အခန်း (၁၃၉-၁၄၀)
Vol. 13 Ch. 139-140
အခန်း ၁၃၉ -အဖိုးတန် မြင်းရိုးခြောက်
"ဝူကျိရှန်းက ကျွန်မတို့ရဲ့ သူငယ်ချင်းပါ"
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ကျန့်စွန်းသည် အံ့အားသင့်သွားပြီး မိမိနားကိုပင် မယုံကြည်နိုင် ဖြစ်သွားရသည်။
"အရှင်မ... ဘာပြောလိုက်တာလဲ"
"သခင်လေးဝူက ကျွန်မတို့ရဲ့ သူငယ်ချင်း၊ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းလို့ ပြောတာ"
သူငယ်ချင်း ဟုတ်လား။ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်နိုင်မှာလဲ။
ဝူကျိရှန်းက မယ်တော်ကြီးကို ဓားစာခံလုပ်ပြီး သဲကန္တာရကြီးထဲကို ခေါ်သွားခဲ့တာ။အခုကျမှ ဘယ်လိုလုပ်ပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတာလဲ။
ဝူကျိရှန်းနဲ့ မယ်တော်ကြီး သူငယ်ချင်းဖြစ်တယ်ဆိုတာ ကြောင်နဲ့ကြွက် အတူတူ အေးအေးချမ်းချမ်း နေထိုင်တာတူနေပြီ။ ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ။
"တကယ်လို့ သခင်လေးဝူရဲ့ အကူအညီသာ မပါခဲ့ရင် ကျွန်မ သဲကန္တာရကြီးထဲမှာ သေဆုံးသွားခဲ့တာ ကြာလှပြီ၊ မျိုးနွယ်စုဆီကို အသက်ရှင်လျက်နဲ့ ဘယ်တော့မှ ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး"
အသက်ဘေးကြုံနေရတဲ့ ဝူကျိရှန်းက သူမကို ဓားစာခံအဖြစ် မသတ်ခဲ့ရုံတင်မကဘဲ သူမရဲ့ အသက်ကိုပါ ကယ်တင်ခဲ့ပြီး အုလုမျိုးနွယ်စုဆီကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ခေါ်လာပေးခဲ့တယ်ပေါ့။ အပြောင်းအလဲများအားလုံးက အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလှပြီး နားလည်ရ ခက်ခဲလွန်းလှသည်။
ဝမ်ကျန့်စွန်း ကျိန်းသေပေါက် သိနိုင်သည့် တစ်ခုတည်းသော အချက်မှာ သူတို့နှစ်ဦးသည် သဲကန္တာရကြီးထဲတွင် ကြီးမားသည့် အလှည့်အပြောင်းတစ်ခုခုကို အတူတူ ကြုံတွေ့ခဲ့ရခြင်းပင် ဖြစ်ရမည်။
"အဲဒီမှာ အမှန်တကယ် ဘာဖြစ်ခဲ့လို့လဲ။ ဒါတွေက ဘယ်လို ဖြစ်ရတာလဲ"
"မမေးပါနဲ့တော့"
အုလုမယ်တော်ကြီး တာရာဝမ်ကျိအာသည် သဲကန္တာရကြီးထဲတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ပြန်လည်ပြောဆိုရန် ဝန်လေးနေပုံရပြီး ခပ်ဝါးဝါးသာ ပြောလိုက်သည်။
"မင်း သိထားရမှာက သခင်လေးဝူဟာ ကျွန်မတို့ရဲ့ သူငယ်ချင်း ဖြစ်သွားပြီ"
"ဝူကျိရှန်းက အုလုမျိုးနွယ်စု၏ သူငယ်ချင်း ဖြစ်လာခဲ့ပြီဆိုလျှင် မွန်ဂိုသံတမန်ကော ဘယ်ရောက်သွားတာလဲ။ စစ်သူကြီးမုန်းဟုဟာရ်လုနှင့် ရှာမန်ဆရာတို့ကော ပြန်ရောက်မလာကြဘူးလား"
"သူတို့ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး"
ဤစကားကို ကြားသည်နှင့် ဝမ်ကျန့်စွန်း ချက်ချင်း သဘောပေါက်လိုက်သည်။ ထိုလူသုံးဦးစလုံး သေဆုံးသွားခဲ့ပြီ ဖြစ်၏။
ဒါပေမဲ့ သူတို့က ဘယ်လို သေသွားကြတာလဲ။ဝူကျိရှန်းက သတ်လိုက်တာလား။ဒါက လုံးဝကို မဖြစ်နိုင်တာ။
ရှာမန်ဆရာဆိုတာ လောကဓံမုန်တိုင်းပေါင်းများစွာကို ဖြတ်သန်းလာခဲ့တဲ့ ဝါရင့်ဝေဖန်သူကြီး ဖြစ်ပြီး မွန်ဂိုသံတမန်ကလည်း အနှိုင်းမဲ့ မြှားပစ်အတတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏၊ စစ်သူကြီးမုန်းဟုဟာရ်လုမှာမူ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိသူ ဖြစ်သည်။ ဝူကျိရှန်းကတော့ သမားတော်လေးဘဝက လာတဲ့ သာမန်လူတစ်ယောက်မျှသာ ဖြစ်သဖြင့် ထိုလူသုံးဦးထဲမှ တစ်ဦးကိုမျှပင် အနိုင်တိုက်နိုင်စွမ်း မရှိချေ။
