အခန်း ၂၀၆
Vol. 14 Ch. 206
အခန်း ၂၀၆ - ကြောက်မက်ဖွယ် ရွှေရောင်သတ္တဝါ ဆယ်ကောင်
“တကယ်ပဲ နဂါးတစ်ကောင်ပဲ... ဘယ်နှစ်နှစ်လောက်က သေဆုံးသွားခဲ့တာလဲ မသိတဲ့ အနက်ရောင် နဂါးကြီးတစ်ကောင်ပဲ...”
ကြောင်နက်ကြီးသည် တစ်ဦးတည်း ရေရွတ်လိုက်ပြီးနောက် သူ၏ စိတ်အခြေအနေမှာ ခေတ္တမျှ တုန်လှုပ်သွားခဲ့သည်။ ကြေးနီတံခါးကြီးကို ကျော်ဖြတ်လာကတည်းက သူ့တွင် ဆန်းကြယ်သော ခံစားချက်တစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ တောင်တန်းကြီး၏ အဆုံးသို့ ရောက်ရှိလာသည့်အခါတွင်မူ ထိုခံစားချက်မှာ အမှန်တကယ် လက်တွေ့ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ယံသို့ မော့ကြည့်လျက် မျက်လုံးများ ပြူးကျယ်နေသော ဤ ဧရာမ အနက်ရောင်နဂါးဦးခေါင်းကြီးမှာ မကျေမနပ် ဖြစ်နေသော နာကြည်းမှုများဖြင့် ပြည့်နှက်နေပုံရပေသည်။ အနက်ရောင်နဂါးကြီးသည် မသေဆုံးမီတွင် တစ်ခုခုကို ခုခံရန် ကြိုးစားခဲ့ပုံရသည်ဟု ထင်မှတ်ရစေသည်။
“အစ်ကိုကြီး... ဒီအနက်ရောင် နဂါးကြီးက ကြောက်ဖို့ကောင်းလိုက်တာ...”
ကြောင်မလေးက ကြောက်ရွံ့မှုကြောင့် မျက်လုံးများ ပြူးကျယ်လျက် သူ့ဘေးတွင် တုန်တုန်ယင်ယင်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။ ကြောင်နက်ကြီးက တည်ကြည်စွာ ခေါင်းညိတ်လိုက်၏။ ဤ ဧရာမ အနက်ရောင်နဂါးဦးခေါင်းကြီးမှာ ကျောက်ဖြစ်နေပြီဖြစ်သော်လည်း ၎င်း၏ အကြေးခွံများမှာ မင်အလား နက်မှောင်နေဆဲဖြစ်ပြီး အေးစက်မှောင်မည်းသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ၎င်း၏ အသွင်မှာ ခန့်ညားထည်ဝါလှပြီး အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိကာ သက်ရှိအားလုံးကို လွှမ်းမုံနိုင်သော သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ၎င်း၏ ရှေ့တွင် ရပ်နေသူ မည်သူမဆို နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တဒိန်းဒိန်း ခုန်ပေါက်နေရပေလိမ့်မည်။
“ဒီလောက်ထိ ကြီးမားတဲ့ အတိုင်းအဆဆိုရင်... ဒီနဂါးကြီးက အသက်ရှင်စဉ်တုန်းက သေချာပေါက် နဂါးနတ်ဘုရားအဆင့်မှာ ရှိခဲ့ရမှာပဲ... သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က စိတ်ကူးယဉ်လို့မရနိုင်လောက်အောင် မြင့်မားခဲ့မှာ သေချာတယ်...”
ကြောင်နက်ကြီးက တည်ကြည်သော မျက်နှာထားဖြင့် တစ်ဦးတည်း ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ဒီလောက် မြင့်မားတဲ့ ကျင့်ကြံမှုနယ်ပယ် ရှိနေတာတောင်မှ... နဂါးနတ်ဘုရားတစ်ပါးက ဘာလို့ သေရတာလဲဟင်...”
ကြောင်မလေးက နှလုံးသားထဲမှ ကြောက်ရွံ့မှုများနှင့်အတူ မေးလိုက်သည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ... ဘာပဲဖြစ်ဖြစ် ရှေးဦးအချိန်ကာလတုန်းက ဧရာမစစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး နဂါးနတ်ဘုရား အများစုက အဲ့ဒီတိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်လို့ ပြောကြတာပဲ...”
