အခန်း ၂၁၀
Vol. 14 Ch. 210
အခန်း ၂၁၀ - လုံရွှမ်း မသေဆုံးသေးခြင်းနှင့် ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် ပြိုလဲခြင်း
ရီယွင်သည် မျက်လုံးများကို အနည်းငယ် မှေးစေ့လိုက်ပြီး ထိုအမျိုးသား၏ ပုံရိပ်ကို အကဲခတ်လိုက်သည်။
သူသည် ထိုပုံရိပ်ကို ရုတ်တရက် အလွန်ပင် ရင်းနှီးနေသည်ဟု ခံစားလိုက်ရ၏။ အစောပိုင်းက ငတုံးနှစ်ကောင်ဖြစ်သည့် မြင်းနက်ကြီးနှင့် ကြောင်နက်ကြီးတို့ နဂါးနတ်ဘုရားဂိုဏ်းသို့ သွားရောက် စူးစမ်းခဲ့စဉ်က ရတနာခန်းမ၏ အနက်ရှိုင်းဆုံးနေရာတွင် ရှေးဟောင်းပန်းချီကားတစ်ချပ်ကို တွေ့ရှိခဲ့ကြသည်။ ထိုပန်းချီကားထဲတွင် အမျိုးသားတစ်ဦး၏ ကျောပြင်ပုံရိပ်ကို ရေးဆွဲထားခဲ့ခြင်း ဖြစ်သည်။ ထိုပန်းချီကားထဲမှ အမျိုးသား၏ ကျောပြင်ပုံရိပ်နှင့် ယခု သူ့ရှေ့ရှိ အမျိုးသား၏ ပုံရိပ်မှာ မယုံကြည်နိုင်လောက်အောင် ဆယ်ပုံကိုးပုံခန့် တူညီနေတော့သည်။
‘ပန်းချီကားထဲက အမျိုးသားက နဂါးနတ်ဘုရားဂိုဏ်းရဲ့ ၂၅၀ ဆက်မြောက် ဂိုဏ်းချုပ် လုံရွှမ်း များလား...’
ထိုအတွေး သူ၏စိတ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ပုံရိပ်ယောင်မှာ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ၏ ရက်စက်အေးစက်သော မျက်လုံးများဖြင့် ဝိညာဉ်ကိုးပါးဧကရာဇ်ကို စိုက်ကြည့်လိုက်တော့သည်။
“မင်း... မင်း အသက်ရှင်သေးတာလား... လုံရွှမ်း...”
ဝိညာဉ်ကိုးပါးဧကရာဇ်က သူ့ရှေ့ရှိ အမျိုးသားကို စိုက်ကြည့်ရင်း အသက်ရှူသံများပင် ထစ်ငေါ့သွားခဲ့ရသည်။
“ဘုန်း...”
နောက်တစ်ခဏမှာပင် ဝိညာဉ်ကိုးပါးဧကရာဇ်၏ ဆွေးမြည့်နေသော ရွှေရောင်ကိုယ်ခန္ဓာမှာ မျက်နှာဖုံးစွပ်ထားသော အမျိုးသား၏ အကြည့်အောက်၌ ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး ခန်းမတစ်ခုလုံးတွင် မီးရှူးမီးပန်းများအလား လွင့်စဉ်သွားတော့သည်။ ခုနစ်စင်ကြယ် အစီအရင်ကြီး၏ အလင်းတန်းများမှာလည်း မှိန်ဖျော့သွားခဲ့သည်။ မျက်နှာဖုံးစွပ်အမျိုးသားမှာ သူ၏ခေါင်းကို ငုံ့လိုက်ပြီး အလင်းတန်းများ အားနည်းသွားသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ဤကဲ့သို့ မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ပေါ်လာသော ဖြစ်ရပ်ကို မြင်တွေ့လိုက်ရသည့်အခါ ရီယွင်မှာ မြင်တွေ့လိုက်ရသည့်အရာကိုပင် ယုံကြည်ရန် ခက်ခဲနေမိသည်။ ဝိညာဉ်ကိုးပါးဧကရာဇ်၏ သေခါနီးစကားများအရ ဆိုလျှင်မူ ထိုမျက်နှာဖုံးစွပ်အမျိုးသားမှာ အမှန်တကယ်ပင် နဂါးနတ်ဘုရားဂိုဏ်း၏ ၂၅၀ ဆက်မြောက် ဂိုဏ်းချုပ် လုံရွှမ်း ပင် ဖြစ်ပေသည်။
‘နှစ်ပေါင်း တစ်သောင်းတောင် ကုန်ဆုံးသွားခဲ့ပြီလေ...’
