အခန်း ၄၇၉
Vol. 32 Ch. 479
အခန်း (၄၇၉) - သနားစရာကောင်းသော သေတ္တာကောင်ကြီး
ရွှီရှင်းသည် မီမီနှင့် ငွေရောင်ဘုရင်တို့ကို ခေါ်ဆောင်လျက် သစ်ပင်အိမ်အောက်သို့ ရောက်ရှိလာပြီး လီဝမ်ရှီးအား နောက်သို့ အနည်းငယ်ဆုတ်ရန် လက်ဟန်ပြရင်း သူ၏ ဘယ်ဘက်လက်ရှိ လက်ပတ်ကို တို့ထိလိုက်ပေသည်။
"အဲ့တာက အတိအကျ ဘာကြီးလဲ၊ ဘာလို့ဒီလောက်ထိ လျှို့ဝှက်နေရတာလဲ"
လီဝမ်ရှီးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သော်လည်း မည်သို့ပင်ဆိုစေ နောက်သို့ မီတာအနည်းငယ်ခန့် ဆုတ်ခွာပေးလိုက်ကာ "၎င်းက အန္တရာယ်များလားဟင်" ဟု ထပ်မံမေးလိုက်၏။
"မစိုးရိမ်ပါနဲ့၊ ငါ နင့်ကို ကာကွယ်ပေးပါ့မယ်"
လုဖေးအာသည် လီဝမ်ရှီး၏ ဘေးတွင် မတ်တပ်ရပ်လျက် ရဲရဲဝံ့ဝံ့ ကြေညာလိုက်ပေသည်။
စင်စစ်အားဖြင့်မူ သူမသည်လည်း ရွှီရှင်း ဘာပစ္စည်း ထုတ်ယူမည်နည်းဆိုသည်ကို ဤနေရာ၌ ဆက်လက်ကြည့်ရှုလိုနေခြင်း ဖြစ်၏။
၎င်းတို့နှစ်ဦးစလုံး နောက်သို့ ဆုတ်ခွာသွားကြသည်ကို မြင်တွေ့ရသောအခါ ရွှီရှင်းသည် လက်ပတ်ကို ချက်ချင်းပင် လှည့်ပတ်လိုက်တော့သည်။
"ဂလန်"
မီးမစ်ခ်သေတ္တာကောင်ကြီး မှာ လွတ်မြောက်လာခဲ့ပြီး သေတ္တာကြီးသည် မြေပြင်ပေါ်သို့ သတ္တုရိုက်ခတ်သံနှင့်အတူ ဗုန်းခနဲ ကျရောက်သွားခဲ့ချေပြီ။
ကြေးဝါရောင် သတ္တုအပြင်ခွံနှင့် ဧရာမသေတ္တာကြီးကို မြင်လိုက်ရသဖြင့် အနောက်က စောင့်ကြည့်နေကြသော အမျိုးသမီးနှစ်ဦးမှာ ထိတ်လန့်သွားကြရပေသည်။
"ဒါက... ကြေးဝါရောင် ရတနာသေတ္တာကြီးပါလား။ တကယ့်ကို ကြီးမားတဲ့ သေတ္တာကြီးပဲ"
လီဝမ်ရှီးက အံ့သြတကြီး ရေရွတ်လိုက်၏။
မှန်ပေသည်၊ ၎င်းမှာ တကယ့်ကို ကြီးမားလှပေသည်။
သူတို့ ယခင်က မြင်တွေ့ဖူးခဲ့သမျှသော ရတနာသေတ္တာများထက် ဆောက်လုပ်မှုပိုင်းတွင် အဆပေါင်းများစွာ ပိုမိုကြီးမားလှ၏။
မီတာဝက်ကျော်ခန့် မြင့်မားလှသော ဧရာမသေတ္တာကြီးတစ်လုံးကို မြင်တွေ့ရရုံမျှဖြင့် မည်သူမဆို စိတ်လှုပ်ရှားသွားနိုင်ပြီး အတွင်း၌ ဘာပစ္စည်းတွေ ရှိနေမလဲဟု တွေးတောမိစေနိုင်ပေသည်။
"ဒီရတနာသေတ္တာက ဘာလို့ အန္တရာယ်ရှိတာလဲ"