ကြောင်နက်ကြီးက သူမအား စိုက်ကြည့်လျက် ပြန်လည် တုံ့ပြန်လိုက်သည်။ ရှေးဦးအချိန်ကာလမှ ကိစ္စရပ်များနှင့် ပတ်သက်၍ သူသည်လည်း ကောလာဟလများကိုသာ ကြားဖူးခြင်းဖြစ်ပြီး ၎င်းတို့မှာ အမှန်တကယ် ဟုတ်မဟုတ်ဆိုသည်ကိုမူ သူလည်း မသိချေ။
“အစ်ကိုကြီး... ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ...”
ကြောင်မလေးက မေးမြန်းလိုက်သည်။
“ဒီမှာ ခဏလောက် စောင့်ကြည့်ရအောင်... ဒီနေရာက ဒီလောက်နဲ့ မပြီးသေးဘူးလို့ ငါ ခံစားနေရတယ်... ဒီမှာ တစ်ခုခု အခွင့်အရေး ရှိလာနိုင်သေးတယ်...”
ကြောင်နက်ကြီးက သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ဝင်းလက်သွားပြီးနောက် တိုးညင်းစွာ ပြောလိုက်သည်။ ကြောင်မလေးက ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေသဖြင့် ဤနေရာမှ ထွက်ခွာသွားရန် ဝန်လေးနေမိသည်။ ကြောင်နက်ကြီးမှာမူ ဟင်းလင်းပြင်၌ တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများကို ပိတ်ကာ ပို့ဆောင်ရေးဖိနပ်ကို ဆက်လက် သန့်စင်နေတော့သည်။
ကြောင်မလေးက လက်တစ်ဖက်တွင် ကောင်းကင်ဝိညာဉ်ကြေးမုံကို ကိုင်ဆောင်လျက် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေပြီး သူ့အတွက် ကာကွယ်ပေးနေခဲ့သည်။ သူ၏ စိတ်ထဲတွင် ရှိနေသော ရီယွင်သည်လည်း ထိုသိသိသာသာမဟုတ်သော အလိုဆန္ဒကို သဘာဝကျကျပင် ခံစားမိလိုက်သည်။ သူက တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် အသာအယာ ပြုံးလိုက်မိသည်။ စမ်းသပ်မှုက မပြီးဆုံးသေးချေ။ သူသည် အလျင်မလိုသလို ထိုအလိုဆန္ဒကို ပြောင်းလဲရန်အတွက် မည်သည့် နတ်စွမ်းရည်ကိုမျှလည်း အသုံးမပြုခဲ့ပေ။ နောက်ကွယ်မှ ကြိုးကိုင်သူမှာ နောက်ဆုံးတွင် မည်သည့် လှည့်ကွက်များ ပြုလုပ်ဦးမည်ကို သူလည်း မြင်တွေ့လိုနေသည်။
နောက်ထပ် တစ်နေ့တာ ကုန်ဆုံးသွားပြန်သည်။
မိစ္ဆာမျိုးနွယ်စုဝင်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြတော့သည်။ မိစ္ဆာမျိုးနွယ်စုဝင် တိုင်းမှာ ဧရာမ အနက်ရောင်နဂါးဦးခေါင်းကြီးကို မြင်တွေ့လိုက်ရသည့်အခါ မဖော်ပြနိုင်သော တုန်လှုပ်မှုကို ခံစားလိုက်ကြရသည်။ တုန်လှုပ်သွားရသလိုပင် နဂါးဦးခေါင်းကြီးဆီမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများကြောင့်လည်း ကြောက်လန့်တုန်လှုပ်သွားကြပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ခက်ခဲနေကြသည်။ သို့သော်လည်း ရောက်ရှိလာကြသော မိစ္ဆာကျင့်ကြံသူ မည်သူမျှ ထွက်ခွာသွားခြင်း မရှိကြချေ။
လူတိုင်း၏ နှလုံးသားအတွင်း၌ သိသိသာသာမဟုတ်သော အလိုဆန္ဒတစ်ခုကို ခံစားနေရပြီး ၎င်းက သူတို့ကို အခြားသော အခွင့်အရေးများ ပေါ်ပေါက်လာသည်အထိ ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေစေရန် ရည်ရွယ်ထားပုံရပေသည်။ အတိုချုပ်ဆိုရလျှင် ၎င်းမှာ အလွန်ပင် နက်နဲဆန်းပြားသော ခံစားချက်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်စုဝင် အမြောက်အများမှာလည်း အခြေချရန် နေရာများ ရှာဖွေကြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြတော့သည်။
ထိုစဉ် အဝေးမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းလာခဲ့သည်။ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ နဂါးအရှင်သခင်၏ သန်မာထည်ဝါသော ကိုယ်ဟန်မှာ ပေါ်ထွက်လာခဲ့သည်။
“ဒါက...”
