အခန်း ၂၄၂
Vol. 25 Ch. 242
အခန်း (၂၄၂)
မော်တော်ဆိုင်ကယ်က မြင်းထက် ပိုမြန်သည်
မော့ချွမ်းသည် ရင်ခုန်သံများ မြန်လာပြီး စကားများပင် ထစ်ကုန်၏။
“ကျွန်တော်... ကျွန်တော်... အဲဒီလိုဆိုရင်တော့ ခင်ဗျားနဲ့ လိုက်ဖို့ စိတ်….စိတ် မရှိပါဘ”
“တစ်ခွန်းပဲမေးမယ်၊ လိုက်မှာလား မလိုက်ဘူးလား”
မော့ချွမ်း၏ အသံမှာ ဟိန်းထွက်သွား၏။
“ဟွာကျွင်း၊ ခင်ဗျား လက်ညှိုးညွှန်ရာဟာ ကျွန်တော့်ရဲ့ စစ်မြေပြင်ပဲ၊ ဒီနေ့ကစပြီး ခင်ဗျားကို လေးလေးစားစား ဆက်ဆံပါမယ်”
ဟွာကျွင်း နှာခေါင်းရှုံ့လိုက်သည်။ မော်တော်ဆိုင်ကယ်ကို မနှစ်သက်သော အမျိုးသားဟူ၍ မရှိမှန်း သူမ သိနှင့်ပြီးသားဖြစ်သည်။
သူမသည် လုမင်လီထံသို့ စာတစ်စောင် ပို့လိုက်ပြီး အရေးကြီးသောအရာတစ်ခု ပေးပို့စရာရှိသဖြင့် နောက်နှစ်ရက်အကြာတွင် ချန်အိမ်တော်၌ စောင့်ဆိုင်းနေရန် စာထဲတွင် ရေးသားထားလိုက်၏။
ထို့နောက် သူမသည် မော်တော်ဆိုင်ကယ်စက်ရုံတစ်ခုသို့ အမြန်ဆက်သွယ်ပြီး တန်းစီရမည်ကို ကျော်ရန် ငွေပိုပေးကာ ပြည်ပမှ တင်သွင်းထားသော မော်တော်ဆိုင်ကယ်တစ်စီးကို ရရှိအောင် လုပ်ခဲ့သည်။ ၎င်းမှာ တစ်စီးလုံး အစိမ်းရင့်ရောင်ဖြစ်ပြီး အလွန်မိုက်သော ဒီဇိုင်းနှင့် ဇိမ်ကျအောင် စွမ်းဆောင်ရည် ရှိသည်။ အားကောင်းသော အင်ဂျင်စနစ်နှင့် ကောင်းမွန်သော ထိန်းချုပ်မှုရှိကာ အမြင့်ဆုံးအရှိန် တစ်နာရီလျှင် ကီလိုမီတာ သုံးရာအထိ မောင်းနှင်နိုင်သည်။
ဟွာကျွင်းသည် ၎င်းကို ဆီအပြည့်ဖြည့်ပြီး ဆီပုံးတစ်ပုံးကိုလည်း အပိုအဖြစ် ယူလာခဲ့၏။
သူတို့နှစ်ဦးသည် ဟွာကျွင်း၏ ကျောပိုးအိတ်လေးမှလွဲ၍ ဘာမှမယူဘဲ ပေါ့ပေါ့ပါးပါး ခရီးထွက်လာကြသည်။
မော့ချွမ်းသည် နေ့ဘက်တွင် လမ်းမများပေါ်၌ ဆိုင်ကယ် မောင်းနှင်ခြင်းကို လေ့ကျင့်ပြီး ညမှောင်လာသည်နှင့် ဆိုင်ကယ်ကို မုန့်ဆိုင်ထဲသို့ တွန်းသွင်းလိုက်သည်။
ဆိုင်ရှင်မှာ ခရီးသွားမည်ဖြစ်သဖြင့် ယနေ့ညတွင် မုန့်ဆိုင်ကို ပိတ်ထားသည်။ သူတို့သည် ဆိုင်ကယ်ကို အပြင်သို့ တွန်းထုတ်လိုက်ကြပြီး ဟွာရှန့်၏ စိုးရိမ်နေသော အကြည့်များအောက်တွင် မြို့တော်သို့ ဖြည်းဖြည်းချင်း စတင်ထွက်ခွာလာကြ၏။
လူသူနည်းပါးသွားသည့် အချိန်ကျမှသာ မော့ချွမ်းသည် အရှိန်မြှင့်တင်လိုက်တော့သည်။
