← Chapters

ပြောင်းလဲမှုများ

Vol. 003 Ch. 135

ပြောင်းလဲမှုများ

Vol. 003 Ch. 135

ဝမ်လင်းက မြေလွတ်မြောက်ခြင်း နည်းစနစ်ကို ချက်ချင်း သုံးလိုက်ပြီး စစ်နတ်ဘုရားဗိမာန် ရှိရာသို့ ဦးတည်လိုက်၏။ သူ သွားသည့် နေရာတိုင်းတွင် မီးလျှံသားရဲများကို တွေ့နေရ၏။ သူ သွားရင်းနှင့် တဖြည်းဖြည်း အံ့ဩလာသည်။

ဝမ်လင်းက ချက်ချင်း ဦးတည်ရာ ပြောင်းလိုက်၏။ စစ်နတ်ဘုရား ဗိမာန်ကို သွားမည့်အစား ဟိုဖန်နိုင်ငံ၏ နယ်နမိတ်ရှိရာသို့ ဦးတည်လိုက်ခြင်း ဖြစ်သည်။ မီးလျှံသားရဲများကို မြင်ပြီးနောက် လင်းတောက်ကို တွေ့ရန်လည်း စိတ်မဝင်စားတော့ပေ။ ထို့အတူ ဟိုဖန်နိုင်ငံတွင်လည်း တစ်စက္ကန့်ပင် မနေချင်တော့ပေ။

သို့သော်လည်း ဟိုဖန်နိုင်ငံ၏ နယ်နိမိတ်ဆီသို့ သွားရင်း ကြီးမားသော နတ်ဘုရား စိတ်အာရုံတစ်ခုက သူ့ကို ဖြတ်သွား၏။ ထိုနတ်ဘုရား စိတ်အာရုံသည် နောက်သို့ ပြန်လှည့်လာပြီး ဝမ်လင်း၏ အပေါ်သို့ အာရုံစိုက်လာသည်။ ထိုအခါ ဝမ်လင်းက ကောင်းကင်ပေါ်သို့ ကြည့်လိုက်ရာ မီးလျှံသားရဲ ၁၆ ကောင်က စက်ဝိုင်းပုံသဏ္ဌာန် ရှိနေကြပြီး သူတို့ကြားထဲတွင် မီးကွင်းတစ်ခု ရှိနေ၏။

မီးကွင်းမှ မီးလျှံကြိုးများက မီးလျှံသားရဲကြီးများ၏ ဦးခေါင်းကို ဆက်သွယ်ထား၏။

ထိုအားကောင်းသော နတ်ဘုရား စိတ်အာရုံသည် ထိုမီးကွင်းဆီမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုအရာသည် မီးလျှံသားရဲများ မွေးကတည်းက ပါလာသော အထူး နည်းစနစ်တစ်ခု ဖြစ်ပြီး ထိုနည်းစနစ်ကို မီးလျှံသားရဲများ အတူတကွ ပေါင်းစည်းပြီးမှသာ အသုံးပြုနိုင်ပေသည်။

ဝမ်လင်းကို တွေ့သွားပြီးနောက် သားရဲ ၁၆ ကောင်၏ မျက်လုံးထဲတွင် အေးစက်လာပြီး အော်ဟစ် ဟိန်းဟောက်ကာ ကောင်းကင်ပေါ်မှ ဆင်းလာကြပြီး ဝမ်လင်းရှိနေသည့် မြေကြီးထဲသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။

ဝမ်လင်းကလည်း တုံ့ဆိုင်းမနေဘဲ ချက်ချင်း ထွက်ပြေး၏။

ဝမ်လင်းသည် ယခင်တစ်ခါကလည်း ဤကဲ့သို့ လိုက်ခံရပြီး ဖြစ်သည်။ မီးလျှံ သားရဲကြီးများက မီးများကို မှုတ်ထုတ်လိုက်သည်နှင့် ဝမ်လင်းသည် မြေကြီးထဲမှ ထွက်ပြီး အလင်းတန်းကဲ့သို့ ပျံသန်းထွက်ပြေးကာ မီးလျှံသားရဲများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