ဧရာမ အနက်ရောင်နဂါးဦးခေါင်းကြီးကို မြင်တွေ့လိုက်ရသည့်အခါ နဂါးအရှင်သခင်၏ မျက်လုံးများအတွင်း၌ တုန်လှုပ်မှုများသာမက မဖော်ပြနိုင်သော ရိုသေခန့်ညားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ဤသည်မှာ နဂါးနတ်ဘုရားတစ်ပါး မဟုတ်ပါလား။ သူ၏ သွေးဗီဇအတွင်းမှ ဤနဂါးနတ်ဘုရားအပေါ် အလွန်ပင် လေးစားအားကျသော စိတ်များမှာ တဖွားဖွားပေါ်လာခဲ့သည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ဧရာမ အနက်ရောင်နဂါးဦးခေါင်းကြီးရှိရာသို့ သုံးကြိမ်တိုင်တိုင် ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။
ရုတ်တရက် နဂါးကြီး၏ မျက်လုံးများအတွင်းမှ မှိန်ဖျော့သော အလင်းတန်းတစ်ခု ထိုးထွက်လာပြီး နဂါးအရှင်သခင်အပေါ်သို့ ကျရောက်သွားတော့သည်။ နဂါးအရှင်သခင်၏ အထူးနဂါးနတ်ဘုရား အရှိန်အဝါမှာ ချက်ချင်းပင် ပိုမို တောင့်တင်းလာခဲ့သည်။
“ဒါက ဘာလဲ...”
“ဘာလို့ နဂါးအရှင်သခင်က နဂါးမျက်လုံးဆီကနေ အလင်းတန်းနဲ့ သန့်စင်မှုကို ရတာလဲ...”
“သူကလည်း နဂါးနတ်ဘုရား သွေးဗီဇကို ပိုင်ဆိုင်ထားလို့များလား...”
ပတ်ဝန်းကျင်ရှိ မိစ္ဆာမျိုးနွယ်စုဝင်များမှာ အားကျသော၊ မနာလိုသော မျက်လုံးများဖြင့် အသည်းအသန် ဆွေးနွေးနေကြတော့သည်။
“မင်းတို့ သတိထားမိလား... နဂါးအရှင်သခင်ရဲ့ ကျင့်ကြံမှုနယ်ပယ်က ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ ရဲ့ ထိပ်ဆုံးကို ရောက်သွားပြီ... ကံကြမ္မာနယ်ပယ် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ...”
မိစ္ဆာမျိုးနွယ်စုဝင် လူငယ်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“တကယ်ပဲ... ခုနက အလင်းတန်းက ဘာဖြစ်လို့လဲ... အဲ့ဒါက နဂါးအရှင်သခင်ရဲ့ ကျင့်ကြံမှုကို ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ ကနေ ကံကြမ္မာနယ်ပယ် ရောက်လုနီးပါးအထိ မျက်စိတစ်မှိတ်အတွင်း မြှင့်တင်ပေးလိုက်တာလား...”
အခြား မိစ္ဆာမျိုးနွယ်စုဝင် အမျိုးသားတစ်ဦးကလည်း အံ့ဩတကြီး ပြောလိုက်သည်။ လူတိုင်းမှာ သူတို့ အခုလေးတင် မြင်တွေ့ခဲ့ရသည့် အရာကိုပင် ယုံကြည်ရန် ခက်ခဲနေကြပြီး အသည်းအသန် ဆွေးနွေးနေကြတော့သည်။ အခြား ကျင့်ကြံသူ မိစ္ဆာတစ်ဦးသည်လည်း နဂါးအရှင်သခင်ကို အတုယူလျက် အနက်ရောင် နဂါးကြီးရှိရာသို့ ဒူးထောက်ကာ သုံးကြိမ် ဦးချလိုက်သော်လည်း သူ၏ထံသို့မူ မည်သည့် အလင်းတန်းမျှ ပေါ်မလာခဲ့ချေ။
“အိပ်မက်ယောင်မနေနဲ့... မင်းမှာ နဂါးနတ်ဘုရား သွေးဗီဇ မရှိဘူးလေ...”
