အခန်း (၁၃၅-၁၃၆)
Vol. 13 Ch. 135-136
အခန်း ၁၃၅ - အပြစ်ကျူးလွန်သူများအတွက်နေရာ
ထိုနေရာသည် သဲကန္တာရ၏ အစွန်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ကျယ်ပြောလှသော သဲပြင်ပေါ်တွင် ဟိုတစ်ကွက် သည်တစ်ကွက် ပေါက်ရောက်နေသော မြက်ရိုင်းများကို မြင်တွေ့နေရပြီ ဖြစ်သည်။
မည်းနက်နေသော တောင်ဆိတ်အုပ်ကြီးသည် ကျဲပါးလှသော မြက်ခင်းပြင်ပေါ်တွင် အေးအေးလူလူ မြက်စားနေကြပြီး သန်မာထွားကျိုင်းသော သိုးထိန်းခွေးအချို့မှာမူ ဆော့ကစားနေသော သိုးသူငယ်လေးများကို သိုးအုပ်ထဲသို့ ပြန်လည်မောင်းနှင်ရန် အထက်အောက် ပြေးလွှားနေကြ၏။
သိုးထိန်းအိုကြီးသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်လျက် ကောင်းကင်ယံ၌ လွင့်မျောနေသော တိမ်တိုက်များကို ကျေနပ်အားရစွာ ငေးကြည့်နေသည်။ သူ၏ ညိုမည်းသော မျက်နှာပေါ်တွင် အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်နေပြီး မျက်တွင်းများမှာမူ နက်ရှိုင်းစွာ ချိုင့်ဝင်နေ၏။ ဆီးနှင်းကဲ့သို့ ဖြူဖွန်းနေသော သူ၏ ဆံပင်များနှင့် မုတ်ဆိတ်ရှည်ကြီးသည် လေထဲတွင် လွင့်ပျံနေလေသည်။
"အဘိုး ကျွန်တော် ရေငတ်လို့"
အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားခဲ့သောကြောင့် ဝူကျိရှန်းသည် စကားများကိုပင် စနစ်တကျ မပြောနိုင်တော့ပေ။
"သောက်ရေ ရှိမလားခင်ဗျာ။ ကျွန်တော်တို့ ရေငတ်လို့ သေတော့မယ်"
အဘိုးအိုသည် နွားအစာအိမ်ဖြင့် ပြုလုပ်ထားသော ရေဘူးကို ထုတ်ယူပြီး ဝူကျိရှန်းထံသို့ ကမ်းပေးလိုက်၏။
သူသည် ရေဘူး၏ အဆို့ကို ဆွဲဖွင့်လိုက်ပြီး အငမ်းမရ သုံးလေးငုံ ဆက်တိုက် သောက်လိုက်ကာ သူ၏ ဘေးနားရှိ တာရာဝမ်ကျိအာထံသို့ အမြန် ကမ်းပေးလိုက်သည်။
"မင်းတို့က သဲကန္တာရကို ဖြတ်ပြီး ဒီကို ရောက်လာတာလား"
အဘိုးအိုသည် နွားတစ်ကောင်ကဲ့သို့ ရေကို အငမ်းမရ သောက်နေသော တာရာဝမ်ကျိအာကို ကြည့်ရင်း စေတနာဖြင့် သတိပေးလိုက်၏။
"အလွန်အမင်း ရေငတ်နေတဲ့သူတွေက ရေကို အများကြီး ဆက်တိုက် မသောက်သင့်ဘူး။ အရင်ဆုံး လည်ချောင်းကို စိုစွတ်အောင် လုပ်ပြီးမှ ဖြည်းဖြည်းချင်း သောက်ရတယ်"
ကြည်လင်လှသော ရေသည် လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားပြီး ခြောက်သွေ့နေသော ခန္ဓာကိုယ်ကို စိုစွတ်သွားစေသဖြင့် ဝူကျိရှန်းသည် သက်တောင့်သက်သာရှိလှသော ညည်းတွားသံတစ်ချက်ကို ထုတ်ဖော်လိုက်မိသည်။
"အဘိ... စားစရာ တစ်ခုခု ရနိုင်မလားခင်ဗျာ။ ကျွန်တော်တို့ တအား ဆာနေလို့ပါ"
"မင်းတို့က ကြောက်မက်ဖွယ်ကောင်းတဲ့ သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး ဒီကို ရောက်လာဖို့ ဒုက္ခမျိုးစုံကို အစွမ်းကုန် ရင်ဆိုင်ခဲ့ရမှာပဲ။ မင်းတို့ နှစ်ယောက်လုံး အလွန် ပင်ပန်းနေတာကို ငါ မြင်ပါတယ်"
