← Chapters

လောင်ကျွမ်းရွှေတောင်တန်း

Vol. 003 Ch. 128

လောင်ကျွမ်းရွှေတောင်တန်း

Vol. 003 Ch. 128

ဝမ်လင်းက ဂူပေါက်ကို ဖွင့်ရန် ညာလက်ကို ဝှေ့ယမ်းပြီး အပြင်သို့ ထွက်လာသည်။ ယခုအချိန်တွင် ကောင်းကင်ပြာကြီးက တိမ်များ ကင်းစင်နေသည်။ ဝမ်လင်းက အနီးရှိ မီးတောင်တစ်ခုဆီသို့ ပျံသန်းသွားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်နယ်မြေ အတွင်းမှ ထွက်လာသည့် အချိန်တွင် သူ၏ နတ်ဘုရား စိတ်အာရုံမှ မီးတောင်ထဲတွင် သစ်သားဒြပ်စင်၏ စွမ်းအင်လှိုင်းကို တွေ့သွားခြင်းကြောင့် ဖြစ်သည်။

ဝမ်လင်းက မီးတောင်၏ နှုတ်ခမ်းဝကို ရောက်လာပြီးနောက် အတွင်းသို့ ငုံ့ကြည့်လိုက်သည်။ မီးတောင်ထဲတွင် အပူလှိုင်းများ လွင့်ပျံနေသည်။ ဝမ်လင်းက အောက်ကို ငုံကြည့်ရင်း သူ၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ မီးတောင်ထဲသို့ ခုန်ချလိုက်၏။ ဆွဲငင်အား ပညာရပ်ကို အသုံးပြုပြီး သူ၏ ကျဆင်းလာမှုကို ထိန်းချုပ်လိုက်သည်။

လောင်ကျွမ်းရွှေ တောင်တန်းသည် ဟိုဖန်းနိုင်ငံတွင် အလွန်ကျော်ကြားသော တောင်တန်းတစ်ခု ဖြစ်၏။ ကျော်ကြားရခြင်း၏ အကြောင်းရင်းမှာ အယ်ခီမီ ပစ္စည်းတစ်မျိုးဖြစ်သည့် လောင်ကျွမ်းရွှေ သစ်သီးက ကြီးထွား ရှင်သန်သောကြောင့် ဖြစ်သည်။

လောင်ကျွမ်းရွှေ သစ်သီးသည် ဝိညာဉ်သဟဇာတ ဆေးလုံးလုပ်ရာတွင် အလွန် အရေးကြီးသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်သည်။ ဟိုဖန်နိုင်ငံရှိ စိတ်စွမ်းအင်များသည် မီးဒြပ်စင်များနှင့် ပြည့်နေသည်။ အချိန်တော်တော်ကြာအောင် မီးဒြပ်စင် စိတ်စွမ်းအင်များကို စုပ်ယူခြင်းက ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေသည်။ ထိုထိခိုက်မှုများကို ဝိညာဉ်သဟဇာတ ဆေးလုံးက ပြန်လည် ထိန်းသိမ်းပေးနိုင်စွမ်း ရှိ၏။

ဝိညာဉ်သဟဇာတ ဆေးလုံးသည် ဟိုဖန်နိုင်ငံတွင် အသုံးအများဆုံး ဆေးတစ်မျိုး ဖြစ်၏။ ဝိညာဉ်သဟဇာတ ဆေးလုံးကို ဖော်စပ်ရာတွင် နည်းလမ်းများစွာ ရှိသော်လည်း လောင်ကျွမ်းရွှေ သစ်သီးကို အသုံးပြုရသည့် နည်းလမ်းက အသုံးများသော နည်းလမ်းဖြစ်သည်။

လောင်ကျွမ်းရွှေ သစ်သီးသည် မီးတောင်ပေါက်ဝထဲတွင်သာ ရှင်သန်သည့် အမျိုးအစား ဖြစ်သည်။

လောင်ကျွမ်းရွှေ သစ်သီးများ ရင့်မှည့်လာသည့် အချိန်တိုင်း ဂိုဏ်းကြီး ၄ ဂိုဏ်းက တပည့်များကို လွှတ်ကာ ခူးယူခိုင်းကြ၏။ ထိုသစ်သီးသည် ရင်မှည့်နေသည့် ၃ ရက်အတွင်းသာ ခူးယူ၍ရပြီး ကျန်သည့် အချိန်များတွင် မရပေ။

