← Chapters

ဧကရာဇ်အဆင့်၊ နတ်အဆင့်၊ ကောင်းကင်ဘဝဂ် ရွှေအမတ

Vol. 11 Ch. 154

ဧကရာဇ်အဆင့်၊ နတ်အဆင့်၊ ကောင်းကင်ဘဝဂ် ရွှေအမတ

Vol. 11 Ch. 154

အခန်း (၁၅၄) ဧကရာဇ်အဆင့်၊ နတ်အဆင့်၊ ကောင်းကင်ဘဝဂ် ရွှေအမတ

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အသံလွှင့်ပြီး အထဲဝင်လာလို့ရပြီဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပျော်ရွှင်စွာ ပြေးသွားပါတယ်။ ဒါကို မြင်လိုက်ရတဲ့ တစ်ခြားသူတွေဟာ ဟန်ကျွယ်ရဲ့ ဂူအောင်းကျင့်ကြံမှု ပြီးဆုံးသွားကြောင်း သိလိုက်ပါတယ်။

မုရုံချီက စကားစလိုက်ပါတယ် “အခုအချိန်မှာ ဆရာဘိုးဘိုးက ဘယ်လောက်ထိ စွမ်းအားကြီးနေပြီလဲ၊ ဒီလောက်ကြအောင် ဂူအောင်းကျင့်ကြံတာ ပထမဆုံးပဲ”

ဟန်ကျွယ်ဟာ တစ်ချိန်လုံး ကျင့်ကြံနေတယ်ဆိုပေမဲ့ သူ့ဆီကို အချိန်မရွေး လာလည်လို့ရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှတော့ နှစ်အတော်ကြာအောင် ဘယ်သူမှလာခွင့်မပေးဘဲ ဂူအောင်းကျင့်ကြံတာပါ။ ဝူတောက်ကျန့်တောင် အပြင်ကို မောင်းထုတ်ခံရပါတယ်။

“ငါလည်း သေချာ မသိဘူး၊ ဆရာဘိုးဘိုးက ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်လောက်မှာ ထင်တယ်” ဖန်းလျန်က ခေါင်းခါပြီး ပြောလိုက်ပါတယ်။

‘ကောင်းကင်ဘုံဝင် ပဥ္စမအဆင့်...’ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာ ဖန်းလျန်ကို စိတ်ထဲမှာ ရှုံ့ချလိုက်ပါတယ် ‘မင်းတို့ဆရာဘိုးဘိုးက ကောင်းကင်ဘုံဝင် နဝမအဆင့်ကို ရောက်နေပြီ’

တကယ်တော့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ဟာလည်း အရမ်းသိချင်နေတာ တစ်ခုရှိပါတယ်။ ဘာလဲဆို‌တော့ ဟန်ကျွယ်က ခြိုးခြံကျင့်ကြံသူဖြစ်ပြီး သူ့ကျင့်ကြံမှုက သေမျိုးကမ္ဘာရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်နေတာတောင် ဘုံပျံမတက်လို့ပဲ ဖြစ်ပါတယ်။

‘သူက ပြိုင်ဘက်ကင်းတဲ့ အတွေ့အကြုံကို ခံစားချင်လို့လား... ဒါပေမဲ့ သူက အပြင်ထွက်တာလည်း မဟုတ်ပဲနဲ့...’

ထူလင်းအာကလည်း ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို အရမ်းသိချင်ပါတယ်။

တစ်ခြားတစ်ဖက် ကျင့်ကြံခြင်းလိုဏ်ဂူအတွင်းမှာတော့...။

ဝူတောက်ကျန့်ဟာ သူ့ဖျာပေါ်မှာထိုင်ပြီး ဟန်ကျွယ်ကို စပ်စုလိုက်ပါတယ် “သခင်... ဒီတစ်ခါ အဆင့်တက်တာလား၊ ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်တာလား”

ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ကျင့်ကြံနေရင်းက ပြန်ဖြေလိုက်ပါတယ် “အဆင့်”

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်က မိုးမြေစိတ်ဝိညာဉ်ချီတင်မကဘဲ ဒီထက်အဆင့်မြင့်တဲ့ စိတ်ဝိညာဉ်ချီ ထုတ်လွှတ်နေတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ ဒီစိတ်ဝိညာဉ်ချီက သာမန်စိတ်ဝိညာဉ်ချီထက် အများကြီး ပိုအားကောင်းပါတယ်။

‘ဒါက အမတဘုံရဲ့ အမတချီများလား....’