လီဝမ်ရှီးမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သော်လည်း ရှေ့သို့ တိုးမလာဘဲ လိမ္မာစွာ စောင့်ကြည့်နေခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် ငွေရောင်ဘုရင်နှင့် မီမီတို့သည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ချက်ချင်း တင်းမာလိုက်ကြပြီး ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အလား တိုက်ခိုက်မည့် အမူအရာများကို ပြုလုပ်နေကြသည်ကို သူမ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။
၎င်းတို့၏ ပုံစံအရ ထိုသေတ္တာကြီးကို ဆွဲဖြဲတိုက်ခိုက်တော့မည့်အလား ထင်မှတ်ရပေသည်။
သူမ၏ဘေးတွင်လည်း လုဖေးအာ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် လေးနက်တောင့်တင်းလာခဲ့ချေပြီ။
သူမသည် လီဝမ်ရှီးကို အနောက်သို့ နောက်ထပ် နှစ်လှမ်းခန့် ထပ်မံဆွဲယူလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်၏။
"ဒီသေတ္တာထဲမှာ တစ်ခုခု ထူးဆန်းနေတယ်။ ကျွန်မ ခံစားလို့ရတယ်၊ အထဲမှာ အန္တရာယ်ရှိတဲ့ ဗီဇပြောင်းသတ္တဝါတွေ ရှိနေတယ်"
အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတစ်ဦးဖြစ်သဖြင့် လုဖေးအာသည် အခြားသော ဗီဇပြောင်းသက်ရှိများ၏ တည်ရှိမှုကို ခံစားသိရှိနိုင်စွမ်းတွင် အလွန်ပင် ထက်မြက်လှပေသည်။
သူမတစ်ဦးတည်းတင်မကဘဲ ဗီဇပြောင်းလဲထားသော အပင်၏ နှလုံးသား ကပင်လျှင် ဘေးအန္တရာယ်ကို ကြိုတင်သိရှိသွားခဲ့ပြီး တုံ့ပြန်မှုများ ပြုလုပ်လာခဲ့ချေပြီ။
သေတ္တာ၏ ပတ်ဝန်းကျင်ရှိ မြေပြင်များမှာ အက်ကွဲသွားခဲ့ပြီး ရေတွက်၍မရနိုင်သော နွယ်ပင်များ ထွက်ပေါ်လာကာ သေတ္တာရှိရာဆီသို့ လေထုထဲတွင် ကွေးညွတ်လျက် အသင့်ပြင်ထားကြပေသည်။
ကြည့်ရသည်မှာ သေတ္တာပွင့်ထွက်သွားသည့် ခဏ၌ ဤနွယ်ပင်များသည် ချက်ချင်း တိုက်ခိုက်ကြတော့မည် ဖြစ်၏။
ကပ်ပါးမြေအောက်ခန်း အတွင်း၌လည်း ထွက်ပေါ်လာသောအသံကြောင့် ကောင်လေးနှစ်ကောင်မှာ ထိတ်လန့်သွားကြပြီး စူးစမ်းလိုစိတ်ဖြင့် ခေါင်းတစ်ဝက်ခန့် ပြူးထွက်ကြည့်ရှုကြရာ မိခင်ဖြစ်သူ၏ အနောက်သို့ ပြန်လည်တွန်းပို့ခြင်းကို ခံလိုက်ကြရပေသည်။
ပတ်ဝန်းကျင်ရှိ သက်ရှိအားလုံးမှာငြိမ်သက်နေပြီး မလှုပ်မယှက်ရှိနေသော ရတနာသေတ္တာကြီးကို သတိကြီးစွာဖြင့် ဝိုင်းဝန်းရင်ဆိုင်နေကြပေသည်။
ထိုမီးမစ်ခ်သေတ္တာကောင်ကြီးကို မြင်တွေ့ဖူးခဲ့ကြပြီးဖြစ်သော ငွေရောင်ဘုရင်၊ မီမီနှင့် အားဖူတို့မှအပ အပင်၏ နှလုံးသားအပါအဝင် အခြားသောသူအားလုံးကမူ ထိုသေတ္တာအတွင်း၌ သားရဲဆိုးကြီးတစ်ကောင် ပုန်းကွယ်နေပြီး ပွင့်လာသည်နှင့် အပြင်သို့ ခုန်ထွက်တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်နေကြခြင်း ဖြစ်၏။
ရွှီရှင်းသည် သူ၏ အခရမ်းရောင်အဆင့် လှံချွန်ရှည်ကို ထုတ်ယူလိုက်ပြီး၊ သေတ္တာ၏ ကိုယ်ထည်ကို အသာအယာ တို့ထိလိုက်ရာ ပြတ်သားလှသော သတ္တုရိုက်ခတ်သံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
ယခုအခါ ဤသေတ္တာမှာ အလွန်ပင် မာကျောနေခဲ့ချေပြီ။
စတင်မြင်တွေ့စဉ်တုန်းကမူ ၎င်း၏ ကိုယ်ထည်မှာ အသားခဲကဲ့သို့ နူးညံ့နေခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းမှသာ ယခုကဲ့သို့ မာကျောသွားခြင်း ဖြစ်၏။
၎င်းမှာ ကိုယ်ပိုင်ကာကွယ်ရေး အထူးယန္တရားတစ်ခု ဖြစ်နိုင်လောက်၏။
ထင်ရှားလှသည်မှာ ဤကောင်ကြီးသည်လည်း ပတ်ဝန်းကျင်က ဘေးအန္တရာယ် အငွေ့အသက်များကို သိရှိသွားခဲ့ပြီး တိုက်ရိုက်ပင် အခွံအတွင်းသို့ ကျုံ့ဝင်သွားခြင်း ဖြစ်ပေလိမ့်မည်။
ယခုအခါတွင်မူ အလွန်ပင် ဘေးကင်းနေပြီဖြစ်ရာ ၎င်းကို ဖွင့်၍ စစ်ဆေးကြည့်ယုံပင်။
ရွှီရှင်းသည် လှံချွန်ရှည်ကို သေတ္တာအဖုံးနှင့် ကိုယ်ထည်ကြားက အစပ်ကြောင်းအတွင်းသို့ ညင်သာစွာ ထိုးသွင်းလိုက်ပြီးနောက် လက်မောင်းကို အားစိုက်ထုတ်၍ ၎င်းကို တိုက်ရိုက်ပင် တွန်းဖွင့်လိုက်ပါတော့သည်။
၎င်းပွင့်ဟသွားသည့် ခဏ၌ လူများနှင့် သားရဲများအားလုံးမှာ အနည်းငယ် တုန်လှုပ်သွားခဲ့ကြပြီး မီမီမှာမူ တိုက်ခိုက်ရန်အတွက် ရှေ့သို့ပင် ခုန်အုပ်တော့မည့်အလား ပြုလုပ်လိုက်၏။
သို့သော်လည်း သေတ္တာ၏ အတွင်းပိုင်းကို မြင်တွေ့လိုက်ရသောအခါ ရွှီရှင်းအပါအဝင် ထိုနေရာရှိ လူတိုင်းမှာ အလွန်ပင် အံ့အားသင့်သွားကြရပေသည်။
သေတ္တာအတွင်း၌မူ ရွှီရှင်း ပြီးခဲ့သည့်အကြိမ်က မြင်တွေ့ခဲ့ရသော ချွန်ထက်လှသော သွားများပြည့်နှက်နေသည့် သွေးနီရောင် ပါးစပ်ကြီး ရှိမနေပါပေ။
ချွန်ထက်သော သွားများလည်း ရှိမနေခဲ့သလို ဧရာမပါးစပ်ကြီး၏ လည်ချောင်းနက်နက်ထဲမှ ထွက်ပေါ်လာမည့် ဗီဇပြောင်းနွယ်ပင်များလည်း ရှိမနေဘဲ ၎င်းအစား...
ရွှေ၊ ငွေ၊ ရတနာများနှင့် လက်ဝတ်ရတနာ အဆင်တန်ဆာမျိုးစုံ ပြည့်နှက်နေသော သေတ္တာတစ်လုံး ဖြစ်နေ၏။
တောက်ပလှသော ရွှေရောင် ငွေရောင် အလင်းတန်းများမှာ ထိုနေရာရှိ လူတိုင်း၏ မျက်စိများကိုပင် ကျိန်းစပ်သွားစေမတတ် ဖြစ်နေပေသည်။
"...အာ"
ရွှီရှင်းကိုယ်တိုင်ပင်လျှင် မှင်သက်သွားခဲ့ရ၏။
သူသည် အမျိုးမျိုးသော အခြေအနေများကို စဉ်းစားတွက်ချက်ထားခဲ့သော်လည်း ဤကဲ့သို့သော ပစ္စည်းမျိုး ရှိနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပါပေ။
ဘာတွေ ဖြစ်ပျက်နေတာလဲ။
မီးမစ်ခ်သေတ္တာကောင်ကြီးက ဘယ်ရောက်သွားတာလဲ။
ဘာလို့ လက်ဝတ်ရတနာတွေ ဖြစ်နေရတာလဲ။
၎င်းက တကယ်ပဲ ရတနာသေတ္တာ ဖြစ်နေတာလား။
ပြီးတော့ ဂန္ထဝင်မြောက်လှတဲ့ ရွှေရောင် ငွေရောင် ရတနာတွေ အများကြီး ထွက်ပေါ်လာတာ ဟုတ်လား။
"...နင်က အထဲမှာ ဗီဇပြောင်းသတ္တဝါတွေ ရှိနေတာလို့ ပြောခဲ့တာ မဟုတ်ဘူးလား"
လီဝမ်ရှီးသည် စက္ကန့်အနည်းငယ်ခန့် ကြက်သေ သေသွားခဲ့ပြီးမှ လုဖေးအာ၏ ခါးကို သူမ၏ တံတောင်ဆစ်ဖြင့် အသာတို့ကာ တိုးတိုးလေး မေးမြန်းလိုက်၏။
"ဘာလို့... ဒီလို ပစ္စည်းတွေ ဖြစ်နေရတာလဲ။ တကယ် လှပပေမဲ့၊ လက်ရှိ အခြေအနေနဲ့တော့ လုံးဝ ကိုက်ညီမှု မရှိသလိုပဲ မဟုတ်ဘူးလား"
လီဝမ်ရှီး ပြောကြားချက်မှာ အမှန်ပင် ဖြစ်ပေသည်။
ဤကဲ့သို့သော ရတနာများသည် ခန့်ညားထည်ဝါလှသည်မှာ မှန်သော်လည်း လက်ရှိ ရှင်ကျန်သူများအတွက်မူ အခြေခံအားဖြင့် မည်သည့်အသုံးဝင်မှုမျှ မရှိပါပေ။
ဤရတနာများသည် ရွှီရှင်း၏ မျက်စိထဲတွင်မူ အဖြူရောင်အဆင့် အလင်းတန်းများကိုသာ ထုတ်လွှင့်နေကြသဖြင့် ဆိုလိုသည်မှာ ၎င်းတို့မှာ တောက်ပနေသော အဖြူရောင်အဆင့် အမှိုက်သရိုက်များသာ ဖြစ်ကြပေသည်။
သို့သော်လည်း...