ဤနေ့တွင် ဂိုဏ်းကြီး ၄ ဂိုဏ်းမှ တပည့်များကို လောင်ကျွမ်းရွှေသစ်သီး ခူးယူရန် စောစော လွှတ်လိုက်၏။ ဂိုဏ်းတစ်ခုချင်းစီက မီးတောင်တစ်ခုဆီ ယူထားကြသည်။ ဂိုဏ်း ၄ ခုစလုံးက လောင်ကျွမ်းရွှေ သစ်သီးနှင့် ပတ်သက်၍ မတိုက်ခိုက်ကြရန်လည်း သဘောတူညီမှု လုပ်ထား၏။

မီးတောင်တစ်ခုတွင် အလောင်းကောင် ဂိုဏ်းသား အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်က မီးတောင်အပေါက်ဝတွင် ရပ်နေကြပြီး ခူးယူရမည့် အချိန်ကို စောင့်နေကြသည်။ သူတို့၏ နောက်တွင် ခေါင်းတလားတစ်ခုစီ ရှိနေ၏။

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးနေ၏။ ရုတ်တရက် တခြားမီးတောင် ၃ ခုမှ အစိမ်းရောင် မီးခိုးများ ထွက်ပေါ်လာပြီး တခြား ၃ ဂိုဏ်းမှ ကျင့်ကြံသူများသည် မီးတောင်များထဲသို့ ခုန်ချ သွားကြသည်။ အလောင်းကောင်ဂိုဏ်းသား ၃ ယောက်ကတော့ စိတ်ရှုပ်ထွေးမှုများနှင့် မတ်တတ် ရပ်နေကြ၏။ အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ဂိုဏ်းတူအစ်ကိုမိုင် … ဘာဖြစ်နေတာလဲဆိုတာ သိလား …“

ဂိုဏ်းတူအစ်ကိုမိုင်က ပြန်ဖြေပေးလိုက်သည်။

“ဒီအစိမ်းရောင် မီးခိုးတွေက လောင်ကျွမ်းရွှေ သစ်သီးက ရင့်မှည့်သွားပြီမို့လို့ ခူးလို့ရပြီ ဆိုတာကို ပြသတဲ့သဘော … မီးတောင် ၄ ခုစလုံးက တစ်ချိန်တည်းမှာပဲ မီးခိုးက ထွက်လာသင့်တယ် … ဂိုဏ်းတူအစ်ကိုကျိုး … ကျွန်တော်တို့ အောက်ဆင်းပြီး စစ်ဆေးသင့်လား …“

ကျိုးနာမည်နှင့် တပည့်သည် အနည်းငယ် စဉ်းစားပြီး ခေါင်းကို ခါလိုက်ကာ ပြောသည်။

“ငါတို့ နည်းနည်းလောက် စောင့်ကြည့်ရအောင် … အစိမ်းရောင်မီးခိုးသာ ထွက်မလာရင် ငါတို့ ဆင်းတဲ့အခါ မီးတောင်က အဆိပ်ပါတဲ့ အငွေ့တွေကြောင့် ငါတို့အတွက် အန္တရာယ် ရှိနိုင်တယ် …”

အချိန်များက တဖြည်းဖြည်း ကုန်ဆုံးလာသကဲ့သို့ တခြားဂိုဏ်းမှ အစိမ်းရောင် မီးခိုးများသည် ပိုပြီး ထူထဲလာသည်။ အလောင်းကောင်ဂိုဏ်းမှ တပည့် ၃ ယောက်သည် စိတ်မရှည်နိုင်အောင် ဖြစ်လာရပြီး လူငယ်ကျိုးက အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ … ငါတို့ အောက်ဆင်းကြည့်ရအောင် …“

ပြောပြီးသည်နှင့် ခုန်ချရန် ပြင်လိုက်သည့် အချိန်တွင် မီးတောင်အတွင်းမှ အေးစက်သော အော်ရာတစ်ခု ထွက်ပေါ်လာသည်။