ဝမ်လင်းသည် မြင်ကွင်းမှ ပျောက်ကွယ်သွားသော်လည်း မီးလျှံသားရဲကြီး ၁၆ ကောင်သည် အရှုံးပေးလိမ့်မည် မဟုတ်သေးချေ။ မီးတောင် အပြင်ဘက်သို့ ထွက်လာရသည့် အကြောင်းရင်းမှာ သူတို့၏ ဘိုးဘေးကို သတ်သွားသည့် ဝမ်လင်းကို သတ်ရန်ဖြစ်သည်။ ယခုအချိန်တွင် သူတို့၏ အတွေးထဲ၌ ဝမ်လင်းကို သတ်ရမည်ဆိုသည့် အတွေး တစ်ခုတည်းသာ ရှိနေလေသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းကြောင့် တခြား ကျင့်ကြံသူများကိုလည်း မီးလျှံသားရဲများက မုန်းတီးသွားကြ၏။ ထို့ကြောင့် သူတို့သည် မြင်မြင်သမျှ အားလုံးကို သတ်ဖြတ်ချင်နေခြင်း ဖြစ်သည်။ ထို့အတူ အစွမ်းထက်သော ကျင့်ကြံသူများ၏ လက်ထဲတွင်လည်း မီးလျှံသားရဲများစွာ သေဆုံးရ၏။

မီးလျှံသားရဲများသည် ဝိညာဉ် မရှိသည့်အတွက် သာမန်ဓားပျံများသည် သူတို့၏ မာကျောသော ခန္ဓာကိုယ်ကို ဒဏ်ရာ မရစေနိုင်ပေ။ သူတို့ကို သတ်ရန် အကောင်းဆုံး လက်နက်ကား တုံးနေပြီး စွမ်းအားပြင်းသည့် လက်နက်များသာ ဖြစ်သည်။

ဝမ်လင်းကတော့ ပျံသန်းနေရင်း သူ၏အရှိန်ကို မြန်နိုင်သမျှ မြန်အောင် ပျံသန်းနေလေသည်။ မီးလျှံသားရဲများသည် ချော်ရည်များထဲတွင် သူ့ထက် မြန်သော်လည်း လေထဲတွင်တော့ သူ့ထက် မမြန်ပေ။ ထို့ကြောင့် မီးလျှံသားရဲများနှင့် ဝေးအောင် ပြေးလာနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဝမ်လင်း၏ စိတ်ထဲတွင် ရှိနေသော တင်းကြပ်မှုများက ပြေလျော့မသွားပေ။ ထို့အတူ ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအင်များသည် မီးဒြပ်စင်များဖြင့် ပြည့်နေသဖြင့် သူ စုပ်ယူလိုက်သည့် အချိန်တိုင်း ခန္ဓာကိုယ်တွင်းမှ နာကျင်မှုကို ခံစားနေရသည်။

သူ၏ နောက်တွင် မီးလျှံသားရဲ ၁၆ ကောင်က ဟိန်းဟောက်ပြီး လိုက်နေသည်။ များပြားလှသော မီးလျှံသားရဲများကလည်း သူ့ကို တားဆီးပိတ်ဆို့ရန် လာနေကြသည်။ သူ့နောက်သို့ လိုက်လာသော သားရဲများသည် တဖြည်းဖြည်း များပြားလာသည်။

ဝမ်လင်းသာ ခဏလောက် နားလိုက်ပါက မီးလျှံသားရဲများက သူ့ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် အသေအချာပင်။ သို့သော်လည်း ဝမ်လင်းသည် ဤကဲ့သို့ အမဲလိုက်ခံမယ့် သူတစ်ယောက် မဟုတ်ပေ။ ဝမ်လင်းသည် ချီစုစည်းခြင်း အဆင့်မှာကတည်းက ခန္ဓာကိုယ် သန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဖြစ်သည့် ထန်းလီကိုတောင်မှ ချောင်းမြောင်း တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ရုတ်တရက် ဝမ်လင်းမျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ပေါ်လာပြီး စိတ်ဝိညာဉ် အရည်များ ထည့်ထားသော ရေပုံးကို ထုတ်ယူပြီး သောက်လိုက်ရာ ကုန်ဆုံးသွားသော စိတ်စွမ်းအင်များကို ပြေးနေရင်းနှင့်ပင် ပြန်လည် ပြည့်လာသည်။

