လွမ်ဟွေ မြေလျှောက်အမတ၊ ပဓာနဝိညာဉ် ရုပ်ခန္ဓာမှ ခွာထွက်ခြင်း
Vol. 11 Ch. 152
အခန်း (၁၅၂) လွမ်ဟွေ မြေလျှောက်အမတ၊ ပဓာနဝိညာဉ် ရုပ်ခန္ဓာမှ ခွာထွက်ခြင်း
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
သေမျိုးအခန်းက ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ကို ကျင့်ကြံပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ အဆင့်ပိုမြင့်တဲ့ ပညာရပ်ကို သိမြင်နားလည်သွားပါတယ်။
အခုဟန်ကျွယ်အဆင့်ရဲ့ အပေါ်ဘက်မှာ နောက်ထပ်ခြောက်ဆင့် ရှိပါတယ်။ အဲဒါတွေကတော့ မြေလျှောက်အမတ၊ မြေအမတ၊ ကောင်းကင်အမတ၊ အမတစစ်၊ ဆန်းကြယ်အမတ၊ ရွှေအမတတို့ပဲ ဖြစ်ပါတယ်။
စိတ်လှုပ်ရှားသွားတဲ့ ဟန်ကျွယ်ဟာ မြေလျှောက်အမတအဆင့်ကို စတင်ထိုးဖောက်ပါတယ်။
‘တာအိုသခင်ကျွယ်ရန်ကလည်း မြေလျှောက်အမတပဲ၊ ငါသာ မြေလျှောက်အမတအဆင့်ကို ရောက်သွားရင် သူ့ကို တစ်ချက်တည်း သတ်နိုင်မှာ၊ ပြဒါးငှက်လည်း ရှိသေးတယ်၊ သူက မြေအမတအဆင့်ပဲ ရှိတာနဲ့ တူတယ်’
ဟန်ကျွယ်ဟာ သူ့ရန်သူတော်နှစ်ယောက်က အရမ်းကြီးစွမ်းအားမကြီးဘူးလို့ ခံစားလိုက်ရပါတယ်။ အနည်းဆုံးတော့ ဟန်ကျွယ်မှာ သူ့ရန်သူတော်တွေကို ဖိနှိပ်ဖို့ မျှော်လင့်ချက် ရှိလာပါပြီ။
ဟန်ကျွယ်ဟာ တွေးတောနေတာတွေကို ရပ်လိုက်ပြီး အဆင့်ထိုးဖောက်တာကိုပဲ အာရုံစိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အရည်အချင်းနဲ့ အဆင့်တက်တာက ဘာမှသိပ်မကြာပါဘူး။
မည်းမှောင်တဲ့ လိုဏ်ဂူတစ်ခုအတွင်း။
သွေးမိစ္ဆာ၊ ဆံဖြူမိစ္ဆာမယ်နဲ့ မိစ္ဆာဘုန်းကြီးတို့ဟာ ထပ်ပြီးတော့ စုစည်းကြပါတယ်။
မိစ္ဆာဘုန်းကြီးဟာ လက်သီးဆုပ်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်ပါတယ် “တာအိုသခင်ကျွယ်ရန်က ဘယ်တော့မှာ ဆင်းလာမှာလဲ၊ မိစ္ဆာမျိုးနွယ်စုရဲ့ မိစ္ဆာစစ်တွေကလည်း ကောင်းကင်အမတစံအိမ်ကို မတိုက်တာ ဆယ်နှစ်ရှိပြီ၊ သူတို့ပြောတာတော့ ဂျိရှင်းရှန်က ကောင်းကင်အမတစံအိမ်ရဲ့ မဟာပညာရပ်ကို သင်ယူတက်မြောက်သွားတယ်တဲ့၊ ဒီမဟာပညာရပ်ကို နှစ်ပေါင်းတစ်သောင်းအတွင်း ဘယ်သူမှ မသင်ယူနိုင်သေးဘူးတဲ့”
“သူက နဂိုကတည်းက ပြိုင်ဘက်ကင်းနေတာ၊ အခုပိုဆိုးသွားပြီပေါ့၊ ဒီလိုသာ ဆက်သွားရင် ငါတို့တွေ မြေကြီးလက်ခတ်မလွှဲ သေဆုံးရလိမ့်မယ်”
