အခန်း ၄၇၆
Vol. 32 Ch. 476
အခန်း (၄၇၆) - ကမ္ဘာကြီး၏ တုံ့ပြန်မှုနှင့် ကျိချောင်းယန်၏ ကြုံတွေ့ခဲ့ရမှုများ
သူတို့နှစ်ဦး ဆီးနှင်းတောင်ပေါ်မှ ပြန်မဆင်းလာခင်ကတည်းက နယ်မြေချန်နယ်နှင့် ကမ္ဘာလုံးဆိုင်ရာ ချန်နယ် နှစ်ခုစလုံးတွင် ဆူညံပွက်လောရိုက်နေခဲ့ပြီ ဖြစ်ပေသည်။
ကမ္ဘာလုံးဆိုင်ရာ ချန်နယ် -
"ဟားဟားဟား နယ်မြေ ၁၈၈ က အကောင်းဆုံးပဲဟေ့"
"ငါတို့ နယ်မြေ ၁၈၈ က အသန်မာဆုံးကွ"
"ဒုတိယနေရာကလူလည်း နယ်မြေ ၁၈၈ ကပဲ။ ဒီလို ဆရာကြီးနှစ်ယောက် ရှိနေမှတော့ တခြားနယ်မြေတွေ ယှဉ်နိုင်ပါဦးမလား။ လာစမ်းပါ... သတ္တိရှိရင် ထွက်ခဲ့ကြဦး"
"ဆရာကြီးတို့ရေ... ကျွန်မတို့ နယ်မြေ ၁၂၃ ကို လာပြီး ခေါ်ဆောင်ပေးကြပါဦးရှင်..."
"တောင်ထိပ်ကရမယ့် ဆုလာဘ်တွေကို နယ်မြေတစ်ခုလုံးနဲ့ မျှဝေလို့ရတယ်လို့ ကြားတယ်။ အဲဒါ အတိအကျ ဘာကြီးလဲ၊ တကယ် သိချင်နေပြီ"
"ဘာပဲဖြစ်ဖြစ် နယ်မြေ ၁၈၈ ကတော့ ပိုပြီး သန်မာလာတော့မှာ အမှန်ပဲ..."
"ကံကောင်းလို့ အစွမ်းမရှိတဲ့ လူကြမ်းနှစ်ယောက် အရင်လုပ်နိုင်သွားတာပါ။ ငါတို့နယ်မြေက ဆရာကြီးတွေက ဇွတ်အတင်း မလုပ်ကြသေးဘဲ သတင်းစကားကိုပဲ စောင့်နေကြတာ။ လူကြမ်းတွေပဲ ဒီလိုမျိုး လှုပ်ရှားမှုကို အတင်းအကျပ် ပြီးအောင် လုပ်ဖို့ အလျင်စလို ဖြစ်ကြတာပေါ့"
"ဟင် ခုနက ယင်ကောင်တစ်ကောင် ဖြတ်ပျံရင်း အော်သွားတာလား"
"ဒီလို လျှောက်ပြောနေတဲ့လူက အဆင့်သုံးနေရာမှာရှိတဲ့ နယ်မြေ ၂၃ ကလား။ နှမြောဖို့ကောင်းတာက နင့်နယ်မြေက အဆင့်ပဲ မြင့်တာပါ။ နင်တို့ရဲ့ ရမှတ်တွေကို နှစ်ဆတိုးလိုက်ရင်တောင် နယ်မြေ ၁၈၈ ကို ကျော်တက်နိုင်မှာ မဟုတ်ဘူး"
"ငါက ခုနကလူ မဟုတ်ပေမဲ့၊ အဆင့် ဆယ်ယောက်စာရင်းထဲမှာတောင် ရှာမရတဲ့ နယ်မြေ ၅၄ ကလူက ငါတို့ နယ်မြေ ၂၃ ကို လာပြီး လက်ညှိုးထိုးရမယ့် နေရာမဟုတ်ဘူးနော်။ ထူးဆန်းတယ်... ဘာလို့ ထိပ်ဆုံး ဆယ်ယောက်စာရင်းထဲမှာ နယ်မြေ ၅၄ ကို ရှာမရတာလဲ"
"သတိရှိတာ ဟုတ်လား။ နင်တို့နယ်မြေက ဆရာကြီးဆိုတဲ့လူက လှုပ်ရှားမှု စတင်ပြီးတာနဲ့ ချက်ချင်း ကြောက်လန့်ပြီး လက်လျှော့လိုက်တာ မဟုတ်ဘူးလား။ အို... အခွင့်အရေး သုံးကြိမ်မှာ တစ်ကြိမ်တောင် ဆုံးရှုံးသွားပြီလေ။ ဒီလိုလူကို ဆရာကြီးလို့ ခေါ်တာလား။ ရယ်ချင်လိုက်တာ။ ငါ့မှာ ကျန်တဲ့ အခွင့်အရေးက နင်တို့နယ်မြေက ဆရာကြီးတွေထက်တောင် ပိုများသေးတယ်။ ဟားဟား"
