းရဲဒုက္ခတွေကို ဖြတ်သန်းဖူးကြတာမို့ အခြေအနေ ကျပ်တည်းတဲ့သူတွေကတော့ ပစ္စည်းစုဆောင်းကြမှာပဲ…’
‘တခြားကြောင့်မဟုတ်ဘဲ စိတ်အေးရအောင်လို့ပါလေ… ပြီးတော့ရာသီဥတု တကယ်ဆိုးလာရင် မှောင်ခိုဈေးက ရက်ပိုင်းလောက် ပိတ်သွားနိုင်တယ်.. ဒါကြောင့် ဒီနေ့တော့ လူတွေ အများကြီး ရှိနေမှာ အသေအချာပဲ.. အံ့ဩစရာမရှိပါဘူး’
“ညည်း ဘယ်အချိန်သွားမလို့လဲ”
ချန်ချင်းယွီ : “မလောပါဘူး၊ နည်းနည်းလောက် ထပ်စောင့်ဦးမယ်.. စောစောစီးစီး ထွက်သွားလို့ သူများ မြင်သွားရင် မကောင်းဘူး”
“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ မှန်တယ်”
အဘွားကြီးကျောက်သည် လင်းကျန့်ဝမ် မရှိတော့သည့်နောက်ပိုင်း ချန်ချင်းယွီတစ်ယောက် တကယ့်ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လာပြီး ဟန်ဆောင်မနေတော့ကာ ပွင့်လင်းလာသည်ဟု ခံစားမိသည်။ သို့သော်လည်း အဘွားကြီးကျောက် ဘာမှ ထပ်မပြောရဲတော့ပေ။ သူမအနေဖြင့် ချန်ချင်းယွီ၏ အငြိုအငြင် မခံချင်ပေ။
အဘွားကြီးကျောက် အလိုက်သိစွာဖြင့်
“ငါ အိပ်မပျော်သေးပါဘူး၊ အိမ်မှာပဲ ညည်းကို စောင့်နေမယ်..တံခါးကိုလည်း စေ့ရုံပဲ စေ့ထားပေးမယ်လေ”
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
“ကောင်းပြီ”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ယွမ်ဟောက်ဖုန်းတစ်ယောက် အပြင်မှ စိတ်လွင့်နေဟန်ဖြင့် ပြန်လာသည်ကို မြင်လိုက်ရပြန်သည်။
“မိန်းမတွေအပေါ် မှီခိုပြီး အသက်မွေးတဲ့ ယောက်ျားတွေ ဘာလို့ ဒီလောက်တောင် များနေရတာလဲမသိဘူး”
အဘွားကြီးကျောက် ညည်းတွားပြန်၏။
အဘွားကြီးကျောက် ဤသို့ တွေးမိသည်မှာလည်း မဆန်းပေ။ မကြာသေးမီအတွင်း မိန်းမအရှိန်အဝါဖြင့် နေရာရလာသော ယောက်ျားအချို့ကို သူမ ကိုယ်တိုင်မြင်တွေ့ခဲ့ရသဖြင့် စိတ်ထဲ မခံမရပ်နိုင် ဖြစ်နေခြင်းပင်။
“တကယ်ပဲ… မျိုးဆက် တစ်ဆက်ထက် တစ်ဆက် ပိုဆိုးလာတာ…ငါတို့ ငယ်ငယ်တုန်းက ယောက်ျားအများစုက ယောက်ျားဝါဒ နည်းနည်းများတတ်ကြပေမဲ့ ကိုယ့်အိမ်ထောင်ကိုယ် တာဝန်ယူပြီး လုပ်ကိုင်ကျွေးမွေးကြတာချည်းပဲ၊ အခုခေတ် ယောက်ျားတွေကို ကြည့်ပါဦး… အားလုံးက ဖြတ်လမ်းပဲ လိုက်ချင်နေကြတာ၊ အလုပ်မလုပ်ချင်လောက်အောင် ပျင်းကြပြီး ကာမဂုဏ်ကို အသုံးချပြီး အထက်တန်းလွှာထဲ တက်လှမ်းချင်နေကြတာ… ဘယ်လိုလူစားတွေလဲ မသိဘူး၊ ဒီဘောကမှာ ရှီရှန်းလို မိန်းမလုပ်စာစားနေတဲ့သူတွေ အများကြီး မရှိဘူး ထင်ထားတာ၊ သေသေချာချာ ပြန်စဉ်းစားကြည့်တော့ နည်းတာလည်း မဟုတ်ဘူး၊ လီချန်ရွှမ်းက အလုပ်ရှိတယ်ဆိုပေမဲ့ ဖောက်ပြန်ပြီး မိန်းမဆီက ကပ်စားနေတာ… ပြီးတော့ ငါတို့စက်ရုံက ချဲယုံဖုန်း ဆိုတဲ့ အကောင်ယုတ်လည်း ယောကျာ်းပိုင်းလုံး၊ အခု ယွမ်ဟောက်ဖုန်းကလည်း ပိုင်းလုံးလေးဖြစ်တော့မယ်… ဒီယောက်ျားတွေ ဘာလို့ ဒီလောက်တောင် မာနမရှိကြတာလဲ”
အဘွားကြီးကျောက် အလွန် ဒေါသတကြီး ပြစ်တင်ဝေဖန်နေတော့သည်။
သူမကိုယ်တိုင်ကော ဘာလို့ အဲဒီလို ကပ်စားလို့ မရရတာလဲ…
ဒီယောက်ျားတွေကျတော့ ဘာလို့ အဲဒီလို ကပ်စားရတာ လွယ်ကူနေရတာလဲ…
ချန်ချင်းယွီမှာ သူမ တတွတ်တွတ် ညည်းညူနေသည်ကို မြင်သဖြင့် နားကြားပြင်းကပ်ကာ
“သူတို့က လိုလိုလားလား လုပ်ကြတာပဲဥစ္စာ၊ ရှင် မနာလို ဖြစ်မနေပါနဲ့”
အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
ထို့နောက် ချန်ချင်းယွီ မေးမြန်းလိုက်သည်။
“ဒါနဲ့… အမေ ကျွန်မတို့အိမ်မှာ တူကြီးကြီး ရှိလား”
အဘွားကြီးကျောက် လန့်ဖျပ်သွားပြီး ချန်ချင်းယွီကို သံသယစိတ်ဖြင့် စိုက်ကြည့်ကာ မေးခွန်းထုတ်လေ၏။
“ညည်း ဘာလုပ်မလို့လဲ”
ချန်ချင်းယွီ : “ဘာမှမလုပ်ပါဘူး၊ မေးကြည့်ရုံတင်ပါ… ပြီးတော့ ကျွန်မ အပြင်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တူကြီးတစ်ချောင်းလောက် သယ်သွားလို့ မရဘူးလား”
အဘွားကြီးကျောက် ဝေခွဲမရဖြစ်ကာ
“ရှိတော့ ရှိပါတယ်… ဒါပေမဲ့… ဒါပေမဲ့ ညည်း အဲဒါကြီး မယူသွားတာ ပိုကောင်းလိမ့်မယ်.. တကယ်လို့ တူကြီးနဲ့ အထုခံရလို့ လူသေသွားရင် ဘယ်လိုလုပ်မလဲ… သတိထားဦးနော်”
သူမ စိုးရိမ်တကြီး သတိပေးလေတော့သည်။
အဘွားကြီးကျောက် ချန်ချင်းယွီကို သံသယစိတ်ဖြင့် အထက်အောက် ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် စိုးရိမ်မကင်း ဖြစ်နေမိ၏။
‘ဒီကောင်မလေးက လူချင်းချရင်တောင် နိုင်လောက်တဲ့အထိ သန်မာနေတာပဲကို၊ ဘာလို့ တူကြီးပါ သယ်ချင်နေရတာလဲ… မှောင်ခိုဈေးကို ပစ္စည်းသွားဝယ်တာလား၊ ရန်သွားဖြစ်တာလား… သူ့ရဲ့ အားအင်နဲ့ဆိုရင် လူတစ်ယောက်ကို အလွယ်တကူ သတ်မိသွားနိုင်တယ်လေ..’
အဘွားကြီးကျောက်မှာ တကယ်ကို စိုးရိမ်ပူပန်မိပြီး အတော်လေး စိတ်မအေးဖြစ်နေရှာသည်။
သူမသည် “မယူသွားပါနဲ့အေ” ဟု တားလိုက်၏။
ချန်ချင်းယွီ : “ရှင်ကလည်း ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ.. ရှိရင်လည်း ရှာပေးလိုက်ပါ၊ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သယ်သွားမလို့၊ စိတ်ချပါ… ကျွန်မ လူကို သေအောင်ထုမယ့်အထိ မိုက်မဲမနေပါဘူး.. ကျွန်မက အရူးမှမဟုတ်တာ၊ တကယ်လို့ အဲဒီလောက်အထိ ဇွတ်လုပ်မိရင် ကျွန်မလည်း ဘယ်ကောင်းမလဲ”
အဘွားကြီးကျောက် : “အဲဒါကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့… ဒါပေမဲ့…”
သူမသည် ချန်ချင်းယွီအပေါ် လုံးဝ စိတ်မချနိုင်သေးပေ။
ဒီကောင်မလေးက အေးအေးဆေးဆေး နေတတ်တဲ့သူမျိုး လုံးဝမဟုတ်ဘူး…
ချန်ချင်းယွီ အနည်းငယ် ဒေါသထွက်လာ၏။
အဘွားကြီးကျောက် ထပ်မံ ကတိတောင်းကာ
“ညည်း လူကို မထုဘူးလို့ တကယ် ကတိပေးလား”
ချန်ချင်းယွီ : “မထုပါဘူး၊ မထုပါဘူးဆို၊ ကျွန်မက သူများကို ခြောက်လှန့်ရုံတင်ပဲ ယူသွားမလို့ပါ”
အဘွားကြီးကျောက်မှာ ဆွံ့အသွားပြီး… စိတ်ထဲမှာ လုံးဝ မယုံကြည်ပေ။
သို့သော်လည်း သူမက ဇွတ်ငြင်းဆန်နေလျှင် ချန်ချင်းယွီ သူမကိုပါ တိုက်ရိုက် ရန်မူလာမည်ကို ကြောက်မိသည်။ သူမ ချန်ချင်းယွီကို တကယ် မဆွရဲပေ။
သူမ ခေတ္တမျှ စဉ်းစားပြီးနောက် ထရပ်ကာ တူကြီးကို သွားရှာပေးရင်း “ရော့… ဒါပဲ” ဟု ပြောလိုက်၏။
ဤတစ်ကြိမ် ချန်ချင်းယွီတစ်ယောက် တစ်ဖန် ဆွံ့အသွားရသည့် အလှည့်တည်း…
သူမ၏ နှုတ်ခမ်းများ တွန့်လိမ်မဲ့သွားပြီး
“ရှင်က ဒါကို တူကြီးလို့ ခေါ်တာလား”
သောက်ကျိုးနည်း.. တူကြီး (ကျောက်ထုတဲ့တူ) ဆိုတာ ပေါင်ရှစ်ဆယ်လောက် လေးတဲ့ တူကြီးမျိုး ဖြစ်ရမှာလေ… ဒါကဘာလဲ..
ဒီအရာက သိသိသာသာကြီး လက်မလေးဆယ် (၄၀ လက်မ) လောက်ပဲ ရှိတာကို၊ ရှင်က တူကြီးလို့ ခေါ်ရဲသေးတယ်နော်.. ဒါ တူကြီးကို စော်ကားတာပဲရှင့်…
ချန်ချင်းယွီ ထိုတူအသေးလေးကို တစ်ချက်ကြည့်ကာ ပြတ်ပြတ်သားသား ငြင်းလိုက်၏။
“ကျွန်မ မယူတော့ဘူး”
အဘွားကြီးကျောက် : “ညည်းကလည်း ဘာဖြစ်နေတာလဲ၊ စောစောကပဲ ပြောတော့… အော်… ကောင်းပါပြီ၊ ကောင်းပါပြီ၊ မယူချင်လည်း မယူနဲ့ပေါ့.. ငါ့ကို ဘာလို့ အဲဒီလို စိုက်ကြည့်နေရတာလဲ...”