လမ်းအခြေအနေကို မသိရသဖြင့် သူတို့သည် တစ်နာရီ ကီလိုမီတာ သုံးရာ အပြည့်ဖြင့် မမောင်းရဲဘဲ အရှိန်ကို ရှစ်ဆယ်ဝန်းကျင်တွင်သာ ထိန်းထားကြသည်။
ဟွာကျွင်းသည် အနီအောက်ရောင်ခြည်သုံး မှန်ပြောင်းကိုလည်း ယူဆောင်လာသည်။ လမ်းသွားလမ်းလာများနှင့် တွေ့ပါက သူမ လမ်းလွှဲခိုင်းလိမ့်သည်။
သူတို့သည် မြို့တော်ပြင်ပသို့ ရောက်ရန် နှစ်နာရီပင် မကြာလိုက်ပေ။
မော့ချွမ်းသည် ဆိုင်ကယ်ပေါ်တွင် ထိုင်လျက် ရှေ့မှ မြို့တံခါးကို ကြည့်ကာ အံ့ဩစွာ ပြောသည်။
“တောက် တကယ်ကို မြန်တာပဲ။ ကျွန်တော့် ဘဝမှာ မြို့တော်ကို တစ်နာရီအတွင်း ရောက်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး”
‘တကယ်လို့ သူသာ ဒီပစ္စည်းကို စစ်ပွဲထဲ ယူသွားရင် အကုန်လုံးကို အပြတ်အသတ် နှိမ်နင်းနိုင်မှာ မဟုတ်လား’
မော်တော်ဆိုင်ကယ်စီးရင်း တိုက်ပွဲဝင်ရသည်ကို စိတ်ကူးကြည့်မိရုံနှင့် သူ ကြက်သီးများပင် ထသွားမိသည်။
မော့ချွမ်းကို မြို့ပြင်တွင် စောင့်ခိုင်းထားပြီး ဟွာကျွင်းသည် မြင်းလှည်းတစ်စီး ရှာကာ မာထိုလမ်း သို့ တန်း ဦးတည်လိုက်သည်။
အရှိန ရုတ်တရက် ကျသွားသဖြင့် ဟွာကျွင်းမှာ အလွန်ပင် အသားမကျ ဖြစ်နေ၏။
သူမ ခဏခဏ အတင်းနှင်ခိုင်းပြီး ငွေများပါ ပေးသော်လည်း မြင်းလှည်းမှာ ထို့ထက် ပိုမြန်အောင် မသွားနိုင်တော့ပေ။
ကံကောင်းသည်မှာ မာထိုလမ်းက မဝေးလှသဖြင့် နာရီဝက်ခန့်အကြာတွင် ရောက်ရှိသွားသည်။
ချန်အိမ်တော်၏ တံခါးကြီးမှာ အတော်ပင် ခမ်းနားလှ၏။ ဟွာကျွင်းသည် ဘေးတံခါးသို့ ပြေးသွားပြီး ကျယ်လောင်စွာ ခေါက်လိုက်သည်။
အစေခံအိုကြီးတစ်ဦးက တံခါးဖွင့်ပေးပြီး ဟွာကျွင်းကို မြင်သောအခါ မေးလိုက်၏။
“ဘယ်သူ့ကို ရှာတာလဲ ဖိတ်စာ ပါသလား”
“ကျွန်မ လုမင်လီကို ရှာတာ၊ သူ ရောက်နေပြီလား”
အစေခံအိုကြီးမှာ လန့်သွား၏။ ဤလူသည် စစ်သူကြီး၏ နာမည်ကို တိုက်ရိုက်ခေါ်ရဲလောက်အောင် သတ္တိရှိလှသည်။
“မင်းက ဘယ်သူလဲ”
သူ မေးလိုက်သည်။
ဟွာကျွင်း အများကြီး ရှင်းမပြဘဲ လုမင်လီ ပေးထားသော ကျောက်စိမ်းဆွဲပြားကို ထုတ်ပြလိုက်သည်။
“ဒါက သက်သေပဲ၊ ကျွန်မ သူ့ကို တွေ့ဖို့ လိုတယ်”
အစေခံအိုကြီး ထပ်လန့်သွားပြန်၏။
သူသည် ဤကျောက်စိမ်းဆွဲပြားကို သိပေသည်။ လုအိမ်တော်၏ သခင်မလောင်းသာ ပိုင်ဆိုင်နိုင်သည်ဟု ကောလာဟလ ထွက်နေသော ပစ္စည်းဖြစ်ပြီး သူသည် တစ်ခါက သခင်မလေးနှင့်အတူ ရှိနေစဉ် မြင်ဖူးသည်။
သူ တံခါးကို အမြန်ဖွင့်ပေးလိုက်၏။
