အခန်း ၂၄၅
Vol. 25 Ch. 245
အခန်း (၂၄၅)
ဂီတဖျော်ဖြေပွဲ
ဟွာကျွင်း အနှစ်ချုပ်လိုက်သည်။ “ဒါဆိုရင် သူတို့က အဆင့်မြင့်အရာရှိတစ်ယောက်ရဲ့ သမီးကို ပြန်ပေးဆွဲပြီး သူတို့ခိုင်းတာလုပ်ဖို့ အကျပ်ကိုင်ချင်ကြတာပေါ့”
သူမ ဆက်မေး၏။
“မြို့ထဲက ဘယ်အဆင့်မြင့်အရာရှိတွေမှာ သမီးရှိလဲ”
အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်တည်း နာမည်တစ်ခုကို ပြောလိုက်ကြသည်။
“မြို့ဝန်မင်းကျောက်”
ဟွာကျွင်း ထိတ်လန့်သွားသည်။
“သူတို့က ကျောက်လုအာကို ပြန်ပေးဆွဲချင်တာလား”
ဟွာရှန့်
“ဒါဆိုရင် သူ့ကို မြန်မြန်သွားပြောရအောင်”
“မလောနဲ့ဦး”
ဟွာကျွင်းက စိတ်ကို ပြန်အေးအောင်လုပ်လိုက်သည်။ “သူတို့ရဲ့ အစီအစဉ်ကို အရင်ဆုံး သေချာပြန်သုံးသပ်ကြရအောင်”
ဟွာကျွင်းသည် ကျောက်သင်ပုန်းတစ်ခု အဆင်သင့်မရှိသည်ကိုသာ နောင်တရမိတော့၏။ ထို့ကြောင့် သူမ စာရွက်တစ်ရွက်ထုတ်ကာ သိရှိထားသော အချက်အလက်များကို အချိန်ကာလအလိုက် ချရေးလိုက်သည်။
“ပထမဆုံး၊ သူတို့က ဆန်လှောင်ရုံထဲက ဆန်တွေကို အရှေ့ဘက်ဆောင်ဆီ သယ်ရမယ်။ အရှေ့ဘက်ဆောင် ဆိုတာ ဘာလဲဆိုတာ ကျွန်မတို့ မသိသေးဘူး”
သူမက ထိုနေရာကို ဝိုင်းပြလိုက်သည်။
“ပြီးတော့ နောက်လ (၅) ရက်နေ့မှာ သူတို့က အနောက်ဘက်က ဆန်လှောင်ရုံကို မီးရှို့မယ်။ သုံးရက်အကြာမှာ တိရှိုးမင်းသားကြီး အားဇစ်ကို မြို့ထဲ ခေါ်လာမယ်”
“သူတို့က ကျောက်လုအာကိုလည်း ပြန်ပေးဆွဲချင်နေကြတယ်။ ဒါပေမဲ့ အဖြူရောင်ကြွေ ကွမ်ရင်ရုပ်တုကို အကွဲမခံနဲ့ လို့ ပြောထားတဲ့အတွက် သူ့ကိုတော့ အန္တရာယ်ပြုမှာ မဟုတ်ဘူး”
အားလုံးက မှတ်စုထုတ်ကာ အလုပ်ရှုပ်နေကြ၏။
ထိုအချိန်တွင် ချွေမားမားက အပြေးအလွှား ဝင်လာသည်။
“သူဌေးမဟွာ၊ ဒီနေ့ ပန်ကိတ်ဆိုင်ထဲကို အလယ်ပိုင်းဒေသက လူတစ်ယောက် ဝင်သွားတယ်”
ဟွာကျွင်း
“ဘယ်သူလဲ”
ချွေမားမားက အသက်ကို လုရှူရင်း ဖြေ၏။
“အဘိုးကြီးတစ်ယောက်ပဲ။ ကျွန်မ လူလွှတ်ပြီး နောက်ယောင်ခံခိုင်းလိုက်တာ နောက်တော့ သူ မြို့ဝန်မင်း အိမ်တော်ထဲ ဝင်သွားတာ တွေ့လိုက်ရတယ်”
၎င်းကို ကြားလိုက်ရတော့ လူတိုင်း အလွန်စိတ်လှုပ်ရှားသွားကြသည်။
“တကယ်ပဲ၊ ကျွန်တော်တို့ ခန့်မှန်းတာ မှန်နေပြီ”
ဟွာကျွင်း ထပ်မေး၏။
“သူက မြို့ဝန်မင်းအိမ်တော်က ဘယ်သူလဲ”
“ကျွန်မ လူအများကြီးကို လိုက်မေးပြီး အတည်ပြုလိုက်ပြီ။ သူက မြို့ဝန်မင်းအိမ်တော်က အတိုင်ပင်ခံကျန်းပဲ”
မော့ချွမ်း
“ကျွန်တော် သိပြီ။ အတိုင်ပင်ခံကျန်းက တိရှိုလူတွေနဲ့ ပေါင်းနေတာပဲ အဲဒီကောင်စုတ် သူ တကယ်ပဲ တိုင်းပြည်ကို သစ္စာဖောက်နေတာပဲ”
အားလုံး မော့ချွမ်းကို ကြည့်လိုက်ကြပြီး စကားပြောချင်သော်လည်း တွန့်ဆုတ်နေကြ၏။
မော့ချွမ်း
“ကျွန်တော့်ကို ဘာလို့ ကြည့်နေတာလဲ။ ကျွန်တော်က သစ္စာဖောက်မှန်သမျှ အကုန်မုန်းတယ်။ ဘယ်နိုင်ငံကိုပဲ သစ္စာဖောက်ဖောက်”
ဟွာကျွင်း
“ကိုက်ညီသွားပြီ၊ အချက်အလက်တွေ ကိုက်ညီသွားပြီ။ စစ်သူကြီးလုက ကျွန်မကို ပြောဖူးတယ်၊ သူ့ကို စောင့်ကြည့်နေတဲ့ လူအုပ်စု နှစ်စုရှိတယ်တဲ့”
သူမက စကားလုံးကို သေချာရွေးချယ်ပြီး မော့ချွမ်းကို မေးလိုက်၏။
“ရှင့်မှာ... ရှင့်မှာ... ရှင့်ရဲ့... မတူညီတဲ့... နိုင်ငံရေး ခံယူချက်တွေ ရှိလား”
မော့ချွမ်း
“ကျွန်တော်က ခင်ဗျားဘက်မှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က တိရှိုးမှာ မျက်နှာမွဲတစ်ယောက်ပဲလေ၊ သူတို့ သေတာ ရှင်တာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
စကားပြောပြီးနောက် သူ ခေါင်းငုံ့လိုက်ပြီး တွေးနေ၏။ ‘တကယ်တော့ ငါ့မှာလည်း သူတို့နဲ့ မကျေသေးတဲ့ သွေးကြွေးရှိသေးတယ်’
အာချင်း
“ကျွန်တော်တို့ သူတို့အစီအစဉ်ကို သိပြီဆိုတော့ ဘာလုပ်ကြမလဲ”
ဟွာကျွင်း ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ပြော၏။
“ဟီးဟီး ကျွန်မတို့ သူတို့ကို ကူညီပေးကြမယ်လေ။ ဟီးဟီးဟီး”
မော့ချွမ်း
“ဘာလို့ အပူချိန်က ရုတ်တရက် ကျသွားသလို ခံစားရတာလဲ၊ ကျွန်တော် နည်းနည်း ချမ်းလာသလိုပဲ...”
