အခန်း ၂၄၆
Vol. 25 Ch. 246
အခန်း (၂၄၆)
သကြားလုံးမိုး
ဖျော်ဖြေပွဲကျင်းပမည့်နေ့တွင် ကြော်ငြာစာရွက်များ မြို့တစ်ပြင်လုံးတွင် ပျံ့နှံ့နေပြီး လူငယ်အမျိုးသားပေါင်းများစွာမှာလည်း လမ်းကြားများတစ်လျှောက် မောင်းထုကာ အော်ဟစ်နေကြသည်။
“ဖျော်ဖြေပွဲ စတော့မယ်၊ မြို့အရှေ့ဘက်ကွင်းပြင်ကို သွားကြပါ၊ ကိတ်လိပ်နဲ့ သကြားလုံးတွေ အလကားရမှာနော်”
ခဏအတွင်းမှာပင် မြို့ထဲတွင် လူသူဆိတ်သုဉ်းသွားပြီး လမ်းမများပေါ်၌ လေတိုးသံသာ ကျန်ရစ်တော့သည်။
ဖျော်ဖြေပွဲကျင်းပရာနေရာတွင် စန္ဒရားကို သယ်ဆောင်လာသည်။ ၎င်းကို အဝတ်စ အနီရောင်ဖြင့် ဖုံးအုပ်ထားပြီး စင်မြင့်အလယ်တွင် လျှို့ဝှက်ဆန်းကြယ် ခန့်ညားထည်ဝါစွာ တည်ရှိနေ၏။
စင်ပေါ်တွင် အရောင်ဖျော့ဖျော့ ပိတ်ပါးစလိုက်ကာများ လေထဲတွင် ဝေ့ယမ်းနေကြ၏။ နောက်ခံတွင် အဖြူရောင် ပိတ်ကား အကြီးကြီး တစ်ခုရှိနေပြီး လိမ္မော်ရောင်စာလုံးများဖြင့် “နေဝင်ချိန်ဖျော်ဖြေပွဲ” ဟု ရေးသားထားသည်။
ပိတ်ကားအလယ်တွင် ကြီးမားသော နေဝင်ချိန်ပုံရိပ်ကို အသက်ဝင်လှပစွာ ပုံနှိပ်ထားသည်။
ပိတ်ကား၏ အောက်ခြေတွင်တော့ စီစဉ်သူများနှင့် ပူးပေါင်းစီစဉ်သူများကို ဖော်ပြထားသည့် စာတန်းလေးများ ပါရှိသည်။
စင်မြင့်ပတ်လည်တွင် စပွန်ဆာများ၏ အမည်များသာမက ဟွာကျွင်းက သူတို့အတွက် အသေအချာ ဒီဇိုင်းဆွဲပေးထားသည့် ကာတွန်းပုံစံ အလံလေးများလည်း လွှင့်ထူထားသည်။
စပွန်ဆာများသည် ပွဲခင်းအတွင်းသို့ စောစီးစွာရောက်ရှိနေကြပြီး လျှော့စျေးကူပွန်များနှင့် မြည်းစမ်းကြည့်ရန် နမူနာပစ္စည်းများကို ဝေငှနေကြသဖြင့် မြင်ကွင်းမှာ အလွန်စည်ကားနေသည်။
ပရိသတ်ထိုင်ခုံနေရာတွင် ကုလားထိုင် ခြောက်တန်း၊ ခုနစ်တန်းခန့်ရှိပြီး လူများဖြင့် ပြည့်နှက်နေကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း လူအုပ်ကြီး စည်ကားနေသည်။
မြို့ထဲရှိ လူအားလုံးနီးပါး ဤနေရာသို့ စုရုံးရောက်ရှိနေကြသည်ဟုပင် ဆိုနိုင်သည်။
ရုံးတော်အစောင့်များမှာတော့ သူတို့ဓားများကို ကိုင်ဆောင်ကာ တည်ကြည်သော မျက်နှာထားများဖြင့် လူအုပ်ကို ထိန်းသိမ်းနေရသဖြင့် အတော်ပင် ပင်ပန်းနေကြ၏။
မောင်းသံ၊ ဗုံသံများအဆုံးတွင် ခမ်းနားသော ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး စင်ပေါ်သို့ တက်လာပြီး ဖျော်ဖြေပွဲ စတင်ကြောင်း တရားဝင် ကြေညာလိုက်သည်။
ပထမဆုံး ဖျော်ဖြေမှုမှာ ချင်းယွန်းဂီတအိမ်တော်မှ ဂီတပညာရှင် မန်းရှောင် တင်ဆက်သည့် ကြင်ယာတော်ရှန်း၏ ငိုချင်း ပုလွေတစ်ကိုယ်တော် တီးခတ်မှုဖြစ်သည်။
ပုလွေသံမှာ သာယာနာပျော်ဖွယ်ရှိပြီး ရှိုက်ကြီးတငင် ငိုကြွေးတိုင်တည်နေသကဲ့သို့ ခံစားရသဖြင့် ပရိသတ်တစ်ဦးချင်းစီမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။
ထိုအချိန်တွင် အခြွေအရံ အချို့က လင်ဗန်းများ ကိုင်ဆောင်ကာ ပရိသတ်ကြားထဲ လျှောက်သွားပြီး အထူးလက်မှတ်လေးများ ဝေငှပေးသည်။
ဤလက်မှတ်ရှိမှသာ ပွဲအပြီးတွင် ကိတ်လိပ်ကို ထုတ်ယူနိုင်မည်။
“တကယ်ကြီး ကိတ်လိပ်တွေ ပေးတာပဲလား” လူအုပ်ထဲမှ တစ်ယောက်က တိုးတိုးလေး မေးလိုက်၏။
“ကိတ်လိပ်တင် မဟုတ်ဘူး၊ နောက်ကျရင် သကြားလုံးမိုးလည်း ရွာဦးမှာ”
အခြားတစ်ယောက်က သတိပေးလိုက်သည်။
“သကြားလုံးမိုးဆိုတာ ဘာလဲ”
“ကျွန်တော်လည်း မသိဘူး၊ ငြိမ်ငြိမ်လေးပဲ စောင့်ကြည့်ရအောင်”
တေးသီချင်း နှစ်ပုဒ်အပြီးတွင် စင်မြင့်ဘေးနှစ်ဖက်မှ ပိတ်ပါးစ လိုက်ကာများမှာ မမြင်ရသော လက်တစ်စုံက ဆွဲဖွင့်လိုက်သကဲ့သို့ ရုတ်တရက် ပွင့်သွားသည်။
အဝတ်အစား ရိုးရိုးရှင်းရှင်းဝတ်ထားသည့် အမျိုးသမီးအစေခံသုံးဦးစီသည် ဘေးတစ်ဖက်စီမှ ထွက်လာကြပြီး ဝါးဖြင့် ရက်လုပ်ထားသော ခြင်းတောင်းလေးများကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် နတ်သမီးလေးများကဲ့သို့ စင်ပေါ်တွင် ဝဲပျံနေကြပြီး သူတို့ဂါဝန်ရှည်များက ခြေထောက်မှ စကိတ် များကို ဖုံးကွယ်ထား၏။
စင်ပေါ်တွင် ခဏတာ ကပြပြီးနောက် သူတို့သည် ပရိသတ်များရှိရာသို့ ချောမွေ့စွာ တိုးဝင်သွားကြပြီး ခြင်းတောင်းထဲမှ ရွှေရောင်စက္ကူပတ်ထားသော သကြားလုံးများကို လူအုပ်ထဲသို့ ကြဲချပေးလိုက်၏။
“နတ်သမီးလေးတွေ ပန်းကြဲနေတယ်”
ကလေးတစ်ယောက်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
သကြားလုံးများသည် ရွှေရောင်ကြယ်ပွင့်လေးများကဲ့သို့ ကြွေကျလာပြီး လူများသည်လည်း ဖမ်းယူရန် လက်များကို အားတက်သရော မြှောက်ထားကြသည်။
သကြားလုံးရရှိသူများသည် ရွှေရောင်စက္ကူကို အမြန်ခွာကြည့်လိုက်ရာ အထဲတွင် နှင်းကဲ့သို့ ဖြူဖွေးသော “ယုန်ဖြူ” နို့သကြားလုံးကို တွေ့လိုက်ရသည်။
သူတို့ ပါးစပ်ထဲ ထည့်လိုက်သောအခါ ဆန်စက္ကူပါးလေး အရည်ပျော်သွားပြီးနောက် ချိုမြိန်သော နို့ရနံ့မှာ ပျံ့နှံ့သွား၏။
၎င်းမှာ သူတို့တစ်ခါမှ မစားဖူးသော အရသာပင် ဖြစ်သည်။ သူတို့မှာ မျက်လုံးမှိတ်ကာ အားရပါးရ အရသာခံနေကြတော့သည်။
စင်ပေါ်တွင်တော့ အနီရောင် ကတ္တီပါအဝတ်စကို ဖယ်ရှားလိုက်ရာ အနုစိတ်လှပသော စန္ဒရားကြီး ပေါ်ထွက်လာ၏။
ဂီတပညာရှင်အိုကြီးက ကမ္ဘာ့ပထမဆုံး စန္ဒရားတေးသွားကို စတင်တီးခတ်လိုက်ရာ အားလုံး အံ့အားသင့်သွားကြသည်။ လောကတွင် ဤမျှသာယာသော တေးသံများ ရှိနိုင်ပါလားဟု တွေးမိကြသည်။
နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင် ထိုပွဲသို့ တက်ရောက်ခဲ့သူတိုင်းသည် နတ်တေးသံသာကဲ့သို့သော တေးဂီတနှင့် ကြယ်ပွင့်များကဲ့သို့ ကြွေကျလာသော သကြားလုံးများကို ရှင်းလင်းစွာ မှတ်မိနေကြဦးမည်။
တစ်ချိန်တည်းမှာပင် မြို့အနောက်ဘက်ရှိ ဆန်လှောင်ရုံတံခါးရှေ့၌ အစောင့်စစ်သားများ စကားပြောနေကြ၏။
“မြို့အနောက်ဘက်က အရမ်းစည်နေတာပဲ”
အစောင့်သည် အဝေးမှ မောင်းသံ၊ ဗုံသံများကို ကြားရသဖြင့် အားကျသော မျက်နှာဖြင့် ပြောလိုက်သည်။
“ကိတ်လိပ်တွေတောင် အလကားပေးနေတယ်လို့ ကြားတယ်။ အဲဒါက ဈေးကြီးပြီး ဝယ်ရခက်တာ။ ကျွန်တော် လူတွေ ပြောတာပဲ ကြားဖူးတယ်၊ တစ်ခါမှ မစားဖူးဘူး” နောက်အစောင့်တစ်ဦး စိတ်ပျက်လက်ပျက် ပြော၏။
အစောင့်၁
“ငါတို့ တစ်ယောက်တစ်လှည့်စီ သွားယူကြမလား၊ ဘာပဲဖြစ်ဖြစ် ဒီထဲက ပစ္စည်းတွေကို...”
သူ နောက်ကို လှည့်ကြည့်ရင်း ဆက်ပြော၏။
“ဘယ်သူမှ လာခိုးမှာ မဟုတ်ပါဘူး”
အစောင့်၂ ခဏစဉ်းစားပြီးနောက်ဖြေ၏။
“ကောင်းပြီ၊ ကျွန်တော် အရင်သွားမယ်၊ အစ်ကိုပဲ ကြည့်ထားပေးပါဦး”
အစောင့်၂ ထွက်သွားသောအခါ ဆန်လှောင်ရုံအပြင်ဘက်တွင် တစ်ဦးတည်းသာ ကျန်တော့သည်။ အနီးအနားက ထောင့်တစ်ခုတွင် ကလေးအချို့ ချောင်းမြောင်းနေသည်ကို သူ လုံးဝ သတိမထားမိပေ။
“တစ်ယောက်ပဲ ကျန်တော့တယ်၊ လှုပ်ရှားလို့ ရပြီလား”
“မလောနဲ့ဦး။ ခေါင်းဆောင် ပြန်လာတာကို စောင့်ဦး”
ထိုသို့ ပြောနေစဉ်မှာပင် အာချင်းသည် နောက်ဘက်နံရံမှ ခုန်ချလာပြီး ပြောလိုက်၏။
“ရပြီ”
သူသည် အိတ်ထဲမှ အရာတစ်ခုကို ထုတ်ကာ ကိုယ်ကိုနှိမ့်ပြီး အစောင့်၁ ထံသို့ ချဉ်းကပ်သွားသည်။
ထို့နောက် ၎င်းကို ပါးစပ်ဖြင့် မှုတ်လိုက်ရာ အပ်တစ်ချောင်းသည် လွင့်ထွက်သွားပြီး အစောင့်၁ ၏ တင်ပါးကို ထိမှန်သွား၏။
“အဲဒါ ဘာကြီးလဲ”
အစောင့်၁ သည် တင်ပါးကို စမ်းရင်း အော်လိုက်သည်။
မေ့ဆေးအပ်ကို ထိလိုက်သည်နှင့် သူသည် မူးဝေကာ လဲကျသွားတော့သည်။
အာချင်းက သူကိုင်ထားသော တိရစ္ဆာန်သုံး မေ့ဆေးကို ကြည့်ကာ ရေရွတ်လိုက်၏။
“ဒါက တကယ် ထိရောက်တာပဲ”
ကလေးအချို့ ပြေးထွက်လာပြီး အစောင့်ထံမှ သော့ကိုယူကာ ဆန်လှောင်ရုံတံခါးကို ဖွင့်လိုက်ကြသည်။
အပြည့်ရှိနေရမည့် ဆန်လှောင်ရုံမှာ ယခုတော့ တစ်ဝက်သာ ကျန်တော့၏။
ရှောင်ဟူ
“သူတို့ ရွှေ့နေကြပြီပဲ ငါတို့သာ နည်းနည်း နောက်ကျသွားရင် ပြောင်သွားလောက်ပြီ”
“စမယ်”
အားချင်း အမိန့်ပေးလိုက်ရာ အဖွဲ့သားများသည် လက်တွန်းလှည်း အချို့ကို တွန်းသွင်းလာကြသည်။ အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြသည်။
အဖွဲ့သားလေးဦးသည် ဆန်ပုံပေါ်သို့ ခုန်တက်လိုက်ပြီး မီးခိုးရောင် အဝတ်စကြီးဖြင့် ဆန်များကို လုံအောင် ဖုံးအုပ်လိုက်သည်။
ဤအရာမှာ ဟွာကျွင်း အပူဒဏ်ခံနိုင်သော အမျှင်များဖြင့် ပြုလုပ်ထားသည့် အထူးမီးခံအဝတ်စ ဖြစ်၏။ ၎င်းမှာ ဒီဂရီစင်တီဂရိတ် (၁၀၀၀) တွင် တည်ငြိမ်စွာ အသုံးပြုနိုင်ပြီး (၁၄၀၀) ကျော်အထိပင် ခဏတာ ခံနိုင်ရည်ရှိသည်။ သာမန်မီးများက ၎င်းကို လုံးဝ မလောင်ကျွမ်းစေနိုင်ပေ။
ဘေးကင်းစေရန်အတွက် သူတို့သည် သုံးထပ်တောင် ဖုံးအုပ်ထားကြသည်။
