← Chapters

ပြန်လည်မွေးဖွားခြင်း အမတ အလယ်အဆင့်၊ ညီမလေး

Vol. 11 Ch. 160

ပြန်လည်မွေးဖွားခြင်း အမတ အလယ်အဆင့်၊ ညီမလေး

Vol. 11 Ch. 160

အခန်း (၁၆၀) ပြန်လည်မွေးဖွားခြင်း အမတ အလယ်အဆင့်၊ ညီမလေး

‘ချီယွင်ရှန်း... ဘယ်သူလဲဟ’

ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပြီး ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။ ချီယွင်ရှန်းဟာ အပေါ်ယံကြည့်မယ်ဆိုရင် သေမျိုးတစ်ဦးလိုပါပဲ။ သူမှာ ကြက်သွေးနီရောင် ဆံပင်တွေရှိပြီး ရုပ်ရည်က မချောသလို ရုပ်လည်း မဆိုးပါဘူး။ သူ့မျက်ဆံတွေက အစိမ်းရောင် ရှိတာကြောင့် ဘယ်မျိုးနွယ်စုကလဲဆိုတာ မပြောနိုင်ပါဘူး။

[ချီယွင်ရှန်း: မဟာညီညွှတ်မှု ကောင်းကင်အမတ ကနဦးအဆင့်။ ကောင်းကင်ရုံးတော်၏ ဆဋ္ဌမအဆင့် အမတအရာရှိ ဖြစ်ပြီး သေမျိုးကမ္ဘာ၏ ကောင်းကင်တာအိုအား ထိန်းချုပ်သူ ဖြစ်သည်။ ရန်စန်းက ယန်းရန်ကျွင်းကို သင်သတ်လိုက်ကြောင်း ကောင်းကင်ရုံးတော်၌ ကောင်းကင်ဧကရာဇ်အား လျှောက်တင်ခဲ့သည်။ ချီယွင်ရှန်းသည် ရန်းစန်းအား အလွန်တရာ မနှစ်သက်သဖြင့် သင့်အပေါ်တွင် အကောင်းမြင်သွားခြင်း ဖြစ်သည်။ လက်ရှိ မျက်နှာသာပေးမှု:ကြယ်သုံးပွင့်။]

‘မဟာညီညွှတ်မှု ကောင်းကင်အမတ ကနဦးအဆင့်’

‘ဒီအဆင့်က နည်းနည်းတော့ မြင့်သားပဲ’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ အံအားသင့်သွားပါတယ်။

ချီယွင်ရှန်းက မဟာညီညွှတ်မှု ကောင်းကင်အမတ ဖြစ်တာကြောင့် မဟာညီညွှတ်မှု မြေအမတပဲ ရှိသေးတဲ့ ရန်စန်းထက်တော့ စွမ်းအားပိုကြီးပါတယ်။ နောက်ပြီး ချီယွင်ရှန်းဟာ သေမျိုးကမ္ဘာရဲ့ ကောင်းကင်တာအိုကို ထိန်းချုပ်သူလည်း ဖြစ်ပါတယ်။ ကြည့်ရတာ ချီယွင်ရှန်းက ဟန်ကျွယ်နေထိုင်တဲ့ သေမျိုးကမ္ဘာရဲ့ ကောင်းကင်နတ်လည်း ဖြစ်ပုံပါ။

ဒီလိုသာဆိုရင် ရန်စန်းက ချီယွင်ရှန်းနဲ့ နယ်မြေမှာ လာရှုပ်နေတာပါ။ ဒီတော့ ချီယွင်ရှန်းက ရန်စန်းကို မနှစ်မြို့တာ ပုံမှန်ပါပဲ။

