အခန်း ၂၀၄
Vol. 14 Ch. 204
အပိုင်း ( 204 )
မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ
ချောက်နက်အရှေ့တွင် တိတ်ဆိတ်ငြိမ်သက်မှုသာ ကြီးစိုးနေလျက်ရှိ၏။
အတွင်းပိုင်းတွင်မူ ကျယ်လောင်သော မိုးကြိုးပစ်သံများ ရံဖန်ရံခါ ပေါ်ထွက်လာခဲ့ပြီး မည်သည့်အရာများ ဖြစ်ပျက်လာမလဲဆိုသည်ကို မည်သူမှ မသိကြပေ။
အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီးသည့်နောက်တွင် အောက်ဘက်ရှိ လှုပ်ခတ်မှုမှာ တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။
ရှင်းယွင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ စကားထပ်ပြောလာခဲ့သည် “ ညီအစ်ကိုလု အခွင့်အလမ်းကို ရဖို့အတွက် စမ်းသပ်မှုတစ်ခုကို ခံယူပြီးတော့ မြူထုကို ဖြတ်သွားရမယ်လို့ ကောလဟာလထွက်နေတယ်။ အသေးစိတ်တော့ ငါမသိဘူး ဒါပင်မဲ့ မင်းဘက်မှာ ငါရှိနေမှာပါ မင်းအတွက် တတ်နိုင်သလောက် လမ်းရှင်းပေးထားမယ် “
“ ဘယ်လိုစမ်းသပ်မှုမျိုးလဲ “
လုချန်ရှန်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ရှင်းယွင်က ပြန်ဖြေလာတော့မည့် အချိန်တွင် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
“ မင်းတစ်ယောက်တည်းနဲ့ တစ်ခြားလူတွေအတွက် လမ်းရှင်းပေးချင်သေးတာလား။ ကိုယ့်ဟာကိုယ်တောင် မကာကွယ်ပဲနဲ့ ဘာကိစ္စမာချင်ယောင်ဆောင်နေရတာလဲ “
ဤတစ်ကြိမ် လှောင်ပြောင်လာခဲ့သူမှာ ချီယန်နှင့် အပေါင်းအဖော်များ မဟုတ်ဘဲ ရှန်လင်းပင် ဖြစ်နေခဲ့သည်။
လုချန်ရှန်းသည် ငေးကြည့်နေရင်းဖြင့် အံ့အားသင့်သွားခဲ့သည်။
ရှန်လင်းက ဒီလောက်တောင် မောက်မာတာလားဟ။ သူက မဟာတောရိုင်း ခန်းမရဲ့ သူတော်စင်ကိုတောင် ပေါ့ပေါ့ပါးပါး လှောင်ပြောင်နေရဲတာလား။
လျှပ်စီးကျီကမူ အသံတစ်သံပင် မထွက်ဘဲ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။
ရှင်းယွင်သည် အကြည့်များ ပြောင်းလဲသွားခဲ့သော်လည်း မည်သို့မျှ မတုံ့ပြန်လိုက်ပေ။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ကောင်လေး မင်း သိုသိုသိပ်သိပ်နေလိုက်တာ ပိုကောင်းမယ်။ မင်းက ဘယ်လိုကောင်မျိုးလဲ ဒီမှာ လာအော်ရဲသေးတာလား။ သူက သူတော်စင်လေ မင်းနဲ့ စကားပြောရမှာတောင် ပျင်းနေတာ ဒါပင်မဲ့ ငါကတော့ မင်းလိုမျိုး အထီးမဟုတ် အမမဟုတ် ငှက်တွေကို ကြည့်မရဘူး “
“ မင်းဘာပြောလိုက်တယ် “
“ မင်းနားကန်းနေတာလား။ ဒါမှမဟုတ် မင်းနားထဲမှာ ချီးတွေပြည့်နေလို့ မကြားတာလား “
“ လုချန်ရှန်း မင်း ……. “
“ ပါးစပ်ပိတ်ထား ဆူတယ် “
လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ သူ့ကို အဖက်လုပ်ရန်အတွက်ပင် ပျင်းရိသွားခဲ့သည်။
သို့ရာတွင် ရှင်းယွင်မှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည် သူသည် လုချန်ရှန်းက သူ့အတွက် ရပ်တည်ပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အကာကွယ်ခံလိုက်ရသည့် ခံစားချက်က သူ့ကို အငိုက်မိသွားစေခဲ့ပြီး ကာယကံရှင်ဖြစ်သည့် သူကပင် ချေပရန် အခက်တွေ့နေခဲ့၏။
ဒါက ကောလဟာလတွေထဲက လုချန်ရှန်းလားဟ။
ရှန်လင်းသည် အံတကြိတ်ကြိတ် ဖြစ်သွားခဲ့သည်။
လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ တကယ်လို့ မင်းမယုံဘူးဆိုရင် တက်လာခဲ့လိုက်လေ။ ငါမင်းကို ရိုက်ပေးမယ်။ တကယ်လို့ ငါမင်းကို အသေရိုက်မသတ်နိုင်ဘူးဆိုရင် ငါရှုံးတယ် “
ရှန်လင်းက ဒေါသတကြီး ဖြစ်သွားကာ လျှပ်စီးကျီမှာလည်း မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည် သို့သော် သူသည် သူ့ကို ထိန်းထားလိုက်ကာ ထွက်သွားခွင့်မပေးခဲ့ပေ။ ကူချန်ကျွင်းကို ရန်စ၍ မဖြစ်ပေ သို့သော် ၎င်းက ထာဝရတည်တံ့နေမည် မဟုတ်ပေ။ သို့သော် ယခုလက်ရှိ အချိန်တွင် သူတို့လုပ်နိုင်သည့် ကိစ္စမရှိသောကြောင့် ယာယီသည်းခံနေရုံသာ တတ်နိုင်ကြပေသည်။
တစ်ဖက်လူက စကားမပြောလာဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ အမှိုက်တွေ “
ထို့နောက်တွင် သူသည် သူ၏အကြည့်ကို ပြန်ရုတ်ကာ သူ့ကို လုံးဝလျစ်လျူရှုထားလိုက်၏။
အကယ်၍ ရှင်းယွင်ကသာ သူတို့က လှုပ်ရှားရတော့မည် ဘာမှမလုပ်နဲ့ဦးဟု မပြောလာခဲ့ဘူးဆိုပါက သူသည် ထိုငှက်ကို အသေရိုက်သတ်မည် ဖြစ်သည်။
သို့ရာ၌ သူ့ထံတွင် မေးခွန်းတစ်ခု ရှိနေသေး၏။ ချီယန်က ရှင်းယွင်ကို အထင်သေးနေသည်က ထူးဆန်းသော အရာမဟုတ်ပေ သူတို့နှစ်ဦးလုံးက အမည်ခံသူတော်စင်အဖြစ် မြင့်မြတ်နယ်မြေတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး သူ၏ကျင့်ကြံရေးက ရှင်းယွင်ထပ် သာလွန်နေခြင်းသောကြောင့် ထိုကဲ့သို့ ဖြစ်နေရခြင်းမှာ မထူးဆန်းလှပေ။
သို့သော် ရှန်လင်းက မည်သူဖြစ်သနည်း။ အကယ်၍ သူက ထျန်းရီ မြင့်မြတ်နယ်မြေကို အရှုံးပေးခဲ့မည်ဆိုလျှင်တောင်မှ ထိုမျှလောက် မမောက်မာသင့်ပေ။ လျှပ်စီးကျီကပင် ဘာမှမပြောလာခဲ့သော်လည်း ထိုအကောင်က အော်ကျယ်အော်ကျယ် လုပ်နေခဲ့၏။
ရှင်းယွင်ကမူ သူ၏အတွေးများကို သိနေပုံရကာ စကားထပ်ပြောလာခဲ့၏ “ မိုးကြိုးငှက်မျိုးနွယ်စုက မဟာတောရိုင်း ခန်းမနဲ့ အမြဲလိုလို သဘောထားကွဲလွဲနေခဲ့တာလေ။ အရင် ငါသူ့ကို သင်ခန်းစာပေးခဲ့ဖူးတယ် အဲ့တာကြောင့် သူက ငါ့ကို အညှိုးအတေးထားနေခဲ့တာ။ ပြီးတော့ အခုလက်ရှိ အချိန်မှာ ငါတို့ မဟာတောရိုင်းခန်းမက အားနည်းနေခဲ့တာလေ အံ့ဩစရာ မရှိပါဘူး “
“ ဆိုတော့ လူယုတ်မာကောင်ရဲ့ ဆန္ဒအတိုင်းဖြစ်သွားတာပေါ့ “
လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ကာ အကြမ်းဖျင်း နားလည်သွားခဲ့သည်။
သို့သော် သူ၏စကားလုံးများက လူများကို မကျေမခြမ်းဖြစ်သွားစေခဲ့၏။
ထိုစဥ် မိုးကြိုးချောက်နက်တွင် အပြောင်းအလဲတစ်ခု ဖြစ်တည်လာခဲ့သည်။ လူတိုင်းက ချက်ချင်းနိုးကြားသွားကြသည် သူတို့၏လက်များအတွင်းတွင် အဆောင်တစ်ခု ပေါ်လာခဲ့သည်။ ၎င်းက လောင်ကျွမ်းသွားသည်နှင့်တစ်ပြိုင်နက် ချောက်နက်အတွင်းသို့ ကျဆင်းသွားကာ ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်လာခဲ့၏။
ထို့နောက်တွင် ၎င်းက နဂါးအရိပ်တစ်ခုအဖြစ် အသွင်ပြောင်းကာ မိုးကြိုးချောက်နက်အတွင်းသို့ ခုန်ဆင်းသွား၏။
သူတို့အားလုံးမှာလည်း ချောက်နက်အတွင်းသို့ တိုးဝင်သွားကြသည်။
ရှင်းယွင်မှာလည်း လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော် သူမသွားခင် အချိန်တွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ ရှင်းယွင်သူတောင်စင် မိုးကြိုးချောက်နက်ထဲကို ရောက်ခဲ့ပြီးတဲ့နောက်မှာ ကျုပ်ကို တွေးပူနေဖို့ မလိုပါဘူး။ ခင်ဗျားရဲ့ အခွင့်အလမ်းကိုသာ သွားရှာနေလိုက်ပါ။ တကယ်လို့ မင်းကို တစ်ယောက်ယောက်က ပစ်မှတ်ထားလာတယ်ဆိုရင် ငါ့ဆီကို သတင်းပို့လိုက် မင်းအတွက် ငါရှင်းပေးမယ် “
လုချန်ရှန်း၏လက်ထဲတွင် အဆောင်တစ်ခု ပေါ်လာခဲ့သည်။
“ ဒါပင်မဲ့ …… “
သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် လုချန်ရှန်းက ချောက်နက်အတွင်းသို့ ဝင်သွားခဲ့ပြီ ဖြစ်သည်။
ရှင်းယွင်သည် မျက်မှောင်ကြုတ်ကာ တစ်ခဏခန့် အတွေးနက်သွားတော့၏။
လုချန်ရှန်းသည် ချောက်နက်အတွင်းသို့ ဝင်လိုက်သည့် အချိန်မှာပင် ဤနေရာရှိ အရှိန်အဝါက ပိုမိုဖိနှိပ်လာခဲ့သည်။
လေထုအတွင်းတွင် မိုးကြိုးရနံ့တို့ဖြင့် ပြည့်နှက်နေပုံရပြီး တာအိုက နေရာအနှံ့တွင် တည်ရှိကာ အဆက်မပြတ် လည်ပတ်နေခဲ့၏။ ထိုအချိန်၌ သူ၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏ ဤနေရာတွင် အမျိုးအမည် မသိရသော စွမ်းအားတစ်ခုခု ရှိနေပုံရသည်။
သူသည် ထိုကဲ့သို့သော ခံစားချက်မျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ခံစားလိုက်ရခြင်း ဖြစ်သည်။ နဂါးနစ်မြုပ်ခြင်း နယ်မြေနှင့် နတ်ဘုရား မြှုပ်နှံခြင်း တောင်တန်းတို့ကပင် ထိုကဲ့သို့ ဟုတ်မနေခဲ့ပေ။
လုချန်ရှန်းသည် မိုးကြိုးချောက်နက်အတွင်းတွင် မျောလွင့်နေလျက်ရှိပြီး အထက်တွင် ရှိနေသည့် ကောင်းကင်ကို မမြင်နိုင်သကဲ့သို့ အောက်တွင် ရှိနေသည့် မြေပြင်ကိုနှင့် ဘေးနှစ်ဖက်တွင် ရှိနေသည့် နံရံများကိုပါ မမြင်နိုင်ခဲ့ပေ။ သူက လုံးဝမည်းနက်နေသည့် အဆုံးမဲ့ အမှောင်ထုအတွင်းသို့ ကျရောက်သွားသည့်အလား ဖြစ်နေခဲ့သည်။
သူက ဤနယ်မြေကို အာရုံခံကြည့်လိုက်တော့မည့် အချိန်တွင် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိသွားခဲ့သည်။
နောက်လှည့်ကြည့်လိုက်ရာ သူ့အနောက်ဘက် မလှမ်းမကမ်းတွင် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည့် ပုံရိပ်တစ်ခုရှိနေသည်ကို မြင်တွေ့သွား၏။
ထိုလူမှာ ရှန်လင်းမှတစ်ပါး တစ်ခြားလူမဟုတ်ပေ။
“ လုချန်ရှန်း မင်းက ငါ့ကို ဘယ်လိုတောင် စော်ကားရဲနေတာလဲ။ မင်းက ငါ့ကို အထင်သေးနေတာလား “ ရှန်လင်းက မေးခွန်းထုတ်လာခဲ့၏။
လုချန်ရှန်းသည် သူ့ကို ငေးကြည့်ကာ ခေါင်းငြိမ့်၍ တုံ့ပြန်လိုက်၏ “ ဟုတ်တယ် “
ရှန်လင်းသည် အံကြိတ်ကာ လက်သီးဆုပ်နေတော့သည်။
“ မင်းရဲ့ တစ်ခုတည်းရှိတဲ့ အားကိုးရာက ကူချန်ကျွင်းပဲ။ သူမရှိဘူးဆိုရင် မင်းကဘာလဲ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။ ငါ့နောက်ခံတောင့်တာကို မနာလိုဖြစ်နေလို့ မကျေမနပ်ဖြစ်ပြီး ငါ့ကို ပစ်မှတ်ထားနေတာလားဟ။
သို့ရာတွင် သူသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည် “ သူမရှိဘူးဆိုရင် ငါက ဘာကောင်လဲဆိုတာကို ငါမသိဘူး ဒါပင်မဲ့ မင်းကတော့ မိုးကြိုးမျိုးနွယ်စု ရှိရှိ မရှိရှိ ငါ့မျက်လုံးတွေထဲမှာ ဘာကောင်မှ မဟုတ်ဘူး “
“ မင်းသေချင်နေတာပဲ “
ရှန်လင်းမှာ ထပ်မံ၍ သည်းမခံနိုင်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ဤနေရာက မိုးကြိုးချောက်နက်ဖြစ်ပြီး အကယ်၍ လုချန်ရှန်းက ဤနေရာတွင် သေသွားမည်ဆိုလျှင်တောင်မှ အဆိုပါ ဖြစ်ရပ်ကို မည်သူကမှ မမြင် မကြားခဲ့ရသရွေ့ ကူချန်ကျွင်းက ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ချက်ချင်းဆိုသလိုပင် သူအရှိန်အဝါ မြင့်တက်ကာ ပေါက်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများ ပေါက်ထွက်လာခဲ့ပြီး ဤနေရာနှင့် ငြင်သာစွာ ပဲ့တင်ထပ်နေတော့၏။
“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ “
အဆိုပါ အရှိန်အဝါကို ခံစားလိုက်ရသောအခါတွင် လုချန်ရှန်း အံ့အားသင့်သွားခဲ့သည်။ သူသည် ထိုလူ၏ ကျင့်ကြံရေးက သူ့ထပ်ပင် ပိုမို မြန်ဆန်နေကာ မွေးရာပါ ဝိညာဥ်နယ်ပယ်နှင့် နီးကပ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဤအချိန်၌ သူသည် ရှန်လင်းထံတွင် ဝှက်ဖဲတစ်ခု ရှိနေခဲ့ပြီး သတိလစ်အောင် အရိုက်ခံခဲ့ရသည့် အချိန်မှာပင် ၎င်းကို ဖုံးကွယ်ထားခဲ့ကြောင်း နားလည်သွားခဲ့သည်။
၎င်းသာလျှင်မဟုတ်ဘဲ ထိုလူ၏အထက်တွင် စိမ်းပြာရောင် ရှေးဟောင်းမီးအိမ်တစ်လုံး ရှိနေခဲ့ကာ ဤနေရာတစ်ခုလုံးကို လင်းထိန်သွားစေကာ ပတ်ပတ်လည်ရှိ စွမ်းအားတို့ကိုပင် ဖိနှိပ်နေလျက်ရှိ၏။
“ ဆိုတော့ မင်းက ပြင်ဆင်လာခဲ့တာပေါ့ “ ဟု လုချန်ရှန်းက စကားထပ်ပြောလိုက်သည်။
ရှန်လင်းက သူ့ကို စိုက်ကြည့်လာခဲ့သည် “ တကယ်လို့ မင်းကသာ ရှင်းယွင်အတွက် မရပ်တည်ပေးဘဲ ငါ့ကို မစော်ကားခဲ့ဘူးဆိုရင် ငါမင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး ဒါပင်မဲ့ မင်းကတော့ ကိုယ့်သေတွင်းကို ကိုယ့်ဘာသာ တူးခဲ့တာ “
“ ဟူးး “ လုချန်ရှန်းသည် အသာအယာ သက်ပြင်းချကာ ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်၏ “ မင်းကိုယ်မင်း အထင်ကြီးလွန်းနေတာပဲ “
ထိုစဥ် ရှန်လင်း ရှေ့တက်လာခဲ့သည် လုချန်ရှန်း အေးအေးလူလူ မတ်တပ်ရပ်နေခဲ့သည်။ စိတ်ဖြင့် စေခိုင်းလိုက်ရာ သူ၏မှော်စွမ်းအား မြင့်တက်လာပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ မီးအိမ်၏ ရောင်ခြည်နှင့် တိုက်မိသွားခဲ့သည်။
ထိတွေ့သွားသည့် အခိုက်အတန့်တွင် မီးအိမ်မှာ ချက်ချင်းပြောင်းပြန်လှန်သွားခဲ့ပြီး မီးတောက်တစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့၏။
“ ဘာကြီး “
ရှန်လင်း သတိတကြီး ဖြစ်သွားခဲ့သည်။ ၎င်းက သူ၏အားကိုးရာဖြစ်ပြီး အလွန်တရာ အစွမ်းထက်သော ဘုရင်အဆင့် မှော်ပစ္စည်းတစ်ခုဖြစ်သည်။ သက်တူရွယ်တူအဆင့် တိုက်ပွဲတွင် အမြဲလိုလို အနိုင်ခဲ့ရသော်လည်း ယခုတွင် အပြတ်အသပ် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် မှော်စွမ်းအားများ လိမ်ယှက်ကာ ဧရာမ လက်တစ်ခုအဖြစ် အသွင်ပြောင်းကာ ကျဆင်းလာခဲ့သည်။
၎င်းတို့အားလုံး ဖြစ်ပွားနေမှုနှင့်အတူ ရှန်လင်း၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားများ ကိန်းဝပ်နေပြီဖြစ်ပြီး သူသည် ၎င်းကို ခုခံတားဆီးချင်နေခဲ့သည် သို့သော် မည်သို့မျှ မပြုလုပ်နိုင်ခဲ့ပေ။ ကျယ်လောင်သော ပေါက်ကွဲမှုများအကြားမှာပင် မည်သို့မျှ မထိခိုက်သွားဘဲ သူ့ကို ဖမ်းဆုပ်လာခဲ့သည်။
သူ၏မျက်နှာပေါ်တွင် အကြောက်တရားများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ သူရုန်းကန်လှုပ်ရှားနေသည်နှင့်အမျှ သူ၏မှော်စွမ်းအားပါ လိုက်ပါမြင့်တက်လာခဲ့ပြီး သူ၏အစစ်အမှန်ပုံစံအဖြစ် အသွင်ပြောင်းသွားကာ ချုပ်နှောင်မှုကို ချိုးဖျက်နေခဲ့၏ သို့သော် ဧရာမလက်ကြီးက သူ့ကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားခဲ့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လက်ဝါးတစ်ခုအတွင်းတွင် အညှစ်ခံထားရပြီး ဦးခေါင်းနှင့် တောင်ပံနှစ်ဖက်ကသာလျှင် လက်ချောင်းများ အကြားမှ တိုးထွက်နေကာ အဆက်မပြတ် တုန်ရင်နေလျက်ရှိ၏။
သူ၏မျက်ခုံးများ အကြားတွင် ငွေရောင်ရုန်းများ ပေါ်ထွက်လာခဲ့သည်။ ၎င်းက သူ၏အသက်ကယ် နည်းလမ်းဖြစ်ကာ ယခင်ကကဲ့သို့ပင် သူ့ကို အဝေးသို့ ခေါ်ဆောင်သွားရန် ကြိုးပမ်းနေတော့၏ သို့သော် ဓားဆန္ဒ ဖွဲ့တည်လာကာ ရုန်းများကို ချက်ချင်းချေမှုန်းလိုက်သည်။
သူသည် သူ၏ခန္ဓာကိုယ် ပြိုကွဲသွားကာ ငှက်မွှေးများ ပြိုကွဲသွားကာ ပြုတ်ကျသွားသည်ကို စောင့်ကြည့်နေခဲ့ရ၏။
ထိုအချိန်၌ သူ၏မျက်လုံးများ အတွင်းတွင် စိတ်ပျက်အားလျော့မှုတို့သာ ကိန်းဝပ်နေခဲ့၏။ ထိုအချိန်မှသာလျှင် သူသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်တစ်ဦးက မည်မျှကြောက်မက်ဖွယ်ကောင်းလဲဆိုသည်ကို နားလည်သွားခဲ့သည် သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ ရောက်ရှိခဲ့သော်လည်း ဟာသကြီးတစ်ခုသာ ဖြစ်နေခဲ့၏။
အရာအားလုံး လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် ထိုနေရာတွင် တိတ်တဆိတ် မတ်တပ်ရပ်နေကာ သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့၏။
“ ဟူး အသက်ရှင်ရတာ မကောင်းဘူးလားဟ။ ဘာလို့ သေချင်နေရတာလဲ “
လုချန်ရှန်းသည် သက်ပြင်းတချချ ဖြစ်သွားကာ လှည့်ထွက်သွားရန် ပြင်လိုက်သည် သို့သော် ချောက်နက်၏ ဘက်ပေါင်းစုံမှ အသံတစ်သံ ပဲ့တင်ထပ်ပျံ့လွင့်လာခဲ့၏။
“ မင်းကလည်း မူလအရင်းအမြစ်အတွက် ရောက်လာခဲ့တာလား “
အသံက ငြင်သာသော်လည်း သူ၏နားများအတွင်းတွင် မိုးခြိမ်းသံအလား ဖြစ်နေခဲ့ကာ သူ၏နတ်ဝိညာဥ်ကိုပင် လှုပ်ခါသွားစေခဲ့၏။ လုချန်ရှန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း မည်သည့်ပုံရိပ်ကိုမှ မမြင်ခဲ့ရပေ သို့သော် သူ၏ခြေထောက်များအောက်တွင် ယဇ်ပုလ္လင်တစ်လုံး ပေါ်လာခဲ့ပြီး သူက ယဇ်ပုလ္လင်၏ အလယ်ဗဟိုတည့်တည့်တွင် မတ်တပ်ရပ်မိလျက်သား ဖြစ်သွားခဲ့၏။
--
……………………………………………………………………………………………………………………………………