← Chapters

ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံ

Vol. 003 Ch. 125

ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံ

Vol. 003 Ch. 125

ရွှေ့ပြောင်းရေး အစီအရင်မှ အလင်းလှိုင်းများ ဖြာထွက်လာပြီး ရွှေ့ပြောင်းရေး အစီအရင်က စတင်ပွင့်လာ၏။

ရွှေ့ပြောင်းရေး အစီအရင် ပွင့်လာသည်နှင့် အပြင်ဘက်ရှိ လေလွင့်ဝိညာဉ်များသည် နောက်သို့ အလျင်အမြန် ဆုတ်သွားကြသည်။

ရွှေ့ပြောင်းရေး အစီအရင်ထဲတွင် ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်လာသည်။ ကျန်ရှိနေသေးသော သူများကလည်း သူတို့အလှည့် မရောက်လာ သေးသည့်အတွက် စိတ်ပူပန်နေသည့် အမူအရာများ ရှိနေသည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် သူတို့သည် ဤနေရာမှ အလွန် ထွက်သွားချင်နေကြမှန်း သိသာနေ၏။

ဝမ်လင်းကတော့ ရွှေ့ပြောင်းရေး အစီအရင်အတွင်းသို့ စိုက်ကြည့်ပြီး လူတစ်ယောက် ပျောက်ကွယ်သွားတိုင်း အချိန်ကို တွက်ကြည့်နေသည်။

ကျိုးဇီဟောင်တို့ (၃)ယောက်သည် ဝမ်လင်း၏ အေးစက်စက်အသံကို မကြားခင် အချိန်အထိ ထွက်သွားရမလား၊ မသွားရဘူးလားဆိုပြီး ဝေခွဲမရဖြစ်နေကြ၏။

“မင်းတို့ အရင်သွားပြီး … တစ်ဖက်မှာ ငါ့ကို စောင့်နေ … “

သူတို့ (၃)ယောက်လည်း စိတ်သက်သာရာ ရသွား၏။ သူတို့က ကျောက်စိမ်းပြားများကို ထုတ်ကာ သူတို့ စိတ်စွမ်းအင်များကို ကျောက်စိမ်းပြားအတွင်းသို့ ပို့လွှတ်ပြီးနောက် သူတို့လည်း ပျောက်ကွယ်သွားကြ၏။

ရွှေ့ပြောင်းရေး အစီအရင်အတွင်းရှိ ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားပြီးနောက်တွင် ဝမ်လင်းက ရေရွတ်လိုက်သည်။

“(၃)စက္ကန့် … “

ထို့နောက် သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ရွှေ့ပြောင်းရေး အစီအရင်ဆီသို့ ပျံသန်းသွား၏။ ပျံသန်းနေစဉ် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားကို ထုတ်ယူထားလိုက်၏။

သူ၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် မျက်တောင် တစ်ခတ်အတွင်း၌ ရွှေ့ပြောင်းရေး အစီအရင်ကို ဝိုင်းရံကာကွယ်ထားသည့် အကာအကွယ်ဆီသို့ ရောက်လာသည်။ သူက အထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်လိုင်း တစ်ခုက ပေါ်လာသော်လည်း ဝမ်လင်းက မရှောင်ခဲ့ပေ။

သူ၏ ခန္ဓာကိုယ်ကို အနက်ရောင်လိုင်းက ထိတော့မည့် အချိန်တွင် သူ၏နဖူးမှ ရုတ်တရက် တောက်ပသွားပြီး သင်္ကေတ (၄၉) လုံး ပေါ်လာကာ အနက်ရောင်လိုင်းကို တားဆီးလိုက်သည်။

အနက်ရောင်လိုင်းက သင်္ကေတ (၄၃) လုံးကို ဖျက်ဆီးပြီးသောအခါ ၎င်း၏ စွမ်းအင်များ ကုန်သွားသဖြင့် ၎င်းက ပျောက်ကွယ်သွား၏။

ထိုအဖြစ်အပျက်သည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝမ်လင်းက ရွှေ့ပြောင်းရေး အစီအရင်အတွင်းသို့ ရောက်ရှိသွားပြီး ရွှေ့ပြောင်းရေး အစီအရင်ကို အသုံးပြုနိုင်ရန် ကျောက်စိမ်းပြားကို အသုံးပြုလိုက်၏။