“ဒီအစေခံအိုကြီးက မျက်စိကန်းနေလို့ပါ။ အာ..ရောက်နေတာတာကို မသိလို့ပါ။ ကျွန်တော်မျိုး အရမ်း ပေါ့ဆသွားပါတယ်။ ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့”
အစေခံအိုကြီး၏ နဖူးမှ ချွေးများ စီးကျလာ၏။ စစ်သူကြီး အိမ်ထောင်မပြုရသေးသဖြင့် ဤအမျိုးသမီးကို မည်သို့ ခေါ်ဝေါ်ရမည်ကို မသိသဖြင့် ခက်ခဲလှသည်။
“မြန်မြန်လေး ကျွန်မကို စစ်သူကြီးဆီ ခေါ်သွားပေးပါ၊ ကျွန်မမှာ အရေးကြီးကိစ္စ ရှိတယ်”
အစေခံအိုကြီး မနှောင့်နှေးရဲဘဲ ဟွာကျွင်းကို အမြန်ခေါ်သွားသည်။
“စစ်သူကြီးက ရှု့ဖန်းဝင်းထဲမှာ အနားယူနေပါတယ်။ မြန်မြန် လိုက်ခဲ့ပါ”
ဟိုကွေ့ ဒီကွေ့ သွားပြီးနောက် အစေခံအိုကြီး ရပ်လိုက်သည့် အချိန်တွင် ဟွာကျွင်း လမ်းပင် မှားသွား၏။
အစေခံအိုကြီးက တံခါးဝမှ အစေခံကို ပြောလိုက်သည်။ “မြန်မြန်၊ စစ်သူကြီးကို သွားပြော၊ အင်း... အင်း... စစ်သူကြီးရဲ့ ဇနီးလောင်း ရောက်လာပြီလို့”
အစေခံက လှည့်ပြီး အော်ပြောလိုက်၏။
“စစ်သူကြီး၊ စစ်သူကြီး ဇနီးလောင်း လာတွေ့နေပါတယ်”
လုမင်လီသည် အခန်းထဲမှ ထွက်လာပြီး ဟွာကျွင်းကို မြင်လိုက်သည့် ခဏတွင် သူ့မျက်လုံးများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဟွာကျွင်း မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ”
ဟွာကျွင်းသည် သူ့ကို မြင်လိုက်ရသည့် အခါမှသာ သူမ စိတ်မှာ တည်ငြိမ်သွားတော့သည်။ လပိုင်းအတွင်းမှာပင် သူက အနည်းငယ် ပိန်သွားသော်လည်း တည်ငြိမ်ထက်မြက်သော အမူအရာမှာ သူမ မှတ်မိနေသည့်အတိုင်းပင်။
လုမင်လီသည် ဟွာကျွင်းဆီသို့ အမြန်လျှောက်လာသော်လည်း သူမနှင့် သုံးလှမ်းအကွာတွင် ရပ်လိုက်သည်။
“ကျွန်မမှာ နာရီဝက်ပဲ အချိန်ရှိတယ်”
ဟွာကျွင်း တိုက်ရိုက်ပင် အသံကြည်ကြည်ဖြင့် ပြောလိုက်သည်။
“ရှင် အရင်ဆုံး ကျွန်မ ပြောတာ နားထောင်ပါ”
“ပထမအချက်၊ တကယ်လို့ ရှင်က အရာအားလုံးကို ကျွန်မကို မပြောဘဲ အမြဲ ဖုံးကွယ်ထားမယ်ဆိုရင် နောက်ကျရင်လည်း ကျွန်မကို ဘာမှ ပြောပြစရာ မလိုတော့ဘူး။ ကျွန်မက ဘာမှမသိ မျက်စ်ိပိတ် နားပိတ် နေရတာ မကြိုက်ဘူး”
လုမင်လီ၏ အသက်ရှူသံမှာ ရပ်တန့်သွား၏။ သူ စကားမပြောနိုင်ခင်မှာပင် ဟွာကျွင်းက နောက်ထပ် တစ်လှမ်း တိုးလာသည်။