တစ်ကမ္ဘာလုံးတွင် ဆီးနှင်းတောင်ပေါ်သို့ တက်ရန် ကြိုးပမ်းသူ အများအပြားမှာ ဤလှုပ်ရှားမှုကို စတင်ခဲ့ကြပေသည်။
သို့သော်လည်း အများစုမှာ လက်လျှော့ရန်သာ ရွေးချယ်ခဲ့ကြပြီး စတင်ခြင်းကို အခြေခံထားသည့် လှုပ်ရှားမှု စည်းကမ်းချက်များကို ကမ္ဘာလုံးဆိုင်ရာ ချန်နယ်ပေါ်တွင် တင်ပေးခဲ့ကြ၏။
ယခုအခါ လူတိုင်းမှာ စည်းကမ်းချက်များကို အခြေခံအားဖြင့် ရှင်းလင်းစွာ သိရှိသွားကြပြီဖြစ်ရာ အများစုမှာ ဆီးနှင်းတောင်ပေါ်သို့ မတက်ဝံ့ကြတော့ပါပေ။
၎င်းကို မစတင်သရွေ့ သူတို့နှင့် မသက်ဆိုင်သကဲ့သို့ ရှိနေခြင်းနှင့် ဆုလာဘ်များကိုလည်း မျှဝေခံစားနိုင်ခြင်းကြောင့် ဖြစ်၏။
တစ်ဦးဦးက ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက ၎င်းတို့လည်း ခွဲဝေရရှိမည် မဟုတ်ပါလော။
ထို့ကြောင့် တစ်နေ့လုံးတွင် ဆီးနှင်းတောင်ပေါ်သို့ တက်ဝံ့သူ အနည်းငယ်မျှသာ ရှိတော့ပေသည်။
"နယ်မြေ ၁၈၈ က ဆရာကြီးတွေကိုပဲ အားကိုးရတော့မယ်"
"မငြင်းကြပါနဲ့တော့၊ ဆရာကြီးတွေက လမ်းခင်းပေးထားတာပဲကို၊ အဲ့တာက ကောင်းမွန်တဲ့ အရာတစ်ခု မဟုတ်ဘူးလား"
"လမ်းခင်းပေးတယ် ဟုတ်လား။ နယ်မြေ ၁၈၈ က လူတွေက ပြင်ပလူတွေကို မဟာဗျူဟာတွေ ပေးလိမ့်မယ်လို့ ထင်နေတာလား။ နယ်မြေအချင်းချင်း ယှဉ်ပြိုင်နေရတာလေ"
"လာပြန်ပြီ... ယှဉ်ပြိုင်လိုစိတ် ပြင်းထန်တဲ့ကောင် ပြန်လာပြီ၊ ပုံစံခွက်အတိုင်းပဲ"
"ဘာလို့ အမြဲတမ်း ယှဉ်ပြိုင်ချင်တဲ့လူတွေ ရှိနေရတာလဲ။ အဲ့ကောင်က နယ်မြေ ၁ ကလား။ ဒုတိယနေရာကလူက ပထမနေရာကလူကို မကြည့်ရက်ဘူး ဖြစ်နေတာလား။ နယ်မြေ ၁ ရဲ့ စိတ်ဓာတ်က ဒီလောက်အထိ ကျဉ်းမြောင်းတာလား"
"တစ်ဦးချင်းစီရဲ့ ကိစ္စတွေကို နယ်မြေထဲ ဆွဲမသွင်းပါနဲ့။ နယ်မြေခွဲခြားမှုကို ငြင်းပယ်ပါတယ်။ ငါတို့ နယ်မြေ ၁ ကတော့ လူတိုင်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ အပြန်အလှန် တိုးတက်မှုကိုပဲ အမြဲတမ်း ရှေ့ရှုပါတယ်။ ငါတို့ အရင်းအမြစ် အတော်များများကိုလည်း ထုတ်ပေးထားပြီးပြီဖြစ်လို့၊ အနာဂတ်မှာ အားလုံးသော ရှင်ကျန်သူတွေ နယ်မြေ ၁ မှာ လာရောက်အခြေချဖို့ ကြိုဆိုပါတယ်"
"နယ်မြေ ၁ က တကယ်ကို ကောင်းပါတယ်။ ကျွန်မရဲ့ သံလက်နက်ကိုလည်း သူတို့ဆီကပဲ ဝယ်ခဲ့တာ"
"အစ်ကိုရွှီနဲ့ အစ်ကိုကျိတို့ရေ... လှုပ်ရှားမှုရဲ့ မဟာဗျူဟာတွေကို မျှဝေပေးကြပါဦး"