ဒါပေမဲ့ ဒီဟာက ဟန်ကျွယ်ရဲ့ ခန့်မှန်းချက်သာ ဖြစ်ပါတယ်။ ကောင်းကင်ရုံးတော်သာ သေမျိုးကမ္ဘာကို တကယ် ရှင်းပစ်ချင်တယ်ဆိုရင် အမတအရာရှိ ဆဋ္ဌမအဆင့်ပဲရှိတဲ့ ချီယွင်ရှန်းက လုံးဝ ငြင်းဆန်ရဲမှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဟာ တွေးတောနေတာကို ရပ်လိုက်ပြီး ရန်စန်းကို ဆက်ကျိန်စာတိုက်ပါတယ်။ ခြောက်ရက်အကြာမှာတော့ ဟန်ကျွယ်ဟာ ကျိန်စတိုက်တာ ရပ်လိုက်ပြီး စကျင့်ကြံပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်အနေနဲ့ ခပ်မြန်မြန် စွမ်းအားကြီးလာဖို့ လိုအပ်နေပါပြီ။

သုံးနှစ်ကြာပြီးနောက်။

[သင်သည် အသက် ၈၀၀ ပြည့်သွားပြီ ဖြစ်သောကြောင့် ကျင့်ကြံခြင်းလမ်းစဉ်၌ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ချက်ချင်းဘုံပျက်တက်၍ အမတနတ်ဘုရား ဖြစ်လာပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာတစ်ပါးကို ရရှိမည်။]

[၂။ ဘုံပျံမတက်သေးဘဲ သေမျိုးကမ္ဘာ၌ ဆက်လက်ကျင့်ကြံပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးကို ရရှိမည်။]

ဟန်ကျွယ်ဟာ သူ့ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းသုံးကြောင်းကို ကြည့်ပြီး ချက်ချင်း ရွေးချယ်မှု မလုပ်ပါဘူး။ ဘာလိုလိုနဲ့ ဟန်ကျွယ်တောင် အသက်ရှစ်ရာ ပြည့်ခဲ့ပါပြီ။ ဟန်ကျွယ်ဟာ လွမ်းသလို ဆွေးသလိုတောင် ခံစားလိုက်ရပါတယ်။

‘ဘဝက ကုန်ဆုံးတာ မြန်လိုက်တာ’

ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။

[သင်သည် သေမျိုးကမ္ဘာ၌ ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးကို ရရှိပါသည်။]

[ခေါင်းသုံးလုံး လက်ခြောက်ဖက် ဆန်းကြယ်စွမ်းအားကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]

[ခေါင်းသုံးလုံး လက်ခြောက်ဖက်: ခေါင်းသုံးလုံး လက်ခြောက်ဖက်ရှိသော အသွင်အား ယူနိုင်ပြီး ဝိညာဉ်ရတနာ ခြောက်ပါးအား တစ်ချိန်တည်း အသုံးပြုနိုင်သည်။ ရုပ်အင်အားကိုလည်း ကြီးမားစွာ တိုးတက်စေသည်။]

ဟန်ကျွယ်ဟာ ခေါင်းသုံးလုံး လက်ခြောက်ဖက် ဆန်းကြယ်စွမ်းအားကို ချက်ချင်းပဲ ဆက်ခံလိုက်ပါတယ်။

လေးငါးဆယ်ရက် အကြာမှာတော့ ဟန်ကျွယ်ဟာ ဒီဆန်းကြယ်စွမ်းအားကို ကျွမ်းကျင်နိုင်နင်းသွားပါတယ်။ ခေါင်းသုံးလုံး လက်ခြောက်ဖက်အသွင် ဟန်ကျွယ် ပြောင်းလိုက်တဲ့အခါမှာ ဝူတောက်ကျန့်တစ်ယောက် ထိတ်လန့်သွားပါတယ်။

ဟန်ကျွယ်က ဆန်းကြယ်စွမ်းအား ဖြစ်ကြောင်း ရှင်းပြတဲ့အခါမှာ ဝူတောက်ကျန့်ကလည်း သင်ချင်သွားပါတယ်။ ဒီတော့ ဟန်ကျွယ်ခဗျာ ဖျောင်းဖျရပြန်ပါတယ်။