ချန်ချင်းယွီမှာ တကယ်ကို စိတ်ပျက်သွားမိသည်။
သူမသည် အဘွားကြီးကျောက်နှင့် ဆက်ပြီး အငြင်းအခုန်မလုပ်တော့ဘဲ အဝတ်အစားများကို မြန်မြန် လဲလှယ်လိုက်၏။ မှောင်ရီပျိုးစသာ ရှိသေးသော်လည်း သူမ၏ ကလေးအသေးလေး နှစ်ယောက်မှာမူ အိပ်ပျော်နေကြလေပြီ…
ကလေးနှစ်ယောက်သည် တော်တော်လေး ကြာအောင် တစ်ရေးအိပ်နေကြသည်။ အဝတ်လဲပြီးနောက် ချန်ချင်းယွီမှာ ပြောလိုက်၏။
“အမေလည်း တစ်ရေးလောက် အိပ်လိုက်ပါဦး”
အဘွားကြီးကျောက် : “ရပါတယ်၊ ငါ ညည်းကို စောင့်နေပါ့မယ်”
သူမ တိုးတိုးလေး ညည်းတွားရင်း
“နင်က မကြာခဏ အပြင်ထွက်တတ်တော့ ငါလည်း အိပ်မရပါဘူးလေ အကျင့်ဖြစ်နေပါပြီ”
ချန်ချင်းယွီ : “…”
‘ကျွန်မ မှောင်ခိုဈေး သွားတိုင်း ရှင်က အိမ်မှာ ကောင်းကောင်းကြီး အိပ်ပျော်နေခဲ့တာပဲဥစ္စာ.. ပါးစပ်ကသာ အပြောကောင်းနေတာ၊ တကယ်တမ်းကျတော့…’
သို့သော်လည်း ချန်ချင်းယွီသာ် ယင်းကို ကိစ္စကြီးတစ်ခုဟု မတွေးတေဋ့ကာ ပြုံးလိုက်ပြီး အပြင်သို့ မြန်မြန် ထွက်လာခဲ့တော့သည်။
ဘယ်လို ပြောရမလဲဆိုလျှင်…
သူမအနေဖြင့် မှောင်ခိုဈေးကို မသွားချင်သော်လည်း သွားနေရ၏။ မကြာခဏ ရောက်ဖူးနေသည့်တိုင် မည်သည့်အခါမျှ ပေါ့ဆခြင်းမရှိဝံ့ပေ။ မှောင်ခိုဈေး၏ စည်းကမ်းထိန်းသိမ်းမှုသည် ဝတ္ထုတွေထဲတွင် ဖတ်ဖူးသည်ထက် အများကြီး ပိုမိုတင်းကျပ်လှသည်။ ယေဘုယျအားဖြင့် လူတိုင်းမှာ ဖြစ်နိုင်လျှင် ထိုနေရာမျိုးကို ရှောင်ရှားတတ်ကြ၏။
သို့သော် တစ်ခါတစ်ရံတွင် အခြားရွေးချယ်စရာ လမ်းမရှိပေ။
ဥပမာအားဖြင့် ချန်ချင်းယွီ၏ မိသားစုကို ကြည့်လျှင် သူမလည်း မှောင်ခိုဈေးကို မသွားချင်သော်လည်း ထိုနေရာကို မသွားလျှင် မဖြစ်ပေ။
ကောက်ပဲသီးနှံအကောင်းစားတွေနဲ့ အသားတွေ ဒီလောက်အများကြီး ဘယ်ကနေ သွားရှာလို့ရမှာလဲ… မှောင်ခိုးစျေးမှာပဲ ရှိတာပေါ့…
ယခုခေတ်က အကြမ်းထည် ကောက်ပဲသီးနှံများသည် နောက်ထပ် ဆယ်စုနှစ်အနည်းငယ်အကြာကဲ့သို့ နူးညံ့စွာ ကြိတ်ခွဲထားပြီး အရသာကောင်းမွန်သည့်အရာမျိုး မဟုတ်ပေ။ ယနေ့ခေတ် ကောက်နှံကြမ်းများသည် လည်ချောင်းကို ကုတ်ခြစ်နေသည့်နှယ် ကြမ်းတမ်းလှသည်။ ချန်ချင်းယွီ
အစပိုင်းတွင် သူမ ခံနိုင်ရည်ရှိမည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်း ခေတ်သစ်လူနေမှုဘဝတွင် ကျင့်သားရနေသူတစ်ဦးအဖို့ ဤအရာနှင့် လုံးဝ အဆင်မပြေနိုင်မှန်း သိလာရ၏။
ထိုကောက်နှံကြမ်းများသည် တကယ်ကို ကြမ်းတမ်းလွန်းလှ၏။
ချန်ချင်းယွီ အသားကျအောင် ကြိုးစားခဲ့သော်လည်း သူမတွင် ပိုက်ဆံရှိနေသဖြင့် ပြတ်ပြတ်သားသားပင် လက်လျှော့လိုက်တော့သည်။
ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာမပေးချင်းပါဘူး.. ပိုက်ဆံရှိနေတာပဲကို အကောင်းပဲစားမှာပေါ့…
ထို့ကြောင့်ပင် သူမသည် ဘေးအန္တရာယ် ကြုံတွေ့နိုင်သည့်ကြားမှ မှောင်ခိုဈေးသို့ သွားရန် လိုလိုလားလား ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
တခြား ပိုမိုကြီးမားသော အကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။ သူမသည် အစားကြီးသူဖြစ်ပြီး ပုံမှန်ရိက္ခာခွဲတမ်းမှာ သူမ၏ ဝမ်းဗိုက်ကို ပြည့်အောင် မဖြည့်ဆည်းပေးနိုင်ခြင်းပင်။
ဝမ်းဝအောင်တောင် မစားရရင် ဘယ်မှာလာပြီး ခွန်အားတွေ စွမ်းအင်တွေ ရှိပါတော့မလဲ……
ချန်ချင်းယွီသည် သတိကြီးစွာဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။ ရာသီဥတု ပူအိုက်နေပြီဖြစ်သော်လည်း သူမက မျက်နှာကို ဖုံးအုပ်ထားဆဲပင်။ ဤသည်မှာလည်း မဆန်းပေ၊ အကြောင်းမှာ အချိန်သည် ညဉ့်နက်သန်းခေါင် ဖြစ်နေသည့်အပြင် လူတိုင်း လျှို့ဝှက်စွာဖြင့် ခိုးကြောင်ခိုးဝှက် သွားလာတတ်ကြသော မှောင်ခိုဈေးသို့ သွားနေခြင်းကြောင့် ဖြစ်၏။ လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာအချို့ အလျင်အမြန် ဖြတ်သန်းသွားကြသည်ကိုပင် ချန်ချင်းယွီ တွေ့ရသည်။
ပုံမှန်ဆိုလျှင် မည်သူမှ ရှိမနေတတ်သော်လည်း ယနေ့မှာတွင် အားလုံးသည် ကိုယ့်အလုပ်ကိစ္စနှင့်ကိုယ် အပြင်ထွက်လာကြပုံရ၏။
ချန်ချင်းယွီသည် မူလက သူမ၏ အဘိုးအဘွားများ၏ အိမ်ဟောင်းကြီးဆီသို့ သွားရန် စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်၏ တည်ဆောက်ပုံ အခင်းအကျင်းသည် တော်တော်လေး ဆန်းကြယ်လွန်းလှသဖြင့် နံရံတိုင်များထဲတွင် တစ်ခုခု ဝှက်ထားနိုင်သည်ဟု သူမ အလိုလို သံသယဝင်ခဲ့မိ၏။ ဧည့်ခန်းထဲတွင် အဘယ်ကြောင့် တိုင်တစ်တိုင် လာစိုက်ထားမှန်း မသိရဘဲ မလိုအပ်သည့်အပြင် ကြည့်ရဆိုးလှသဖြင့် ချန်ချင်းယွီမှာ တစ်ခုခုတော့ မှားနေပြီဟု ခံစားနေရခြင်းပင်…
သာမန်မိသားစုများဆိုလျှင်ပင် ဤကဲ့သို့ ပြုလုပ်ကြမည်မဟုတ်ကာ၊ဗိသုကာပညာရပ်ကို လေ့လာခဲ့ကြသည့် သူမ၏ အဘိုးအဘွားများမှာပို၍ပင် လုပ်ကြလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် ချန်ချင်းယွီမှာ တစ်ခုခု ထူးခြားဆန်းပြားမှု ရှိနေသည်ဟု သံသယပွားနေရခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် သူမသည် နံရံများကို ဖြိုဖျက်ရသည်ကို မနှစ်သက်သော်လည်း ယနေ့မှာ မတတ်နိုင်ပေ။ အကယ်၍ တိုင်ဖွန်းမုန်တိုင်းသည် ပြင်းထန်ပြီး အိမ်ကြီး ပျက်စီးသွားခဲ့လျှင်ဟူသော ဖြစ်နိုင်ချေရှိသဖြင့် ချန်ချင်းယွီသည် ယနေ့အခွင့်အရေးကို အသုံးချကာ နံရံများကို ဖြိုချရန် ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း စောစောမှ တူအသေးလေးမှာမူ လုံးဝ အသုံးမဝင်လှပေ။ မိုးလင်းသွားသည့်အထိ ထုရိုက်နေလျှင်ပင် ထိုတူသည် အသုံးတည့်လာမည်မဟုတ်ချေ။
ချန်ချင်းယွီက လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး သင့်တော်မည့် ကိရိယာတန်ဆာပလာများ ရနိုင်မလားဟု မှောင်ခိုဈေးသို့ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ တွေ့ခဲ့လျှင် နံရံကို ဖြိုဖျက်မည်
ဖြစ်ပြီး၊ မတွေ့ခဲ့လျှင်မူ နောက်မှသာ ရှင်းတော့မည်၊ သူမ မလောပေ။
သူမကိုယ်သူမ ကမ္ဘာကူးပြောင်းလာသူ အမျိုးသမီးများထဲတွင် အကံကောင်းဆုံးနှင့် အကံဆိုးဆုံးလူဟု ခံစားနေရ၏။
သူမအတွက် ကံအကောင်းဆုံးအချက်မှာ စားဝတ်နေရေးအတွက် ပူပန်နေစရာမလိုခြင်းပင်။ တစ်လလျှင် လစာ ငွေဆယ်ဂဏန်း (၂၀ သို့မဟုတ် ၃၀ ယွမ်) သာ ရှိသည့် ခေတ်ကာလမျိုးတွင် သူမ၏ အဘိုးအဘွားများမှာ သူမ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ရန် ပိုက်ဆံအမြောက်အမြား ပြင်ဆင်ပေးခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူမသည် အကံအဆိုးဆုံးလည်း ဖြစ်ပြန်၏~~ စိတ်ပုပ်သော ယောက္ခမ၊ သေဆုံးသွားသည့် လင်ယောက်ျား၊ ကလေးငယ်လေးနှစ်ယောက်၊ သူမကို ကာကွယ်ပေးမည့် မိသားစုဝင်များလည်း မရှိတော့သည့်အပြင် လူယုတ်မာအဖေသည်လည်း ပို၍ပင် ဆိုးရွားလှသေးသည်။ အမှန်တကယ်ပင် သူမ၏ ဘဝအစသည် အလွန် သနားစရာကောင်းလွန်းလှ၏။
ချန်ချင်းယွီ စိတ်ကူးယဉ်ရင်း၊ ဘေးဘီဝဲယာကို မျက်စိကစားရင်းနှင့် အလျင်အမြန် လျှောက်လာခဲ့သည်။ သူမအနေဖြင့် ပေါ့ဆ၍ မဖြစ်ပေ။
“ဟင်...”