ထို့နောက် ဝမ်လင်း၏ သိုလှောင်အိတ်ထဲမှ အနက်ရောင် အလင်းတစ်ခု ထွက်လာပြီး ပျောက်ကွယ်သွား၏။ ထိုအနက်ရောင် အလင်းသည် ရုတ်တရက် မီးလျှံသားရဲတစ်ကောင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး မီးလျှံသားရဲ၏ ခန္ဓာကိုယ်တွင်းသို့ ထိုးစိုက်လိုက်၏။

သတ္တုချင်း ရိုက်ခတ်မိသည့် အသံတစ်ခု ထွက်လာကာ မီးလျှံသားရဲ၏ ရင်ဘတ်တွင် သွေးများစွာ ထွက်နေသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး မီးလျှံသားရဲသည် နောက်သို့ လွင့်ထွက်သွားသည်။ သို့သော်လည်း မီးလျှံသားရဲက ချက်ချင်း ပြန်ထပြီး ဝမ်လင်း၏ နောက်သို့ ဆက်လိုက်၏။

ထိုအချင်းအရာကို မြင်ပြီး ဝမ်လင်း၏ မျက်နှာက သုန်မှုန်သွား၏။ မီးလျှံသားရဲများသည် သူ၏ ဂျိနယ်ပယ် နတ်ဘုရားစိတ်အာရုံကို ခုခံနိုင်ရုံသာမက သူတို့၏ ခန္ဓာကိုယ်ကလည်း လွန်စွာ မာကျောလှသည်။ ဝမ်လင်း၏ ဓားသည် မီးလျှံသားရဲများကို ဒဏ်ရာရရုံသာ တတ်နိုင်ပေသည်။

ဝမ်လင်းက အရှုံးပေးရန် စိတ်ကူးမရှိဘဲ ပျံသန်းနေရင်း ဆက်လက် တိုက်ခိုက်သွား၏။ တစ်ခါတွင် ဓားက တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းရည်ဖြင့် ရွှေ့လျားသွားပြီး မီးလျှံသားရဲ၏ မျက်ခုံး နှစ်ခုအကြားသို့ ထိုးစိုက်လိုက်သည်။ ဓားက မျက်ခုံးနှစ်ခုကြားထဲသို့ စိုက်သွားကာ မီးလျှံသားရဲ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားပြီး အပူလှိုင်းများ အဘက်ဘက်သို့ ပျံ့နှံသွား၏။

ဝမ်လင်း၏ ဆံပင်တောင်မှ ချက်ချင်း တွန့်ကွေးသွားပြီး ဆံပင်မီးလောင်သည့် အနံ့တချို့ပင် ထွက်လာသော်လည်း သူ၏ မျက်လုံးများကတော့ အရောင်လက်သွား၏။ မီးလျှံသားရဲများ၏ ခန္ဓာကိုယ်သည် အလွန် မာကျော်သော်လည်း အားနည်းချက် မရှိသည်တော့ မဟုတ်ပေ။

ထို့နောက် ဝမ်လင်းသည် ပျံသန်းနေရင်း သူ၏ဓားပျံဖြင့် မီးလျှံသားရဲများကို တစ်ကောင်ပြီး တစ်ကောင် ချောင်းမြောင်း တိုက်ခိုက်နေ၏။ သူ၏ တွက်ချက်မှုအရ သာမန် အရွယ်အစားရှိသော မီးလျှံသားရဲများသည် ချီစုစည်းခြင်း အဆင့်သာ ရှိသော်လည်း သူတို့ထံတွင် ဝိညာဉ်မရှိခြင်းနှင့် ခန္ဓာကိုယ် မာကျောခြင်းတို့ကြောင့် သူတို့ကို သတ်ရသည်မှာ ခက်ခဲပေသည်။