မကြာမီ အေးစက်စက် အမူအရာနှင့် လူငယ်တစ်ယောက် ပေါ်လာသည်။ အလောင်းကောင် ဂိုဏ်းမှ တပည့် ၃ ယောက်သည် မှင်တက်သွားကာ လူတစ်ယောက်၏ ခန္ဓာကိုယ် အရွယ်ခန့် ခရမ်းရောင် နွယ်ပင်တစ်ခုကို သယ်ပြီး ပျံသန်းနေသော လူငယ်လေးကို ကြည့်နေကြသည်။

နွယ်ပင်သည် လောင်ကျွမ်းရွှေ သစ်သီးများနှင့် ပြည့်နေ၏။

ခရမ်းရောင် နွယ်ပင်ကို ယူလာသူကား ဝမ်လင်းဖြစ်၏။ သူက အလောင်းကောင်ဂိုဏ်းမှ ၃ ယောက်ကို သတိပြုမိသော်လည်း တစ်ချက်ပင် မကြည့်ဘဲ ထွက်သွားလိုက်သည်။ သို့သော်လည်း သူ့ စိတ်ထဲတွင် အသီးအား မည်သို့ ခူးရမည်ကိုတွေးကာ ခေါင်းကိုက်နေသည်။ နွယ်ပင်မှ အသီးကို ခူးယူလိုက်တိုင်း အသီးက အပူကြောင့် ချက်ချင်း အမှုန့်ဖြစ်သွား၏။

ထို့ကြောင့် ဝမ်လင်းက အမြစ်တစ်ခုလုံးကိုပါ နှုတ်ယူလာခြင်း ဖြစ်သည်။ သိုလှောင်အိတ်ထဲသို့ အမြစ်တစ်ခုလုံး ထည့်မရသည့်အတွက် ဒီအတိုင်း သယ်လာခဲ့ရသည်။ သစ်သားဒြပ်စင်ကြောင့်သာ မဟုတ်လျှင် ဤမျှအထိ ဒုက္ခခံလိမ့်မည် မဟုတ်ချေ။

လူငယ်ကျိုးက ဝမ်လင်း၏ ပခုံးထက်မှ နွယ်ပင်ကို ကြည့်ပြီး သူ၏ မျက်နှာအမူအရာက အမျိုးမျိုး ပြောင်းလဲသွား၏။ ဤအကြိမ်သည် လောင်ကျွမ်းရွှေ သစ်သီးကို ၃ ကြိမ်မြောက် ခူးခြင်း ဖြစ်သည်။ လောင်ကျွမ်းရွှေ အပင်၏ အမြစ်သည် အသီးဆီမှ အာဟာရကို ယူပြီး ရှင်သန်သည့်အတွက် တစ်ခါခူးလျှင် အသီးကို ၁၀ လုံးသာ ခူးကြရ၏။

အသီးကို အများကြီး ခူးယူလိုက်လျှင် အမြစ်က သေဆုံးသွားပြီး နောက်ထပ်အသီးများ သီးနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း သူ့ရှေ့မှ လူငယ်ကတော့ အမြစ်တစ်ခုလုံးကို နှုတ်ယူလာ၏။ အမြစ်ကို အပြင်သို့ ဆွဲထုတ်ပြီး ၂ နာရီကြာလျှင် အမြစ်က သေဆုံးသွားမည်ကို ထိုလူငယ်လေး သိဟန် မတူပေ။ ထိုလူငယ်လေးသည် ခန္ဓာကိုယ်သန့်စင်ခြင်း အလယ်အဆင့်သာ ရောက်သေးသော်လည်း သူတို့ ၃ ယောက်ကို လျစ်လျူ ရှုထားသည့်အတွက် သူ အလွန်ဒေါသ ထွက်ရသည်။ ထို့ကြောင့် သူက အော်ပြောလိုက်သည်။

“ရပ်လိုက်စမ်း … မင်း ဘယ်ဂိုဏ်းကလာလဲ ငါ ဂရုမစိုက်ဘူး … လောင်ကျွမ်းရွှေ အပင်ရဲ့ အမြစ်တစ်ခုလုံးကို ဖျက်ဆီးလိုက်တဲ့အတွက် ပြန်လျှော်ပေးရမယ် …”

