အခန်း ၈၀၁
Vol. 54 Ch. 801
အခန်း (၈၀၁) နတ်ဘုရားစွမ်းရည်တုလက်နက် သွေးသုံ့ပန်းဓားနှင့် ပန်းပဲမီးတောင်ဖိုကြီး။ (၃)
စူးချန်ခုန်းသည် သွေးအကျဉ်းသားဓားကို သွန်းလုပ်နေစဉ်အတွင်း မိုင်ပေါင်းထောင်ချီဝေးကွာသော ဝိညာဉ်စွမ်းအင်များ ကြွယ်ဝလှသည့် တောင်တန်းတစ်ခုထဲတွင် ချောမောခန့်ညားသော ဝတ်စုံဖြူနှင့် လူငယ်လေးတစ်ဦး တင်ပျဉ်ခွေ ထိုင်နေသည်။ ထိုလူငယ်မှာ အခြားသူမဟုတ်ဘဲ မြင့်မြတ်သော နှလုံးသား မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် 'ဝေ့ရှန့်ရှင်း' ပင် ဖြစ်သည်။
ဝေ့ရှန့်ရှင်းသည် ကျင့်ကြံခြင်းကို အာရုံစိုက်နေခြင်း ဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လှိုင်းထနေပြီး သူ၏ စိတ်ကူးတစ်ခုတည်းဖြင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်မှာ ပြောင်းလဲခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ ကျယ်ပြန့်လာခြင်းနှင့် ကျုံ့သွားခြင်းတို့ ဖြစ်ပေါ်နေရာ ကြည့်ရှုနေသူ မည်သူမဆို အံ့အားသင့်သွားပေလိမ့်မည်။
အတော်ကြာပြီးနောက် ဝေ့ရှန့်ရှင်းသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ မျက်လုံးကို ဖွင့်လိုက်ပြီး "ဒီ သုမေရုမုန်ညင်းစေ့ ကျမ်းစာကို ပြီးပြည့်စုံအောင် လုပ်ဖို့က တကယ်ကို မလွယ်ကူတဲ့ အလုပ်ပဲ" ဟု ရေရွတ်လိုက်သည်။
(T/N သုမေရုဆိုတာ ဗုဒ္ဓဘာသာ စကြဝဠာဗေဒအရ အလွန်ကြီးမားလှသော "မြင်းမိုရ်တောင်" (Mount Sumeru / Mount Meru) ကို ဆိုလိုတာပါ။)
ဝေ့ရှန့်ရှင်းသည် တစ်ချိန်က ထင်ရှားကျော်ကြားခဲ့သော မိစ္ဆာဂိုဏ်း၏ 'မိစ္ဆာဧကရာဇ်' မှ ဆင်းသက်လာသူဖြစ်ပြီး သွေးမျိုးဆက် ပြန်လည်နိုးထမှုကို ခံယူထားသူ ဖြစ်သည်။ သူသည် ရုပ်ရည်အားဖြင့် မိစ္ဆာဧကရာဇ်နှင့် တူညီရုံသာမက မိစ္ဆာဧကရာဇ်၏ သိုင်းပညာ အခြေခံများနှင့် ပါရမီများကိုလည်း ဆက်ခံထားသည်။ သူသည် မိစ္ဆာဧကရာဇ်၏ နတ်ဘုရားမျိုးစေ့ကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ခဲ့ပြီး ကျင့်ကြံမှုမှာလည်း တစ်နေ့တခြား တိုးတက်နေသဖြင့် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန်မှာ သူ့အတွက် အလွန်လွယ်ကူလှသည်။
သို့သော် ဝေ့ရှန့်ရှင်းက လမ်းဟောင်းအတိုင်း မလိုက်လိုပေ။ ထို့ကြောင့် သူသည် အခြားသော ပြိုင်ဘက်ကင်း ကျင့်စဉ်တစ်ခုဖြစ်သည့် သုမေရုမုန်ညင်းစေ့ ကျမ်းစာကို လေ့လာကာ ၎င်းကို နတ်ဘုရားစွမ်းရည် သိုင်းပညာအဆင့်အထိ ပြီးပြည့်စုံအောင် လုပ်ဆောင်ပြီးမှ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သူ၏ အခြေခံမှာ ပိုမိုနက်ရှိုင်းလာမည်ဖြစ်ပြီး အနည်းဆုံးအားဖြင့် သိုင်းဝိဇ္ဇာသူတော်စင်၏ ဒုတိယအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သိုင်းဝိဇ္ဇာသူတော်စင်၏ ဒုတိယအဆင့်က ဝေ့ရှန့်ရှင်း၏ နောက်ဆုံးပန်းတိုင် မဟုတ်ပေ။ နတ်ဘုရားမျိုးစေ့ကို အချိန်မရွေး သန့်စင်ရန် အသင့်ရှိနေသော်လည်း သူသည် ပထမဦးစွာ သူ၏ ကိုယ်ပိုင်အရည်အချင်းဖြင့် နတ်ဘုရားစွမ်းရည် တစ်ခုကို ရယူလိုသည်။ သူ၏ ပါရမီဖြင့်ဆိုလျှင် သူ၏ သက်တမ်းမကုန်ဆုံးမီ ဒုတိယမြောက် နတ်ဘုရားစွမ်းရည်ကို ထပ်မံရယူနိုင်ရန် ဖြစ်နိုင်ခြေရှိပြီး ထိုအချိန်တွင်မှ မိစ္ဆာဧကရာဇ်၏ နတ်ဘုရားမျိုးစေ့ကို သန့်စင်လိုက်ပါက သူသည် တတိယမြောက် နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ရာ သိုင်းဝိဇ္ဇာသူတော်စင်၏ တတိယအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။
နတ်ဘုရားမျိုးစေ့ သုံးခုက ခန္ဓာကိုယ်ကို ပံ့ပိုးပေးခြင်းဖြင့် သူ၏ ဖွဲ့စည်းပုံကို အသွင်ပြောင်းလဲစေကာ နတ်ဘုရားအမှတ်အသားများ ထွင်းထုခြင်းနှင့် နတ်ဘုရားခန္ဓာကိုယ် သွန်းလုပ်ခြင်း လုပ်ငန်းစဉ်များကို ခံနိုင်ရည်ရှိစေမည် ဖြစ်သည်။ သို့မဟုတ်ပါက လုံလောက်သော သိုင်းပညာအခြေခံ မရှိဘဲ နတ်ဘုရား အမှတ်အသားများ ထွင်းထုစဉ်တွင် ခန္ဓာကိုယ် ပြိုကွဲပျက်စီးသွားပေလိမ့်မည်။ နတ်ဘုရားသိုင်းပညာသုံးခုကို ကျွမ်းကျင်ခြင်းမှာ နတ်ဘုရားခန္ဓာကိုယ် သွန်းလုပ်ရန်အတွက် အကြိုလိုအပ်ချက်ပင် ဖြစ်သည်။
နတ်ဘုရားစွမ်းရည် သုံးခုထက်မက ကျွမ်းကျင်ရန်မှာမူ… ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲလှသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
ထို့ကြောင့် ပါရမီရှိသော သိုင်းပညာရှင်များသည် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် မိမိတို့၏ ကိုယ်ပိုင်ကျင့်ကြံမှုကိုသာ အားကိုးကြသည်။ မိမိတို့၏ အကန့်အသတ်သို့ ရောက်ရှိသွားပြီး ရှေ့ဆက်တိုးရန် မဖြစ်နိုင်တော့သည့် အခါမှသာ အခြေခံကို မြှင့်တင်ရန်အတွက် နတ်ဘုရားမျိုးစေ့ကို သန့်စင်ရန် စဉ်းစားကြလေ့ရှိသည်။ ၎င်းမှာ ယေဘုယျအားဖြင့် အခွင့်အရေး တစ်ကြိမ်သာ ရရှိတတ်ခြင်း ဖြစ်သည်။ အမှန်တွင် သိုင်းပညာရှင် အများစုမှာ သူတို့၏ တစ်သက်တာလုံးတွင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် အခွင့်အရေးပင် မရရှိကြသဖြင့် နတ်ဘုရားမျိုးစေ့ကို သန့်စင်ခြင်းဖြင့် ထိုအဆင့်သို့ တက်လှမ်းရန် ရွေးချယ်ကြခြင်းဖြစ်ရာ မြင့်မြတ်သော ရှေးဟောင်း နိုင်ငံတော်မှ သိုင်းဝိဇ္ဇာသူတော်စင် အများအပြားမှာ ဤနည်းလမ်းဖြင့် ရာထူးရရှိခဲ့ကြခြင်း ဖြစ်သည်။
"တကယ်လို့.. ငါ့ရဲ့ သက်တမ်းမကုန်ခင်မှာ ကိုယ်ပိုင်ကျင့်ကြံမှုနဲ့ နတ်ဘုရားသိုင်းသုံးခုကို ကျွမ်းကျင်ပြီးမှ နတ်ဘုရားမျိုးစေ့ကို သန့်စင်လိုက်ရင် အဲဒါက နတ်ဘုရားသိုင်းလေးခုကို ကျွမ်းကျင်တာနဲ့ အတူတူပဲ ဖြစ်လိမ့်မယ်။ ငါ့ရဲ့ သိုင်းပညာအခြေခံရဲ့ နက်ရှိုင်းမှုက နတ်ဘုရား အမှတ်အသားတွေ ထွင်းထုဖို့နဲ့ နတ်ဘုရားခန္ဓာကိုယ် သွန်းလုပ်ဖို့အတွက် ပိုပြီး ကောင်းမွန်တဲ့ အခွင့်အရေးကို ပေးမှာ အသေအချာပဲ။"
ဝေ့ရှန့်ရှင်းသည် စိတ်လှုပ်ရှားစွာ တွေးနေမိသည်။ ကြီးမားသော ရည်မှန်းချက် ရှိသူတိုင်းသည် ပြီးပြည့်စုံမှုကို ရှာဖွေကြသည်သာ ဖြစ်သည်။ ထိုသို့လုပ်ဆောင်မှသာ ပိုမိုမြင့်မားကာ ပိုမိုဝေးကွာသော နေရာသို့ ရောက်ရှိနိုင်မှာပင်။
"ဘယ်သူလဲ"
တွေးတောနေစဉ်မှာပင် ဝေ့ရှန့်ရှင်း၏ မျက်နှာမှာ ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး သူ၏ မျက်လုံးများမှာ အေးစက်ကာ အန္တရာယ်ရှိသော အလင်းတန်းများဖြင့် ဟင်းလင်းပြင်၏ တစ်နေရာကို စိုက်ကြည့်လိုက်သည်။
"သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက်ရဲ့ ပြန်ဝင်စားလာသူ ဆိုတဲ့အတိုင်း ငါရှိနေတာကို သိသွားတာ တကယ်ကို အထင်ကြီးစရာပဲ" ချီးကျူးသံတစ်ခု ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ချီးကျူးသံဖြစ်သော်လည်း လေသံမှာမူ အလွန်အမင်း တည်ငြိမ်နေသည်။
ရုတ်တရက်ဆိုသလိုပင် ဝတ်စုံနက်နှင့် ပုဂ္ဂိုလ်တစ်ဦး ဟင်းလင်းပြင်ထဲတွင် ပေါ်လာသည်။ ထိုဝတ်စုံနက်အောက်တွင် မည်သည့် ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုမျှ မရှိဘဲ ဗလာဖြစ်နေသကဲ့သို့ပင်။
"မင်းက ဘယ်သူလဲ။"
