အခန်း ၂၄၇
Vol. 25 Ch. 247
အခန်း (၂၄၇)
ဆန်လှောင်ရုံများကို မီးရှို့ခြင်း
အမှုထမ်းဖြစ်သူက ပြော၏။
“မြို့ဝန်မင်း ဒီလောက်များပြားတဲ့ ဆန်တွေကို ဘယ်သူမှမသိအောင် မြို့ပြင်ကို သယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော် ခန့်မှန်းရရင် ဆန်တွေဟာ မြို့ထဲမှာပဲ ရှိနေဦးမှာပါ”
မြို့ဝန်မင်းကျောက် အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
“သတင်းပို့လိုက်စမ်း၊ ရှာဖွေကြ၊ မြို့တစ်ပြင်လုံးကို နှံ့အောင်ရှာ၊ ထောင့်တစ်နေရာကိုမှ မလွတ်စေနဲ့”
“ဟုတ်ကဲ့ပါ”
ရုံးတော်အစောင့်များသည် လမ်းမများတစ်လျှောက် အိမ်တိုင်းစေ့ လိုက်လံရှာဖွေကြသည်။ တရားဝင်ဆန်ရိက္ခာများကို မှောင်ရီပျိုးစအချိန်အထိ ရှာဖွေပြီးမှ ပြန်လည်ရုပ်သိမ်းသွားကြသည်။
ဟွာကျွင်းသည် ပန်းထိုးအလုပ်ရုံတွင် ရှိနေပြီး ဟိုးရပ်စ်အဖွဲ့နှင့် ရွာစောင့်တပ်ဖွဲ့တို့၏ ဒီနေ့အခြေအနေ သတင်းပို့ချက်များကို နားထောင်နေ၏။
နားထောင်ပြီးနောက် ဟွာကျွင်း မချီးကျူးဘဲမနေနိုင်တော့။
“ရှင်တို့အားလုံး တကယ်ကို တော်ကြတယ်။ ဒါ ရှင်တို့အတွက် ပထမဆုံးအကြိမ် ဒီလိုရှုပ်ထွေးတဲ့ တာဝန်ကို ထမ်းဆောင်တာဖြစ်ပေမဲ့ အားလုံးက အရမ်းကို ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်။ အားလုံး ပင်ပန်းသွားကြပြီ၊ အရင်ဆုံး ထမင်းစားကြရအောင်”
ဖျော်ဖြေပွဲ အောင်မြင်စွာ ပြီးဆုံးသွားရုံတင်မက ဆန်လှောင်ရုံ လေးခုလုံးသည်လည်း အစီအစဉ်အတိုင်း မီးလောင်ကျွမ်းသည်။
အားမန် အားလုံးကို ဆုချရန်အတွက် အရသာရှိသော ဟင်းလျာများဖြင့် စားပွဲသုံးလုံးအပြည့် ပြင်ဆင်ပေးထားသည်။
အားလုံး စားသောက်နေစဉ်မှာပင် ချွေမားမား ရောက်လာ၏။
“သူဌေးမဟွာ၊ ပန်ကိတ်ဆိုင်ကလူတွေ ဒီနေ့ စောစောရောက်လာကြတယ်။ သူတို့ ဆိုင်ထဲမှာ (၁၅) မိနစ်တောင် မကြာဘူး၊ ပြန်ထွက်သွားကြတာနဲ့ ကျွန်မ ဒါလေးကို အမြန်ယူလာခဲ့တာ”