ဖော်ရွေလှသော သိုးထိန်းအိုကြီးသည် သီချင်းဆိုနေသကဲ့သို့ စကားလုံးအဆုံးသတ်များကို ဆွဲငင်၍ ပြောလိုက်၏။
"ငါနဲ့အတူ မျိုးနွယ်စုရဲ့ တဲအိမ်တွေဆီကို လိုက်ခဲ့ကြပါ။ အဝေးကလာတဲ့ ဧည့်သည်တွေရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဆေးကြောပေးပါရစေ"
သိုးထိန်းအိုကြီးသည် သူ၏ နှင်တံကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သိုးထိန်းခွေးများ၏ ကူညီမှုဖြင့် သိုးအုပ်ကို မျိုးနွယ်စုရှိရာဘက်သို့ မောင်းနှင်သွားလေသည်။
မျိုးနွယ်စုဆိုသော်လည်း အမှန်တော့ သနားစရာကောင်းလောက်အောင် သေးငယ်လှပြီး တဲအိမ် အနည်းငယ်မျှသာ ရှိ၏။
ပြန်လာကြသော သိုးထိန်းများသည် သိုးအုပ်များကို သိုးခြံထဲသို့ မောင်းသွင်းနေကြပြီး အိမ်အသီးသီးမှ သိုးထိန်းခွေးများသည်လည်း တဲအိမ်များ၏ ပတ်ဝန်းကျင်တွင် ပျော်ရွှင်စွာ ပြေးလွှားနေကြသည်။
မျိုးနွယ်စုမှ အမျိုးသမီးများသည် လတ်လတ်ဆတ်ဆတ် ညှစ်ယူထားသော နို့ရည်များကို ရှည်လျားသော သစ်သားပုံးများထဲသို့ လောင်းထည့်နေကြ၏။ လေထုထဲတွင် နို့ရည်များ၏ မွှေးပျံ့သော အနံ့နှင့် နွားချေးခြောက်များ လောင်ကျွမ်းနေသော အနံ့များဖြင့် ပြည့်နှက်နေသည်။
"ငါတို့ဆီကို အဝေးက ဧည့်သည်တွေ ရောက်နေတယ်၊ ဒါကြောင့် တဲအိမ်အသီးသီးက လူတွေအားလုံး မင်းတို့ရဲ့ အကောင်းဆုံး မြင်းနို့ဝိုင်တွေနဲ့ အဆီအဆိမ့်အပြည့်ရှိတဲ့ သိုးခြေထောက်တွေကို ယူလာခဲ့ကြစမ်း"
သိုးထိန်းအိုကြီးက ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ တဲအိမ်ရှေ့မှာ စုရုံးကြပြီး မွန်မြတ်တဲ့ ဧည့်သည်တွေကို အတူတူ ဧည့်ခံကြရအောင်"
ထိုမျိုးနွယ်စုငယ်လေး၏ ထုံးစံအရ သိုးထိန်းအိုကြီး၏ ဧည့်သည်သည် မျိုးနွယ်စုတစ်ခုလုံး၏ ဧည့်သည် ဖြစ်သဖြင့် လူတိုင်းက အတူတကွ ဧည့်ခံကြရမည် ဖြစ်၏။
ညဉ့်မှောင်လာသောအခါ တောက်လောင်နေသော မီးပုံကြီးကို ဖိုလိုက်ကြပြီး မျိုးနွယ်စုငယ်လေးမှ လူများသည် သိုးထိန်းအိုကြီး၏ တဲအိမ်ရှေ့တွင် စုရုံးကာ အရသာရှိလှသော သိုးကင်များနှင့် စားစရာ သောက်စရာ အမျိုးစုံကို တည်ခင်းဧည့်ခံကြလေသည်။
မြင်းနို့ဝိုင်များ ပြည့်နှက်နေသော သစ်သားပန်းကန်ကြီးများကို လူအများကြားတွင် အပြန်အလှန် ကမ်းပေးကြပြီး မျိုးနွယ်စုမှ အမျိုးသမီးများသည် မီးပုံဘေးတွင် ကခုန်သီဆိုနေကြ၏။ သိုးထိန်းအိုကြီးသည် ဟောင်းနွမ်းပျက်စီးနေသော နှင်းဆီပုံစံ မြင်းခေါင်းတံပိုးတူရိယာကို တီးခတ်ရင်း ရှေးဟောင်း သီချင်းများကို ထပ်ခါတလဲလဲ သီဆိုနေလေသည်။
အရသာရှိလှသော သိုးကင်ခြေထောက်ကို အားပါးတရ စားသောက်ရင်း မွှေးပျံ့လှသော မြင်းနို့ဝိုင်ကို သောက်သုံးလိုက်သည့် အခါတွင်မူ ယခင်က ကြုံတွေ့ခဲ့ရသော ဓားခုတ်ပွဲများနှင့် အရှေ့အနောက် လှည့်ကွက်များ အားလုံးသည် ချက်ချင်းပင် ဝေးကွာလှသော အတိတ်များ ဖြစ်သွားခဲ့ရတော့သည်။
သေဘေးမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရပြီး သေခြင်းတရားနှင့် နီးကပ်စွာ ထိတွေ့ခဲ့ရသမျှ ခံစားချက်များနှင့် သက်ပြင်းချမှုများ အားလုံးသည် ပျော်ရွှင်စရာ သီချင်းသံ၊ ရယ်မောသံများနှင့်အတူ အရည်ပျော်သွားခဲ့ရ၏။
"ကျွန်တော်တို့ကို အခုလို လှိုက်လှိုက်လဲလဲ ဧည့်ခံပေးတဲ့အတွက် အဘိုးနှင့်လူတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။တကယ်လို့အဘိုးတို့နဲ့ မတွေ့ခဲ့ရင် ကျွန်တော်တို့ ကန္တာရထဲမှာတင် ရေငတ်လို့ သေသွားလောက်ပါပြီ"
"ဒီအတွက် ကျေးဇူးတင်ပါတယ်လို့ ပြောနေဖို့ မလိုပါဘူး"
ထိုနေရာရှိ လူနေမှုဘဝက အလွန်ပင် ကြမ်းတမ်းလှပေသည်။ နှစ်ပေါင်းများစွာ လေဒဏ်၊ နေဒဏ်နှင့် ပင်ပန်းလှသော လုပ်ငန်းခွင်ဒဏ်များကြောင့် သိုးထိန်းအိုကြီး၏ ရုပ်သွင်မှာ သူ၏ အသက်ထက် ပိုမို အိုမင်းနေပုံရသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ စေတနာနှင့် တက်ကြွသော အရိပ်အယောင်များ အမြဲ တောက်ပနေ၏။
"ဒါက ကြီးမြတ်လှတဲ့ ထာဝရကောင်းကင်ဘုံက မင်းတို့ကို ဒီကို စေလွှတ်လိုက်တာပဲ။ ဒါတွေအားလုံးက ကံကြမ္မာရဲ့ စီမံမှုပေါ့။ ဒါနဲ့ ငါတို့ မျိုးနွယ်စုဆီကို ဧည့်သည်တွေ မရောက်တာ တော်တော်ကြာပြီ။ လှပတဲ့ မိန်းကလေးနဲ့ သန်မာတဲ့ လူငယ်လေးတို့ ရေ... ဒီနေရာကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားကြပါ၊ အားမနာကြပါနဲ့"
"အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးတရားက ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့တင် ပြီးသွားမယ့်အရာ မဟုတ်ပါဘူး။ အဘိုးရဲ့ နာမည်ကို သိပါရစေဦး"
"ငါ့နာမည်ကို မေးတာလား။ ငါ့နာမည်က လယ်အာမုလို့ ခေါ်တယ်၊ မျိုးနွယ်စုထဲက လူတွေအားလုံးကတော့ ဦးလေးလယ်အာမုလို့ ခေါ်ကြတာပေါ့။ မင်းလည်း အဲဒီလိုပဲ ခေါ်နိုင်ပါတယ်"
ဒေသခံဘာသာစကားအရ လယ်အာမုဟူသည် မြေကမ္ဘာကို ဆိုလိုခြင်း ဖြစ်၏။
ဦးလေးလယ်အာမုသည် ဝူကျိရှန်း၏ လက်ကို ဆုပ်ကိုင်လိုက်ရာ သူ၏ နက်ရှိုင်းစွာ ချိုင့်ဝင်နေသော မျက်တွင်းများထဲတွင် ကြင်နာလှသော အပြုံးများ ပြည့်နှက်နေသည်။
"လူငယ်လေး၊ မင်းနာမည်က ဘယ်သူလဲ"
"ကျွန်တော့်နာမည်က ဝူကျိရှန်းလို့ ခေါ်ပါတယ်"
"မင်းရဲ့ ဝတ်စုံကို ကြည့်ရတာ ဟန်လူမျိုး ဖြစ်ရမယ် ဟုတ်လား"
ဤမေးခွန်းကြောင့် ဝူကျိရှန်းသည် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
မွန်ဂိုနှင့် မင်အင်ပါယာတို့သည် အပြန်အလှန် အကြွင်းမဲ့ ရန်သူများ ဖြစ်ကြပေသည်။ အကယ်၍ သူက မိမိကိုယ်မိမိ ဟန်လူမျိုး ဖြစ်သည်ဟု ဝန်ခံလိုက်ပါက ဤလူများ၏ ရန်လိုမှုကို ခံရလေမလား။
"ဟုတ်ပါတယ်၊ ကျွန်တော် ဟန်လူမျိုး ပါ"