သွေးမိစ္ဆာရဲ့မျက်နှာဟာ မည်းမှောင်ထွက်သွားပါတယ်။
ဆံဖြူမိစ္ဆာမယ်ကလည်း အံကြိတ်ပြီး ပြောလိုက်ပါတယ် “ငါ ဘာမှ ထပ်ပြီး ဂရုမစိုက်နိုင်တော့ဘူး၊ ငါ ဘုံပျံတက်တော့မယ်”
မိစ္ဆာဘုန်းကြီးကလည်း ခေါင်းညိတ်လိုက်ပါတယ်။ သူလည်းပဲ ထပ်မစောင့်ချင်တော့ပါဘူး “ဒါပေမဲ့ ငါတို့တွေ အခုဘုံပျံတက်ရင် လက်ယာလမ်းစဉ်ရဲ့ တိုက်ခိုက်တာကို ခံရမှာ မဟုတ်ဘူးလား” သွေးမိစ္ဆာက ချီတုံချတုံ ဖြစ်နေပါတယ်။
မိစ္ဆဘုန်းကြီးက ကြိမ်းမောင်းလိုက်ပါတယ် “သွေးမိစ္ဆာ... မင်း အဲဒီလောက်တောင် တုံးအသွားပြီလား၊ မိစ္ဆာစစ်တွေက ကောင်းကင်အမတစံအိမ်ကို တိုက်ခိုက်နေတာ ကောင်းကင်အမတစံအိမ်က ငါတို့ကို ဂရုစိုက်နိုင်အုန်းပါ့မလား၊ မင်းဘုံပျံမတက်ချင်ရလည်း ဘာမှမဖြစ်ဘူး၊ နောက်ကျမှသာ နောင်တမရစေနဲ့”
စကားဆုံးသွားတဲ့အခါ မိစ္ဆာဘုန်းကြီးနဲ့ ဆံဖြူမိစ္ဆာမယ်ဟာ မတ်တတ်ရပ်ပြီး လိုဏ်ဂူထဲက ထွက်ခွာသွားပါတယ်။
သွေးမိစ္ဆာရဲ့ မျက်နှာဟာ လုံးဝ ပြောင်းလဲသွားပါတယ်။
မိစ္ဆာဘုန်းကြီးနဲ့ ဆံဖြူမိစ္ဆာမယ်ရဲ့ ရောင်ဝါတွေ ပျောက်ကွယ်သွားတဲ့အခါ သွေးမိစ္ဆာဟာ သလင်းကျောက်လုံးကို ထုတ်ယူပြီး ညင်ညင်သာသာ မေးလိုက်ပါတယ် “စီနီယာ.. ဘယ်လောက်ကြာအုန်းမှာလဲ”
သွေးမိစ္ဆာဟာ အဖြေပြန်မရတဲ့အတွက် ဆက်စောင့်နေပါတယ်။
ဒီလိုနဲ့ အချိန်အတော်ကြာတဲ့အခါမှာတော့...
အားပျော့လှတဲ့ အသံတစ်သံဟာ သလင်းကျောက်လုံးထဲကနေ ထွက်ပေါ်လာပါတယ် “စိတ်မစောပါနဲ့... အဟွတ်... အဟွတ်... မကြာခင်ပဲ”
သွေးမိစ္ဆာဟာ နှလုံးခုန် မြန်သွားပြီး မေးလိုက်ပါတယ် “စီနီယာ ဒဏ်ရာ ရထားတာလား”
“မဟုတ်ဘူး၊ ငါ့ကျင့်ကြံမှုက တစ်ခုခု မှားယွင်းသွားလို့၊ ငါက ကောင်းကင်ရုံးတော်မှာရှိတဲ့ စီနီယာတစ်ဦးကို စောင့်နေတာ၊ မစိုးရိမ်စမ်းပါနဲ့၊ မင်းသာ လိမ္မာမယ်ဆိုရင် မင်းဘုံပျံတက်ပြီးတာနဲ့ ငါ ဂရုစိုက်မှာပါ၊ တစ်ခြားသူတွေလို ခြေထောက်အဖော်ပြုပြီး လျှောက်သွားစရာ မလိုဘူး”
သွေးမိစ္ဆာဟာ သူ့အံအားသင့်မှုကို ဖိနှိပ်ပြီး မေးလိုက်ပါတယ် “မိစ္ဆာမျိုးနွယ်စုက ကောင်းကင်အမတစံအိမ်ကို တိုက်ခိုက်ဖို့ မိစ္ဆာစစ်တွေကို စေလွှတ်ခဲ့တယ်၊ ဒါပေမဲ့ သူတို့တွေ ကောင်းကင်အမတစံအိမ်ကို အနိုင်မယူနိုင်သေးဘူး၊ ကျွန်တော် ကြောက်မိတာက...”
