အခန်း ၇၉၆
Vol. 54 Ch. 796
အခန်း (၇၉၆) ကောင်းကင်ဘုံကိုးဆင့်သို့ တက်လှမ်းခြင်းနှင့် ရှေးဟောင်းသူတော်စင်တို့၏ မူလအစ။ (၁)
“မြင့်မြတ်သောရှေးဟောင်းနိုင်ငံအတွင်းမှာရှိတဲ့ ဂိုဏ်းပေါင်းစုံရဲ့ ထိပ်သီးမှာ ရပ်တည်နေတဲ့ ရှေးဟောင်းမိစ္ဆာဂိုဏ်းက ရှည်လျားတဲ့ အစဉ်အလာရှိတဲ့ အင်အားစုကြီးတစ်ခုပါ။ အဲ့ဂိုဏ်းက လူတစ်ချို့က ဂိုဏ်သားအချို့နဲ့အတူ အဲ့ဒီနိုင်ငံကနေ ထွက်လာပြီး ရောက်ရာအရပ်တိုင်းမှာ ဂြိုလ်ဝင်မွှေလေ့ရှိတယ်။ သူတို့မှာ အကြံအစည် ကြီးကြီးမားမား ရှိနေနိုင်တယ်။” ဟု ကျီးရွှယ်ရှောင်းက ပြောပြသည်။
“ဒါကြောင့်ကိုး… ရှေးဟောင်းမိစ္ဆာဂိုဏ်းက သွေးနတ်ဘုရားမျိုးစေ့ကို ဖော်စပ်သည့် နည်းလမ်းကို သိနေတာ။ အင်အားကြီး သိုင်းပညာရှင်ငါးဦး ပေါ်ထွက်လာတာက သူတို့က မြင့်မြတ်သော ရှေးဟောင်းနိုင်ငံက လာသူတွေဖြစ်တာကြောင့်ပဲ။” စူးချန်ခုန်းက ရုတ်တရက် သဘောပေါက်သွားပြီး မြင့်မြတ်သောရှေးဟောင်းနိုင်ငံ၏ အင်အားအပေါ်တွင်လည်း တိတ်တဆိတ် ထိတ်လန့်သွားမိသည်။ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ ဝတ်စုံနက်နှင့် လူငါးဦးမှာ သာမန်တပည့်များ မဟုတ်ဘဲ ဂိုဏ်းတွင်းမှ ထူးချွန် တပည့်များ ဖြစ်နိုင်ပါသည်။
ဤသို့ကြည့်လျှင် ရှေးဟောင်းမိစ္ဆာဂိုဏ်းအတွင်း၌ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးထက်မက ရှိနေနိုင်ပါသည်။ ရှေးဟောင်းမိစ္ဆာဂိုဏ်းသည် သာမန်လူတို့၏ စိတ်ကူးထက် ကျော်လွန်၍ အမှန်တကယ် အင်အားကြီးမားပြီး မြင့်မြတ်သောရှေးဟောင်းနိုင်ငံတွင် အရှည်ကြာဆုံး အစဉ်အလာရှိသည့် ဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သည်။ ထိုဂိုဏ်းအတွင်း၌ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ရှိသော အင်အားကြီးပုဂ္ဂိုလ်များ ကိန်းဝပ်လျက်ရှိသည်။
ထိုသိုင်းပညာရှင်ငါးဦး၏ အင်အားအဆင့်အတန်းကို ကြည့်ခြင်းအားဖြင့် ဂိုဏ်း၏အင်အားကို သွယ်ဝိုက်၍ အတည်ပြုနိုင်ပါသည်။ ၎င်းတို့၏ တားမြစ်ကျင့်စဉ်များနှင့် ပြိုင်ဘက်ကင်းကျင့်စဉ်များသည် ရှည်လျားသော အစဉ်အလာရှိခဲ့ပြီး အခြားမျိုးနွယ်စု သို့မဟုတ် ဂိုဏ်းအချို့နှင့် နှိုင်းယှဉ်၍မရနိုင်ပါ။
သာမန်အခြေအနေတွင် ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ တပည့်များသည် မြင့်မြတ်သောရှေးဟောင်းနိုင်ငံမှ ထွက်ခွာလေ့မရှိသလို အခြားသော တိုင်းပြည်ကိုးခု၏ ကိစ္စရပ်များတွင်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုကြကြောင်း၊ ဤသည်မှာ မြင့်မြတ်သောရှေးဟောင်းနိုင်ငံအတွင်းရှိ လူတိုင်းသိထားသော အစဉ်အလာဖြစ်ကြောင်း သိရသည်။