‘ဒါ အဖြစ်နိုင်ဆုံးပဲ’

ဖူစန်းသစ်ပင်က အထက်ဘုံမှာရှိတဲ့ ရွှေကျီးကန်းကို သေမျိုးကမ္ဘာဆီ ရောက်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ တစ်ခြားစကားနဲ့ ပြောရရင် ဖူစန်းသစ်ပင်က အထက်ဘုံရဲ့ သက်ရှိတွေ ကျင့်ကြံအားထုတ်နိုင်အောင် ကူညီပေးနိုင်တယ်ဆိုပါပဲ။

ဟန်ကျွယ်ဟာ လုံးဝကို စိတ်သက်သာရာ ရသွားပါတယ်။ ဒီအတိုင်းဆိုရင် ဟန်ကျွယ်ဟာ လွမ်ဟွေမြေအမတ ဖြစ်လာရင်တောင် သေမျိုးကမ္ဘာမှာ ဆက်ကျင့်ကြံလို့ ရပါသေးတယ်။

ဟန်ကျွယ် နားမလည်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါက လွမ်ဟွေမြေလျှောက်အမတက မြေလျှောက်အမတနဲ့ အဆင့်တူပဲလား ဆိုတာကိုပါ။

လွမ်ဟွေအဆင့်ကိုလည်း ခြောက်ဆင့်ခွဲထားပါတယ်။ အဲဒါကတော့ မြေလျှောက်အမတ၊ မြေအမတ၊ ကောင်းကင်အမတ၊ အမတစစ်၊ ဆန်းကြယ်အမတနဲ့ ရွှေအမတတို့ပဲ ဖြစ်ပါတယ်။

‘လွမ်ဟွေ မြေအမတက မဟာညီညွှတ်မှု မြေအမတနဲ့ တူတူပဲလား’

‘ငါရဲ့ ချစ်လှစွာသော အစ်ကိုကို ဒီအကြောင်းမေးရမယ်...’

“ကြိုးကြိုးစားစား အားထုတ်ချည်၊ ငါ ဆန်းကြယ်စွမ်းအားကို သုံးသပ်လိုက်အုန်းမယ်”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ပြောလိုက်ပြီး မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်း ဆန်းကြယ်စွမ်းအားကို စတင်သုံးသပ်လိုက်ပါတယ်။

ဝူတောက်ကျန့်လည်း ဟန်ကျွယ်ရဲ့စကားကြောင့် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး စတင်ကျင်ကြံပါတယ်။

လေးငါးဆယ်ရက် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို ထပ်မံရောက်ရှိသွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ဘာအံဖွယ်နိမိတ်မှာ မဖြစ်ပေါ်စေပါဘူး။ ဘာလို့လဲဆိုတော့ ဟန်ကျွယ်က သက်ရှိအားလုံးကို ဖိနှိပ်နိုင်သွားပြီး ကောင်းကင်တာအိုက သူ့ကို ထပ်ပြီးတော့ မထိန်းချုပ်နိုင်တော့လို့ပါပဲ။

ဟန်ကျွယ်ဟာ ကျန်းကူရှင်းရှေ့ကို အလျင်အမြန်ပဲ ရောက်ရှိသွားပါတယ်။

ကျန်းကူရှင်းက အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်း ရောက်လာပြန်ပြီလား၊ မင်း... မြေလျှောက်အမတ၊ မင်း ဘုံပျံတက်လိုက်တာလား” ကျန်းကူရှင်းဟာ ပထမတော့ တည်ငြိမ်နေပေမဲ့ နောက်ပိုင်းအသံက နည်းနည်းကျယ်သွားပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ် “စီနီယာ... ကျွန်တော် စီနီယာကို မေးစရာရှိတယ်၊ မြေလျှောက်အမတအဆင့်ရဲ့ အပေါ်မှာ မြေအမတလား ဒါမှာ မဟာညီညွှတ်မှု မြေအမတလား”