ချန်ချင်းယွီတစ်ယောက် အတွေးကမ္ဘာထဲ ရောက်နေသော်လည်း အာရုံစူးစိုက်မှုသည် ပျက်ပြယ်မသွားခဲ့ပေ။
မှောင်ခိုဈေးသို့ ရောက်ခါနီးအချိန်တွင် ချန်ချင်းယွီသည် ရင်းနှီးနေသော မျက်နှာနှစ်ခုကို တွေ့လိုက်ရသဖြင့် အံ့ဩသွားမိ၏။ တကယ်ကို ရင်းနှီးနေသည့် မျက်နှာများ ဖြစ်ကြသည်။
ချဲယုံဖုန်းနှင့် ချဲယုံချန်းညီအစ်ကို နှစ်ယောက်ပင်တည်း။
သူတို့နှစ်ဦးစလုံးသည် မျက်နှာအကာများ ဝတ်ဆင်ထားကြသော်လည်း ချန်ချင်းယွီ ချက်ချင်း မှတ်မိလိုက်သည်။ အမှန်အတိုင်းပြောရလျှင် တစ်ကိုယ်လုံး ဖုံးအုပ်ထားသည့်တိုင် မိတ်ဆွေကို မှတ်မိချင်မှ မှတ်မိမည်ဖြစ်သော်လည်း ရန်သူကိုမူ အလွယ်တကူ မှတ်မိတတ်ကြသည်သာ။
မှန်၏… မိမိနှင့် အဆင်မပြေသူများကိုသာ လူအများမှာ ပို၍ စွဲစွဲမြဲမြဲ မှတ်မိနေတတ်ခြင်းပင်…
ထိုနှစ်ယောက်စလုံးသည်လည်း မှောင်ခိုဈေးသို့ ဦးတည်နေကြသည်ကို မြင်သောအခါ ချန်ချင်းယွီစိတ်ထဲမှ တွေးလိုက်မိသည်။
‘ဒီ ချဲယုံဖုန်းကလည်း ဘာမှ ထူးမခြားနားပါလား.. ပွဲစားမ ရှန့်ရှန့်ကျတော့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေရှိလို့ ကောင်းကောင်းမွန်မွန် နေနိုင်ပြီး ယွမ်ဟောက်ဖုန်းအတွက်တောင် ပစ္စည်းတွေ ပြင်ပေးနိုင်တာ.. နင်ကတော့ စက်ရုံအတွင်းရေးမှူးရဲ့ သမက်ဖြစ်ပြီးတော့ မှောင်ခိုဈေးကို ကိုယ်တိုင်လာနေရတုန်းလား၊ နင့်အဆင့်အတန်းက မမှီသေးပါဘူး’
ချန်ချင်းယွီ ဆက်မတွေးတော့ဘဲ ထိုအမျိုးသားနှစ်ဦးနောက်သို့ ခြေသံတိုးတိုးလေးဖြင့် လိုက်သွားတော့သည်။ သူမတွင် မကောင်းသော ရည်ရွယ်ချက် မရှိပေ။ အခွင့်အရေးကိုသာ စောင့်ကြည့်နေခြင်း ဖြစ်၏။
ချန်ချင်းယွီသည် လူနောက်သို့ ခြေရာခံလိုက်ရာတွင် အဘွားကြီးကျောက်ထက်ပင် ပိုမိုကျွမ်းကျင်လှသည်။ သူမသည် ထိုနှစ်ယောက်နောက်မှ အလွန်ပေါ့ပါးသော ခြေလှမ်းများဖြင့် လိုက်ပါလာသဖြင့် ချဲညီအစ်ကိုတို့မှာ လုံးဝ သတိမထားမိကြဘဲ တတွတ်တွတ် ဆဲဆိုနေကြ၏။
ချဲယုံချန်း ဒေါသတကြီးဖြင့်
“အစ်ကို… တကယ်ပဲဗျာ... တခြားလူတွေကျတော့ လက်ထပ်ပြီးရင် မိန်းမကို လက်ခုပ်ထဲက ရေလို ထိန်းထားနိုင်ကြတာ၊ အစ်ကိုကျတော့ ပြောင်းပြန်ဖြစ်နေတယ်… သူကပဲ အစ်ကို့ကို လွှမ်းမိုးထားတာ၊ ဒီလိုမိန်းမမျိုးက လွန်လွန်းလှပြီ မဟုတ်ဘူးလား၊ ကျွန်တော်တို့ အမေကိုတောင် မရိုသေဘူး…မိန်းမဆိုတာ လိမ္မာလာအောင် ရိုက်နှက်ဆုံးမရတယ်ဗျ၊ နောက်ထပ် နှစ်ချက် သုံးချက်လောက် ထပ်ရိုက်လိုက်စမ်းပါ၊ သူ ဆက်ပြီး ပြဿနာရှာရဲဦးမလားလို့… လီရှောင်ယွီကို ကြည့်ပါဦး၊ သူလည်း မဆိုးဘူးမလား၊ ဒါပေမဲ့ ကျွန်တော် သေချာ သင်ခန်းစာပေးလိုက်နိုင်တာပဲ…မိန်းမဆိုတာ ဆုံးမရတယ် အစ်ကိုရ”
ချဲယုံဖုန်း : “စကားကို လျှောက်မပြောစမ်းနဲ့… လီရှောင်ယွီက မင်းရဲ့ မရီးနဲ့ နှိုင်းလို့ရလို့လား… သူက…”
“ဘာတွေ လျှောက်ပြောနေတာလဲ... အသုံးမကျတဲ့ အမှိုက်ကောင်.. မင်းမရီးက ကျန်းမိသားစုရဲ့ သမီးလေ၊ မင်း သူ့ကို လက်ဖျားနဲ့တောင် တို့ရဲလို့လား၊ သိရင် သူတို့ မင်းကို သတ်ပစ်လိမ့်မယ်… ငါ့ကို လာပြီး အကြံဆိုးတွေ မပေးနဲ့”
“ကျွန်တော်က ဘာလို့ အကြံဆိုး ပေးရမှာလဲ.. အတွင်းရေးမှူးကျန်းအရှက်မရှိတဲ့ လူဗျာ၊ သူ အိုမင်းလာရင် အစ်ကို့ကို အားကိုးဖို့ မျှော်လင့်နေတာကို၊ အစ်ကို့ကို ဘယ်လို ဖားရမှန်းတောင် မသိဘူး.. သူ့သားက ရောဂါသည်ကြီးဖြစ်ပြီး သိပ်မကြာခင် သေတော့မယ်ဆိုတာ လူတိုင်းသိကြတာပဲ၊ အစ်ကိုပဲ သူ့ကို အိုအောင်မင်းအောင် ကျွေးရမှာ.. အဲဒါကြောင့်မို့လို့ပဲ သူတို့သမီးနဲ့ အစ်ကို့ကို ဇွတ်အတင်း ပေးစားခဲ့ကြတာပေါ့၊ အစ်ကိုကပဲ ကိစ္စအဝဝကို သေသေချာချာနဲ့ သိက္ခာရှိရှိ ကိုင်တွယ်နိုင်တာလေ… အစ်ကိုတစ်ယောက်ပဲ ဒီမိသားစုကို ထိန်းထားနိုင်မှာ”
ချဲယုံချန်း ချေပလေသည်။
နောက်မှ ခိုးနားထောင်နေသော ချန်ချင်းယွီသည် အဘွားကြီးကျောက် ခံစားခဲ့ရငည့် ထိတ်လန့်မှုကို ယခုမှ ကောင်းကောင်း နားလည်နိုင်တော့သည်။
အတွင်းရေးမှူးကျန်းမှာ သားတစ်ယောက် ရှိနေတာကိုး...
ဘယ်သူမှ ထုတ်ပြောသံ မကြားဖူးသလောက် ရှားလှပါလား…
သို့သော်လည်း ဤသည်မှာ လျှို့ဝှက်ချက် ဟုတ်ပုံမရပေ၊ သူမလည်း ဝေဝေဝါးဝါး ကြားဖူးသကဲ့သို့ ရှိသည်။
ထိုသားဖြစ်သူမှာ နာတာရှည် ရောဂါသည် ဖြစ်နေသည်ဟူသော အချက်သည်သာ လူအများကြား သိပ်မပြန့်သေးခြင်း ဖြစ်ပုံရ၏။
ချန်ချင်းယွီ ဆက်လက်ခိုးနားထောင်နေစဉ် ချဲယုံဖုန်းသည် လေသံနှိမ့်ကာ ပြန်ဟောက်လိုက်လေသည်။
“ပါးစပ်ပိတ်စမ်း... ဘာတွေ လျှောက်အာနေတာလဲ၊ သူ့အကြောင်းကို မပြောနဲ့.. ဒီစကား အပြင်ပေါက်သွားရင် သူတို့ မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး..သူ့အကြောင်း မပြောနဲ့လို့ ပြောနေတယ်နော်”
“အစ်ကို စိတ်မပူပါနဲ့”
ချဲယုံချန် ဆိုကာ
“ကျွန်တော်လည်း မအပါဘူး.. အပြင်ထွက်ရင် ဘာလို့ လျှောက်ပြောမလဲ၊ အစ်ကို့ကိုပဲ ပြောပြတာပါ”
“အစ်ကို… သူ့မိသားစုက နောင်ကျရင် အစ်ကို့အပေါ်ပဲ မှီခိုရမှာ၊ အခု အစ်ကို သူတို့ကို ကူညီပေးနေတာပဲ၊ သူတို့ အစ်ကို့ကို အပြစ်တင်ရက်မှာ မဟုတ်ပါဘူး… အစ်ကို့ကို ကြည့်ရတာ အမြဲတမ်း သိက္ခာဆယ်ဖို့ပဲ စဉ်းစားနေတာ၊ တကယ်တော့ အပိုတွေပါ.. ကျွန်တော်တို့ မိဘတွေက ကောင်းကောင်းမွန်မွန် နေချင်စားချင်နေကြပြီ”
သူသည် ထပ်လောင်း၍
“ဒါ့အပြင်… အစ်ကို့ရဲ့ ညီဖြစ်တဲ့ ကျွန်တော်ကလည်း ကောင်းကောင်း စားချင်တာပေါ့”
ချဲယုံဖုန်း ဆိတ်ဆိတ်သာ နေလေသည်။
ထိုအခါ ချဲယုံချန်းသည် ရုတ်တရက် လွှတ်ခနဲ ပြောချလိုက်၏။
“အစ်ကို… အစ်ကို ကျွန်တော့်ကိုတော့ စွန့်ပစ်မှာ မဟုတ်ဘူးမလား… ကျွန်တော်က အစ်ကို့အပေါ် အမြဲတမ်း တကယ့်ကို သစ္စာရှိခဲ့တာနော်၊ တကယ်လို့ အစ်ကိုက ညီဖြစ်သူကို စွန့်ပစ်ရင်တော့ ကျွန်တော် သေပြီပဲ.. ကျွန်တော့်မိန်းမတောင် အစ်ကိုနဲ့ အတူအိပ်ခဲ့ပြီးပြီဥစ္စာ...”
ချဲယုံချန်း ရုတ်တရက်ကြီး ဤစကားကို အမှတ်မထင် ပြောချလိုက်ခြင်း ဖြစ်၏။
နောက်မှ လိုက်လာသော ချန်ချင်းယွီခမျာ ထိတ်လန့်လွန်းသဖြင့် ခြေချော်ပြီး မှောက်ရက်လဲလုနီးပါး ဖြစ်သွားရသည်။
ဘာကြီးလဲ… သောက်ကျိုးနည်း…
နင်… နင် ဘာတွေ ပြောလိုက်တာလဲ…
ချဲယုံဖုန်းသည်လည်း လန့်သွားပြီး ချက်ချင်း ပိတ်ဟောက်ပစ်လိုက်ကာ
“ပါးစပ်ပိတ်စမ်း”
ချဲယုံချန် ပခုံးတွန့်ပြကာ
“ဘာဖြစ်လဲဗျာ.. ညဉ့်နက်သန်းခေါင်ကြီး ဘယ်သူမှလည်း ရှိတာမဟုတ်ဘူး၊ ကျွန်တော်တောင် ရှက်မနေတာ၊ အစ်ကိုက ဘာလို့ ရှက်နေရတာလဲ၊ အစ်ကို… ကျွန်တော် အစ်ကို့အပေါ် ကောင်းပြတာ နည်းလို့လား.. အစ်ကိုက သူများအိမ်ကို သမက်ဝင်သွားတာလေ.. ကလေးရလာရင်တောင် ချဲမျိုးရိုး ဆက်ခံရမှာ မဟုတ်ဘူး၊ အစ်ကို့မှာ ကျွန်တော်တို့မိသားစုရဲ့ သားဦးမြေးဦးလေး ရှိနိုင်အောင် ကျွန်တော်ကပဲ နေရာဖယ်ပေးထားတာ… အစ်ကိုက ကျွန်တော့်မိန်းမကို ကိုယ်ဝန်ရအောင်လုပ်ပေးလို့ ကလေးမွေးလာရင် အဲဒါ အစ်ကို့ရဲ့ မျိုးဆက်အစစ်ပဲပေါ့၊ အစ်ကို့မျိုးရိုးအစစ်နဲ့ သားတစ်ယောက် ရလာမှာလေ.. အဲဒါက ဟို ကျန်းမျိုးရိုးနဲ့ ကလေးရတာထက် ပိုမကောင်းဘူးလား.. ဒါတွေအားလုံးကို ကျွန်တော် အောင့်ခံထားတာပဲ… ကျွန်တော်က အစ်ကို့အပေါ် သိပ်ကောင်းတဲ့ ညီတစ်ယောက် မဟုတ်ဘူးလားဗျာ၊ ကမ္ဘာပေါ်မှာ ကျွန်တော့်ထက်ကောင်းတဲ့သူ ရှိဦးမလား”
“ငါသိပါတယ်၊ မင်း ငါ့အပေါ် ကောင်းတာ ငါသိပါတယ်”
“ဒါဆိုရင် ပြီးတာပဲလေ”
ချဲယုံချန်း : “ဒါကြောင့် အစ်ကိုက ကျွန်တော့်ကို ပိုကူညီပေးရမယ်..ကျွန်တော်က သင့်တော်တဲ့ အလုပ်အကိုင်တစ်ခုပဲ လိုချင်တာပါ”
ချဲယုံဖုန်း ခေတ္တမျှ စဉ်းစားပြီး ဆိုလိုက်လေသည်။
“အခုတလော အခြေအနေတွေက တင်းမာနေတယ်၊ ငါတို့အိမ်ကိစ္စတွေကလည်း အုန်းအုန်းထနေတော့ တစ်ခုခုလုပ်လို့မကောင်းဘူး… နောက်ထပ် ရက်နည်းနည်းလောက် ထပ်စောင့်ဦး၊ ငါ ဟိုဘက်မိသားစုနဲ့ သေသေချာချာ ပြန်ပြောပြီး တောင်းပန်ပေးပါ့မယ်”
ချဲယုံချန်မှာ သိပ်ပြီး အားမရသော်လည်း သူ့အစ်ကိုကိုယ်တိုင်လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိမှန်း သိနေ၏။
သူသည် နှုတ်ခမ်းကို မဲ့လိုက်ရင်း
“ကဲပါ… အစ်ကို ဒီကိစ္စကို စိတ်ထဲ တကယ်ထားပေးဖို့ပဲ လိုတယ်”
ချဲယုံဖုန်း : “အေးပါကွာ”
“ကျွန်တော့်ကို စာမေးပွဲတွေ ထပ်မဖြေခိုင်းနဲ့တော့၊ ကျွန်တော် မအောင်နိုင်ဘူး.. ပြီးခဲ့တဲ့တစ်ခေါက်က လင်းဆိုတဲ့အကောင် လွတ်သွားတာ တောက်… ခံပြင်းဖို့ကောင်းလိုက်တာ.. အဲဒီ လင်း ဆိုတဲ့ကောင်က တကယ် သေသင့်တာဗျာ၊ ဘယ်လို အမှိုက်ကောင်မို့လို့ ကျွန်တော်နဲ့ လာပြိုင်ရဲတာလဲ.. သူ အချိန်မတန်ဘဲ သေရတာ ထိုက်တန်တာပေါ့... ပြီးတော့ သူ့အိမ်က အရှက်မရှိတဲ့လူကလည်း လာပြီး ပြဿနာရှာရဲသေးတယ်... သူကိုယ်တိုင် ဘာကောင်လဲဆိုတာ မသိဘူးလား... ဟို လီတာ့ရှန်း ကလည်း ဘာမှ ထူးမခြားနားပါဘူး၊ အမှိုက်ကောင်ပဲ၊ သူကိုယ်တိုင်လည်း လန့်ပြီးတော့ ပျက်စီးသွားတာပဲဥစ္စာ… လီရှောင်ယွီ တစ်ယောက် ဘာလို့ ဒီလောက်တောင် အူတူတူ ဖြစ်နေရလဲဆိုတာ မဆန်းတော့ဘူး၊ ဒါက မျိုးရိုးဗီဇကိုး... အသုံးမကျတဲ့ဟာတွေ၊ သူ့မိဘတွေလည်း ကလေးမရနိုင်သလို သူလည်း မရနိုင်ဘူး.. ကျွန်တော်တို့ နှစ်ယောက်စလုံး ကြိုးစားနေတာတောင် အခုထိ ကိုယ်ဝန်မရသေးဘူး၊ သူက တကယ့် အလဟဿပဲ.. တကယ်လို့ သူ ကလေးမမွေးနိုင်ရင် ကျွန်တော် ကွာရှင်းပစ်မယ်... ဒီလို ဥမဥနိုင်တဲ့ ကြက်မက ဘာမျက်နှာရှိလို့ အိမ်မှာ ဆက်နေဦးမှာလဲ”
