← Chapters

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း ၂၄၈

Vol. 25 Ch. 248

အခန်း (၂၄၈)

မြို့ဝန်မင်း၏ ပထမဆုံး ဝက်အူသိမ်ခေါက်ဆွဲ အရသာ

ကလေးနှစ်ယောက် သူ့အတွက် နေရာဖယ်ပေးပြီး အားမန်က ထိုင်ခုံအပိုတစ်ခု ထည့်ပေးလိုက်ရာ မြို့ဝန်မင်းကျောက်သည် ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။

ဟွာကျွင်းသည်လည်း အခြားရွေးချယ်စရာမရှိသဖြင့် ခေါက်ဆွဲပန်းကန်ကို သူ့ရှေ့တွင် ချပေးလိုက်ရ၏။

သိုးသားအဆီကဲ့သို့ ဖြူဖွေးသောခေါက်ဆွဲမျှင်များမှာ ပယင်းရောင်ဟင်းရည်ထဲတွင် နစ်မြုပ်နေပြီး အပေါ်မှ ဝက်အူသိမ်တုံးလေးများမှာ ဆီရောင်ဖြင့် ဝင်းလက်နေသည်။ မြို့ဝန်မင်းကျောက်သည် ခေါင်းငုံ့ပြီး နမ်းကြည့်လိုက်ရာ ထူးဆန်းသောအနံ့အသက်မျိုး မရရှိပေ။

သူ ပြုံးလျက် ပြောလိုက်၏။

“ပုံမှန်ဆိုရင်တော့ ကျွန်တော် ဒီလို ကလီစာတွေကို လုံးဝ မတို့ဘူး။ ဒါပေမဲ့ သူဌေးမဟွာ လုပ်တာဆိုရင်တော့ တစ်မျိုးပေါ့”

စားပွဲတွင် ဝိုင်းထိုင်နေသော ကလေးများသည် စားကောင်းသောက်ကောင်းစားနေကြရင်း မြို့ဝန်မင်း၏စကားကို ကြားသောအခါ ကလေးတစ်ယောက်က ဝင်ပြော၏။

“အရင်တုန်းကဆို ကျွန်တော်တို့ရွာမှာ နှစ်သစ်ကူးမှပဲ ဝက်ကလီစာ စားရတာဗျ”

“ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်တော့်အိမ်က လုပ်တာတွေက အနံ့ရှိတယ်။ သူဌေးမဟွာ လုပ်သလို မကောင်းဘူး”

မြို့ဝန်မင်းကျောက်သည် ခင်မင်ရင်းနှီးသည့် ပုံစံဖြင့် ကလေးများကို နားထောင်ပေးရင်း ကြင်ကြင်နာနာ မေးလိုက်၏။

“ဒါဆို ဒီမှာစားရတာနဲ့ မင်းတို့ဇာတိရွာမှာ စားရတာ ဘယ်မှာက ပိုကောင်းလဲ”

ကလေး ရယ်မောကာ ပြန်ဖြေသည်။

“ဒါကို နှိုင်းယှဉ်နေဖို့ လိုသေးလို့လား။ သူဌေးမဟွာက ကျွန်တော်တို့အတွက် ဆန်ကောင်း၊ ဂျုံကောင်းတွေအပြင် ဟင်းသီးဟင်းရွက်နဲ့ အသားတွေပါ မရေတွက်နိုင်အောင် ကျွေးတာ။ သူဌေးမဟွာ ရှိတဲ့နေရာဟာ ကျွန်တော့်ရဲ့ ဇာတိရွာပဲ”

“ဟုတ်ပါ့”

အာချင်းက သူ့ထိုင်ခုံကို ကန်လိုက်ပြီး သတိပေးလိုက်၏။

“စကားမများနဲ့၊ မြန်မြန်စား၊ ခေါက်ဆွဲတွေ ပွကုန်တော့မယ်”

အဘွားကျန်းက မြို့ဝန်မင်းကျောက်ကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်တယ် မြို့ဝန်မင်း။ ရှင်လည်း မြန်မြန်မြည်းကြည့်ပါဦး၊ ဒီခေါက်ဆွဲက တကယ်စားလို့ကောင်းတယ်”

မြို့ဝန်မင်းကျောက်သည်လည်း ဤနေရာရှိလူများက သူ့ကို သတိထားနေကြသည်ကို ရိပ်မိလိုက်သည်။ အမှန်စင်စစ် သူ၏အဆင့်အတန်းမှာ သိသာလွန်းနေသော်လည်း သူက စိတ်ထဲမထားပေ။ သူ ပြုံးလျက် ပြန်ပြော၏။