ကျန်းကူရှင်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ် “မဟာညီညွှတ်မှု မြေအမတပေါ့၊ သူ့အထက်မှာက မဟာညီညွှတ်မှု ကောင်းကင်အမတနဲ့ မဟာညီညွှတ်မှု အမတစစ်ရှိတယ်၊ အဲဒါပြီးရင် မဟာညီညွှတ်မှု ဆန်းကြယ်အမတနဲ့ မဟာညီညွှတ်မှု ရွှေအမတပဲ”

“မဟာညီညွှတ်မှုဆိုတာက တာအိုအသီးပဲ၊ ဒါကို တာအိုဂိုဏ်းက ဖန်တီးခဲ့တာ၊ တာအိုဂိုဏ်း ထိပ်ဆုံးမှာရှိတုန်းက ကျင့်ကြံခြင်းစနစ်ကို ဖွင့်ပေးခဲ့တယ်၊ မဟာညီညွှတ်မှု တာအိုအသီးက ကောင်းကင်တာအိုရဲ့ နိယာမထဲကို ထဲထဲဝင်ဝင် ဝင်ရောက်တာပဲ”

ဟန်ကျွယ်ဟာ ရုတ်ခြည်းဆိုသလို နားလည် သဘောပေါက်သွားပါတယ်။ ဟန်ကျွယ်ဟာ မဟာညီညွှတ်မှုအဆင့်က လွမ်ဟွေအထက်က အဆင့်ခြောက်ဆင့်လို့ ထင်နေခဲ့တာပါ။ ဒါဆိုရင် တော်တော်လေး ကြောက်ဖို့ကောင်းမှာပါ။

ဒါပေမဲ့ ဒီကိစ္စကလည်း ယုတ္တိရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ လွမ်ဟွေဓားအမတ ဖြစ်ပြီး အစဉ်အလာစနစ်အတိုင်း လိုက်မကျင့်ကြံခဲ့လို့ပါ။

ဟန်ကျွယ်က ဆက်မေးပါတယ် “မဟာညီညွှတ်မှုရဲ့ အထက်မှာက ကောင်းကင်ဘဝဂ်လား”

ကျန်းကူရှင်းက ဖြေလိုက်ပါတယ် “အရိုင်းခေတ်မှာတုန်းကတော့ မဟာညီညွှတ်မှုရဲ့ အထက်မှာ ကောင်းကင်ဘဝဂ်ရှိခဲ့တာ အမှန်ပဲ၊ ဒါပေမဲ့ ဒီနှစ်တွေ အများကြီးမှာ မရေမတွက်နိုင်တဲ့ ပညာရှင်တွေ ထွက်ပေါ်လာခဲ့တယ်၊ သူတို့က သူတို့ကျင့်ကြံမှုကို အသုံးပြုပြီး အဆင့်တစ်ဆင့်ရဲ့ စွမ်းအားကို တိုးမြှင့်ခဲ့တယ်၊ ပြီးတော့ ဒီနည်းလမ်းတွေကို မျိုးဆက်သစ်တွေဆီ ကမ်းပေးတဲ့အတွက် ကျင့်ကြံမှုအဆင့် ညီမျှခြေကလည်း ပြောင်းလဲသွားတယ်၊ အခုအချိန်မှာတော့ မဟာညီညွှတ်မှုနဲ့ ကောင်းကင်ဘဝဂ်ကြားမှာ ဧကရာဇ်အဆင့်နဲ့ နတ်အဆင့် ရှိတယ်”