“ဒုတိယအချက် ကျွန်မ ရှင့်ဘေးမှာ နေချင်တယ်။ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ပြီး အတူတူ ရှေ့တိုး နောက်ဆုတ် လုပ်ချင်တယ်”
သူမ မေးစေ့ကို မော့လိုက်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြော၏။
“ကျွန်မက ရှင် သိတဲ့ အိမ်တွင်းမှာပဲ ပိတ်လှောင်ခံထားရတဲ့ တခြား အမျိုးသမီးတွေလို မဟုတ်ဘူး”
လုမင်လီသည် ဟွာကျွင်း၏ ခေါင်းမာသော မျက်နှာကို ကြည့်ကာ သက်ပြင်းချပြီး ပြောလိုက်သည်။
“ကိုယ်နဲ့ လိုက်ခဲ့”
စာကြည့်ခန်းတံခါးမှာ ကျယ်ပြန့်စွာ ပွင့်နေ၏။ လုမင်လီသည် သူမအတွက် လက်ဖက်ရည် ပူပူတစ်ခွက် ငှဲ့ပေးလိုက်သည်။ သူ့အသံမှာ အားကိုးရာမဲ့မှုများ ပါဝင်နေသည်။
“ကိုယ် တောင်းပန်ပါတယ်။ ကိုယ် မင်းကို တမင် ဖုံးကွယ်ထားဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက အရမ်း အရေးကြီးတယ်၊၊ ပြီးတော့ မင်း ဒီနေရာနဲ့ မသက်ဆိုင်ဘူး။ ဒါကြောင့် မပါဝင်သင့်ဘူး”
ဟွာကျွင်းက သူ့စကားကို ဖြတ်ပြောလိုက်၏။
“ကျွန်မ ပါဝင်ပတ်သက်နေပြီလေ။ အဲဒီလူတွေက သေချာပေါက် ကျွန်မတို့ ပတ်သက်မှုကို သိသွားလိမ့်မယ်။ တကယ်လို့ သူတို့ ရှင့်ကို ရှာမတွေ့ရင် သေချာပေါက် ကျွန်မကို လာရှာကြမှာပဲ”
လုမင်လီ စဉ်းစားရင်း ခေါင်းငုံ့ထား၏။
“ကိုယ် မုန့်ဆိုင်မှာ စောင့်ရှောက်ဖို့ လူတွေ စီစဉ်ထားပြီးသားပါ။ တကယ်လို့ အန္တရာယ်ရှိရင် သူတို့ လှုပ်ရှားပါလိမ့်မယ်။”
“တွေ့လား ရှင်က အမြဲတမ်း ဒီလိုပဲ၊ ဘာစီစဉ်ထားလဲဆိုတာ ကျွန်မကို ဘာမှ မပြောဘူး၊ ကျွန်မက သိဖို့ မထိုက်တန်လို့လား”
“အဲဒီလို မဟုတ်ရပါဘူး”
သူ အမြန်ထရပ်လိုက်သဖြင့် အင်္ကျီလက်မှာ လက်ဖက်ရည်ခွက်ကို တိုက်မိလုနီးပါး ဖြစ်သွားသည်။ “မင်း ဘယ်လိုဖြစ်ပြီး အဲဒီလို ပြောနိုင်ရတာလဲ။ ကိုယ် မင်း တစ်ခုခု ဖြစ်သွားမှာကိုပဲ မလိုလားတာ”
ဟွာကျွင်း နှုတ်ခမ်းဆူကာ ပြောလိုက်၏။
“တကယ်လို့ ရှင်က ကျွန်မကို တကယ် ဂရုစိုက်တယ်ဆိုရင် ကျွန်မရဲ့ သဘောထားကို မေးသင့်တာပေါ့”
လုမင်လီမှာ အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောသည်။
“မင်း သိချင်တာ မေးပါ။ မင်း သိချင်သမျှကို ကိုယ် အမှန်အတိုင်း ပြောပြပါ့မယ်”
“အိမ်ပြင်က လူတွေက ရှင့်နောက်ကို လိုက်နေတာလား”
“ဟုတ်တယ်”
သူ တိုးတိုးလေး ပြန်ဖြေ၏။
“မင်း စိုးရိမ်စရာ မလိုပါဘူး။ အဲဒါတွေက ငါးကြီးဆွဲဖို့ ထားထားတဲ့ ငါးစာလေးတွေပါပဲ”
“သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ လက်စားချေတာလား” သူမက ရုတ်တရက် သူ့အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။
“ရှင် အန္တရာယ်ရှိမှာလား”
လုမင်လီ ခေါင်းခါပြ၏။
“သူတို့က ကိုယ့် အသက်ကို မလိုချင်ပါဘူး”
သူ ဟွာကျွင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
“ဟွာကျွင်း ကိုယ့်စကား နားထောင်ပါ။ အခု ကိုယ့်ကို စောင့်ကြည့်နေတဲ့ လူက နှစ်အုပ်စု ရှိတယ်။ မင်း မြင်နေရတာက အပေါ်ယံလူတွေပဲ ရှိသေးတယ်။ ပုန်းကွယ်နေတဲ့ လူတွေလည်း ရှိသေးတယ်။ အဲဒါကြောင့် ကိုယ် ပြန်လာလို့ မရသေးတာ”
ဟွာကျွင်း အသက်ရှူမှားသွား၏။
“အဲဒီလောက်တောင် လူတွေ အများကြီးလား”
“အဲဒီလူတွေအားလုံး ဘယ်သူတွေလဲဆိုတာ ကိုယ် မသိမချင်း မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်”
ဟွာကျွင်းသည် စားပွဲပေါ်က ဖယောင်းတိုင်ကို ငေးကြည့်ရင်း ပြောလိုက်သည်။
“ရှုပ်ထွေးလိုက်တာ။ အရမ်း ရှုပ်ထွေးလွန်းတယ်”
ရုတ်တရက် သူမ ခေါင်းထဲတွင် စိတ်ကူးတစ်ခု ပေါ်လာပြီး သူမ မျက်လုံးများ၌ ပါးနပ်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။
“ဒီလောက်တောင် ရှုပ်နေမှတော့”
သူမ ပြုံးလိုက်၏။
“ဘာလို့ ပိုပြီး မရှုပ်ခိုင်းလိုက်တာလဲ၊၊ ရေကို အတော်လေး နောက်သွားအောင် လုပ်လိုက်ရင် ပိုမကောင်းဘူးလား”
လုမင်လီ မျက်မှောင်ကြုတ်လိုက်၏။
“ရေကို နောက်အောင် လုပ်မယ်၊ အဲဒါက ဘာကို ဆိုလိုတာလဲ”
ဟွာကျွင်း၏ မျက်လုံး လှန်ပြလိုက်ပြီး သူမ သူ့ကို တမင် စိတ်ပူအောင် ထားလိုက်သည်။
“ကျွန်မ သတင်းကိုပဲ စောင့်နေပါ”
လုမင်လီ၏ လေသံမှာ စိုးရိမ်တကြီး ဖြစ်သွား၏။
“မင်း လျှောက်မလုပ်နဲ့နော်။ အဲဒီလူတွေက နောက်ပြောင်လို့ရမဲ့ လူတွေ မဟုတ်ဘူး။ မင်း”
ဟွာကျွင်းက အေးဆေးပင် အချိန်ကို စစ်ဆေးပြီး ထရပ်လိုက်သည်။
“နောက်ကျနေပြီ၊ ကျွန်မ သွားရတော့မယ်”
လုမင်လီကလည်း ထရပ်၏။
“ပြန်တော့မလို့လား၊ မင်းရဲ့ အစီအစဉ်ကို မရှင်းပြရသေးဘူးလေ”
ဟွာကျွင်းက သူ့လက်ကို ပုတ်ကာ ချိုမြိန်သော အပြုံးဖြင့် သူ့ကို နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မ သိပါတယ်”
သူမ စိတ်ထဲကနေ တွေးလိုက်၏။
‘ရှင်က အမြဲတမ်း ကျွန်မကို ဖုံးကွယ်ထားတာဆိုတော့၊ အခု ဒီခံစားချက်ကို ရှင်လည်း မြည်းစမ်းကြည့်ဦးပေါ့’