ကျီးရွှယ်ရှောင်း၏ ခန့်မှန်းချက်အရ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ သိုင်းပညာရှင်များ မြင့်မြတ်သောရှေးဟောင်းနိုင်ငံမှ ထွက်လာခြင်းမှာ ဂိုဏ်းအတွင်းရှိ အကြီးအကဲတစ်ဦးက ဦးဆောင်လာသောကြောင့် ဖြစ်ရမည်ဖြစ်ကြောင်း၊ သူတို့သည် ဝေးကွာသောအရပ်မှ ရောက်ရှိလာခြင်းမှာ သွေးနတ်ဘုရားမျိုးစေ့ကို ဖော်စပ်ရန်အတွက်သာမကဘဲ အခြားသော ရည်ရွယ်ချက်များလည်း ရှိနိုင်ကြောင်း သိရသည်။
ဝိညာဉ်စွမ်းအင် ဒီရေလှိုင်းကြီးများ ရိုက်ခတ်လာမှုနှင့်အတူ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံတော်အတွင်းရှိ အခြေအနေများသည်လည်း မလွဲမသွေ ပြောင်းလဲတော့မည်ဖြစ်ကြောင်း၊ အခြားကိုးနိုင်ငံတွင်လည်း ကြီးမားသော အပြောင်းအလဲများနှင့် အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ရာ ရှေးဟောင်းမိစ္ဆာဂိုဏ်းမှ သိုင်းပညာရှင်များ ရောက်ရှိနေခြင်းမှာ ထိုအကြောင်းကြောင့် ဖြစ်နိုင်ပါသည်။
အကြောင်းရင်း အတိအကျကိုတော့ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။
“ကျီးရွှယ်ရှောင်းက ရှေးဟောင်းမိစ္ဆာဂိုဏ်းက မြင့်မြတ်သောရှေးဟောင်းနိုင်ငံကနေ လာတာကို သိနေတာဆိုတော့ သူကလည်း အဲ့ဒီနိုင်ငံက လာတဲ့သူများလား” စူးချန်ခုန်း ထိုသို့ မတွေးဘဲ မနေနိုင်ခဲ့ပါ။ ကျီးရွှယ်ရှောင်းသည် ရှေးဟောင်းမိစ္ဆာဂိုဏ်းနှင့် ရန်ငြိုးရှိနေပြီး သူတို့ရှိနေသည်ကို သိသည်နှင့် တစ်ပြိုင်နက် ဖယ်ရှားပစ်ရန်အတွက် လိုက်လံရှာဖွေခဲ့ခြင်းမှာ သူမကိုယ်တိုင်လည်း ထိုတိုင်းပြည်မှ လာသူဖြစ်နိုင်ခြေ အလွန်များသည်။
စူးချန်ခုန်းက သိလိုစိတ်ဖြင့် “မြင့်မြတ်သောရှေးဟောင်းနိုင်ငံက အရမ်းကျယ်ပြန့်လား” ဟု မေးလိုက်သည်။ ကျွန်တော်ကြားဖူးတာတော့ အဲ့ဒီနိုင်ငံက ရှည်လျားတဲ့ အစဉ်အလာရှိပြီး နိုင်ငံဆယ်ခုထဲမှာ အင်အားအကြီးဆုံးနဲ့ အရှေးကျဆုံးဆို။”
ကျီးရွှယ်ရှောင်းက အတန်ငယ် ခေါင်းညိတ်ပြပြီး “မြင့်မြတ်သောရှေးဟောင်းနိုင်ငံက အရမ်းကျယ်ပြန့်ပါတယ်။ အခြားနိုင်ငံတွေက ထွက်ပေါ်လာတဲ့ သိုင်းဝိဇ္ဇာသူတော်စင်အားလုံးနီးပါးက အဲ့ဒီနိုင်ငံကို သွားဖူးကြပြီး အများစုက အဲ့နေရာမှာ အခြေချဖို့ ရွေးချယ်ကြတယ်။ အဲ့ဒီနိုင်ငံက သိုင်းဝိဇ္ဇာသူတော်စင်တွေက အဆင့်အတန်းမြင့်ကြပြီး ဂိုဏ်းပဲဖြစ်ဖြစ် အင်အားစုတစ်စုပဲဖြစ်ဖြစ် သိုင်းဝိဇ္ဇာသူတော်စင်ရှိမှ ခြေကုတ်ယူနိုင်တာ။” ဟု ရှင်းပြသည်။
စူးချန်ခုန်းသည်လည်း ထိုစကားများကို ကြားဖူးပါသည်။ မြင့်မြတ်သော ရှေးဟောင်းနိုင်ငံသည် အရင်းအမြစ်များစွာနှင့် ဝိညာဉ်စွမ်းအင်များ ပေါများစွာဖြင့် အခြားတိုင်းပြည်ကိုးခု၏ အထက်တွင် တည်ရှိနေသည်။ သိုင်းဝိဇ္ဇာသူတော်စင်အများအပြားသည် ပိုမိုတိုးတက်ရန်အတွက် ထိုနိုင်ငံသို့ ဦးတည်သွားကြသည်။ ထျန်းလုံသိုင်းဝိဇ္ဇာသူတော်စင်သည်လည်း ထိုနိုင်ငံသို့ ရောက်ခဲ့ဖူးပြီး နတ်ဘုရားလက်နက်များ ဖော်စပ်သည့် ပညာရပ်ကို ထိုနေရာတွင် သင်ယူခဲ့ခြင်းဖြစ်သည်။
“သိုင်းဝိဇ္ဇာသူတော်စင်တွေကြားမှာလည်း အနိမ့်အမြင့်တွေ ရှိမှာပဲမလား။” စူးချန်ခုန်းက မေးလိုက်သည်။
သိုင်းဝိဇ္ဇာသူတော်စင်များသည် သာမန်လူသားအဆင့်ကို ကျော်လွန်သွားပြီ ဖြစ်သော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်းနယ်ပယ်နှင့် မူလနယ်ပယ် သိုင်းပညာရှင်များကဲ့သို့ပင် သူတို့အကြား၌ ကွာဟချက်များ ရှိနေမှာပင်။ သို့မဟုတ်ပါက ဝေ့ရှန့်ရှင်းကဲ့သို့သော သူများသည် နတ်ဘုရားမျိုးစေ့များနှင့် တိုက်ရိုက်ပေါင်းစပ်ခြင်းထက် မူလနယ်ပယ် အဆင့်တွင်သာ အဘယ်ကြောင့် ဆက်ရှိနေလိုမည်နည်း။
“ဟုတ်တယ်။ သိုင်းဝိဇ္ဇာသူတော်စင်တွေကြားမှာ အဆင့်ကွာခြားချက်တွေရှိတယ်။ သိုင်းဝိဇ္ဇာသူတော်စင်အဆင့်ကို သူတော်စင်နယ်ပယ် ဝင်ရောက်ခြင်း ဆိုပြီး အဆင့်သုံးဆင့် ခွဲထားတာ။ အဆင့်တစ်ခုစီမှာ ကောင်းကင်ဘုံ သုံးဆင့်စီ ရှိတယ်။” ကျီးရွှယ်ရှောင်းက ပွင့်ပွင့်လင်းလင်း ရှင်းပြသည်။
“အဆင့်တစ်ခုမှာ သုံးဆင့်စီဆိုတော့ ကောင်းကင်ဘုံကိုးဆင့်ပေါ့” စူးချန်ခုန်းက ဂရုတစိုက် နားထောင်နေ၏။ သူကိုယ်တိုင်လည်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် မဝေးတော့သဖြင့် ထိုအကြောင်းအရာများကို ကြိုတင်လေ့လာထားတာ ကောင်းပါသည်။
“သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ ပထမအဆင့်က နတ်ဘုရားမျိုးစေ့အဆင့်ပဲ။ အဲ့ဒီအဆင့်မှာ နတ်ဘုရားစွမ်းရည် တစ်ခုကို တတ်မြောက်တိုင်း ကောင်းကင်ဘုံတစ်ဆင့် တက်လှမ်းနိုင်တယ်။ ခန္ဓာကိုယ်အတွင်းမှာ နတ်ဘုရားမျိုးစေ့တစ်ခု ဖြစ်ပေါ်လာပြီး ကိုယ်ခန္ဓာကို အဆင့်မြှင့်တင်ပေးကာ အသွင်ပြောင်းလဲစေတယ်။ အမြင့်ဆုံးကတော့ ကောင်းကင်ဘုံ သုံးဆင့်ဖြစ်ပြီး နတ်ဘုရားစွမ်းရည်တစ်ခုစီကို တတ်မြောက်ဖို့ ခက်ခဲမှုက အဆမတန် မြင့်သွားတယ်။” ဟု သူမက ရှင်းပြသည်။
“တကယ်လို့ သူများရဲ့ နတ်ဘုရားမျိုးစေ့ကို သုံးပြီး သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရင် ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ကို တတ်မြောက်ဖို့ အရမ်းခက်ခဲသွားမှာ။” သူမက ဆက်ပြောပြသည်။
နတ်ဘုရားစွမ်းရည် တစ်ခုကို တတ်မြောက်ရသည်မှာပင် အလွန်ခက်ခဲလှရာ နှစ်ခု သို့မဟုတ် သုံးခု တတ်မြောက်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။ ထို့ပြင် နတ်ဘုရားစွမ်းရည်တစ်ခုကို တတ်မြောက်တိုင်း ထိုစွမ်းရည်သည် ခန္ဓာကိုယ်အတွင်း၌ နတ်ဘုရားမျိုးစေ့တစ်ခုအဖြစ် အသွင်ပြောင်းပြီး ခန္ဓာကိုယ်ကို ထိုစွမ်းရည်နှင့် ကိုက်ညီအောင် ပြုပြင်ပေးရသည်။ ထိုကြောင့်ပင် အခြားသော နတ်ဘုရားစွမ်းရည်များကို တတ်မြောက်ရန် ခန္ဓာကိုယ်က ပိုမိုခက်ခဲသွားခြင်း ဖြစ်သည်။
အခြားသူ၏ နတ်ဘုရားမျိုးစေ့ကို အသုံးပြုသူသည် နတ်ဘုရားစွမ်းရည်တစ်ခုသာ ရှိသော ကောင်းကင်ဘုံ ပထမဆင့်သို့သာ ရောက်ရှိနိုင်ပြီး ဒုတိယမြောက် စွမ်းရည်ကို တတ်မြောက်ရန် အလွန်ခဲယဉ်းသွားသည်။
ဝေ့ရှန့်ရှင်းကဲ့သို့သော သူများသည် မိမိဘာသာ ကျင့်ကြံပြီး နတ်ဘုရားစွမ်းရည်ကို ဖော်ထုတ်ကာ ကောင်းကင်ဘုံ ပထမဆင့်သို့ အရင်တက်လှမ်းလိုကြသည်။ ထိုသို့ဖြစ်ပြီးမှသာ နတ်ဘုရားမျိုးစေ့တစ်ခုကို ထပ်မံအသုံးပြုပါက ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ကို ရရှိနိုင်ပြီး ကောင်းကင်ဘုံ ဒုတိယဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သိုင်းဝိဇ္ဇာသူတော်စင်၏ နတ်ဘုရားမျိုးစေ့ကို နောင်လာနောက်သားများထံ လက်ဆင့်ကမ်းနိုင်သလို နတ်ဘုရားလက်နက်များ ဖန်တီးရာတွင်လည်း အသုံးပြုနိုင်ပါသည်။
စူးချန်ခုန်းသည် နတ်ဘုရားစွမ်းရည် အမြောက်အမြား တတ်မြောက်ထားခြင်းက မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိသည်။ သူကိုယ်တိုင်လည်း နတ်ဘုရားစွမ်းရည်တု အချို့ကို ပေါင်းစပ်ပြီး ယခုကဲ့သို့ အင်အားကို ရရှိထားခြင်း ဖြစ်သည်။
ထို့အတူပင် သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦးအတွက် နတ်ဘုရားစွမ်းရည် တစ်ခုထက်မက ပိုင်ဆိုင်ထားခြင်းသည် တစ်ခုတည်းရှိသူထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ရရှိစေမှာ ဖြစ်သည်။
“သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ ဒုတိယအဆင့်က ကောင်းကင်ဘုံ စတုတ္ထဆင့်ကနေ ဆဋ္ဌမဆင့်အထိ ဖြစ်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို တည်ဆောက်တာပဲ။ ခန္ဓာကိုယ်အတွင်းက နတ်ဘုရားမျိုးစေ့တွေကနေ နတ်ဘုရားအမှတ်အသားတွေကို ရေးထိုးပြီး နတ်ဘုရားစွမ်းရည်ကို အဆင့်သစ်တစ်ခုဆီ မြင့်တင်ရမှာ။
ဒီအဆင့်ကိုရောက်ရင် သိုင်းဝိဇ္ဇာသူတော်စင်တွေကြားမှာ အကြွင်းမဲ့ အင်အားကြီးသူ ဖြစ်လာတာကြောင့် နယ်မြေတစ်ခုကို အုပ်စိုးပြီး ကိုယ်ပိုင်ဂိုဏ်းကို တည်ထောင်နိုင်သူ ဖြစ်လာတယ်။”