ဝူကျိရှန်းသည် မိမိ၏ အဆင့်အတန်းကို ရိုးသားစွာ ဝန်ခံလိုက်၏။
"မင်းက ဟန်လူမျိုး ဖြစ်ပေမဲ့ သူမကတော့ အုလုလူမျိုး ဖြစ်နေတာပဲ"
တာရာဝမ်ကျိအာ၏ ဝတ်စုံကို ကြည့်ခြင်းအားဖြင့် သူမသည် အုလုလူမျိုး ဖြစ်သည်မှာ ထင်ရှားလှပြီး အဆင့်အတန်း မြင့်မားသော အုလုလူမျိုးတစ်ဦး ဖြစ် ကြောင်းသိသာလှသည်။
"မင်းတို့ နှစ်ယောက်လုံး ကျယ်ပြောလှတဲ့ သဲပြင်ကြီးကို အတူတူ ဖြတ်ကျော်လာခဲ့ကြတာဆိုတော့ အန္တရာယ်မျိုးစုံကို အစွမ်းကုန် ရင်ဆိုင်ခဲ့ရမှာ သေချာတယ်။ ဒါက မင်းတို့ နှစ်ယောက် အပြန်အလှန် တကယ် ချစ်ကြတယ်ဆိုတာကို သက်သေပြနေတာပဲ။ ထာဝရကောင်းကင်ဘုံက ချစ်တတ်တဲ့သူ တိုင်းအပေါ် ကောင်းချီးပေးမှာပါ"
ဦးလေးလယ်အာမု၏ အမြင်တွင်မူ လူငယ်လေး ဝူကျိရှန်းနှင့် တာရာဝမ်ကျိအာတို့သည် အတူတူ ထွက်ပြေးလာကြသော ချစ်သူမောင်နှံဟာမြင် နေပေသည်။
တာရာဝမ်ကျိအာသည် အုလုမယ်တော်ကြီးဖြစ်သဖြင့် ထိုအကြောင်းကို ရှင်းပြရန် ဆန္ဒမရှိပါချေ။ ရှင်းရှင်းလင်းလင်း ပြောပြရန် အလွန် ခက်ခဲနေသဖြင့် သူမသည် ပါးနပ်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်၏။
" ဦးလေးလယ်အာမု၊ ဦးလေးတို့ မျိုးနွယ်စုရဲ့ နာမည်က ဘယ်လို ခေါ်လဲဟင်။ ငါ အုလုမျိုးနွယ်စုထဲမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပေမဲ့သဲကန္တာရကြီးရဲ့ အဆုံးမှာ မျိုးနွယ်စုတစ်ခု ရှိနေတာကို လုံးဝ မသိခဲ့ဖူးဘူး"
"ငါတို့ နေရာကိုတာ့ခွေလို့ ခေါ်တာပေါ့"
ဦးလေးလယ်အာမုက တိုးတိုးလေး ရေရွတ်လိုက်သည်။
တာ့ခွေ ဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် တပြိုင်နက် တာရာဝမ်ကျိအာ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
ဦးလေးလယ်အာမုသည်သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသဖြင့် တဟားဟား ရယ်မောရင်း မေးလိုက်သည်။
"မိန်းကလေးလှလေး၊ နင် ကြောက်သွားတာလား"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"
တာရာဝမ်ကျိအာသည် တည်ငြိမ်ဟန် ဆောင်လိုက်သော်လည်း သူမ၏ ရင်ထဲ၌ နက်ရှိုင်းစွာ ရှိနေသော ကြောက်ရွံ့မှုများကို ဖုံးကွယ်ရန် ခက်ခဲနေခဲ့သည်။
သူမသည် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ဦးလေးလယ်အာမုနှင့် အနည်းငယ် ကွာဝေးအောင် နေလိုက်မိရာ ကြင်နာတတ်သော သိုးထိန်းအိုကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသကဲ့သို့ပင်။
ဝူကျိရှန်းသည်တာရာဝမ်ကျိအာ၏ အမူအရာ ပြောင်းလဲသွားသည်ကို အကဲခတ်မိသွားသဖြင့် တိုးတိုးလေး မေးလိုက်၏။
"နင် ဘာဖြစ်လို့လဲ။ နင့်ရဲ့ မျက်နှာအမူအရာက သိပ်မကောင်းဖြစ်နေတယ်"
"ဘာလို့လဲဆိုတော့ ဒီနေရာက တာ့ခွေ ဖြစ်နေလို့ပဲ"
"တာ့ခွေဆိုတာ ဘာကို ဆိုလိုတာလဲ"
