← Chapters

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း ၈၀၆

Vol. 54 Ch. 806

အခန်း (၈၀၆) မိစ္ဆာဧကရာဇ်၏ သားရဲနှင့် သုမေရုမုန်ညင်းစေ့ကျမ်းစာ။ (၂)

"ဒီလက်သီးချက်က..."

ဝေ့ရှန့်ရှင်း၏ မျက်နှာအမူအရာမှာ မယုံကြည်နိုင်မှုများဖြင့် အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ အာရုံခံစားမှုအရ ဤလက်သီးချက်မှာ မည်မျှအထိ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အစွမ်းထက်သည်ကို သူ ကောင်းစွာ သိရှိနိုင်သည်။ သာမန်ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်ဖြင့် ထိုးနှက်လိုက်သော လက်သီးချက်မှာပင် နတ်ဘုရားစွမ်းရည်တုကို တတ်မြောက်ထားသည့် ပညာရှင်အများစု၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ကျော်လွန်နေပြီ ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ကျော်အချိန်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နဂါးတောင်၌ တွေ့ခဲ့စဉ်ကထက် စူးချန်ခုန်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီ။

"သုမေရု အကာအကွယ်"

ဝေ့ရှန့်ရှင်း အံ့အားသင့်သွားသော်လည်း သူ၏ စိတ်စွမ်းအင်ကို အသုံးချလိုက်ရာ သူ၏ရှေ့မှ လေဟာနယ်အတွင်း၌ မမြင်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။

"ဒုန်း"

စူးချန်ခုန်း၏ လက်သီးချက်မှာ ဝေ့ရှန့်ရှင်းနှင့် တစ်လံအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့ကြားရှိ တိုတောင်းလှသော အကွာအဝေးမှာ မည်သို့မျှ ထိုးဖောက်၍မရနိုင်သော သုမေရု(မြင်းမိုရ်)တောင်ကြီးပမာ ခိုင်မာသွားခြင်း ဖြစ်သည်။ စူးချန်ခုန်း၏ လက်သီးမှာ ထိုမမြင်နိုင်သော တောင်ကြီးကို ထိမှန်သွားပြီး နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

"ဝုန်း ဝုန်း ဝုန်း"

မြေပြင်မှာ တုန်ခါသွားပြီး လေဟာနယ်အတွင်းရှိ မမြင်နိုင်သော တောင်ကြီးမှာလည်း တုန်လှုပ်သွားကာ အက်ကြောင်းများစွာ ဖြစ်ပေါ်လာပြီး ပျက်စီးလုနီးပါး ဖြစ်သွားသည်။

ဝေ့ရှန့်ရှင်း ကျင့်ကြံထားသော သုမေရုမုန်ညင်းစေ့ကျင့်စဉ်မှာ အလွန်နက်ရှိုင်းသော ပြိုင်ဘက်ကင်းကျင့်စဉ် တစ်ခုဖြစ်ပြီး ယခင်မိစ္ဆာဧကရာဇ်က ရှေးဟောင်းနေရာတစ်ခုမှ ရရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုပြိုင်ဘက်ကင်းကျင့်စဉ်ကို ရရှိချိန်တွင် မိစ္ဆာဧကရာဇ်မှာ နတ်ဘုရားမျိုးစေ့ကို ပေါင်းစပ်ပြီးဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာ နတ်ဘုရားမျိုးစေ့၏ လွှမ်းမိုးမှုကို ခံထားရပြီးဖြစ်သည်။ သူ၏ သိုင်းပညာလမ်းကြောင်းမှာ သတ်မှတ်ပြီးသား ဖြစ်နေသဖြင့် သူ၏လမ်းကြောင်းနှင့် လုံးဝကွဲပြားနေသော ဤပညာရပ်ကို လေ့လာရန် ခွန်အားမရှိတော့သဖြင့် သူ၏မျိုးဆက်များအတွက် ချန်ထားခဲ့ခြင်း ဖြစ်သည်။

