အခန်း ၄၇၄
Vol. 32 Ch. 474
အခန်း (၄၇၄) - ညအမှောင်၏ ထူးဆန်းမှုနှင့် တောင်ထိပ်သို့ ကျိချောင်းယန် ရောက်ရှိလာခြင်း ၂
ရွှီရှင်းသည် အလယ်ဗဟိုတည့်တည့်တွင် ရပ်နေမိရာ ကျောက်ဆစ်ရုပ်တုအားလုံး၏ ပူဇော်ပသမှုကို ခံယူနေရသည့်အလား ခံစားနေရပေသည်။
သူသည် မိမိနှင့် ဆယ်မီတာခန့်သာ ကွာဝေးသော ဧရာမရှူးပျံ ရုပ်တုကြီးဆီသို့ မော့ကြည့်လိုက်၏။
ဤရှူးပျံ ရုပ်တုကြီးနှစ်ခု၏ လှုပ်ရှားမှုများမှာလည်း ပြောင်းလဲသွားခဲ့ချေပြီ။
၎င်းတို့သည်လည်း အနောက်သို့ လှည့်သွားကြပြီး မီတာဆယ်ချီ ကျယ်ဝန်းလှသော အတောင်ပံကြီးများကို ပြန်လည်ရုပ်သိမ်းလျက် ခြေသည်းကဲ့သို့သော ခြေဖဝါးကြီးများဖြင့် မြေပြင်ကို မြဲမြံစွာ နင်းထားကြကာ ဧရာမ ခေါင်းကြီးများကို နှိမ့်ချ၍ ၎င်းတို့၏ ကျောက်စိမ်းလုံးမျက်လုံးများဖြင့် ရွှီရှင်း ရှိနေသည့် အလယ်ဗဟိုနေရာဆီသို့ စိုက်ကြည့်နေကြပေသည်။
ရွှီရှင်းသည် ၎င်းတို့၏ အကြည့်များနှင့် ဆုံမိလိုက်သောအခါ ရှူးပျံရုပ်တုကြီး၏ မျက်လုံးများအတွင်း၌ မှိန်ဖျော့လှသော သွေးနီရောင် အလင်းစီးကြောင်းတစ်ခု စီးဆင်းနေသည်ကို သတိပြုမိလိုက်၏။
သူသည် စက္ကန့်အနည်းငယ်ခန့် ကြက်သေ သေသွားခဲ့ပြီးမှ စိတ်ကို တဖြည်းဖြည်း ပြန်လည်လျှော့ချလိုက်ပေသည်။
အနည်းဆုံးတော့ ဤရုပ်တုများသည် သူ့ကို တိုက်ခိုက်ခြင်းမရှိသလို မည်သည့်လှုပ်ရှားမှုမျှလည်း ထပ်မံမပြုလုပ်ကြပါပေ။
လောလောဆယ်အခြေအနေတွင် ဘေးကင်းနေဆဲ ဖြစ်ပေသည်။
သို့သော်လည်း ယခုအခါတွင်မူ ဤရုပ်တုများသည် သေချာပေါက် အသက်ရှိနေကြောင်း သူ အခိုင်အမာ သိရှိသွားခဲ့ချေပြီ။
၎င်းမှာ ချန်ရင်တို့ မိသားစုနှင့် ဆင်တူပုံရပြီး တစ်ကိုယ်လုံး ကျောက်သားများ ဖြစ်နေကြသော်လည်း လွတ်လပ်စွာ လှုပ်ရှားနိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။
၎င်းတို့၏ ပြေးလွှားနိုင်စွမ်းမှာ သူ့ထက်ပင် လျော့နည်းလိမ့်မည် မဟုတ်ပါချေ။
ဘာကြောင့်နည်း..။
ဘာကြောင့် ဤကဲ့သို့သော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်နေရတာလဲပင်။
အခုက ညဖက်ရောက်သွားပြီး မှောင်မည်းသွားလို့လား...။
ကျောက်ဆစ်ရုပ်တုတွေက နေ့ဖက်နဲ့ ညဖက်မှာ အမူအရာတွေ ကွဲပြားနေတာများလား။
ဒါဆိုရင် ၎င်းတို့က ဘယ်အချိန်မှာ လှုပ်ရှားသွားကြပြီး ဘယ်အချိန်မှာ အသက်ဝင်လာကာ အလယ်ဗဟိုဆီသို့ တညီတညွတ်တည်း ဦးခိုက်နေကြသနည်း။
နေဝင်ရိုးရီအချိန် မှာလား...။
ဤရုပ်တုများသည် နေဝင်ချိန်တွင် အသက်ဝင်လာကြခြင်းလော။
ဤအတွေးများမှာ ရွှီရှင်း၏ စိတ်ထဲတွင် တစ်ခဏချင်းအတွင်း ဖြတ်သန်းသွားခဲ့ပေသည်။
ရွှီရှင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး ရှူးပျံရုပ်တုကြီး၏ အကြည့်များမှ လွှဲဖယ်ကာ အပြင်ဘက်ဆုံး စက်ဝိုင်းဆီသို့ လျှောက်လှမ်းသွားခဲ့၏။
သူသည် ရုပ်တုတစ်ခုကို လက်ဖြင့်ထိတွေ့ကာ ၎င်း၏ အချက်အလက်များကို စစ်ဆေးကြည့်ချင်ပြီး မည်သည့်အရာ ဖြစ်ပျက်လာမည်ကို သိရှိလိုသောကြောင့် ဖြစ်ပေသည်။
သို့သော်လည်း အတွင်းဘက်က အကောင်ကြီးများကိုတော့ ထိတွေ့ရန် မဝံ့ပါပေ။
အကယ်၍ မတော်တဆ ဤရှူးပျံကြီးနှစ်ကောင်ကို နှိုးမိသွားပါက သူ အငိုက်မိသွားနိုင်သောကြောင့် ဖြစ်၏။
သူသည် ရုပ်တုအုပ်စုကြားမှ ဖြတ်သန်းသွားကာ အပြင်ဘက်ဆုံးနယ်မြေသို့ ရောက်ရှိသွားခဲ့ပြီး သာမန်သားရဲရုပ်တုများထဲတွင် အသေးဆုံးဖြစ်သော ယုန်ဖြူလေး၏ ကျောက်ဆစ်ရုပ်တုတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ပေသည်။
အကယ်၍ ဤအကောင်လေး အသက်ပြန်ရှင်လာလျှင်ပင် ကြီးမားသော ပြဿနာတော့ ရှိမည်မဟုတ်ပါချေ။
ရွှီရှင်းသည် လက်ကိုဆန့်၍ ၎င်းကို ထိလိုက်ပေသည်။
[ယုန်ဖြူရုပ်တု ( မီးခိုးရောင်): လျှို့ဝှက်ဆန်းပြားသော ရုပ်တုတစ်ခု ဖြစ်ပြီး ထူးဆန်းလှသော သက်စောင့်ခွန်အားများ ကိန်းအောင်းနေပုံရသည်။]
မီးခိုးရောင်အဆင့်ရှိသော ရုပ်တုဖြစ်ပြီး ထူးဆန်းသော သက်စောင့်ခွန်အားများ ကိန်းအောင်းနေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပေသည်။
သူသည် ဤကဲ့သို့သော လျှို့ဝှက်ဆန်းပြားလှသော အချက်အလက်မျိုးနှင့် မစိမ်းပါပေ။
ပြီးခဲ့သည့်အကြိမ်က ချန်ရင်တို့ မိသားစု၏ ရုပ်တုများကို စစ်ဆေးစဉ်ကလည်း ဤကဲ့သို့သော အချက်အလက်မျိုးကိုပင် မြင်တွေ့ခဲ့ရခြင်းဖြစ်ပြီး စာလုံးတစ်လုံးမျှပင် ကွဲပြားခြားနားခြင်း မရှိပါပေ။
သို့သော်လည်း ကွာခြားချက်မှာ ချန်ရင်တို့ မိသားစု၏ ရုပ်တုများတွင်မူ အရည်အသွေး ပြသမှု ရှိခြင်း ဖြစ်ပေသည်။
၎င်းတို့ အသက်မဝင်သေးမီအချိန်က အစိမ်းရောင်အဆင့် အရည်အသွေးရှိသော ရုပ်တုများ ဖြစ်ကြပြီး အသက်ဝင်လာပြီးနောက်တွင်မူ အပြာရောင်အဆင့် အရည်အသွေးသို့ ပြောင်းလဲသွားခြင်း ဖြစ်၏။
ထိုစဉ်က ရုပ်တုများ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အစိမ်းရောင် သို့မဟုတ် အပြာရောင် အလင်းတန်းများကို သူ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပေသည်။
သို့သော်လည်း ဤရုပ်တုအုပ်စုမှာမူ...
ရွှီရှင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။
ရုပ်တုအားလုံးထံမှ မည်သည့်အလင်းတန်းမျှ ထွက်ပေါ်နေခြင်း မရှိပါပေ။
ဆိုလိုသည်မှာ ဤရုပ်တုအားလုံးသည် ဤယုန်ဖြူရုပ်တုကဲ့သို့ပင် မီးခိုးရောင်အဆင့်များ ဖြစ်ကြခြင်း ဖြစ်၏။
ဤအချက်က ဘာကို ဖော်ညွှန်းနေပါသနည်း။
ရွှီရှင်းလည်း သေချာမသိပါပေ။
သို့သော်လည်း မီးခိုးရောင်အဆင့်ဆိုသည်မှာ အဖြူရောင်အဆင့်၏ အောက်က နိမ့်ကျသော အဆင့်တစ်ခုမဟုတ်ဘဲ သူ ခွဲခြား၍မရနိုင်သော အဆင့်တစ်ခုဖြစ်ကြောင်း သူ သိရှိထားပေသည်။
ညစ်ညမ်းနေသော အသား များသည်လည်း မီးခိုးရောင်အဆင့် ဖြစ်ကြသော်လည်း ရွှီရှင်းအနေဖြင့် ညစ်ညမ်းအသားများ၏ အရည်အသွေးမှာ နေရာတကာတွင် တွေ့ရတတ်သော အဖြူရောင်အဆင့် ကျောက်တုံးများထက် နိမ့်ကျသည်ဟု လုံးဝမထင်ပါပေ။
ဖြစ်နိုင်သည်မှာ ရှင်ကျန်သူများ အသုံးမချနိုင်သော ဗီဇပြောင်းသက်ရှိများနှင့် သက်ဆိုင်သည့်အရာမှန်သမျှသည် အရည်အသွေးပိုင်းတွင် မီးခိုးရောင်အဖြစ်သာ ပြသနေခြင်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ ဤရုပ်တုများသည် အတော်လေး ထူးဆန်းလွန်းလှရာ မည်သည့်အချိန်တွင် အသက်ဝင်လာကြမည်ကို မည်သူမျှ မသိနိုင်ပါချေ။
တယ်လီပို့စနစ်ကြီး အပြည့်အဝ အသက်ဝင်သွားသည့် အခါတွင်လည်း ၎င်းတို့ အသက်ဝင်လာခြင်းမျိုး မရှိနိုင်လောက်ချေ။
အောက်ကို အရင်ဆုံး ပြန်ဆင်းတာက ပိုကောင်းပေလိမ့်မည်။
ဤအပေါ်တွင် ဆက်လက်နေထိုင်နေခြင်းမှာလည်း ဘာမှ ထူးခြားမည် မဟုတ်ပါချေ။
သူ ပြန်ရန်အလှည့်တွင် ချောက်ကမ်းပါး အစွန်းဖက်မှနေ၍ တောင်တက်နေသည့် အသက်ရှူသံသဲ့သဲ့ကို ရုတ်တရက် ကြားလိုက်ရပေသည်။
ဟင်...
အသံမှာ ချောက်ကမ်းပါး အစွန်းအောက်ဘက် မီတာဆယ်ဂဏန်းခန့်သာ ကွာဝေးသော နေရာမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး သူ စောစောက တောင်ပေါ်သို့ တက်လှမ်းခဲ့သည့် ခြေကုပ်နေရာနှင့် အလွန်ပင် နီးကပ်လှပေသည်။
ကျိချောင်းယန်လား။
သူသည် ထိုနေရာသို့ ချက်ချင်းပင် သွားရောက်ကာ ကိုယ်ကိုကိုင်း၍ အောက်ဘက်သို့ ငုံ့ကြည့်လိုက်တော့၏။
မှန်ပေသည်၊ တောင်ထိပ်နှင့် မီတာ နှစ်ဆယ် သုံးဆယ်ခန့်အကွာတွင် ကျိချောင်းယန်သည် အထက်သို့ ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် မြဲမြံစွာ တက်လှမ်းလာနေပေသည်။
၎င်း၏ အသက်ရှူသံမှာ အလျင်စလိုမဖြစ်ဘဲ ပင်ပန်းနွမ်းနယ်မှုကြောင့် အနည်းငယ် လေးလံနေခြင်းမျှသာ ရှိ၏။
၎င်းသည်လည်း အပေါ်ဘက်မှ အသံကို ကြားလိုက်ရပုံရပြီး မော့ကြည့်လိုက်ရာ ရွှီရှင်း၏ အကြည့်များနှင့် ဆုံမိသွားကြတော့သည်။
မီတာဆယ်ဂဏန်းခန့် ကွာဝေးသော အကွာအဝေးအတွင်းမှာပင် ၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး မြင်တွေ့လိုက်ရသဖြင့် အံ့သြသွားကြရပေသည်။
ဆီးနှင်းတောင်ပေါ်တွင်မူ လူတစ်ဦးချင်းစီမှာ လုံးဝ သီးခြားစီဖြစ်နေကြပြီး တစ်ဦးကိုတစ်ဦး သက်ရောက်မှု မရှိနိုင်ကြဘူး မဟုတ်ပါလော။
ရွှီရှင်း ထင်မှတ်ထားခဲ့သည်မှာ ၎င်းတို့နှစ်ဦးစလုံး တောင်ထိပ်ပေါ်သို့ ရောက်ရှိမှသာ ဆုံတွေ့နိုင်ကြမည်ဟု ဖြစ်၏။
ဖြစ်နိုင်သည်မှာ တိမ်တိုက်လွှာ၏ အပေါ်ဘက် ဤအလွန်ဘေးကင်းလှသော အဆင့်အတွင်း၌ ၎င်းတို့ အပြန်အလှန် ဆုံတွေ့နိုင်ပြီး ကူညီနိုင်ကြခြင်း ဖြစ်ပေလိမ့်မည်။
ရွှီရှင်းကို မြင်တွေ့လိုက်ရသောအခါ ကျိချောင်းယန်သည် တောင်တက်နှုန်းကို ပိုမိုမြှင့်တင်လိုက်ပြီး မကြာမီမှာပင် တောင်ထိပ်သို့ ရောက်ရှိကာ အပေါ်သို့ လှိမ့်တက်လိုက်ပေသည်။
ရွှီရှင်းသည် ၎င်းကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကူညီပေးလိုက်၏။
"မင်းကတော့ ငါ့ထက်အရင် တောင်ထိပ်ကို နောက်တစ်ကြိမ် ရောက်ခဲ့ပြန်ပြီပေါ့..."
ကျိချောင်းယန်သည် သက်ပြင်းရှည်ကြီး ချလိုက်ရင်း စကားဆိုရန် ပြင်လိုက်သော်လည်း ၎င်း၏ အနောက်က ရုပ်တုအုပ်စုကြီးကို မြင်တွေ့လိုက်ရသည့် ခဏ၌ လုံးဝ တိတ်ဆိတ်သွားခဲ့ရချေပြီ။
၎င်းသည်လည်း တောင်ထိပ်ပေါ်ရှိ နေရာအနှံ့အပြားတွင် ရှိနေကြသော ဤရုပ်တုအုပ်စုကြီးကြောင့် အံ့သြမှင်သက်သွားခဲ့ရခြင်း ဖြစ်ပေသည်။
"ဘယ်လိုလဲ၊ အတော်လေး ခန့်ညားထည်ဝါတယ် မဟုတ်လား။ ငါ စောစောက ရောက်တုန်းကဆိုရင် ယခုထက်တောင် ပိုပြီး ခန့်ညားသေးတယ်" ဟု ရွှီရှင်းက ရုပ်တုအုပ်စုကို လှမ်းကြည့်ရင်း ဆိုလိုက်ပေသည်။
သူ စတင်ရောက်ရှိစဉ်က ရုပ်တုအားလုံးမှာ တောင်အပြင်ဘက်သို့ မျက်နှာမူလျက် တိုက်ခိုက်မည့် အမူအရာများကို ပြုလုပ်ထားကြခြင်း ဖြစ်ပြီး ယခုအခါတွင်မူ ၎င်းတို့အားလုံးက အတွင်းဘက်သို့ မျက်နှာမူလျက် လိမ္မာစွာ ပူဇော်နေကြသည့် ပုံစံမျိုးဖြစ်နေသဖြင့် သူ စောစောက တောင်တက်စဉ်ကလောက်တော့ ကြောက်မက်ဖွယ် မကောင်းတော့ပါပေ။
"...ဒီရုပ်တုတွေက ပုံစံပြောင်းသွားတာလား"
ကျိချောင်းယန်သည် ရွှီရှင်း၏ စကားထဲက အဓိပ္ပာယ်ကို နားလည်သွားပြီး ၎င်းဖက်သို့ လှည့်ကာ "မင်း အပေါ်ကို ရောက်နေတာ ဘယ်လောက်တောင် ကြာပြီလဲ" ဟု မေးမြန်းလိုက်၏။
အခန်း ၄၇၄ ပြီး။