အခန်း (၉၂၇-၉၂၈)
Vol. 67 Ch. 927-928
အခန်း ၉၂၇ မာန်နတ်ဘုရား၏ လက်ဝါး
"အမည်ခံ ခင်ပွန်း..."
ထိုစကားလုံးသည် ရွှီဟွေ၏ နားထဲတွင် နှစ်တစ်ထောင်ခန့် ပဲ့တင်ထပ်နေသကဲ့သို့ ခံစားရသည်။ စကားလုံးများသည် ရှည်လျားပြီး ဆွဲငင်ကာ နှေးကွေးသည်။ ၎င်းတို့သည် အခြားခေတ် တစ်ခေတ်မှ လာသကဲ့သို့ သူမ၏ နားထဲတွင် မြည်ဟည်းနေသည်။
တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သော ရွှီဟွေ၏ နှလုံးသားထဲတွင် လှိုင်းဂယက်လေးများ ထကြွလာသည်။ ထိုလှိုင်းဂယက်များသည် အပြင်ဘက်သို့ ဆက်လက်ပျံ့နှံ့သွားသော ပွင့်အာလာသည့် ပန်းတစ်ပွင့်နှင့် တူသည်။ ၎င်းတို့သည် သူမ နှလုံးသားထဲတွင် ပဲ့တင်ထပ်ကာ ထိုအခိုက်အတန့်တွင် သူမ မျက်လုံးများကို ဖွင့်နိုင်သည့် စွမ်းအားတစ်ခု အဖြစ် ပြောင်းလဲသွားသည်အထိ ဖြစ်သည်။
အနည်းငယ် ဟနေသည့် အက်ကွဲကြောင်းမှတဆင့် မြင်နိုင်သော သူမ၏ မျက်လုံးများသည် အလင်းရောင်မရှိဘဲ မှောင်မိုက်ကာ အရောင်အဆင်း ကင်းမဲ့နေသည်။ သို့တိုင် သူတို့သည် အရာများကို မြင်နေရပြီး ပြိုကျနေသော အတားအဆီးကို ကျော်လွန်၍ ရပ်နေသော သူမ၏ အမည်ခံ ခင်ပွန်း၏ ပုံရိပ်အား အာရုံစိုက်နေသည်။ အတားအဆီးမှ အပိုင်းအစများသည် သူ့ပုံရိပ်ကို ပိုမိုပေါ်လွင်စေရန် နောက်ခံအဖြစ် ပံ့ပိုးပေးနေသကဲ့သို့ ဖြစ်နေပြီး သူ့အား အာရုံစိုက်ရာ အဖြစ် ပြောင်းလဲသွားစေသည်။
စုမင်၏ စကားလုံးများသည် အဝေးသို့တိုင် ပဲ့တင်ထပ်သွားပြီး ပုံရိပ်ယောင် အဘိုးအို၏ နှလုံးသားကို နစ်မြုပ်သွားစေကာ သူ့ဘေးတွင် ရပ်နေသော လေးသမားသည် ဘယ်လက်ရှိ လေးအား မဆိုင်းမတွပင် မြှောက်တင်လိုက်သည်။ သူသည် ညာဘက်လက်ဖြင့် လေးအား လျင်မြန်စွာ ဆွဲပြီးနောက် လေးကြိုးကို လွှတ်လိုက်ရာ လေထဲတွင် မြားတစ်စင်း ပစ်လွှတ်လိုက်သည့် အသံအား ကြားလိုက်ရသည်။ သဲများဖြင့် ဖွဲ့စည်းထားသော ချွန်ထက်သည့် မြားတစ်စင်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် စုမင်ဆီသို့ ပြေးဝင်လာပြီး မျက်စိတစ်မှိတ်အတွင်း ကျိုးပျက်နေသည့် အတားအဆီးကြားမှ လျှောက်လာသော သူ့ရှေ့တွင် ပေါ်လာသည်။
မြားသည် အလွန် လျင်မြန်သဖြင့် ၎င်း၏ အရှိန်ကို စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်။ လူတစ်ယောက် မျက်တောင်မခတ်မီ အဝေးတွင် ရှိနေလျှင်ပင် ထိုလူ မျက်တောင်ခတ်အပြီးတွင် ၎င်းသည် ထိုလူ၏ မျက်ခုံးနှစ်ခုကြား ဗဟိုချက်သို့ ရောက်ရှိနေမည် ဖြစ်သည်။
စုမင်သည် ခေါင်းမော့ကာ ၎င်းကို အေးစက်စွာ ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် အိစန်း ကိုယ်ပွားမှ သူ့ထံ ပေးပို့သော စွမ်းအားကြောင့် နေကပ်ဘေး အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ယင်းသည် အိစန်း ကိုယ်ပွား ဤနေရာသို့ ကိုယ်တိုင် မလာရောက်မီ သူ၏ အပြင်းထန်ဆုံး ပုံစံတော့ မဟုတ်သေးပေ။
သူသည် ပိုမို အားကောင်း လာနိုင်သေးသည်။
သူ ခေါင်းမော့လိုက်သည်နှင့် ညာလက်ကို မြှောက်လိုက်သည်။ သူသည် နောက်မဆုတ်ဘဲ ရှေ့သို့ တစ်လှမ်း ထပ်တိုးလိုက်သည်။ သူ့ ခြေထောက် မကျမီ သူသည် ရှေ့ရှိ လေကို ဆုပ်ကိုင်ပြီး လက်မှတဆင့် စွမ်းအားကြီးသည့် အင်အားတစ်ခု ခန္ဓာကိုယ်သို့ ပျံ့နှံ့သွားသည်။
ထိုအင်အားသည် တောင်တန်းတစ်ခုလုံး သူ့ပေါ် ပြိုကျလာသကဲ့သို့ စုမင်၏ လက်မောင်းများကို ထုံကျင်သွားစေသော်လည်း စွမ်းအားသည် ခန္ဓာကိုယ်အနှံ့ ပိုင်းဖြာသွားသောအခါ သူသည် ထိုကြီးမားသည့် စွမ်းအားကို အတင်းအကျပ် ဖြေရှင်းနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ဆဋ္ဌမ ခြေလှမ်းကို ပြီးစီးခဲ့သည်။
ဝုန်း...