နဂါးအရှင်သခင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် အနီးတွင် ရပ်ကာ ထိုသူအား အေးစက်စွာ ကြည့်ရင်း ပြောလိုက်သည်။
“ဟူး...”
မိစ္ဆာမျိုးနွယ်စုဝင် လူငယ်မှာ သက်ပြင်းချလိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ဘေးသို့ ပြန်ဆုတ်သွားတော့သည်။
“ဟားဟားဟား...”
အခြား မိစ္ဆာမျိုးနွယ်စုဝင်များမှာလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ဤဖြစ်ရပ်လေး ပြီးဆုံးသွားပြီးနောက်တွင်မူ မည်သူမျှ အနက်ရောင်နဂါးကြီး၏ ဦးခေါင်းခွံအပေါ် အလိုရမ္မက် မထားဝံ့ကြတော့ချေ။
‘ကိုးမြီးဝိညာဉ်ကြောင်လည်း အခုလောက်ဆို ရောက်နေလောက်ပြီ မဟုတ်လား...’
နဂါးအရှင်သခင်က ကိုယ်ကို လှည့်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဝေးမှ ဟင်းလင်းပြင်၌ ရင်းနှီးနေသော ရိပ်နှစ်ခုကို တွေ့ရှိလိုက်သည်။ ကိုးမြီးဝိညာဉ်ကြောင်မှတစ်ပါး အခြား မည်သူရှိဦးမည်နည်း။
နဂါးအရှင်သခင်၏ မျက်လုံးသူငယ်အိမ် အတွင်း၌ စူးရှအေးစက်သော အလင်းတန်းများ ဝင်းလက်သွားခဲ့သည်။ သူ စဉ်းစားနေမိသည်မှာ သူသည် ယခုအခါ ကိုးမြီးဝိညာဉ်ကြောင်နှင့် တိုက်ခိုက်သင့်သလား ဆိုသည်ပင်။ သူသည် ယခုအခါ ကံကြမ္မာနယ်ပယ် ရောက်လုနီးပါး ရှိနေသော မိစ္ဆာကြီးတစ်ဦး ဖြစ်နေပြီဖြစ်သလို ကိုးမြီးဝိညာဉ်ကြောင်သည်လည်း ဒုတိယမြောက် ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို ဝါးမျိုထားလောက်သဖြင့် သူ၏ ကိုယ်ခန္ဓာမှာ ပိုမို သန့်စင်နေလောက်ပေသည်။ အကယ်၍ သူသာ ယခု တိုက်ခိုက်မည်ဆိုပါက အရှုံးအနိုင်မှာ မသေချာနိုင်ချေ။
နဂါးအရှင်သခင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဤအကြံကို ယာယီ လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာသည် ဆန်းကြယ်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေပြီး ကမ္ဘာကြီးကို တုန်လှုပ်စေမည့် အခွင့်အရေးအချို့ ပေါ်ပေါက်လာတော့မည့်အတိုင်း ဖြစ်နေသည်။ သူသည် ကိုးမြီးဝိညာဉ်ကြောင်နှင့် အခုလောလောဆယ် သေရေးရှင်ရေး တိုက်ခိုက်နေရန် မလိုအပ်သေးပေ။
ထိုအခိုက်အတန့်တွင် အလင်းတန်းများ တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့ရာ ပိုမို အစွမ်းထက်သော မိစ္ဆာကြီးများ ဤနေရာသို့ ရောက်ရှိလာကြတော့သည်။ ဤမိစ္ဆာကြီး အများစုမှာ ယခင်က ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်အတွက် ကြောင်နက်ကြီးနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူများ ဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ မည်သူမျှ လှုပ်ရှားမှု မပြုကြချေ။ ဤမိစ္ဆာကြီးများမှာ ကိုယ်စီကိုယ်ငှ တွက်ချက်မှုများ ရှိနေကြသည်။
