အခန်း ၁၉၉
Vol. 14 Ch. 199
အခန်း ၁၉၉ - ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို မတော်တဆ ဝါးမျိုမိခြင်း
“အဲ့ဒီ ကိုးမြီးဝိညာဉ်ကြောင်များလား...”
ဟင်းလင်းပြင်၌ ရွှေတောင်ပံရော့ငှက်၏ မျက်နှာမှာ တည်ကြည်နေပြီး သူ၏ ရွှေရောင်မျက်လုံးသူငယ်အိမ်များအတွင်းမှ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ လှိုင်းတံပိုးများအလား ထွက်ပေါ်နေသည်။ သူသည် အခုလေးတင်မှာပင် ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုတစ်ခုကို ခံလိုက်ရခြင်း ဖြစ်သည်။
သူပိုင်ဆိုင်ထားသော သတင်းအချက်အလက်များအရ ကိုးမြီးဝိညာဉ်ကြောင်မျိုးနွယ်စုမှာ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုပြုနိုင်သည့် မွေးရာပါ နတ်စွမ်းရည်မျိုး မရှိသင့်ချေ။
‘တကယ်လို့ သူတို့မှာ အဲ့ဒီလို စွမ်းရည်ရှိရင်... ဟိုချိုင့်ဝှမ်းထဲမှာတင် ကိုးမြီးဝိညာဉ်ကြောင်က ငါ့ကို ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် အလုခံမှာ မဟုတ်ဘူး...’
ရွှေတောင်ပံရော့ငှက်မှာ တွေးမရအောင် ဖြစ်နေ၏။
‘ဒါဆိုရင်... ကိုးမြီးမြေခွေးမိစ္ဆာများလား...’
ရွှေတောင်ပံရော့ငှက်သည် သူ၏ သံသယကို ကိုးမြီးမြေခွေးမိစ္ဆာထံသို့ ပြောင်းလဲလိုက်သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ထိုအတွေးကို ပြန်လည် မောင်းထုတ်လိုက်ပြန်သည်။ ကိုးမြီးမြေခွေးမိစ္ဆာသည်လည်း ထိုအချိန်က ချိုင့်ဝှမ်းထဲတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ အမြန်နှုန်း နတ်စွမ်းရည်မှာ သူ့ကို မမီနိုင်ရုံတင်မကဘဲ သူ့နောက်ကို ဤမျှ ဝေးကွာသော အကွာအဝေးအထိလည်း လိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ဒါဆိုရင် အဲ့ဒါက ဘယ်သူဖြစ်နိုင်မလဲ...”
အကြိမ်ကြိမ် စဉ်းစားပြီးနောက်တွင်လည်း ရွှေတောင်ပံရော့ငှက်မှာ သူ့ကို မည်သူက ချောင်းမြောင်းတိုက်ခိုက်သွားသည်ကို အဖြေရှာမရ ဖြစ်နေဆဲပင်။ သို့သော် နောက်ဆုံးအချိန်အထိ ကိုးမြီးဝိညာဉ်ကြောင်နှင့် ကောင်းကင်ဝိညာဉ်ကြောင်မလေးတို့မှာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ထိုနှစ်ဦးစလုံး ပျောက်ကွယ်သွားပြီဖြစ်ရာ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို မည်သူခိုးသွားသည်ကို သူတို့ သေချာပေါက် မြင်တွေ့လိုက်ရပေလိမ့်မည်။
“အဲ့ဒီနှစ်ယောက်ကို သွားရှာရမယ်...”
ရွှေတောင်ပံရော့ငှက်သည် သူ၏ခေါင်းကို မော့လိုက်ပြီး အတောင်ပံများကို အသာအယာ ခတ်လိုက်ကာ ကိုးမြီးဝိညာဉ်ကြောင်ကို ရှာဖွေရန် ပြင်လိုက်သည်။
ရုတ်တရက် သူ၏ မျက်လုံးသူငယ်အိမ်များမှာ အနည်းငယ်ပင် ကျုံ့သွားရပေသည်။ သူသည် မိုင်အနည်းငယ် ဝေးကွာသော ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ရွှေရောင်အလင်းလုံးတစ်ခုကို မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ ၎င်း၏ အလယ်တွင် ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်တစ်ပင် ပေါက်ရောက်နေပြီး မှိန်ဖျော့သော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်နေသည်။
“နေထွက်ချိန်မှာ ဆုံးရှုံးခဲ့ရပေမဲ့ နေဝင်ချိန်မှာတော့ ပြန်ရတာပဲ... တကယ့်ကို ကံကောင်းတာပဲ...”