ချဲယုံချန်း အတော်လေး မကျေမနပ် ဖြစ်နေကာ တတွတ်တွတ် ကျိန်ဆဲနေတော့သည်။
ထိုစကားများကို ကြားရသောအခါ ချန်ချင်းယွီ၏ မျက်နှာ ပျက်သွား၏။
သူမအနေဖြင့် လီရှောင်ယွီကဲ့သို့ လူစားမျိုး သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဂရုမစိုက်သော်လည်း လင်းကျန့်ဝမ်ကို စော်ကားလာလျှင်မူ ငြိမ်ခံမနေနိုင်ပေ။
ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ ခံစားချက်များ ပြင်းပြင်းထန်ထန် လွှမ်းမိုးနေသည်ဟု ခံစားလိုက်ရသည်။ အချစ်ရူး သံယောဇဉ် စကားများကို ဂရုမစိုက်ဟု ဆိုသော်လည်း တစ်စုံတစ်ယောက်သည် လင်းကျန့်ဝမ်ကို ပုတ်ခတ်စော်ကားသည့်အခါတိုင်း စိတ်ထဲတွင် လုံးဝ မကျေမနပ် ဖြစ်ရ၏။
သူမ၏ ရင်ထဲတွင် ထိန်းမနိုင်သိမ်းမရ ဒေါသအဟုန် တရိပ်ရိပ် တက်လာခဲ့သည်။
သူမအနေဖြင့် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ စိတ်အာရုံနောက်သို့ အမြဲလိုက်နေခြင်းသည် မကောင်းမှန်း သိသော်လည်း ဤဒေါသမုန်တိုင်းကို လုံးဝ တားဆီး၍ မရနိုင်ပေ။ ၎င်းမှာ သူတို့သည် သူမအတွက် အလွန်အရေးကြီးသော လူတစ်ယောက်ကို တိုက်ရိုက်ဆဲဆိုနေသကဲ့သို့ ခံစားရနေရ၏။
သူမကိုယ်သူမ ‘ငါက ချန်ချင်းယွီ အစစ်အမှန်ပဲလား’ ဟု ခဏတာမျှ တုန်လှုပ်ချောက်ချားစွာ တွေးမိသွားသည်။
သူမ ခေါင်းကို ခါယမ်းလိုက်၏။ ဆက်မတွေးတော့ပေ။ သူမသည် ကမ္ဘာကူးပြောင်းလာသူ ဖြစ်သည်ကို သေသေချာချာ မှတ်မိနေဆဲပင်။
ချန်ချင်းယွီက လက်သီးကို တင်းတင်းဆုပ်လိုက်၏။
သူမ ဆက်မတွေးချင်သော်လည်း စိတ်ထဲတွင် လုံးဝ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။
အချိန်မတန်ဘဲ သေရတာ ထိုက်တန်တယ် ဟုတ်လား…
ဤစကားတစ်ခွန်းကြောင့်ပင် ချန်ချင်းယွီသည် ထိုလူယုတ်မာ နှစ်ယောက်ကို အလွယ်တကူ လွှတ်ပေးရန် စိတ်ကူးမရှိတော့ပေ။
တစ်လမ်းတည်း ဆုံလာခဲ့ကြပြီဖြသ်၍ သူမ ညှာတာနေတော့မည် မဟုတ်ပေ။
ချန်ချင်းယွီသည် ထိုနှစ်ယောက်၏ နောက်ကျောကို စူးစိုက်ကြည့်နေပြီး ၎င်းတို့၏ ကျောပြင်မှ မီးပွားများ ထွက်လာတော့မတတ်ပင်။
သူတို့အားလုံး မှောင်ခိုဈေးထဲသို့ ဝင်ရောက်သွားသည့်အခါ ချန်ချင်းယွီ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ထိုအမျိုးသားနှစ်ဦးကို စောင့်ကြည့်နေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမသည် ယခင်ကဲ့သို့ လှည့်ကွက်များ သုံးပြီး ခြောက်လှန့်ရန် မရည်ရွယ်တော့ပေ။ နည်းလမ်းဟောင်းကို ခဏခဏ သုံးနေလျှင် ရိပ်မိသွားနိုင်သဖြင့် ချန်ချင်းယွီ ထိုမျှလောက် မတုံးပေ။
သူမသည် လက်မှတ်မှောင်ခိုပွဲစားဆီသို့ ခြေဖွဖွလေး ကပ်သွားပြီး လက်မှတ်တစ်ဒါဇင်ခန့်ကို မြန်မြန်ဆန်ဆန် လဲလှယ်လိုက်သည်။
ဤပစ္စည်းများသည် များများရှိလေ ပိုကောင်းလေဖြစ်ပြီး၊ အထူးသဖြင့် ရိက္ခာနှင့် အသားလက်မှတ်များသည် ပို၍ အရေးကြီး၏။
ကောင်းကောင်းစားရဖို့က အဓိကပဲ မဟုတ်လား..
ချန်ချင်းယွီသည် အမြဲတမ်း လက်မှတ်အမြောက်အမြား လာရောက်လဲလှယ်လေ့ရှိသောကြောင့် သူမ၏ မျက်နှာကို မပြသော်လည်း ဝတ်ဆင်ပုံချင်း တူညီနေသဖြင့် မှောင်ခိုပွဲစားသည် သူမကို မှတ်မိနေသည်။ ပွဲစားမှာ ဤအရပ်ပုပု “အမျိုးသား” သည် သဘောကောင်းပြီး အိမ်တွင် လူဦးရေ အမြောက်အမြား ရှိရမည်ဟု မှတ်ချက်ပြုထား၏။ မည်သို့ဖြစ်စေ မှောင်ခိုဈေးရှိလူများသည် အလျင်အမြန် လှုပ်ရှားနေကြသော်လည်း တကယ့်ကို ပါးနပ်ကြသူများ ဖြစ်သည်။
ထိုအရပ်ပုပုလူသား၏ ပစ္စည်းဝယ်ယူသည့် အကြိမ်ရေကို ကြည့်ခြင်းအားဖြင့် သူ၏ အိမ်တွင် အနည်းဆုံး လူတစ်ဒါဇင်နီးပါး (၁၀ ယောက် သို့မဟုတ် ၈ ယောက်) ခန့် ရှိမည်ဖြစ်ကြောင်း ထင်ရှားလှ၏။ မဟုတ်လျှင် ဤမျှလောက် မြန်မြန်ဆန်ဆန် ကုန်သွားစရာ အကြောင်းမရှိပေ။
ချန်ချင်းယွီခမျာ သူတို့၏ စိတ်ကူးအတွေးများကို မသိရှာပေ။ သိခဲ့လျှင်လည်း ‘သူ့ဘာသာသူ ဝိုင်းပြီး ဇာတ်ကြောင်းဆင်ပေးထားလို့ ကျေးဇူးတင်ပါတယ်’ ဟု တွေးကာ ဝမ်းသာအားရ လက်ခုပ်တီးမိမှာ အသေအချာပင်။
မှောင်ခိုပွဲစား : “ကျွန်တော့်ဆီမှာ ပဲပိစပ်ဆီရှိတယ်၊ ယူမလား… ပုံးလိုက် ရောင်းတာ၊ ပုံမှန်ထက်တော့ နည်းနည်း ပိုဈေးကြီးမယ်”
သူသည် လေသံကို နှိမ့်ကာ တိုးတိုးလေး ဆိုလိုက်၏။
“လက်မှတ်မလိုဘူး၊ တကယ့် ပစ္စည်းကောင်း အစစ်ပဲ”
ချန်ချင်းယွီ ခေါင်းညိတ်လိုက်သည်။
ပုံမှန် ဆီခွဲတမ်းသည် အလွန်နည်းလွန်းသဖြင့် စားသုံးရန် လုံးဝ မလုံလောက်ပေ။ ထို့အပြင် ချန်ချင်းယွီသည် ဟင်းချက်သည့်အခါ ဆီကို အဝတ်စလေးနှင့် တို့ပြီး သုံးရသည့် နည်းလမ်းမျိုးကို မကျွမ်းကျင်သဖြင့် ဆီ ပို၍ မြန်မြန် ကုန်တတ်သည်။ သူမသည် အခြားလူများနောက်မှ လိုက်၍ ထောင့်စွန်းတစ်နေရာသို့ သွားကာ တွေဝေမနေဘဲ ဆီပုံးကြီး နှစ်ပုံးကို ချက်ချင်း ဝယ်ယူလိုက်၏။
ချန်ချင်းယွီ : “ဒါ တကယ် ပစ္စည်းကောင်းပဲ”
“ဒါပေါ့ဗျာ... ပေကျင်းက မြို့တော်ကြီးလေ၊ ဒီမှာတောင် မရှိရင် တခြားမြို့တွေမှာ ပိုတောင် မရှိနိုင်တော့ဘူး”
အမျိုးသားနှစ်ဦးသည် စီးပွားရေးဆန်ဆန် စကားပြောကြပြီး အပိုစကား အနည်းငယ်မျှသာ ပြောဆိုကြသည်။
ထို့နောက် သူတို့သည် ကိုယ့်အလုပ်ကိစ္စနှင့်ကိုယ် ချက်ချင်း လမ်းခွဲလိုက်ကြတော့၏။ ချန်ချင်းယွီသည် ဆီပုံးကြီး နှစ်ပုံးကို ဆွဲလျက် ရိက္ခာဆိုင်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့သော်လည်း မျက်လုံးများမှာ ချဲညီအစ်ကိုတို့နောက်သို့ ဆက်လက် စောင့်ကြည့်နေဆဲပင်… အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း တစ်စက္ကန့်မျှ မနှောင့်နှေးစေဘဲ လုပ်ဆောင်နေခြင်း ဖြစ်၏။
ချန်ချင်းယွီသည် ဆန်နှစ်အိတ်နှင့် ဂျုံမှုန့်နှစ်အိတ်ကို လျင်မြန်စွာ ဝယ်ယူလိုက်သည်။
သူမက ထိုအိတ်များကို မတင်လိုက်သည့်အခါ ဘေးလူများခမျာ အံ့သြတကြီးဖြင့် ဝိုင်းကြည့်ကြတော့၏။
အလို…
အားအင်က တကယ့်ကို ထူးထူးခြားခြား သန်မာလွန်းလှပါလား..
ဒါ နည်းတဲ့ အလေးချိန် မဟုတ်ဘူး..
အလေးချိန် ပေါင်တစ်ရာကျော် (၁၀၀ ပေါင်ကျော်) ရှိတာကိုး..
ခင်များက ဒါကို… ပေါင်တစ်ရာကျော်ကြီးကို ဒီအတိုင်း သယ်သွားတာလား’
လူများမှာ ပါးစပ်အဟောင်းသား ဩချနေကြ၏။
‘နင်တို့တွေ တကယ့်ကို အူအူတူတူတွေပဲ… ခွန်အားကြီးတဲ့သူကို တစ်ခါမှ မမြင်ဖူးကြဘူးလား’
ချန်ချင်းယွီ မေးပင့်လိုက်မိသည်။
သူမ ဝေ့ဝဲကြည့်လိုက်ရာ ချဲညီအစ်ကိုနှစ်ယောက်စလုံး အသားတန်းရှေ့တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည်။ ပြောရလျှင် ချန်ချင်းယွီသည်လည်း ဤနေရာသို့ အကြိမ်အနည်းငယ် ရောက်ဖူးသဖြင့် မှောင်ခိုဈေးအကြောင်းကို အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်၏။ မှောင်ခိုဈေးတွင် အသားရောင်းသည့်ဆိုင်ဟူ၍ ဤတစ်ဆိုင်တည်းသာ ရှိသည်။
သူမ လာသည့်အခါတိုင်း ထိုဆိုင်တွင် အသားမျိုးစုံ လုံလုံလောက်လောက် ရှိနေသည်ကို တွေ့ရတတ်သည်။ ထိုမျှတင်မက အားလုံးသည် အိမ်မွေးဝက်သားများ ဖြစ်ကြ၏။
အမှန်တော့ မှောင်ခိုဈေးလို နေရာမျိုးကို ထောက်ပံ့ပေးနိုင်လောက်အောင် အိမ်မွေးဝက်တွေ ဘယ်ကနေ ဒီလောက်အများကြီး ရှိလာပါ့မလဲ…
ထို့ကြောင့် သူတို့သည် ကွယ်ရာတွင် ဝက်များကို တရားမဝင် ခြံလှောင်မွေးမြူထားကြခြင်း ဖြစ်မည်ဟု ချန်ချင်းယွီ ခန့်မှန်းလိုက်သည်။ ယခင် ရှီကျန့်ရှန်း ဝယ်ခဲ့သည့် အိမ်နှင့် ပုံစံတူပေလိမ့်မည်။
သတ္တိရှိသူ စားရပြီး သတ္တိနည်းသူ ငတ်ရသည့် ခေတ်မဟုတ်လော့။
ဒီခေတ်မှာ သတ္တိခဲတွေလည်း နည်းတာမှ မဟုတ်တာ…
ချန်ချင်းယွီသည် ထိုဆိုင်ကို တစ်ခေါက် အားပေးဖူးသော်လည်း ၎င်းတို့၏ ဆက်ဆံရေးသည် အလွန်အမင်း ဆိုးရွားလှ၏။ ထို့ပြင် ကြည့်ရုံနှင့်ပင် အေးအေးဆေးဆေး ဆက်ဆံရမည့်သူများ မဟုတ်မှန်း သိသာလှပြီး ဤမှောင်ခိုဈေးတွင်ပင် ဆရာကြီးတစ်ဆူ ဖြစ်နေကြသည်။ ဈေးမေးပြီး မဝယ်လျှင် အဆဲခံရတတ်၏။ ချန်ချင်းယွီ မျက်လွှာလေးပင့်လိုက်ပြီး ရုတ်တရက် အကြံကောင်းတစ်ခု ရသွားသည်။
သူမသည် ပစ္စည်းများကို သယ်ရခက်နေသည့်ပုံစံဖြင့် ဟန်ဆောင်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှ ပြန်၍ မတင်လိုက်၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ၏ လက်ထဲ၌ ကျောက်ခဲသေးသေးလေး အနည်းငယ် ပါလာခဲ့ပြီ ဖြစ်၏။ ချန်ချင်းယွီသည် ကျောက်ခဲလေးများကို ဆုပ်ကိုင်လျက်၊ ယနေ့ ရာသီဥတု မကောင်းဘဲ လေပြင်းတိုက်ခတ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ ချဲညီအစ်ကိုတို့ဆီသို့ တိုက်ရိုက် ပစ်ပေါက်လိုက်တော့သည်။
ကွက်တိပဲ...
