အခန်း ၁၉၆
Vol. 14 Ch. 196
အပိုင်း ( 196 )
ဩချဖွယ်ကောင်းသော ဖြောင့်မတ်မှု
လူငယ်တစ်ဦးသည် စူးစူးရဲရဲ စိုက်ကြည့်၍ ချဥ်းကပ်လာခဲ့ပြီး ကြမ်းတမ်းသော သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
သူသည် လုချန်ရှန်းကို စိုက်ကြည့်နေရင်းဖြင့် အတွေးနက်သွားပုံရသည်။
“ မမလေး ဒီလိုတောနက်ကြီးထဲမှာ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်ခဲ့ရလို့လားဗျ။ ကျွန်တော်ကူညီပေးရမလား “
လူငယ်သည် တပြုံးပြုံးဖြင့် စကားစပြောလာခဲ့၏။
လုချန်ရှန်းသည် သူ့ကို မော့ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်သည် “ မင်းရဲ့ ခွေးမျက်လုံးတွေ ကန်းနေတာလား “
“ သောက်ကျိုးနည်း အထီးကြီးဟ “ အဆိုပါ လူငယ်ထံမှ အာမေဋိတ်သံတစ်ခု ပေါ်ထွက်လာခဲ့၏ မျက်နှာလွှဲကာ ရေရွတ်ပြောဆိုနေတော့၏ “ ကောင်မလေးလည်း မဟုတ်ဘူး မိန်းမလျာကြီးပဲ “
“ ငရဲကိုသွားလိုက် “
လုချန်ရှန်း၏ အမူအရာ မည်းမှောင်သွားပြီး သူ၏လက်ကို မြှောက်လိုက်ရာ မှော်စွမ်းအားများ ပေါက်ထွက်လာခဲ့၏။
လူငယ်သည် မျက်မှောင်ကြုတ်ကာ တုံ့ပြန်လာခဲ့သည် “ အို့ ငါက ကြင်ကြင်နာနာနဲ့ ကူညီပေးမလို့ ကြိုးစားနေတာကို တော်တော်လေး ရန်လိုနေတယ်ပေါ့လေ။ တကယ်လို့ ငါကသာ မင်းရဲ့ ဒဏ်ရာတွေကို မကြည့်ခဲ့ဘူးဆိုရင် တကယ်လို့ ငါကသာ သူများတွေကို အခွင့်ကောင်း မယူတတ်ဘူးဆိုရင် မင်းက ……… “
ဝှစ်
သူ့စကားမဆုံးခင် အချိန်မှာပင် မှော်စွမ်းအားများ ရုတ်တရက် ပေါက်ထွက်လာခဲ့ကာ အရှေ့သို့ ဖိနှိပ်နေတော့၏။
၎င်းကို မြင်လိုက်ရသောအခါတွင် ထိုလူငယ်ကပါ ခုခံရန် လှုပ်ရှားနေတော့သည် သို့သော် တိုက်စစ်နှင့် ခံစစ်တို့ တွေ့ဆုံသွားသည့် အချိန်တွင် သူ၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏ စွမ်းအားများ ချက်ချင်းချေမှုန်းခံလိုက်ရပြီး ဘုတ်ဟူသောအသံနှင့်အတူ ဒူးထောက်ကျသွားခဲ့သည်။
မှော်စွမ်းအား ဖိနှိပ်မှုအောက်တွင် သူ၏ ကျင့်ကြံရေး ပေါ်ထွက်လာခဲ့ပြီး အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆သို့ ရောက်ရှိသွားခဲ့သည် သို့သော် သူသည် မည်သို့မျှ မလှုပ်ရှားနိုင်ခဲ့ပေ။
“ ကယ်ပါဦး လူသတ်နေတယ်ဗျို့ “
လူငယ်က အော်ဟစ်နေတော့၏။
ပုံရိပ်များသည် အနောက်ဘက်မှ ပြေးထွက်လာကာ ထိုမြင်ကွင်းကို ကြည့်၍ မျက်မှောင်ကြုတ်သွားကြသည်။