ဝမ်လင်းသည် အလွန်စိုးရိမ်နေသည်။ သူ၏ တွက်ချက်မှုအရ ကျောက်စိမ်းပြားနှင့် ရွှေ့ပြောင်းရေး အစီအရင် ချိတ်ဆက်ရန်အတွက် (၃) စက္ကန့်ကြာ၏။ ထို (၃)စက္ကန့်သည် သူ့အတွက် အလွန် အန္တရာယ်ရှိသည်။ ထို (၃)စက္ကန့်တွင် သူ့အသက်ကိုသာ ထိန်းထားနိုင်ခဲ့လျှင် ဤနေရာမှ ထွက်နိုင် လိမ့်မည်ဟု ယုံကြည်ထား၏။

ပထမ တစ်စက္ကန့် … အနက်ရောင်လိုင်း (၁၂) ခုကျော်က ပေါ်လာပြီး ဝမ်လင်းဆီသို့ မြားများကဲ့သို့ တိုးဝင်သွား၏။ ယခုအချိန်တွင် ဝမ်လင်းသည် လှုပ်ရှားမှု ကြီးကြီးမားမား လှုပ်၍မရပေ။ သူသာ လှုပ်လိုက်လျှင် ရွှေ့ပြောင်းရေး အစီအရင်ကို ရပ်တန့်သွားစေလိမ့်မည် ဖြစ်သည်။

အနက်ရောင်လိုင်းများကို ကြည့်ကာ ဝမ်လင်း၏ မျက်နှာက သုန်မှုန်နေပြီး သင်္ကေတ (၄၉) လုံးပါသော သင်္ကေတအုပ်စုများ တစ်ခုပြီးတစ်ခု နဖူးပြင်မှ ပေါ်ထွက်လာသည်။

ဝမ်လင်းသည် ဝင်္ကပါ အစီအရင် စုစုပေါင်း (၂၁)ခုကို ပြုလုပ်ထား၏။ ဝင်္ကပါ အစီအရင် တစ်ခုသည် ပထမဆုံး အနက်ရောင်လိုင်းနှင့်တင် ပျက်စီးသွားခဲ့ရသည်။ ယခုအချိန်တွင် ဝမ်လင်း၏ ခန္ဓာကိုယ်ကို သင်္ကေတ (၁၀၀၀) နီးပါးက ကာကွယ်ပေးထား၏။

မှန်ကွဲကြေသွားသည့် အသံကဲ့သို့ အသံများသည် ဝမ်လင်း၏ နားထဲသို့ ဝင်ရောက်လာပြီး သူ့ကို ကာကွယ်ပေးထားသည့် သင်္ကေတစာလုံးများ တစ်ခုပြီးတစ်ခု ပျက်စီးလာ၏။ နောက်ဆုံးတွင် သင်္ကေတ (၉၀၀) ကျော် ပျက်စီးသွားပြီး အနက်ရောင် လိုင်းများကလည်း ပျောက်ကွယ်သွား၏။ ထိုအရာများ အားလုံးသည် တစ်စက္ကန့်ဆိုသည့် အချိန်လေးထဲတွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

အနက်ရောင်လိုင်းများ ပျောက်ကွယ်သွားသော်လည်း ဝမ်လင်းက စိတ်သက်သာရာ မရသေးပေ။ သူ ပြင်ဆင်ထားသည့် အရာများ အားလုံးသည် ပထမ တစ်စက္ကန့်မှာတင် အကုန်လုံးနီးပါး ပျက်စီး သွားရ၏။ ထို့ကြောင့် နောက် (၂) စက္ကန့်တွင် သူ့ကိုယ်သူသာ အားကိုး ရပေတော့မည်။ သူက သိုလှောင်အိတ် (၃) ခုအတွင်းမှ သုံး၍ ရနိုင်သော ရတနာများကို ထုတ်ယူလိုက်ရာ ဝမ်လင်း၏ ဘေးပတ်ပတ်လည်တွင် မှော်ရတနာ ပစ္စည်းများစွာ ပေါ်လာသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်တင် မှော်ရတနာများသည် အခု (၁၀၀) ကျော်သည်ကို ခန့်မှန်းနိုင်၏။

သာမန် လူတစ်ယောက်သည် မှော်ရတနာပစ္စည်းများ အများအပြားကို တစ်ချိန်တည်း အသုံး မပြုနိုင်ပေ။ ဝမ်လင်း၏ ကြီးမားလှသော နတ်ဘုရား စိတ်အာရုံနှင့်တောင်မှ အသုံးပြုရန် အနည်းငယ် ခက်ခဲသည်။

ရွှေ့ပြောင်းရေး အစီအရင်နှင့် ကျောက်စိမ်းပြား ကြားမှ ချိတ်ဆက်မှုသည် ဒုတိယမြောက် စက္ကန့်သို့ ရောက်ရှိလာသည်။

အနက်ရောင်လိုင်း (၁၀၀) ကျော်က သူ့ထံသို့ လာသည်ကို ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။ သူ့ထံတွင် ကျန်ရှိသော သင်္ကေတများသည် (၁၀၀) ပင် မပြည့်တော့ချေ။ ထို သင်္ကေတများသည် တားဆီးရန် အခွင့်အရေး တစ်ချက်ပင် မရဘဲ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။

ထို့နောက် မှော်ရတနာပစ္စည်း၏ အလှည့် ရောက်လာသည်။ မှော်ရတနာ ပစ္စည်းများသည်လည်း ဆက်တိုက် ပေါက်ကွဲသွားပြီး မှော်တနာများအားလုံး ဖျက်ဆီးခံလိုက်ရသည်။‌ မှော်ရတနာများ ပျက်စီးသွားသည်ကို ကြည့်ပြီး ဝမ်လင်း သက်ပြင်းချလိုက်သည်။ မှော်ရတနာပစ္စည်းများကို သန့်စင်ရန် အချိန် မရလိုက်သောကြောင့် မှော်ရတနာ ပစ္စည်းများ၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ခဲ့ပေ။

သို့သော်လည်း မှော်ရတနာ ပစ္စည်းများက အနက်ရောင်လိုင်း တစ်ဝက်ကျော်ကို ဖျက်ဆီးပစ် နိုင်ခဲ့၏။ ကျန်ရှိနေသော အနက်ရောင်လိုင်းများသည် သူတို့ကို တားဆီးမည့် အရာများ မရှိတော့သဖြင့် ဝမ်လင်း၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွား၏။

အနက်ရောင်လိုင်းများ ခန္ဓာကိုယ်အတွင်းသို့ ရောက်လာသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ဖျက်ဆီးခြင်း အားများက ပေါက်ကွဲထွက်လာသည်။ ထုထည်ကြီးမားလှသော ဖျက်ဆီးခြင်း အားများက ဝမ်လင်း၏ နတ်ဘုရားစိတ်အာရုံကို ဒဏ်ရာများ ရစေသည်။ သို့သော်လည်း ဝမ်လင်းက နတ်ဘုရား စိတ်အာရုံကို ထိန်းထားပြီး သူ၏ဝိညာဉ်ကို မပျက်စီးစေရန် အတတ်နိုင်ဆုံး ကာကွယ်ထား၏။

နောက်ဆုံးတွင် သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးပြီး အနက်ရောင် လိုင်းများအား ကာကွယ် လိုက်နိုင်သည်။ ဝမ်လင်း၏ မျက်နှာထားက ခက်ထန်နေပြီး သူက ဟင်းလင်းပြင်ထဲသို့ စိုက်ကြည့်ကာ အရူး တစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။

“-ိုးမ … လောကနိယာမလား … လာစမ်းပါ … ငါ အိမ်ပြန်မှာကို လာတားကြည့်စမ်း … ငါက တစ်ခါ သေပြီးပြီ … ဒီတစ်ကြိမ်မှာတော့ ငါ့ကို ဘယ်သူမှ တားလို့ မရစေရဘူး … “

ဂျိနယ်ပယ်သည် အလွန်ထူးခြားသော နယ်ပယ်တစ်ခု ဖြစ်သည်။ သာမန်အားဖြင့် ဂျိနယ်ပယ်သည် စိတ်စွမ်းအင်မှ လာသော်လည်း ယခုအချိန်၌ ဝမ်လင်းထံတွင် စိတ်စွမ်းအား မရှိချေ။ ထို့ကြောင့် သူ၏ဝိညာဉ်က ဂျိနယ်ပယ် အရိပ်အယောင်များကို စတင် ပြသလာသည်။

တဖြည်းဖြည်း ပျက်စီးနေသည့် ပြင်ပတိုက်ပွဲ မြေပြင်အတွင်းတွင် မိုးခြိမ်းသံကဲ့သို့ အလွန် ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်ထွက်လာပြီး ပြင်ပတိုက်ပွဲ မြေပြင်တစ်ဝက်ကျော် ပျက်စီးသွား၏။ များပြားလှသော ပြင်ပတိုက်ပွဲ မြေပြင်၏ အစိတ်အပိုင်းများက လေဟာနယ် အက်ကွဲကြောင်းများ အဖြစ် ဖွဲ့စည်းလာသည်။

ဟင်းလင်းပြင်ထဲမှ အားကောင်းလှသော ဖိအားတစ်ခု ပေါ်ထွက် လာသဖြင့် ဝမ်လင်း၏ အိမ်နီးနားချင်း (၃) ကောင်သည် ပြင်ပတိုက်ပွဲ မြေပြင်ထဲတွင် ဆက်မနေရဲတော့ဘဲ အလျင်အမြန် ပျက်စီးခြင်း လောကဆီသို့ ပြန်ပြေးကြသည်။

သူတို့တောင်မှ ထွက်ပြေးကြလျှင် လေလွင့်ဝိညာဉ်များအတွက် ပြောနေစရာ မလိုပေ။ လေလွင့် ဝိညာဉ်များသည် ကြောက်လန့်တကြားဖြင့် နီးစပ်ရာ လေဟာနယ် အက်ကွဲကြောင်းထဲသို့ ပြေးဝင်ပြီး ပျက်စီးခြင်း လောကဆီသို့ ပြန်ပြေးကြ၏။

ထိုအချိန်တွင် ရွှေ့ပြောင်းရေး အစီအရင်နှင့် ကျောက်စိမ်းပြားတို့၏ ကြားထဲရှိ ချိတ်ဆက်မှုသည် နောက်ဆုံးအဆင့် တတိယမြောက် စက္ကန့်ကို ရောက်လာသည်။

ဝမ်လင်း၏ မျက်လုံးများက အေးစက်နေသော်လည်း သူ၏ကြမ်းကြုတ်သည့် အမူအရာထဲတွင် တည်ငြိမ်မှုတစ်ခု ရှိနေသည်။ ဝမ်လင်းသည် ပြင်းထန်လှသော ဖိအားအောက်တွင် ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့်တန်းတန်း ရပ်ထား၏။ သူ၏ဝိညာဉ်က ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း ထူးဆန်းသော အားတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုအရာသည် သူ၏ ဝိညာဉ်ထဲရှိ ဂျိနယ်ပယ်၏ အော်ရာ ဖြစ်သည်။ ထိုအော်ရာသည် မည်သည့် အရာကမှ တားဆီး၍ မရနိုင်သည့် အော်ရာတစ်ခု ဖြစ်သည်။ ပြင်းထန်လှသော ဖိအားက ထိုက်တောင်ဆိုလျှင် ဝမ်လင်း၏ အော်ရာကလည်း မကွေးညွှတ်နိုင်သည့် ဓားတစ်ချောင်း ဖြစ်သည်။

ထိုက်တောင်က ဓားကိုချေမွပြီး အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကောင်း ဖြစ်စေနိုင်သော်လည်း ဓားကတော့ ရွှေ့ပြောင်းရေး အစီအရင်နှင့် ရအောင် ထွက်သွားလိမ့်မည် ဖြစ်သည်။