စုမင်၏ ခြေထောက်ကြောင့် မြေကြီး တုန်ခါသွားပြီး ခြေထောက် ကျရောက်သွားသောကြောင့် သဲများ တုန်လှုပ်သွားသည်။ ထိုအခိုက်အတန့်တွင် တိမ်များနှင့် လေများ ထကြွလာသည်။ လေများ ဟိန်းဟောက်လာသည်နှင့်အမျှ ၎င်းတို့သည် ပိုမို အားကောင်းလာပြီး စုမင်၏ ဆံပင်ရှည်များကို လွှမ်းခြုံသွားစေသည်။ ထိုကြောင့် သူသည် ကြောက်မက်ဖွယ်ကောင်းပြီး အထီးကျန်ဆန်သော အသွင်ပေါ်နေသည်။ သူ့ထံတွင် ကြီးမားသော မကောင်းဆိုးဝါး အငွေ့အသက်တစ်ခုလည်း ရှိနေသည်။
သူ့ညာလက်ဖြင့် ဆုပ်ကိုင်ထားသော အရာက လေးသမား ပစ်လွှတ်လိုက်သော သဲမြားပင် ဖြစ်သည်။
ထိုမြားသည် သူ့လက်ထဲတွင် တုန်ခါနေသော်လည်း လက်ဝါးမှ မလွတ်မြောက်နိုင်ပေ။ စုမင်သည် ခေါင်းငုံ့ကာ လက်ထဲရှိ မြားကို တစ်ချက် ကြည့်လိုက်သည်။ သူ့မျက်လုံးများတွင် ထူးဆန်းသော အရောင်တလက်လက် တဖြည်းဖြည်း ပေါ်လာပြီး ထိုထူးဆန်းသည့် အလင်းရောင်သည် နေ၊ လနှင့် ကြယ်အဖြစ် ပြောင်းလဲသွားကာ သူ့မျက်လုံးများထဲတွင် အနောက်သို့ လိမ့်ကျသွားပြီး အချိန်ကိုယ်တိုင်ကပင် ထိုနေရာတွင် နောက်ပြန် စီးဆင်းနေသကဲ့သို့ ဖြစ်နေသည်။
လေးသမားနှင့် ပုံရိပ်ယောင် အဘိုးအိုတို့သည် သူ့မျက်လုံးများထဲရှိ ထူးဆန်းသော အလင်းရောင်ကို မြင်လိုက်ရသည်နှင့် သူတို့ အမူအရာများ ပြောင်းလဲသွားပြီး အထူးသဖြင့် ပုံရိပ်ယောင် အဘိုးအို၏ အမူအရာဖြစ်သည်။ သူသည် အလိုအလျောက် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားပြီး စူးရှာစွာ အော်ဟစ်တော့သည်။ "အချိန်စွမ်းအား၊ မင်း... မင်း... မင်းက အချိန် ဝိညာဉ်ရဲ့ တမန်တော်ပဲ"
"ဒီလေးက... ဒီမြားက..." စုမင်သည် ပုံရိပ်ယောင် အဘိုးအို၏ စူးရှသော အသံကို မကြားခဲ့သကဲ့သို့ပင်။ သူသည် လက်ထဲရှိ မြားကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် မြင်ကွင်းအမျိုးမျိုး ဖြတ်ပြေးသွားသည်။ ထိုအထဲတွင် ရွှီဟွေ့၏ မကြာမီက သူရဲကောင်းဆန်သော ပုံရိပ်နှင့် မြားများကို ရင်ဆိုင်ရာတွင် သူမ၏ ခုခံမှုနှင့် တန်ပြန် တိုက်ခိုက်မှုများ ပါဝင်သည်။
ဖီးနစ်ရေကန်၏ တစ်ဆယ့်ရှစ်ချက် တိုက်ခိုက်မှုများနှင့် လေးသမား မြားသုံးစင်း ပစ်လွှတ်လိုက်သည်ကို စုမင် မြင်သောအခါ နောက်ဆုံး အခိုက်အတန့်မှ စွမ်းအားကြီးသော စူးရှသည့် အလင်းရောင်သည် သူ့မျက်လုံးများကို လောင်ကျွမ်းစေသော နောက်ဆုံး မီးတောက် တစ်စကဲ့သို့ ဖြစ်သည်။ ထိုမြင်ကွင်းများသည် မီးထဲတွင် ပျောက်ကွယ်သွားပြီး ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
"အဲ့ဒါက သူ့ကို နာကျင်စေခဲ့တယ်"
စုမင် ခေါင်းမော့လိုက်သည်။ တစ်ချက် ညှစ်လိုက်သည်နှင့် သဲမြားသည် သူ့လက်ထဲတွင် ကြေမွသွားပြီး လက်ချောင်းများကြားမှ ကျဆင်းသွားသော သဲမှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လေက တိုက်ခတ်လာပြီး ဤသဲများကို သယ်ဆောင်သွားရာ ထိုသည်က စုမင်အား ဖြတ်သန်းသွားသည့် ကုလားကာတစ်ထည် အဖြစ် ပြောင်းလဲသွားသည်။
"သူ့ကို သတ်"
သူ၏ စူးရှသော အသံက လေထဲ ပဲ့တင်ထပ်နေစဉ် ပုံရိပ်ယောင် အဘိုးအိုသည် လျင်မြန်စွာ နောက်ဆုတ်သွားပြီး ကျန်ရစ်သော သဲလူကြီးများသည် ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ စုမင်ဆီသို့ ပြေးဝင်လာကြသည်။ ထိုအခိုက်အတန့်တွင် လေးသမား၏ မျက်နှာပေါ်တွင် အလွန်လေးနက်သော အမူအရာတစ်ခု ရှိနေသည်။ သူ ရှေ့သို့ ပြေးဝင်သွားစဉ် လေးကို နောက်တစ်ကြိမ် ဆွဲပြီး ဤတစ်ကြိမ်တွင်မူ လေးပေါ်တွင် မြားသုံးစင်း ရှိနေသည်။
ပုံရိပ်ယောင် အဘိုးအို နောက်ဆုတ်သွားသည်နှင့် သူ့လက်ထဲရှိ သဲဓားက ပျောက်ကွယ်သွားသည်။ သူ့လက်ထဲတွင် အနက်ရောင် ပုံရိပ်ယောင် ဦးခေါင်းခွံတစ်လုံး ပေါ်လာပြီး ၎င်းကို ပွတ်သပ်လိုက်စဉ် သူ့ပါးစပ်မှ ရှုပ်ထွေးသော မန္တန်များ ထွက်ကျလာသည်။
၎င်းတို့ လေထဲတွင် မြည်ဟည်းနေစဉ် ကောင်းကင်ယံမှ ခပ်အုပ်အုပ် အသံများ ထွက်ပေါ်လာပြီး ကောင်းကင်သည် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုအနောက်တွင် တစ်စုံတစ်ယောက်က ဖောက်ထွက်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေသည်။
စုမင် နှုတ်ခမ်းများပေါ်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူသည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး သဲလူတစ်ကောင် ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ ထို့နောက် ညာလက်ကို မြှောက်ကာ ထိုသဲလူ၏ မျက်ခုံးနှစ်ခုကြား ဗဟိုချက်အား ဖိချလိုက်သည်။
လူကြီးနှင့် ယှဉ်လျှင် သူ့အရွယ်အစားသည် ပုရွက်ဆိတ် တစ်ကောင်ကဲ့သို့ သေးငယ်နေသော်လည်း သူ့လက်ကို ၎င်း၏ မျက်ခုံးနှစ်ခုကြား ဖိချလိုက်သောအခါ သဲလူသည် ပြင်းထန်စွာ တုန်ခါလာသည်။ ၎င်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်းများ ပေါ်လာပြီး နဖူးမှတဆင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကာ ခန္ဓာကိုယ် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ စုမင်၏ တိုက်ခိုက်မှုတွင် နေကပ်ဘေး အဆင့်နှင့် အလွန်နီးစပ်သော တိုက်ခိုက်ရေး စွမ်းအား ပါဝင်ပြီး ၎င်းသည် ကမ္ဘာမြေပြင် နယ်ပယ် နှောင်းပိုင်းအဆင့်နှင့် ညီမျှသော စွမ်းအားရှိသည့် မကောင်းဆိုးဝါး သဲမိစ္ဆာ တစ်ကောင် ခံနိုင်ရည်ရှိမည့် အရာ မဟုတ်သည်က သေချာသည်။
ဖုန်း...
