← Chapters

အခန်း (၉၂၉-၉၃၀)

Vol. 67 Ch. 929-930

အခန်း (၉၂၉-၉၃၀)

Vol. 67 Ch. 929-930

အခန်း ၉၂၉ ဆွေယွင်ကျိန်းချန်လင်း

စုမင်၏ မျက်နှာအမူအရာမှာ အေးစက်နေသည်။ သူသည် ရွှီဟွေ့ကို ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း ကောင်းကင်ယံရှိ ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ဖြူဖျော့သော မျက်နှာကြီးအား မော့ကြည့်လိုက်သည်။

ကောင်းကင်ယံမှ သက်ပြင်းချသံ တစ်သံ ထွက်ပေါ်လာသည်။ သို့သော် ကောင်းကင်မှ ဧရာမ ပုဂ္ဂိုလ်ကြီးသည် မျက်လုံးများကို ဖွင့်မလာခဲ့ပေ။ သူသည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး သက်ပြင်းချလိုက်စဉ် သူ့စကားသံများက လေထဲတွင် အုန်းအုန်းမြည်လျက် ပဲ့တင်ထပ်သွားသည်။

"ဒါက ငါသဘောကျတဲ့... မျိုးနွယ်ပဲ။ သူတို့က... ငါ့ရဲ့ လူတွေပဲ။ မင်း... ဟင်းလင်းပြင်ထဲမှာ မြုပ်နှံခံရမယ်"

ထိုပြတ်တောင်းပြတ်တောင်း စကားသံများမှာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ၎င်းတို့နှင့်အတူ စကြဝဠာ၏ နိယာမတရားများ ကိုယ်တိုင် ပါဝင်နေသည့်အလား ပြင်းထန်သော ဖိအားကြီးတစ်ခု သက်ရောက်လာသည်။ ထိုအသံ ပျံ့နှံ့သွားသည့် ခဏတွင်ပင် စုမင်၏ ပတ်ဝန်းကျင်ရှိ သဲများမှာ လျင်မြန်စွာ လည်ပတ်လာတော့သည်။ ထို့နောက် ကောင်းကင်ယံရှိ ဧရာမ ခန္ဓာကိုယ်ကြီးက ပါးစပ်ကို အနည်းငယ် ဟလိုက်သည်။

ဖော်ပြ၍မရနိုင်သော စုပ်အား ပြင်းပြင်းတစ်ခု ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ သဲများသည် ချက်ချင်း လွင့်ပျံလျက် ဘီလူးကြီး၏ ပါးစပ်ဆီသို့ တိုးဝင်သွားသည်။ စုမင် ပတ်ဝန်းကျင်ရှိ သဲဝဲကရက်ကြီးမှာလည်း သူ့ကို ဝါးမြိုပစ်တော့မည့်အလား လေဆင်နှာမောင်းတစ်ခုအသွင် ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပတ်ချာလည်သွားသည်။

"မင်းက ပျက်စီးနေတဲ့ ဝိညာဉ် အစအန တစ်ခုပဲ ရှိတာ။ ငါ စုမင်ကို ပြစ်ဒဏ်ပေးပြီး ဟင်းလင်းပြင်ထဲမှာ မြုပ်နှံဖို့ သတ္တိ ရှိတယ်ပေါ့" စုမင်က အေးစက်စွာ ရယ်မောလိုက်သည်။ ရွှီဟွေမှာမူ သတိလစ်မေ့မြောနေပြီ ဖြစ်ရာ ပတ်ဝန်းကျင်မှ မည်သည့်အရာကိုမျှ မသိတော့ဘဲ စုမင်၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

စုမင်သည် ဘယ်လက်ဖြင့် ရွှီဟွေကို ပွေ့ပိုက်ထားရင်း ညာလက်ကို မြှောက်ကာ မြေပြင်အား တွန်းထုတ်လိုက်ရာ မြေပြင်ကြီး တစ်ခုလုံး မြည်ဟည်းလျက် တုန်ခါသွားသည်။ သူ့ပတ်ဝန်းကျင်ရှိ သဲဝဲဂယက်ကြီးမှာ ခဏမျှ ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် စုပ်အား၏ အဟန့်အတား မရှိတော့သဖြင့် သူသည် မြေပြင်မှ ပစ်ထွက်ကာ ကောင်းကင်ယံရှိ ဘီလူးကြီး၏ ပါးစပ်ဆီသို့ တိုးဝင်သွားတော့သည်။

လေထဲသို့ ရောက်သောအခါ စုမင်သည် ညာလက်ဖြင့် ချိပ်စည်း တစ်လုံး ဖော်ဆောင်ကာ ရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် သူ၏ ရှေ့မှောက်၌ တောင်ကြီးတစ်လုံး ပေါ်လာတော့သည်။

ထိုတောင်ကြီး၏ အစိတ်အပိုင်း အများစုမှာ တိမ်တိုက်များကဲ့သို့ ဖြူဖွေးနေသော်လည်း တောင်ထိပ်နားရှိ အစွန်းပိုင်းမှာမူ မည်းနက်နေပြီး မကောင်းဆိုးဝါး ဝိညာဉ်တစ်ခု၏ ပုံသဏ္ဌာန် ရှိနေသည်။ ထိုသတ္တဝါသည် ညာလက်တွင် အနက်ရောင် လင်းနို့တစ်ကောင်ကို ကိုင်ဆောင်လျက် တောင်ပေါ်တွင် တစ်ဝက်တစ်ပျက် ဝပ်တွားနေသည်။

ဤသည်ကား သူ ယုမိသားစုထံမှ ရရှိခဲ့သော တာအိုရိပ်သာတောင် ရတနာပင် ဖြစ်သည်။

ဤရတနာကို အသုံးပြုရန် နတ်ဘုရား အနှစ်သာရ စွမ်းအား မလို အပ်သလို ၎င်း၏ စွမ်းအားမှာလည်း ထူးခြားသည်။ ထိုအခိုက်အတန့်တွင် စုမင်က ၎င်းကို ထုတ်ယူကာ ရှေ့သို့ ညွှန်လိုက်ရာ တာအိုရိပ်သာတောင်သည် အဆုံးမရှိ ကြီးမားလာပြီး ပစ်မှတ်ဆီသို့ တိုးဝင်သွားသည်။

ကောင်းကင်ယံမှ ဘီလူးကြီးက မျက်လုံးမှိတ်ထားဆဲ ဖြစ်သော်လည်း လေကို စုပ်ယူသည့် အရှိန်မှာ သိသိသာသာ ပိုမို လျင်မြန်လာသည်။ ၎င်းက အနည်းငယ်မျှသာ လျင်မြန်လာခြင်း ဖြစ်သော်လည်း ပတ်ဝန်းကျင်တွင် ဖြစ်တည်နေသော နတ်ဘုရား အနှစ်သာရ စွမ်းအားများမှာ ယခင်ကထက် ဆတိုးမက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။

လေမုန်တိုင်းမှာ ထက်မြက်သော ဓားသွားများနှယ် ဖြစ်လာသည်။ ၎င်းသည် ဟိန်းဟောက်လျက် ဘီလူးကြီးဆီသို့ ဦးတည်ပြေးဝင်နေသော တာအိုရိပ်သာတောင်ဆီသို့ တိုးဝင်သွားသည်။ ထိုတောင်ကြီး တုန်ခါသွားစဉ် စုမင်က ညာလက်ဖြင့် ချိပ်စည်း တစ်လုံး ထပ်မံ ဖော်ဆောင်ကာ ရှေ့သို့ ညွှန်လိုက်ပြန်သည်။