“အို ကလေးတွေကို တွေ့ရင် စိတ်က လွင့်သွားတတ်လို့ပါ။ ကောင်းပြီ၊ ကျွန်တော် မြည်းကြည့်ပါ့မယ်”

သူသည် ခေါက်ဆွဲတစ်လုတ်နှင့် ဝက်အူသိမ်နှစ်တုံးကို တူဖြင့် တပြိုင်နက် ညှပ်လိုက်သည်။ ဝက်အူသိမ်တွင် အနံ့ဆိုးပါမည်ကို စိုးရိမ်သဖြင့် ဟင်းရည်ထဲတွင် နှစ်ချက်၊ သုံးချက်ခန့် ထပ်မံနှစ်လိုက်သေး၏။

ပါးစပ်ထဲ ရောက်သွားသည့်အခါ သူ အလွန်အမင်း အံ့အားသင့်သွားတော့သည်။ ဆယ်စုနှစ်ပေါင်းများစွာ အရာရှိလောကတွင် ကျင်လည်ခဲ့ပြီး မရေမတွက်နိုင်သော စားတော်ပွဲများ တက်ရောက်ခဲ့ဖူးသည့် သူ့အတွက် မစားဖူးသော အသားဟူ၍ မရှိသလောက်ပင်။ သို့သော် ဆင်းရဲသားမိသားစုများပင် ရွံရှာတတ်သော ဝက်ကလီစာမှာ ယနေ့တွင် အမွှေးဆုံးအရာ ဖြစ်နေသည်ကို သိလိုက်ရသည်။

၎င်းမှာ အခြားအသားများကဲ့သို့ ကြမ်းတမ်းသော အမျှင်ဓာတ်များ မရှိပေ။ ဝက်အူသိမ်၏ အပြင်ဘက်အကာမှာ လွန်ခဲ့သောနှစ်များက နန်းတော်တွင် သူစားခဲ့ဖူးသော ငန်းခြေထောက်ချက်ထဲမှ အမြှေးပါးကဲ့သို့ပင် အိစက်ကာ ဝါးလို့ကောင်းလှသည်။ အတွင်းဘက်က အဆီမှာလည်း ဂဏန်းဥကဲ့သို့ပင်။

နူးညံ့သည်၊ စေးပိုင်သည်၊ လတ်ဆတ်သည်၊ မွှေးကြိုင်သည်၊ လေးပင်သော်လည်း အီမသွားပေ။

ခေါက်ဆွဲမှာ လုံးဝ မကြမ်းဘဲ ချောမွေ့ပြီး အိစက်နေ၏။ ထိုကလေး ခေါက်ဆွဲပွသွားလိမ့်မည်ဟု ပြောသည်မှာ ရယ်စရာပင်။

သူဘာမှ နားမလည်ဘူးဟု ထင်နေသလလော။ ခေါက်ဆွဲတစ်ပန်းကန်မှာ နောက်နေ့အထိ ထားလျှင်ပင် ပွသွားမည်မဟုတ်ပေ။

မွှေးလွန်းလှသဖြင့် အမဲသားနှင့်ပင် မလဲနိုင်တော့ပေ။

အဘွားကျန်း စေတနာဖြင့် သတိပေး၏။

“မြို့ဝန်မင်း ဝက်အူသိမ်က အဆီများနိုင်လို့၊ အီတာပြေအောင် ဒီမှာ ကင်မ်ချီလေးတွေလည်း ရှိပါတယ်”

မြို့ဝန်မင်းကျောက်က ခေါင်းမဖော်ဘဲ ပြန်ပြော၏။

“မအီပါဘူး၊ လုံးဝ မအီဘူး... ကင်မ်ချီ”

‘ကင်မ်ချီဆိုတာ ဘာလဲ’

“ဟုတ်ပါတယ်၊ မုန်လာဥချဉ်တုံးလေးတွေပါ။ မြို့ဝန်မင်း မြည်းကြည့်ပါဦး၊ ဒါမျိုး တခြားဘယ်မှာမှ ရှာမရဘူး”

မြို့ဝန်မင်းကျောက် စိတ်ထဲမှ တွေးလိုက်သည်။

‘ဒီနေရာမှာရှိတဲ့ အရာတွေထဲက တခြားဘယ်မှာ ရှာရနိုင်မှာ မို့လို့လဲ’

သူသည် အဘွားကျန်း ညွှန်ပြရာကို ကြည့်လိုက်ရာ စားပွဲအလယ်တွင် ကြည်လင်သော အိုးငယ်လေးတစ်လုံးကို တွေ့ရသည်။ ၎င်းမှာ သူမ ပြောသော ကင်မ်ချီ ဖြစ်ဟန်တူသည်။

အဘွားကျန်း အိုးဘေးရှိ တူရှည်ကိုယူကာ အချို့ကို ဆယ်ထုတ်ပြီး ပန်းကန်ငယ်လေးတစ်ခုထဲ ထည့်ပေးကာ မြို့ဝန်မင်းကျောက်ဘက်သို့ တွန်းပေးလိုက်သည်။

ချဉ်ချိုဖန်ဖန်နှင့် ကြွပ်ရွနေသဖြင့် အီတာကို ပြေပျောက်စေရုံတင်မက ခံတွင်းကိုပါ မြိန်စေသည်။

မြို့ဝန်မင်းကျောက်သည် မုန်လာဥတစ်တုံး စားလိုက်၊ ဝက်အူသိမ်ခေါက်ဆွဲကို စားလိုက်နှင့် ဖြစ်နေ၏။ ခေါက်ဆွဲစားပြီးလျှင်လည်း အရသာပိုရှိအောင် မုန်လာဥကို ထပ်စားချင်ပြန်သည်။

သူကိုယ်တိုင်ပင် မသိလိုက်ဘဲနှင့် ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်သွားပြီး ဆက်စားချင်စိတ်က ကျန်ရစ်နေဆဲ။

ဟွာကျွင်း အလုပ်ရှိသဖြင့် မုန့်ဆိုင်ဘက်သို့ ပြန်သွားပြီဖြစ်သည်။ ကျန်းအဘွားက မြို့ဝန်မင်းကျောက် ပန်းကန်ချလိုက်သည်ကို မြင်သောအခါ မေးလိုက်၏။

“မြို့ဝန်မင်း ဗိုက်ဝရဲ့လား”

ထပ်စားချင်သော်လည်း ထိုသို့တောင်းဆိုရန် မသင့်တော်သဖြင့် သူက ပြုံးပြီး ခေါင်းညိတ်ပြသည်။

“ဝပါပြီ တကယ်ကို အရသာရှိတာပဲ”

အဘွားကျန်း သူ့အတွက် အူလုံလက်ဖက်ရည် တစ်ခွက် အမြန်ငှဲ့ပေးပြီး စားသောက်ကုန်သေတ္တာ တစ်လုံး ယူလာပေးသည်။

“ဒါက သူဌေးမဟွာ မှာထားတာပါ။ အထဲမှာ မုန်လာဥချဉ် အိုးငယ်တစ်လုံးနဲ့ ငရုတ်သီးဆော့စ် နှစ်အိုး ပါပါတယ်။ အဖိုးတန်ပစ္စည်းတွေ မဟုတ်ပေမဲ့ ပြန်ပြီး မြည်းစမ်းကြည့်ဖို့ လက်ဆောင်ပါ”

မြို့ဝန်မင်းကျောက် ဝမ်းသာအားရ လက်ခံလိုက်၏။

မုန့်ဆိုင်သို့ ပြန်ရောက်သောအခါ ဟွာကျွင်း ပထမဆုံးလုပ်သည့်အလုပ်မှာ လုမင်လီထံမှ ပေးစာကို ဖွင့်ဖတ်ခြင်းဖြစ်သည်။

သူ့စာတွင် လျှို့ဝှက်ကုဒ်များ၏ အဓိပ္ပာယ်ကို ရှင်းပြထားရာ ဟွာကျွင်းတို့ ခန့်မှန်းထားသည်နှင့် ထပ်တူနီးပါးပင် ဖြစ်၏။

ဟွာကျွင်းသည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်ကြားစာ ရေးလိုက်သည်။

ထိုအချိန်မှာပင် ကောကျန်းထံမှစာလည်း ရောက်လာသည်။ သူတို့သည် ဆွေကျိုး မြင်းမွေးမြူရေးခြံကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး သစ္စာဖောက်များကိုလည်း လျှို့ဝှက် ဖမ်းဆီးထားနိုင်ခဲ့ပြီ ဖြစ်သည်။

မြင်းများ ဖျားနာရခြင်း၏ အမှန်တရားမှာလည်း ပေါ်ပေါက်လာခဲ့၏။

မြင်းခြံရှိလူများသည် တိရှိုးတို့နှင့် ပူးပေါင်းကာ စစ်ဖြစ်ချိန်တွင် အခွင့်အရေးရရန် မြင်းများကို အဆိပ်ရှိသော မြက်များဖြင့် တဖြည်းဖြည်း အဆိပ်ခတ်ရန် ကြံစည်ခဲ့ကြခြင်းဖြစ်သည်။

မထင်မှတ်ဘဲ ကူပါး နောက်ဆုံးမိနစ်တွင် သစ္စာဖောက်ကာ မြက်ခြောက်များကို မီးရှို့လိုက်၏။ ထို့ကြောင့် သူတို့သည် ရောဂါပျံ့နှံ့စေရန် ဖျားနာနေသော မြင်းများကို ရွေးချယ်ခဲ့ရခြင်းဖြစ်သည်။

ကျန်သည့်အကြောင်းအရာမှာ ဟွာကျွင်း သိပြီးသား ဇာတ်လမ်းများပင်။

ကောကျန်းက မြင်းခြံရှိ မြင်းများ၏ အခြေအနေမှာ အလွန်ဆိုးရွားနေကြောင်း လောလောဆယ် မြင်းသုံးပုံတစ်ပုံခန့်သာ အသက်ရှင်ကျန်တော့ပြီး ထိုအထဲမှ အချို့မှာလည်း ရောဂါကူးစက်ခံထားရသဖြင့် ကြာရှည်ခံမည်မဟုတ်ကြောင်း ပြောထားသည်။

ဟွာကျွင်းသည် တိရစ္ဆာန်ကုဆရာဝန်ထံမှ ဝယ်ထားသော ဆေးဝါးများကို ချက်ချင်းထုတ်ပိုးပြီး ကောကျန်းထံသို့ ပြန်ပို့ပေးလိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မြို့ထဲရှိ တိလူမျိုးများသည် အလွန်အလုပ်ရှုပ်နေကြသည်။ သူတို့သည် နေ့ဘက်တွင် လှုပ်ရှားမှုများကို ဖုံးကွယ်ထားပြီး ညဘက်တွင် အစိုးရဆန်များကို စတင်သယ်ယူကြ၏။

မြို့ဝန်မင်းကျောက်၏ စွန့်ပစ်ထားသော အိမ်ဟောင်းရှိ မြေအောက်ခန်းထဲသို့ ဆန်အားလုံး ရွှေ့ပြောင်းရန် ငါးရက်တိတိ ကြာမြင့်ခဲ့သည်။

သူတို့ သယ်ယူပြီးသည်နှင့် မြို့ဝန်မင်းကျောက် တံခါးသော့ကို လဲလှယ်လိုက်၏။

ထို့အပြင် အစောင့်အကြပ်များကိုလည်း တင်းတင်းကျပ်ကျပ် ချထားလိုက်သည်။

သူတို့ ဘာဖြစ်သွားသည်ကို သိလိုက်ရသောအခါ အံ့အားသင့်ပြီး ဆွံ့အသွားကြ၏။

ထိုညတွင် အတိုင်ပင်ခံကျန်းသည် အသက်ဘေးကို ဂရုမစိုက်ဘဲ ပန်ကိတ်ဆိုင်သို့ ထပ်မံရောက်ရှိလာပြန်သည်။

“အတိုင်ပင်ခံကျန်း ဒီတစ်ခါရော ဘာပြောဦးမလဲ”

အတိုင်ပင်ခံကျန်းမှာ စကားသံကျယ်ကျယ်ပင် မထွက်နိုင်ဘဲ ပြောတော့သည်။

“ငါ လုံးဝ မဟုတ်ပါဘူး။ ဒါမျိုးလုပ်ဖို့ ငါ့မှာ ဘာအကြောင်းပြချက်ရှိလို့လဲ”

ဒေသလေသံ ဝဲနေသူတစ်ဦး ဒေါသတကြီး မေးခွန်းထုတ်၏။

“နေရာကိုလည်း မင်းရွေးတာ။ သော့ကိုလည်း မင်းပေးတာ။ မင်းမဟုတ်ဘူးလို့ ပြောရဲသေးတာလား၊ ပြီးခဲ့တဲ့အကြိမ် ဆန်လှောင်ရုံကို မီးရှို့တာလည်း မင်းပဲဖြစ်မှာ”

