အခန်း ၂၀၁
Vol. 14 Ch. 201
အပိုင်း ( 201 )
ပျော်စရာလေးတွေကို စောင့်ကြည့်နေတာလေ
လူအုပ်ကြီး စုဝေးနေလျက်ရှိကာ လေထုက အလွန်တရာ လေးနက်ခဲ့၏။
လုချန်ရှန်းသည် အနီးအနားတွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေကာ နေရာတစ်ခုကို ရှာဖွေပြီး ထိုလူများကို မနှောင့်ယှက်ဘဲ ထိုင်ချလိုက်ကာ ထိုလူစုကို တိတ်တဆိတ် စောင့်ကြည့်နေတော့လေသည်။
သူက ဘာမှမပြော ဘာမှမလုပ်ခဲ့သော်လည်း သူသည် အားလုံး၏ အကြည့်များကို ချက်ချင်း ဆွဲဆောင်မိသွားခဲ့သည်။
“ ချင်းယီ “
ချီယန်သည် သူ့ကို ကြည့်လာခဲ့ကာ အမူအရာပြောင်းလဲသွား၏။
“ ဟမ် “
လုချန်ရှန်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ယခုတွင် နှစ်ဖက်စလုံးကြားရှိ ဆက်ဆံရေးက အလွန်တရာ နက်နဲလွန်းနေခဲ့ပြီး သူတို့က သူ့ကို သတ်ချင်နေကြသော်လည်း ရွေးချယ်စရာမရှိဘဲ အဆိုပါ စိတ်ဆန္ဒကို မျိုသိပ်ချုပ်တည်းနေခဲ့ရ၏ မြင့်မြတ်နယ်မြေကပင် ချွင်းချက်မရှိပေ။
သူတို့သည် ကူချန်ကျွင်းကို ကြောက်သောကြောင့် အလောတကြီး မလှုပ်ရှားဝံ့ကြပေ။
ကူချန်ကျွင်းက သက်တူရွယ်တူများကြားရှိ ကိစ္စများကို ဝင်ရောက်စွက်ဖက်မည်မဟုတ်သော်လည်း လုချန်ရှန်းကသာ အရင်ဦးဆုံး မလှုပ်ရှားလာခဲ့ဘူးဆိုပါက မည်သူကမှ လက်ဦးမှုယူ၍ မလှုပ်ရှားဝံ့ကြပေ။
ထို့ကြောင့် သူက မည်သည့်အရာကိုပင် ပြုလုပ်ခဲ့ပါစေ သူတို့ကို မတိုက်ခိုက်လာသေးသရွေ့ သည်းခံထားကြရပေမည် ၎င်းက အမှန်ပင် မွန်းကြပ်ဖွယ်ကောင်းလှ၏။
လျှပ်စီးကျီသည် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသော အကြည့်များဖြင့် သူ့ကို ငေးကြည့်နေလျက်ရှိ၏။
ချီယန်က စကားထပ်ပြောလာခဲ့သည် “ မင်းက ဘာလို့ ဒီကိုရောက်နေရတာလဲ “
“ ဝမ်ထျန်တောင်တန်းက မင်းတို့မိသားစုရဲ့ ပိုင်ဆိုင်မှုလား။ ငါလာလို့မရဘူးလား “
“ ဒါဆိုရင် မင်းက ဒီမှာ ဘာလုပ်နေတာလဲ “
“ ပြဇာတ်ကြည့်နေတာလေ “
လုချန်ရှန်း၏ စကားသည် လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။
ချီယန်၏ အမူအရာပြောင်းလဲသွားသည် ပြဇာတ်ကြည့်နေတာဟူသည့် စကားတစ်ခွန်းက သူ့ကို လုံးဝဒေါသထွက်သွားစေခဲ့၏။
ယခုလက်ရှိ အခြေအနေကို အကဲခတ်ကြည့်ရခြင်းအားဖြင့် သူက အေးဆေးတည်ငြိမ်နေပုံရသော်လည်း သူ၏ စကားလုံးတိုင်းက မောက်မာမှုတို့နှင့် ပြည့်နှက်နေကာ ရန်စပေးနေသည့်အလား ဖြစ်နေခဲ့၏။