ရွှေတောင်ပံရော့ငှက်၏ မျက်လုံးများအတွင်း၌ ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာခဲ့ပြီး ထိုအခိုက်အတန့်မှာပင် သူသည် ကိုးမြီးဝိညာဉ်ကြောင်ကို ရှာဖွေမည့် အကြံကို ပြောင်းလဲလိုက်တော့သည်။ ယခုအခါ ဤတောင်တန်းကြီးအတွင်း၌ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်များ ပေါများနေပုံရသဖြင့် သူသည် ၎င်းတို့ကို စုဆောင်းရန်အတွက်သာ ဦးစားပေးသင့်ပေသည်။
အတွေးများကို ရှင်းလင်းပြီးနောက် ရွှေတောင်ပံရော့ငှက်မှာ အတောင်ပံများကို ဖြန့်ကာ ပျံသန်းသွားတော့သည်။ ချိုင့်ဝှမ်းအတွင်းသို့ ဆင်းသက်လိုက်ပြီးနောက် သူသည် ငါးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ခြေသည်းတစ်ဖက်ဖြင့် ဆွဲယူလိုက်တော့သည်။ ထိုနတ်ဆေးမြက်ကို ဝါးမျိုပြီးနောက် ရွှေတောင်ပံရော့ငှက်သည် အတောင်ပံခတ်လျက် အခြားနေရာများသို့ ပျံသန်းသွားပြန်သည်။
တောင်တန်းကြီး၏ အနက်ရှိုင်းဆုံးနေရာ၌...
ကြောင်နက်ကြီးသည် ကြောင်မလေးကို ဆွဲခေါ်ကာ ဟင်းလင်းပြင်မှ ဆင်းသက်လိုက်ပြီး ဘေးကင်းသော ချိုင့်ဝှမ်းတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
“ဘုန်း...”
ဆင်းသက်လိုက်သည်နှင့် ကြောင်နက်ကြီး၏ ကိုယ်ခန္ဓာမှာ ယိုင်နဲ့သွားပြီး သွေးတစ်လုတ်ကို ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။ သူ၏ နောက်ကွယ်မှ ကြောင်မလေးသည်လည်း သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။
နှစ်ဦးစလုံးမှာ အပြင်းအထန် ဒဏ်ရာရရှိထားကြခြင်း ဖြစ်သည်။ ကြောင်နက်ကြီး၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားနေပြီး ရွှေတောင်ပံရော့ငှက်နောက်သို့ မနားတမ်း လိုက်လံဖမ်းဆီးခဲ့ရမှုကြောင့် ပိုမို ပြင်းထန်လာခြင်း ဖြစ်သည်။ ကြောင်နက်ကြီး၏ မျက်နှာမှာ ဖြူလျော့နေပြီး သွေးမရှိသကဲ့သို့ ဖြစ်နေသည်။ သူ၏ အသက်ရှူသံများမှာလည်း ထစ်ငေါ့နေပြီး အတွင်းကလီစာများမှလည်း စူးရှသော နာကျင်မှုများကို ခံစားနေရသည်။
“အစ်ကိုကြီး... အဆင်ပြေရဲ့လား... ကျွန်မဆီမှာ ဒဏ်ရာပျောက်ဆေးလုံးတွေ ရှိတယ်... တစ်လုံးလောက် သုံးကြည့်ပါလား...”
ကြောင်မလေးက ဖြူစင်သော ကြွေပုလင်းငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး သွန်ချလိုက်ရာ အထဲမှ ဆေးလုံးနှစ်လုံး ထွက်ကျလာသည်။ တစ်လုံးကို သူမကိုယ်တိုင် ဝါးမျိုလိုက်ပြီး အခြားတစ်လုံးကိုမူ သူ့အား ကမ်းပေးလိုက်သည်။
ကြောင်နက်ကြီးက ခေါင်းခါယမ်းလျက် ငြင်းပယ်လိုက်သည်။
‘တကယ်လို့ ဒီဆေးလုံးက အဆိပ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ...’
သူ စိုးရိမ်နေမိသည်။ သူသည် ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ခက်ခက်ခဲခဲ လုယူနိုင်ခဲ့ခြင်းဖြစ်ရာ ကြောင်မလေးနှင့် ပတ်သက်သည့် မည်သည့် မတော်တဆမှုကိုမျှ အဖြစ်မခံနိုင်တော့ချေ။
သူနှင့် ကြောင်မလေးတို့မှာ သေဘေးနှင့် ဝရုန်းသုန်းကား အခြေအနေများကို အတူတကွ ရင်ဆိုင်ဖြတ်ကျော်လာခဲ့ကြသော်လည်း သူသည် သူမကို အပြည့်အဝ ယုံကြည်ရန်အတွက်မူ ခက်ခဲနေဆဲ ဖြစ်သည်။ ကြောင်နက်ကြီးသည် အားယူလျက် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ကာ အမောဖြေလိုက်ရာ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများမှာ အဆက်မပြတ် စီးကျနေဆဲ ဖြစ်သည်။
‘ငါ့မှာ ဒဏ်ရာပျောက်ဆေးလုံးတွေ မရှိတာ နှမြောဖို့ကောင်းလိုက်တာ... ဒါပေမဲ့...’