“ကောင်းကင်အမတစံအိမ်က ဘာမှသုံးစားမရဘူး၊ မိစ္ဆာမျိုးနွယ်စုကိုသာ မိစ္ဆာစစ်တွေ စေလွှတ်ဖို့ ထပ်တောင်းဆိုချည်၊ ဝင်တော့မပါနဲ့၊ မင်း သူတို့ကို ဖျောင်းဖျဖို့ပဲလိုတယ်၊ မင်းသာ ဒီထဲဝင်ပါသွားရင် ငါလည်း မကယ်နိုင်ဘူးနော်...”
“ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် နားလည်ပါတယ်...”
“အင်း...”
“ဒါဆိုလေ... စီနီယာ... ကျွန်တော့်ကို အချိန်တစ်ခုလောက် ပေးပါလား၊ ဒီအတိုင်းဆက်သွားရင် ကျွန်တော် ဆက်ပြီးတော့ တောင်မခံ့ထားနိုင်တော့ဘူး”
“အကြာဆုံး နှစ်တစ်ရာပဲ... ရပြီလား”
“နှစ်တစ်ရာလား...”
“အမြန်ဆုံးလာနိုင်အောင် ငါလည်း ကြိုးစားနေတယ်”
“စီနီယာကို ကျေးဇူးတင်ပါတယ်...”
နှစ်နှစ်ကြာပြီးနောက်။
ကျင့်ကြံခြင်းတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်လာတာကြောင့် ဝီရိယတောင်တစ်ခုလုံး တုန်လှုပ်သွားပါတယ်။
ဖူစန်းသစ်ပင်အောက်က ဖန်းလျန်၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေလည်း ခေါင်းမော့ပြီး ကြည့်လိုက်ကြပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ လီချင်းဇဲ့၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့လည်း လှန့်သလို ဖြစ်သွားတာကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူတွေထဲကနေ ထွက်လာကြပါတယ်။ သူတို့အကုန်လုံးဟာ တစ်ခြားသူတွေနဲ့ တောင်ထိပ်မှာ စုစည်းလိုက်ကြပါတယ်။
“ဘာတွေဖြစ်နေတာလဲ”
“ဒီတုန်ခါမှုက ဆရာသခင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူက လာတာ”
“ဆရာသခင်က အဆင့်ထိုးဖောက်နေတာလား”
“ဒီလိုမျိုး အရင်က မဖြစ်ဖူးပါဘူး၊ ဒါက ပထမဆုံးအကြိမ် ဟုတ်တယ်မလား”
“ဆရာဘိုးဘိုးက အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ၊ အဆင့်တက်တိုင်း မိုးမြေပြောင်းလောက်တဲ့ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ရမှာမလား၊ ဘာလို့ ဆရာဘိုးဘိုးက ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ အမြဲရှိနေရတာလဲ”
လူတိုင်းဟာ သူတို့အမြင်ကို ဆွေးနွေးကြပါတယ်။
လီချင်းဇဲ့က ပြောလိုက်ပါတယ် “အကြီးအကဲဟန်က ကောင်းကင်စမ်းသပ်မှုကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ သိတယ်၊ အရင်တုန်းကလည်း ကောင်းကင်စမ်းသပ်မှု ဖြတ်ကျော်ဖို့ နေရာကောင်းတစ်ခုကို ငါ လိုက်ပြဖူးတယ်၊ ဒီတစ်ကြိမ်က ဆန်းကြယ်စွမ်းအား တစ်မျိုးမျိုးကို သုံးသပ်နေတာ ဖြစ်ရမယ်”
ရှင်းဟုန်ရွှမ်က ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ကျွန်မယောက်ျားက အရမ်းစွမ်အားကြီးတာပဲ”