ကမ္ဘာလုံးဆိုင်ရာ ချန်နယ်တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေသော်လည်း ၎င်းတို့၏ သတင်းစကားများမှတစ်ဆင့် အမျိုးမျိုးသော နယ်မြေများ၏ လက်ရှိအခြေအနေများကို စုဆောင်းသိရှိနိုင်ပေသည်။
ကြည့်ရသည်မှာ နယ်မြေအများစုမှာ ဇွတ်အတင်း မလှုပ်ရှားကြသေးဘဲ ရှေ့ဆောင်လမ်းပြသူများထံမှ သတင်းအချက်အလက်များကို ရရှိမှသာ ဤလှုပ်ရှားမှုတွင် ပါဝင်ရန် စောင့်ဆိုင်းနေကြပုံရ၏။
ထိပ်ဆုံးအဆင့်ရှိသူ အများအပြားမှာလည်း ဤဖြစ်ရပ်ကို ငြင်းပယ်ရန် အခွင့်အရေး လွတ်သွားခဲ့ကြခြင်း ဖြစ်နိုင်ပေသည်။
ပြန်လည်၍ နယ်မြေ ၁၈၈ ၏ နယ်မြေချန်နယ်သို့ ကြည့်လိုက်လျှင်မူ ရွှီရှင်း၏ အမည်မှာ တစ်ကမ္ဘာလုံးသို့ ထုတ်လွှင့်ကြေညာသွားပြီးနောက် ကြီးမားသော အံ့သြမှုကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းနောက် ကျိချောင်းယန်၏ အမည် ထပ်မံပေါ်ထွက်လာခြင်းက နောက်ထပ်တစ်ကြိမ် အောင်ပွဲခံ ဆင်နွှဲမှုများကို ဖြစ်ပေါ်စေခဲ့ပြန်သည်။
"အစ်ကိုရွှီနဲ့ အစ်ကိုကျိတို့ကတော့ တကယ့်ကို အစွမ်းထက်တာပဲ"
"ငါတို့ နယ်မြေက ပထမနဲ့ ဒုတိယနေရာကို နောက်တစ်ကြိမ် ထပ်ယူနိုင်ခဲ့ပြန်ပြီ"
"ဟားဟားဟား ဂုဏ်ယူလိုက်တာ ကျွန်တော် ကမ္ဘာလုံးဆိုင်ရာ ချန်နယ်မှာ နယ်မြေ ၁၈၈ ရဲ့ တံဆိပ်နဲ့ စကားပြောနေတာ။ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပဲ"
"နင်ကတော့ အဆင့်အတန်း ပိုရှိဖို့အတွက် ဆရာကြီးတွေရဲ့ အနားမှာပဲ ကပ်နေဖို့ လိုဦးမယ်"
"စူးစမ်းရှာဖွေသူတို့ရေ... ကျွန်တော့်ကို ရှာပြီး ခေါ်သွားပေးကြပါဦး"
"ကျွန်တော် သန်မာပါတယ်၊ ဘာမဆို လုပ်နိုင်တယ်"
"ကျွန်မကတော့ နူးညံ့တဲ့ ခန္ဓာကိုယ် ရှိတာမို့၊ ကျွန်မကို ဘာမဆို လုပ်လို့ရပါတယ်"
"ဒီနေ့ မောင်နှမနှစ်ယောက်ကို အဲ့နေရာကို ခေါ်သွားတယ်လို့ ကြားတယ်။ ကျွန်မတော့ တကယ့်ကို မနာလိုဖြစ်မိတယ်"
လူတိုင်း၏ စူးစမ်းရှာဖွေသူများအပေါ် ယုံကြည်မှုနှင့် အားကိုးလိုစိတ်မှာ သိသိသာသာ မြင့်တက်လာခဲ့ချေပြီ။
စူးစမ်းရှာဖွေသူများထဲတွင်မူ တောင်ပေါ်သို့ တက်ရောက်ခြင်းမရှိခဲ့ကြသော သုံးဦးဖြစ်သည့် ချင်ယွန်လုံ၊ ချင်ယွန်ဟု နှင့် ဝမ်လေ့ တို့သည် ရွှီရှင်း လှုပ်ရှားမှုပြီးမြောက်သွားပြီးနောက် အဖွဲ့တွင်း၌ စကားများစွာ ပြောဆိုခဲ့ကြပေသည်။
တယ်လီပို့ပေါ်တယ်များ မရှိသဖြင့် လူချင်းဆုံတွေ့ရန် ခက်ခဲသောကြောင့် စူးစမ်းရှာဖွေသူများ အဖွဲ့တွင်း၌သာ ဆက်သွယ်နိုင်ခြင်း ဖြစ်၏။
ဝမ်လေ့ - "အစ်ကိုရှင်းက ပထမပဲ တကယ့်ကို အစွမ်းထက်တယ်"
ချင်ယွန်လုံ - "လှုပ်ရှားမှု ပြီးသွားပြီဆိုတော့ ငါတို့ အခုဆိုရင် သူ့ကို ဆက်သွယ်လို့ ရနေလောက်ပြီ မဟုတ်လား။ တောင်ထိပ်ပေါ်မှာ ဘာတွေရှိနေလဲဆိုတာ ငါ တကယ် သိချင်နေပြီ"
ချင်ယွန်ဟု - "အခုတော့ မလုပ်တာ အကောင်းဆုံးပဲ"
ဝမ်လေ့ - "ဟုတ်တယ်၊ အစ်ကိုရှင်းက တောင်ထိပ်ပေါ်ကို အခုလေးတင် ရောက်တာ။ အပေါ်မှာ ဘာတွေရှိနေလဲဆိုတာ ပြောဖို့ခက်တယ်၊ အခုအချိန်မှာ သူ့ကို သွားပြီး မနှောင့်ယှက်တာက ပိုကောင်းလိမ့်မယ်"
ချင်ယွန်လုံ - "ဒါလည်း ဟုတ်တာပဲ"
ဝမ်လေ့ - "ငါ ကမ္ဘာလုံးဆိုင်ရာ ချန်နယ်ကို သွားပြီး ခဏလောက် ကြွားလုံးထုတ်လိုက်ဦးမယ်။ ဟားဟား၊ အစ်ကိုရှင်းက အစွမ်းထက်တယ်ကွ။ ဒါနဲ့... အမည်မဖော်ဘဲ နယ်မြေကိုပဲ ပြသတာဆိုတော့၊ ငါကိုယ်တိုင် ရွှီရှင်းပါလို့ သွားပြောရင်လည်း ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ ဟားဟား..."
ချင်ယွန်ဟု - "မင်း နောက်ကျသွားပြီ၊ လူအတော်များများက ရွှီရှင်းအယောင်ဆောင်ပြီး ပြောနေကြပြီ"
ဝမ်လေ့ - "ဘာကြီး"
ကျိချောင်းယန်၏ အမည် ပေါ်ထွက်လာပြီးနောက်တွင်မူ -
ဝမ်လေ့ - "ဝါး... အစ်ကိုကျိလည်း ပြီးသွားပြီပဲ။ ဒုတိယမြောက် ပြီးမြောက်သူပေါ့"
ချင်ယွန်လုံ - "ဒီနှစ်ယောက်ကတော့ အမြဲတမ်း စိတ်ချရတာပဲ၊ ငါတော့ တကယ် မအံ့သြပါဘူး။ ဝမ်ကွေ့ရှင်းနဲ့ ကျောက်ရှောင်ချွမ်းတို့မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ မြှင့်တင်မှုတွေ ရှိနေတာတောင် ခုနှစ်ယောက်ထက် ပိုပြီး နှေးကွေးနေကြတုန်းပဲ"
ဝမ်လေ့ - "ဒီနှစ်ယောက်က ခဏလောက် ပြင်ဆင်နေခဲ့ကြတာလေ၊ သူတို့က ဒီနေ့နံနက် ဆယ်နာရီကျမှ စပြီး တောင်တက်ခဲ့ကြတာ။ အစ်ကိုရှင်းနဲ့ အစ်ကိုကျိတို့ထက် နှစ်နာရီလောက် နောက်ကျတာပေါ့။ သူတို့ တောင်တက်တာက အခုဆိုရင် ခြောက်နာရီ သို့မဟုတ် ခုနစ်နာရီလောက်ပဲ ရှိသေးတာ။ အချိန်က ထက်ဝက်လောက် ကျန်သေးတာပဲဥစ္စာ။ အလျင်စလို မဖြစ်ပါနဲ့၊ အဲ့နှစ်ယောက်လည်း သေချာပေါက် ရောက်မှာပါ"
လီဝမ်ရှီး - "ဝါး... နင်တို့ကို မေ့နေခဲ့တာ။ ခုနတင် ရွှီရှင်းက တစ်ခေါက် ပြန်လာခဲ့သေးတယ်။ သူ ကျွန်မတို့ကို တောင်ထိပ်ပေါ်က အခြေအနေတွေကို ပြောပြသွားတယ်"
ချင်ယွန်ဟု - "..."
ဝမ်လေ့ - "အာ အစ်ကိုရှင်းက တကယ်ပဲ သစ်ပင်အိမ်ကို ပြန်ရောက်ခဲ့တာလား"
ချင်ယွန်လုံ - "ခဏ ပြန်လာတာ ဟုတ်လား။ ဒါဆို သူ ထပ်ပြီး ထွက်သွားပြန်ပြီလား"
ချီရွှယ်ဖေး - "သူက စူးစမ်းဖို့အတွက် တောင်ထိပ်ပေါ်ကို ပြန်သွားတာ၊ ဒါပေမဲ့ ယခုအချိန်မှာတော့ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့ တောင်ထိပ်ပေါ်မှာ တွေ့နေကြလောက်ပြီ ထင်တယ်"
ရွှီရှင်း - "ငါတို့ ခုနတင် ဆီးနှင်းတောင်ပေါ်က ဆင်းလာခဲ့တာ၊ အခု ချက်ချင်း ပြန်လာနေပြီ"
ကျိချောင်းယန် - "နင်တို့ အားလုံး ရွှီရှင်းရဲ့ သစ်ပင်အိမ်မှာပဲ ရှိနေကြသေးတာလား။ အဲ့နေရာမှာပဲ နေခဲ့ကြပါဦး၊ ငါတို့ အတူတူ ဆွေးနွေးကြတာပေါ့"
ဝမ်လေ့ - "အစွမ်းထက်တယ် အစ်ကိုရှင်း။ တကယ်အစွမ်းထက်တယ် အစ်ကိုကျိ"
လီဝမ်ရှီး - "ငါတို့ အဲ့နေရာမှာ မရှိတော့ဘူး။ အခု မှောင်နေပြီလေ ခေါ်လာခဲ့တဲ့လူတွေက ဖေးအာရဲ့ သစ်ပင်အိမ်မှာ မသက်မသာ ဖြစ်နေကြပုံရတာမို့ စိုက်ပျိုးရေးသစ်ပင်အိမ်ဆီကို အရင်ဆုံး ပို့ပေးထားတာ။ ငါ အလုပ်ပြီးရင် လာခဲ့ပါ့မယ်"
ချီရွှယ်ဖေး - "ကျွန်မဖက်က လူနှစ်ယောက်ကတော့ နယ်မြေ ၁၈၈ က လူတွေဖြစ်လို့ ဝမ်ရှီးဖက်ကထက်စာရင် စီမံရတာ ပိုပြီး လွယ်ကူပါတယ်။ ကျွန်မ ဒီမှာ အလုပ်ပြီးပြီမို့ အခုပဲ လာခဲ့ပါ့မယ်"
ချင်ယွန်လုံ - "...တောင်ထိပ်ပေါ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ ငါ တကယ် သိချင်နေပြီ"
ချီရွှယ်ဖေး - "သူတို့အားလုံး အလုပ်ရှုပ်နေကြတာမို့၊ ကျွန်မပဲ ရှင်းပြပေးပါ့မယ်..."
...
ရွှီရှင်းနှင့် ကျိချောင်းယန်တို့ သစ်ပင်အိမ်သို့ လျှောတိုက်ပြန်လည်ရောက်ရှိသွားသောအခါ ချီရွှယ်ဖေးနှင့် လုဖေးအာတို့သည် သစ်ပင်အိမ်အောက်၌ စကားပြောဆိုရင်း စောင့်ဆိုင်းနေကြပြီ ဖြစ်ပေသည်။
တယ်လီပို့ထွက်ပေါက်ကလည်း ရုတ်တရက် ပွင့်ဟသွားပြီး လီဝမ်ရှီးသည် ၎င်းအတွင်းမှ ခုန်ထွက်လာကာ သူမ၏ ခြေထောက်အောက်က နှင်းပြင်ပေါ်သို့ နှင်းလျှောစီးဘုတ်ကို လျင်မြန်စွာ ချလိုက်၏။
သူမသည် ချက်ချင်းပင် မော့ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦး သစ်ပင်အိမ်ဆီသို့ ချဉ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် လက်လှမ်းပြကာ "ရွှီရှင်း၊ ကျိချောင်းယန်၊ နင်တို့ ပြန်လာကြပြီပဲ" ဟု အော်ဟစ်လိုက်ပေသည်။
သူမ၏အသံကြောင့် သစ်ပင်အိမ်အောက်က အမျိုးသမီးနှစ်ဦးမှာလည်း အာရုံစိုက်လာကြတော့၏။
ရွှီရှင်းသည် သူမ၏ဘေးသို့ လျှောတိုက်ရောက်ရှိသွားခဲ့ရာ လီဝမ်ရှီးသည် ဘာမှမပြောတော့ဘဲ သူ၏ နှင်းလျှောစီးဘုတ်ပေါ်သို့ ခုန်တက်လိုက်ပြီး သူမ၏ ကိုယ်ပိုင်ဘုတ်ကို ပြန်လည်သိမ်းဆည်းလိုက်ပေသည်။
"နင့်ဖက်က လူနှစ်ယောက်ကိုကော သေသေချာချာ စီမံပေးခဲ့ပြီလား" ဟု ရွှီရှင်းက သူမကို ပွေ့ဖက်လျက် သစ်ပင်အိမ်ဆီသို့ လျှောတိုက်သွားရင်း မေးမြန်းလိုက်၏။
"အင်း၊ ဒီနယ်မြေက လူနှစ်ယောက်က သတ္တုမတူးချင်ကြဘူးလို့ ပြောတာမို့ အစ်မရွှယ်ဖေးကပဲ ခေါ်သွားပေးတယ်။ နယ်မြေ ၁၈၇ က ကျွန်မရဲ့ လူနှစ်ယောက်ကိုတော့ ဖေးအာက လုံးဝ ဖြေရှင်းပေးခဲ့ပြီးပြီ၊ တကယ့်ကို လိမ္မာကြပါတယ်။ ပြီးတော့..."
သူမသည် ရွှီရှင်း၏ ခါးကို ဖက်တွယ်ထားဆဲဖြစ်ပြီး မော့ကြည့်ကာ ပြုံးလျက် "နင့်ရဲ့ နာမည်က တကယ်ပဲ နာမည်ကြီးနေတာ။ သူတို့က ဒီနေရာကို ရောက်ရတာ တကယ့်ကို ကံကောင်းတယ်လို့ ထင်နေကြတာ၊ ပြီးတော့ ယွီကျန့်နဲ့ လဲ့ယိုဖန်းတို့ကလည်း သူတို့ကို အလွယ်တကူ စည်းရုံးပေးခဲ့ကြတာမို့ သူတို့ရဲ့ သစ္စာစောင့်သိမှုက တကယ့်ကို မြင့်မားလှတယ်" ဟု ဆို၏။
"ဒါပေမဲ့လည်း သတိတော့ ထားဦး။"
ရွှီရှင်းက ခေါင်းညိတ်ကာ "အကူအညီ လိုအပ်ရင် ငါ့ကို ပြောပါ" ဟု ဆိုလိုက်ပေသည်။
"ကောင်းပါပြီ ဩော်... ဟုတ်သားပဲ"
လီဝမ်ရှီးသည် သစ်ပင်အိမ်မျိုးစေ့တစ်ခုကို ထုတ်ယူလိုက်ပြီး "ဒါက နင့်အတွက် မျိုးစေ့။ အဲ့တာကငါတို့ မှာပိုနေတဲ့အရာ။ ငါက နင့်ရဲ့ ကပ်ပါးသစ်ပင်အိမ် နေရာတစ်ခုကို ယူထားတာဆိုတော့ နင်ပဲ ထပ်ပြီး စိုက်ပျိုးထားလိုက်တော့" ဟု ဆို၏။
"ကောင်းပြီ၊ ဒါဆို ငါ့ကို ပေးပါ"
ရွှီရှင်း ထိုမျိုးစေ့ကို လက်ခံလိုက်ပေသည်။
သူသည် သာမန်ရှင်ကျန်သူများကို လက်ခံရန် မလိုအပ်သော်လည်း ကပ်ပါးသစ်ပင်အိမ်များကိုမူ ကြိုဆိုဆဲ ဖြစ်၏။
ဤကပ်ပါးသစ်ပင်အိမ်များတွင် မြောက်မြားလှစွာသော လုပ်ဆောင်ချက်များ ရှိသောကြောင့် ဖြစ်ပေသည်။
၎င်းတို့သည် သစ်ပင်အိမ်၏ အောက်ခြေသို့ လျှောတိုက်ရောက်ရှိသွားကြတော့၏။
"နင် ဘယ်လိုနေသေးလဲ။ ဒဏ်ရာတစ်ခုခု ရခဲ့သေးလား"
ချီရွှယ်ဖေးက ကျိချောင်းယန်ကို စိုးရိမ်တကြီး မေးမြန်းလိုက်ပေသည်။
"နင့်ရဲ့ ဆေးတွေ ရှိနေတာပဲဥစ္စာ၊ ငါ ဘာလို့ ဒဏ်ရာတွေအတွက် စိုးရိမ်နေရမှာလဲ"
ကျိချောင်းယန်က ပြုံးလျက် ဆို၏။
"အပေါ်ကို တက်ကြစို့"
ရွှီရှင်းက အားလုံးကို ဦးဆောင်ကာ သစ်ပင်အိမ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
"အီး..."
၎င်းတို့ အတွင်းသို့ ဝင်ရောက်သွားသည်နှင့် တံခါးဝပြတင်းပေါက်နားတွင် စောင့်ဆိုင်းနေခဲ့သော ခဲခဲလေးသည် ရွှီရှင်း၏ ရင်ခွင်အတွင်းသို့ ချက်ချင်းပင် ထပ်မံခုန်ဝင်လာခဲ့ပြန်၏။
ရွှီရှင်းသည် ခဲခဲလေး၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ဆိုဖာပေါ်တွင် ထိုင်ချလိုက်ရာ လီဝမ်ရှီးကလည်း သူ့အနားသို့ မှီထိုင်လိုက်ပြီး အခြားသူများကလည်း ပတ်ဝန်းကျင်တွင် ဝိုင်းထိုင်လိုက်ကြပေသည်။
"...နင်တို့အားလုံး ညစာ မစားရသေးကြဘူး မဟုတ်လား။ ကျွန်မ တစ်ခုခု သွားချက်ပြုတ်လိုက်ပါ့မယ်" ဟု ဆိုကာ လုဖေးအာသည် ဗလာဖြစ်နေသော စားပွဲခုံကို ကြည့်ရင်း ယဉ်ကျေးစွာဖြင့် မတ်တပ်ရပ်လျက် ညစာပြင်ဆင်ရန် ပြင်လိုက်၏။
"မလိုပါဘူး၊ နင်က ဒီစကားတွေကို ကြားဖို့အသင့်တော်ဆုံးလူ ဖြစ်ရမှာ။"
ရွှီရှင်းက လုဖေးအာကို တားဆီးလိုက်ပြီး ထိုင်ရန် လက်ဟန်ပြလိုက်ကာ "နင်က မနက်ဖြန် တောင်တက်ရမယ့်သူလေ။ နင် ငါ့ရဲ့ အတွေ့ကြုံတွေကို ကြားပြီးပြီဆိုတော့၊ အခု ကျိချောင်းယန်ရဲ့ အတွေ့ကြုံတွေကိုလည်း ဆက်ပြီး နားထောင်လိုက်ဦး" ဟု ဆို၏။
"ကောင်းပါပြီ။" လုဖေးအာက ခေါင်းညိတ်ကာ ပြန်လည်ထိုင်ချလိုက်ပေသည်။
ကျိချောင်းယန်သည် သူ၏ ကြုံတွေ့ခဲ့ရမှုများကို စတင်၍ ပြန်လည်ပြောပြပါတော့သည်။
ရွှီရှင်းကဲ့သို့ပင် သူသည်လည်း မီတာ ၅၀ မှ မီတာ ၃၀၀ အထိရှိသော ချောကျိကျိနယ်ပယ်နှင့်၊ မီတာ ၃၀၀ မှ မီတာ ၇၀၀ အထိရှိသော အလွန်အမင်း အေးစက်လှသော နယ်ပယ်များကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်၏။
အေးစက်လှသော နယ်ပယ်အတွင်း၌ သူသည် မည်သည့်ဂူကိုမှ စူးစမ်းခဲ့ခြင်းမရှိသလို မည်သည့်ဗီဇပြောင်း အမေရိကန်လင်းယုန်များနှင့်လည်း ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ ဆီးနှင်းတောင်၏ အလယ်ဗဟိုပိုင်း ချိုင့်ဝင်နေသော ဟင်းလင်းပြင်နေရာသို့ ချောမွေ့စွာ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။
ဤနေရာတွင်မူ သူ၏ ကြုံတွေ့ခဲ့ရမှုမှာ ရွှီရှင်းနှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့ရ၏။
ရွှီရှင်းနှင့်မတူဘဲ သူသည် ဧရာမ လင်းတအုပ်ကြီးနှင့် ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ အထက်သို့ ဆက်တိုက် တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
လင်းတတွေရဲ့ တိုက်ခိုက်မှု မရှိခဲ့ဘူး ဟုတ်လား...။
"အဲဒီနယ်ပယ်ထဲကို ဝင်ပြီးတာနဲ့၊ ငါ့ရဲ့ ရှေ့ဖြစ်ဟောမြင်ကွင်း ထဲမှာ မြင်ခဲ့ရတဲ့ မြင်ကွင်းက အဲ့နေရာမှာ ရှိနေမှန်း ငါ ရုတ်တရက် သဘောပေါက်လိုက်တယ်" ဟု ကျိချောင်းယန်က ဆိုလိုက်ရာ ပတ်ဝန်းကျင်ရှိလူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်ပေသည်။
"အခုတစ်ခေါက် နင့်ရဲ့ ရှေ့ဖြစ်ဟောမြင်ကွင်း က ဘာလဲ။ နင် ငါတို့ကို မပြောပြရသေးဘူးလေ"