ဝူကျိရှန်းက ထိုလူသုံးဦးကို သတ်လိုက်သည်ဟုယုံကြည်မည့်အစား ကြွက်တစ်ကောင်က ကြောင်သုံးကောင်ကို ကိုက်သတ်လိုက်သည် သို့မဟုတ် သိုးတစ်ကောင်က တောဝံပုလွေသုံးကောင်ကို အလဲထိုးလိုက်သည်ဟု ယုံကြည်ခြင်းက ပို၍ ဆီလျော်ပေလိမ့်မည်။
"သူတို့ ဘယ်လို သေသွားလဲဆိုတာ အခုအချိန်မှာ အရေးမကြီးတော့ပါဘူး"
အုလုမယ်ကြီးသည် အပြင်ဘက်ရှိ လျှပ်စီးလက်မိုးခြိမ်းပြီး သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကို ငေးကြည့်ရင်း ပြဿနာ၏ ပဓာနကျသော အချက်ကို ပြတ်သားစွာ ထောက်ပြလိုက်သည်။
"မွန်ဂိုနဲ့ မင်အင်ပါယာက သံတမန်တွေ အားလုံး သေကုန်ကြပြီ။ အုလုမျိုးနွယ်စုကတော့ မကြာခင်မှာ ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီးနဲ့ ရင်ဆိုင်ရတော့မယ်"
ယခင်ကဆိုလျှင် အုလုမျိုးနွယ်စုသည် မင်အင်ပါယာနှင့် မြောက်ပိုင်းယွမ် အင်ပါယာတို့အကြား မည်သည့်ဘက်ကိုမျှ မလိုက်ဘဲနေခဲ့ကြသည်။
စစ်ပွဲသာ အမှန်တကယ် ဖြစ်ပွားလာပါက သူတို့သည် ကျယ်ပြောလှသော သဲကန္တာရကြီးထဲတွင် ခဏတာ ပုန်းအောင်းရင်း စစ်ဘေးစစ်ဒဏ်ကို ရှောင်ကွင်းနိုင်ကြပေလိမ့်မည်။
ဒါပေမဲ့ အခုတော့ ဒါက မဖြစ်နိုင်တော့ဘူး။
မင်အင်ပါယာရဲ့ သံတမန်ကို သတ်လိုက်တာဟာ မင်အင်ပါယာရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ၊ ကျူးယွမ်ကျန်းက ဒီလိုအရှက်ခွဲမှုကို ကျိန်းသေပေါက် ဘယ်တော့မှ လျစ်လျူရှုထားမှာ မဟုတ်ဘူး။
မြောက်ပိုင်းယွမ်ရဲ့ သံတမန်ကို သုတ်သင်လိုက်တာကလည်း ရွှေရောင်မျိုးနွယ်ကို လူသိရှင်ကြား စော်ကားလိုက်တာနဲ့ အတူတူပဲ ဖြစ်လို့ အူဆာခါးလ်ခန်ကလည်း အပြင်းအထန် ဒေါသထွက်လာမှာ ဧကန်အမှန်ပဲ။
အုလုမျိုးနွယ်စုဆိုတာ တဲအိမ် နှစ်ထောင်၊ သုံးထောင်လောက်ပဲရှိတဲ့ မျိုးနွယ်စုအသေးလေးတစ်ခု ဖြစ်သည်။ မြောက်ပိုင်းယွမ်အတွက် ဖြစ်စေ၊ မင်အင်ပါယာအတွက် ဖြစ်စေ သူတို့က မပြောပလောက်တဲ့ အရာလေးတစ်ခုသာ ဖြစ်သော်လည်း နှစ်ဖက်စလုံးရဲ့ သံတမန်တွေက ထိုနေရာမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူတို့ရဲ့ ကံကြမ္မာကို တွေးကြည့်ရုံနဲ့ သိနိုင်သည်။
သဲကန္တာရကြီးထဲမှာ ပုန်းအောင်းဖို့ နေနေသာသာ၊ ကမ္ဘာမြေကြီးရဲ့ အဆုံးအစအထိ ထွက်ပြေးပုန်းအောင်းရင်တောင် မင်အင်ပါယာနဲ့ မြောက်ပိုင်းယွမ်တို့ရဲ့ နှစ်ဖက်ညှပ် တိုက်ခိုက်မှုကို ကျိန်းသေပေါက် ခံရပေတော့မည်။
ဝမ်ကျန့်စွန်းသည် ရင်ဆိုင်နေရသော အန္တရာယ်ကြီးကို ချက်ချင်း သဘောပေါက်သွားခဲ့ပြီး မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူလျော်သွားရ၏။
အုလုမျိုးနွယ်စု သည် မြက်ခင်းပြင်၏ အုပ်စိုးရှင်နှင့် မင်အင်ပါယာ နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း အပြစ်ပြုမိသွားခဲ့ပြီ ဖြစ်သဖြင့် မုန်တိုင်းကဲ့သို့ ပြင်းထန်သော လက်စားချေမှုများကို ခံရပေတော့မည်။ ထိုအချိန်ကျလျှင် အုလုမျိုးနွယ်စုတစ်ယောက်မကျန် သုတ်သင်ရှင်းလင်းခံရမည်မှာ မလွဲဧကန် ပင် ဖြစ်သည်။
"ငါတို့ ဘာလုပ်ကြမလဲ။ ဘာလုပ်ရမလဲ"
ဝမ်ကျန့်စွန်းသည် ချက်ချင်းပင် ပူလောင်နေသော ဒယ်အိုးပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ပြီး လှောင်အိမ်ထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စကားတစ်ခွန်းတည်းကိုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။
"ငါတို့ ဘာလုပ်ကြမလဲ။ ဘယ်လိုလုပ်ရမလဲ။ နည်းလမ်းတစ်ခုခုကို မြန်မြန် စဉ်းစားမှ ဖြစ်မယ်၊ မဟုတ်ရင် အုလုပြည်သူတွေဟာ ကြီးမားတဲ့ ဘေးဒုက္ခဆိုးကြီးနဲ့ ရင်ဆိုင်ရတော့မယ်..."