ပြောပြီးသည်နှင့် လူငယ်ကျိုးက သူ့နောက်မှ ခေါင်းတလားကို ပုတ်လိုက်ရာ ခေါင်းတလားက ရုတ်တရက် ထောင်မတ်သွားပြီး ခေါင်းတလားအဖုံးက အနည်းငယ် ပွင့်လာပြီး အမည်းရောင် လက်တစ်ဖက် ထွက်လာသည်။ ထိုလက်မှ အနက်ရောင် အငွေ့မျှင်မျှင်လေးများ ထွက်ပေါ်နေပြီး ပုပ်အက်နေသော အနံကလည်း ချက်ချင်း ပျံ့လာသည်။

တခြားနှစ်ယောက်လည်း သူတို့နောက်မှ ခေါင်းတလားများကို အောက်ချပြီး ဝမ်လင်းကို ဒေါသတကြီးဖြင့် ကြည့်နေကြသည်။

ဝမ်လင်းက နောက်ကို ပြန်လည့်ကြည့်ကာ လောင်ကျွမ်းရွှေ အမြစ်ကို ပွတ်ပြီး ပြောလိုက်သည်။

“ပြန်လျှော်ရမှာလား …”

“မင်းရဲ့ လက်နှစ်ဖက်နဲ့ ခြေထောက်နှစ်ဖက်ကို အခု ချက်ချင်းဖြတ် … ပြီးရင် မင်းရဲ့ မျက်လုံးနှစ်လုံးကို ဖောက်ထုတ်လိုက် … ပြီးရင်တော့ ငါတို့နောက်က လိုက်ပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်တာကို နာခံလိုက်ပေါ့ …”

ကျိုးကန်းက ဝမ်လင်းထံမှ အဖြေကို မစောင့်နိုင်သည့်အလား နောက်က ခေါင်းတလားဆီသို့ လက်ကို ညွှန်လိုက်သည်။ ထိုအခါ ခေါင်းတလားအဖုံးက ညာဘက်သို့ လွင့်ပျံ ထွက်သွားပြီး အနက်ရောင် အလောင်းကောင်တစ်ကောင် ထွက်လာသည်။ အလောင်းကောင်က ချက်ချင်း ဝမ်လင်းထံသို့ သူ၏ လက်ဖြင့် ကုတ်ဆွဲလိုက်သည်။

တစ်ချိန်တည်းမှာပင် တခြားတပည့် နှစ်ယောက်ကလည်း သူတို့၏ ခေါင်းတလားများကို ပုတ်ကာ အလောင်းကောင် ရုပ်သေးများကို ဝမ်လင်းဆီသို့ လွှတ်လိုက်၏။

ဝမ်လင်း၏ မျက်လုံးများက အေးစက်သွားပြီး သူ၏ အသိစိတ် ပင်လယ်ထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ပေါ်ထွက်လာကာ ဝမ်လင်း၏ မျက်လုံးမှ အနီရောင် လျှပ်စီးတန်းတစ်ခုက ပြေးထွက်သွား၏။

အလောင်းကောင်ဂိုဏ်းမှ တပည့် ၃ ယောက်၏ မျက်လုံးများသည် ချက်ချင်း မှိန်ကျသွားပြီး သူတို့၏ ဝိညာဉ်များ ဖျက်ဆီး ခံလိုက်ရကာ သေဆုံးသွား၏။

ထို့နောက် ဝမ်လင်းက ခေါင်းကိုမော့ပြီး သူ့ထံသို့ ဝင်လာသော အလောင်းကောင်ရုပ်သေး ၃ ကောင်ကို ကြည့်လိုက်သည်။ နှစ်ကောင်က ချက်ချင်း ဆွေးမြေ့သွားပြီး အဖြူရောင် အရိုးစုနှစ်ခု အဖြစ်သို့ ပြောင်းသွား၏။

ကျိုးကန်း၏ အလောင်းရုပ်သေး တစ်ကောင်သာ ပျက်စီးခြင်း မရှိခဲ့ချေ။ အလောင်းရုပ်သေးက ရုတ်တရက် ရုတ်တရက် ရပ်တန့်သွားပြီး ဝမ်လင်းကို ကြောက်လန့်သည့် အမူအရာဖြင့် ကြည့်နေလေသည်။ ထို့နောက် ချက်ချင်း နောက်သို့လှည့်ပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။

ဝမ်လင်းက စိတ်ထဲတွင် ကျိတ်လှောင်ပြောင်ကာ ပြောလိုက်သည်။

“ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာနဲ့ မင်းသေမယ် …”

