အခန်း ၄၆၆
Vol. 32 Ch. 466
အခန်း (၄၆၆) - လျှို့ဝှက်ဆန်းကြယ်သော ရတနာသေတ္တာ ၂
ထိုခြေသည်းချက်မှာ ရိပ်ခနဲဖြစ်သွားလောက်အောင်ပင် လျင်မြန်လှပြီး ဗုန်းခနဲမြည်သော အသံနှင့်အတူ ရတနာသေတ္တာအဖုံးကို ပြန်လည်ပိတ်သွားစေခဲ့ချေပြီ။
ဗုန်းခနဲမြည်တယ် ဟုတ်လား...။
သတ္တုသေတ္တာတစ်လုံး ပိတ်သွားရင် "ဂလောက်" ဒါမှမဟုတ် "ဂလန်" ဆိုတဲ့ သတ္တုရိုက်ခတ်သံမျိုး ထွက်ပေါ်လာရမှာ မဟုတ်ဘူးလား...။
ဒီရတနာသေတ္တာက...
ရွှီရှင်းသည် ဇဝေဇဝါဖြင့် သေတ္တာကို စိုက်ကြည့်နေစဉ်မှာပင် ၎င်းထံမှ "ကျွီ" ဟူသော အသံနောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ပြီး သေတ္တာအဖုံးမှာ ယခင်ကထက် ပိုမိုမြန်ဆန် စွာ ပွင့်သွားသဖြင့် ရွှီရှင်းအနေဖြင့် အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပေသည်။
"ရှူး..."
ရွှီရှင်း အသက်ရှူပင် မှားသွားခဲ့ရ၏။
သူ့မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူသည် မယုံကြည်နိုင်လောက်အောင်ပင် မျက်လုံးများ ပြူးကျယ်သွားရပေသည်။
သေတ္တာအတွင်း၌ မည်သည့်ဗီဇပြောင်းသတ္တဝါမျှ ရှိမနေဘဲ သွေးနီရောင်သန်းနေသည့် ပွင့်နေသော ပါးစပ်ကြီးတစ်ခုသာ ရှိနေ၏။
သေတ္တာ၏ အတွင်းပိုင်းတစ်ခုလုံးမှာ ချွန်ထက်လှသော သွားများ ပြည့်နှက်နေသည့် မေးရိုးကြီး ဖြစ်နေပေသည်။
ဤပါးစပ်ကြီးမှာ အလွန်ပင် ရင်းနှီးနေပြီး ယခင်က ရွှေရတနာသေတ္တာကို စောင့်ကြပ်ခဲ့သော ဧရာမ လူစားပန်းကြီး ကို သတိရသွားစေ၏။
ထိုလူစားပန်း၏ ပါးစပ်နှင့် ဤသေတ္တာအတွင်းက ပါးစပ်မှာ အလွန်ပင် ဆင်တူလှပေသည်။
ဤသေတ္တာအတွင်း၌ မည်သည့်ဗီဇပြောင်းသတ္တဝါမှ ရှိနေခြင်း မဟုတ်ပါပေ။
အဘယ်ကြောင့်ဆိုသော် ရတနာသေတ္တာကိုယ်နှိုက်ကပင် သားရဲဆိုးကြီးတစ်ကောင်၏ ခန္ဓာကိုယ် ဖြစ်နေသောကြောင့် ဖြစ်၏။
တောက်..ဒါကမီးမစ်ခ် မဟုတ်ဘူးလား။
ဒီကမ္ဘာမှာ ဒီလိုသတ္တဝါမျိုး တကယ်ရှိနေတာလား။
ရွှီရှင်းက သူ၏လှံရှည်ဖြင့် ထိုးရန် ပြင်လိုက်သော်လည်း မီမီက သူ့ထက်ပင် လက်ဦးမှု ရယူသွားခဲ့ချေပြီ။
မီမီသည် စူးရှသော အော်ဟစ်သံတစ်ခုကို ထပ်မံထုတ်လွှင့်လိုက်ပြီး လျင်မြန်သော ခြေသည်းချက်ဖြင့် သေတ္တာအဖုံးကို ဗုန်းခနဲမြည်အောင် ပြန်လည်ရိုက်ပိတ်လိုက်ပြန်၏။
ဤရတနာသေတ္တာမှာ အပြင်ပန်းကဲ့သို့ သတ္တုဆန်ခြင်း မရှိပါပေ။
အသံကို နားထောင်ခြင်းအားဖြင့် အတွင်းပိုင်းမှာ အနည်းငယ် နူးညံ့နေပုံရပြီး ယခုတစ်ကြိမ်တွင် ရွှီရှင်း အသေအချာ လေ့လာကြည့်ရာ မီမီ၏ ရိုက်ချက်ကြောင့် သေတ္တာအဖုံးမှာ သိသိသာသာ ကွေးညွတ်သွားသည်ကို သတိပြုမိလိုက်ပေသည်။
၎င်း၏ အပြင်ပန်းခွံမှာ ထင်သလောက် မာကျောခြင်း မရှိသည်မှာ ထင်ရှားလှပေသည်။
အတင်းအကျပ် အပိတ်ခံလိုက်ရသဖြင့် မီးမစ်ခ်မှာ အချိန်အတော်ကြာအောင် ငြိမ်သက်သွားခဲ့၏။
ရွှီရှင်းက ၎င်းမှာ ထပ်မံလှုပ်ရှားတော့မည်မဟုတ်ဟု ထင်မှတ်နေစဉ်မှာပင် ၎င်းသည် ရုတ်တရက် ပါးစပ်ကို ဟလိုက်ပြီး သေတ္တာအဖုံးမှာ ပြင်းထန်စွာ ပွင့်ထွက်သွားပါတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ သွေးနီရောင် ပါးစပ်ကြီးအတွင်းမှနေ၍ ထူထဲလှသော သွေးရောင်နွယ်ပင် များစွာ ထွက်ပေါ်လာပြီး ရွှီရှင်းနှင့် သူ၏အဖော်များကို တိုက်ခိုက်ရန် ပြင်ဆင်တော့သည်။
၎င်းတို့မှာ အလွန်ပင် ထူထဲလှပြီး အချင်း ၁၀ စင်တီမီတာကျော်ရှိကာ သေတ္တာ၏ အထဲမှ ထိုးထွက်လာခြင်း ဖြစ်ပေသည်။
ရွှီရှင်း၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း မီမီက လျင်မြန်သော ခြေသည်းရိုက်ချက်ဖြင့် သေတ္တာအဖုံးကို နောက်တစ်ကြိမ် ပြန်လည်ရိုက်ပိတ်လိုက်သည့်အပြင် သေတ္တာပေါ်သို့ပါ အကြိမ်ကြိမ် ကုတ်ခြစ်ပစ်လိုက်ပေသည်။
ယခုတစ်ကြိမ်တွင်မူ မီးမစ်ခ်ကြီးထံမှ ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော စူးစူးဝါးဝါး အော်ဟစ်သံကြီး ထွက်ပေါ်လာခဲ့၏။
နွယ်ပင်များ၏ ထိပ်ဖျားမှာ သေတ္တာအပြင်ဘက်သို့ ရောက်ရှိနေခဲ့သော်လည်း မီမီ၏ ပြင်းထန်သော ရိုက်ချက်ကြောင့် ၎င်းတို့မှာ မီးမစ်ခ်၏ ချွန်ထက်သော သွားများနှင့် ညှပ်မိကာ ပြတ်တောက်သွားခဲ့ပြီး အပြင်ဘက်တွင် လူးလွန့်ကာ ကျန်ရစ်နေခဲ့ပါတော့သည်။
ဒါက...