ဤအချိန်တွင်မူ အုလုမယ်တော်ကြီးသည် နိုင်ငံရေးသမားတစ်ဦးကဲ့သို့ ထူးခြားစွာ တည်ငြိမ်နေခဲ့ပြီး မကြုံစဖူး ပြတ်သားမှုနှင့် စိတ်ဓာတ်ခိုင်မာမှုကို ပြသနေ၏။
"တစ်ခုတည်းသော နည်းလမ်းကတော့ ကျန်ရှိနေတဲ့ မွန်ဂိုသံအဖွဲ့ဝင်တွေကို တစ်ယောက်မကျန်သတ်ပစ်လိုက်ဖို့ပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ကျန့်စွန်း လုံးဝ ဆွံ့အသွားခဲ့ရသည်။ မွန်ဂိုသံတမန်ကို သတ်လိုက်တာတင် မြောက်ပိုင်းယွမ် နန်းတွင်းကို ဒေါသထွက်စေခဲ့ပြီ ဖြစ်၏၊ အကယ်၍ ကျန်ရှိနေတဲ့ မွန်ဂိုသံအဖွဲ့ဝင်တွေကိုပါ အကုန်သတ်ပစ်မယ်ဆိုရင်ဒါကသေကြောင်းကြံစည်မှုကြီးပင်ဖြစ်သည်။
"ဒီလိုလုပ်မှပဲ မင်သံအဖွဲ့ ပျက်စီးသွားရတဲ့ အပြစ်အားလုံးကို မွန်ဂိုတွေအပေါ် ပုံချလို့ ရမှာပေါ့"
အကယ်၍ ကျန်ရှိနေသော မွန်ဂိုသံအဖွဲ့ဝင်အားလုံးကို သုတ်သင်လိုက်ပါက မင်သံအဖွဲ့သည် မွန်ဂိုသံအဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟု ပြောဆိုနိုင်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို ပြန်လည်ငြင်းပယ်မည့်သူ မရှိတော့သဖြင့် သူတို့ပြောသမျှသည် အမှန်တရား ဖြစ်လာပေလိမ့်မည်။
ကျိုးကြောင်းဆီလျော်မှုကတော့ ရှိပါသည်၊ သို့သော်... ဝမ်ကျန့်စွန်းသည် မိမိ၏ ဘေးနားရှိ ဝူကျိရှန်းကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
မင်အင်ပါယာ သံတမန် ပျက်စီးသွားရတဲ့ အပြစ်ကို မွန်ဂိုသံအဖွဲ့အပေါ် ပုံချနိုင်တယ်ဆိုရင် ဝူကျိရှန်းကိုပါ တစ်ခါတည်း သုတ်သင်ပစ်လိုက်ရင် မကောင်းဘူးလား။
ဝူကျိရှိန်းကိုသာ သုတ်သင်ပစ်လိုက်ရင် မွန်ဂိုသံတမန် သေဆုံးသွားရတဲ့ အပြစ်ကိုလည်း သူ့အပေါ် ပုံချလိုက်လို့ ရတာပေါ့။
ဝူကျိရှိန်းသည် ဝင်ကျန်စွန်း ဘာတွေးနေသည်ကို ရိပ်မိသဖြင့် အားရပါးရ ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"မင်း ငါ့ကို သတ်လိုက်လည်းအပိုပဲ။ မွန်ဂိုသံအဖွဲ့က ငါက သူတို့ရဲ့ သံတမန်ကို သတ်နိုင်တယ်ဆိုတာကို ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး"
ဝမ်ကျန့်စွန်းကိုယ်တိုင်ပင် ဝူကျိရှန်းက မွန်ဂိုသံတမန်ကို သတ်နိုင်သည်ဟု မယုံကြည်သဖြင့် မွန်ဂိုသံအဖွဲ့ဝင်များက ပို၍ပင် ယုံကြည်ကြမည် မဟုတ်ပါချေ။
"ဒါ့အပြင် မွန်ဂိုသံတမန် သေဆုံးသွားတဲ့ အချိန်ကစပြီး အုလုမျိုးနွယ်စုနှင့်မြောက်ပိုင်းယွမ် နန်းတွင်းကြားက ဆက်ဆံရေးက ပျက်ပြားသွားခဲ့ပြီ။ အကျိုးဆက်က ဘာဖြစ်လာမလဲဆိုတာ မင်းက ငါ့ထက် ပိုသိမှာပါ"
မွန်ဂိုသံတမန် သေဆုံးသွားခြင်းသည် ကြီးမားလွန်းသော သက်ရောက်မှု ရှိလှသည်။ အကယ်၍ ဤကိစ္စကို အလွယ်တကူ လွှတ်ထားလိုက်ပါက မြောက်ပိုင်းယွမ်၏ မြက်ခင်းပြင်ပေါ်ရှိ အုပ်ချုပ်ရေး အခြေခံအုတ်မြစ်ကို လှုပ်ခါသွားစေနိုင်သည်။