ဝေ့ရှန့်ရှင်း၏ မျက်နှာမှာ အေးစက်နေသော်လည်း စိတ်ထဲမှာတော့ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ဤနေရာမှာ သူ၏ နယ်မြေဖြစ်သော်လည်း ထိုဝတ်စုံနက်နှင့် ပုဂ္ဂိုလ်မှာ ဤနေရာသို့ မည်သို့ရောက်ရှိလာသည်ကို သူ မသိလိုက်ပေ။ ဝေ့ရှန့်ရှင်းသည် ဟင်းလင်းပြင်နှင့် ပတ်သက်သော သုမေရုမုန်ညင်းစေ့ကျမ်းစာကို ကျင့်ကြံမထားပါက ထိုပုဂ္ဂိုလ် သူ့ကို ချောင်းကြည့်နေသည်ကို သိလိုက်မည် မဟုတ်ပေ။ ထို့အပြင် ထိုသူ့ထံမှ ထွက်ပေါ်နေသော နက်နဲလှသည့် အရှိန်အဝါမှာ ဝိညာဉ်ကိုပင် ကြောက်ရွံ့စေသဖြင့် ဝေ့ရှန့်ရှင်းအနေဖြင့် သတိထားကာ ထိုသူ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းကြည့်နေရသည်။
"ငါ့နာမည်က ချင်းမေ့ရှန်... ငါက အသက်ခြွေအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပဲ" ထိုပုဂ္ဂိုလ်က သူမည်သူမည်ဝါဖြစ်ကြောင်းကို တည်ငြိမ်စွာ ပြောပြလိုက်သည်။
"အသက်ခြွေအဖွဲ့အစည်းရဲ့ ခေါင်းဆောင်"
ထိုစကားကို ကြားသောအခါ ဝေ့ရှန့်ရှင်း၏ အကြည့်မှာ စူးရှသွားလေ၏။ ချင်းမေ့ရှန်ဆိုသည့် အမည်ကို သူ တစ်ခါမျှ မကြားဖူးသော်လည်း မိစ္ဆာသိုင်းပညာရှင်များ၏ အဖွဲ့အစည်းဖြစ်သော အသက်ခြွေအဖွဲ့အစည်းကိုမူ သူ ကောင်းကောင်း သိထားသည်။ ဝေ့ရှန့်ရှင်း၏ အမြင်တွင် နတ်ဆိုးအမြုတေများနှင့် ပေါင်းစပ်ကာ သက်တမ်းနှင့် ခွန်အားကို တိုးချဲ့ထားသော ထိုမိစ္ဆာသိုင်းပညာရှင်များသည် သူတို့၏ အနာဂတ်ကို စတေးထားသူများ ဖြစ်ကြသဖြင့် သူတို့၏ သက်တမ်းအတွင်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
သို့သော် သူ၏ရှေ့မှ ချင်းမေ့ရှန်မှာမူ ဝေ့ရှန့်ရှင်းအား အလွန်အန္တရာယ်ရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။
"ချင်းမေ့ရှန်တဲ့လား။ ငါက မင်းတို့ အသက်ခြွေအဖွဲ့အစည်းနဲ့ ဘာပတ်သက်မှုမှ မရှိဘူး။ မဖိတ်ခေါ်ဘဲ ငါ့ဆီကို ဘာကိစ္စနဲ့ ရောက်လာတာလဲ။" ဝေ့ရှန့်ရှင်းက ပြတ်သားစွာ မေးလိုက်သည်။
ဤချင်းမေ့ရှန်မှာ အန္တရာယ်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ အကယ်၍ အခြားသူသာ သူ၏ ကျင့်ကြံရာ နေရာသို့ ကျူးကျော်ဝင်ရောက်လာပါက ဝေ့ရှန့်ရှင်း၏ စိတ်နေစိတ်ထားအရ ချက်ချင်း တိုက်ခိုက်မိပေလိမ့်မည်။
ဝေ့ရှန့်ရှင်း၏ မေးခွန်းကို ချင်းမေ့ရှန်က ပြန်ဖြေလိုက်သည်။ "ငါက မင်းနဲ့ ဘာမှမပတ်သက်ပေမဲ့ ငါတို့မှာ တူညီတဲ့ ရန်သူတစ်ယောက် ရှိနေတယ်။ အဲဒါက တာ့ဝူဖုန်းပဲ။"
"တာ့ဝူဖုန်း" ထိုစကားကြောင့် ဝေ့ရှန့်ရှင်း မျက်မှောင်ကြုတ်သွားလေ၏။ ထိုအမည်ကို သူ သေချာပေါက် မှတ်မိသည်။ သူ၏ မြင့်မြတ်သော နှလုံးသား မဟာမိတ်အဖွဲ့မှာ ထိုသူနှင့် ပဋိပက္ခများ ရှိခဲ့ဖူးသည်။ အစပိုင်းတွင် ဝေ့ရှန့်ရှင်းက ထိုသူကို အရေးမလုပ်ခဲ့သော်လည်း ကောင်းကင်နဂါးတောင် တိုက်ပွဲတွင် စူးချန်ခုန်းက မော့ကျွင်းလင်နှင့် အခြားသော သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့ပြီးနောက် ယန်မိသားစု၏ ဘိုးဘေးကိုယ်တိုင် ထွက်လာကာ ဝေ့ရှန့်ရှင်းအား ဆုတ်ခွာစေခဲ့သည်။ နဂါးအသွင်ပြောင်းတံခါးမှာလည်း စူးချန်ခုန်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ရာ ဝေ့ရှန့်ရှင်း ဒေါသထွက်ခဲ့ရသည်။ သူ လက်စားချေရန် စဉ်းစားခဲ့သော်လည်း တာ့ဝူဖုန်း၏ နောက်ကြောင်းမှာ လျှို့ဝှက်ဆန်းကြယ်လွန်းပြီး ရှယန်မိသားစု၏ ဧည့်သည်တော် အကြီးအကဲလည်း ဖြစ်နေသဖြင့် သူသည် ရှယန်မိသားစု၏ ကောင်းကင်ဂူနန်းတွင် ပုန်းအောင်းနေနိုင်သည်ဟု ယူဆကာ ဝေ့ရှန့်ရှင်းမှာ လက်စားချေမည့် အကြံကို စွန့်လွှတ်ခဲ့ရသည်။ အခု ဒီချင်းမေ့ရှန်ကလည်း တာ့ဝူဖုန်းနဲ့ ရန်ငြိုးရှိနေတာလား။
ချင်းမေ့ရှန်၏ အသံမှာ လွင့်မျောနေသကဲ့သို့ပင် "အဲ့ဒီတာ့ဝူဖုန်းက အန္တရာယ်ရှိတဲ့ လူတစ်ယောက်ပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို ငါကိုယ်တိုင် သွားတိုက်ခိုက်ခဲ့သေးတယ်။ ငါ့ရဲ့ အခြေအနေက မကောင်းလို့ ငါ့ခွန်အားရဲ့ တစ်ရာခိုင်နှုန်းတောင် အသုံးမပြုနိုင်ခဲ့ဘူး။ ငါ နည်းနည်းလောက် ပေးဆပ်လိုက်ရပေမဲ့ သူ မသေခဲ့ဘူး... ပြီးတော့ သူက ကောင်းကင်နဂါးတောင်မှာ နတ်ဘုရားရတနာဖြစ်တဲ့ နဂါးအသွင်ပြောင်းတံခါးကိုတောင် ရသွားသေးတယ်။ သူ့ရဲ့ ကြီးထွားမှုက အရမ်းကို မြန်လွန်းနေတယ်။ သူ့ကို သုတ်သင်ပစ်ဖို့ လိုတယ်။"
စူးချန်ခုန်း ခန့်မှန်းခဲ့သလိုပင် ပြီးခဲ့သည့်အကြိမ်က သူနှင့်အတူ သေဆုံးသွားခဲ့သည်မှာ ချင်းမေ့ရှန် ကိုယ်တိုင် မဟုတ်ဘဲ သူ၏ မိစ္ဆာဝိညာဉ် တစ်ခုသာ ဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား မိစ္ဆာဝိညာဉ် ပျက်စီးသွားခြင်းက ချင်းမေ့ရှန်ကို အတော်လေး ထိခိုက်စေခဲ့ပြီး မကြာသေးမီကမှ အပြင်လောကတွင် လှုပ်ရှားရန် အခြားသော မိစ္ဆာဝိညာဉ် တစ်ခုကို ခွဲထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထွက်လာသည်နှင့် ချင်းမေ့ရှန်သည် စူးချန်ခုန်းနှင့် ပတ်သက်သော သတင်းများကို လေ့လာခဲ့ရာ အချက်တစ်ချက်ကို သိသွားခဲ့သည်။ ၎င်းမှာ ပြီးခဲ့သည့်အကြိမ်က သူ၏ မိစ္ဆာဝိညာဉ်ကို လောင်ကျွမ်းစေကာ တိုက်ခိုက်ခဲ့သည့် ရိုက်ချက်မှာ စူးချန်ခုန်းကို မသတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။