ဒေသခံဘာသာစကားအရ တာ့ခွေဟူသည် ညစ်ပတ်ခြင်း၊မစင်ကြယ်ခြင်းကို ဆိုလိုခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် မကောင်းသောအရာ အားလုံးကို ညွှန်ပြလေ့ရှိကာ တဖြည်းဖြည်းနှင့် သီးသန့် နာမည်တစ်ခုဖြစ်လာခြင်းပင် ဖြစ်၏။
မြက်ခင်းပြင်၏ ထုံးစံအရ အပြစ်ကျူးလွန်ထားသော သူများကို ခြောက်သွေ့လှသော မြေရိုင်းများဆီသို့ နယ်နှင်ဒဏ် ပေးလေ့ရှိကြပြီး ထိုနေရာကို လူအများက တာ့ခွေ ဟု ခေါ်ဆိုကြသည်။
တစ်နည်းအားဖြင့်ဆိုရသော် ဤနေရာသည် ရိုးရာဓလေ့အရ မျိုးနွယ်စုတစ်ခု မဟုတ်ဘဲ အပြစ်ကျူးလွန်သူများကို နယ်နှင်ဒဏ် ပေးထားသော နေရာတစ်ခု ဖြစ်ပေသည်။
ဤနေရာတွင် ရှိနေသော လူတိုင်းသည် ကြီးမားလှသော အပြစ်များကို ကျူးလွန်ထားကြသူများ ဖြစ်ကြ၏။
**********
`
အခန်း ၁၃၆ - လူထု၏ ဆန္ဒ
"ဒီမှာက ပိုနေတဲ့ တဲမရှိလို့ ဒါနဲ့ပဲ အဆင်ပြေအောင် နေလိုက်ပါဦး"
အဘိုးအိုလယ်အာမုက ကြမ်းတမ်းသော သိုးမွှေးစောင်တစ်ထည်ကို တာရာဝမ်ကျိအာထံ ကမ်းပေးရင်း ပြောလိုက်သည်။ သူ၏ အသံမှာ မိမိရင်သွေးကို ဆုံးမနေသကဲ့သို့ နူးညံ့သိမ်မွေ့လှ၏။
"ပင်ပန်းနေရင်လည်း အိပ်လိုက်တော့။ မအိပ်ချင်သေးရင်လည်း လက်ဖက်ရည်ပူပူလေး တစ်ခွက်လောက် သောက်ဦးမလား။ ငါ့လက်ဖက်ရည်က အားအရှိဆုံးပဲ"
တာရာဝမ်ကျိအာသည် တကယ်ပင် ပင်ပန်းနွမ်းနယ်နေသဖြင့် ကောင်းကောင်း အိပ်စက်ချင်နေသော်လည်း ထိုနေရာရှိ လူအားလုံးမှာ ပြစ်မှုကြီးကျူးလွန်ထားသူများ ဖြစ်သည်ဟူသော အတွေးကြောင့် အိပ်မပျော်နိုင် ဖြစ်နေရသည်။
လယ်အာမုက မီးဖိုလေးကို မီးမွှေးပြီး လက်ဖက်ရည် စတင်ကျိုချက်လေသည်။
မွန်ဂိုလွင်ပြင်တွင် လက်ဖက်ခြောက်မှာ ရှားပါးပစ္စည်းဖြစ်၏။ အထူးသဖြင့် မင်အင်ပါယာက မွန်ဂိုများနှင့် ကုန်သွယ်မှုကို ပိတ်ပင်လိုက်ပြီးနောက် လက်ဖက်ခြောက်သည်သာမန်လူများမတတ်နိုင်သော ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။ပြည်နှင်ဒဏ်ပေးခံရသောနေရာမျိုးတွင်မူ လက်ဖက်ခြောက်ဟူ၍ လုံးဝမရှိနိုင်ပါ။
သူတို့လက်ဖက်ရည်ဟု ခေါ်နေကြသော်လည်း အမှန်ကဆာဆောမြက်၏အရွက်နုများကိုကျိုချက်ထားခြင်းသာ ဖြစ်၏။
မွန်ဂိုလွင်ပြင်မှ လက်ဖက်ရည်ကျိုပုံနှင့် အလယ်ပိုင်းလွင်ပြင်မှ လက်ဖက်ရည်ကျိုပုံမှာလုံးဝကွဲပြားခြားနားကြသည်။
ပေါက်ပြဲနေသော သံအိုးအိုကြီးတစ်လုံးထဲတွင် လက်ဖက်ရွက်ဟုသတ်မှတ်ထား သောအရွက်များကို အိုးအပြည့် ထည့်ကျိုပြီးနောက် နို့ခဲတုံးကြီးတစ်တုံးနှင့် ကျောက်ဆားအချို့ကို ထည့်ကာ ပျစ်ချွဲ၍ မည်းနက်နေ အောင်ကျိုချက်ရသည်။
ယင်းမှာ တာ့ခွေမျိုးနွယ်စုက ဧည့်သည်များကို တည်ခင်းဧည့်ခံသော လက်ဖက်ရည်ပင် ဖြစ်၏။
ထိုလက်ဖက်ရည်သည် အလွန်ခါးသက်ပြီး ညှီစို့စို့ ရှိလှသည်။ ပထမဆုံး သောက်ဖူးသူအဖို့ မျိုချရခက်သော်လည်း အနည်းငယ် မြည်းစမ်းကြည့်ပြီးနောက်တွင်မှအရသာမှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာတတ်သည်။
"မိန်းကလေး... နည်းနည်းလောက် မသောက်ဘူးလား"
အဘိုးကြီးမှာ ရာဇဝတ်ကောင်တစ်ယောက် ဖြစ်ကြောင်း သိထားသဖြင့် တာရာဝမ်ကျိအာသည် လက်ဖက်ရည်ကို အလွယ်တကူ မသောက်ရဲချေ။ သူမက ယဉ်ကျေးစွာဖြင့် ပြန်ပြောလိုက်သည်။
"ကျေးဇူးပါပဲ လယ်အာမူ။ ကျွန်မ အခုလောလောဆယ် လက်ဖက်ရည် မသောက်ချင်သေးလို့ပါ"
"မိန်းကလေး... ငါ့ကို အပြစ်ကြီးကျူးလွန်ထားတဲ့ လူဆိုးတစ်ယောက်လို သဘောထားဖို့ မလိုပါဘူး။ ငါက မင်းတွေးထားသလို လူစားမျိုး မဟုတ်ပါဘူး"
လယ်အာမုက ရိုးသားစွာ ပြုံးရင်း ပြောလိုက်သည်။
"မင်း မြင်တဲ့အတိုင်းပါပဲ။ ဒီမျိုးနွယ်စုထဲက လူတွေအားလုံးက အလွန် စိတ်ရင်းကောင်းကြပါတယ်"
လက်ဖက်ရည်သည် ခါးပြီး ငန်သော်လည်း အာဟာရဓာတ် မြင့်မားပြီး ကုန်ခမ်းသွားသော အင်အားများကို ပြန်လည်ဖြည့်တင်းပေးနိုင်သဖြင့် ဝူကျိရှန်းသည် ဆက်တိုက်ဆိုသလို ဖလားကြီးတစ်ခွက်အကုန်သောက်လိုက်သည်။
"လေးစားရတဲ့ လယ်အာမု... ကျွန်တော် မေးချင်နေတာ ကြာပြီဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒီမျိုးနွယ်စုထဲမှာ ဘာဖြစ်လို့ လူငယ်အမျိုးသားတွေကို လုံးဝမတွေ့ရတာလဲ"
ထိာမျိုးနွယ်စုလေးထဲတွင် ဝူကျိရှန်း တွေ့ခဲ့ရသည်မှာ ဆံပင်ဖြူနေသော အဘိုးအိုများနှင့် အဘွားအိုများသာ ဖြစ်သည်။ တစ်ခါတစ်ရံ တွေ့ရတတ်သော လူငယ်များမှာလည်းအမျိုးသမီးများသာ ဖြစ်ကြ၏။
"သူတို့အားလုံး သေကုန်ကြပြီ"
လယ်အာမု၏ အသံက လေးလံထိုင်းမှိုင်းသွားသည်။
မျိုးနွယ်စုထဲက လူငယ်အမျိုးသားတွေ အားလုံး သေကုန်ကြပြီ ဟုတ်လား။ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ချိုကတူခန်နဲ့ အူဆာခါးလ်ခန်တို့ စစ်ဖြစ်ကြတယ်။ အမျိုးသားတွေက ချိုကတူခန်ကို ကူညီပြီး တိုက်ပွဲဝင်ရင်း စစ်မြေပြင်မှာ အားလုံး သေဆုံးသွားခဲ့ကြတာပေါ့"
လယ်အာမုက ခေါင်းကို အနည်းငယ်စောင်းကာ ကူကယ်ရာမဲ့သော ဝမ်းနည်းမှုများဖြင့် ပြောပြလေသည်။
"အဲဒီနောက်မှာ ချိုကတူခန်ကို ကူညီခဲ့တဲ့ ငါတို့မျိုးနွယ်စုတွေအားလုံးက ရာဇဝတ်ကောင်တွေ ဖြစ်ကုန်ပြီး ဒီနေရာကို ပြည်နှင်ဒဏ် အပေးခံရတော့တာပဲ"
အူဆာခါးလ်ခန်သည် မွန်ဂိုလွင်ပြင်၏ အုပ်စိုးရှင် ဖြစ်ပြီး မြောက်ပိုင်းယွမ်မင်းဆက်၏ ဧကရာဇ် ဖြစ်သည်။
ချိုကတူခန်ဟု ခေါ်သောသူနှင့် လက်ရှိ မြောက်ပိုင်းယွမ် ဧကရာဇ် နှစ်ဦးစလုံးသည် ရွှေရောင်မျိုးနွယ်နွယ်ဖွား သွေးစစ်မွန်ဂိုများ ဖြစ်ကြပြီး ဂျင်ဂျစ်ခန် တေမူဂျင်၏ အနွယ်တော်များ ဖြစ်ကြသည်။ လက်ရှိ မြောက်ပိုင်းယွမ် ဧကရာဇ်သည် ကူဗလိုင်ခန်၏ အဆက်အနွယ် ဖြစ်ပြီး ချိုကတူခန်မှာမူ ကူဗလိုင်ခန်၏ ညီတော် အရစ်ဗိုခေ၏ အနွယ်တော် ဖြစ်၏။
ယွမ်မင်းဆက် မတည်ထောင်မီ ကတည်းကပင် အမြင့်ဆုံး အာဏာကို လုရန်အတွက် ညီအစ်ကိုနှစ်ဦးသည် ကြီးကျယ်သော စစ်ပွဲများကို အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြပြီး နောက်ဆုံးတွင် ကူဗလိုင်ခန်က အောင်နိုင်သူ ဖြစ်ခဲ့သည်။
ယခုအခါ မြောက်ပိုင်းယွမ် နန်းတွင်းအာဏာ အားနည်းလာသည်နှင့်အမျှ အရစ်ဗိုခေ၏ အနွယ်တော်များ ပြန်လည် အားကောင်းလာပြီး ပြည်တွင်းစစ်များ အကြိမ်ကြိမ် ဖြစ်ပွားကာ အူဆာခါးလ်ခန်၏ အုပ်ချုပ်မှုကို ထပ်ဖန်တလဲလဲ စိန်ခေါ်နေကြခြင်း ဖြစ်သည်။
သန်ရာစားစနစ်သည် မွန်ဂိုလွင်ပြင်၏ ထာဝရစည်းမျဉ်း ဖြစ်သဖြင့် ဤကဲ့သို့သော တိုက်ပွဲများက ထူးဆန်းသည်တော့ မဟုတ်ချေ။
"ရွှေရောင်မျိုးနွယ်ရဲ့ ပြည်တွင်းရေးက ငါတို့လိုလူတွေကိုပါ ဆွဲထည့်လိုက်တာပဲ"
လယ်အာမုက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
"ငါ့သား၊ ငါ့မြေးနဲ့ တခြားလူတွေ အများကြီးပဲ စစ်ပွဲထဲမှာ သေကုန်ကြပြီ။ ငါတို့တောင် ရာဇဝတ်ကောင်တွေ ဖြစ်ကုန်ကြတယ်၊ ငါက ဘာအပြစ်လုပ်မိလို့လဲဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် မသိပါဘူး"
"ရွှေရောင်မျိုးနွယ်ရဲ့ တရားဝင် အဆင့်အတန်းတွေ၊ ဂျင်ဂျစ်ခန်ရဲ့ ဘုန်းအာနုဘော်တွေက ငါတို့လို သာမန်လူတွေနဲ့ ဘာဆိုင်လို့လဲ"
ထိုအမင်္ဂလာ စစ်ပွဲအကြောင်း ပြောရင်း လယ်အာမုက သက်ပြင်းကို အထပ်ထပ် ချနေမိသည်။
"ဘာဖြစ်လို့ အမြဲတမ်း ငါတို့လိုလူတွေပဲ ဒုက္ခရောက်ရတာလဲ"
အဆုံးမရှိသော စစ်ပွဲများနှင့်ဆူပူမှုများကြောင့် အောက်ခြေလူတန်းစား သာမန်ပြည်သူများသာ အမြဲတမ်း မြေစာပင် ဖြစ်ကြရသည်။
တိုင်းပြည်ကြီးပွားလည်း ပြည်သူ ဒုက္ခရောက်ရ၏၊ တိုင်းပြည်ပျက်စီးသလည်း ပြည်သူ ဒုက္ခရောက်ရ၏။ ဤစကားသည် အလယ်ပိုင်းလွင်ပြင်အတွက်သာမက မွန်ဂိုလွင်ပြင်အတွက်ပါ မှန်ကန်လှသည်။
သူက ပြောရင်းနှင့် သားရေနယ်သည့် ဘောင်တစ်ခုကို ကောက်ယူကာ အစွန်းတစ်ဖက်ကို သူ့ခါးတွင် ကျပ်ထုတ်နေအောင် ပတ်လိုက်ပြီး ကျန်အစွန်းတစ်ဖက်ရှိ သစ်သားလက်ကိုင်ကို ခြေထောက်ဖြင့် အားစိုက်တွန်းကာ နွားသားရေတစ်ချပ်ကို ကြိုးစားပမ်းစား နယ်နေလေသည်။
"မကြာခင် စစ်ပွဲနောက်တစ်ခု လာတော့မယ်"
လယ်အာမုက ကျွမ်းကျင်စွာ သားရေနယ်ရင်း ပြောလိုက်သည်။
"ငါ ခန့်မှန်းရသလောက်တော့ နောက်အကျဆုံး ရှစ်လပိုင်း၊ ဒါမှမဟုတ် ကိုးလပိုင်းလောက်ဆိုရင် မင်းတို့ မင်အင်ပါယာနဲ့ စစ်ဖြစ်ကြလိမ့်မယ်"
လယ်အာမု၏ စကားကြောင့် ဝူကျိရှန်း အလွန် အံ့အားသင့်သွားရသည်။
နန်းတွင်းသည် မြောက်ပိုင်းစစ်ဆင်ရေးအတွက် အင်တိုက်အားတိုက် ပြင်ဆင်နေသည်မှာ အမှန်ပင် ဖြစ်ပြီး မွန်ဂိုများနှင့် စစ်ပွဲဖြစ်ရန် လက်တစ်ကမ်းသာ လိုတော့သည်။ ဤကဲ့သို့ ကြီးကျယ်သော စစ်ပွဲမျိုးကို အမှန်တကယ် ဖုံးကွယ်ထား၍ မရနိုင်သဖြင့် မွန်ဂိုများ သိနေသည်မှာ မထူးဆန်းချေ။
သို့သော် ဤကဲ့သို့ လူသူပြတ်လပ်ပြီး ပြည်နှင်ဒဏ်ပေးထားသော နေရာမှ လအာမူက မြောက်ပိုင်းစစ်ဆင်ရေး၏ အချိန်အတိအကျကို သိနေခြင်းကမူ အလွန် ထူးဆန်းလှသည်။