ဒီမီးမစ်ခ်ကြီးတော့ တကယ့်ကို သနားစရာကောင်းတဲ့ အခြေအနေကို ရောက်သွားခဲ့ချေပြီ။
ထို့နောက်တွင်မူ ငွေရောင်ဘုရင်ကလည်း လှုပ်ရှားမှုအတွင်းသို့ ပါဝင်လာခဲ့ပြီး သားရဲနှစ်ကောင်လုံးက မီးမစ်ခ်ကို ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
အာဖုမှာမူ ရွှီရှင်း၏ ပုခုံးပေါ်သို့ ပျံသန်းလာခဲ့ပြီး တိုက်ပွဲကို ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
မီမီ၏ ခြေသည်းများမှာ လျှပ်စီးလက်သကဲ့သို့ ပြင်းထန်စွာ ကုတ်ခြစ်နေပြီး ငွေရောင်ဘုရင်ကမူ သေတ္တာပေါ်သို့ ခုန်အုပ်ကာ စတင်ကိုက်ခဲတော့သည်။
မီးမစ်ခ်မှာ ပြန်လည်တိုက်ခိုက်လိုသော်လည်း အဖုံးကို ဖွင့်ရန် ကြိုးပမ်းတိုင်း မီမီက ချက်ချင်းရိုက်ပိတ်ပြီး ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေသဖြင့် မည်သို့မျှ မတတ်နိုင်ချေ။
ငွေရောင်ဘုရင်၏ သွေးရောင်အစွယ်များမှာ အနက်ကြီးထိ မထိုးဖောက်နိုင်သော်လည်း သေတ္တာပေါ်တွင် အပေါက်ငယ်နှစ်ခု ဖြစ်သွားစေခဲ့ပေသည်။
ဤမီးမစ်ခ်မှာ ၎င်း၏ စွမ်းအားအပြည့်အစုံကို ထုတ်ဖော်ရန်အတွက် ပါးစပ်ကို ဖွင့်ရန်လိုအပ်သော်လည်း မီမီ ရှိနေသဖြင့် ၎င်းတွင် အခွင့်အရေးမရှိဘဲ ခံစစ်သက်သက်ဖြင့်သာ အရိုက်ခံနေရခြင်း ဖြစ်၏။
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရပြီးနောက် မီးမစ်ခ်ကြီးထံမှ ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာပြီး "ဂလန်" ဟူသော သတ္တုရိုက်ခတ်သံနှင့်အတူ စူးရှသော သတ္တုခြစ်သံများ ထွက်ပေါ်လာသဖြင့် မီမီနှင့် ငွေရောင်ဘုရင်တို့မှာ နောက်သို့ ဆုတ်ခွာလိုက်ကြပေသည်။
၎င်းတို့ တိုက်ခိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ သေတ္တာမှာ ရုတ်တရက် မာကျောသွားပြီး စစ်မှန်သော သတ္တုသေတ္တာတစ်လုံးအဖြစ် ပြောင်းလဲသွားသောကြောင့် ဖြစ်၏။
ယခုအခါ ၎င်းတို့၏ တိုက်ခိုက်မှုများမှာ သေတ္တာအပေါ် ထိရောက်မှု မရှိတော့ပါပေ။
တစ်ချိန်တည်းမှာပင် ရွှီရှင်း၏ စိတ်ထဲက အန္တရာယ်အငွေ့အသက်မှာလည်း ကွယ်ပျောက်သွားခဲ့ချေပြီ။
မီးမစ်ခ်က သေသွားတာလား...။
သို့မဟုတ် ပုံစံပြောင်းလဲသွားခြင်းလော။
လူတစ်ယောက်နှင့် သားရဲသုံးကောင်တို့မှာ သေတ္တာကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ကြသော်လည်း ၎င်းမှာ ထပ်မံပြောင်းလဲခြင်း မရှိတော့ပါပေ။
မြေပြင်ပေါ်တွင်မူ ပြတ်တောက်သွားသော နွယ်ပင်အစိတ်အပိုင်းများမှာ အနည်းငယ် လှုပ်ရှားနေဆဲဖြစ်ရာ အတော်လေး ရွံရှာဖွယ် ကောင်းလှပေသည်။
ဤသေတ္တာ၏ အတွင်းပိုင်းမှာ အခြားသော နေရာတစ်ခုနှင့် ဆက်သွယ်နေခြင်း သို့မဟုတ် ကျောပိုးအိတ်ကဲ့သို့ပင် အပြင်ပန်းသဏ္ဌာန်နှင့် လုံးဝမလိုက်ဖက်သော အတွင်းဟင်းလင်းပြင် ရှိနေခြင်း ဖြစ်နိုင်ပေသည်။
အတွင်းထဲတွင်မူ တကယ်ပဲ တန်ဖိုးရှိသော အရာတစ်ခုခု ရှိနေနိုင်၏။
ဂိမ်းများထဲတွင် မီးမစ်ခ်များထံမှ ရရှိသော ပစ္စည်းများသည် သာမန်ရတနာသေတ္တာများထက် ကောင်းတတ်ကြသည် မဟုတ်လား။
ဒါဆို အခု ဘာလုပ်ရမလဲ၊ သေတ္တာကို ဖွင့်ရမလား..။
ရွှီရှင်းသည် အချိန်အတော်ကြာအောင် တွေဝေစဉ်းစားပြီးနောက် ဤအကြံကို လောလောဆယ် လက်လွှတ်ရန် ဆုံးဖြတ်လိုက်၏။
လက်ရှိ မလုံခြုံသေးသော အခြေအနေတွင် မရေရာမှုများနှင့် အန္တရာယ်များကို သူ အဘယ်ကြောင့် ထပ်မံလက်ယက်ခေါ်ရပါမည်နည်း။
သို့သော် ဤနေရာတွင် မဖွင့်နိုင်သော်လည်း သူသည် ဤသေတ္တာကို အတူယူဆောင်သွားနိုင်ပေသည်။
မြေပြင်ပေါ်သို့ ပြန်လည်ရောက်ရှိသွားပါက ဤမီးမစ်ခ်လေးကို သူ လုံးဝ ကြောက်ရွံ့မည် မဟုတ်ပါပေ။
သူသည် ဤကြေးဝါရောင် သေတ္တာကြီးကို သူ၏ကျောပိုးအိတ်ထဲသို့ ချက်ချင်း သိမ်းဆည်းရန် ကြိုးပမ်းလိုက်၏။
[သိမ်းဆည်းမှု မအောင်မြင်ပါ၊ ကျောပိုးအိတ်အတွင်း၌ အသက်ရှိသော သတ္တဝါများကို သိမ်းဆည်း၍ မရပါ]
ရွှီရှင်း - "..."
မှန်ပေသည်၊ ၎င်းမှာ ရတနာသေတ္တာနှင့် တူသော်လည်း အမှန်တကယ်တော့ အသက်ရှိနေခြင်း ဖြစ်၏။
သို့သော်...
အခု ဘာလုပ်ရမလဲ..။
ယူသွားရမှာပဲ မဟုတ်လား..။
သေချာပေါက် မဖြစ်မနေ ယူသွားရမည် ဖြစ်ပေသည်။
"မီမီ၊ အဲ့တာကိုကို ဖိထားလိုက်" ဟု ရွှီရှင်းက အမိန့်ပေးလိုက်၏။
မီမီသည် ၎င်း၏ ညာဘက်ခြေသည်းကို ဆန့်ထုတ်ကာ သေတ္တာအဖုံးပေါ်သို့ မြဲမြံစွာ ဖိချလိုက်ပေသည်။
မီးမစ်ခ်မှာမူ စစ်မှန်သော သေတ္တာတစ်လုံးအလား မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ငြိမ်သက်စွာ ဝပ်နေဆဲ ဖြစ်၏။
ထို့နောက် ရွှီရှင်းသည် သူ၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ ရတနာသေတ္တာကို ထိလိုက်ပေသည်။
သူ၏ ဘယ်ဘက်လက်တွင် ဗီဇပြောင်းသတ္တဝါများကို သိမ်းဆည်းနိုင်သော လက်ပတ် ရှိနေ၏။
သူ ထိလိုက်သည့် ခဏမှာပင် အေးစက်လှသော အအေးဓာတ်နှင့် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တို့ စိတ်ထဲသို့ တိုးဝင်လာသဖြင့် သူ၏ ရင်ထဲ၌ ထိတ်လန့်သွားကာ လက်ကို ရုတ်တရက် ပြန်ရုပ်သိမ်းလိုက်မိ၏။
သို့သော်လည်း သူ ထိလိုက်သည့် ခဏမှာပင် သေတ္တာကြီးမှာ ကွယ်ပျောက်သွားခဲ့ချေပြီ။
မှန်ပေသည်၊ လက်ပတ်ကို အသုံးပြုခြင်းအားဖြင့် မီးမစ်ခ်ကို သိမ်းဆည်းနိုင်ခဲ့၏။
ဤထူးဆန်းသော သေတ္တာမှာ အမှန်တကယ်ပင် ဗီဇပြောင်းသတ္တဝါတစ်ကောင် ဖြစ်နေပေသည်။
ထို့ပြင် ၎င်း၏ လူသားစားပန်းနှင့် တူလှသော ပါးစပ်နှင့် လည်ချောင်းထဲမှ ထွက်လာသော နွယ်ပင်များကို ကြည့်ခြင်းအားဖြင့် ဤမီးမစ်ခ်မှာ အပင်တစ်မျိုးမျိုးမှ ဗီဇပြောင်းလဲလာခြင်း ဖြစ်နိုင်ပေသည်။
အပင်ဆိုပါက မျိုးစေ့ရှိပြီး စိုက်ပျိုးလို့ရနိုင်လောက်၏။
မည်သို့ပင်ဆိုစေ လောလောဆယ်တွင် သိမ်းဆည်းနိုင်ခဲ့ရုံနှင့်ပင် လုံလောက်လှပြီဖြစ်ရာ အိမ်ပြန်ရောက်မှသာ ဆက်လက်လေ့လာရပေမည်။
ရွှီရှင်းသည် သေတ္တာရှိနေသော လက်ပတ်ကို လှမ်းကြည့်လိုက်၏။
ချန်ရင် ပေးခဲ့သော ဤလက်ပတ်မှာ တကယ်ပင် အသုံးဝင်လှပါပေသည်။
၎င်းသည် စောစောက အက်ကွဲနေသော ဥကြီးကိုသာမက ဤမီးမစ်ခ်ကိုပါ သိမ်းဆည်းနိုင်ပြီး သတ္တဝါအများကြီးကို ကြိုက်သလောက် သိမ်းဆည်းထားပါစေ အလေးချိန် တိုးလာခြင်း မရှိပါပေ။
ကျောပိုးအိတ်ထက်ပင် ပိုမိုအဆင်ပြေလှ၏။
ထို့ပြင် ပြီးခဲ့သည့်အကြိမ်က လုဖေးအာအား မာဟုန်ဝေ၏ အခြေအနေကို သွားရောက်ကြည့်ရှုခိုင်းစဉ်က လက်ပတ်အတွင်းပိုင်းမှာ မှောင်မည်းနေပြီး မာဟုန်ဝေကို ရှာမတွေ့ခဲ့ကြောင်း သူမ ပြောပြခဲ့ဖူး၏။
ထို့ကြောင့် လက်ပတ်အတွင်းရှိ သတ္တဝါများသည် တစ်ဦးကိုတစ်ဦး သက်ရောက်မှု မရှိနိုင်သဖြင့် မီးမစ်ခ်က ပြဿနာရှာမည်ကို စိုးရိမ်ရန် မလိုပါပေ။
ဤနည်းဖြင့် ယူဆောင်သွားပါက မြေပြင်ပေါ်ရောက်မှ သေတ္တာ၏ ပြဿနာကို ဘေးကင်းစွာ ဖြေရှင်းနိုင်မည်ဖြစ်ရာ အန္တရာယ်ကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည် ဖြစ်ပေသည်။
၎င်းမှာ အန္တရာယ်အကင်းဆုံး နည်းလမ်းပင် ဖြစ်၏။
ဆုံးဖြတ်ချက်များ အားလုံး ချပြီးနောက် ရွှီရှင်းသည် သက်ပြင်းကို ညင်သာစွာ ချလိုက်မိသည်။
သူ၏ လက်ကောက်ဝတ်ရှိ လက်ပတ်ကို ပြင်ဆင်ဝတ်လိုက်ရင်း သားရဲသုံးကောင်နှင့်အတူ ဤဧရာမ ကျောက်တိုင်ကြီး၏ ပတ်ဝန်းကျင်ကို ဆက်လက်စူးစမ်းရန် ပြင်ဆင်လိုက်၏။
သားရဲသုံးကောင်မှာမူ ၎င်းတို့ ရောက်ရှိနေသော အမြင့်ကြောင့် ထိတ်လန့်နေကြပုံရပေသည်။
မီတာတစ်ထောင်ခန့် အမြင့်ရှိသော ချောက်ကမ်းပါးတွင် ရှိနေရခြင်းမှာ ခြေထောက်များပင် တုန်ရီသွားစေရန် လုံလောက်လှပေသည်။
အာဖုပင်လျှင် ချောက်ကမ်းပါး အစွန်းနားသို့ မပျံသန်းဝံ့ပါပေ။
မည်သို့ပင်ဆိုစေ ၎င်းမှာ ဂူများအတွင်း၌သာ နေလေ့ရှိသော လင်းနို့တစ်ကောင် ဖြစ်သဖြင့် ဤမျှ မြင့်မားသော နေရာမျိုးနှင့် မရင်းနှီးသောကြောင့် ဖြစ်၏။
နောက်ဆုံးတွင် တောင်ထိပ်ကြီးကို တစ်ပတ်ပတ်ပြီးနောက် ရွှီရှင်းသည် မီးမစ်ခ်မှအပ အခြားဘာကိုမျှ ထပ်မံရှာမတွေ့ခဲ့ချေ။
ထိုလင်းတများက ဘယ်ရောက်ကုန်ကြတာလဲ..။
ဖြစ်နိုင်သည်မှာ...
ရွှီရှင်းသည် သူ၏လက်ပတ်ကို လှမ်းကြည့်လိုက်မိ၏။
မဖြစ်နိုင်တာ...။
သားရဲသုံးကောင်အား ခဏမျှ လွတ်လပ်စွာ သွားလာခွင့်ပြုပြီးနောက် ရွှီရှင်းသည် ၎င်းတို့ကို လက်ပတ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်ပေသည်။
ထိုးထွက်နေသော ကျောက်ဆောင်အစွန်းတွင် ထိုင်ရင်း ရွှီရှင်းသည် ခွန်အားများ ပြန်လည်ပြည့်ဝလာစေရန် အစားအစာအချို့ကို စားသုံးလိုက်ပြီး ရှေ့က ဖြူဖွေးနေသော ဆီးနှင်းတောအုပ်ကြီးကို ငေးကြည့်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။
မဆိုးလှပါချေ။
ဤမျှကြာအောင် တောင်တက်ခဲ့ရသည့်အတွက် ဘာမှန်းမသိရသေးသော သတ္တဝါကြီး၏ ဥတစ်လုံးနှင့် ထူးဆန်းသော မီးမစ်ခ်တစ်ကောင်ကို ရရှိခဲ့ချေပြီ။
၎င်းတို့ထံမှ ရရှိမည့် အကျိုးအမြတ်မှာ အလွန်ပင် ကြီးမားနိုင်ပေသည်။
နေလုံးမှာ ခေါင်းတည့်တည့်မှ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ပတ်ဝန်းကျင်ရှိ မြူထုများမှာလည်း အများစု ပျောက်ကွယ်သွားခဲ့ချေပြီ။
အနုတ် ၂၀ မှ ၃၀ ဒီဂရီ ဝန်းကျင်ရှိသော ပတ်ဝန်းကျင်တွင် နေရောင်ခြည်က သူ့အပေါ်သို့ ကျရောက်လာခြင်းက နွေးထွေးသော ခံစားမှုကို ပေးစွမ်းနေပေသည်။
ရွှီရှင်း မတ်တပ်ရပ်လိုက်၏။
အချိန်များကို ထပ်မံမဖြုန်းတီးတော့ဘဲ သူသည် အပေါ်သို့ ဆက်လက်တက်ပါတော့၏။
အခန်း ၄၆၆ ပြီး။