“အစီအစဉ်အားလုံးကို ငါပဲ လုပ်ပေးခဲ့တာဆိုတာကိုတော့ မင်းတို့ မပြောကြဘူးလား၊၊ ငါသာ သစ္စာဖောက်ချင်ရင် ဘာလို့ ဒီလောက် ပတ်ချာလည်အောင် လုပ်နေမှာလဲ။ မင်းတို့ကို အခုချက်ချင်း ဖမ်းလိုက်တာက ပိုမလွယ်ဘူးလား”

ခဏတာ တိတ်ဆိတ်သွား၏။

“သူပြောတာလည်း မှန်တယ်”

အတိုင်ပင်ခံကျန်းသည် သူ၏ မုတ်ဆိတ်ကို ပွတ်ရင်း လူတိုင်းကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ထဲမှာ ပြဿနာမရှိဘူးဆိုရင် ဘယ်မှာ ပြဿနာရှိနေတာလဲ”

သူသည် တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီးမှ ရုတ်တရက် လှည့်မေး၏။

“အပြင်မှာ မင်းတို့အတွက် နေ့တိုင်း သိုးသားကင်ပေးနေတဲ့ အလယ်ပိုင်းဒေသ အမျိုးသမီးတစ်ယောက် ရှိတယ် မဟုတ်လား”

“ဟုတ်တယ်”

ပန်ကိတ်ဆိုင်ပိုင်ရှင် အလျင်အမြန် ပြန်ဖြေသည်။

“အဲဒီအမျိုးသမီးက တော်တော်လေး အပြုအမူကောင်းပါတယ်။ တိုက်ဆိုင်တာကတော့ သူ့ကွယ်လွန်သူ ခင်ပွန်းဟာ တိရှိုးလူမျိုးတစ်ယောက်ပါ”

“အပြုအမူကောင်းတယ် ဟုတ်လား”

အတိုင်ပင်ခံကျန်း လှောင်ပြုံးပြုံးလျက် တံခါးကို ဖွင့်လိုက်ရာ ခြံဝင်းမှာ ဗလာဖြစ်နေ၏။

“သူ ဘယ်မှာလဲ”

နာဘု ရှင်းပြ၏။

“သူ အသားကင်ပြီးတာနဲ့ ပြန်သွားပါပြီ။ သူကတော့ ဘယ်တော့မှ...”

အတိုင်ပင်ခံကျန်း သူ့ရှင်းပြချက်ကို နားမထောင်ဘဲ အေးစက်စက် မေးသည်။

“သူ ဘယ်မှာ နေတာလဲ”

နာဘု တွန့်ဆုတ်သွားစဉ် ဘေးတွင်ရပ်နေသော ထီလီ က သူ့ကို လက်သီးနှင့် ထိုးလိုက်သည်။

“မေးနေတယ်လေ မြန်မြန် ဖြေစမ်း”

နာဘုက ဘေးက ခြံဝင်းကို ညွှန်ပြကာ ပြော၏။

“သူက အဲဒီမှာ နေတယ်”

အတိုင်ပင်ခံကျန်းသည် လက်ကို နောက်ပစ်ကာ ရှောင်ရွီ ၏ ခြံဝင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွား၏။ တံခါးကြားမှ ကြည့်လိုက်ရာ ရှောင်ရွီသည် သီချင်းတညည်းညည်းနှင့် ခြံထဲရှိ အကင်စက်အား သိမ်းဆည်းနေသည်ကို တွေ့လိုက်ရသည်။

အတိုင်ပင်ခံကျန်း ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး ဟန်ဆောင်အပြုံးဖြင့် မေး၏။

“အမျိုးသမီး... ကျွန်တော် ဘေးအိမ်က လာတာပါ။ ဒီရက်ပိုင်း အသားတွေ ကင်ပေးနေရတာ ပင်ပန်းနေမှာစိုးလို့ ကျေးဇူးလာတင်တာပါ”

ရှောင်ရွီသည် သူ့ကိုမြင်ပြီး လန့်သွား၏။ နောက်က နာဘုကို မြင်မှ စိတ်အနည်းငယ် လျော့သွားသည်။ သူမ စကားမပြောဘဲ ဦးညွှတ်နှုတ်ဆက်ကာ အထဲသို့ ပြန်ဝင်ရန် ပြင်သည်။

နာဘု နောက်ကနေ တိုးတိုးလေး ပြော၏။ “ကျွန်တော် ပြောသားပဲ။ သူ မဟုတ်ပါဘူးလို့”

All Chapters