‘ဒီကောင်က တကယ်ပဲ အသက်ရှင်နေသေးတာလား...’
သူ၏ ပုံရိပ်ယောင်၏ အကြည့်တစ်ချက်တည်းဖြင့်တင် ဝိညာဉ်ကိုးပါးဧကရာဇ်၏ ကိုယ်ခန္ဓာမှာ ပေါက်ကွဲသွားခဲ့ရသည်။ တကယ့်ကို အစွမ်းထက်လှပေသည်။ ရီယွင်သည် လုံရွှမ်းအား အစွမ်းထက်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်မိသည်။
ပုံရိပ်ယောင်မှတစ်ဆင့် လုံရွှမ်း၏ ကျင့်ကြံမှုနယ်ပယ်ကို သူ ခန့်မှန်း၍မရနိုင်ချေ။ သို့သော် လုံရွှမ်းသည် ဝိညာဉ်ကိုးပါးဧကရာဇ်၏ အမွေအနှစ်ကို ဆက်ခံထားရုံတင်မကဘဲ ထိုသူ့ကို ပြန်လည် တိုက်ခိုက်ရန်အတွက် ထိုနတ်စွမ်းရည်များကိုပင် အသုံးပြုနိုင်ခဲ့သည်။
နဂါးနတ်ဘုရားဂိုဏ်း၏ ၂၅၀ ဆက်မြောက် ဂိုဏ်းချုပ် လုံရွှမ်းမှာ တကယ်ကို ကြောက်စရာကောင်းလှသည်ဟု ဆိုရပေမည်။ တပည့်က ဆရာ့ထက် လက်စွမ်းသာသွားခဲ့ပြီ မဟုတ်ပါလား။
အမှောင်ထုအတွင်းသို့ ပြန်လည် နစ်မြုပ်သွားသော ခမ်းမကြီးကို ကြည့်ရင်း အရိပ်များအတွင်း ရပ်နေသည့် ရီယွင်မှာ အရာအားလုံးကို စဉ်းစားနေခဲ့ပြီး သူ၏မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။
လုံရွှမ်းက အမှန်တကယ် အသက်ရှင်နေသေးသည်။ ဤသည်မှာ လော့လီနှင့် အခြားသူများ သိထားသည့် အချက်နှင့် သိသိသာသာ ကွဲပြားနေပေသည်။ သူက အသက်ရှင်နေရုံတင်မကဘဲ သူ၏ နတ်စွမ်းရည်များမှာလည်း ကမ္ဘာကြီးကို တုန်လှုပ်စေလောက်အောင် အစွမ်းထက်လှသည်။ အကယ်၍ သူသာ ချန်းနန်ကုန်းမြေကြီးပေါ်တွင် ပေါ်လာမည်ဆိုပါက ထာဝရအဆင့် ဂိုဏ်းကြီးများပင်လျှင် သူ့အား ပြဿနာရှာဝံ့ကြလိမ့်မည် မဟုတ်ပေ။
‘ဒါပေမဲ့ သူက ဘာလို့ ပြန်မလာဝံ့ရတာလဲ... သူက စိတ်ကူးလို့မရနိုင်လောက်တဲ့ ရန်သူမျိုးကို သွားဆွခဲ့မိလို့များလား...’
နဂါးနတ်ဘုရားဂိုဏ်းကို ပစ်မှတ်ထားနေသော ကြိုးကိုင်သူကို တွေးမိသည့်အခါ ရီယွင်၏ မျက်နှာမှာ တည်ကြည်သွားတော့သည်။ ထိုကြိုးကိုင်သူမှာ လုံရွှမ်းကိုပင် သတိထားစေရလောက်အောင် ဖြစ်စေသည်ဆိုပါက သူ၏နောက်ခံမှာ စိတ်ကူးယဉ်၍မရနိုင်လောက်အောင် အင်အားတောင့်တင်းလှပေလိမ့်မည်။
“ဘာပဲဖြစ်ဖြစ်... လုံရွှမ်း... မင်းရဲ့ လုပ်ရပ်တွေကတော့ ချီးကျူးစရာ မရှိပါဘူး... နဂါးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းက သစ္စာဖောက်တစ်ယောက်ပဲ... မင်းက ဝိညာဉ်ကိုးပါးဧကရာဇ်ရဲ့ အမွေအနှစ်ကို ရခဲ့ပေမဲ့ တစ်ခါမှ ပြန်မလာခဲ့ဘူး... မင်းကြောင့်ပဲ နဂါးနတ်ဘုရားဂိုဏ်းရဲ့ နောက်မျိုးဆက် တပည့်တွေဟာ နေစရာမရှိဘဲ လေလွင့်နေထိုင်ခဲ့ကြရတာ... မင်းက အရည်အချင်းရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက် မဟုတ်ဘူး...”
ရီယွင်က တစ်ဦးတည်း ရေရွတ်လျက် အသာအယာ ရယ်မောလိုက်မိသည်။
၁၃ ဆက်မြောက် ဂိုဏ်းချုပ်ဖြစ်သည့် ဘိုးဘေးတစ်ဦးအနေဖြင့် ရီယွင်သည် ဤသစ္စာဖောက် လုံရွှမ်းကို ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။ ဝိညာဉ်ကိုးပါးဧကရာဇ်မှာ သေဆုံးသွားပြီဖြစ်သဖြင့် ရီယွင်မှာ အချက်အလက်များ ထပ်မံ မရရှိခဲ့သော်လည်း ဝိညာဉ်ကိုးပါးဧကရာဇ်က တစ်ခါက ပြောခဲ့ဖူးသည်မှာ လုံရွှမ်းသည် အမွေအနှစ်ကို ရရှိပြီးနောက် နတ်ဘုရားနယ်မြေ သို့ ခရီးတစ်ခု သွားရန် ကတိပေးခဲ့သည်ဟု ဆိုသည်။
ကြည့်ရတာ လုံရွှမ်းမှာ နတ်ဘုရားနယ်မြေတွင် ပျော်ရွှင်စွာ နေထိုင်နေပုံရပေသည်။ နှစ်ပေါင်း တစ်သောင်း ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ လုံရွှမ်း၏ ကြောက်စရာကောင်းသော ပါရမီနှင့် သူ ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို ကြည့်လျှင် သူ၏ လက်ရှိ ကျင့်ကြံမှုနယ်ပယ်မှာ ဝိညာဉ်ကိုးပါးဧကရာဇ်၏ အထွတ်အထိပ်အချိန်ကထက်ပင် လျော့နည်းလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ လုံရွှမ်း၏ ကျင့်ကြံမှုနယ်ပယ်မှာ သူ၏ ကျင့်ကြံမှုထက် အနည်းငယ် မြင့်မားသော နတ်ဦးသျှောင်နယ်ပယ်သို့ ရောက်ရှိနေနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
‘စိတ်ဝင်စားစရာပဲ... နဂါးနတ်ဘုရားဂိုဏ်းရဲ့ ပတ်ဝန်းကျင်မှာ ပေါ်လာတဲ့သူတွေက တစ်စထက်တစ်စ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ... ငါ ဒီ ချန်းနန်ကုန်းမြေကြီးက ကိစ္စတွေကို ဖြေရှင်းပြီးတာနဲ့... နတ်ဘုရားနယ်မြေ ဆီကို သွားပြီး တစ်ချက်လောက် ကြည့်ရဦးမယ်...’
ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ရီယွင်မှာ စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရသည်။
သူက အပြင်ဘက်ကို တစ်ချက် ကြည့်လိုက်သည်။ ဝိညာဉ်ကိုးပါးဧကရာဇ် သေဆုံးသွားပြီဖြစ်ရာ ထို လူသားသဏ္ဌာန်ရွှေရောင်သတ္တဝါများမှာလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခန်းမအတွင်းရှိ ရွှေရောင်လူသားအရိပ်များသည် ဝိညာဉ်ကိုးပါးဧကရာဇ်၏ ကျန်ရှိနေသော နတ်ဘုရားအနှစ်သာရများမှနေ၍ စုစည်းထားခြင်း ဖြစ်သည်။ ဝိညာဉ်ကိုးပါးဧကရာဇ်၏ မူလကိုယ်ခန္ဓာမှာမူ ယခုအခါ ဤလျှို့ဝှက်နယ်မြေအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရှေးဦးအချိန်ကာလမှ ဤပုံရိပ်ယောင်နဂါးမိစ္ဆာကြီးမှာလည်း ဤလျှို့ဝှက်နယ်မြေအတွင်း၌ တည်ရှိနေခြင်းမှာ ဝိညာဉ်ကိုးပါးဧကရာဇ်၏ ကိုယ်ခန္ဓာအတွင်း၌ ရှိနေခြင်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းမှာ ဝိညာဉ်ကိုးပါးဧကရာဇ်က အမြင့်မြတ်ဆုံးသော လျှို့ဝှက်နည်းစနစ်ကို အသုံးပြုကာ ဤပုံရိပ်ယောင်နဂါးမိစ္ဆာကြီးကို သူ၏ ကိုယ်ခန္ဓာအတွင်း၌ အတင်းအဓမ္မ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်ပုံရပေသည်။
ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အတွင်း၌ ပေါက်ရောက်နေသော ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်များမှာမူ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး သေဆုံးပြီးနောက် ၎င်း၏ ကိုယ်ခန္ဓာမှ သက်စောင့်အနှစ်သာရများ စုစည်းရာမှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။ ထူးခြားသော ကိုးရွက်ပါ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် နှစ်ပင်မှာမူ ဝိညာဉ်ကိုးပါးဧကရာဇ်က အမွေခံရွေးချယ်ရန်အတွက် သူ၏ နတ်ဘုရားအနှစ်သာရမှ စွမ်းအင်များကို ထည့်သွင်းထားခြင်း ဖြစ်သည်။ အခြားသော ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်များတွင်မူ ထိုကဲ့သို့သော နတ်ဘုရားအနှစ်သာရ စွမ်းအင်များ ပါဝင်ခြင်း မရှိချေ။
နဂါးအရှင်သခင်က ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးကို ဦးချလိုက်သည့်အခါ အလင်းတန်းတစ်ခုက သူ၏အပေါ်ရှိ ကန့်သတ်ချက်အင်အားများကို သိသိသာသာ လျော့နည်းသွားစေခဲ့သည်။ ထိုအချိန်က ဤပုံရိပ်ယောင်နဂါးမိစ္ဆာကြီးတွင် အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသည်ကို ရီယွင် သတိပြုမိခဲ့သည်။ ယခုအခါ ဝိညာဉ်ကိုးပါးဧကရာဇ်မှာ လုံးဝ သေဆုံးသွားပြီဖြစ်ရာ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးမှာသာလျှင် သဲလွန်စများ ရရှိနိုင်မည့် တစ်ခုတည်းသော ရင်းမြစ် ဖြစ်တော့သည်။
မှိုင်းညို့နေသော ခန်းမအတွင်း၌ ဖြူစင်သော နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ရီယွင်၏ ပုံရိပ်ယောင် မူလဝိညာဉ် ကိုယ်ထည် ပေါ်လာခဲ့သည်။ ကြောင်နက်ကြီးမှာ ထိုနေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး ကြောင်မလေးမှာမူ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။ ရီယွင်က သူတို့ကို ဂရုမစိုက်ခဲ့ချေ။ သူသည် သူ၏မျက်လုံးများကို မြှင့်လိုက်ပြီး ဆန်းကြယ်သော အလင်းတန်းများ ဝင်းလက်နေသည့် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။ သူသည် ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ ကျန်ရှိနေသော အသိစိတ်အစအနလေးကို ရှာဖွေနေခြင်း ဖြစ်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ရီယွင်၏ ကိုယ်ထည်မှာ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ဏတွင်မူ သူသည် အနက်ရောင် နဂါးဦးခေါင်း၏ အတွင်းဘက် ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုဟင်းလင်းပြင်အတွင်း၌ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်နေသော လုံးဝန်းသည့် အရာတစ်ခု ရှိနေသည်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် သင်္ကေတများ ထွင်းထုထားပြီး တစ်ခုခုကို ပိတ်လှောင်ထားပုံရပေသည်။
ရီယွင်သည် ကောင်းကင်ဘုံသုတ်သင်ခြင်း ပုံရိပ်ယောင်မျက်ဝန်းကို အသက်သွင်းလိုက်သည်။ ပိတ်လှောင်ထားသော သင်္ကေတ အလွှာများမှာ တစ်ခုပြီးတစ်ခု ကွာကျသွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။ သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ ထိုအလုံးကြီး၏ အတွင်းဘက်သို့ ရောက်ရှိသွားတော့သည်။ အားနည်းနေသော အနက်ရောင် နဂါးပုံရိပ်တစ်ခုမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ၎င်းပေါ်၌ ဓားငယ်တစ်လက် စိုက်ဝင်နေသည်။ ရီယွင်သည် ထိုနဂါးပုံရိပ်၏ ဘေးတွင် ရပ်လျက် ဓားငယ်ကို သေသေချာချာ စိုက်ကြည့်လိုက်သည်။
ထိုဓားငယ်မှာ မင်အလား နက်မှောင်နေပြီး ထူးခြားသော အရည်အသွေးရှိကာ အခြေခံဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည်။ ဤဓားကပင် ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ မူလဝိညာဉ်ကို ထိုးစိုက်ထားသဖြင့် ၎င်းမှာ တစ်စထက်တစ်စ ပိုမို အားနည်းလာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း သိန်းနှင့်ချီ ကြာပြီးနောက်တွင်မူ ပြိုလဲလုနီးပါး ဖြစ်နေသော အသိစိတ် အစအနလေးသာ ကျန်ရှိတော့သည်။
ရီယွင်က လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုဓားငယ်ကို ဆွဲထုတ်လိုက်တော့သည်။ အနက်ရောင် နဂါးပုံရိပ်မှာ ရုတ်တရက် လှုပ်ရှားလာပြီး ရီယွင်၏ ပတ်ဝန်းကျင်၌ ဝဲပျံနေတော့သည်။
“မင်း... မင်း ငါ့ကို ကယ်လိုက်တာလား...”
ပုံရိပ်ယောင်နဂါးမိစ္ဆာကြီးက သူ့ရှေ့မှ ဝိညာဉ်ပုံရိပ်ကို ကြည့်ရင်း မယုံကြည်နိုင်သော မျက်လုံးများဖြင့် မေးမြန်းလိုက်သည်။ အပြင်ဘက်မှ အစီရင်မှာ ဝိညာဉ်ကိုးပါးဧကရာဇ်ကိုယ်တိုင် ချမှတ်ထားခြင်း ဖြစ်သည်။ နတ်ဦးသျှောင်နယ်ပယ် ကျင့်ကြံမှုမရှိဘဲ ၎င်းကို ဖျက်ဆီးရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ သို့သော် ဤလူငယ်က ၎င်းကို ဖျက်ဆီးလိုက်နိုင်ခဲ့သည်။ သူ၏ မူလဝိညာဉ် ကိုယ်ထည် ပုံရိပ်ယောင်လေးဖြင့်တင် ဤသို့ လုပ်ဆောင်နိုင်ခဲ့သည်။ သူ၏ အင်အားမှာ တကယ်ကို ကြောက်စရာကောင်းလှပေသည်။
“ကြည့်ရတာ မင်းလည်း အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးပဲ... ငါ မင်းကို မေးစရာ အချို့ ရှိတယ်...”
ရီယွင်က အားနည်းနေသော ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ အသွင်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလျက် ဆိုလိုက်သည်။ ဤဓားငယ်ကို ဆွဲထုတ်လိုက်ပြီဖြစ်ရာ ပုံရိပ်ယောင်နဂါးမိစ္ဆာကြီး၏ ကျန်ရှိနေသော မူလဝိညာဉ် အသိစိတ်လေးမှာလည်း မကြာမီပင် ပျောက်ကွယ်သွားတော့မည် မဟုတ်ပါလား။
အခန်း ၂၁၀ ပြီးပါပြီ။