အခန်း (၁၃၇-၁၃၈)
Vol. 13 Ch. 137-138
အခန်း ၁၃၇ ကုန်ကြမ်းပစ္စည်းများ
အဘိုးအိုလယ်အာမုသည် ကြီးမားသော မြက်ခင်းပြင်ကြီးမှ တစ်ခါမျှ မထွက်ခွာဖူးသော်လည်း ဟန်လူမျိုး အမြောက်အမြားနှင့် ကြုံဆုံဖူးလေသည်။
အဘိုးအိုလယ်အာမု၏ အမှတ်သညာထဲတွင် လွန်ခဲ့သော နှစ်များစွာက ဟန်လူမျိုး အများအပြားမြက်ခင်းပြင်သို့ အမြဲတမ်း ရောက်ရှိလာတတ်ကြသည်ကိုမှတ်မိ နေ၏။
ထိုဟန်လူမျိုး အများစုမှာ ငတ်မွတ်ခေါင်းပါးမှု ဘေးဒဏ်၊ ကြွေးမြီများကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း အသက်မွေးဝမ်းကျောင်း ပြုရန်အတွက် မြက်ခင်းပြင်သို့ ရောက်လာကြသူများ ဖြစ်ကြပြီး အချို့မှာမူ ပြင်းထန်သော စစ်မှုထမ်းရခြင်းနှင့် ချွေးတပ်ဆွဲခံရခြင်းတို့မှ လွတ်မြောက်ရန် လာကြသူများ ဖြစ်သဖြင့် သူတို့၏ ဘဝများမှာ ကောင်းမွန်စွာ နေထိုင်ခဲ့ကြရသည် မဟုတ်ချေ။
သို့သော်လည်း မင်အင်ပါယာ တည်ထောင်ပြီးကတည်းက မြက်ခင်းပြင်သို့အသက်မွေးဝမ်းကျောင်း ပြုရန် လာရောက်ကြသော ဟန်လူမျိုးများမှာ တစ်စတစ်စ နည်းပါးသွားခဲ့ရာပြီးမကြာသေးမီ နှစ်များအတွင်း၌မူ မြက်ခင်းပြင်ပေါ်တွင် ဟန်လူမျိုးများကို တစ်ယောက်မျှပင် မတွေ့ရတော့သလောက် ဖြစ်သွားခဲ့သည်။
ဤသည်မှာ သူတို့၏ ဘဝများ စတင်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
"မင်းတို့ရဲ့ မင်ဧကရာဇ်က မြင့်မြတ်တဲ့ မျိုးရိုးက လာတာမဟုတ်ဘဲ ဆင်းရဲသားဘဝက တက်လာတာလို့ ငါကြားတယ်၊ ဒါကြောင့် သူက ဆင်းရဲသားတွေရဲ့ အခြေအနေကို အသိဆုံးပဲပေါ့။ သူ ဧကရာဇ် ဖြစ်လာကတည်းက မင်းတို့ဘက်က သာမန်ပြည်သူတွေဟာ ဝဝလင်လင် စားသောက်နေကြရပြီတဲ့။ သူက တကယ်ကို ဧကရာဇ်ကောင်း တစ်ပါး ဖြစ်ရမယ်"
မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာမှ မွန်ဂိုအဘိုးအို တစ်ဦးသည် ကျူးယွမ်ကျန်းအပေါ် အတော်အတန် မျှတပြီး ဓမ္မဓိဋ္ဌာန်ကျသော သုံးသပ်ချက်တစ်ခု ပေးခဲ့သည်။ထိုအရာမှာ သူသည် ဧကရာဇ်ကောင်း တစ်ပါး ဖြစ်သည်ဟူ၍ ဖြစ်၏။
ကျူးယွမ်ကျန်းသည် နိုင်ငံတော်တည်ထောင်ခဲ့သော သူရဲကောင်း အမြောက်အမြားကို မည်မျှပင် သုတ်သင်ရှင်းလင်းခဲ့ပါစေ၊ခြစားသော အရာရှိများကို မည်မျှပင် ပြင်းထန်သော နည်းလမ်းများဖြင့် နှိမ်နင်းခဲ့ပါစေသူသည် သာမန်ပြည်သူများအပေါ်တွင်မူ အမြဲတမ်း ကောင်းမွန်ခဲ့သည်။
သာမန်ပြည်သူတွေကို ဝဝလင်လင် စားသောက်ခွင့် ပေးနိုင်တယ်ဟူသော စကားစုသည် အလွန်ပင် ရိုးရှင်းလှသော်လည်း ပဒေသရာဇ်ခေတ်တွင် ဧကရာဇ်တစ်ပါးအတွက် အမြင့်မားဆုံးသော ချီးကျူးဂုဏ်ပြုချက်ပင် ဖြစ်၏။
စာမတတ်သော မွန်ဂိုအဘိုးအို တစ်ဦးအနေဖြင့်တရားသောမင်းမှာ လူအများ ဝိုင်းရံ၍ မတရားသောမင်းမှာ လူအများ စွန့်ခွာတတ်သည်ဟူသော ဂန္ထဝင် စကားပုံများကို မပြောဆိုတတ်သော်လည်း သာမန်ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ပါက ပြည်သူ့နှလုံးသားကို ရရှိနိုင်မည် ဖြစ်ကြောင်းကိုမူ သူ ကောင်းကောင်း သိထားသည်။
တစ်ဖက်မှာ ပြည်သူအားလုံး၏ ထောက်ခံမှုကို ရရှိထားသော မင်ဧကရာဇ် ဖြစ်ပြီး အခြားတစ်ဖက်မှာမူ မိမိပြည်သူအချင်းချင်းကို ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းနေသော ရွှေရောင်မျိုးနွယ်၏ အနွယ်တော် ဖြစ်၏။ အကယ်၍ နှစ်ဖက် စစ်ပွဲဖြစ်ပွားလာပါက မည်သူက နိုင်ပြီး မည်သူက ရှုံးမည်ကို ပြောနေရန်ပင်မလိုအပ်ပေ။
နိုင်ငံနှစ်ခုအကြား စစ်ပွဲတွင် အနိုင်အရှုံးကို ဆုံးဖြတ်ခြင်းသည် အလွန်ပင် ကျယ်ပြန့်ပြီး ရှုပ်ထွေးလှသော ပြဿနာတစ်ခု ဖြစ်ကာ နှစ်ဖက်စလုံး၏ ဘက်စုံစွမ်းအားကို သေချာစွာ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ အဘိုးလယ်အာမု၏ ပြဿနာကို ကြည့်မြင်ပုံမှာ အလွန် ရိုးရှင်းလှသော်လည်း ကိစ္စရပ်၏ ပဓာနကျသော အချက်ကို တည့်တည့်မတ်မတ်တိုက်ရိုက် ထောက်ပြနိုင်ခဲ့သည်။
ဤသည်မှာ နှစ်ပေါင်းများစွာအတွင်း စုဆောင်းလာခဲ့သော ပညာဗဟုသုတ ကြောင့်ပင် ဖြစ်၏။
"မွန်ဂိုတွေနဲ့ ဟန်လူမျိုးတွေက မူလကတည်းက ညီအစ်ကိုတွေပဲ၊ ဘာဖြစ်လို့ နှစ်ပေါင်းရာချီအောင် တိုက်ခိုက်နေကြတာလဲ"
လူမျိုးတိုင်းတွင် လှပသော မူလအစ ဒဏ္ဍာရီများ ရှိကြရာ မြက်ခင်းပြင်၏ ဒဏ္ဍာရီအရ မြက်ခင်းပြင်ပေါ်ရှိ လူမျိုးအားလုံး၏ မိခင်နတ်သမီးမှာ လှပသော နတ်သမီးတစ်ပါး ဖြစ်သည်။
မိခင်နတ်သမီး၏ သားကြီးကို မွေးဖွားချိန်တွင် သူသည် လက်ထဲ၌ မြေကြီးတစ်ခဲကို ဆုပ်ကိုင်ထားခဲ့ပြီး ကြီးပြင်းလာသောအခါ ကောက်ပဲသီးနှံများကို စိုက်ပျိုးခဲ့သဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သော လူမျိုးများ၏ ဘိုးဘေး ဖြစ်လာခဲ့သည်။
သားငယ်ကို မွေးဖွားချိန်တွင်မူ သူသည် လက်ထဲ၌ မြင်းမွှေးအချို့ကို ဆုပ်ကိုင်ထားခဲ့သဖြင့် မြင်းများနှင့် သိုးများကို ထိန်းကျောင်းစေခဲ့ရာ ရာဇဝင်တွင် လှည့်လည်သွားလာသော နာမတ်လူမျိုးများ၏ ဘိုးဘေး ဖြစ်လာခဲ့လေသည်ဟူ၍ပင်။
နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော လုပ်ငန်းဒဏ်ကြောင့် အဘိုးလယ်အာမု၏ ခါးမှာ သိသိသာသာ ကိုင်းညွတ်နေခဲ့ပြီ ဖြစ်သော်လည်း နွားသားရေကို နယ်ရန်အတွက် သူသည် ခါးကို မရမက ဆန့်တန်းကာ အကြမ်းထည် နွားသားရေပေါ်တွင် ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်၏...။
ဝူကျိရှန်းသည် အဘိုးလယ်အာမု၏ ကျွမ်းကျင်စွာ သားရေနယ်နေပုံကို တိတ်တဆိတ် ကြည့်ရှုနေရင်း သူ၏လက်ထဲရှိ မည်းမှောင်၍ အခဲလိုက် ဖြစ်နေသော အရာဝတ္ထုကို အလွန် စိတ်ဝင်စားသွားကာ မေးလိုက်သည်။
"ဒါက ဘာပစ္စည်းလဲ"
"ဒါက ဟာရာဆီလို့ ခေါ်တယ်"
ဆီ ဟုတ်လား။ထိုမည်းမှောင်ပြီး ပေါက်စီလုံးခန့် ရှိသော အရာဝတ္ထုသည် မည်သို့မျှ အဆီခဲ ဖြစ်နိုင်ခြေ မရှိချေ၊ ၎င်းသည် ပြင်းထန်သော အယ်လ်ကာလီ ဒြပ်ပေါင်းတစ်ခု ဖြစ်ရမည်မှာလွဲစရာမရဇိပေ။
မနယ်ရသေးသော အကြမ်းထည် နွားသားရေသည် ခြောက်သွေ့မာကြောပြီး သစ်သားပျဉ်ပြားကဲ့သို့ ကျိုးပဲ့လွယ်လှသည်။ သို့သော် ထိုအရာဝတ္ထုကို သုတ်လိမ်းလိုက်ပြီးနောက်တွင်မူ သားရေမှာ သိသိသာသာ ပျော့ပြောင်းသွား၏။
အထူးသဖြင့် စိတ်ဝင်စားစရာ ကောင်းသည်မှာ နွားသားရေတွင် ကပ်ငြိနေသော အသားစများနှင့် ကျန်ရှိနေသော တွယ်ဆက်တစ်ရှူးများသည် ထိုဟာရာဆီဟု ခေါ်သော အရာနှင့် ထိတွေ့မိသောအခါ သိသိသာသာ ဝါညိုရောင်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်ရာ ၎င်းသည် ပြင်းထန်သော အယ်လ်ကာလီ အမျိုးအစား တစ်ခုခု ဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
ပြင်းထန်သော အယ်လ်ကာလီများသည် အရေးကြီးသော အခြေခံ ဓါတုဗေဒ ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြသည်။ သဘာဝ အယ်လ်ကာလီများနှင့် အပင်မှရသောပြာများသည် အယ်လ်ကာလီ ဂုဏ်သတ္တိ ရှိကြသော်လည်း ပြင်းထန်သော အယ်လ်ကာလီများကိုမူ ဤခေတ်ကာလတွင် တွေ့ရခဲလှသည်။
ပင်နီဆလင်အစစ်ကို ထုတ်လုပ်ရန်အတွက် အက်ဆစ်များနှင့် အယ်လ်ကာလီများကို အသုံးပြုရန် လုံးဝ လိုအပ်ပေသည်။
ဝူကျိရှန်းသည် ချက်ချင်းပင် ဟာရာဆီဟု ခေါ်သော အရာဝတ္ထုအပေါ် အပြင်းအထန် စိတ်ဝင်စားသွားတော့၏။
"ကျွန်တော် ဒီအရာကို ကြည့်လို့ရမလား"
သူသည် ရွှံ့ကဲ့သို့ ဖြစ်နေသော အရာဝတ္ထုကို လက်ထဲတွင် ကိုင်ထားကြည့်ရာ အထိအတွေ့မှာ အလွန် ချောမွေ့လှသည်။ သူသည် ၎င်းကို နှာခေါင်းနားသို့ ကပ်ကာ သေချာစွာ နမ်းရှိုက်ကြည့်လိုက်ရာ ချက်ချင်းပင် ပြင်းထန်သော ညှီစို့စို့နံ့ကို ရရှိလိုက်၏။
အယ်လ်ကာလီများတွင် ဤကဲ့သို့အနံ့မျိုး မရှိချေ။၎င်းထဲတွင် သိုးဆီ အမြောက်အမြားကို ထည့်သွင်းထားခြင်းသာဖြစ်ရမည်။
သူသည် ထိုအရာဝတ္ထုကို မိမိ၏ အဝတ်အစားပေါ်တွင် ပြင်းထန်စွာ ပွတ်တိုက်ကြည့်လိုက်ရာ မကြာမီအချိန်အတွင်းမှာပင် အဝတ်အစားပေါ်ရှိ ပိုးချည်မျှင်များ၏ အရောင်မှာ စတင် ပြောင်းလဲလာခဲ့သည်။
ဤအရာသည် ကျိန်းသေပေါက် ပြင်းထန်သော အယ်လ်ကာလီ ဂုဏ်သတ္တိ ရှိသည့် အရာဝတ္ထုတစ်ခု ဖြစ်သော်လည်း ၎င်းသည် မည်သည့် ဒြပ်ပေါင်း ဖြစ်သည်ကိုမူ အတိအကျ ခွဲခြားရန် မဖြစ်နိုင်သေးချေ။
"အဘိုး... ဒီအရာကို ဘယ်လို လုပ်တာလဲ"
"ဒါက သဲကန္တာရထဲက အရည်ပျော်ကျောက်တွေကို အရည်ဖျော်ပြီး လုပ်တာပေါ့"
အရည်ပျော်ကျောက် ဟုတ်လား။အဲဒါက ဘာပစ္စည်းလဲ။
"အဲဒါက အဖြူရောင် ကျောက်တုံးတစ်မျိုးပဲ"
အဖြူရောင် ကျောက်တုံး ဟုတ်လား။
ဝူကျိရှန်းသည် အခြေအနေကို အကြမ်းဖျင်းအားဖြင့် နားလည်သွားခဲ့ပြီ ဖြစ်သည်။
"အဘိုးပြောတဲ့ အဖြူရောင် အရည်ပျော်ကျောက်က အလွန် ပျော့တာလား"
"မှန်တယ်၊ သာမန်ကျောက်တုံးတွေထက် အများကြီး ပိုပျော့တယ်၊ သံတူနဲ့ အသာလေး ထုလိုက်ရုံနဲ့ ကွဲသွားတာပဲ..."
"အဲဒီကျောက်တုံးက အလွှာလိုက် ဖြစ်နေတာလား"
"ဟုတ်တယ်၊ အရည်ပျော်ကျောက်တွေက သဲထဲမှာ မြုပ်နေတာ၊ သဲကို တူးလိုက်ရုံနဲ့ ရနိုင်တယ်။ ဒီအရာကို ကျိုချက်ပြီး သိုးဆီနဲ့ ရောလိုက်ရင် နွားသားရေပေါ်က အညစ်အကြေးတွေကို အရည်ပျော်စေနိုင်လို့ ငါတို့က အရည်ပျော်ကျောက်လို့ ခေါ်တာ..."
"အဘိုးဆီမှာ အဲဒီအရည်ပျော်ကျောက်တွေ ပိုမရှိတော့ဘူးလား။ ကျွန်တော့်ကို နည်းနည်းလောက် ပြလို့ရမလား"
"ကြည့်လို့ မရတော့ဘူး"
အဘိုးလယ်အာမုက ရိုးသားစွာ ပြုံးရင်း ပြောလိုက်သည်။
"အရည်ပျော်ကျောက်က သိုလှောင်ရတာ မလွယ်ဘူး၊ အကြာကြီး ထားလိုက်ရင် အလိုလို အရည်ပျော်သွားတတ်လို့..."
အဘိုးလယ်အာမု၏ ပြောပြချက်အရ ဝူကျိရှန်းကျိန်းသေပေါက် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။အရည်ပျော်ကျောက်သည် ဟိုက်ဒရော့ဆိုဒ် ဒြပ်ပေါင်းတစ်ခုခု ဖြစ်ပြီး သဘာဝအတိုင်း တွေ့ရသော အယ်လ်ကာလီ အရာဝတ္ထုတစ်ခု ဖြစ်၏။
သာမန်အခြေအနေအောက်တွင် သဘာဝအလျောက် ဖြစ်ပေါ်သော အယ်လ်ကာလီများသည် သဘာဝတရားထဲ၌ တည်ရှိနေရန် မဖြစ်နိုင်သလောက် ရှိလှပြီး ၎င်းတို့ကို ဓါတုဗေဒ နည်းလမ်းဖြင့် ပေါင်းစပ်ထုတ်လုပ်ခြင်းဖြင့်သာ ရရှိနိုင်သည်။ သို့သော် မည်သည့်အရာမျှ အကြွင်းမဲ့ မရှိနိုင်ချေ၊ အချို့သောဘူမိဗေဒ တည်ဆောက်ပုံများတွင်မူ ၎င်းတို့ကို ရှာဖွေတွေ့ရှိနိုင်ဆဲ ဖြစ်သည်။
သဲကန္တာရ၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် တည်ရှိနေသော ရေကန်များသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာကာ ဆားဓာတ်နှင့် အယ်လ်ကာလီဓာတ်များမှာ တစ်စတစ်စ ပိုမိုမြင့်မားလာတတ်သည်။ ရေများ ခန်းခြောက်သွားသောအခါ ကျန်ရှိနေသော ဓါတုပစ္စည်းများသည် သဲများ၏ ဖုံးအုပ်ခြင်းကို ခံရပြီး နှစ်ပေါင်း သန်းနှင့်ချီသော ဘူမိဗေဒ ဖြစ်စဉ်များပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားကာ သဘာဝအလျောက် ဖြစ်ပေါ်သော ဆားနှင့် အယ်လ်ကာလီ တွင်းထွက်များ ဖြစ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူ့အသက်ကို နုတ်ယူလုနီးပါး ဖြစ်ခဲ့သော သဲကန္တာရကြီးထဲတွင် ဤမျှ တန်ဖိုးရှိလှသော သဘာဝ သယံဇာတများ တည်ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိချေ။
ဤမျှ ကောင်းမွန်သော အရာကို ဒေသခံပြည်သူများက သားရေနယ်ရန်အတွက်သာ အသုံးပြုနေကြခြင်းမှာ အလွန် နှမြောစရာကောင်းလှသော ဖြုန်းတီးမှုတစ်ခုပင် ဖြစ်သည်။
အကယ်၍ ၎င်းကို တူးဖော်နိုင်ပါက သူ၏ ဓါတုဗေဒ စွမ်းရည်များကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
သဲကန္တာရသည် ခြောက်သွေ့ဆိတ်သုဉ်းနေသည့်နေရာ မဟုတ်ဘဲ ရတနာသိုက်ကြီးတစ်ခု ဖြစ်နေခြင်းပင်၊ သို့သော် ယခုခေတ်ကာလတွင် ထိုနည်းပညာများ မရှိသေးချေ။
ဝူကျိရှန်းတွင်မူ ထိုနည်းပညာများ ရှိနေသည်။သို့သော် လက်ရှိ အခြေအနေအရ စိတ်ကူးကြည့်ရုံသာ တတ်နိုင်ပြီး လက်တွေ့တွင် မလုပ်ဆောင်နိုင်သေးသည်မှာ နှမြောစရာပင်။
ဝူကျိရှန်းနှင့် အဘိုးလယ်အာမုတို့ စကားစမြည် ပြောဆိုနေကြစဉ် တာရာဝမ်ကျိအာသည် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။
သူမသည် တကယ်ပင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ရရှာသည်။ ရက်စက်လှသော သေမင်းတမန် သဲကန္တာရကြီးနှင့် နှိုင်းယှဉ်ပါက အဘိုးလယ်အာမု၏ တဲလေးသည် နိဗ္ဗာန်ဘုံကဲ့သို့ ဖြစ်နေသဖြင့်ဟန်ပင်မဆောင်နိုင်တော့ဘဲအိပ်ပျော်သွားခဲ့ခြင်း ဖြစ်၏။
မကြာမီ အချိန်အတွင်းမှာပင် ဝူကျိရှန်း၏ မျက်ခွံများလည်း လေးလံလာခဲ့တော့သည်။
အဘိုးလယ်အာမုသည် သူ၏ ကျွမ်းကျင်လှသော လက်များဖြင့် နွားသားရေကို ဆက်လက် နယ်နေဆဲ ဖြစ်သည်။ တဲအပြင်ဘက်တွင်မူ ညတာသည် တိတ်ဆိတ်ငြိမ်သက်၍ အေးချမ်းလှ၏။
တောက်ပသော လမင်းကြီးသည် အနီးအနားရှိ သိုးခြံနှင့် ဝေးကွာလှသော သဲကန္တာရကြီးကို နေ့ခင်းဖက်အလားထွန်းလင်းပေးထားပြီး ကောင်းကင်နှင့် မြေကြီးအကြား ရှိရှိသမျှ အရာအားလုံးသည် ဆိတ်ငြိမ်အေးချမ်းလျက် ရှိနေလေတော့သည်။
*********
`
အခန်း ၁၃၈ - ပြန်လည်ရောက်ရှိခြင်း
မိုးတိမ်များက နိမ့်ဆင်းညို့မှောင်နေပြီး လေထုထဲတွင် စိုစွတ်လှောင်အိုက်သော အပူရှိန်များ ပြည့်နှက်နေသော်လည်း မိုးကရွာမလာသေးချေ။ ဤကဲ့သို့သော ရာသီဥတုမျိုး ဖြစ်နေသည်မှာ နှစ်ရက်တိတိ ရှိခဲ့ပြီ ဖြစ်သည်။
ဝမ်ကျန့်စွန်း၏ စိတ်အခြေအနေမှာလည်း အပြင်ဘက်က ရာသီဥတုကဲ့သို့ပင် ပိတ်လှောင်ပြီး မှိုင်းညို့နေ၏။
ဝူကျိရှန်းသည် အုလုမယ်တော်ကြီးကို ဓားစာခံလုပ်ကာ ထွက်ပြေးသွားခဲ့သည့် အချိန်မှစ၍ စစ်သူကြီးမုန်းဟု၊ ရှာမန်ဆရာနှင့် မွန်ဂိုသံတမန်တို့သည် သူ့နောက်သို့ မပြတ်တမ်း လိုက်လံဖမ်းဆီးခဲ့ကြသည်။
ပြန်လည်ရောက်ရှိလာသော စစ်သည်များ၏ ပြောပြချက်အရ ဝူကျိရှန်းနှင့် သူ၏လူစုသည် သဲကန္တာရကြီးထဲသို့ ထွက်ပြေးဝင်ရောက်သွားကြပြီ ဖြစ်၏။
သဲကန္တာရကြီးထဲသို့ ထွက်ပြေးသွားသည် ဟုတ်လား။ ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာပဲ။
ဝူကျိရှန်းသည် မည်သည့်နည်းနှင့်မျှ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ မကြာမီ ဖမ်းဆီးခြင်း ခံရလိမ့်မည်ဟု သူက မူလက ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့အခြေအနေမှာမူ လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ရက်အတော်ကြာ ဆက်တိုက် ကုန်ဆုံးသွားခဲ့သော်လည်း မည်သည့်သတင်းမှ ထွက်ပေါ်မလာခဲ့ချေ။
ဝမ်ကျန့်စွန်းသည် သဲကန္တာရ အနက်ရှိုင်းဆုံးနေရာအထိ ရှာဖွေရန် လူအမြောက်အမြားကို စေလွှတ်ခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပါ။
စစ်သူကြီးမုန်းဟု၊ ရှာမန်မဆရာ၊ မွန်ဂိုသံတမန်၊ဝူကျိရှန်းနှင့် အုလုမယ်တော်ကြီးပါမကျန် သူတို့အားလုံးသည် ပင်လယ်ထဲသို့ ရွှံ့နွားရုပ် နစ်မြုပ်သွားသည့်အလား သဲလွန်စ လုံးဝမကျန်ဘက် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ကြသည်။
ဆယ်ရက် ကုန်လွန်သွားခဲ့သည်။ ထို့နောက် လဝက်ခန့် ရှိလာခဲ့သော်လည်း သတင်းကထူးခြားမှာအရိပ်အရောင်ပင်မတွေ့ပေ။ ရက်များ ကုန်လွန်လာသည်နှင့်အမျှ ဝမ်ကျန့်စွန်းသည် ပို၍ပို၍ ပူပန်သောက ရောက်လာခဲ့ရသည်။
တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့ပြီ။ ကျိန်းသေပေါက် ဖြစ်ပျက်သွားခဲ့ပြီ။ သို့မဟုတ်ပါက ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းမရှိချေ။
ဝမ်ကျန့်စွန်းသည် ပုံမှန်မဟုတ်သော အငွေ့အသက်အချို့ကို ခံစားမိနေသော်လည်း အမှန်တကယ် ဘာဖြစ်သွားခဲ့သည်ကိုမူ သူ လုံးဝ မသိရှိခဲ့ပါ၊ ဝူကျိရှန်းက အံ့ဩဖွယ်ကောင်းသော အခြေအနေလှည့်ပြန်မှုကို ဖန်တီးနိုင်လိမ့်မည်ဟုလည်း သူလုံးဝမတွေမိခဲ့ ချေ။
မျိုးနွယ်စုအတွင်း တကယ့်အာဏာကို ဆုပ်ကိုင်ထားကြသော စစ်သူကြီးမုန်းဟုနှင့် ရှာမန်ဆရာတို့ နှစ်ဦးစလုံး မရှိကြသဖြင့် အုလုဘုရင်မှာကလေးငယ်သာ ဖြစ်တော့သည်။ အာဏာရှိသူမဲ့နေသော အုလုမျိုးနွယ်စုအတွင်း၌ စိုးရိမ်ထိတ်လန့်မှုများနှင့် လျှို့ဝှက်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
တစ်စုံတစ်ယောက်က အခွင့်ကောင်းယူ၍ ဆူပူသောင်းကျန်းမှုများ မပြုလုပ်နိုင်စေရန်အတွက် ဝမ်ကျ့န်စွန်းသည် အုလုဘုရင်အပေါ် သစ္စာရှိသော စစ်သည်အချို့နှင့် ပူးပေါင်းကာ ဘုရင်ငယ်ကို ကာကွယ် စောင့်ရှောက်ထားရပြီး အင်အားစု အသီးသီးကို အတတ်နိုင်ဆုံး ဖျောင်းဖျကာ အခြေအနေကို ထိန်းသိမ်းထားရသည်။
ဝမ်ကျန့်စွန်းကို အနှောင့်အယှက် အပေးနိုင်ဆုံးအရာမှာ မွန်ဂိုများက သူ့ကို အမြဲတမ်း လာရောက် ပြဿနာရှာနေခြင်းပင် ဖြစ်၏။
မွန်ဂိုသံတမန်သည် ဝူကျိရှန်းနောက်သို့ သဲကန္တာရထဲအထိ လိုက်လံဖမ်းဆီးသွားခဲ့သည့် အချိန်မှစ၍ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သော်လည်း သတင်းတစ်စုံတစ်ရာ မရှိသေးချေ။
သူ၏ နောက်လိုက်များမှာ လွန်စွာ စိုးရိမ်ပူပန်နေကြပြီ ဖြစ်သဖြင့် ဝမ်ကျန့်စွန်းအား သံတမန်ကို လိုက်လံရှာဖွေပေးရန် မပြတ်တမ်း တောင်းဆိုနေကြသည်။
သဲကန္တာရထဲတွင် အမှန်တကယ် ဘာဖြစ်ပျက်ခဲ့သည်ကို မသိသော်လည်း တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်းကိုမူ ဝမ်ကျန့်စွန်း ကောင်းကောင်း သဘောပေါက်ထားသည်။ သူ လုပ်နိုင်သည်မှာ မွန်ဂိုသံအဖွဲ့၏ နောက်လိုက်များကို အတတ်နိုင်ဆုံး ဖျောင်းဖျနှစ်သိမ့်ထားရင်း သဲကန္တာရထဲသို့ လူများ စေလွှတ်၍ ရှာဖွေခိုင်းသည့် ပုံစံမျိုး ဟန်ဆောင်နေရခြင်းသာ ဖြစ်၏။
ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် လူအနည်းငယ်ကို ရှာဖွေခြင်းမှာ သမုဒ္ဒရာထဲ အပ်ရှာသကဲ့သို့ပင် ခက်ခဲလှသည်။ လူအမြောက်အမြားကို အကြိမ်ကြိမ် စေလွှတ်ခဲ့သော်လည်း ဘာမျှ ရှာမတွေ့ခဲ့ကြချေ။
မွန်ဂိုသံတမန်၊ ရှာမန်ဆရာ၊ စစ်သူကြီးမုန်းဟုဟာရ်လုနှင့် ဝူကျိရှန်း၊ အုလုမယ်တော်ကြီး တို့ အားလုံးသည် နေရောင်အောက်ရှိ နှင်းပေါက်များကဲ့သို့ပင် လေထုထဲ၌ ကွယ်ပျောက်သွားခဲ့ကြပြီး သဲလွန်စ တစ်ခုမျှပင် မချန်ထားခဲ့ကြချေ။
မိုးတိမ်များ ဖုံးလွှမ်းနေသောကြောင့် ညသည် ပုံမှန်ထက် ပို၍ စောစီးစွာ ရောက်ရှိလာခဲ့၏။ ဝမ်ကျန့်စွန်းသည် လှောင်အိုက်စိုစွတ်နေသော တဲအတွင်း၌လမ်းလျှောက်နေရင်း နဖူးမှ ချွေးစက်များကို အကြိမ်ကြိမ် သုတ်နေမိရာ ပိုက်ကွန်ထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
ဝမ်ကျန့်စွန်း ပြဿနာကြီးတစ်ခုကို အထူး သတိပြုမိသွားခဲ့ပြီ ဖြစ်သည်။ထိုအရာမှာ ဝူကျိရှန်းနှင့် အုလုမယ်တော်ကြီးတို့အန္တရာယ်ကြီးစွာ ကြုံတွေ့နေရလောက်ပြီ ဟူ၍ ဖြစ်၏။
စစ်သူကြီးမုန်းဟုဖြစ်စေ၊ ရှာမန်မဆရာ ဖြစ်စေ နှစ်ဦးစလုံးသည် မျိုးနွယ်စုအတွင်း ဩဇာအာဏာ ကြီးမားသူများ ဖြစ်ကြပြီး အုလုဘုရင်၏ ရာဇပလ္လင်ကို မက်မောနေခဲ့ကြသည်မှာ ကြာပြီ ဖြစ်သည်။
ဝူကျိရှန်းက အုလုမယ်တော်ကြီး ကို ဓားစာခံလုပ်ကာ ကျယ်ပြောလှသော သဲကန္တာရကြီးထဲသို့ ထွက်ပြေးသွားခဲ့သော်လည်း မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ၊ သူတို့ ကျိန်းသေ လိုက်မှီသွားကြလိမ့်မည်။
ဟာရ်လုနှင့် ရှာမန်ဆရာတို့၏ စရိုက်အရ သူတို့သည်အခွင့်အရေးကို အသုံးချ၍အုလုမယ်တော်ကြီးနှင့် ဝူကျိရှန်းတို့ကို သုတ်သင်ရှင်းလင်းပစ်ကြမည် ဖြစ်ပြီး မယ်တော်ကြီးသေဆုံးရခြင်း၏ အပြစ်အားလုံးကို ဝူကျိရှန်းအပေါ် ပုံချကြပေလိမ့်မည်။
ထိုအခါ ငြင်းပယ်မည့်သူ မရှိတော့သဖြင့် သူတို့ပြောသမျှသည် အမှန်တရား ဖြစ်လာကာ မည်သူမျှလည်း ဆန့်ကျင်နိုင်မည် မဟုတ်တော့ချေ။