တတိယမြောက် စက္ကန့်တွင် အနက်ရောင်လိုင်းများက ကြီးမားသော လက်တစ်ဖက်အဖြစ် ဖွဲ့စည်းသွားပြီး ဝမ်လင်းကို ကုတ်ဆွဲလိုက်သည်။ ထိုလက်ကြီးတွင် ပါဝင်ဖွဲ့စည်းထားသော အနက်ရောင် လိုင်းများသည် များလွန်းလှ၍ ရေတွက်လို့တောင် မရပေ။

ကြီးမားသော လက်ကြီး ပေါ်ထွက်လာသည်နှင့် ပြင်ပတိုက်ပွဲမြေပြင် တစ်ခုလုံးသည် ပျက်စီးလုနီးပါးထိ ဖြစ်သွား၏။ ကြီးမားသော အစိုင်အခဲတစ်ခုက ဘေးဘက်မှ ဝင်တိုက်လိုက် သကဲ့သို့ ပြင်ပတိုက်ပွဲ မြေပြင်၏ ကြီးမားသော အစိတ်အပိုင်းကြီးများသည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး လေဟာနယ် အက်ကွဲကြောင်းများနှင့် ရောနှောသွား၏။

မျက်တောင်တစ်ခတ် အတွင်းမှာတင် ပြင်ပတိုက်ပွဲ မြေပြင်သည် အလုံးစုံ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်ထဲတွင်‌ မျောနေသည့် ရွှေ့ပြောင်းရေး အစီအရင် လေးခုသာ ကျန်ရစ်တော့သည်။

တတိယမြောက် စက္ကန့်သည် ဂျိနယ်ပယ်နှင့် လောကနိယာမ၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်သည်။ ကြီးမားသော လက်ကြီးက သူ့ကို လာထိသည်နှင့် ဝမ်လင်း၏ ဝိညာဉ်သည် စတင်ပျက်စီး လာသည်။ သို့သော်လည်း စတင်ပျက်စီး လာသည့်အချိန်တွင် ဂျိနယ်ပယ်မှ စွမ်းအားများ ထွက်ပေါ်လာကာ ဝမ်လင်း၏ ဝိညာဉ်ကို ပြန်လည်ကောင်းမွန် လာစေပြီး ပျက်စီးလိုက် ပြန်ကောင်းလိုက်ဖြင့် အကြိမ်ကြိမ် ဖြစ်ပျက်နေသည်။

ကြီးမားသော စွမ်းအားနှစ်ခု ထိပ်တိုက်ရင်ဆိုင် နေချိန်တွင် ဝမ်လင်းက အစစ်အမှန် ဂျိနယ်ပယ်ကို နောက်တစ်ကြိမ် ပြန်ခံစားမိလာသည်။

ပထမဆုံးအကြိမ်သည် တောအုပ်ထဲရှိ အပျက်အစီးပုံ ကြားထဲတွင် ဖြစ်၏။ ဒုတိယအကြိမ်သည် ကြွယ်မင်တောင်ကြားထဲတွင် ဖြစ်သည်။ တတိယအကြိမ်သည် ပျက်စီးခြင်း လောကထဲတွင် သူ၏ ဝိညာဉ် နိုးထလာသည့် အချိန်ဖြစ်သည်။

ယခုအကြိမ်သည် (၄) ကြိမ်မြောက် ဖြစ်သည်။ တစ်ကြိမ်ချင်းစီတိုင်းတွင် သူ၏ ဂျိနယ်ပယ်က ပိုမို အစွမ်းထက်လာခဲ့သည်။ အထူးသဖြင့် ယခုအကြိမ် ဖြစ်သည်။ ဝမ်လင်း၏ ဝိညာဉ်သည် ဂျိနယ်ပယ်ထဲသို့ ဝင်ရောက်နေပြီး သူ၏ ဝိညာဉ်သည် တစ်ကြိမ်ပြိုကွဲသွားတိုင်း တစ်ခါ သန့်စင် ခံနေရသည်။

တတိယမြောက် တစ်စက္ကန့် အချိန်အတွင်းတွင် ဝမ်လင်း၏ ဝိညာဉ်သည် အကြိမ် တစ်သောင်းမက ပြန်လည် တည်ဆောက်ထားပြီး ဖြစ်သည်။ တဖြည်းဖြည်းနှင့် သူ၏ ဝိညာဉ်သည် ကျုံ့ပြီး သိပ်သည်းလာသည်။ သို့သော်လည်း သူ၏ဝိညာဉ်က ယခင်ကထက် အဆပေါင်းများစွာ အစွမ်း ထက်လာလေသည်။