ဝမ်လင်း၏ ဓားပျံသည် တည်နေရာ ရွှေ့ပြောင်းခြင်းကို သုံးသည့် အကြိမ်ရေ များလာသည်နှင့်အမျှ ဓား၏ ပုံသဏ္ဌာန်က စတင် ပြောင်းလဲလာသည်။ ပေါင်းစပ်ထားသော ဓားသည် ဓားဝိညာဉ်က အနက်ရောင်ဓား၏ ခန္ဓာကိုယ်ကို ယူထားသကဲ့သို့ အခြေအနေတွင် ရှိပြီး ဓားဝိညာဉ်နှင့် ဓားသည် အပြည့်အဝ ပေါင်းစပ်ထားခြင်း မဟုတ်သေးပေ။ ထို့ကြောင့် ဓားပေါ်တွင် ချိုင့်ခွက်များ ဖြစ်နေပြီး တချို့နေရာများဆိုလျှင် အရည်ပါ ပျော်နေလေပြီ။

ယခုကဲ့သို့ မီးလျှံသားရဲများကို တစ်ကောင်ချင်း သတ်နေခြင်းက အဖြေမှန် မဟုတ်သည်ကို ဝမ်လင်းသိ၏။ သူ့ထံတွင် ရှိသော စိတ်ဝိညာဉ် အရည်များ ကုန်ဆုံးသွားပြီး စိတ်စွမ်းအင် ပြန်မဖြည့် နိုင်တော့သည့် အချိန်ကို ရောက်လျှင် သေဆုံးသွားရပေလိမ့်မည်။

ထို့ကြောင့် ဝမ်လင်းက အံကြိတ်ပြီး စစ်နတ်ဘုရား ဗိမာန်ရှိရာသို့ ဦးတည်လိုက်သည်။

ဝမ်လင်းက ဦးတည်ဘက် ပြောင်းလိုက်သည်နှင့် မီးလျှံသားရဲများက သူနှင့် နီးကပ်သွား၏။ မီးလျှံသားရဲများက ချော်ရည်များဖြင့် ခဏခဏ ဝမ်လင်းဆီသို့ မှုတ်ထုတ်ကြသည်။ ချော်ရည်များက အကြိမ်ပေါင်းများကို သူ့ကို ထိလုနီးပါး ဖြစ်နေသောကြောင့် ဝမ်လင်းသည် အံကြိတ်ပြီး အရှိန်ကို ထပ်တင်လိုက်သည်။

မကြာမီ ဝမ်လင်းသည် အဝေးမှ အားကောင်းသော အော်ရာတစ်ခုကို ခံစားမိလိုက်၏။ သူက နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်လိုက်ရာ ကျင့်ကြံသူ တစ်သောင်းခန့်ရှိသော အုပ်စုကြီးက သည်ဘက်သို့ လာနေသည်ကို တွေ့လိုက်ရသည်။

ဝမ်လင်းသည် ကျင့်ကြံသူများ ကိုင်ဆောင်ထားသော လက်နက်များကို ကြည့်ပြီး ခဏတာ မှင်တက် သွားသော်လည်း ချက်ချင်း သတိပြန်ဝင်လာပြီး ထိုကျင့်ကြံသူ အုပ်စုဆီသို့ ဦးတည် ပျံသန်းသွားလိုက်၏။

မီးလျှံသားရဲများသည် ရုတ်တရက် ရပ်တန့်လိုက်ကြပြီး မီးလျှံသားရဲကြီး ၁၆ ကောင်က ကျင့်ကြံသူ အုပ်စုကြီးကို အဘက်ဘက်မှ ပိတ်ဆို့လိုက်ကြသည်။

ကျင့်ကြံသူများသည် ရပ်တန့်ခြင်း မရှိဘဲ စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ ၁၀ ယောက်၏ အမိန့်အောက်တွင် ဓားပျံ တစ်သောင်းကျော်က ချက်ချင်း တိုက်ခိုက်လိုက်သည်။ မကြာမီ ကျင့်ကြံသူ နှစ်ထောင်ကျော်သာ အုပ်စုတစ်စု ရောက်လာပြီး တိုက်ပွဲကို အားဖြည့်ကူညီလိုက်၏။