သူသည် ထိုမျှဒေါသထွက်ဖွယ်ကောင်းသည့် လူတစ်ဦးကို တစ်ကြိမ်တစ်ခါ မတွေ့ခဲ့ဖူးချေ။
အထူးသဖြင့် သူတို့ဘဝ၏ အမှောင်မိုက်ဆုံးသော အခိုက်အတန့်ကို ကြုံတွေ့ခံစားခဲ့ရပြီးသည့်နောက်တွင် ဖြစ်ပြီး သူတို့၏ စိတ်အခြေအနေများက ပိုမိုဆိုးရွားသွားတော့သည်။
မိုချင်တစ်ဦးတည်းကသာလျှင် သူ့ကိုဖျတ်ခနဲ ငေးကြည့်နေလျက်ရှိ၏။
သို့ရာတွင် လုချန်ရှန်းပေါ်ထွက်လာမှုနှင့်အတူ တစ်ခြားလူတစ်ဦးကပါ မလှမ်းမကမ်းမှ ချဥ်းကပ်လာခဲ့သည် ၎င်းက ရင်နန်ဟိုင်ပင် ဖြစ်သည်။
“ အစ်ကိုချင်း မင်းကပါ ဒီကိုရောက်နေတာပဲ “
အကြိမ်ကြိမ်အခါခါ တွေးတောစဥ်းစားပြီးသည့်နောက်တွင် ရင်နန်ဟိုင်သည် အဆိုပါ အသုံးအနှုန်းကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်၏။
လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ မင်းကရော ပြဇာတ်တစ်ပုဒ် လာကြည့်တာပေါ့ “
“ အမ် …….. “
ရင်နန်ဟိုင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အသံတစ်သံပင် မထွက်ရဲတော့ချေ မည်သို့ပင်ဆိုစေကာမူ သူက လုချန်ရှန်း မဟုတ်ပေ သူ့ထံတွင် တပည့်ကို အလွန်တရာ ကာကွယ်ပေးတတ်သည့် အစွမ်းထက် ဆရာတစ်ဦး မရှိပေ။
လူအုပ်ကြီးကမူ သူ့ကို လျစ်လျူရှုထားကာ သူတို့၏ ဆွေးနွေးပြောဆိုမှုများကိုသာ ဆက်လက်ပြုလုပ်နေကြသည်။
သို့ရာတွင် လုချန်ရှန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏ “ မင်းတို့က ဘာကို တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာလဲ။ ငါနားမလည်ဘူး “
“ အစ်ကိုမသိဘူးလား။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်တုန်းက လူတိုင်းက ချုံခိုအတိုက်ခံခဲ့ရပြီးတော့ သတိလစ်အောင် အရိုက်ခံလိုက်ရတယ် ပြီးတော့ မိုးကြိုးအဆောင်တွေ အခိုးခံလိုက်ရတယ် “ ဟု ရင်နန်ဟိုင်က ရှင်းပြလာခဲ့သည်။
သူကိုယ်တိုင်ကပင် ယခုလေးတင်မှ သိခဲ့ရခြင်းဖြစ်သည်။
လုချန်ရှန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားခဲ့ကာ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို အကြမ်းဖျင်းမှန်းဆမိသွားခဲ့သည် သို့သော် တစ်ခုခု မှားယွင်းနေသည်ဟု အမြဲလိုလို ခံစားနေခဲ့ရ၏။
“ ဒါပင်မဲ့ ဒီလောက်တောင်ကြာနေပြီကို သူတို့က အညှိုးအတေး ထားနေကြတုန်းပဲလား။ သူတို့အားလုံးက အဲ့လောက်တောင် သဘောထားကျဥ်းမြောင်းတာလား “
“ ဘယ်လိုလုပ် အဲ့လိုမဟုတ်ရမှာလဲဗျ “ ရင်နန်ဟိုင်သည် စကားပြောနေရင်းဖြင့် ပိုမိုစိတ်လှုပ်ရှားသွားခဲ့သည် “ အစ်ကိုမသိပါဘူး မိုးကြိုးဝိညာဥ်ကို သတ်တာပြီးတော့ မိုးကြိုးအဆောင်ကို ယူတာက ကံဝဋ်ကြွေးပါတယ်လေ “
“ ဘာကံဝဋ်ကြွေးလဲ “
“ ဝမ်ထျန်တောင်တန်းမှာက စိတ်ဝိညာဥ်တစ်ခု ရှိတယ်လေ အဲ့ဒီမိုးကြိုးဝိညာဥ်တွေက ဒီနေရာမှာ ပျိုးထောင်ခံထားရတဲ့ သက်ရှိတွေလေ။ သူတို့ကို သတ်လိုက်တဲ့အတွက် မိုးကြိုးပြစ်ဒဏ်ကို သေချာပေါက် ခံရမှာ သူတို့က သိပ်မကြာခင် အချိန်ကမှ အဲ့တာကို ခုခံခဲ့ရတဲ့ပုံပဲ “
“ ဆိုတော့ သူတို့က မိုးကြိုးအပစ်ခံခဲ့ရပြီးတော့ ဝဋ်လည်တာပဲ “
လုချန်ရှန်းသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ့စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်သည်။
ထိုစကားတစ်ခွန်းက လူတိုင်း၏ ဒေါသတကြီး စိုက်ကြည့်ခြင်းကို ထပ်မံ၍ ဆွဲဆောင်သွားခဲ့သည်။ အားလုံးသည် အံတကြိတ်ကြိတ်ဖြင့် သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်နိုင်ပါစေ ဆုတောင်းနေကြတော့၏။
ထိုအကောင်သည် သူ၏မျက်နှာပေါ်တွင် ‘ ငါ့ကိုရိုက်ပါ ‘ ဆိုသည့် စကားလုံးကို ရေးထိုးထားသည့်အလား ဖြစ်နေခဲ့သည်။
“ တော်တော် လွန်နေပြီ “
ရှန်လင်းမှာ အံတကြိတ်ကြိတ် ဖြစ်သွားတော့သည် သူသည် ဤမျှဒေါသထွက်ဖွယ်ကောင်းသည့် လူတစ်ဦးကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
သူတို့၏ မိုးကြိုးအဆောင်များ အခိုးခံလိုက်ရခြင်းကပင် သူတို့ကို စိတ်ဓာတ်ကျသွားစေရန် လုံလောက်နေခဲ့သည် သို့သော် ထို့နောက်တွင် မိုးကြိုးအဆောင်က တစ်ခြားလူတစ်ဦး၏ ပိုင်ဆိုင်မှုဖြစ်သွားခဲ့ပြီး သူတို့က မိုးကြိုးပြစ်ဒဏ်ကို ခံယူခဲ့ကြရ၏။ မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။
ယခုလက်ရှိ အချိန်တွင် သူတို့သည် ထိုကိစ္စကို လုပ်ခဲ့သည့် လူက မည်သူလဲဆိုသည်ကို အဖြေရှာရန် ကြိုးပမ်းနေလျက်ရှိသည်။
သို့သော် အချိန်အတော်ကြာ ဆွေနွေးနေခဲ့ပြီးသည့်နောက်မှာပင် မည်သည့်ရလဒ်မှ မပေါ်ထွက်လာခဲ့ပေ။
ထို့အစား လူငယ်တစ်ဦး ပေါ်လာခဲ့ကာ လုချန်ရှန်းဆီသို့ တိုက်ခိုက်ဦးတည်လာခဲ့၏။
အသစ်ရောက်ရှိလာသူသည် အသက်နှစ်ဆယ်အရွယ်မျှရှိကာ ချောမောသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည့် လူငယ်တစ်ဦးဖြစ်သည်။ လုချန်ရှန်းက သူ့ကို မှတ်မိသွားခဲ့သည် သူက သစ်ပင်ပေါ်တွင် တွဲလောင်းချိတ်ခံထားရသည့် မြောက်ပိုင်းဒေသမှ လူဖြစ်သည်။
“ မင်းက စစ်ပွဲဘုရင်ရဲ့ တပည့် လုချန်ရှန်းလား “
လူငယ်သေည အေးစက်စက် အသံနေအသံထားဖြင့် စကားစပြောလာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဟုတ်တယ် “
လူငယ်က စကားထပ်ပြောလာခဲ့၏ “ ငါက မြောက်ပိုင်းဒေသ ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်က ဝူရွှမ်ပဲ “
“ မီးနတ်ဘုရား ခန္ဓာကိုယ် ဝူရွှမ်လား “ ရင်နန်ဟိုင်သည် တအံ့တဩဖြင့် လွှတ်ခနဲ ပြောမိသွား၏။
ဝူရွှမ်က ခေါင်းငြိမ့်ပြလာခဲ့သည်။
ရင်နန်ဟိုင်သည် ဝူရွှမ်က နတ်ဘုရား ရုပ်ခန္ဓာဖြင့် မွေးဖွားလာခဲ့သည့် မြောက်ပိုင်းဒေသ၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်ကြောင်းနှင့် ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော်က မြောက်ပိုင်းဒေသ၏ မြင့်မြတ်နယ်မြေဖြစ်ကြောင်းကို လုချန်ရှန်းကို ပြောပြလိုက်၏။
လုချန်ရှန်းမှာလည်း အကြမ်းဖျင်း နားလည်သွားခဲ့သည် ဤလူငယ်က အမှန်ပင် ထူးခြားနေခဲ့ကာ အသက်နှစ်ဆယ်အရွယ်မှာပင် မွေးရာပါ ဝိညာဥ် အဆင့်၁သို့ ရောက်ရှိနေခြင်းက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။
“ ကိစ္စတစ်ခုခု ရှိလို့လား “ ဟု လုချန်ရှန်းက မေးမြန်းလိုက်သည်။
လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
ဝူရွှမ်က ပြန်ပြောလာခဲ့၏ “ ချုံပုတ်ကို ပတ်ရိုက်မနေတော့ဘူး။ ငါက စစ်ပွဲဘုရင်ကို လေးစားတယ် အဲ့တာကြောင့် သူ့ဆီသွားလည်နိုင်အောင် ငါ့ကို မိတ်ဆက်ပေး “
“ အို့ မင်းက ဆရာ့ရဲ့ ပရိတ်သတ်လေးပေါ့ “
လုချန်ရှန်းသည် ရုတ်တရက် နားလည်သွားခဲ့သည်။
ဝူရွှမ်က မငြင်းပယ်လာခဲ့ပေ ၎င်းက အမှန်တရား ဖြစ်သည်။
သို့ရာတွင် လုချန်ရှန်းက ပြန်ပြောလိုက်၏ “ မင်းက လမ်းမသိဘူးလား။ ကိုယ့်ဟာကိုယ် သွားလို့မရဘူးလား “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူရွှမ်မှာ နေရာမှာပင် အေးခဲတောင့်တင်းသွားကာ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းခါ၍ တုံ့ပြန်လာခဲ့သည် “ အရိုးသားဆုံးပြောရမယ်ဆိုရင် ငါက အဲ့ကို ရောက်ဖူးတယ် ဒါပင်မဲ့ စစ်ပွဲဘုရင်က ငါ့ကို တွေ့ဖို့ ငြင်းပယ်ခဲ့တယ် “
