အခန်း ၂၀၆
Vol. 14 Ch. 206
အပိုင်း ( 206 )
ပေါက်တတ်ကရတွေ လျှောက်ပြောမိပြန်ပြီ
အမျိုးသမီးသည် ချောက်နက်အတွင်းမှ တက်လာသည့် လုချန်ရှန်းကို ငေးကြည့်နေလျက်ရှိ၏ သူမ၏အကြည့်များက များများစားစား ပြောင်းလဲသွားပုံမရချေ။
လုချန်ရှန်းမှာလည်း တစ်ခဏခန့် အတွေးနက်သွားတော့၏ သူပထမဦးဆုံး ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက သူမကို မြင်တွေ့ခဲ့ဖူး၏ သူမက ပန်ဘုရင်လေး၏ အစ်မကြီးဖြစ်သော ပန်အမျိုးသမီးပင် ဖြစ်သည်။
သို့သော် သူသည် ယခင်က သူမကို မြင်တွေ့ခဲ့ရစဥ်အချိန်က သူမက ဤမျှလောက် လန်းနေသည်ဟု မခံစားခဲ့ရပေ။
“ နင်ပြန်တက်လာတာက တော်တော်လေးကို မြန်တာပဲ။ ဘယ်လိုလဲ။ မိုးကြိုးတာအိုရဲ့ မူလအရင်းအမြစ်ကို ရခဲ့လား “
လုချန်ရှန်းသည် မည်သည့်အရာကိုမှ ထိန်ချန်မထားဘဲ ထိုကဲ့သို့ ပုဂ္ဂိုလ်ရေးဆန်သော ကိစ္စမျိုးကို ချက်ချင်းထုတ်ပြောလိုက်သည်။
ပန်အမျိုးသမီးသည် လန့်ဖျပ်သွားကာ အနည်းငယ် အံ့အားသင့်သွားခဲ့၏ သူမသည် သူက သူမကို စကားပြောလာကာ ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးမြန်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် သူမသည် သူ့ကို ကြည့်ကာ ပြန်ပြောလိုက်သည် “ ငါနဲ့ အဲ့လိုကိစ္စမျိုးကို ဆွေးနွေးတာက မသင့်တော်ဘူးလို့ နင်မထင်ဘူးလား “
သူမ၏ အရှိန်အဝါက အေးစက်စက်နိုင်လှပြီး ပြုံးခဲကာ လူထုနှင့် ခပ်ကင်းကင်း နေလေ့ရှိသည့် လူတစ်ဦးဆိုသည်ကို သက်သေပြနေခဲ့၏။
သို့ရာတွင် လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ မသင့်တော်စရာ ဘာရှိလို့လဲ။ နောင်တစ်ချိန်မှာ ငါတို့က မိသားစုဝင်တွေ ဖြစ်လာနိုင်တာပဲကို “
“ နင်ဘာပြောလိုက်တယ် “
ပန်အမျိုးသမီး၏ အကြည့်များ မည်းမှောင်သွားခဲ့သည်။
လုချန်ရှန်းကမူ မည်သည့်အရာကိုမှ မခံစားရဘဲ တုံ့ပြန်လိုက်၏ “ နင်နဲ့ ရှောင်ဟေး ယဲ့မီထျန်းဆိုတဲ့ကောင် အတူတူ ရှိတဲ့ အချိန်ကျရင် ငါတို့က မိသားစုတွေ ဖြစ်လာပြီလို့ ယူဆလို့ရတယ်လေ အဲ့တာကြောင့် စာအုပ်ကြီးအတိုင်း လုပ်နေဖို့ မလိုပါဘူး “
ပန်အမျိုးသမီး မှင်သက်သွားခဲ့သည် သူမသည် သူမ၏နားများကိုပင် မယုံကြည်နိုင်ဖြစ်ကာ ငေးငိုင်သွားတော့၏။
သို့သော် သူမ၏ အကြည့်က ပိုမိုစူးရှလာခဲ့ပြီး သူမ၏လေသံမှာလည်း ချက်ချင်းအေးစက်သွားခဲ့သည် “ သူနဲ့ငါက ကမ္ဘာမကြေရန်သူတွေဆိုတာကို နင်မသိဘူးလား “
လုချန်ရှန်းနှင့် ရှောင်ဟေးက အတော်လေး ရင်းနှီးသည်ဟု လူတိုင်းသိကြသောကြောင့် သူက ယဲ့မီထျန်းနှင့် ပန်အမျိုးသမီးအကြောင်းကို သိနေသည်မှာ အံ့ဩဖွယ်ရာ မဟုတ်ပေ။
သို့သော် လုချန်ရှန်းက သူ၏လက်ကို ဝေ့ရမ်းကာ ပြန်ပြောလိုက်၏ “ ဘာကမ္ဘာမကြေရန်သူလဲ။ တိုက်ခိုက်ရေး ပုံစံနဲ့ ချိန်းတွေ့နေတာ မဟုတ်ဘူးလား “
ပန်အမျိုးသမီး၏ အမူအရာ မည်းမှောင်သွားကာ တင်းကြပ်စွာ မျက်မှောင်ကြုတ်သွားခဲ့သည်။
ထိုစဥ် လုချန်ရှန်းက စကားဆက်ပြောလာခဲ့၏ “ ငါ့အမြင်ကို ပြောပြမယ်။ အဲ့ကိစ္စကို တွေးကြည့်လိုက် ဘာလို့ သူကပဲ နင့်ရဲ့ ကမ္ဘာမကြေရန်သူ ဖြစ်နေပြီးတော့ နင်နဲ့ပဲ တိုက်ခိုက်နေရတာလဲ။ သူက တစ်ခြားလူတွေကို ဘာကိစ္စသွားမတိုက်ရတာလဲ။ သူ့ဆီမှာ နင့်အပြင် တစ်ခြားပြိုင်ဘက်တွေ မရှိတော့ဘူးလား “
“ ပြီးတော့ မိန်းကလေးတစ်ယောက်ကို ဘယ်ကောင်က အဆက်မပြတ် နှောင့်ယှက်နေမှာလဲ။ မပြေလည်နိုင်တဲ့ အမုန်းတရားကြောင့်လား(ဒါမှမဟုတ်) ဖြားယောင်းဖို့ …….. အဟွတ် တစ်ခြားလူတွေရဲ့ အာရုံကို ဆွဲဆောင်ဖို့လား “
“ နင်တို့က မတူညီတဲ့ မျိုးနွယ်စုနှစ်ခုက လူတွေလေ။ တကယ်လို့ နင်နဲ့ မတိုက်ခိုက်ဘူးဆိုရင် သူက နင်နဲ့ ဘယ်လိုလုပ် နီးစပ်နိုင်မှာလဲ။ နင့်ရဲ့ အလှက သူက ဘယ်လိုလုပ် တပ်မက်နေမှာလဲ “
“ အဲ့တာက ……… “
အစတွင် ဝူးဝူးဝါးဝါး ဖြစ်နေခဲ့သည့် ပန်အမျိုးသမီးသည် တစ်ခဏခန့် မှင်သက်သွားကာ ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိဖြစ်သွားခဲ့၏။ သူ့စကားများကို နားထောင်ရခြင်းအားဖြင့် ၎င်းတို့က ယုတ္တိရှိပုံရသည်။
“ ဆိုတော့ နင်က ယောကျာ်းတွေကို နားမလည်ပါဘူး အထူးသဖြင့် ရှောင်ဟေးလို ငှက်ကောင်လေးပဲ။ သူက နင့်ရဲ့ အာရုံစူးစိုက်မှုကို ရဖို့အတွက် ငတုံးနည်းလမ်းကို သုံးနေတာ အခုဆိုရင် အဲ့တာက ကမ္ဘာမကြေ ရန်သူအဖြစ် ပြောင်းလဲသွားပြီ “
“ ဟူး သူနဲ့ပတ်သက်ပြီးတော့ ဘာပြောရမှန်းမသိတော့ဘူး။ လူကြီးဖြစ်ပြီး ရှက်နေတာက ကယ်မရတော့ဘူး “
လုချန်ရှန်းသည် လူအိုကြီးတစ်ဦးအလား စိတ်ပျက်လက်ပျက်ဖြစ်နေသည့် လေသံမျိုးဖြင့် စကားပြောနေခဲ့၏။
“ အဲ့တာက တကယ်ပဲ မှန်နေတာလား “
တစ်ခဏခန့် တိတ်တဆိတ်နေခဲ့ပြီးသည့်နောက်တွင် ပန်အမျိုးသမီး၏ အကြည့်များ ပြောင်းသွားကာ ဖြည်းဖြည်းချင်း စကားပြောလာခဲ့ပြီး ယခင်ကကဲ့သို့ အေးစက်မနေတော့ပေ။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည် “ လူတွေကို သွားမေးကြည့်လိုက် နင်သိလာရလိမ့်မယ်။ ငါ လုချန်ရှန်းက မလိမ်တတ်ဘူး။ ရှောင်ဟေးနဲ့ ငါ့ရဲ့ ဆက်ဆံရေးအရဆိုရင် ငါက ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ “
ထိုအခိုက်အတန့်တွင် ပန်အမျိုးသမီးက အံ့ဩမှင်သက်ကာ ရှက်သွေးဖြာသွားခဲ့သည်။
သူမက လှပသော်လည်း သူမ၏စိတ်သဘောထားကြောင့် ထိုကဲ့သို့သော စကားမျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။ ၎င်းတို့ကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားလိုက်ရသည့်အတွက် သူမသည် အနည်းငယ် မှင်သက်ကာ မိုးကြိုးချောက်နက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး အတွေးနက်သွားခဲ့၏။
ထိုစဥ် လုချန်ရှန်းက ထပ်မံ၍ မေးမြန်းလိုက်သည် “ အကြောင်းအရာ ပြောင်းဦးမှပဲ။ မိုးကြိုးတာအိုရဲ့ မူလအရင်းအမြစ်ကို ရခဲ့လား “
“ မရခဲ့ဘူး “
ပန်အမျိုးသမီးသည် ငြင်သာစွာ တုံ့ပြန်လာခဲ့သည် သူမ၏ မျက်နှာက နီရဲနေစဲဖြစ်ပြီး သူမ၏အတွေးများ ယောက်ယက်ခတ်နေလျက်ရှိ၏။
လုချန်ရှန်းမှာလည်း ချောက်နက်ကို ငေးကြည့်မိနေတော့သည်။ ငါ့တစ်ယောက်တည်းကိုပဲ တကယ်ကြီး ပေးခဲ့တာများလား။
ထို့နောက်တွင် လူများသည် ချောက်နက်အတွင်းမှ တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာကြသည်။ သူတို့ ပြန်ရောက်လာသည့် အချိန်တွင် ပန်အမျိုးသမီးနှင့် လုချန်ရှန်းတို့ ပြန်ရောက်နေပြီဆိုသည်ကို မြင်တွေ့သွားကြသည် သူတို့၏ အမူအရာများကို ကြည့်ခြင်းအားဖြင့် သူတို့က မူလအရင်းအမြစ်ကို မရရှိခဲ့သည့်ပုံပင်။
သို့ရာ၌ ပန်အမျိုးသမီးကို ကြည့်လိုက်သည့် အချိန်တွင် သူတို့အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ သူမက မိုးကြိုးချောက်နက်ကိုသာ ငေးကြည့်နေလျက်ရှိပြီး သူမ၏ မျက်နှာလေးပေါ်တွင် ရှိနေခဲ့သည့် ရှက်ရွံ့မှုက မည်သို့မျှ မပျောက်ကွယ်သွားခဲ့ပေ။
၎င်းက ပုံမှန်မြင်တွေ့နေကျ ပန်အမျိုးသမီး မဟုတ်ပေ။
ထိုစဥ် ရွှေတောင်ပံ ပန်ဘုရင်လေးပါ ရောက်ရှိလာခဲ့၏။
သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြင့် ပြန်ရောက်လာခဲ့ကြသည် သူတို့က ကံတရားတန်ကြေးကို ပေးဆပ်ခဲ့ရသော်လည်း အခွင့်အလမ်းကို မဖမ်းဆုပ်နိုင်ခဲ့ကြပေ။
ပန်ဘုရင်လေးမှာလည်း အဆိုပါ ရလဒ်ကို မလိုလားဘဲ သူ၏ အစ်မဖြစ်သူကို မေးမြန်းရန် ပြင်လိုက်သည် သို့သော် သူသည် သူမက တစ်ခုခုလွဲချော်နေသည်ကိုသာ မြင်တွေ့လိုက်ရ၏။
တစ်ခြားလူများ မတက်လာခင် အချိန်ကတည်းက သူမက ထိုကဲ့သို့ ဖြစ်နေခဲ့ကြောင်းနှင့် သူမနှင့် လုချန်ရှန်းနှစ်ဦးတည်းသာ ဤနေရာတွင် ရှိနေခဲ့ကြောင်းကို သိခဲ့ရပြီးသည့်နောက်တွင် သူ၏အမူအရာ ပြောင်းလဲသွားသည်။
နှစ်ကြိမ်အထိ အော်ခေါ်လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုကိုမှ မရခဲ့သည့် အချိန်တွင် ချက်ချင်းမေးခွန်းထုတ်လိုက်သည်။
“ လုချန်ရှန်း မင်းက ငါ့အစ်မကို ဘာလုပ်ခဲ့တာလဲ “
“ ဟမ် “
လုချန်ရှန်းမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ပန်ဘုရင်လေးက ရှေ့တက်လိုက်တော့မည့် အချိန်တွင် ပန်အမျိုးသမီးမှာ သတိပြန်ဝင်လာကာ တုံ့ပြန်လာခဲ့၏ “ သူနဲ့ ဘာမှမဆိုင်ပါဘူး ငါအတွေးနက်သွားလို့ပါ “
ထိုစကားက လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေခဲ့၏။
ပန်ဘုရင်လေးသည် ပန်အမျိုးသမီးကို ငေးကြည့်နေခဲ့ပြီး ထို့နောက်တွင် လုချန်ရှန်းကို လှည့်ကြည့်ကာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည်။
“ အစ်မ သူလှည့်စားတာကို မခံရစေနဲ့ “
“ ဘာကြီးလဲ “ ပန်အမျိုးသမီးမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ပန်ဘုရင်လေးက စကားဆက်ပြောနေတော့၏ “ သူ့မျက်နှာကြောင့် အရူးလုပ်ခံလိုက်ရလို့ မဖြစ်ဘူး။ အရင်တုန်းက အဲ့လူက လူတွေကို လှည့်စားဖို့အတွက် သူ့ရဲ့မျက်နှာကို သုံးနေခဲ့တာ နတ်ကောင်းကင်ဂိုဏ်းရဲ့ လအရှင်သခင်ကတောင် သူ့ကို စွဲလမ်းနေတယ်။ နင်က စိတ်ရှင်းရှင်းထားမှ ဖြစ်မယ် “
ပန်ဘုရင်လေး၏ မျက်ဝန်းများအတွင်းတွင် သတိတကြီးဖြစ်နေသည့် အရိပ်အငွေ့များ ကိန်းအောင်းနေလျက်ရှိ၏။ သူဝန်မခံချင်သော်လည်း လုချန်ရှန်းက အမှန်ပင် ကြောက်ခမမ်းလိလိ ချောမောလွန်းလှသည် သူတို့သည် ထိုကဲ့သို့သော လူငယ်တစ်ဦးကို တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ဖူးချေ။
ချင်းယီက လုချန်ရှန်းဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ထိုနှင့်ပတ်သက်သည့် ကိစ္စတော်တော်များများကို အထူးတလည် စုံစမ်းမေးမြန်းခဲ့၏။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက ချက်ချင်းမကျေမနပ်ဖြစ်သွားကာ စကားဝင်ပြောလာခဲ့သည် “ ရင်ဖုန်း အဲ့တာက အသရေဖျက်နေတာနော်။ ငါက ငါ့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုပဲ မှီခိုခဲ့တာကွ ရုပ်ရည်ကို ဘယ်တုန်းက အားကိုးခဲ့ဖူးလို့လဲ “
“ ဟမ့် မင်းမလုပ်ဘူးဆိုတာကို ဘယ်သူက သိ …….. “
သူ့စကားမဆုံးခင် အချိန်မှာပင် ပန်အမျိုးသမီးက ကြားဖြတ်ပြောလာခဲ့၏ “ သူ့ကြောင့် မဟုတ်ပါဘူး တစ်ချို့ကိစ္စလေးတွေကို မှတ်မိသွားလို့ပါ “
“ ကောင်းတယ် “
ပန်ဘုရင်လေးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။ ထိုကဲ့သို့သော လူစားမျိုးက လူရှုပ်လူပွေနှင့်တူသောကြောင့် သတိတကြီး စောင့်ကြပ်ရမည် ဖြစ်သည်။
သို့ရာတွင် ပန်အမျိုးသမီးက သူ့အရှေ့မှာပင် ဂရုတစိုက် ငေးမောကြည့်ရှုကာ တုံ့ပြန်လာခဲ့သည် “ ဒါပင်မဲ့ သူက တကယ်ကို အရမ်းချောလွန်းတယ် ‘ လမ်းမထပ်က ကျောက်စိမ်းလို လူကြီးလူကောင်း ကမ္ဘာပေါ်က ပြိုင်ဘက်ကင်း လူငယ်သခင်လေး ‘ ဆိုတာက အဲ့လိုမျိုးပဲ “
“ အဲ့တာ ……….. “
ပန်ဘုရင်လေးမှာ စိုးရိမ်တကြီး ဖြစ်သွားတော့သည်။ ၎င်းက သူ၏ အစ်မကြီးဖြစ်သည် သူက သူမကို သေချာပေါက် ကာကွယ်ပေးကာ အဆိုပါ လူပွေလူရှုပ်၏ လှည့်စားခြင်းကို မခံရစေရန် တားဆီးရမည် ဖြစ်သည်။
ထို့နောက်တွင် ဝူရွှမ်ပါ ပြန်ရောက်လာခဲ့ပြီး ရှင်းယွင်မှာလည်း သူ့အနောက်မှ ကပ်ပါလာခဲ့၏။ ရှန်လင်းမှတစ်ပါး လူတိုင်း ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
အားလုံး၏ အကြည့်များသည် တစ်ဦးအပေါ်တစ်ဦး ကျရောက်နေခဲ့ပြီဖြစ်သည် အထူးသဖြင့် လျှပ်စီးကျီပင်ဖြစ်သည်။ သူသည် မည်သူကမှ မိုးကြိုးတာအို အရင်းအမြစ်ကို မရရှိခဲ့ဘူးဆိုသည်ကို အတည်ပြုနိုင်သွားပုံရသည်။
သူက မိုးကြိုးတာအိုနှင့် မွေးဖွားလာခဲ့သည့် လူတစ်ဦးဖြစ်ပြီး တစ်စုံတစ်ဦးက မိုးကြိုးတာအို မူလအရင်းအမြစ်ကို ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် ထိုလူ၏ စူးရှထက်မြက်သည့် အရှိန်အဝါက အပြည့်အဝ ပေါ်ထွက်နေကာ ထိန်းချုပ်၍ မရသော စွမ်းအားက လျှံထွက်နေမည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
လုချန်ရှန်းကမူ ၎င်းတို့အားလုံးကို လျစ်လျူထားခဲ့သည်။ သူသည် ရှင်းယွင်ကို စောင့်ဆိုင်းရန်အတွက်သာ ဤနေရာတွင် ဆက်နေခဲ့ခြင်းဖြစ်သည်။ သူသည် အပြစ်ရှိစိတ်ကို ခံစားနေရသောကြောင့် သူအဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါတွင် စိတ်သက်ရာရကာ လှည့်ထွက်သွားတော့သည်။
လူတိုင်း ငေးကြည့်လိုက်ကြသော်လည်း ဘာမှမပြောခဲ့ကြပေ။
ရှင်းယွင်မှာလည်း လုချန်ရှန်းထံမှ မည်သည့်ပြောင်းလဲမှုမျိုးကိုမှာ အာရုံမခံမိခဲ့ပေ ထို့ကြောင့် သူသည် ထပ်မံ၍ မေးမြန်းမနေတော့ဘဲ နှုတ်ဆက်ကာ ထွက်သွားခဲ့သည်။
အခွင့်အလမ်းကို မရခဲ့သော်လည်း မိုးကြိုးအဆောင်များကို ရှာဖွေရဦးမည် ဖြစ်သည်။ ရုပ်ခန္ဓာကို ပြုပြင်နိုင်သည်ဖြစ်စေ မိုးကြိုးတာအိုကို နားလည်ဖြစ်စေ သူရပ်တန့်နေမည် မဟုတ်ပေ။
ထိုစဥ် လုချန်ရှန်းကမူ မိုးကြိုးရေကန် အနည်းငယ် ရှာတွေ့သွားကာ မိုးကြိုးအဆောင်များကို အကုန်အစင် အသုံးပြုခဲ့ပြီးမှ ထိုနေရာမှာ ထွက်သွားခဲ့၏။
သို့သော် တောင်တန်းဒေသအတွင်းတွင် ဒေါသတကြီး ဟိန်းဟောက်သံများ ထပ်မံ၍ ပျံ့လွင့်လာခဲ့သည် ထိုလူများ၏ ကျိန်ဆဲမှုများက ကောင်းကင်ဘုံကိုပင် လှုပ်ရမ်းသွားစေပြီး တောင်တန်းများကို အချိန်အတော်ကြာ တုန်ခါသွားစေခဲ့၏။ သူတို့၏ ဒေါသများ ပွက်ပွက်ဆူနေခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်း တတိယအချီ ရိတ်သိမ်းမှုကို ပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။ သို့ရာ၌ ယခင်နှစ်ကြိမ်က သင်ခန်းစားများကြောင့် ထိုလူများက ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။
သို့သော် လုချန်ရှန်းမှာ ယခင်နှစ်ကြိမ်ကထပ်ပင် ပိုမိုမောက်မာနေခဲ့၏။ ယခင်က တိတ်တဆိတ် ချုံခိုတိုက်ခိုက်ခြင်းကိုသာ ပြုလုပ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ပေါ်ပေါ်ထင်ထင် လုယက်ခဲ့ပြီး လူတိုင်းကို မြေပြင်ပေါ်သို့ ဖိချကာ ထပ်မံ၍ အနိုင်ကျင့်ဗိုလ်ကျနေခဲ့၏။
--
…………………………………………………………………………………………………………………………………