တာအိုရိပ်သာတောင်ထံမှ ဟိန်းဟောက်သံ တစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါး ဝိညာဉ်ကြီးသည် အသက်ဝင်လာသည့်အလား တောင်ပေါ်မှ ကွာကျလာသည်။ ၎င်းက ဟိန်းဟောက်လိုက်ရာ ညာလက်ထဲမှ လင်းနို့ကြီးသည် စူးရှစွာ အော်ဟစ်လျက် ပစ်ထွက်သွားပြီး အလင်းတန်း တစ်တန်းအသွင်ဖြင့် ကောင်းကင်ယံရှိ ဘီလူးကြီးထံသို့ တိုးဝင်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ ဧရာမ ပုဂ္ဂိုလ်ကြီးသည် လေစုပ်ယူခြင်းအား အဆုံးသတ်ပြီး လေကို ရှူသွင်းပြီးနောက် ပြန်ထုတ်ရမည့် လူသားတစ်ဦးကဲ့သို့ လျင်မြန်စွာ လေပြန်မှုတ်ထုတ်လိုက်သည်။

ပြင်းထန်သော လေမုန်တိုင်းများ ဟိန်းဟောက်သွားသည်။ တာအိုရိပ်သာတောင်ပေါ်တွင် အက်ကွဲကြောင်း အများအပြား ချက်ချင်း ပေါ်လာပြီး ၎င်းသည် လေထဲတွင် စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်စင်သွားသည်။ မကောင်းဆိုးဝါး ဝိညာဉ်ကြီးပင်လျှင် ၎င်း၏ ပုံသဏ္ဌာန်ကို မထိန်းသိမ်းနိုင်တော့ဘဲ တစ်ကိုယ်လုံး လွင့်စင်ပျက်စီးသွားတော့မည့်အလား ရှိနေသည်။ လင်းနို့ကြီးမှာလည်း အနားသို့ပင် မကပ်နိုင်ခဲ့ချေ။

စုမင်သည် ပြင်းထန်သော လေမုန်တိုင်းများ မျက်နှာအား ရိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းတို့က သူ့ကို မှုန့်မှုန့်ညက်ညက် ကြေမွသွားစေပြီး ဟင်းလင်းပြင်နှင့် ပေါင်းစပ်ပစ်ချင်နေသည့်အလား။ သူ၏ ခန္ဓာကိုယ် နောက်သို့ လွင့်စင်သွားစဉ် ပြင်းထန်သော နာကျင်မှုများ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ရွှီဟွေ့၏ အသားနှင့် အရိုးများပင် ပြတ်တောက်သွားမည့် အရိပ်အယောင်များ ပြသလာသည်။

စုမင်သည် ခန္ဓာကိုယ်ကို ချက်ချင်း လှည့်လိုက်ပြီး ကျောပြင်အား အကာအကွယ် တစ်ခုအဖြစ် အသုံးပြုကာ ပြင်းထန်သော လေမုန်တိုင်းများကို အန်တုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် မြေပြင်ပေါ်ရှိ ပုံရိပ်ယောင် အဘိုးအို၏ မျက်နှာပေါ်မှ လှောင်ပြောင်သရော်မှုနှင့် ကျေနပ်အားရမှုများအား မြင်လိုက်ရသလို သူ့ပတ်ဝန်းကျင်ရှိ သဲကမ္ဘာသား သောင်းချီတို့၏ မျက်နှာပေါ်မှ သွေးဆာမှုနှင့် စိတ်လှုပ်ရှားမှုများကိုလည်း မြင်လိုက်ရသည်။

စုမင်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်း တစ်တန်း တောက်ပသွားသည်။ သူသည် ညာလက်ဖြင့် ချိပ်စည်း တစ်လုံး ဖော်ဆောင်ကာ လျှာဖျားကို ကိုက်၍ သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ ထိုသွေးများ စည်းတံဆိပ်နှင့် ပေါင်းစပ်သွားသည့်အခါ ချက်ချင်းပင် သွေးရောင် မြူခိုးလွှာ တစ်လွှာအသွင် ပြောင်းလဲသွားသည်။ ထိုသွေးမြူခိုးများကြားမှ ဖြူဖွေးသော ကျောက်တုံးတစ်တုံး ပစ်ထွက်လာသည်။ ထိုအချိန်တွင် ဆင်မင်းရှိရာ ငြိမ်းချမ်းသာယာခြင်းများ ဆိုက်ရောက်ခြင်း ရတနာက ချက်ချင်း ထင်ရှားလာသည်။ လက်ဝါးခန့်သာရှိသော ထိုကျောက်တုံးသည် ကြီးမားလာပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ကို နင်းခြေနိုင်သော ဧရာမ ဆင်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းတွင် ဧရာမ ချိန်ခွင်ကြီးလည်း ပုံသဏ္ဌာန် ပေါ်လာသည်။ စူးရှသော ဟိန်းဟောက်သံတစ်သံ လေထဲတွင် ပဲ့တင်ထပ်သွားပြီး ယခင်က ပေါ်လာခဲ့သော မကောင်းဆိုးဝါး ဝိညာဉ်ကြီးသည် ချိန်ခွင်ကြီးကို မြင်သောအခါ ချက်ချင်း ဖမ်းကိုင်လိုက်သည်။

စုမင်၏ ဆံပင်များ လေထဲတွင် လွင့်ပျံနေသည်။ သူ၏ ဝတ်ရုံများ တဖျတ်ဖျတ် လှုပ်ခတ်နေပြီး သူ့မျက်လုံးများထဲတွင် နတ်ဘုရား အနှစ်သာရ မှော်သင်္ကေတများ အလင်းရောင် တောက်ပလာသည်။ အလင်းတစ်ချက် တောက်လိုက်တိုင်း ရတနာ၏ စွမ်းအားမှာ ပိုမို အားကောင်းလာသည်။

"မကောင်းဆိုးဝါး ဝိညာဉ်" စုမင်က ဟိန်းဟောက်လိုက်သည်။

မကောင်းဆိုးဝါး ဝိညာဉ်ကြီးသည် ချိန်ခွင်ကို ကိုင်ဆောင်လျက် ချက်ချင်း လှည့်လာပြီး သူ့ခန္ဓာကိုယ်မှာ အကန့်အသတ်မရှိ ကြီးမားလာသည်။ သူ့လက်ထဲရှိ ချိန်ခွင်ကြီးသည်လည်း ပိုမို ကြီးမားလာရာ ၎င်း၏ အရွယ်အစားနှင့် စွမ်းအားမှာ စုမင် ပိုင်ဆိုင်သော နတ်ဘုရား အနှစ်သာရ စွမ်းအားအပေါ်တွင် မူတည်သည်။ သူသာ နတ်ဘုရား အနှစ်သာရ စွမ်းအား လုံလောက်စွာ ပိုင်ဆိုင်ပါက ၎င်းသည် အဆုံးမရှိ ကြီးမားလာနိုင်ပေသည်။

သူသည် လက်ဖြင့် ချိပ်စည်းကို ဖော်ဆောင်ကာ အေးစက်သော အသံဖြင့် ထပ်မံ ပြောလိုက်သည်။ "ဆင်ကို ချိန်တွယ်စမ်း"

မကောင်းဆိုးဝါး ဝိညာဉ်ကြီးက ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ကြီးမားလာသည်နှင့်အမျှ ချိန်ခွင်ကြီးကို မြှောက်လိုက်ပြီး တစ်ချက်ဝေ့ယမ်းလိုက်ရာ ဆင်ကြီးသည် ချိန်ခွင်ခွက်ပေါ်သို့ ကျရောက်သွားသည်။ တာအိုရိပ်သာတောင်ကမူ ချိန်သီးအဖြစ် ပြောင်းလဲသွားသည်။

"ဒီဆင်ရဲ့ အလေးချိန်က... ရှစ်ကျပ်နဲ့ ခုနစ်ပဲ ရှိတယ်"

ဤမကောင်းဆိုးဝါး ဝိညာဉ်အား ဆင်ကို ချိန်တွယ်ခိုင်းပြီးနောက် စုမင်သည် ၎င်း၏ အလုပ်လုပ်ပုံ နိယာမ အချို့အား သဘောပေါက်လာခဲ့ပြီ ဖြစ်သည်။ ထိုဝိညာဉ်က ဆင်ကို ချိန်တွယ်သည့်အခါ ပို၍ လေးလေ ကောင်းလေ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလေးချိန်သည် စုပုံနေသော နတ်ဘုရား အနှစ်သာရ စွမ်းအားပမာဏကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