ရွှေရောင်မျိုးနွယ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက်ပင် ဖြစ်စေ၊ မြောက်ပိုင်းယွမ်သည် အုလုမျိုးနွယ်စုကို ကျိန်းသေပေါက် သုတ်သင်ရှင်းလင်းပစ်မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် လှည်းဘီးထက် မြင့်သော အုလုအမျိုးသား အားလုံး အသတ်ခံရမည်ဖြစ်ပြီး ကလေးသူငယ်များနှင့် အမျိုးသမီးများမှာ ကျွန်ပြုခံရမည် ဖြစ်ကြောင်းကိုမူ တွေးကြည့်ရုံဖြင့် သိနိုင်သည်။
သန်ရာစားစနစ်သည် မြက်ခင်းပြင်ပေါ်ရှိ ထာဝရ ရှင်သန်ရေး စည်းမျဉ်းပင် ဖြစ်၏။
မြောက်ပိုင်းယွမ်ထံ သစ္စာခံမည့် လမ်းကြောင်းမှာ လုံးဝ ပိတ်ဆို့သွားခဲ့ပြီ ဖြစ်သဖြင့် အုလုမျိုးနွယ်များအတွက် နောက်ဆုံး ရွေးချယ်စရာ လမ်းတစ်ခုသာ ကျန်ရှိတော့သည်။ထိုအရာမှာ မင်အင်ပါယာထံသို့ ဝင်ရောက်ခိုလှုံ သစ္စာခံရန် ဖြစ်၏။
သို့သော် မင်သံအဖွဲ့သည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သဖြင့် ကျူးယွမ်ကျန်းသည် ကျိန်းသေပေါက် အမျက်ဒေါသ ထွက်"လာမည်ဖြစ်ကာ မင်အင်ပါယာ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရန်အတွက် အုလုမျိုးနွယ်စုကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းပေလိမ့်မည်။ ထို့ကြောင့် မင်အင်ပါယာထံ သစ္စာခံမည့် လမ်းကြောင်းမှာလည်း သွား၍မရနိုင်သေးချေ။
"တကယ်လို့ အရင်တုန်းကလိုမျိုး ငါတို့ မင်အင်ပါယာအပေါ် အပေါ်ယံ သစ္စာခံတဲ့ ပုံစံမျိုးပဲ ပြသမယ်ဆိုရင်တော့ ဒါက ကျိန်းသေပေါက် အဆင်ပြေမှာ မဟုတ်ဘူး။ တစ်ခုတည်းသော နည်းလမ်းကတော့ လက်တွေ့ကျတဲ့ လှုပ်ရှားမှုမျိုး ပြသပြီး မျိုးနွယ်စုတစ်ခုလုံး ပေါင်းစည်းဝင်ရောက်ဖို့ပဲ"
မျိုးနွယ်စုတစ်ခုလုံး ပေါင်းစည်းဝင်ရောက်သည် ဆိုသည်မှာ အုလုမျိုးနွယ်စုတစ်ခုလုံးကို မင်အင်ပါယာ အတွင်းသို့ ရွှေ့ပြောင်းအခြေစိုက်စေပြီး မင်အင်ပါယာ၏ ပြည်သူပြည်သားများ ဖြစ်လာစေခြင်းကို ဆိုလိုခြင်း ဖြစ်သည်။
မင်အင်ပါယာနှင့် မြောက်ပိုင်းယွမ် အင်ပါယာတို့အကြား စစ်ပွဲများ နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော်လည်း မျိုးနွယ်စုတစ်ခုလုံး အစုလိုက်အပြုံလိုက် မင်အင်ပါယာထံသို့ လာရောက်သစ္စာခံသည့် အခြေအနေမျိုးမူ တစ်ခါမျှ မရှိခဲ့ဖူးချေ။
အကယ်၍ သူတို့က ဤသို့သာ အမှန်တကယ် လုပ်ဆောင်ခဲ့လျှင် နိုင်ငံရေး ရှုထောင့်သက်သက်မှ ကြည့်လျှင်ပင် ကျူးယွမ်ကျန်းသည် ကျိန်းသေပေါက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုပွဲ ပြုလုပ်ပေးမည် ဖြစ်ပြီး သာလွန်ကောင်းမွန်သော အခွင့်အရေးများစွာကို ပေးအပ်ပေလိမ့်မည်။ ဤသည်မှာ မင်အင်ပါယာ၏ သဘောထားကို မြက်ခင်းပြင်ပေါ်ရှိ အခြားသော မျိုးနွယ်စုများ သိရှိစေရန်အတွက် ပြသခြင်း ဖြစ်၏၊ စိတ်ရင်းမှန်ဖြင့် လာရောက် သစ္စာခံသရွေ့ အားလုံးကို ဆွေးနွေးညှိနှိုင်းပေးနိုင်ကြောင်း ပြသလိုခြင်းပင်။
"ဒါကို ခေါ်တာက... ခေါ်တာက ရွှေအသပြာ အမြောက်အမြားနဲ့ မြင်းရိုးခြောက်ကို ဝယ်ယူတာပဲ"
ဝူကျိရှိန်းက မယ်တော်ကြီးအား တိုးတိုးလေး သတိပေးလိုက်သည်။
"ရွှေအသပြာ တစ်ထောင်နဲ့ မြင်းရိုးခြောက်ကို ဝယ်ယူခြင်း ပါ"
*********
`