ချဲယုံဖုန်း : “ဝက်သား တစ်ကျင်းကိုဘယ်လောက်လဲ… ကျွန်တော်တို့ အများကြီး ယူမယ်ဆိုရင်…”
သူ စကားပင် မဆုံးသေးခင် ချဲယုံချန်းသည် ကြားဖြတ်၍ လုပြောလိုက်ကာ
“ခင်ဗျားက ဈေးလေး နည်းနည်း လျှော့ပေးပါဦး… ကြည့်စမ်းပါဦး ခင်ဗျားရဲ့ ဒီပစ္စည်းစုတ်တွေက နွေရာသီကြီးမှာ ရောင်းမကုန်ရင် ပုပ်သိုးကုန်မှာ မဟုတ်ဘူးလား၊ ကျွန်တော်တို့ အများကြီး ဝယ်ပေးတာက ခင်ဗျားအတွက် အလုပ်ရှုပ် သက်သာစေတာပဲ.. ခင်ဗျား ဈေးလျှော့ပေးရင် ခင်ဗျားပဲ အမြတ်ရတာပဲဥစ္စာ…”
သူ ဈေးဆစ်နေစဉ်မှာပင် ကျောက်ခဲလေးတစ်လုံးသည် တည့်တည့်ကြီး ပျံသန်းလာခဲ့သည်။
ဟဲဟဲ...
ခံပေဦးတော့...
သူ စကားမဆုံးသေးခင်မှာပင် “အား…” ဟု အော်ဟစ်လိုက်မိကာ တစ်ကိုယ်လုံး ဝက်သားတင်ထားသည့် ခုံတန်းကြီးပေါ်သို့ မှောက်ရက်သား လဲကျသွားတော့၏။ သူတို့ခေတ်ရှိ လူများသည် ပိန်ကြသည်ဆိုသော်လည်း ယောက်ျားရင့်မကြီးတစ်ယောက် ဖြစ်သဖြင့် အရှိန်မသေးလှပေ။
အုန်း…
လူကော ခုံပါ အကုန်လုံး ပျက်စီးကာ မြေပြင်ပေါ်သို့ တအုန်းအုန်း လဲပြိုကျသွားတော့သည်။
“တောက်… မအေလိုး...”
“အမေရေ… ဒါ ရန်လာစတာလား”
“သူ့ဘာသာသူ ခြေခိုင်ရဲ့သားနဲ့တော့ မဖြစ်နိုင်ဘူးမလား… ယောက်ျားကြီးတန်မဲ့ ခြေထောက်တွေ ဒီလောက်တောင် ပျော့ခွေနေရအောင် ဘာလုပ်ထားလို့ပါလိမ့်”
“ဘုရားရေ… ကျူးလောင်တ (ဝက်ကြီး) ကို ဒီလိုမျိုး လာစိန်ခေါ်ရဲတဲ့သူကို ငါပထမဆုံး မြင်ဖူးတာပဲ…”
မှောင်ခိုဈေးတွင် လူတိုင်း မည်သို့အမည်ရှိမှန်း မသိကြသဖြင့် ဝက်သားရောင်းသည့် မျက်နှာထားတင်းတင်း ဆရာကြီးကို အားလုံးမှာ ကျူးလောင်တ (ဝက်ကြီး) ဟုသာ ခေါ်ကြ၏။
“သွားပါပြီ… ဒုက္ခပါပဲ”
“အမေရေ… ဝက်သားတွေ အကုန် ညစ်ပတ်ကုန်ပြီ… ဘယ်လိုလုပ်ကြမလဲ”
“ဘုရားရေ… ဒီလောက် အသားတွေအများကြီးကို နှမြောစရာကြီး.. မြေကြီးပေါ် ကျသွားပြီဆိုတော့ ပုံမှန်ဈေးအတိုင်း ရတော့မှာ မဟုတ်ဘူး”
“ဟုတ်တယ်”
လူအများ ချက်ချင်း တီးတိုး ဝေဖန်ကြတော့သည်။
သို့သော် မည်သူမှ ရှေ့သို့ မတိုးရဲကြပေ။ ဤမှောင်ခိုဈေးသည် သူတို့ သောင်းကျန်းရမည့် နေရာမဟုတ်ကာ၊ ဤနေရာမှာလည်း နယ်မြေထိန်းများ ရှိကြ၏။ ထို့အပြင် ဝက်သားရောင်းသူသည်လည်း အလွယ်တကူ ထိပါး၍ရသည့်သူ မဟုတ်ပေ။
မှန်၏… လူအများ ကောင်းကောင်းမွန်မွန် ဝေဖန်ရုံသာ ရှိနေစဉ် ကျူးလောင်တသည် ချဲယုံချန်းကို ဇက်ကနေ ဆွဲထူလိုက်ပြီး ဘုန်းခနဲနေအောင် မျက်နှာကို လက်သီးဖြင့် ထိုးချလိုက်ရာ ချက်ချင်းပင် နှာခေါင်းသွေးများ ပန်းထွက်လာတော့သည်။
ချန်ချင်းယွီ : ‘ဝိုး ဝိုး..’
‘ကြည့်စမ်း၊ ကြည့်စမ်း… ငါ အရင်က ရန်ဖြစ်တာတွေက ညှာတာလွန်းသေးတာပဲ.. သူတို့ ရန်ဖြစ်တာကမှ တကယ့် အစစ်အမှန်ပဲ’
ချဲယုံဖုန်းမှာ အော်လိုက်ကာ
“ခင်ဗျား ဘာလုပ်တာလဲ.. စကားကို ကောင်းကောင်းပြောလေ၊ ဘာလို့ လူကို ရိုက်ရတာလဲ...”
“ရိုက်တော့ ဘာဖြစ်လဲ မအေလိုး... ငါ ကျူးလောင်တရဲ့ ဆိုင်ကို လာပြီး ပြဿနာရှာရဲတယ်ပေါ့.. မင်းတို့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်”
ကျူးလောင်တဆိုသည့်လူသည် အရပ်အမောင်း အလွန်မြင့်မားပြီး တစ်မီတာကိုးဆယ် (၁.၉ မီတာ) ခန့် ရှိကာ၊ ကျောကုန်းသည် ကျားကဲ့သို့ သန်မာပြီး မျက်နှာသည် ပြူးထွက်နေကာ လက်မောင်းကြီးများသည် ချဲယုံဖုန်း၏ ပေါင်ထက်ပင် ပိုမိုတုတ်ခိုင်လှ၏။ သူသည် အရည်အချင်း မရှိဘဲ ဤနေရာတွင် အလုပ်ကို လုပ်နိုင်မည် မဟုတ်ပေ။
သူက ချဲယုံဖုန်းကိုပါ ဆွဲဆောင့်လိုက်ပြီး ဟိန်းဟောက်ကာ
“ငါ မှောင်ခိုဈေးမှာ ကျင်လည်လာတာ ဒီလောက်နှစ်တွေအကြာကြီး ရှိပြီ၊ ငါ့ဆိုင်ကို လာပြီး ရန်စရဲတဲ့ မျက်စိမရှိတဲ့ကောင်မျိုး တစ်ခါမှ မမြင်ဖူးသေးဘူး၊ ဘာလဲ… မင်းတို့နှစ်ယောက်မို့လို့ ငါက ကြောက်ရမှာလား”
ဖြန်း...
ပါးရိုက်ချက် အပြင်းစားကြီး တစ်ချက်ကြောင့် ဖြူဖျော့ဖျော့ ချဲယုံဖုန်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရပြီး မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားကာ ပြန်ပင် မထနိုင်တော့ပေ။
ချန်ချင်းယွီက စိတ်ထဲမှ ကျွစ်စုပ်သပ် မြည်တမ်းလိုက်မိသည်။
တကယ်ကို အသုံးမကျတာပဲ...
နှစ်ယောက်တစ်ယောက် ချတာတောင် သူများကို မယှဉ်နိုင်ပါလား…
“မင်းက ငါ့ကို ဈေးဆစ်ချင်သေးတယ် ဟုတ်လား၊ မင်းက လျှောက်အာချောင်ချင်သေးတယ် ဟုတ်လား၊ မင်းက ငါ့ဆိုင်ကို ဖြိုဖျက်ချင်သေးတယ် ဟုတ်လား.. ငါက မင်းတို့ကို မဆုံးမနိုင်ဘူး ထင်နေလား”
ကျူးလောင်တ အော်ဟစ်ကာ မြေပြင်တွင် ဝပ်တွားလဲကျနေသော ချဲညီအစ်ကို နှစ်ယောက်ကိုခြေထောက်ဖြင့် ဘုန်းဘုန်းခနဲနေအောင် လိုက်ကန်တော့သည်။
ထိုနှစ်ယောက်သည် တမင်တကာ လာရောက်နှောင့်ယှက်ခြင်း ဖြစ်သည်ဟု သူက အခိုင်အမာ ယုံကြည်ထား၏။
အကယ်၍ ချဲယုံချန်းသည် ဈေးဆစ်ကတည်းက ထိုကဲ့သို့ မောက်မာမှုမျိုး မပြောခဲ့ဘဲ တောင်းပန်တိုးလျှိုးခဲ့လျှင် မတော်တဆဖြစ်သည်ဟု ကျူးလောင်တ ယုံကြည်ကောင်း ယုံကြည်နိုင်လိမ့်မည်။ သို့သော် ယခုမူ….
သူသည် မတော်တဆဟု လုံးဝ မတွေးတော့ဘဲ ဤနှစ်ယောက်သည် တမင်တကာ သက်သက်လာလုပ်ခြင်း ဖြစ်သည်ဟု ရာနှုန်းပြည့် သတ်မှတ်လိုက်ပြီ ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင်….
အခြားလူများသည်လည်း ထိုသို့ပင် တွေးကြသည်။ ဘေးနားရှိ လူအချို့သည် သူတို့ ဈေးဆစ်နေသည်ကို ကြားလိုက်ရသဖြင့် တိုးတိုးတိတ်တိတ်ဖြင့်
“ဒီကောင်လေးနှစ်ယောက်က တကယ့်ကို သတ္တိခဲတွေပဲ.. ဆိုင်ကို ဖြိုချပြီး အသားတွေကို ညစ်ပတ်အောင်လုပ်ရင် ကျူးလောင်တက ဈေးလျှော့ရောင်းမယ် ထင်နေတာလား၊ကျူးလောင်တက အဲဒီလို အနိုင်ကျင့်ခံမယ့်သူမျိုး မဟုတ်မှန်း တကယ်ပဲ မစဉ်းစားမိကြဘူးလား”
“ဒီငတုံးနှစ်ကောင်က တကယ်ပဲ ဘယ်သူ့ကို သွားထိမိနေလဲ မသိကြဘူး… ကျူးလောင်တရဲ့ လက်သီးတစ်ချက်က သူတို့ကို အနောက်ဘက် နတ်ပြည် (သေခြင်းတရား) ဆီကို တန်းတန်းမတ်မတ် ပို့ပေးနိုင်တဲ့ဥစ္စာ”
“သူတို့တော့ ကံဆိုးပြီ”
ကံဆိုးတာမှ တကယ့်ကို ဆိုးဆိုးရွားရွား ဆိုးခြင်းပင်……
ကျူးလောင်တသည် သူတို့ကို ရှင်းပြခွင့် လုံးဝမပေးဘဲ တအုန်းအုန်း၊ တဖုန်းဖုန်းဖြင့် တရစပ် ထုနှက်ရိုက်နှက်တော့ရာ နှစ်ယောက်စလုံး ခွေးဟောင်သကဲ့သို့ အော်ဟစ် ညည်းတွားနေကြရလေသည်။
“အား… အား… နာလှပြီဗျာ၊ မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့…”
“ကယ်ကြပါဦးဗျာ၊ ခင်ဗျားတို့ ဘာလို့ လူကို ဒီလောက်တောင် ရိုက်ရတာလဲ..ကျွန်တော်တို့ တမင်လုပ်တာ မဟုတ်ပါဘူး…”
“ကယ်ကြပါဦး၊ တစ်ယောက်ယောက် လာကူညီပေးကြပါဦး...”
“ကျွန်တော်တို့ မှားပါပြီ၊ တကယ် မှားပါပြီ၊ မရိုက်ပါနဲ့တော့..ကျွန်တော်တို့ ရှင်းပြနိုင်ပါတယ်… အား… ကျွန်တော်တို့ ပိုက်ဆံလျော်ပေးပါ့မယ်၊ တောင်းပန်ပါတယ်.. လွှတ်ပေးပါဦးဗျာ”
ဘုန်း ဘုန်း ဘုန်း...
လက်သီးချက်များသည် မိုးစက်များသဖွယ် တရစပ် ကျရောက်နေသဖြင့် ထိုနှစ်ယောက်မှာ အဖေခေါ်၊ အမေခေါ် တစာစာ ငိုယိုအော်ဟစ်နေကြရ၏။
ချန်ချင်းယွီပင် ဘေးမှ ကြည့်
ရင်း သွားကျိန်းမတတ်ခံစားရပြီး တကယ့်ကို နာကျင်မည့်ပုံပင်။
သို့သော်လည်း စိတ်ထဲတွင်…
‘ထိုက်တန်ပါတယ်။ နင်တို့ ပါးစပ်သရမ်းခဲ့တာကိုး...’
သူမအနေဖြင့် ယခုလို အနည်းငယ်မျှ လက်ဆော့လိုက်ရုံဖြင့် ထိုနှစ်ယောက်ကို ဤမျှလောက်ကြီးမားသော ဒုက္ခဆင်းရဲကို ပေးစွမ်းနိုင်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ ချန်ချင်းယွီက စိတ်ထဲကနေ ‘ဒါ တကယ်ကို ကောင်းလွန်းလှတယ်...’ ဟု မှတ်ချက်ပြုလိုက်၏။
ကျူးလောင်တ၏ ကြီးမားလှသော လက်သီးချက်များသည် လူကို ရိုက်နှက်ရာတွင် ညှာတာမှု လုံးဝမရှိပေ။
‘မှောင်ခိုဈေးတစ်ခုလုံးမှာ ဘယ်သူမှ မထိဝံ့တဲ့ သားသတ်သမားဆိုတာ တကယ်ပဲ မဆန်းတော့ဘူး… လက်ပါပြီဆိုရင်တော့ တကယ့်ကို ရဲရဲတောက် သန်မာလွန်းလှတာပဲ...’
ချန်ချင်းယွီ တွေးလိုက်မိသည်။
မသေမချင်း သေအောင် သတ်မယ်ဆိုတဲ့ ပုံစံမျိုးပဲ မဟုတ်ပါလား..ဟုတ်တယ်… ဟုတ်တယ်.. အဲ့လိုပုံစံမျိုးပဲ.. ဟိဟိ
ချဲညီအစ်ကိုနှစ်ယောက်စလုံး သူတို့ကိုယ်သူတို့ ဤမျှအထိ ကံဆိုးမိုးမှောင်ကျလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။ ယခုအခါ အရိုက်ခံရလွန်းသဖြင့် အရှေ့အနောက် တောင်မြောက်ပင် မခွဲခြားနိုင်တော့ချေ။ နှစ်ယောက်စလုံး တစာစာ အော်ဟစ်ငိုယိုကာ အဖေခေါ် အမေခေါ် တောင်းပန်နေကြရရှာသည်။ ချဲယုံဖုန်းမှာ တော်သေး၏… ချဲယုံချန်းမှာမူ လုံးဝ ဉာဏ်မရှိသည့်အတိုင်း အော်ဟစ်လေတော့သည်~~
“ကျွန်တော့်ကို လွှတ်ပေးကြပါဗျာ... ကျွန်တော်တို့ကို လွှတ်ပေးကြပါ၊ မဟုတ်ရင် ကျွန်တော့်မိသားစုက ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး…ပြောပြလိုက်မယ်… ကျွန်တော့်အစ်ကိုက…”
“ပါးစပ်ပိတ်စမ်း...”
ချဲယုံဖုန်း နာကျင်မှုကို အောင့်အီးရင်း ဒေါသတကြီး ဟောက်လိုက်သည်။
ဝိုင်းကြည့်နေသည့်လူများ :“….........”
‘ဘာလဲဟ၊ ဆက်ပြောလေ...’
‘ဒါမှမဟုတ် သူတို့မှာ ထူးခြားတဲ့ နောက်ခံအရှိန်အဝါ တစ်ခုခု ရှိနေလို့လား’
ဤအချိန်တွင် လူအချို့သည် ချက်ချင်း သတိကြီးစွာ ထားလိုက်ကြ၏။
လက်မှတ်မှောင်ခိုပွဲစား ဆိုင်ရှင်အချို့လည်း ဝိုင်းအုံလာကြပြီး ကျူးလောင်တနှင့်အတူ ရပ်ကာ ချဲညီအစ်ကိုကို စူးစိုက်ကြည့်လိုက်ကြသည်။
သူတို့ ဘာကို ကြောက်နေကြတာလဲ…
မှောင်ခိုဈေးကို လာဖမ်းတဲ့အဖွဲ့ (စျေးကွက်ထိန်းသိမ်းရေးအဖွဲ့) ဖြစ်မှာကို ကြောက်နေကြတာပေါ့…
ကျူးလောင်တနှင့် အပေါင်းအပါများသည် တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်ပြလိုက်ပြီး လူကို ဆွဲခေါ်သွားကာ တခြားတစ်နေရာတွင် သေသေချာချာ ဆွေးနွေးရန် ပြင်လိုက်ကြသည်။
ဤတစ်ကြိမ်တွင် ချဲညီအစ်ကိုတို့ အမှန်တကယ် ကြောက်လန့်သွားကြ၏။
ချဲယုံချန်းကို ကြည့်လျှင် မိန်းမတွေကို ရိုက်နှက်ရာတွင် ဆရာကြီးဖြစ်သော်လည်း တကယ့်အရေးကြုံလာသည့်အခါတွင်မူ လုံးဝ အသုံးမကျပေ။ တစ်ဖက်လူ၏ ရက်စက်ကြမ်းကြုတ်သော မျက်လုံးများကို မြင်သောအခါ သူ ကြောက်လန့်တုန်ရင်လျက် အော်ဟစ်တော့သည်။
“ကျွန်တော် မှားပါပြီ၊ မှားမှန်းသိပါပြီ… ကျွန်တော်တို့ကို လွှတ်ပေးပါဦး... ကျွန်တော့်အစ်ကိုက စက်ရုံကပါ၊ အစ်ကို့ရဲ့ ယောက္ခမက စက်ရုံရဲ့ ပါတီ အတွင်းရေးမှူးကျန်းဗျ.. ခင်ဗျားတို့ ကျွန်တော်တို့ကို လက်ဖျားနဲ့တောင် ထိရဲရင် သူ ခင်ဗျားတို့ကို လွှတ်ထားမှာမဟုတ်ဘူး... စောင့်ရုံသာ စောင့်ကြည့်လိုက်… ခင်ဗျားတို့ ဒုက္ခရောက်တော့မယ်…”
ချဲယုံဖုန်း : “မအေလိုး… ပါးစပ်ပိတ်စမ်း.........”
ယောက္ခမ၏ သိက္ခာကို ဤမျှအထိ ဖျက်ဆီးပစ်လိုက်သဖြင့် ချဲယုံဖုန်းတစ်ယောက် နောင်တွင် မိမိရင်ဆိုင်ရမည့် မုန်တိုင်းကြီးသည် မည်မျှအထိ ပြင်းထန်လိမ့်မည်ဆိုသည်ကို မတွေးရဲတော့ပေ။
သူ့မိန်းမသည်လည်း စိတ်သဘောထားကောင်းသည့်အထဲတွင် ပါသည်မဟုတ်ပေ။
“မင်း ပါးစပ်ပိတ်စမ်း............”
ချဲယုံဖုန်း ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
ချဲယုံချန်းသည်လည်း အရှုံးမပေးဘဲ ပြန်အော်ကာ
“ငါက ထုတ်မပြောရင် သူတို့ ငါတို့ကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ..အစ်ကိုက အသက်မနှမြောပေမဲ့ ငါက နှမြောတယ်ကွ...”
ကျူးလောင်တနှင့် အပေါင်းအပါများ “……”
နေပါဦးလေ… ငါတို့ကို အဲဒီလောက်အထိ ရက်စက်ယုတ်မာတဲ့သူတွေလို့ တွေးနေဖို့တော့ မလိုပါဘူး…
သူတို့သည် မှောင်ခိုရောင်းဝယ် ဖောက်ကားနေကြခြင်းသာဖြစ်ပြီး လူသတ်လုယက်နေကြခြင်း မဟုတ်ပေ။
“ကျွန်တော်တို့ကို လွှတ်ပေးပါ၊ လွှတ်ပေးပါနော်… ခင်ဗျား လူရိုက်တဲ့ကိစ္စကို ကျွန်တော်တို့ ပြန်မပြောပါဘူး…”
ဖြန်း...
ပါးရိုက်ချက် အပြင်းစားကြီး တစ်ချက် ကျရောက်လာသည်။
“မင်းက ငါ့ဆိုင်ကို ဖြိုဖျက်ထားပြီးတော့ ငါ့ကို လာပြီး ဆရာလုပ်ချင်သေးတာလား၊ ပြောပြလိုက်မယ်… မင်းတို့ အတွင်းရေးမှူးကျန်းလား ဘာလား ငါ ဂရုမစိုက်ဘူး.. မင်းက ငါ့ရဲ့ အသားတွေကို ဒီလောက်အများကြီး ဖျက်ဆီးထားပြီးတော့ ဒီအတိုင်း အလကားပြီးသွားမယ် ထင်နေလား၊ မဖြစ်နိုင်ဘူး... မင်းအစ်ကိုက အတွင်းရေးမှူးကျန်းရဲ့ သမက်ဖြစ်ရင်ဖြစ်မယ်… မင်းက မဟုတ်ဘူးမလား.. မင်းက ငါ့ကို လာဆရာလုပ်တာလား”
ဖြန်း...
နောက်ထပ် ပါးရိုက်ချက် တစ်ချက်...
“မင်းက ငါ့ကို ခြိမ်းခြောက်တာလား”
ဖြန်း...
နောက်ထပ် ပါးရိုက်ချက် တစ်ချက် ထပ်မံကျရောက်ပြန်၏။
“မင်းက ငါ့အသားတွေကို ညစ်ပတ်အောင် လုပ်ထားပြီးတော့ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အတွင်းရေးမှူးကျန်းနဲ့ ငါ့ကို ဖိနှိပ်ချင်တာလား”
ဖြန်း...
တရစပ် ပါးရိုက်ချက်များပင် ဖြစ်၏။
ထိုလူ၏ လက်ကြီးမှာ အလွန်အားပြင်းလှသဖြင့် ချဲယုံချန်းမှာ ခေါင်းတစ်ခုလုံး ချာလပတ်ရမ်းပြီး အာရုံများ ဝေဝါးသွားတော့သည်။
“ကျွန်တော် မှားပါပြီ၊ မှားပါပြီ… ကယ်ပါဦးဗျာ၊ အစ်ကို… အစ်ကိုကြီး… ကျွန်တော့်ကို ကူညီပါဦး... မြန်မြန် ကူညီပါဦးဗျ...”
ချဲယုံဖုန်း : “အစ်ကိုကြီးတို့ခင်ဗျာ… ကျွန်တော်တို့ မှားတာပါ၊ ဒီကိစ္စက ကျွန်တော်တို့ရဲ့ အပြစ်တွေချည်းပဲမို့ မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့ဗျာ.. ကျွန်တော်တို့ လျော်ကြေးပေးရင် မရဘူးလား၊ ဘယ်လောက်လဲ ပြောပါ၊ ကျွန်တော်တို့ လိုလိုလားလား လျော်ပေးပါ့မယ်.. တကယ် လိုလိုလားလား လျော်ပေးမှာပါ”
သူကိုယ်တိုင်လည်း နာကျင်နေရသည်သာ…
သို့သော် ယခုအချိန်တွင် လျော်ကြေးမပေးလျှင် ဘေးကင်းကင်းနှင့် ထွက်သွားနိုင်မည်မဟုတ်ကြောင်း သူ ကောင်းကောင်းသိ၏။
ဘာပဲဖြစ်ဖြစ်… ဘာပဲဖြစ်ဖြစ် အခုလောလောဆယ် အဆင်ပြေအောင် အရင်လုပ်လိုက်ပြီး၊ နောက်မှ အိမ်အထိ လာပြီး ပိုက်ဆံတောင်းရဲမလား ကြည့်ရသေးတာပေါ့….