ကြောင်နက်ကြီးက သူ၏စိတ်ထဲတွင် ရေရွတ်လိုက်သည်။
ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်တွင် ကုသနိုင်စွမ်းရှိသည်ကို သူ ရုတ်တရက် သတိရလိုက်ရာ သူ၏စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာခဲ့သည်။ ယခုအခါ သူ့ထံတွင် ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် ၅ ပင် ရှိနေပြီဖြစ်ရာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် စမ်းသပ်မှုအတွက် သူ၏ တာဝန်မှာ အခြေခံအားဖြင့် ပြီးမြောက်သွားပြီဟု ဆိုနိုင်ပေသည်။ သို့သော် နောင်တွင် သူ ဆက်လက် ရှာဖွေရဦးမည် ဖြစ်သည်။
သို့ရာတွင် သူက အပြင်းအထန် ဒဏ်ရာရရှိနေပြီ ဖြစ်သည်။ အခြားသော ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်များကို မရှာဖွေမီ သူ၏ ဒဏ်ရာများကို အရင်ဦးဆုံး ကုသရမည် မဟုတ်ပါလား။ ဤသို့ တွေးတောရင်း ကြောင်နက်ကြီးသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် တစ်ပင်ကို ထုတ်ယူလိုက်သည်။
၎င်းမှာ ခြောက်ရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် တစ်ပင် ဖြစ်သည်။
“ဟဲဟဲ...”
ကြောင်နက်ကြီးက ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်တစ်ပင် ထုတ်ယူလိုက်သည်ကို မြင်ရသည့်အခါ ရီယွင်က အနည်းငယ် ရယ်မောလိုက်မိသည်။
‘ဒီလို အချိန်မျိုးမှာလား... သူက တကယ်ပဲ အရည်အသွေး အနိမ့်ဆုံး ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ရွေးပြီး ဝါးမျိုဖို့ လုပ်နေတာလား... အခြေအနေက အန္တရာယ် များနေတဲ့အပြင် သူက လူအများကြီးကိုလည်း သွားဆွထားမိတယ်... တကယ်လို့ သူ တစ်ခုခုကို ဝါးမျိုရမယ်ဆိုရင် အဲ့ဒါက ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ပဲ ဖြစ်သင့်တယ်မဟုတ်လား...’
ရီယွင်က တွေးလိုက်သည်။
သူ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး သိသိသာသာမဟုတ်သော ဝိညာဉ်စွမ်းအင် အမိန့်တစ်ခုကို ပေးပို့လိုက်သည်။ ထိုအမိန့်မှာ ကြောင်နက်ကြီး၏ စိတ်ထဲသို့ ရောက်ရှိသွားပြီး သူ၏ အတွေးများကို စတင် လွှမ်းမိုးလိုက်တော့သည်။
ကြောင်နက်ကြီးမှာ ခေတ္တမျှ မိန်းမောသွားပုံရပေသည်။ သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို မြှောက်လျက် တစ်ဦးတည်း ရေရွတ်လိုက်သည်။
“ဒီထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ရဲ့ အစွမ်းက နည်းနည်းတော့ အားနည်းနေသလိုပဲ... တခြားတစ်ပင်နဲ့ ပြောင်းလိုက်ရင် ပိုကောင်းမလား...”
ကြောင်မလေး၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး သူမက အလျင်အမြန် တိုက်တွန်းလိုက်သည်။
“ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်က အစွမ်းဆုံးပဲ အစ်ကိုကြီး... အဲ့ဒါကို အခုချက်ချင်းပဲ ဝါးမျိုလိုက်ပါလား...”
“မင်းက ဘာသိလို့လဲ... ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ဆိုတာ အလွန်ပဲ ရှားပါးပြီး ရဖို့ ခက်ခဲလွန်းတာ... ငါကိုယ်တိုင် ဝါးမျိုလိုက်ရင် အလဟဿ ဖြစ်သွားမှာပေါ့... ဒီအကောင်းဆုံးအပင်ကိုတော့ ဂိုဏ်းချုပ်ကိုပဲ ပေးသင့်တာ...”
