← Chapters

အခန်း ၄၇၃

Vol. 32 Ch. 473

အခန်း ၄၇၃

Vol. 32 Ch. 473

အခန်း (၄၇၃) - ညအမှောင်၏ ထူးဆန်းမှုနှင့် တောင်ထိပ်သို့ ကျိချောင်းယန် ရောက်ရှိလာခြင်း

သစ်ပင်အိမ်၏ အောက်ဘက်တွင်မူ လီဝမ်ရှီးသည် ရွှီရှင်းနှင့်အတူ နှင်းလျှောစီးဘုတ်တစ်ခုတည်းကို ဆက်လက်မျှဝေစီးနင်းခဲ့ပြီး ချီရွှယ်ဖေးကမူ ဆီးနှင်းဝံပုလွေကို အတူစီးရန် လုဖေးအာ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ သူမ၏ ကိုယ်ပိုင်စွမ်းအင်သုံး နှင်းလျှောစီးဘုတ်ကို ထုတ်ယူလိုက်ပေသည်။

သူမသည် ဝံပုလွေကို ထပ်မံမစီးချင်တော့ပါပေ။ အဘယ်ကြောင့်ဆိုသော် ယခင်က ရွှီရှင်း၏ ငွေရောင်ဘုရင်ကြောင့် သူမ၏စိတ်ထဲတွင် ကြီးမားသော အရိပ်မည်းတစ်ခု ထင်ကျန်နေခဲ့ဖူးသောကြောင့် ဖြစ်၏။

ရွှီရှင်းသည် လုဖေးအာ၏ ကပ်ပါးသစ်ပင်အိမ်ထဲမှနေ၍ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ ခေါင်းပြူးထွက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရပေသည်။

၎င်းတို့နှစ်ဦးလုံးမှာ သူ့ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး "ဘောစ့်ရွှီရှင်း... တကယ်ပဲ ဘောစ့်ရွှီရှင်းလားဟင်" ဟု မေးမြန်းလာကြ၏။

"မင်္ဂလာပါ"

ရွှီရှင်းက ၎င်းတို့ကို ခေါင်းညိတ်ပြလိုက်ပြီး "ငါတို့ ဆီးနှင်းတောင်မှာ လုပ်စရာကိစ္စအချို့ ရှိနေလို့ ဒီမှာခဏပဲ ထိုင်စောင့်နေကြပါ။ ငါတို့ ပြန်လာတဲ့အခါ မင်းတို့အတွက် နေရာတစ်ခု ရွေးချယ်ပေးပါ့မယ်" ဟု ဆိုလိုက်ပေသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ"

၎င်းတို့က ခေါင်းကို အကြိမ်ကြိမ် ညိတ်ကြရင်း "ဘောစ့်တို့ သွားကြပါ။ ဆီးနှင်းတောင်ကိစ္စက ပိုပြီး အရေးကြီးပါတယ်" ဟု ရိုသေသမှုဖြင့် ဆိုကြ၏။

ဤနေရာသို့ ရောက်ရှိလာစဉ်ကပင် ရွှီရှင်းသည် ကမ္ဘာပေါ်တွင် နှင်းတောင်တက်လှမ်းမှုဖြစ်ရပ်ကို တစ်ဦးတည်းသော ပြီးမြောက်အောင်မြင်သူဖြစ်ကြောင်း လျှို့ဝှက်ဆန်းပြားသောအသံကြီး၏ အသိပေးချက်အရ သိရှိထားကြသဖြင့် ၎င်းတို့အနေဖြင့် ယခုကဲ့သို့ ရောက်ရှိနေရခြင်းမှာ အလွန်ပင် ကံကောင်းလှသည်ဟု ခံစားနေကြရခြင်း ဖြစ်ပေသည်။

မကြာမီမှာပင် ၎င်းတို့ ကြည့်ရှုနေသည့် မြင်ကွင်းအောက်၌ လူစုသည် သစ်ပင်အိမ်မှ ထွက်ခွာခဲ့ကြပြီး တောင်ခြေသို့ လျင်မြန်စွာ ရောက်ရှိသွားကြတော့သည်။

"တယ်လီပို့ပေါ်တယ်က ဘယ်နေရာမှာ ရှိတာလဲ။ ပတ်ဝန်းကျင်မှာ ဝဲကရက်လည်း တစ်ခုမှ မရှိပါဘူးလား"

လီဝမ်ရှီးက ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် လှည့်ပတ်ကြည့်ရှုရင်း မေးမြန်းလိုက်၏။

"ဟိုးဖက်မှာလေ"