ထိုအချိန်ရောက်လျှင် သူကိုယ်တိုင်လည်း အန္တရာယ်ကြီးစွာ ကြုံရပေတော့မည်။
စစ်သူကြီးမုန်းဟုဟာရ်လုနှင့် ရှာမန်မှေဆရာတို့ မျိုးနွယ်စုသို့ ပြန်ရောက်လာကြလျှင် ပထမဆုံး သုတ်သင်ခံရမည့်သူမှာ ဝမ်ကျန့်စွန်းပင် ဖြစ်၏။
ဝမ်ကျန့်စွန်းသည်အုလုဘုရင်အပေါ် သစ္စာရှိကျန်ရစ်သော လူနည်းစုထဲမှ တစ်ယောက် ဖြစ်သည်။ မျိုးနွယ်စု၏ အမြင့်ဆုံးအာဏာကို လုယူလိုသူ မည်သူမဆို သူကဲ့သို့သော ခိုင်မာသည့် ဘုရင်ထောက်ခံကို ကျိန်းသေပေါက် သုတ်သင်ရှင်းလင်းရမည်သာ ဖြစ်သည်။
အုလုဘုရင်ကိုယ်တိုင်မှာမူ အသက်နှစ်နှစ်ကျော်မျှသာ ရှိသေးသော ကလေးငယ်တစ်ဦး ဖြစ်သဖြင့် သူ့ကို မတော်တဆမှုတစ်ခုခုဖြင့် သေဆုံးသွားအောင် လုပ်နိုင်မည့် နည်းလမ်းပေါင်း တစ်ရာမက ရှိနေပေသည်။။
ဝမ်ကျန့်စွန်းသည် အရည်အချင်းရှိပြီး အမျှော်အမြင်ရှိကာ အကွက်စုံသော်လည်း တကယ့် လက်နက်ကိုင်အာဏာကိုမူ ဆုပ်ကိုင်မထားရချေ။
လက်ရှိ အုလုမျိုးနွယ်စုသည် လုံးဝ ခေါင်းဆောင်မဲ့နေသဖြင့် တစ်ခုခု ဖြစ်ပွားလာပါက သူ ထိန်းချုပ်နိုင်စွမ်း ရှိမည်မဟုတ်ချေ။
ဤကဲ့သို့ မိုးမရွာဘဲ မှိုင်းညို့နေသော ညဉ့်နက်သန်းခေါင်တွင် အုလုမျိုးနွယ်စုတစ်ခုလုံးသည် အေးချမ်းစွာ တိတ်ဆိတ်ငြိမ်သက်နေ၏။ထို အငွေ့အသက်မျိုးက ဝမ်ကျန့်စွန်းအား မုန်တိုင်းမတိုက်ခတ်မီ နောက်ဆုံး ငြိမ်သက်ခြင်းကို အမြဲတမ်း သတိရစေသည်။
သူသည် လဲလျောင်းနေသော်လည်း နှစ်ခြိုက်စွာ အိပ်မပျော်နိုင်သဖြင့် ခန္ဓာကိုယ်ကို စောင်းလိုက်ကာ မှောင်မိုက်နေသော ညကောင်းကင်ယံကိုသာ ငေးကြည့်နေမိတော့သည်။
မှိုင်းညို့နေသော ညဉ့်ဦးယံတွင် တစ်ခါတစ်ရံ၌ ဇီးကွက်များ၏ အော်မြည်သံ အချို့ကို ကြားရတတ်ပြီး ထိုစူးရှသော အော်သံများက လူကို ထိတ်လန့်တုန်လှုပ်သွားစေနိုင်သည်။
ဝမ်ကျန့်စွန်းသည် သူ၏ ရင်ဘတ်ထဲရှိ ထက်မြက်သော ဓားမြှောင်ကို မသိစိတ်ဖြင့် စမ်းသပ်ကြည့်လိုက်သည်။ဤရက်ပိုင်းအတွင်း အရေးပေါ်အခြေအနေ ကြုံလာပါက အသုံးပြုနိုင်ရန်အတွက် သူသည် ဓားကို ကိုယ်နှင့်မကွာ ဆောင်ထားခဲ့ခြင်းဖြစ်သည်။
ရာသီဥတုက အလွန်အမင်း လှောင်အိုက်နေသော်လည်း သူသည် ဝတ်ရုံအောက်တွင် သားရေသံချပ်ကာ အပြည့်အစုံကို ဝတ်ဆင်ထားဆဲ ဖြစ်ပြီး မိတ်ဖုများ ထွက်လာခဲ့လျှင်ပင် သံချပ်ကာကို ချွတ်ရန် ငြင်းဆန်ထားခဲ့သည်။
သံချပ်ကာကို အမြဲဝတ်ဆင်ထားပြီး ထက်မြက်သော ဓားကို ဆောင်ထားခြင်းက ဖြစ်လာနိုင်ချေရှိသော အရေးပေါ်အခြေအနေ အမျိုးမျိုးကို အချိန်မရွေး ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားခြင်း ဖြစ်၏။
ရုတ်တရက် ဝမ်ကျန့်စွန်းသည် ကလေးငယ်တစ်ဦး၏ ငိုသံကို ကြားလိုက်ရသည်။
ထိုငိုသံမှာ မလှမ်းမကမ်းရှိ နန်းတော်တဲ ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဤကဲ့သို့သော ထူးခြားသည့် ကာလအတွင်း ဝမ်ကျန့်စွန်းသည် နန်းတော် တဲ၏ လုံခြုံရေးအဆင့်အတန်းကို အထူး မြှင့်တင်ထားခဲ့သည်။ အုလုဘုရင် ၏ တဲတော်ကို အမြဲတမ်း အသစ္စာဆုံး စစ်သည်များဖြင့် စောင့်ကြပ်စေခဲ့ပြီး မည်သူ့ကိုမျှ အနားသို့ ချဉ်းကပ်ခွင့် မပြုခဲ့ချေ။
အုလုဘုရင် သည် ငယ်ရွယ်လွန်းသဖြင့် ညဘက်တွင် ငိုကြွေးခြင်းမှာ သာမန်ကိစ္စရပ် ဖြစ်သော်လည်း ထိုငိုသံကို ဝမ်ကျန့်စွန်း ကြားလိုက်ရသောအခါ ပုံမှန်မဟုတ်သော အငွေ့အသက်တစ်ခု ပါဝင်နေသည်ကို ခံစားလိုက်ရသည်၊ တစ်စုံတစ်ယောက်က နန်းတော်တဲထဲသို့ ဝင်ရောက်သွားခဲ့ပြီ။
ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ယောက်က နန်းတော်တဲထဲကို ကျူးကျော်ဝင်ရဲတယ် ဟုတ်လား။ အဲဒီအစောင့်တွေ ဘာလုပ်နေကြတာလဲ။တစ်စုံတစ်ယောက်ကအုလုဘုရင်ကို ထိန်းချုပ်လိုက်ပြီလား။
ဝမ်ကျန့်စွန်းသည် သတိအပြည့် ထားလိုက်ပြီး ရင်ဘတ်ထဲမှ ထက်မြက်သော ဓားမြှောင်ကို ရုတ်တရက် ဆွဲထုတ်ကာ ညမှောင်ရိပ်ကို အကာအကွယ်ယူ၍ နန်းတော်တဲဖြစ်သောအုလုဘုရင်စံမြန်းရာ အဖြူရောင် တဲကြီးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားလိုက်သည်။
တဲတော်ကို အဝေးမှ စောင့်ကြပ်နေကြသော စစ်သည်များမှာ ယခင်ကတည်းက ရင်းနှီးပြီးသား မျက်နှာများ ဖြစ်ကြပြီး မိမိ၏ သစ္စာရှိပြီး ယုံကြည်စိတ်ချရသော လူများသာ ဖြစ်ကြသဖြင့် ဝမ်ကျန့်စွန်း အနည်းငယ် စိတ်အေးသွားရ၏။
ထိုအချိန်တွင်လေအေးတစ်ချက် တိုက်ခတ်သွားပြီး ဝမ်ကျန့်စွန်း၏ မျက်နှာပေါ်တွင် စိုစွတ်အေးမြမှုကို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ မိုးရွာလာခဲ့ပြီ ဖြစ်၏။
ရက်အတော်ကြာ လှောင်အိုက်နေပြီးနောက် မြက်ခင်းပြင်ပေါ်သို့ မိုးစက်များ နောက်ဆုံးတွင် ကျဆင်းလာခဲ့သည်။
ကြေးပြားခန့် ကြီးမားသော မိုးပေါက်များသည် ဝမ်ကျန့်စွန်း၏ မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ ဖြန်းပက်ကျရောက်လာကာ အနည်းငယ် စပ်ဖျဉ်းဖျဉ်း ဖြစ်စေသော်လည်း အေးမြလန်းဆန်းမှုကို ဆောင်ကြဉ်းပေးခဲ့သည်။ လှောင်အိုက်သော အပူရှိန်ကြောင့် ဖြစ်ပေါ်နေသော စိတ်တိုဒေါသထွက်မှုများမှာ ချက်ချင်းပင် ထက်ဝက်ကျော်ခန့် လွင့်ပြယ်သွားခဲ့ရ၏။
ဝမ်ကျန့်စွန်းသည် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး အပေါက်ဝရှိ အစောင့်များကို အော်ပြောလိုက်သည်။
"ငါ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမျှ ငါတို့ဘုရင်ရဲ့ တဲတော်ထဲကို ပေးမဝင်နဲ့..."
သူ စကားမဆုံးသေးမီမှာပင် နန်းတော်" တဲအတွင်းမှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အပြင်က ဝမ်ကျန့်စွန်း လား။ မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ အစောင့်... သူ့ကို စကားပြောဖို့ အထဲကို ပေးဝင်လိုက်ပါ"
တောက်ပသော လျှပ်စီးကြောင်းတစ်ခုက ညကောင်းကင်ယံကို ရုတ်တရက် ဖြတ်သန်းလင်းထိန်သွားခဲ့ပြီး ကျယ်ပြောလှသော မြက်ခင်းပြင်ကို ထွန်းလင်းပေးလိုက်သည်။ ထိုခဏတာ လျှပ်စီးအလင်းရောင်ကြောင့် ဝမ်ကျန့်စွန်းသည် အုလုမယ်တော်ကြီးကို မြင်တွေ့လိုက်ရ၏။
သူမသည် အဖြူရောင် တဲကြီး၏ အပေါက်ဝတွင် ရပ်နေပြီး သူ့ကို လက်ဟန်ပြကာ ခေါ်ယူနေသည်။သူမ၏ ဘေးတွင်မူ နောက်ထပ် လူရိပ်တစ်ရိပ် ရှိနေသေးသည်။ထိုသူမှာ ဝူကျိရှန်း ပင် ဖြစ်၏။
မယ်တော်ကြီးကို ဓားစာခံလုပ်ပြီး ဖမ်းဆီးသွားခဲ့တဲ့ ဒီလူမိုက်က အမှန်တကယ်ပဲ ပြန်လာရဲတယ်ပေါ့။ တော်တော် သတ္တိရှိတဲ့ကောင်ပဲ။
ဝမ်ကျန့်စွန်းက ရုတ်တရက် ဒေါသတကြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
"ဒီကောင့်ကို ဖမ်းကြစမ်း"