“အမတဧကရာဇ်က လမ်းခြောက်သွယ်ကနေ လွတ်မြောက်နိုင်ပြီးတော့ အနန္တကမ္ဘာတွေကို ကောင်းကင်တာအို နိယာမရဲ့ ကန့်သတ်ချက်မရှိဘဲ အလိုရှိသလို ခရီးနှင်နိုင်တယ်၊ သူတို့မှာ သက်တမ်းကန့်သတ်ချက် မရှိတော့ဘူး၊ အမတဧကရာဇ်တွေက အထက်ဘုံရဲ့ ထိပ်သီးတွေပဲ၊ အမတဧကရာဇ်က သေဆုံးသွားတယ်ဆိုရင်တောင် ဝိညာဉ်တစ်စကျန်နေသေးရင် သူ့တာအိုနှလုံးသား မပျက်စီးသေးရင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကနေ ပြန်လာနိုင်တယ်”

အမတဧကရာဇ် အကြောင်းပြောတဲ့အခါ ကျန်းကူရှင်းရဲ့လေသံက မနာလိုမှုနဲ့ ပြည့်နှက်နေပါတယ်။

ဟန်ကျွယ်ကတော့ မုရုံချီကို တွေးမိသွားပါတယ်။ မုရုံချီဟာ အရင်ဘဝတုန်းက အမတဧကရာဇ်အုပ်စု ဝန်းရံတာကို ခံရပြီး အသတ်ခံခဲ့ရတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီထက်မြင်တဲ့အဆင့်ကို ရောက်သွားတာလည်း ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “နတ်အဆင့်ကရော၊ ဘယ်လိုမျိုးလဲ”

“နတ်အဆင့်က သေမျိုးကမ္ဘာရဲ့ ရှိခိုးပူဇော်မှုကနေ ဖြစ်တည်လာတာ၊ သူတို့မှာ မကုန်ဆုံးနိုင်တဲ့ ကံတရားအထောက်အပံ့ရှိတယ်၊ ဝိညာဉ် လွှင့်ပါးပျောက်ကွယ်သွားရင်တောင် အသက်ပြန်ရှင်နိုင်သေးတယ်၊ သူတို့က အမတဧကရာဇ်တွေထက် ပိုစိတ်ရှုပ်ဖို့ကောင်းတယ်၊ စွမ်းအားချင်း ယှဉ်ရင်လည်း သူတို့ရဲ့ ဝိညာဉ်စွမ်းအားက အဲဒီဧကရာဇ်အဆင့်ထက် အများကြီး စွမ်းအားပိုကြီးတယ်၊ နတ်အဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူတွေက သူတို့ကမ္ဘာကို ဖန်တီးကြတာပဲ”

“ကောင်းကင်ဘဝဂ် ရွှေအမတအဆင့်ကတော့ ထိပ်ဆုံးတည်ရှိမှုပဲ၊ ဒဏ္ဍာရီအရ ကောင်းကင်ဘဝဂ် ရွှေအမတက နိယာမသုံးထောင်ရဲ့ အထက်မှာ၊ သူတို့က အချိန်၊ နေရာနဲ့ ကံတရားကို ဖြတ်ပြီး သမိုင်းမြစ်ရှည်ထဲကို ခရီးနှင်နိုင်တယ်”

ဟန်ကျွယ်ဟာ အထင်ကြီးလေးစားသွားပြီး ပန်းတိုင်းလေးတစ်ခု ချမှတ်လိုက်ပါတယ်။ အဲဒီပန်းတိုင်လေးကတော့...

ကောင်းကင်ဘဝဂ် ရွှေအမတ ဖြစ်လာဖို့ပါပဲ။

ကျန်းကူရှင်းဟာ စကားလမ်းကြောင်း ပြောင်းပြီး သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မင်းက အသက်တစ်ထောင်တောင် မပြည့်သေးဘူး၊ မြေလျှောက်အမတ ဖြစ်နေပြီ၊ မင်းအရည်အချင်းနဲ့ဆိုရင် ဘုံပျံတက်တာနဲ့ မဟာညီညွှတ်မှု မြေအမတအဆင့်ကို ချက်ချင်း ရောက်သွားမှာ၊ ဘာလို့ အထက်ဘုံကို မတက်သေးတာလဲ”

ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် အရင်က ပြောခဲ့တယ်လေ၊ ကျွန်တော့်ရန်သူတော် ပြဒါးငှက်ကို ကျွန်တော့်ကို အထက်ဘုံမှာ စောင့်နေတယ်၊ ကျွန်တော်က မသေချင်သေးသလို အကောင့်ဖျက်ပြီး အသစ်ကနေလည်း ပြန်မစချင်ဘူး”

“အကောင့်ဖျက်ပြီး အသစ်ပြန်စမယ်...”