‘ယောက်ျား...’ ထူလင်းအာဟာ ရှင်းဟုန်ရွှမ်ကို လှမ်းမကြည့်ဘဲ မနေနိုင်ပါဘူး ‘ဒါက ဆရာသခင်ရဲ့ ဇနီးလား’
ဝူတောက်ကျန့်နဲ့ ချန်ယွီအာကတော့ ရှင်းဟုန်ရွှမ်ကို အဓိပ္ပာယ်ရှိတဲ့အကြည့်နဲ့ ကြည့်လိုက်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ...။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်တာ အောင်မြင်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲကလည်း လမ်းခြောက်သွယ် စိတ်ဝိညာဉ်စွမ်းအားဟာလည်း ဝိညာဉ်စွမ်းအားအသွင် ပြောင်းလဲသွားပြီး ဆက်လက်ကြီးထွားလာပါတယ်။
[လွမ်ဟွေ မြေလျှောက်အမတ ဖြစ်လာခြင်းအတွက် ဂုဏ်ယူပါသည်။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကောင်းကင်တာအို၏ ကောင်းချီးပေးခံရမှုကို စံစားပါ။ ဆုလာဘ်အဖြစ် အကောင်းစားရတနာတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သေမျိုးကမ္ဘာတွင် ဆက်လက်နေထိုင်ပါ။ ဆုလာဘ်အဖြစ် အကောင်းစားရတနာကို ရရှိမည်။]
ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ တစ်ချက်ကလေးတောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
‘ကောင်းကင်းစမ်းသပ်မှုလည်း မရှိဘူး၊ ကောင်းကင်တာအိုကလည်း မဖယ်ထုတ်မှတော့ ဘာလို့ ဘုံပျံတက်ရမှာလဲ’
ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို မဖျက်ဆီးရင် ဟန်ကျွယ်ဟာ ဒီဝီရိယတောင်မှာပဲ ဆက်လက်ကျင့်ကြံ အားထုတ်မှာပါ။
ဟန်ကျွယ်ဟာ ပန်းတိုင်တစ်ခု ချမှတ်လိုက်ပါတယ်။ အဲဒါကတော့ ပြဒါးငှက်ကို လုံးဝကြောက်စရာ မလိုတော့မှာ ဘုံပျံတက်ဖို့ စဉ်းစားမှာပဲ ဖြစ်ပါတယ်။
[သေမျိုးကမ္ဘာ၌ ဆက်နေထိုင်မည်ကို ရွေးချယ်ခဲ့သောကြောင့် အကောင်းစားရတနာကို ဆုလာဘ်အဖြစ် ရရှိပါသည်။]
[မဟာညီညွှတ်မှု အကောင်းစား ရတနာ ဖီးနစ်တောင်ပံသရဖူအား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ဖီးနစ်တောင်ပံသရဖူ: မဟာညီညွှတ်မှု အကောင်းစား ခံစစ်ရတနာ။ မဟာဧကရာဇ်ရောင်ဝါနှင့် ဖီးနစ်တောင်ပံကို အသုံးပြု၍ စီရင်ထားခြင်းဖြစ်ပြီး ခံစစ်အရာ၌ အလွန်အစွမ်းထက်လှ၏။]
‘အကောင်းစား ခံစစ်ရတနာလား... အရမ်းကောင်းတယ်’
ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို တည်တံ့ခိုင်မြဲအောင် ဆက်လက်ကျင့်ကြပါတယ်။ ဟန်ကျွယ် ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်အတိုင်း လည်ပတ်သွားပြီး လျင်မြန်စွာ တိုးတက်လာပါတယ်။
ဟန်ကျွယ် ချုပ်နှောင်မှု သိပ်မရှိတော့သလို ခံစားလိုက်ရပါတယ်။ ကမ္ဘာကြီးက သူ့ကို မတားဆီးနိုင်တော့တဲ့ ခံစားချက်မျိုးပါ။ ဟန်ကျွယ်သာ အလိုရှိမယ်ဆိုရင် သေမျိုးကမ္ဘာကနေ တစ်ချက်တည်းနဲ့ ခုန်ထွက်သွားနိုင်ပါတယ်။
ဒီခံစားချက်ကို တော်တော်လေး ခံစားလို့ကောင်းပါတယ်။
ကျင့်ကြံမှုကို တည်တံ့အောင် လုပ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ခန္ဓာကိုယ်ထဲက ခွဲထွက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ကာ ဝီရိယတောင်ပေါ်ကို ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ငုံ့ကြည့်လိုက်တဲ့အခါမှာ သူ့တပည့်တွေ ခေါင်းပေါ်က အရိပ်တွေကို တွေ့လိုက်ရပါတယ်။
ဖန်းလျန်ရဲ့ ခေါင်းပေါ်မှာ ချီလုံးတစ်လုံး ရှိနေပါတယ်။ ရွှင်ချန်းအန်း ခေါင်းပေါ်မှာတော့ ဂျင်ဆင်းပါ။ မုရုံချီရဲ့ ခေါင်းပေါ်မှာ နတ်အသွင်တစ်ခု ဝဲပျံနေပါတယ်။ ဒီနတ်အသွင်ဟာ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထာပြီး အလွန်ဩဇာကြီးလှပါတယ်။
ငရဲကြက်နက်ရဲ့ ခေါင်းပေါ်မှာတော့ ဖီးနစ်နက် ဝဲပျံနေပါတယ်။ ဒီဖီးနစ်နက်ဟာ ငရဲကြက်နက်ရဲ့ ခန္ဓာကိုယ်နဲ့ အများကြီး ကွာခြားလွန်းပါတယ်။ ဘယ်လောက်တောင် ကွာခြားလဲဆိုတော့ ကောင်းကင်ဘုံ ၃၃ ဘုံက အပေါ်ဆုံးအထပ်နဲ့ ငရဲပြည် အောက်ဆုံးထပ်လို ကွာခြားလွန်းပါတယ်။
အဲဒီနောက် ဟန်ကျွယ်ရဲ့ အကြည့်ဟာ ထူလင်းအာဆီ ရောက်သွားပါတယ်။
မဟာမှော်ဆရာ။
ထူလင်းအာဟာ ချောမောလှပတဲ့အတွက် အလှပဂေးလေးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ မဟာမှော်ဆရာကတော့ အလွန်တရာ ရက်စက်ယုတ်မာတဲ့ အသွင်ရှိပြီး လူသားခန္ဓာကိုယ် သားရဲခေါင်းရှိတာကြောင့် တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။
‘ကြောက်ဖို့ကောင်းလှချည်လား’
ဟန်ကျွယ်ဟာ ထူလင်းအာခေါင်းပေါ်က မဟာမှော်ဆရာ ဝိညာဉ်ကို စိုက်ကြည့်နေရင်း မဟာမှော်ဆရာဝိညာဉ်က မြွေလိုမျက်လုံးတွေနဲ့ ဟန်ကျွယ်ကို မော့ကြည့်ပါတယ်။
မျက်လုံးချင်း ဆုံသွားတဲ့အခါမှာ ဟန်ကျွယ်ဟာ တော်တော်လေး မသက်မသာ ဖြစ်သွားပါတယ်။
‘မဖြစ်ဘူး... ဒီကောင်က နည်းနည်း အန္တရာယ်များတယ်၊ သူ့ကို အဝေးပို့ပစ်ရမယ်’
မဟာမှော်ဆရာ ဝိညာဉ်ဟာ ပါးစပ်ဟပြီး ဟန်ကျွယ်ကို တစ်စုံတစ်ခု ပြောလိုက်ပါတယ်။ ဘာအသံမှ ထွက်မလာပေမဲ့ ဟန်ကျွယ်ဟာ မဟာမှော်ဆရာ ဝိညာဉ်က ဘာပြောတာလဲဆိုတာကို နားလည်နိုင်ပါတယ်။
‘ငါ့ကို ကယ်ပါ’
ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ် ‘ဘာလို ကယ်တင်ဖို့ လိုအပ်နေတာလဲ’
ဟန်ကျွယ်ဟာ အများကြီး မတွေးဘဲ ကောင်းကင်ယံကို ထပ်တက်သွားပါတယ်။ တောတောင်ရေမြေတွေဟာ တဖြည်းဖြည်း သေးကွေးသွားပါတယ်။ မျက်တောင်တစ်ခတ်အတွင်း ဟန်ကျွယ်ဟာ ကောင်းကင်ထိပ်ဆုံးကို ရောက်သွားပါတယ်။ ဟန်ကျွယ် အထက်မှာတော့ အဆုံးမဲ့ကြယ်ပင်လယ်ပဲ ရှိပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာရဲ့ အရံအတားကို အလွယ်တကူ ထိုးဖောက်ပြီး အထက်ဘုံကို ပျံတက်သွားနိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို သေမျိုးကမ္ဘာရဲ့ အရံအတားကို လုံးဝ ထိုးဖောက်မထွက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြဒါးငှက်က သူ့ကို စောင့်ကြိုနေမှာ ကြောက်လို့ပါပဲ။
အဲဒီနောက် ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ မြေကြီးထဲ တဟုန်ထိုး ပြေးဝင်သွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာကနေ ခုန်ထွက်ပြီး ငရဲပြည်ကို ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ တရင်းတနှီးရှိတဲ့ အမှောင်ထုနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပြန်လည်မွေးဖွာခြင်းချီကို ခံစားလိုက်ရပါတယ်။
ကံကောင်းထောက်မှာစွာပဲ အနီးအနားမှာ နွေဦးဝါ မရှိတဲ့အတွက် မေ့လျော့ခြင်းတံတားလည်း မရှိပါဘူး။ ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ မိုင်တစ်သောင်းအတွက် သက်ရှိတစ်ယောက်မှ မရှိတာကို တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ ပြန်လည်မွေးဖွားခြင်းချီရဲ့ ဗတ္တိဇံလုပ်ခြင်းကို စတင်စံစားပါတော့တယ်။
ဒီလုပ်ဆောင်ချက်အတွင်း ဟန်ကျွယ်ရဲ့ ပဓာနဝိညာဉ်ဟာ လျင်လျင်မြန်မြန်ပဲ အားကောင်းလာပါတယ်။
“မင်း ထပ်ရောက်လာပြန်ပြီလား” အသံဩဩကြီးကို ဟန်ကျွယ် ကြားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ဒီအသံက အရင်တစ်ခါ ကောင်းကင်ရုပ်သေးရုပ် ကြားလိုက်ရတဲ့အသံမလား’ ဟန်ကျွယ်ဟာ ပြေးဖို့ ပြင်လိုက်ပါတယ်။
“နေပါအုန်း... ငါ မင်းကို ဘာမှမလုပ်ပါဘူး”
ဒီစကားကြောင့် ဟန်ကျွယ်ဟာ ပြန်တည်ငြိမ်သွားပါတယ်။ သေချာပြန်တွေးကြည့်တဲ့အခါမှာ သူအတွေးလွန်သွားမှန်း ဟန်ကျွယ် သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်လူမှာ သူ့ကို သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် လုံးဝ မရှိလို့ပါ။
“မင်းလိုမျိုး ပါရမီရှင် ရှိသေးတာလား၊ သေမျိုးကမ္ဘာမှာရှိတဲ့ သက်ရှိအကုန်လုံးကို အသက် ၈၀၀ မပြည့်ခင် ဖိနှိပ်နိုင်တယ်၊ ကောင်းကင်စမ်းသပ်မှုကိုလည်း မကျော်ဖြတ်ရဘဲနဲ့ မြေလျှောက်အမတ ဖြစ်လာတယ်၊ လောကနှစ်ခုကိုလည်း အလိုရှိသလို သွားလာနိုင်တယ်၊ မင်းက ငါစောင့်မျှော်နေတဲ့ လူပဲ”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။