“မင်းက ဒီလောက်လှတာ၊ ဒီဆန်းကြယ်စွမ်းအားကို သင်လိုက်ရင် မလှဘဲနေလိမ့်မယ်”

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ ငြင်းပယ်စကားကြောင့် ဝမ်းမနည်းတဲ့အပြင် ဝမ်းသာသွားပါတယ် ‘ငါက လှတာလား’ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဝူတောက်ကျန့်ခေါင်းထဲ နောက်ထပ် အတွေးတစ်ခု ဝင်လာပြန်ပါတယ် ‘ငါရဲ့ရုပ်ရည်က သခင်ဟောင်းအမတရဲ့ ရုပ်ရည်ပဲ၊ သခင်က ငါ့ကို ကြိုက်တာလား သခင်ဟောင်းကို ကြိုက်တာလား’

ဒီအတွေးကို လက်ခံမိလိုက်တဲ့ ဝူတောက်ကျန့်ဟာ စိတ်ပျက်သွားပါတယ်။ ဟန်ကျွယ်ကတော့ ဝူတောက်ကျန့် မျက်နှာပြောင်းသွားတာကို ဂရုမစိုက်ဘဲ ဆက်လက်ကျင့်ကြံပါတယ်။ ဝူတောက်ကျန့်ဟာ ကြီးပြင်းလာတာနဲ့အမျှ လူသားခံစားချက်တွေကို ခံစားတက်လာပါတယ်။ ဒါကြောင့် ခံစားချက်ပြောင်းလဲတာက ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။

မိန်းမတစ်ယောက်ရဲ့ နှလုံးသားက ပင်လယ်လိုပဲ နက်ရှိုင်းတယ်လို့ ဆိုရိုးရှိတယ် မဟုတ်ပါလား။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်းနဲ့ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်ပါတယ်။

ဟန်ကျွယ်တောင် အသက် ၈၀၀ ရှိပြီ ဖြစ်တဲ့အတွက် နတ်မိမယ်ရှီရွှမ်ရဲ့ သက်တမ်းက ကျိန်းသေပေါက် တစ်ထောင် ကျော်မှာပါ။ နတ်မိမယ်ရှီရွှမ်ရဲ့ သက်တမ်းက ဘယ်လောက်ထိ ရှိတယ်ဆိုတာကို ဟန်ကျွယ် မသိပါဘူး။

အခုလက်ရှိမှာတော့ နတ်မိမယ်ရှီရွှမ်ဟာ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ပဥ္စမအဆင့်ကို ထိုးဖောက်ပြီးသွားပါပြီ။ သူ့တိုးတက်မှုကို သိပ်တော့ မဆိုးလှပါဘူး။ ဒါတွေ အကုန်လုံးကလည်း ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီနဲ့ နတ်မိမယ်ရှီရွှမ် ရရှိခဲ့တဲ့ အခွင့်အရေးတွေကြောင့်ပါ။

ရှင်းဟုန်ရွှမ်နဲ့ ချန်ယွီအာကတော့ ကနဦးဝိညာဉ်အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့လည်း စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်နဲ့ တော်တော်လေး နီးစပ်နေပါပြီ။

မော့ကျူကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ရောက်ရှိသွားပါပြီ။ မော့မိသားစုက တကယ့်ကို သာမန်မဟုတ်တာပါ။

လီချင်းဇဲ့ကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း ဒုတိယအဆင့်မှာပဲ ရပ်တန့်နေပြီး တိုးတက်မှုမရှိပါဘူး။ သူ့အရည်အချင်းကို တကယ့်ကို ပြဿနာပါ။ စုချီကတော့ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရောက်ရှိသွားပါပြီ။ ငရဲကြက်နက်ကတော့ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်မှာပဲ ရှိနေတုန်း ဖြစ်ပြီး ခန္ဓာကိုယ်ပေါင်းစပ်အဆင့်နဲ့ တော်တော်လေး အလှမ်းဝေးနေပါသေးတယ်။