ကြောင်နက်ကြီးက ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
သူ ပြောနေစဉ်မှာပင် သူ၏ မျက်လုံးများအတွင်း၌ ဝေခွဲမရဖြစ်နေသော အမူအရာတစ်ခုမှာ ဝင်းလက်သွားခဲ့သည်။ သူ၏ မသိစိတ်က ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ဝါးမျိုရန် တိုက်တွန်းနေပုံရသော်လည်း သူ၏ အသိစိတ်ကမူ ငြင်းပယ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ် ဟုတ်လား... အစ်ကိုကြီးက ဂိုဏ်းတစ်ခုခုထဲကို ဝင်ထားတာလား...”
ကြောင်မလေးက သိလိုစိတ်ဖြင့် ပြုံးလျက် မေးလိုက်သည်။
“ဒါပေါ့... ဒါပေမဲ့ နောက်ထပ် ထပ်မမေးနဲ့တော့... ဒီအကြောင်းကို ဒီမှာပဲ ရပ်လိုက်ကြရအောင်...”
ကြောင်နက်ကြီးက မျက်ခုံးပင့်လျက် တည်ကြည်စွာ ပြန်လည် တုံ့ပြန်လိုက်သည်။
ကြောင်နက်ကြီးမှာ ခေါင်းမာစွာဖြင့် ငြင်းဆန်နေဆဲဖြစ်သည်ကို မြင်ရသည့်အခါ ရီယွင်၏ မျက်လုံးများမှာ ထပ်မံ ဝင်းလက်သွားပြီး နောက်ထပ် ဝိညာဉ်ရေးရာ အမိန့်တစ်ခု သူ၏ စိတ်ထဲသို့ ရောက်ရှိသွားပြန်သည်။ ကြောင်နက်ကြီး၏ မျက်လုံးများအတွင်း၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“လက်ရှိ အခြေအနေက အန္တရာယ် များလွန်းတယ်... ငါ ပိုကောင်းတဲ့ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကိုပဲ ဝါးမျိုသင့်တယ်... ဟုတ်တယ်... အဲ့ဒါ ငါ လုပ်သင့်တဲ့ အရာပဲ... ဒါက အခုလောလောဆယ် အကောင်းဆုံး ရွေးချယ်မှုပဲ...”
ကြောင်နက်ကြီးက တစ်ဦးတည်း ရေရွတ်လိုက်သည်။ သူ ပြောနေစဉ်မှာပင် သူ ကိုင်ထားသော ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို သိုလှောင်လက်စွပ်အတွင်းသို့ ပြန်ထည့်လိုက်ပြီး ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ထုတ်ယူလိုက်တော့သည်။
ဤ ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်မှာ ၎င်း၏ အရွက်ကိုးရွက်မှနေ၍ မှိန်ဖျော့သော နတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ်နေပြီး မှောင်မည်းနေသော ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
“...”
ကြောင်မလေးသည် ဤကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိပြီး သူမ၏ မျက်လုံးများမှာလည်း ပြင်းပြသော အလိုဆန္ဒများကြောင့် တောက်လောင်နေကာ အသက်ရှူသံများမှာလည်း ပြင်းထန်လာတော့သည်။ ဤအရာကို မြင်တွေ့ရသည့်အခါ မည်သူမျှ စိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။ သို့သော် ကြောင်မလေးမှာမူ ဤကဲ့သို့သော အချိန်မျိုးတွင် သူ၏ အားနည်းချက်ကို အခွင့်ကောင်းမယူသင့်ကြောင်း သိရှိထားပေသည်။
ကြောင်နက်ကြီးသည် ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို စိုက်ကြည့်လိုက်ပြီးနောက် သူ၏ မျက်လုံးများအတွင်း၌ ရုန်းကန်နေသော အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့ကာ နောက်ဆုံးတွင် ထိုနတ်ဆေးမြက်ကို သူ၏ ပါးစပ်အတွင်းသို့ ထည့်လိုက်တော့သည်။ သူသည် မျက်လုံးများကို ပိတ်လိုက်ပြီးနောက် ဤကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို စတင် သန့်စင်လိုက်တော့သည်။
ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်မှာ သူ၏ ကိုယ်ခန္ဓာအတွင်းသို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် မဖော်ပြနိုင်သော ဝိညာဉ်စွမ်းအားများနှင့် ချီစွမ်းအင်များမှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့သည်။
“ဝူး... ဝူး...”