လုချန်ရှန်းမှာလည်း မော့ကြည့်ကာ အံ့အားသင့်သွားခဲ့သည်။ ထပ်ရောက်လာခဲ့သည့် လူများအနက် ရောင်စုံဝတ်စုံကို ဝတ်ဆင်ထားကာ ချောမောသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦး ရှိနေခဲ့သည်။
ထိုလူမှာ ကျင်းယုပင် ဖြစ်သည်။
ကျင်းယုမှာလည်း ထိုမြင်ကွင်းကို ငေးကြည့်နေလျက်ရှိပြီး ထို့နောက်တွင် တစ်စုံတစ်ခုကို တွေးမိသွားသည့်အလား လုချန်ရှန်းကို ငေးကြည့်နေတော့၏။
တစ်ခြားလူများက စကားပြောလာတော့မည့် အချိန်တွင် သူသည် ထိုလူများကို တားဆီးလိုက်သည် “ နေဦး “
“ ဘာအတွက် စောင့်ရမှာလဲ “
ကျင်းယုသည် သူတို့ကို လျစ်လျူရှုထားပြီး လုချန်ရှန်းကို ကြည့်ကာ မေးမြန်းလိုက်၏ “ ခင်ဗျားက ကျွန်တော်ရဲ့ အစ်ကိုကြီး ချင်းလား “
“ မင်းရဲ့ အစ်ကိုကြီးလား။ ချင်းယီလား “ သူ့ဘေးနားတွင် ရှိနေသည့် လူများသည် အံ့ဩတကြီး ဖြစ်သွားကြသည်။
လုချန်ရှန်းကမူ စကားမပြောဘဲ ခေါင်းငြိမ့်ရုံသာငြိမ့်ပြလိုက်သည်။
“ အစ်ကိုကြီး တကယ်ကို မင်းဖြစ်နေတာပဲ “
ကျင်းယု အပျော်လွန်သွားတော့၏။
တစ်ခြားလူတစ်ဦးက မေးမြန်းလာခဲ့သည် “ အဲ့တာက သူဆိုတာကို မင်းက ဘယ်လိုလုပ် သေချာနေရတာလဲ “
“ ငါ့အစ်ကိုကြီးက တောင်ပိုင်းဒေသတစ်ခုလုံးမှာ အချောဆုံး ယောကျာ်လေးဆိုပြီးတော့ ကျော်ကြားတယ်လေ။ သူက ချောတယ်လို့ မင်းတို့မထင်ကြဘူးလား “
လူတိုင်း ငေးကြည့်နေကြတော့သည်။ သူက အနည်းငယ် ပုံပျက်ပန်းပျက်ဖြစ်နေခဲ့သော်လည်း အမှန်တကယ် ကြည့်ကောင်းနေလျက်ရှိ၏ အမျိုးသမီးတော်တော်များများကပင် သူမတို့က သူ့ထပ် နိမ့်ကျသည်ဟု ခံစားသွားခဲ့ရ၏။
ထို့အပြင် ထိုလူမှာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ပညာရှင်ကို အလွယ်တကူ ဖိနိုင်နေနိုင်ခဲ့သည် ၎င်းက ချင်းယီ၏ တိုက်ခိုက်စွမ်းအားနှင့် တူညီနေလျက်ရှိသည်။
လုချန်ရှန်းက မေးမြန်းလိုက်၏ “ မင်းက ဒီကိုဘာလာလုပ်တာလဲ ”
ကျင်းယုက တုံ့ပြန်လာခဲ့၏ “ မင်းကို လာရှာတာလေ အစ်ကိုကြီးရ “
“ ငါ့ကို လာရှာတာလား “
ကျင်းယုသည် ခေါင်းငြိမ့်ပြကာ စကားထပ်ပြောနေတော့သည် “ အစ်ကိုကြီး ကျုပ်တို့အားလုံးက တစ်လှေတည်း စီးနေကြတာလေဗျာ သူ့ကို အရင်လွှတ်ပေးလို့ရမလားဗျ “
ဖိနှိပ်ခံထားရသည့် လူငယ်မှာလည်း စကားဝင်ပြောကာ မျက်နှာချိုသွေးလာခဲ့၏ “ ဟုတ်တယ် ဟုတ်တယ် အစ်ကိုချင်း ငါက မင်းရဲ့ စံပြပုဂ္ဂိုလ်လေ ဖွဖွ မင်းက ငါ့ရဲ့ စံပြပုဂ္ဂိုလ်လေ။ ငါက မင်းအတွက် ဒီကိုရောက်လာခဲ့တာပါ “
ဟမ်