ရန်ထျန်တုန်း၊ ရွှင်ချန်အန်းနဲ့ ပဋိပက္ခကောင်းကင်ခွေးတို့ကတော့ စိတ်ဝိညာဉ်ပြောင်းလဲခြင်း အဆင့်မှာပဲ ရှိနေသေးပေမဲ့ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်နဲ့ တော်တော်လေး နီးကပ်လာပါပြီ။

ဖန်းလျန်နဲ့ မုရုံချီကတော့ ဟင်းလင်းပြင်ပေါင်းစပ်အဆင့်ကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ တတိယမျိုးဆက် အရည်အချင်းက တော်တော်လေးကို ကြမ်းတာပါ။

ထူထင်းအာဟာ ဝီရိယတောင်ကို ရောက်လာကတည်းက ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို မထိုးဖောက်နိုင်သေးပါဘူး။ ဒါပေမဲ့ နီးတော့ နီးစပ်နေပါပြီ။

ရွှေကျီးကန်းလေးနှစ်ကောင်ကတော့ ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ကို ရောက်သွားပါပြီ။ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကတော့ အရင်အတိုင်းပါပဲ။ ဘာတိုးတက်မှုမှ မရှိပါဘူး။

ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံး အေးချမ်းသာယာနေတာကို တွေ့လိုက်ရပါတယ်။ ဂျိရှင်းရှန်၊ ဟွမ်ဂျိဟောင်၊ ကျိုးဖန်နဲ့ မော့ဖူချိုကတော့ အတိုက်ခိုက်ခံရဆုံး စာရင်းမှာ ထိပ်ဆုံးလူတွေပါ။

မိစ္ဆာစစ်တွေကလည်း ရပ်တန့်သွားပါပုံပဲ။ ဘာသတင်းမှ မတွေ့ရတော့ပါဘူး။ ဒါကလည်း ယုတ္တိရှိပါတယ်။ ဟန်ကျွယ်သာ နတ်ဆိုးဘိုးဘေးဆိုရင် လက်လျှော့လိုက်တော့မှာပါ။

ဆယ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ အလယ်အဆင့်ကို ထိုးဖောက်သွားပါတယ်။ ကနဦးအဆင့်ကနေ အလယ်အဆင့်ကို ရောက်ဖို့အတွက် ဟန်ကျွယ်ဟာာ ၃၁ နှစ် ကျင့်ကြံခဲ့ရပါတယ်။ မြေလျှောက်အမတအတွက် ဒီကျင့်ကြံမှုအလျင်က အရမ်းမြန်တယ်ဆိုပေမဲ့ ဟန်ကျွယ်အတွက်တော့ နည်းနည်းနှေးနေပါသေးတယ်။

ဝီရိယတောင်ရဲ့ အမတချီကလည်း တဖြည်းဖြည်း များပြားလာတာကြောင့် ဝီရိယအမတတောင်လို့တောင် ပြောင်းခေါ်လို့ရနေပါပြီ။ ဒါ့အပြင် ဒီအမတချီကို ဘယ်သူမှ မစုပ်ယူနိုင်တဲ့အတွက် ဟန်ကျွယ်တစ်ယောက်တည်း အပြည့်အဝ ခံစားနိုင်ပါတယ်။

ဖူစန်းသစ်ပင်ကလွဲရင် မြေအမတဘူးပင်ကလည်း အမတချီကို စတင် ထုတ်လွှတ်လာပါတယ်။ ဒါ့အပြင် ပြန်လည်ရှင်သန်ခြင်း လီလီပန်းကြောင့်ရော အချိန်ကြာလာတာနဲ့အမျှ ဝီရိယတောင်ရဲ့ အမတချီက ဆက်တိုးတက်သွားဖို့ပဲ ရှိပါတယ်။ ဒါတောင် ဖူစန်းသစ်ပင်၊ မြေအမတဘူးပင်နဲ့ ပြန်လည်ရှင်သန်ခြင်း လီလီပန်းတို့က အရွယ်ရောက်အဆင့် မရောက်သေးပါဘူး။

ဝူတောက်ကျန့်နဲ့ ရွှင်ချန်အန်းတို့ မြေလျှောက်အမတအဆင့်ကို ရောက်လာရင်လည်း ဝီရိယအမတတောင်ရဲ့ အမတချီတိုးတက်မှုကို အထောက်အပံ့ပေးကောင်း ပေးနိုင်ပါတယ်။

အဆင့်တက်ပြီးနောက် ဟန်ကျွယ် ပထမဆုံး လုပ်တာကတော့ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး တာအိုသခင်ကျွယ်ရန်၊ ယန်းရန်ကျွင်းတို့နဲ့ တိုက်ခိုက်တာပါ။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ နှစ်ယောက်တစ်ယောက် ယှဉ်တိုက်တာတောင် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ ဒီရလဒ်ကို ကျေနပ်အားရသွားပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေကို လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ တစ်ယောက်မှ မသေတာကို တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်နဲ့ တစ်ခြားသူတွေကလည်း ဘေးအန္တရာယ်မရှိတဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပါတယ်။

ခုနစ်လ ရှစ်လ အကြာမှာတော့...။

ကျင့်ကြံခြင်းလိုဏ်ဂူဆီ ထူလင်းအာ ရောက်လာပါတယ်။

ပြီးခဲ့တဲ့ဆယ်နှစ်မှာ ထူလင်းအာဟာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ပြီး ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။ ဟန်ကျွယ် တစ်ခဏတုံ့ဆိုင်းသွားပေမဲ့ ထူလင်းအာကို အထဲဝင်ခွင့်ပြုလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ထူလင်းအာရဲ့ ကောင်းကင်အမတစံအိမ်အပေါ်ထားတဲ့ သဘောထားကို မကြိုက်ပေမဲ့ ထူလင်းအာရဲ့နောက်ခံကြောင့် အရမ်းကြီး မငြင်းဆန်ပါဘူး။ နောက်ပြီး မုန့်ပေါ်က သူ့ကို လက်ဆောင်ကြီးကြီး ပေးပြီးပါပြီ။

ထူလင်းအာဟာ ဟန်ကျွယ်ရှေ့ရောက်လာပြီး ဦးညွှတ်လိုက်ပါတယ် “စီနီယာ... ကျွန်မ ခန္ဓာကိုယ်ပေါင်းစပ်အဆင့်ကို ရောက်သွားပြီ၊ ကျွန်မ ပြန်လာတဲ့လမ်းမှာ အခွင့်အရေးတစ်ခု ရထားလို့ စီနီယာဆီ အထူးတလည်လာပြီး လက်ဆောင်ပေးတာပါ”

ထူလင်းအာ လက်ဖဝါးအရွယ်ရှိတဲ့ ကြေးခွံတစ်ခုကို ထုတ်ယူလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကြေးခွံကိုတစ်ချက်ကြည့်ပြီး မေးလိုက်ပါတယ် “အဲဒါဘာလဲ” ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာက ရတနာတွေကို လုံးဝ စိတ်မဝင်စားတော့ပါဘူး။

“ကျွန်မလည်း သေချာမသိဘူး၊ တန်ဖိုးရှိတဲ့ပစ္စည်းထင်လို့ စီနီယာကို လက်ဆောင်ပေးတာပါ”

ဟန်ကျွယ်ဟာ ကြေးခွံကိုယူပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ တအံတဩ ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြေးခွံထဲမှာ နဂါးဝိညာဉ် ပုန်းအောင်းနေလို့ပါပဲ။ ဒီနဂါးဝိညာဉ်က သာမန်သေမျိုးဝိညာဉ် မဟုတ်ပါဘူး။ ဝိညာဉ်စွမ်းအား ဖြာထွက်နေတာကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး မြေလျှောက်အမတအဆင့် ရှိမှာပါ။