ကိုးမြီးဝိညာဉ်ကြောင်သည် ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် နှစ်ပင်ကို ရရှိထားခဲ့သည် မဟုတ်ပါလား။ သူ၏ ကိုယ်ခန္ဓာမှာ ကြောက်စရာကောင်းလောက်အောင် သန့်စင်ထားပြီး ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကိုးမြီးဝိညာဉ်ကြောင်၏ လက်ရှိ ကျင့်ကြံမှုနယ်ပယ်မှာလည်း ကောင်းကင်တံတားနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိနေပြီဖြစ်သလို သူသည် ကြောက်စရာကောင်းသော အမြန်နှုန်းဆိုင်ရာ နတ်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။ အကယ်၍ သူတို့သာ တကယ် တိုက်ခိုက်ကြမည်ဆိုပါက သူတို့သာလျှင် ဒုက္ခရောက်ကြရမည် ဖြစ်သည်။ မိစ္ဆာကြီး အားလုံးနီးပါးမှာ ကြောင်နက်ကြီးအား လေအလား သဘောထားကာ ကလဲ့စားချေဖို့ မကြိုးစားကြရန် တိတ်တဆိတ် သဘောတူညီမှု ရထားပုံရပေသည်။
ကြောင်နက်ကြီးသည် ပို့ဆောင်ရေးဖိနပ်ကို သန့်စင်နေသော်လည်း သူ၏ နတ်ဘုရားအာရုံအချို့ကိုမူ ဖြန့်ကျက်လျက် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သည်။ မိစ္ဆာကြီးများ ရောက်ရှိလာပြီးနောက် မည်သူမျှ သူ့ထံသို့ ပြဿနာ လာမရှာကြသည်ကို မြင်တွေ့ရသည့်အခါ ကြောင်နက်ကြီးမှာ ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်သွားတော့သည်။
‘ဒီကောင်တွေက ငါ နတ်ဆေးမြက် နှစ်ပင်စလုံးကို ဝါးမျိုလိုက်ပြီလို့ ထင်နေကြတာပဲ... အဲ့ဒါကြောင့် သူတို့ မဆင်မခြင် မလှုပ်ရှားရဲကြတာပေါ့... ဟားဟား... တကယ့်ကို ရယ်စရာကောင်းလိုက်တာ...’
အရိပ်များမှာ တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့ကြပြီး မိစ္ဆာမျိုးနွယ်စုဝင် အရေအတွက်မှာလည်း တဖြည်းဖြည်း တိုးပွားလာခဲ့သည်။
သုံးရက် ကုန်ဆုံးသွားသည်။
အနက်ရောင် နဂါးဦးခေါင်းကြီး၏ အောက်ဘက်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တို့တွင် မိစ္ဆာမျိုးနွယ်စုဝင် သောင်းနှင့်ချီ၍ စုဝေးနေကြပြီ ဖြစ်သည်။ ကြောင်နက်ကြီးသည်လည်း ဤမျှ များပြားသော အတိုင်းအဆကြောင့် ထိတ်လန့်သွားရ၏။ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အတွင်းရှိ မိစ္ဆာမျိုးနွယ်စုဝင် အားလုံးမှာ ယခုအခါ ဤနေရာတွင် စုဝေးနေကြပုံရပေသည်။
ထိုအခိုက်အတန့်တွင် အနက်ရောင် နဂါးဦးခေါင်းကြီး၏ ထိပ်ပေါ်မှနေ၍ မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ထိုရွှေရောင်အလင်းတန်းအတွင်း၌ ရွှေရောင်အရိပ် ဆယ်ခု ပေါ်ထွက်လာခဲ့သည်။
“လူသားသဏ္ဌာန်ရွှေရောင်သတ္တဝါတွေလား...”
မိစ္ဆာကျင့်ကြံသူများမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ကြတော့သည်။ မိစ္ဆာမျိုးနွယ်စုဝင် အများအပြားမှာ လူသားသဏ္ဌာန်ရွှေရောင်သတ္တဝါများကို တစ်ခါမျှ မမြင်ဖူးကြသော်လည်း ထိုသတ္တဝါများ၏ ဒဏ္ဍာရီလာ ပုံရိပ်မှာမူ သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ၎င်းမှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်၏ အစွမ်းအထက်ဆုံးနှင့် အထူးဆန်းဆုံး တည်ရှိမှု သုံးမျိုးထဲမှ တစ်မျိုး မဟုတ်ပါလား။ သို့သော်လည်း မမျှော်လင့်ဘဲ လူသားသဏ္ဌာန်ရွှေရောင်သတ္တဝါ ဆယ်ကောင်တိတိမှာ နဂါးဦးခေါင်းထိပ်ပေါ်၌ ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
အခန်း ၂၀၆ ပြီးပါပြီ။
-