အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄)
လျှို့ဝှက်ကုဒ်များကို အဖြေရှာခြင်း
အချိန် - ည (၈) နာရီ။
နေရာ - မုန့်ဆိုင်။
လူအများအပြားသည် ဒုတိယထပ်တွင် စုဝေးနေကြပြီး ဟွာကျွင်းကို ဝိုင်းအုံကာ အားလုံး တည်ကြည်လေးနက်သော မျက်နှာထားများ ရှိနေကြ၏။
“နောက်လ (၅) ရက်နေ့မှာ မြို့စောင့်နတ်မင်းကျောင်းက ‘ကြာနီပွဲတော်’ ကျင်းပလိမ့်မယ်”
“အခမ်းအနားအတွက် ဆီမီးခွက် ကိုးခွက် လိုအပ်တယ်...”
“ကြာနီပွဲတော်ပြီး သုံးရက်အကြာမှာ ‘ဓနနတ်မင်း’ ကို အိမ်ထဲကို ကြိုဆိုရမယ်...”
“အနောက်ဘက်မီးဖိုဆောင်က မီးဖိုကို အရှေ့ဘက်ဆောင်ဆီ ရွှေ့ရမယ်...”
“ပန်းထိုးအလုပ်ရုံရဲ့ ‘သတို့သမီးရွေးပွဲ’ မှာ ‘အဖြူရောင်ကြွေ ကွမ်ရင်မယ်တော်ရုပ်တု’ ကို အကွဲမခံနဲ့...”
ဟွာကျွင်းသည် သူမ ချရေးထားသော လျှို့ဝှက်စကားလုံးများကို ရွတ်ဖတ်ရင်း သူမ၏ ဘောပင်ကို တောက်တောက် တောက်တောက်နှင့် နှိပ်နေသည်။
မော့ချွမ်း မေးလိုက်၏။ “ဒါတွေအားလုံးက လျှို့ဝှက်ကုဒ်တွေလား၊ ကြားရတာတော့ အဲဒီလို မဟုတ်သလိုပဲ”
ဟွာကျွင်းက သူမ၏ မှတ်စုစာအုပ်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ကျွန်မရဲ့ ဆဌမအာရုံကတော့ ဒီစကားလုံးတွေမှာ သေချာပေါက် တစ်ခုခု မှားနေတယ်လို့ ပြောနေတယ်”
သူမက ဆက်ပြော၏။
“မဟုတ်ရင် ပန်ကိတ်ဆိုင်ပိုင်ရှင်နဲ့ သကြားလုံးဆိုင်ပိုင်ရှင်က ဘာလို့ ဒီအကြောင်းတွေကို ဆွေးနွေးနေကြမှာလဲ”
မော့ချွမ်း
“အဲဒါက ဘာထူးဆန်းလို့လဲ၊ မုန့်ဆိုင်ပိုင်ရှင်တောင် လျှို့ဝှက်ကုဒ်တွေကို သုတေသန လုပ်နေတာပဲကို”
ဟွာကျွင်း သူ့ကို မျက်စောင်းထိုးလိုက်သဖြင့် သူက ချက်ချင်း ပါးစပ်ပိတ်သွားသည်။
သူမက ခပ်တိုးတိုး ဆက်လက်ဖတ်ရှု၏။
“နောက်လ (၅) ရက်နေ့မှာ မြို့စောင့်နတ်မင်းကျောင်းက ကြာနီပွဲတော် ကျင်းပလိမ့်မယ်က ဘာကို ဆိုလိုတာလဲ”
အားမောက် ပြော၏။
“ကျွန်တော် စုံစမ်းကြည့်ပြီးပြီ၊ မြို့ထဲက မြို့စောင့်နတ်မင်းကျောင်းမှာ ကြာနီပွဲတော်ဆိုတာ တစ်ခါမှ မကျင်းပဖူးဘူး၊ အဲဒီလို ပွဲတော်မျိုးလည်း မရှိဘူး”
မော့ချွမ်းက ခါးကုန်းပြီး ကြမ်းပြင်ကို ဆက်တိုက်တိုက်ရင်း ပြောသည်။
“ကျွန်တော် ပြောသားပဲ၊ ဒါကိုပဲ စိုက်မကြည့်နေပါနဲ့တော့လို့။ စစ်သူကြီးလုကို အကြောင်းကြားထားတယ် မဟုတ်လား၊ သူ ပြန်စာပို့ရင် သိရမှာပေါ့။”
“ဒါပေမဲ့ အဲဒါက စောင့်နေရတုန်းပဲလေ”
ဟွာကျွင်းက ပြန်ဖြေရင်း မျက်မှောင်ကြုတ်ကာ ထိုစာကြောင်းကို ဆက်လက် စဉ်းစားနေသည်။
“မြို့စောင့်နတ်မင်းကျောင်း... မြို့စောင့်နတ်မင်းကျောင်းက ဘယ်မှာလဲ”
မော့ချွမ်း ပြန်ဖြေ၏။
“မြို့စောင့်နတ်မင်းကျောင်းက မြို့ရဲ့ အနောက်ဘက်မှာ ရှိတာ”
ဟွာကျွင်းက မှတ်စုစာအုပ်ကို ညွှန်ပြ၏။
“ကြည့်ဦး၊ နောက်တစ်ကြောင်းဖြစ်တဲ့ ‘အနောက်ဘက်မီးဖိုဆောင်က မီးဖိုကို အရှေ့ဘက်ဆောင်ဆီ ရွှေ့ရမယ်’ ဆိုတာမှာလည်း ‘အနောက်’ ပါနေတယ်”
လီနျန် နားမလည်နိုင်ဘဲ မေးတော့သည်။
“သူဌေးမဟွာ၊ ဒါက ဘာကို ဆိုလိုတာလဲ”
ဟွာကျွင်း၏ ပခုံးများ တွန့်ကျသွားပြီး သူမက သက်ပြင်းချကာ ပြောလိုက်သည်။
“ကျွန်မလည်း မသိဘူ။ တိုက်ဆိုင်တာလို့ ထင်တာပဲ”
ထို့နောက် သူမ မေးသည်။
“မြို့ရဲ့ အနောက်ဘက်မှာ ဘာတွေ ရှိလဲ”
ဟွာရှန့်က လက်ချောင်းလေးများ ချိုးပြီး ရေတွက်ပြ၏။ “မြို့ရဲ့ အနောက်ဘက်မှာ အများကြီး ရှိတယ်၊၊ မြို့စောင့်နတ်မင်းကျောင်းလည်း ပါသလို အနောက်ဈေးလမ်းလည်း ရှိတယ်။ ဒါပေမဲ့ အရှေ့ဘက်နဲ့ ယှဉ်ရင်တော့ အဲဒီမှာ နည်းနည်း ပိုတိတ်ဆိတ်တယ် လူပိုရှင်းတယ်”
ဟွာကျွင်း
“မီးဖိုနဲ့ ပတ်သက်တာ ဘာတွေရှိမလဲ၊ အားလုံး ဝိုင်းခန့်မှန်းကြစမ်း၊ တက်တက်ကြွကြွ ပြောကြ”
“ပန်းပဲဖိုလား”
“နောက်ထပ် ဘာရှိသေးလဲ”
“မြေအိုးဖုတ်တဲ့ ဖိုလား”
“နောက်တစ်ခု”
“မီးသွေးဆိုင်”
“နောက်တစ်ခု”
“ဆန်အိုး”
“နောက်တစ်ခု”
“ကြက်သားသည်”
“နောက်တစ်ခု... နေဦး”
ဟွာကျွင်းက ရုတ်တရက် တုံ့ပြန်လိုက်၏။
“ဆန်အိုးလို့ ဘယ်သူပြောတာလဲ၊ တစ်ယောက်ယောက်က ဆန်အိုး’လို့ ပြောလိုက်တာလား”
ကျားလေး လက်ကို မြှောက်လိုက်သည်။ “ကျွန်တော် ကျွန်တော် ကျွန်တော် ပြောတာ”
ဟွာကျွင်း သူ့ကို လက်မထောင်ပြပြီး မေးလိုက်၏။ “မြို့ရဲ့ အနောက်ဘက်မှာ ဆန်လှောင်ရုံ ရှိလား”
“ဆန်လှောင်ရုံလား၊ ကျွန်တော် မသိဘူး... သတိမထားမိလိုက်ဘူး”
အဘိုးကျိုင် ဝင်လာပြီး ပြော၏။ “ယေဘုယျအားဖြင့် မြို့တစ်မြို့မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုပြီး ဆန်လှောင်ရုံ လေးခု ရှိတတ်တယ်။ မြို့ရဲ့ အနောက်ဘက်မှာလည်း ဆန်လှောင်ရုံတစ်ခု ရှိရမယ်”
ဟွာကျွင်း နဖူးကို လက်ဝါးနှင့် ရိုက်လိုက်၏။
“ကျွန်မ သိပြီ၊ ‘ကြာနီ’ ဆိုတာ မီးကို ရည်ညွှန်းတာပဲ၊ နောက်လ ‘၅’ ရက်နေ့ မြို့စောင့်နတ်မင်းကျောင်းမှာ ကြာနီပွဲတော် ကျင်းပမယ်ဆိုတာက နောက်လ ‘၅’ ရက်နေ့မှာ မြို့နောက်ဘက်က ဆန်လှောင်ရုံကို မီးရှို့မယ်လို့ ဘာသာပြန်ရမယ်”
“ဝါး.. သူဌေးမဟွာက တော်လိုက်တာ”
လီနျန်က ဦးဆောင်ကာ လက်ခုပ်တီးလိုက်သည်။
ဟွာကျွင်း
“တိတ်တိတ်၊ တိတ်တိတ်...”
မော့ချွမ်း
“အခုက မြှောက်ပင့်နေရမဲ့ အချိန်မဟုတ်ဘူး။ ကျွန်တော် နားမလည်တာက ‘ကြာနီ’ က ဘာလို့ မီးကို ကိုယ်စားပြုတာလဲ”
ဟွာကျွင်း
“စဉ်းစားကြည့်လေ၊ ကြာပန်းရဲ့ ပုံသဏ္ဌာန်က မီးတောက်နဲ့ မတူဘူးလား”
အဘိုးကျိုင် ခေါင်းညိတ်၏။
“ဒဏ္ဍာရီတွေအရ ‘မီးတောက်တွေက ကြာနီတွေအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ဘုံရဲ့ အပြစ်တွေက ပျောက်ကွယ်သွားတယ်’ တဲ့။ သူဌေးမဟွာ မှန်တယ်၊ ကြာနီက မီးတောက်ကို ရည်ညွှန်းတာပဲ”
ဟွာကျွင်း စားပွဲကို ပုတ်လိုက်သည်။
“ဒါဆို နောက်တစ်ကြောင်းဖြစ်တဲ့ ‘အခမ်းအနားအတွက် ဆီမီးခွက် ကိုးခွက် လိုအပ်တယ်’ ဆိုတာကိုရော ဘယ်သူ ရှင်းပြနိုင်မလဲ”
အာချင်းက တွန့်ဆုတ်စွာ ပြော၏။
“ဆီပုံး ကိုးပုံး ပြင်ဆင်ထားတာ ဖြစ်နိုင်မလား”
ဟွာကျွင်း လက်ခုပ်တီးလိုက်သည်။
“မှန်တယ်၊ ဟိုးရပ်စ်မျက်လုံးအဖွဲ့ နောက်ထပ် တစ်မှတ် ရသွားပြီ”
“မိုက်တယ်”
အဖွဲ့ဝင်များက ပျော်ရွှင်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက် လက်ဝါးချင်း ရိုက်လိုက်ကြသည်။
ဟွာကျွင်း ထပ်မေး၏။
“အခု အခက်ဆုံးတစ်ခု လာပြီ။ အနောက်ဘက်မီးဖိုဆောင်က မီးဖိုကို အရှေ့ဘက်ဆောင်ဆီ ရွှေ့ရမယ်။ ဒါက ဘာကို ဆိုလိုတာလဲဆိုတာ ဘယ်သူသိလဲ”
အားလုံး တိတ်ဆိတ်သွားပြီး အလေးအနက် စဉ်းစားကြသည်။
လီနျန် ပြော၏။
“ဆန်လှောင်ရုံထဲက ဆန်တွေကို အပြင်ကို ရွှေ့ထုတ်တာ ဖြစ်နိုင်မလား”
ဟွာကျွင်း ခေါင်းညိတ်သည်။
“ကျွန်မလည်း ရှင့်လိုပဲ ထင်တယ်”
“ဝါး.. ပန်းထိုးအလုပ်ရုံ တစ်မှတ် ရသွားပြီ”
ကျူးကျူး စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။
ဟွာရှန့်က မော့ချွမ်း၏ အင်္ကျီလက်ကို ဆွဲကာ ပြောတော့သည်။
“အကိုကြီးမော့ချွမ်း၊ မြန်မြန် ဖြေဦးလေ၊ မုန့်ဆိုင်က တစ်မှတ်မှ မရသေးဘူး”
မော့ချွမ်းက ကြမ်းတိုက်တံကို နံရံတွင် ထောင်ထားလိုက်ပြီး အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။
“လာလေ၊နောက်မေးခွန်းတစ်ခု ပေးလိုက်စမ်းပါ”
“မေးခွန်းကို နားထောင်။ ကြာနီပွဲတော်ပြီး သုံးရက်အကြာမှာ ဓနနတ်မင်းကို အိမ်ထဲကို ကြိုဆိုရမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ”
မော့ချွမ်း မျက်နှာ ပျက်သွား၏။
“ကျွန်တော့် အလှည့်ကျမှ ဘာလို့ ဒီလောက် ခက်နေရတာလဲ”
သူ လက်လျှော့တော့မည့် အချိန်တွင် ဘေးက ဟွာရှန့်၏ မျှော်လင့်တကြီး အကြည့်နှင့် ဆုံသွားသည်။
သူ လည်ချောင်းရှင်းလိုက်ပြီး ခြောက်ကပ်ကပ်နှင့် ပြောလိုက်၏။
“ကျွန်တော် ထင်တာကတော့ သူတို့ ဆန်လှောင်ရုံကို မီးရှို့ပြီးတဲ့နောက် တစ်ယောက်ယောက်ကို ခေါ်လာကြမှာပဲ”
ဟွာကျွင်းက ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး သူ့မျက်လုံးများကို စိုက်ကြည့်ကာ မေးသည်။
“ဘယ်သူ့ကို ခေါ်လာမှာလဲ”
ဟွာရှန့်ကလည်း ဘေးကနေ ဝိုင်းမေး၏။
“ဟုတ်တယ်၊ ဘယ်သူ့ကိုလဲ၊ စဉ်းစားဦးလေ အကိုကြီးမော့ချွမ်း။”
မော့ချွမ်း၏ စိတ်ထဲတွင်
‘လာစမ်းပါ ဦးနှောက်ရေ၊ မြန်မြန်စဉ်းစားစမ်း’
သူ ဗလုံးဗထွေးနှင့် ပြောတော့သည်။
“ဘယ်... ဘယ်သူ့ကိုလဲ၊ ကျွန်တော်... ကျွန်တော် ထင်တာ...”
ရုတ်တရက် သူ့ဦးနှောက်ထဲတွင် လျှပ်စစ်စီးသွားသလို ဖြစ်သွားပြီး ရုတ်တရက် ထရပ်လိုက်သည်။
“အဲဒါ အားဇစ်ပဲ”
အားလုံးက တပြိုင်နက်တည်း မေးလိုက်၏။
“အဲဒါ ဘယ်သူလဲ”
မော့ချွမ်း စိတ်လှုပ်ရှားစွာ ဟွာကျွင်း၏ လက်ကို ဆွဲလိုက်သည်။
“အဲဒါ အားဇစ်ပဲ၊ ကျွန်တော် သိတယ်၊ အဲဒီဓားကို မှတ်မိလား”
ဟွာကျွင်း ကြောင်သွား၏။ “ဘယ်ဓားလဲ”
မော့ချွမ်း စိုးရိမ်တကြီးဖြင့် စကားများ ပိုမြန်လာသည်။ “ခင်ဗျား ရိုက်ထားတဲ့ ဝါးတားတား ဓာတ်ပုံထဲကလေ။ တစ်ယောက်ယောက်မှာ ဓားတစ်လက် ပါတယ်မဟုတ်လား၊ အဲဒါက ထီလီ ရဲ့ ဓားပဲ၊ သူက အားဇစ်နဲ့ အရမ်းနီးစပ်တဲ့လူ”
“ကျွန်မ မှတ်မိပြီ၊ မှတ်မိပြီ။ ရှင် စိတ်လှုပ်ရှားနေတာ သိပါတယ်၊ ဒါပေမဲ့ အရင်ဆုံး အားဇစ်က ဘယ်သူလဲဆိုတာ ကျွန်မကို ပြောပြဦး”
“အားဇစ်ဆိုတာ တိရှိုး ရဲ့ မင်းသားကြီးပဲ”
“ကျွန်မ နားလည်ပြီ၊ အဲဒါဆိုရင်တော့ အဓိပ္ပာယ်ရှိသွားပြီ။ ဆိုလိုတာက ‘ဓနနတ်မင်း’ ဆိုတာ တိရှိုး မင်းသားကြီး အားဇစ် ရည်ညွှန်းတာပေါ့။ သူတို့က ဆန်လှောင်ရုံကို မီးရှို့ပြီးတဲ့နောက် မင်းသားကြီးကို မြို့ထဲကို ခေါ်လာဖို့ စီစဉ်နေကြတာပဲ”
မော့ချွမ်း ခေါင်းကို တရစပ် ညိတ်ပြ၏။
“ဟုတ်တယ် အဲဒါပဲ”
သူ ပြုံးလိုက်ပြီး မေးသည်။
“ကျွန်တော် တစ်မှတ် ရပြီလား”
“အင်း” ဟွာကျွင်းက ခေါင်းညိတ်ပြကာ ပြောတော့၏။ “ကောင်းပြီ၊ မုန့်ဆိုင် တစ်မှတ် ရသွားပြီ”
“ရေး” ဟွာရှန့် ခုန်ပေါက်ပြီး မော့ချွမ်းကို လက်ဝါးချင်း ရိုက်လိုက်သည်။
မော့ချွမ်း ဟွာရှန့်ကို တိုးတိုးလေး မေးလိုက်သည်။
“နင့် အစ်ကိုက တော်တယ်မဟုတ်လား”
ဟွာကျွင်း
“နောက်ဆုံး လျှို့ဝှက်ကုဒ် တစ်ခု ကျန်သေးတယ်”
အားလုံး နောက်ဆုံးတစ်မှတ်ကို ရယူဖို့ လက်တွေ ပွတ်နေကြ၏။
“ပန်းထိုးအလုပ်ရုံရဲ့ သတို့သမီးရွေးပွဲမှာ အဖြူရောင်ကြွေ ကွမ်ရင်မယ်တော်ရုပ်တုကို အကွဲမခံနဲ့ဆိုတာကရော၊ ပန်းထိုးအလုပ်ရုံရဲ့ သတို့သမီးရွေးပွဲဆိုတာ ဘာလဲ၊ ပြီးတော့ အဖြူရောင်ကြွေ ကွမ်ရင်မယ်တော်ရုပ်တုက ဘာကို တင်စားတာလဲ”
ကျိုင်ကတော် ပြော၏။
“ပန်းထိုးအလုပ်ရုံရဲ့ သတို့သမီးရွေးပွဲ အတွက်ဆိုရင် အဓိကဇာတ်ဆောင်က အမျိုးသမီးတစ်ယောက် ဖြစ်ရမယ်။ ကွမ်ရင်မယ်တော်ရုပ်တုက အမျိုးသမီးတစ်ယောက်နဲ့ တူတယ်၊ ပြီးတော့ အဲဒါကို အဖြူရောင်ကြွေနဲ့ လုပ်ထားတယ်လို့ ပြောထားတယ်။ ကျွန်မ ထင်တာတော့ ဒါက ချမ်းသာတဲ့ မိသားစုက အမျိုးသမီးတစ်ယောက်ကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်”
ဟွာကျွင်း နားလည်သွားသည်။
“ပြန်ပေးဆွဲတာလား”
အားလုံး ဆူညံသွားကြ၏။
“တကယ်ပဲ ပြန်ပေးဆွဲတာလား”
“ဒီလောက် ကိစ္စကြီးတာကို”
စပ်စုတတ်သည့် မော့ချွမ်း သူမကို မေး၏။
“ဘာလို့ ပြန်ပေးဆွဲတာလဲ”
“သတို့သမီးရွေးပွဲ နဲ့ ပြန်ပေးဆွဲတာ ကြားမှာ ဘာမှ ထူးမခြားနားဘူးလို့ ရှင် မထင်ဘူးလား။ နှစ်ခုစလုံးက အမျိုးသမီးတွေကို အိမ်ကနေ အတင်းအကျပ် ထွက်ခွာစေတာပဲ။ တစ်ခုက သတို့သားကို မသိဘူး၊ နောက်တစ်ခုက ပြန်ပေးဆွဲသမားကို မသိဘူး”
ဟွာရှန့် ပြော၏။
“မှန်တယ်၊ တစ်ခုက တင်တောင်းငွေ လိုချင်တာ၊ နောက်တစ်ခုက ပြန်ပေးငွေ လိုချင်တာ”
ရှိနေသည့် အမျိုးသမီးများအားလုံး မှင်တက်သွားကြ၏။ တစ်ယောက်က ပြောလိုက်သည်။
“ကျွန်မကတော့ ‘သတို့သမီးရွေးပွဲ’ ဆိုတာကို ရိုမန့်တစ်ဆန်တဲ့ ကိစ္စလို့ အမြဲ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒီနေ့ သူဌေးမဟွာရဲ့ စကားတွေကို ကြားလိုက်ရတော့ ကြောက်စရာကောင်းသလို ခံစားလိုက်ရတယ်”