ကြောင်နက်ကြီး၏ ကိုယ်ခန္ဓာမှာ စတင် ဖောင်းကားလာပြီး ပေါက်ကွဲထွက်တော့မည့်အတိုင်း ထင်မှတ်ရသည်။ အနီးတွင် စောင့်ကြည့်နေသော ကြောင်မလေးမှာ ထိတ်လန့်သွားရ၏။ သူမသည် အလျင်အမြန်ပင် ခပ်လှမ်းလှမ်းသို့ နောက်ဆုတ်လိုက်ပြီးနောက် ဖောင်းကားနေသော ဘောလုံးတစ်ခုနှင့် တူနေသည့် ကြောင်နက်ကြီးကို ကြောက်လန့်တကြား စိုက်ကြည့်နေတော့သည်။
‘ဒီကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ရဲ့ ဆေးစွမ်းက တကယ်ကို ပြင်းထန်တာပဲ...’
ရီယွင်က အနည်းငယ် ပြုံးလျက် တွေးလိုက်သည်။
သူ၏ မျက်လုံးများအတွင်းရှိ ကြယ်တာရာကဲ့သို့သော သင်္ကေတများမှာ ဝင်းလက်သွားခဲ့သည်။ သင်္ကေတပုံရိပ်တစ်ခုမှာ ရုတ်တရက် ထွက်ပေါ်လာပြီး ကြောင်နက်ကြီး၏ ဒန်ထျန်အတွင်းသို့ ကျရောက်သွားတော့သည်။ ခဏချင်းမှာပင် ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်၏ သောင်းကျန်းနေသော အင်အားများမှာ ငြိမ်သက်သွားတော့သည်။
ဤစွမ်းအင်များ အားလုံးကို သင်္ကေတက သူ၏ ဒန်ထျန်အတွင်းသို့ စုစည်းပေးလိုက်ပြီး ထိုမှတစ်ဆင့် သူ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း အားလုံးသို့ စီးဝင်သွားကာ သူ၏ ကိုယ်ခန္ဓာကို အစဉ်မပြတ် သန့်စင်ပေးနေတော့သည်။
‘တော်သေးတာပေါ့...’
ဘောလုံးတစ်ခုအလား ဖြစ်နေသော ကိုးမြီးဝိညာဉ်ကြောင်၏ ကိုယ်ခန္ဓာမှာ ရုတ်တရက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို မြင်ရသည့်အခါ ကြောင်မလေး၏ မျက်နှာပေါ်တွင် ထိတ်လန့်တကြား ဖြစ်ခဲ့ရမှုနှင့် စိတ်သက်သာရာရမှုများမှာ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။
‘ငါ အဲ့ဒီ ကိုးရွက်ပါ နတ်ဆေးမြက်ကို လုဖို့ မကြိုးစားခဲ့တာ တော်သေးတာပဲ... တကယ်လို့ ငါသာ လုခဲ့ရင်... အခုလေးတင်က ပြင်းထန်တဲ့ အားလှိုင်းတွေကြောင့် ငါ သေချာပေါက် ပေါက်ကွဲသွားမှာပဲ... ဘာပဲဖြစ်ဖြစ် ငါက ကောင်းကင်တံတားနယ်ပယ် မှာပဲ ရှိသေးတာလေ... ငါ့ရဲ့ ကိုယ်ခန္ဓာခွန်အားက ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ရဲ့ ပြင်းထန်တဲ့ ဆေးစွမ်းကို ခံနိုင်ရည်ရှိဖို့ အများကြီး လိုပါသေးတယ်...’
ထိုအခိုက်အတန့်တွင် ကြောင်နက်ကြီး၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်းနှင့် ဖန်သားပြင်အလား ကြည်လင်လာပြီး သန့်စင်သော အလင်းတန်းများကို ထုတ်လွှတ်နေကာ အလွန်ပင် တည်ကြည်လေးနက်သော ပုံစံ ပေါက်နေတော့သည်။
“ဒါက...”
ကြောင်မလေးသည် သန့်စင်သော အလင်းတန်းများ လွှမ်းခြုံထားသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။ ထိုအခိုက်အတန့်တွင် သူမသည် နတ်ဘုရားတစ်ပါးကို တွေ့မြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။
‘ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်အတွင်းမှာ နတ်ဘုရားအနှစ်သာရ အကြွင်းအကျန် ပါရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...’ ရီယွင်က ပြုံးလိုက်၏။
ဤနတ်ဘုရားအနှစ်သာရကို အသုံးချလျက် သူ၏ ကိုယ်ခန္ဓာကို သန့်စင်လိုက်ခြင်းက ကြောင်နက်ကြီးအတွက် မဖော်ပြနိုင်သော ဧရာမ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပါလား။
အခန်း ၁၉၉ ပြီးပါပြီ။
-