“ပြန်လည်မွေးဖွားတာကို ပြောတာ”

“အို”

အဲဒီနောက် နှစ်ယောက်လုံး တိတ်ဆိတ်သွားကြပါတယ်။

တစ်ခဏအကြာမှာတော့...။

ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ဘယ်အချိန် ရှင်းလင်းမှာလဲ၊ သူတို့က သေမျိုးကမ္ဘာကို တိုက်ရိုက်ဖျက်ဆီးမှာလား၊ သက်ရှိတွေ အကုန်လုံးကိုပဲ သတ်ဖြတ်မှာလား”

ကျန်းကူရှင်းက ပြောလိုက်ပါတယ် “သက်ရှိအကုန်လုံးကို မျိုးတုံးအောင် သတ်ပစ်မှာ၊ သေမျိုးကမ္ဘာတစ်ခု ဖြစ်တည်လာဖို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာတယ်၊ ဖျက်ဆီးပစ်လိုက်ရန် တန်းဖိုးက အရမ်းကြီးမားလွန်းတယ်၊ ပုံမှန်အတိုင်းဆိုရင် ကောင်းကင်ရုံးတော်က ကောင်းကင်စစ်သားတွေ စေလွှတ်ပြီး သက်ရှိအကုန်လုံးကို သတ်ပစ်လိမ့်မယ်၊ ပြီးရင် တစ်ခြားသေမျိုးကမ္ဘာက သက်ရှိတွေယူပြီး အသစ်ပြန်စခိုင်းလိမ့်မယ်၊ သေမျိုးကမ္ဘာမှာရှိတဲ့ ကောင်းကင်တာအိုအတွက်ကတော့ သက်ရှိအားလုံးက ကောင်းကင်တာအိုရဲ့ အစိတ်အပိုင်းပဲ၊ သက်ရှိတွေ လုံးဝ မကျန်တော့ရင် ကောင်းကင်တာအိုလည်း သူ့အလိုလို ပျက်စီးသွားလိမ့်မယ်”

“ကောင်းကင်ရုံးတော်က စေလွှတ်တဲ့ ကောင်းကင်စစ်သားတွေက ဘယ်လောက်ထိ အစွမ်းရှိလဲ”

“အများစုကတော့ မဟာညီညွှတ်မှု မြေအမတတွေ ဦးဆောင်ကြတယ်၊ တစ်ချို့အခြေအနေတွေမှာပဲ ကောင်းကင်ရုံးတော်က မဟာညီညွှတ်မှု ကောင်းကင်အမတကို စေလွှတ်လိမ့်မယ်”

ဟန်ကျွယ်ဟာ ဖိအားများသွားပါတယ်။ ဟန်ကျွယ်ဟာ မေးခွန်းအချို့ ထပ်မေးပါတယ်။ ကျန်းကူရှင်းကလည်း သူသိသမျှအကုန်လုံးကို ပြောပြပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ ကျန်းကူရှင်းကို နှုတ်ဆက်ပြီး ရှေ့ဆက်လျှောက်ပါတယ်။

လွမ်ဟွေအမတ ဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ သူ ဘယ်လောက်ဝေးဝေး ဆက်သွားနိုင်မလဲဆိုတာကို စမ်းသပ်ဖို့ မစောင့်နိုင်တော့ပါဘူး။