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ဘာမှထပ်မပြောလိုက်ဘဲ သူ၏လက်ကို မြှောက်ကာ ထိုလူငယ်ကို လွှတ်ပေးလိုက်၏။
ကျင်းယုမှာလည်း ရှေ့တက်လာခဲ့ပြီး သူ၏ ဒဏ်ရာများကို ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ အစ်ကိုကြီး မင်းဘာဖြစ်ခဲ့တာလဲ။ မင်းရဲ့ အခြေအနေက တော်တော်ကြီးကို ဆိုးနေသလိုပဲ “
“ မတော်တဆ ပြုတ်ကျခဲ့တာပါကွာ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်ကာ မေးခွန်းပြန်ထုတ်လိုက်၏ “ မင်းတို့က ငါ့ကို ဘာလို့ရှာနေကြတာလဲ “
ကျင်းယု ဆွံ့အသွားခဲ့သည် သူက လိမ်နေသည်ဆိုသည်ကို သူသိနေခဲ့သော်လည်း ထိုကဲ့သို့သော အသေးအဖွဲ့ ကိစ္စလေးများကို အာရုံစိုက်မနေတော့ဘဲ စကားဆက်ပြောလာခဲ့သည်။
“ အဲ့တာက ဇာတ်လမ်းရှည်ကြီးတစ်ခုပါ။ ဖြည်းဖြည်းချင်း ပြောပြပါ့မယ်။ နဂါးနစ်မြုပ်ခြင်း နယ်မြေကိစ္စပြီးခဲ့တဲ့ အချိန်ကတည်းက အဲ့လူတွေက မင်းနဲ့ပတ်သက်ပြီးတော့ အထင်အမြင်အမျိုးမျိုးရှိနေကြတယ်လေ သူတို့က ပိုပိုမောက်မာလာပြီးတော့ မင်းနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ ကောလဟာလတွေကို နေရာအနှံ့လိုက်ဖြန့်နေကြတယ် “
“ အို့ “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားတော့၏။
ကျင်းယုက စကားထပ်ပြောလာခဲ့သည် “ ကျွန်တော်တကယ် ဒေါသထွက်နေတာ။ အဲ့တာကြောင့် အဲ့ကိစ္စကို ပြောပြဖို့အတွက် နတ်ကောင်းကင်ဂိုဏ်းကို လာခဲ့တာ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး “
“ အို့။ ပြီးတော့ရော “
“ အဲ့လူတွေက တော်တော်ကြီးကို ယုတ်မာတယ်။ သူတို့က ကျွန်တော်တို့ တောင်ပိုင်းဒေသထဲကို ပေါ်ပေါ်တင်တင် ဝင်လာခဲ့ပြီးတော့ ဝမ်ထျန်တောင်တန်းမှာ မောက်မောက်မာမာ လုပ်နေခဲ့ကြတယ်။ သူတို့က မင်းရဲ့ မကောင်းသတင်းတွေကို ပြောနေရုံတင်မဟုတ်ဘူး ငါတို့တောင်ပိုင်းဒေသနဲ့ သက်ဆိုင်တဲ့ အခွင့်အလမ်းတွေကိုပါ လုယက်နေကြတယ်။ အစ်ကိုသိပါတယ် ကျွန်တော်တို့က ……. “
ထိုအချိန်တွင် လုချန်ရှန်းက အကြမ်းဖျင်းနားလည်သွားခဲ့သည်။ သူတို့က အခွင့်အလမ်းအတွက် ပြိုင်ဆိုင်လိုနေခြင်း ဖြစ်ပြီး မသွားရဲကြသည့်အတွက် သူ့ကို လာခေါ်နေခြင်း ဖြစ်သည်။
သို့ရာတွင် သူဘာမှပြန်ပြောမလိုက်ပေ။
ကျင်းယုက စကားဆက်ပြောလာခဲ့၏ “ ဝမ်ထျန်တောင်တန်းနဲ့ ကံကောင်းခြင်း မိုးကြိုးရေကန်တွေက အစကတည်းက တောင်ပိုင်းဒေသနဲ့ပဲ ဆိုင်တာလေ ဒါပင်မဲ့ သူတို့က တော်တော်ကြီးကို မောက်မာနေကြတယ် “
“ ဘာကံကောင်းခြင်း မိုးကြိုးရေကန်လဲ “ လုချန်ရှန်းက ပြန်ပြောလိုက်သည်။
ထွားကျိုင်းသည့် လူငယ်က စကားဝင်ပြောလာခဲ့၏ “ ဒဏ္ဍာရီတွေအရတော့ တစ်ချိန်တုန်းက အဲ့နေရာက မိုးကြိုးမွေးဖွားလာခဲ့တဲ့ နေရာလို့ ပြောကြတယ်။ အချိန်ကြာလာတာနဲ့အမျှ မိုးကြိုးတွေက ဆင့်ကဲပြောင်းလဲလာပြီးတော့ အခွင့်အလမ်းတွေ ပေါ်လာခဲ့တယ်။ မိုးကြိုးရေကန်က အဲ့တာတွေထဲက တစ်ခုပါ အဲ့တာက မိုးကြိုးတာအို နိယာမကို ပိုင်ဆိုင်ထားပြီးတော့ ရုပ်ခန္ဓာနဲ့ ရှေးဦးဝိညာဥ်/နတ်ဝိညာဥ်ကို ပုံသွင်းသန့်စင်ပေးနိုင်ပါတယ်။ အဲ့တာက ဧရာမ အခွင့်အလမ်းကြီးတစ်ခုပါ “
“ မိုးကြိုးတာအို နိယာမလား “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေရင်းဖြင့် အကြည့်များ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ယခုလက်ရှိအချိန်တွင် ဝိညာဥ်ကျောက်တုံးနှင့် ဓားတာအိုမှတစ်ပါး သူ့ကိုဆွဲဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ မိုးကြိုးတာအိုပင် ဖြစ်သည်။
ထို့နောက်တွင် ထိုလူများက တစ်လှည့်စီ ပြစ်တင်ရှုံ့ချနေကြတော့၏။
လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကာ အပြာရောင်ကျောက်တုံးကို ရိုက်ချလိုက်၏။
ကျောက်တုံးသည် ဘမ်းဟူသော အသံနှင့်အတူ ချက်ချင်းပေါက်ထွက်သွားကာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။
“ လွန်လွန်းအားကြီးတယ်။ ငါတို့တောင်ပိုင်း ဒေသရဲ့ အခွင့်အလမ်းတွေကို ငါတို့က တစ်ခြားလူတွေလက်ထဲကို ဘယ်လိုလုပ် ထည့်ပေးလိုက်ရမှာလဲ။ ငါထပ်ပြီးတော့ သည်းမခံနိုင်တော့ဘူး။ သူတို့က ငါတို့တောင်ပိုင်းသားတွေကို မျက်လုံးထဲ မထည့်တာ မဟုတ်ဘူးလား “
လုချန်ရှန်း၏ ရုတ်တရက် အော်ငေါက်မှုက လူတိုင်းကို မှင်သက်သွားစေခဲ့၏။ အဆိုပါ တုံ့ပြန်မှုက အနည်းငယ် အကဲပိုလွန်းလှသည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ကျင်းယုက စိတ်မသက်မသာဖြင့် စကားထပ်ပြောလာခဲ့၏ “ အစ်ကိုကြီး ကျုပ်တို့က တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေနဲ့ လာရှာခဲ့မိတာပါ။ အဲ့လူတွေက ဝင်ပေါက်ကို ပိတ်ထားပြီးတော့ သာမန်လူတွေကို ဝင်ခွင့်မပေးဘူး အဲ့တာကြောင့် ကျုပ်တို့က ……. “
သူသည် အမှန်တရားကို ပြောလိုက်သည်။
လုချန်ရှန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း ဒေါသတကြီး ပြန်ပြောလိုက်သည် “ အဲ့တာက အစကတည်းက ငါတို့တောင်ပိုင်းဒေသရဲ့ အခွင့်အလမ်းကွ။ သူတို့က အဲ့နေရာကို ကျူးကျော်လာခဲ့ပြီးတော့ ငါတို့တောင်ပိုင်းသားတွေကို ဝင်ခွင့်မပြုဘူးပေါ့လေ။ ပိုပိုပြီးတော့ လွန်လာတာပဲ။ ငါတကယ် သည်းမခံနိုင်တော့ဘူး “
ယခုလက်ရှိ အချိန်တွင် ချင်းယီက ကူချန်ကျွင်း၏ တပည့် လုချန်ရှန်းဆိုသည်ကို မသိသည့်လူ မရှိတော့ပေ။ နဂါးနစ်မြုပ်ခြင်း နယ်မြေတိုက်ပွဲ ပြီးဆုံးသွားခဲ့သည့်နောက်တွင် သူက လူအမြောက်အများကို ခြိမ်းခြောက်ခဲ့လေသည်။
“ အစ်ကိုကြီး မင်းဆိုလိုတာက …… “
“ သွားကြစို့ အခုချက်ချင်းသွားမယ် “
လုချန်ရှန်းက တုံ့ပြန်လိုက်သည်။ သူသည် ထိုကဲ့သို့သော ကိစ္စမျိုးကို ထိုင်စောင့်မနေနိုင်တော့ပေ။
၎င်းက မိုးကြိုးတာအို နိယာမဖြစ်။ မိုးကြိုးတာအို နိယာမကို ကျင့်ကြံခြင်းက သူ့အတွက် မည်မျှအရေးပါလိုက်သနည်း။
အကယ်၍ ဓားတာအိုက အင်မော်တယ် နယ်ပယ်သို့ အဆင့်မတက်နိုင်ဘူးဆိုပါက သူ၏တိုက်ခိုက်ရေး စွမ်းအားက တိုးတက်လာလိမ့်မည် မဟုတ်ပေ ထို့နောက်တွင် သူသည် မိုးကြိုးနိယာမကဲ့သို့ တစ်ခြားသော နိယာမများကို စဥ်းစားနိုင်ပေသည်။ ကျွမ်းကျင်ပိုင်နက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် မြန်မြန်ဆန်ဆန် ပြေးလွှားနိုင်ရုံတင်မဟုတ်ဘဲ တိုက်ခိုက်ရေးကိုပါ ကြမ်းကြမ်းတမ်းတမ်း ပြုလုပ်နိုင်တော့ပေမည်။
သူချက်ချင်း ထွက်ခွာသွားတော့သည်။
ထို့နောက်တွင် သူသည် သန်မာထွားကျိုင်းသော လူငယ်ကို ငေးကြည့်နေတော့သည်။ ထိုလူငယ်က သူ၏ဖိနှိပ်ခြင်းကို ချက်ချင်းခံလိုက်ရသော်လည်း သူက မည်သို့မျှ ရိုးရှင်းမနေခဲ့ပေ။
နှစ်ဆယ့်နှစ်(သို့) နှစ်ဆယ့်သုံး ဟူသည့် အရွယ်မှာပင် အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆အထိ ကျင့်ကြံနိုင်ခဲ့သည်။ ၎င်းက သာမန်လူတစ်ဦး လုပ်ဆောင်နိုင်သော အရာမဟုတ်ပေ။
“ ကျင်းယု ဒီတစ်ယောက်က ဘယ်သူလဲ “
“ သူ့နာမည်က ရင်နန်ဟိုင်ပါ သူက ထျန်းယွမ်မြို့သခင်ရဲ့ သားလေ “ ဟု ကျင်းယုက ပြန်ပြောလာခဲ့၏။
လုချန်ရှန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ့ဆရာ ကူချန်ကျွင်းကပင် ထျန်းယွမ်မြို့သခင်က အတော်လေး သန်မာသည်ဟု ပြောခဲ့ဖူး၏။ ထိုလူက မည်သို့မျှ ရိုးရှင်းနေလိမ့်မည် မဟုတ်ပေ။ နှစ်ခြင်းခံယူခဲ့သည့် အချိန်တွင် ထိုအကြောင်းကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားခဲ့ရပြီး သူကိုယ်တိုင်ကပင် သူတို့ကို တိုက်ခိုက်လုနီးပါး ဖြစ်သွားခဲ့သေးသည်။
ရင်နန်ဟိုင်က စကားဝင်ပြောလာခဲ့၏ “ အစ်ကိုချင်း ကျွန်တော့်ကို ရှောင်ရင်လို့သာ ခေါ်လိုက်ပါဗျာ “
“ မင်းအဖေက သာမန်လူမဟုတ်ဘူးလေ မင်းတို့ကတောင် ဝင်လို့မရဘူးလား “ လုချန်ရှန်းသည် ဇဝေဇဝါ ဖြစ်သွားတော့သည်။
ရင်နန်ဟိုင်က ပြန်ပြောလာခဲ့၏ “ ဟူး ကျွန်တော့်အဖေ အဲ့ဒီငကြောက်ကြီးက တောင်ပိုင်းဒေသက ဖရိုဖရဲဖြစ်တော့မယ်လို့ ပြောခဲ့ပြီးတော့ ကျွန်တော့်ကို အပြင်ထွက်ခွင့်မပေးခဲ့ဘူး။ ကျွန်တော်က ခိုးထွက်လာခဲ့ပြီးတော့ လမ်းမှာ ညီအစ်ကိုကျင်းယုနဲ့ ဆုံခဲ့တာ။ ကျွန်တော်တို့က ချက်ချင်း ရင်းနှီးသွားကြတယ်လေ ပြီးတော့ ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ်ကို လာရှာကြတာပေါ့ ”
ရန်နန်ဟိုင်သည် စကားပြောနေရင်းဖြင့် လုချန်ရှန်း၏ လုပ်ရပ်များကို အမှတ်ရသွားကာ သူ၏မျက်လုံးများ အတွင်းတွင် ရိုသေလေးစားမှုတို့ ကိန်းဝပ်လာခဲ့၏။
လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်သည် ကူချန်ကျွင်းကလည်း သူ့ကို အပြင်မထွက်ရန် ပြောခဲ့ဖူးသည်။
ထိုလူများက တောင်ပိုင်းဒေသအတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကာ အခွင့်အလမ်းများကို ပေါ်ပေါ်တင်တင် လုယက်သွားသည်မှာ ဒေါသထွက်ဖွယ်ကောင်းလွန်းလှသည်။
ရက်အနည်းငယ်ခန့် လှည့်လည်သွားလာနေခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်း၏ ဒဏ်ရာများ သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး သူတို့အားလုံးကလည်း ဝမ်ထျန်တောင်တန်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် ကောင်းကင်ဘုံနှင့် ချိတ်ဆက်နေသည့်အလား ဖြစ်နေကာ တိမ်တိုက်များအထိပင် ထောင်တက်နေသည့် တောင်တန်းဒေသတစ်ခု ရှိနေခဲ့၏။ ကောင်းကင်ယံအထက်တွင် မိုးကြိုးတိမ်တိုက်များ ပြည့်နှက်နေကာ အဆုံးမဲ့ ဖိအားတို့ကို ထုတ်လွှတ်နေလျက်ရှိ၏။
သို့ရာတွင် အင်အားစု တော်တော်များများ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ထျန်းကျီစံအိမ် မိုးကြိုးငှက်မျိုးနွယ်စု ထျန်းရီ မြင့်မြတ်နယ်မြေ မဟာတောရိုင်း ခန်းမ စသဖြင့် …….. အင်အားစု အမျိုးမျိုးကို မြင်တွေ့လိုက်ရ၏။
သူရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ထိုလူများက သူ့ကို လှည့်ကြည့်လာကြသည်။
--
…………………………………………………………………………………………………………………………………….