ဟွာကျွင်း ချွေမားမားကို ဆွဲခေါ်သွားပြီး စကားအနည်းငယ် ပြောလိုက်ကာ သူတို့ပထမဆုံး နည်းဗျူဟာဖြစ်သော အင်အားအရင်းအမြစ်ကို ဖြတ်တောက်ခြင်း အစီအစဉ်ကို ချမှတ်လိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် မြို့၏ လမ်းမများနှင့် လမ်းကြားများတစ်လျှောက် အကြောင်းကြားစာတစ်ခု ကပ်ထား၏။
ပထမဆုံးသော ဂီတဖျော်ဖြေပွဲကို နောက်သုံးရက်အကြာတွင် မြို့အရှေ့ဘက်ရင်ပြင်၌ ကျင်းပမည်။ ထိပ်တန်းဂီတပညာရှင်များမှ အနုစိတ်ဖန်တီးထားပြီး ဆန်းကြယ်သော တူရိယာတစ်ခုကိုလည်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြသမည်။ မည်သူမဆို တက်ရောက်ရန် ဖိတ်ခေါ်ပါသည်။
ထိုအချိန်တွင် ကိတ်လိပ် အခုတစ်ထောင်ကို အခမဲ့ ပေးဝေမည်ဖြစ်ပြီး (၁၅)မိနစ်တိုင်းတွင် “သကြားလုံးမိုး” ရွာသွန်းမည်။
ကံစမ်းမဲ သုံးကြိမ် ဖောက်ပေးမည့် အစီအစဉ်လည်း ပါဝင်မည်။
စီစဉ်သူ - ဟွာကျွင်း မုန့်ဆိုင်။
ပူးပေါင်းစီစဉ်သူများ - ဟွာကျွင်း ပန်းထိုးအလုပ်ရုံ၊ ဟွာကျွင်း မူလတန်းကျောင်း၊ ဟွာကျွင်း တည်းခိုခန်း၊ ဟွာကျွင်း ရှို့ယွန်း အားကစားရုံ၊ အားမောက် ဆိတ်သားကင်ဆိုင်၊ လျို၏ နံစော်တို့ဟူးဆိုင်နှင့် ကြက်ကြော်ဆိုင်၊ ဦးလေးကျန်း၏ ပန်ကိတ်ဆိုင်၊ အဘိုး၏ ခေါက်ဆွဲအေးဆိုင်၊ အဘွား၏ ရေခဲဂျယ်လီ စသည်ဖြင့်။
(ယခုအခါ စပွန်ဆာများ ရှာဖွေနေပါသည်၊ အသေးစိတ်ကို ဟွာကျွင်းတည်းခိုခန်း ကောင်တာတွင် စုံစမ်းနိုင်ပါသည်)
အကြောင်းကြားစာ ထွက်လာသည်နှင့် မြို့ခံလူထု၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့သည်။ အကယ်၍ ထိုအချိန်မှာ လူကြိုက်များမှု စာရင်းဇယားရှိခဲ့လျှင် ဤအစီအစဉ်မှာ သေချာပေါက် ထိပ်ဆုံးမှ ရှိနေပေလိမ့်မည်။
မြို့အရှေ့ဘက်ရှိ ယို့ကျားလက်ဖက်ရည်ဆိုင်။
“ကြားပြီးပြီလား၊ နောက်သုံးရက်နေရင် ဘေးက ရင်ပြင်မှာ ဂီတပွဲရှိတယ်တဲ့၊၊ နာမည်ကြီး ဂီတပညာရှင်တွေ အများကြီး လာမှာ”
“ဒါတင်မကဘူး၊ အဲဒီဆန်းကြယ်တဲ့ တူရိယာက ဘာလဲဆိုတာ ခင်ဗျား သိလား”
“အကောင်ကြီးကြီး တစ်ခုလို့ ကြားတယ်”
“လွန်ခဲ့တဲ့ လအနည်းငယ်က ပြည့်တန်ဆာရုံကို လျှို့ဝှက်သယ်လာတဲ့ တူရိယာလေ”