ဒါပေမဲ့ ဒီနဂါးဝိညာဉ်က တော်တော်လေး အားနည်းနေတဲ့အတွက် ဟန်ကျွယ်ဟာ လုံးဝမကြောက်ပါဘူး။ ဟန်ကျွယ်ဟာ ကြေးခွံကို သိမ်းလိုက်ပြီး ထူလင်းအာကို ကြည့်လိုက်ပါတယ် “မင်းလုပ်တာ ကောင်းတယ်”

“စီနီယာ ကြိုက်တယ်ဆိုရင် ရပါတယ်” ထူလင်းအာက ပျော်ရွှင်စွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်ပါတယ် “အခုအချိန်ကစပြီး မင်းက ငါရဲ့ လေးယောက်မြောက်တပည့်ပဲ” ဟန်ကျွယ်ရဲ့ ပထမတပည့်က ရန်ထျန်တုန်းဖြစ်ပြီး ဒုတိယနဲ့ တတိယတပည့်ကတော့ စုချီနဲ့ ရွှင်ချန်အန်း ဖြစ်ပါတယ်။

ထူလင်းအာက ပြောလိုက်ပါတယ် “ကျွန်မ စီနီယာရဲ့ တပည့်မဖြစ်ချင်ဘူး၊ အစေခံပဲ ဖြစ်ချင်တယ်၊ ခေါင်းသုံးလုံး မြွေနဂါးဘုရင်လို ဒီတောင်ကို စောင့်ကြပ်မယ်လေ”

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘မင်းက ငါ့ခန္ဓာကိုယ်ကို ကြံနေတာပဲ’ထူလင်းအာရဲ့ မျက်နှာသာပေးမှုက ကြယ်ငါးပွင့်ရှိတာကြောင့် ဟန်ကျွယ်သာ ခေါင်းညိလိုက်တာနဲ့ ထူလင်းအာက သူ့အလိုကျ အသုံးတော်ခံမှာပါ။

ဒါပေမဲ့ ဟန်ကျွယ်ဟာ ထူလင်းအာနဲ့ ရှုပ်ရှုပ်ယှက်ယှက် မဖြစ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထူလင်းအာက မဟာမှော်ဆရာ ပြန်ဝင်စားတာ ဖြစ်နေလို့ပါ။ မှော်မျိုးနွယ်စုရဲ့ နောက်ကြောင်းနဲ့ လက်ရှိအခြေအနေအရဆိုရင် ဒီကိစ္စက ဟန်ကျွယ်ဆီကို ပြဿနာပေါင်း သောင်းခြောက်ထောင် ဆောင်ယူလာမှာပါ။

“ငါ ဆုံးဖြတ်ပြီးပြီ... ဘာမှ ထပ်မပြောနိုင်တော့၊ မင်းထွက်သွားလို့ရပြီ” ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ်။

ထူလင်းအာလည်း ကျင့်ကြံခြင်းလိုဏ်ဂူထဲက မထွက်ချင်ထွက်ချင်နဲ့ ထွက်သွားရပါတော့တယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ခွာပြီးနောက်မှာ ထူလင်းအာရဲ့ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

‘ငါ အရှုံးမပေးဘူး’

ဟန်ကျွယ်က ထူလင်းအာကို တပည့်အဖြစ်လက်ခံလိုက်တဲ့အတွက် ရန်ထျန်တုန်းနဲ့ တစ်ခြားတပည့်နှစ်ယောက်မှာ သူတို့သုံးယောက်ပေါင်းတိုက်ရင်တောင် အနိုင်မယူနိုင်တဲ့ ညီမလေးတစ်ယောက် ရသွားပါတော့တယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters