အခန်း ၂၁၀
Vol. 14 Ch. 210
အပိုင်း ( 210 )
ငါ့ကို ချောင်းတိုက်မလို့လား
လုချန်ရှန်း၏ အသံပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
သူတို့သည် တစ်ဦးပြီးတစ်ဦး မျက်မှောင်ကြုတ်သွားကြသည်။
အဲ့တာက ဘာစကးကြီးလဲ။ ငါတို့က ဘိုင်ပြတ်နေတယ်ဟုတ်လား။
လူတစ်ဦးချင်းစီတိုင်းက အင်အားစုကြီးတစ်ခုထံမှ ရောက်လာကြခြင်း ဖြစ်ပြီး သူတို့ထံတွင် ငွေတစ်သန်း မရှိစရာ အကြောင်းမရှိချေ။
လူအုပ်ကြီးသည် အချိန်အတော်ကြာ ဆွေးနွေးပြောဆိုနေခဲ့ပြီး အလျှော့အတင်းလုပ်ကာ ဈေးဆစ်ခဲ့ပြီးသည့်နောက်တွင် အဖွင့်ဈေးက သုံးသိန်းဖြစ်သည်ဟု သဘောတူလက်ခံခဲ့ကြသည်။
အားလုံးသည် မည်သည့်အတွက်ကြောင့် သုံးသိန်းဖြင့် စတင်ရလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြ၏။
မည်သူကမှ တစ်သန်းမပေးလိုကြပေ။ အဓိက အကြောင်းအရင်းမှာ အိမ်မက်ရှိသော်လည်း လက်ထဲတွင် ငွေမရှိသည့်လူများကို နေရာပေးရန်အတွက် ဖြစ်သည် လက်ဖွာကာ ငွေကို ရေလိုသုံးနိုင်သည့် လူကမူ အနည်းငယ်မျှသာ ရှိပေသည်။
လုချန်ရှန်းကမူ အလုပ်ကြိုးစားရမည်ကို ကြောက်ရွံ့မနေခဲ့ချေ ပိုမိုကြိုးစားအားထုတ်ရန်အတွက်ပင် စိတ်အားထက်သန်နေလျက်ရှိ၏။
“ လာခဲ့ “ အရာအားလုံး ပြီးဆုံးသွားခဲ့သည့်နောက်တွင် ဟီယုက အရင်ဦးဆုံး နေရာယူကာ စကားစပြောလာခဲ့၏။
သို့ရာတွင် လုချန်ရှန်းကမူ မျက်မှောင်ကြုတ်ကာ တုံ့ပြန်လိုက်သည် “ ဘာတွေလောနေတာလဲ။ ငွေတောင်မရသေးဘူးလေ။ ပြီးတော့ မင်းတို့က ငါ့ကို ယွမ်နယ်မြေထဲမှာ တိုက်ချင်တယ်ဆိုတာ သေချာရဲ့လား “
သူသည် ထိုကိစ္စကို အတော်ပင် သတိထားနေခဲ့၏.
လူအများစုက တောင်ပိုင်းဒေသမှ မဟုတ်ကြပေ ထို့ကြောင့် သူတို့က တောင်ပိုင်းဒေသ၏ ကိစ္စရပ်များကို သိနေမည် မဟုတ်ပေ သို့သော် ယွမ်နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့သည့်နောက်တွင် သူတို့က ချင်းယီ၏ ဒဏ္ဍာရီများကို အတိုင်းအတာတစ်ခုလောက်အထိ ကြားထားသင့်ပေသည်။
ဒီမှာတိုက်မယ်ဆိုရင် ငါက သူတို့ကို အနိုင်ကျင့်သလို မဖြစ်သွားဘူးလားဟ။ ငါက အဲ့လိုလူမျိုး မဟုတ်ဘူးလေ။
“ အဲ့တာဆိုရင် မင်းဘာလုပ်ချင်တာလဲ “ ဟု ဟီယုက မေးမြန်းလိုက်၏။
လုချန်ရှန်းသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ တုံ့ပြန်လိုက်သည် “ မင်းတို့တွေက အများကြီးရှိပါတယ်ကွာ။ လူတစ်ချို့ကတော့ ကောင်းကင်ဘုံ အကယ်ဒမီ မဖွင့်ခင် အချိန်မှာ ဒီကိုလာဖို့ အချိန်ရဦးမှာပဲလေ။ မင်းတို့တွေ တန်းစီထားလို့ရတယ် တစ်ယောက်ချင်းစီတိုင်းအတွက် အချိန်နဲ့ နေရာကို အတည်ပြုပေးမယ်။ အဲ့တာဆိုရင် မင်းတို့က မင်းတို့ရဲ့ ဝိညာဥ်ကျောက်တုံးတွေကိုပဲ ယူလာဖို့ လိုအပ်တယ် “
“ ??? “
လူတိုင်း အတွေးနက်သွားကာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားသွားကြရ၏။
သူတို့သည် ကျော်ကြားမှုကို ရရှိရန်အလို့ငှာ သူ့ကို လာရောက်စိန်ခေါ်ကြခြင်း ဖြစ်သည် သို့သော် သူတို့က ဝိညာဥ်ကျောက်တုံးများနှင့် တန်းစီနေရတော့မည့်ပုံပင်။
ထိုခံစားချက်မှာ အတော်ပင် ထူးဆန်းလှ၏။
အဆုံးတွင် သူတို့က အရာရာတိုင်းကို သဘောတူလက်ခံလိုက်ကြသည်။ ပထမဦးဆုံး တိုက်ခိုက်ရမည့် လူမှာ မြောက်ပိုင်းဒေသ၏ ပါရမီရှင်ဖြစ်သူ ယန်ရီပင် ဖြစ်သည်။ အချိန်က နောက်သုံးရက်အကြာဖြစ်ပြီး တည်နေရာမှာ ထျန်းယွမ်မြို့ ဖြစ်၏။
ထို့နောက်တွင် လုချန်ရှန်းသည် တစ်ခြားလူများနှင့်ပါ အချိန်နှင့်နေရာများကို တစ်ဦးချင်းစီ အတည်ပြုပေးနေခဲ့၏။
၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် သူသည် ယွမ်နယ်မြေမှ ထွက်သွားခဲ့သည်။
သို့သော် ထိုသတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး တစ်ကမ္ဘာလုံးကို ထပ်မံ၍ အံ့ဩတုန်လှုပ်သွားစေခဲ့ပြန်သည်။
လူတိုင်း ကြောင်တောင်တောင် ဖြစ်သွားကြ၏ သူတို့သည် လူတစ်ဦးကို စိန်ခေါ်တိုက်ခိုက်ရန်အတွက် ဝိညာဥ်ကျောက်တုံးများ ပေးရသည့်အပြင် တန်းစီ၍ စောင့်ဆိုင်းနေရသည့် ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ချေ။
အကယ်၍ သာမန်လူတစ်ဦးသာဆိုပါက တိုက်ခိုက်ရမည်ကို အထင်သေးခြင်းသော်လည်းကောင်း မတိုက်ရဲခြင်းသော်လည်းကောင်း တစ်ခုမဟုတ်တစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သို့သော် လုချန်ရှန်းကမူ ငွေအတွက် ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး ရောက်လာသည့်လူတိုင်းကို ကြိုဆိုသည်ဆိုသည့်မူကို လက်ကိုင်ထားနေခဲ့၏။
သူ့ကို သိသည့် လူများကပင် အံ့ဩတကြီး ဖြစ်သွားကြသည်။
မိုချင်မှာလည်း လုချန်ရှန်းက သူတို့နှစ်ဦးဆုံတွေ့ခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် ထိုလူက ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်လုံးတွင် တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့သည့် ကိစ္စကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ရင်နန်ဟိုင်မှာလည်း အံ့ဩတကြီး ဖြစ်သွားခဲ့၏။ တည်နေရာက ထျန်းယွမ်မြို့ဖြစ်သောကြောင့် သူသည် လုချန်ရှန်းကို အလောတကြီး သွားရှာလိုက်သည်။
ရှောင်ဟေးမှာလည်း ထိုသတင်းကို ကြားလိုက်ရသည့် အချိန်တွင် အမူအရာ ရှုံ့မဲ့သွားခဲ့သော်လည်း ဘာမှမပြောလိုက်ပေ။ သူသည် ထိုကဲ့သို့သော လုပ်ဆောင်မှုမျိုးနှင့် နေသားကျနေခဲ့ပြီဖြစ်သည်။
သူသည် လုချန်ရှန်းလုပ်သမျှအရာရာတိုင်းက ပုံမှန်သာဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။
ကူချန်ကျွင်းမှာလည်း သုံးလကြာပျောက်ဆုံးနေခဲ့သည့် တပည့်ဖြစ်သူ၏ သတင်းကို ထိုကဲ့သို့သော နည်းလမ်းမျိုးဖြင့် ကြားသိလိုက်ရ၏။
လုချန်ရှန်း၏ စီနီယာအစ်ကိုနှစ်ဦးဖြစ်သည့် ကျိုးချင်ယုနှင့် ယဲ့တျန်ရီမှာလည်း မှင်သက်ဆွံ့အကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့၏။
“ သူဘာတွေ လုပ်နေတာလဲ “ ကူချန်ကျွင်းက မေးမြန်းလိုက်၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် လောင်လျူက အေးအေးလူလူ ပြန်ပြောလိုက်သည် “ သေချာပေါက် ငွေရှာနေတာပေါ့ “
“ သူ့ဆီမှာ ဝိညာဥ်ကျောက်တုံးတွေ အဲ့လောက်တောင် ပြတ်လပ်နေတာလား “
“ ကျုပ်သိရသလောက်အရဆိုရင်တော့ တော်တော်လေးကို ပြတ်လပ်နေတယ် သူက ဝိညာဥ်ကျောက်တုံးတွေကို ဘာအတွက် လိုနေတာလဲဆိုတာကိုတော့ ကျုပ်မသိဘူး “ လောင်လျူသည် စုတ်တသပ်သပ် ဖြစ်သွားခဲ့၏။ ယခင်က သူကြားခဲ့ရသော ကောလဟာလများအရ လုချန်ရှန်းက ဤနေရာသို့ ရောက်ရှိနေသည်မှာ သိပ်မကြာသေးသော်လည်း သူ့ထံတွင် ကြယ်ဝချမ်းသာမှုကို စုဆောင်းနိုင်သည့် စွမ်းရည်တစ်ခု ရှိသည်ဟု သိရှိခဲ့ရ၏။
တစ်နှစ်မပြည့်သေးခင် အချိန်မှာပင် သူသည် ဝိညာဥ်ကျောက်များကို သန်းရာနှင့်ချီ၍ ရရှိခဲ့၏ သို့သော် ထိုအကောင်မှာ ၎င်းကိုပင် စိတ်မကျေနပ်နိုင်သေးပေ။