နောက်ဆုံးတွင် ဂျိနယ်ပယ်သည် သူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွား၏။

ဂျိနယ်ပယ်သည် မည့်သည့်နေရာမှ ဖြစ်တည်လာသည်ကို ဘယ်သူမှ မသိကြချေ။ သို့သော်လည်း ယခင်က ဂျိနယ်ပယ် ကျင့်ကြံသူ အားလုံးသည် သူတို့၏ ဂျိနယ်ပယ်က စိတ်စွမ်းအင် ထဲတွင်သာ ရှိ၏။ ဝမ်လင်းကတော့ ကြက်ကန်း ဆန်အိုးတိုးပြီး ဂျိနယ်ပယ်ကို သူ၏ ဝိညာဉ်တွင် တံဆိပ်ခတ်နိုင်ခဲ့သည်။

လောကနိယာမ၏ ကြီးမားသော လက်ကြီးသည် ဝမ်လင်း၏ ဝိညာဉ်ထဲတွင် ဂျိနယ်ပယ်၏ စွမ်းအားများ ကိန်းအောင်းလာစေရန် အထောက်အကူ ဖြစ်စေခဲ့၏။ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့သည် ဝမ်လင်း၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီးနောက် သူ၏ ဝိညာဉ်တွင် ဂျိနယ်ပယ် ငွေရောင်လေး ကျန်ရစ်နေခဲ့သည်။ သို့သော်လည်း ပြင်ပဖိအားများ မရှိဘဲ ဝမ်လင်းက သူ၏ စိတ်စွမ်းအင်များကို ပြန်လည်ရရှိခဲ့ပါက ထိုဂျိနယ်ပယ် ငွေရောင်လေးသည် ပျောက်ကွယ် သွားပေလိမ့်မည်။

အပြင်ဖိအား အောက်တွင် ဝမ်လင်း၏ ဝိညာဉ်နှင့် ဂျိနယ်ပယ် မပေါင်းစပ်ခင် အချိန်အထိ သူ့ဝိညာဉ်က ဆက်တိုက် ကျုံ့နေပြီး ဂျိနယ်ပယ်က ကြီးမားလာသည်။ ယခုပေါင်းစပ်မှုသည် စဦး အဆင့်သာ ရှိနေသေး၏။ ပြောရလျှင် ဝမ်လင်း၏ ဝိညာဉ်သည် ဂျိနယ်ပယ်နှင့် အပြည့်အဝ ပေါင်းစပ်ရန် တခြား လိုအပ်သည့် အရာများ ရှိနေသေးသကဲ့သို့ ဖြစ်သည်။

ဂျိနယ်ပယ်သည် သန့်စင်နယ်ပယ်တစ်ခု ဖြစ်သည်။ ဂျိနယ်ပယ်ကသာ စိတ်စွမ်းအင်ထဲတွင် ဖြစ်ပေါ်လာပါက ၎င်း၏ တိုးတက်မှုများသည် စိတ်စွမ်းအင်ထဲတွင်သာ ဖြစ်လာပေလိမ့်မည်။

အလားတူစွာ ယခု ဂျိနယ်ပယ်က ဝမ်လင်း၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားသဖြင့် သူ၏ စိတ်စွမ်းအင်တွင် ဂျိနယ်ပယ်စွမ်းအား ရှိလာတော့မည် မဟုတ်သော်လည်း သူ၏ နတ်ဘုရား စိတ်အာရုံကတော့ အဆင့်တူ တစ်ယောက်ကို လွယ်လွယ်ကူကူ သတ်နိုင် စေလိမ့်မည်။ အစောပိုင်း အဆင့်ပဲ ဖြစ်ဖြစ်၊ အလယ်အဆင့်ပဲ ဖြစ်ဖြစ် သို့မဟုတ် နှောင်းပိုင်းအဆင့်ပဲ ဖြစ်ဖြစ် ရလဒ်က အတူတူပင် ဖြစ်သည်။ သို့သော်လည်း စဦးစိတ်ဝိညာဉ် အဆင့်သည် ဂျိနယ်ပယ်အတွက် ကန့်သတ်ချက်တစ်ခု ဖြစ်နေသည်။