ရွှီရှင်းသည် ၎င်းတို့နှင့် မီတာဆယ်ဂဏန်းခန့် ကွာဝေးသော နှင်းများအောက်တွင် နစ်မြုပ်နေသည့် ဧရာမတောင်ထိပ်ကြီး၏ ကျောက်နံရံဆီသို့ ညွှန်ပြလိုက်ကာ "တယ်လီပို့ပေါ်တယ်က နှင်းထုအောက်မှာ မြုပ်နေတာ" ဟု ဆိုလိုက်ပေသည်။

သူ၏ ထူးကဲသောအကြားအာရုံကြောင့် ထိုနေရာမှ ထွက်ပေါ်နေသော ခရမ်းနက်ရောင် ဝဲကရက်၏ ထူးခြားသောအသံကို သူ ကြားနေရခြင်း ဖြစ်၏။

နှင်းပြိုမှုကြောင့် ဆီးနှင်းတောင်၏ အစွန်းတစ်လျှောက်တွင် နှင်းထုမှာ လေးငါးမီတာခန့်အထိ မြင့်တက်နေခဲ့သဖြင့် ပေါ်တယ်အဝင်ဝမှာ အောက်တွင် နစ်မြုပ်နေခြင်းက ပုံမှန်ပင် ဖြစ်ပေသည်။

၎င်းတို့ လျှောက်သွားကြည့်သောအခါ နှင်းထုနှင့် ကျောက်နံရံကြားက နှင်းအချို့မှာ ပျောက်ကွယ်နေပြီး ကျောက်နံရံပေါ်တွင် ခရမ်းနက်ရောင် ဝဲကရက်တစ်ခုသည် ဖြည်းဖြည်းချင်း လည်ပတ်နေသည်ကို တွေ့ရှိလိုက်ရပေသည်။

"ဒါပဲ၊ သွားကြစို့"

ရွှီရှင်းသည် ဝံပုလွေကျောပေါ်က လုဖေးအာကို လှမ်း၍ လက်ဟန်ပြလိုက်၏။

လုဖေးအာသည် သွားကိုတင်းတင်းကြိတ်ကာ ဝံပုလွေကို ရွှီရှင်း၏ ဘေးသို့ မောင်းနှင်လိုက်ပြီး အားရွှဲ ကို ဝပ်ချခိုင်းလိုက်ပေသည်။

ထို့နောက် သူမသည် ကိုယ်ကို မတ်လိုက်ပြီး မျက်လုံးများကို စုံမှိတ်လျက် မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် "လာလေ... စက္ကန့်ပိုင်းပဲ ကြာမှာပါ" ဟု အော်ဟစ်လိုက်၏။

သို့သော်လည်း သူမ၏ တုန်ရီနေသော မျက်တောင်များအရ သူမ မည်မျှအထိ ထိတ်လန့်နေကြောင်း ထင်ရှားလှပေသည်။

သူမ၏ ပုံစံကို မြင်သောအခါ ဤအကြံဉာဏ်ကို ပေးခဲ့သူဖြစ်သော လီဝမ်ရှီးသည် အနည်းငယ် အားနာသွားမိပြီး "စိတ်တင်းထားပါ ဖေးအာရယ်၊ စက္ကန့်အနည်းငယ်ပဲ ကြာမှာပါ။ ဒါမှမဟုတ်... နင် ပိုင် တန်ဖိုးရဲ့ ဂဏန်းတွေကို စိတ်ထဲကနေ ရွတ်ဆိုနေလိုက်မလား" ဟု နှစ်သိမ့်လိုက်၏။

"အီး... အီး... ကျွန်မက ၅၃၅ အထိပဲ မှတ်မိတာကို..."

ရွှီရှင်းသည် အချိန်ကို ထပ်မံမဖြုန်းတီးတော့ဘဲ သူမ၏ ပုခုံးကို တိုက်ရိုက်ပုတ်ကာ လက်ပတ်အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် ခရမ်းနက်ရောင် ဝဲကရက်ကို လက်ဖြင့် ချက်ချင်း လှမ်းကိုင်လိုက်ပါတော့သည်။

[အခြားသော ရှင်ကျန်သူများကို တစ်ပြိုင်နက်တည်း တယ်လီပို့ ပြုလုပ်၍ မရနိုင်ပါ]

ထိုစဉ် သူ၏ နားထဲ၌ သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့၏။

တကယ်ပဲ မရပါချေ။

ကြည့်ရတာ လုဖေးအာအနေနဲ့ သူမဘာသာ တောင်ပေါ်ကို တက်ရုံပဲ ရှိတော့မည် ဖြစ်ပေသည်။

"မရဘူးလား"