လီဝမ်ရှီးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"အများကြီးတော့ ပြောစရာမရှိပါဘူး။"
ကျိချောင်းယန်က ရှင်းပြကာ "ယခုတစ်ခေါက် ငါ့ရဲ့ ဗျာဒိတ်က ဂူတစ်ခုနဲ့ တူလှတဲ့ မြင်ကွင်းတစ်ခုပဲ၊ ငါ အဲ့နေရာမှာ အဝင်ဝလိုမျိုးတစ်ခုကို ရှာတွေ့လို့ အတွင်းထဲကို ဝင်သွားခဲ့တာ" ဟု ဆို၏။
"မင်း အဲ့တာက ဗီဇပြောင်းလူသားတွေနဲ့ သက်ဆိုင်နေတယ်လို့ ပြောခဲ့တာကို ငါ မှတ်မိတယ်" ဟု ရွှီရှင်းက ရင်ခွင်ထဲတွင် အိပ်ငိုက်နေပြီဖြစ်သော ခဲခဲလေးကို ပွတ်သပ်ပေးရင်း မေးမြန်းလိုက်ပေသည်။
"ဟုတ်တယ်၊ ဒါက ငါ အခု ရှင်းပြမယ့် အချက်ပဲ။"
ကျိချောင်းယန်က ဆို၏။
ထိုနယ်ပယ်အတွင်းရှိ ဧရာမတောင်နံရံ၏ ကျောက်နံရံနက်နက်ထဲတွင် သူသည် ဂူအဝင်ဝတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။
၎င်းမှာ သူ၏ ဗျာဒိတ်ထဲတွင် မြင်တွေ့ခဲ့ရသော အဝင်ဝဖြစ်သဖြင့် သူသည် အများကြီး တွေဝေမနေတော့ဘဲ လက်နက်ကို ထုတ်ယူကာ သတိကြီးစွာဖြင့် အတွင်းသို့ လှမ်းဝင်ခဲ့ပေသည်။
ဂူအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သူသည် တစ်ကိုယ်လုံး အမွေးအမျှင်များ ပြည့်နှက်နေသော သားရဲဆိုးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည့် ဗီဇပြောင်းလူသား တစ်ဦးကို ချက်ချင်း မြင်တွေ့လိုက်ရပေသည်။
"ဆီးနှင်းတောင်ထဲမှာ ဗီဇပြောင်းလူသား တကယ် ရှိနေတာပေါ့"
လီဝမ်ရှီးက အံ့သြတကြီး ရေရွတ်လိုက်၏။
"အင်း... ဒါပေမဲ့ ကျွန်မတို့ အမျိုးအစားနဲ့တော့ တူပုံမပေါ်ဘူး" ဟု လုဖေးအာက တိုးတိုးလေး ဆိုလိုက်ပေသည်။
ထိုအမွေးအမျှင်များနှင့် သတ္တဝါကြီးသည် ကျိချောင်းယန်ကို မြင်သည်နှင့် အော်ဟစ်လိုက်ပြီး ကျိချောင်းယန်က တိုက်ခိုက်မှုကို ကာကွယ်ရန် ခံစစ်ပြင်ဆင်လိုက်သည့် အချိန်မှာပင် ၎င်းသည် ရုတ်တရက် အနောက်သို့ လှည့်ကာ ထွက်ပြေးသွားပြီး ထောင့်ချိုးတစ်ခုအတွင်းသို့ ပျောက်ကွယ်သွားခဲ့ချေပြီ။
တစ်ပြိုင်နက်တည်းမှာပင် ၎င်း၏ အနောက်ဘက်က ဂူအဝင်ဝသည် ယခင်က ဧရာမဦးခေါင်းကြီး၏ ပါးစပ်ကဲ့သို့ပင် ကျောက်နံရံများက အလိုအလျောက် ရွေ့လျားလာပြီး ပြန်လည်ပိတ်ဆို့သွားခဲ့ပါတော့သည်။
"ဗီဇပြောင်းလူသား... ပြီးတော့ အဝင်ဝက ပိတ်သွားတယ်..."
ရွှီရှင်းက တိုးတိုးလေး ရေရွတ်လိုက်မိ၏။
"ငါ သံသယဖြစ်တာကတော့ အဲ့တာကို ဗီဇပြောင်းလူသားက ထိန်းချုပ်ထားတာပဲ ဖြစ်ရမယ်" ဟု ကျိချောင်းယန်က လေးနက်သော အမူအရာဖြင့် ဆိုလိုက်ပေသည်။
သူသည် ထိုအမွေးပွသတ္တဝါကြီး၏ အနောက်သို့ ချက်ချင်းပင် လိုက်လံဖမ်းဆီးခဲ့သော်လည်း ရှေ့တွင် လမ်းခွဲသုံးခုကိုသာ ရှာဖွေတွေ့ရှိခဲ့ရ၏။
ထိုအချိန်ကျမှသာ သူ သဘောပေါက်လိုက်သည်မှာ ဤဆီးနှင်းတောင်ကြီး၏ အတွင်းပိုင်းသည် ယခင်က မြေအောက်မြို့တော်၏ အဝင်ဝကဲ့သို့ပင် အလွန် ရှုပ်ထွေးလှသော ဝင်္ကပါ ကြီးတစ်ခု ဖြစ်နေခြင်းပင် ဖြစ်၏။
အခန်း ၄၇၆ ပြီး။