ဟွာကျွင်း အသံဖမ်းစက်ကို ယူလိုက်ပြီး အားလုံးကို ဆက်စားရန် ပြောကာ မော့ချွမ်းနှင့်အတူ နားထောင်ရန် မုန့်ဆိုင်ဘက်သို့ ပြေးသွားတော့၏။
အသံဖမ်းစက်ထဲမှ လူအချို့ ငြင်းခုံနေသည့် အသံများ ထွက်ပေါ်လာသည်။ ယခုတစ်ကြိမ်တွင် သူတို့သည် မန်ဒရင်းဘာသာစကား (တရုတ်ဘာသာစကား) ဖြင့် ပြောဆိုနေကြသဖြင့် မော့ချွမ်း ဘာသာပြန်ပေးရန် မလိုဘဲ ဟွာကျွင်းကိုယ်တိုင် နားလည်နေသည်။
လူတစ်ယောက်က ဒေါသတကြီး မေးနေ၏။
“ဘယ်သူက ဆန်လှောင်ရုံကို မီးရှို့တာလဲ၊ ငါတို့ (၅) ရက်နေ့မှ ရှို့ဖို့ သဘောတူထားတာ မဟုတ်လား၊ မင်းတို့ထဲက ဘယ်သူလုပ်တာလဲ”
သူတို့မှာ အလွန်အမင်း စိုးရိမ်နေကြသဖြင့် လျှို့ဝှက်ကုဒ်များကိုပင် မသုံးနိုင်တော့ပေ။
အခြားအသံတစ်သံက မခံချင်စိတ်ဖြင့် ပြန်ပြောသည်။ “ငါ့လူတွေက ဘာမှမလှုပ်ရှားဘူး၊ မင်းလူတွေ လုပ်တာလား”
အဖိုးကြီးတစ်ယောက်က ပျာပျာသလဲ တားလိုက်သည်။ “အသံလျှော့ကြစမ်းပါ၊ တစ်ယောက်ယောက် ချောင်းနားထောင်နေဦးမယ်”
“စိတ်မပူနဲ့၊ အပြင်မှာ အကုန်လုံး ငါ့လူတွေချည်းပဲ။ ခြင်တစ်ကောင်တောင် ဖြတ်မပျံနိုင်ဘူး”
“ဒါဆိုရင် အရှေ့၊ အနောက်၊ တောင်၊ မြောက် လှောင်ရုံလေးခုလုံးက ဆန်တွေက...”
“အနောက်ဘက် လှောင်ရုံက (၃၀) ရာခိုင်နှုန်းပဲ သယ်ထုတ်ရသေးတာ၊ ကျန်တဲ့လှောင်ရုံတွေကိုတော့ လက်တောင် မတင်ရသေးဘူး”
“ဘုန်း”
စားပွဲကို ရိုက်လိုက်သံနှင့်အတူ တစ်ယောက်က အော်လိုက်၏။
“အဓိပ္ပာယ်မရှိတာ၊ ငါ သေချာကြားလိုက်တယ်၊ လှောင်ရုံလေးခုလုံးက အထဲမှာ ဘာမှမရှိသလောက် ဖြစ်နေပြီတဲ့။ မင်းတို့ပဲ ဆန်တွေကို ကိုယ်ကျိုးအတွက် ဝှက်ထားတာ ဖြစ်မယ်”
ဓားဆွဲထုတ်သံ ထွက်ပေါ်လာ၏။
“ဘာပြောတယ် ငါ မလုပ်ဘူးလို့ ပြောနေတယ်လေ”
အဖိုးကြီးက ထပ်မံပြောတော့သည်။
“စိတ်မပူကြပါနဲ့၊ အေးအေးဆေးဆေး စကားပြောကြရအောင်၊ နားလည်မှု လွဲနေတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
“ဘာနားလည်မှု လွဲတာလဲ ပြောစမ်း၊ ငါတို့မဟုတ်ရင် ဘယ်သူက ဆန်လှောင်ရုံကို မီးရှို့မှာလဲ”