ရှေးယခင်ကတည်းက ထိုကန့်သတ်ချက်ကို တစ်ယောက်ကသာ ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ထပ်မည်သူမှ မကျော်ဖြတ်နိုင်ခဲ့ပေ။

ထိုလူသည်လည်း ကံကောင်းမှု တစ်ခုကြောင့်သာ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျိနယ်ပယ်သည် အလွန် ကြောက်မက်ဖွယ် ကောင်း၏။ အစောပိုင်းအဆင့်၊ အလယ်အဆင့်နှင့် နှောင်းပိုင်းအဆင့်များကို လျစ်လျူရှုနိုင်သော စွမ်းအားတစ်ခုကို ကောင်းကင်ဘုံမှ တစ်ခုခု အပြစ် ပေးလိမ့်မည် ဖြစ်သည်။ ဂျိနယ်ပယ်ကိုသာ ဆက်လက်တိုးတက်ရန် ခွင့်ပြုထားလျှင် ဂျိနယ်ပယ်သည် ပြိုင်ဘက်ကင်းဖြစ်သွားပေလိမ့်မည်။

ဂျိနယ်ပယ်ကို လေ့လာခဲ့သော လူများသည် ဂျိနယ်ပယ်သည် စဦးစိတ်ဝိညာဉ် အဆင့်ကို မချိုးဖြတ် နိုင်ရသည့် အကြောင်းရင်းမှာ သူတို့က ချိုးဖြတ်ရန် ကြိုးစားကြသောအခါ ကောင်းကင်ဘုံက သူတို့ကို ရက်ရက်စက်စက် သတ်ပစ်သောကြောင့် ဖြစ်သည်ဟု ကောက်ချက် ချကြ၏။

ကောင်းကင်ဘုံသည် ဂျိနယ်ပယ် ကျင့်ကြံသူ တစ်ယောက်က စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖြတ်ပြီး နောက်တစ်ဆင့်ကို တက်သွားရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဝမ်လင်း၏ လက်ရှိ ဂျိနယ်ပယ်သည် လောကနိယာမနှင့် ယှဉ်လျှင် အားနည်း လွန်းနေသေး၏။ လက်ကြီးက တဖြည်းဖြည်း ပိုပြီး ဖိလာသောအခါ ဝမ်လင်း၏ ဝိညာဉ် ပျက်စီးနှုန်းသည် ပြန်တည်ဆောက်နှုန်းထက် အဆပေါင်းများစွာ ကျော်လွန်သွား၏။ နောက်ဆုံးတွင် ‘ဝုန်း’ ဆိုသည့် အသံနှင့်အတူ ဝမ်လင်း၏ ဝိညာဉ်သည် ပျက်စီးသွား၏။ သို့သော်လည်း သူ၏ ဝိညာဉ်ပျက်စီးမှုနှင့်အတူ ဝိညာဉ်အတွင်းရှိ အညစ်အကြေးများ အားလုံးသည်လည်း ပျက်စီး ပျောက်ကွယ်သွားပြီး မူလဂျိနယ်ပယ် ဝိညာဉ်တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။

လောကနိယာမသာ မရှိခဲ့လျှင် ဝမ်လင်းသည် သက်တမ်းတစ်လျှောက်လုံး မည်မျှပင် ကြိုးစားစေကာမူ ဂျိနယ်ပယ် ဝိညာဉ်ကို ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယခုအချိန်တွင် ဂျိနယ်ပယ် ဝိညာဉ်ကို ဖွဲ့စည်းနိုင်သွားခဲ့သည်။

သူ၏ ဂျိနယ်ပယ်ဝိညာဉ် ဖြစ်ပေါ်လာသည်နှင့် ကြီးမားသော လက်ကြီးသည် ခေတ္တတစ်ခဏ ရပ်တန့်သွား၏။ ထိုအခိုက်အတန့်လေးတွင် ရွှေ့ပြောင်းရေး အစီအရင်ကလည်း ပွင့်သွား၏။

***

All Chapters