သို့သော် ရန်သူများကို ချိန်တွယ်သည့်အခါတွင်မူ ရန်သူများ ပို၍ ပေါ့လေ ကောင်းလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အလေးချိန်သည် ပြိုင်ဘက်၏ စွမ်းအားကို မည်မျှ လျှော့ချပစ်နိုင်သည်အား ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မကောင်းဆိုးဝါး ဝိညာဉ်ကြီးက ဆင်ကို ချိန်တွယ်ပြီး ထိုစကားများအား ပြောလိုက်သည့်အခါ ဧရာမ ဆင်ကြီးသည် ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်သည်။ ၎င်းသည် ဖော်ပြ၍မရနိုင်သော အရှိန်အဝါဖြင့် ပစ်ထွက်သွားပြီး ကောင်းကင်ယံရှိ ဘီလူးကြီးထံသို့ ဝုန်းခနဲ ဝင်တိုက်လိုက်တော့သည်။

၎င်းသည် အလွန် လျင်မြန်သည်။ လေမုန်တိုင်းများ မျက်နှာကို ရိုက်ခတ်နေစဉ်မှာပင် ၎င်းသည် ဧရာမ ခန္ဓာကိုယ်ကြီးနှင့် ဝုန်းခနဲ ဝင်တိုက်မိသည်။

ပေါက်ကွဲသံများ ကောင်းကင်သို့ ထကြွသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မြည်ဟည်းသွားသည်။ ကောင်းကင်ပြင်တွင် စွမ်းအင်လှိုင်းများ အလိပ်လိုက် နောက်သို့ လွင့်စင်သွားသည်။ စုမင် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူသည် နောက်သို့ လွင့်စင်သွားသော်လည်း မျက်လုံးများထဲတွင်မူ တောက်ပသော အလင်းတန်းများ ဝင်းလက်နေသည်။

"နတ်ဘုရား အနှစ်သာရ..." တအုန်းအုန်း မြည်သံကြီးတစ်သံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ "မင်းက ဆက်ခံသူ ဝိညာဉ် ဖြစ်နေတာပဲ။ ဒါပေမဲ့လည်း မင်း ဟင်းလင်းပြင်ထဲမှာ မြုပ်နှံခံရမှာပဲ"

ဘီလူးကြီးသည် ပါးစပ်ကို ဟလိုက်စဉ် မျက်လုံးများကိုမူ ဖွင့်မလာသေးဘဲ ညာလက်အား ဖြည်းညှင်းစွာ မြှောက်ကာ စုမင်ဆီသို့ ပြင်းထန်စွာ ဖိချလိုက်သည်။ ၎င်းလက်ကြီးသည် လေထဲတွင် သူ့ထံသို့ တိုးဝင်လာပြီး လက်ချောင်းများမှာ ကြီးမားလွန်းသဖြင့် စုမင်အနေဖြင့် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်တစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။

'အိစန်း'

ဤအသက်အန္တရာယ် ကြုံတွေ့နေရသည့် အကျပ်အတည်းတွင် စုမင်သည် တုံ့ဆိုင်းမနေဘဲ အိစန်း ကိုယ်ပွားကို ဆင့်ခေါ်လိုက်သည်။ သူသည် ညာလက်ကို မြှောက်ကာ ရှေ့သို့ ဝေ့ယမ်းလိုက်သည်။ စိတ်ထဲမှ ထိုစကားလုံးကို ရွတ်ဆိုလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်း မြည်ဟည်းသွားပြီး သူ့နောက်ကွယ်တွင် ဧရာမ အရိပ်မည်းကြီး တစ်ရိပ် ပေါ်လာတော့သည်။

၎င်းမှာ သစ်ပင်ကြီးတစ်ပင် ဖြစ်ပြီး စုမင်၏ အိစန်းကိုယ်ပွား ပုံရိပ်ရောင်ပင် ဖြစ်သည်။

ထိုသစ်ပင်ကြီး ပေါ်လာသည်နှင့် စုမင်၏ စွမ်းအားများမှာ အဆမတန် မြင့်တက်လာသည်။ တစ်ချိန်တည်းတွင် ကောင်းကင်ယံရှိ ဘီလူးကြီး၏ လက်မှာ လေထဲတွင် တောင့်ခဲသွားပြီး ရပ်တန့်သွားသည်။

"အိစန်း" ဘီလူးကြီးသည် မျက်စိတစ်မှိတ်အတွင်း မျက်လုံးတစ်ဖက်ကို ဖွင့်လိုက်သည်။

ထိုသည်က ဒေါင်လိုက် သူငယ်အိမ်ရှိသော ဝါကျင်ကျင် မျက်လုံးကြီး ဖြစ်သည်။ ထိုမျက်လုံး၏ အစွန်းပိုင်းတွင် မီးတောက်များ လောင်ကျွမ်းနေပြီး ဘီလူးကြီးသည် စုမင် နောက်ကွယ်ရှိ အိစန်း ပုံရိပ်ယောင်ကို စိုက်ကြည့်လိုက်သည်။

စုမင်က စကားမပြောပေ။ သူသည် အိစန်းကိုယ်ပွားကို ဤနေရာသို့ ဆင့်ခေါ်လိုပါက ပထမဦးစွာ ကိုယ်ပွား ပုံရိပ်ယောင်အား ဖော်ဆောင်ရမည် ဖြစ်သည်။ ပုံရိပ်ယောင် ပေါ်လာမှသာ သူ့ဝိညာဉ်ကို လမ်းညွှန်အဖြစ် အသုံးပြုကာ ဟင်းလင်းပြင်ဥမင်လိုဏ်ခေါင်း တစ်ခေါင်းအား ဖွင့်လှစ်ပြီး အိစန်းကိုယ်ပွားကို ဤနေရာသို့ လာခွင့်ပြုနိုင်မည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ပုံရိပ်ယောင်သည် လျင်မြန်စွာ စုစည်းနေပြီ ဖြစ်သော်လည်း ဟင်းလင်းပြင် ဥမင်လိုဏ်ခေါင်းကို ဖွင့်လှစ်နိုင်ရန်အတွက် အသက်ရှိုက်စာ ဆယ်ဂဏန်းခန့် လိုအပ်နေသေးသည်။

"အိစန်း... ရှေးဟောင်းသီချင်းတွေထဲမှာ ထာဝရအသက်ကို ကံကောင်းထောက်မစွာ ရရှိခဲ့တဲ့ ဘိုးဘေးဝိညာဉ်... မင်းလည်း... ဒီလောက်တောင် အားနည်းသွားရတာလား... ဒဏ္ဍာရီက အမှန်ပဲပေါ့... ဒဏ္ဍာရီက တကယ်ပဲ အမှန်ဖြစ်နေတာလား..." ဘီလူးကြီး၏ ဘယ်ဘက်မျက်လုံးသည် စုမင်၏ အိစန်း အရိပ်ကို စိုက်ကြည့်နေသည်။

"ကမ္ဘာကပ် တစ်ခေတ်ရဲ့ သံသရာ အဆုံးသတ်တိုင်းမှာ ပျက်စီးခြင်း အဘိုးအိုက ဝင်စားခြင်း စွမ်းအားကို ပြန်လည် နိုးထစေပြီး သက်ရှိအားလုံးအတွက် သီချင်းကို တစ်ဖန် ပြန်လည် ဖန်တီးတယ်... အဲဒီသီချင်းထဲမှာ ထာဝရအသက်အတွက် နေရာတွေကို ပြန်ပေးတယ်... စကြဝဠာထဲက သက်ရှိအားလုံး အဲဒီသီချင်းထဲမှာ ပါဝင်ခွင့်ရမယ့် အခွင့်အရေး ရှိကြတယ်... သူတို့ဟာ ကောင်းကင်သင်္ဘောပေါ်ကို ပို့ဆောင်ခံရပြီး အဆုံးမဲ့ ကောင်းကင်ဆီ ဦးတည်ရလိမ့်မယ်။ ပြီးတော့ ကမ္ဘာကပ်တစ်ခုရဲ့ သံသရာ အဆုံးသတ်တဲ့အခါ... သူတို့ ပျက်စီးသွားမှာ မဟုတ်ဘူး"