“မီးကတော့ လောင်သွားပြီ၊ အခုက တစ်ယောက်ကိုတစ်ယောက် သံသယဝင်နေရမယ့် အချိန်မဟုတ်ဘူး။ ငါတို့အားလုံးက လှေတစ်စင်းတည်းစီးနေကြတာ။ အခု အရေးကြီးဆုံးက ဆန်တွေကို ဘာလုပ်မလဲဆိုတာ ဆွေးနွေးဖို့ပဲ”
“ဘာလုပ်ရမှာလဲ၊ မြန်မြန် အပြင်ကို သယ်ထုတ်ဖို့ပဲ ရှိတာပေါ့”
“ရုံးတော်အစောင့်တွေက နေရာအနှံ့ ရှာနေတာ၊ ဘယ်လိုလုပ် သယ်လို့ရမှာလဲ၊ မကြာခင် ဒီကိုပါ လာရှာကြတော့မယ် ထင်တယ်”
“မင်းက မြို့ဝန်ရဲ့ အမှုထမ်း မဟုတ်လား၊၊ နည်းလမ်းတစ်ခု စဉ်းစားစမ်းပါ”
ခဏတာ တိတ်ဆိတ်သွားသည်။
ထို့နောက် အမှုထမ်းက ပြော၏။
“မြို့ဝန်မင်းမှာ ‘မော်ထျန်’ လမ်းကြားထဲမှာ နှစ်အတော်ကြာအောင် မသွားဖြစ်တဲ့ အိမ်တစ်လုံး ရှိတယ်။ ဒီကနေ နှစ်လမ်းကျော်ပဲ ဝေးတာ။ ရုံးတော်အစောင့်တွေက မြို့ဝန်မင်းရဲ့ အိမ်ကိုတော့ လာရှာရဲမှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီကိုပဲ သယ်သွားကြတာပေါ့”
“အဆင်ပြေပါ့မလား”
“တခြားနည်းလမ်းမှ မရှိတာ။ မနက်ဖြန် ငါ သော့ယူလာခဲ့မယ်။ ညဘက်ကျရင် မင်းတို့ သယ်ကြ။ သတိထားနော်၊ ပြဿနာထပ်မတက်စေနဲ့။ တကယ်လို့ အထက်ကလူတွေ သိသွားရင် မင်းတို့ ခေါင်းဘယ်နှစ်လုံး ပြတ်မလဲဆိုတာ ငါ မသိဘူး”
သူက ထပ်လောင်းပြော၏။
“မနက်ဖြန်ပြီးရင် ခဏလောက် မတွေ့ကြနဲ့ဦး၊ ဒီဆူညံသံတွေ ငြိမ်သွားတဲ့အထိ စောင့်ကြ၊ စိတ်လောပြီး ဘာမှမလုပ်ကြနဲ့ဦး”
အသံဖမ်းစက်ထဲမှ စကားသံများ ရပ်တန့်သွားသည်။
ဟွာကျွင်း တခိခိရယ်ကာ ပြောတော့သည်။
“ဒီအစိုးရဆန်တွေကို ဘယ်မှာသွားရှာရမလဲလို့ စိတ်ပူနေတာ၊ သူတို့က ငါတို့အိမ်တံခါးဝအထိ လာပို့ပေးတော့မှာပဲ”
ထိုအချိန်တွင် လီနျန် ဝင်လာပြီး ဟွာကျွင်းကို တိုးတိုးလေး ပြောသည်။
“မြို့ဝန်မင်း ရောက်နေပါတယ်”
ဟွာကျွင်းသည် ပန်းထိုးအလုပ်ရုံသို့ ပြေးသွားရာ မျက်နှာတစ်ခုလုံးကို ဖုံးအုပ်ထားသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် မြို့ဝန်မင်းကျောက်ကို တွေ့လိုက်ရသည်။
“သူဌေးမဟွာ ဒီတစ်ခါတော့ ကျွန်တော် ခင်ဗျားကို အများကြီး အကြွေးတင်သွားပြီ”
မြို့ဝန်မင်းကျောက် သူ့ဦးထုပ်ကိုချွတ်ကာ ဟွာကျွင်းကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။
“တကယ်လို့ ခင်ဗျားဆီက သတင်းသာ မရခဲ့ရင် အဲဒီသူခိုးတွေက အစိုးရဆန်တွေကို သယ်ထုတ်တော့မဲ့အရေးကို ကျွန်တော်တို့ လုံးဝ သိမှာမဟုတ်ဘူး၊၊ အခုတော့ ကျန်တဲ့ဆန်တွေကို ရွှေ့ပြောင်းပြီးပြီဆိုတော့ ကျွန်တော် စိတ်အေးသွားပါပြီ”
ဟွာကျွင်းက အမြန်ပင် လက်ယမ်းပြကာ ပြော၏။
“မြို့ဝန်မင်းကလည်း အားနာစရာမလိုပါဘူး၊၊ ဒါက အားလုံး ဝိုင်းဝန်းလုပ်ဆောင်ကြလို့ ရတဲ့ ရလဒ်ပါပဲ။ အခု ကျွန်မမှာ သတင်းအသစ် ထပ်ရထားတာ ရှိသေးတယ်”
ဟွာကျွင်း သူလျှိုများ၏ အစီအစဉ်ကို ရှင်းပြလိုက်ရာ အားလုံး ရယ်မောကြတော့သည်။
မြို့ဝန်မင်းကျောက်က ပြုံးပြီး ပြောလိုက်၏။
“အဲဒီလိုဆိုရင်တော့ ကျွန်တော်က ဘာမှမသိသလို ဟန်ဆောင်နေပြီး သူတို့ဆီက ဆန်တွေ ပြန်လာပို့တာကိုပဲ စောင့်နေတော့မှာပေါ့”
ဟွာကျွင်း
“မြို့ဝန်မင်း ဘေးနားမှာ ပြဿနာရှိတဲ့လူက တစ်ယောက်တည်း မဟုတ်လောက်ဘူး”
မြို့ဝန်မင်းကျောက်က ခေါင်းညိတ်ကာ ဖြေ၏။
“ဆန်လှောင်ရုံက အစောင့်တွေကိုတော့ ဒီဖြစ်စဉ်ကို အကြောင်းပြပြီး ဖမ်းဆီးထားလိုက်ပြီ။ အတိုင်ပင်ခံကျန်းအပြင် တခြား ဘယ်သူတွေမှာ ပြဿနာ ရှိသေးလဲဆိုတာကိုလည်း ယုံကြည်ရတဲ့လူတွေ လွှတ်ပြီး လျှို့ဝှက်စုံစမ်းခိုင်းထားပါတယ်”
သူ နှာခေါင်း တရှုံ့ရှုံ့လုပ်ကာ မေး၏။
“ဒါက ဘာနံ့လဲ”
ဟွာကျွင်းက ထမင်းစားပွဲကို ကြည့်ပြီး ပြောလိုက်သည်။
“အဲဒါ ကလေးတွေအတွက် မီးဖိုချောင်က လုပ်ပေးထားတဲ့ ဝက်အူသိမ် ခေါက်ဆွဲပါ”
မြို့ဝန်မင်းကျောက်က အားရပါးရ ရယ်မောပြီး မေး၏။
“ကျွန်တော် ဒီနေ့ တစ်နေ့လုံး လျှောက်သွားနေရတာ ရေတစ်စက်တောင် မသောက်ရသေးဘူး။ အခု ဒီအနံ့ကို ရတော့ အရမ်းဗိုက်ဆာလာပြီ။ သူဌေးမဟွာ ကျွန်တော့်အတွက် တစ်ပန်းကန်လောက် ကျွေးနိုင်မလား”
ဟွာကျွင်း အနည်းငယ် အားနာစွာဖြင့် ပြောသည်။
“ဒါက ဝက်အူသိမ်ဆိုတော့ မြို့ဝန်မင်း အကြိုက်နဲ့ ကိုက်ပါ့မလား မသိဘူး။ အမဲသားခေါက်ဆွဲ တစ်ပန်းကန် သီးသန့် လုပ်ပေးရမလား”
“အို... ခင်ဗျားဆီ လာတာမှတော့ အသစ်အဆန်းလေးတွေ စားချင်လို့ပေါ့။ တခြား ဘာမှလုပ်မနေနဲ့တော့၊ ကျွန်တော် ဒီကလေးတွေနဲ့ပဲ ရောစားလိုက်မယ်”
သူသည် ထိုအနံ့၏ ဆွဲဆောင်မှုကို ခံနေရသည်မှာ ကြာပြီဖြစ်၏။
အားမန် ဟွာကျွင်းကို ခေါင်းညိတ်ပြသည်။ မီးဖိုပေါ်တွင် အသားဟင်းများ ပိုနေသေးသဖြင့် ခေါက်ဆွဲပြုတ်ရန်သာ လိုတော့၏။
မြို့ဝန်မင်းကျောက်သည် လွတ်နေသည့် ခုံတွင် ဝင်ထိုင်ကာ သက်ပြင်းချရင်း ပြောတော့သည်။
“ခင်ဗျားဆိုင်က ဟင်းကို မစားရတာ ကြာပြီ။ ခင်ဗျားရဲ့ ဆိုင်လေးက ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ မထင်ထားဘူး။ ဒီတစ်ဝိုက်က မြို့ငယ်လေးတစ်ခုလိုတောင် စည်ကားနေပြီပဲ”
“မြို့ထဲနဲ့ မြို့ပြင်ဆိုတာ တစ်သားတည်းပါပဲ။ စကားပုံရှိသလိုပေါ့။ အရေခွံမရှိရင် အမွှေးအမျှင်က ဘယ်မှာ ကပ်လို့ရမှာလဲ။ ကျွန်မတို့ အားလုံးက အတူတူ ဆင်းရဲ၊ အတူတူ ချမ်းသာကြရမှာပါ။ မြို့ဝန်မင်းကို ကူညီတာဟာ ကိုယ့်ကိုယ်ကိုယ် ကူညီတာပါပဲ”
မြို့ဝန်မင်းကျောက်သည် တွေးတွေးဆဆဖြင့် ခေါင်းညိတ်သည်။
ဟွာကျွင်း ခဏစဉ်းစားလိုက်၏။
‘မြို့ဝန်မင်းက လာစားတာဆိုတော့ ခေါက်ဆွဲခြောက်တွေ၊ ထုပ်ပိုးထားတဲ့ ခေါက်ဆွဲတွေနဲ့ ကျွေးရတာ မကောင်းဘူး’
“ဒီနေ့တော့ မြို့ဝန်မင်းအတွက် လက်လုပ်ခေါက်ဆွဲ လုပ်ပေးပါ့မယ်။ အသားလေးက ပိုအိနေမှာပါ”
အာချင်းတွင် ကောင်းကောင်း နယ်ထားသော ဂျုံမုန့်ညက်အချို့ ရှိသည်။ ဟွာကျွင်းသည် သူ့စဉ်းတီတုံးကို ခဏငှားကာ ဂျုံမှုန့်အချို့ ဖြူးလိုက်သည်။
မြို့ဝန်မင်းကျောက်က ဘေးမှနေ၍ သက်ပြင်းချကာ မေး၏။
“ဂျုံမှုန့် အဖြူသားကြီးက အကြီးကြီးပဲ၊ ခေါက်ဆွဲလုပ်နေဖို့ မလိုပါဘူး။ ဖက်ထုပ်စွပ်ပြုတ်လို လုပ်စားရင်တောင် စားလို့ကောင်းမှာပါ”
ဟွာကျွင်းက ပြုံးလျက် ဇြေ၏။
“ဖက်ထုပ်စွပ်ပြုတ်က အရသာ သိပ်မစိမ့်ဘူးလေ၊ မြို့ဝန်မင်း ခဏလောက် သည်းခံပြီး စောင့်ပေးပါဦး”
သူမသည် ဂျုံမုန့်ညက်ကို အပြားကြီးကြီးနှင့် ပါးပါးလေး ဖြစ်အောင် လှိမ့်လိုက်သည်။ ပြီးနောက် ကော်မုန့်အချို့ ဖြူးကာ ပို၍ ပါးလွှာသွားအောင် ဆက်လှိမ့်သည်။
အနေအထားတစ်ခုရသောအခါ နောက်ထပ် ကော်မုန့်တစ်လွှာ ဖြူးပြီး ခေါက်ဆွဲပြားကို ခေါက်လိုက်သည်။
ထို့နောက် မြို့ဝန်မင်းကျောက်ကို မော့ကြည့်ကာ မေး၏။ “မြို့ဝန်မင်းက ခေါက်ဆွဲအမျှင် သေးသေးကို ကြိုက်သလား၊ ပြားပြားကြီးကြီးကို ကြိုက်သလား”
မြို့ဝန်မင်းကျောက်မှာ စိတ်ဝင်တစား ကြည့်နေသည်။ သူ နှစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် ဖြေသည်။
“ကျွန်တော် သေးသေးလေးတွေကို ပိုကြိုက်တယ်”
“ကောင်းပါပြီ”
ဟွာကျွင်းသည် ဓားကိုယူကာ (၂) မီလီမီတာ အကွာအဝေးကို တိုင်းလိုက်သည်။
“မြို့ဝန်မင်း ဒီလောက် အကျယ်ဆိုရင် အဆင်ပြေမလား”
“ကောင်းတယ်”
ဟွာကျွင်းသည် ခေါက်ဆွဲပြားကို အမျှင်လေးများဖြစ်အောင် အလျှင်အမြန် လှီးလိုက်ပြီး ဂျုံမှုန့်အနည်းငယ်နှင့် ပြန်ဖွလိုက်ရာ လက်လုပ်ခေါက်ဆွဲလေးများ ဖြစ်သွားတော့သည်။
ဝက်အူသိမ်ချက်မှာ အားမန် ပြင်ဆင်ပြီးသား အရာဖြစ်သည်။ ၎င်းကို ဟင်းခတ်အမွှေးအကြိုင် (၇) မျိုး၊ (၈) မျိုးနှင့် ဆီသတ်ကာ ဟော့ပေါ့အနှစ်များထည့်ပြီး နာရီဝက်ကျော်ကြာ တည်ထားခြင်းဖြစ်သည်။ ယခုအခါ မြေအိုးလေးထဲတွင် တပွက်ပွက်နှင့် ဆူပွက်နေသည်။
ဟွာကျွင်း ခေါက်ဆွဲကို ပြုတ်ကာ ရေအေးဖြင့် ဆေးလိုက်ပြီးနောက် ဝက်အူသိမ်ဟင်း တစ်ဇွန်းကြီးကို ခေါက်ဆွဲပေါ် ဆမ်းလိုက်ကာ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူရွက်လေးများကို ဖြူးပေးလိုက်သည်။
ဟွာကျွင်းသည် ခေါက်ဆွဲပန်းကန်ကို မကာ ဘယ်ညာကြည့်ရင်း ပြောလိုက်၏။
“မြို့ဝန်မင်း ခဏစောင့်ပါ၊ ကျွန်မ ပိုတိတ်တဲ့နေရာလေး ရှာပေးပါ့မယ်”
တစ်နေ့လုံး ဗိုက်ဆာနေသော မြို့ဝန်မင်းကျောက်သည် တူကိုပင် ကိုင်ထားပြီးသား ဖြစ်နေ၏။
“အလုပ်မရှုပ်ပါနဲ့တော့၊ ကျွန်တော် ဒီကလေးတွေ စားပွဲမှာပဲ ထိုင်စားလိုက်မယ်”