အဆိုးဆုံးဖြစ်လာရင်တော့ သူတို့ကို တရားမဝင် မှောင်ခိုရောင်းဝယ်မှုနဲ့ သွားပြီး တိုင်တန်းပစ်လိုက်မယ်… သူတို့ ထောင်ထဲရောက်သွားလျှင် ခြိမ်းခြောက်မှုလည်း ရှိတော့မှာ မဟုတ်ဘူး…
“ကျွန်တော်တို့ လျော်ပါ့မယ်…”
ထိုစဉ် ချန်ချင်းယွီသည် လည်ချောင်းကို ညှစ်ပြီး အသံပြောင်းကာ လှမ်းအော်လိုက်၏။
“ဟို မျက်နှာဖြူဖြူကောင်က ဉာဏ်များတတ်တယ်ဟေ့.. နောက်မှ ကလဲ့စားချေတာမျိုး ဖြစ်နိုင်လို့ ခင်ဗျားတို့ သတိထားကြဦး”
ချန်ချင်းယွီ ဤသို့ လှမ်းအော်လိုက်သောအခါ လူတိုင်းသည် ခေါင်းညိတ်ကြပြီး အဓိပ္ပာယ်ရှိသည်ဟု ထင်မြင်သွားကြသည်။
“ဟုတ်တယ်၊ ဟုတ်တယ်… ငါလည်း အဲဒီလိုပဲ ထင်တယ်၊ ဒီလောက် ဝက်သားအများကြီးကို သူတို့ ဘယ်လိုလုပ် လျော်နိုင်မှာလဲ…အချိန်ဆွဲတဲ့ နည်းဗျူဟာပဲ ဖြစ်ရမယ်”
“အော်… ဒါနဲ့၊ စက်ရုံက ပါတီအတွင်းရေးမှူးကျန်းရဲ့ သမက်ဆိုတာ… စက်ရုံက ချဲယုံဖုန်း မဟုတ်ဘူးလား”
တစ်စုံတစ်ယောက်မှာ ကံကောင်းထောက်မစွာဖြင့် မှတ်မိသွားခြင်း ဖြစ်၏။ သို့သော်လည်း ဤဧရိယာရှိ မှောင်ခိုဈေးသည် စက်ရုံနှင့် မဝေးလှကာ၊ စက်ရုံသည်လည်း လူသောင်းချီရှိသော စက်ရုံကြီးဖြစ်သဖြင့် သတင်းအနည်းငယ် ထွက်သည်နှင့် လူတိုင်း သိကြသည်မှာ မဆန်းပေ။ မကြာသေးမီ၌ပင် ချဲယုံဖုန်းသည် တကယ့်ကို နာမည်ကြီးနေခဲ့သည် မဟုတ်လော့။
မနာလိုဝန်တိုစိတ်ကြောင့် သူတစ်ပါးကို ဒုက္ခပေးခဲ့သဖြင့် စက်ရုံ၏ အလုပ်ရုံထဲတွင် အလုပ်သင်အဆင့်အထိ အချခံလိုက်ရသည့် သတင်းသည် ဟိုးဟိုးကျော် ပျံ့နှံ့နေခဲ့၏။
“ချဲယုံဖုန်း... အဲဒီနာမည်က ဘာလို့ ဒီလောက်တောင် နားထဲ ရင်းနှီးနေရတာလဲ”
“ဟိုးတစ်လောက စက်ရုံမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စလေဗျာ… ချဲယုံဖုန်းရဲ့ ညီက စက်ရုံထဲ ဝင်ချင်တာ မဝင်ရလို့ ဆိုပြီး စာမေးပွဲအောင်တဲ့သူကို ကလဲ့စားချေတာလေ… တော်တော်လေး ဟိုးလေးတကျော် ဖြစ်သွားတာ၊ ခင်ဗျား မသိဘူးလား.. သူတို့က တမင်သက်သက် ဒုက္ခပေးခဲ့လို့ စာမေးပွဲအောင်တဲ့ ကောင်လေးက ကွယ်လွန်သွားခဲ့ရတယ်၊ နောက်တော့ ချဲယုံဖုန်းရဲ့ အပေါင်းအပါက အမှားကို နောင်တရပြီး ကိုယ်တိုင်လည်း လန့်ဖြန့်… သရဲမြင်တယ်လို့ လျှောက်ပြောခဲ့တဲ့ ကိစ္စလေ”
“အာ… အာ… သိပြီ၊ မှတ်မိပြီဗျာ... အဲဒါကြောင့် နားထဲ ရင်းနှီးနေတာကိုး.. ဒါဆို ဒီကောင်လေးက စက်ရုံထဲ မဝင်နိုင်တဲ့ ကောင်ပေါ့...”
“သူပဲ ဖြစ်ရမှာပေါ့၊ သူ့က ချဲယုံဖုန်းကို အစ်ကိုလို့ ခေါ်နေတာပဲဥစ္စာ… ဒီလိုလူစားမျိုး စာမေးပွဲမအောင်တာ တကယ်ကို သဘာဝကျပါတယ်။ ကြည့်ရုံနဲ့တင် ငတုံးမှန်း သိသာနေတာပဲ”
“တကယ့်ကိုပဲ...”
“အော်… ဒါနဲ့၊ စက်ရုံကလူက တကယ်ပဲ သရဲမြင်တာလားဗျ”
“အဲဒါတော့ ဘယ်သူသိမလဲ၊ ဘာပဲဖြစ်ဖြစ်… အဲဒီ… ဟုတ်တယ်၊ ဒီကောင်ရဲ့ ယောက္ခမကြီးကလည်း ချေးတွင်းထဲကို နှစ်ခေါက်တောင် ခုန်ချခဲ့တာလေ… သူကိုယ်တိုင် သရဲမြင်တယ်လို့ ပြောနေတာပဲ၊ မဟုတ်မှလွဲရော မှော်အတတ် အပြုစားခံထားရတာ ထင်တယ်…”
“အမေရေ… ညဉ့်နက်သန်းခေါင်ကြီး ဒါတွေ လာမပြောပါနဲ့ဗျာ၊ ကြောက်စရာကြီး”
“ဒါကြောင့်မို့လို့ ဒီကောင်လေးနှစ်ယောက်က ဒီလောက်တောင် ယုတ်မာနေတာကိုး.. ဒါနဲ့… အတွင်းရေးမှူးကျန်းရဲ့ သမီးက သူ့ရဲ့ ဘယ်အချက်ကို သဘောကျလို့ ယူလိုက်တာလဲ မသိဘူး၊ ရုပ်ကလည်း အဲဒီလောက်ကြီး ချောတာမဟုတ်ဘဲနဲ့”
“ရုပ်ရည်အကြောင်းကို မပြောပါနဲ့ဦးဗျာ… ကျွန်တော့်အမျိုးက စက်ရုံမှာ အလုပ်လုပ်တာ၊ ကြားရသလောက်တော့… ဒီကောင်က အဲဒီနေရာမှာ သေးသေးလေးတဲ့… ယောက်ျားမိန်းမ ကိစ္စမှာလည်း လုံးဝ အသုံးမကျလို့ အခုထိ ကလေးမရနိုင်တာတဲ့”
ဤစကားကို ကြားလိုက်ရသောအခါ ချဲယုံဖုန်းတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံးဝ ပျက်စီးသွားပြီး ဒေါသတကြီးဖြင့် ဟောက်လိုက်တော့သည်။
“ပါးစပ်ပိတ်စမ်း... လျှောက်ပြီး လျှာမရှည်ကြနဲ့...”
“သူ ဒေါသထွက်သွားပြီဟေ့၊ သူ ဒေါသထွက်သွားပြီ… ဒါ သူ့ရဲ့ အနာကို သွားထိမိလို့ပဲ”
“ကျွန်တော်လည်း ကြားဖူးတယ် သူ အသုံးမကျဘူးဆိုတာ… သူ အရင်က မေ့လဲသွားတုန်းက အကုန်ပေါ်သွားတာ… တကယ့်ကို သေးသေးလေးတဲ့”
“ဒါပေမဲ့ သူ့အရပ်အမောင်းကတော့ တော်တော်လေး မြင့်မားထွားကြိုင်းပါတယ်ဟ”
“ကြည့်စမ်း… ခင်ဗျားက ဒါကို နားမလည်သေးဘူးပဲ.. ယောက်ျားတစ်ယောက်ရဲ့ အကြီးအသေးဆိုတာ အရပ်အမောင်းနဲ့ ဘာမှမဆိုင်ဘူးဗျ၊ တချို့က အပြင်ပန်းပဲ ကြည့်ကောင်းပြီး အတွင်းက အသုံးမဝင်တဲ့အရာတွေ ရှိတတ်ကြတယ်၊ ကျွန်တော့်အထင်တော့ အတွင်းရေးမှူးကျန်းရဲ့ သမီးကလည်း အမြင်မကျယ်လို့သာ ဒီကောင်ရဲ့ လှည့်စားမှုကို ခံလိုက်ရတာ ဖြစ်မယ်…”
လူအများသည် ဝိုင်းဝန်း၍ တီးတိုးလှောင်ပြောင် ကဲ့ရဲ့နေကြလေ၏။
ထိုစကားများကို ကြားရသည်မှာ ချန်ချင်းယွီအတွက် အလွန်ပင် စိတ်ချမ်းမြေ့စရာ ကောင်းလှသည်။
ဟဲဟဲ… တကယ်လည်း မပြောချင်ဘူး၊ သူမ၏ ယောက္ခမကတော့ တကယ်ကို စွမ်းဆောင်ရည်ရှိတာပဲ…
အိုလေလေ ဆားဓာတ်ပြည့်လေဆိုသလိုပဲ ယောက္ခမရဲ့တိုက်ကွက်က တကယ့်ကို လူညွန့်တုံးစေတာပဲ…
ယောက်ျားဆိုတာ ဒီလိုကိစ္စမျိုးကို စိတ်မဝင်စားဘဲ ဘယ်နေပါ့မလဲ…
သူမယောက္ခမသည် မိမိတစ်ဦးတည်းသော အစွမ်းဖြင့် ချဲယုံဖုန်း၏ “အသုံးမကျဘူး” ဆိုသည့် နာမည်ဆိုးကို ပေကျင်းတစ်ခွင်လုံး ပျံ့နှံ့သွားအောင် လုပ်ဆောင်နိုင်ခဲ့၏။
ဒီလိုမျိုး မှောင်ခိုဈေးကို ခိုးကြောင်ခိုးဝှက် လာဝယ်တာတောင် ချဲယုံဖုန်း အသုံးမကျကြောင်း သိသူတွေ ရှိနေပြီဆိုတော့…
ဤကိစ္စ မည်မျှအထိ ဟိုးလေးတကျော် ဖြစ်ပျက်နေသည်ကို ခန်းမှန်းနိုင်ပေသည်။ နောက်ထပ် အနည်းငယ်မျှ ထပ်မံပြန့်နှံ့သွားလျှင် ထျန်းကျင်းမြို့အထိပင် ရောက်သွားနိုင်ခြေ ရှိ၏။
ချန်ချင်းယွီ : “ဟဲဟဲ”
မှောင်ခိုဈေးသို့ လာခြင်းသည် သိသာထင်ရှားလှသော ခိုးကြောင်ခိုးဝှက် ကိစ္စတစ်ခု ဖြစ်သော်လည်း၊ ယခုအချိန်တွင် လူတိုင်းမှာ အလျင်စလို မပြန်ကြတော့ပေ။ တစ်ယောက်ပြီးတစ်ယောက် ခေါင်းလေးတွေ ပြူထွက်၊ လက်ကလေးတွေ ပိုက်လျက် အားရပါးရ ဝိုင်းကြည့်နေကြသဖြင့် ကွင်းပြင်တစ်ခုလုံးတွင် တစ်မျိုးဖြစ်နေသော အငွေ့အသက်များ လွှမ်းမိုးနေတော့သည်။
မှောင်ခိုစျေးမကလို့ ဘာဖြစ်ဖြစ် ပွဲကြည့်ရတာကိုတော့ လက်မလွှတ်နိုင်ပါဘူး….
ချန်ချင်းယွီလည်း မပြန်သေးပေ။
ချဲညီအစ်ကိုများ ကံဆိုးမိုးမှောင်ကျနေခြင်းကို ကြည့်ရသည်မှာ သူမအတွက် အလွန် ပျော်စရာကောင်းနေလေသည်။
နင်တို့ ပါးစပ်သရမ်းခဲ့တာကိုး...
အခုတော့ ငါ့ရဲ့ အစွမ်းကို သိပြီမလား…
ကျောက်ခဲသေးသေးလေး တစ်ခဲတည်းနဲ့တင် နင်တို့ကို ပညာကောင်းကောင်း ပေးလိုက်တာပဲ...
“ခင်ဗျားတို့ လျှောက်မပြောနဲ့၊ ခင်ဗျားတို့အားလုံးက ကောလာဟလတွေ လျှောက်လွှင့်နေတာ...”
ချဲယုံဖုန်းတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံးဝ ပျက်စီးသွားကာ အော်ဟစ်၍
“ခင်ဗျားတို့ ကျွန်တော့်ကို ရိုက်တာ ကိစ္စမရှိဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ယောက်ျားပီသတဲ့ စွမ်းဆောင်ရည်ကိုတော့ လာပြီး မစော်ကားနဲ့”
“နင့်မှာ ဘာစွမ်းဆောင်ရည် ရှိလို့လဲ..တကယ်လည်း ကြွားနိုင်လွန်းတယ်၊ နင့်မှာ စွမ်းဆောင်ရည် ရှိရင် နင့်မိန်းမက ဘာလို့ ကလေးမရတာလဲ။”
ချန်ချင်းယွီ လူအုပ်ထဲမှနေ၍ လည်ချောင်းကိုညှစ်ပြီး လှမ်း၍ ရန်တိုက်ပေးလိုက်သည်။
အင်း… နည်းနည်းတော့ မွှေတဲ့နှောက်တဲ့ လူစားမျိုးနဲ့ တူနေသော်လည်း၊ ချဲယုံဖုန်းကို အပုပ်ချသည့် ကိစ္စတွင် သူမ အလွန် တက်ကြွနေခဲ့၏။
အော်… မဟုတ်သေးပါဘူး၊ သူမက အပုပ်ချနေတာ မဟုတ်ပါဘူး…
သူ့မှာ တကယ်လည်း ကလေးမရှိတာပဲဥစ္စာ…
ထို့ကြောင့် အသေအချာ တွေးကြည့်လျှင် အဘွားကြီးကျောက် ကောလာဟလ လျှောက်လွှင့်နေခြင်း မဟုတ်ဘဲ၊ တကယ့် အချက်အချာကျသော အမှန်တရားကို ပြောမိသွားခြင်းလည်း ဖြစ်နိုင်ပေသည်။
မဟုတ်ရင် ဘာဖြစ်လို့ ချဲယုံဖုန်းရဲ့ မိန်းမက ကလေးမရနိုင်သလို၊ ချဲယုံဖုန်းနဲ့ လျှို့ဝှက်ဇာတ်လမ်း ရှိနေတဲ့ လီရှောင်ယွီကလည်း ကလေးမရနိုင်တာလဲ…
ဘုရားရေ… တကယ်လို့ ချဲယုံချန် ပြောတာကိုသာ တိတ်တဆိတ် မကြားခဲ့ရရင် သူမ ဘယ်လိုမှ တွေးမိမှာ မဟုတ်ဘူး… ချဲယုံဖုန်းက သူ့ညီ ချဲယုံချန်းရဲ့ မိန်းမဖြစ်သူ လီရှောင်ယွီနဲ့ ဖောက်ပြန်နေတာလေ… တကယ်ကို အပြင်ပန်းကြည့်ရုံနဲ့ လုံးဝ ရိပ်မိနိုင်စရာ မရှိဘူး…
“လူထုရဲ့ မျက်စိက စူးရှတယ်ဟေ့...”
ချန်ချင်းယွီ တတွတ်တွတ် ဆက်ပြောနေသည်။
“ဟုတ်သား ငါမှတ်မိသလောက်ဆို နင်မင်္ဂလာဆောင်တာလည်း နှစ်မနည်းတော့ဘူး မဟုတ်လား”
“သူတို့အိမ်ထောင်သက်က ဆယ်နှစ်ကျော်ပြီဗျ။ ကျွန်တော် အစောပိုင်းတုန်းက သူ့ရဲ့ မင်္ဂလာဆောင်ကိုတောင် တက်ခဲ့ဖူးသေးတယ်”
ဟိုး...
ဟိုးဟိုး... ဒီမှာ အသိမိတ်ဆွေတစ်ယောက်တောင် ပါနေပြီပဲ…
မှောင်ခိုဈေးကို မလာဖူးတဲ့သူဟူ၍ မရှိသလောက်ပင်။
“အိမ်ထောင်သက် ဆယ်နှစ်ကျော်တာတောင် ကလေးမရှိဘဲနဲ့၊ ကိုယ့်ကိုယ်ကိုယ် အသုံးဝင်သေးတယ်လို့ ပြောနေရင်တော့ ကျွန်တော် လုံးဝ မယုံဘူး”
“အဲဒါ… စက်ရုံမှာ ချဲယုံဖုန်း မြွေလန့်ပြီး မေ့လဲသွားတဲ့နေ့က ကျွန်တော်လည်း အဲဒီမှာ ရှိနေတာ..ကျွန်တော် သက်သေခံရဲတယ်၊ သူ့မှာ တကယ်ပဲ အရွယ်အစား မရှိဘူးဗျ”
လူအများ : “ဟား...”
ကောင်းလိုက်လေစွ၊ အဖြစ်မှန် သိသူတွေ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာပြီ…
မှောင်ခိုဈေးဆိုသည်မှာ သတင်းအချက်အလက် စုဝေးရာ နေရာတစ်ခုလည်း ဖြစ်နေသည်သာ။
“ယောက်ျားတစ်ယောက်ဖြစ်ပြီး အရွယ်အစား မရှိရင် အမှိုက်ပဲပေါ့”
“ဒါပေါ့ဗျာ၊ အောက်ပါ အရည်အချင်းလည်းမရှိ၊ ကလေးလည်း မမွေးနိုင်တာကို အတွင်းရေးမှူးကျန်းက သမက်အဖြစ် ဘယ်လိုများ ရွေးချယ်လိုက်တာလဲ မသိဘူး”
“အတွင်းရေးမှူးကျန်းရဲ့ သမီးက ရုပ်ရည်ကိုပဲ ကြည့်တာ ထင်တယ်”
“ဘာရုပ်ရည်ကို ကြည့်ရမှာလဲ၊ ဒီကောင်က အဲဒီလောက်ကြီးလည်း ချောတာမဟုတ်ဘဲနဲ့”
“ဒါက အခု အရိုက်ခံထားရလို့ မျက်နှာ ညိုမည်းနေတာလေ၊ အမှန်တော့ အပြင်ပန်း ကြည့်ကောင်းလို့နေမှာပေါ့။ မဟုတ်ရင် ဟိုဘက်က အခြေအနေ ဒီလောက်ကောင်းတာကို ဘာကို လိုချင်လို့လဲ၊ သူ့အိမ်က ဆင်းရဲတာကို လိုချင်လို့လား၊ သူ့မှာ အောက်ပါအရည်အချင်း မရှိတာကို လိုချင်လို့လား၊ ကလေးမမွေးနိုင်တာကို လိုချင်လို့လား… ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူးလေ”
“ဟုတ်တယ်၊ ဟုတ်တယ်”
ကွင်းပြင်တစ်ခုလုံးတွင် ဆွေးနွေးပွဲများ ထပ်မံ၍ အရှိန်အဟုန် ပြင်းထန်လာခဲ့သည်။ ယနေ့ ဤမှောင်ခိုဈေးသည် ပစ္စည်းရောင်းသည့်နေရာနှင့် မတူတော့ဘဲ၊ အကြီးစား လက်ဖက်ရည်ဝိုင်း နှီးနှောဖလှယ်ပွဲကြီးတစ်ခုနှင့် တူနေတော့၏။ လူတိုင်း တကယ့်ကို စိတ်လှုပ်ရှားနေကြပြီး၊ ဤနေရာတွင် ယခုကဲ့သို့သော ပြကွက်ကြီးကို မြင်တွေ့ရလိမ့်မည်ဟု မည်သူမှ မထင်ထားကြပေ။
ချဲယုံဖုန်းမှာမူ မေ့လဲတော့မတတ်ပင် ခံစားနေရသည်။
သူကံဆိုးနေတာကို သတိထားမိပေမဲ့ ဒီလောက်ထိကံဆိုးမယ်လို့ ဘယ်သူထင်မှာလဲ… သောက်ကျိုးနည်း..
ဤကံဆိုးမှုသည် မိုးပေါ်အထိ ပျံတက်နေပြီ ဖြစ်၏။
အသားလေး လာဝယ်တာကိုတောင် ဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့ရတယ်တဲ့လား… ကံဆိုးလိုက်တာ…
ချဲယုံချန် : “အစ်ကို… အစ်ကို တကယ်ပဲ အသုံးမကျတာလား”
ချဲယုံဖုန်း : “ပါးစပ်ပိတ်စမ်း...”
စိတ်ပိုင်းဆိုင်ရာ ပို၍ ပျက်စီးသွားလေပြီ…
ဒီငတုံးအကြီးစားကြီး...
ချဲယုံချန် : “အစ်ကိုက ဘာလို့ အော်နေတာလဲ၊ အသုံးမကျရင် အစောကြီးကတည်းက ပြောလေ၊ ကျွန်တော်က အသုံးဝင်တယ်လေ၊ ကျွန်တော် ကူညီပေးနိုင်တာပဲဥစ္စာ...”
ဟိုး...
ကွင်းပြင်တစ်ခုလုံးတွင် အံ့သြတကြီးဖြင့် အသက်ရှူသံများ ပြိုင်တူ ထွက်ပေါ်လာသည်။
မိမိတို့ နားကြားမှားလေသလားဟု လူတိုင်း မယုံနိုင်အောင် ဖြစ်သွားကြ၏။
ချန်ချင်းယွီသည်လည်း မျက်လုံးအစုံ ပြူးကျယ်သွားကာ အလွန်အမင်း တုန်လှုပ်ခြောက်ချားသွားရသည်။ ဤအချိန်တွင် ချန်ချင်းယွီ တွေးလိုက်မိသည်မှာ…
ချဲယုံချန်းတော့ သွားပြီ… သူ့ရဲ့ အလုပ်ရှာဖွေရေး ကိစ္စကတော့ ထာဝရ မျှော်လင့်ချက် မရှိတော့ဘူရ… အတွင်းရေးမှူးကျန်းရာထူးက ပြုတ်မသွားသရွေ့တော့ လုံးဝ လုံးဝ မစဉ်းစားလေနဲ့တော့…
ဒီစကားကြောင့်နဲ့တင် အဲ့အဘိုးကြီးက သူ့ကို ဘယ်လိုမှ အလွတ်ပေးမှာ မဟုတ်ဘူး…
ချန်ချင်းယွီ အလွန် သေချာနေခဲ့သည်။
သူတို့မိသားစုကဲ့သို့ ဒုက္ခသည်အစစ်အမှန်ကိုပင် ထိုအဘိုးကြီးသည် သွယ်ဝိုက်သောနည်းဖြင့် ထောင်ချောက်ဆင်ခဲ့သေးသည်။ အကယ်၍ သူမတို့ဘက်မှသာ အကဲခတ် မမြန်ခဲ့လျှင် ထောင်ချောက်ထဲ သက်ဆင်းမိသွားပေလိမ့်မည်။ ယွမ်ရှောင်ချွေ ကျေးလက်သို့ ဆင်းရမည့် အချိန်နှင့် ကွက်တိတိုက်ဆိုင်သွားပြီး၊ သူမ၏ ပူးပေါင်းပါဝင်မှုကြောင့်သာ ကိစ္စအဝဝကို အဆင်ပြေချောမွေ့အောင် ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်၏။
သူတို့မိသားစုလို ဒုက္ခသည်
အစစ်အမှန်ကိုတောင် ဒီလောက်အထိ တွက်ချက်ခဲ့တာ….
ချဲယုံချန်းလို ယုတ်မာညစ်ထမ်းပြီး ဉာဏ်မရှိတဲ့ကောင်က ဒီလိုစကားမျိုး ပြောရဲမှတော့ ကံမဆိုးဘဲ နေပါ့မလား… ဟဟဟ..
ချန်ချင်းယွီ : ‘ရှေးခေတ်ကတည်းက အခုထိ၊ ခွေးအချင်းချင်း ကိုက်ကြတာကို ကြည့်ရတာက အမြဲတမ်း အလွန် စိတ်ချမ်းမြေ့စရာ ကောင်းလိုက်လေခြင်း’
အတွင်းရေးမှူးကျန်းက လူကြီးလူကောင်းလို ဟန်ဆောင်နေရင်ကော ဘာထူးမှာလဲ။ သူကိုယ်တိုင်က ကောင်းကောင်း ဟန်ဆောင်နိုင်ပေမယ့် နောက်ကနေ ဆွဲချမယ့်သူ ရှိနေတာကို…
ဘယ်လိုတားမလဲ.. ဟီးဟီး
ချဲမိသားစုကဲ့သို့ ခမည်းခမက်မျိုးရှိနေ၍ အတွင်းရေးမှူးကျန်း မည်မျှ တော်သည်ဖြစ်စေ… ချန်ချင်းယွီ ခန့်မှန်းမိသည်မှာ…. သူမအနေဖြင့် ဘေးမှ ပွဲကြည့်ရုံတင် ကျန်းမိသားစု ပျက်စီးမည့်နေ့ကို မြင်တွေ့ရပေတော့မည်။
ချန်ချင်းယွီ၏ မျက်ဝန်းများ နက်ရှိုင်းသွား၏။
ကွင်းပြင်တစ်ခုလုံး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ ရုတ်တရက် ချဲယုံဖုန်းသည် ဝုန်းခနဲ ထရပ်ကာ ချဲယုံချန်းဆီသို့ တိုက်ရိုက် ပြေးဝင်သွားပြီး ဘုန်းခနဲ ဘုန်းခနဲနေအောင် လက်သီးများကို တရစပ် လွှဲယမ်းကာ ထိုးနှက်တော့သည်။
“ခွေးကောင် ပါးစပ်သရမ်းဦးမလား၊ မင်းမေလင်ကို ကူညီပါလား…လျှောက်အာချောင်ဦးမလား... မင်း တကယ့် လူယုတ်မာပဲ၊ ငါ ဒီနေ့ ဒီလိုအခြေအနေ ရောက်နေရတာ ဘယ်သူ့ကြောင့်လဲ… မင်းလိုကောင် အတွက်ကြောင့်ပဲ မဟုတ်ဘူးလား... မင်းက ငါ့ကို လာပြီး လျှောက်ပြောရဲသေးတယ်... မင်း သေစမ်း...”
“အား… အစ်ကို ဘာလို့ ရူးနေတာလဲ၊ ကျွန်တော်က အစ်ကို့ရဲ့ ညီအရင်း ခေါက်ခေါက်ပါဗျာ... အစ်ကို ကျွန်တော့်မိန်းမနဲ့ အိပ်တာတောင် ကျွန်တော်က စိတ်မရှိတာကို၊ အစ်ကိုက ဘာဖြစ်နေတာလဲ။ ငါတို့က ညီအစ်ကို အရင်းတွေလေကွာ...”
ဟိုး...
ဝိုင်းကြည့်နေသည့် လူအပေါင်းတို့သည် အံ့သြတကြီးဖြင့် အသက်ရှူသံများ မချွင်းမချန် ပြိုင်တူ ထွက်ပေါ်လာပြန်၏။
ထို့နောက်… တိတ်ဆိတ်လွန်းလှသဖြင့် လေတိုက်သံကိုသာ ကြားရတော့မတတ် ငြိမ်သက်သွားကြလေတော့သည်။
ငါတို့ဘာကြားလိုက်တာလဲ… သောက်ကျိုးနည်း….