"ဒါက လုံးဝမထူးဆန်းပါဘူး"
လယ်အာမူက ကျိုးကြောင်းဆီလျော်စွာ ရှင်းပြလာ၏။
"အရင်ကဆိုရင် ငါတို့က တစ်နှစ်ကို သားရေနယ် နှစ်ချပ်ပဲ သွင်းရတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လကစပြီး ကောင်းကောင်းနယ်ထားတဲ့ သိုးသားရေ ငါးချပ် သွင်းရမယ်လို့ အမိန့်ထုတ်လာတယ်၊ မသွင်းနိုင်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်တဲ့"
နယ်ထားသော သားရေသည် သံချပ်ကာဝတ်စုံများ ပြုလုပ်ရန်အတွက် မရှိမဖြစ် လိုအပ်သော အရေးကြီး ပစ္စည်း ဖြစ်သည်။
ရုတ်တရက် များပြားသော စစ်အသုံးအဆောင် ပစ္စည်းများကို တောင်းခံလာခြင်းကအဓိပ္ပာယ် တစ်ခုတည်းသာ ရှိ၏။ စစ်ပွဲလာတော့မည်၊ ကြီးမားသော စစ်ပွဲကြီး လာတော့မည်။
မြောက်ပိုင်းယွမ်နှင့် မင်အင်ပါယာ နှစ်ဦးစလုံးအတွက် ရှစ်လပိုင်းနှင့် ကိုးလပိုင်းတို့သည် စစ်တိုက်ရန် အသင့်တော်ဆုံး ရာသီများ ဖြစ်ကြသည်။
စစ်မဖြစ်မီ နှစ်ဦးစလုံးမှ လျှို့ဝှက်အထောက်တော်များသည် သတင်းအချက်အလက် ပိုမိုရရှိရန်အတွက် အပြန်အလှန် စုံစမ်းထောက်လှမ်းကြမည်မှာ အသေအချာပင်။ အမှန်တော့ အောက်ခြေအကျဆုံး မွန်ဂိုလူမျိုးများပင် မြောက်ပိုင်းစစ်ဆင်ရေး၏ အချိန်အတိအကျကို ခန့်မှန်းမိနေကြပြီ ဖြစ်သည်။
မြောက်ပိုင်းစစ်ဆင်ရေးသည် ကြီးကျယ်လွန်းသော ကိစ္စရပ် ဖြစ်သဖြင့် ဝူကျိရှန်း၊ တာရာဝမ်ကျိအာ၊လယ်အာမုတို့ပင်လျှင် တစ်စုံတစ်ရာ ပြောင်းလဲနိုင်စွမ်း မရှိချေ။
"ငါ အသက်ကြီးတဲ့အထိ နေလာခဲ့ပေမဲ့ ဘယ်တုန်းကမှ နားမလည်ခဲ့ဘူး"
ထိုစကားမှာ ဝူကျိရှန်းကို ပြောနေသကဲ့သို့ ရှိသော်လည်း လယ်အာမုကကိုယ့်ကိုယ်ကိုယ် ရေရွတ်နေခြင်းလည်း ဖြစ်သည်။
"စစ်ဖြစ်တိုင်း လူတွေ သေကြတယ်၊ လူတွေ အများကြီး သေကြတာပေါ့။ အဲဒါကို သူတို့က ဘာဖြစ်လို့ ဆက်တိုက်နေကြတုန်းလဲ"
"အူဆာခါးလ်ခန်က အမြဲတမ်း ဂျင်ဂျစ်ခန်ရဲ့ ဘုန်းအာနုဘော်ကို ဆက်ခံမယ်လို့ ပြောတယ်၊ နေမင်းအောက်က မြေရိုင်းတွေအားလုံး မွန်ဂိုတွေရဲ့ စားကျက်မြေ ဖြစ်စေရမယ်လို့ အမြဲပြောတယ်။ ဒါပေမဲ့ အဲဒါက မဖြစ်နိုင်တော့ပါဘူး။ စစ်ပွဲသာ တကယ်ဖြစ်လာရင် အူဆာခါးလ်ခန်က ဧကန်အမှန် ရှုံးနိမ့်မှာဖြစ်ပြီး မင်းတို့ မင်အင်ပါယာကပဲ ကျိန်းသေ အောင်နိုင်လိမ့်မယ်"
မွန်ဂိုမြင်းစီးတပ်သားများသည် တစ်ကမ္ဘာလုံးကို အောင်နိုင်ခဲ့ပြီး မြင်းစီးမြှားပစ်အတတ်ကို သမိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ပို့ဆောင်နိုင်ခဲ့သော်လည်း လယ်အာမုသည် စတင်ခြင်းမရှိသေးသော စစ်ပွဲအပေါ် မကြုံစဖူး စိတ်ပျက်အားလျော့မှုကို ပြသနေ၏။
"ဘာဖြစ်လို့ အဲဒီလို ပြောတာလဲ"
လယ်အာမူ၏ အဖြေမှာ ရိုးရှင်းလှသည်။
"ဘာဖြစ်လို့လဲဆိုတော့ လူထုရဲ့ ဆန္ဒကြောင့်ပဲ"