အခန်း ၁၄၀ အသေးစား အာဏာသိမ်းမှု
"ဟုတ်တယ်၊ ဟုတ်တယ်"
အုလုမယ်တော်ကြီးသည် ခေါင်းကို အပြင်းအထန် ညိတ်လိုက်ရင်း ပြောလိုက်သည်။
"အဲဒီစကားစုပဲ၊ အဲဒီစကားစုပဲ"
ဤအစီအမံသည် ဝူကျိရှန်းနှင့် အုလုမမယ်တော်ကြီးတို့ ကြိုတင်တိုင်ပင်ထားပြီးသား ကိစ္စတစ်ခု ဖြစ်ကြောင်း ဝမ်ကျန့်စွန်း ရိပ်မိလိုက်သော်လည်း လက်ရှိအချိန်တွင် မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကိုမူ သူ ဝန်ခံရပေလိမ့်မည်။
"ငါတို့အပေါ် သစ္စာရှိတဲ့ စစ်သည် ဘယ်လောက်ကျန်သေးလဲ"
"အခုလောလောဆယ်... ကျွန်တော် လူနှစ်ရာလောက်တော့ လှုံ့ဆော်လို့ ရပါတယ်"
"လောက်ပါတယ်"
မယ်တော်ကြီးက ရုတ်တရက် ထရပ်လိုက်၏။
"အဲဒီသစ္စာရှိတဲ့ စစ်သည်တွေကို ဒီနေရာကို ချက်ချင်း ခေါ်လာခဲ့"
"မှန်လှပါ"
မကြာမီမှာပင် ဝမ်ကျန့်စွန်းသည် စစ်သည်နှစ်ရာကျော်ကို နန်းတော်တဲ ရှေ့သို့ ခေါ်ဆောင်လာခဲ့ရာ သူတို့သည် သည်းထန်စွာ ရွာသွန်းနေသော မိုးထဲတွင် စီတန်း၍ မတ်မတ်ရပ်နေကြသည်။
ဝူကျိရှန်းက အုလုမယ် တော်ကြီးအား မျက်ရိပ်ပြလိုက်ရာ သူမ ချက်ချင်း သဘောပေါက်သွားပြီးအဖြူရောင် တဲကြီးအပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းထွက်ခဲ့ကာ သည်းထန်သော မိုးရေစက်များ မိမိ၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်သို့ ဖြန်းပက်ကျရောက်နေသည်ကိုလည်း လုံးဝ ဂရုမစိုက်တော့ချေ။
"စစ်သည်တို့"
မယ်တော်ကြီး၏ အသံက စူးရှမြင့်မားလှပြီး ဟိန်းဟောက်အော်ဟစ်နေသကဲ့သို့ ရှိသည်။
"အခု ကြုံတွေ့နေရတဲ့ အခြေအနေကို ဝမ်ကျန့်စွန်းဆီကနေ မင်းတို့အားလုံး သိပြီးလောက်ပြီလို့ ငါထင်တယ်၊ ဒါကြောင့် ငါ အများကြီး ထပ်မပြောတော့ဘူး"
"မင်းတို့က ငါ့အုလုမျိုးနွယ်စုရဲ့ နောက်ဆုံး သစ္စာရှိ စစ်သည်တော်တွေပဲ။ မင်းတို့သာ မရှိရင် ငါနဲ့ ငါ့ရဲ့ကလေးဟာ အကြိမ်ပေါင်းများစွာ သေဆုံးသွားခဲ့ရလောက်ပြီ"
မိုးရေများသည် အုလုမယ်တော်ကြီး၏ ပါးပြင်ပေါ်သို့ စီးကျနေပြီး ဆံပင်များမှာလည်း နဖူးတွင် ကပ်ငြိနေ၏။
"ငါတို့ဘုရင်က ငယ်ရွယ်ပြီး ဘာမှမသိသေးပေမဲ့ မင်းတို့ရဲ့ သတ္တိနဲ့ သစ္စာတရားကို ငါ ထာဝရ မှတ်မိနေမှာပါ။ ဒီနေ့တော့ ဘုရင့်ကိုယ်စား မင်းတို့အားလုံးကို ငါ ကျေးဇူးတင်ပါတယ်"
ပြောရင်းနှင့် အုလုမယ်တော်ကြီးသည် သဲဗွက်ထူပြီး မိုးရေစိုစွတ်နေသော မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကာ စစ်သည်နှစ်ရာကျော်ကို ဦးချလိုက်လေသည်။
မယ်တော်ကြီးသည် တကယ့်အာဏာကို ဆုပ်ကိုင်မထားရသော်လည်း သူမ၏ အဆင့်အတန်းက မြင့်မြတ်လှသဖြင့် ဤကဲ့သို့ ဦးချလိုက်ခြင်းက စစ်သည်များကို အလန့်တကြား ဖြစ်သွားစေကာ သူတို့အားလုံးလည်း ပြိုင်တူ ဒူးထောက်လိုက်ကြရသည်။
"ဒီနေ့ကိစ္စက ငါတို့အားလုံးရဲ့ အသက်ဘေး၊ တဲအိမ် နှစ်ထောင့်ခြောက်ရာရဲ့ အသက်အန္တရာယ်နဲ့ ဆိုင်နေတယ်။ အုလုမျိုးနွယ်စု တည်တံ့ပြန့်ပွားဖို့က မင်းတို့ရဲ့ ဓားဖျားပေါ်မှာပဲ မူတည်တော့တယ်..."
ဤစကားများကို စိတ်အားထက်သန်စွာ ပြောဆိုလိုက်သဖြင့် စစ်သည်နှစ်ရာကျော်၏ သွေးများကို ချက်ချင်း ပွက်ပွက်ဆူသွားစေကာ သူတို့က ကြွေးကြော်လိုက်ကြသည်။
"ကျွန်တော်တို့ရဲ့ မွန်မြတ်လှတဲ့ သခင်မအမိန့်ပေးသရွေ့တော့ ဘယ်လိုအန္တရာယ်မျိုးပဲ ရှိရှိ ကျွန်တော်တို့ အသက်ပေးပြီး တိုက်ခိုက်သွားပါ့မယ်"
"လူတစ်ယောက် လာခဲ့စမ်း"
အုလုမယ်တော်ကြီး၏ အော်ဟစ်သံနှင့်အတူ ကြိုတင်ပြင်ဆင်ထားခဲ့သော ဝူကျရှိန်းသည် လေးလံသော သစ်သားသေတ္တာကြီးတစ်လုံးကို အမြန် ဆွဲထုတ်လာခဲ့သည်။
မယ်တော်ကြီးက ထရပ်လိုက်ပြီး ထိုသစ်သားသေတ္တာကြီးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ရာ သေတ္တာအပြည့် ထည့်ထားသော ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်စိမ်း၊ စိမ်းပြာကျောက်၊ နီလာနှင့် တခြားသော အဖိုးတန် ရတနာများနှင့် ပိုးထည်များ ပေါ်ထွက်လာခဲ့သည်။
"မင်းတို့က အုလုမျိုးနွယ်စုအတွက် အသက်ပေးတိုက်ပွဲဝင်ကြတော့မှာ ဖြစ်လို့ ငါ့အနေနဲ့ တစ်စုံတစ်ရာ မချီးမြှင့်ဘဲ မနေနိုင်ဘူး။ ဒါတွေက ငါ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ ပစ္စည်းတွေနဲ့ အဲဒီတုန်းက ပါလာခဲ့တဲ့ ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ အားလုံးပဲ"
မယ်တော်ကြီးသည် ရွှေ၊ ငွေ၊ ပုလဲနှင့် ကျောက်သံပတ္တမြား အမြောက်အမြားကို ကျောက်ခဲ သဲပွင့်များကဲ့သို့ သဘောထားကာ လက်တစ်ဆုပ်စာ ယူလိုက်ပြီး စစ်သည်တစ်ဦး၏ လက်ထဲသို့ ရက်ရက်ရောရော ထည့်ပေးလိုက်ရင်း ပြောလိုက်သည်။
"ဒါက ငဘုရင်က ငါကတစ်ဆင့် ပေးအပ်တဲ့ ဆုလာဘ်ပဲ..."
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသေတ္တာကြီးတစ်လုံးစာ ရွှေငွေရတနာများကို စစ်သည်များထံသို့ အကုန်ခွဲဝေပေးလိုက်ရာ စစ်သည်တိုင်း၏ အိတ်ကပ်များမှာ ဖောင်းကားသွားခဲ့ကြသည်။
ရွှေနှင့် ငွေသည် လူ့နှလုံးသားကို လှုပ်ခါစေနိုင်စွမ်း ရှိရာ ဤမျှ ရက်ရောသော ဆုလာဘ်များက စစ်သည်များ၏ အသက်ပေးလိုစိတ်ကို ပိုမို ထက်သန်လာစေခဲ့သည်။ သူတို့တစ်ဦးချင်းစီသည် တက်ကြွလှုပ်ရှားနေကြပြီး မယ်တော်ကြီး၏ အမိန့်ကိုသာ စောင့်မျှော်နေကြ၏။
"ငါ အမိန့်ပေးတယ်၊ ကျန်ရှိနေတဲ့ မွန်ဂိုသံအဖွဲ့ဝင်တွေကို ချက်ချင်း သတ်ပစ်ကြစမ်း"
အုလုမယ်တော်ကြီးသည် မိမိ၏ ရင်ဘတ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော နာမည်စာရင်းတစ်ခုကို ဆွဲထုတ်ကာ ဝမ်ကျန့်စွန်းထံသို့ လေးနက်စွာ အပ်နှံလိုက်သည်။
ထိုစာရင်းထဲတွင် ပါဝင်သူအားလုံးမှာ စစ်သူကြီးမုန်းဟုဟာရ်လုနှင့် ရှာမန်မှော်ဆရာတို့၏ ရင်းနှီးသော အပေါင်းအဖော်များ ဖြစ်ကြ၏။
အုလုမယ်တော်ကြီး၏ အသံမှာ သံမဏိကဲ့သို့ မာကြောပြီး ဓားကဲ့သို့ ထက်မြက်လှသည်။
"စာရင်းထဲမှာ ပါတဲ့လူမှန်သမျှ အကုန်သတ်၊ တစ်ယောက်မှ မချန်နဲ့။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ သိုးနွားတွေကို မင်းတို့အားလုံး ယူလိုက်ကြ"
"ငါနဲ့ ဘုရင်ကတော့ မင်းတို့ဆီက သတင်းကောင်းကို ဒီနေရာမှာပဲ စောင့်နေမယ်။ ဒါကို မင်းတို့ဆီ အပ်နှံလိုက်ပြီ၊ သွားကြတော့"
သူမ၏ အမိန့်ကြောင့် စစ်သည်နှစ်ရာကျော်သည် ကျယ်ပြောလှသော မြက်ခင်းကြီးထဲသို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့ကြသည်။ ကြီးမားလှသော နန်းတော်တဲတွင် သာမန် အစေခံအချို့နှင့်အတူ ဝူကျိရှန်း၊ အုလုမယ်တော်ကြီးတို့သာ ကျန်ရစ်ခဲ့တော့သည်။
တောက်ပသော လျှပ်စီးကြောင်းတစ်ခုက ညကောင်းကင်ယံကို ဖြတ်သန်းလင်းထိန်သွားခဲ့ပြီး မယ်တော်ကြီး၏ ဖြူလျော်နေသော မျက်နှာကို မီးထွန်းပေးလိုက်သလိုဖြစ်သွား၏။
သူမ ခုနက ပြသခဲ့သော ပြတ်သားမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များမှာ မိုးရေထဲတွင် မျောပါသွားခဲ့ပြီ ဖြစ်ပုံရသည်။ မယ်တော်ကြီး၏မျက်နှာသည်အားနည်းမှုနှင့် ကြောက်ရွံ့မှုများ ပြန်လည် ထင်ဟပ်နေသည်။
သဲဗွက်များနှင့် မိုးရေများ စိုစွတ်နေသော အုလုမယ် တော်ကြီးသည် တုန်တုန်ရင်ရင်ဖြင့် နန်းတွင်းတဲတော်ထဲရှိ သိုးမွှေးကော်ဇောကြီးပေါ်တွင် ကွေးကွေးလေး ထိုင်နေမိသည်။ သူမ၏ နှုတ်ခမ်းများက ပြင်းထန်စွာ တုန်ရင်နေပြီး ဝူကျိရှန်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ မေးလိုက်သည်။
"ဒါ... ဒါဆိုရင် လုံလောက်ပြီလား"
"လုံလောက်ပါပြီ"
"ငါ နောက်ထပ် လုပ်ရဦးမယ့်အရာ ရှိသေးလား"
ဝူကျိရှန်းသည် သူမ လွန်စွာ ကြောက်ရွံ့နေသည်ကို မြင်သဖြင့် သူမ၏ စိုစွတ်နေသော ကျောပြင်ကို သာသာလေး ပွတ်သပ်ပေးရင်း တိုးတိုးလေး နှစ်သိမ့်ပေးလိုက်သည်။
"မင်း လုပ်နိုင်သမျှ အားလုံးကို လုပ်ခဲ့ပြီးပြီ။ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ အခုတော့ စောင့်ဆိုင်းရုံပဲ လိုတော့တယ်၊ နောက်ဆုံး ရလဒ်ကို စောင့်ရုံပဲပေါ့"
အုလုမယ်တော်ကြီးသည်ဝူကျီထျန်း" ကဲ့သို့သော ဩဇာကြီးမားသည့် အမျိုးသမီးမျိုး မဟုတ်ခဲချေ။ သူမသည် နိုင်ငံရေး ပရိယာယ်များကိုလည်း နားမလည်သလို စစ်ရေးကိစ္စများကိုလည်း မသိရှာပါ။ သူမ၏ အဆင့်အတန်းက မည်မျှပင် မြင့်မြတ်နေပါစေ၊ သူမသည် အမြဲတမ်း နုနယ်လှသော မိန်းကလေးတစ်ဦးသာ ဖြစ်သည်။
သူမ ခုနက လုပ်ဆောင်ခဲ့သမျှ အရာအားလုံးသည် ပြဇာတ်ကပြခြင်း သက်သက်သာ ဖြစ်ပြီး တကယ့် ဇာတ်ညွှန်းရေးဆရာနှင့် ဒါရိုက်တာမှာ ဝူကျိရှန်း ဖြစ်၏။
ဤနည်းလမ်း အားလုံးကို ဝူကျိရှန်းက သူမအား လက်ထပ်သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
ဝူကျိရှန်းသည် ခေတ်ကူးပြောင်းလာသူတစ်ဦး ဖြစ်သဖြင့် ရှေးခေတ်နှင့် ယခုခေတ်၊ တရုတ်နှင့် ပြည်ပနိုင်ငံ အသီးသီးမှ နန်းတွင်းအာဏာသိမ်းမှု ပြဇာတ်မျိုးစုံကို ကောင်းကောင်း သိထားသူ ဖြစ်သည်။ ထို့ကြောင့် အခြေအနေကို မည်သို့ စစ်မှန်စွာ ထိန်းချုပ်ရမည်ကို သူ သဘာဝအတိုင်း သိရှိနေခြင်းပင်။
အုလုမိဖုရားခေါင်ကြီးသည် အာဏာသိမ်းမှု ရှုံးနိမ့်ခြင်း ၏ ပြင်းထန်သော အကျိုးဆက်များကို လွန်စွာ ကြောက်ရွံ့နေသော်လည်း ဝူကျိရှန်းကမူ ကြောက်ရွံ့မှုမရှိ ပေ။ထိုအရာသည်ခိုင်မာသော လက်တွေ့အချက်အလက်များပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။
မင်အင်ပါယာ၏ စနစ်နှင့် လုံးဝ ကွဲပြားခြားနားစွာအုလုမျိုးနွယ်စု၏ စစ်ရေးနှင့် နိုင်ငံရေး တည်ဆောက်ပုံသည် အတော်အတန် လျော့ရဲလှသည်။
အုလုစစ်သည် အများစုမှာ သာမန် သိုးထိန်းများသာ ဖြစ်ကြပြီး စစ်မှန်သော ပရော်ဖက်ရှင်နယ် စစ်သည်များမှာ အလွန်ပင် နည်းပါးလှသည်။ စစ်သူကြီးမုန်းဟုဟာရ်လု မရှိတော့သဖြင့် စနစ်တကျ ဖွဲ့စည်းထားသော စစ်သည်များထပ်မံ ပေါ်ထွက်လာရန် မဖြစ်နိုင်တော့ချေ။
ရှာမန်မှော်ဆရာနှင့် ပတ်သက်၍မူ... သူ သေဆုံးသွားခဲ့ပြီ ဖြစ်၍မည်သည့် ဩဇာလွှမ်းမိုးမှုမျှ ရှိနိုင်တော့မည် မဟုတ်ပါ။
စစ်သည်နှစ်ရာကျော်သည် နည်းပါးသည်ဟု ထင်ရသော်လည်း အာဏာသိမ်းမှုတစ်ခု စတင်ရန်အတွက်မူ လုံလောက်လှပေသည်။
ထိုအချိန်ဝေးကွာသော နေရာဆီမှ ရုတ်တရက်စူးရှသော အော်ဟစ်သံ အချို့ ထွက်ပေါ်လာခဲ့သည်။
ထိုအော်ဟစ်သံများသည် သည်းထန်စွာ ရွာသွန်းနေသော မိုးသံနှင့် မိုးခြိမ်းသံများအောက်တွင် ချက်ချင်းပင် နစ်မြုပ်သွားခဲ့သဖြင့် စိတ်အာရုံမှားခြင်းကဲ့သို့ ရှိသော်လည်း ဝူကျိရှန်းကမူနန်းတွင်းအာဏာသိမ်းမှုစတင်နေပြီ ဖြစ်ကြောင်း ကောင်းကောင်း သိလိုက်သည်။
မကြာမီ အချိန်အတွင်းမှာပင် မျိုးနွယ်စုအတွင်း၌ မီးတောက်အချို့ ပေါ်ထွက်လာခဲ့သည်။ဤမျှ ပြင်းထန်သော လေနှင့် မိုးထဲတွင် မီးတောက်များကို ရှို့နိုင်သည်ဆိုခြင်းက ထိုမီးတောက်များ၏ ပြင်းထန်မှုကို သက်သေပြနေခြင်းပင် ဖြစ်၏။
ထမင်းအိုးတစ်နပ်စာ အချိန်မျှသာ ရှိသေးသော်လည်း တိတ်ဆိတ်လှသော မိုးရွာသည့် ညတာသည် ဆိတ်ငြိမ်ခြင်း မရှိတော့ချေ။
တိုက်ခိုက်သံများနှင့် အော်ဟစ်သံများက မပြတ်တမ်း ထွက်ပေါ်နေပြီး မြင်းခွာသံများက မြေပြင်ကို ပြင်းထန်စွာ ရိုက်ခတ်နေသည်။
သာမန်လူအများစုမှာ ဘာဖြစ်နေသည်ကို မသိကြသဖြင့် မိမိတို့၏ တဲများထဲတွင်သာပုန်းအောင်းနေကြပြီး ဤဆူပူမှုများ မြန်မြန်ဆန်ဆန် ပြီးဆုံးသွားရန်သာ ဆုတောင်းနေကြရှာသည်။
မိုးလင်းစအချိန်တွင် တစ်ကိုယ်လုံး သွေးများ စိုစွတ်နေသော ဝမ်ကျန့်စွန်းသည် ပြန်လည် ရောက်ရှိလာခဲ့သည်။
"စာရင်းထဲမှာ ပါတဲ့လူအားလုံးကို ကွပ်မျက်ပြီးပါပြီ။ သစ္စာရှိတဲ့ အုလုစစ်သည်တော်တွေက အခြေအနေကို ထိန်းချုပ်လိုက်နိုင်ပါပြီ"