ဝမ်လင်းသည် ကျင့်ကြံသူများဆီသို့ ရောက်သောအခါ သူ့ဘေးသို့ အလင်းနှစ်ခု ပျံသန်းလာပြီး ဝမ်လင်း၏ ဘေးတွင် ပတ်ပျံနေလေသည်။ ကြည့်ကောင်းသော ရုပ်ရည်ရှိသော်လည်း မျက်လုံးမှ သတ်ဖြတ်ချင်စိတ် အပြည့်ရှိနေသည့် အမျိုးသမီး ကျင့်ကြံသူက ဝမ်လင်းကို တစ်ချက်ကြည့်ပြီး နောက်က မီးလျှံသားရဲများကို မုန်းတီးသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

”ကျင့်ကြံသူရောင်းရင်းက ဘယ်ဂိုဏ်းက တပည့်လဲ … သင့်ရဲ့နာမည်ကို မြန်မြန်ပြောပါ …”

ဝမ်လင်းက ကြောက်လန့်နေသော ဟန်အမူအရာဖြင့် လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

”ငါက စစ်နတ်ဘုရားဗိမာန်က တပည့် မိုင်လျန်းပါ …”

ထိုမိန်းမက ဝမ်လင်းကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

”ချင်းရွှမ် … သူ့ကို စစ်နတ်ဘုရားဗိမာန်ဆီ ခေါ်သွားပြီး ဟုတ်မဟုတ် စစ်ဆေးခဲ့ … သူက စစ်နတ်ဘုရားဗိမာန်က တပည့်မဟုတ်ရင် သတ်ပစ်လိုက် …”

လူငယ်တစ်ယောက်က ပျံသန်း ရောက်ရှိလာပြီး ဝမ်လင်းကို ခေါင်းညိတ်ပြလိုက်ရာ ဝမ်လင်းကလည်း ထိုလူငယ်၏ နောက်သို့ လိုက်သွားလိုက်သည်။

မကြာမီ သူတို့နှစ်ယောက်က ကျင့်ကြံသူ အုပ်စုကြီး၏ အလယ်နှင့် နီးကပ်လာသည်နှင့်အမျှ ဝမ်လင်းသည် ဤကျင့်ကြံသူ အုပ်စုကြီးက မည်မျှ ကြောက်မက်ဖွယ်ကောင်းမှန်း နားလည်လိုက်သည်။ ထို့အပြင် ကျင့်ကြံသူများမှ ထွက်ပေါ်နေသော စိတ်စွမ်းအင်များကလည်း မခန့်မှန်း နိုင်တော့သည့် အဆင့်သို့ ရောက်နေလေသည်။

ဟိုဖန်နိုင်ငံ တစ်ခုလုံးတွင် မီးတောင်များမှ ထွက်သော အနက်ရောင် မီးခိုးများဖြင့် ဖုံးအုပ် ထားသော်လည်း ကျင့်ကြံသူများ၏ စိတ်စွမ်းအင်များ အောက်တွင် ကြီးမားသော အနက်ရောင် မီးခိုးတိမ်တိုက်ကြီးသည် စိတ်စွမ်းအင်များကို နေရာ ဖယ်ပေးနေရလေသည်။

နေရာတိုင်းတွင် မီးခိုးများက ပြန့်ကျဲလာနေပြီး ကျင့်ကြံသူများကို မတားဆီးနိုင်တော့ပေ။ ထွက်ပေါ်နေသော စိတ်စွမ်းအင်များ အားလုံးကလည်း ဓားချီများဖြစ်ပြီး လွန်စွာ သိပ်သည်းနေသဖြင့် ကောင်းကင်၏ အရောင်ကိုပင် ပြောင်းလဲသွားစေသည်။

များပြားလှသော ဓားများနှင့် မှော်ရတနာများသည် ကောင်းကင်ပေါ်တွင် လင်းလက် တောက်ပနေ၏။ ထိုမြင်ကွင်းကို မြင်ပြီး ဝမ်လင်းသည် ဘယ်တော့မှ မေ့တော့မည် မဟုတ်ပေ။

ဓားချီများနှင့် ပြည့်နေသော မြင်ကွင်းသည် ပြင်းထန်သော တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အရာများ ဖြစ်၏။

ပြင်ပတိုက်ပွဲ မြေပြင်နှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့အားလုံးသည် အတူတကွ စုပေါင်းပြီး ဟိုဖန်နိုင်ငံမှ ထွက်ရန် ကြိုးစားနေကြသည့် အသိစိတ်အာရုံ တစ်ခုသာ ပိုသွား၏။

အဘယ်ကြောင့်ဆိုသော် မီးလျှံသားရဲများနှင့် ပြင်းထန်သော မီးဒြပ်စင် စိတ်စွမ်းအင်များကြောင့် ကျင့်ကြံသူများသည် အသက်ရှင် နေထိုင်ရန်အတွက် ဟိုဖန်နိုင်ငံမှ ထွက်သွားရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

ဤကျင့်ကြံသူ အုပ်စုကြီးကို မီးလျှံသားရဲ အုပ်စုကြီးကသာ လက်ရည်တူ ယှဉ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။

ဝမ်လင်းသည် သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မိန်းမောနေရင်းမှ အသိ ပြန်ဝင်လာသည့် အချိန်တွင် သူတို့နှစ်ယောက်သည် ကျင့်ကြံသူ အုပ်စုကြီး၏ အလယ်သို့ ရောက်လာလေပြီ။

ချင်းရွှမ်က အော်ပြောလိုက်သည်။

”လိုဟဲဂိုဏ်းမှ ကင်းထောက်က စစ်နတ်ဘုရား ဗိမာန်မှ တပည့်မိုင်လျန်းကို‌ ခေါ်လာပါတယ် … စစ်နတ်ဘုရားဗိမာန်မှ တစ်ယောက်ယောက် လာပြီး သူက စစ်နတ်ဘုရား ဗိမာန်ကတပည့် ဟုတ်မဟုတ် စစ်ဆေးပေးပါ …”

ဝမ်လင်း၏ အမူအရာသည် သာမန်အတိုင်းသာ ရှိနေသည်။ ဝမ်လင်းသည် ဤနေရာသို့ မလာမဖြစ်သော အခြေအနေကြောင့်သာ လာခဲ့ရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ နေရာတိုင်းတွင် သူ့အား မီးလျှံသားရဲများက လိုက်နေသဖြင့် ဤနေရာသည် သူ့အတွက် အလုံခြုံဆုံးသော နေရာတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဝမ်လင်းသည် အလွန်သတိရှိသော လူငယ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် သူ့အခြေအနေ ဆိုးလာလျှင်တောင်မှ ထွက်ပြေးရန်အတွက် ပြင်ဆင်ထား၏။ မီးလျှံ သားရဲများနှင့် တိုက်ခိုက်နေသည့် သူတို့သည် သူ့အား လိုက်လံ ဖမ်းဆီးချင်သည့်လူ အများကြီး မရှိနိုင်ပေ။

စဦးစိတ်ဝိညာဉ် အဆင့်များသည် ဤပြောင်းရွှေ့မှုကြီးအား စီစဉ်နေခြင်းမှ ရပ်တန့်ပြီး ဝမ်လင်းအား လိုက်ကြမည် မဟုတ်ပေ။ အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများသည် မီးလျှံ သားရဲများနှင့် တိုက်ခိုက်ရာတွင် အဓိက တိုက်ခိုက်သူများ ဖြစ်နေသဖြင့် သူ့နောက်ကို လိုက်ခိုင်း လိုက်လျှင်တောင်မှ ခန္ဓာကိုယ်သန့်စင်ခြင်း နှောင်းပိုင်းအဆင့် သို့မဟုတ် အယောင်ဆောင် အမြုတေ ဖွဲ့တည်ခြင်း အဆင့်များသာ ဖြစ်ပေလိမ့်မည်။ သို့သော်လည်း မည်သည့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကမှ ဝမ်လင်းကို မနိုင်နိုင်ပေ။ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သာဆိုလျှင် တစ်ယောက်လာပါက တစ်ချက်တည်းနှင့် သတ်ပြီး ၁၀ ယောက်လာလျှင်တောင်မှ ကြောက်ရွှံ့မှု မရှိဘဲ အားလုံးကို ဂျိနယ်ပယ် စွမ်းအား ၁၀ ခါ ထုတ်သုံးပြီး သတ်ပစ်လိမ့်မည် ဖြစ်သည်။

***

All Chapters