သဲလူကြီး၏ ခန္ဓာကိုယ်က ပြိုကျသွားပြီး တစ်လွှာပြီးတစ်လွှာ ကြေမွသွားသည်။ စုမင် ထွက်ခွာသွားသောအခါ ၎င်းသည် သဲတောင်ကုန်းလေး တစ်ပုံအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ထိုသတ္တဝါသည် ဝိညာဉ်နှင့် အသက်စွမ်းအင်ကို ဆုံးရှုံးသွားပြီဖြစ်သည်။
တစ်ချိန်တည်းတွင် နောက်ထပ် သဲလူတစ်ကောင်သည် ကြီးမားသော လက်သီးကို လွှဲရမ်းပြီး သဲမုန်တိုင်း တစ်ခုကဲ့သို့ စုမင်၏ ဝတ်ရုံများအား လွှမ်းခြုံသွားသည်။ သူသည် ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ သူ့ဆီသို့ နီးကပ်လာသည့် အချိန်၌ သူသည် ခေါင်းကို လှည့်လိုက်သည်။ သူသည် တိုက်ခိုက်ခြင်း မရှိသလို ရှောင်တိမ်းခြင်းလည်း မရှိပေ။ သို့သော် သူ့မျက်လုံးများတွင် နေနှင့် လ၏ ပုံရိပ်များ ပေါ်လာသည်။
ဤသည်ကား ကြယ်၊ နေ၊ လတို့၏ ပုံရိပ်ယောင် ဖြစ်သည်။ ဤသိုင်းပညာတွင် ယုံကြည်သရွေ့ တည်ရှိနေမည့် စွမ်းအားတစ်ခု ပါဝင်ပြီး ၎င်းသည် မင်နက်ဂြိုဟ်တွင် စုမင် အနည်းငယ် ကျွမ်းကျင်ခဲ့သော အရာဖြစ်သည်။
ထိုစွမ်းအားသည် ကြယ်၊ နေ၊ လတို့၏ ပုံရိပ်ယောင်ထဲသို့ ပေါင်းစပ်သွားသည်။ ထိုအချိန်တွင် ၎င်းသည် ပေါက်ကွဲထွက်လာပြီး ဝင်ရောက်လာသော သဲလူ၏ ခန္ဓာကိုယ်က ချက်ချင်း တုန်ခါသွားသည်။ ၎င်း၏ လက်သီးသည် စုမင် ရှေ့တွင် လျင်မြန်စွာ ရပ်တန့်သွားပြီး မျက်လုံးများတွင် မိန်းမောတွေဝေနေသော အကြည့်တစ်ခု ပေါ်လာသည်။ ၎င်းတို့ထဲတွင် ရုန်းကန်နေရသည့် အရိပ်အယောင် တစ်ခုလည်း ပါဝင်သည်။
စုမင်သည် သဲလူကြီးများကို ထပ်မံ ဂရုမစိုက်တော့ပေ။ ခုန်ပျံလိုက်ခြင်းနှင့်အတူ သူသည် တစ်ကောင်၏ ခေါင်းပေါ်သို့ တက်နင်းလိုက်ပြီး လေတိုက်ခတ်မှုကြောင့် သူ့ဆံပင်ရှည်များ လွင့်ခါကာ ဝတ်ရုံများ လွင့်လူးနေစဉ် လေထဲသို့ ခုန်တက်လိုက်သည်။ သူ့အကြည့်သည် အေးစက် စူးရှနေပြီး လေးသမား၏ အမြင်မှ မလွတ်ကင်းခဲ့ပေ။
ထိုအချိန်၌ လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားသည်။ လေးသမားထံမှ မြားသုံးစင်းနှင့်အတူ စုမင်ဆီသို့ လာနေသော သဲလူ ရှစ်ကောင် ကျန်ရှိနေသေးသည်။ လေချွန်သံနှင့်အတူ ၎င်းတို့သည် လေထဲတွင် ရှိနေသော စုမင်ဆီသို့ လေကို ခွဲကာ ပြေးဝင်လာကြသည်။
၎င်းတို့ မနီးကပ်မီ လေးသမား၏ ပါးစပ်မှ တိုးညှင်းသော ဟိန်းဟောက်သံ တစ်သံ ထွက်ကျလာသည်။
"ပေါက်ကွဲစမ်း"
သူ့အသံ လေထဲ ပဲ့တင်ထပ်နေစဉ် မြားသုံးစင်းထံမှ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်လာသည်။ ၎င်းတို့သည် ချက်ချင်း ကြေမွသွားပြီး လေထဲတွင် ပေါက်ကွဲသွားသည်။ ဤမြားများသည် တစ်စုံတစ်ယောက်ကို ဒဏ်ရာရစေရန် အသုံးပြုခြင်း မဟုတ်ဘဲ ပေါက်ကွဲခြင်းမှ ရိုက်ခတ်ခြင်းကို အသုံးပြု၍ ရန်သူအား တုန်လှုပ်စေရန် ဖြစ်သည်။ ဤသည်မှာ လေးသမား၏ ရည်ရွယ်ချက် ဖြစ်သည်။
လေထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဉ် လေးသမားသည် မြေကြီးပေါ်တွင် ခဏတာ ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ် တုန်ခါနေစဉ် လေးကို သဲထဲသို့ စိုက်လိုက်ပြီး ထို့နောက် လေးကြိုးကို ဆွဲကာ ကောင်းကင်ယံအား တုန်ခါစေသော ဟိန်းဟောက်သံ တစ်သံကို ထုတ်လွှတ်လိုက်သည်။
"မြားတစ်ရာဖြင့် သတ်ဖြတ်ခြင်း"
သူ ဟိန်းဟောက်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ သဲများက အပေါ်သို့ လွင့်တက်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ချွန်ထက်သော မြားတစ်ရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုသူ လေးကြိုးကို လွှတ်လိုက်သည့် အခိုက်အတန့်တွင် မြားတစ်ရာထံမှ လေတိုးသံများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေသည်။ ၎င်းတို့သည် တစ်ဟုန်ထိုး ပစ်ထွက်သွားပြီး လေထဲတွင် ရှိနေသော စုမင်ဆီသို့ ပြေးဝင်သွားကြသည်။
"အဝေးပစ် တိုက်ခိုက်မှုတွေက တကယ်ကို ထိရောက်တာပဲ။ ငါ့မှာ အဲဒီလို သိုင်းပညာ မရှိတာကို အခွင့်ကောင်း ယူနေတာလား" စုမင်က တည်ငြိမ်စွာ မေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူသည် ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီးနောက် သူ့လက်ဝါးထဲတွင် ဘူးသီးခြောက် တစ်လုံး ချက်ချင်း ပေါ်လာသည်။
သူသည် ဘူးသီးခြောက်ကို ရှေ့သို့ မလွှတ်မီ သူ၏ ဘယ်လက်ဖြင့် ဘူးသီးခြောက်ပေါ်မှ ပွတ်ဆွဲလိုက်သည်။ ထို့နောက် သူသည် ဘူးသီးခြောက်ကို အရိုအသေပေးလိုက်သည်။
"ရတနာ ဘူးသီးခြောက်၊ ကျေးဇူးပြုပြီး သတ်ပေးပါ"
သူ ဤစကားများကို ပြောလိုက်သည်နှင့် ဘူးသီးခြောက်မှ စွမ်းအားကြီးသော အလင်းရောင်တစ်တန်း ပေါက်ကွဲထွက်လာသည်။ ထိုအလင်းရောင်တွင် အရောင်ခြောက်ရောင် ပါဝင်ပြီး ၎င်းတို့ ဆက်လက် ပြောင်းလဲနေစဉ် မျက်လုံးတစ်လုံး ပေါ်လာသည်။ ၎င်းသည် လေးသမားကို ပစ်မှတ်ထားပြီး လက်ထဲတွင် ချွန်ထက်သော ဓားတစ်လက် ကိုင်ထားသည့် အရပ်ပုပု လူတစ်ယောက်က ဘူးသီးခြောက်ထဲမှ ထွက်လာသည်။ ထိုလူပုလေးတွင် မျက်လုံးများ မရှိသော်လည်း ၎င်းသည် လေးသမားဆီသို့ ချက်ချင်း ပြေးဝင်သွားနိုင်သေးသည်။
သူက မြားတစ်ရာကို မရှိသလို ဖြတ်ပျံသွားခြင်း ဖြစ်သည်။။ ထိုသည်က အလွန်အံ့သြဖွယ်ကောင်းသော အရာ ဖြစ်သည်။ မြားတစ်ရာက စုမင်ဆီသို့ ဆက်လက် လာနေစဉ် ရတနာ ဘူးသီးခြောက်က လေးသမားဆီသို့ လာနေသည်။
"မြားတစ်ထောင်ဖြင့် သတ်ဖြတ်ခြင်း"
မြေကြီးပေါ်တွင် ရပ်နေသော လေးသမား၏ အမူအရာ ပြောင်းလဲသွားပြီး သူငယ်အိမ်များ ကျုံ့သွားသည်။ ရတနာ ဘူးသီးခြောက်ကို ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် သူ့နှလုံးသားထဲတွင် အန္တရာယ်ရှိသော ခံစားချက်တစ်ခု မြင့်တက်လာပြီး အထူးသဖြင့် ဘူးသီးခြောက်ပေါ်ရှိ မျက်လုံးက သူ့ကို ပစ်မှတ်ထားလိုက်သောအခါ ဖြစ်သည်။ အမှန်တွင် ဤဘူးသီးခြောက်သည် သူ အမွေဆက်ခံထားသော မှတ်ဉာဏ်များတွင် မြင်ခဲ့ဖူးသော ရတနာတစ်ခုကို သတိရစေသည်။ ထိုအရာက သူ့ကို အလားတူပုံစံဖြင့် တုန်လှုပ်စေခဲ့ပြီး ၎င်းက အလွန် ဆင်တူနေသည်။
ဤခြိမ်းခြောက်မှု အောက်တွင် သူသည် သူ၏ အပြင်းထန်ဆုံး နတ်ဘုရား စွမ်းရည်ကို မဆိုင်းမတွ သုံးလိုက်သည်။ ထိုသို့ သုံးလိုက်သည်နှင့် ကြီးမားသော လေဝဲကြီးတစ်ဝဲက သူ့ခြေထောက်ပတ်လည်တွင် ပေါ်လာသည်။
အချိန်မီ မလွတ်မြောက်နိုင်ခဲ့သော သဲကမ္ဘာသားအချို့သည် လေဝဲထဲတွင် စူးရှစွာ နာကျင်စွာ အော်ဟစ်လိုက်ကြပြီး သူတို့ ခန္ဓာကိုယ်များသည် အသားနှင့် သွေး အပိုင်းအစများအဖြစ်သို့ လျော့ကျသွားသည်။ သို့သော် ထိုအန္တရာယ်ရှိသော အချိန်တွင် လေးသမားသည် သဲကမ္ဘာသားများကို ဂရုမစိုက်နိုင်တော့ပေ။ သူ့အသက်ကို ကာကွယ်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်သည်။
ကြီးမားသော လေဝဲကြီးထဲမှ ချွန်ထက်သော မြားများ ပစ်ထွက်လာသည်။ ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး ၎င်းတို့ လေကို ခွဲကာ သွားနေစဉ် ကောင်းကင်နှင့် မြေကြီးအား တုန်ခါစေသော ကျယ်လောင်သည့် ပေါက်ကွဲသံများ ဖြစ်ပေါ်စေသည်။ ဤအရာက ဖန်တီးလိုက်သော မြင်ကွင်းသည် ပန်းချီကားတစ်ချပ်အဖြစ် ရေးဆွဲခံရမည်ဆိုပါက မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းသွားမည့် မြင်ကွင်းတစ်ခု သေချာပေါက် ဖြစ်သည်။
မြားများသည် စုမင်ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် နီးကပ်လာပြီး သူ့မျက်လုံးများတွင် အရောင်တလက်လက် ပေါ်လာသည်။ မြားများကို လျစ်လျူရှုကာ သူသည် လေထဲတွင် ခေါင်းငုံ့လိုက်သည်။ ယင်းအစား သူသည် ညာဘက် လက်ဝါးကို ကြည့်လိုက်သည်။
သူသည် လက်ကို ကြည့်လိုက်ပြီး ထိုနေရာရှိ လက်ဝါးပြင်အား ကြည့်လိုက်သည်။ မြားများ သူ့ဆီသို့ နီးကပ်လာသည့် အခိုက်အတန့်တွင် သူသည် ညာလက်ဖြင့် ရှေ့သို့ တွန်းလိုက်သည်။
"မာန်နတ်ဘုရားရဲ့... လက်ဝါး" သူက တည်ငြိမ်စွာ ပြောလိုက်သည်။
ချက်ချင်းပင် ပေသောင်းချီမြင့်သော ပုံရိပ်ယောင်တစ်ရိပ် လေထဲတွင် ပေါ်လာသည်။ ထိုပုံရိပ်ယောင်သည် စုမင် ပတ်လည်တွင် ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကြီးမားသော လက်ဝါးကြီးတစ်ဖက် ဖြစ်လာသည်။
၎င်းပေါ်ရှိ လက်ဝါးပြင်များသည် စုမင်၏ ညာဘက် လက်ဝါးပေါ်ရှိ အရာများနှင့် အတိအကျ တူညီသည်။ ထိုအခိုက်အတန့်တွင် သူ့မျက်လုံးများထဲရှိ နေနှင့် လ၏ အရိပ်သည်လည်း စတင် တုန်ခါလာသည်။
လက်ဝါးက ကမ္ဘာလောကတွင် ပေါ်လာသောအခါ မတ်မတ်ရပ်နေသည်။ စုမင် ညာလက်ဖြင့် ရှေ့သို့ တွန်းလိုက်သောအခါ ပေါက်ကွဲသံများက ကောင်းကင်သို့ ထကြွသွားသည်။ လက်ဝါးသည် သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး နားကွဲမတတ် ပေါက်ကွဲသံများနှင့်အတူ ရှေ့သို့ ခရီးဆက်သွားသည်။ ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ကောင်းကင်ယံကိုလည်း ဖြတ်၍ အက်ကွဲကြောင်းများ ပေါ်လာသည်တွင် နံရံတစ်ချပ် ကဲ့သို့ လက်ဝါးသည် မြားတစ်ထောင်နှင့် ဝင်တိုက်သွားသည်။
ဤသည်ကား ကျင့်ကြံခြင်း အဆင့်သည် နေကပ်ဘေး အဆင့်နှင့် အလွန် နီးစပ်လာပြီးနောက် မာန်နတ်ဘုရား၏ သိုင်းပညာကို သုံးနေသော စုမင်ပင် ဖြစ်သည်။
အခန်း ၉၂၈ ငါ့ကို ဘယ်သူ ဆင့်ခေါ်တာလဲ
ဤသည်မှာ သာမန် မာန်နတ်ဘုရား၏ သိုင်းပညာ မဟုတ်ပေ။ စုမင်က ကြယ်၊ နေ၊ လတို့၏ ပုံရိပ်ယောင်နှင့်အတူ ယုံကြည်သရွေ့ တည်ရှိနေမည့် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကို ပေါင်းစပ်ကာ ထုတ်သုံးလိုက်သည့် သိုင်းပညာ ဖြစ်သည်။
စကြဝဠာတစ်ခုလုံးတွင် ဤနတ်ဘုရား စွမ်းရည်ကို စုမင်တစ်ဦးတည်းသာ ထုတ်သုံးနိုင်သည်။ ၎င်းသည် ဒုတိယမြောက် မာန်နတ်ဘုရား၏ လက်ဝါးသိုင်းကို အခြေခံထားသော်လည်း ဒုတိယမြောက် မာန်နတ်ဘုရား ကိုယ်တိုင်ပင် ဤမျှအဆင့်ထိ ရောက်အောင် ထုတ်သုံးနိုင်မည် မဟုတ်ချေ။ ဤသည်ကား စုမင်၏ လက်ဝါးပင် ဖြစ်သည်။
သူ့လက်ဝါးက ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်သည်ဟု သူ ယုံကြည်သည်။ ထိုမြား အားလုံးကို ချေမှုန်းနိုင်သည်ဟု သူ ယုံကြည်သလို ဤစစ်မြေပြင်တွင် မည်သူမျှ မဖျက်ဆီးနိုင်သော အတားအဆီးတစ်ခု ဖြစ်သည်ဟုလည်း သူ ယုံကြည်ထားသည်။
လက်ဝါးကြီးက ပိုမို ကြီးမားလာပြီး မြားတစ်ထောင်နှင့် ဝုန်းခနဲ ဝင်တိုက်မိရာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ရတနာ ဘူးသီးခြောက်ထဲမှ လူပုလေးကမူ အလင်းတန်း တစ်တန်းအသွင် ပြောင်းလဲကာ လေးသမားဆီ တိုးဝင်သွားသည်။ မျက်နှာပျက်သွားသော လေးသမားသည် ကောင်းကင်ယံမှ မြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်လျက် နောက်သို့ လျင်မြန်စွာ ဆုတ်ခွာရင်း အော်ဟစ်လိုက်သည်။ "ပြောင်းလဲစမ်း"
ထိုစကားသံနှင့်အတူ မြားတစ်ထောင်သည် ချက်ချင်း လမ်းကြောင်းပြောင်းသွားပြီး ပိုမို စူးရှသော ထိုးဖောက်အားများ ပေါက်ကွဲထွက်လာသည်။ ၎င်းတို့သည် ကျန်ရှိသော မြားတစ်ရာနှင့် ပေါင်းစပ်ကာ မြားကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး အရှိန်အဝါက ယခင်ကထက် ဆတိုးမက ပြင်းထန်လာသည်။ ထိုအခိုက်အတန့်တွင် စုမင်က ပြုံးလိုက်သည်။
ယုံကြည်သရွေ့ တည်ရှိနေမည့် စွမ်းအားက စုမင်၏ နတ်ဘုရား စွမ်းရည်ထဲတွင် ပေါင်းစပ်နေသည်။ ၎င်း၏ ပုံသဏ္ဌာန်သည် မာန်နတ်ဘုရား၏ လက်ဝါးမှ ဆင်းသက်လာပြီး ဝိညာဉ်က ကြယ်၊ နေ၊ လတို့၏ ပုံရိပ်ယောင်မှ ဖြစ်ကာ စွမ်းအားကမူ ယုံကြည်သရွေ့ တည်ရှိနေမည့် သိုင်းပညာဖြစ်သည်။ သို့သော် စုမင်တစ်ဦးတည်း ယုံကြည်နေရုံဖြင့် ထိုသိုင်းပညာ၏ တစ်ဝက်သာ ပြီးမြောက်သေးသည်။ ကျန်တစ်ဝက်မှာ အခြားသူတစ်ဦးကပါ ယုံကြည်မှသာ စုမင်၏ ထူးခြားဆန်းပြားသော နတ်ဘုရား စွမ်းရည်အဖြစ် အပြည့်အဝ ပြီးမြောက်နိုင်မည် ဖြစ်သည်။
လေးသမား စကားပြောလိုက်သည့် ထိုအခိုက်အတန့်တွင် သူသည်လည်း သေချာပေါက် ယုံကြည်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် စုမင်၏ ဧရာမ ပုံရိပ်ယောင် လက်ဝါးကြီးမှာ ပုံရိပ်ယောင် မဟုတ်တော့ဘဲ အစစ်အသွင်သို့ ချက်ချင်း ပြောင်းလဲကာ မြားကြီးနှင့် ဝုန်းခနဲ ဝင်တိုက်လိုက်တော့သည်။
ပေါက်ကွဲသံများ ကောင်းကင်သို့ ထကြွသွားပြီး ပတ်ဝန်းကျင် တစ်ခွင်လုံး ဟိန်းဟောက်သွားရာ ဟင်းလင်းပြင်ပင် တုန်ခါသွားသည်။ ထိုပေါက်ကွဲသံများကြားမှ မုန်တိုင်းနှယ် ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းများ ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
မြားပေါင်း တစ်ထောင့်တစ်ရာဖြင့် ဖွဲ့စည်းထားသော မြားကြီးသည် ကောင်းကင်ယံတွင် အပိုင်းပိုင်း ကွဲထွက်သွားသည်။ ထိုမြားများမှာ ပြန့်ကျဲသွားပြီးနောက် ကြေမွပေါက်ကွဲသွားရာ စုမင်၏ လက်ဝါးကြီးကို ခဏမျှပင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
မြေပြင်ပေါ်ရှိ လေးသမားမှာ စဉ်းစားရန် အချိန်မရတော့ဘဲ လျင်မြန်စွာ နောက်ဆုတ်သော်လည်း ရတနာ ဘူးသီးခြောက်ထဲမှ လူပုလေး၏ လည်ပင်း ဖြတ်တိုက်ခြင်းကိုမူ မရှောင်လွှဲနိုင်ခဲ့ချေ။ ရတနာ ဘူးသီးခြောက်က လူသတ်လိုက်ပြီ ဖြစ်ရာ ၎င်းသည် သတ်ဖြတ်ခြင်း ဘူးသီးခြောက်ပင်တည်း။
လေးသမား၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ သူသည် ယိမ်းယိုင်လျက် ဒဏ်ရာကို လက်ဖြင့် ဖိရန် ကြိုးစားသော်လည်း မတတ်နိုင်ခဲ့ပေ။ ဘူးသီးခြောက်၏ တစ်ချက်တည်းသော ခုတ်ချက်ဖြင့် သူ၏ ဦးခေါင်းမှာ လေထဲသို့ လွင့်စင်သွားသည်။
ပတ်ဝန်းကျင်မှ သဲများသည် ဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပြန်လည် ဆက်စပ်ပေးလိုသည့်အလား သူ့ထံသို့ လျင်မြန်စွာ စုပြုံလာသည်။ ဤမျှ ပြင်းထန်သော ဒဏ်ရာရရှိသော်လည်း လေးသမား၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်မှာ လုံးဝ ပျက်စီးမသွားသေးပေ။ ပြတ်တောက်သွားသော လည်ပင်းတွင် သဲများ ချက်ချင်း စုစည်းလာပြီး ခဏအတွင်း ပြန်လည် ကောင်းမွန်လာတော့မည့်အလား ရှိနေသည်။ သူသည် ခန္ဓာကိုယ် အရွယ်အစားကို ကျုံ့လိုက်ပြီး ဒဏ်ရာအား ကုစားရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ငါက မကောင်းဆိုးဝါး သဲဝိညာဉ် စစ်သည်ပဲ။ ငါက သဲဝိညာဉ်ပဲ။ ငါက သဲဝိညာဉ်တွေရဲ့ ၃၆၉၁ ယောက်မြောက် မျိုးဆက်။ ငါ ဒီမှာ သေလို့မဖြစ်ဘူး" လွင့်စင်သွားသော ဦးခေါင်းထံမှ ကောင်းကင်တုန်မတတ် ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
သို့သော် ထိုဟိန်းဟောက်သံမှာ ကောင်းကင်ယံရှိ စုမင်၏ ဧရာမ လက်ဝါးကြီးအောက်တွင် နစ်မြုပ်သွားသည်။ လက်ဝါးကြီးသည် ပေပေါင်း သောင်းချီရာမှ ပေပေါင်း သိန်းချီအထိ ကြီးမားလာပြီး မြေပြင်ပေါ်ရှိ ဟိန်းဟောက်နေသော ဦးခေါင်းနှင့် ခေါင်းပြတ်နေသော လေးသမားဆီသို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။
ပေပေါင်း သိန်းချီ ကျယ်ဝန်းသော ထိုနယ်ပယ်အတွင်း လေးသမားအပြင် သဲကမ္ဘာသား တစ်သောင်းနီးပါး ရှိနေသည်။ သူတို့၏ အားနည်းသော ခန္ဓာကိုယ်များက ထိုအခိုက်အတန့်တွင် တုန်လှုပ်လာပြီး ထိတ်လန့် တုန်လှုပ်စွာဖြင့် အရပ်ရပ်သို့ ထွက်ပြေးကြတော့သည်။
သူတို့ ကြောက်ရွံ့နေကြသည်။ ကောင်းကင်ပြင်ကြီးကို အစားထိုးထားသည့်အလား ရှိနေသော ထိုလက်ဝါးကြီးက သူတို့၏ ခန္ဓာကိုယ်များကို အပိုင်းပိုင်း ကြေမွသွားစေနိုင်သည်ဟု သူတို့ ယုံကြည်မိသွားသည်။ သူတို့က ယုံကြည်မိသွားသဖြင့် လက်ဝါးကြီးမှာ ပိုမို အားကောင်းလာပြီး ပို၍ အစစ်အမှန် ဆန်လာသည်။
"မပြေးကြနဲ့။ အဲဒါ အတုကြီး။ မပြေးကြနဲ့။ မင်းတို့က ပိုယုံကြည်လေ အဲဒါက ပိုသန်မာလာလေပဲ" မြေပြင်ပေါ်သို့ ကျရောက်နေသော ခေါင်းပြတ်ကြီးက ဟိန်းဟောက်လိုက်သည်။ စုမင်၏ သိုင်းပညာ မည်သို့ အလုပ်လုပ်သည်ကို သူသာ နားမလည်ပါက လကပ်ဘေး အဆင့် စွမ်းအားကို ပိုင်ဆိုင်ရန် မထိုက်တန်တော့ပေ။
အဝေးတစ်နေရာတွင်မူ ပုံရိပ်ယောင် အဘိုးအို ရှိနေသည်။ ထိုအချိန်တွင် သူ၏ သိုင်းပညာမှာ အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မိမိလူမျိုးများကို သတိပေးချင်သော်လည်း ဤကဲ့သို့ အသက်လုနေရသည့် အခြေအနေတွင် ထိတ်လန့်တုန်လှုပ်နေသော သူတို့၏ စိတ်ဓာတ်များကြောင့် သတိပေးလည်း အပို ဖြစ်မည်ကို သိသည်။ ထို့ကြောင့် သူ့မျက်လုံးများ အေးစက်သွားပြီး မန္တန်ရွတ်သံမှာ ပိုမို ကျယ်လောင်လာကာ လက်နှစ်ဖက်ကို မြှောက်လျက် ကောင်းကင်သို့ လှမ်း၍ ခေါ်ယူလိုက်တော့သည်။
ကောင်းကင်ယံမှ အုန်းအုန်းမြည်သံများမှာ တဖြည်းဖြည်း ပိုမို ထင်ရှားလာသည်။
"သဲတွေရဲ့ အရောင်က နည်းနည်း မှေးမှိန်သွားပြီ" လေထဲတွင် ရပ်နေသော စုမင်က တိုးတိုးလေး ပြောလိုက်သည်။
"ဝုန်း..." ကျယ်လောင်သော ပေါက်ကွဲသံ တစ်သံ လေထဲတွင် မြည်ဟည်းသွားပြီး မြေပြင် တုန်ခါသွားသည်။ စုမင်၏ လက်ဝါးကြီး ပျောက်ကွယ်သွားသည့်အခါ မြေပြင်ပေါ်တွင် ဧရာမ လက်ဝါးရာကြီး တစ်ခု ကျန်ရစ်ခဲ့သည်။ ရွှီဟွေ၏ ခန္ဓာကိုယ်ပတ်လည်ရှိ သဲချိန်းကြိုးများ ပျောက်ကွယ်သွားပြီး သူမသည် ဒဏ်ရာတစ်စုံတစ်ရာ မရဘဲ ငြိမ်သက်စွာ လဲလျောင်းနေသည်။ သို့သော် သူမ ပတ်ဝန်းကျင်တွင်မူ သဲကမ္ဘာသား တစ်သောင်းနီးပါးမှာ သွေးအိုင်အသွင် ပြောင်းလဲနေကြပြီ ဖြစ်သည်။ သူတို့၏ အရိုးများမှာ လုံးဝ ကြေမွသွားပြီး သွေးညှီနံ့များ ပျံ့နှံ့သွားကာ သွေးတို့က သဲပြင်ကို ပိုမို ရဲရဲနီသွားစေသည်။
ဗဟိုချက်တည့်တည့်တွင်မူ လေးသမား ရှိနေသည်။ သူ၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းမှာ လုံးဝ ကြေမွသွားပြီး ရုပ်ခန္ဓာနှင့် ဝိညာဉ်ပါ ပျက်စီးသွားပြီ ဖြစ်သည်။ သူ့ဘေးတွင်မူ ဧရာမ လေးကြီးသာ ကျန်ရစ်ပြီး သဲထဲတွင် မြုပ်နေကာ အဖျားပိုင်းလေးသာ ပေါ်နေသည်။ ၎င်းသည် တုန်ခါလျက် ညည်းတွားသံများ ထွက်ပေါ်နေသည်။
စုမင်သည် ညာဘက် လက်ညှိုးကို ကြည့်လိုက်သည်။ နတ်ဘုရား အဆင့်တက် ဝတ်ရည်၏ သင်းပျံ့သော အနံ့အသက်များ ပျံ့နှံ့လာသည်။ ထိုသည်က သူ၏ စွမ်းအား အားလုံးကို ထုတ်သုံးလိုက်သဖြင့် ချိပ်ပိတ်စည်းဖြင့် ဝတ်ရည်ကို မဖိနှိပ်နိုင်တော့ခြင်းကြောင့် ဖြစ်သည်။ ကံကောင်းသည်မှာ ထိုအနံ့အသက်က သူ့ပတ်ဝန်းကျင်တွင်သာ ရှိနေပြီး အပြင်သို့ ပျံ့နှံ့မသွားခြင်းပင်။
စုမင်သည် မြေပြင်သို့ ဆင်းသက်လိုက်ပြီး သဲကမ္ဘာသားများ၏ သွေးအိုင်များကို ဖြတ်သန်းသွားသည်။ လေးမြုပ်နေသည့် နေရာသို့ ရောက်သောအခါ ညာခြေဖြင့် မြေကို နင်းလိုက်ရာ လေးကြီးမှာ မြေအောက်မှ ပစ်ထွက်လာသဖြင့် စုမင် ဖမ်းကိုင်လိုက်သည်။ လေးကို ဖမ်းကိုင်လိုက်သည့် ခဏတွင်ပင် ၎င်းသည် လျင်မြန်စွာ ကျုံ့ဝင်သွားသည်။ စုမင် အသုံးပြုနိုင်မည့် အရွယ်အစားသို့ ရောက်သွားသောအခါ လေး၏ ညည်းတွားတုန်ခါသံမှာ နာခံသည့် အသွင်သို့ ပြောင်းလဲသွားသည်။
စုမင်သည် လေးကို သိမ်းဆည်းကာ ရွှီဟွေ့ထံသို့ လျှောက်သွားပြီး သူမကို အသာအယာ ပွေ့ချီလိုက်ကာ ခါးအား ဖက်လျက် သူမ၏ ဦးခေါင်းကို သူ့ရင်ခွင်တွင် မှီထားစေသည်။ ရွှီဟွေ့၏ ခန္ဓာကိုယ်မှ သင်းပျံ့သော ရနံ့က စုမင်၏ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ မြန်မြန် သက်သာလာစေရန် အသက်စွမ်းအားကို သူမ ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်ပေးလိုက်သည်။
"တာအိုခုန်း..." သူမသည် အားအင်ချိနဲ့စွာဖြင့် မျက်လုံးများကို အနိုင်နိုင်ဖွင့်လျက် စုမင်အား ကြည့်ကာ ခေါ်လိုက်သည်။
"ကောင်းကောင်းနားပါ၊ ငါရှိတယ်" သူက တိုးတိုးလေး ပြောရင်း ခေါင်းမော့ကာ ပုံရိပ်ယောင် အဘိုးအိုကို လှမ်းကြည့်လိုက်သည်။ အဘိုးအိုသည် ပြန့်ကျဲနေသော သဲကမ္ဘာသား သောင်းချီကြားတွင် လက်နှစ်ဖက်ကို ဖြန့်လျက် ကောင်းကင်မှ တစ်စုံတစ်ရာအား ခေါ်ယူနေသည့်အလား ရှိနေသည်။
အဘိုးအို၏ ဆံပင်များ လေထဲတွင် လွင့်ပျံနေပြီး ခန္ဓာကိုယ်မှလည်း အလင်းများ တောက်ပလျက် ကောင်းကင်သို့ လှမ်း၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဟုန်လာရှန်၊ ဆွေယွင်ကျိန်း ချန်လင်း" ထိုအော်ဟစ်သံနှင့်အတူ ကောင်းကင်ယံမှ ဟိန်းဟောက်သံ တစ်သံ ထွက်ပေါ်လာပြီး သဲကန္တာရတစ်ခွင်လုံးသို့ ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်တွင် အဆုံးမဲ့သော သဲကန္တာရရှိ သဲပွင့်တိုင်း တုန်လှုပ်လာတော့သည်။
သဲကန္တာရ၏ အဆုံးသတ်နားတွင်မူ တိကျိုမိုရှားသည် လျင်မြန်စွာ ပြေးထွက်နေသည်။ သူသည် သဲကန္တာရ၏ အစွန်းနှင့် အပြင်ဘက်ရှိ နယ်ပယ်ကို မြင်နေရပြီ ဖြစ်သည်။ ၎င်းသည် ငြိမ်သက်နေသော နဂါးငွေ့တန်း ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူ့မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် သဲကန္တာရရှိ သဲများကို ငုံ့ကြည့်လိုက်ရာ မျက်နှာပေါ်တွင် တည်ကြည်လေးနက်မှုများ ပေါ်လာသည်။ အဝေးသို့ လှည့်ကြည့်ပြီးနောက် သူသည် အံကိုကြိတ်ကာ သဲကန္တာရထဲမှ ပိုမို လျင်မြန်စွာ ပြေးထွက်လိုက်တော့သည်။
သဲပြင်ထံမှ ရူးသွပ်မှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များကို သူ ခံစားမိနေသည်။ ရှေ့သို့ ပြေးနေစဉ်မှာပင် ခြေဖဝါးအောက်ရှိ သဲများသည် စီးဆင်းနေသော ရေကဲ့သို့ ရွေ့လျားလာသည်။
သူသည် အမြဲတမ်း လျင်မြန်စွာ လှုပ်ရှားနိုင်သူဖြစ်ပြီး ထိုအခိုက်အတန့်တွင် လျှာဖျားကို ကိုက်ကာ သသွေးတစ်လုပ် အန်ထုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးရောင်အရိပ် တစ်ရိပ်အသွင် ပြောင်းလဲကာ အဝေးသို့ ပြေးထွက်သွားသည်။ ဤနယ်ပယ်ရှိ သဲများသာမက သဲကန္တာရတစ်ခုလုံးရှိ သဲအားလုံး လှုပ်ရှားလာခြင်း ဖြစ်သည်။ သဲတို့ လိမ့်ဆင်းလာသည်နှင့်အမျှ ပြင်းထန်သော သဲမုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော အုန်းအုန်းမြည်သံများနှင့်အတူ ညည်းတွားသံများ ရောယှက်လျက် သဲကန္တာရတစ်ခုလုံးတွင် ပဲ့တင်ထပ်နေသည်။
ခဏအကြာတွင် သူသည် သဲကန္တာရထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး အပြင်ဘက်ရှိ ငြိမ်သက်သော နဂါးငွေ့တန်းထဲသို့ ခြေချလိုက်နိုင်သည်။ ထို့နောက် လှည့်ကြည့်လိုက်ရာ သူ၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေမည့်၊ တစ်သက်မမေ့နိုင်မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ သဲကန္တာရအထက် ကောင်းကင်ယံတွင် ဧရာမ မျက်နှာကြီးတစ်ခုကို သူ မြင်လိုက်ရခြင်း ဖြစ်သည်။
ထိုမျက်နှာကြီးမှာ တစ်စုံတစ်ဦးက ကောင်းကင်တွင် လဲလျောင်းနေသည့်အလား ရှိပြီး ထိုသူ၏ ခန္ဓာကိုယ်မှာ အောက်သို့ နစ်မြုပ်လာနေသည်။ မျက်နှာပြီးနောက် ခန္ဓာကိုယ်ပါ ပေါ်လာရာ ထိုခန္ဓာကိုယ်ကြီးမှာ သဲကန္တာရ တစ်ခုလုံးစာမျှ ကြီးမားသည်။
ပေပေါင်း သိန်းချီရှိသော ကျောက်ရုပ်တုကြီးက သဲကန္တာရထဲတွင် တုန်ခါလာသည်။ ၎င်းသည် အိပ်မောကျနေရာမှ နိုးထလာမည့် အရိပ်အယောင်များ ပြသလာသောအခါ ရုပ်တု၏ ဦးခေါင်းထိပ်ပေါ်ရှိ အဘိုးအိုသည် တုတ်တုတ်မျှ မလှုပ်ဘဲ ကျင့်ကြံလိုက်သည်။ တစ်ချိန်တည်းတွင် သူ့ရင်ခွင်ထဲရှိ အနက်ရောင် ဦးခေါင်းခွံထံမှ လူတို့ကို ထိတ်လန့်စေမည့် အနက်ရောင်အလင်းများ တောက်ပလာသည်။
"ငါ့ကို... ဘယ်သူ... ဆင့်ခေါ်တာလဲ..." သဲကန္တာရတစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသော အသံကြီး တစ်သံ ကောင်းကင်မှ ထွက်ပေါ်လာသည်။
စုမင်သည် ခေါင်းကို ချက်ချင်း မော့ကြည့်လိုက်ရာ သူ့သူငယ်အိမ်များ ကျုံ့သွားသည်။ ကောင်းကင်ယံရှိ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် အဆုံးမဲ့ မျက်နှာကြီးကို သူ မြင်လိုက်ရသည်။ ထိုမျက်နှာက မျက်လုံးမှိတ်ထားသော အမျိုးသားတစ်ဦး ဖြစ်ပြီး မျက်ခုံးနှစ်ခုကြားမှ လည်ပင်းအထိ ရှည်လျားသော အမာရွတ်ကြီးတစ်ခု ရှိနေသည်။ ထိုအမာရွတ်၏ အချို့နေရာများမှာ လုံးဝ ပိတ်မသွားသေးဘဲ ကျန်ရှိနေသော ဒဏ်ရာများမှာ ဖြူဖျော့ဖျော့ကြီး ဖြစ်နေသည်။
စုမင် တစ်ခါမျှ မခံစားဖူးသော စွမ်းအားကြီးမားသည့် ဖိအားတစ်ခု ထိုခန္ဓာကိုယ်ထံမှ ကျရောက်လာပြီး ၎င်းဖိအားမှာ ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်များထက်ပင် သာလွန်နေကြောင်း စုမင် ခံစားမိသည်။
ဤဖိအားသည် အိစန်း၏ အထွတ်အထိပ် အခြေအနေနှင့် မယှဉ်နိုင်သော်လည်း ၎င်းနှင့် အလွန်နီးစပ်နေသည်။ စွေ့ချန်ကျစ်ထက် အနည်းငယ်မျှသာ အားနည်းပြီး ဤသူသည် စွေ့ချန်ကျစ်နှင့် နယ်ပယ်တူညီသော စွမ်းအားကြီး စစ်သည်တော်တစ်ဦး ဖြစ်ကြောင်း စုမင် ခံစားရသည်။
ဆင်းသက်လာသူ၏ ဆံပင်များ လေထဲတွင် လွင့်ပျံနေသည်မှာ ကောင်းကင် ကြယ်တာရာများကြား လှုပ်ရှားနေသော နဂါးများလို ဖြစ်နေသည်။ သူ၏ အသားအရေမှာ အလွန် ဖြူစင်လွန်းသဖြင့် ဆီးနှင်းကဲ့သို့ ဖြစ်နေရာ မြင်တွေ့ရသူတိုင်း သေချာပေါက် မမေ့နိုင်မည့် အသွင်မျိုး ဖြစ်သည်။
မျက်ခုံးနှစ်ခုကြား ကွဲအက်နေသော နေရာတွင် ပျက်စီးနေသော အမှတ်အသားတစ်ခု ရှိသည်။ ထိုအမှတ်အသားမှာ သဲကန္တာရတစ်ခု ဖြစ်ပြီး စုမင်၏ နှလုံးသားအား တုန်လှုပ်စေသည့် နတ်ဘုရား အနှစ်သာရ စွမ်းအားများကို ထုတ်လွှတ်နေသည်။ 'ဘိုးဘေးဝိညာဉ်လား။ ရှေးဦးဝိညာဉ်လား' သူ၏ သူငယ်အိမ်များ ကျုံ့သွားသည်။
"အရှင့်ရဲ့ စောင့်ရှောက်မှုကို ခံယူထားတဲ့ သဲကမ္ဘာသားတွေရဲ့ ခေါင်းဆောင် လုံတီပါ။ သဲကမ္ဘာသားတွေ မျိုးတုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရလို့ အရှင် အိပ်နေတာကို နှောင့်ယှက်မိတာပါ။ ဒီလူ... ဒီလူက ကျွန်တော်တို့ လူမျိုး တစ်သောင်းကျော်ကို သတ်ပစ်ခဲ့ပါတယ်။ အရှင် ချီးမြှင့်ထားတဲ့ ဝိညာဉ်ကိုလည်း သူ သတ်ပစ်ခဲ့ပါတယ်" ပုံရိပ်ယောင် အဘိုးအိုက စူးရှစွာ အော်ဟစ်လိုက်သည်။ နတ်ဘုရားလိုလူ ကောင်းကင်တွင် ပေါ်လာကတည်းက သူသည် မြေပြင်ပေါ်၌ ဒူးထောက်နေခဲ့ခြင်း ဖြစ်သည်။
သူ့ပတ်ဝန်းကျင်ရှိ ကျန်ရှိသော သဲကမ္ဘာသား အားလုံးသည်လည်း မြေပြင်ပေါ်တွင် ဝပ်တွား ဦးညွတ်နေကြသည်။ သူတို့ မျက်နှာပေါ်ရှိ ပြင်းပြသော ကိုးကွယ်ယုံကြည်မှုများက သူတို့ ဝိညာဉ်ကိုပင် လောင်ကျွမ်းပစ်ရန် အဆင်သင့်ဖြစ်နေသည့်အလား။