ကျန်းကူရှင်းဟာ ဟန်ကျွယ်နောက်‌ကျောကို ကြည့်ရင်း စိတ်ထဲမှာ တွေးမိလိုက်ပါတယ် ‘ဒီကောင်လေး ဘယ်လောက်ထိ ဆက်သွားနိုင်မှာလဲ’

ဟန်ကျွယ်‌ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[ကျန်းကူရှင်းသည် သင့်အား အကောင်းမြင်စိတ် တိုးလာပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်ခွဲ။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြုံးမိလိုက်ပါတယ် ‘ငါ သိသားပဲ... အင်အားက ဆက်သွယ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ ဆိုတာကို’

ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်ပြီးနောက်။

ဟန်ကျွယ်ရဲ့ မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းဟာ ပြောင်းလဲသွားပြီး အရင်ကထက် အများကြီး စွမ်းအားပိုကြီးလာပါတယ်။ ဟန်ကျွယ်ဟာ သူ့နားလည်မှုကို အကျွမ်းဝင်အောင် သုံးသပ်ပြီးနောက်မှာ အသွင်တူလက်ရည်စမ်းပွဲထဲ ချက်ချင်းဝင်ပြီး မုန့်ပေါ်နဲ့ တိုက်ခိုက်ပါတယ်။

မုန့်ပေါ်က ဟန်ကျွယ့်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှမ်ချင်းကျွင်းနဲ့ တိုက်ခိုက်တဲ့အခါမှာတော့ ရွှမ်ချင်းကျွင်းကို ချက်ချင်း သတ်ပစ်လိုက်နိုင်ပါတယ်။

ဒီတိုက်ပွဲနှစ်ခုက စိတ်လှုပ်ရှားစရာ မကောင်းပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့အစွမ်းကို စမ်းသပ်ဖို့အတွက် မြေလျှောက်အမတတစ်ဦးနှင့် အမြန်တွေ့ဆုံချင်သွားပါတယ်။

‘အို... မဟုတ်သေးဘူး၊ ငါ တာအိုနှလုံးသားက မခိုင်မမြဲ ဖြစ်လာပါလား၊ ငါက အန္တရာယ်နဲ့ ဝေးဝေးနေရမှာ မဟုတ်ဘူးလား’

ဟန်ကျွယ်ဟာ သူ့အတွေးတွေက တော်တော်လေး အန္တရာယ်ရှိနေတာကို သတိပြုမိသွားပါတယ် ‘ကောင်းကင်တာအိုက ငါ့ကို ထပ်ပြီးတော့ ဖြားယောင်းနေတာပဲ ဖြစ်ရမယ်’ ဟန်ကျွယ်ဟာ မတ်မတ်ထိုင်လိုက်ပြီး ဘာမှလည်း မတွေးသလို ဘာမှလည်း မလုပ်ပါဘူး။ ဒီလိုနဲ့ အတန်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ နှလုံးသားဟာ ပြန်တည်ငြိမ်သွားပါတယ်။ နှလုံးသား တည်ငြိမ်သွားတာနဲ့ ဟန်ကျွယ်လည်း မတ်တတ်ရပ်ပြီး အပြင်ဘက်ကို ထွက်လိုက်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်ကို ဟန်ကျွယ် ရောက်တဲ့အခါ ဖူစန်းသစ်ပင်အောက်က လူတိုင်းဟာ မတ်တတ်ရပ်ပြီး အရိုအသေပေးပါတယ်။

“ဆရာ”

“ဆရာဘိုးဘိုး”

ထူလင်းအာလည်း မျက်လုံးဖွင့်ပြီး ဟန်ကျွယ်ကို ကြည့်လိုက်ပါတယ်။ ဒီအကြိမ်က ထူလင်းအာ ဟန်ကျွယ်ကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ ‘ချောလိုက်တဲ့ ယောက်ျားပါလား’

ထူလင်းအာဟာ မှင်သက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကြီးပြင်းလာတဲ့ ကောင်းကင်အမတစံအိမ်မှာတောင် ဒီလောက်ချောမောတဲ့ ယောက်ျား မရှိလို့ပါပဲ။

[ထူလင်းအာသည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters