← Chapters

အခန်း (၃၉၁-၃၉၂)

Vol. 21 Ch. 391-392

အခန်း (၃၉၁-၃၉၂)

Vol. 21 Ch. 391-392

အခန်း (၃၉၁) မိစ္ဆာ၏ တိုက်ခိုက်မှု

ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်းအား တစ်မျိုးတစ်ဖုံ ပြောင်းလဲကြည့်ရှုမိတော့သည်။ ဤလူသည် အသက်အရွယ်အားဖြင့် များစွာကြီးရင့်ပုံမရသော်လည်း ထူးဆန်းသော ဆေးဖော်စပ်ခြင်းပညာရပ်အပြင် ကျင့်ကြံခြင်းဆိုင်ရာ ပါရမီမှာလည်း အလွန်ပင် မြင့်မားပုံရပေသည်။

ရှောင်ဟန်ချိုးသည် အသက်နှစ်ဆယ့်သုံးနှစ်အရွယ်ရှိပြီဖြစ်သော်လည်း ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့သာ ရောက်ရှိသေးသဖြင့် သူမကိုယ်သူမ ပါရမီရှင်တစ်ဦးဟုပင် တင်စားခံထားရသူဖြစ်၏။

သို့သော် ရှေ့မှလူနှင့် နှိုင်းယှဉ်လိုက်ပါက ရှောင်ဟန်ချိုးသည် မိမိကိုယ်မိမိ အားမလိုအားမရဖြစ်ကာ ရှက်ရွံ့စိတ်ပင် ဖြစ်ပေါ်လာရသည်။

စင်စစ် လူအထက်တွင် လူရှိစမြဲပင် ဖြစ်ပေတော့သည်။

သူမသည် ဆေးလုံးအား ယူဆောင်၍ တစ်ကျိုက်တည်း မျိုချလိုက်လေသည်။

နတ်ဘုရားအဆင့် အမှတ်အသားပါသော ဆေးလုံးတစ်လုံးသည် အမှန်တကယ်ပင် အံ့မခန်းလှပေသည်။

ဆေးလုံးကို စားသုံးပြီးနောက် သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် နွေးထွေးသော စွမ်းအင်စီးကြောင်းများ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ရကာ များစွာသက်သောင့်သက်သာရှိပြီး နေလို့ကောင်းလှပေသည်။

ယင်းသည် ပဉ္စမအဆင့် ဆေးလုံးတစ်လုံးမျှသာ ဖြစ်သော်လည်း နတ်ဘုရားအဆင့် အမှတ်အသားပါဝင်နေသဖြင့် ဆဋ္ဌမအဆင့် ဆေးလုံးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် ရှောင်ဟန်ချိုး၏ ကိုယ်တွင်းဒဏ်ရာများသည် ယခုအချိန်တွင် အလျင်အမြန်ပင် ပြန်လည်သက်သာလာတော့သည်။

"ကျေးဇူးတင်ပါတယ်" ဟု ရှောင်ဟန်ချိုးက အေးစက်စက်ပြောဆိုလိုက်ပြီးနောက် ချက်ချင်းပင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးအာနိသင်များကို တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားအောင် စနစ်တကျ လမ်းညွှန်ထိန်းကျောင်းနေတော့သည်။

ချင်ယွမ်ဖုန်း သက်ပြင်းချလိုက်မိသည်။ ဤရှောင်ဟန်ချိုး၏ နောက်ခံသည် အနည်းငယ်မျှ မရိုးရှင်းနိုင်သော်လည်း ယင်းကိစ္စများသည် သူနှင့်မသက်ဆိုင်ပေ။

သူက ရှောင်ဟန်ချိုးကို ကယ်ဆယ်ခဲ့သည်မှာ အသက်တစ်ချောင်းကို ကယ်ဆယ်ခြင်းသည် ခုနစ်ထပ်ဘုရားတည်သည်ထက် ပို၍ ကုသိုလ်ရသည်ဟု ယုံကြည်သောကြောင့်သာ ဖြစ်ပေသည်။

ဆေးလုံးကို သန့်စင်ပြီးနောက် ချင်ယွမ်ဖုန်းသည်လည်း ထိုနေရာ၌ပင် တင်ပလ္လင်ခွေထိုင်လိုက်သည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များသည် ဝိညာဉ်လှေငယ်ကို မောင်းနှင်ရန် အားအင်များအဖြစ် စဉ်ဆက်မပြတ် စီးထွက်နေပြီး ချင်ယွမ်ဖုန်းသည်လည်း ထိုအခွင့်အရေးကို အသုံးချကာ အနားယူလိုက်လေသည်။

ရက်ပေါင်းများစွာ မရပ်မနား ခရီးနှင်ခဲ့ရသဖြင့် ချင်ယွမ်ဖုန်းသည်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

သူတို့နှစ်ဦးသည် ထိုသို့ထိုင်နေရင်း ဦးတည်ရာမရှိ လွင့်မျောနေသကဲ့သို့ ထင်ရသော်လည်း နှစ်ဦးစလုံး၏ စိတ်ထဲတွင်မူ ကိုယ်စီကိုယ်ငှ ရည်မှန်းချက်များ ရှိနေကြပေသည်။

နာရီအနည်းငယ် ကြာပြီးနောက် ဝိညာဉ်လှေငယ်သည် ကီလိုမီတာ ရာပေါင်းများစွာ ခရီးဆက်ခဲ့ပြီးဖြစ်သည်။

ချင်ယွမ်ဖုန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ညစ်ညမ်းသော ချီစွမ်းအင်များကို လေပူတစ်ချက်အဖြစ် မှုတ်ထုတ်လိုက်သည်။

သူသည် ပါရမီနှင့် အရည်အချင်းအားလုံး ဆုံးရှုံးသွားခဲ့ရသဖြင့် တရားထိုင်ခြင်းမှ ရရှိသော ကျင့်ကြံမှုမှာ အလွန်သေးငယ်သော်လည်း သူ၏ခွန်အားကိုမူ ပြန်လည်ရယူနိုင်စွမ်းရှိပေရာ ယင်းမှာ သာမန်လူများ မနှိုင်းယှဉ်နိုင်သော အချက်ပင် ဖြစ်သည်။

ရှောင်ဟန်ချိုးမှာမူ ထိုနေရာ၌ပင် ထိုင်နေဆဲဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်မှာ ဆေးအာနိသင်များ ပျံ့နှံ့နေမှုကြောင့် အနည်းငယ် နီမြန်းနေပေသည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် နောက်ကွယ်မှ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသော မည်းမှောင်သည့် အရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

သူသည် မျက်မှောင်ကြုတ်ကာ မတ်တတ်ရပ်လိုက်၏။

ထိုမည်းမှောင်သောအရိပ်မှာ ဝတ်ရုံနက်ဝတ်ဆင်ထားသူတစ်ဦးဖြစ်ပြီး ဝိညာဉ်လှေငယ်တစ်စင်းကို စီးနင်းထားခြင်းဖြစ်သည်။

လွန်ခဲ့သော သုံးရက်ခန့်က အဘိုးအိုသူတောင်းစားသည် ထိုဝတ်ရုံနက်ဝတ်အုပ်စုကို တားဆီးပေးရန် ချင်ယွမ်ဖုန်းအား ကူညီခဲ့ဖူးသည်။

ထိုဝတ်ရုံနက်ဝတ်ဆင်ထားသူများသည် သူတို့ကိုယ်တိုင် အဘိုးအိုသူတောင်းစားကို အနိုင်မတိုက်နိုင်ကြောင်း သိကြသဖြင့် အားလုံး စုပေါင်းတားဆီးထားပြီး သူတို့ထဲမှ တစ်ဦးကို ထွက်ပြေးလွတ်မြောက်ခွင့် ပေးခဲ့ကြခြင်းဖြစ်သည်။

ယခု ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသူမှာ ထိုထွက်ပြေးလွတ်မြောက်လာသော ဝတ်ရုံနက်ဝတ်လူပင် ဖြစ်ပေတော့သည်။

"တော်ပြီ၊ တော်ပြီ။ ပိုက်ကွန်က လွတ်သွားတဲ့ ငါးတစ်ကောင်ကို လိုက်ဖမ်းဖို့ ငါ စိတ်မပါတော့ဘူး။ အဲဒီကောင်လေး ငါ့ကိုပေးတဲ့ ကြက်သားက မင်းတို့အားလုံးကို သတ်ပစ်ဖို့ပဲ လောက်ငတယ်" ဟု အဘိုးအိုသူတောင်းစားက ထွက်ပြေးသွားသော ဝတ်ရုံနက်ဝတ်လူကို ကြည့်ရင်း အေးအေးဆေးဆေး ပြောဆိုခဲ့လေသည်။

အဘိုးအိုသူတောင်းစားက သူ့နောက်ကို လိုက်မဖမ်းခဲ့သဖြင့် ထိုဝတ်ရုံနက်ဝတ်လူမှာ ကြောက်လန့်တကြား ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် သူ သတိပြန်ဝင်လာချိန်တွင်မူ သူ၏ အပေါင်းအသင်းများအားလုံး သေဆုံးသွားခဲ့ကြလေပြီ။

ထို့ကြောင့် သူသည် ဤကိစ္စအားလုံးအတွက် ချင်ယွမ်ဖုန်းကြောင့်ဟု အပြစ်ပုံချကာ နေ့ညမပြတ် လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်း၏ အရှိန်မှာ အလွန်မြန်သော်လည်း ရှောင်ဟန်ချိုးကို ကယ်တင်ရန်အတွက် တစ်ရက်ခန့် အချိန်ဖြုန်းခဲ့မိသဖြင့် ဝတ်ရုံနက်ဝတ်လူမှာ ခက်ခက်ခဲခဲနှင့် နောက်မှ မှီလာနိုင်ခြင်း ဖြစ်ပေသည်။

ဝတ်ရုံနက်ဝတ်လူ၏ အပေါင်းအသင်းအားလုံးမှာ အဘိုးအိုသူတောင်းစား၏ လက်ချက်ဖြင့် သေဆုံးခဲ့ရလေပြီ။ ယခုအချိန်အထိ သူသည် အဘိုးအိုသူတောင်းစား၏ "မင်းတို့ဟာ လူမဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်" ဟူသော မြေကမ္ဘာတုန်ဟိန်းစေသည့် ဟိန်းဟောက်သံကို ပြန်လည်သတိရကာ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ထိုဝတ်ရုံနက်ဝတ်လူကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။ သူတို့သည် တစ်ခါမျှ မဆုံဖူးသော်လည်း ချင်ယွမ်ဖုန်း၏ အာရုံကမူ ဤဝတ်ရုံနက်ဝတ်လူသည် သူ့ကို ရည်ရွယ်ချက်ရှိရှိ လိုက်လာခြင်းဖြစ်ကြောင်း ပြောပြနေသည်။

"မင်းပဲကိုး။ အခု မင်း ဘယ်ကို ပြေးမလဲဆိုတာ ကြည့်ကြသေးတာပေါ့" ဟု ဝတ်ရုံနက်ဝတ်လူက ချင်ယွမ်ဖုန်းကို မြင်သောအခါ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ၏ ဝိညာဉ်လှေငယ်ကို ချင်ယွမ်ဖုန်း၏ နောက်နားတွင် ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်ကာ "နေပါဦး။ 'ဘယ်ကို ပြေးမလဲ' ဆိုတာ ဘာအဓိပ္ပာယ်လဲ။ မင်းတို့က ဘယ်သူတွေလဲ" ဟု မေးမြန်းလိုက်သည်။

အဘိုးအိုသူတောင်းစား ပြောခဲ့သည့် သူ့နောက်ကို လိုက်နေသော လူတစ်စုအကြောင်းကိုလည်း သူ ပြန်လည်သတိရသွားသည်။ ယခုကြည့်ရသည်မှာ ထိုသူများမှာ ဤဝတ်ရုံနက်ဝတ်လူပင် ဖြစ်ပုံရပေသည်။

"ငါတို့က ဘယ်သူတွေလဲ ဟုတ်လား။ မင်းရဲ့ အသက်ကို ယူမယ့်သူတွေပေါ့။ မင်းနောက်ကို လိုက်ဖမ်းရင်းနဲ့ ငါ့ရဲ့ အပေါင်းအသင်းတွေအားလုံး အဲဒီ အစုတ်အပြတ် အဘိုးကြီး လက်ထဲမှာ သေကုန်ကြပြီ" ဟု ဝတ်ရုံနက်ဝတ်လူက ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်ရာ သူ၏ မျက်လုံးများထဲမှ ဒေါသရိပ်များသည် ပေါက်ကွဲထွက်လုမတတ် ဖြစ်နေတော့သည်။

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်မိပြန်သည်။ ဤလူစုမှာ အမှန်တကယ်ပင် သူ့နောက်ကို လိုက်နေခြင်းဖြစ်ပြီး အဘိုးအိုသူတောင်းစားက တားဆီးပေးခဲ့သဖြင့် ယခု ဝတ်ရုံနက်ဝတ်လူ တစ်ဦးတည်းသာ ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။

ရှောင်ဟန်ချိုးသည်လည်း ထိုအချိန်တွင် မျက်လုံးဖွင့်လိုက်ကာ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး "ဒါ နင်ရဲ့ ရန်သူလား" ဟု မေးမြန်းသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ကာ "ငါ သူတို့ကို လုံးဝမသိဘူး" ဟု ပြန်ပြောလိုက်သည်။

ဝတ်ရုံနက်ဝတ်လူသည် ချင်ယွမ်ဖုန်းအား အေးစက်စက်ကြည့်လိုက်ရာ သူ၏ အရှိန်အဝါများ စတင်စုစည်းလာပြီး သူ၏ ဝတ်ရုံနက်မှာလည်း လေမတိုက်ဘဲ တဖျပ်ဖျပ်နှင့် ကျယ်လောင်စွာ လွင့်ပျံလာတော့သည်။

"ဘာမှ ထပ်ပြောနေဖို့ မလိုတော့ဘူး ကောင်လေး။ မင်းဆီမှာ ရှိတာကို အသာတကြည် ထုတ်ပေးစမ်း" ဟု ဝတ်ရုံနက်ဝတ်လူက အေးစက်စက် အမိန့်ပေးလိုက်သည်။

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်ကာ "ဘာလဲ။ ဘာပစ္စည်းကို ပြောတာလဲ" ဟု ပြန်မေးသည်။

"မင်းနဲ့ မထိုက်တန်တဲ့ အရာတစ်ခုပေါ့။ မင်းစိတ်ထဲမှာ မင်းသိနေမှာပါ။ မြန်မြန် ထုတ်ပေးစမ်း" ဟု ဝတ်ရုံနက်ဝတ်လူက ဟိန်းဟောက်လိုက်ရာ ပင်လယ်ပြင်သည် ချက်ချင်းပင် လှိုင်းတံပိုးများ ထန်လာတော့သည်။

"ငါ့ဆီမှာ ငါနဲ့ မဆိုင်တဲ့ အရာတွေ အများကြီး ရှိနေတာဗျ။ မင်း ဘာကို ပြောနေမှန်း ငါမသိဘူး။ ပိုပြီး ရှင်းရှင်းလင်းလင်း ပြောလို့ မရဘူးလား" ဟု ချင်ယွမ်ဖုန်းက မတတ်သာသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။

ဝတ်ရုံနက်ဝတ်လူမှာ အလွန်ပင် ဒေါသထွက်နေသည်မှာ သိသာလှသည်။ ချင်ယွမ်ဖုန်းက သူ့ကို တမင်သက်သက် လှည့်ဖြားနေသည်ဟု သူ ခံစားနေရသဖြင့် သူ၏ ဒေါသများမှာ ပို၍ပင် ကြီးထွားလာတော့သည်။

"ဒါဆိုရင်လည်း မင်း သေပေတော့"

ဝတ်ရုံနက်ဝတ်လူ၏ နောက်ကွယ်မှ ကြီးမားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေပုံရိပ်တစ်ခုအဖြစ် ဖြည်းညှင်းစွာ စုစည်းလာသည်။

ထိုယုတ်မာညစ်ထေးသော အရှိန်အဝါကြောင့် ချင်ယွမ်ဖုန်းမှာ ရုတ်တရက် ထိတ်လန့်သွားရ၏။

သူသည် ဤအရှိန်အဝါနှင့် အလွန်ပင် ရင်းနှီးလှသည်။

ယခင်ကလည်း ထိုကဲ့သို့သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါမျိုးရှိသည့် လူသုံးယောက်နှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။

မိစ္ဆာ။

ဤစိတ်အာဃာတမိစ္ဆာ အရှိန်အဝါမှာ မိစ္ဆာတစ်ဦး၏ အရှိန်အဝါပင် ဖြစ်ကြောင်း ချင်ယွမ်ဖုန်း လုံးဝ မမှားနိုင်ပေ။

အဘိုးအိုသူတောင်းစားက "မင်းတို့ဟာ လူမဟုတ်ဘူးဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ သိတယ်" ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။

အဘယ်ကြောင့်ဆိုသော် ထိုဝတ်ရုံနက်ဝတ်လူများသည် လူသားစစ်စစ်များ မဟုတ်ကြဘဲ မိစ္ဆာများ ဖြစ်နေကြသောကြောင့်ပင် တည်း။

ထူးဆန်းသည်မှာ ချင်ယွမ်ဖုန်းအနေဖြင့် ထိုမိစ္ဆာများ၏ ဦးခေါင်းတွင် ထင်ရှားသော ဦးချိုနှစ်ချောင်းကို မမြင်တွေ့ရခြင်းပင် ဖြစ်သည်။ ခေါင်းစွပ် စွပ်ထားလျှင်ပင် ထိုဦးချိုများမှာ ထွက်ပြူနေသင့်ပေသည်။

"ဝုန်း"

မိစ္ဆာသည် ရုတ်တရက် တိုက်ခိုက်လိုက်လေသည်။ ကြီးမားသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါသည် ညဉ့်နက်ထက် ပို၍ မည်းမှောင်သော အနက်ရောင် အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ပင်လယ်ပြင်ကို ခွဲဖြတ်လျက် ချင်ယွမ်ဖုန်းတို့ဆီသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။

ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ ခြေဖဝါးအောက်မှ သားရဲမီးလျှံများ တဟုန်ထိုး ထွက်ပေါ်လာသည်။ ဝိညာဉ်လှေငယ်သည် ချက်ချင်းပင် အဝေးသို့ ပျံထွက်သွားလေသည်။

"မင်း အဝေးကို သွားနေလိုက်ပါ" ဟု ချင်ယွမ်ဖုန်းက အေးအေးဆေးဆေး ပြောလိုက်သည်။

ရှောင်ဟန်ချိုးသည် ချင်ယွမ်ဖုန်း၏ လက်မောင်းကို ရုတ်တရက် ဆွဲကိုင်လိုက်ကာ "သတိထားနော်" ဟု သတိပေးလိုက်သည်။

ချင်ယွမ်ဖုန်း ပြုံးလိုက်ပြီး သူ၏ ခြေဖဝါးအောက်တွင် ဖြူလွလွ မြူခိုးများ ထွက်ပေါ်လာကာ မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုလျက် ကောင်းကင်ယံသို့ တိုက်ရိုက် ခုန်တက်လိုက်လေသည်။

မိစ္ဆာသည် ချင်ယွမ်ဖုန်းကို ရူးသွပ်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။

မိမိရှေ့မှ မိစ္ဆာသည် အလွန်ပင် အစွမ်းထက်ပြီး လူသား သိုင်းပညာရှင်များထဲမှ ဘိုးဘေးနယ်ပယ် ပထမအဆင့်နှင့်ပင် ယှဉ်နိုင်ကြောင်း ချင်ယွမ်ဖုန်း ခံစားမိသည်။

ယင်းက ချင်ယွမ်ဖုန်း၏ စိတ်ကို တဖြည်းဖြည်း လေးလံလာစေတော့သည်။

မိစ္ဆာ၏ သာမန် တိုက်ခိုက်မှုတစ်ခုမျှဖြင့်ပင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါမှာ မီတာ ရာပေါင်းများစွာအထိ ရှည်လျားသွားကာ ပင်လယ်ပြင်ကို မျဉ်းတစ်ကြောင်းတည်းဖြစ်အောင် ခွဲထုတ်ပစ်လိုက်ပြီး အချိန်အတော်ကြာအောင်ပင် လှိုင်းတံပိုးများ ငြိမ်သက်သွားခြင်း မရှိပေ။

"ကောင်လေး၊ အဲဒီပစ္စည်းကို မြန်မြန် ထုတ်ပေးစမ်း။ မဟုတ်ရင် ဒီနေ့ဟာ မင်းရဲ့ သေနေ့ပဲ" ဟု မိစ္ဆာက အေးစက်စက် ပြောဆိုလိုက်လေတော့သတည်း။

အခန်း (၃၉၂) - မိစ္ဆာများနှင့် ပြင်းထန်သော တိုက်ပွဲ

သို့ရာတွင် ချင်ယွမ်ဖုန်းက ခေါင်းကို ပြတ်ပြတ်သားသားပင် ခါယမ်းလိုက်သည်။ တစ်ဖက်လူမှာ မိစ္ဆာမျိုးနွယ်မှ တစ်ဦးဖြစ်နေသဖြင့် ထိုသူ အဘယ်ကြောင့် ရောက်ရှိလာသည်ကို ချင်ယွမ်ဖုန်း ကောင်းစွာ သိရှိထားပြီး ဖြစ်လေသည်။

အကြောင်းရင်းကား ထိုသုံးခွလှံကြောင့်ပင်။

ယင်းသုံးခွလှံအတွင်း၌ အဆုံးအစမရှိသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ကိန်းအောင်းနေပြီး မိစ္ဆာမျိုးနွယ်များအား ချက်ချင်းပင် ကြီးမားသော စွမ်းအားများကို ပေးစွမ်းနိုင်စွမ်း ရှိပေသည်။

အကယ်၍ ဤလက်နက်သည် မိစ္ဆာမျိုးနွယ်များလက်သို့ ကျရောက်သွားပါက လူသားမျိုးနွယ်တို့အတွက် ဘေးဒုက္ခ အနန္တ ဆိုက်ရောက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်ချေသည်။

ထို့ကြောင့်ပင် ချင်ယွမ်ဖုန်းအနေဖြင့် သုံးခွလှံကို လက်လွှတ်မခံနိုင်ခြင်း ဖြစ်ပေရာသည်။

“မင်းက ဘယ်ကနေ ရောက်လာတာလဲ၊ မိစ္ဆာမျိုးနွယ်တွေအားလုံးကို တံဆိပ်ခတ်ပြီး ပိတ်လှောင်ထားတာ မဟုတ်ဘူးလား၊ မင်း ဘယ်လိုလုပ်ပြီး အပြင်ထွက်လာနိုင်တာလဲ”

ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏။

ဤမိစ္ဆာမျိုးနွယ်ဝင်များ လူသားလောကအတွင်းသို့ မည်သို့ ထိုးဖောက်ဝင်ရောက်လာသည်ကို သူ မသိရှိသဖြင့် ချင်ယွမ်ဖုန်း အတော်ပင် အံ့အားသင့်သွားရသည်။

သူသည် အစောပိုင်းက မိစ္ဆာသုံးဦးနှင့် တွေ့ဆုံခဲ့ရသည်မှာပင် အလွန် ကံကောင်းလှပြီဟု ထင်မှတ်ထားခဲ့မိသည်။

“ဟားဟားဟား” မိစ္ဆာမျိုးနွယ်ဝင်က အေးစက်စွာ ရယ်မောလိုက်ပြီးနောက် “မင်းက တော်တော်လေး သိတာပဲလား၊ ငါတို့ တည်ရှိမှုကို သိရုံတင်မကဘဲ ငါတို့အားလုံး ပိတ်လှောင်ခံထားရတာကိုပါ သိနေတာပဲ” ဟု ပြောဆိုလိုက်သည်။

“ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက အခုအချိန်မှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်က လူနည်းစုလောက်ပဲ ငါတို့ တည်ရှိမှုကို မှတ်မိကြတော့တာပဲ၊ ငါတို့ မိစ္ဆာမျိုးနွယ်တွေဟာ ရှန်းဝူ စကြဝဠာ တိုက်ကြီး တစ်ခုလုံးကို ကျိန်းသေပေါက် သိမ်းပိုက်ပြီး မင်းတို့ လူသားတွေ အားလုံးကို အပြတ်အသတ် သတ်ဖြတ်ပစ်မယ်”

စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုမိစ္ဆာသည် ဝိညာဉ်လှေငယ်ပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်သည်။ သူ၏ လက်နှစ်ဖက်တွင် ထူထပ်လှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ စုစည်းသွားပြီး နက်မှောင်သော ဓားမြှောင်နှစ်စင်းအဖြစ် ပြောင်းလဲသွားချေသည်။

ဓားတစ်စင်းက ချင်ယွမ်ဖုန်း၏ ဦးခေါင်းထံသို့ ခုတ်ပိုင်းလာပြီး အခြားတစ်စင်းကမူ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးစိုက်လာလေသည်။

ချင်ယွမ်ဖုန်း၏ လက်ထဲတွင် ရှောင်ထျန်းတုတ်ရှည်ကြီး ပေါ်ပေါက်လာသည်။ သူ၏ လက်ဖဝါးများမှ မိုးကြိုးမီးလျှံ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ရှောင်ထျန်းတုတ်ရှည်ကြီး တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားတော့၏။

“မီးလျှံကောင်းကင်ခုတ်ချက်”

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ရင်း လက်ထဲမှ တုတ်ရှည်ကြီးကို အရှိန်အဟုန်ဖြင့် လွှဲယမ်းလိုက်သည်။

မိုးကြိုးမီးလျှံ စွမ်းအားများသည် လေထုထဲတွင် တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ကွေးညွှတ်သွားကာ မိစ္ဆာ၏ ဦးခေါင်းထံသို့ တိုက်ရိုက် ကျရောက်သွားတော့သည်။

ထိုလူသား၌ ဤမျှ ကြီးမားသော ခွန်အား ရှိလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် မိစ္ဆာမှာ တုန်လှုပ်သွားရသည်။

သူသည် မိမိဦးခေါင်းပေါ်တွင် နက်မှောင်သော ဓားမြှောင်နှစ်စင်းကို ကြက်ခြေခတ်ပုံစံဖြင့် ကာကွယ်လိုက်ရချေသည်။

တုတ်ရှည်ကြီးသည် မိစ္ဆာ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး စူးရှသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

ပေါက်ကွဲထွက်လာသော စွမ်းအားများသည် ချက်ချင်းပင် ပျံ့နှံ့သွားရာ မီတာ ရာနှင့်ချီသော အောက်ဘက် ပင်လယ်မျက်နှာပြင်တွင်ပင် နက်ရှိုင်းသော ချိုင့်ခွက်တစ်ခု ပေါ်လာရလေသည်။

မိစ္ဆာနှင့် ချင်ယွမ်ဖုန်းတို့မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားပြိုင်နေကြသော်လည်း ထိုအခြေအနေမှာ ခဏတာမျှသာ ကြာမြင့်လေသည်။

မိစ္ဆာ၏ လက်မောင်းမှ အားကောင်းသော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် တွန်းထုတ်ပစ်လိုက်သည်။

ကျင်စဉ်အဆင့် အရဆိုလျှင် မိစ္ဆာမှာ ချင်ယွမ်ဖုန်းထက် တစ်ဆင့် မြင့်မားနေချေပြီ။ ထို့ပြင် မိစ္ဆာမျိုးနွယ်ဝင်များသည် မွေးရာပါပင် အတိုင်းအဆမရှိသော ခွန်အားကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်း၏ ခွန်အားမှာ သာမန် ကိုးဆင့်မြောက် ကျောင်းသားတစ်ဦးထက် များစွာ သာလွန်နေသော်လည်း ဤမိစ္ဆာကိုမူ ယှဉ်နိုင်စွမ်း မရှိသေးပေ။

သူ၏ ခန္ဓာကိုယ်မှာ မိစ္ဆာ၏ တွန်းထုတ်မှုကြောင့် ထိန်းချုပ်မရဘဲ အထက် ကောင်းကင်ယံသို့ လွင့်စင်သွားရသည်။

ထိုအချိန်တွင် မိစ္ဆာသည် အောက်ဘက်မှနေ၍ အလွန် မြန်ဆန်သော အရှိန်ဖြင့် အပေါ်သို့ ပြေးတက်လာသည်။

လေထုထဲတွင် လေတိုးသံများပင် ကျန်ရစ်နေပြီး သူ၏ အရှိန်မှာ အစောပိုင်းကထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်နေကာ ချင်ယွမ်ဖုန်းအား ပြင်းထန်စွာ တိုက်ခိုက်လာတော့သည်။

သို့ရာတွင် ချင်ယွမ်ဖုန်းမှာမူ လေထုထဲတွင် လှုပ်ရှားခြင်းမရှိဘဲ ရပ်တန့်နေပြီး သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ ဖြည်းညှင်းစွာ စုစည်းနေလေသည်။

အဝေးမှ ကြည့်နေသော ရှောင်ဟန်ချိုးမှာ လိမ့်တက်လာသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို မြင်တွေ့နေရပြီး ချင်ယွမ်ဖုန်းမှာမူ ဟင်းလင်းပြင်ထဲတွင် ကြောင်တောင်တောင်ကြီး ရပ်နေသဖြင့် အလွန်ပင် စိုးရိမ်မကင်း ဖြစ်နေမိသည်။

သူမနှင့် ချင်ယွမ်ဖုန်းတို့ သိကျွမ်းခဲ့သည်မှာ ရက်ပိုင်းမျှသာ ရှိသေးသော်လည်း ချင်ယွမ်ဖုန်းက သူမ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူးသဖြင့် သူမအနေဖြင့် ချင်ယွမ်ဖုန်းဘက်မှ ရပ်တည်မိသည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။

မိစ္ဆာက ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာချိန်မှာပင် ချင်ယွမ်ဖုန်းက ရုတ်တရက် လှုပ်ရှားလိုက်သည်။

သူ၏ လက်ထဲမှ တုတ်ရှည်ကြီးသည် နှေးကွေးသော လမ်းကြောင်းအတိုင်း ပြင်းထန်စွာ ကျဆင်းသွားလေသည်။

သို့သော်လည်း ထိုလှုပ်ရှားမှုမှာ နှေးကွေးခြင်းမဟုတ်ဘဲ အလွန် မြန်ဆန်နေခြင်းဖြစ်ကြောင်း မိစ္ဆာက ကောင်းစွာ မြင်တွေ့လိုက်ရသည်။

ခဏတာအတွင်းမှာပင် ဤလူငယ်က သူ၏ တုတ်ရှည်ကြီးကို ဆယ်ကြိမ်တိုင်တိုင် ဆက်တိုက် လွှဲယမ်းလိုက်ခြင်း ဖြစ်ပေသည်။

အရှိန်မှာ အလွန် မြန်ဆန်လွန်းသဖြင့် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များကြောင့်သာ ဤတိုက်ခိုက်မှုမှာ နှေးကွေးနေသည်ဟု ထင်မှတ်ရခြင်း ဖြစ်ချေသည်။

နေဝင်ချိန်တစ်ချက်ခုတ်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ကြိမ်တိုင်တိုင် လွှဲယမ်းလိုက်ပြီးနောက် ပထမ ကိုးကြိမ်မှ စွမ်းအားများကို စုစည်းထားကာ ထုတ်မလွှတ်သေးဘဲ ဆယ်ကြိမ်မြောက် တိုက်ခိုက်မှု ရောက်ရှိလာချိန်တွင်မှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်စေခြင်းဖြင့် ကြီးမားသော စွမ်းအားကို ထွက်ပေါ်လာစေခြင်း ဖြစ်ပေသည်။

အဝေးမှ ရှောင်ဟန်ချိုးမှာမူ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ လွှမ်းခြုံထားသော ပုံရိပ်တစ်ခု အပေါ်သို့ ပြေးတက်သွားသည်ကိုသာ ဝေဝေဝါးဝါး မြင်တွေ့လိုက်ရပြီး အလွန် နှေးကွေးသည်ဟု ထင်ရသော တုတ်ရှည်ကြီး၏ ခုတ်ချက်နှင့် တိုက်ရိုက် တိုးမိသွားလေသည်။

ကြည့်ရသည်မှာ ထိုမိစ္ဆာက အရိုက်ခံရန်အတွက် ရှေ့သို့ တိုးပေးလိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။

သို့သော်လည်း ထိုမိစ္ဆာမှာ ရှောင်တိမ်းချင်သော်လည်း ရှောင်တိမ်း၍ မရနိုင်တော့ကြောင်းကို သူမ မည်သို့ သိနိုင်ပါမည်နည်း။

“ဗုန်း”

ပြင်းထန်သော အသံကြီးနှင့်အတူ ချင်ယွမ်ဖုန်း၏ တုတ်ရှည်ကြီးက မိစ္ဆာ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

“အား...”

မိစ္ဆာဆီမှ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ ကြီးမားလှသော အရှိန်အဟုန်က သူ၏ ခန္ဓာကိုယ်ကို အောက်ဘက်သို့ ရိုက်ချလိုက်သဖြင့် ပင်လယ်ရေထဲသို့ ပြင်းထန်စွာ ကျဆင်းသွားကာ ရေလှိုင်းများမှာ မီတာ ဆယ်ဂဏန်းမျှ အထိ မြင့်တက်သွားပြီး လှိုင်းလုံးများ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားရလေသည်။

ရှောင်ဟန်ချိုးမှာ အံ့အားသင့်လွန်းသဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားမိသည်။ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ လွှမ်းခြုံထားသော ထိုသူမှာ ချင်ယွမ်ဖုန်းထက် များစွာ ပိုမို အားကောင်းသည်ကို သူမ ခံစားမိသော်လည်း ယခုမူ ချင်ယွမ်ဖုန်းက ထိုသူကို တိုက်ရိုက်ပင် ရိုက်ချလိုက်နိုင်လေပြီ။

မိစ္ဆာသည် ပင်လယ်ထဲမှ ပြန်လည် ထွက်ပေါ်လာသည်။ တစ်ကိုယ်လုံး ရေများ စိုရွှဲနေပြီး သူ၏ မျက်လုံးများထဲတွင်မူ ချင်ယွမ်ဖုန်းအပေါ် အငြိုးအတေးများ ပြည့်နှက်နေချေသည်။

“လူသား၊ ငါ မင်းကို ကျိန်းသေ သတ်ပစ်မယ်” မိစ္ဆာက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှာ ချင်ယွမ်ဖုန်းထံသို့ တစ်ဖန် ပြေးဝင်လာပြန်သည်။

သူ၏ နောက်ကျောတွင်မူ လိပ်တက်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများက ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ဦးတည်နေလေသည်။

ချင်ယွမ်ဖုန်းကလည်း အောက်ဘက်သို့ အရှိန်ဖြင့် ထိုးဆင်းလိုက်ရာ မိုးကြိုးမီးလျှံ စွမ်းအားများက သူ၏ နောက်ကွယ်တွင် တောက်ပသော အမြီးတန်းတစ်ခုသဖွယ် ဖြစ်ပေါ်နေပြီး ညအမှောင်ထုကို ခွဲခြားလိုက်သကဲ့သို့ပင် ရှိတော့သည်။

ချင်ယွမ်ဖုန်း၏ လက်ထဲတွင် များပြားလှသော ကိုယ်တွင်းစွမ်းအင်များ စုစည်းလာသည်။ မိုးကြိုးနှင့် မီးလျှံ စွမ်းအားနှစ်ခု ပေါင်းစပ်သွားကာ စူးရှသော မြားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး အောက်ဘက်သို့ တိုက်ရိုက် ပစ်လွှတ်လိုက်ချေသည်။

“ဒိုင်း”

မိုးကြိုးသံကဲ့သို့ ပြင်းထန်သော အသံကြီး တစ်ချက် မြည်ဟည်းသွားသည်။ ချင်ယွမ်ဖုန်း၏ မိုးကြိုးမီးလျှံ စွမ်းအားဖြင့် ဖန်တီးထားသော စွမ်းအားသည် လိပ်တက်လာသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများနှင့် ထိပ်တိုက် တွေ့ဆုံသွားပြီးနောက် မိစ္ဆာအရှိန်အဝါများ၏ ဝါးမြိုခြင်းကို ချက်ချင်းပင် ခံလိုက်ရတော့သည်။

ထိုစွမ်းအား၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါလာသော ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည်လည်း စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများအတွင်းသို့ မြုပ်ဝင်သွားရလေသည်။

ရှောင်ဟန်ချိုးမှာ တုန်လှုပ်သွားရသည်။ ယခုအချိန်တွင် သူမအနေဖြင့် ချင်ယွမ်ဖုန်း၏ အရှိန်အဝါကို လုံးဝ မခံစားရတော့ပေ။

သို့ရာတွင် နောက်တစ်ခဏ၌ အလင်းတန်းတစ်ခုက စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ဖောက်ထွက်လိုက်ပြီး အောက်ဘက်မှနေ၍ တိုက်ရိုက် ထိုးဖောက် ထွက်ပေါ်လာချေသည်။

ထိုအခါမှသာ ရှောင်ဟန်ချိုးမှာ သက်ပြင်းချနိုင်တော့သည်။ သူမ၏ စိတ်ဝိညာဉ်မှာ ဤတိုက်ပွဲအတွင်းသို့ အလုံးစုံ စီးမျောနေမိချေပြီ။

ချင်ယွမ်ဖုန်းက စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ဖောက်ထွက်နိုင်ခဲ့သည်ဟု ထင်ရသော်လည်း မိစ္ဆာကိုမူ ထိခိုက်မှု တစ်စုံတစ်ရာ မပေးနိုင်ခဲ့ပေ။

ထိုအချိန်တွင် မိစ္ဆာမှာ ရူးသွပ်သွားသကဲ့သို့ ဖြစ်သွားပြီး သူ၏ ဓားမြှောင်နှစ်စင်းကို ဝှေ့ယမ်းကာ ချင်ယွမ်ဖုန်းနှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။

နှစ်ဦးသားအကြား ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။ ခဏတာအတွင်းမှာပင် ကိုယ်ရံစွမ်းအင်များ နေရာအနှံ့ ပျံနှံ့သွားရသည်။

သူတို့ခြေဖဝါးအောက်ရှိ ပင်လယ်ပြင်မှာလည်း မုန်တိုင်းထန်နေသကဲ့သို့ပင် ရှိနေပြီး မြင့်မားသော လှိုင်းလုံးကြီးများမှာ အဝေးသို့ ရိုက်ခတ်သွားကြချေသည်။

နက်မှောင်သော အရှိန်အဝါနှင့် တောက်ပသော မိုးကြိုးမီးလျှံ စွမ်းအားတို့မှာ ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံနေကြသည်။

ရှောင်ဟန်ချိုးအနေဖြင့် ဤမျှ ပြင်းထန်သော တိုက်ပွဲမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့သဖြင့် ချင်ယွမ်ဖုန်းအပေါ် လေးစားအားကျစိတ်များ သူမ၏ ရင်ထဲတွင် တဖွားဖွား ပေါ်ပေါက်လာရလေသည်။

ချင်ယွမ်ဖုန်းနှင့် မိစ္ဆာတို့မှာ ပင်လယ်ပြင်မှသည် ကောင်းကင်ယံအထိ၊ ထိုမှတစ်ဖန် ကောင်းကင်ယံမှ ပင်လယ်ပြင်သို့ ပြန်လည်၍ အကြိမ်ကြိမ် တိုက်ခိုက်နေကြသည်။

နှစ်ဦးစလုံးမှာ ရက်ရက်စက်စက် တိုက်ခိုက်နေကြပြီး သေပွဲဝင်နေကြသကဲ့သို့ပင် ရှိတော့သည်။

သို့သော်လည်း မိစ္ဆာမျိုးနွယ်မှာ မွေးရာပါပင် သာလွန်မှု ရှိနေပေသည်။ ချင်ယွမ်ဖုန်းမှာ အချို့သော နည်းလမ်းများကို အသုံးပြု၍ မိစ္ဆာနှင့် အပြန်အလှန် တိုက်ခိုက်နေနိုင်သော်လည်း ရေရှည်တိုက်ပွဲတွင်မူ ဤမိစ္ဆာကို ယှဉ်နိုင်စွမ်း မရှိတော့ပေ။

နောက်ဆုံးတွင် ချင်ယွမ်ဖုန်းထံ၌ ဟာကွက်တစ်ခု ပေါ်ပေါက်သွားရာ မိစ္ဆာက ထိုဟာကွက်ကို အမိအရ ဖမ်းဆွဲလိုက်ပြီး သူ၏ ဓားဖြင့် ချင်ယွမ်ဖုန်း၏ ဘယ်ဘက် ဝမ်းဗိုက်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်တော့သည်။

သွေးများ ချက်ချင်းပင် ပန်းထွက်လာပြီး ပင်လယ်မျက်နှာပြင်ပေါ်သို့ ကျရောက်သွားရချေသည်။

ထိုမြင်ကွင်းကြောင့် ရှောင်ဟန်ချိုးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။ ချင်ယွမ်ဖုန်း ဒဏ်ရာရသွားသည်ကို မြင်တွေ့ရသောအခါ သူမ၏ ရင်ထဲတွင် အလွန်အမင်း စိုးရိမ်ပူပန်သွားရပါတော့သည်။

All Chapters