“ကျွန်တော် မှတ်မိပြီ အဲဒီတူရိယာက ခမ်းခမ်းနားနား ဒီဇိုင်းထုတ်ထားတာ။ အသံပေါင်း ရှစ်ဆယ့်ရှစ်သံအထိ တီးလို့ရတယ် အဲဒါတွေကို ပေါင်းလိုက်ရင် နတ်တေးသံသာအတိုင်းပဲ”
“ကျွန်တော်တို့ သွားကြည့်ရမယ်၊ ညီအစ်ကိုတို့”
မြို့အနောက်ဘက်ရှိ ခြယ်သဆိုင်။
“မြို့ပြင်က ဟွာကျွင်း မုန့်ဆိုင်က တကယ်ကို ရက်ရောတာပဲ။ ကိတ်လိပ် တစ်ထောင်တောင် အခမဲ့ ပေးမှာတဲ့”
“ကျွန်မ ကိတ်လိပ် စားဖူးတယ်၊ ချိုပြီး နူးညံ့နေတာပဲ။ တကယ် စားကောင်းတယ်၊ သူဌေးမဟွာက တကယ့် လူကောင်းပဲ”
“သကြားလုံးမိုးလည်း ပါသေးတယ်၊ တကယ် ပျော်စရာကောင်းမှာပဲ”
“ကျွန်မတို့ စောစောသွားပြီး ရှေ့ဆုံးက နေရာဦးကြမလား”
“ကောင်းသားပဲ၊ အတူတူ သွားကြမယ်”
မြို့မြောက်ဘက်ရှိ လောင်းကစားဝိုင်း။
“မင်းတို့ အားလုံး မြို့အရှေ့ဘက်က ဂီတပွဲကို သွားကြမှာလား”
“ကျွန်တော်ကတော့ အဲဒီလို အဆင့်မြင့်တာတွေကို ဘယ်သွားမလဲ။ အံစာတုံးပဲ ခေါက်ချင်တယ်”
“ဟွာကျွင်း မုန့်ဆိုင်က ကိတ်လိပ်တွေလည်း အလကားကျွေးမှာတဲ့”
“ဒါဆိုရင်တော့ သွားရမှာပေါ့ကွ။ ကျွန်တော် အဲဒါကို မမြည်းဖူးသေးဘူး”
မြို့တောင်ဘက်ရှိ လုံခြုံရေးအစောင့်လုပ်ငန်း။
“နောက်သုံးရက်နေရင် မင်း သွားမှာလား”
“သွားမှာပေါ့”
တည်းခိုခန်းတံခါးဝတွင်လည်း လူများဖြင့် ပြည့်နှက်နေ၏။
အဘွားကျန်း လူတိုင်းကို အလုပ်ရှုပ်စွာ ရှင်းပြနေသည်။
“စပွန်ဆာပေးတယ်ဆိုတာ ရှင်တို့က ငွေပေးရမယ်။ သူဌေးမဟွာက ရှင်တို့အတွက် အထူး ဆိုင်းဘုတ်ဗီနိုင်းတွေ လုပ်ပေးလိမ့်မယ်။ ငွေပိုပေးလေလေ၊ ရှင်တို့ရဲ့ ဆိုင်းဘုတ်က စင်မြင့်နဲ့ ပိုနီးလေလေပဲ”
ဆိုင်ရှင်တစ်ဦး ဇဝေဇဝါဖြစ်နေ၏။
“ဒီဆိုင်းဘုတ်တွေက ကျွန်တော်တို့အတွက် ဘာအသုံးကျမှာလဲ”
အဘွားကျန်း
“ကျွတ် အဲဒါက ကြော်ငြာဖို့လေ၊ တကယ်လို့ ရှင့်ဆိုင်က နာမည်ကြီးသွားရင် စီးပွားရေးမကောင်းမှာ စိုးရိမ်စရာ လိုသေးလို့လား၊ ဒါ့အပြင် သူဌေးမဟွာက ပြောသေးတယ်၊ ရှင်တို့ဘာသာ လျှော့ဈေးကူပွန်လေးတွေ ရိုက်ပြီး ပရိသတ်တွေကို လိုက်ဝေလို့ရတယ်၊ အဲဒါကလည်း ဖောက်သည်အများကြီး ဆွဲဆောင်နိုင်မှာပဲ”
သူမ ထပ်လောင်းပြော၏။
“ကျွန်မ ကြိုမပြောဘူးလို့ မဆိုနဲ့ဦး၊ ကြော်ငြာနေရာတွေက ကန့်သတ်ထားတာ၊ အရင်လာတဲ့သူ အရင်ရမှာပဲ။ ဟွာကျွင်း မုန့်ဆိုင် ဆိုင်းဘုတ်နဲ့ အနီးဆုံး ကြော်ငြာနေရာ နှစ်ခုကတော့ အထူးနေရာတွေဖြစ်လို့ အမြင့်ဆုံးဈေးပေးနိုင်တဲ့သူကို လေလံပစ်ပေးမယ်”
နောက်က ဆိုင်ထိုင်တစ်ဦးက ရှေ့ကလူတွေကို အတင်းတွန်းထုတ်ကာ ပြောလိုက်၏။
“ဖယ်ကြ၊ ဖယ်ကြ၊ ကျွန်တော်က ဖင်းရှန့်ဆိုင်ရဲ့ ဆိုင်ထိုင်ပဲ၊ ကျွန်တော့် သခင်ရှန့်ကွမ်းက မုန့်ဆိုင်ဆိုင်းဘုတ်ရဲ့ ဘယ်ဘက်က အထူးနေရာကို ကြိုတင်မှာထားဖို့ လွှတ်လိုက်တာ”
သူသည် ရှေ့ဆုံး ရောက်သွားပြီး လူအုပ်ကို လှည့်ကြည့်ကာ အင်္ကျီကို ပြန်ပြင်၊ ဦးထုပ်ကို တည့်လိုက်ပြီး ဖောင်းကားနေသော ငွေအိတ်ကို ထုတ်လိုက်၏။
သူ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ကျွန်တော်တို့ သခင်ရှန့်ကွမ်းက ပြောတယ်။ ဘယ်လောက်ဈေးပဲဖြစ်ဖြစ် ရတယ်တဲ့ာ ကျွန်တော်နဲ့ လာမပြိုင်နဲ့၊ ခင်ဗျားတို့ မနိုင်ဘူး”
အဘွားကျန်းက ပြုံးကာ ပြောလိုက်သည်။
“အထူးကြော်ငြာနေရာကတော့ ငွေတေး သုံးရာ သတ်မှတ်ထားပါတယ်”
ဖင်းရှန့်ဆိုင်ထိုင်က ငွေအိတ်ကို စင်ပေါ်သို့ ဘုန်းခနဲ မြည်အောင် တင်လိုက်ပြီး ပြောလိုက်၏။
“ယူလိုက်”
အဘွားကျန်း သူမ၏ မှတ်စုစာအုပ်တွင် မှတ်သားလိုက်ပြီး မော့ကြည့်ကာ ကြေညာလိုက်သည်။
အထူးနေရာ တစ်ခုပဲ ကျန်တော့တယ်”
“ကျွန်တော် ယူမယ်”
“ကျွန်မ စာရင်းသွင်းမယ်”
“ကျွန်တော်၊ ကျွန်တော်၊ ကျွန်တော်”
အားလုံးက ရှေ့ကို တိုးဝှေ့လာကြသဖြင့် ခုနက ဂုဏ်ယူဝင့်ကြွားနေသော ဖင်းရှန့်ဆိုင်ထိုင်မှာ လူအုပ်ကြားထဲမှ အပြင်သို့ တွန်းထုတ်ခြင်း ခံလိုက်ရတော့သည်။
ညနေပိုင်း ဟွာကျွင်း ဆိုင်ဖွင့်ချိန်တွင် ကြော်ငြာနေရာအားလုံး ဘွတ်ကင်ပြည့်သွားပြီဖြစ်သည်။
ဟွာကျွင်း တစ်နေကုန် အလုပ်ရှုပ်နေ၏။ သူမသည် ‘Sam’s Club’ နှင့် ‘Mr. Hippo’ တို့မှ ကိတ်လိပ်အားလုံးကို အကုန်အစင် ဝယ်ယူလိုက်ရာ စုစုပေါင်း ဘူး (၈၀) ရရှိခဲ့သည်။ အပိုင်းလိုက် ခွဲကာ ဆီစိမ် စက္ကူဖြင့် တစ်ခုချင်း ထုပ်ပိုးလိုက်သည်။
သူမသည် ‘ယုန်ဖြူ’ နို့သကြားလုံး ကတ်တီ နှစ်ရာကိုလည်း ဝယ်ယူခဲ့ပြီး၊ အပြင်ဘက်ထုပ်ပိုးမှုကို ဖယ်ကာ အတွင်းဘက်က ကောက်ညှင်းစက္ကူပါးလေးနှင့် ပတ်ထားသော သကြားလုံးများကိုသာ ချန်ထားခဲ့၏။
သူမသည် စပွန်ဆာများအားလုံး၏ အမည်များကို မှတ်တမ်းတင်ထားပြီး နောက်တစ်နေ့တွင် သူတို့ကြော်ငြာဆိုင်းဘုတ်များကို ဒီဇိုင်းဆွဲပေးမည်။