မြင့်မြတ်နယ်မြေတစ်ခုကို မည်သူမဆို မျက်နှာသာပေးကြမည် ဖြစ်သည် သို့သော် ကူချန်ကျွင်းကမူ လုံးဝကွဲပြားနေခဲ့သည်။ မျက်နှာသာပေးခြင်းကို မဆိုထားနှင့် သူက သူတို့၏ ဂိတ်တံခါးကို မတိုက်ခိုက်ခြင်းကပင် အတော်လေးကောင်းမွန်နေပြီ ဖြစ်သည်။
“ မင်းက တော်တော်လေး ရိုးသားတာပဲ “ လုချန်ရှန်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ဝူရွှမ်သည် လေကုန်ခံမနေဘဲ တည့်တိုးပြောဆိုလာခဲ့သည် “ မင်းရဲ့ သဘောထားကို ငါသိတယ် မင်းက ငွေအတွက် အလုပ်လုပ်တာ။ ဒီမှာ ဝိညာဥ်ကျောက် တစ်သိန်းပါတယ် ငါ့ကိုသာ မိတ်ဆက်ပေး “
ထိုအချိန်တွင် လုချန်ရှန်းမှာ တစ်ခဏခန့် မှင်သက်သွားခဲ့သည်။ ဤလူငယ်က မောက်မာကာ စကားပြောပုံက ရဲတင်းသော်လည်း အတော်ပင် ချစ်စဖွယ်ကောင်းနေခဲ့၏။
အစတွင် သူသည် ငွေယူရန် မစီစဥ်ထားခဲ့ပေ။
သို့သော် ဤမျှအလိုက်သိသည့် လူငယ်မျိုးမှာ အတော်ပင် ရှားပါးနေခဲ့လေပြီ။
သို့ရာ၌ လုချန်ရှန်း အတွေးနက်နေသည်ကို မြင်လိုက်ရသောအခါတွင် ဝူရွှမ်က မျက်မှောင်ကြုတ်ကာ စကားထပ်ပြောလာခဲ့သည် “ မရဘူးလား “
“ ရတယ် ဒါပင်မဲ့ အခုလောလောဆယ်တော့ ငါအိမ်ပြန်ဦးမှာ မဟုတ်ဘူး။ စာတစ်စောင်ရေးပေးလိုက်မယ်ဆိုရင် မင်းက အဲ့တာကို ယူသွားပေါ့။ မင်းက သူ့ကို တွေ့ရလိမ့်မယ်ဆိုတာကို ငါအာမခံတယ် “
“ တကယ်လား “
“ လုံးဝသေချာတာပေါ့ “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။
ဝူရွှမ်သည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ ခေါင်းငြိမ့်၍ သဘောတူလာခဲ့သည်။
ဝူရွှမ်သည် စာကို ရခဲ့ပြီးသည့်နောက်တွင် ချက်ချင်းထွက်သွားခဲ့သည် သူသည် လူအုပ်ကြီး၏ အကြည့်များကို လုံးဝလျစ်လျူရှုထားခဲ့သည်။
လုချန်ရှန်းကမူ ခေါင်းမာသည့် အဆိုပါ လူငယ်ကို ကြည့်ကာ သူတောက်ပသော အနာဂတ်နှင့် အလားအလာများကို ပိုင်ဆိုင်ထားသည့် စရိုက်မျိုးရှိသည်ဟု စိတ်ထဲတွင် တိတ်တဆိတ် ချီးကျူးနေမိတော့သည်။
သို့ရာတွင် သူက ထိုလူငယ်ကို လေးစားနေသည့် အချိန်မှာပင် မူမမှန်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ အစ်ကိုချင်း မင်းပြန်မသွားတာက စစ်ပွဲဘုရင်က မင်းကို ချိန်းတွေ့ခိုင်းနေလို့မလား “
ဟမ်
လုချန်ရှန်းသည် ရုတ်တရက် နောက်လှည့်ကြည့်ပြီး ရင်နန်ဟိုင်ကို ကြည့်ကာ မှင်သက်သွား၏။
ရင်နန်ဟိုင်က စကားထပ်ပြောလာခဲ့၏ “ ကျွန်တော်က အဲ့ကိစ္စအားလုံးကို ကြားခဲ့ပြီးပြီ “
“ မင်းကို ဘယ်သူပြောတာလဲ “
“ ကျင်းယုပါ “
“ သူ့ကို ဘယ်သူက ပြောပြခဲ့တာလဲ “
ရင်နန်ဟိုင်က ပြန်ပြောလာခဲ့သည် “ ယဲ့မီထျန်းဆီကနေ ကြားခဲ့ရတဲ့ပုံပဲ မင်းက ကောင်မလေးတွေကို မကြိုက်ဘဲနဲ့ သူမရဲ့ ခံစားချက်တွေကို ကစားပြီးတော့ လက်ထပ်ပွဲကနေ ထွက်ပြေးနေတာလို့ ပြောခဲ့တယ် “
ချက်ချင်းဆိုသလိုပင် လုချန်ရှန်း၏ အမူအရာ ရှုံ့မဲ့သွားခဲ့သည်။ ကြာကြာနားထောင်ရလေလေ ၎င်းက ရယ်စရာ ပိုကောင်းလေလေ ဖြစ်နေခဲ့၏။ ရှောင်ဟေးက ဘယ်လိုလုပ် သိသွားရတာလဲဟ။
အဲ့တာက ရှောင်ဟေးပါးစပ်ကနေ ထွက်လာမဲ့ လေသံမျိုး မဟုတ်ပါဘူး။
လုချန်ရှန်းသည် တိတ်ဆိတ်ငြိမ်သက်သွားကာ ဘာမှ ထပ်မပြောတော့ပေ။
ထိုစဥ် ရင်နန်ဟိုင်က အပြုံးတစ်ခုကို ဆင်မြန်းကာ အနားကပ်လာခဲ့၏။
“ အစ်ကိုချင်း တကယ်လို့ မင်းက အဲ့ကိစ္စတွေကို သဘောမကျဘူးဆိုရင် အဲ့ကိစ္စတွေကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းတစ်ခုရှိတယ် “
“ အို့။ ဘာနည်းလမ်းလဲ “ လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ငါက လွတ်လွတ်လပ်လပ် ပြန်ဖြစ်ရတော့မှာလား
ရင်နန်ဟိုင်က ပြန်ပြောလာခဲ့သည် “ ကျွန်တော့်ဆီမှာ လမင်းနှင့် ပန်းပွင့်လေးတွေလိုမျိုး လှပတဲ့ ညီမတစ်ယောက်ရှိတယ်။ သူမက အသက်ဆယ့်ရှစ်နှစ်ရှိပြီး တကယ်လို့ မင်းကသာ သူမကို လက်ထပ်လိုက်မယ်ဆိုရင် စစ်ပွဲဘုရင်က မင်းကို ချိန်းတွေ့ခိုင်းနေမှာကို တွေးပူနေစရာ မလိုတော့ဘူး မင်းကို တပ်မက်နေတဲ့ လူတွေကလည်း နောက်ဆုတ်သွားကြလိမ့်မယ် “
လုချန်ရှန်းသည် နားထောင်နေရင်းဖြင့် မျက်နှာရှုံ့မဲ့သွား၏။
“ သဘောတူလား “
“ မင်းဘိုးဘိုးကြီးကို သဘောတူလိုက် “
လုချန်ရှန်းသည် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ပေ။ ချိန်းမတွေ့ချင်လို့ ထွက်ပြေးနေပါတယ်ဆိုမှ မင်းညီမနဲ့ လက်ထပ်ဖို့ လာပြောနေတယ်ပေါ့။ ငါ့ကို ချည်နှောင်ဖို့ ကြိုးစားနေတာလား။
သူသည် ရင်နန်ဟိုင်၏ ရည်ရွယ်ချက်များကိုပင် သံသယဝင်သွားတော့သည်။ ဒီကောင့်လုပ်ရပ်တွေက မသန့်စင်ဘူး လှည့်ကွက်တွေ ရှိနေနိုင်တယ်
--
……………………………………………………………………………………………………………………………………