ထို့နောက် အခြားအဖွဲ့ဝင်များက ကောက်ရိုးများကို ဆန်လှောင်ရုံထဲသို့ အပြည့်ရောက်အောင် ပစ်ထည့်လိုက်ကြ၏။
အားလုံး အဆင်သင့်ဖြစ်သောအခါ အဖွဲ့ဝင်များ အပြင်သို့ ထွက်လာကြပြီး အာချင်း အချက်ပြမီးကို လွှတ်လိုက်သည်။
“ဝူး”
အချက်ပြမီးများ ကောင်းကင်သို့ ပျံတက်သွားပြီးနောက် အာချင်းက အမိန့်ပေးလိုက်၏။
“မီးရှို့တော့”
သူတို့သည် မီးတုတ်များကို လှောင်ရုံထဲ ပစ်ထည့်ကာ တံခါးပိတ်လိုက်ပြီး သတိမေ့နေသော အစောင့်၁ ကို လှည်းပေါ်တင်၍ အမြန် ဆုတ်ခွာသွားကြသည်။
ဖျော်ဖြေပွဲ ပြီးဆုံးလုနီးပါးအချိန်တွင် လူအုပ်ကြီး ပြန်ရန် ပြင်ဆင်နေစဉ် အရှေ့တောင် အနောက်မြောက် အရပ်လေးမျက်နှာလုံးမှ အမည်းရောင် မီးခိုးလုံးကြီးများကို တွေ့လိုက်ရသည်။
“မီးလောင်နေပြီ၊ မီးလောင်နေပြီ”
လူတိုင်း ထိတ်လန့်သွားကြ၏။
သို့သော် ရုံးတော်အစောင့်များမှာ မလောကြဘဲ လူအုပ်ကို အေးအေးဆေးဆေး လူစုခွဲပေးနေကြသည်။
လူများ ဆန်လှောင်ရုံတံခါးသို့ ရောက်သွားချိန်တွင် မီးမှာ ငြိမ်းသွားပြီဖြစ်၏။
မြို့ဝန်မင်းကျောက်သည် ရုံးတော်စစ်သားများနှင့်အတူ ဆန်လှောင်ရုံ တစ်ခုချင်းစီကို စစ်ဆေး၏။ သူ ဒေါသတကြီးဖြင့် ပြောတော့သည်။
“ဒါက တော်တော်လွန်တာပဲ၊ ဒီသူခိုးတွေက ဘယ်ကလာပြီး ဆန်လှောင်ရုံ လေးခုလုံးကို မီးရှို့ရတာလဲ”
အမှုထမ်းတစ်ဦးက ရှေ့သို့ တိုးလာပြီး ပြော၏။
“မြို့ဝန်မင်း၊ တစ်ခုခုတော့ မှားနေတယ်”
“ဘာကို ဆိုလိုတာလဲ”
“လှောင်ရုံထဲက ဆန်ပမာဏက မကိုက်ညီဘူး”
မြို့ဝန်မင်းကျောက် နားမလည်နိုင်ဘဲ မေးတော့၏။
“ဘာလို့ မကိုက်တာလဲ”
“ကြည့်ပါဦး၊ တကယ်လို့ ဆန်လှောင်ရုံသာ ဆန်တွေနဲ့ ပြည့်နေရင် တစ်ညလုံး လောင်ရမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်လာတော့ မီးက သူ့အလိုလို ငြိမ်းသွားပြီ”
မြို့ဝန်မင်းကျောက်က တံခါးကို တွန်းဖွင့်လိုက်ရာ လှောင်ရုံထဲတွင် ပြာတစ်ဝက်သာ ကျန်တော့သည်ကို အားလုံး မြင်လိုက်ရသည်။
ထိုအချိန်တွင်ပင် အခြားဆန်လှောင်ရုံ သုံးခုမှာလည်း ထိုအတိုင်းပင် ဖြစ်နေကြောင်း စစ်သားတစ်ဦး လာသတင်းပို့သွားသည်။
သူသည် ပို၍ပင် ဒေါသထွက်သွား၏။
“ဘယ်ကောင်က ဆန်တွေကို သယ်ထုတ်သွားတာလဲ”