ရွှီရှင်း ငြိမ်သက်စွာ ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ချီရွှယ်ဖေးက လှမ်း၍ မေးမြန်းလိုက်၏။

လီဝမ်ရှီးသည်လည်း လက်ရှိအခြေအနေကြောင့် အနည်းငယ် စိတ်ပျက်သွားမိပြီး လုဖေးအာအပေါ်တွင် ပိုမို၍ အားနာသွားမိပေသည်။

ဖေးအာမှာ မည်သည့်အကျိုးကျေးဇူးမျှ မရှိဘဲ လက်ပတ်အတွင်းသို့ အလကား ဝင်ရောက်ခဲ့ရခြင်း မဟုတ်ပါလော။

"မရဘူး။"

ရွှီရှင်းသည် ခေါင်းကို ခါယမ်းလိုက်ပြီးနောက် လက်ပတ်ကို လှည့်၍ လုဖေးအာကို ပြန်လည်လွှတ်ပေးလိုက်ပေသည်။

အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီးနောက် လုဖေးအာသည် ဝံပုလွေကျောပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။

သူမ၏ မျက်နှာမှာ ဖြူလျော်နေပြီး မျက်လုံးများမှာ ဝေဝါးနေသော်လည်း အချိန်တိုတောင်းလှသဖြင့် ထွက်လာသည်နှင့် သူမ၏ အသိဉာဏ်များ ချက်ချင်း ပြန်လည်ပွင့်လင်းလာကာ "ဟင်... ပြီးသွားပြီလား" ဟု မေးမြန်းလိုက်ရှာ၏။

"ပြီးသွားပြီ၊ ဒါပေမဲ့ နင်ကိုယ်တိုင်ပဲ တောင်ပေါ်ကို တက်ရတော့မယ်" ဟု ရွှီရှင်းက သူ၏ နားထင်ကို ပွတ်သပ်ရင်း ဆိုလိုက်ပေသည်။

"ဟူး..."

သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဝံပုလွေကျောပေါ်သို့ ပျော့ခွေစွာ မှီချလိုက်ရင်း "ပြီးသွားပြီဆိုရင်တင် ရပါပြီ..." ဟု ညည်းတွားလိုက်၏။

"ဟို... စိတ်မရှိပါနဲ့ ဖေးအာရယ်၊ နင့်ကို မလိုအပ်ဘဲ လက်ပတ်ထဲ ဝင်ခိုင်းမိလို့ ကျွန်မ..."

လီဝမ်ရှီးက အားနာတကြီး တောင်းပန်ရှာပေသည်။

"ရပါတယ်၊ ရပါတယ်... နည်းလမ်းရှိ၊ မရှိဆိုတာကို စမ်းသပ်ကြည့်ရတာပဲဥစ္စာ"

လုဖေးအာသည် ဝံပုလွေကျောပေါ်မှ ကိုယ်ကို ပြန်မတ်လိုက်သော်လည်း သူမ၏ လက်မောင်းများမှာ အနည်းငယ် တုန်ရီနေဆဲ ဖြစ်၏။

"ဒါဆို ကျွန်မ အခုပဲ တောင်ပေါ်ကို တက်ရတော့မှာလား"

"မဟုတ်သေးဘူး။"

ရွှီရှင်းက ခေါင်းကို ခါယမ်းကာ "အခုက မှောင်နေပြီဖြစ်တဲ့အပြင်..."

သူသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ ယခုတစ်ကြိမ်တွင် ကောင်းကင်၌ လမင်းကြီး ရှိမနေပါပေ။

လကွယ်ည ဖြစ်ပေသည်။

"ညဖက်က အရမ်းကို အန္တရာယ်များလွန်းတယ်၊ နင် မနက်ဖြန်ကျမှပဲ တက်တော့။ ပြီးတော့ နင်တို့အားလုံးလည်း စောစော ပြန်ကြဦး"

"ဒါဆို နင်ကော"

လီဝမ်ရှီးက ရွှီရှင်းကို မော့ကြည့်၍ မေးလိုက်၏။

ရွှီရှင်းသည် တယ်လီပို့ပေါ်တယ်ကို လှမ်းကြည့်လိုက်ပြီး "ငါ အပေါ်ကို သွားပြီး နောက်တစ်ခေါက် လှည့်ပတ်ကြည့်ဦးမယ်၊ မကြာခင် ပြန်လာခဲ့ပါ့မယ်" ဟု ဆို၏။

"ဒါဆိုရင်တော့ သတိထားဦးနော်"

လီဝမ်ရှီးက စိုးရိမ်တကြီး မှာကြားလိုက်ပေသည်။

"စိတ်ချပါ။ နင်တို့ အရင်ပြန်နှင့်ကြတော့၊ ငါ ဘယ်လောက်ကြာဦးမလဲဆိုတာ မသေချာလို့"

၎င်းတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် ရွှီရှင်းသည် ခရမ်းနက်ရောင် ဝဲကရက်ဖက်သို့ မျက်နှာမူလျက် အတွင်းသို့ ခုန်ဝင်လိုက်ပါတော့သည်။

ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်သွားပြီး တောင်ထိပ်သို့ တယ်လီပို့လုပ်ဆောင်နေခြင်း ဖြစ်သော်လည်း အရှိန်အဟုန်ဖြင့် ပြုတ်ကျသွားသည့် ခံစားချက်ကို ခံစားရဆဲ ဖြစ်ပေသည်။

မကြာမီမှာပင် သူသည် ဧရာမကျောက်တိုင်ကြီး၏ တောင်ထိပ်ပေါ်တွင် ထပ်မံ၍ မတ်တပ်ရပ်နိုင်ခဲ့ချေပြီ။

သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပြောင်းလဲခြင်း မရှိပါပေ ထိုကျောက်ဆစ်ရုပ်တုကြီးများ ရှိနေဆဲဖြစ်၏။

"ဟူး"

ပတ်ဝန်းကျင်က မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည့် ခဏ၌ ရွှီရှင်းသည် အေးနေသောရေကန်ကြီးအတွင်းသို့ ပစ်ချခံလိုက်ရသည့်အလား အသက်ရှူပင် မှားသွားခဲ့ရပြီး ၎င်း၏ လှံရှည်ကို ချက်ချင်းထုတ်ယူလျက် တိုက်ခိုက်မည့် အမူအရာကို ပြင်ဆင်လိုက်ပါတော့သည်။

ဘာတွေ ဖြစ်နေတာလဲဟ။

သူ၏ ခြေထောက်အောက်တွင်မူ တြိဂံပုံစံ တယ်လီပို့အမှတ်အသား ရှိနေဆဲ ဖြစ်ပေသည်။

သူ၏ ပတ်ဝန်းကျင်တွင်လည်း မလှုပ်မယှက်ရှိနေသော ရုပ်တုကြီးများ ရှိနေဆဲ ဖြစ်၏။

သို့သော်လည်း အဓိကပြဿနာမှာ မူလက တောင်အပြင်ဘက်သို့ မျက်နှာမူထားကြသော ထိုကျောက်ဆစ်ရုပ်တုကြီးများမှာ ယခုအခါတွင်မူ ဘယ်လိုနည်းဖြင့် လှည့်သွားကြတာလဲမသိချေ။

အပြင်ဘက်ဆုံး စက်ဝိုင်းမှစတင်၍ ကျောက်တိုင်တောင်ထိပ်၏ အလယ်ဗဟိုပိုင်းအထိ မူလက တောင်အပြင်ဘက်သို့ မျက်နှာမူကာ တိုက်ခိုက်ရန် ပြင်ဆင်ထားကြသော သားရဲရုပ်တုများအားလုံးမှာလှည့်သွားခဲ့ကြပြီး ယခုအခါ တောင်ထိပ်၏ အလယ်ဗဟိုပိုင်း ရွှီရှင်း မတ်တပ်ရပ်နေသည့် နေရာဆီသို့ မျက်နှာမူထားကြ၏။

သို့သော်လည်း ၎င်းတို့သည် တိုက်ခိုက်မည့် အမူအရာများကို ပြုလုပ်ထားကြခြင်း မဟုတ်ဘဲ အများစုမှာ ခေါင်းကို ငုံ့လျက် ဝပ်နေကြခြင်း ဖြစ်ပေသည်။

အကယ်၍ တစ်ကောင်ချင်းစီကို ခွဲခြား၍ ကြည့်ရှုမည်ဆိုပါက ဤသားရဲများသည် သာမန်အတိုင်း သက်တောင့်သက်သာ အနားယူနေကြသည့်အလား ထင်မှတ်ရပေသည်။

သို့သော်လည်း ရုပ်တုများအားလုံးက ကျောက်တိုင်တောင်ထိပ်၏ အလယ်ဗဟိုချက် တည့်တည့်ဆီသို့ မျက်နှာမူလျက် တစ်ပြိုင်နက်တည်း ဝန်းရံထားကြသော အခါတွင်မူ ခံစားချက်မှာ လုံးဝ ကွဲပြားသွားခဲ့ရပေသည်။

အခန်း ၄၇၃ ပြီး။

All Chapters