"မင်းက သိပ်ကို အားနည်းနေပြီ။ ပြီးတော့ မင်း ရှိနေခဲ့တာလည်း သိပ်ကို ကြာမြင့်နေပြီ... အခုတော့... မင်းရဲ့ သက်တမ်း ကုန်ဆုံးမယ့်အချိန်ကို ရောက်လာပြီ" ကောင်းကင်ယံရှိ ဧရာမ ပုဂ္ဂိုလ်ကြီးသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့အသံသည် မိုးကြိုးသံနှယ် ဖြစ်ပြီး လေထဲတွင် ရပ်တန့်နေသော ညာလက်ကြီးသည် ရုတ်တရက် အရှိန်မြင့်တက်လာကာ အောက်သို့ ပြင်းထန်စွာ ဖိချလိုက်တော့သည်။

စုမင်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ သူသည် ညာလက်ကို မြှောက်ကာ အသက်အား ပြင်းပြင်းရှူလိုက်သည်။ အိစန်းကိုယ်ပွား ရောက်ရှိလာရန် အသက်ရှိုက်စာ အနည်းငယ် လိုအပ်နေသေးပြီး ကောင်းကင်ရှိ ထိုသူ၏ လက်မောင်းကမူ သူ့ထံသို့ ဦးစွာ ရောက်ရှိလာတော့မည် ဖြစ်သည်။

စုမင်သည် ကျောက်တုံး အပိုင်းအစ ဟင်းလင်းပြင်လေးထဲသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။ ထိုဟင်းလင်းပြင်၏ အကူအညီဖြင့် သူ၏ အိစန်းကိုယ်ပွားသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဤနေရာသို့ အချိန်မီ ရောက်ရှိလာနိုင်မည် ဖြစ်သည်။

အနက်ရောင် ကျောက်တုံး အပိုင်းအစ၏ အငွေ့အသက်များ သူ့ဝိညာဉ်ထဲတွင် ပျံ့နှံ့သွားပြီး အနက်ရောင် စွမ်းအင်လှိုင်းများ အပြင်သို့ ထွက်ပေါ်လာသည်။ စုမင် ကျောက်တုံး အပိုင်းအစ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်တော့မည့် ထိုခဏတွင်ပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။

စုမင်နှင့် ညာလက်ကြီးကြားတွင် ပေပေါင်း သောင်းချီသာ ကွာဝေးတော့သည့် အခိုက်အတန့်တွင် ထိုလက်ကြီးသည် ထပ်မံ၍ တောင့်ခဲသွားပြန်သည်။ ၎င်းသည် ပို၍ပင် တုန်ခါနေသည်။ ဘီလူးကြီး၏ ညာဘက်မျက်လုံး ပွင့်လာပြီး လေမုန်တိုင်းများ သောင်းကျန်းနေသော သွေးနီရောင် သူငယ်အိမ်ကြီး ပေါ်လာသည်။

ဤသည်မှာ သူ မျက်လုံးနှစ်ဖက်လုံးကို ပထမဦးဆုံးအကြိမ် ဖွင့်လိုက်ခြင်း ဖြစ်သည်။

လုံးဝ မတူညီသော ဤမျက်လုံး နှစ်ဖက်လုံးတွင် မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။ ဘီလူးကြီး၏ ညာလက်မောင်းသာမက ခန္ဓာကိုယ် တစ်ကိုယ်လုံးပါ တုန်လှုပ်နေပြီး ထိုသို့ တုန်လှုပ်မှုကြောင့် ကောင်းကင်ပြင်ကြီး တစ်ပြင်လုံးပါ တုန်ခါသွားသည့်အလား ရှိနေသည်။ စွမ်းအင်လှိုင်းများ အပြင်သို့ ပျံ့နှံ့သွားပြီး ဘီလူးကြီး၏ မျက်နှာပေါ်တွင် တစ်ခါမျှ မပေါ်ဖူးသော စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။

"ငါ ခံစားမိနေတယ်... အိစန်းရဲ့ စွမ်းအားတင် မဟုတ်ဘူး... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ... ဟိုဟာ... ဟိုဟာ... ဒါ အသက် ပျက်စီးခြင်း မျိုးစေ့ရဲ့ အငွေ့အသက်ပဲ။ ဒါ လုံးဝ မမှားနိုင်ဘူး။ ငါ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းက ပျက်စီးခြင်း အဘိုးအိုဆီကို အကြိမ်ပေါင်း သုံးသောင်းမက သွားရောက်ပြီး ယဇ်ကောင်တွေ အများကြီး ဆက်သခဲ့ဖူးတယ်... ဒါပေမဲ့ ငါ့နာမည်ကို ဒီသီချင်းထဲမှာ ရေးမှတ်ခံရဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး...

"မင်းက အိစန်း မဟုတ်ဘူး... မင်းက ပျက်စီးခြင်း အဘိုးအိုကို ပြန်လည် နိုးထစေမယ့် ရှေ့ပြေးနိမိတ်ပဲ" ကောင်းကင်ယံရှိ ဘီလူးကြီး တုန်လှုပ်နေစဉ် သူ့မျက်လုံးများထဲတွင် ဖုံးကွယ်မရသော စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ သူသည် ညာလက်ကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး ကောင်းကင်တွင် လဲလျောင်းနေရာမှ မတ်တတ်ရပ်လျက် ခန္ဓာကိုယ်အား လျင်မြန်စွာ လှည့်လိုက်တော့သည်။

သူ မတ်တတ်ရပ်လိုက်သည့်အခါ ကောင်းကင်ပြင်ကြီး တစ်ပြင်လုံး မြည်ဟည်းသွားသည်။ မည်သူမဆို သူ့ခြေဖဝါးနားတွင် ရပ်နေပါက သူ မည်မျှ မြင့်သည်ကို ပြောနိုင်လိမ့်မည် မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် သူ၏ အဆုံးသတ်ကို မမြင်နိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူသည် အပြည့်အဝ မတ်တတ်ရပ်လိုက်ခြင်း မဟုတ်ပေ။ ထိုအစား သူ၏ ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ ကွေးညွတ်လိုက်ပြီး စုမင်၏ ရှေ့မှောက်တွင် ဒူးထောက်လျက် ဝပ်တွား ပူဇော်လိုက်တော့သည်။

"ကျွန်တော့်ရဲ့ အပြစ်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော့်ကို ထာဝရအသက်ကို နောက်တစ်ကြိမ် ရရှိနိုင်မယ့် အခွင့်အရေး ပေးပါ... အရှင် ပြန်လည် နိုးထစေမယ့် သီချင်းထဲမှာ ကျွန်တော့်ရဲ့ နာမည်ကို ရေးမှတ်ပေးပါ။ ကျွန်တော်က သဲကမ္ဘာသားတွေရဲ့ ရှေးဦးဝိညာဉ် ဆွေယွင်ကျိန်း ချန်လင်းပါ"

စုမင် ခဏမျှ ကြောင်အသွားသည်။ သူသည် အနက်ရောင် ကျောက်တုံး အပိုင်းအစ၏ အခြားအမည်တစ်ခုဖြစ်သော အသက် ဖျက်ဆီးခြင်း မျိုးစေ့ကို ချက်ချင်း သတိရသွားသည်။ နဂါးငွေ့တန်းထဲရှိ ဟောင်းနွမ်းပျက်စီးနေသော သင်္ဘောကြီးနှင့် ၎င်းပေါ်တွင် ထိုင်နေသော အဘိုးအို၊ ထို့ပြင် သူ အတိတ်က မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကိုလည်း ပြန်လည် သတိရသွားတော့သည်။