ငွေရောင် လက်ဝတ်ရတနာများ...။
အကယ်၍ အရေအတွက် လုံလောက်စွာ ရှိနေမည်ဆိုပါက ဖြစ်နိုင်သည်မှာ ၎င်းတို့ကို ငွေတုံးများအဖြစ် အရည်ကျိုလို့ ရနိုင်မလား။
သူသည် ယခုအချိန်အထိ မည်သည့်ငွေတုံးကိုမျှ မရရှိသေးပါပေ။
အကယ်၍ ငွေ သာ ရှိနေမည်ဆိုပါက အချို့သော အဆင့်မြင့်ပြီး နည်းပညာမြင့်မားလှသည့် အသုံးအဆောင်ပစ္စည်းများကို ဖန်တီးနိုင်မည် ဖြစ်ပေသည်။
"ဒါ... ဒါကိုတော့ ကျွန်မလည်း သေသေချာချာ မသိဘူး။ ဖြစ်နိုင်တာကတော့ အန္တရာယ်က ဒီရတနာပုံကြီးရဲ့ အောက်ထဲမှာ ပုန်းကွယ်နေတာလည်း ဖြစ်နိုင်တာပဲ"
လုဖေးအာသည်လည်း အလွန်ပင် ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်ကိုမူ ဆက်လက်တင်းမာထားဆဲဖြစ်ပြီး ခါးမှ ဓားမြှောင်ကိုပင် ထုတ်ယူလိုက်ကာ အသင့်ပြင်ထားပေသည်။
အဘယ်ကြောင့်ဆိုသော် သေတ္တာပွင့်သွားသည့် ခဏ၌ သူမ၏ ရင်ထဲက အန္တရာယ် စိုးရိမ်စိတ်မှာ လျော့ကျသွားခြင်းမရှိဘဲ ပိုမို၍ ပြင်းထန်လာသောကြောင့် ဖြစ်၏။
သူမသည် ရွှီရှင်းအား မထိန်းနိုင်ဘဲ ထပ်မံသတိပေးလိုက်မိ၏။
"သတိထားဦးနော် အတွင်းထဲမှာ သေချာပေါက် တစ်ခုခု ရှိနေသေးတယ်။ ကျွန်မ ခံစားလို့ရတယ်"
ရွှီရှင်းသည် သဘောပေါက်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပေသည်။
ဤတောက်ပလှသော ရတနာများတွင် သေချာပေါက် ပြဿနာတစ်ခုခု ရှိနေရမည် ဖြစ်၏။
ဖြစ်နိုင်သည်မှာ ၎င်းတို့မှာ စစ်မှန်သော ပစ္စည်းများ မဟုတ်ကြဘဲ လှည့်စားထားသော အပြင်ပန်း သဏ္ဌာန်တစ်ခုသာ ဖြစ်နိုင်ပေသည်။
လီဝမ်ရှီးတို့အနေဖြင့် မသိရှိကြသော်လည်း ရွှီရှင်းကမူ ရှင်းလင်းစွာ သိရှိထားပေသည်။
ဤအရာမှာ သာမန်ရတနာသေတ္တာတစ်လုံး မဟုတ်ဘဲ ထင်ရှားလှသော မီးမစ်ခ်သေတ္တာကောင်ကြီးသာ ဖြစ်ပေသည်။
ဤသေတ္တာမှာ တကယ့်ကို ကြီးမားထုထည်လှသဖြင့် အကယ်၍ အတွင်းပိုင်း နက်နက်ထဲက ပစ္စည်းတစ်ခုခုကို ယူဆောင်လိုပါက မိမိ၏ ခန္ဓာကိုယ်ကို အထဲသို့ လုံးဝ စုပ်ယူလိုက်မည် ဖြစ်သည်။
အခန်း ၄၇၉ ပြီး။