လေဟာနယ်နှင့် သက်ဆိုင်သော သုမေရုမုန်ညင်းစေ့ကျင့်စဉ်မှာ အလွန်နက်ရှိုင်းပြီး ထူးခြားလှသည်။ ဝေ့ရှန့်ရှင်းသည် ငယ်စဉ်ကတည်းက ဤကျင့်စဉ်ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ သူ၏ သွေးမျိုးဆက်မှ ဆင်းသက်လာသော သိုင်းပညာ အခြေခံအုတ်မြစ်နှင့် သိုင်းဝိဇ္ဇာသူတော်စင် ဘိုးဘေး၏ သွေးမျိုးဆက်အစွမ်းတို့ကြောင့် ဝေရှန့်ရှင်းသည် ဤပြိုင်ဘက်ကင်းကျင့်စဉ်ကို အဆင့်မြင့်ဆုံးသို့ ရောက်ရှိရန် ခြေတစ်လှမ်းအလိုအထိ ကျင့်ကြံထားနိုင်ခဲ့ခြင်း ဖြစ်သည်။

"သုမေရုကိုးချက်ပိုင်းဖြတ်ခြင်း"

ဝေ့ရှန့်ရှင်း၏ မျက်နှာမှာ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပြီး သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များမှာ သူ၏ပတ်ဝန်းကျင်တွင် လှိုင်းထနေ၏။ သူက အတွင်းအားများကို အမြင့်ဆုံးအထိ စုစည်းလိုက်သည်။ သူ မည်သို့မျှ လှုပ်ရှားလိုက်ခြင်း မရှိဘဲ လေဟာနယ်အတွင်း၌ ဓားအလင်းတန်းများ ပေါ်လာကာ မမြင်နိုင်သော ဓားသွားများ ဖြစ်ပေါ်လာသည်။ ထိုထက်မြက်လှသော ဓားသွားများသည် ငွေရောင်မျှင်များအလား စုစည်းသွားပြီး စူးချန်ခုန်းကို အရပ်မျက်နှာအနှံ့မှ ဝိုင်းရံပိုင်းဖြတ်လိုက်သည်။

ငွေရောင်မျှင် တစ်မျှင်စီတိုင်းမှာ သေစေနိုင်သော တိုက်ခိုက်မှုများ ဖြစ်သည်။ သာမန်သိုင်းပညာရှင်တစ်ဦး သို့မဟုတ် နတ်ဘုရားစွမ်းရည်တု အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးပင် ဖြစ်ပါစေ ဝေ့ရှန့်ရှင်း၏ လေဟာနယ်ပိုင်းဖြတ်မှုနှင့် ရင်ဆိုင်ရပါက သေဘေးမှ လွတ်နိုင်မည်မဟုတ်ပေ။

စူးချန်ခုန်း၏ ခါးတွင် ချိတ်ဆွဲထားသော သံဖြတ်ဓားမှာ အလိုအလျောက် ဓားအိမ်မှထွက်လာပြီး ဓားသွားဝိညာဉ်၏ တုန်ခါမှုမှာ ပျံ့နှံ့သွားရာ သူ၏ အာရုံခံစားမှုမှာ အလွန်ထက်မြက်လာသည်။ သူသည် လေဟာနယ်အတွင်းရှိ ပိုင်းဖြတ်မှုတိုင်းကို ရှင်းလင်းစွာ ခံစားမိနေသည်။

သူသည် ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ကာ အရပ်မျက်နှာအနှံ့သို့ ထပ်ခါတလဲလဲ ပိုင်းဖြတ်လိုက်သည်။ သူ၏ အရှိန်မှာ အလွန်မြန်လှသဖြင့် ပုံရိပ်ယောင်များ ထွက်ပေါ်လာကာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ရှိနေသကဲ့သို့ ထင်မှတ်ရပြီး ကိုးကြိမ်တိုင်တိုင် တစ်ပြိုင်နက်တည်း ပိုင်းဖြတ်လိုက်ခြင်း ဖြစ်သည်။

"ချွင် ချွင် ချွင်"

သတ္တုချင်း ထိမှန်သံများမှာ လေထဲတွင် မပြတ်ထွက်ပေါ်လာပြီး မီးပွင့်များ လွင့်စင်လာသည်။ ဓားချင်း ထိပ်တိုက်တွေ့ဆုံရာတွင် မည်သူမျှ အလျှော့မပေးကြပေ။

"ရွှီး ရွှီး ရွှီး"

လွင့်စင်သွားသော ဓားစွမ်းအင်များသည် ချိုင့်ဝှမ်းအတွင်းရှိ အဖိုးတန် ဝိညာဉ်မြက်ပင်များကို မြက်ခြောက်များပမာ ပိုင်းဖြတ်ခြေမွပစ်လိုက်သည်။ စူးချန်ခုန်း၏ သံဖြတ်ဓားသိုင်းမှာ ၁၁ ဆင့်မြောက်သို့ ရောက်ရှိနေပြီး ဓားသွားဝိညာဉ်ကို ကျင့်ကြံထားနိုင်ပြီဖြစ်ရာ သူ၏ ဓားသိုင်းမှာ အပြစ်ပြောစရာ မရှိပေ။

ဝေ့ရှန့်ရှင်း၏ ညာလက်ဝါးမှာ ရုတ်တရက် ရှေ့သို့ တွန်းထုတ်လိုက်ရာ လေဟာနယ်အတွင်း၌ တောင်ကြီးတစ်လုံး ရွှေ့လျားလာသကဲ့သို့ ကြီးမားသော စွမ်းအားများ ထွက်ပေါ်လာသည်။ မိုးကြိုးသံကဲ့သို့ ဟိန်းဟောက်သံများနှင့်အတူ ထိုစွမ်းအားမှာ စူးချန်ခုန်းကို အမှုန့်ကြိတ်ရန် လိမ့်ဆင်းလာသည်။

လေဟာနယ်အတွင်း၌ စိတ်အလိုရှိသလို ကြီးစေ၊ ငယ်စေ ပြုလုပ်နိုင်သော သုမေရုတောင်ကြီး'မှာ ပုံရိပ်ယောင်အလား၊ အစစ်အမှန်အလား ဝေ့ရှန့်ရှင်း၏ တွန်းထုတ်မှုနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်သည်။ ဝေ့ရှန့်ရှင်း၏ သုမေရုမုန်ညင်းစေ့ကျင့်စဉ်မှာ နတ်ဘုရားစွမ်းရည်တု အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိနေပြီး စူးချန်ခုန်း ယခင်က ရင်ဆိုင်ခဲ့ဖူးသော မည်သည့်ပြိုင်ဘက်ထက်မဆို ပိုမိုအစွမ်းထက်ပြီး ဆန်းကြယ်လှသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှာ ခန့်မှန်းရ ခက်ခဲလှသည်။

"ခုတ်ပစ်"

စူးချန်ခုန်း၏ မျက်ဝန်းများတွင် ထက်မြက်သော ဓားစွမ်းအင်များ လက်ခနဲ ဖြစ်သွားပြီး သူသည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ဒေါသတကြီး ပိုင်းချလိုက်သည်။ သိုင်းဝိဇ္ဇာသူတော်စင်နှင့် နီးစပ်သော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာသည်။

"ဂျောက်"

စုတ်ပြဲသွားသောအသံနှင့်အတူ လေဟာနယ်အတွင်း၌ အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားပြီး စူးချန်ခုန်း၏ ပြင်းထန်သော တိုက်ခိုက်မှုမှာ ရှေ့မှ ရောက်ရှိလာသော မမြင်နိုင်သော တောင်ကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သည်။ တောက်ပလှသော ဓားစွမ်းအင်မှာ ရပ်တန့်မသွားဘဲ ဝေ့ရှန့်ရှင်းထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

ဤအခြင်းအရာက အမြဲတမ်း တည်ငြိမ်နေသော ဝေ့ရှန့်ရှင်းကို နောက်သို့ တစ်လှမ်းဆုတ်သွားစေသည်။ ဝေ့ရှန့်ရှင်း၏ မျက်ဝန်းများတွင် ဒေါသအလိပ်လိပ် ထွက်လာသည်။ သိုင်းဝိဇ္ဇာသူတော်စင် ပြန်ဝင်စားသူဖြစ်သော သူ၏ ဂုဏ်သိက္ခာမှာ စစ်မှန်သော သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်သည့် ယန်မိသားစု ဘိုးဘေးရှေ့တွင်သာ တစ်ကြိမ် အရှုံးပေးခဲ့ဖူးသည်။

ယခုအခါ သိုင်းဝိဇ္ဇာသူတော်စင်မျိုးဆက်ပင် မဟုတ်သော ပြိုင်ဘက်တစ်ဦးကြောင့် နောက်သို့ ဆုတ်ပေးလိုက်ရခြင်းမှာ ဝေ့ရှန့်ရှင်းကို အလွန်အမင်း ဒေါသဖြစ်စေသည်။

"သုမေရုမုန်ညင်းစေ့"

ဝေ့ရှန့်ရှင်းသည် နောက်သို့ဆုတ်ရင်း သူ၏ ပြိုင်ဘက်ကင်းကျင့်စဉ်ကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။

"ဝူး ဝူး ဝူး"

လေဟာနယ်အတွင်း၌ မမြင်နိုင်သော တောင်ကြီးမှာ လက်သီးဆုပ်ခန့်အထိ အတင်းအကျပ် ဖိသိပ်ခံလိုက်ရသည်။ ထိုသေးငယ်လှသော နေရာအတွင်း၌ ပေတစ်ထောင်မြင့်သော တောင်ကြီးကို ထည့်သွင်းထားခြင်း ဖြစ်ပြီး စူးချန်ခုန်းထံသို့ ဥက္ကာခဲများအလား ကျဆင်းလာသည်။

ထိုတောင်ကြီး တစ်လုံးစီတိုင်းမှာ ခန္ဓာကိုယ်ကျင့်စဉ် ကျွမ်းကျင်သော နတ်ဘုရားစွမ်းရည်တု အဆင့်ရှိ သိုင်းပညာရှင်တစ်ဦးကိုပင် အသားတစ်များဖြစ်အောင် ကြိတ်ခြေပစ်နိုင်ပြီး အရိုးများကို ပြာဖြစ်စေနိုင်သည်။ ထိုမျှကြီးမားသော စွမ်းအားကို သေးငယ်သော နေရာအတွင်း၌ ဖိသိပ်ကာ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်ရာ ကမ္ဘာမြေထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နိုင်သော အာကာသ ဥက္ကာခဲကြီးများပမာ ဖြစ်နေတော့သည်။

စူးချန်ခုန်းသည် အနည်းငယ်မျှ ပေါ့ဆခြင်းမရှိဘဲ သူ၏ မျက်ခုံးကြားမှ အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားကာ ဓားသွားဝိညာဉ်မှာ ဓားအိမ်မှ ထွက်လာတော့သည်။

"ရွှီး ရွှီး ရွှီး"

နဂါးအသွင်ပြောင်းတံခါး၏ စွမ်းရည် ရရှိပြီး နှစ်နှစ်ကျော် ပျိုးထောင်ခဲ့ပြီးနောက် စူးချန်ခုန်း၏ ဓားသွားဝိညာဉ်မှာ ယခင်ကထက် များစွာ ပိုမိုသန်မာလာခဲ့ပြီ ဖြစ်သည်။ ဓားသွားဝိညာဉ်မှာ အရာရာကို ထိုးဖောက်ပိုင်းဖြတ်နိုင်ပြီး ငါးတစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားလျက် လက်သီးဆုပ်ခန့် ဖိသိပ်ထားသော သုမေရုတောင်ကြီးများကို လိုက်လံပိုင်းဖြတ်လိုက်သည်။

"ဝုန်း ဝုန်း ဝုန်း"

လေဟာနယ်အတွင်း၌ ဆက်တိုက် ပေါက်ကွဲသံများ ပျံ့နှံ့သွားပြီး လွင့်စင်လာသော ကျောက်တုံးကြီးများမှာ မြေပြင်ပေါ်သို့ ကျရောက်ကာ တုန်ခါသွားစေသည်။

"သုမေရုမုန်ညင်းစေ့ကျင့်စဉ် သက်သက်နဲ့ သူ့ကို မယှဉ်နိုင်ဘူးလား"

ဝေ့ရှန့်ရှင်း၏ စိတ်ထဲတွင် အံ့ဩတုန်လှုပ်နေမိသည်။ သူ၏ သေစေနိုင်သော တိုက်ခိုက်မှုတိုင်းကို စူးချန်ခုန်းက ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။ သူ အမြဲတမ်း ဂုဏ်ယူခဲ့ရသော အဆင့်မြင့်ပညာရပ်မှာ စူးချန်ခုန်းကို သေစေနိုင်လောက်သော ခြိမ်းခြောက်မှု မပေးနိုင်တော့ပေ။

All Chapters