"ရှေးဟောင်းသီချင်းတစ်ပုဒ်..." အိုမင်းရင့်ရော်သော အသံကြီးတစ်သံ စုမင် နားထဲတွင် ပဲ့တင်ထပ်သွားသည့်အလား ရှိနေတော့သည်။

အခန်း ၉၃၀ သီချင်းတစ်ပုဒ်အတွက် အချိန်

သီချင်းသီဆိုခဲ့သည့် အချိန်သည် ကမ္ဘာကြီးတစ်ခု မွေးဖွားခြင်းနှင့် နောက်ဆက်တွဲ ပျက်စီးခြင်းတို့၏ စုစုပေါင်းအချိန် ဖြစ်ခဲ့လျှင်…

ထိုသို့ဆိုပါက သီချင်းပြီးဆုံးသွားသောအခါ ၎င်းသည် ကမ္ဘာကြီး ပြိုကွဲပျက်စီးသွားမည့် အခိုက်အတန့်ကို အမှတ်အသားပြုလိမ့်မည်။ ထိုသို့သော သီချင်းတစ်ပုဒ်အတွက် စည်းချက်ကို မည်သို့ ဆုံးဖြတ်မည်နည်း။

သီချင်းသီဆိုခဲ့သည့် အချိန်သည် လူတစ်ဦး မွေးဖွားခြင်းမှ သေဆုံးခြင်းဆီသို့ သွားရာလမ်း၏ စုစုပေါင်းအချိန် ဖြစ်ခဲ့လျှင်…

ထိုသို့ဆိုပါက သီချင်းပြီးဆုံးသွားသောအခါ ၎င်းသည် ထိုလူ၏ အသက်ရှင်ခြင်း အဆုံးသတ်သွားမည့် အခိုက်အတန့်ကို အမှတ်အသားပြုလိမ့်မည်။ သင့်သီချင်းထဲတွင် မည်သူ့ကို ထည့်သွင်းဖို့ ရွေးချယ်မည်နည်း။ သင့်ကိုယ်သင် မည်သို့ သီဆိုပြမည်နည်း။

စကြဝဠာကြီး မပျက်စီးမချင်း တည်ရှိမှု တစ်လျှောက်လုံး ပဲ့တင်ထပ်နေသော သီချင်းတစ်ပုဒ် ရှိခဲ့သည်။ ထိုအချိန်ကာလအတွင်း ထိုသီချင်းသည် အချိန်ကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။

သီချင်းကို ဖန်တီးသူသည် သီချင်းထဲတွင် နာမည်များကို ထည့်သွင်းနိုင်ပြီး ၎င်းတို့သည် သီချင်းနှင့်အတူ ထာဝရ တည်ရှိနေမည် ဖြစ်သည်။ သူတို့သည် ဘယ်သောအခါမှ အိုမင်း၍ သေဆုံးသွားမည် မဟုတ်ပေ။

ရှေးအတိတ်ကာလက ထိုသီချင်းထဲတွင် အမည်များ ထည့်သွင်းခံရသော သက်ရှိ ကိုးမျိုးနှင့် လူမျိုးစု လေးစု ရှိခဲ့ပြီး ၎င်းတို့သည် သူတို့၏ သီချင်းနှင့်အတူ ကမ္ဘာကပ် သံသရာအတွင်း ဂုဏ်ကျက်သရေရှိသော တည်ရှိမှုများ ဖြစ်လာခဲ့ကြသည်။

လက်ရှိတွင် ထိုသီချင်းသည် အဆုံးသတ် ကဏ္ဍသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သီချင်းသည် မပြီးဆုံးသေးသည် မဟုတ်သော်လည်း ထိုအချိန်ကာလသို့ နီးကပ်လာနေပြီ ဖြစ်သည်။ ယခု အခိုက်အတန့်သည် ပျက်စီးခြင်း အဘိုးအိုမှ အပိုင်းသစ် တစ်ပိုင်းကို ရေးသားရမည့် အချိန်လည်း ဖြစ်သည်။

စုမင်သည် သူ့ရှေ့တွင် ဒူးထောက်နေသော ကောင်းကင်ယံမှ ဘီလူးကြီးကို ကြည့်လိုက်သည်။ သူသည် ဘီလူးကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဘီလူးကြီး၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကြီးမားသော သေခြင်းတရား၏ အငွေ့အသက်များအား မြင်တွေ့လိုက်ရသည်။

ဤသည်ကား အသက်အရွယ် ကြီးရင့်လွန်း၍ သေဆုံးခါနီးဖြစ်နေသော သက်ရှိတစ်ဦး ဖြစ်သည်။ သူသည် အသက်ရှင်နေသေးသော်လည်း တစ်ချိန်တည်းတွင် သူသည် ကုန်ခါနီး ဖယောင်းတိုင် တစ်တိုင် ဖြစ်နေပြီ ဖြစ်သည်။ သူ့အသက်မီးတောက်က ငြိမ်းသတ်တော့မည် ဖြစ်သည်။

"အရှင့်ရဲ့ သီချင်းထဲမှာ ကျွန်တော့်ရဲ့ နာမည်ကို ရေးမှတ်ပေးပါ... ကျွန်တော့်ရဲ့ ဘဝမှာ ရှိသမျှ အရာအားလုံးကို အရှင့်ကို ပူဇော်ဖို့ ဆန္ဒရှိပါတယ်..." ဘီလူးကြီးက နာကျင်စွာ ပြောဆိုရင်း ခေါင်းငုံ့ထားသည်။

သူရှေ့က လူတွင် ပျက်စီးခြင်း အဘိုးအို၏ အငွေ့အသက်များ ရှိနေကြောင်း သတိထားမိသည့် အချိန်တွင် သူသည် စုမင်အား တိုက်ခိုက်ရန် စိတ်ကူး အားလုံးကို စွန့်လွှတ်လိုက်သည်။ အသက် ပျက်စီးခြင်း မျိုးစေ့သည် လုယူ၍ သို့မဟုတ် အတင်းအကျပ် ယူငင်၍ ရနိုင်သော အရာ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ထိုမျိုးစေ့၏ အသိအမှတ်ပြုခြင်းကို မခံရပါက အခြားတစ်ဦးက ၎င်းကို လုယူနိုင်ကောင်း လုယူနိုင်လိမ့်မည်။

သို့သော် အသက် ပျက်စီးခြင်း မျိုးစေ့ ပြန်လည် နိုးထလာပြီး ၎င်း အသိအမှတ်ပြုသော လူနှင့် ပေါင်းစပ်သွားသည်နှင့် ထိုအခါ လူအားလုံးနှင့် အင်အားစု အားလုံးသည် အသိအမှတ်ပြုခံရသော လူကို ဖျက်ဆီးပစ်နိုင်သော်လည်း အသက် ပျက်စီးခြင်း မျိုးစေ့ကိုမူ မဖျက်ဆီးနိုင်ပေ။ သူတို့သည်လည်း ၎င်းနှင့် ပေါင်းစပ်နိုင်မည် မဟုတ်ပေ။

အသိအမှတ်ပြုခံရသော လူကို သတ်ဖြတ်သူသည် သီချင်းထဲတွင် ထာဝရ ထည့်သွင်းခံရမည့် အခွင့်အရေးကိုလည်း ဆုံးရှုံးသွားမည် ဖြစ်သည်။

ဤအသိပညာသည် ဘီလူးကြီး၏ ရှေးအတိတ်ကာလမှ မှတ်ဉာဏ်များတွင် တည်ရှိနေသော အရာတစ်ခု ဖြစ်သည်။