ဝမ်လင်း၏ စကားသံ‌ ထွက်ပေါ်လာသည်နှင့် အလောင်းကောင် ရုပ်သေး၏ တစ်ကိုယ်လုံးကို အနက်ရောင် အငွေ့များ ဖုံးအုပ်သွားပြီး ထွက်ပြေးလိုက်၏။ သို့သော်လည်း နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး အလောင်းကောင်ရုပ်သေး၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတစ်ခု ပျံသန်း ထွက်လာသည်။ အဖြူရောင် အလင်းသည် လူတစ်ယောက် ပုံသဏ္ဌာန် ခပ်သေးသေး ဖြစ်သွားပြီး ဝမ်လင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။

“ရောင်းရင်း ကျင့်ကြံသူလေး … ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ … ငါက အဆင့် ၄ နိုင်ငံ ထျန်းကန်းဂိုဏ်းရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ရှုလီကောပါ … အခု သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ် … တစ်ခုခု လိုအပ်တာများ ရှိရင် ငါတို့ ဆွေးနွေးလို့ ရပါတယ် … ကျေးဇူးပြုပြီး အလျင်စလို မလုပ်လိုက်ပါနဲ့ …“

ရှုလီကောသည် သေရမှာ အလွန်ကြောက်၏။ အစောပိုင်းက ထွက်ပြေးရန် ကြိုးစားလိုက်စဉ် အလောင်းကောင် ရုပ်သေး၏ ခန္ဓာကိုယ်ထဲသို့ ဖျက်ဆီးခြင်း စွမ်းအားတစ်ခု ဝင်လာသည်။ ထိုစွမ်းအားကို သူ့ကို အန္တရာယ် ဖြစ်စေနိုင်သည်ဟု ခံစားရသဖြင့် အလောင်းရုပ်သေးထဲမှ လျင်မြန်စွာ ထွက်ပြေးလာခြင်း ဖြစ်သည်။

သူသည် ယခင်က စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အတွက် တိုက်ပွဲတစ်ခုတွင် စဦးစိတ်ဝိညာဉ်ဖြင့် လွတ်အောင် ထွက်ပြေးနိုင်ခဲ့သည်။ သို့သော်လည်း သူ၏ ဒဏ်ရာများက ပြင်းလွန်းလှသဖြင့် သူ၏ စဦးစိတ်ဝိညာဉ်က ပြိုကွဲလုနီးပါး ဖြစ်ခဲ့ရသည်။ သူနှင့် အင်မတန် ရင်းနှီးသော မိတ်ဆွေတစ်ယောက်က တန်ကြေး ကြီးကြီးမားမားပေးပြီး အဆင့် ၄ နိုင်ငံရှိ အလောင်းကောင်ဂိုဏ်းမှ ခန္ဓာကိုယ်တစ်ခုကို သူ့အား ဝယ်ပေးခဲ့သည်။

အလောင်းကောင်ဂိုဏ်းမှ ထောက်ပံ့ပေးသော ခန္ဓာကိုယ်များသည် ပင်ကိုယ်စွမ်းရည် ကောင်းမွန်ပြီး ရုပ်ရည်ကလည်း ခန္ဓာကိုယ်ဝယ်သူ၏ ရုပ်ရည်နှင့်တူအောင် ပြောင်းပေးနိုင်သည်။ သူတို့ကို ငွေကြေး အပိုပေးလျှင် ခန္ဓာကိုယ်အတွက်ပါ အပြည့်အဝ ကာကွယ်မှုပေး၏။ အလောင်းကောင်ဂိုဏ်းမှ နည်းစနစ်သည် အလွန်ကောင်းမွန်သည့်အတွက် ခန္ဓာကိုယ်ကို လွှဲပြောင်း ယူရာတွင်လည်း ပြဿနာ တစ်စုံတစ်ရာမှ ဖြစ်မလာဖူးပေ။

ထို့အပြင် အလောင်းကောင်ဂိုဏ်းသည် ခန္ဓာကိုယ်ရယူမှုနှင့် ပတ်သက်သော စွမ်းရည်များသည် အလွန် မြင့်မားလှသည်။

