လောကနံပါတစ်၏ စိန်ခေါ်မှု
Vol. 11 Ch. 155
အခန်း (၁၅၅) လောကနံပါတစ်၏ စိန်ခေါ်မှု
‘မျက်နှာသာပေးမှုက ကြယ်လေးပွင့်တောင်လား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့တပည့်တွေကို လျစ်လျစ်ရှုပြီး ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ သူ့ဆီရောက်လာတဲ့ ဟန်ကျွယ်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ဟန်ကျွယ်က စကားပြောဖို့ ပြင်လိုက်ပေမဲ့ ရှင်းဟုန်ရွှမ်က အတင်းဖြစ်နေတာကြောင့် စကားတစ်လုံးတောင် မပြောလိုက်ရပါဘူး။
ဟန်ကျွယ်ဟာ အသံထွက်မှာစိုးတဲ့အတွက် ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကျင့်ကြံခြင်းတစ်ခုလုံးကို လွှမ်းခြုံလိုက်ပါတယ်။
တစ်လကြာပြီးနောက်။
ဟန်ကျွယ်နဲ့ ရှင်းဟုန်ရွှမ်ဟာ သန့်ရှင်းတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပြီး မျက်နှာချင်းဆိုင် ထိုင်နေကြပါတယ်။
ဟန်ကျွယ်ဟာ ရေခဲဘုရင်ရဲ့ သရဖူကို ထုတ်ယူပြီး ရှင်းဟုန်ရွှမ်ကို ပေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ဟာ အာလာပသလ္လာပ ပြောတာ ရပ်လိုက်ပြီး ဟန်ကျွယ်ရဲ့ လက်ဆောင်ကို ပျော်ရွှင်စွာ လက်ခံလိုက်ပါတယ်။ အဲဒီနောက် သူ မတော်တဆရထားတဲ့ ဆေးလုံးတွေကို ထုတ်ယူပြီး ဟန်ကျွယ်ကို ပြန်ပေးပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ လက်ဆောင်ကို ငြင်းပယ်လိုက်ပါတယ်။
“ငါ သေမျိုးကမ္ဘာက ဘာပစ္စည်းကိုမှ မလိုအပ်တော့ဘူး၊ နောက်ကျရင် မင်းဘာသာ သုံးတော့” ဟန်ကျွယ်က ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့ဘေးနားမှာ အမျိူးသမီးတွေ အများကြီးရှိပေမဲ့ ရှင်းဟုန်ရွှမ်ကို အနှစ်သက်ဆုံး ဖြစ်ပါတယ်။
အချစ်က ဈေးပေါပေမဲ့ ပေးဆပ်ခြင်းကတော့ ရှားပါးလွန်းတယ်။
အကြောင်းတစ်စုံတစ်ရာကြောင့် တစ်စုံတစ်ယောက်နဲ့ ချစ်မိဖို့က လွယ်ကူပေမဲ့ သူ့ကို ကိုယ်တန်ဖိုးထားတာတွေ ပေးအပ်ဖို့ကတော့ ခက်ခဲလွန်းတယ်။ တန်ဖိုးထားတာတွေ ပေးအပ်ခံရမှလည်း သူက မင်းကို တကယ်ချစ်တာ။
အတိတ်မှာတုန်းက ရှင်းဟုန်ရွှမ်ဟာ အပြင်ထွက် လေ့ကျင့်ပြီး ပြန်လာတိုင်း ဟန်ကျွယ်ကို ရတနာတွေ ပေးခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ဘာမှမပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ ကျေးဇူးတင်နေခဲ့တာပါ။ ဒီမှတ်ဉာဏ်တွေကိုလည်း ဟန်ကျွယ် ဘယ်လိုမှ မေ့နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကောင်းကင်ရုပ်သေးရုပ် ထုတ်ခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်နဲ့ စကားစမြည်ပြောဆိုရင်း ကောင်းကင်ရုပ်သေးရုပ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပြောင်းလဲပေးလိုက်ပါတယ်။
ရှင်းဟုန်ရွှမ်ရဲ့ ကောင်းကင်ရုပ်သေးရုပ်သာ မြေလျှောက်အမတအဆင့်ကို ရောက်ရှိသွားရင် နောက်တစ်ခါ ရှင်းဟုန်ရွှမ် အပြင်ထွက်တဲ့အခါ သေဖို့ဆိုတာက မိုးပေါ်လှေကားထောင်တက်ရသလို ခက်ခဲသွားမှာပါ။
ရှင်းဟုန်ရွှမ်ရဲ့ မျက်နှာဟာ တစ်ချိန်လုံး အပြုံးပန်းဝေနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့နဲ့ ပိုနီးကပ်လာပြီး အရင်ထက် စကားပိုပြောလာလို့ပါ။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို အရင်တုန်းကလို အပိုင်စီးလိုစိတ် မရှိတော့ပါဘူး။ ဟန်ကျွယ် နှလုံးသားထဲက အရေးကြီးဆုံးလူပဲ ဖြစ်ချင်ပါတော့တယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ရဲ့ အကြံကို ခံစားမိပါတယ်။ ဒါပေမဲ့ ဒီဟာတွေက ဟန်ကျွယ်အတွက် ဘာမဟုတ်တဲ့ကိစ္စတွေမို့ ခေါင်းထဲထည့်ပြီး သိမ်းမထားပါဘူး။ ရှင်းဟုန်ရွှမ်က သူ သဘောကျလာအောင် ကြိုးစားနေမှာတော့ ဟန်ကျွယ်အနေနဲ့ ဘာပြောနိုင်အုန်းမှာလဲ။
ရှင်းဟုန်ရွှမ်ကနေတစ်ဆင့် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလောကရဲ့ အခြေအနေကို နားလည်လိုက်ပါတယ်။ ကောင်းကင်အမတစံအိမ်ဟာ မိစ္ဆာစစ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးလုနီး ဖြစ်သွားပါတယ်။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ တစ်ခြားမြင့်မြတ်နယ်မြေတွေက ဝိုင်းကူညီကြပါတယ်။ နောက်ဆုံးမှာတော့ ဂျိရှင်းရှန်က မိစ္ဆာစစ်တွေ အကုန်လုံးကို တစ်ယောက်တည်း သတ်ဖြတ်လိုက်တာကြောင့် ဂျိရှင်းရှန်ရဲ့ နာမည်ဟာ လောကတစ်ခုလုံးကို တုန်လှုပ်သွားစေပါတယ်။
အခုလက်ရှိ ဂျိရှင်းရှန်က ကျင့်ကြံခြင်းလောကရဲ့ တကယ့်နံပါတ်တစ် ဖြစ်နေပါပြီ။
ရှင်းဟုန်ရွှမ်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဟွန်း... ဘာနံပါတ်တစ်လဲ၊ ကျွန်မ အမြင်မှာတော့ ယောက်ျားက ကျင့်ကြံခြင်းလောကရဲ့ နံပါတ်တစ်ပဲ၊ ဒါပေမဲ့ ယောက်ျားက ကုပ်ကုပ်လေးကျင့်ကြံနေလို့ သူတို့တွေ မသိကြတာ”
“မင်း ကျင့်ကြံခြင်းလောကမှာ နံပါတ်တစ် ဖြစ်ရင်ပဲ ငါ ကျေနပ်ပါပြီ”
“ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်မ ကြိုးစားပြီး ကျင့်ကြံမယ်၊ အချိန်မဖြုန်းတော့ဘူး”
“အင်း”
လေးငါးဆယ်ရက် အကြာမှာတော့။
ဟန်ကျွယ်ဟာ ကောင်းကင်ရုပ်သေးရုပ်ကို အဆင့်မြှင်တင့်လို့ ပြီးစီးသွားပါတယ်။ အဲဒါကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို ကောင်းကင်ရုပ်သေးရုပ် ပြန်သိမ်းခိုင်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အပြင်ခေါ်ထုတ်သွားပြီး နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာ၊ လီချင်းဇဲ့နဲ့ စုချီတို့ကို ဖူစန်းသစ်ပင်အောက်ဆီ ခေါ်သွားပါတယ်။
ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေး ဖန်းလျန်နဲ့ မုရုံချီတို့သုံးယောက်ကို စုချီပတ်လည်မှာ တမင်ထိုင်စေပါတယ်။ ဒီလိုထိုင်စေတာက စုချီရဲ့ ကြမ္မာဆိုးကို ဖိနှိပ်ဖို့ပါ။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ တာအိုကို စတင်ဟောကြားပါတယ်။
လွမ်ဟွေမြေလျှောက်အမတ ဖြစ်လာပြီးနောက် ဟန်ကျွယ်ရဲ့ မဟာတာအို နားလည်မှုဟာ အရင်ကထက် နက်ရှိုင်းလာပါတယ်။
ဟန်ကျွယ်ရဲ့ စကားလုံးတွေက လူတိုင်းကို နက်နက်နဲနဲ နားလည်သွားစေပါတယ်။ ဒီလိုဖြစ်ရတာက ဟန်ကျွယ်ရဲ့အသံဟာ လူတိုင်းရဲ့ သိမြင်နားလည်မှုကို ယာယီတိုးမြှင့်ပေးလိုက်လို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့တာအိုကို အသံထဲ ထည့်သွင်းပြီး အတူတူ ဟောကြားလိုက်လို့ပဲ ဖြစ်ပါတယ်။
ဒီဟောကြားမှုက တစ်နှစ်ကြာပါတယ်။
ဟန်ကျွယ် ဟောကြားတာ ရပ်လိုက်တဲ့အခါမှာ လူတိုင်းလည်း အသိပြန်ဝင်လာကြပါတယ်။
[ထူလင်းအာသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]
ထူလင်းအာသာ မဟုတ်ပါဘူး။ တစ်ခြားလူတွေရဲ့ မျက်နှာသာပေးမှုလည်း တိုးသွားပါတယ်။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “ဒီလောက်ဆို တော်သင့်ပြီ၊ ငါ ဆက်ကျင့်ကြံရအုန်းမယ်”
အဲဒီနောက် ဟန်ကျွယ်ဟာ နေရာက လှည့်ထွက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။ ဝူတောက်ကျန့်လည်း နောက်ကနေ ချက်ချင်း လိုက်သွားပါတယ်။ လီချင်းဇဲ့ဟာ သက်ပြင်းချလိုက်ပါတယ် “အကြီးအကဲဟန်က တကယ့်ကို ပိုပိုပြီး စွမ်းအားကြီးလာတာပဲ၊ ငါ့အထင် အမတတစ်ဦး ဖြစ်သွားလောက်ပြီ”
နတ်မိမယ်ရှီရွှမ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သူက အမတဖြစ်လာရင် သေမျိုးကမ္ဘာမှာ ဘယ်လိုလုပ်ပြီး ဆက်နေနိုင်တာလဲ”
တစ်ခြားသူတွေကလည်း ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအဆင့်ကို သိချင်သွားကြပါတယ်။
စုချီက ထိုင်နေရာကနေ အရင်ဆုံးထလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ကျင့်ကြံခြင်းလိုဏ်ဂူကို အမြန်ပြန်ပြီး မဟာတာအိုကို ဆက်သုံးသပ်ပါတယ်။
မြေလျှောက်အမတ ဖြစ်လာပြီးနောက် ဟန်ကျွယ်ဟာ နားနားနေနေ မနေဘဲ ကြိုးကြိုးစားစား ဆက်ကျင့်ကြံပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီး လုံခြုံနေသမျှ ကာလပတ်လုံး ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလောကရဲ့ အရေးအခင်းတွေကို ဂရုမစိုက်ပါဘူး။
ဒီလိုနဲ့ အချိန်ငါးနှစ် ကုန်ဆုံးသွားပြီး ဂျိရှင်းရှန် ထပ်ရောက်လာပါတယ်။
“ကွမ်းယွီ ဘယ်မှာလဲ၊ ထွက်လာပြီး ယှဉ်ပြိုင်တိုက်ခိုက်ပါ”
ဒီတစ်ခါမှာတော့ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ဆီ အသံလွှင့်ပြီး စကားမပြောဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်တဲ့အတွက် ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားပါတယ်။ ဂျိရှင်းရှန်ရဲ့ အသံကို ယွီဂျင်ဂိုဏ်းတော်ကြီးက တပည့်အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်။
ဖူစန်းသစ်ပင်အောက်က ထူလင်းအာဟာ မျက်လုံးဖွင့်လိုက်ပြီး အထူးအဆန်း ဖြစ်သွားပါတယ်။
‘ဂျိရှင်းရှန်က ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ’
မုရုံချီက စပ်စုလိုက်ပါတယ် “ကွမ်းယွီက ဘယ်သူလဲ”
ရန်ထျန်တုန်းက အပြုံးနဲ့ ပြောလိုက်ပါတယ် “အဲဒါ မင်းရဲ့ဆရာဘိုးဘိုးပဲ၊ သူ့မှာ ချောင်ချောင်နဲ့ ကျောက်ယွင်ဆိုတဲ့ တစ်ခြားနာမည်တွေလည်း ရှိသေးတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ဒီတစ်ခါ နည်းနည်း ဘဝမြင့်လာပါလား... ကြည့်ရတာ လောကနံပါတ်တစ်က သူ့ကို လေပေါ် မြောက်သွားစေတယ်နဲ့ တူတယ်’
ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို ချက်ချင်း စတင်လိုက်ပါတယ်။
တစ်ချက်တည်း အသေသတ်။
‘ဒါပဲလား’ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ ဟန်ကျွယ် အမြင်မှာတော့ ဂျိရှင်းရှန်က ရေတွင်းထဲက ဖားသူငယ်လေး ဘဝမြင့်နေသလိုပါပဲ။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ရုတ်ခြည်းပျောက်ကွယ်သွားပါတယ်။
ကီလိုမီတာဒါဇင်ကျော်...
ဒီတစ်ခါလည်း အရင်တောအုပ်ပါပဲ။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရှေ့မှာ ရုတ်ခြည်း ပေါ်လာပါတယ်။ အခုဂျိရှင်းရှန်ဟာ ရွှေရောင်ဝတ်ရုံကို တတ်ဆင်ထားပေမဲ့ ဧကရာဇ်ဝတ်ရုံ ဆင်မြန်းထားတဲ့ ဟန်ကျွယ်ကို မမီနိုင်သေးပါဘူး။
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို ကြည့်ပြီး စိတ်ထဲမှာ မနာလို ဖြစ်သွားပါတယ် ‘သူ့အဝတ်အစားက ငါ့ထက် ပိုကောင်းနေပါလား’
ဂျိရှင်းရှန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ကွမ်းယွီ... ကောင်းကင်ဘုံဝင်အဆင့်ရှိတဲ့ မိစ္ဆာစစ် ဒါဇင်ကျော်ကို ငါ သတ်ပြီးပြီ၊ အခုငါ့စွမ်းအားက အရင်လို မဟုတ်တော့ဘူး၊ မင်း ငါနဲ့ တိုက်ရဲလား”
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်း ငါ့ကို မနှောင့်ယှက်တော့ဘူးဆိုပြီး ပြောခဲ့လားလို့”
“ငါ... ငါက မင်းနဲ့ လက်ရည်စမ်းချင်ရုံပါ”
“လက်ရည်စမ်းတာက မဆုံးနိုင်တော့ဘူး၊ ငါတို့တွေ သူသေကိုယ်သေ တိုက်ကြမလား”
‘လေလုံးထွားလှချည်လား’ ဟန်ကျွယ်လေသံကြောင့် ဂျိရှင်းရှန်ဟာ ဒေါသထွက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို တစ်ခါမှ မနိုင်ခဲ့တာ ပြန်တွေးမိပြီး ဂျိရှင်းရှန်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
အဲဒီနောက် ဂျိရှင်းရှန်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဒီတစ်ခါ ငါ ထပ်ရှုံးရင် ဒီသေမျိုးကမ္ဘာမှာ မနေတော့ဘူး၊ အထက်ဘုံကို တက်သွားမယ်၊ မင်းကိုလည်း ထပ်မနှောင့်ယှက်တော့ဘူး”
“မင်း သေချာလား”
“သေချာတယ်၊ ငါတို့တွေက လက်ရည်စမ်းရုံပဲ၊ သူသေကိုယ်သေ မတိုက်ဘူး”
ဟန်ကျွယ်ဟာ ရှေ့ကိုခြေတစ်လှမ်း တိုးလိုက်ပြီး လက်မြှောက်လိုက်ပါတယ်။ အဲဒီနောက် ဂျိရှင်းရှန်ပခုံးကို ဖိချလိုက်တဲ့အခါ ဝိညာဉ်စွမ်းအား ရုတ်ခနဲ ထွက်ပေါ်လာပြီး ဂျိရှင်းရှန်ကို ဖိနှိပ်လိုက်ပါတယ်။
“ဝုန်း..”
ဂျိရှင်းရှန်ဟာ ဘယ်လိုမှ တောင့်မခံနိုင်ဘဲ ခြေထောက်တွေ ပျော့ခွေကာ မြေကြီးပေါ် ဒူးတစ်ချောင်း ထောက်သွားပါတယ်။ တောအုပ်တစ်ခုလုံးလည်း ပြင်းထန်စွာ လှုပ်ခတ်သွားပါတယ်။
ဂျိရှင်းရှန်ရဲ့ မျက်နှာဟာ ချက်ချင်းကို သွေးဆုတ်သွားပါတယ်။
‘မဖြစ်နိုင်ဘူး’
‘ဒီစိတ်ဝိညာဉ်စွမ်းအားက...’
ဂျိရှင်းရှန်ဟာ ရုန်းထွက်ဖို့ ကြိုးစားပေမဲ့ အချည်းနှီးပါပဲ။ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအားကို ဘယ်လိုမှ ထုတ်လို့မရပါဘူး။ ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်းအားက အချုပ်ဖြစ်သွားပြီး သူ့တစ်ကိုယ်လုံးကို ချုပ်နှောင်လိုက်သလိုပါပဲ။
အချိန်အတန် ကြာသွားတဲ့အခါမှာတော့ ဂျိရှင်းရှန်ဟာ ခေါင်းငုံ့ပြီး အံကြိတ်ကာ ပြောလိုက်ပါတယ်။
“ငါ ရှုံးသွားပြီ”
ရှုံးတာမှ ရိုးရိုးလေး ရှုံးတာ မဟုတ်ပါဘူး။ ပြန်မတိုက်နိုင်လောက်တဲ့အထိကို ပက်ပက်စက်စက် ရှုံးသွားတာပါ။
ဟန်ကျွယ်ဟာ သူ့လက်ကို ပြန်ရုတ်လိုက်ပါတယ် “ကြိုးကြိုးစားစား ကျင့်ကြံချည်၊ မင်းအရည်အချင်းနဲ့ဆိုရင် တစ်နေ့ကျ ငါ့ကို ကျော်တက်နိုင်မှာ၊ ဘုံပျံတက်တာကတော့ နည်းနည်းစောင့်အုန်း၊ ဒီကမ္ဘာက မင်းရဲ့ ကာကွယ်မှုကို လိုအပ်သေးတယ်”
‘ဒီကောင် ဘုံပျံတက်သွားလို့ မဖြစ်သေးဘူး... ကောင်းကင်ရုံးတော်က မကြာခင် ရောက်လာတော့မှာ’
ဂျိရှင်းရှန်ဟာ အသက်ပြင်းပြင်းရှူသွင်းပြီး ပြောလိုက်ပါတယ် “ကျုပ် ဒီကို ဘယ်တော့မှ ထပ်မလာတော့ဘူး”
ဂျိရှင်းရှန်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်လည်း ကျင့်ကြံခြင်းလိုဏ်ဂူထဲ လျှပ်တစ်ပြက် ပြန်သွားပြီး ဆက်လက်ကျင့်ကြံပါတယ်။ ဖူစန်းသစ်ပင်အောက်က ထူလင်းအာနဲ့ ဖန်းလျန်ကတော့ အံဩတကြီး ဖြစ်နေတုန်းပါပဲ။
တစ်ခြားသူတွေက ဂျိရှင်းရှန်ကို မသိပေမဲ့ သူတို့ကတော့ ဂျိရှင်းရှန်အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ သူတို့တွေက တိုက်ပွဲဖြစ်ပွားရာနဲ့ ကီလိုမီတာ ဒါဇင်ကျော် ဝေးကွာနေပေမဲ့လည်း သူတို့ရဲ့ ကျင့်ကြံမှုအဆင့်ကြောင့် ရှင်းရှင်းလင်းလင်းကြီးကို မြင်လိုက်ရပါတယ်။
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ရဲ့ ဖိနှိပ်မှုကြောင့် တစ်ချက်ကလေးတောင် မလှုပ်ရှားနိုင်ပါဘူး။ ဒါက ဘာကိုပြနေလဲဆိုတော့ ဟန်ကျွယ်နဲ့ ဂျိရှင်းရှန်ရဲ့ ကျင့်ကြံမှုက မိုးနဲ့မြေလို ကွာခြားတာကိုပါ။
‘ငါ နေရာမှန်ကို ရောက်လာတာပဲ’ ထူလင်းအာဟာ သူ့ကိုယ်သူ တွေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီလောက်ကြာတာတောင် ဟန်ကျွယ်က သူ့ကို တပည့်အဖြစ် တရားဝင် လက်မခံသေးပါဘူး။
‘သူက ငါ့ကို စိုးရိမ်နေတုန်းပဲလား... ငါရဲ့ အရင်တုန်းက သရုပ်ကြောင့်လား’
‘သူ သဘောကျအောင် ငါ ဘာလုပ်ရမလဲ’
ထူလင်းအာဟာ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်း ရုပ်ရည်ကို တွေးမိသွားတဲ့အခါ မျက်နှာတစ်ခုလုံး နီမြန်းသွားပါတယ်။
‘မဟုတ်သေးပါဘူး... ငါတိုလို့ ကျင့်ကြံသူတွေက ဒီလိုဘာမဟုတ်တဲ့ ကိစ္စတွေကို ဂရုမစိုက်သင့်ဘူး’
‘ငါ သူ့ကို ရတနာ ပေးသင့်လား’
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။