စုမင် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူသည် ကျောက်တုံးအတွင်းက ဟင်းလင်းပြင်ထဲတွင် မြင်တွေ့ခဲ့ရသော အဘိုးအို၏ အပြုအမူများကို အတုခိုးကာ တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ "မင်း ဘာကို ပူဇော်မှာလဲ"

စုမင် ဤစကားများကို ပြောလိုက်သောအခါ သူ့လေသံတွင် ရှေးဟောင်းလေသံ တစ်သံ ပါဝင်နေသည်။ သူ့ဝိညာဉ်ထဲရှိ အနက်ရောင် ကျောက်တုံးသည် ရှေးဟောင်း အငွေ့အသက်များကို ပျံ့နှံ့စေသည်။ ထိုအငွေ့အသက်သည် စုမင်၏ ဝိညာဉ်ထဲတွင် တည်ရှိနေသည်။ အငွေ့အသက်သည် အချိန်နှင့်အမျှ တဖြည်းဖြည်း စုပုံလာခဲ့ပြီး ယခုအခါတွင် ၎င်းက ခပ်ရေးရေး ပျံ့နှံ့သွားသောအခါ သူသည် အတိတ်က အဘိုးအို ဖြစ်သွားသကဲ့သို့ ထင်ရသည်။

ဘီလူးကြီးသည် ခေါင်းမော့ကာ မြေပြင်ကို ငေးကြည့်လိုက်သည်။ အလင်းတစ်ချက် လက်သွားသည်နှင့် မြေပြင်ပေါ်ရှိ သဲကမ္ဘာသား သောင်းချီတို့သည် စူးရှနာကျင်စွာ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ ချက်ချင်း အရည်ပျော်သွားပြီး အားလုံး သဲအဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်တွင် သဲပုဲများ ဖြစ်ပေါ်လာသည်။

ပုံရိပ်ယောင် အဘိုးအို တုန်လှုပ်သွားသည်။ ဤအပြောင်းအလဲသည် အလွန် လျင်မြန်စွာ ဖြစ်ပေါ်လာသဖြင့် သူ့ကို တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။ မျက်စိတစ်မှိတ်အတွင်း သူ့လူ အားလုံး သေဆုံးသွားခဲ့သည်။ သူသည် တုန်လှုပ်စွာဖြင့် နောက်သို့ ဆုတ်ချင်သော်လည်း သူ့လူများ၏ နတ်ဘုရားက သူ့ကို စိုက်ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ်သည် သဲအဖြစ် ပြောင်းလဲသွားပြီး လေထဲသို့ လွင့်စင်သွားတော့သည်။

ပေတစ်သိန်း အမြင့်ရှိသော ရုပ်တုကြီးပေါ်တွင် အဝေး၌ ရှိနေသော ရုပ်ခန္ဓာကိုယ်သည်လည်း ပြိုကွဲပျက်စီးသွားသည်။ ရုပ်တုကြီးလည်း ပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်တွင် သဲကန္တာရထဲ၌ မည်သည့် သက်ရှိမျှ မရှိတော့ပေ။

သလင်းကျောက်များနှင့်တူသော သဲပွင့်များသည် မြေပြင်မှ လွင့်ပျံလာကြသည်။ သဲပွင့် တစ်ပွင့်စီသည် သက်ရှိတစ်ကောင်ကို ကိုယ်စားပြုသည်။ ၎င်းတို့က စုစည်းကာ စုမင် ရှေ့တွင် လွင့်မျောနေသော စင်ကြယ်ခြင်း ရေအိုး တစ်အိုးအဖြစ် ပြောင်းလဲသွားသည်။

"ဒါက သဲကမ္ဘာသားတွေရဲ့ အသက်ရင်းမြစ်ပါ။ ဒါက ကျွန်တော်ရဲ့ ပထမဆုံး ယဇ်ကောင်ပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ" ဘီလူးကြီးသည် စုမင်ကို တောက်ပစွာ လောင်ကျွမ်းနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

စုမင် သူ့အကြည့်ကို တုံ့ပြန်လိုက်သည်။ ခဏအကြာတွင် သူသည် ရှေ့ရှိ စင်ကြယ်ခြင်း ရေအိုးကို ဖမ်းယူရန် ညာလက်အား ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည့် အခိုက်အတန့်တွင် သူ့လက်ဝါးပေါ်၌ အနက်ရောင် ဝဲပယက်တစ်ခု ပေါ်လာသည်။

ထိုဝဲဂယက်ကို စုမင်၏ ဆန္ဒဖြင့် ဖန်တီးခဲ့ခြင်း မဟုတ်ဘဲ သူ့ဝိညာဉ်ထဲရှိ အနက်ရောင် ကျောက်တုံးက သူ့လက်ဝါးပေါ်တွင် အလိုအလျောက် ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် စင်ကြယ်ခြင်း ရေအိုးအား ဝါးမြိုပြီးနောက် အနက်ရောင် အမျှင်တန်းတစ်ခုကိုပင် ထုတ်လွှတ်လိုက်သည်။

ထိုအနက်ရောင် အမျှင်တန်းသည် ဘီလူးကြီးဆီသို့ ချက်ချင်း တိုးဝင်သွားသည်။ ၎င်းသည် ဘီလူးကြီးနှင့် ပေါင်းစပ်သွားသည်နှင့် ဘီလူးကြီးသည် တုန်ခါသွားသည်။ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ထိုသူသည် အသက် ပျက်စီးခြင်း မျိုးစေ့ကို ပြန်လည် နိုးထစေသူ ဖြစ်ကြောင်း သူ သေချာနေသော်လည်း သူ့စိတ်ထဲ၌ မသေချာမှု အနည်းငယ် ရှိနေခဲ့သည်။ သို့သော် သူ ပူဇော်မှု ပြုလုပ်ပြီးနောက် ရှေးအတိတ်ကာလက သူ ရရှိခဲ့သည့် အနက်ရောင် အမျှင်တန်းကို မြင်တွေ့လိုက်ရသည့် အချိန်တွင် နှလုံးသားထဲရှိ မသေချာမှုများ ပျောက်ကွယ်သွားသည်။ ထိုသူ၏ အထောက်အထားကို သူ လုံးဝ သေချာသွားတော့သည်။

"ကျွန်တော့်ရဲ့ အသက်က အဆုံးသတ်ကို ရောက်နေပြီ ဖြစ်ပေမဲ့ အရှင်အတွက် သုံးကြိမ် တိုက်ခိုက်ပေးနိုင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဒုတိယ ယဇ်ကောင်ပါ။ ဒါက အခု ကျွန်တော် လုပ်နိုင်တဲ့ အရာအားလုံးလည်း ဖြစ်ပါတယ်" သဲဘီလူးကြီး၏ အသံသည် အိုမင်းရင့်ရော်မှုများ ပြည့်နှက်နေသည်။ သူ့စကားလုံးများ လေထဲတွင် ပဲ့တင်ထပ်သွားစဉ် သူသည် စုမင်၏ အဖြေကို စောင့်ဆိုင်းနေသည့်အလား ရှိနေသည်။

"မင်းရဲ့ နာမည်ကို သီချင်းထဲမှာ ရေးမှတ်မယ်လို့ ငါ ကတိပေးနိုင်ပါတယ်။ ဒါပေမယ့် မင်း သုံးကြိမ် တိုက်ခိုက်ပြီးတဲ့နောက် မင်းရဲ့ နတ်ဘုရား အနှစ်သာရကို တတိယ ယဇ်ကောင်အဖြစ် ပူဇော်ရမယ်" စုမင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ဝိညာဉ်ကို ထိန်းသိမ်းထားမယ်ဆိုရင် ကျွန်တော် ထာဝရအသက်ကို ရရှိပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ကတိကို ဖြည့်ဆည်းပါ့မယ်" ဘီလူးကြီးက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ရှေးဟောင်းလေသံဖြင့် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်း သေးငယ်သွားပြီး မြေဝါရောင် သဲလက်ကောက် တစ်ကွင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် စုမင် ရှေ့တွင် လွင့်မျောလာသည်။ လက်ကောက်ပေါ်တွင် မသဲကွဲသော မျက်နှာတစ်ခု ရှိပြီး ၎င်းမှာ သဘာဝအားဖြင့် သဲဝိညာဉ်ပင် ဖြစ်သည်။

စုမင် လက်ကောက်ကို ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူသည် လက်ကောက်ကို ကောက်ယူလိုက်သည်။ သူသည် လက်ကောက်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သို့ ကြည့်လိုက်သည်။ ထိုအချိန်မှစ၍ ဤနေရာသည် သေဆုံးခြင်း၏ တိတ်ဆိတ်မှုများ ပြည့်နှက်သွားတော့သည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် စုမင်သည် မျက်ခုံးနှစ်ခုကြားကို ပွတ်သပ်လိုက်သည်။ အရာအားလုံးသည် အလွန် လျင်မြန်စွာနှင့် ရုတ်တရက် ဖြစ်ပေါ်ခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အတွေးများစွာ ဖြတ်ပြေးသွားသော်လည်း သူသည် နှလုံးသားကို တည်ငြိမ်အောင်ထားပြီး အေးဆေးတည်ငြိမ်စွာ တွေးတောလေတော့သည်။

အချိန်အတော်ကြာပြီးနောက် သူသည် လည်ပင်းအောက်ရှိ နေရာကို ဗီဇအရ ထိတွေ့လိုက်သည်။ ထိုနေရာတွင် မည်သည်မျှ မရှိသော်လည်း သူသည် အနက်ရောင် ကျောက်တုံးကို ခံစားနေရဆဲ ဖြစ်သည်။ ဤကျောက်တုံးနှင့် ပတ်သက်သည့် အရာအားလုံးသည် သူ အတွေ့အကြုံများ ပိုမို ရရှိလာသည်နှင့်အမျှ ရှေ့တွင် တဖြည်းဖြည်း ထင်ရှားလာသည်။

"အသက် ပျက်စီးခြင်း မျိုးစေ့... ပျက်စီးခြင်း အဘိုးအို ပြန်လည် နိုးထခြင်း... သီချင်း ဖန်တီးခြင်း..." သူ ကျောက်တုံးထဲရှိ ဟင်းလင်းပြင်ထဲတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများသည် စုမင်၏ ခေါင်းထဲတွင် ပေါ်လာသည်။ ရှေးဟောင်း သင်္ဘောကြီးသည် သဲဝိညာဉ် ပြောခဲ့သော ကောင်းကင်သင်္ဘော ဖြစ်ရမည်။

အချိန်အတန်ကြာပြီးနောက် စုမင်သည် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ့ကို စိတ်ရှုပ်ထွေးစေပြီး လမ်းပျောက်စေခဲ့သည့် အရာများကို သူ ဆက်မတွေးတော့ပေ။ သူသည် အိစန်း ပုံရိပ်ယောင်ကို ဖျောက်ဖျက်လိုက်ပြီး ကိုယ်ပွားများနှင့် ပေါင်းစပ်ပြီးနောက် ရရှိခဲ့သော စွမ်းအားကို ဖြေရှင်းလိုက်သည်။ ထို့နောက် သတိလစ်နေသော ရွှီဟွေ့ကို ရင်ခွင်ထဲတွင် ပွေ့ချီကာ ရှေ့သို့ ဆက်သွားလေသည်။

ရက်အနည်းငယ် အကြာတွင် စုမင်သည် အတိတ်က သူ ချန်ထားခဲ့သော အမှတ်အသားများအပေါ် အခြေခံ၍ ယခုအခါ သေဆုံးခြင်း၏ တိတ်ဆိတ်မှုများ ပြည့်နှက်နေသော သဲကန္တာရ၏ အဆုံးသတ်သို့ ရောက်ရှိသွားသည်။ အစွန်းတွင် ရပ်နေစဉ် သူသည် ခေါင်းကို လှည့်ကာ သူ၏ နောက်ကွယ်ရှိ သဲကန္တာရအား လှမ်းကြည့်လိုက်သည်။

သဲကန္တာရသည် သေဆုံးခြင်းဆီသို့ ရွေ့လျားနေကြောင်း သူ ခံစားနိုင်သည်။ ထိုနေရာတွင် သက်စောင့်စွမ်းအားများ မရှိတော့သလို သက်ရှိများလည်း မရှိတော့ပေ။

သူ ဆက်ကြည့်နေရင်း ရုတ်တရက် အနက်ရောင် ကျောက်တုံး အပိုင်းအစကို အဘယ်ကြောင့် အသက် ပျက်စီးခြင်း မျိုးစေ့ဟု ခေါ်သည်ကို အနည်းငယ် နားလည်လာသည်။

သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းလှည့်ကာ သဲကန္တာရထဲမှ ထွက်လာခဲ့သည်။ သူ့ရှေ့တွင် မယုံနိုင်လောက်အောင် သန့်ရှင်းနေသော နဂါးငွေ့တန်းတစ်ခု ရှိသည်။ ထိုနဂါးငွေ့တန်းကို သူ ကြည့်လိုက်သောအခါ ဖုန်မှုန့်များ သို့မဟုတ် ပုပ်သိုးနေသော အရာများကို သိပ်မတွေ့ရပေ။ ၎င်းသည် တည်ငြိမ်သော ရွှံ့နွံတစ်ကန်နှင့် တူသည်။ ရှေ့ဆုံးတွင် ဂြိုဟ်တစ်လုံးကို သူ ခပ်ရေးရေး မြင်နိုင်သည်။

၎င်းသည် တစ်စုံတစ်ဦးက ထက်ပိုင်းဖြတ်ထားသကဲ့သို့ နှစ်ပိုင်းကွဲနေသော ကျင့်ကြံခြင်း ဂြိုဟ်တစ်လုံး ဖြစ်သည်။ ၎င်း၏ အချို့ အစိတ်အပိုင်းများသည် ဆက်နေသေးသော်လည်း သူ ကြည့်လိုက်သောအခါ ၎င်းသည် စွန့်ပစ်ခံ မြေရိုင်းတစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။

"မင်း သဲကန္တာရထဲကနေ ထွက်လာတဲ့အခါ နဂါးငွေ့တန်းထဲမှာ မြင်ရမှာက. ငါ့ရဲ့ လူမျိုးစုပဲ" တိကျိုမိုရှား မထွက်ခွာမီက ပြောခဲ့သော စကားများသည် စုမင် နားထဲတွင် ပဲ့တင်ထပ်နေသည်။ သူသည် ပျက်စီးနေသော ကျင့်ကြံခြင်း ဂြိုဟ်ကို စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။

သူ တဖြည်းဖြည်း နီးကပ်လာသည်။ တိတ်ဆိတ်စွာဖြင့် စုမင်သည် ကျင့်စဉ်ဂြိုဟ်ကို စိုက်ကြည့်နေပြီး သူ၏ ခြေလှမ်းများ ပိုမို မြန်ဆန်လာသည်။ အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိသော်လည်း နောက်ဆုံးတွင် သူ နီးကပ်သွားသည်။

ယိုယွင်းပျက်စီးနေသော အချိန်ကာလ၏ လေထုသည် နဂါးငွေ့တန်းထဲတွင် ပြည့်နှက်နေပြီး လူများကို ၎င်းထဲတွင် နစ်မြုပ်စေကာ သူတို့တို့သည်လည်း ၎င်းမှ ရှေးဟောင်းသတ္တဝါများ ဖြစ်လာမည့်အလား ခံစားရစေသည်။

စုမင် တိတ်ဆိတ်စွာ လျှောက်သွားသည်။ သူ ဂြိုဟ်နှင့် ပိုမို နီးကပ်လာသောအခါ ဘယ်ဘက်ခြမ်းတွင် အဆုံးမရှိသည့် အပျက်အစီးများ ရှိနေပုံပေါ်ပြီး ထိုကြားတွင် ကျိုးပဲ့နေသော ရုပ်တုတစ်ရုပ်ကို မြင်တွေ့လိုက်ရသည်။

ရုပ်တုကို အဝေးမှ မြင်လိုက်ရသောအခါ စုမင်၏ ရင်ဘတ်ထဲတွင် စူးရှသော နာကျင်မှုတစ်ခု ပေါ်လာသည်။ တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူသည် ထိုကျင့်ကြံခြင်း ဂြိုဟ်ပေါ်တွင် ချက်ချင်း ပေါ်လာပြီး အနက်ရောင် မြေပြင်တစ်နေရာ၌ ရပ်လိုက်သည်။ သူ့ရှေ့တွင် အဆုံးမရှိသော အပျက်အစီးများ အဆက်မပြတ် ရှိနေသည်။

သေခြင်းတရားသည် အချိန်ကာလ ကုန်ဆုံးသွားသည်တိုင်အောင် တည်ရှိနေသော သွေးနံ့များအသွင်ဖြင့် တည်ရှိနေသည်။ ရှေးဟောင်း လေထုနှင့် တိတ်ဆိတ်ခြင်းသည် ဤနေရာရှိ တစ်ခုတည်းသော အကြောင်းအရာများ ဖြစ်သည်။

အပျက်အစီးများကြားတွင် မတ်မတ်ရပ်နေသော ရုပ်တုသည် ညာလက် ဆုံးရှုံးထားသော်လည်း ဧရာမ အရွယ်အစား ရှိနေဆဲဖြစ်ပြီး ခေါင်းအစ ခြေအဆုံး အနက်ရောင် အမွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့ခေါင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်က အဘိုးအို တစ်ဦး ဖြစ်သည်။ သူသည် မည်သည့်အရောင်ဖြစ်ကြောင်း ဆုံးဖြတ်၍မရသော ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားပြီး အဝေးသို့ လှမ်းကြည့်ရန် ခေါင်းကို မော့ထားသည်။

သူသည်လည်း ရုပ်တုတစ်ရုပ် ဖြစ်သည်။

စုမင်သည် အဘိုးအိုကို ကြည့်လိုက်ပြီးနောက် သတိလစ်နေဆဲဖြစ်သော ရွှီဟွေ့အား ရင်ခွင်ထဲမှ ချထားကာ ရုပ်တုဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သူသည် အထွတ်အထိပ်ပေါ်သို့ ဆင်းသက်ကာ အဘိုးအို၏ ဘေးတွင် ရပ်လျက် ရင်းနှီးနေသော မျက်နှာကို ကြည့်လိုက်သည်။ မှတ်ဉာဏ်အမျိုးမျိုး သူ၏ ခေါင်းထဲတွင် ပေါ်လာသည်။

နဝမ တောင်ထွတ်မှ အပြင်သို့ ထွက်တိုင်း အဝတ်အစား လဲလှယ်ရသည်ကို နှစ်သက်သော အဘိုးအို၊ စစ်မြေပြင်နှင့် အကျွမ်းတဝင်ရှိစေရန် ရှားမန်တို့၏ နယ်မြေသို့ သူ့ကို ခေါ်ဆောင်သွားခဲ့သူ၊ သူ့စိတ်ကို ရှင်းလင်းစေမည့် ပညာရပ်ကို သင်ကြားပေးခဲ့သူ၊ ထို့ပြင် ရေခဲကောင်းကင်မျိုးနွယ်တွင် သူ့ကို နေရာတစ်နေရာ ရှာဖွေခွင့်ပေးခဲ့သူ။

ထိုအခိုက်အတန့်တွင် သူသည် စုမင် ရှေ့တည့်တည့်တွင် ရှိနေသည်။

သူသည် ရုပ်တုကို တွေဝေစွာ စိုက်ကြည့်နေပြီးနောက် သူ၏ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာသည်။ သူသည် တိတ်ဆိတ်စွာ ဒူးထောက်ကာ ရုပ်တုကို ကိုးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။

"ဆရာ..."

သူ့မျက်ရည်များ ရုပ်တုပေါ်သို့ ကျလာသောအခါ ၎င်းတို့က ပျံ့နှံ့သွားပြီး သေးငယ်သည့် အက်ကွဲကြောင်းများထဲသို့ နစ်ဝင်ကာ စိုစွတ်သော အရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဒီနေရာက ငါ မွေးဖွားခဲ့တဲ့ နေရာပဲ..." နက်ရှိုင်းသော အသံတစ်သံ လေထဲတွင် ပဲ့တင်ထပ်သွားသည်။ ၎င်းသည် ရုပ်တုအောက်ရှိ စွန့်ပစ်ခံ အိမ်တစ်လုံးမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုနေရာတွင် ပိန်လှီသည့် အမျိုးသားတစ်ဦးသည် ဆွေးမြေ့နေသော အငွေ့အသက်ဖြင့် ထိုင်နေသည်။

သူသည် တိကျိုမိုရှား ဖြစ်ကြောင်း ပြောစရာပင် မလိုတော့ပေ။

သူသည် ခေါင်းငုံ့ကာ သူ့အောက်ရှိ အိမ်ကို ထိတွေ့လိုက်သည်။ သူ့အသံသည် အပျက်အစီးများကြားတွင် ပျံ့နှံ့သွားပြီး စကားလုံးများသည် ဝမ်းနည်းပူဆွေးမှု၊ လွမ်းဆွတ်မှုနှင့် ဖျောက်ဖျက်၍မရနိုင်သော နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းရှေ့က အဘိုးအိုက ငါတို့ရဲ့ ဘိုးဘေးပဲ။ သူက စကားပြောရတာကို မကြိုက်ဘူး။ အချိန်အများစုမှာ သူက အဝေးကိုပဲ တိတ်တိတ်လေး ကြည့်နေတတ်တယ်။ သူ ကြည့်တဲ့နေရာက ငါတို့ လူမျိုးစုရဲ့ သင်္ကေတဖြစ်တဲ့ အထွတ်အမြတ် တောင်ပဲ။ ငါတို့ ဘိုးဘေးက အဲဒါကို နဝမတောင်လို့ ခေါ်တယ်။

"ဘိုးဘေးက သူ့ဘဝမှာ တပည့်ငါးယောက် ရှိတယ်လို့ ပြောတယ်။ သူတို့အားလုံးက သူ့ကို ဂုဏ်ယူစေတယ်။ သူ့တပည့်တွေဟာ တစ်နေ့ကျရင် စကြဝဠာကြီး တစ်ခုလုံးရဲ့ အာရုံစိုက်မှုကို ခံရပြီး သူတို့ရဲ့ နာမည်တွေက ကမ္ဘာကြီး တစ်ခုလုံးကို ပျံ့နှံ့သွားပြီး ဒီကိုတောင် ရောက်လာလိမ့်မယ်လို့ သူ ယုံကြည်ခဲ့တယ်။

"မင်းက ဘိုးဘေးရဲ့ ဘယ်တပည့်လဲ"

"ငါ့ဆရာမှာ တပည့်လေးယောက်ပဲ ရှိတာ။ ပြီးတော့ တောင်ကို နဝမတောင်လို့ မခေါ်ဘူး။ နဝမ တောင်ထွတ်လို့ ခေါ်တာ" စုမင်က ရုပ်တုကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

တိကျိုမိုရှား၏ ခန္ဓာကိုယ်သည် သတိပြုမိရန် ခက်ခဲသော ပုံစံဖြင့် တုန်ခါသွားသည်။ သူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကာ အကြည့်အား စုမင်ဆီသို့ ဦးတည်လိုက်သည်။

"မင်းရှေ့မှာ ကျောက်တုံး ငါးတုံး ရှိတယ်။ မင်း လက်တွေကို အဲဒီပေါ်မှာ တင်ထားနိုင်တယ်..."

All Chapters