တစ်စုံတစ်ယောက်ကသာ လုံလောက်သော ဈေးနှုန်းကို ပေးချေနိုင်လျှင် စဦး စိတ်ဝိညာဉ်အဆင့် ခန္ဓာကိုယ်ကိုပင် ဝယ်ယူနိုင်သည်။ စဦး စိတ်ဝိညာဉ်အဆင့် တစ်ယောက်အတွက် အကောင်းဆုံး ခန္ဓာကိုယ်သည် စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သာ ဖြစ်သည်။

စဦး စိတ်ဝိညာဉ်အဆင့် ခန္ဓာကိုယ်သည် ဈေးကြီးလွန်းလှသဖြင့် မတတ်နိုင်လျှင်လည်း အမြုတေအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ် သို့မဟုတ် ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဝယ်ယူနိုင်၏။ ထို့သို့ ဈေးနှုန်း မတတ်နိုင်၍ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဝယ်ယူခဲ့ပါက ယခင်က စဦး စိတ်ဝိညာဉ်အဆင့် တစ်ယောက် ဖြစ်နေလျှင်တောင်မှ ယခင် စဦး စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရန် အချိန်များစွာ ယူရမည် ဖြစ်သည်။

ရှုလီကောသည် ထိုသို့ဈေးနှုန်း မတတ်နိုင်သော စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။

အလောင်းကောင်ဂိုဏ်းအတွက် စဦး စိတ်ဝိညာဉ်အဆင့် ခန္ဓာကိုယ်များသည် အဓိက ထောက်တိုင်များ မဟုတ်သည့်အတွက် ရောင်းနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကတော့ ရရှိရန် အလွန် ခက်ခဲလှသည်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ အများစု၏ နောက်တွင် အဆင့် ၅ နိုင်ငံမှ ဂိုဏ်းကြီးများ ရှိကြသည့်အတွက် အလွယ်တကူ ထိလို့မရပေ။

သို့သော်လည်း တန်ဖိုးကိုသာ ထိုက်ထိုက်တန်တန် ပေးပါက အလောင်းကောင်ဂိုဏ်းသည် ထိုကိစ္စကို ရအောင် လုပ်ပေး၏။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်၏ ခန္ဓာကိုယ်ကို ရရန် ခက်ခဲသော်လည်း မရနိုင်သည့် အရာတစ်ခု မဟုတ်ပေ။

ထိုအရာသည် အလောင်းကောင်ဂိုဏ်း၏ ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ဖြစ်ပြီး မည်သူကမှ အမှန်တရားကို မသိကြချေ။ အလောင်းကောင်ဂိုဏ်းသည် အဆင့် ၆ နိုင်ငံမှ ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်မျိုးကိုပင် ရှာနိုင်ကြသည်ဆိုသည့် ကောလာဟလများတောင် ရှိသည်။

ထို့ကြောင့် အလောင်းဂိုဏ်းသည် အလျှို့ဝှက်ဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်နေပြီး ဂိုဏ်းခွဲတစ်ခွဲတွင် ခေါင်းဆောင်တစ်ယောက်သာ ပင်မဂိုဏ်းသည် အဆင့် ၅ နိုင်ငံတွင် ရှိကြောင်း သိ၏။

အဆင့် ၅ နိုင်ငံမှ ခေါင်းဆောင်များကရော ခေါင်းဆောင်အစစ်လား။ ထိုမေးခွန်းကို မည်သူကမှ အခုထိ မသိကြသေးချေ။ သို့သော်လည်း သေချာတာ တစ်ခုကတော့ မည်သူကမှ အဆင့် ၄ နိုင်ငံမှ အလောင်းကောင်ဂိုဏ်းကို မရှုပ်ရဲကြချေ။ အဆင့် ၃ နှင့် အောက်အဆင့် နိုင်ငံများမှ အလောင်းကောင် ဂိုဏ်းများကိုတော့ တစ်ဂိုဏ်းလုံး ဖျက်ဆီးခြင်း မခံရသေးသ၍ အလောင်းကောင် ဂိုဏ်းကြီးက ဂရုမစိုက်ပေ။ ထိုနိုင်ငံမှ အလောင်းကောင် ဂိုဏ်းများသည် အဆင့်နိမ့် ခန္ဓာကိုယ်များသာ ရှိသည့် နေရာများသာ ဖြစ်သည့်အတွက် အလောင်းကောင် ဂိုဏ်းကြီးမှ အလေးမထားခြင်းလည်း ဖြစ်သည်။

All Chapters