ကူချန်ကျွင်းသည် ဆွံ့အကာ သူ့တပည့်ဖြစ်သူက ဘာလုပ်ချင်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည် သို့သော် ရတနာစံအိမ်/ရတနာတိုက်သို့ ရှောက်ရှိသွားသည့် အချိန်တွင်မူ သူသည် နေရာမှာပင် အေးခဲတောင့်တင်းသွားခဲ့သည်။
ကြီးမားကျယ်ဝန်းသော ရတနာတိုက်အတွင်းတွင် ပြန့်ကျဲနေသည့် ပစ္စည်းအနည်းငယ်မျှသာ ကျန်နေခဲ့၏။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် သတ်မှတ်ထားသော အချိန်နှင့် နီးကပ်လာခဲ့ပြီဖြစ်သောကြောင့် တည်နေရာကို ထျန်းယွမ်မြို့၏ အပြင်ဘက်တွင် ရွေးချယ်လိုက်၏။
ကူချန်ကျွင်းက အင်အားစု အားလုံးကို ဟန့်တားထားခဲ့သော်လည်း သူသည် အလစ်ငိုက်တိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် လိုရမယ်ရအနေဖြင့် အနီးအနားတွင် အစီအရင်တစ်ချို့ တည်ဆောက်ထားခဲ့သည်။
မည်သည့်ပြဿနာမှ မရှိဘူးဆိုသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူသည် စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ကာ ထျန်းယွမ်မြို့သို့ ပြန်ရန် ပြင်လိုက်သည်။
“ တစ်ယောက်ကို သုံးသောင်း ဆယ်ယောက်ဆို သုံးသန်း တစ်ခြားအခကြေးငွေတွေကိုပါ ထည့်တွက်လိုက်မယ်ဆိုရင် ဒီတစ်ကြိမ် ငါရမဲ့ ဝိညာဥ်ကျောက်တုံးတွေက ဘယ်လောက်တောင် များနေလိုက်မလဲ “ လုချန်ရှန်းမှာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
ဒီတစ်ကြိမ်မှာ မထင်မှတ်ထားသည့် ကြယ်ဝချမ်းသာမှုဖြစ်သည်။ ဤစီးပွားရေးက အမှန်ပင် အမြတ်ထွက်နေခဲ့ပြီး တစ်ခြားလူများအတွက် ကောင်းကင်ဘုံ ကပ်ဘေးကို တားဆီးပေးရခြင်းထပ်ပင် ကုန်ကျစားရိတ် ပိုနည်းနေလျက်ရှိ၏။ ၎င်းမှာလည်း ရေပန်းစားနေခဲ့ပြီဖြစ်ကာ လူဆယ်ဦးကျော် စာရင်းသွင်းထားခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်စေကာမူ ယခုလက်ရှိအချိန်တွင် အကျော်ကြားဆုံး ပါရမီရှင်က လုချန်ရှန်း ဖြစ်နေခဲ့ပြီး သူ့ကို အနိုင်ယူခြင်းက ကျော်ကြားမှုနှင့် ကံကြမ္မာကောင်းတို့ကို ယူဆောင်ပေးလာမည် ဖြစ်သည်။
လုချန်ရှန်းမှာလည်း ထိုအတိုင်းသာ တွေးနေခဲ့လေသည်။ လူများများ ပိုရောက်လာလေလေ ထိုလှည့်ကွက်ကို ပိုမိုအသုံးချနိုင်လေလေပင်။
မကြာခင် အချိန်မှာပင် ချမ်းသာလာတော့မည်ဆိုသည့် အတွေးတို့ဖြင့် သူပျော်ရွှင်နေစဥ် အချိန်မှာပင် ထျန်းယွမ်မြို့ အပြင်ဘက်တွင် ပုံရိပ်အများအပြား ပေါ်လာခဲ့ကာ သူ့ကို အဝေးမှ ငေးကြည့်နေခဲ့၏။
“ အဲ့တာက လုချန်ရှန်းလား “ လူတစ်ဦးက မေးမြန်းလာခဲ့ပြီး သူ၏ မျက်ဝန်းများအတွင်းတွင် ထူးဆန်းသော အလင်းတန်းတစ်ခု ကိန်းအောင်းနေလျက်ရှိ၏။
နောက်လူတစ်ဦးက ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ အတည်ပြုခဲ့ပြီးပါပြီ သူပါပဲ “
“ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ သူက ဒီလိုကိစ္စကြီးတစ်ခုကို ဖြစ်လာစေခဲ့တယ်ဆိုတာက တကယ်ကြီးလား “
“ သူက ဓားနှလုံးသား သန့်စင်မှုကို ပိုင်ဆိုင်ထားတယ်လို့ ပြောကြပါတယ် အဲ့တာက တော်တော်လေး ထူးခြားပါတယ် “
ထိုစကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတစ်ဦးကသာလျှင် လူ၏ လက်ဖဝါးကို ဖွင့်ဟလိုက်သည် တစ်လက်မအရွယ်ရှိ ပုံရိပ်တစ်ခု ပေါ်လာခဲ့ပြီး လေနှင့်ထိတွေ့ကာ တဖြည်းဖြည်းကြီးထွားလာခဲ့ပြီး လူတစ်ရပ် အရွယ်ရှိ ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
၎င်း၏ အသွင်အပြင်က လူအစစ်နှင့် မည်သို့မျှ ကွာခြားမနေခဲ့ပေ။
လမ်းမထက်တွင် အေးအေးလူလူ လမ်းလျှောက်နေသည့် လုချန်ရှနန်းသည် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားကာ ဘေးသို့ လှည့်ကြည့်လိုက်သည် ပုံရိပ်တစ်ခုက သူ့ကို တိုက်ရိုက်တိုက်ခိုက်လာခဲ့သည်။
“ သူက အဲ့လိုဂုဏ်သတင်းမျိုးနဲ့ ထိုက်တန်တဲ့ စွမ်းရည်မျိုး တကယ်ရှိလားဆိုတာကို တွေ့ချင်မိတယ် “
သက်လတ်ပိုင်း လူတစ်ဦးက စကားထပ်ပြောလာခဲ့၏။
သို့ရာတွင် သူ့စကား မဆုံးခင် ပုံရိပ်က ချဥ်းကပ်သွားသည့်အချိန်မှာပင် လုချန်ရှန်းက အော်ဟစ်လာခဲ့သည် “ ငါ့ကို ချောင်းတိုက်ဖို့ လုပ်နေတာလား “
အဆိုပါ ပုံရိပ် ချဥ်းကပ်လာသောကြောင့် လုချန်ရှန်းသည် ၎င်းကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။ ပုံရိပ်သည် ၎င်း၏လက်ကို မြှောက်ကာ တားဆီးပိတ်ဆို့လာခဲ့သည် သို့သော် ထိတွေ့သွားသည့် အချိန်တွင် ဘမ်းဟူသော အသံနှင့်အတူ ၎င်း၏လက်မောင်း ပြိုကွဲသွားကာ သူ၏လက်ဝါးရိုက်ချက်ကို ကျော်ဖြတ်ခွင့်ပြုလိုက်ရသည်။
ဘုမ်းးးးး
ရိုက်ချက်တစ်ခုတည်းဖြင့် ထိုပုံရိပ်သည် ပခုံးမှတစ်ဆင့် အပြည့်အဝ ပေါက်ကွဲသွားခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ၎င်းကို ကြည့်ရှုစစ်ဆေးလိုက်သော်လည်း သစ်သားစများနှင့် လှုပ်ရှားမှုကင်းမဲ့နေသည့် အပျက်အစီးများကိုသာ မြင်တွေ့လိုက်ရ၏။
“ ဘာတုန်းဟ “
သူသည် မျက်မှောင်တကြုတ်ကြုတ်ဖြစ်သွားကာ ၎င်းက မည်ကဲ့သို့သော ပစ္စည်းမျိုးလဲဆိုသည်ကို မည်သို့မျှ မမှန်းဆနိုင်ခဲ့ပေ။
သို့သော် အဝေးမှ စူးစမ်းလေ့လာနေသည့် လူများကမူ အံ့ဩတကြီး ဖြစ်သွားကြသည်။
“ သူနဲ့ အဆင့်တူတဲ့ ခိုင်ခံ့တဲ့ သစ်သားရုပ်သေးက သူ့တိုက်ကွက်တစ်ခုကြောင့် အပိုင်းပိုင်းအစစ ဖြစ်သွားတာလားဟ “
“ အဲ့တာထပ် ပိုတယ် ရုပ်သေးက တိတ်ဆိတ်ပြီးတော့ ချီလုံးဝမရှိဘူး သူက အဲ့တာကိုတောင် သတိပြုမိခဲ့တယ် ဒီလူငယ်လေးက လုံးဝမရိုးရှင်းဘူးပဲ ”
ရုပ်သေးကို လွှတ်ပေးလိုက်သည့် လူသည် ဘာမှ ဝင်မပြောသော်လည်း သူ၏လက်ဝါးကို ထပ်မံ၍ ဖွင့်ဟလိုက်သည်။ လေထုအတွင်းသို့ ပုံရိပ်သုံးခု ကျဆင်းသွားပြီး ၎င်းတို့အားလုံးက အူတိုင်ဖွဲ့စည်းနယ်ပယ် အဆင့်၇တွင် ရှိနေခဲ့ကာ တစ်ခုသည် အဆင့်၈သို့ပင် ရောက်ရှိနေခဲ့၏။
ထိုပုံရိပ်သုံးခု ထပ်မံ၍ ပေါ်ထွက်လာခဲ့သည့် အချိန်တွင် လုချန်ရှန်း၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
သူ၏ လက်ကို မြှောက်၍ ပတ်ပတ်လည်ကို ရိုက်ချလိုက်ရာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၇ ရုပ်သေးနှစ်ခု ချက်ချင်းပြိုကွဲသွားပြီး အဆင့်၈ ရုပ်သေးကပင် ကြာကြာတောင့်မခံနိုင်ခဲ့ပေ။
“ ဘာသဘောလဲ။ ငါ့ကို ချောင်းတိုက်ဖို့ ကြံနေတာလား “
လုချန်ရှန်းက အော်ဟစ်လာခဲ့သည် သူ၏ စိတ်စွမ်းအားက ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ရုပ်သေးများကို ငေးကြည့်ရင်းဖြင့် သူ၏အကြည့်များ လေးနက်သွားခဲ့သည်။ သူသည် ၎င်းတို့က ဘာလဲဆိုသည်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်များကို မသိပေ။
ချောင်းတိုက်တာလား (ဒါမှဟုတ်) လုပ်ကြံတာများလား။
သို့ရာ၌ တစ်ခဏအကြာတွင် ပုံရိပ်များသည် ညအမှောင်အတွင်းမှ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည် ၎င်းတို့အားလုံးက အဆင့်၈အထက်တွင်သာ ရှိနေခဲ့၏။ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လုချန်ရှန်းကို ခုန်အုပ်လာကြသည်။
တစ်ကမ္ဘာလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ မျက်စိတစ်ဆုံးမြင်နိုင်သမျှတွင် အလင်းတန်းများ လိမ်ယှက်နေလျက်ရှိ၏။ ၎င်းတို့က လူအစစ်များအလား ဖြစ်နေခဲ့သည် သို့သော် ၎င်းတို့၏ မျက်နှာများပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ ၎င်းတို့၏ မျက်လုံးများအတွင်းတွင် မှိုင်းညှို့ညှို့ အရိပ်အငွေ့များသာ ကိန်းအောင်းနေခဲ့၏။
အမှောင်အတွင်းမှ လူများက ထိုနေရာကို စိုက်ကြည့်နေလျက်ရှိပြီး ရုပ်သေးများ စေလွှတ်ခဲ့သည့် လူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာကာ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည်။
“ သူဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာနဲ့ သူက ကောလဟာလတွေထဲကလိုမျိုး အစွယ်ရှိလားဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ ”
ထိုစကားကို မည်သူကမှ မငြင်းပယ်လာခဲ့ပေ အားလုံးသည် ထိုနေရာကိုသာ တိတ်တဆိတ် ငေးကြည့်နေကြ၏။
--
……………………………………………………………………………………………………………………………